Showing posts with label ရဲတပ်ဖွဲ့. Show all posts
Showing posts with label ရဲတပ်ဖွဲ့. Show all posts

Tuesday, January 6, 2015

မြောက်ဦးမြို့နယ်တွင် ကျွဲနွားခိုးဂိုဏ်း သောင်းကျန်း

Buffalo
တင်းထရံကျေးရွာမှ မွေးမြူထားသော ကျွဲများ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း ကျွဲနွားခိုးဂိုဏ်းများ သောင်းကျန်းနေပြီး နေ့စဉ် ရက်ဆက်ဆိုသလို ကျွဲနွားများ အခိုးခံနေရသည်ဟု သတင်း ရရှိသည်။
ကျွဲနွားခိုးမှု ဆက်တိုက် ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့က မဖေါ်ထုတ်နိုင်သဖြင့် ဒေသခံ ပြည်သူများအကြား ကျွဲနွားမွေးမြူရေးနှင့် ပတ်သက်ပြီး အခက်ကြုံ တွေ့နေရကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်ကျော်နိုင်က ပြောသည်။
“ ကျွဲနွားတွေက ပုံမှန်ဆိုသလို အခိုးခံနေရပါတယ်။ အခိုးခံရတာကလည်း ကျွဲကောင်ရေ အုပ်စုလိုက်ကို အခိုးခံနေရတာပါ။ ရဲက တစ်ခါမှ ဖေါ်ထုတ် ဖမ်းဆီးနိုင်တာလည်း မရှိသေးပါဘူး။ အခုတော့ ကျွဲနွားမွေးမြူရတာ အခက်အခဲ ဖြစ်နေရပါတယ်” ဟု သူက ဆိုသည်။
လွန်ခဲ့သော ဒီဇင်ဘာလ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် တင်းထရံကျေးရွာတွင် ကျွဲ ၅ ကောင် အခိုးခံခဲ့ရသည်။
ယင်းအပြင် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ခွေးတောက်ချောင်းကျေးရွာမှ ကျွဲ ၅ ကောင်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နတ်ချောင်းကျေးရွာမှ ကျွဲ ၉ ကောင် အခိုးခံခဲ့ရသည်။  ယခုတစ်ကြိမ် တင်းထရံရွာတွင် အခိုးခံရမူသည်  ယင်းဒေသ၌ တတိယအကြိမ် အခိုး ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ခိုးယူမှုများမှာ အခြားဒေသတွင်များလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ကျွဲနွားခိုးဂိုဏ်းများသည် များသောအားဖြင့် စက်လှေများကို အသုံးပြု ခိုးယူလေ့ရှိပြီး တဖက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ရေလမ်းကြောင်းကို အသုံးပြုကာ တင်ပို့ကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 11, 2014

ရန်ကုန်မြို့လယ်က ဟိုတယ်တစ်လုံးကို ရဲဝင်စီး

အကြမ်းဖက်သမားတွေ မြန်မာနိုင်ငံသို့ ရောက်နေပြီလို့ သတိပေးပြီး ရက်ပိုင်းအကြာမှာ ရန်ကုန် မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုကို ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ ပူပေါင်းပြီး ဒီနေ့နံနက်ပိုင်းမှာ ဝင်ရောက် စီးနှင်းခဲ့ပါတယ်။
အဲဒီဟိုတယ်မှာ ဘယ်သူတွေ ရောက်နေလို့လဲ။ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ၄၇ လမ်းထိပ်အနီး ဗိုလ်ချုပ်လမ်းပေါ်ရှိ ဟိုတယ်တစ်ခုမှာ အကြမ်းဖက်သမားတွေနဲ့ ရုပ်ချင်းဆင်သူတွေ လာရောက် တည်းခိုနေတယ်ဆိုတဲ့ သတင်းရရှိမှုကြောင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အဲဒီဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံသို့ ဝင်ရောက်နေတယ်ဆိုတဲ့ RSO အမည်ရ ဘင်္ဂါလီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်လေးဦးရဲ့ ဓါတ်ပုံတွေပါတဲ့ လုံခြုံရေး သတိပေးစာကို ရဲတပ်ဖွဲ့က ဟိုတယ်တွေကို ဖြန့်ဝေထားပါတယ်။ “ဓာတ်ပုံထဲက ပုံနဲ့တူတဲ့သူ နှစ်ယောက် ဟိုတယ်မှာ ဒီနေ့မနက်က လာတည်းနေတယ်လို့ ဟိုတယ်က တာဝန်ရှိသူက ဖုန်းဆက်ပြောလို့ မိနစ်ပိုင်းအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တာပါ ” လို့ ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်က ပြောပါတယ်။
ရုပ်ချင်းဆင်တူတဲ့ အမျိုးသား နှစ်ဦးဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့နဲ့ အတူပါလာသူ နှစ်ဦးကတော့ တရုတ်ဗမာစပ် ကပြားတစ်ဦးနဲ့ သက်သေခံ အစိမ်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်တယ်လို့ ပုဇွန်တောင်မြို့မ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။
အကြမ်းဖက် သမားတွေနဲ့ ရုပ်ချင်းဆင်တူသူတွေဟာ ကားအရောင်းအဝယ်ကိစ္စနဲ့ ရန်ကုန်သို့ ရောက်ရှိလာတာလို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့ဆီကို မေးမြန်းတဲ့အခါမှာ သူတို့ဟာ ရိုးသားစွာ နေထိုင်သူတွေ ဖြစ်တယ်ဆိုပြီး အထောက်အထားတွေ ရတယ်။ သူတို့ အဖွဲ့ထဲက ဆွေးမျိုးတော်စပ်သူ တာမွေမြို့နယ်က အမျိုးသားတစ်ဦးက အာမခံပေးလို့ ဟိုတယ်မှာ ဆက်လက် တည်းခိုခွင့်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့က အဖွဲ့ခေါင်းဆောင်နဲ့ နောက်လိုက် အကြမ်းဖက်သမားသုံးဦး ဝင်ရောက်နေတယ်လို့ သတင်းရရှိမှုကြောင့် ဓာတ်ပုံနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရဲတပ်ဖွဲ့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ အပါအဝင် လေဆိပ်၊ သင်္ဘောဆိပ်တွေနဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေကို လွန်ခဲ့တဲ့ တစ်ပတ်ခန့်က စတင်အသိပေး ကြေညာခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ဆီကနေ သိရှိရပါတယ်။
ကြမ်းဖက်သမားတွေအဖြစ် အသိပေး ကြေညာထားသူတွေမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ (ပြည်တွင်း လှုပ်ရှားမှု တာဝန်ခံ) ဦးသန်းဝင်း၊ အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအဖြစ် အိုစမာ (ခ) ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေးသင်တန်းဆင်း အာဖက် (ခ) အမင်းနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အကူဖောက်ခွဲရေးသမား အီစမိုင် (ခ) ဇော်ဝင်းတို့ ဖြစ်ကြပါတယ်။
သူတို့ လေးဦးရဲ့ ဓာတ်ပုံတွေနဲ့တကွ သတင်း အချက်အလက်တွေကို လုံခြုံရေးအတွက် တွေ့ရှိသူတွေ အချိန်မီ သတင်းပို့နိုင်ဖို့ ဖြန့်ဝေခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ ပြည်ပအခြေစိုက် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း နေပြည်တော်ကို အနီရောင်အဆင့် လုံခြုံရေးကို တိုးမြှင့်ချထားမှာဖြစ်ပြီး အခြားမြို့ကြီးတွေကို အမြင့်ဆုံး လုံခြုံရေးအဆင့် သတ်မှတ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ဆီကနေ သိရပါတယ်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3981-akf#sthash.hZ18B7E0.dpuf
(သတင်းအရင်းအမြစ်- The Voice Weekly)

ဘူးသီးတောင်မြို့၊ ကင်းတောင်ကျေးရွာအုပ်စုအနီး လျှိုထဲတွင် ဘင်္ဂါလီလူစိမ်း(၁၂)ဦး ဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်ကျေးရွာအနီး ရှိ လျှိုတစ်ခုအတွင်း ပုန်းခိုနေသော ဘင်္ဂါလီလူစိမ်း ၁၂ဦးကို ကင်းတောင်ရွာသားတစ်ဦးက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဘင်္ဂါလီ လူစိမ်း ၁၂ဦးသည် ဒုံးသိမ်ကျေးရွာ အနီးရှိ ရာဘာစိုက်သောတောင်ကုန်များ အကြားရှိ လျှိုထဲတွင် ပုန်းခိုနေခြင်းဖြစ်ပြီး ၄င်းတို့အား ကင်းတောင် ရွာသားတစ်ဦးက ယနေ့ညနေ ၅နာရီခွဲခန့်တွင် တွေ့ရှိခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ အဆိုပါ ဘင်္ဂါလီများအား တွေ့ရှိခဲ့ပြီး၊ ထိုသတင်းကို အနီးရှိအမှတ် (၅၅၁) ခြေမြန်တပ်ရင်းမှ သတင်းရရှိသဖြင့် လာရောက်စုံစမ်းကာ တွေ့ရှိသော ဘင်္ဂလီလူစိမ်း (၁၂)ဦးကို စစ်ဆေးမေးမြန်းရန်အတွက် ညနေ၆နာရီတွင် တပ်ရင်းသို့ ခေါ်ယူသွားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဘင်္ဂါလီလူစိမ်းများကို မေးမြန်းခဲ့သော ရွာသားတစ်ဦးက “သူတို့တွေက ဘင်္ဂလားဘက်က ဝင်လာတယ်လို့ ထင်ပါတယ်။ ဗမာစကား၊ ရခိုင်စကား တစ်လုံးမှမတတ်ပါဘူး။ ၁၂နှစ်အရွယ် မိန်းကလေး တစ်ယောက်ပါပါတယ်။ ကျန်တဲ့ (၁၁)ဦးက ယောင်္ကျားကြီးတွေပါပဲ။ ဘင်္ဂလား ဘက်ကလို့ပဲ ပြောပါတယ်။ ဘယ်ကိုသွားမယ်ဆိုတာ မသိပါဘူး။ သူတို့အထုတ်ထဲမှာ ဖုန်းနဲ့ဆေးပစ္စည်းတွေ တွေ့ရပါတယ်။ အဲဒါကို ကင်းတောင်က ဘင်္ဂလီနှစ်ဦးက ပွဲစားလုပ်ပြီး ခေါ်လာတယ်လို့ သိရပါတယ်။ ဆိုးတာက အုပ်ချုပ်ရေးမှူးက ဘယ်သူ့ကိုမှ သတင်းမပို့ပဲ ထိန်ချန်ထားတာပါပဲ။ တပ်က လာတယ်ဆိုတာလဲ တခြားနည်းနဲ့ သတင်းရလို့ လာကြည့်တာပါ” ဟု ရှင်းပြပါသည်။
ယခုကဲ့သို့ တောတွင်း တောင်ကျော်လမ်းမှ ဘင်္ဂလီလူစိမ်းများ အုပ်စုလိုက် ကျော်ဖြတ်သွားလာသည်ကို ယခင်က တွေ့မြင်သူများရှိခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။ ယခုတွေ့ရှိရသော ဘင်္ဂလီများသည် မည့်သည့်အရပ်သို့ ဦးတည်သွားရောက်မည်ကို မသိရှိရသေးပေ။
ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ရက်ညပိုင်းက လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍လည်း ဘူးသီးတောင်မြို့ရှိ ကွန်ပျူတာဆိုင်မှ ဘင်္ဂါလီများကို အရေးယူထားသည်။ ထို့အပြင် နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်မည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးများ ကျင်းပရန် နီးကပ်လာချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ်တွင် အခြေစိုက်သော RSO အဖွဲ့မှ ဘင်္ဂါလီဖောက်ခွဲရေးသမားများ နိုင်ငံအတွင်း ရောက်ရှိနေသောကြောင့် ၄င်းတို့အား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ ချက်ချင်းသတင်းပို့ရန် သတိပေးထားသည်။
ကိုအောင် (hyacinth)
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

