Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Thursday, January 29, 2015

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

HIV, AIDS, ဆေးမြီးတို
ဆေးမြှီးတို အယူအဆ ပပျောက်ရေး ART ဆေးဝါး လက်လှမ်းမီဖို့ လိုသည် (ဓာတ်ပုံ – Reuters)
HIV ရောဂါပိုးနှင့် AIDS ရောဂါများကို ဆေးမြီးတိုဖြင့်ကုသ၍ ပျောက်ကင်းနိုင်သည်ဆိုသည့် အယူအဆ အလွဲများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ များထံမှ သိရသည်။ လင်ဇီးဆေးဝါးများ၊ ရေမန်းများ၊ ဘီးစပ်ရွက်နှင့် ရွှေရင်ကျော်ကု ကုသည်၊ ဓာတ်လုံးဖြင့် ကုသည်ဆိုသည့် ကုထုံးများကြောင့် HIV ပိုး ပျောက်ကင်းနိုင်ကြောင်း ယူဆသူများသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများ၌သာမက မြို့ကြီး ပြကြီးများတွင်လည်း ရှိနေဆဲဖြစ်သည်။
“နယ်ကလူတွေ နှုန်းပြည့်နီးပါးက အဲလိုယူဆကြတယ်။ ဘီးစပ်ရွက်ကလည်း ပြဿနာကြီးတယ်။ ဈေးကြီးတဲ့ လင်းဇီးထက် အလွယ်တကူရနိုင်တဲ့ ဘီးစပ်ရွက်က ပိုနှိပ်စက်တယ်။ သူ့ကြောင့် သေသွားတဲ့လူတွေ တော်တော် များပြီ။ ပြီးတော့ ဘယ်ဗိန္ဒောဆရာက ဘယ်လိုစွမ်းတာဆိုပြီး အများစုက အားကိုးရာ မြက်တပင်လို လှမ်းဆွဲကြတယ်” ဟု ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ စေတနာ့အားမာန်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက ပြောသည်။
HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကွန်ရက်များနှင့် နီးစပ်သူများက ထိုယူဆချက်များ မှားယွင်းကြောင်း သိရှိကြသော်လည်း၊ မနီးစပ်သူများက ဆေးမြီးတိုနည်းဖြင့်သာ ကုသပျောက်ကင်းနိုင်ကြောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။
“ကျနော့်သူငယ်ချင်းရဲ့ အမေက HIV ဖြစ်နေတယ်။ သားသမီးတွေက သူ့အမေကို ဆေးကုပေးနေပေမယ့် ဘာရောဂါဖြစ်နေတယ်ဆိုတာ ပြောပြမထားဘူး။ ARV ဆေးကိုတော့ မသိဘူး။ အထက်က ပေးတဲ့ဆေး (ဘိုးတော်ပေးသည့်ဆေး) နဲ့ ကုလို့ ပျောက်သွားတဲ့ လူနာတွေရှိတယ်။ ကျနော့် မိတ်ဆွေအတွက် အဲဒီဆရာဆီကို ဆက်သွယ်ပေးမလို့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတဦးက ပြောသည်။
HIV ကူးစက်ခံထားရသူများ အပါအဝင် တခြားသော ရောဂါများကို ကုသပေးနေသည့် တိုင်းရင်းဆေးခန်း တခုသို့ လာရောက် ကုသခံသူများသည် ၎င်းတို့ပေးသည့် ဆေးကြောင့် အားအင်ပြည့်ကာ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ခြင်းကြောင့် မိမိတို့ ဆေးဝါးကိုအာမခံကြောင်း ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်ရှိ တိုင်းရင်း ဆေးခန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါဆေးခန်းမှ တိုင်းရင်းဆေးဖြင့် ကုသပေးနေသည့် အမျိုးသမီးတဦးက “ကျမတို့ဆေးက တိုင်းရင်း ဆေးဝါးတွေနဲ့ ဖော်စပ်တဲ့ဆေးပဲ။ အားအင် ပြန်ဖြည့်တဲ့ဆေးဖြစ်လို့ အာမခံတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ယခင်က HIV ပိုး ကူးစက်ခံထားရသည့် လူနာ အများစု လာရောက်ကုသခံကြောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ဆေးခန်းမှ ရောင်းချသည့် ဆေးဝါးသည် တလစာအတွက် ကျပ် ၁ သိန်းခွဲခန့် ကုန်ကျသဖြင့် ငွေကြေးမတတ်နိုင်သူများက စွဲမြဲစွာမသောက် သုံးနိုင်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
“ကျမတို့ဆေးသောက်ပြီးတော့ သူတို့ ဆေးပြန် စစ်သလား၊ မစစ်လားတော့မသိဘူး။ သူတို့အားအင် ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာတယ်။ ကျန်းမာပြီး အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်နေကြတယ်လေ” ဟု သူကပြော သည်။
HIV ကူးစက်ခံရပြီးနောက် ဆေးမြီးတိုများဖြင့် ကုသခဲ့ရာမှ နောင်တချိန်တွင် မှန်ကန်သော ကုထုံး ဖြစ်သည့် ART ဆေးဝါးကုထုံးကို ခံယူခဲ့သော်လည်း ဆေးယဉ်ပါးမှုဒဏ်ကို တခြားသူများထက် စောစီးစွာ ခံစားရသည်ကို ကြုံဖူးကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
သူက “ကချင်ပြည်နယ်ဘက်က လင်မယားနှစ်ယောက်နဲ့ ကြုံဖူးတယ်။ ကုန်တင်ကား ၅ စီး ပိုင်တယ်။ သူတို့က အစပိုင်းက လင်ဇီးဆေးတွေသောက် နေတာ။ ကျနော်နဲ့ တွေ့တဲ့အချိန်မှာ ဆေးဝယ်သောက်ရင်း ကား ၂ စီးပဲ ကျန်တော့တယ်။ နောက်ပိုင်းမှာ ကျနော်တို့နဲ့ချိတ်ဆက်ပြီး ARV ရသွားတယ်။ ဒါပေမယ့် ရှေ့ကသုံးထားတဲ့ ဆေးမြီးတိုကြောင့်  ARV ဆေးရဲ့အာနိသင်ကို ပြည့်ပြည့်ဝ၀ မရတော့ဘူး” ဟု ပြောသည်။
ကမ္ဘာပေါ်တွင် HIV ရောဂါပိုးအား အပြီးသတ် ကုသ၍ ပျောက်ကင်းနိုင်သည့်ဆေးဝါး မပေါ်သေးဘဲ ခန္ဓာကိုယ်တွင်း၌ HIV ပိုးများ ပိုမိုမပြန့်ပွားနိုင်အောင် ထိန်းသည့် ကုထုံးတမျိုးတည်းသာ ရှိသေးသည်။ ထိုကုထုံးမှာ ART/ARV ကုထုံးဖြစ်သည်။
ထိုကုထုံးကို သိရှိသူများက ဈေးကွက်အတွင်း၌ တန်ဖိုးကြီးပေးကာ ဝယ်ယူသောက်သုံးလျက်ရှိပြီး အများစုက NGO,INGO နှင့် အစိုးရ၏ အထောက်အပံ့ဖြင့် အခမဲ့ကုသခံယူလျက်ရှိသည်။
“HIVဟာ ဆေးမြီးတိုနဲ့ မပျောက်နိုင်ဘူး။ တချို့ စွဲလမ်းမှု၊ ရိုးရာယုံကြည်မှုတွေတော့ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေကို အသိပညာပေးမှုတွေလုပ်ဖို့” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ National AIDS Program (NAP) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ဒီရောဂါက အရင်လို ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါ မဟုတ်တော့ဘူး။ ဆီးချို၊ သွေးတိုး ရောဂါတွေလိုပဲ တသက်လုံး ဆေးသောက်ရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ဆေးမှန် မှန်သောက်မယ်ဆိုရင် လူတန်းစေ့နေနိုင်ပြီ။ ဖြစ်လာပြီဆိုရင် တတ်သိနားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်သင့်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ များအနက် ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ထိုသို့ ဆေးဝါးလိုအပ်နေသူများအတွက် ဆေးဝါး လက်လှမ်းမီ နိုင်စေရန် ARV စင်တာများ တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်အဆင့် ခုတင် ၁၀ဝ အထက် ဆေးရုံများတွင် ARV စင်တာစုစုပေါင်း ၇၇ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စင်တာငယ် ပေါင်း ၁၀၂ ခုအထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း NAP မှ သိရသည်။
“တိုင်းနဲ့ ပြည်နယ် အားလုံးက မြို့နယ်ပေါင်း ၁၄၀ လောက်မှာ အနည်းဆုံး ARV စင်တာ ၃ ခု လောက် ရှိလာမယ်” ဟု NAP မှ ဒေါက်တာ ထွန်းညွန့်ဦးက ဆက်ပြောသည်။
HIV ကို ဆေးမြီးတိုဖြင့် ကုသ၍ ပျောက်ကင်း နိုင်သည်ဆိုသည့် အယူအဆသည် ARV ဆေးဝါးကို လက်လှမ်းမီ သည့် နေရာဒေသများတွင် လျော့နည်းလာကြောင်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ကြီးများတွင် လှုပ်ရှားလျက်ရှိသည့် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ သိရသည်။
“ကျနော်တို့မြို့မှာ ARV လက်လှမ်းမီလာတော့ အဲဒီလိုအယူအဆတွေ နည်းလာတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကုလို့ ပျောက်တယ်၊ ဗမာဆေးနဲ့ ပျောက်တယ်ဆိုပြီး ကုခဲ့ကြလို့ အသေအပျောက်တွေ တော်တော်များ ခဲ့တယ်” ဟု မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် ရွှေညာမောင်မယ်အဖွဲ့မှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်ရှိန်းက ဧရာဝတီသို့ ပြောသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ စွမ်းအားသစ်အဖွဲ့မှ ဦးမင်းသူကလည်း “ကျနော်တို့ ဆီမှာ ရှိတော့ရှိတယ်။ နည်းတယ်။ နယ်ဘက်တွေက အသိအမြင်နည်းတဲ့ လူတွေလောက်ပဲ ဘုန်းကြီးဆေးနဲ့ ပျောက်တယ်၊ ဗမာဆေးရွက်တွေနဲ့ ပျောက်တယ်ဆိုပြီး သွားကုကြတာရှိတယ်။ တောင်ငူမှာNAP က ဆေးယူရတာ သိပ်အခက်အခဲ မရှိဘူး” ဟု ၎င်းတို့ဒေသ၏ အတွေ့အကြုံကို ရှင်းပြသည်။
ထို့အပြင် မိတ္ထီလာနယ် အနီးတဝိုက်ရှိ မြို့နယ်များသည်လည်း ART ဆေးဝါး လက်လှမ်းမီသဖြင့် ထိုသို့သော အယူအဆများ သိပ်မရှိကြောင်း အဆိုပါ မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့မှ ဒေါက်တာ တင်စိန်က ပြောသည်။
“ကျောက်ဆည်ဘက်မှာ ဆရာဝန်တယောက် ကုပေးလို့ ပျောက်တယ်ဆိုပြီး သွားကုနေကြတာ ရှိတယ်။ စနစ်တကျမဟုတ်ဘဲ အားဆေးသွင်းပေးလိုက်လို့ ခဏကောင်းလာတာ။ ကျနော်တို့ဘက်မှာ ဆေးသောက်ဖို့ မလိုသေးလို့ မပေးသေးတာပဲရှိတယ်။ ဆေးသောက်ဖို့ လိုတဲ့လူတွေအားလုံး  ဆေးရလို့ အဆင်ပြေကြတယ်” ဒေါက်တာတင်စိန်က ဆိုသည်။
ထို့ပြင် ယခင်က ARV ဆေးဝါး လိုအပ်သည့် HIV Positive များအတွက် ဆေးထုတ်ယူရမည့် နေရာကန့်သတ် ချက်၊ ဦးရေကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကန့်သတ်ချက်များကို ပယ်ဖျက် လိုက်ပြီး၊ ARV Centre တိုင်းတွင်း လွတ်လပ်စွာ ဆေးယူနိုင်ရန် စီစဉ်ပေးထားကြောင်း NAP မှ ဒေါက်တာ တင်မောင်ဇော်က ပြောသည်။
“ဘယ်နေရာကလူက ဘယ်ဆေးရုံမှာမှ ယူရ မယ်ဆိုတဲ့စနစ် မရှိတော့ဘူး။ ART နဲ့ပတ်သက်ပြီး လူနာတွေ လက်လှမ်းမမီတော့ဘူးဆိုတာ မရှိတော့ ဘူး” ဟု ၎င်းကဆိုသည်။
သို့သော် ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်တချို့တွင် နေထိုင်သည့်သူ အများစုသည် HIV ပိုးကို ထိန်းချုပ်နိုင်သည့် တခုတည်းသော ART ကုထုံးကို ရရှိပြီးသည့်တိုင်အောင်  ဆေးနှင့်ပတ်သက်သည့် အသိပညာကို ကောင်းစွာ မရရှိသေးသည် လည်းရှိနေကြောင်း ဒေါ်ခင်မာဝင်းက ပြောသည်။
“ART ရအောင် ချိတ်ဆက်ထားပြီးသား လူတချို့ကတောင် ဆေးသောက်ပြီးရင် ကောင်းသွားပြီ ဆိုပြီး၊ ရေမန်း သောက်တယ်။ သက်သာသွားရင် ဆေးကို ထပ်သွားမယူတော့ဘူး။ ကောင်းသွားတာနဲ့ ပျောက်သွားတာကို မကွဲကြဘူး။ ဒီဆေးက တသက်လုံး သောက်ရမယ်ဆိုတာကို လက်မခံချင်ကြတာ” ဟု သူကရှင်းပြသည်။
ကျေးလက်ဒေသများသည် သတင်းစာ၊ ဂျာနယ်များနှင့် HIV/AIDS ဆိုင်ရာ အသိပညာရရှိနိုင်မည့် စာရွက်စာတမ်းများကို လက်လှမ်းမီမှု အားနည်းခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်နှင့် အဖွဲ့အစည်းများသည် ရုပ်သံများကို အသုံးပြုကာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်သင့်ကြောင်း သူကအကြံပြုသည်။
“ART ကုထုံးတခုပဲရှိတယ်ဆိုတာမျိုး၊ တသက်လုံး သောက်ရမယ့် ဆေးဖြစ်တယ်ဆိုတာမျိုး သူတို့ နားလည် လွယ်တဲ့ ရှင်းလင်းတဲ့ စကားလုံးမျိုးတွေနဲ့ ဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်။ မြန်မာ့အသံနဲ့ မြဝတီက လူတွေသိပ်မကြည့်ဘူး။ Sky Net ကတော့ အိမ်တိုင်းမှာရှိတယ်။ အဲဒီမှာ ပညာပေးဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်” ဟု စေတနာ့ အားမာန်အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက အကြံပြုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများအတွက် အစိုးရ ကျန်းမာရေးဌာနများနှင့် ပြည်တွင်းပြည်ပ လူမှုအထောက်အကူပြုနေသည့် အဖွဲ့အစည်းများက ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိရာ လူနာအများစုက အစိုးရထက်၊ NGO များက ပေးသော ဝန်ဆောင်မှုများကို ပို၍ကြိုက်နှစ်သက်ကြောင်း သုတေသန စစ်တမ်းတရပ်က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) နှင့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) တို့ ပူးပေါင်း၍ ၄ လတာ ကာလအတွင်း ကောက်ယူထားသည့် ယင်းစစ်တမ်းကို ယခုလ ၁၉ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ယင်းအချက် ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် တချို့သော အစိုးရဆေးရုံများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံ လိုသည့် သဘောထားများနှင့် အရည်အသွေးနိမ့်သော ဝန်ဆောင်မှုများကြောင့် HIV ပိုး ကူးစက်ခံထားရသူ များသည် ART ဆေးဝါး ဝန်ဆောင်မှုများကို လာယူရန် စိတ်မပါမှုများ ဖြစ်ပေါ်စေကြောင်း ယင်းသုတေသန စစ်တမ်းတွင် ပါဝင်သည်။
“လူတွေက NGO တွေကပေးတဲ့ ဝန်ဆောင်မှု ကို အစိုးရ ကျန်းမာရေးဌာနတွေကပေးတာထက် ပိုကြိုက်ကြ တယ်။ တချို့က အစိုးရဌာနကို ပိုကြိုက်ပေမယ့် ဝန်ထမ်းအင်အားနည်ပါးမှု၊ အချိန်ကြန့်ကြာမှုတွေကြောင့် ဝန်ဆောင်မှု မကောင်းတာမျိုးကို ထောက်ပြတယ်” ဟု ဆေးဝါးသုတေသန ဦးစီးဌာနမှ သုတေသန စာတမ်းရေးသားသူ တဦးဖြစ်သည့် ဒေါက်တာ ခင်စုစုလှိုင်က ရှင်းပြသည်။
ထို့ပြင်  HIV ပိုး ကူးစက်ခံထားရသူများကို နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးနိုင်သည့် နေရာများ၊ အခန်းများ၊ လျှို့ဝှက်ထိန်းသိမ်းပေးခြင်းစနစ်၊ လုံလောက်သောဝန်ထမ်းဦးရေ၊ နည်းပညာကိုကျွမ်းကျင်သော ဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်း စသည့်အချက်များက ယခုထက် တိုးတက်ကောင်းမွန် ရန်လိုအပ်နေ ကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် “မြန်မာပြည်ရှိ ART ဆေး ပေးမှုလုပ်ငန်းတွင် HIV ပိုးရှိသော အုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍ” ဆိုသည့် ခေါင်းစဉ်ဖြင့် သုတေသန စစ်တမ်းတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်တမ်းတွင်HIVပိုးကူးစက်ခံထားရသူများ၊ထိုသူများကို ဆေးဝါးဝန်ဆောင်မှု ပေးနေသည့် ပြည်တွင်း ပြည်ပ လူမှုကူညီထောက်ပံ့ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၀ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) မှ သုတေသနမှူး ဒေါက်တာ ခင်စုစုလှိုင်က ပြောသည်။
သူက ဆက်လက်၍ “NGO တွေမှာလည်း နှစ်သိမ့်ဆွေးနွေးပညာပေးရေး စတဲ့ ပုံစံတွေက ထပ်တလဲလဲ ဖြစ်နေတာမျိုးတွေကို မကြိုက်တာတွေရှိတဲ့အကြောင်း ထောက်ပြကြတယ်” ဟု ပြောသည်။
ထို့ပြင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများအရ သိရသည်။
ထိုကိန်းဂဏန်းအနက် HIVကို ဆေးမြီတိုဖြင့် ပျောက်ကင်းကြောင်း ယုံကြည်နေကြဆဲ လူများအတွက် စိတ်အစွဲကိုချွတ်မည့် နည်းလမ်းကောင်းများကို တာဝန်ရှိသူများက အကောင်အထည်ဖော်ရန်၊ အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, January 6, 2015

