Showing posts with label ပြန်လည်နေရာချထားရေး. Show all posts
Showing posts with label ပြန်လည်နေရာချထားရေး. Show all posts

Thursday, September 11, 2014

ဂွမြို့နယ်က အိမ်မရှိတဲ့ ရေလုပ်သားမိသားစု ၉၂စု အိမ်နဲ့ နေနိုင်တော့မလား

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း နေစရာအိမ်မရှိသည့် ရေလုပ်သားအိမ်ထောင်စု ၉၂ စုကို  တိုးချဲ့ရပ်ကွက်အသစ်တွင် နေရာချထားပေး နိုင်ရန်အတွက် ဒီဇင်ဘာတွင် ကျင်းပမည့် ပြည့်သူ့လွှတ်တော် အစည်းဝေးတွင် တင်ပြတောင်းပြဆိုသွားမည်ဟု ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။
၎င်းက "အခုချိန်မှာတော့ တိုးချဲ့ရပ်ကွက်နေရာကို ကွင်းဆင်းပြီး  လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ စာရင်းတွေ အကုန်ပြုစုပြီးရင် ဒီဇင်ဘာ လွှတ်တော်အစည်းဝေးလောက်မှာမှ တင်ပြဖြစ်မယ်လို့ ထင်ပါတယ်။ အားလုံးက ဂွမြို့နယ်ထဲက နေစရာအိမ်မရှိတဲ့ ရေလုပ်သားတွေပါ" ဟု ဆိုသည်။
ယင်းအဆိုတင်ခြင်းနှင့် ပတ်သက်၍လည်း ဦးကြည်သာက  "ပြည်နယ်လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် နှစ်ခုလုံးမှာ တင်ပြသွားမှာပါ။ မြေမဲ့ယာမဲ့တွေကို ပြန်လည်နေရာချထားလို့ရမယ့် နေရာတွေလည်း ရှိနေတာကြောင့်ဖြစ်ပါတယ်" ဟု ဆိုသည်။
အဆိုပါရပ်ကွက်သစ်ကို ဂွမြို့အနီးရှိ ဘုတ်ပင်ချောင်းတွင်  စိမ့်စမ်းသာရပ်ကွက် အမည်ဖြင့် နေရာချထား ပေးရန် မြို့နယ်မြေစာရင်းဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးများသို့ ၂၀၁၄ ခုနှစ် သြဂုတ် ဒုတိယအပတ် အတွင်းတင်ပြခဲ့ပြီး အိမ်ခြံအကွက်ချပုံစံ နှင့် မြေစာရင်းပုံစံ (၁၀၅ ) ကျထားပြီဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရခွင့်ပြုချက် ကျန်ရှိနေသေးသည်ဟုလည်း ဂွမြို့ ရွာမရပ်ကွက်၊ ကံငူကျေးရွာ ဒီရေတော ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ရေလုပ်သားအိမ်ထောင်စု ၉၂ စု ကို ဂွမြို့အနီး ကမ်းခြေအနီးတွင် နေရာချထားပေးပြီး ရပ်ကွက်သစ်အား ရှင်းလင်းခြင်း၊ခြံကွက်ရိုက်ခြင်းများ ပြုလုပ်နေပြီး မိုးကုန်ကာလတွင် ရေလုပ်သားများ အနေဖြင့် ပြောင်းရွှေ့နေထိုင်လိုသည်ဟုလည်း နေအိမ်မရှိသည့် ရေလုပ်သား  ဦးစိုးမောင် ကပြောသည်။
"ဂွမှာက လယ်လုပ်စရာမရှိရင် ရေလုပ်ငန်းလုပ်ရတယ်။ ရေလုပ်ငန်းကလည်း အထိအမိနည်းတော့ စားဖို့တောင်အနိုင်နိုင်ပဲ။ အဲဒီတော့ အိမ်ကွက်လည်း မဝယ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ တရားဝင်ချထားပေးဖို့တော့ မျှော်လင့်မိတာပေါ့" ဟု ဆိုသည်။
စိမ့်စမ်းသာ တိုးချဲ့ရပ်ကွက်သည် ၅ ဧက ကျယ်ဝန်းပြီး အိမ်ထောင်စု တစ်စုလျှင် ၃၅ ပေ၊ ၅၀ ပေ တစ်ကွက်စီ နေရာချထားပေးမည်ဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဆေးပေးခန်းများ ပါရှိကြောင်း အဆိုပါ ကျေးရွာတွင်နေထိုင်မည့် ရေလုပ်သားများက ဆိုသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

Monday, July 28, 2014

ရခိုင်ပြည်နယ် အစိုးရ၏ MSF အဖွဲ့အမည်ပါ ကြေညာချက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့
ကြေညာချက်အမှတ် (၁/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်
၁။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြည်ထောင်စုအဆင့်အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေးစင်တာ (Union Level Emergency Coordination Center) အဖွဲ့ဝင်များနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ MPC မှ ပညာရှင်များ ပါဝင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်များ၊ ကယ်ဆယ်ရေး အထောက်အပံ့ကိစ္စရပ်များအပြင် အဓိက အားဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
၂။ ယခုအခါ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ဖြစ်ကြသည့် UNOCHA, UNHCR, WFP,ACF, UNFPA, UNICEF, MSF (Switzerland), ICRC, FIT, SCI, Solidarities, Malteser, IRC, CSSEP, DRC, UNDP, RELIEF, RI, BAJ, CDN, CARE, LWF, OXFAM, MRCS စသည့် အဖွဲ့အစည်း ၂၄ ခုမှ နိုင်ငံခြားသားဝန်ထမ်း ၇၂ ဦး၊ နိုင်ငံသား ဝန်ထမ်း ၁၁၃ ဦး စုစုပေါင်း ၁၈၅ ဦးဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု လုပ်ငန်းများ၊ ရေကောင်းရေသန့် ရရှိရေး လုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ GENDER (ကျား/မ)အခြေပြုခွဲခြား ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် MoU ပါ အချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ပါ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ ((Action Plan)ကို နိုင်ငံတော်အဆင့် ထိထိရောက်ရောက် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် အပိုဒ် (၂)တွင် ဖော်ပြခဲ့သော အဖွဲ့အစည်းများ၊ MSF အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကျန်ရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း များကိုလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကို အလေးထားလျက် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖိတ်ခေါ်အပ်ပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, April 8, 2014