Monday, November 10, 2014

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဖောက်ခွဲရေးသမားများ ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့သတိပေး

မွန်ပြည်နယ်ထဲမှာ ဖောက်ခွဲရေးသမား၎ ဦးနဲ့ ပတ်သက်တဲ့ သတင်းရရင် ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွန်ကြားထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်လင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
10251975_347737602064644_2085399084142968655_nဖောက်ခွဲရေးသမားတွေကို ဧည့်စာရင်းစစ်ရာမှာဖြစ်ဖြစ် လာရောက်တည်း ခိုတာဖြစ်ဖြစ် တွေ့ရင် သတင်းပေးကြဖို့ မြို့နယ်တွေနဲ့ ရပ်ကွက်အဆင့်  အုပ်ချုပ်ရေး အာဏာပိုင်တွေအထိ အသိပေးချပြ ထားတာလို့လည်း ပြောပါတယ်။
အလားတူ ပဲခူးတိုင်းအတွင်းမှာလည်း သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့တကွ အသိပေးကြေညာထားပါတယ်။
ဖြူးမြို့နယ်ရဲစခန်းက ဒုရဲမှူး စံလှက “အပေါ်ကနေ လာတဲ့သတင်းပါ ပုံတွေနဲ့ပဲ ကျနော်တို့ကို ပေးတာလေ အရေးယူဆောင်ရွက်ဖို့ပေါ့။ လောလောဆယ် ပဲခူးတိုင်းထဲမှာ  ကျနော်တို့ မြို့နယ်အတွင်းမှာတော့ ဖြန့်ထားတာပေါ့။ ကျန်တဲ့နေရာတွေမှာလည်း သတင်း ဘာညာ ချပြပြီးသားပါ။ ဒီလူတွေက ကျနော်တို့ဆီကို ၀င်လာတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကိုယ့်နယ်မြေထဲမှာ ရောက်လာရင် စစ်ဆေးပြီး ဆောင်ရွက်ဖို့ပါ။ သတင်းသေသေချာချာ ဂယနဏတော့ အဲဒီလောက်ထိ မရှိပါဘူး။ ကျနော်တို့ကို နာမည်တွေနဲ့ချပြထားတာ”လို့ ပြောပါတယ်။
ဒီ သံသယဖြစ်ဖွယ် ၄ ဦးရဲ့ ဇာတိ၊  ရည်ရွယ်ချက်နဲ့ ဒီလိုဖောက်ခွဲရေးသမားအဖြစ် ထုတ်ပြန်ရဖို့ လုံလောက်တဲ့အထောက်အထားရှိ၊ မရှိမေးမြန်းရာမှာ မသိရှိကြောင်းနဲ့ အထက်အမိန့်အရ ဆောင်ရွက်တာလို့ သူက ဖြေဆိုပါတယ်။
ဓာတ်ပုံနဲ့တကွ သတင်းပေးဖို့ ရဲတပ်ဖွဲ့ရဲ့ကြေညာချက်မှာ အာရ်အက်စ်အို ဖောက်ခွဲရေးသမား ၄ ဦးဆိုပြီး ရောင်စုံဓာတ်ပုံ ၄ ပုံနဲ့ ဖော်ပြပါတယ်။ အာရ်အက်စ်အို အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က ရှိခဲ့တဲ့ (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ရဲ့ အတိုကောက်နာမည်ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ (အာအက်စ်အို)အဖွဲ့ဝင် သန်းဝင်း၊ အိုစမာ (ခ)ဒါဝတ်၊ အာဇက်(ခ)အမင်းနဲ့ အီစမိုင် (ခ) ဇော်ဝင်း ဖောက်ခွဲရေးသမား ၄ ဦးကို တွေ့ရှိရင် အကြောင်းကြားဖို့ နယ်မြေခံရဲတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့တကွ ကြေညာထားတာပါ။
မွန်ပြည်နယ် ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းကို ဆက်သွယ် မေးမြန်းရာမှာ ဒုရဲအုပ် သိန်းမြင့်ထွန်းက အာရ်အက်စ်အိုအဖွဲ့ဆိုတာ မသိကြောင်း၊ အဆိုပါ ၄ ဦးကို သူတို့ထံ လာအပ်မယ်ဆိုရင်တော့ အထက်အမိန့် ညွှန်ကြားချက်အတိုင်း လုပ်မှာဖြစ်ကြောင်း ဖြေပါတယ်။
ဓာတ်ပုံမှာ အစ္စလာမ္မစ်စစ်သွေးကြွဆိုတဲ့ စာသားနဲ့ ဖော်ပြထားပြီး မွတ်စလင်လူငယ် ၄ ဦးပုံကို ဖော်ပြထားတဲ့အတွက် ဘာသာမတူသူ ပြည်သူတွေအကြား ယုံထင်ကြောင်ထင် ဖြစ်မှာ မစိုးရိမ်ဘူးလားလို့ မေးတဲ့အခါမှာတော့ သူက  “ဟုတ်ပါတယ်ဗျာ ကျနော်တို့လည်း အဲဒါကိုပဲ ကျနော်တို့အကုန်လုံးတော့ လုပ်တော့ လုပ်နေပါတယ်။ အခုလို ဖုန်းနဲ့မေးရင်တော့ ဖြေကြားလို့တော့ မရပါဘူး”လို့ ဖြေပါတယ်။
ဒီ ၄ ဦးကို ရဲတပ်ဖွဲ့က အကြောင်းကြားဖို့ သတိပေးစာ ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြောခွင့်ရ ရဲမှူးချုပ် ဦးဝင်းခေါင်ကို ဆက်သွယ် ပေးမယ့် မရသေးပါဘူး။
အမေရိကန်သမ္မတ အပါအ၀င် ဒေသတွင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက် မယ့် နေပြည်တော် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလိုမှာ ခုလို အကြမ်းဖက်သမားတွေ ၀င်ရောက်လာတဲ့အကြောင်း သတိပေးကြေညာချက်တွေ ထုတ်ထားတာပါ။
(သတင်းအရင်းအမြစ်- DVB)

တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးမျက်နာချင်းဆိုင်တိုက်ရာမှ တစ်ဦးသေ၊ တစ်ဦးရန်ကုန်ဆေးရုံရောက်

Kyauk-Pru-and-Taungup
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နာချင်းဆိုင် အပြိုင်တိုက်ရာမှ တစ်ဦးသေပြီး၊ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု သိရသည်။
သေဆုံးသွားသူမှာ အသက် ၂၅ အရွယ် တောင်ကုတ်မြို့နယ် ရွာမ ကျေးရွာ အောက်ပိုင်းမှ မောင်ကျော်မျိုးလင်းဖြစ်ကြောင်း ရွာမ ရဲစခန်းမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသော လူငယ်မှာ မျိုးလွှင်ဆိုသူ ဖြစ်ကြောင်း ဆိုသည်။
“ ဖြစ်တာကတော့ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာ မိဘမေတ္တာ ဆီစက်အနီးမှာ  ဒီလ ၂ ရက်နေ့က ဖြစ်တာပါ။ ကလေးတွေမောင်းလာတဲ့ ဆိုင်ကယ်နှစ်စီးက မျက်နာချင်းဆိုင်တိုက်ကြတာပါ။ ရွာမက ကလေးတွေ မောင်းလာတဲ့ ဆိုင်ကယ်ပေါ်ကဘဲ တစ်ဦးသေပီး တစ်ဦးဒဏ်ရာရသွားတာပါ” ဟု ဆိုသည်။
တိုက်မိသော တခြားဆိုင်ကယ် တစ်စီးမှာ တလာဘာကျေးရွာက မောင်းနှင်လာသော ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ်ပေါ်ပါလာသူ နှစ်ဦးမှာ အနည်းငယ်စီ ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။
ရခိုင်ပြည်နယ် အတွင်း ယခုအခါ မော်တော်ဆိုင်ကယ်များကို တောရောမြို့ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြရာ ဆိုင်ကယ်မောင်းသူ အများစုမှာ လမ်းစည်းကမ်းကို နားမလည်ခြင်း၊ ဆိုင်ကယ်ကို ကျွမ်းကျင်စွာ မမောင်းတတ်ခြင်း၊ ယင်းပြင်ဆိုင်ကယ်စီး ဦးထုပ်ကိုမဆောင်းကြဘဲ မောင်းနှင်ခြင်းတို့ကြောင့် မကြာခဏ ဆိုင်ကယ်တိုက်မူများ ဖြစ်ပွားပြီး သေဆုံးဒဏ်ရာ ရရှိမူများ ရှိနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

တောင်ကုတ်လုံခြုံရေးတင်းကျပ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းရဲတာဝန်ရှိသူ ငြင်းဆို

Taungup
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုံးသတင်းကြောင့် လုံခြုံရေး တိုးမြှင့်ခဲ့သည်ဟု ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ရဲတာဝန်ရှိသူက ငြင်းဆိုသည်။
တောင်ကုတ်မြို့ဒေသခံ တစ်ဦးက တောင်ကုတ်မြို့တွင် ယမန်နေ့က ညနေက ဗုံးခွဲမည်သော သတင်းကြောင့် လုံခြုံရေး တင်းကျပ်ခဲ့သည်ဟု နိရဉ္စရာသို့ သတင်းပေးပို့ခဲ့သည်။
“ အခု တောင်ကုတ်မြို့ကို အကြမ်းဖက်သူတွေက တိုက်ခိုက်မယ်ဆိုတဲ့ အတွက် လုံခြုံရေး တင်းကျပ်ထားပြီး စစ်တပ်၊ရဲနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ပတ်တရောင်လှည့်နေပါတယ်။ သတင်းကတော့ ဘူးသီးတောင်ဘက်က လာတယ်လို့ သိရပါတယ်” ဟု ဆိုသည်။
သို့သော်လည်း တောင်ကုတ်မြို့ အခြေအနေမှာ တည်ငြိမ်နေကြောင်း၊ ယင်းသတင်းကို ကြားသိသူများအတွင်းသာ အနည်းငယ် စိုးရိမ်မူရှိကြောင်း သူက ပြောဆိုသည်။
၎င်းသတင်းကို ရရှိပြီးနောက် တောင်ကုတ်ရဲစခန်းသို့ ညဉ့် ၁၁ နာရီအချိန်တွင် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောဆိုသည်။
“ တောင်ကုတ်မှာ ဘာထူးခြားချက်မှ မရှိပါဘူး။ ပုံမှန်အတိုင်းပါဘဲ” ဟု ဆိုသည်။
ယင်းပြင် ဗုံးခွဲမည်ဆိုသော သတင်းကိုလည်း သူတို့ မရရှိကြောင်း၊ ဘာမှလည်းထွေထွေထူးထူးမကြားရကြောင်း၊ အခြေအနေများမှာ ပုံမှန်သာ ဖြစ်ကြောင်း ပြောဆိုသည်။
တောင်ကုတ်ကို ဗုံးခွဲတိုက်ခိုက်မည်ဆိုသော သတင်း ယခင်ကလည်း ကောလဟလ ထွက်ခဲ့ကြောင်း၊ သို့သော်လည်း ထူးခြားမူ တစ်စုံတစ်ရာ မကြားရကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးကပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 15, 2014

စစ်တွေဒါးပိုင်ဒုက္ခသည်စခန်းတွင် လူတစ်ဦးသေဆုံးခဲ့ရသောဆူပူမူ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် တိုက်ဆိုင်နေ