နိုင်ငံခြားဆရာဝန်များပါဝင်သော အခမဲ့ဆေးကုအဖွဲ့သို့ လူနာထောင်ချီ၍ လာရောက်ပြသ

DSC01982
ဒေါက်တာစောမြအောင် မိသားစုနှင့် ရခိုင်အမျိုးသားလူမှု ကယ်ဆယ်ရေးအဖွဲ့တို့၏ ကြီးကြပ် စီစဉ်မှုဖြင့် စစ်တွေတွင် ဆေးဝါး ကုသပေးနေသော Rotary International နိုင်ငံခြား ဆရာဝန် အဖွဲ့သို့ လာရောက်ပြသူ လူနာအရေအတွက်မှာ ထောင်ဂဏန်းချီ၍ ရှိခဲ့သည်ဟု သတင်း ရရှိသည်။
စစ်တွေမြို့၌ ဇန္န၀ါရီလ ၄ ရက်နေ့ တစ်ရက်တာ ဆေးကုသရာ၌ လူနာ ထောင်ဂဏန်းခန့် လာရောက်ပြသ၍ လူနာတစ်ချို့ အနေဖြင့် လိုအပ်သော ဆေးဝါးများ အပြည့်အစုံမရရှိဟု သိရသည်။
“ကျွန်မတို့ ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း၊ ကွန်းချိုင်ပိုက်ဆိပ်ကနေ ဆေးလာကုတာပါ။ လူနာများတော့ ဆေးဝါး ပြည့်စုံအောင် မရရှိပါဘူး”ဟု လူနာ တစ်ဦးဖြစ်သူ အသက် ၆၃ နှစ်အရွယ် ဒေါ်သာယဉ်ဖြူက ပြောသည်။
ဒေါ်သာယာယဉ်ဖြူမှာ သွေးတိုးရောဂါရှိပြီး လေးဖြတ်ခံထားရသူတစ်ဦး ဖြစ်သည်။
၎င်းပြင် သူမက “ကျွန်မတို့ တစ်ကျွန်းလုံးမှာမှ ကျောက်မောင်းကျေးရွာ တစ်ရွာတည်းမှာသာ သားဖွားဆရာမ တစ်ယောက်ပဲရှိပါတယ်။ ကျေးလက်ဆေးပေးခန်း မရှိသေးဘူး။ ဆရာမကလည်း တခြားကျေးရွာတွေကို သွားရောက် ပီး ဆေးဝါး ကုသတာတွေ မရှိတော့ ရပ်ဝေးက လူတွေအနေနဲ့ ဆေးကုသဖို့အတွက် တော်တော် အခက်အခဲ ရှိနေကြပါတယ်” ဟု ဆက်လက်ပြောကြားသည်။
တစ်ချို့လူနာများမှာ နှုတ်ခမ်းနှင့် ခြေလက်များကို ခွဲစိတ်ကုသရန် လာရောက်ကြသော်လည်း ယခုတစ်ခေါက်တွင် မျက်စိ၊ နား၊ ဦးနှောက် အာရုံကြောနှင့် ပတ်သက်သော လူနာများကိုသာ အဓိက ခွဲစိတ်ကုသရသည့်အတွက် ဆေးမကုရဘဲ နေရပ်ကို ပြန်ခဲ့ကြသည်ဟု သိရသည်။
“ကျွန်မတို့က  ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာသစ် ကလာတာပါ။ ကျွန်မသားနှုတ်ခမ်းကို ခွဲစိတ်ကုသဖို့လာတာပါ။ ခွဲစိတ် ကုသ ခွင့်ရမယ်ထင်ပြီး လာခဲ့တာပါ။ အသွားအပြန်ကားခ ၁၀၀၀၀ ကျပ်လောက် ကုန်ကျပါတယ်။ ခွဲစိတ်ရမည့် လူနာက နှစ်ဦးပါ။ တစ်ရွာတည်းသားတွေပါ။ အဆင်မပြေတော့လည်း စိတ်ပျက် အားငယ်မိပါတယ်” ဟု ခွဲစိတ်ကုသခံယူမည့် လူနာ မိခင်က ပြောသည်။
PATIENT
ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ အသက် ၇၉ နှစ်အရွယ် ဦးအောင်ကျန်လူကလည်း “ကျွန်တော်က ချောင်းဆိုးရင် မွန်းကြပ်တယ်။ အဆုတ် မကောင်း၊ နှလုံးမကောင်းပါဘူး။ စစ်တွေကို လာရောက်ကုသတာ ၁၁ ကြိမ် ရှိခဲ့ပါပြီ။ သက်သာရုံပဲရှိတယ်။ အမြစ်ပြတ် မပျောက်ကင်းပါဘူး။ အခု နိုင်ငံခြားဆရာဝန်တွေ လာရောက် ကုသ တယ်ဆိုတော့ ပျောက်ကင်းနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် လာခဲ့တာပါ” ဟု ပြောကြားသည်။
ဦးကျန်လူသည် နိုင်ငံခြားမှ အခမဲ့လာရောက်ကုသသော ဆရာဝန်များထံတွင် မျက်စိ ခွဲစိတ်ကုသဖူးသူ တစ်ယောက် ဖြစ်သည်။
“ယခင် ရသေ့တောင်မှာ နိုင်ငံခြားဆရာဝန်တွေ လာရောက်ကုသတုန်းက မျက်စိ နှစ်ဘက်လုံးကို ခွဲစိတ်ခံဖူးပါတယ်။ တော်တော့ကို လက်သာပါတယ်။ မျက်စိ နှစ်ဘက်လုံးလည်း မြင်ပါပြီ။ ဒီလိုမျိုး စေတနာထားပြီး လာရောက် ကုသကြတဲ့ အတွက် တော်တော့်ကို ကုသိုလ်ရကြမှာ”ဟု ဦးအောင်ကျန်လူက ဆက်ပြောသည်။
နိုင်ငံခြားသား ဆရာဝန် အဖွဲ့ ဆေးကုသမည့် စင်တာကို စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး လာရောက်ကုသသူ ၁၀၀၀ ထိ ရှိကြောင်း သိရသည်။
ဆေးကုသခံရန် လာရောက်ကြသူများ အထဲတွင် မြို့နယ်စုံဖြစ်ပြီး ထိုအထဲတွင် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော စသည့် မြို့နယ်များမှ လူနာများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အခမဲ့ ဆေးကုသရာတွင် လူနာအဆမတန်များပြားနေရခြင်းမှာ အများစုမှာ ဆင်းရဲသားများဖြစ်ကြပြီး အစိုးရထံမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု မရရှိသလို ကျေးရွာများတွင်လည်း အစိုးရက စီစဉ်ပေးသည့် ကျေးလက် ဆေးပေးခန်း အလွန်တရာ နည်းပါးနေ၍ ဖြစ်ကြောင်း လေ့လာသိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

