Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Thursday, January 29, 2015

အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ စစ်တွေတွင် ကျင်းပ

အထက အာစရိယ ပူဇော်ပွဲ
အထက (၂)အာစရိယ ပူဇော်ပွဲ
နော်မံနှင့် အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနားတစ်ခုကို ဇန်န၀ါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစု ရပ်ကွက်ရှိ အထက (၂) တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၅ ခုနှစ် နော်မံနှင့် အထက (၂) ကျောင်းသား/သူ ဟောင်းများ၏ (၁၁) ကြိမ်မြောက် အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက (၂) နှင့် ရန်ကုန်မြို့တွင် ဓည၀တီ ရခိုင်ဘုန်းတော်ကြီးကျောင်း၌ နှစ်နေရာခွဲ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် အပူဇော်ခံ ဆရာ/ဆရာမ ၄၆ ဦးအနက် ၄၀ ဦးက လာရောက်အပူဇော်ခံယူခဲ့ပြီး၊ ရန်ကုန်မြို့တွင် အပူဇော်ခံ ဆရာ/ဆရာမ ၄၆ ဦးရှိရာ ၄၃ ဦးက လာရောက်အပူဇော်ခံခဲ့ကြကြောင်း သိရသည်။
ထိုသို့ပူဇော်ရာတွင် အသက် ၇၀ မှအထက်ကို ၁၈၀၀၀၀ ကျပ်၊ ၆၉ နှစ်နှင့်အောက်ကို ၁၅၀၀၀၀ ကျပ် ပူဇော်ခဲ့ကြကြောင်းသိရှိရသည်။ စစ်တွေမြို့တွင် စုစုပေါင်းကောက်ခံရှိငွေ ၁၀၂-သိန်းကျော်ရှိပြီး၊ ရန်ကုန်မြို့တွင် သိန်း ၁၂၀ ကျော် ရှိကြောင်း သိရသည်။
ဆရာ ဆရာမများသည် ကောင်းသုံးကောင်းနှင့် ပြည့်စုံဖို့ လိုအပ်သည်ဟု ဆရာဦးကျော်အေးက အပူဇော်ခံ ဆရာ ဆရာမ များကိုယ်စား ပြောကြားခဲ့သည်။
“ဆရာ ဆရာမ တွေဟာ ကောင်း ၃ ကောင်းနဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်။ (၁) မိမိကိုယ်ကို ကောင်းအောင်နေ၊ ကောင်းအောင်စီမံ၊ စိတ်ချမ်းသာအောင် နေနိုင်ဖို့အတွက် မိမိဝါသနာပါတဲ့ဟာ တစ်ခုကို လိုက်လုပ်ပြီး အနားယူကာ ကျန်းမာရေးကောင်းအောင် လုပ်ရပါမယ်။ (၂) မိမိလုပ်တဲ့ အလုပ်ကို တန်ဖိုးထားပြီး အလုပ်ကိုကြိုးစားကာ အောင်မြင်မှုတစ်ခုရအောင် လုပ်ရပါမယ်။ (၃) စိတ်ကောင်းထားပြီး သူများကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်ရပါမယ်” ဟု ဆရာဦးကျော် အေးက ပြောသည်။
အပူဇော်ခံ ဆရာမ တစ်ဦးဖြစ်သူ ဆရာမ ဒေါ်မြသန်းရွှေကလည်း “ဒီနေ့ ဆရာမ မသေသေးလို့ ကိုယ့်တပည့် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ပြန်ဆုံရတာ ရေထိပန်းလို လန်းဆန်းသွားပါတယ်။ မိုးရာသီမှာ အမိုးအကာ မလုံလို့ ထီးဆောင်းပြီး စာပြခဲ့ရတာကိုလည်း အမှတ်ရနေပါသေးတယ်”ဟု ပြောသည်။
စစ်တွေမြို့ အထက (၂) တွင် (၇၅-၇၆) ခုနှစ်က ဆယ်တန်းအောင်ခဲ့သူ ကျောင်းသားဟောင်း ဦးကျော်သန်းလှိုင်ကလည်း သူနှင့် ကျောင်းတက်ဘက် ဗွီဒီယို ကင်မရာဆရာ တစ်ဦးတည်းကိုသာ တွေ့ရပြီး ကျန်သည့် သူငယ်ချင်းဟောင်း တစ်ယောက်ကိုမျှ မတွေ့ရ၍ စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားသည်။
မိမိ၏ ကျောင်းသူကျောင်းသား ဟောင်းများနှင့် ပြန်ဆုံခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း မီဇံရပ်ကွက် မူလတန်းကျောင်တွင် စာပြနေသော မပန်းဦးသဇင်ဝေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အထက (၂) ကျောင်းသည် အတန်းပညာကိုသာမက မိမိအတွက် အသက်မွေးဝမ်းကျောင်း ပညာအတွက်ပါ အထောက်အပံ့ရစေခဲ့သည်ဟု အထက (၂) ကျောင်းသူဟောင်း ANP ပါတီ ဒုဥက္ကဌ ဒေါ် အေးနုစိန်က ပြောသည်။
SHS-2--1
“အထက (၂) မှာ ၅ တန်းကနေ ၁၀ တန်းထိ နေခဲ့ပါတယ်။ စာပေ၀ါသနာကို အရောင်တင် ပေးခဲ့ပါတယ်။ စာစီစာကုံး ဟောပြောပွဲ ပြိုင်ပွဲတွေကို ကျောင်းတွင်း၊ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ဖူးပြီး ပထမ ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒီကျောင်းက စာရေးဆရာတွေ အများကြီး မွေးထုတ်ပေးခဲ့ပါတယ်။ မိမိအတွက် အတန်းပညာသာမက အသက်မွေးဝမ်းကျောင်းအတွက်ပါ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အသက်ရှင်နေသမျှ ဒီကျောင်းကြီးကို မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
မိမိကာတွန်းဆရာဖြစ်အောင် ဆရာမောင်သန်းအေးက နည်းပြ တိုက်တွန်းခဲ့ကြောင်း ပန်းချီ၊ ကာတွန်း ၀င်ပြိုင်ခဲ့ရာမှ ကာတွန်းဆရာ တစ်ယောက်ဖြစ်လာကြောင်း ကိုတက်သစ်အောင်က ပြောသည်။
အာစရိယ ပူဇော်ကန်တော့ပွဲကို မွန်းလွဲ ၁ နာရီကျော်တွင် စတင်ပြီး၊ ညနေ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း၊ အခမ်းအနားသို့ လူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်အဆိုတော် ကိုမောင်ကိုကို၊ မချိုချိုနှင့် အထက (၂) မှ ၈ တန်းကျောင်းသူ အဆိုတော် မဒိုးကလေးတို့ကလည်း ဆရာ ဆရာမ များအားဂုဏ်ပြု သီချင်းများ သီဆို ဖျော်ဖြေခဲ့ကြသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

ဒေ၀ူးက ကူညီတဲ့ကျောင်း သံထည်နဲ့ဆောက်၍ ဒေသခံတွေ ကန့်ကွက်

မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာတွင် ဒေ၀ူး (Daewoo) ကုမ္ပဏီက လှူဒါန်းသော ကျောင်းကို သံထည်ဖြင့် တည်ဆောက်နေသဖြင့် ဒေသခံတွေက ကန့်ကွက်လိုက်သည်ဟု သတင်း ရရှိသည်။
ယင်းကျောင်းကို  ဆောင်းဟေမာန် ကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်ပြီး အလျားပေ ၈၀၊ အနံပေ ၃၀ ရှိသော တစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
သံနဲ့ မဆောက်လုပ်ရန် ကျေးရွာသားတွေက ဇန်န၀ါရီလ ၁၃ရက်နေ့က တားမြစ် ကန့်ကွက်ထားကြောင်း ကျေးရွာ လူကြီးတစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ရီကပြောသည်။
“ ပင်လယ်နဲ့ နီးပြီး ဆားငန်းဓါတ်ရှိတဲ့ မြေဖြစ်တယ်။ ဒီလိုဒေသမှာ သံပါးပါးနဲ့ ဆောက်လုပ်ရင် တာရှည်မခံနိုင်ဘူး။ တစ်ခြား ဒေသမှာ ဆိုရင်တော့ဖြစ်နိုင်တယ်။ RC ကျောင်းဆောက်လုပ်မှ တာရှည်ခံနိုင်မှာဖြစ်တယ်။ ဒီလိုသံပါးပါးနဲ့ ဆောက်လုပ်မယ် ဆိုရင်တော့ ကျေးရွာက လုံးဝလက်မခံနိုင်ဘူး။ ခေါင်းမိုးမှာသံနဲ့ဆိုရင်တော့ လက်ခံနိုင်ပါတယ်။ လုပ်ငန်း ပြီးစီးတဲ့ အခါမှ ပြောလို့ အဆင်မပြေနိုင်ဘူး။မပြီးစီးခင် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်အောင် ကြိုတင်ပြီး တားမြစ် ထားရတာ ဖြစ်တယ်” ဟု ပြောသည်။
စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာလက ဒေ၀ူး ကုမ္ပဏီက တာဝန်ရှိသူများ မြေနေရာကို လာကြည့်ခဲ့သည်။  စာသင်ကျောင်းဆောက်လုပ်ရန် ကန်ထရိုက်ရထားသော ဆောင်းဟေမာန်ကုမ္ပဏီမှ ဒီဇင်ဘာ ၁၈ ရက်နေ့က ကျောင်းကို စတင်ဆောက်လုပ်သည်ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။
မလကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ယဉ် ကတော့ “ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ကျောင်းဆောက် လုပ်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်ပါတယ်။ ဒေ၀ူး ကုမ္ပဏီက ကျောင်း ၃ကျောင်း လှူမယ်။ မလကျွန်း၊ စစ်တော၊ ဂုံးချိန် ၃ ကျောင်းဖြစ်ပါတယ်။ သံနဲ့ ဆောက်လုပ်ဖို့ ပြောတယ်။ ဒေ၀ူးကုမ္ပဏီက တာဝန် ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆောက်လုပ်မယ့် ကျေးရွာအုပ်စု ၃ခုက အုပ်ချုပ်ရေးမှူး တွေ တက်ရောက်ကြတယ်။ နောက်ပိုင်းမှာမှ ကျောင်းကို သံနဲ့ ဆောက်မှာကို သဘောမတူတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်” ဟုပြောသည်။
IMG_20150119_111019
ဆောင်းဟေမာန်ကုမ္ပဏီမှ လက်ထောက်မန်နေဂျာဦးသန်းဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ သံထည်ဖြင့် ဆောက်လုပ် နေသည်မှာ ဒေ၀ူးကုမ္ပဏီ၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း ပြောဆိုသည်။
“ ဒေ၀ူး ကုမ္ပဏီက မလကျွန်းမှာ စာသင်ကျောင်းဆောက်ဖို့အတွက် လှူတာဖြစ်တယ်။ ဒေ၀ူး ကုမ္ပဏီက သံနဲ့ဘဲ ဆောက်ခိုင်းတာပါ။ ရွာသားတွေက ဒေသ ရာသီဥတုနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်တာဖြစ်ပါတယ်။  ကျနော်တို့က ဒေ၀ူး ကုမ္ပဏီရဲ့ ညွန်ကြားချက်အတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ ကျနော်တို့ နဲ့မဆိုင်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရွာသားများ၏ ကန်ကွက်မှုကြောင့် ကျောင်းဆောက်လုပ်ရေးကို ယာယီရပ်ဆိုင်းထားရသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောင်းသားစုံညီပွဲတော် စစ်တွေမြို့၌ကျင်းပ