Sittwe Muslim Riots-Muslims Confront Police
ယခင်က စစ်တွေရှိ ဘင်္ဂလီဒုက္ခသည် စခန်းတွင် ဖြစ်ပွားခဲ့သော ဆူပူမူ (ဓါတ်ပုံ- အင်တာနက်)
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည်စခန်းတွင် သြဂုတ်စ်လ (၆) ရက်နေ့က လူတစ်ဦး သေဆုံးရသည့် အထိ ဖြစ်ပွားခဲ့သော ဆူပူမူသည် နေပြည်တော်တွင် သြဂုတ်စ်လ (၈) ရက်နေ့တွင် စတင်ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် အာရှ၏ အဓိက လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ( Asean Regional Forum) နှင့် တိုက်ဆိုင်နေသည်။
သို့အတွက် ယခုဆူပူမူသည် အကွက်ကျကျ စီစဉ်ပြီး အချိန်ကိုက် လုပ်ဆောင်မူဟုတ်/ မဟုတ်ကို သက်ဆိုင်ရာမှ အမြန်ဆုံး စုံစမ်းစစ်ဆေး ဖေါ်ထုတ်မူများ ပြုလုပ်ရန် လိုအပ်ကြောင်း စစ်တွေမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ မြန်မာနိုင်ငံကို ကုလသမဂ္ဂကဖြစ်စေ၊ နိုင်ငံတစ်ခုခုက အကြီးအကဲတွေ လာရောက်လည်ပတ်တဲ့ အခါတိုင်း ဖြစ်စေ သူတို့က ခုလို ပြသနာတွေကို ဖန်တီးခဲ့တာတွေရှိတယ်။ အခုလည်း နေပြည်တော်မှာ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးရှိနေတဲ့ အချိန်မှာ ဒါးပိုင် ဒုက္ခသည် စခန်းမှာ ဆူပူမူဖြစ်တယ်။ ဒီအပေါ်မှာ တမင်အကွက်ချ စီစဉ်တာလားဆိုတာကို ကျနော်တို့ သံသယ ဖြစ်နေတဲ့ အပိုင်းတွေရှိတယ်။ ဒါကို သက်ဆိုင်ရာက စုံစမ်းဖေါ်ထုတ် အရေးယူဆောင်ရွက်ဖို့လိုတယ်” ဟု သူက ဆိုသည်။
ယခင်ကလည်း အလားတူ ဆူပူမူများ တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့မူများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူခြင်း မရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။
သြဂုတ်စ်လ (၆) ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် ဆူပူမူ ဖြစ်ပွားခဲ့သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဘင်္ဂလီ ဒုက္ခသည် တစ်ဦး သေဆုံးခဲ့ရသည်။
အဆိုပါနေ့ ညနေ ၇ နာရီခွဲခန့်တွင် ဒါးပိုင် ဘင်္ဂလီရွာမှ လူငယ် နှစ်ဦးသည် ဒါးပိုင် ဒုက္ခသည် စခန်းသို့ ဈေးဝယ်ရန် သွားရောက်စဉ် ဒါးပိုင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ များမှ သူခိုးဟု စွပ်စွဲကာ ကြိုးများဖြင့် တုတ်နှောင်ပြီး ဖမ်းဆီးရိုက်နှက်မူများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နေသဖြင့် မိဘဖြစ်သူများက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် (၃၆) ရဲတပ်ဖွဲ့သို့ သို့လာရောက် တိုင်းတန်း အကြောင်းကြားခဲ့ကြောင်း၊ သို့အတွက် ရဲတပ်ဖွဲ့က လိုက်ပါသွားရာ ရဲကို တိုင်ကြားရမည်လားဟုဆိုကာ အဆိုပါ ဖမ်းဆီးထားသူ ဘင်္ဂလီ လူငယ် (၂) ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဓါးကိုင်ထားသော လူတစ်စုမှ ဒုက္ခသည်စခန်း အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်တားဆီးသော်လည်း လိုက်နာမူ မရှိသည့် အပြင် လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြသည့်အတွက် သေနတ် (၅) ချက် မိုးပေါ်ထောင်ပစ်ခဲ့ရသည်ဟု စတင် ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရဲတာဝန်ရှိသူ  တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
သေနတ် ပစ်ဖေါက်မူကြောင့် ဒုက္ခသည်စခန်းမှ လူအုပ်မှာပြိုကွဲသွားခဲ့သော်လည်း ညဥ့်အမှောင်ကိုယူကာ အဆောက်အအုံများ၊ သစ်ပင်များကို အကာအကွယ်ယူလျှက် လေးခွ၊ ဂျင်ဂလိများဖြင့် ထပ်မံပစ်ခတ်ပြီး လူအုပ်ကြီးက ၀ိုင်းအုံလာသဖြင့် အဓိဂရုဏ်းဖြိုခွင်းရေးလက်နက်များဖြင့် တစ်ချက်ချင်း ပစ်ခတ် ဖြိုခွင်း သော်လည်း နောက်မဆုတ်ဘဲ ဆက်လက် ၀ိုင်းအုံလာသဖြင့် သေနတ်ဖြင့် လေးချက် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လူအုပ်ပြိုကွဲသွားသဖြင့် ဖမ်းဆီးခံထားရသူ လူငယ်နှစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ယင်းလူငယ် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်သူများထဲမှ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူ တစ်ဦးမှ နောက်ကွယ်မှ ၀ှက်ယူလာသော ဓါးဖြင့် ရဲတပ်ဖွဲ့ တစ်ဦးအား လိုက်ခုတ်ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း၊ သို့အတွက်  ချောင်ရှုးအာလောင် (၃၀) နှစ် ဆိုသူမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန် သေဆုံးသွားကြောင်း သူက ပြောကြားသည်။
“ သူတို့အချင်းချင်း ဖြစ်ကြတာ။ ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ထိန်းသိမ်းဖို့သွားတာ။ ဒါကို သူတို့က လူအုပ်စုဖွဲ့ပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အတွက် ခုလို အဆင့်ထိ ဖြစ်သွားရတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။
၎င်းသေဆုံးသွားသူ ချောင်ရှုးအာလောင် အလောင်းအား ယမန်နေ့ ကြာသပတေးနေ့ နံနက်က ဘာရေးဆရာများနှင့် အရပ်လူကြီးလက်သို့  လွှဲပြောင်း ပေးအပ်လိုက်ပြီး မန်ဇီ မူဆလင် သချိုင်းတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
ယနေ့ သြဂုတ်လ (၈) ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အာရှလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ အဖြစ် လူသိများသော ( Asean Regional Forum) တို့ကို စတင် ကျင်းပမည်ဖြစ်သည်။
ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသာမက အမေရိကန်၊ ရုရှား၊ ဂျပန် တရုတ်စသည့် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲကို သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိပြုလုပ်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်တွင် အသက်(၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး

မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး တံတားကို ဖြတ်ကူးစဉ် ရေစီးနှင့်မျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
“ သေဆုံးသွားတာက အေးသာယာကျေးရွာက အေးမြကြည် အသက် (၁၄) နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်ပါတယ်” ဟု တောင်ကုတ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသွားခဲ့ရပုံကိုလည်း တာဝန်ရှိ ရဲအရာရှိက ယခုလို ဆက် ပြောဆိုသည်။
“ ရေနစ်သေတာက သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ ခန့်မှာပါ။ အမေနဲ့ ဈေးဝယ်ဖို့အသွား တံတား အကူးမှာ ရေစီးနဲ့ မျောပါသွားပြီး နောက်ပိုင်းမှာ ရေနစ်သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သေဆုံးသူ မိန်းကလေးအလောင်းအား ယမန်နေ့ကပင် ဆယ်ယူရရှိခဲ့သည်ဟု သိရသည်။
တောင်ကုတ်တွင် ယမန်နေ့က ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ကို ရေနစ်မြုပ်ခဲ့ကြောင်း၊ ယနေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။
သံတွဲတွင်လည်း ရေကြီးမြေပြိုကျမူကြောင့် အနည်းဆုံး လူ (၃) ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း သံတွဲရဲတပ်ဖွဲ့က ငြင်းဆိုသည်။
“ သူဌေးချောင်းစီမံကိန်းဆည်ကျိုးပြီး လူ (၃) ဦးသေသွားတဲ့ သတင်း မဟုတ်မှန်ပါဘူးခင်ဗျား။ ရေကြီးတာ မှန်ပေမယ့် လူသေဆုံးတာ မရှိပါဘူး” ဟု သံတွဲရဲစခန်းသို့ ယနေ့နံနက် ၉ နာရီက နိရဉ္စရာက ဆက်သွယ်မေးစဉ် တာဝန်ရှိသူက ဖြေကြားသည်။
ရေကြီးမူကြောင့် သံတွဲတွင် မြေနိမ့်ပိုင်းမှ မိသားစု (၃၀) ခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု ရဲအရာရှိက ပြောကြားသည်။

Monday, July 28, 2014

ပြစ်မူကျူးလွန်သူများကို ဥပဒေနှင့် အညီအချိန်မီ အရေးမယူပါက ရခိုင်အခြေအနေအထိန်းရခက်မည်

 ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ် (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ် (ဓါတ်ပုံ- နိရဉ္စရာ)
နိုင်ငံတော်အစိုးရအပါအ၀င် ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော်လည်း ပြစ်မူကျူးလွန်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များက အချိန်နှင့် တပြေးညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရှေ့တွင် အခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနိုင်ကြောင်း ရခိုင်ဒေသခံများက  ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၇  ရက် နေ့လည်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ရခိုင်ရွာသားများနှင့် ပိုက်သည်ရွာမှ ဘင်္ဂလီကျေးရွာသား အချို့ တစ်ဘက်နှင့် တစ်ဘက် ထိပ်တိုက် ပြသနာ ဖြစ်ပွားရန် အခြေအနေထိ ရောက်ရှိခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ အချိန်မီ ရောက်ရှိဟန့်တားနိုင်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း ပြစ်မူကျူးလွန်သူများကို ယခုအချိန်ထိ တာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးဟု သိရသည်။
ပြသနာ ဖြစ်ပွားခဲ့ပုံနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးထွန်းမြအေးက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
“ မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ကျောက်တော်- သရက်အုပ်လမ်းမှာရှိတဲ့ သင်္ဘောကွေ့ ဟိန္ဒုတ်ကန်နားမှာ ဦးမှဲ့နီအောင်ရဲ့ ဇနီး ဒေါ်အေးတင် ကျောင်းနေတဲ့ ကျွဲကို ပိုက်ဆိပ်ရွာက ဘင်္ဂလီ ၅ ဦးက ဓါးနဲ့ လာခုတ်ပါတယ်။ အဲသလို ခုတ်တဲ့အခါ အမျိုးသမီးက လှမ်းအော်တဲ့ အတွက် ကျွန်တော်ရွာက ရွာသား လေးငါးဆယ်ခန့်က တုတ်တွေ၊ ဓါးတွေနဲ့ လိုက်သွားတော့ ဘင်္ဂလီတွေက နောက်ဆုတ်ခံပါတယ်။ သူတို့မှာတော့ ငါးယောက် တစ်အုပ်၊ ခြောက်ယောက် တစ်အုပ်၊ အုပ်စု (၂) ခု ရှိပါတယ်။ အဲသလို အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေ အချိန်မှီ ရောက်ရှိလာတဲ့ အတွက် ပြဿနာ မဖြစ်ဘဲ ရှောင်လွဲနိုင်ခဲ့ပါတယ်” ဟု သူက ဆိုသည်။
သရက်အုပ် ရွာသစ်နေ ဦးမှဲ့နီအောင်၏ ဇနီးဒေါ်အေးတင်တို့ ပိုင်ဆိုင်သော ကျွဲတစ်ကောင်တွင် တင်ပါးတွင် တစ်ချက်၊ လည်ပင်းတွင် တစ်ချက် ဒဏ်ရာရသွားခဲ့သည်ဟု သူက ပြောသည်။
“ ကျွန်တော်တို့က ရဲတွေရောက်လာတဲ့ အတွက် ရဲတွေကို ဒီပြစ်မူကျူးလွန်တဲ့ သူတွေကို အရေးယူပေးဖို့ တိုင်ကြားလိုက်ပါတယ်။ ဘာကြောင့် ခုလို ခုတ်တယ်ဆိုတာလဲ မသိရဘူး။ ဒါပေမယ့် အခုအချိန်ထိတော့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်တာကို မတွေ့ရသေးဘူး” ဟု ၎င်းရွာသားက ဆက်ပြောသည်။
သို့အတွက် နိရဉ္စရာမှ ကျောက်တော် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောသည်။
“ ကျွန်တော်တို့ဆီကို ဒီပြသနာနဲ့ ပတ်သက်ပြီး ဘယ်သူမှ အမူလာမဖွင့်တဲ့ အတွက် ကျွန်တော်တို့က အရေးယူလို့မရပါဘူး” ဟု ပြောသည်။
ဆက်လက်ပြီး သရက်အုပ်ရွာသားများသို့ ဆက်သွယ်မေးမြန်းရာ အခင်းဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို တိုင်ကြားထားခြင်းသာ ဖြစ်ပြီး ဦးမှဲ့နီအောင်မှာ သာမန်တောင်သူ တစ်ဦးဖြစ်သဖြင့် စိုးရိမ်ပြီး ရဲစခန်းသို့ သွားရောက် အမူမဖွင့်ရဲဟု ပြောသည်။
ယခု ပြသနာ မဖြစ်ပွားမီက ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာ ရွာဦးဘုရားရှိ မွေးနံ ဘုရားငါးဆူကို အမည်မသိသူများက ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ဦးတော်များကျိုးပိုင်း ပျက်စီးခဲ့ရသည်။
အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တင်းမကျေးရွာ အနီးရှိဘုရားမှ မွေးနံ ဘုရား (၈) ဆူ၏ ဦးတော်များနှင့် ကိုယ်လက်အင်္ဂါများကို မသမာသူများက ဖျက်ဆီးပစ်ခဲ့ကြသည်။
တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာကို မေးမြန်းခဲ့ရာ သူက ယခုပြောသည်။
“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉) တပ်မ အပြင် စစ်တပ် တပ်ရင်းအများအပြားလည်း တပ်စွဲထားပြီး ရဲတပ်ဖွဲ့အင်အားကိုလည်း အလုံအလောက်တိုးချဲ့ချထားသည်။ ထိုသို့ လုံခြုံရေးအရ တင်းကျပ်ထားသော နယ်မြေ တစ်ခုတွင်  ဘုရားများကို ၀င်ရောက်ဖျက်ဆီးနေသူများအား တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူ အပြစ်ပေးခြင်း မရှိနိုင်ဘဲ ဖြစ်နေမူ အပေါ် ဒေသခံများ အနေဖြင့် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
နောက်ဆုံး ရရှိသော သတင်းအရ ဘုရားဖျက်ဆီးသည့် ပြစ်မူကျူးလွန်သူများကို သက်ဆိုင်ရာက ယနေ့ အချိန်ထိ အရေးယူဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့နယ် ဘောဒူဖအုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ရာတွင် ပါဝင်သူများဟု သင်္ကာမကင်း ဖြစ်ခံရသူ ဘင်္ဂလီလူမျိုးအနည်းဆုံး (၁၀) ကျော်ဖမ်းဆီးခံရ

refugee-camp
စစ်တွေမြို့နယ် ဘောဒူဖဘင်္ဂလီကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်အား တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်သူများဟု သင်္ကာမကင်းဖြစ်ခံရသူများကို လိုက်လံ ဖမ်းဆီးရှိနေရာ ယခုအခါ ဖမ်းဆီးခံရသူမှာ လူပေါင်း (၁၀) ကျော်သွားပြီဟု သိရသည်။
ဇူလိုင်လ (၂၂) ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်တွေမြို့နယ်၊ ဘောဒူဖဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်တင်၏ နေအိမ်အား ဘာဒူဖဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီ ၁၀၀၀ ခန့်တို့က တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ဖြိုဖျက်ခဲ့ကြသည်။
ထိုသို့ ဖြိုဖျက်စဉ် ရဲတပ်ဖွဲ့မှ အင်အား ၂၀ ကျော်ခန့်ဖြင့် သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရပြီး တိုက်ခိုက်မူ ဖြစ်ပွားစဉ်အတွင်း လူပေါင်း လေးငါးရာကျော်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ လူအုပ်က လေးငါးရာကျော်ရှိတယ်။ အိမ်ပေါ်တက်လုတာ။ ဘယ်လိုမှ မတတ်နိုင်တော့ မိုးပေါ်ကို သေနတ် သုံးချက်ထောင်ပစ်ပြီး လူစုခွဲရတယ်။ အခင်းဖြစ်တဲ့နေ့က ရှစ်ယောက်ဖမ်းတယ်။ မနေ့က သုံးလေးယောက်ဖမ်းတော့ တစ်ဆယ်ကျော်သွားပြီ” ဟု သက်ဆိုင်ရာ ပြည်နယ် အဆင့် ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးရခြင်းကြောင့် အိမ်ခြံစည်းရိုး၊ ၀ရံတာနှင့် တီဗွီ၊စလောင်း ၊အောက်စက် ၊ ဆိုင်ကယ်နှင့် စက်ဘီးများပါ ပျက်စီးသွားကြောင်း ဘောဒူဖ ဘင်္ဂလီကျေးရွာ အရပ်လူကြီး တစ်ဦးက ပြောသည်။
“ ဦးမောင်မောင်တင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ အပြင် ဒိန်းမတ်ကူညီစောင့်ရှောက်ရေအဖွဲ့ (DRC) က ထောက်ပံ့တဲ့ အစားအစာတွေနဲ့  ပစ္စည်းအချို့ကို တာဝန်ခံပြီး ဒုက္ခသည်စခန်းများသို့ လွှဲပြောင်းပေးနေတဲ့သူလည်း ဖြစ်ပါတယ်။ ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးရတဲ့ အကြောင်းက သုံးခုလောက်ရှိတယ်လို့ သိရပါတယ်။ ဘာတွေလည်းဆိုတာတော့ မပြောနိုင်ဘူး။ ဒဏ်ရာ ရတာတော့ မရှိပါ” ဟု ဆိုသည်။
ဦးမောင်မောင်တင်၏ နေအိမ်ကို ၀ိုင်းလုယက်ခဲ့ခြင်းမှာ ကယ်ဆယ်ရေးစခန်းတွင် DRC မှ ကယ်ဆယ်ရေး ပစ္စည်းများပေးမည်ပြောသည်ဟုဆိုကာ ဦးမောင်မောင်တင်မှ ငွေတောင်း သည်ဆိုဟာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းမှ လာသော သတင်းများအရ သိရသည်။
ဝင်ရောက်တိုက်ခိုက်သူများသည် ဦးမောင်မောင်တင် နေအိမ်အား ဖျက်ဆီးခဲ့သည့်အပြင် အိမ်တွင်းမှ သေတ္တာ ၃ လုံးကို ယူဆောင်သွားကြောင်း၊  ထိုသေတ္တာများထဲတွင် အ၀တ်အထည်များနှင့်အတူ ငွေကျပ် (၁၅) သိန်း၊ ရွှေ (၁၀) ကျပ်လည်း ပါသွားကြောင်း သိရသည်။
အကြမ်းဖက် ဖျက်ဆီးရာတွင် ခေါင်းဆောင် ပါဝင်သူများကို ရဲက လိုက်လံ ဖမ်းဆီးနေသဖြင့် ပါဝင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
ဖမ်းဆီးခံရသူ (၁၀) ကျော်ထဲတွင် ဘောဒူဖ အကွက်(၁) နှင့် (၂) မှ ဆွေယော့တူဆောင်း (၂၁) နှစ်၊ အီစ္စမိုင်(ခ) မောင်ချမ်းသာ (၂၀)  နှစ်၊ မာမောက်ဆူလ်တန် (ခ) ကျော်မြင့် (၂၁)နှစ်၊ မာမောက်ရော်ချီး (၃၃) နှစ်၊ အဒူရော်ချီး (၂၅) နှစ်၊ ဟာမိတ်တူဆောင်း(၃၈) နှစ်၊  အီလီယာစ် (၃၈) နှစ်နှင့် မူဟာမတ် တူဆောင်း (၃၇) နှစ် တို့ပါဝင်ကြောင်း သိရသည်။
“ ကျွန်တော်တို့ဆီမှာ လာရောက်အမူဖွင့်တဲ့အတွက် ဒါက ရာဇ၀တ်မူဖြစ်တဲ့ အတွက် ကျူးလွန်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီးရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပါဝင်သူတွေကိုတော့ ဆက်လက် ရှာဖွေ ဖမ်းဆီးနေတုန်း ဖြစ်ပါတယ်” ပြည်နယ် ရဲအရာရှိက ပြောကြားသည်။
ယင်းဘောဒူဖကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီ အချို့သည် လွန်ခဲ့သောနှစ်ကလည်း ရဲကင်းတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ရခိုင်တိုင်းရင်းသားများပိုင် မန်ဇီသင်္ချိုင်းကိုလည်း ဖျက်ဆီးခဲ့ရာတွင် ပါဝင်ခဲ့ပြီး ယခုအခါ သူတို့အချင်းချင်း တိုက်ခိုက်လာကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာရဲတပ်ဖွဲ့ ဗဟိုချူပ်ကိုင်မူ လျှောချရန်နှင့် ခေတ်မီလက်နက်များတပ်ဆင်ရေး ရခိုင်လွှတ်တော်ကိုယ်စားလှယ် တင်ပြဆွေးနွေး

Police-in-Sittwe
ရဲတပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ် လွှတ်တော်ရှေ့တွင် ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ် ( ဓါတ်ပုံ-နိရဉ္စရာ)
ဇူလိုင် (၁၆) ရက်နေ့က ပြည်ထောင်စု လွှတ်တော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယ (၆)လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မူ အစီရင်ခံစာအေပါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဗဟိုချုပ်ကိုင်မူ လျှော့ချရန်နှင့် ခေတ်မီ လက်နက်များ ပြောင်းလဲတပ်ဆင်ရန်အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
“ ကျွန်မတို့ ဒီလ ၁၆ ရက်နေ့က စီမံကိန်းများနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မူ ပူးပေါင်းကော်မီနဲ့ ငွေစာရင်းကော်မီတီတို့က (၂) ခုပေါင်းတင်တဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဓိက စီမံခန့်ခွဲရေး ကဏ္ဍမှာ ပါရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာမှာ အဓိက ပါဝင် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့  လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် ဗဟိုချုပ်ကိုင်မူ စနစ်ကို လျှော့ချပြီး ရာထူး အဆင့်အလိုက် လုပ်ပိုင်ခွင့်များကို ချမှတ်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအပေါ်မှာ ဆွေးနွေးကြတာပါ” ဟု ဒေါ်ခင်စောဝေက ဆိုသည်။
ဒေါ်ခင်စောဝေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဗဟိုချုပ်ကိုင်မူနှင့် ခေတ်မီလက်နက်များ မရှိမူက ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးမူများရှိခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင် မဆောင်ရွက်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော သာဓကများကို တင်ပြပြီး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ဗဟိုချုပ်ကိုင်မူနဲ့ ခေတ်မီလက်နက်တွေ၊ ဆက်သွယ်ရေး ကရိယာတွေ၊ သယ်ယူပို့ဆောင်ရေး အမြန်ယာဉ်တွေ လိုအပ်နေတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာကို တင်ပြပြီး ကျွန်မ ဆွေးနွေးတင်ပြခဲ့တယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ခရိုင်၊ မြို့နယ်၊ ရဲစခန်းတွေက တာဝန်ရှိသူတွေ အနေနဲ့ ပြည်နယ်ရဲမှူးကြီးဆီက အမိန့်ကို စောင့်ရတယ်။ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်ပေးမထားတော့ ချက်ချင်း ဖြေရှင်းရမယ့် ပြဿနာတွေကို ချက်ချင်း မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့တွေမှာ နစ်နာမူတွေ ရှိခဲ့သလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်မှာ လုံခြုံရေး အကူအညီမရတဲ့ အတွက် နစ်နာမူတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေကို ထောက်ပြပြီး ကျွန်မ က ဆွေးနွေးခဲ့ပါတယ်” ဟု သူမကဆိုသည်။
 မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှအထူးရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)
မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှအထူးရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)
၎င်းပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး သတ်ဖြတ်ခံရမူတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော သေနတ်များမှာ ခေတ်မမီသလို ဆက်သွယ်ရေး ကရိယာများလည်း မရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အထိနာခဲ့ကြရသည်ဟု သူမက ဆိုသည်။
“ အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေတဲ့ သေနတ်တွေက ဒုတိယကမ္ဘာစစ်အတွင်း ကိုင်ဆောင်ခဲ့တဲ့ ပွိုင့် (၃၀၃) ရိုင်ဖယ်တွေ၊ ပွိုင့် (၃၁) ခြောက်လုံးပြုးတွေ ဖြစ်တယ်။ ဒီကိုင်ထား သေနတ်တွေကလည်း မပေါက်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီသေနတ်တွေကိုလည်း ခေတ်မီလက်တွေနဲ့ အစားထိုးဖို့ တင်ပြခဲ့တယ်” ဟု ဆိုသည်။
၎င်းနေ့ အစည်းအဝေးသို့  မြန်မာနိုင်ငံ ပြည်ထောင်စု ၀န်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားတိုးတက်ရေး ၀န်ကြီး ဒေါက်တာကံဇော် တက်ရောက်ခဲ့ပြီး ရရှိလာသော ဆွေးနွေးဆုံးဖြတ်ချက်များကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဟုပြောဆိုခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 16, 2014