မြန်မာနိုင်ငံတွင် အမျိုးသားလိင်တူဆက်ဆံခြင်းမှရရှိသော HIV သည် အခြား ဝန်းကျင်မှရရှိသည်ထက် ၁၃ ဆခန့် ပိုမိုမြင့်မား


world-aids-day
၂၀၁၂ခုနှစ် အကုန်တွင် ရရှိသော စာရင်းဇယားများအရ ကမ္ဘာတဝန်းလူပေါင်း ၃၅.၃သန်းသည်HIV နှင့် အတူ နေထိုင်ကြသူများဖြစ်ရာ မြန်မာနိုင်ငံသည် အရှေ့ တောင် အာရှတွင် HIV ကူးစက်မှု ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသောနိုင်ငံဖြစ်သည်ဟု UN လက်အောက်ခံ UN AIDS Program (အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်) ထုတ်ပြန်ချက်အရ သိရသည်။
HIV ကူးစက်ပြန်ပွားရာ ဦးတည် အုပ်စုသုံးခုဖြစ်သော အမျိုးသားခြင်းလိင်ဆက်ဆံမှု Men who has sex with men (MSM) ၊ မူးယစ်ဆေးဝါးထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများမှ တဆင့် ကူးစက်ပြန့်ပွားမှုသည့် အများဆုံးဖြစ်သည်ဟု ယင်းအဖွဲ့က ပြောသည်။
အမျိုးသားချင်း လိင်တူဆက်ဆံသူတဦးဖြစ်သည့် အမည်ပြောင်း ကိုသက်က “HIVကူးစက်မှု ပိုမိုများပြားလာတာဟာ အကာကွယ်မဲ့ လိင်ဆက်ဆံလို့ပေါ့၊ ဒါကြောင့် မိမိဇနီးမယားနဲ့ မဟုတ်ပဲ လိင်ဆက်ဆံဖြစ်မယ်ဆိုရင် ဘာကြောင့်ဖြစ်ဖြစ်မဖြစ်မနေ ကွန်ဒုံးသုံးရပါမယ်” ဟုပြောသည်။
အမျိုးသားတစ်ဦးအနေဖြင့် မိမိကိုယ်ကို မိမိမည်သို့ပင် ခံယူထားစေကာမူ ယောက်က်ျားခြင်းလိင်နှင့် ပတ်သက်သည့် ဆက်ဆံမှု တခုခုပြုလုပ်လျှင် အမျိုးသားခြင်း လိင်တူ ဆက်ဆံသူ MSM အဖြစ်သတ်မှတ်ထားသည်ဟု ဆိုသည်။
လိင်ဆက်ဆံရာတွင် အပြုအမှုအရ အပုန်း(လျိုဝှက်လက်ခံသူ)၊ အပွင့် (ပွင့်လင်းစွာလက်ခံသူ)၊ သူငယ် (ထိုးသွင်းဆက်ဆံသူ)၊ လိင်ပြောင်း (မွေးရာပါရုပ်ပိုင်းဆိုင်ရာ လိင်ပြောင်းနှင့် မတူခြားနားသော စိတ်ခံစားမှုဆိုင်ရာလိင်သွင်ပြင်ခံယူသူ) တို့ရှိသည်။
ယင်းအပြင် အပွင့်ဟု ခေါ်သည့် မိမိကိုယ်ကို မိန်းမအဖြစ် သတ်မှတ်ထားသူများလည်းရှိပြီး ဝတ်စားဆင်ယင်မှု အပြုအမှုအားလုံး မိမိကိုယ်ကို မိန်းမအဖြစ်ခံယူထားသူ (Transgender /TG )  ဟု ခေါ်ပြီး မိမိခံယူလိုသည့် လိင်(ရုပ်)ပိုင်းဆိုင်ရာ အသွင်အပြင်သို့ ဆေပညာဖြင့် ခွဲစိတ်ကုသပြောင်းလဲထားသူကို လိင်ပြုပြင်ထားသူကို (T/S)ဟု  ခေါ်သည်။
အာရှတိုက်နိုင်ငံအနှံအပြားတွင် HIV ကူးစက်နုန်းမြင့်တက်ရခြင်းအဓိကအကြောင်းအရင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဘက် အများအပြား ထားရှိခြင်းနှင့် လိင်မှုဆိုင်ရာ ဆက်နွယ်မှုများအား သိုသိပ်ထားခြင်းတို့ကြောင်း ဖြစ်သည်ဟု သိရသည်။
MSM, TG တို့ထဲတွင် HIV  ဖြစ်နိုင်ခြေများနေပြီး  အခြားလူမှုဝန်းကျင်ထက် သာမန်အားဖြင့် MSM, TGတို့ထဲတွင် ၁၃ဆခန့် ကူးစက်မှုမြင့်တက်လာပြီး မြန်မာနိုင်ငံတွင် MSM/TG ခန့်မှန်း ၂၃၀၀၀၀ ရှိကြောင်း သိရသည်။
ယင်းတို့ အတွင်းHIV ပျံနှံ့ နုန်းမှာ ပုသိမ်တွင် ၁၉.၅ ရာခိုင်နုန်း၊ ရန်ကုန်တွင်  ၈ ရာခိုင်နုန်း၊  မန္တလေး ၆ ရာခိုင်နုန်း ရှိ ကြောင်း Global AIDS Epidemic  ၂၀၁၃ မှ တဆင့် သိရသည်။
လိင်တူချစ်သူ ကိုနိုင်သက် (MSM)မှ “ ခွဲခြား ဆက်ဆံခြင်းဟာ လူအခွင့်ရေးကို ချိုးဖောက်ရာရောက်ကြောင်း၊ ခွဲခြားဆက်ဆံသူတွေကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ ဗဟုသုတ အားနည်းသူတွေ အဓိကပါဝင်တယ်။ ဒါကြောင့်ကျန်းမာရေး ဗဟုသုတနှင့်တွဲဘက်ပြီး လူအခွင့်ရေး နားလည်အောင် ပိုမိုလုပ်ဆောင်ပေးရန်လိုတယ်” ဟု သူကဆိုသည်။
မြန်မာနိုင်ငံတွင် MSM အဖွဲ့အစည်း ၁၇ ရှိပြီး ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊မြစ်ကြီးနား၊ မုံရွာ၊ မိထ္ထိလာ၊ တောင်ကြီးလာရှိုး၊ တာရှီလိတ်၊မကွေး၊ပုသိမ်၊ ဟင်္သာတ၊ ပဲခူး၊တောင်ငူ၊ ပြည်မော်လမြိုင်၊မြိတ် တွင်ရှိပြီး၂၀၁၂ခုနှစ် အတွင်း ကူညီပေးခဲ့ရသော ဝေဒနာရှင် လူဦးရေ စုစုပေါင်း ၆၈၀၆၇ ရှိပြီး အများစုမှာ ရန်ကုန်မန္တလေးမှဖြစ်ကြသည်။
မြန်မာနိုင်ငံတွင်  Alliance,AMI,Consortium, IOM,Malteser, MANA, MDM, MSF-CH, MSF-Holland, MSI, NAP, PGK, PSI, SARA, WV စသောအဖွဲ့ အစည်းများဖြင့် လက်တွဲ လုပ်ဆောင်နေသည်ဟု UNAIDS (Progress Report 2012) ထုတ်ပြန်ထားသည်။
ပြည်သစ်သံရုံးမှထောက်ပံ့မှုဖြင့်HIV ကာကွဝ်ရေးအသိပညာပေးလုပ်ဆောင်နေသောအေးမြရိပ်( Saryar) အဖွဲ့မှ ဒေါက်တာမောင်မောင်မြင့်သိန်းမှ  “ ကျန်းမာရေး ပညာပေးသာမက ပညာပေးဖျော်ဖြေရေး အစီအစဉ်များပါလိုအပ်တယ်။ဒါမှပြည်သူများပါစိတ်ဝင်စာပြီးအာရုံစိုက်လုပ်ဆောင်မှပိုမိုထိရောက်မယ်’’ ဟုပြောသည်။
ရောဂါကူးစက်ရခြင်းအဓိကအကြောင်းအရင်းမှာ သွေး၊သုတ်၊ ဆေးထိုးအပ်တို့မှ ကူးစက်ခြင်းသာဖြစ်ပြီး မသိနားမလည်၍ ခွဲခြားဆက်ဆံခြင်းသည် အားနည်းသူကို မရည်ရွယ်ဘဲ ပြိုလဲပျက်ဆီးသွားရန်ပြုလုပ်သလိုဖြစ်သွားကြောင်း၊ ARTဆေးကို မှန်မှန်သောက်သုံးခြင်းဖြင့်သက်တမ်းပြည့်နေနိုင်ပါသည်။ ထိုအတွက်ကြောင့် ပြည်သူများပါ သိရှိ နားလည်ရန်လိုအပ်ကြောင်း သူက ဆက်လက်ပြောဆိုသွားသည်။
HIV အတွက်ပေါ်လစီမရှိခြင်းကြောင့်(ဥပမာ PLHIV အတွက်နှစ်ဆကောက်ခံခြင်း)ဆေးခန်းနှင့်ကျန်းမာရေးဝန်ဆောင်မှုများလုံလောက်စွာမရှိခြင်း ကျန်းမာရေး ပညာပေးလုပ်ငန်းများ အားနည်းခြင်းတို့ကြောင့် HIV ကူးစက်မှုကိုလျှင်မြန်စေသည်ဟု ဆိုသည်။
မြန်မာနိုငိငံရှိ MSMနှ င့်TG များအတွက် အကူအညီပေးနိုင်ရန် တုန့်ပြန်ဆောင်ရွက်ချက်များ ကွင်းဆင်းပညာပေးနှင့်နားခိုရာနေရာများတွင် ထိရောက်စွာ အကူအညီပေးနိုင်သော အစီအစဉ်များ လိုအပ်သလို လိင်ဝိသေသ လက္ခဏာကွဲပြားမှု သတ်မှတ်ချက်နှင့်ခံယူချက်များကို မြှင့်တင်ပေးခြင်းများ၊  ကွန်ဒုံးပညာပေးနှင့်ဖြန့်ဝေမှု အစီအစဉ်များ  HIV နှစ်သိမ့်ဆွေးနွေးခြင်း၊ TB,ကာလသားေ ရာဂါများ ရှိမရှိ ပုံမှန်စစ်ဆေးခြင်း၊ မျိုးဆက်ပွါးခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ARTကုထုံး ၊စိတ်အပန်းဖြေစရာအစီအစဉ်များ၊စိတ်ပိုင်းဆိုင်ရာနှင့်ဥပဒေဆိုင်ရာအထောက်အပံ့များကို ပြည်တွင်း အဖွဲ့အစည်းများမှာရှိသော  ဘဝတူအဖွဲ့ဝင်များမှ အကူအညီပေးခြင်းနှင့် လမ်းညွန်ပို့ပေးခြင်းများ လိုအပ်သည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင်အာရှတွင်HIV ကူးစက်မှုဒဏ်ကိုအပြင်းထန်ဆုံးခံစားနေရသောနိုင်ငံဖြစ်သည်။ ၂၀၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌HIV ရောဂါ ဖြင့် နေထိုင်သူ ခန့်မှန်းခြေအားဖြင့် ၁၈၅၀၀၀ ဝန်းကျင်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားခုခံကျ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်၂၀၁၃ ခုနှစ်အပြီးတွင်ဖေါ်ပြထားသည်။
( စာရေးသူသည် Internews မှ ပြုလုပ်သော ရက်တို သင်တန်းတစ်ခုကို တက်ရောက်ပြီး ယခုဆောင်းပါးကိုရေးသားခြင်းဖြစ်ပါသည်။ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့သည်  ကမ္ဘာ့ AIDS နေ့ ဖြစ်သဖြင့် အထိမ်းအမှတ်ဆောင်းပါးအဖြစ် နိရဉ္စရာမှ  ဖေါ်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။ )
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
-------------------------------------------------------------------------------------------------------------------------------------------------------------------
(ဖြည့်စွက်ချက်- ယခုသတင်းတွင်ဖော်ပြထားသည့် UNAIDS အား အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် ဟု ပြန်ဆိုထားသည်ကိုတွေ့ရပါသည်။ အမှန်မှာ ကုလသမဂ္ဂအေအိုင်ဒီအက်စ်အစီအစဉ်ဖြစ်ပါသည်။ အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ National AIDS Programme ဖြစ်ပါသည်။
ဘလော့ဂ်ရေးသူ)

