
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဓိက လမ်းမကြီးအား
ယခင်ကွန်ကရစ်လမ်းအဖြစ်ရှိနေရာမှ ယခုအခါ နိုင်လွန် ကတ္တရာခင်းပြီး
အဆင့်မြှင့်တင်နေသည်ဟု သိရသည်။
ယင်းနိုင်လွန် ကတ္တရာလမ်းခင်းမှုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းက စတင်
ဆောင်ရွက်ခဲ့သည်။ စစ်တွေလမ်းမကြီး စတင်လမ်းခင်းသည့်နေ့တွင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်ဟု
သိရသည်။
အစပိုင်းတွင် နိုင်လွန်ကတ္တရာလမ်းခင်းရာတွင် အသုံးပြုသော စက်ယန္တရားများ ချွတ်ယွင်းမှုတို့ကြောင်း ခေတ္တ ရပ်နားခဲ့ရသည်။
ယင်းချွတ်ယွင်းစက်များကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း
တွင်မူ
နိုင်လွန်ကတ္တရာ လမ်းခင်းမှု ပိုမိုချော့မွေ့ လျင်မြန်လာပြီးဖြစ်ကြောင်း
စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က
နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ကျွန်တော်တို့ နိုင်လွန်ကတ္တရာခင်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေကို
ကားတွေနဲ့ သင်္ဘောတွေနဲ့ အဆင်ပြေသလိုမျိုး သယ်ယူလာရတယ်။ အဲဒီလို
သယ်ယူလာတဲ့အခါမှာ အဲဒီဟာတွေရဲ့ ပစ္စည်းတစ်ချို့ ချွတ်ယွင်းသွားတဲ့အတွက်
စက်ပစ္စည်း ကရိယာတွေကို ပြန်ပြင်ခဲ့ရပါတယ်။ အခု ဒီစက်ယန္တရားတွေကို
ထုတ်လုပ်တဲ့ XCMG ကုမ္ပဏီက ကျွမ်းကျင်အင်ဂျင်နီယာ တရုတ်လူမျိုးကိုယ်တိုင်
လာရောက်ကြီးကြပ် စောင့်ကြည့်ပြီး အဆင်ပြေချောမွေ့အောင်
လုပ်ဆောင်ပေးနေပါတယ်”ဟု ဦးတင်မောင်မြင့်က ပြောသည်။
နိုင်လွန် ကတ္တရာခင်းရာတွင် လာရောက်စောင့်ကြည့် ကြီးကြပ်နေသော
တရုတ်လူမျိုး အင်ဂျင်နီယာသည်နိုင်လွန်ကတ္တရာ လမ်းခင်းရာတွင် အသုံးပြုနေသော
စက်ယန္တရားများကို ထုတ်လုပ်သည့် XCMG ကုမ္ပဏီမှဖြစ်ပြီး နာမည်မှာ DING WGN KE
ဖြစ်ကြောင်း သိရသည်။
ယင်း XCMG ကုမ္ပဏီသည် တရုတ်ပြည်၌ စက်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသော
ကုမ္ပဏီတစ်ခု ဖြစ်ပြီး လုပ်သား ၄၀၀၀၀ ရှိသည်ဟု ယင်းတရုတ်အင်ဂျင်နီယာက
ပြောသည်။
ယခုစစ်တွေမြို့ လမ်းမကြီး နိုင်လွန်ကတ္တရာခင်းရာတွင်
အသုံးပြုနေစက်ယန္တရားများမှာ ကတ္တရာသယ်ရန် ထရပ်ကား ၇ စီး၊ Road paper
ကားတစ်စီး၊ Two Wheel ကားတစ်စီး နှင့် တာယာရိုလာ ကားတစ်စီးပါဝင်ကြောင်း
သိရသည်။
စုထူးစံကုမ္ပဏီသည် စစ်တွေမြို့ စည်ပင်သာယာရေးအတွက်
ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရာတွင် စစ်တွေမြို့လမ်းမကြီးနှင်
ဝေသာလီလမ်း၌ နိုင်လွန်ကတ္တရာခင်းခြင်းအပြင် ဘီလူးမချောင်း
ရေလားရေလာကောင်းရေးနှင့် ကမ်းနားလမ်းတစ်လျှောက် ဆည်ဖို့ပြီး လှိုင်းကာများ