စစ်တွေတွင် ထူးကဲဒီရေတက်၍ လုံခြုံရေးကင်းစခန်းအချို့ နေရာရွှေ့

ထူးကဲဒီရေတက်မှုကြောင့်စစ်တွေမြို့ မြေနိမ့်ပိုင်းဒေသများ အထိဝင်လာခဲ့ပြီး ကမ်းစပ်အနီးရှိ လုံခြုံရေးကင်းစခန်း အချို့ကို လည်း နေရာရွှေ့ပြောင်းထားရ ကြောင်း သတင်းရရှိသည်။
‘‘ဒီရေက ထူးထူးခြားခြား တက်လာတာ နှစ်ရက်လောက်ရှိ ပြီ။ လုံခြုံရေးကင်းစခန်းအချို့ ရေ နဲ့ မလွတ်တော့လို့ နေရာရွှေ့ထား ရတယ်။ ဒုက္ခသည်စခန်းဖွင့်လို့ရ တဲ့အထိတော့ အခြေအနေမဆိုး သေးပါဘူး’’ဟု စစ်တွေမြို့၊ သဲ ချောင်းနှင့် သက္ကယ်ချောင်းဘင်္ဂါ လီဒုက္ခသည်စခန်းအနီးတွင် လုံခြုံ ရေးယူထားသည့်အမှတ်(၄)ရဲတပ်ရင်းများကွပ်ကဲမှုဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။
စစ်တွေမြို့ပေါ်တွင် ကား လမ်းနှင့် နေအိမ်များအတွင်း ရေ လျှံနေသည့်အပြင် မြေနိမ့်ရပ် ကွက်များတွင် ရေနစ်မြုပ်နေ သောကြောင့် ဒေသခံများက နယ် မြေခံစစ်တပ်ရင်း၊ ရဲတပ်ဖွဲ့ဝင် များအပြင် စည်ပင်ဝန်ထမ်းများ နှင့်အတူ သန့်ရှင်းရေးများလုပ် ဆောင်ပေးနေရကြောင်းသတင်း ရရှိသည်။
‘‘တပ်မတော်သားက အ ယောက်ငါးဆယ်ပါတယ်။ ကျွန် တော်တို့ ရဲတပ်ဖွဲ့ဝင်တွေက တစ် ရာပါတယ်။ စည်ပင်ရဲနဲ့ ဒေသခံနဲ့ ပေါင်းပြီး ပိတ်နေတဲ့ရေမြောင်း တွေရှင်းတာမျိုး လုပ်ပေးနေ တယ်။ မြို့ပေါ်က ဘာမှပြဿနာ မရှိနိုင်ဘူး။ စိုးရိမ်ရတာက မြေနိမ့် ရပ်ကွက်တွေ ရေတက်တဲ့ရက်က နည်းနည်းကြာနေပြီ’’ဟုအထက်ပါ ရဲအရာရှိကပြောသည်။
စစ်တွေမြို့ကျေးတောကျေး ရွာတွင် ရေဘေးအန္တရာယ်အဆိုး ရွားဆုံးရင်ဆိုင်နေရပြီး ရွာလုံးကျွတ်ရေနစ်မြုပ်နေကြောင်း ဒေ သခံဦးစန်းရီကပြောသည်။ ရွာထဲ တွင် ရေလေးပေခန့်အထိ တက် နေသောကြောင့်လှေများအသုံး ပြုသွားလာနေရကြောင်းဆိုသည်။
မိုး/ဇလဌာနက ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်း ကြောင့် မုတ်သုံလေအားအလွန် ကောင်းနေပြီးရခိုင်ပြည်နယ်အပါ အ၀င် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် နေရာကွက်၍မိုးကြီးနိုင် သေးကြောင်းသတင်းထုတ်ပြန် ထားသည်။
ထို့အပြင် ဇူလိုင် ၁၄ ရက်နေ့တစ်နေ့တည်း မြန်မာနိုင်ငံ အနှံ့တွင် ပုံမှန်ထက် မိုးပိုရွာခဲ့ သည့် မြို့နယ် ၈ မြို့နယ်အထိရှိခဲ့ ပြီး ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ဂွမြို့တို့ပါဝင်ခဲ့သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Monday, July 14, 2014

ရေစီးရေလာမကောင်းတဲ့ စစ်တွေက ရေမြောင်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ ရှင်းလင်း တူးဖေါ်မူပြုလုပ်ပြီ

Myanmar-police-volunter-working
စစ်တွေမြို့ ရေမြောင်းများကို ရဲတပ်ဖွဲ့ဝင်များမှ တူးဖေါ် ရှင်းလင်းနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
အမှိုက်များ ပိတ်ဆို့ပြီး ရေစီးရေလာ မကောင်းဘဲ ဖြစ်နေသော စစ်တွေမြို့ရှိ ရေမြောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး  စည်ပင်ဌာနနှင့် မီးသတ်ဝန်ထမ်းများ ပူးပေါင်းကာ တူးဖေါ် ရှင်းလင်းမူများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့ ရှင်းလင်း ဆောင်ရွက်ရာတွင် စစ်တွေမြို့လမ်းမကြီး ဝဲယာတစ်လျှောက်ရှိ ရေနုတ်မြောင်းများနှင့် မြို့တွင်းချောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များကို အဓိက တူးဖော်ရှင်းလင်းနေခြင်း ဖြစ်ကြောင်း စစ်တွေခရိုင် ရဲမှူးကြီး ဦးသစ်ဆန်းက နိရဉ္စရာသို့ ပြောသည်။
Myanmar-police-volunter-working
“လမ်းဘေး ဝဲယာတစ်လျှောက်မှာရှိတဲ့ ရေနုတ်မြောင်းတွေကို ရေစီးရေလာကောင်းအောင် တူးဖေါ်တယ်။  ပလက်ဖောင်းတွေကိုလည်း ရေတွေဝင်နိုင်အောင် ပြန်ဖော်သင့်တာကို ပြန်ဖေါ်တယ်။ ပထမ ကျနော်တို့ လုပ်တာက  စစ်တွေ ဘီလူးမ တံတားရယ်၊ နောက်တစ်ခါ မြို့တွင်းချောင်းတွေမှာ အမှိုက်တွေပိတ်နေတဲ့ ရေမြောင်းတွေကို ကျွန်တော်တို့ လိုက်ဖော်ပြီး ရေစီးရေလာကောင်းအောင်နဲ့ သန့်ရှင်းသပ်ရပ်အောင် ပြုလုပ် နေတာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။
မြင့်မြတ်သော လူမူရေး အသိစိတ်ဓါတ်ဖြင့် စစ်တွေရှိ ရေမြောင်းများကို တူးဖေါ် လုပ်အားပေး ဆောင်ရွက်နေသော အဖွဲ့အစည်းများမှာ နယ်မြေရဲ၊ ရဲတပ်ရင်း၊ စည်ပင်နှင့် မီးသတ်ဌာနတို့ဖြစ်ကြောင်း  ခရိုင်ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။
“  ရဲတပ်ရင်းလည်းပါပါတယ် ခင်ဗျာ။ပြီးတော့ နယ်မြေရဲတွေပါပါတယ်။ရဲတပ်ရင်းက အင်အား (၅၀) နယ်မြေရဲက အင်အား (၅၀) စုစုပေါင်း ရဲ (၁၀၀)လောက်ပါတယ်ပေါ့။ နောက်ပြီး စည်ပင် ပါတယ်။ မီးသတ်ပါတယ်” ဟုပြောသည်။
Myanmar-police-volunter-working
ထို့သို့ ရဲ၊စည်ပင်နှင့် မီးသတ်ဌာနတို့မှ ဝန်ထမ်းများ ရေမြောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်နေကြခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့လမ်းမကြီးမှ ကိုသန်းနိုင်က ယခုလို မှတ်ချက်ပြုသည်။
“သူတို့လုပ်နေတာ တစ်ရက်နှစ်ရက်လောက်ရှိပြီဗျ။ မျက်စိထဲ တော်တော်ထူးထူးဆန်းဖြစ်နေတယ်။ အရင်က ဒီလို လုပ်အားပေးတာမျိုး သိပ်နည်းတယ်။ ခုလို လုပ်ပေးသင့်တာကြာပါပြီ” ဟုပြောသည်။
စစ်တွေမြို့ရှိ လမ်းဘေးရေနုတ်မြောင်းများမှာ အမှိုက်များ ပိတ်ဆို့နေသဖြင့် ခြင်းများ အထူးပေါများပြီး မြောင်းများတွင်လည်း ရေစီးရေလာ မကောင်းသဖြင့် မိုးကြီးသောနေ့ရက်တိုင်းတွင် လမ်းအများအပြားမှာ ရေမြှပ်လေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 10, 2014

ပေါက်တောမြို့နယ်မှ ရေလုပ်သားများအား ပင်လယ်ဓားပြဆန်ဆန် အုပ်စုဖွဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်နေ