ရခိုင်ပြည်နယ်မှာ ကူညီရေးအဖွဲ့တွေ ပြန်ထားဖို့ ကုလနဲ့ ဗြိတိန် တိုက်တွန်း

muslim-refugees-305.jpg
Add caption

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု ကူညီစောင့်ရှာက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုလသမဂ္ဂအပါအ၀င် အစိုးရမဟုတ်တဲ့ ကူညီရေး အဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ၊ ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ ရေနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ အကြီးအကျယ်ချို့တဲ့သွားစေတဲ့ လုပ်ရပ်တွေဟာ လူကို လူလိုသဘောမထားတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ရာရောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ ၀န်ထမ်းပေါင်း ၁၇၀ ကျော် ပြည်နယ်ထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ကူညီရေးလုပ်သားတွေ ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် အဓမ္မမောင်းထုတ်ခံခဲ့ရတာဖြစ်ပြီး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတစ်ခုလုံး ဆိုးဆိုးရွားရွား ထိခိုက်ပြိုလဲသွားမယ့် စိုးရိမ်ဖွယ်ရာ အလားအလာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ကူညီရေးအဖွဲ့တွေနဲ့ ၀န်ထမ်းတွေ မရှိတော့တာကြောင့် ဒုက္ခသည်စခန်းတွေထဲက လူဦးရေ တစ်သိန်း လေးသောင်းလောက်နဲ့၊ ပြင်ပနဲ့ အဆက်ပြတ်နေတဲ့ ရွာတွေက လူဦးရေ ၇ သိန်းလောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှုအတွက် အကြီးအကျယ် ထိခိုက်သွားမှာဖြစ်ပါတယ်။ တချို့ဒုက္ခသည်စခန်းတွေမှာ သီတင်းတစ်ပတ်အတွင်း ရေပြတ်သွားတော့မှာဖြစ်တာကြောင့် အစိုးရအနေနဲ့ ကူညီစောင့်ရှောက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Quintana က တိုက်တွန်းလိုက်ပါတယ်။
အလားတူ ဗြိတိသျှ ဓနသဟာယ နိုင်ငံခြားရေးရုံး FCO ရဲ့ အာရှဆိုင်ရာ လက်ထောက်ဝန်ကြီး Hugo Swire က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မနေ့ကဆင့်ခေါ်ပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ အမြန်ဆုံးပြန်ထားပြီး၊ လုပ်ငန်းတွေဆောင်ရွက်ခွင့်ပြုဖို့ ပြောကြားခဲ့ကြောင်း FCO  က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူပုံနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ နိုင်ငံတကာ အဆင့်အတန်းမီ သန်းခေါင်စာရင်းဖြစ်ဖို့ မိမိတို့အနေနဲ့ မြန်မာအစိုးရကို ထပ်ခါတလဲ တိုက်တွန်းခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအ၀င် တခြားအလှူရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ရှေ့အဖို့ ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲဆိုတာ ဆုံးဖြတ်ကြမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာကောက်ခံမယ့် သန်းခေါင်စာရင်းလုပ်ငန်းအတွက် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ နော်ဝေး၊ သြစတြေးလျ၊ ဖင်လန်၊ ဆွီဒင်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက ကုလသမဂ္ဂ UNFPA က တဆင့် ရန်ပုံငွေနဲ့ နည်းပညာဆိုင်ရာတွေ ပံ့ပိုးကူညီခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၁၀ သန်း ထည့်ဝင်ခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

Wednesday, January 22, 2014

ရခိုင်ပြည်ကဒုက္ခသည် နှစ်သောင်း အတွက် လိုအပ်ချက် ကုလသမဂ္ဂ ကူညီမည်

undp-aid-305.jpg
စစ်တွေမြို့ UNDP ရုံးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းကလုပ်တဲ့ UNDP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Mr. Toily Kurbanov နဲ့ ဒေသခံသတင်းထောက်တွေ တွေ့ဆုံပွဲကို မြင်ရစဉ်
photo: RFA/ Min Thein AUng
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP အနေနဲ့ ရခိုင်နဲ့ မွတ်စလင်ဒုက္ခသည်နှစ်သောင်းကို အသက်မွေး ၀မ်းကျောင်းနဲ့ လူမှုအခြေခံလိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ အကြီးအကဲ မစ္စတာ Toily Kurbanov က ပြောပါတယ်။
UNDP အဖွဲ့ အကူအညီပေးရေး စီမံကိန်းတွေ ရှိတဲ့ ပေါက်တောမြို့နယ် ဆင်တက်မှော်ကျေးရွာ ဒုက္ခသည်စခန်းအပြင် တခြားကျေးရွာတချို့ကို သွားရောက်အပြီး သတင်းထောက်တွေကို ရှင်းပြခဲ့တာပါ။
ဒါ့အပြင် ကျေးရွာချင်းဆက်လမ်းတွေ၊ ရေတား တာတမံတွေ၊ ကျေးရွာဆေးပေးခန်းတွေ ဆောက်ပေးဖို့ ကိုလည်း UNDP ရဲ့ စီမံချက်တွေထဲမှာ ထည့်သွင်းထား တယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေ အားလုံးအနေနဲ့ ပြင်ပအကူအညီတွေကိုချည်း အားကိုးမနေဘဲ မိမိခြေထောက်ပေါ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်ဖက်ပြန်လည်သင့်မြတ်ဖို့အတွက် နားလည်မှုတည်ဆောက်ဖို့ လိုအပ်တဲ့အကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Wednesday, January 15, 2014