DSC02013
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းသားစုံညီပွဲတော်ကို ဇန္န၀ါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကျောင်းသားစုံညီပွဲတော်တော်တွင် ထူးချွန်ကျောင်းသားများနှင့် ဆရာဆရာမများကို ဆုတံဆိပ်များ၊ ဂုဏ်ပြု လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။
ပျော်ပွဲရွှင်ပွဲအဖြစ်ထုပ်ဆီးတိုးပွဲ၊အထုတ်သတ်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ပြီး ကျောင်းသူကျောင်းသားများက ဖျော်ဖြေမှု များကိုလည်း ပြုလုပ်ခဲ့သည်။
ကျောင်းသားများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ရာတွင် ကျပန်းပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ၀တ္ထုပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား/ကျောင်းသူများ၊ ဘက်စုံ ထူးချွန် ကျောင်းသူ ကျောင်းသားများ၊ မသန်မစွမ်းပြိုင်ပွဲတွင် ဆုရကျောင်းသားများနှင့် ဂျပန်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သောကျောင်းသူ၊ ကျောင်းသား များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင်ရခိုင်တပြည်နယ်လုံးတွင်မူလတန်းအဆင့်၊အလယ်တန်းအဆင့်၊အထက်တန်းအဆင့် ကျောင်းအလိုက် ပထမ၊ ဒုတိယ၊တတိယရရှိသောကျောင်းများမှ ဆရာ၊ ဆရာမများကိုလည်းဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင့်သိရသည်။
အလယ်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲတွင် အလက ၉ မှ ပထမ၊ အထက ၆ က ဒုတိယ၊ အလက (ခွဲ) ကျေးတောကျောင်းက တတိယ၊ မူလွန်ပြည်တော်သာကျောင်းက အထူးဆုကိုရရှိခဲ့သည်ဟု သိရသည်။
မူလတန်းအဆင့်တွင် ဘောင်းဒွတ်သားစုက ပထမ၊ ရွာကြီးတောင်က ဒုတိယ၊ ရူပမြောက်ကတတိယ အသီးသီးရရှိခဲ့ကြသည်။ မူလတန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲများကိုယခင်နှစ်များတွင် ကျင်းပခဲ့ခြင်းမရှိပဲ ယခုနှစ်မှာမှ ထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
၅ တန်းမှ ၇ တန်းအဆင့် အထုပ်သတ်ပွဲတွင် ရွာကြီးတောင်ကပထမ၊ ကျောင်းတက်လမ်းက ဒုတိယအသီးသီး ရရှိသွားကြောင်း သိရသည်။
ဖျော်ဖြေရေးအစီအစဉ်များတွင်အလက(၆)ကပိုးဝါယိမ်းအက၊ ကျောင်းကြီးလမ်းအမကက မောင်ရွှေရိုးမှာလည်းအသဲနဲ့ပါ အပါအ၀င်အခြားအကများဖြင့်လည်းကျောင်းသူ၊ ကျောင်းသားများက ဖျော်ဖြေခဲ့ကြသည်။
၎င်းကျောင်းသားစုံညီပွဲတော်ကို နံနက်ပိုင်းတွင် ၈ နာရီမှ ၁၁ ထိ တစ်ကြိမ်နှင့် ညနေပိုင်းတွင် ၆ နာရီမှ ၈ နာရီခွဲခန့်ထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ပိုင်းခွဲ၍ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျောင်းသားစုံညီပွဲတော်ကို မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဇန္န၀ါရီလ ၁ရက်နေ့မှ ၃ ရက်နေ့ထိ ကျင်းပကြသော်လည်း ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အခြားခရီးစဉ်များနှင့် တိုက်ဆိုင်ခဲ့သဖြင့် ဇန္န၀ါရီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောသည်။
“ဒီမင်္ဂလာနှစ်သစ်မှာအဘအနေနဲ့ ဆုတောင်းပေးချင်ပါတယ်။ နောင်တစ်ခေတ်ရဲ့ သားကောင်းသမီးကောင်းဖြစ်တဲ့ သားတို့သမီးတို့ကို ဂုဏ်ပြုရင်းနဲ့ သားတို့သမီးတို့ နောင်တစ်ချိန်မှာ တိုင်းပြည်ကအားကိုးရတဲ့ သားကောင်းသမီးကောင်း၊ သမီးကောင်းဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပြုသအပ်ပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူကျောင်းသားများအတွက် နှစ်သစ်ဆုတောင်း ပေခဲ့သည်။
ယခုနှစ် ကျောင်းသားစုံညီပွဲတော်ကိုရပြည်နယ်အစိုးရလမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပညာရေးဌာနက ကြီးမှူးကျင်းပခဲ့သည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

ရခိုင်မှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသားများအား ကျပ်သိန်း ၃ဝ အထိ ဆုချီးမြှင့်မည်

ရခိုင်ပြည်နယ် အလွတ်သင်ကျောင်း တစ်ခုမှ ဆုပေးပွဲ အခမ်းအနား တစ်ခု (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အလွတ်သင်ကျောင်း တစ်ခုမှ ဆုပေးပွဲ အခမ်းအနား တစ်ခု (ဓါတ်ပုံ- နိရဉ္စရာ)
ယခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ အောင်မြင် သူများနှင့် ဂုဏ်ထူးရသူများအား ထိုက်တန်သော ဆုများ ပေးအပ်ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား တစ်ဦးလျှင် ကျပ် ၁ သောင်း ချီးမြှင့်ပေးမည်ဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရရှိလျှင် တစ်ဦးလျှင် ကျပ် ၁ဝ သိန်းမှ သိန်း ၃ဝ အထိ ချီးမြှင့်ပေးမည်ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဉ္စရာသို့ ဇန်နဝါရီ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။
“အောင်တဲ့သူမှန်သမျှကို တစ်သောင်းစီချီးမြှင့်မယ်။ ဂုဏ်ထူးရအောင်သင်ပေးနိုင်တဲ့ဆရာတွေကိုလည်း ဆုချီးမြှင့်ပေးမယ်။ ဘယ်လောက်ချီးမြှင့်ပေးမယ်ဆိုတာတော့ အတိအကျမသိသေးရဘူး။ ၆ ဘာသာဂုဏ်ထူး ထွက်တဲ့ သူတွေကို ဝန်ကြီးချုပ်က သီးသန့် ၁ဝ သိန်းကနေ သိန်း ၃ဝ အထိ အဲဒီကြားထဲမှာ ချီးမြှင့်မယ်လို့ ကျွန် တော်တို့ကို ပြည်နယ်အစိုးရက မနေ့က ဆက်သွယ်အကြောင်းကြားလာတယ်”ဟု ယင်းက ပြောသည်။
ဘာသာရပ် တစ်ခုမှ ၅ ဘာသာ အထိ ဂုဏ်ထူးရရှိသူ အသီးသီးကိုလည်း ဆုချီးမြှင့်ပေးမည်ဖြစ်သော်လည်း ယင်းတို့အား ချီးမြှင့်မည့် ဆုငွေပမာဏအတိအကျကိုမူ မသိရသေးဟု ဆိုသည်။
ယခုကဲ့သို့ ဆုချီးမြှင့်ရန်စီစဉ်ရခြင်းမှာ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေသည့် ရခိုင်ပြည်နယ်၏ တက္ကသိုလ် ဝင်တန်း အောင်ချက်ရာနှုန်းကို ယခုထက်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့် ပိုမိုကြိုးစား လိုသည့် စိတ်ရှိလာရန်အတွက်ဖြစ်ကြောင်း သိရသည်။
“အခုလိုဆုချီးမြှင့်ပေးလိုက်ရုံနဲ့ အောင်ချက်ရာနှုန်းမြင့်တက်လာမှာမဟုတ်ပါဘူး။  ကျောင်းသား၊ ကျောင်းသူတွေ ဘက်ကလည်း ကြိုးစားပေးရမယ်။ နောက်ပြီး ဆရာ၊ ဆရာမတွေအနေနဲ့လည်း အားကြိုးမာန်တက် သင်ပြပေးရမယ်။ နောက်တစ်ခုက ကျောင်းသူ၊ ကျောင်းသားတွေလိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်း တွေကို လည်း အစိုးရက လုံလုံလောက်လောက်ချပေးဖို့လိုတယ်”ဟု စစ်တွေမြို့ရှိ ပုဂ္ဂလိက ဆရာများအသင်း ဥက္ကဋ္ဌ ဆရာဦးမြင့်သောင်းက သုံးသပ်ပြောသည်။
ပြီးခဲ့သည့်နှစ် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ရာနှုန်းမှာ ၁၈ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ဒုတိယ အနိမ့်ဆုံးအဆင့်သို့ ကျဆင်း သွားခဲ့သည်။ ရခိုင်ပြည်နယ်၏ အောက်တွင် ချင်းပြည်နယ်သာ ရှိသည်။
ယခင်က ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏အောင်ချက်ရာနှုန်းမှာ ၂၁ ဒသမ ၁၇ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ၂၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး မှ ထုတ်ပြန် ထားသည့် စာရင်းများအရ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 19, 2014

စစ်တွေရှိ ရိုးမအလင်း အခမဲ့ပညာသင်ကျောင်းတွင် အထက်တန်းအဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စာစီကုံး ပြိုင်ပွဲပြုလုပ်