Light-tower
ရခိုင်ပင်လယ်ပြင်၊ ယခုတော့ ရခိုင်များ လုပ်ကိုင်စားသောက်ရန် အခွင့်အရေး နည်းပါးခဲ့ချေပြီ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဒေသခံရေလုပ်သားများအား ပင်လယ်ဓားပြဆန်ဆန် အုပ်စုဖွဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်လျှက်ရှိနေကြောင်း ဒေသခံများထံမှတဆင့် သိရသည်။
ပင်လယ်ပြင်တွင် ငါးရှာထွက်စဉ် အုပ်စုဖွဲ့ ရန်ပြုရန်ကြိုးစားမှုများကြောင့် ယခုအခါ ဒေသခံရေလုပ်သားများမှာ ပင်လယ်ပြင်သို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု စိုင်းတုတ်ကျေးရွာမှ ရေလုပ်သားများက ပြောသည်။
လွန်ခဲ့သော ဇူလိုင်လ (၇)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပေါက်တောမြို့နယ် စိုင်းတုတ်ရွာမှ ရခိုင်လူမျိုး (၁၀) ခန့် မှ ငါးရှာရန်သွားစဉ် အသပြာကျွန်းအနီး ဇီးချောင်းသို့ အရောက်တွင် လူ(၃၀)ခန့်က ဓားရှည်များ ကိုင်ဆောင်ကာ တိုက်ခိုက်ရန် လိုက်လာသဖြင့် ထွက်ပြေးလာခဲ့ရကြောင်း ထိုနေ့က ငါးရှာရန်သွားခဲ့သူ စိုင်းတုတ်ရွာမှ ဦးကျော်မြချေက နိရဉ္စရာသို့  ပြောသည်။
“အဲဒီနေ့က ကျွန်တော်တို့ အသပြာကျွန်းနားကို ငါးရှာသွားတော့ ဇီးချောင်းထဲအရောက်မှာ ကုလားတွေ လိုက်လာတယ်။ အသပြာကျွန်းက ဒုက္ခသည်စခန်းကလူတွေပဲ ဖြစ်မှာပေါ့။ ကျွန်တော်တို့ကိုတွေ့တော့ ဓားရှည်တွေကိုင်ပြီး လိုက်လာကြတာပဲ။သူတို့က မော်တော်ဘုတ်တွေနဲ့ရော၊ ကုန်းပေါ်ကရော စုပြီး လိုက်လာတယ်။ အင်အားမမျှလို့ ကျွန်တော်တို့ ထွက်ပြေးလာခဲ့ရတယ်၊ခုဘယ်သူမှ မသွားရဲဘူးဖြစ်နေပြီ” ဟုဆိုသည်။
ယခု ကဲ့သို့ အမည်မသိ ဘင်္ဂလီအုပ်စုများမှ တိုက်ခိုက်ရန် ကြိုးပမ်နေမူကို စိုင်းတုတ်ကျေးရွာ တစ်ခုတည်း ရင်ဆိုင်နေကြရခြင်း မဟုတ်ဘဲ ပေါက်တောမြို့နယ်မှ အနည်းဆုံး ပင်လယ်ကမ်းစပ်ရွာ (၁၀) ခုခန့်မှ ရေလုပ်သားများက နေ့စဉ် ကြုံတွေ့နေရသည်ဟု ကံချောင်းရွာမှ ဦးထွန်းသိန်းက ဆိုသည်။
“ ဒီလို တိုက်ခိုက်ဖို့ ကြိုးပမ်းနေတာက မှန်ပါတယ်။ ဒါကြောင့် ရခိုင်ရေလုပ်သားတွေအနေနဲ့ စုဖွဲ့ပြီး သွားလာတာတို့ လုပ်နေကြရတယ်။ အခု အဲသလို ပြသနာနဲ့ ရင်ဆိုင်နေရတဲ့ ရွာတွေကတော့ ပြင်ခေါင်း၊ စိုင်းတုတ်၊ သာစည်၊ ကံချောင်း၊ တံတားကျွန်း၊ အလယ်ကျွန်းနဲ့ မင်းပြားမြို့နယ် အစပ်ကဆိုရင်  စားကျက်၊ ဥတ္တရာ၊ ချောင်းကောက်တို့ ဖြစ်ကြပါတယ်” ဟု ဆိုသည်။
ယခင်က ယင်းရွာများမှ ရေလုပ်သားများမှာ မြစ် အ၀သို့ ထွက်ပြီး တစ်ညအိပ် နှစ်ညအိပ် ငါးဖမ်းကြသူများ ဖြစ်ကြသော်လည်း ယခုအခါ အမည်မသိ ဘင်္ဂလီ အုပ်စုများမှ ရန်ရှာ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် မသွားရဲကြဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။
ယင်းဖြစ်ရပ်အား ဇီးချောင်းအနီးရှိ စစ်တပ်တွင်တိုင်ကြားခဲ့ရာ လှေတစ်စီး၊ နှစ်စီးနှင့် သွားလာမူ မလုပ်ကြရန် အကြံပြု ပြောကြားခဲ့သည်ဟု ဦးကျော်မြချေက ဆက်ဆိုသည်။
“အဲဒါကို ကျွန်တော်တို့ ဇီးချောင်းနားမှာ ရှိတဲ့ တပ်ကို တိုင်ကြားတော့ ဗိုလ်ကြီး တစ်ယောက်က  လှေတစ်စီး နှစ်စီးလောက်နဲ့ မသွားကြပါနဲ့လို့  အကြံပြု ပြောကြားခဲ့တယ်” ဟု ယင်းက ပြောသည်။
ယင်းအပြင် ပေါက်တောမြို့နယ် ပုဏ္ဏားကြီးကျေးရွာ အနီးရှိ ငှက်ချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းတွင်လည်း တစ်နေ့ ထက်တစ်နေ့  လူဦးရေ များပြားလာပြီး ခိုးမူများလည်း ပေါ်ပေါက်နေကြောင်း၊ သို့အတွက် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ရသဖြင့် ဝမ်းရေးအတွက် ရှာဖွေစားသောက်ရန် မသွားဝံ့ဘဲ ဖြစ်နေကြကြောင်း ပုဏ္ဏားကြီးရွာမှ အမျိုးသမီးကြီး တစ်ယောက်က ပြောသည်။
“အဲဒီနားမှာ ဘင်္ဂါလီတွေအများကြီးပဲ ဖြစ်နေပြီ။ မြေပုံတို့ မင်းပြားတို့ ဘက်တွေကအပြင် ဘင်္ဂလာဒေခ်ျ့ကလည်း အများကြီး ရောက်နေတယ်လို့ ကြားတယ်။ ဘယ်လို နည်းနဲ့ရောက်နေကြလဲ မပြောတတ်တော့ဘူး။ ခိုးလိုက်ကြတာလည်း မပြောနဲ့တော့- လယ်ထွန်နေတဲ့သူတွေဆီက လယ်ထွန်နေတဲ့ အပ်တွေကိုတောင် ခိုးသွားတာရှိတယ်။ ကျွန်မတို့မှာ ရှာဖွေစားသောက်ဖို့  ကြောက်နေရတယ်။ ဘယ်ကိုမှ မသွားရဲကြတော့ဘူး။ အသပြာ(ပင်လယ်ခရု)ကောက်ဖို့ သွားတာတောင် အခက်အခဲ ရှိနေပါပြီ ” ဟု ပြောသည်။
ယခု တလောတွင် ငှက်ချောင်း ဒုက္ခသည်စခန်းတွင် ညဥ့်အချိန်တွင် အချိန်မတော် စက်လှေများဖြင့် သွားလာမူများ ရှိနေကြောင်း၊ ယခုကဲ့သို့ ၀င်ထွက်သွားလာနေမူ အပေါ် အာဏာပိုင်များမှ သိရှိခြင်း ရှိ မရှိကို အတိအကျ မသိရကြောင်း သူမက ပြောကြားသည်။
ယခုကဲ့သို့ ပင်လယ်ပြင်တွင် လုပ်ကိုင်စားသောက်နေကြရသည့် ဒေသခံ ပြည်သူများ အနေဖြင့် လုံခြုံမူ မရှိ ဖြစ်နေရခြင်းနှင့်ပတ်သက်၍ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့အား ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ ဖြစ်နေသည်ကို ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်း မရှိကြောင်း၊ တိုင်ကြားလာပါက အရေးယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တာဝန်ရှိ အရာရှိ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
ပင်လယ်ပြင်ကို မှီပြီး လုပ်ကိုင်စားသောက်နေကြရသော ရခိုင်ဒေသခံ တိုင်းရင်းသားများ အနေဖြင့် နေရာ အနှံ့အပြားတွင် ယခုလို အခက်အခဲကြုံနေကြရသဖြင့် ရသေ့တောင်မြိုမိမြိုဖတစ်ဦးက ၂၀၁၄ ဇွန်လ (၁၃) ရက်နေ့၌ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော တွေ့ဆုံပွဲ တစ်ခုတွင်  ပြည်ထောင်စုဝန်ကြီးများအား ရခိုင် ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်ပေးရန်တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးစိုးသိမ်းက ယခုလို  ပြောကြားခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်က ရေတပ်ကနေလာတာ။ ရေတပ် သင်္ဘောက ငါးဖမ်းလှေလို အကြာကြီးနေလို့တော့မရဘူး။ ခေါ်ရင်တော့ ပြေးလာလို့ရတယ်။ နေလို့က မရထင်တယ်။ ရေတပ်နဲ့ ဆက်သွယ်ရေး လိုင်းလေးပေးလိုက်။ သူတို့ခေါ်ရင် လာပြီးကာကွယ်ပေးမယ်။ ရေတပ်သင်္ဘောက အဲသလို ထွက်ပြီးနေလို့ မရဘူး။ကျွန်တော်က ရေတပ်မှာ နေလာတာလေ။ ငါးဖမ်းသင်္ဘောဘေးမှာ လိုက်နေဖို့တော့ မလွယ်ဘူး။ ကျွန်တော် ရေတပ် ဗိုလ်ချုပ်ကြီးက နေလာတာ။ လုပ်ပေးနိုင်တာ လုပ်ပေးမယ်” ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။
ယခုအခါ ရခိုင်ပင်လယ်ပြင်သည် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ စိုးမိုးမူအောက်မှ (လုံးဝ) ကင်းလွှတ်သွားပြီ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, June 4, 2014

အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသူ မောင်နှမနှစ်ဦး၏ အမှု စစ်ဆေး၊ရာ တက်ရောက်လေ့လာသူများပြား

