Showing posts with label ကျောက်ဖြူ. Show all posts
Showing posts with label ကျောက်ဖြူ. Show all posts

Monday, February 2, 2015

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

မဒေးကျွန်း စီမံကိန်း မြင်ကွင်း (ဓာတ်ပုံ - ခင်ဦးသာ / ဧရာဝတီ)
မဒေးကျွန်း စီမံကိန်း မြင်ကွင်း (ဓာတ်ပုံ – ခင်ဦးသာ / ဧရာဝတီ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်း ဖောက်လုပ်ထားသည့် တရုတ် ရေနံပိုက်လိုင်းနှင့် ရေနံစိမ်းတင် သင်္ဘောကြီးများ ဆိပ်ကပ်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့အား ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ဟု သိရသည်။
ထို ရေနံပိုက်လိုင်း စီမံကိန်းကို၂၀၁၁ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲသည်။ ရေနံပိုက်လိုင်းနှင့်အတူ ပူးတွဲ တည်ဆောက်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့လည်း တန်ချိန် ၃ သိန်းဆံ့ နိုင်ငံတကာ ရေနံတင် သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည် ဖြစ်သည်။
ယင်းစီမံကိန်းများ ပြီးစီး၍ လုပ်ငန်းများ လည်ပတ်နိုင်ပြီ ဖြစ်သော်လည်း စီမံကိန်းများအတွက် အဓမ္မ သိမ်းယူထားသည့် ဒေသခံပြည်သူများ၏ လယ်ယာမြေများ၊ နွားစာကျက်မြေများ၊ မြေလွတ်မြေရိုင်းများအတွက် လျော်ကြေးငွေများကို ထိုက်တန်စွာ ပေးဆောင်မှု မရှိသေး၍ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများလည်း ဖြေရှင်းရန် ရှိနေဆဲ ဖြစ်သည်။
ဒေသခံပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို စီမံကိန်းများ ဖွင့်ပွဲလုပ်မည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မဒေးကျွန်းပေါ်၌ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခဲ့ကြသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များ သိရှိသွား၍ ညှိနှိုင်းရာမှ ဆန္ဒပြမှု မဖြစ်မြောက်ခဲ့ကြောင်း မဒေးကျွန်းဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒေသအာဏာပိုင်တွေက ဆန္ဒမပြဖို့ ဆွေးနွေးတယ်၊ သိမ်းယူထားတဲ့ မြေလွတ်မြေရိုင်းတွေ အတွက်လည်း ဂရုဏာကြေး ပေးမယ်လို့ ပြောဆိုပြီး ဆန္ဒမပြကြဖို့ တိုက်တွန်းတော့ နောက်ဆုတ်ပေးလိုက်ပါတယ်” ဟု ဆိုသည်။
မဒေးကျွန်းပေါ်၌ ကျေးရွာ ၃ ခုရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်ကြကာ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံ လုပ်ငန်းနှင့် ငါဖမ်း လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးကြသည်။ သို့သော် ရေနံပိုက်လိုင်း စီမံကိန်းနှင့် ရေနက်ဆပ်ကမ်း စီမံကိန်းများ တည်ဆောက်ချိန်မှ စတင်၍ လယ်မြေများ၊ ဥယာဉ်ခြံများကို သိမ်းယူခံလိုက်ကြရသည်။ ထို့အတူ ငါးဖမ်းသူများသည်လည်း စီမံကိန်း ဧရိယာများကို အကြောင်းပြု၍ လွပ်လပ်စွာ ငါးဖမ်းပိုင်ခွင့် မရှိကြတော့ပေ။
ဒုသမ္မတ ဦးဥာဏ်ထွန်းကမူ ထိုစီမံကိန်းများကြောင့် ဒေသခံများသည်လည်း အကျိုးခံစားရမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဟု ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ ဇန်န၀ါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် စီမံကိန်းများ အကြိုဖွင့်ပွဲ၌ ပြောဆိုခဲ့သည်။
ပိုက်လိုင်းတလျှောက်ရှိ ပြည်သူများ၏ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် အကုန်ခံ၍ ဆောင်ရွက်ပေး ထားကြောင်းလည်း ဦးဥာဏ်ထွန်းက ပြောဆိုခဲ့သေးသည်။ ပိုက်လိုင်းတလျှောက်ရှိ ဒေသခံပြည်သူများကမူ ၎င်းတို့၏ ဖွံ့ဖြိုးရေးအတွက် ထိရောက်သည့် ကူညီမှု မရှိသေးဟု မီဒီများကို ပြောဆိုကြသည်။ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွား၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရေနံပိုက်လိုင်း စီမံကိန်းအား အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြန်မာအစိုးရက ၁ ဒသမ ၂၀၄ ဘီလီယံ ထည့်ဝင်၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားကာ နှစ် ၃၀ စီမံကိန်းဖြစ်ကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် နိုင်ငံတကာ ရေနံစိမ်းတင် သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနံတင် သင်္ဘောဆိပ်ကမ်း ဖြစ်ကြောင်းလည်း ဒုသမ္မတက ဆိုသည်။