Thursday, November 27, 2014

အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲများကို ဂျာမန်ဆရာဝန်များက သံတွဲတွင် အခမဲ့ကုသပေးမည်


Than-dwe-treatmentဂျာမန် ဆရာဝန်များပါဝင်သော Free Medical Treatment World chefs without borders အဖွဲ့မှ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲများကို သံတွဲဆေးရုံတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ အခမဲ့စစ်ဆေးခွဲစိပ် ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“နားရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီကျိတ်၊ ပုံစံမမျှတတာတွေကို ဆရာဝန်ကြီး တွေက အခမဲ့ စစ်ဆေးကုသပေးပါတယ်။ အခုကတည်းက လူနာတွေအနေနဲ့ သံတွဲဆေးရုံကို လာပြပြီး စာရင်း သွင်းထားလို့ ရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ခွဲစိပ်ကုသပေးပါလိမ့်မယ်” ဟု စီစဉ်သူ   ဒေါ်ခက်ခက်က ပြောသည်။
အစက သံတွဲတွင် နိုဝင်ဘာ ၂၃ ရက်မှ  ၂၈ ရက်နေ့ထိ ခွဲစိပ် ကုသပေးရန် ကြော်ငြာထားသော်လည်း စစ်တွေမှာ လူနာများနေသဖြင့် သံတွဲတွင် ဒီဇင်ဘာလ တစ်ရက်နေ့မှသာ စတင်ကုသနိုင်မည်ဟု ဆိုသည်။
“  စစ်တွေမှာ လူနာတွေ အရမ်းများတဲ့ အတွက် ဟိုမှာ ပိုပြီး ရက်တိုးယူရတယ်။ ဒီဇင်ဘာလ တစ်ရက်မှာ စတင်ကုသမှာ ဖြစ်ပေမယ့် လာပြတဲ့ လူနာတွေ အားလုံးကို စစ်ဆေးပြီး အခုအချိန်က ရက်ချိန်းပေးနေပါတယ်” သူမက ဆိုသည်။
ဂျာမန်ဆရာဝန် ၄ ဦး ရောက်ရှိ တည်းခိုနေသော ငပလီမြို့ပြင်ရပ်ကွက်သို့ သွားရောက်မေးမြန်းကြည့်သောအခါ ယင်း ဆရာဝန် ၄ ဦးမှာလည်း စစ်တွေတွင် လူနာများနေသဖြင့် သံတွဲတွင် ကုသမည်ကို ခေတ္တရပ်နားပြီး စစ်တွေသို့ ထွက်ခွာသွားသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“အခုတော့ ဒီမှာစာရင်းပေးသွင်းလို့ရပါတယ်။ သံတွဲဆေးရုံမှာလည်းစာရင်းပေးရင် ရပါတယ်။ အခုတော့ ဒေသခံတွေဖြစ်တဲ့ ဂျိတ္တော နာရေး ကူညီမှု အသင်းက လိုအပ်တဲ့ကူညီမှုတွေကို လုပ်ပေးနေကြပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ သံတွဲမြို့တွင် ကုသမည့် လူနာ ၁၂၀ ခန့်စာရင်း ပေးသွင်းထားပြီ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, November 10, 2014

ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ခြင်းမျိုးထက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ စတင်ခန့်အပ်ခွင့်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်။
ဆရာဝန်၊ သူနာပြုများကဲ့သို့ ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ခန့်အပ်ခြင်းမျိုးထက် လာမည့်နှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို မိမိတို့ အစီအစဉ်ဖြင့် စတင်ရွေးချယ် ခန့်အပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“အရင်က လက်ထောက်ဆရာဝန်တစ်ယောက်က ကျန်းမာရေးဝန်ကြီးဌာနမှာ အမှုထမ်းချင်လို့ရှိရင် ရေးဖြေစာမေးပွဲတွေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေရတယ်။ ၀န်ကြီးဌာန အနေနဲ့ကလည်း အားလုံးကိုမခန့်ဘူး လိုအပ်တဲ့ အရေအတွက်ကိုပဲ ရွေးချယ်ခန့်အပ်တာဖြစ်တယ်။ အခုကျတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လိုအပ်တဲ့ဆရာဝန်၊ ဆရာမတွေ အထူးသဖြင့် ဆရာဝန်တွေ ခန့်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ညှိနှိုင်းပြီးတော့ သက်ဆိုင်ရာဒေသတွေမှာ သူ့အစီအစဉ်နဲ့ လျှောက်လွှာခေါ်ပြီး သူ့အစီအစဉ်နဲ့ ရွေးချယ်ခန့်ထားဖို့အတွက် ဆောင်ရွက်ပြီးနေပါပြီ” ဟု ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် သွားလာရေးခက်ခဲသည့် ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် တက်ရောက်ချင်သူများ အတွက်ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ပေးထားကြောင်းနှင့် အောင်မြင်ပြီးသူများကိုလည်း မိမိဒေသတွင် ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆေးပညာကို အမှန်တကယ် ၀ါသနာပါပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင် ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများတွင် အမြဲနေထိုင်သူ၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် တည်ဆဲနိုင်သား ပြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်သူ၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ၊ အခြေခံပညာ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းများကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ စသည်တို့ သတ်မှတ်ခဲ့ပြီး လူဦးရေ ကန့်သတ်ချက် မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

(သတင်းအရင်းအမြစ်- Eleven Media Group)

Monday, August 18, 2014

အီဘိုလာရှိ/ မရှိ မြန်မာနိုင်ငံသားတွေ တက်ကနက်နယ်စပ်မြို့မှာ စစ်ဆေးခံရ

Myanmar-boats-in-Teknaf-jetty
မြန်မာဘက်က ၀င်လာတဲ့ ကုန်တင်ဘုတ်တွေကို တက်ကနက် ဆိပ်ကမ်းမှာ တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အီဘိုလာ ဗိုင်းရပ်စ် ရှိ / မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရာမှာ အဓိကအချက်အချာကျတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက တက်ကနက်မြို့ ဆိပ်ကမ်းမှာ အခုလို  မြန်မာဘက်မှ ၀င်လာသူတွေကို အီဘိုလာ (Ebola) ဗိုင်းရပ်စ် ရှိ/ မရှိ စစ်ဆေးတယ်လို့ ဘင်္ဂလာက သတင်းတွေမှာ ဖေါ်ပြပါတယ်။
ခုလို စစ်ဆေးမှုကို သြဂတ်စ်လ ၁၂ ရက်နေ့ ညနေပိုင်းက စပြီး ဆောင်ရွက်နေတာ ဖြစ်ပြီး ဒေါက်တာ တီတူတာရှေ့် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ ကျန်းမာရေးအဖွဲ့ တစ်ခုကနေ စစ်ဆေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရာချီရှိတဲ့ မြန်မာနိုင်ငံက ခရီးသွား၊ ကုန်သည်တွေကို စစ်ဆေးခဲ့ပေမယ့် အီဘိုလာနဲ့ ဆက်စပ်တဲ့ ရောဂါ တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
အခုလို စစ်ဆေးမှုပြုလုပ်တာဟာ မြန်မာနိုင်ငံမောင်တောမြို့မှာ ဦးနှောက် အမြှေးရောင် ရောဂါနဲ့ သေဆုံးသူ အများအပြားရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် ဖြစ်တယ်လို့  http://bangla.bdnews24.com သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။
မြန်မာဘက်မှ ၀င်ရောက်လာသူတွေကို အီဘိုလာ စစ်ဆေး ခြင်းမပြုဘဲ သူ့နိုင်ငံထဲကို ဘင်္ဂလာအာဏာပိုင်တွေက ၀င်ရောက်ခြင်း မပြုဘူးလို့ တက်ကနက်ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ ကျန်းမာရေး ၀န်ကြီးဌာနမှလည်း အဆိုပါ ဗိုင်းရပ်စ်ကို စောင့်ကြည့် စစ်ဆေးတဲ့  အဖွဲ့တခုကို ပညာရှင်များနဲ့ ဖွဲ့စည်းထားပြီး တခြား ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့်  အခုအခါ ကမ္ဘာတ၀န်းမှာ သေဆုံးသူပေါင်း ၁၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အဆိုပါ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးမှာ ကြောက်စရာကောင်းပြီး ပြန့်ပွားမှု လျှင်မြန်နေတယ် သတိပေးမူ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မောင်တောဘက်မှာတော့ ဘင်္ဂလာဒေခ်ျ့ဘက်က ၀င်လာသူတွေကို ခုလို အီဘိုလာ ရောဂါ စစ်ဆေးမူရှိတယ် ဆိုတဲ့ သတင်းတွေတို့ မကြားရသေးဘူးလို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဦးနှောက်အမြှေးရောင်ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ကိုးယောက်မြောက်ကလေး သေဆုံး