Burthidaung-court
ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီတို့ အုပ်စုဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားမောင်နှ နှစ်ဦးတို့၏ အမှုကို ဘူးသီးတောင် မြို့နယ်တရားရုံးတွင် ယမန်နေ့က ဆက်လက် စစ်ဆေးရာ တက်ရောက်လေ့လာသူ အများအပြား ရှိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံရသူ တစ်ဦးဖြစ်ပြီး အဓိက သက်သေဖြစ်သည့် မညွန့်ညွန့်သိန်းကို အဓိကထား စစ်ဆေးခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ရုံးချိန်းတွင် တရားလို ဖြစ်သူများကိုအမှုကိုကျေအေးစေရန် ခြိမ်းခြောက် စည်းရုံးမှုများရှိကြောင်းနှင့် ပုဒ်မပြောင်းစွဲဆိုကြောင်း သတင်းများထွက်ပေါ်လာသဖြင့် အမှုကိုပိုမိုစိတ်ဝင်စားသူများပြားလာပြီး ယနေ့ ရုံးချိန်းတွင် တရားခွင်စစ်ဆေးမှုကိုလေ့လာရန်ပရိတ်သတ် ၆၀ ခန့်ရောက်ရှိလာခဲ့ပြီးအမျိုးသမီးများအများစု ဖြစ်ခဲ့သည်။
တက်ရောက်လေ့လာသူများတွင် စစ်တွေမြို့၊ ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေးလည်းပါဝင်ပြီး အင်တာနက် သတင်းများတွင် ယခုအမှုကိုတွေ့မြင်သိရှိရသဖြင့် စိတ်ဝင်စားမိကာ စစ်တွေမြို့မှ လာရောက်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယနေ့တွင် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး တက်ရောက်လေ့လာသူများက တရားလိုဖြစ်သူများကို အားငယ်ကြောက်ရွံ့မှုမရှိစေရန် အားပေးခဲ့ကြပြီး တရားခွင်စစ်ဆေးပြီးဆုံးသည်အထိ နားထောင်သူ များပြား ခဲ့သည်။
“ ကျွန်တော့်မှာအမှုကိစ္စကြုံလာလို့ စားဝတ်နေရေး အခက်အခဲဖြစ်လာတယ်။ ဆိုင်ကယ်လဲအမှုနဲ့ပတ်သက်လို့ သက်သေခံအဖြစ် ရုံးတင်ထားရလို့ ဆိုင်ကယ်လည်းမဆွဲရဘူး။ တခြား အလုပ်လုပ်ဖို့လဲအဆင်သင့်မရှိတော့ တော်တော်အခက်အခဲဖြစ်နေလို့ အမှုကိုရုပ်သိမ်းခွင့် လျှောက်ထားဖို့အထိ စဉ်းစားခဲ့မိပါတယ်။ အခုလို ကျွန်တော်တို့ကိုအားပေးနှစ်သိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အမှုစဖြစ်ကတည်းက ကျွန်တော်တို့ အမှုကို ဒီလောက်လူတွေ စိတ်ဝင်စားလိမ့်မယ်လို့ မထင်မိပါဘူး။ အခုလို နှစ်သိမ့် အားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ အမှုကို ပိတ်သိမ်းခွင့်မတင်တော့ပါဘူး။ အဆုံးထိအမှန်အတိုင်း ဖြစ်အောင်သာ ထွက်ဆိုပါမယ်”  ဟု တရားလို မောင်ကျော်သိန်းလှိုင်က ပြောပါသည်။
တရားလို၏ ညီမဖြစ်သူ မညွန့်ညွန့်သိန်းကလည်း “ အကျွန်တို့မှာ တစ်နေ့လုပ် တစ်နေ့စားပါ။ အခုပြဿနာတက်လို့ ခရုရှာဖားရှာလဲ မသွားဝံ့ပါ။ စားဝတ်နေရေးအခက်အခဲဖြစ်လာလို့ အမှုကို မြန်မြန်ပြီးရင် မြန်မြန်အေးတယ်ဆိုပြီး ရုတ်သိမ်းလည်း ရုတ်သိမ်းပါစေလို့ စဉ်းစားခဲ့မိပါတယ်။ အခုလိုအမျိုးသမီးတွေ လာပြီးအားပေးတဲ့အတွက် အားရကျေနပ်ပါတယ်။ အမှန်အတိုင်းထွက်ဆိုခဲ့ပါတယ်´ ဟု ရှင်းပြသည်။
Burthidaung
မညွန့်ညွန့်သိန်းနှင့်စစ်တွေမှရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်ညိုအေး (ဓါတ်ပုံ- ဗေဒါပျံ)
မညွန့်ညွန့်သိန်း၏ ထွက်ဆိုချက်အရ အမှုမဖြစ်ခင် နှစ်ရက်ခန့် ညဘက်ကတည်းက အလယ်ချောင်း ဘင်္ဂလီရွာဘက်မှ သဘော့ချောင်းရခိုင်ရွာဘက်သို့ ဓါတ်မီးများဖြင့်ထိုး၍ ဘင်္ဂလီတို့ အော်ဟစ်ဆူပူခဲ့ကြကြောင်း။ ရခိုင်များသတ်ဖို့ လာနေတယ်ဟု ကောလာဟာလ သတင်းများထွက်ပေါ်ခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြောင်း။ ထိုသို့ဖြစ်ပြီးနောက်နေ့တွင် ယခု မောင်နှမနှစ်ဦးကို အလယ်ချောင်းရွာအနီးတွင် ရိုက်နှက်မှုခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရိုက်နှက်မူတွင် နောက်ကွယ်က ပယောဂများ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိနေသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပါတ်သက်၍ ကင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဖြစ်ပေါ်ခဲ့ခြင်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။
ယခုအခါ သဘော့ချောင်းကျေးရွာထိပ်တွင် အမှုဖြစ်သည့်နေ့ကစ၍ ရဲကင်းစခန်းတစ်ခုကို ချထားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူဆောင်ရွက်ထားသည်။
အမှုစစ်ဆေးမှုပြီးဆုံးသည့်အခါ သက်သေခံအဖြစ် သိမ်းဆည်းထားသောတရားလို၏ ဆိုင်ကယ်ကို ပြန်လည် ထုတ်ပေးခဲ့ပြီးကျန်သက်သေများကိုစစ်ဆေးရန် (၄-၆-၂၀၁၄)နေ့တွင် ချိန်းဆိုလိုက်သည်။
ယနေ့တက်ရောက်လေ့လာသူများက စားဝတ်နေရေး အခက်အခဲဖြစ်နေသော တရားလို မောင်နှမများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ-ဘင်္ဂလာဒေခ်ျ့တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေးဝန်ကြီးပြောကြား

FM AH Mahmood Ali
(ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali)
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တင်းမာမူ လျှော့ကျသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali ပြောသည်။
ယမန်နေ့က ဒက္ကားမြို့ရှိ ဟိုတည် တစ်ခုဖြစ်သော Ruposhi Bangla တွင် ပြုလုပ်သော အခမ်းအနား တစ်ခုတွင် သူက ထိုကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ တင်းမာမူကတော့ လျှော့ကျသွားပြီး၊ နယ်စပ်မှာ နဂိုပုံမှန်ကို ပြန်ရောက်ဖို့ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များသို့ သူက ပြောဆိုသည်။
ယင်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့မှာ အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး အခုအခါ နှစ်နိုင်ငံအကြားအရေးပါတဲ့ ပြောင်းလဲမူများနှင့် အတူ နှစ်နိုင်ငံဆက်ဆံရေးအောက်တွက် နေရာများစွာမှာ အတူတကွ ပူပေါင်း ဆောင်ရွက်နေကြောင်း သူက ပြောကြားသည်။
ယင်းပြင် ဘင်္ဂလာဒေခ်ျ- တရုတ်- အိန္ဒိယ-မြန်မာ တို့ ပါဝင်သည့် (BCIM)  စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BIMSTEC တွင်လည်း မြန်မာနိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။
ကျနော်တို့အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်နေကြောင်း၊ ခင်ဗျားတို့လည်း ဒါကို လိုလားပါလိမ့်မယ်ဟု သူက သတင်းထောက်များတွေ့ဆုံစဉ် ထိုသို့ ပြောဆိုသည်။
ဇွန်လ (၉) ရက်နေ့တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) အကြီးအကဲ ညွှန်ချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နယ်စပ် ရေးရာ ကိစ္စများကို ဆွေးနွေးမည်ဟု သူက ဆိုသည်။
ယင်းပြင် ဇွန်လ (၁၉) ရက်နေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံခြားရေးရုံးအဆင့် ညှိနိုင်းရေးအဖွဲ့ဝင်များသည်လည်း ဒက္ကားမြို့တွင် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့အကြား နယ်စပ်တွင် တင်းမာမူ ဖြစ်ပေါ်ခဲ့ပြီး မေလ (၃၀) ရက်နေ့က အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တင်းမာမူ လျှော့ကျရေး သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးစားလာကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေငြိမ်သက်နေ

ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။
သို့သော် နယ်စပ်အခြေအနေမှာတင်းမာနေကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား ယမန်နေ့ (မေလ ၃၁ ရက်နေ့) နံနက်က မြန်မာဘက်က လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။
still-tensed-border
သို့သော်လည်း နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေကြသဖြင့် အထူးစိုးရိမ် ပူပန်နေကြပြီး ညဥ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ သွားအိပ်ကြသည်ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲသည်။
still-tensed-border
လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။
BGB_Naikkhangchari
သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့ ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင် ယမန်နေ့က ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့် ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြသနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင်သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ-ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ နယ်စပ်ပြဿ နာများအတွက် တွေ့ဆုံမည်

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်, တိုက်ခိုက်မှု, ရခိုင်ပြည်နယ်, မောင်တော, RSO , BGB
ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ တွေ့ရသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံ တပ်ဖွဲ့ဝင်များ နယ်စပ် မှတ်တိုင် (၅၂) အနီး ရိုက်ထားသော မှတ်တမ်း ဓာတ်ပုံ (ဓာတ်ပုံ – မြန်မာ့အလင်း)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း အပါအ၀င် နယ်စပ်ရေးရာ ပြဿနာများနှင့် ပတ် သက် ၍ နှစ်နိုင်ငံ အရာရှိများ ရခိုင်ပြည်နယ် မောင်တောမြို့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ ကွပ်ကဲရေးမှူး အဆင့်ရှိသူများက တက်ရောက်ကြမည် ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု မောင်တော ရဲစခန်း တာဝန်ရှိသူ က ပြောသည်။
မြန်မာ-ဘင်္ဂလား နယ်စပ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲမျာ၊ ပဋိပက္ခများနှင့် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး လက်နက် ကိုင်အဖွဲ့ (RSO) ကိစ္စတို့ကိုပါ အဓိကထား ဆွေးနွေး အဖြေရှာကြမည် ဖြစ်သည်။
ထို့အတူ နှစ်နိုင်ငံ အလံတင် အခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ မေလ ၂၈ ရက်က နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ် အဆင့်ရှိသူ တဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတင်း ထုတ်ပြန်ထားသည်။
အလားတူ မေလ ၁၇ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုနှင့် မြန်မာ နယ်ခြားစောင့်တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ကြရာ မြန်မာ ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာ အာဏာပိုင်များက မီဒီယာများကို ဖြေဆိုခဲ့သည်။
RSO အဖွဲ့သည် မြန်မာနိုင်ငံ အတွင်း နေထိုင်နေသည့် ဘင်္ဂါလီလူမျိုးများ၏ အခွင့်အရေး ရရှိရန် အတွက်ဟု ဆိုကာ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ ခိုအောင်း သွားလာ လှုပ်ရှားနေကြောင်း နိုင်ငံတော် သမ္မတ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် က ပြောခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ပြည်မြို့၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသများ၌ အစ္စလမ် ဘာသာဝင် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များသည် မူဂျာဟစ် အမည် များဖြင့် ၁၉၆၄ ခုနှစ်မှ စ၍ စတင်လှုပ်ရှားခဲ့ပြီး ၁၉၉၀ ၀န်းကျင်တွင် RSO အဖွဲ့အဖြစ် ပြန်လည် အသက်ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို RSO အဖွဲ့၏ လှုပ်ရှားမှုများသည် ၂၀၁၂ ခုနှစ်မှစတင်၍ ပြန်လည်တွေ့မြင်လာရကြောင်းလည်း သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ် က ဆိုသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, May 27, 2014

ပုဇွန်မွေးရန်ဆည်ဖို့ထားသောချောင်းကို အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖေါက်ချခဲ့သူ လယ်သမား(၈) ဦးတရားစွဲဆိုခံရ