လူမူ ကယ်ဆယ် နေရာချထားရေး ၀န်ကြီး လူမူရေး အကူအညီ သိန်းပေါင်း ၁၅၅၂ ကျော်ကူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ရခိုင်ပြည်နယ်အတွင်း လူမူရေး အကူအညီ ငွေကျပ် ၁၅၅၇ ဒဿမ ၂၅ သိန်းကို သူမ၏ ရခိုင်ခရီးစဉ်တွင် ထောက်ပံ့ကူညီခဲ့သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
ထိုသို့ ကူညီရာတွင် မြေပုံမြို့နယ် လွမ်းလုံးပိုက် ကျေးရွာနှင့် ပေါက်တောမြို့နယ် သာစည်ကုန်း ကျေးရွာများတွင် မုန်တိုင်းခို အဆောက်အအုံ (Cyclone Shelter) တစ်လုံးစီ ဆောက်လုပ်ရန်နှင့် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနှင့် လက်ဆောင်ကောက် ကျေးရွာများတွင် မီးလင်းရေး အတွက် ဆိုလာပါဝါများ တပ်ဆင်ရန် ကျပ်သိန်း ၈၀၀ ကူညီခဲ့သည်ဟု ဆိုသည်။
စစ်တွေမြို့နယ်ရှိ ပြည်နယ် ဘိုးဘွားရိပ်သာ အတွက် ၂၃ ဒဿမ ၃၁ သိန်း၊ ခေမာမဏ္ဍိုင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၈၀ ဒဿမ ၇၂ သိန်း ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ရှစ်ကျောင်းအတွက် ၄၈ သိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
ယင်းပြင် ကျောက်တော်မြို့နယ် အပေါက်ဝ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၆၀ ဒသမ ၅၄ သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း လေးကျောင်းအတွက် ၂၄ သိန်း ဖြစ်သည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ တောင်ရင်းတန်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၂၁ ဒသမ ၉ သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတစ်ကျောင်းအတွက် ခြောက်သိန်း ထောက်ပံ့ခဲ့သည်။
မြောက်ဦးမြို့နယ်အတွင်းရှိ ဘောက္ကံချောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၅၀ ဒသမ ၄သိန်း၊ တိန်ညိုရွာမ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၁၇ ဒသမ ၁သိန်း၊ ကိုယ့်အားကိုယ်ကိုး မှုလတန်းကြိုကျောင်း လေးကျောင်းအတွက် ၂၄ သိန်းဖြစ်သည်။
ပုဏ္ဍားကျွန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းအတွက် ခြောက်သိန်းနှင့် မင်းပြားမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း လေးကျောင်း အတွက် ၂၄ သိန်း ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ပေါက်တောမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတစ်ကျောင်းအတွက် ခြောက်သိန်းနှင့်  ကျောက်ဖြူမြို့နယ်အတွင်းရှိ စေတီတောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၃၇ ဒသမ ၁၈ သိန်း၊ ကိုယ့်အားကိုယ်ကိုး မှုလတန်းကြိုကျောင်း ငါးကျောင်းအတွက် သိန်း ၃၀ ကူညီထောက်ပံ့ခဲ့သည်။
အမ်းမြို့နယ် မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၃၂ ဒသမ ၁၂ သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း လေးကျောင်းအတွက် ၂၄ သိန်းနှင့်  ရမ်းဗြဲမြို့နယ် အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမှုလတန်းကြိုကျောင်း တစ်ကျောင်းအတွက် ခြောက်သိန်းတို့ ဖြစ်သည်။
မာန်အောင်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတစ်ကျောင်းအတွက် ခြောက်သိန်းနှင့် မောင်တောမြို့နယ် အတွင်းရှိ သုံးမိုင်စေတီကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ၂၂ ဒသမ ၅ သိန်း၊ ကိုယ့်အားကိုယ်ကိုး မှုလတန်းကြိုကျောင်း နှစ်ကျောင်းအတွက် ၁၂ သိန်း ဖြစ်သည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂန္ဒရီတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၈၈ ဒသမ ၂၈ သိန်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း လေးကျောင်းအတွက် ၂၄ သိန်းနှင့် သံတွဲမြို့နယ် အတွင်းရှိ မေတ္တာဝတီဘိုးဘွားရိပ်သာအတွက် ၂၉ ဒသမ ၂ သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှစ်ကျောင်းအတွက် ၁၂ သိန်းဖြစ်သည်။
တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ငါးကျောင်းအတွက် သိန်း ၃၀ နှင့် ဂွမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတစ်ကျောင်းအတွက် ခြောက်သိန်းဖြစ်သည်။
ကျိန္တလီမြို့နယ်ခွဲ့အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းအတွက် ခြောက်သိန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအးလုံးအတွက် ကျပ်သိန်းပေါင်း ၇၅၇ ဒသမ ၂၅ သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်ခဲ့သည်ဟု သိရသည်။
ယင်းနောက် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမီးလင်းရေးအတွက် ဆိုလာပါဝါ ၇၅ စုံနှင့် ဆိုလာပါဝါအကြီး နှစ်စုံ၊ လက်ဆောင်ကောက်ကျေးရွာမီးလင်းရေးအတွက် ဆိုလာပါဝါ ၇၅ စုံနှင့် ဆိုလာပါဝါအကြီး တစ်စုံတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ဆိုလာပါဝါအကြီး တစ်စုံလှူဒါန်းသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 13, 2013

စစ်တွေမှာ MSF ကို ဒေသခံ ၃၀ ခန့် ဆန္ဒပြကန့်ကွက်

( Photo- Rakhine News Group)
စစ်တွေဆေးရုံကြီး အရေးပေါ်လူနာဆောင်ရှေ့တွင် ဆန္ဒထုတ်ဖော်နေကြသူများ(ဓာတ်ပုံ-Rakhine News Group)