 ပြိုင်ပွဲဝင် ကျောင်းသားများကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ရိုးမအလင်းအခမဲ့ပညာသင်ကျောင်း)
ပြိုင်ပွဲဝင် ကျောင်းသားများကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ရိုးမအလင်းအခမဲ့ပညာသင်ကျောင်း)
စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်တွင်ရှိသော ရိုးမအလင်းအခမဲ့ ပညာသင်ကျောင်းတွင်  ဒီဇင်ဘာလ ၁၅ ရက်နေ့က အထက်တန်းအဆင့် မြန်မာစာနှင့် အင်္ဂလိပ်စာ နှစ်ဘာသာ စာစီကုံး ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ရှိ ပုဂ္ဂလိကဆရာများအသင်းကဦးဆောင်ပြုလုပ်သည့် အဆိုပါပြိုင်ပွဲကို ယင်းနေ့တွင် နှစ်ပိုင်း ခွဲ၍ ပြုလုပ်ခဲ့ပြီး နံနက် ၈ နာရီမှ ၉ နာရီအထိ မြန်မာစာ ဘာသာဖြင့်၎င်း၊ ညနေ ၄ နာရီမှ ၅ နာရီအထိ အင်္ဂလိပ်ဘာသာဖြင့်၎င်း၊ ပြုလုပ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ၁၇၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
“အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားလေးတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာစာနဲ့အင်္ဂလိပ်စာစာစီစာကုံးအတွက် အထောက်အကူဖြစ်စေချင်လို့ ဒီပြိုင်ပွဲကို လုပ်ရတာပါ” ဟု အသင်းဥက္ကဋ္ဌ ဆရာ ဦးမြင့်သောင်းက ပြောသည်။
ပြိုင်ပွဲတွင် ရိုးမအလင်းအခမဲ့ပညာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအပြင် မြို့တွင်းရှိ အခြား စာသင်ဝိုင်းများမှကျောင်းသူ၊ ကျောင်းသားများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင် ဦးရေပေါင်း ၁၇၆ ဦးအထိရှိခဲ့ပြီး ယင်းအနက် နဝမတန်းကျောင်းသူ၊ ကျောင်းသား ၅ ဦးသာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
“ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရတဲ့အတွက် ဒီကျောင်းက ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ နောက် နှစ်တွေမှာလည်း ဒီလိုပြိုင်ပွဲတွေရှိရင် ဝင်ပြိုင်သွားဦးမှာပါ။ ပြိုင်ပွဲကျင်းပပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူး တင်ပါတယ်”ဟု ရိုးမအလင်းတန်းကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသားတစ်ဦးဖြစ်သူ မောင်ထွန်းထွန်းဝင်းက ဆိုသည်။
ယခုနောက်ပိုင်း မူလတန်းအဆင့်မှ အထက်တန်းအဆင့်ရှိကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် မြန်မာ ဘာသာနှင့် အင်္ဂလိပ်စာဘာသာတို့တွင် စာစီ စာကုံးရေးလေ့ရေးထမရှိဖြစ်လာနေသည့်အတွက် ယင်းအပိုင်း တွင် အားနည်းချက်များရှိလာနေကြောင်း ဦးမြင့်သောင်းက သုံးသပ်ပြောသည်။
“ရေးလေ့ရေးထမရှိတဲ့အခါကျတော့ စာရေးတဲအခါ သူတို့ပြောချင်တာတစ်မျိုး။ သုံးထားတဲ့အသုံး အနှုန်း ကတစ်မျိုး။ အဲလိုတွေဖြစ်နေကြတယ်။ တချို့ဆို ဒီပြိုင်ပွဲကိုတောင်မပြိုင်ရဲဘူး။ ကြောက်စိတ်တွေ လွှမ်းမိုးနေ တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကြဘူး။ ဒါတွေကို အခြေခံ အဆင့်ကနေ ဆရာ၊ ဆရာမတွေအနေနဲ့ ကြီးကြပ် ပြီး train လုပ်ပေးသင့်တယ်”ဟု သူက
ဆက်လက်သုံးသပ်ပြောဆိုသည်။
ယခုကျင်းပခဲ့သည့်စာစီကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအတွက် ဆုကြေးများအဖြစ် မြန်မာစာပထမဆု ကျပ် ၅ သောင်း၊ ဒုတိယဆု ကျပ် ၃ သောင်း၊ တတိယဆု ကျပ် ၂ သောင်းနှင့် နှစ်သိမ့်ဆု ၁ သောင်းဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။
contestအလားတူ အင်္ဂလိပ်စာဘာသာအတွက်လည်း ပထမဆု ကျပ် ၅ သောင်း၊ ဒုတိယဆု ကျပ် သောင်း၊ တတိယဆု ကျပ် ၂ သောင်းနှင့် နှစ်သိမ့်ဆု ၁ သောင်းဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။
ဆုရရှိသည့်ကျောင်းသူ၊ ကျောင်းသားများကို ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် စစ်တွေမြို့၊ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း၌ချီးမြှင့်ပေးသွားမည်ဟု သိရသည်။
ယခုပြိုင်ပွဲကို ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်ကာ နှစ်စဉ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆက်လက် ကျင်းပ နိုင်ရန်ကြိုးစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ စစ်တွေမြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား များ အပါအဝင် ပြည်နယ်တွင်းရှိ အခြားမြို့နယ်များမှ ကျောင်းသူ၊ ကျောင်းသား များလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင် သည်ဟုလည်း ဆရာ ဦးမြင့်သောင်းက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 12, 2014

စစ်တွေတက္ကသိုလ်သို့ သုံးဘီးအစား ကားများဖြင့် ပြောင်းလဲပြေးဆွဲမည်

three-weelerစစ်တွေတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်သို့ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ်များ နေရာတွင် ခေတ်မီ လူတင်ကား အသေးစားများဖြင့်ပြောင်းလဲပြေးဆွဲရန် ပထမအသုတ်အနေဖြင့် သုံးဘီးဆိုင်ကယ်အစီး ၅ဝ ကျော်သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း စစ်တွေမြို့နယ် သုံးဘီးဆိုင်ကယ် အသင်း ဥက္ကဋ္ဌ ဦးညွန့်မောင်က ပြောသည်။
“ပြောင်းလဲပြေးဆွဲမယ့် သုံးဘီး ဆိုင်ကယ်စီးရေ ၅၄ စီးစာရင်းကို ဒီလ ၈ ရက်နေ့က ဝန်ကြီးချုပ်ဆီတင်ပြလိုက်ပြီ” ဟု ဦးညွန့်မောင်က နိုဝင်ဘာ ၉ ရက်နေ့တွင် နိရဉ္စရာသို့ ပြောသည်။
မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်ဟုဆိုကာ စစ်တွေတွင်ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ်များနေရာတွင် Hi Jet နှင့် Suzuki စသည့် ကားအမျိုးအစားများဖြင့် အစားထိုးပြေးဆွဲနိုင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင် မောင်အုန်းက ယခုနှစ် သြဂုတ်လမှ
စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့စီစဉ်ရာတွင် စစ်တွေရှိသုံးဘီးဆိုင်ကယ်များအနက် စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ပြေးဆွဲနေကြသည့်
သုံးဘီးဆိုင်ကယ်များအား ပထမဦးစားပေးအဖြစ်ပြေးဆွဲရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သုံးဘီးဆိုင်ကယ်သမားများ၏ ပြောဆို ချက်အရ သိရသည်။
“ကားနဲ့ဆိုရင်တော့ ပိုပြီး safe ဖြစ်တာပေါ့”ဟု စစ်တွေတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာအထူးပြုကျောင်း သားတစ်ဦးက မှတ်ချက်ပြုသည်။
ပြောင်းလဲပြေးဆွဲမည့်ကားတစ်စီး၏ပျဉ်းမျှတန်ဘိုးမှာ ကျပ်သိန်း ၆ဝ ကျော်ရှိပြီး ပြည်နယ်အစိုးရက ကျပ်သိန်း ၁ဝ ကို သုံးဘီးသမားများအား ကူညီပံ့ပိုးပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုပြောကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကားတစ်စီးတန်ဘိုးရဲ့ ၂ဝ ရာခိုင်နှုန်းကို ပထမအသုတ်ပေးသွင်းရာမှာဖြစ်ပြီး ကျန်ငွေတွေကိုတော့ ၃၆ လ (၃နှစ်)အတွင်း အတိုးနှုန်းနဲ့ ပေးသွင်းရမယ်လို့ ဝန်ကြီးချုပ်က ပြောထားတယ်”ဟု သုံးဘီး သမားတစ်ဦးက ဆိုသည်။
သို့သော် တစ်လလျှင် အတိုးနှုန်းမည်မျှပေးရမည်ဆိုသည်ကို ဝန်ကြီးချုပ်က ယခုအချိန်ထိ သုံးဘီး သမားများအား ပွင့်ပွင့်လင်းလင်း ပြောကြားထားခြင်းမရှိသေးဟု သိရသည်။
စစ်တွေတွင် သုံးဘီးဆိုင်ကယ်စီးရေပေါင်း ၁ဝဝဝ ခန့်ရှိပြီး စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာ တက္ကသိုလ်၊ စစ်တွေမြို့တွင်းနှင့် မြို့တွင်းမှ ရေချမ်းပြင်၊ မြို့တွင်းမှ ပါဒလိတ်စသည့်နေရာများသို့ ပြေးဆွဲလျက် ရှိသည်။
ယင်းအနက် စစ်တွေတက္ကသိုလ်သို့ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ် ၁၂၁ စီးနှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ် ၇ဝ ခန့်ရှိကြောင်း သုံးဘီးဆိုင်ကယ်အသင်းထံမှ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, November 10, 2014

ဝန်ကြီးချုပ်ဖလား နပန်းပြိုင်ပွဲ စစ်တွေတွင် ပထမဆုံးအကြိမ် ကကွက်ဖေါ် မီးရောင်စုံများအသုံးပြုဖွင့်လှစ်

Naban
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖလား ပြည်နယ်နှင့်တိုင်း နပန်းအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့  ညနေ ၆ နာရီ အချိန်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီ အားကစားကွင်းတွင် မီးရောင်စုံထွန်းညှိကာ ကကွက်များ ဖေါ်၍ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့မှ တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမှ ရခိုင်ရိုးရာ ‘ ကျင်’ အားကစား အပေါ် ထုတ်ဖေါ် ချီးကျူးသွားပြီး ‘ကျင်’ အားကစားသည် နပန်းအားကစားကိုများစွာ  အထောက်အကူ ပြုစေနိုင်သည်ဟု ပြောကြားသွားသည်။
Naban1
“ရခိုင်ရိုးရာကျင်အားကစားသမားများသည် အပြည်ပြည်ဆိုင်ရာနပန်းအားကစားသမားများ အပေါ် များစွာ အထောက်အကူပြုစေနိုင်တဲ့ အတွက် ကျင်အားကစားသမားတွေကို ရွေးချယ်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
နပန်းအားကစားနည်းသည်  မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက မြန်မာ့ရိုးရာ နပန်းအားကစားနည်းဟူ၍ ထင်ရှားခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းရှိမှု၊ လျင်မြန်ပါးနပ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းကမ်းရိုသေလိုက်နာမှု စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် နပန်းအားကစားနည်းမှာ မြန်မာနိုင်ငံအတွင်းရှိ အခြား တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း တွင်ကျယ်စွာ ကစားလျက်ရှိနေသည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာကျင်ပွဲမှာ အထင်ရှားဆုံးနှင့် ယနေ့တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြောင်း၊ သို့အတွက်ကြောင့်  ရခိုင်ရိုးရာကျင်အားကစားသမားများကို ယခုထက်ပိုမိုမွေးထုတ်ပေးသင့်ကြောင်း ဝန်ကြီးက  ဆက်လက် ပြောဆိုသည်။
နပန်းအားကစားမှာ ရခိုင်ရိုးရာ ကျင်အားကစားနှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ မရှိကြောင်း စစ်တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။
“ နပန်းဟာ နပန်း၊ ကျင်ဟာ ကျင်ဘဲ။ နပမ်းနဲ့ ကျင်ဟာ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူ မရှိပါဘူး။ ဒါကို ကွဲကွဲပြားပြား မြင်ဖို့လိုပါတယ်” ဟု ဆိုသည်။
ယခု စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်နေသော နိုင်ငံတကာ နပန်းအားကစားပြိုင်ပွဲကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် တစ်ခုတွင် နိုင်ငံတကာ အားကစားနည်း တစ်ခုခုကို ကျင်းပရန် ညွှန်ကြားထားသည်ဟု သိရသည်။
Naban-3
“ ရခိုင်ပြည်နယ်က နပန်းအားကစားနည်းကို ကျင်းပခွင့်ရတဲ့အတွက် ခုလို ပြုလုပ်နေတာ ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ်တွေက ကိုယ်စားပြု အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်ကြပါတယ်။ ဒိုင်ကတော့ ဂျာမဏီက ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။
တိုင်းနှင့်ပြည် နယ်တစ်ခုစီ အားကစားနည်း တစ်မျိုးစီကိုပြုလုပ်ခွင့်ရသည့် အနက် ရခိုင်ပြည်နယ်တွင် နဘန်း အားကစားပြိုင်ပွဲကို ပြုလုပ်ခွင့်ရရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နပန်းအားကစားနည်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ယနေ့တိုင်ကစားလျက်ရှိ နေသည့် အားကစားနည်း တစ်မျိုးဖြစ်သော်လည်း ကျင်အားကစားနည်းထက် အလေးထားကစားကြသည်ကိုမတွေ့ရကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောကြားသည်။
ယခုပြုလုပ်နေသည့်နပန်းအားကစားနည်းမှာ ရခိုင်ရိုးရာအားကစားနည်းမဟုတ်သည့်အတွက် ရိုးရာအားကစားနည်းဖြစ်သည့် ကျင်အားကစားပြိုင်ပွဲကိုသာ ယခုပြုလုပ်နေသည့်ပွဲကဲ့သို့ ခမ်းနားကြီး ကျယ်စွာပြုလုပ်ပေးသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ထောက်ပြပြောဆိုနေကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် နပန်းအားကစား ပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်အထိ ၃ ရက်တိုင်တိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်မှ ဆင်းရဲနွမ်းပါးကျောင်းသားများအားလှူဒါန်းမည့် ထိုင်ဝမ်မှ ဆိုလာမီးအိမ်များရန်ကုန်သို့ ရောက်ရှိ