Pauk-taw-si
ချောင်းကို ဖေါက်ချစဉ်က နိရဉ္စရာက ယခုလို မှတ်တမ်းတင်ထားခဲ့သည်။
စစ်အစိုးရလက်ထက်က ပုဇွန်မွေးမြူရန် ပိတ်ဆို့ဆည်ဖို့ထားခဲ့သော ပေါက်တောမြို့နယ်မှ မင်းဗာချောင်း (ခေါ်) ငပြီကြီးချောင်းကို မြို့နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖောက်ချခဲ့သူ လယ်သမား(၈)ဦးကို တရားစွဲဆို လိုက်သည်ဟု သတင်း ရရှိသည်။
ယင်းချောင်း၌ ပုဇွန်မွေးမြူနေသူ ဦးလှထွန်းဖြူမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ယင်းအမှုကို တာဝန်ယူ စစ်ဆေးနေသူ ပေါက်တောရဲစခန်းမှ ဒုရဲအုပ်မောင်အေးမှ အတည်ပြုပြောကြားသည်။
“ အကျိုးစီးပွားပျက်စီးစေမူနဲ့  စစ်တပ်က ဌားရမ်းပြီး ပုဇွန် မွေးမြူရေးလုပ်နေတဲ့ စစ်တွေမြို့၊ ဓည၀တီ ရပ်ကွက်က ဦးလှထွန်းဖြူက လွန်ခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က တရားစွဲတာပါ။  ပေါက်တောရဲစခန်းက အမူအမှတ်  ပ-၅၁/၂၀၁၄၊ ပုဒ်မ-၄၂၇၊၄၄၇ နဲ့ လက်ခံပြီး လယ်သမား(၈)ဦးကို စစ်ဆေးနေပါတယ်” ဟု သူက ပြောသည်။
အများပြည်သူများ အသုံးပြုနေသော မင်းဗာချောင်း(ခေါ်) င/ပြီကြီးချောင်းအား လွန်ခဲ့သော နှစ်ပေါင်း (၁၀) ကျော်က အမှတ်(၈၁၈) ဆက်သွယ်ရေးတပ်ရင်းမှ တပ်ရင်းရန်ပုံငွေရရှိရေး rအတွက်ဟုဆိုကာ စီးပွားရေးလုပ်ရန် သိမ်းယူ သွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် စစ်တပ်က ယင်းချောင်းအား ပိတ်ဆို့ပြီး စီးပွားရေးသမားများကို ပုဇွန်လုပ်ကိုင်ရန် ဌားရမ်းခဲ့သည်။ နောက်ဆုံး ပုဇွန်မွေးမြူးရေး လုပ်ကိုင်သူမှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ ဦးလှထွန်းဖြူ ဖြစ်သည်။
ယင်းချောင်းကို ပိတ်ဆို့ပြီး ပုဇွန် မွေးမြူခြင်းကြောင့် မိုးရာသီတွင် ယင်းချောင်း တစ်လျှောက်ရှိ လယ်မြေများ အတွင်းသို့ ဆားငန်ရေများ ၀င်ရောက်သဖြင့် လယ်ယာစိုက်ပျိုးရန် ခက်ခဲခြင်း၊ နွေရာသီတွင် ကျွဲနွား သောက်သုံးရေ အခက်အခဲရှိခြင်း၊ ဒေသခံပြည်သူများ သွားရေးလာရေး ခက်ခဲခြင်းများဖြစ်ပေါ်ခဲ့ကြရဟု သိရသည်။
သို့အတွက် ယင်းချောင်းကို ဆည်ဖို့ထားခြင်းအား ဖောက်ချပေးရန် အနီးအနား ကျေးရွာများရှိ ဒေသခံပြည်သူများမှ တောင်းဆိုမူများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။
သို့အတွက် အရပ်သား အစိုးရတက်လာသောအခါ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် လွန်ခဲ့သောဧပြီလ (၁) ရက်နေ့က ရွာသားများက ယင်းချောင်းကို ပြန်လည် ဖောက်ချခဲ့သည်ဟု သိရသည်။
ယင်းချောင်းကို ဖေါက်ချစဉ်က ပေါက်တောမြိုနယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်းဌာန ဦးစီးမှူး၊ မြို့နယ် မြေတိုင်းဌာန ဦးစီးမှူးတို့ကပါ လိုက်ပါကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
အစိုးရတာဝန်ရှိသူများ ကိုယ်တိုင်ပါဝင်ပြီး ချောင်းကို ဖေါက်ချခြင်း ဖြစ်ကြောင်း၊ ဖေါက်ချစဉ် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေခဲ့ကြောင်း၊ သို့သော်လည်း နောက်ဆုံးတွင် လယ်သမား (၈) ဦးကို အကျိုးဖျက်ဆီးမူဖြင့် ဦးလှထွန်းဖြူက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကို ရဲက အမူလက်ခံပြီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံရသူများ အထဲမှ တစ်ဦးဖြစ်သူ ဦးအောင်ကျော်မင်းက ပြောသည်။
“ကျွန်တော်တို့ကို ချောင်းဖောက်တဲ့နေရာမှာ ဘယ်လိုအစီအစဉ်နဲ့ဖောက်သလဲဆိုပြီး ရဲက စစ်ဆေးပါတယ်။ မြို့နယ်အုပ်ချုပ်ရေးဌာန အပါအဝင် ဌာန(၅) ခုနဲ့ ကျွန်တော်ကိုယ်တိုင် သူတို့နောက်က လိုက်ခဲ့ပြီး တဲတွေကို ခုတ်တယ်၊ ဖျက်ဆီးတယ်လို့  ကျွန်တော်တို့ကို စွပ်စွဲပါတယ်။ ကျွန်တော်တို့က အဲဒီတဲနားကိုတောင် မကပ်ခဲ့ပါဘူး။ ကျွန်တော်တို့ အဲ့ဒီနေ့က နံနက်(၈)နာရီ (၁၅)မိနစ်လောက်မှာ ဌာနဆိုင်ရာတွေနဲ့အတူ ချောင်းဖောက်ဖို့ ဆင်းခဲ့ကြပါတယ်။ ချောင်းဖေါက်ချပြီး ကျွန်တော်တို့ကို (၁၁)နာရီကျော်လောက်မှာ ဌာနဆိုင်ရာတွေက ရွာကိုပြန်ခေါ်လာပါတယ်။ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ခဲ့ပါဘူး” ဟုဆိုသည်။
ဦးလှထွန်းဖြူမှ လယ်သမား (၈) ဦးအား တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်က ဖိအားတစ်ခုခု ရှိနိုင်ကြောင်း၊ သို့အတွက် အစိုးရတာဝန်ရှိသူများ ကိုယ်တိုင် ကြီးကြပ်ပြီး ဖေါက်ချခဲ့ပါလျှက် လယ်သမား (၈) ဦးကို တရားစွဲခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ပေါက်တောဒေသခံ တစ်ဦးက ပြောသည်။
ယင်းတရားစွဲဆို စစ်ဆေးခံနေရသူများမှာ – (၁) ဦးအောင်ကျော်ညွှန့်(ဘ)ဦးစိန်မောင်/ကျောက်ဆိပ်ကျေးရွာ (၂) ဦးအောင်ကျော်မင်း (ဘ)ဦးအောင်ကျော်ဇံ/ကျောက်ဆိပ်ကျေးရွာ (၃) ဦးစံရွှေမောင်(ဘ)ဦးလုံးမောင်/ ကျောက်ဆိပ်ကျေးရွာ (၄) ဦးထွန်းအောင်ကျော်(ဘ)ဦးသာအောင်/တောင်ညိုကျေးရွာ (၅)ဦးမောင်သိန်းလှ(ဘ) ဦးမောင်ထွီးဖြူ/တောင်ညိုကျေးရွာ (၆)ဦးသာစိန်အောင်(ဘ)ဦချစ်ထွန်းဦး/ အနောက်ပိုင်းရပ်ကွက် (၇)ဦးသောင်းထွန်းအောင် (ဘ)ဦးသာရ/ဘ၀မ်းချောင်းဝစုရပ်ကွက် (၈) ဦးအောင်စိုး(ဘ) ဦးလှသိန်းကျော်/ ဘဝမ်းချောင်းဖျားစု ရပ်ကွက် တို့ဖြစ်ကြကြောင်း ပေါက်တောရဲစခန်းက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ်ခတ်မှု ရဲတပ်သား ၄ ဦး ကျဆုံး

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်, ရဲတပ်ဖွဲ့ဝင်, တိုက်ပွဲ, ဘူးသီးတောင်, မောင်တော, ရခိုင်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တာဝန် ထမ်းဆောင်နေသော ရဲဝန်ထမ်း တဦးကို ၂၀၁၂ ခုနှစ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မေလ ၁၇ ရက်က အပြန်အလှန် ပစ်ခတ်မှုကြောင့် မြန်မာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးကြောင်း သိရသည်။
“မေလ ၁၇ ရက်နေ့ တိုက်ခိုက်မှုမှာ တပ်သား ၄ ဦး ကျဆုံးပြီး ဒုရဲအုပ် တဦး ဒဏ်ရာ ရပါတယ်၊ ၂ ဦး ပျောက်နေတာတော့ ပြန် တွေ့ပါပြီ၊ ကျဆုံးတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုလည်း ပြန်ရပါတယ်၊ ဒီနေ့ အခြေအနေကတော့ အေးအေး ဆေး ဆေးပါပဲ”ဟု မောင်တော ခရိုင် ရဲတပ်မှူးရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တာဝန် ယူထားသည့် လုံထိန်း ရဲ တပ်ဖွဲ့ဝင်များသည် မိုင်တိုင် အမှတ် ၅၂ အနီး ၀န်းကျင်၌ ကင်းလှည့်နေစဉ် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည့် RSO (Rohingya Solidarity Organization ) အကြမ်းဖက် အဖွဲ့ဝင် အင်အား ၆၀ ၀န်းကျင်က ခြုံခို တိုက်ခိုက်မှုကြောင့် မြန်မာ ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နယ်စပ် တလျှောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပြင် ဒေသဆိုင်ရာ စစ်တပ်ကပါ တာဝန်ယူ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် တည်ငြိမ်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်ကလည်း ဧရာဝတီကို ပြောသည်။
“ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးဖို့ အစီအစဉ် မရှိသေးပါဘူး၊ နယ်စပ် ဒေသေတွေမှာက ဘယ်နယ်စပ်ပဲ ဖြစ်ဖြစ် ဒီလိုဖြစ်လေ့ ရှိပါတယ်၊ အခု ဖြစ်နေတာလည်း ဘယ်အဖွဲ့နဲ့ ဆိုတာ ကျနော်တို့ တိတိကျကျ ပြောလို့ မရသေးပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
မေ ၁၇ ရက်က တိုက်ခိုက်မှုများကြောင့် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များမှာ တပ်သား သီဟအောင်၊ လှမင်း၊ မင်းထွေး၊ နေလင်း စိုးတို့ ဖြစ်ပြီး၊ ဒဏ်ရာ ရရှိခဲ့သည့် ဒုရဲအုပ် နွေဦးမောင်မှာ မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
အလားတူ မေလ ၁၃ ရက်က နယ်ခြား မှတ်တိုင် အမှတ် ၃၉ အနီး အပြန်အလှန် ပစ်ခတ်မှုကြောင့် အကြမ်းဖက် အဖွဲ့မှ လူ ၂ ဦး သေဆုံးခဲ့သည်ဟု သိရှိရကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ရွှေသန်းက ဧရာဝတီကို ပြောသည်။
ယင်းအကြမ်းဖက် လက်နက်ကိုင် အဖွဲ့အား မည်သည့် အဖွဲ့ဟု အတိအကျ မပြောနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် အုပ်စုမှာ RSO  အဖွဲ့သာ ရှိကြောင်း ဒုရဲမှူးကြီး ရွှေသန်းက ဆက်ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ခြံစည်းရိုး ကာရံနေသည့် တပ်ဖွဲ့ တချို့နှင့် နယ်ခြားစောင့် လုံထိန်း တပ်ဖွဲ့တို့က သက်ဆိုင်ရာ စခန်း အလိုက် တာဝန် ယူထားခြင်း ဖြစ်ပြီး စခန်း တခုလျှင် လူ ၇ ဦး ၀န်းကျင်သာ ရှိကြောင်း သိရသည်။
မောင်တော နယ်စပ် ဒေသတွင် တာဝန်ယူထားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ရက်တိုသင်တန်း တက်ရောက်ပြီး တာဝန် ထမ်းဆောင် နေကြရသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် စစ်ရေး တိုက်ခိုက်မှု အတွေ့အကြုံ မရှိသည့် အပြင် ၎င်းတို့ ကိုင်ဆောင်ထားသည့် လက်နက်များမှာလည်း အရည်အသွေး ညံ့ကြောင်း၊ ယင်းအခြေအနေများကြောင့် တိုက်ပွဲ ဖြစ်ပါက လုံထိန်း ရဲတပ်ဖွဲ့တို့၏ အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း မောင်တော ဒေသခံများက ပြောဆိုသည်။
(ဤသတင်းအား ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်)