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆေးရုံကြီး ၀င်းထဲမှာ စစ်တွေ ဒေသခံ ၃၀ လောက်က ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ပြီး မနေ့က နံနက် ၁၀ နာရီခန့်မှာ နယ်စည်းမခြား ဆရာဝန်အဖွဲ့ AZG ( MSF) ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
AZG (MSF) အဖွဲ့ဟာ လူမူရေး အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပေမယ့် လူမျိုးအရ ခွဲခြားဆက်ဆံမူတွေရှိနေတဲ့ အတွက်  ခုလို ကန့်ကွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်မညိုအေးက မီဒီယာတွေကို ပြောပါတယ်။
အခုဆန္ဒပြမူဟာ မောင်တောမြို့နယ်က ဘင်္ဂလီ လူနာ အမျိုးသမီးတစ်ဦးကို AZG က စစ်တွေဆေးရုံကြီးကို လာပို့ရာကနေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
AZG (MSF) ဟာ မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာလည်း အစိုးရနဲ့ သဘောတူညီမူတွေကို ချိုးဖေါက်တယ်ဆိုပြီး မြန်မာက လာတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေမှာ ကူညီပေးနေတဲ့ လုပ်ငန်းတွေကို တခြား အန်ဂျီအို အဖွဲ့ (၂) ခုနဲ့ အတူ  ရပ်ဆိုင်း ခံထားရပါတယ်။
AZG (MSF) နဲ့အတူ ဘင်္ဂလာဒေခ်ျ့ အစိုးရရဲ့ ရပ်ဆိုင်းခြင်းကို ခံထားရတဲ့ အခြားအဖွဲ့ (၂) ခုကတော့   Action Against Hunger (ACF) နဲ့ Muslim Aid UK တို့ဖြစ်ကြပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, December 4, 2013

Relief International အဖွဲ့လုပ်ငန်း မြေပုံမြို့ခံလူများ ကန့်ကွက်

နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Relief International က မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်တွေအတွက် ရေချိုးခန်းနဲ့ အိမ်သာ အဆောက်အဦးတွေ ဆောက်လုပ်ပေးမယ့်အစီအစဉ်တွေကို မြေပုံမြို့ခံ  ၈၀၀ လောက်က မနေ့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာအခြေစိုက်တဲ့ Relief International အဖွဲ့အနေနဲ့ မြေပုံမြို့ပေါ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား အကူအညီပေးတဲ့ကိစ္စရပ်တွေမှာ ဘက်လိုက်မှုရှိနေတဲ့အတွက် အခုလို ကန့်ကွက်ရတာဖြစ်တယ်လို့ ကန့်ကွက်ရာမှာပါဝင်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းအတွက် ရေချိုးခန်းနဲ့ အိမ်သာအဆောက်အဦးတွေအတွက် ဘိလပ်မြေနဲ့ သံချောင်းပစ္စည်းတွေကို သင်္ဘောဆိပ်ကနေ ပစ္စည်းတွေတင်နေရာမှာ မြို့ခံတွေက လာရောက်ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲအရာရှိတွေက လာရောက်ဖြေရှင်းခဲ့တဲ့အတွက် ပြေလည်မှုအချို့ ရရှိခဲ့ကြတယ်လို့လည်းသိရပါတယ်။

အခုလို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတဲ့အပေါ်မှာ Relief International အဖွဲ့  ပြင်ပဆက်ဆံရေးအရာရှိ ဒေါ်ဌေးဌေးဇော် က ပြောပါတယ်။

“လူဦးရေအရ ရခိုင်ထဲမှာ ဒုက္ခသည်နည်းတယ်၊ မွတ်စလင်ထဲမှာတော့ ဒုက္ခသည်များတာပေါ့နော်၊ ခွဲခြားပြီးတော့ လုပ်ပေးတာမဟုတ်ပါဘူးရှင်”


သူတို့ ရဲ့ Relief International အဖွဲ့အနေနဲ့ မြေပုံမြို့နယ်အတွင်း လူမျိုးဘာသာမရွေး အကူအညီတွေ ပေးနေတာဖြစ်တယ် လို့လည်း ဆိုပါတယ်။
(သတင်းအရင်းအမြစ်-  RFA Burmese)

Tuesday, November 26, 2013

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စားနပ်ရိက္ခာအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် လက်နက်ကိုင် ကချင်တိုင်းရင်းသားများအကြား ပဋိပက္ခများ အရှိန်မြင့်တက်ခဲ့ပြီးနောက် စားနပ်ရိက္ခာ အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက စနေနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပေးအပ်ခဲ့သော လူသားချင်း စာနာထောက်ထားမှု အကူအညီ ယူရို ၄၅ သန်းအပြင် နောက်ထပ် ဒေါ်လာ ၄ သန်း (ယူရို ၃သန်း) လျာထားကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။
  
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၀၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဖြစ်သည်။
  
ထပ်မံကူညီမှုများကို ရခိုင်၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် စားနပ်ရိက္ခာ အကူအညီပေးရေး လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း စာနာထောက်ထားမှုရေးရာ ကော်မရှင်နာ ခရစ္စတာလီနာဂျာ်ဂျီဘာက ပြောကြားခဲ့သည်။
  
၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်းမှစပြီး ရခိုင်ပြည်နယ်တွင် လူ ၁၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုသည်။ ထို့ပြင် ကချင်ပြည်နယ်၌ ဒုက္ခသည်စခန်းများ၌ ၁၁၅၀၀၀ ခန့်ရှိသည်ဟု ကုလ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
  
ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှုခဲ့သော ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အထူးကိုယ်စားလှယ် ကလက်ဆိုရင်ဆန်က ဒုက္ခသည် စခန်းများတွင် ဆင်းရဲချို့တဲ့မှုများအတွက် စိုးရိမ်ကြောင်း စနေနေ့က ပြောကြား ခဲ့သည်။
  
ဒုက္ခသည်စခန်းများသို့ အခြေခံ လိုအပ်ချက် အကူအညီများ ဖြန့်ဖြူးရန် ကြိုးပမ်းသည့် ကယ်ဆယ်ရေး အလုပ်သမားများကို 'အစွန်းရောက်' တို့က ခြိမ်းခြောက်မှုများအတွက်လည်း စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, October 23, 2013