ရခိုင်မှ ကျေးလက် ဆေးပေးခန်းတစ်ခု( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်မှ ကျေးလက် ဆေးပေးခန်းတစ်ခု( ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေဆေးရုံကြီးတွင် ဦးနှောက် အမြှေးရောင် ရောဂါဖြင့် တက်ရောက်ဆေးကုနေသူ ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ မောင်နေဇော်လင်း (၁၀) နှစ် ယမန်နေ့က သေဆုံးသွားရာ ၎င်းကလေးငယ်သည် ယင်းရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် သေဆုံးသော (၉) ယောက်မြောက် ကလေးငယ်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသေဆုံးသွားခဲ့သော ကလေးငယ် မောင်နေဇော်လင်း (၁၀) နှစ်သည် ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ (ဘ) ဦးလှဝင်း (မိ) ဒေါ်နိုင်နိုင်စိုးတို့၏ သားဖြစ်ပြီး ဆေးရုံသို့ရောက်ပြီး သုံးရက်ခန့်အကြာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်သားက ဖျားတော့ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ပါတယ်။ ဆေးရုံ နှစ်ရက်နေခဲ့ပြီး ဦးနှောက် အမြှေးရောင် ရောဂါဖြစ်တဲ့ အတွက် စစ်တွေ ဆေးရုံကြီးကို ပို့ပါဆိုလို့ စစ်တွေဆေးရုံကြီးကို ယူလာပါတယ်။ ဒီရောက်တော့ နှစ်ရက် သုံးရက်အတွင်းမှာဘဲ ကျွန်တော်သားက ဆုံးပါးသွားပါတယ်” ဟု ဖခင်ဖြစ်သူ ဦးလှဝင်းကဆိုသည်။
ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးသွားသူ မောင်နေဇော်လင်းမှာ ယခုလပိုင်းအတွင်း(၉) ယောက်မြောက် သေဆုံးသွားသော ကလေးငယ် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆန်းကလည်း အတည်ပြုပြောကြားသည်။
“  ဖြစ်တဲ့ ကလေးငယ်က ၄၀ ကျော်ရှိပါတယ်။ အရင်က ဒီရောဂါနဲ့ သေဆုံးသွားတဲ့ကလေးက ရှစ်ဦးဆိုတော့ ဒီကလေးက ၉ ယောက်မြောက် ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ယခုအခါ အခြေအနေတိုးတက်ကောင်းမွန်လာပြီး ရောဂါကိုလည်းထိန်းချုပ်နိုင်ပြီ ဖြစ်သည်ဟု ဒေါက်တာ အောင်ဆန်းက ဆိုသည်။
ယင်းပြင် အများစု ကလေးငယ်များမှာ သက်သာသွားပြီ ဖြစ်သဖြင့် ဆေးရုံက ဆင်းသွားကြပြီးဖြစ်သော်လည်း လက်ရှိ ဆေးရုံတွင် ကလေးငယ် ၁၂ ဦး ရှိနေသေးသည်ဟု သိရသည်။
ယင်း ဦးနှောက်အမြှေးရောင်ရောဂါကို ရခိုင်ပြည်နယ် အတွင်း ၂၀၀၇ ခုနှစ်လောက်က စတွေ့ခဲ့ရပြီး ယခင်နှစ်များက ဖြစ်ပွားသူ ကလေးငယ် အရေအတွက်မှာ ယခုနှစ်လောက် မများကြောင်း၊ ၂၀၁၃ ခုနှစ်ကဆိုလျှင် တစ်ဦးတစ်လေမှ ဖြစ်ပွားခြင်း မရှိကြောင်း ဒေါက်တာ အောင်ဆန်းက ဆိုသည်။
ဦးနှောက်အမြှေးရောင်ရောဂါသည် ၀က်၊ ကြွက်စသည့် ရောဂါ ဖြစ်ပွားနေသည့် တိရစ္ဆာန်တစ်ကောင်ကောင်အား ကိုက်ထားသည့်ခြင်မှ ကလေးငယ်များကို ထပ်ကိုက်ရာမှ ကူးစက်လာသော ရောဂါဖြစ်ကြောင်း ဒေါက်တာက ပြောဆိုသည်။
အထူးသဖြင့် ၀က်ြံခံများအတွင်း ၀က်များအိုင်လူးသော ရေများတွင် ပေါက်ဖွားသောခြင်များဖြစ်ကြောင်း၊ သို့အတွက် သွေးလွန်တုတ်ကွေးရောဂါလို ခြင်ကို အဓိကထား နှိမ်နှင်းရန်လိုကြောင်း ဒေါက်တာ အောင်ဆန်းမှ ဆက်လက် ပြောဆိုသည်။
တစ်ဘက်တွင်လည်း ဦးနှောက်အမြှေးရောင်ရောဂါဖြင့် ကလေးငယ်များ သေဆုံးသူများပြားနေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

Wednesday, March 5, 2014

ဒေသတချို့မှာ MSF လုပ်ငန်းတွေ ပြန်စမည်

msf-press-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Min Thein Aung
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကလွဲပြီး၊ မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ လုပ်ငန်းတွေပြန်စဖို့ အစိုးရက ခွင့်ပြုလိုက်ကြောင်း MSF က ပြောပါတယ်။
MSF ရဲ့ လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ရပ်ဆိုင်းလိုက်တာပါ။ ရပ်ဆိုင်းရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး နှစ်ဘက်လုံးက မဖေါ်ပြခဲ့ကြပေမဲ့၊ သတင်းမီဒီယာတွေကတော့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး MSF ရဲ့ ပြောဆိုချက်တွေအပေါ် အစိုးရအာဏာပိုင်တွေက စိတ်ဆိုးခဲ့ကြတယ်လို့ ဖေါ်ပြကြပါတယ်။
စနေနေ့ကထုတ်ပြန်ခဲ့တဲ့ MSF ရဲ့ ကြေညာချက်မှာတော့ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လုပ်ငန်းတွေ ပြန်စခွင့်ရခဲ့ကြောင်း၊ ဒီအတွက် MSF အနေနဲ့ အားတက်မှုနဲ့အတူ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်တော့မှာဖြစ်ပေမဲ့၊ တချိန်တည်းမှာလည်း ရခိုင်ပြည်နယ်က ထောင်နဲ့ချီတဲ့လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိုးရိမ်မိကြောင်း၊ MSF ရဲ့ ၀န်ဆောင်မှုအားလုံးဟာ လူမျိုး ဘာသာနဲ့ တခြားအချက်တွေကိုမကြည့်ဘဲ ဆေးဝါးကုသမှု လိုအပ်ချက်အပေါ်မှာသာ အခြေခံပြီးဆောင်ရွက်နေတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဆေးခန်းတွေပိတ်လိုက်ရတဲ့အတွက် HIV/ AIDS ဝေဒနာရှင် သုံးသောင်းနဲ့ တီဘီ အဆုတ်နာဝေဒနာရှင် သုံးထောင်တို့ အဓိကလိုအပ်နေတဲ့ ဆေးဝါးတွေ မရနိုင်တော့ဘူးလို့လည်း MSF က ပြောပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့အသင့်

msf-protest-305.jpg
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်တိုင်းရင်းသား များ ဆန္ဒပြနေစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ်မှာ ဆက်လက်ဆောင်ရွက်ခွင့်မရတော့ တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ အသင့်ရှိနေကြောင်း ပြည်နယ် အာဏာပိုင်တွေက ပြောဆိုကြောင်း ကုလသမဂ္ဂရဲ့ IRIN သတင်းက ဖေါ်ပြပါတယ်။
ဒီလုပ်ငန်းတွေကို သီတင်းတစ်ပတ်အတွင်း လွှဲပြောင်းဆောင်ရွက်သွားနိုင်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဦးအေးငြိမ်း က ပြောဆိုကြောင်းလည်း ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်နှစ်ဆယ်လောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေထက် မွတ်စလင်တွေအပေါ် ပိုပြီး မျက်နှာလိုက်နေတယ်လို့ ဒေသခံတွေက ဝေဖန်ဆန္ဒပြခဲ့ကြပြီး၊ အစိုးရကလည်း ပြီးခဲ့တဲ့ ပဋိပက္ခတွေအတွင်း MSF ဟာ သတင်းမှားတွေ ဖြန့်ချီခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာတော့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ လုပ်ကိုင်ခွင့်သက်တမ်းကို တိုးပေးဖို့ အစိုးရက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ MSF ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင် ရွက်နေကြတဲ့အဖွဲ့တွေထဲမှာ ၀န်ထမ်း ငါးရာကျော်နဲ့ လည်ပတ်နေတဲ့ MSF ဟာ အကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။
ဒါပေမဲ့ MSF ရဲ့ စီမံကိန်းလုပ်ငန်းတွေ လွဲပြောင်းဆောင်ရွက်ဖို့အတွက် ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှာ အခက်အခဲ တစုံတရာမရှိပါဘူးလို့ ညွှန်ကြားရေးမှူး ဦးအေးငြိမ်းက ပြောဆိုကြောင်း ကုလသမဂ္ဂ IRIN သတင်းက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ရခိုင်ပြည်နယ် လူဦးရေ သုံးသန်းကျော်မှာ ဆရာဝန် ၄၅၀ ၀န်းကျင်ပဲရှိတယ်လို့လည်း သတင်းမှာဖေါ်ပြပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Tuesday, March 4, 2014

MSF ရပ်တည်ချက် မှန်ကန်ရန်လိုအပ်


နိုင်ဂျီးရီးယားပြည်တွင်းစစ် (၁၉၆၇-၁၉၇ဝ) အတွင်း နိုင်ဂျီးရီးယားစစ်တပ်သည် နိုင်ငံအရှေ့တောင်ပိုင်းရှိ လွတ်လပ်သော နယ်မြေသစ် ဘီယာဖရာကို ပိတ်ဆို့ထားခဲ့သည်။ ယင်းအချိန်၌ ဗြိတိန်၊ ဆိုဗီယက်နှင့် အမေရိကန်တို့သည် နိုင်ဂျီးရီးယားအစိုးရဘက်မှ ရပ်တည်ခဲ့ပြီး ဘီယာဖရာနယ်သားတို့အား အဓိကထောက်ပံ့ခဲ့သည့် နိုင်ငံဟူ၍ ပြင်သစ် တစ်နိုင်ငံတည်းသာ ရှိခဲ့သည်။ ပြင်သစ်ဆရာဝန်များစွာတို့နှင့်  ပြင်သစ်ကြက်ခြေနီအဖွဲ့တို့သည် ပိတ်ဆို့ဝန်းရံခံထားရသော ဘီယာဖရာနယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ MSF ဟု လူသိများသော နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ၁၉၇၁ ခုနှစ်တွင် နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပြီးနောက် ပြင်သစ် ဆရာဝန်များနှင့် ဂျာနယ်လစ်အနည်းငယ်တို့က ထူထောင်ခဲ့ကြသည်။ MSF ကို ထူထောင်ခဲ့ကြသူများသည် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေးယုံကြည်ချက်တို့နှင့် မဆိုင်ဘဲ လူသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့်ရှိပြီး အဆိုပါလူသားတို့၏ လိုအပ်ချက်သည် နိုင်ငံတို့၏ နယ်နိမိတ်အပိုင်းအခြားများကို လေးစားလိုက်နာခြင်း ထက်ပို၍ အရေးကြီးသည်ဟု ယုံကြည်ခဲ့ကြသည်။

MSF ၏ ဟော်လန်ဌာနခွဲ (AZG) သည် မြန်မာနိုင်ငံတွင် HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် အဓိက လုပ်ဆောင်ပေးလျက် ရှိသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ MSF ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် MSF က ကြေညာချက် ထုတ်ပြန်ကာ မြန်မာတစ်နိုင်ငံလုံးရှိ MSF ၏ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းရန် ပြည်ထောင်စုအစိုးရက အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့ရှိ HIV/AIDS နှင့် တီဘီ ဆေးဝါးများ ပေးနေသည့် MSF ၏ ဆေးခန်းများအား ပိတ်ထားခဲ့ပြီး ထိုသို့လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းမှာ ပြည်ထောင်စုအစိုးရ၏ အမိန့်ကြောင့်ဖြစ်သည်ဟု MSF က ဆိုသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ MSF ၏ လုပ်ငန်းများကိုသာ ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

MSF သည် ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်စဉ် သတင်းအမှားများ ထုတ်ပြန်ခြင်း၊ ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ဘင်္ဂါလီများကိုသာ ဦးစားပေး၍ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ရိုဟင်ဂျာများကို တိုင်းရင်းသား အခွင့်အရေးရရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖိအားပေးခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် ရခိုင်ပြည်နယ်မှ ထွက်သွားရန် စစ်တွေမြို့တွင် ထိုင်သပိတ်ဆင်နွှဲမှုများ ရှိခဲ့သည်။ ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ  ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်၌လည်း သတင်းအမှားများ ထုတ်ပြန်ခဲ့ပြီး နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့သည့်အပြင် သတင်းအမှားကို ပြန်လည်ရုပ်သိမ်းခြင်း မရှိခဲ့ပေ။

ထို့ကြောင့် MSF အဖွဲ့ကို ထူထောင်ခဲ့သူများ၏ စိတ်ရင်းစေတနာနှင့် ရည်ရွယ်ချက်တို့ကို လေးစားပြီး NGO အဖွဲ့ပီသစွာရပ်တည်လျက် လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးကိုသာ လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Monday, January 20, 2014