 မြောက်ဦးမြို့ပြင် ရပ်ကွက်မှ ကျောင်းသူကလေးများ ( ဓါတ်ပုံ- နိရဉ္စရာ)
မြောက်ဦးမြို့ပြင် ရပ်ကွက်မှ ကျောင်းသူကလေးများ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်မှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများ အတွက် လှူဒါန်းမည့် ဆိုလာမီးအိမ် ၈၀၀ သည် ထိုင်ဝမ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ယင်းဆိုလာမီးအိမ်များမှာ ကွယ်လွန်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဟောင်း ဒေါက်တာစောမြအောင် မိသားစုနှင့် ရခိုင်အမျိုးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) တို့၏ စီစဉ်ဆောင်ရွက်မူများကြောင့် ထိုင်ဝမ်နိုင်ငံမှ International Rotary Club မှ ပေးပို့ လှူဒါန်းလိုက်သည်ဟု သိရသည်။
ယင်းဆိုလာမီးအိမ်များအား ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော် အလိုတော်ပြည့်ဆရာတော်ကြီး၏ ကြီးကြပ်မူဖြင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရသေ့တောင်၊ မြောက်ဦး၊ စစ်တွေနှင့် မင်းပြားမြို့နယ်များမှ ဆင်းရဲနွမ်းပါးသူ ကျောင်းသား ကျောင်းသားများကို လှူဒါန်းသွားမည်ဟု ဦးဇင်းကုမာရက ပြောသည်။
“ အဓိကတော့ လျှပ်စစ်မီး မရှိတဲ့ ကျေးလက်ဒေသက ကျောင်းသားကျောင်းသူတွေကို ဦးစားပေး လှူဒါန်းသွားပါ့မယ်။ ဒီဆိုလာမီးအိမ်တွေကို ရရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ စာကြည့်တဲ့အခါ ဖယောင်းတိုင်၊ မီးခွက်တွေကို အသုံးပြုစရာမလိုဘဲ စာကျက်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။
ယင်းဆိုလာမီးအိမ်များမှာ အလိုအလျောက်ဆိုလာဖြင့် နေရောင်ခြည်ကို ယူကာ ဓါတ်အားများ ဖြည့်သွင်းရယူပြီး ညဥ့်အချိန်တွင် မီးထွန်းကာ စာကြည့်နိုင်ကြတော့မည်ဟု ဆိုသည်။
“ ဆိုလာမီးအိမ်များမှာ ပေါ့ပါးပြီး အသုံးပြုရလွယ်ပါတယ်။ ရခိုင်ပြည်နယ်ရှိဆင်းရဲနွမ်းပါးသော ကျောင်းသူ/ ကျောင်းသားများ ပညာသင်ကြားရေးမှာ  အဆင်ပြေစေရန်အတွက် အမြန်ဆုံးပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု  အထွေထွေ အတွင်းရေးမှူး ဦးကျော်အေးမောင်မှ ပြောကြားသည်။
ရခိုင်ပြည်နယ်သို့ အခမဲ့ ဆေးဝါးကုသရန် အမေရိကန်၊ နယူဇီလန်၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့မှ အဖွဲ့ဝင် ၅၀ ဦးခန့်ပါဝင်သော ဆရာအဖွဲ့ တစ်ဖွဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရောက်ရှိမည် ဖြစ်ပြီး သူတို့၏ ခရီးစဉ်အတွင်း ယင်းဆိုလာမီးအိမ်များကို တခြား ဆေးပစ္စည်းများနှင့် အတူ လှူဒါန်းသွားမည်ဟု ဦးကျော်အေးမောင်က ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, August 18, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွှေရတုအကြိုပဒေသာကပွဲတွင် သမဂ္ဂကျောင်းသားကျောင်းသူများ ပါဝင်တင်ဆက်ခွင့်ရ

eco
ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ်ငါးဆယ်ပြည့် ရွှေရတု အကြို ပဒေသာကပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ရာ စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပါဝင်တင်ဆက်ခွင့် ရရှိခဲ့သည်။
အခမ်းအနားကို ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်ရှိ စီးပွားရေး တက္ကသိုလ်ပင်မဆောင်တွင် ယင်းနေ့ နံနက် (၉)နာရီက စတင်ကျင်းပခဲ့ရာ ရန်ကုန်စီးပွားတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သံချပ်များ၊ ပြဇာတ်များဖြင့် ပါဝင်တင်ဆက်ခွင့်ရရှိခဲ့ကြောင်း ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောသည်။
“ကျွန်တော်တို့ အနေနဲ့ ပထမဆုံးအကြိမ် ၀င်ရောက် ဖျော်ဖြေတာပါ။ ကျွန်တော်တို့ကို ဆိုင်းဆရာ ရွာစားစိန်လှမြိုင်က ကူညီတီးခတ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း သမဂ္ဂအနေဖြင့် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် သံချပ်ကို တက္ကသိုလ် တာဝန်ရှိသူများထံ ကြိုတင်ကာ တင်ပြခဲ့ရပြီး၊ ကျောင်းတာဝန်ရှိသူများက မူလ ကျောင်းသားများ ရေးသားထားသည့် သံချပ်ထဲမှ စာသားတစ်ချို့ကို ဖြတ်တောက်ပစ်ခဲ့ရကြောင်းဟု ကိုဇေယျာလွင်က ဆက်လက် ပြောဆိုသည်။
“မူလက အသုံးပြုရမယ့် စာသားတွေကို ကျောင်းတာဝန်ရှိသူတွေကို တင်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းလဲခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
အခမ်းအနားသို့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ခန့် လာရောက် အားပေးခဲ့ကြသည် ။ကျောင်းသား သမဂ္ဂမှ တင်ဆက်သော ဖျော်ဖြေမှုများနှင့် ပတ်သက်၍ စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦးကလည်း ယခုလို ပြောဆိုသည်။
“သံချပ်နဲ့ ပြဇာတ်က အတော်လေး ကောင်းပါတယ်။ ကျောင်းကို သည်လောက်လူတွေ အများကြီး လာလိမ့်မယ် ထင်မထားဘူး။ ဒါပေမယ့် ပါမောက္ခချုပ်နဲ့ ကျောင်းတာဝန်ရှိသူတွေကတော့ (ပြဇာတ်နှင့် သံချပ်တွေကို) ကြိုက်လိမ့်မယ် မထင်ဘူး” ဟု ယင်းကျောင်းသားမှ ပြောသည်။
တက္ကသိုလ် နှစ်(၅၀) ပြည့် အကြို အခမ်းအနားတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပြဇာတ်၊ သံချပ်တင်ဆက်မှုများ အပြင် အရောင်းဆိုင်ခန်းတွေပါ ခင်းကျင်းပြသခဲ့သည်။
တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကို လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်အား ၁၉၄၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် နှစ် ၅၀ ပြည့်မည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 15, 2014

ရခိုင်တွင် မူလတန်း ကျောင်းဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်

ရခိုင်ပြည်နယ် မူလွန်ကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မူလွန်ကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အခြေခံပညာ မူလတန်းကျောင်းများအတွက် နေ့စားလပေး ဆွဲခန့် ကျောင်းဆရာ/ဆရာမ (၄၀၆၈) ဦးကို ယနေ့တွင် စာထုတ်ပြီး ခန့်အပ်လိုက်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဉ္စရာသို့ ပြောသည်။
“ အဓိက မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာ/ ဆရာမ အနည်းဆုံး ၅ ဦး ရှိရမယ်ဆိုတဲ့ မူရှိတယ်။ ဒီမူအရ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ နေ့စားလပေး ဆရာ/ ဆရာမ ၄၀၆၈ ဦးကို သြဂုတ်လ (၁) ရက်နေ့စွဲနဲ့ ဒီကနေ့မှာ စာထုတ် ခန့်အပ်လိုက်ပါတယ်။ စာကို ဒီကနေ့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဦးလှစိန်ထွန်းက ဆိုသည်။
ယခု ဆရာ/ ဆရာမများမှာ နေ့စား လပေး စနစ်ဖြင့် ခန့်အပ်ခံရသော်လည်း လာမည့်နွေရာသီတွင် ဆရာအဖြစ်သင်တန်းသို့ တက်ရောက်ကြရမည် ဖြစ်ပြီး နောင်နှစ် ဇွန်လမှ စတင်ပြီး အမြဲတန်း ဆရာ/ ဆရာမ အဖြစ် ခန့်အပ်ခံကြရမည်ဖြစ်သည်။
“ ခုလို ဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်လိုက်တဲ့ အတွက် ရခိုင်ပြည်နယ် အတွင်း မူလတန်းကျောင်းတွေမှာ အခက်အခဲဖြစ်နေတဲ့ ဆရာ/ ဆရာမ မလုံလောက်မူ ပြသနာကို ကျော်လွှားနိုင်လိမ့်မယ် ယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။
ယင်းပြင် ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းမှ “ ခုလို ခန့်အပ်လိုက်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပညာရေး တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ရခိုင်ပြည်နယ် ပညာရေးမှာ အဓိက စိန်ခေါ်မူကြီးက ဆရာ/ဆရာမ မပြည့်စုံမူ ဖြစ်တဲ့ အတွက် ဒီလို ဖြည့်ဆည်းလိုက်တဲ့ အတွက် တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် အထက်တန်းကျောင်း အချို့နှင့် အထက်တန်းကျောင်းခွဲအချို့တွင် သိပ္ပံဘာသာတွဲ သင်ကြားနိုင်သော ဆရာ ဆရာမများ မရှိသဖြင့် ကျောင်းသားများစာသင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံများက နိရဉ္စရာသို့ သတင်းပေးပို့ထားကြသည်။
ယင်းပြသနာအားလည်း များမကြာမီက ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဦးလှစိန်ထွန်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, July 28, 2014