ဂီရိမုန်တိုင်း တိုက်ခတ်မှု သုံးနှစ်ကျော်ချိန်အထိ မုန်တိုင်းသင့် ဒေသခံများ ကြွေးမြီပြန်မဆပ်နိုင်သည့်အပြင် ထပ်မံချေးယူနေရ


ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း ဂီရိမုန်တိုင်းဒဏ်သင့် ဒေသများတွင် တင်ရှိသည့် ကြွေးမြီများ ပြန်လည်ဆပ်နိုင်စွမ်း မရှိသည့်အပြင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ငွေကြေးလိုအပ်ချက်ကြောင့် ထပ်မံချေးယူ နေရကြောင်း သတင်းရရှိသည်။
ဂီရိမုန်တိုင်း မတိုင်မီက မုန်တိုင်းဒဏ်ခံ ဒေသ၏ အိမ်ထောင်စုများ၏ ၈၅ ဒသမ ၅ ရာခိုင်နှုန်းခန့် ပေးဆပ်ရန် ကြွေးမြီများ တင်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၂၅၀၀၀၀ ခန့် ရှိနေကြောင်းလည်း သိရသည်။
"ဂီရိမုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် လယ်ယာမြေများ၊ ငါးကန်၊ ပုစွန်ကန်များ၊ ရေငန်တား တာတမံများ ပျက်စီးခြင်း၊ ဆန်စပါး ထုတ်လုပ်မှု ကျဆင်းခြင်း၊ ငါးဖမ်းလှေနဲ့ ပိုက်များ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံး မတိုင်မီက အဲဒီမြို့နယ်များ အိမ်ထောင်စုများရဲ့ ၈၅ ဒသမ ၅ ရာခိုင်နှုန်းခန့်ဟာ ပေးဆပ်ရန်ရှိ ကြွေးမြီများ တင်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်အိမ်ထောင် ကျပ် ၂၅၀၀၀၀ ခန့် ဖြစ်ပါတယ်။ ဂီရိမုန်တိုင်းဒဏ် ခံလိုက်ရပြီးနောက်မှာ ချေးငွေပြန်လည် ပေးဆပ်နိုင်စွမ်း ကျဆင်းခဲ့ရသလို စွန့်စားရမှု မြင့်မားတဲ့ ကြွေးမြီချေးယူခြင်းတွေ ပိုမိုလုပ်ဆောင် လာရပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းမှာ နိုင်ငံတကာ အလှူရှင်ဆယ်ဖွဲ့ စုစည်းထားတဲ့ အဖွဲ့ကနေပြီး မုန်တိုင်းဒဏ်ခံ ကျေးရွာများမှ ပြည်သူတွေ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက်ကူညီဖို့ရာ ရခိုင်ပြည်နယ် အစိုးရနဲ့ စီမံချက်တစ်ခု ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်" ဟု တက်လမ်းဖွံ့ဖြိုးရေး စီမံချက်ဖွင့်ပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်က ပြောကြားခဲ့သည်။
ရခိုင်ကမ်းရိုးတန်းသို့ ဂီရိမုန်တိုင်း ၀င်ရောက်တိုက်ခတ် ခဲ့သည်မှာ သုံးနှစ်တာ ကာလသို့ ရောက်ရှိခဲ့သော်လည်း မုန်တိုင်းဒဏ် ခံခဲ့ရသော နေရာများတွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအပြီး ရေရှည်တွင် ပိုမိုကောင်းမွန်သော ဘ၀နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် လိုအပ်ချက် ရှိနေသေးသဖြင့် ကျေးရွာပေါင်း ၂၂၁ ရွာအား အမေရိကန်ဒေါ်လာ  ၂၂ သန်းခန့် ကူညီမည့် စီမံကိန်းတစ်ခုအား ၂၀၁၃ ခုနှစ် မတ်လမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း ရပ်ရွာအဆင့် ကော်မတီများ၏ လိုအပ်ချက်များအား ပူးပေါင်းအကူအညီ ပေးမည်ဖြစ်ကြောင်း တက်လမ်းစီမံကိန်း ဒါရိုက်တာ VINCENT JALABERT က ဆိုသည်။
တာတမံများ ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ ရေချိုအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ငါးဖမ်းလုပ်ငန်းများတွင် ကျေးရွာအဆင့် အသေးစား ကော်မတီများ ဖွဲ့စည်းခြင်း၊ နည်းပညာ ပံ့ပိုးခြင်းများ၊ သတင်းအချက်အလက် ဖြန့်ဝေမှု၊ အစာအာဟာ ရရှိအောင် ဆောင်ရွက်မှု စသည်တို့ကို အုပ်ချုပ်ရေးပိုင်းနှင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟုလည်း ဆိုသည်။
ဂီရိဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ကမ်းရိုးတန်း ဒေသသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ကျေးရွာပေါင်း ၄၅၃ ရွာမှ လူပေါင်းတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ နေအိမ်ပေါင်း ၂၀၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၂၆၀၀၀၀ ကျော်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group၊ ဓာတ်ပုံ- အင်တာနက်)

Tuesday, October 22, 2013

ဂီရိမုန်တိုင်းသင့်ဒေသ ထူထောင်ရေး IRC အဖွဲ့ ဒေါ်လာ ၂၂ သန်း သုံးစွဲမည်

cyclone_giri_trees_kyaukphyu_75_z.png
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအဖွဲ့  International Rescue Committee IRC က အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် သုံးစွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။
IRC အဖွဲ့က တာဝန်ရှိသူတွေဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြို့နယ်တွေမှာ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးကိစ္စတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ IRC ရဲ့ စီမံကိန်းဒါရိုက်တာ Vincent Jalabert က ပြောပါတယ်။
၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းက ပြင်းအားကြီးတဲ့ ဆိုင်ကလုန်း ဂီရိမုန်တိုင်းဟာ ရခိုင်ကမ်းရိုး တန်းဒေသတွေဖြစ် တဲ့ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားစတဲ့ မြို့နယ်တွေကို တိုက်ခတ်ခဲ့ပါ တယ်။ အဲဒီမုန်တိုင်းဒဏ်ခံခဲ့ရတဲ့  ကျေးရွာပေါင်း ၂၀၀ ကျော်မှာ စားနပ်ရိက္ခာဖူလုံမှု စီမံကိန်းကို ၄ နှစ် အချိန်ကာလသတ်မှတ်ပြီး မြန်မာနိုင်ငံအခြေစိုက် IRC အဖွဲ့က အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဂီရိဆိုင်ကလုန်းတိုက်ခတ်ခဲ့တာ ၃ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပေမဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေဟာ နဂိုအတိုင်း ပြန်မဖြစ်သေးဘူးလို့ သိရပါတယ်။
(Source: RFA Burmese)