ပေါက်​​တောမြို့နယ်​ ပြည်​သူ့​ဆေးရုံ သူခိုးသောင်းကျန်း

Pauk-Taw-300x225ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သူခိုးသောင်းကျန်နေရာ ယမန်နေ့ကလည်း လက်ထောက် ဆရာဝန်ပိုင် ငွေများအခိုးခံခဲ့ရသည်ဟု သတင်းရရှိသည်။
ဇန်န၀ါရီလ ၁၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်​​တောမြို့နယ်​​ ဆေးရုံလက်​​ထောက်​ ဆရာဝန်​​ ဒေါက်တာ မြတ်မြတ်​ခိုင်​​သည် သူမနေထိုင်ရာ အခန်းသို့ ပြန်လည်ရောက်ရှိစဉ် အခန်းထဲတွင် လက်ရာခြေရာများ ပျက်နေသည်ကို တွေ့ရှိရသဖြင့် ငွေနှင့် ဆရာဝန်သုံး နားကျပ်ထည့်ထားသည့် အိတ်ကို စစ်ဆေးကြည့်ရာ ငွေတစ်သိန်းလေးသောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါက်တာ မြတ်မြတ်ခိုင်က ပြောသည်။
ဒေါက်တာ မြတ်မြတ်ခိုင်နှင့် အခြားတစ်​ဖက်​တွင်​​ နေထိုင်​သည့်​ မြို့နယ်​လက်​​ထောက်​ ဆရာဝန်​ တစ်​ဦးဖြစ်​သူ ​ဒေါက်​တာဦးမြတ်​ကို၏ အခန်းတွင်မူ ပျောက်​ဆုံးမှုများမရှိသော်​လည်း ၀င်​​ရောက်​​မွှေ​နှောက်​သွားသည့်​လက်​ရာ ခြေရာများကို တွေ့ရသည်ဟု ဆိုသည်။
လွန်​ခဲ့​သော ဒီဇင်ဘာလ ၁၈ ရက်​​နေ့ကလည်း ​ပေါက်​​တောမြို့နယ်​​ဆေးရုံ အပြာဝတ်​ သူနာပြု ဆရာမကြီး တစ်ဦး၏အခန်း ဖောက်​ထွင်း​ မွေ​နှောက်​ခံရ​ကြောင်း ​ဆေးရုံဝန်​ထမ်း တစ်​ဦးမှ နိရဉ္စရာကို​ပြောသည်​။
ဇန်​န၀ါရီလ ၄ ရက်​ ​နေ့ညတွင်​လည်း ပေါက်​​တော​ဆေးရုံ မှ သူနာပြု ဆရာမတစ်​ဦးသည် သမီးဖြစ်​သူနှင့်​အတူ ပေါက်​​တော အထကစုံညီပွဲကို တက်​​ရောက်​​နေစဉ်​ ​နေအိမ်​လိုင်းခန်း တစ်ခုလုံး ​မွှေ​နှောက်ခံရပြီး ​ငွေနှင့်​ အ၀တ်​အစားများ အခိုးခံခဲ့ရသည်ဟု သိရသည်​။
ပေါက်​​တောမြို့​ ယခု​ ဆေးရုံဝန်​ထမ်းများ​နေထိုင်​ရာ လိုင်းခန်းတွဲများတွင်​ ရှိသော မျက်​နှာကြက်​များမှာ  တစ်​ခန်းမှ တစ်​ခန်းသို့ အလွယ်​တကူ တက်​​ရောက်ပြီး ကူးသွားနိုင်​သည့်​အ​နေအထားတွင်​ရှိ​​ကြောင်း​ ဆေးရုံ ၀န်ထမ်းများက ပြောသည်​။
ဝင်ရောက်ဖေါက်ထွင်း အခိုးခံရသည့် အဆောင်များမှာ လိုင်းခန်း နှစ်​ခန်းတွဲ ဆေးရုံ ၀န်​ထမ်းအိမ်​ရာများ ဖြစ်​ကြပြီး ခိုင်လုံသော ခြံစည်းရိုးများ ကားရံထားခြင်းမရှိကြောင်း၊ ယင်းပြင် ဆေးရုံတွင်လည်း ခိုင်ခန့်သော ခြံစည်းရိုးများ ကာရံထားခြင်း မရှိသဖြင့် ဆရာဝန်များ၊ ​ဆေးရုံဝန်​ထမ်းများနှင့် ဆေးရုံ တက်ရောက် ကုသနေသည့် လူနာများ အတွက် လုံခြုံရေး ကင်းမဲ့နေကြောင်း၊ သို့အတွက် ခိုင်​ခန့်သော  ခြံစည်းရိုးများကို အမြန်ဆုံး ကာရံ​ရန်လိုအပ်နေကြော်း ဒေါက်​တာမြတ်​မြတ်​ခိုင်​မှ​ ပြောဆိုသည်​။
မ​ပေါက်​​တောမြို့နယ်​ရဲတပ်ဖွဲ့မှ ဒေါက်တာမြတ်မြတ်ခိုင် အခန်း အခိုးခံရသည်နှင့် ချက်​ချင်း လာ​ရောက်​စစ်​​ဆေးခဲ့​သော်​လည်း ယ​နေ့ အချိန်ထိ တရားခံများကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိ​သေး​ကြောင်း​သိရသည်​။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 15, 2014

ရသေ့တောင်တွင် မျက်စိအလင်းအလှူပွဲ လူနာ ၂၂၀၀ ကျော် လာရောက်ကုသ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် မျက်စိအလင်း အလှူပွဲကို တိပိဋကစက္ခုပါလအဖွဲ့မှ ယခုလ ၁၁ ရက်နေ့က ကျင်းပရာ မျက်စိဝေဒနာရှင် ၂၂၀၀ ကျော် လာရောက်ခဲ့သည်ဟု သိရသည်။
၎င်းမျက်စိ ကုသမူကို “ တိပိဋကစက္ခုပါလအဖွဲ့မမျက်စိအလင်း အလှူတော်” ဟု အမည်ပေးထားပြီး ၎င်းနေ့ ညနေ ၄ နာရီတွင်  ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကျင်းပခဲ့သည်ဟု သိရသည်။
တိပိဋကဓက္ခုပါလအဖွဲ့ မျက်စိပညာရှင်အကျိုးဆောင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးထွန်းဦးဆောင်သည့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများက အကြီးစား ခွဲစိတ်မှု ၃၉၈ ဦး၊ အသေးစားခွဲစိတ်မှု ၁၁ ဦး၊ ပြင်ပလူနာ ၁၈၀၀ ကျော်တို့အား ကုသ ပေးနိုင်ခဲ့ကြေင်း သိရှိရသည်။
အဆိုပါ မျက်စိအလင်းအလှူပွဲကို တိပိဋကစက္ခုပါလအဖွဲ့ကျိုးဆောင် တိပိကဓရဓမ္မဘဏ္ဍာဂါရိက ရခိုင်ဆရာတော် က္ကုန္ဒပါလက စီစဉ်ဆောင်ရွက်ပြီး အလှူရှင်ဒေါက်တာခင်ရွှေက ကျပ်သိန်း ၄၅၀ ကုန်ကျ လှူဒါန်းခဲ့သည်ဟု သိရသည်။
၎င်းမျက်စိ အလှူတော်ပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မျက်စိ အထူးကူး ဆရာဝန်ကြီးများ၊ မျက်စိဝေဒနာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 8, 2014

စစ်တွေမြို့၌ လူနာစောင့်မပါ၍ ဆေးရုံတက်ခွင့် မရသူတစ်ဦး လမ်းဘေးတွင် တစ်ညနှင့်တစ်ရက် နေပြီးမှ ဆေးရုံတက်ကုသစဉ် သေဆုံး

လူနာစောင့်မပါသဖြင့် ဆေးရုံတက်ခွင့် မရသူတစ်ဦး လမ်းဘေးတွင် တစ်ညနှင့်တစ်ရက်နေပြီးမှ လူမှုရေး အဖွဲ့အစည်းများတာဝန်ယူကာ ဆေးရုံသို့တက်ရောက်ကုသခွင့်ရရန်ကူညီခဲ့သဖြင့် ဆေးရုံတက်ရောက်နိုင်ခဲ့သော်လည်း ကုသနေစဉ် သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု ဇန်န၀ါရီ ၄ ရက်က စစ်တွေဆေးရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူက ဆေးရုံတက်ခွင့် မရတဲ့အတွက် ဆေးရုံဝင်ပေါက် ဘေးနားကမြောင်းမှာ တစ်ညနဲ့တစ်ရက်တောင် ကြာသွားတယ်။ညနေပိုင်းမှလူမှုအဖွဲ့အစည်းတွေကလူနာစောင့်အဖြစ် စောင့်ပေးမယ်ပြောပြီး ဆေးရုံတင်တယ်။ ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ အစောကတည်းက ဆေးရုံတင်ခဲ့မယ်ဆိုရင် မသေနိုင်ဘူး” ဟု စစ်တွေမြို့မှ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုသန်းအေးက ပြောကြားသည်။

သေဆုံးသူမှာ ဘဲပေါက် (ခ) ခင်မောင်မြင့် (၃၅ နှစ်) (ဘ) ဦးအောင်မြထွန်း၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာ၁၉ရက်ကသံတွဲအကျဉ်းထောင်မှလွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဆေးရုံတက်ခွင့် မရတဲ့သူ့ကိုတွေ့လို့ ကြက်ခြေနီအဖွဲ့ကိုလည်း အကြောင်းကြားတယ်။ သူတို့ကလည်း ဆေးရုံတက်ခွင့် မပေးတာကို ဘာမှမတတ်နိုင်ဘူးလို့ ပြောပါတယ်။ လမ်းဘေးမှာ အချိန်ကြာသွားတော့ ကျန်းမာရေး ပိုဆိုးသွားတယ်လို့ ထင်တယ်။ ဒါကြောင့် ဆေးရုံတက်ခွင့် ရခဲ့ပေမယ့် အသက်ရှင်ခွင့် မရခဲ့တာပါ” ဟုလည်း ကိုသန်းအေးက ပြောကြားသည်။

ဇန်န၀ါရီ ၃ ရက်က လူနာစောင့် မပါသဖြင့် ဆေးရုံတက်ခွင့် မရခဲ့သည့်အတွက် ဇန်န၀ါရီ ၄ ရက် ညနေ ၇ နာရီခန့်တွင် ဒေသခံ လူမှုအဖွဲ့အစည်းများက ကူညီပံ့ပိုးမည်ဟု ပြောကြားကာ အဆိုပါလူနာကို ဆေးရုံတင်ခဲ့ရသည်ဟု သိရသည်။

ရခိုင်အမျိုးသမီးများ အသင်းမှ ဒေါ်ညိုအေးက “သူက ၃၀၂ နဲ့ ထောင်ကျပြီး ထောင်ကလွတ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားချင်း စာနာမှုထားဖို့လိုတယ်။ ကျွန်မတို့ အပါအ၀င် သံဃာတော်တွေရော၊ လူမှုအဖွဲ့အစည်းကလူတွေ ရောက်လာကြပြီး ဆေးရုံက သက်ဆိုင်သူတွေကို ပြောပြပြီး ဆေးရုံတင်တယ်။ နှလုံးခုန်နှုန်း စမ်းသပ်တဲ့စက်နဲ့ ချက်ချင်းစမ်းတယ်။ နောက်ပြီးတော့ အောက်စီဂျင်ပေးတယ်။ ဒါပေမဲ့ အချိန်က နောက်ကျသွားခဲ့ပြီ။ စောစောကတည်းက ဆေးရုံတက်ခွင့် ပေးခဲ့မယ်ဆိုရင် အဲဒီလူနာ အသက်ရှင်ခွင့် ရခဲ့မယ်လို့ ကျွန်မသုံးသပ်မိတယ်။ အားနည်းချက်တွေကိုသိရင် ပြုပြင်ဖို့လိုတယ်” ဟု ပြောကြားသည်။

စစ်တွေဆေးရုံ၏ ပြင်ပလူနာဌာနမှ တာဝန်ကျ သူနာပြုတစ်ဦးက “ကျွန်မတို့မှာ တရားဝင်ပြောခွင့်တော့ မရှိဘူး။ လူမှုရေးအရ ပြောတာဖြစ်တယ်။ ၄ ရက်နေ့က ကျွန်မတို့တွေရှိတယ်။ ၃ ရက်နေ့ကလည်းရှိတယ်။ သူဆေးရုံလာတယ်ဆိုတာ ကျွန်မတို့ မတွေ့ဘူး။ ဘယ်လူနာကိုမှ ဆေးရုံတက်ခွင့် မပေးတာမရှိဘူး။ လူနာစောင့်မပါလည်း ဆေးလူမှု ဆက်ဆံရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့က လူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ဖြေရှင်းပေးလေ့ရှိတယ်။ အပြင်မှာပြောတာကိုလည်း သိပ်မယုံဖို့လိုတယ်။ လူနာကို ၆ နာရီခွဲမှာ ဆေးရုံတင်တယ်။ ၇ နာရီကျော်မှာ သေသွားတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်န၀ါရီ၇ရက်ညနေပိုင်းက ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာအောင်ဆန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ“အဲဒါမှားနေတယ်။ကျွန်တော်ကိုယ်တိုင်သိတယ်။ ဆေးရုံတင်ထားတယ်။ ဆေးရုံရောက်ပြီးမှ သေသွားတယ်။ ဒါပါပဲ” ဟု The Daily Eleven သတင်းစာမှ မေးမြန်းမှုအား ပြန်လည်ဖြေကြားသွားခဲ့သည်။