စစ်တွေတက္ကသိုလ် ကြိုပို့ကားများ ဇူလိုင်လ ၂၈ ရက်မှစ၍ အခမဲ့ ပြေးဆွဲမည်

sittwe-university
စစ်တွေ တက္ကသိုလ်ကို ခန့်ညားဝင့်ထယ်စွာတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ လင်းမြတ်)
ကျောင်းသား ကျောင်းသူများ လွယ်ကူ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် စစ်တွေတက္ကသိုလ် ကြိုပို့ကားများကို ဇူလိုင်လ (၂၈) ရက်နေ့မှ စတင်ပြီး အခမဲ့ပြေးဆွဲပေးသွားမည်ဟု သိရသည်။
ယခုအစီအစဉ်မှာ ၀န်ကြီးချုပ် ဗိုလ်မောင်မောင်အုန်း ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစီအစဉ်ဖြစ်ပြီး ဇူလိုင်လ (၂၈)ရက်နေ့ စတင်ကာ ကား(၃)စီးဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်သည်ဟု စစ်တွေတက္ကသိုလ် မော်ကွန်းထိန်း ဆရာဦးရွှေခိုင်ကျော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ လာမယ့် တနင်္လာနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အခမဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုလဆန်းပိုင်းက စစ်တွေတက္ကသိုလ်၌ ဆရာဆရာမများ အပါအ၀င် ကျောင်းသားကျောင်းသူများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် နှင့်တွေ့ဆုံစဉ် ကျောင်းကားအခက်အခဲကို တင်ပြရာမှ ဝန်ကြီးချုပ်က ယခုလို အခမဲ့ စီစဉ်ပေးခြင်း ဖြစ်သည်ဟု စစ်တွေကတ္ကသိုလ် ကျောင်းသူ မစုမွန်ထက်က ပြောသည်။
“ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ကျောင်းကိုရောက်လာတဲ့အချိန်မှာ ဆရာဆရာမတွေ ကျောင်းသား ကျောင်းသူတွေက တင်ပြကြပါတယ်။ ကျောင်းကြိုပို့ကားတွေကို အခမဲ့စီစဉ်ပေးဖို့၊ ကျောင်းသွား လမ်းတစ်လျှောက် လုံခြုံရေးတွေတိုးမြှင့်ချထားပေးဖို့၊ ပြီးတော့ ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေပံ့ပို့ပေးဖို့ ဒါတွေကို တင်ပြကြပါတယ်။ တင်ပြပြီးသိမ်မကြာခင်မှာပဲ အခုလို စီစဉ်ပေးဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
sittwe-university
တက္ကသိုလ်ကျောင်းတော်ကြီးဘေး ပင်မဆောင်လမ်းမ ( ဓါတ်ပုံ- နိရဉ္စရာ/ လင်းမြတ်)
ဆက်လက်ပြီး သူမက “ အယင်ကဆို ကျောင်းသွားရင် အသွားနှစ်ရာ အပြန် နှစ်ရာ တစ်နေ့ကို (၄၀၀) ကျပ် ကုန်ပါတယ်။ တစ်လကိုကားခ သက်သက် (၈၀၀၀) ထောင်လောက်ကုန်တယ်။ အခုတော့ ကားတွေအခမဲ့ စီစဉ်ပေးတော့မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကများတော့ ကားသုံးစီးနဲ့ လုံလောက်ဖို့တော့ မထင်ပါဘူး။ ဒါပေမဲ့ အယင်ထက်တော့ ပိုအဆင်ပြေသွားပါတယ်” ဟု သူမက ဆက်ဆိုသည်။
ထို့အပြင် ကျောင်းသွားလမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးဝန်ထမ်းများကိုလည်း အယင်ကထက် ပိုမို ချပေးထားကြောင်း သိရသည်။
ယခင်က စစ်တွေတက္ကသိုလ်ကျောင်းသား ကျောင်းသူများမှာ သုံးဘီးဆိုင်ကယ်များဖြင့် ကျောင်းတက်ခဲ့ကြရပြီး ကျောင်းတက်ရာလမ်းတစ်လျှောက်တွင် လုံခြုံရေး နည်းပါးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမမများအတွက် လုံခြုံရေးစိုးရိမ်မှုများရှိခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အဉ္စနအလင်းတန်းပညာရေးဖေါင်ဒေးရှင်းက ပန်းမြောင်းတွင် ပညာသင်ဆုချီးမြှင့်

Pam-Myung
ဆုပေးပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ လှဝင်း)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် အဉ္စန အလင်းတန်း ပညာရေး ဖေါင်ဒေးရှင်း မှ  ပညာသင်ဆု ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က ပန်းမြောင်း အထက်တန်းကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့ပြီး ဆုရ ကျောင်းသား ကျောင်းသူများ၊ အစိုးရ ၀န်ထမ်းများ၊ ဆရာ ဆရာမများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အသင်းတာဝန်ရှိသူ ကိုလှဝင်းက ယခုလို ရှင်းပြပြောဆိုသည်။
“ ကျွန်တော်တို့ ဒီ အဉ္စနအလင်းတန်းပညာရေးဖေါင်ဒေးရှင်းကို၂၀၁၃ ခုနှစ်က ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ အဲဒီတည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
၎င်းအခမ်းအနားတွင် စာတော်ပြီး စာသင်ရန် အခက်အခဲကျနေသော ကျောင်းသား နှစ်ဦးအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး တခြားထူးချွန်သူ ကျောင်းသား ကျောင်းသူ (၉) ဦးခန့်ကိုလည်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
Pan-maung
“ ကျွန်တော်တို့မှာ ရန်ပုံငွေ နည်းနေတဲ့ အတွက် ကျောင်းသား ကျောင်းသူ အနည်းကိုဘဲ ပညာသင် ထောက်ပံ့ကြေးပေးနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာတော့ ဒီထက် ပိုပေးနိုင်အောင်ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်ရည်ရွယ်ချက်က ပညာတော်တဲ့ ကလေးတွေ အချို့က ဆင်းရဲနွမ်းပါးကြပါတယ်။ ဒီ လူငယ်လူရွယ်တွေကို တဖက်တစ်လမ်းက ကူညီပေးစေလိုတဲ့ ဆန္ဒနဲ့  ခုလို စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ကိုလှဝင်းက ပြောကြားသည်။
အဉ္စန အလင်းတန်း ပညာရေး ဖေါင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်တွင် ကလေးငယ်များ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး ပန်းမြောင်းကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, July 15, 2014

ရခိုင်သဟာယအသင်း(ရန်ကုန်) ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ဇူလိုင် ၂၀ တွင် ကျင်းပမည်

Yangon-Arakanese
လွန်ခဲ့သောနှစ်က သဟာယအသင်းရဲ့ ဆုပေးပွဲ အခမ်းအနား ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်သဟာယ အသင်း(ရန်ကုန်) ၏ (၁၁)ကြိမ်မြောက် ရခိုင်ပညာသင်ဆုနှုင့် ပညာရည်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ဇူလိုင်လ (၂၀) ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရခိုင်ပညာသင်ဆုနှုင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရခိုင်သဟာယ အသင်း(ရန်ကုန်)မှ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ရခိုင်လူမှုရေးအသင်း(ဂျပန်) A. S. A. J၊ ရခိုင်ပညာရေး ဖောင်ဒေးရှင်း(စင်ကာပူ) A. E. F. (World wide) ၊ သြစတြေးလျရခိုင်အသင်း(A. A. A.)၊ ရခိုင် သင်္ဘောသားများ လူမှုရေးအသင်း(ရန်ကုန်) နှင့် donors from japan တို့၏ ပူပေါင်းပါဝင်မှုဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“ ဖွံဖြိုးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်သည်ပညာရေး’’ ဆိုသည်ဆောင်ပုဒ်ကို ကိုင်စွဲဆောင် ရွက်နေသည့် ရခိုင်သဟာယအသင်း(ရန်ကုန်) သည် ၂၀၁၄- ၂၀၁၅ပညာသင်နှစ် တွင်ကျောင်းသား/သူပေါင်း (၂၂၈) ယောက်ကို ပညာသင်ထောက်ပံကြေး ချီးမြှင့်ထားကြောင်း သိရသည်။
အဆိုပါ ရခိုင်ပညာသင်ဆုနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင် ရာ အိုင်ဘီစီ စီးပွားရေး ဗဟိုဌာ (international business center) တွင် ကျင်းပမည် ဖြစ်သည်။
ကျင်းပမည့် အချိန်မှာ ဇူလိုင်လ (၂၀) ရက် တနင်္ဂနွေနေ့ နံနက် ၈း ၃၀ မှ ၁၂း၀၀ နာရီထိ ဖြစ်ပြီး အခမ်းအနားသို့ လူပေါင်း (၃၀၀) ခန့် ဖိတ်ကြားထားကြောင်း၊ တက်ရောက် လာသူများကို နေ့လည်စာဖြင့် တည်းခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာဆိုသည့် ဆောင်ပုဒ်ဖြင့် အမျိုးဘာသာ၊ သာသနာရေးကိစ္စများကို ဆောင်ရွက်နေသည့် ရခိုင်သဟာယအသင်း (ရန်ကုန်)သည် ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရခိုင် ဆိုရှယ်ကလပ် (Arakan Social Club ) ကို အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော အသင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသားများ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတို့အတွက် ရခိုင် ဆိုရှယ်ကလပ် (Arakan Social Club ) က ကို ရခိုင်အမျိုးသားများက ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ယင်းနောက်ပိုင်း ၁၉၆၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် လူမှုရေးကိစ္စများအပြင် အမျိုး၊ဘာသာ၊သာသနာ ရေးတို့ကိုပါ ပိုမိုကျယ်ပြန့် ထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပုဇွန်တောင် အစိုးရ တန်းမြင့် ကျောင်းခန်းမတွင် ပြုလုပ်သည့် သင်းလုံကျွတ်အစည်း အဝေးမှ ရခိုင် ဆိုရှယ်ကလပ်ကို ရခိုင်သဟာယ အသင်း(ရန်ကုန်) ဟု အမည်ပြောင်းလဲ ပြင်ဆင်ဖွဲစည်းခဲ့သည်ဟု သိရသည်။
ရခိုင်သဟာယ အသင်း(ရန်ကုန်) သည် ရန်ကုန်ရှိ ရခိုင်လူမှုရေးအဖွဲ့များထဲတွင် အကြီးမားဆုံးနှုင့် သက်တမ်းအကြာဆုံး အသင်းကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, July 14, 2014