Monday, October 14, 2013

ကျောက်ဖြူကယ်ဆယ်ရေး စခန်းတွင် ဒုက္ခသည်များ စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်နေ

C-13-10
ကျောက်ဖြူမြို့ရှိ ကညင်တော ကယ်ဆယ်ရေး စခန်းအား တွေ့ရစဉ်
ကျောက်ဖြူ ကညင်တော ကယ်ဆယ်ရေး စခန်းရှိ ဒေသခံ ဒုက္ခသည်များမှာ ထောက်ပံ့စားနပ်ရိက္ခာ လုံလောက်မှု မရှိသည့်အတွက် ပြင်ပဒေသများသို့ထွက်ကာ စားနပ်ရိက္ခာများအတွက် ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်နေကြရကြောင်း ကျောက်ဖြူကညင်တော ဒုက္ခသည်စခန်းမှ သိရသည်။
၂၀၁၂ ခုနှစ်အတွင်း ရခိုင်နှင့် ဧည့်နေဘင်္ဂါလီ အရေးအခင်းကြောင့် ကျောက်ဖြူမြို့တွင် နေအိမ်များနှင့် အသေးစား အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု ၆၅ စုရှိပြီး ဒုက္ခသည် အရေအတွက် ၃၁၈ ဦးရှိကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာ ပေးဝေရေးအဖွဲ့ (WFP) မှ အကူအညီများအပြင် အစိုးရနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်များကလည်း စားနပ်ရိက္ခာများ ကူညီလှူဒါန်းမှုများ ရှိခဲ့ကြောင်း သိရသည်။
အစိုးရနှင့် ဒေသတွင်း လူမှုအကူအညီများ ပေးဆောင်မှု ရပ်တန့်သွားခြင်း၊ (WFP) တစ်ခုတည်း အကူအညီဖြင့် စားနပ်ရိက္ခာ လုံလောက်မှု မရှိသည့်အတွက် ဒုက္ခသည်များ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသဖြင့် ၎င်းတို့ သားသမီးများ၏ အစိုးရ အတန်းပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်ချို့ယွင်းမှုများလည်း ရှိလာကြကြောင်း ကျောက်ဖြူလူငယ်ကွန်ရက် အဖွဲ့ဝင် တစ်ဦးက ၎င်း၏အမြင်အား ပြောကြားသည်။
"WFP တစ်ခုတည်းမှ အကူအညီနှင့် စားနပ်ရိက္ခာ ပြဿနာက ဘယ်လိုမှ အဆင်မပြေဘူး။ ပေးတဲ့ပမာဏနဲ့ မလောက်ငတော့ အပြင်ထွက်ပြီး ရုန်းကန်ရတာပေါ့ အရင်ကတော့ အစိုးရနှင့် ဒေသတွင်း အကူအညီ ရှိနေတော့ ဒုက္ခသည် ဆိုပေမယ့် ကြီးကြီးမားမား ပင်ပင်ပန်းပန်း အလုပ်မလုပ် ခဲ့ရပါဘူး။ အခုတော့ နေ၀င်မိုးချုပ်ထိ အလုပ်လုပ်ပြီး စားနပ်ရိက္ခာ တစ်ခုတည်းအတွက် ဖြေရှင်းနေရတာ။ သားသမီးတွေရဲ့ ပညာရေးကလည်း ဖြစ်သလို ကျောင်းကြီးမှာပဲ ထားရတာ၊ ကျူရှင်က ဒီလိုအခြေအနေနှင့် ဘယ်ထားနိုင်ပါ့မလဲ" ဟု ကညင်တော ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်နှင့် ဒေသဧည့်နေ ဘင်္ဂလီများအတွက် (WFP) မှ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသည့် အစီအစဉ်သည် ယခုနှစ် ဇွန်လကုန်တွင် ကုန်ဆုံးပြီးဖြစ်ရာ အစိုးရမှ မေတ္တာရပ်ခံချက်အရ ယခုနှစ် ဒီဇင်ဘာလကုန်ထိ ဆက်လက်ပေးဝေ သွားရန်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီမှ သတင်းရရှိသည်။
(WFP) မှ စားနပ်ရိက္ခာ ထောက်ပံမှု အစီအစဉ် ပြီးဆုံးသွားလျှင် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ရခိုင်ဒုက္ခသည်များအား ပြည်တွင်းနှင့် နိုင်ငံခြားတွင် ရောက်ရှိနေသည့် ရခိုင်စေတနာရှင်များမှ ရေရှည်စီမံကိန်းတစ်ခု ချမှတ်ကာ အကူအညီများ ဆက်လက်ပေးဆောင်သွားရန် စီစဉ်ဆောင်ရွက်နေကြကြောင်း ကျောက်ဖြူလူငယ် ကွန်ရက်အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ၂၈ သန်း အရေးပေါ် လိုအပ်နေ