(သတင်းအရင်းအမြစ်- Eleven Media Group)

Tuesday, November 26, 2013

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စားနပ်ရိက္ခာအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် လက်နက်ကိုင် ကချင်တိုင်းရင်းသားများအကြား ပဋိပက္ခများ အရှိန်မြင့်တက်ခဲ့ပြီးနောက် စားနပ်ရိက္ခာ အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက စနေနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပေးအပ်ခဲ့သော လူသားချင်း စာနာထောက်ထားမှု အကူအညီ ယူရို ၄၅ သန်းအပြင် နောက်ထပ် ဒေါ်လာ ၄ သန်း (ယူရို ၃သန်း) လျာထားကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။
  
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၀၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဖြစ်သည်။
  
ထပ်မံကူညီမှုများကို ရခိုင်၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် စားနပ်ရိက္ခာ အကူအညီပေးရေး လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း စာနာထောက်ထားမှုရေးရာ ကော်မရှင်နာ ခရစ္စတာလီနာဂျာ်ဂျီဘာက ပြောကြားခဲ့သည်။
  
၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်းမှစပြီး ရခိုင်ပြည်နယ်တွင် လူ ၁၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုသည်။ ထို့ပြင် ကချင်ပြည်နယ်၌ ဒုက္ခသည်စခန်းများ၌ ၁၁၅၀၀၀ ခန့်ရှိသည်ဟု ကုလ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
  
ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှုခဲ့သော ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အထူးကိုယ်စားလှယ် ကလက်ဆိုရင်ဆန်က ဒုက္ခသည် စခန်းများတွင် ဆင်းရဲချို့တဲ့မှုများအတွက် စိုးရိမ်ကြောင်း စနေနေ့က ပြောကြား ခဲ့သည်။
  
ဒုက္ခသည်စခန်းများသို့ အခြေခံ လိုအပ်ချက် အကူအညီများ ဖြန့်ဖြူးရန် ကြိုးပမ်းသည့် ကယ်ဆယ်ရေး အလုပ်သမားများကို 'အစွန်းရောက်' တို့က ခြိမ်းခြောက်မှုများအတွက်လည်း စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Tuesday, October 15, 2013

ရခိုင် ပဋိပက္ခများကြောင့် ရပ်ဆိုင်းခဲ့ရသည့် ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်များ ပြန်လည်လုပ်ဆောင်ရန် ညှိနှိုင်းနေ

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ရာ ယင်းဒေသတွင် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ယူနီဆက်(ဖ်)တို့ ပူးပေါင်းလုပ်ဆောင်နေသည့် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များ ရပ်ဆိုင်းခဲ့ရပြီး ပြန်လည်လုပ်ဆောင်နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်)ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ပြောကြားသည်။
ပဋိပက္ခများ စတင်ဖြစ်ပွားစဉ် ကတည်းက ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များ အားလုံးရပ်ဆိုင်းခဲ့ရပြီး ယင်းဒေသများရှိ ကလေးသူငယ်များကို လုံခြုံရေး အခြေအနေကြောင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိကြောင်းနှင့် အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
"ပဋိပက္ခတွေ စဖြစ်ကတည်းက အဲဒီဒေသတွေမှာ ယူနီဆက်(ဖ်)က လုပ်ပေးနေတဲ့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွေ အားလုံးရပ်ဆိုင်း သွားခဲ့တယ်။ အခု ဒါတွေကို အပြည့်အ၀ ပြန်လည်စတင်နိုင်ဖို့ ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ အဓိက လုံခြုံရေး အခြေအနေကြောင့် နေရာတိုင်းမှာ အကောင်အထည်ဖို့ ခက်နေတာပါ။ ကလေးတစ်ဦး ကာကွယ်ဆေး မရရင် အဲဒီဒေသမှာ ရှိနေတဲ့ ကလေးတွေ အားလုံးကို ကူးစက်ရောဂါ အန္တရာယ် ကျရောက်နိုင်တယ်" ဟု မစ္စတာ ဘက်ထရန်ဘိန်းဗဲလ်က ဆိုသည်။
ထိုကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်များသည် ရောဂါများကို ကာကွယ်ခြင်းသာမက ဒေသတစ်ခုလုံးရှိ ကလေးသူငယ်များ၏ အကျိုးအတွက် လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများ အပါအ၀င် ပြည်သူအားလုံး ညီညီညွတ်ညွတ် ပါဝင်လုပ်ဆောင်ရန် လိုအပ်သည့် အစီအစဉ်များလည်းဖြစ်ကြောင်း ၎င်းကတိုက်တွန်း ပြောကြားသည်။
ထို့ပြင် ကယ်ဆယ်ရေး စခန်းများ အပါအ၀င် ရခိုင်ပြည်နယ်အတွင်း နေရာဒေသ အသီးသီးရှိ မွေးစမှ ငါးနှစ်အောက် ကလေးသူငယ် ၃၇၀၀၀၀ ကျော်ကို ယခုနှစ် မတ် ၂၆ ရက်မှ ၃၀ ရက်အထိ ပိုလီယို ကာကွယ်ဆေး ပထမအကြိမ် တိုက်ကျွေးခဲ့ပြီး ဧပြီလ နောက်ဆုံးပတ်တွင် ဒုတိယတစ်ကြိမ် ထပ်မံတိုက်ကျွေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မောင်တာ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်များနှင့် ကျေးရွာပေါင်း ၈၀၀ တွင် ကာကွယ်ဆေး ထိုးဆေးတိုက်ကျွေးရေး အစီအစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Thursday, September 26, 2013

HIV ပိုးရှိသူကို ခွဲခြားဆက်ဆံခြင်းမပြုရန် လုပ်ငန်းရှင်များ သဘောတူလက်မှတ် ထိုးထားပြီး ပိုးရှိသူကို အလုပ်ထုတ်ခြင်းများရှိနေ

k.25.9.2013.3
အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် လိုအပ်ချက်များကို ဆွေးနွေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အမျိုးသားအဆင့် တိုက်ဖျက်ရေး အစီအစဉ်များတွင် စီးပွားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည့် တာဝန်များ ပါရှိသည့်အတွက် ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များက အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်၍ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းမပြုရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော်လည်း ဝေဒနာရှင်များအား အလုပ်မှ ထုတ်ပယ်ခြင်းများရှိနေကြောင်း စစ်တမ်းတစ်စောင်တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါစစ်တမ်းကို ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)၊ Burnet Institute နှင့် Myanmar Positive Group တို့ ပူးပေါင်း၍ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များ၏ လူမှုစီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ "Socio-Economic Conse-quences of PLHIV Households in Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်း တစ်ခုပြုလုပ်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်၏ လူမှုတုံ့ပြန်မှု အခြေအနေများအနက် ပစ်ပယ်ခံရခြင်း၊ ရပ်ရွာအတွင်း စုပေါင်းလုပ်ငန်းများတွင် ပါဝင်ခွင့်မရခြင်း၊ အစားအသောက် အပါအ၀င် အခြားဝန်ဆောင်မှုလုပ်ငန်းများကို မရရှိခြင်းများမှာ အများဆုံးဖြစ်နေသည် ကိုတွေ့ရှိခဲ့ရပြီး ၃၉ ဒသမ ၂ ရာခိုင်နှုန်း ခန့်မှာ ပတ်ဝန်းကျင်မှ အပျက်သဘောဆန်သည့် တုံ့ပြန်မှုများ ကြုံနေရကြောင်း သိရသည်။
ထို့ပြင် အလုပ်ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခြင်းကို စစ်တမ်းကောက်ယူခဲ့ရာ အများစုမှာ ပိုးရှိခြင်းကြောင့် လုပ်ငန်းခွင်များတွင် ထုတ်ပြောလေ့ မရှိသော်လည်း ပိုးရှိကြောင်း အလုပ်မှသိသောအခါ ခွဲခြားဆက်ဆံခြင်းများအပြင် အများအားဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းကို ၂၀၁၂ခုနှစ်၊ မေလအတွင်းက ပြု လုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ UNAIDS နှင့် Myanmar Business Coalition on AIDS တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သဘောတူလက်မှတ် ရေးထိုးရာ၌ စီးပွားရေးကဏ္ဍမှ စားသောက်ဆိုင်ကြီးများ၊ စက်မှုထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်ကြီးများ၊ လေကြောင်းလိုင်းများ၊ ၀န်ဆောင်မှု ကုမ္ပဏီများ၊ ကုန်ပစ္စည်း လက်လီအရောင်းဆိုင် ကုမ္ပဏီကြီးများ စသည့် လုပ်ငန်းပေါင်း ၇၀ကျော်မှ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းသဘောတူ လက်မှတ်ရေးထိုးရာတွင် ခွဲခြားဆက်ဆံမှု ကင်းဝေးသော လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ ခွဲခြားဆက်ဆံမှုမရှိသော လုပ်ငန်းခွင် မူဝါဒများကို အကောင်အထည်ဖော်ရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။
ယင်း သဘောတူချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လူထုလုပ်ငန်းကို ထောက်ခံအားပေးပြီး ဦးဆောင်မှုကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားမည်ဆိုသည့် အချက်များလည်း ပါဝင်သော်လည်း လက်ရှိအချိန်တွင် ယင်းကဲ့သို့ အခြေအနေမျိုး မရောက်ရှိသေးကြောင်း Myanmar Positive Group မှ ကြီးမှူးကျင်းပသည့် "7th National PLHIV Forum 2013" တွင် ပြောကြားချက်များအရ သိရသည်။
''လုပ်ငန်းတော်တော်များများမှာ သွေးစစ်ကြပြီး ဘီပိုး၊ အိတ်ခ်ျအိုင်ဗွီရှိရင် လက်မခံဘူး။ ဒါမျိုးက မလုပ်သင့်ပါဘူး။ သူ့ဘာသာ ဆန္ဒအလျောက် စစ်ချင်လို့ စစ်တာပဲ ဖြစ်သင့်တယ်။ အလုပ်ရှင်အနေနဲ့ အတင်းအကျပ်စစ်ပြီး ပိုးရှိရင် မခန့်ဘူးဆိုတာတွေ ရှိနေတယ်။ တချို့လုပ်ငန်းခွင်တွေမှာ ကျွန်မတို့ အသိပညာပေးလုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ လက်မခံကြဘူး'' ဟု Myanmar Business Coalition on AIDs ( MBCA) မှ ဒေါက်တာနွယ်နွယ်ဦးက ဆိုသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Thursday, September 12, 2013