တောင်ကုတ်မြို့သိမ်တောင်အမကကျောင်းတွင်းသို့ ညဥ့်အချိန် ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာ ပြုလုပ်မူများရှိနေ

Taungup
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။
ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
“ အခု ကျောင်းလုပ်သားက စီးပွားရေး အဆင်ပြေပြီး သူရဲ့ တာဝန်ကို မယူတော့ဘူး။ ကျောင်းကို မလာတာလည်း ကြာပြီ။ ဒါကြောင့် ညဥ့်ကျရင် ကျောင်းထဲကို အပြင်က လူတွေဝင်ပြီး မဖွယ်မရာ လုပ်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့ သိမ်တောင် အမက (၃) တွင် ဆောက်လက်စ မပြီးသေးသော ကျောင်းဆောင် အသစ်တစ်ခုရှိကြောင်း၊ ယင်းကျောင်းဆောင်ကို ဆရာ ဆရာမများ နားနေဆောင် အဖြစ် လုပ်ထားကြောင်း၊ ကျောင်းသားမိဘများ လာရောက်ပါကလည်း ၎င်းအဆောင်တွင်ပင် နားနေကြကြောင်း၊ ယင်းကျောင်းဆောင်တွင် ညဥ့်တိုင်းလိုလို အပြင်လူများ လာရောက်၍ မဖွယ်မရာ ပြုလုပ်နေမူများ ရှိနေသလို မစင်စွန့်ခြင်း အမူကိုလည်း ပြုလုပ်နေကြသည်ဟု ဆိုသည်။
“ အဓိက ပြသနာက အဲဒီကျောင်းဆောင်ထဲကို ၀င်ပြီး မစင်စွန့်တဲ့ အတွက် နေ့တိုင်းလိုလို ပြသနာ တက်နေပါတယ်။ မနက်ကျောင်းကိုလာတာနဲ့ ဒီလို ဖြစ်နေတော့ အားလုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။ အခုလို အပြင်ကလူတွေ ၀င်ရောက်ပြီး ကျောင်းထဲမှာ မဖွယ်မရာ လုပ်နေတာဟာ ကျောင်းလုပ်သားက ကျောင်းကို မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။
ကျောင်းဆရာ ဆရာမများထဲတွင်လည်း ယခုကိစ္စကို အထက်ကို တင်ပြလိုသူနှင့် မတင်ပြဘဲ ဖုံးဖိထားလိုသူ ဟူ၍ အုပ်စု နှစ်စုကွဲနေသည်ဟု အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက ပြောသည်။
“ အထက်ကို မတင်ပြလိုတဲ့ ဆရာမတွေကတော့ ကျောင်းလုပ်သားရဲ့ ဇနီးဆီက ငွေချေး အဌားလုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ အထက်ကို တိုင်ရင် ကျောင်းလုပ်သား အရေးယူခံရမယ်ဆိုပီး သူတို့က မတိုင်ကြားလိုကြပါ” ဟု ဆိုသည်။
သို့အတွက် ယခု ပြဿ     နာကို အထက်လူကြီးများ အနေဖြင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန် ကျောင်းသားမိဘများနှင့် ဆရာ ဆရာမ အချို့မှ အထူးလိုလားနေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 10, 2014

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်း တိုးမြင့်ဖွင့်လှစ်

သ၀င်ချောင်း အထက်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနား ((ဓါတ်ပုံ- နိရဉ္စရာ)
သ၀င်ချောင်း အထက်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနား ((ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားနှင့် ကျောင်းဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို နံနက်(၉)နာရီအချိန်တွင် စတင် ကျင်းပရာ  ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
သ၀င်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဖြစ် ပညာရေးဝန်ကြီးဌာနမှ အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ  တိုးမြှင့်သတ်မှတ်ပေးခဲ့သဖြင့် အထူးဝမ်းသာရပါကြောင်း၊ သ၀င်ချောင်း ကျေးရွာ အနီးအနားရှိ ကျောင်းသားကျောင်းသူများ ပညာရေးအတွက် အလွန်အကျိုးရှိပါကြောင်း သဝင်ချောင်း အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောယဉ်က နိရဉ္စရာသို့  ပြောသည်။
“ ဒီလို အထက်တန်းကျောင်းအဆင့်ကို တိုးမြင့်သတ်မှတ်ပေးတဲ့အတွက် ကျေးရွာအတွက်ရော၊ အနီးအနား ကျေးရွာတွေအတွက်ပါ အထောက်အပံ့အများကြီးဖြစ်ပါတယ်။ အခု အထက်တန်းကျောင်းအတွက် ဆရာ/ ဆရာမ လည်း (၁၃)ယောက်ကိုလည်း တစ်ပါတည်း ခန့်လိုက်ပါတယ်။ ကလေးတွေအနေနဲ့ အထက်တန်းပညာ အဆင့်ကို အိမ်ကနေ ဆရာ ဆရာမအင်အားပြည့်စုံစွာနဲ့ သင်ကြားခွင့်ရတော့မှာ ဖြစ်ပါတဲ့ အတွက် ကလေးတွေနဲ့ အတူ ရွာကလူတွေလည်း သိပ်ပျော်နေကြတယ်” ဟု ပြောသည်။
ယခုကဲ့သို့ သ၀င်ချောင်းကျေးရွာ အထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်း အဖြစ် နိုင်ငံတော်မှ တိုးမြှင့် ပေးခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း သ၀င်ချောင်းကျေးရွာမှ ရပ်မိ ရပ်ဖ တစ်ဦးဖြစ်သူ ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ဆိုသည်။
Thawin-chaung
“ ဒီလို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးတဲ့ အတွက် သ၀င်ချောင်းရွာက ကျောင်းသူ ကျောင်းသားတွေ အတွက်သာမက ဒီတိုက်နယ်မှာရှိတဲ့ အုပ်စု (၉) စုက ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်အတွက်လည်း အထူး အကျိုးရှိစေပါတယ်။ ဒါပေမယ့် သ၀င်ချောင်းကျောင်းကို အထက်တန်းကျောင်း အင်္ဂါနဲ့ ညီအောင် ကျောင်းဆောင်သစ်တွေ တိုးချဲ့ ဆောက်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။
သ၀င်ချောင်းကျောင်းကို ၁၉၄၆ ခုနှစ်တွင် မူလတန်းကျောင်းမှ အလယ်တန်းကျောင်းအဖြစ်သို့ လည်းကောင်း၊ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် အထက်တန်းကျောင်းခွဲအဖြစ်သို့လည်းကောင်း အဆင်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယခုအခါ သဝင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူ (၇၀၀)နီးပါး ပညာသင်ကြားလျှက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာဆရာမအင်အား (၃၈) ဦးရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 9, 2014

ပေါက်တောမြို့တွင် တက္ကသိုလ်ဝင်တန်းအထောက်အကူပြုပညာဒါနကျောင်းဖွင့်

Pauktaw-walfare-school
ကျောင်းဖွင့်ပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင် ဆင်းရဲ နွမ်းပါးသူ ကျောင်းသား ကျောင်းသူများ အတွက် ရည်ရွယ်ပြီး ရိုးမရောင်ခြည် တက္ကသိုလ်ဝင်တန်း အထောက်အကူပြု ပညာဒါန စာသင်ကျောင်းကို ဇူလိုင်လ ၆ ရက် နေ့လည်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။
ရိုးမရောင်ခြည် ပညာဒါနကျောင်းကို ပေါက်တောမြို့ စန္ဒရာမပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးစန္ဒသီရိမှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်သည်။ ယင်းကျောင်းဖွင့်ပွဲအခမ်းအနားကို ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်းအနီးရှိ တစည ပါတီ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းဖွင့်ပွဲအခမ်းအနားသို့ ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး၊ မြို့အထောက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ အပါအဝင် စုစုပေါင်းလူ (၄၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမဲ့ စာသင်ကျောင်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဆရာတော်ဦးစန္ဒသီရိမှ နိရဉ္စရာသို့ ယခုလို မိန့်ကြားသည်။
“ဦးဇင်းတို့ ရခိုင်ပြည်ဟာ ဆင်းရဲနွမ်းပါးမှုတွေနဲ့အတူ ဒီနှစ်မှာဆိုရင် အောင်ချက်ရာခိုင်နှုန်းလည်း တဟုန်ထိုး နိမ့်ကျ သွားခဲ့တာတွေ့ရတယ်။ ဒါကြောင့် ဆင်ရဲနွမ်းပါပြီး အခြေအနေရပ်ရပ်ကြောင့် တက္ကသိုလ်ဝင်တန်းပညာရေးကို သင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေအတွက် ပညာဆက်သင်ခွင့်ရအောင်ရည်ရွယ်ပြီး ဆောင်ရွက်ပေးရတာပါ၊ ခုတော့ လျှောက်လွှာလာတင်တဲ့ ကျောင်းသား (၂၀)တောင်ရှိပြီ” ဟု မိန့်ကြားသည်။
ဆင်းရဲ နွမ်းပါး၍ စာဆက်သင်ရန် အခက်အခဲဖြစ်နေသော ကျောင်းသားကျောင်းသူများအတွက် အထောက်အကူ ပြုသော ကျောင်းဖြစ်ကြောင်း ဆရာဦးရွှေမြင့်ကလည်း ယခုလို ပြောသည်။
“ပညာကို အမှန်တကယ်လိုလားတဲ့ ကလေးတွေပါလာတယ်ဆိုရင်တော့ တကယ်ကို အားတက်စရာ ကောင်းမှာပါ။ ပညာသင်ချင်ပေမယ့်လည်း အခက်အခဲတွေကြောင့် စာသင်ဖို့ခက်ခဲတဲ့ ကျောင်းသားတွေ အတွက် လမ်းဖွင့်ပေးတဲ့ကျောင်းပါ”ဟု ဆိုသည်။
ကျောင်းသားကျောင်းသူများကို ဆရာ(၉)ဦးဖြင့် တစ်နေ့(၅)ချိန်စီ ဘာသာရပ်အလိုက် သင်ကြား ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်တောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယခင်နှစ် (၂၀၁၂-၂၀၁၃) က အောင်ချက် ရာခိုင်နုန်း  (၄၈.၆) ရှိခဲ့ပြီး  ယခုနှစ် (၂၀၁၃-၂၀၁၄) ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နုန်း (၂၅) သို့ ထက်ဝက်နီးပါးခန့် ကျဆင်း သွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေ ဆတ်ရိုးကျ အမက (က)တွင်လည်း ကျောင်းသား ၃၂၃ ဦး အတွက်ဆရာ ဆရာမ ၄ ဦးနှင့် ကျောင်းဆောင် တစ်ခုသာရှိ