A-13-10
သံတွဲပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်းတစ်ခုတွင် လာရောက်ခိုလှုံနေသည့် ရခိုင်လူမျိုးများအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် အရေးပေါ် လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများတွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေကောင်းရေသန့် ရရှိမှု နည်းပါးနေခြင်း၊ အိမ်သာလုံလောက်မှု မရှိခြင်း စသည်တို့ ဖြစ်နေကြောင်း သိရသည်။
ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ငွေကြေးလိုအပ်ချက်များ ရှိနေပြီး ရန်ပုံငွေ ရရှိနိုင်ရန် အပူတပြင်း လိုအပ်နေကြောင်းလည်း သိရသည်။
"ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ ယူနီဆက်(ဖ်) အနေနဲ့ ရန်ပုံငွေအားဖြင့် ဘယ်လောက်သုံးစွဲ သွားမလဲဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ ဒီဒေသ တစ်ခုလုံးရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဖြစ်တဲ့ ကျောင်းဆောင်တွေ ပြန်ဆောက်ဖို့၊ ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းတွေ လုပ်ပေးဖို့ စတဲ့ကိစ္စတွေမှာ အသုံးပြုဖို့အတွက် ရန်ပုံငွေ လိုအပ်ချက်ကတော့ အများကြီး ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်) ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားခဲ့သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဦးစားပေး ထောက်ပံ့ပေးရန် အစီအမံများ၊ လတ်တလော မတည်ငြိမ်မှုများကြောင့် ပြောင်းရွှေ့ရောက်ရှိလာသော ပြည်သူများအား ယာယီအမိုးအကာအောက် ရောက်ရှိရေး လုပ်ငန်းများ၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေမှုများနှင့် ဆက်လက်ထောက်ပံ့သွားမည့် လုပ်ငန်းများ၊ ကျောင်းနေအရွယ် ကလေးများအတွက် စာသင်ကျောင်း ဆောက်လုပ်ပေးမည့် အစီအမံများ၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများ၊ ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများနှင့် ရေနှင့်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ၊ ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး စသည့်လုပ်ငန်းများ လုပ်ဆောင်ရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးမှ လုပ်ဆောင်ပေးလျက် ရှိသော်လည်း ယနေ့ထိတိုင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ စုစုပေါင်း တစ်သိန်း လေးသောင်းကျော်ခန့် ရှိနေပြီး ယင်းတို့အနက် လူဦးရေ ရှစ်သောင်းလေးထောင်ခန့်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်းရှိ ကလေးသူငယ်များ အကျိုးစီးပွားအတွက် ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ယူနီဆက်(ဖ်)မှ အောက်တိုဘာ ၇ ရက်က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့တွင် စက်တင်ဘာ ၂၉ ရက်က ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများကြောင့် သေဆုံးခဲ့သူများ ရှိခဲ့သလို အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, September 27, 2013

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေး ရန် မြန်မာနိုင်ငံလာမည်

OIC အတွင်းရေးမှူးချုပ် ပါမောက္ခ အက်နီလတ်ဒင်အီဆာနိုဂလူ။
OIC အတွင်းရေးမှူးချုပ် ပါမောက္ခ အက်နီလက်ဒင်အီဆာနိုဂလူ
အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲရှိ ပါသေး တယ်။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။

စက်တင်ဘာ၂၅ရက်က ကျင်းပခဲ့သော OIC အဖွဲ့၏ ရို ဟင်ဂျာမူဆလင် လူနည်းစုရေးရာ အစည်း အဝေးတွင် OIC ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာ နိုင်ငံသို့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။

OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ မူဆလင်များရှိရာ အချို့သောနေ ရာများသို့သွားရောက်ရန် အစီ အစဉ်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်က ''OIC လာမယ့်ကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိ ရဘူး။ သေချာတာတစ်ခုက OIC ကို ရခိုင်ပြည်နယ်က ရခိုင်လူမျိုး တွေက လုံးဝလက်မခံဘူးဆိုတာ တော့ သိတယ်။ ဒီသတင်းနဲ့ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့လုံးဝ မသိရတာပါ''ဟု ပြောသည်။

မူဆလင်များ၏အခြေအ နေကို တိုးတက်မှုရှိစေရန်အတွက် အကူအညီပေးအပ်သည့်နေရာ တွင် ပူးပေါင်းဆောင်ရွက်သွား ရန်ဆန္ဒရှိကြောင်းOIC အတွင်း ရေးမှူးက ပြောကြားခဲ့ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် Kshmir Watch သတင်းဌာနတွင် ဖော်ပြ ထားသည်။

OIC အဖွဲ့သည် နိုင်ငံပေါင်း ၅ဝကျော်ဖြင့်ဖွဲ့စည်းထားပြီး ယခင် က မြန်မာနိုင်ငံတွင် OIC ရုံးကို ဖွင့်လှစ်ခွင့်ပြုရန် တောင်းဆိုခဲ့မှု များရှိခဲ့သော်လည်း ပြည်သူများ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် နိုင်ငံ တော်သမ္မတက OIC ရုံးကိုဖွင့်လှစ် ခွင့်မပြုဟု ၂၀၁၂ခုနှစ် အောက် တိုဘာလအတွင်း သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

Thursday, September 5, 2013

တရုတ်မှ လှူဒါန်းသောလုံးချင်း အိမ်များရောက်ရှိမှုသတင်းအဆက်


တရုတ်နိုင်ငံမှ လှူဒါန်းသော ရွှေ့ပြောင်းလို့ရနိုင်သည့်လုံးချင်း အိမ် ၁၅၀ ကို ရခိုင်ပြည်သို့ ကားအစီးပေါင်း များစွာ သယ်ဆောင်လာခဲ့ကြောင်းနှင့် ယင်း အိမ်များအား ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်သွယ်သည့် လုပ်ငန်း၊ ပညာရေးဆိုင်ရာ လုပ်ငန်းများနှင့်ဆက်နွယ်သည့်လုပ်ငန်းများ တွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
moudular house ဟုအမည်ပေးထားသော နေအိမ်များအား ကား တစ် စီးလျင် အိမ် ၂ လုံးခန့်စာအတွက်သာ သယ်ဆောင်နိုင်သဖြင့် ကား များ စွာဖြင့် သယ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအိမ်များသည် ရွှေ့နိုင်ပြောင်း နိုင်ကြောင်းလည်းသိရသည်။
ဘင်္ဂလီများအတွက် အိမ်ဆောက်လုပ်ပေးရန်အတွက် မဟုတ်ကြောင်း လည်း ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။
အလျား ၁၅ပေ၊ အနံ ၂၁ ပေနှင့်အမြင့် ၁၈ ပေရှိသော နေအိမ်အမျိုး အစားဖြစ်ပြီး နှစ်ထပ်အိပ်ဖြစ်ကာ အပူကာပြားများကိုကြားခံထားသည့် အပြင် ကြမ်းခင်းများကိုလည်း တစ်ပါတည်း ထည့်သွင်းထားသဖြင့် အိမ် တစ်ဆောင်စာအား ချွတ်နိုင်၊ဖြုတ်နိုင်၊တပ်နိုင်အောင်ဖန်တီးထား ကြောင်း လည်းသိရှိရပါသည်။