HIV ကူးစက်ခံနေရသူများထံ လူမှုစီးပွား သက်ရောက်မှု စစ်တမ်း ကောက်ရန်ရှိ

HIV ကူးစက်ခံနေရသူတဦး (ဓာတ်ပုံ – Reuters)
HIV ကူးစက်ခံနေရသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- Reuters)
HIV ပိုး ကူးစက် ခံထားရသူများနှင့် AIDS ရောဂါ ဖြစ်ပွားနေသူများအပေါ် လူမှုစီးပွား အကျိုး သက်ရောက်မှုဆိုင်ရာ သုတေသန လုပ်ငန်းတခုကို ပြည်နယ်နှင့်တိုင်း အသီးသီး၌ လာမည့် အောက်တိုဘာ လလယ်ခန့်တွင် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ သတင်းရရှိသည်။
UNDP မှ HIV/ AIDS အစီအစဉ် မန်နေဂျာ ဦးမောင်မောင်ကျော်က “HIVပိုးရှိသူတွေနဲ့ သူ့မိသားစုတွေမှာ လူမှုရေးအရ၊ စီးပွားရေးအရ ဘယ်လိုထိခိုက်သလဲ ဆိုတာတွေကို လေ့လာမယ်၊ သူတို့ကို တွေ့ဆုံမေးမြန်းမယ်။ အပြန်အလှန် ဆွေးနွေး မှုတွေ ပါဝင်မယ်။ ဆေးဝါးရ ရှိမှုအခြေအနေ တွေနဲ့ ပတ်သက်ပြီးလည်း မေးမြန်းသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
သုတေသန စစ်တမ်း ကောက်ယူခြင်း ဖြစ်သည့်အတွက် ပုဂ္ဂိုလ်ရေး အချက်အလက်များ၊ အမည်နာမများကို သုံးစွဲ ဖော်ပြသွားမည် မဟုတ်ကြောင်းလည်း သူက ဆိုသည်။
တနှစ်ခန့်ကြာမြင့်မည့် အဆိုပါစီမံကိန်းကို ကျန်းမာရေး ဦးစီးဋ္ဌာနနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး၊ Myanmar Positive Group နှင့် ပြည်နယ်နှင့် တိုင်းများရှိ ကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းများ၏ အကူအညီကို အဓိက ရယူသွားမည် ဖြစ်ကာ၊ သုံးစွဲမည့် ဘတ်ဂျက်အား အမေရိကန်ဒေါ်လာ ၅ သောင်း လျာထားကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
“အခုက ကာကွယ်ရေးနဲ့ ကုသရေး ပိုင်းတွေကိုပဲ ဦးစားပေး လုပ်နေတာဆိုတော့ ဒီသုတေသနကနေပြီး HIV ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလျှော့ချနိုင်တဲ့ အစီအစဉ်တွေ ရလာနိုင်မယ်။ ကျနော်တို့နိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ အမျိုးသား မဟာဗျူဟာ စီမံကိန်းကိုလည်း အထောက်အကူ ပြုနိုင်တယ်” ဟု Myanmar Positive Group ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။
ယင်း သုတေသန လုပ်ငန်းအတွက် ပြည်တွင်းပြည်ပ သုတေသန အဖွဲ့အစည်းများကို ငှားရမ်း အသုံးပြုသွားမည်ဖြစ်ပြီး ယခုအပတ်အတွင်း လျှောက်လွှာများ စတင် ခေါ်ယူတော့မည်ဖြစ်ကြောင်း UNDP မှ သိရသည်။
“တချို့ နေရာတွေမှာ HIV ကူးခံထားရလို့ ဆိုပြီး စိတ်အားငယ်ပြီး အလုပ်ခွင်မသွားတဲ့ သူတွေရှိတယ်။ ပတ်ဝန်းကျင်က သူတို့ကို အပြစ်တင် ဝေဖန်မှုတွေရှိတယ်။ သုတေသန ရလဒ်မှာ ၀ိုင်းပယ်ခံရတာတွေ များနေသေးတယ် ဆိုရင် လူထုကို ဒီလိုမဖြစ်အောင် အသိပညာပေး စည်းရုံးမှုတွေ လုပ်သွားမယ်” ဟု ဦးမောင်မောင်ကျော်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၉၈၈၁၁ ဦးရှိပြီး၊ ART ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း၊ ယခုနှစ်တွင် ARV ဆေးဝါး လိုအပ်သူများ၏ ၄၉ ရာခိုင်နှုန်းအား ဆေးဝါးပေးနိုင်ရန် လျာထားကြောင်း ပြီးခဲ့သည့် မတ်လတွင် ပြုလုပ်ခဲ့သည့် ကျန်းမာရေးဦးစီးဋ္ဌာန National AIDS Program နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Friday, August 30, 2013

တိုက်နယ်ဆေးရုံ (၂) ခုတွင် ဆရာဝန်မရှိ၍ ရမ်းဗြဲတွင် တစ်ကိုယ်တော်ဆန္ဒပြ

 
ရခိုင်ပြည်နယ်မှ တိုက်နယ် ဆေးရုံ တစ်ခုကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာသတင်းဌာန)
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။

“ သူက ပထမ လေးတောင်ကို လာပြီး ပိုစတာ တစ်ခုကို ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။ ဆန္ဒပြတာကတော့ မြဇင်ကျေးရွာ အနီးကနေ လေးတောင် ထိ လမ်းလျှောက်ပြီး တိုက်နယ်ဆေးရုံနဲ့ လေးတောင် ရဲစခန်းရှေ့မှာ ဆန္ဒပြပါတယ်။ နောက်တော့ လေးတောင်ကနေ ရမ်းဗြဲထိ ချီတက်ပြီး ဆက်လက် ဆန္ဒပြပါတယ်” ဟု ဆိုသည်။

ရမ်းဗြဲမြို့တွင် လှည့်လည် ဆန္ဒပြပြီး နံနက် ၁၀ နာရီကျော်တွင် ဆန္ဒပြပွဲကို ရပ်နားလိုက်သည်ဟု ဆိုသည်။

သူကိုင်ဆောင်ထားသော ပိုစတာထဲတွင် “ လေးတောင်တိုက်နယ်နဲ့ စကုတိုက်နယ် ဆေးရုံများတွင် ဆရာဝန် အခုချပေး” ဟု ရေးသား ထားသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ မရှိသဖြင့် ရောဂါ ဖြစ်ပွားနေသော လူနာများ အနေဖြင့် ဆေးဝါးကုသရန် အထူးခက်ခဲနေသည်ဟု ကိုသန်းဝင်းက ပြောသည်။

မိုးရာသီ ဖြစ်သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ မကြာခဏ ချောင်းဆိုး အအေးမိပြီး ဖျားနာကြသော်လည်း ဆရာဝန် မရှိသဖြင့် ဆေးမကုရဘဲ ဖြစ်နေကြရသည်ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, August 28, 2013

ရခိုင်ဒေသရှိ ကလေးငယ် နှစ်သိန်းခွဲခန့်မှာ အခြေခံကာကွယ်ဆေးများ ထိုးနှံရန် လိုအပ်နေပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုများ အဟန့်အတား ဖြစ်နေသည်မှာ တစ်နှစ်ကျော်ရှိနေ

P-25-8
သူနာပြုတစ်ဦးမှ ကလေးငယ် တစ်ဦးအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေစဉ် (ဓာတ်ပုံ-UNICEF)
ရခိုင်ပြည်နယ်ရှိ ကလေးငယ်ပေါင်း နှစ်သိန်းခွဲခန့်မှာ အခြေခံ ကာကွယ်ဆေး ထိုးနှံရန် လိုအပ်နေသော်လည်း ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုများ အဟန့်အတား ဖြစ်နေသည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA မှ သတင်းအချက်အလက်များအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကလေးငယ်များ ကာကွယ်ဆေး ထိုးနှံမှုနှုန်းမှာ အလွန်နိမ့်ပါး နေသဖြင့် အမြန်လုပ်ဆောင်ရန် လိုအပ်နေပြီး ထိုသို့ကာကွယ်ဆေးထိုး လုပ်ငန်းများ အဟန့်အတား ဖြစ်နေရခြင်းမှာ ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF မှ အစီရင်ခံစာအရ ရခိုင်ပြည်နယ် အတွင်းတွင် အသက်တစ်နှစ်အောက် ကလေးငယ်ပေါင်း ရှစ်သောင်းခွဲခန့်မှာ ပုံမှန်ကာကွယ်ဆေးထိုးရန် လိုအပ်နေပြီး အသက်တစ်နှစ်မှ သုံးနှစ်ကြား ကလေးငယ်ပေါင်း ၁၇၃၀၀၀ ခန့်မှာ ဆက်လက်ထိုးနှံရမည့် နောက်ဆက်တွဲ ကာကွယ်ဆေးများ ဆက်ထိုးနှံရန် လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်သိန်းခန့်မှာလည်း ကာကွယ်ဆေးထိုးရန် လိုအပ်နေသည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှုအဖြစ် ရခိုင်ပြည်နယ် အတွင်းရှိ ကလေးငယ်ပေါင်း သုံးသိန်းသုံးသောင်းခန့်ကို တိုက်ကျွေးနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ ပိုလီယို ကာကွယ်ဆေးများကို ဆက်လက်မတိုက်ကျွေးနိုင်သည်မှာ တစ်နှစ်ကျော်ခန့် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံမှုများကို ဆက်လက်မလုပ်ဆောင်လျှင် ကလေးသေဆုံးမှုများနှင့် တစ်သက်တာ မသန်စွမ်း ဖြစ်သွားနိုင်ခြေများလည်း ရှိနေပြီး ပိုလီယိုကဲ့သို့ ရောဂါများ ပြန်လည်ပေါ်ပေါက် လာနိုင်ကြောင်း UNOCHA က ထောက်ပြခဲ့သည်။
ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုများ အမြန်ဆုံးပြန်လည် စတင်နိုင်ရန် အစိုးရ တာဝန်ရှိသူများ၏ ရှင်းလင်းသည့်ညွှန်ကြားချက်လိုအပ်ပြီးကာကွယ်ဆေးထိုးမှုများမပြုလုပ်ပါက ရောဂါပျံ့နှံ့မှုများ ဖြစ်ပွားလာနိုင်ပြီး ထိစပ်နေသည့် လူမှုဝန်းကျင်များကိုပါ ကူးစက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, August 21, 2013

မြန်မာနိုင်ငံက လူတစ်သိန်းမှာ ၅၂၅ ယောက် တီဘီရောဂါ ခံစားနေရ

hospital_patients_2_75_z
မြန်မာနိုင်ငံမှာ တီဘီ(ခ)အဆုတ်နာရောဂါ ခံစားနေရသူအရေအတွက်ဟာ လူ တစ်သိန်းမှာ (၅၂၅) ယောက် ရှိနေ တာကြောင့် ကမ္ဘာ့ ပျမ်းမျှ စံချိန်ထက် သုံးဆကျော်ရှိနေတယ်လို့ MSF ခေါ် နယ်စည်းမခြားဆရာဝန်များအဖွဲ့ က ပြောပါတယ်။
တီဘီ(ခ)အဆုတ်နာ ဒဏ်အခံရဆုံး နိုင်ငံပေါင်း (၂၂) နိုင်ငံမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံဟာ MDR-TB ခေါ် ဆေးမတိုး တဲ့ တီဘီ အဆုတ်နာဒဏ် ကိုလည်းခံနေရပါတယ်။
ရိုးရိုး တီဘီ အဆုတ်နာ ရှိမရှိ စောစော မစစ်ဆေးနိုင်တာ၊ ရောဂါရှိမှန်းသိပေမယ့် ထိထိရောက်ရောက်မကုသနိုင်တာတွေက ဆေးမတိုးတဲ့ တီဘီ(ခ)အဆုတ်နာ ဖြစ်နှုန်း တိုးပွားစေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပြီး၊ အခုအခါ မြန်မာနိုင်ငံမှာ ဆေးမတိုးတဲ့ တီဘီ(ခ)အဆုတ်နာ ဟာ အထူး စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာဖြစ်လာနေတယ်လို့ နယ်စည်း မခြား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
တစ်နှစ်ကို ဆေးမတိုးတဲ့ အဆုတ်နာဝေဒနာရှင်အသစ် ၈၉၀၀ လောက် တိုးလာနေပေမယ့် ဆေးဝါးကုသမှု ခံယူနိုင်သူအရေအတွက်က ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၈၀၀ လောက်သာရှိတယ်လို့လည်း ပြောပါတယ်။
ရိုးရိုး တီဘီ(ခ)အဆုတ်နာကို ကုသချိန် (၆)လလောက်သာရှိပေမဲ့ ဆေးမတိုးတဲ့ တီဘီ(ခ)အဆုတ်နာကို (၂) နှစ်အထိ ကုသရပါတယ်။
ကုန်ကျစရိတ်ကလည်း လူနာတစ်ယောက်အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ငါးထောင်လောက် ကုန်ကျတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း တီဘီ ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရက ဒေါ်လာ ၂၂ သန်းသုံးစွဲဖို့ လျာထားပမယ့် မလုံလောက်ကြောင်း မြန်မာနိုင်ငံအမျိုးသား အဆုတ်နာရောဂါ တိုက်ဖျက်ရေးအစီအစဉ်မန်နေဂျာ က ပြောပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)