Primary-school Arakan state
ဆတ်ရိုးကျမှ အစိုးရ မူလတန်းကျောင်း (က) ကျောင်းဆောင် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ ရပ်ကွက် တစ်ခု ဖြစ်သော အလုပ်သမားများ အများစု နေထိုင်ရာ ဆတ်ရိုးကျ ရပ်ကွက် အမက (က) ကျောင်းတွင်လည်း ကျောင်းသား ကျောင်းသူ ၃၂၃ ဦးအတွက် ကျောင်းအုပ် ဆရာကြီး အပါအ၀င် ကျောင်းဆရာ ဆရာမ ၄ ဦးနှင့် ကျောင်းဆောင်ငယ် တစ်ခုသာ ရှိကြောင်း သတင်း ရရှိသည်။
သို့အတွက် နိရဉ္စရာ သတင်းဌာနမှ ၎င်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာကြီးအား တွေ့ဆုံမေးမြန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်သာဆွေ မှ ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၂၃ ဦးရှိပါတယ်။ ကျွန်တော် အပါအ၀င် ဆရာ ဆရာမ ၄ ဦးဘဲ ရှိပါတယ်။ ကျောင်းဆရာ တစ်ဦး ကလေး ၁၀၀ ယောက်နုန်းနဲ့ စာပြနေရပါတယ်” ဟု သူက ဆိုသည်။
Primary-School-student-Arakan
ဆတ်ရိုးကျ (က) ကျောင်းမှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
ယင်းသို့ ကျောင်းသား ကျောင်းသူ ၃၂၃ ဦးအတွက် အလျား ၆၀ ပေ၊ အနံ ၂၅ ပေရှိသော ကျောင်းဆောင် တစ်ခုသာ ရှိပြီး ကလေးငယ်များအတွက် စာရေးခုံများလည်း တစ်ခုံမှ မရှိကြောင်း သူက ဆက်ပြောသည်။
“ အဆောင်ကသေးတော့ ကျောင်းသားတွေ ကျပ်နေတယ်။ စာရေးခုံတွေလည်း မရှိဘူး။ ဒါကြောင့် ကျောင်းဆောင်နဲ့ ဆရာ ဆရာမ ပိုလိုအပ်နေပါတယ်” ဟု ဆိုသည်။
ယင်းဆရာကြီး ဦးမောင်သာဆွေမှ ကျောင်းသားများ ပညာသင်ကြားရန် ကျောင်းဆောင် မလုံလောက်၍ အခက်အခဲ ဖြစ်နေသဖြင့် အထက်သို့ တင်ပြရာ ယင်းအမက (က) အတွက် ကျောင်းဆောင် တစ်ခု ဦးစားပေးချပေးမည်ဟု အထက်လူကြီးများက ပြောဆိုသည်ဟု ဆိုသည်။
“ ကျောင်းဆောင် ဆောက်မှဘဲ ရတယ်လို့ ကျနော်တို့က ပြောနိုင်မယ်။ အထက်ကတော့ ခဏခဏ ဒီလို ပေးမယ်။ ပေးမယ် ပြောနေတာပါဘဲ။ လက်တွေ့မှာတော့ ဖြစ်မလာဘူး” ဟု ရွာသား တစ်ဦးက ဆိုသည်။
primary student Arakan state
ဆတ်ရိုးကျ ရပ်ကွက်သည် စစ်တွေမြို့ ဧရိယာတွင် ပါဝင်သော ရပ်ကွက် တစ်ခု ဖြစ်ပြီး ဆင်းရဲသား အများစုနှင့် လက်လုပ်လက်စားများ အပါအ၀င် နေ့စား အလုပ်သမား အများစု နေထိုင်သော ရပ်ကွက် တစ်ခု ဖြစ်သည်။
၎င်းဆတ်ရိုးကျ ရပ်ကွက်တွင် ဆတ်ရိုးကျ အမက (က) နှင့် ဆတ်ရိုးကျ (ခ) မူလွန်ကျောင်း အမည်ဖြင့် အစိုးရ ကျောင်း (၂) ကျောင်းရှိပြီး ကျောင်း (၂) ခုစလုံးတွင် ကျောင်းဆောင်များ မလုံလောက်မူ၊ ဆရာ ဆရာမ မလုံလောက်မူ၊ စာရေးခုံများမလုံလောက်မူ တို့နှင့် ရင်ဆိုင်နေကြရသည်။
ယခုကဲ့သို့ မလုံလောက်မူ များစွာနှင့် ကြုံတွေ့နေရခြင်းမှာ လက်လုပ် လက်စားများ နေထိုင်သော ဆင်းရဲသား ရပ်ကွက်ဖြစ်သဖြင့် အထက်အာဏာပိုင်များက ပစ်ပယ်ထား၍ ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှ ကျောင်းသား(၅၃၂) ဦးတို့၏ ပညာရေးအခြေအနေ စိုးရိမ်စရာဖြစ်နေ

ဆတ်ရိုးကျ(ခ) မူလွန်ကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
ဆတ်ရိုးကျ(ခ) မူလွန်ကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
အထက်အာဏာပိုင်များ၏ လျစ်လျူရှု့ခြင်းကို ခံနေရသော ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက် (ဗျိုင်းဖြူရွာ) မှ ကျောင်းသား ကျောင်းသူ (၅၃၂) ဦးမှာ စာသင်ရန် ကျောင်းဆောင် အလုံအလောက် မရှိသဖြင့် သူတို့၏ ပညာသင်ကြားရေးမှာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေကြောင်း ကျောင်းသားမိဘများက နိရဉ္စရာသို့ ပြောကြားသည်။
ယင်းကျောင်းသည် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ရှိပြီး ကျောင်းသား ကျောင်းသူ (၅၃၂) ဦးအတွက် အရှည် ပေ ၈၀၊ အနံပေ ၃၀ ရှိသော ကျောင်းဆောင်တစ်ခုသာရှိကြောင်း သိရသည်။
Sat-Yo-kya-4
“ ကျွန်မတို့ကျောင်းမှာ ကျောင်းဆောင် မလုံလောက်မူနဲ့ ရင်ဆိုင်နေရပါတယ်။ ပရိဘောဂတွေလည်း မရှိဘူး။ ခြံစည်းရိုးလည်း မရှိဘူး။ ဒါကြောင့် ကျောင်းသားတွေကို နှစ်သုတ်ခွဲပြီး နံနက်တစ်ကြိမ်၊ နေ့လည်ပိုင်း တစ်ကြိမ် (၂) ကြိမ်ခွဲ၍ သင်ကြားနေရပါတယ်။ ဒါတောင် ပျစ်ညှပ်ပြီး သင်ကြားနေရပါတယ်” ဟု ဆတ်ရိုးကျ (ခ) မူလွန်ကျောင်းအုပ် ဆရာမကြီး ဒေါ်ညွှန့်ရီကပြောသည်။
ထိုသို့ နှစ်သုတ်ခွဲသော်လည်း ကျောင်းသားများ ကျောင်းနှင့် မဆံ့ ဖြစ်နေသဖြင့် ပထမတန်းနှင့် ဒုတိယတန်း ကျောင်းသားများကို ယင်းကျောင်းမှ ခွဲထုတ်ပြီး ရွာလယ်ရှိ တရုတ်နိုင်ငံမှ ဒုက္ခသည်များအတွက် ကူညီပေးသော မိုကျူလာ (၂) ထပ်အိမ်တွင် စာသင်ကြားနေရဟု ဆရာမက ဆိုသည်။
Satyo-Kya-3
၎င်းပြင် ဆတ်ရိုးကျ  (ခ) မူလွန်ကျောင်းတွင် သူငယ်တန်းမှ ခုနှစ်တန်းထိ စာသင်ကြားနေသော်လည်း ကလေးငယ်များ စာသင်ရန် စာရေးခုံများ၊ ထိုင်ခုံများလည်း မရှိသဖြင့် မြေကြီးပေါ်တွင် ပလစတစ်ဖျာငယ်များကို ခင်းကာ စာသင်ကြားနေကြရသည်။
ယခုကဲ့သို့ ကျောင်းဆောင် မလုံလောက်မူ ဖြစ်နေရခြင်းမှာ ဆတ်ရိုးကျ (ခ) မူလွန်ကျောင်းအတွက် ကျထားသော ကျောင်းဆောင်ကို သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ တခြားရွာသို့ ပြောင်းရွှေ့ တည်ဆောက်ထား၍ ဖြစ်ကြောင်း ကျေးရွာကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစောသိန်းအောင်က ပြောသည်။
“ ၂၀၁၂-၂၀၁၃ ကတည်းက ကျွန်တော်တို့ရွာအတွက် ကျောင်းဆောင် တစ်ခုကျတယ်ဆိုတာကို  မြို့နယ် ပညာရေးမှူးရော၊ တခြား အစိုးရ တာဝန်ရှိသူတွေက  တရားဝင် ပြောပါတယ်။ ဒါပေမယ့် ဒီကျောင်းကို အထက်လူကြီးတွေက ကျွန်တော်တို့ ရွာမှာ မဆောက်ဘဲ ကျွန်တော်ရွာအနီးက ကျေးတောပိုက်ဆိပ်မှာ တည်ဆောက်ထားတာကို တွေ့ရပါတယ်” ဟု သူက ဆိုသည်။
ဆတ်ရိုးကျ (ခ) မူလွန်ကျောင်းအတွက် သက်ဆိုင်ရာမှ ခွင့်ပြုပေးထားသောကျောင်းကို ကျေးတော ပိုက်ဆိပ်တွင် ပြောင်းရွှေ့တည်ဆောက်ထားခြင်းမှာ ဟုတ်မှန်ကြောင်း၊ ကျောင်းဆောင်မှာ အလျားပေ ၆၀ နှင့် အနံ ပေ၃၀ ရှိကြောင်း ဆရာမကြီးမှ ထောက်ခံ ပြောဆိုသည်။
“ ကျွန်တော်တို့ ဆတ်ရိုးကျ ရပ်ကွက်မှာ လက်ရှိ ရှိနေတဲ့ကျောင်းဆောင်က ကျောင်းသား ကျောင်းသူ (၁၀၀) တောင် မဆံ့ဘူး။ ဒီလို အဆောက်အဦးမှာ ကျောင်းသား ၅၀၀ ကျော် စာသင်နေကြရတာ ဘယ်လို အခက်အခဲတွေ ရှိမယ်ဆိုတာက လူတိုင်းစဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဟု ယင်းရပ်ကွက်တွင် နှစ်ပေါင်း (၂၀) ကျော် ရယက စာရေးအဖြစ် တာဝန် ထမ်းဆောင်လာသူ ဦးရန်မျိုးအောင်က ပြောသည်။
ထိုသို့ ကျောင်းသားများပြီး ကျောင်းဆောင်သေးငယ်လွန်းနေ၍ ကျောင်းသားများ စာသင်ရန် အခက်အခဲ ဖြစ်နေသဖြင့် ဆတ်ရိုးကျ ရပ်ကွက်မှ လူကြီးများက လွန်ခဲ့သည့် အပတ်က ပြည်နယ် ပညာရေးမှူး ဦး လှစိန်ထွန်းထံသို့ သွားရောက်ပြီး ကျောင်းဆောင်သစ် တစ်ခုချပေးရန် တောင်းဆိုခဲ့ကြသည်ဟု ရပ်ရွာ လူကြီး တစ်ဦးဖြစ်သူ ဦးမြတ်ထွန်းက ဆိုသည်။
Satyokya-2
“ ကျွန်တော်တို့ကို ပြည်နယ် ပညာရေးမှူးက ပြောတာက အစိုးရအဖွဲ့က ညှိပီး ခင်ဗျားတို့ ရပ်ကွက်အတွက် ကျနေတဲ့ကျောင်းကို တခြားနေရာကို ယူသွားတယ်လို့ ပြောပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ကလေးတွေ စာမသင်ရ ဖြစ်နေတဲ့ အတွက် နောက်ထပ် ကျောင်းဆောင်သစ်တစ်ခု ချပေးပါ ပြောတော့ ပညာရေးမှူးက သူ့အနေနဲ့ တစ်ခုလည်း မတတ်နိုင်ဘူးလို့ ပြောဆိုပါတယ်” ဟု သူက ဆိုသည်။
ယင်းကျောင်းတွင် ဆရာ ဆရာမ (၁၂) ဦးနှင့် ကျောင်းလုပ်သား (၁) ဦးရှိပြီး ကျောင်းသားများ (၂) သုတ်ခွဲပြရသဖြင့် ဆရာ ဆရာမများမှာ အထူးပင်ပန်းပြီး ကျောင်းဆရာများလည်း ထပ်မံလိုအပ်နေသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အသစ်ကို ကျွန်တော်တို့ရွာက ကလေးတွေ ပညာသင်ကြားရေးမှာ အထူးအခက်အခဲ ဖြစ်နေတဲ့ အတွက် ကျောင်းသားတွေ အရေအတွက်နဲ့ ညီမျှတဲ့ ကျောင်းဆောင်သစ်တစ်ခုကို တိုးချဲ့ တည်ဆောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါ့ပြင် အထက်လူကြီး တွေကို ကျွန်တော် ရပ်ကွက်က ကလေးတွေ ဘယ်လို အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ စာသင်နေကြရတယ်ဆိုတာကို လာရောက်စစ်ဆေးလိုပါတယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။
ယင်းအခက်အခဲ ဖြစ်နေသော ဆတ်ရိးကျ (ခ) မူလွန်ကျောင်းသို့ နိရဉ္စရာအယ်ဒီတာ ဦးခိုင်မြတ်ကျော် ကိုယ်တိုင် ဇွန်လ (၃) ရက်နေ့က သွားရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် ကျပ်ငွေ (၁၀၄၅၀၀) နှင့် ညီမျှသော ဗလာစာအုပ် (၄၆) ဒါဇင်၊ ခဲတံ (၂၀) ဒါဇင်နှင့် ဘော်လ်ပန် (၃) ဘောက်စ် သွားရောက် ကူညီ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, July 4, 2014

လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့သော ချောင်းနွယ်ရွာမူလွန်ကျောင်း အရေးပေါ်ပြုပြင်ရန် ပညာရေးဌာန ကျပ်သိန်း(၂၀)ကျော် ခွင့်ပြု

shaung-nwe-school
ပျက်စီးသွားသော ချောင်းနွယ်ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
၂၀၁၄ ခုနှစ် ဇွန်လက လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ပေါက်တောမြို့နယ်ချောင်းနွယ်ရွာ မူလွန်ကျောင်းအဆောက်အဦးအား အရေးပေါ်ပြုပြင်ရန် အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ ဘက်ဂျက်ငွေ ကျပ်သိန်း(၂၀)ကျော်ကို ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကျောင်းပြုပြင်ရန်ငွေများကို အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ချောင်းနွယ်ရွာ မူလွန်ကျောင်းအုပ် ဆရာကြီးဦးဘတင်က နိရဉ္စရာသို့ပြောသည်။
“ဟုတ်ပါတယ်၊ခွင့်ပြုငွေ(၂ ဒသမ ၁၈)သန်း ကျပါတယ်။ သိန်းဂဏန်းအားဖြင့်ဆိုရင် နှစ်ဆယ့်တစ်သိန်းနဲ့ ရှစ်သောင်း ဖြစ်တယ်။ အမှတ်(၁)အခြေခံပညာဦးစီးဌာန ညွှန်ချုပ်ကိုယ်တိုင်လက်မှတ်ထိုးပြီး ခွင့်ပြုလိုက်တာလေ။ လောလောဆယ် ကျောင်းကို အရေးပေါ်ပြုပြင်ဖို့ပေါ့”ဟု ပြောသည်။ ယခုခွင့်ပြုလိုက်သောငွေများဖြင့် လာမည့်အပတ်တွင် ကျောင်းအား အရေးပေါ်ပြုပြင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ယင်းပျက်စီးသွားသောကျောင်းကို အပြည့်အစုံပြန်လည်ပြုပြင်မည်ဆိုပါက ယခုခွင့်ပြုသော ကျပ်သိန်း(၂၀)ဖြင့် လုံလောက်မည်မဟုတ်ကြောင်း ဆရာကြီးက ဆက်ဆိုသည်။
“တကယ်ပြုပြင်မယ်ဆိုတော့ ဒီလောက်ငွေနဲ့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းခေါင်မိုးတွေကိုတော့ ရွာကကျောင်း အကျိုးဆောင်အဖွဲ့တွေနဲ့ စီစဉ်ပြီး ပြုပြင်ထားပြီ။ လောလောဆယ် ကလေးတွေ စာသင်လို့ရအောင်ပေါ့။ထပ်ပြုပြင်စရာတွေတော့ ကျန်သေးတယ်ပေါ့၊ဒီတစ်ပတ်လောက်ကို ငွေထုတ်ပြီးရင် ပြုပြင်စရာရှိတာပြုပြင်တော့မယ်” ဟု ဆိုသည်။
လွန်ခဲ့သော ဇွန်လ(၁၉)ရက်နေ့ကတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် ချောင်းနွယ်ရွာရှိ မူလွန်ကျောင်း၏ ခေါင်မိုးများပွင့်ထွက်ပျက်စီးသွားပြီး တတိယတန်းကျောင်းသားတစ်ဦးတွင် ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကလေးငယ်များရာနှင့်ချီ ပညာသင်ကြားနေသော အနောက်ဘက်နယ်စပ်ဒေသ အခမဲ့ပညာသင်ကျောင်းအတွက် အကူအညီများလိုအပ်နေ

(နံသာတောင် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ)
(နံသာတောင် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ကျောင်းသား
ကျောင်းသူများ)
စာသင်သား ကလေးငယ်၂၅၀ ထိ တက်ရောက် ပညာသင်ကြားနေသော မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်း အတွက် အကူအညီများ လိုအပ်နေကြောင်း ကျောင်းထိုင်ဆရာတော် ဦးစရဏမှ နိရဉ္စရာသို့ မိန့်ကြားသည်။
“ ဦးဇင်းတည်ထောင်ထားတဲ့ ကျောင်းက တောင်ပြိုမြို့နယ်ခွဲ နယ်စွန်နယ်ဖျားမှာဆိုတော့ အခက်အခဲအများကြီးရှိပါတယ်။ ဒီ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိပါတယ်။ သူတို့အတွက် အိမ်သုံးဆေးဝါးတွေ၊ ထီးတွေ၊ ပုံနှိပ်ကျောင်းသုံးစာအုပ်တွေ၊ ဗလာစာအုပ်တွေ ၊ဘောလ်ပန်နဲ့ ခဲတံ၊ ပေတံတွေအပြင်  ယင်လုံအိမ်သာက အစ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဆိုသည်။
နံသာတောင် ပရိဟိတကျောင်းသည် မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး ဘင်္ဂလာဒေခ်ျ့ နယ်စပ်အနီးတွင် တည်ရှိပြီး ထိုဒေသတွင် မှီတင်းနေထိုင်ကြသော ရခိုင်တိုင်းရင်းသားများ ကလေးငယ်များ အပါအ၀င် သက်၊ ဒိုင်းနက်၊ မြို ကလေးငယ်များလည်း တက်ရောက် သင်ကြားနေသော ကျောင်းဖြစ်သည်။
Nanthadaung
၎င်းပရဟိတ စာသင်ကျောင်းကို ၂၁၀၂ ခုနှစ် ရခိုင်ပဋိပက္ခကြောင့် အစိုးရ စာသင်ကျောင်း အများအပြားကို ပိတ်ထားလိုက်ရပြီး နောက်ပိုင်းတွင် စာသင်ရန် အခက်အခဲ ဖြစ်နေသော ကလေးငယ်များအတွက် ရည်ရွယ်ပြီး သာသနာပြု ဆရာတော် ဦးစရဏမှ တည်ထောင်ခဲ့သည်။
“ မောင်တောမြိုနယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ အရင်လို စီးပွားရေး အဆင်မပြေ ကြတော့ သူတို့ရဲ့ ကလေးတွေကို ပညာမသင်ကြားနိုင်ကြတော့ဘူး။ အလုပ်လက်မဲ့ဖြစ်နေတဲ့ မိသားစုတွေသာ တစ်နေ့ထက် တစ်နေ့များနေပြီး အဆင်မပြေကြတော့ ကလေးတွေအတွက် ပညာရေးကို ဒီပရဟိတကျောင်းကိုဘဲ အားကိုးနေကြရပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ယခု စာသင်ကျောင်းသာ မရှိပါက မိမိတို့၏ အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်သဖြင့် ဤကျောင်းကို တည်တံ့စေလိုသည်ဟု သတ္တမတန်းကျောင်းသား မောင်မောင်က ပြောသည်။
Nanthadaung
“ကျွန်တော်တို့က ဒီကျောင်းမှာ စာသင်ရတာက အစစ အရာရာ အဆင်ပြေပါတယ်။ ဒီကျောင်း မရှိရင် ကျောင်းတက်ဖို့ ဖြစ်နိုင်မယ် မထင်ဘူး။ မိဘတွေလည်း မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကျောင်းကို ဆက်လက် တည်တံ့စေချင်ပါတယ်” ဟု ဆိုသည်။
တောင်ပြိုမြို့ တွင် ဖွဲ.စည်းထားသော ဘက်စုံလူမူ ကူညီစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦး ကလည်း ဤပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ တစ်ခုတည်းသော ဒေသခံများ၏ အားကိုးမှီခိုရာကျောင်းဖြစ်သည်ဟု ဆိုသည်။
“ စားဝတ်နေရေးမပြေလည်မူတွေကြောင့် တိုင်းရင်းသား မိဘပြည်သူတွေ အနေနဲ့ မိမိတို့ သားသမီးတွေရဲ့ ပညာသင်ရေး အတွက် နယ်စပ်က နံသာတောင် ပညာဒါန ပရဟိတကျောင်းကို အရေးတကြီး အားထားမှီခိုရပါတယ်။ ဒါကြောင့် အနောက်တံခါးကို ကာကွယ်လိုသူတွေ အနေနဲ့ ဒီကျောင်းတည်တံ့အောင် ကူညီကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဆိုသည်။နံသာတောင် ပရဟိတစာသင်ကျောင်းတွင် အလယ်တန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေပြီး ရပ်နီး ရပ်ဝေးနှင့် ပြည်ပမှ စေတနာရှင်များ၏ အကူအညီဖြင့် လည်ပတ်နေသော ကျောင်းဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ဆရာ ဆရာမ ၂၀ ကျော်တို့မှ ပညာသင်ကြားပြသလျှက် ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)