(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

တရုတ်မှ ပေးပိုလှူဒါန်းသည်ဆိုသော Ready Made လုံးချင်းအိမ်များ စစ်တွေမြို့သို့ရောက်ရှိ

ပစ္စည်းသယ်ယူလာသော ကားကြီးများ ရပ်နားထားသည်ကို စစ်တွေတွင် တွေ့ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ပစ္စည်းသယ်ယူလာသော ကားများ စစ်တွေတွင်ရပ်နားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀) သည် ယနေ့ စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

Ready made ခေါ် အဆင်သင့် လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိလာသည့်အပေါ် စစ်တွေမြို့ခံ များက သတိထားပြီး စောင့်ကြည့်နေသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ကြားတာကတော့ခါ တရုတ်ပြည်က ယူလာတဲ့ Ready made အိမ်တွေလို့ ကြားရတယ်။ အခု စစ်တွေကို ရောက်နေပါပြီ။ ဘယ်နေရာမှာ ဆောက်မယ်လို့တော့ မသိသေးဘူး။ ဘယ်သူ့ အတွက်လဲ? ရခိုင်အတွက်လား၊ ဘင်္ဂလီတွေအတွက်လားဆိုတာ မသိသေးဘူး။ စစ်တွေမြို့က လူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်” ဟု၎င်းက ပြောသည်။

အစိုးရ တာဝန်ရှိသူများမှ ယခုအချိန်ထိ သယ်ယူလာသော လုံးချင်း အိမ်များမှာ မည်သည့် နိုင်ငံက ဖြစ်ကြောင်း တရားဝင် ကျေညာခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ လှူဒါန်းလိုက်သာ လုံးချင်း အိမ်များ ဖြစ်ကြောင်း စစ်တွေတွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား ယနေ့ နေ့လည်ပိုင်းက ဆက်သွယ် မေးမြန်းရာ ၎င်းပစ္စည်းများ ရောက်ရှိနေသည်ကို သူ့အနေနှင့် မသိသေးကြောင်း ပြောသည်။

“ ဘယ်မှာရောက်လို့တုန်း။ ဒီမှာရုံးအဖွဲ့ကလည်း ဘာမှရောက်တယ်လို့မကြားသေးဘူး။ ဘာတွေရောက်မှန်းလည်း ကျွန်တော်လည်းမသိဘူး။ လုံးချင်းအိမ်ရာတွေက ဆတ်ရိုးကျဘက်မှာ အလုံး ၆၀ ဆောက်ပြီးသွားပြီး အခု ရခိုင်တိုင်းရင်းသားတွေတောင် တက်နေကြပြီ” ဟု ဆိုသည်။

၎င်း လုံးချင်း အိမ်များကို တစ်စစီဖြုတ်ပြီး ယူဆောင်လာခြင်း ဖြစ်ကြောင်း၊ အများစု ပစ္စည်းများမှာ သံဘောင်များနှင့် သံထည် ပစ္စည်း အမျိုးအမျိုး ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပစ္စည်းမျိုးကို ယခင်က မမြင်ဖူးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆင်သင့် လုံးချင်းအိမ်များမှာ ဘင်္ဂလီ ဒုက္ခသည်များ အတွက်ဖြစ်ကြောင်း စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းပျိုအဖွဲ့ ဥက္ကဌ ဦးဓမ္မတဇက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
http://www.narinjara.com/burmese/wp-content/uploads/2013/09/1234854_159447284260594_1920464370_n.jpg


“ ဘောဒူရ မှာ ဘင်္ဂလီတွေနဲ့ဖြစ်တဲ့အခါ ဘင်္ဂလီတွေက သူတို့ကို လုံးချင်းအိမ်တွေ ဆောက်ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာက အခုလို ပို့ပေးတာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ ဇေယျာသီရိ ဆရာတော်ကြီးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကို လှမ်းပြီး ဖုန်းဆက်တဲ့ခါ ဟုတ်တယ်။ ဘင်္ဂလီတွေကို ပေးဖို့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်” ဟုဆိုသည်။

ကားကြီးများဖြင့် သယ်ဆောင်လာသော အဆင်သင့် လုံးချင်းအိမ်များကို ဆောက်လုပ်နိုင်သည့် ပစ္စည်းများကို ဝေသာလီကွင်း ဘေးရှိ အဆောင်တွင် ဘင်္ဂလီ အလုပ်သမား ၃၀ ခန့်ကို အသုံးပြုကာ လုံခြုံရေးများဖြင့် တာဝန်ယူပြီး ယာယီ စုပုံထားသည်ဟု မျက်မြင်များက ပြောသည်။

အဆင်သင့် လုံးချင်းအိမ်များဆောက်လုပ်ရန် ပစ္စည်းများကို နောက်ထပ် ကားအစီး ၅၀ ခန့် ဖြင့် ဆက်လက် သယ်ဆောင်လာကြသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်အရ သိရှိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ယခု ရောက်ရှိလာသော အဆင်သင့် လုံချင်း အိမ်များ အရေအတွက်မှာ (၁၅၀) လုံး ဖြစ်ပြီး တရုတ်က ပေးပို့ လှူဒါန်းခြင်း ဖြစ်ကာ စုစုပေါင်း တန်ဖိုး ဒေါ်လာ (၁) သန်းဖိုး ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)