ရေနံတင် သင်္ဘောကြီးများ ဆိပ်ကပ်မည်ဖြစ်၍ ရေနံယိုစိမ့်မှု သို့မဟုတ် မတော်တဆမှု တခုခု ဖြစ်ပွားပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေရန် စနစ်တကျ ဆောင်ရွက်ထားမှုနှင့် ထိခိုက်မှုတခုခု ဖြစ်ပွားပါက အကာအကွယ်ပေးနိုင်ရန် အတွက်လည်း ခိုင်မာသည့် ဥပဒေများ မရှိသေးဟု ဝေဖန်မှုများ ရှိနေသည်။
သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိသကဲ့သို့ ထိုစီမံကိန်းမှ ၀င်ငွေ မည်မျှရရှိမည်၊ ထိုငွေများအား အများပြည်သူ အကျိုးအတွက် မည်သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကိုလည်း အစိုးရက ထုတ်ဖော် ပြောဆိုမှု မရှိသေးပေ။
ဒု သမ္မတ ဦးဥာဏ်ထွန်းကမူ မြန်မာ အစိုးရအနေဖြင့်  သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် စောင့်ကြည့်ရန်အတွက် နိုင်ငံတကာ အဆင့်ရှိ စောင့်ကြည့်ရေး ကုမ္ပဏီများကို ငှားရမ်း အသုံးပြုသွားမည်ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဖို့ စနစ်တကျ လုပ်သွားမယ်လို့တော့ ဒီနေ့ (ဇန်နဝါရီ ၃၀) လုပ်တဲ့ မဒေးကျွန်းပေါ်က ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးတွေက ပြောသွားတာ တွေ့တယ်၊ တကယ်လုပ် မလုပ် ဆိုတာတော့ စောင့်ကြည့် ရဦးမှာပေါ့” ဟု ဆိုသည်။
ကျောက်ဖြူဒေသရှိ စီမံကိန်းများ၌ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဟု သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များက လွယ်လွယ်ကူကူ ပြောဆို ကတိပေးလေ့ရှိသော်လည်း လက်တွေ့၌ ထိုသို့ မဟုတ်ပေ။
စီမံကိန်း လုပ်ငန်းများအတွက် လိုအပ်သည့် အလုပ်သမားများကို အောက်ခြေအဆင့်မှ ပညာရှင်အဆင့်အထိ တရုတ်နိုင်ငံသားများကိုသာ ခေါ်ဆောင်၍ လုပ်ကိုင်စေခဲ့သည်ကို ပြီးစီးသွားသည့် စီမံကိန်းများက သက်သေပြခဲ့ပြီး ဖြစ်သည်။ တရုတ် လူမျိုးများ မလုပ်နိုင်၊ မလုပ်လိုသည့် အလုပ်ကြမ်း တချို့ကိုသာ ဒေသခံများက နေ့စားအဖြစ် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ဒေသခံများက ဧရာဝတီကို ရှင်းပြကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏ တခြားဒေသများမှ အလုပ်သမားများနှင့် နှိုင်းယဉ်ပါကလည်း ဒေသခံများမှာ အလုပ် လုပ်ပိုင်ခွင့် နည်းပါးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဒေသခံများမှာ ကျွမ်းကျင်မှု မရှိ၍ ဖြစ်ကြောင်း၊ လုပ်ငန်းခွင် တူညီပါကလည်း  ဒေသခံများကို ဈေးနှိမ်၍ လုပ်အားခ ရှင်းပေးခဲ့ကြောင်း ပြောဆိုကြသည်။
ဒေသတခု၌ စီမံကိန်းများ တည်ဆောက်မည်ဆိုပါက ထိုစီမံကိန်းများ၌ ဒေသခံများကို ရာခိုင်နှုန်း မည်မျှ ထိလုပ်ပိုင်ခွင့်ပေးရမည် ဆိုသည်ကို စာရွက်ပေါ်တွင် ရေးထားသော်လည်း အာဏာပိုင်များနှင့် စီမံကိန်း တည်ဆောက်သူတို့က အလေးထားမှု မရှိခဲ့ကြပေ။
ထို့အတူ စီမံကိန်းများ မစတင်မီကပင် ဒေသခံများအား ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် ကြိုတင်လေ့ကျင့်ပေးမှုများ မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသ၌ ထပ်မံ တည်ဆောက်မည့် စီမံကိန်းများအတွက် ဒေသခံများကို ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် အစိုးရက ကြိုတင် ဆောင်ရွက်သင့်ကြောင်းလည်း ဦးဘရှိန်က ဆိုသည်။
ကျောက်ဖြူဒေသ၌ ပြီးစီးသွားသည့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အ၀င်အပါအ၀င် ထိုဒေသ၌ တည်ဆောက်ပြီးစီးသွားသည့် စီမံကိန်းများသည် ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ခံစားနေကြရကြောင်း၊ အမှန်တကယ် အကျိုးကျေးဇူး ခံစားရသူများမှာ မြန်မာအစိုးရနှင့် စီမံကိန်းများ လာရောက်လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံတို့သာ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ကျောက်ဖြူ ဒေသ၌ လာရောက် ရင်းနှီးမြှုပ်နှံမည့် တရုတ် စီမံကိန်းများအပေါ် ကြိုဆိုမှု မပြုလိုကြောင်း၊ အကယ်၍ လာရောက် လုပ်ကိုင်မည် ဆိုပါကလည်း အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးခံစားခွင့်ကို ဥပဒေရ တိကျစွာ သတ်မှတ် ဆောင်ရွက်ပြီးမှသာ စီမံကိန်းများ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း ဒေသခံများက ဆိုကြသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Thursday, January 29, 2015