ဆောက်လုပ်ခြင်းများကိုပါ တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။

စုထူးစံကုမ္ပဏီတွင် အင်ဂျင်နီယာ ၂၀၀ ဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများ
ကို
လုပ်ဆောင်နေရာတွင် ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်ပါ လုပ်ဆောင်လျှက်ရှိပြီး
ရခိုင်ပြည်နယ်ရှိ လမ်းတံတားဆောက်လုပ်ရာ၌ အင်ဂျင်နီယာ ၇၀ ဦးကို
အသုံးပြုနေကြောင်းသိရသည်။
“စုထူးစံ ကုမ္ပဏီအနေနဲ့ လမ်းတံတားတွေကို ရခိုင်ပြည်နယ်မှာ
ဆောက်လုပ်တဲ့အပိုင်းမှာ လှူတာတွေရှိပါတယ်။ အမြတ်အစွမ်းအပိုင်းကို
မကြည့်ပါဘူး။ လမ်းတံတား ကောင်းမွန်ဖို့နဲ့ တာရှည်ခံဖို့အတွက်
လုပ်ပေးနေတာပါ။ အခု စစ်တွေမြို့လမ်းမကြီးပေါ်မှာ ခင်းနေတဲ့ နိုင်လွန်ကတ္တရာက ၂
လက်မခွဲထူပြီးတော့ သတ်မှတ်ထားတဲ့ ခံနိုင်ရည် တန်ချိန်အတိုင်း ကားတွေကို
အသုံးပြုမယ်တိုရင် အနည်းဆုံး နှစ်ပေါင်း ၃၀ အထိ အာမခံချက် ရှိပါတယ်”ဟု
စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က
နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စစ်တွမြို့ စည်ပင်သာယာ လှပရေးအတွက် ယခုလက်ရှိအကောင်အထည်ဖေါ်
လုပ်ဆောင်နေသော လုပ်ငန်းများမှာ စုထူးစံကုမ္ပဏီက
လက်ရှိတာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းများအပြင် ဆတ်ရိုးကျချောင်း တူးခြင်း၊
ဆတ်ရိုးကျချောင်းဘဲ ရေကာတံတိုင်း တည်ဆောက်ခြင်း၊ ဆတ်ရိုးကျကိုဖြတ်၍
အဆင်မြင့်တံတား တစ်စင်း တည်ဆောက်နေခြင်း၊ စစ်တွေမြို့ပတ်လမ်းကို
ဖေါက်လုပ်နေခြင်းတို့ ဖြစ်ကြောင်း လေ့လာသိရှိရသည်။
စစ်တွေမြို့တော် စည်ပင် သာယာလှပရေးအတွက် စီမံကိန်းကို
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာတွင်
စစ်တွေမြို့ လမ်းမကြီးနှင့် ဝေသာလီလမ်း တစ်လျှောက်ကို
နိုင်လွန်ကတ္တရာခင်းမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း
က ၂၀၁၄ ခုနှစ် စတင်ဘာလတွင် တရားဝင် ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စစ်တွေမြို့တော်စည်ပင်သာယာ
လှပရေးအတွက် အပန်းဖြေခေတ်မီ ဥယျာဉ်နှစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊
လူများမလာချင်သည့် စစ်တွေမြို့ကို မြန်မာနိုင်ငံတွင် လူအလာချင်ဆုံး
မြို့တစ်မြို့ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု အခမ်းအနားများတွင်
မကြာခဏပြောကြားခဲ့သည်။
ယခင်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တွေမြို့သို့
ကမ္ဘာလှည့်ခရီးသွားများ ယခင်နှစ်များထက် လာရောက်လည်ပတ်မှု ရှိလာသည်ဟု
စစ်တွေမြို့ခံများက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)