တရုတ်သို့ သွယ်တန်းထားသည့် ကျောက်ဖြူ ရေနံပိုက်လိုင်း ဇန်န၀ါရီလကုန်၌ ဖွင့်လှစ်မည်

ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ တည်နေရာပြ မြေပုံအား ပြင်ဦးလွင် အတက်ကားလမ်းပိုင်း၌ ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရပုံ (ဓာတ်ပုံ - ဧရာဝတီ)
ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ တည်နေရာပြ မြေပုံအား ပြင်ဦးလွင် အတက်ကားလမ်းပိုင်း၌ ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရပုံ (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် တရုတ် ရေနံပိုက်လိုင်း စီမံကိန်းကို ယခုလကုန်တွင် စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းနှင့် ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့ကိုဇန်န၀ါရီလ၃၀ရက်တွင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က ဧရာဝတီကို ပြောသည်။
စီမံကိန်းများ ပြီးစီး၍ လုပ်ငန်းများ လည်ပတ်တော့မည် ဖြစ်သော်လည်း ထိုစီမံကိန်းများ အတွက် သိမ်းဆည်းထားသည့် မဒေးကျွန်းပေါ်ရှိ လယ်ယာမြေများ၊ နွားစားကျက်မြေများ၊ မြေလွတ်မြေရိုင်းများ အတွက် လျော်ကြေး၊ နစ်နာကြေးများ အပြည့်အ၀ သို့မဟုတ် လုံးဝမရသေးသည့် ဒေသခံများ ရှိနေသေးသောကြောင့် ထိုစီမံကိန်း ဖွင့်မည့်ရက်တွင် ဒေသခံများက မိမိတို့ နစ်နာမှုများ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။
ဦးထွန်းကြည်က “ကျနော်တို့ ဒေသခံတွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေ အတွက် ဖွင့်ပွဲရက်မှာ ဆန္ဒထုတ်ဖော် သွားမှာပါ၊ ဖွင့်ပွဲကို ဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် ဖွင့်ပေးမယ်လို့ သိရပါတယ်” ဟု ပြောသည်။
ကျောက်ဖြူဒေသ၌ တည်ဆောက်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း အပြင် စတင် လည်ပတ်နေပြီ ဖြစ်သော ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့သည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို အလေးမထားခြင်းတို့ကြောင့် လူအများ၏ ဝေဖန်မှုများနှင့် ကြုံနေရသည်။
ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က “ရေနံတင် သင်္ဘောကြီးတွေ ရောက်လာရင်၊ မတော်တဆမှု တခုခုဖြစ်ရင် ကျနော် တို့ဒေသရဲ့ မြစ်ချောင်းတွေ ပျက်စီးမယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူ သဘာဝ ပတ်ဝန်းကျင် အဖွဲ့တွေက တခုခု ဆောင်ရွက်သွားဖို့ ရှိတယ်၊ တရုတ်တွေဆီကိုလည်း စာတွေ ပေးပို့ပြီး မေးမြန်းထားတာတွေ ရှိပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွင့်ပွဲ အတွက် လုံခြုံရေးယူရန် ရဲတပ်ဖွဲ့ဝင် အများအပြားကို မဒေးကျွန်းပေါ်၌ ကြိုတင် ချထားနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင် တို့သည် မဒေးကျွန်းပေါ်သို့ လာရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံ၍ တယ်လီဖုန်း ၃ လုံးနှင့် ငါးဖမ်းပိုက်ကွန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်က “တသိန်း တသောင်းဝန်းကျင် တန်ဖိုးရှိတဲ့ တယ်လီဖုန်း ၃ လုံး ပေးတယ်၊ ကျနော့်ကို တလုံး၊ ရွာက ကျောင်းထိုင်ဆရာတော်ကို တလုံး၊ ရပ်မိရပ်ဖတွေကို တလုံးပါ။ ကြာဆံပိုက်လို့ ခေါ်တဲ့ တခုကို ၄၀၀၀ ကျပ်လောက် တန်ဖိုးရှိတဲ့ ငါးဖမ်းပိုက်ကွန်ကိုတော့ တအိမ် တခု ပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့ ဒေသမှာ သုံးမရလို့ ပြောတဲ့အတွက် ပြန်ယူသွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်၊ အဲဒီအစား ငွေကျပ် သိန်း ၁၀၀ ပေးမယ်လို့တော့ ပြောသွားတယ်” ဟု ဆိုသည်။
တန်ချိန် သိန်းချီ တင်ဆောင်နိုင်မည့် နိုင်ငံတကာ ရေနံတင် သင်္ဘောကြီးများသည် ရခိုင်ပင်လယ်ပြင်ကို နေ့စဉ် ဖြတ်သန်း ၀င်ထွက် သွားလာတော့မည် ဖြစ်၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမည်ကို စိုးရိမ်သည်ဟု ဒေသခံများက တင်ပြကြရာ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်၍ စိုးရိမ်ရန် မလိုကြောင်း ၀န်ကြီး ဦးဇေယျာအောင်က ပြောဆိုသွားသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိက ဒေသတွင်းမှ တင်သွင်းလာမည့် ရေနံစိမ်းများအား ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်မည် ဖြစ်သည်။ ထိုရေနံပိုက်လိုင်းသည် ကီလိုမီတာ ၇၇၁ မီတာရှည် လျားကြောင်း သိရသည်။
ကျောက်ဖြူဒေသရှိ စီမံကိန်းများအား တည်ဆောက်ရန် ယခင်စစ်အစိုးရ လက်ထက်က သဘောတူညီ လက်မှတ် ရေးထိုးခဲ့ကြပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူ ရေနံပိုက်လိုင်း စီမံကိန်းအား မြန်မာ အစိုးရက ၄၉ ရာခိုင်နှုန်းနှင့် တရုတ် နိုင်ငံက ၅၁ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။  မြန်မာအစိုးရသည် ရေနံပိုက်လိုင်း ဖြတ်သန်းခနှင့် ရေနံစည်များ တင်ပို့မှုအတွက် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂၂ သန်း နှစ်စဉ် ရရှိမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

တရုတ်ရေနံတင်သင်္ဘော ကျောက်ဖြူ-မဒဲကျွန်းဆိပ်ကမ်းတွင် စတင် ဆိပ်ကပ်

( တရုတ်ရေနံတင် သင်္ဘောကို ကျောက်ဖြူမြို့သို့ ၀င်လာစဉ်)
တရုတ်ရေနံတင် သင်္ဘောကို ကျောက်ဖြူမြို့သို့ ၀င်လာစဉ်
အရှေ့အလယ်ပိုင်းမှ ရေနံများတင်ဆောင်လာသော ရေနံတင် သင်္ဘောသည်သည် ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ်ကမ်းတွင် ဇန်န၀ါရီလ၂၄ရက်နေ့က စတင်ဆိပ်ကပ်ခဲ့ကြောင်း သိရသည်။
ယင်းသင်္ဘောသယ်ယူလာသော ရေနံများကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းရှိ ရေနံ သိုလှောင်ကန်များမှ တဆင့် မြန်မာပြည်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့မည် ဖြစ်သည်။
“ အခု ၀င်လာတဲ့ သင်္ဘောက အလျားပေ ၁၁၅၀ရှိပြီး  ရေနံစိမ်း တန်ချိန် တစ်သိန်းသုံးသောင်း(၁၃၀၀၀၀)ခန့် တင်ဆောင်လာတယ်လို့ သိရပါတယ်။  ဇန်န၀ါရီ၂၄ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ မဒဲကျွန်း ဆိပ်ကမ်းကို ဆိပ်ကပ်လာပါတယ်” ဟု ကျောက်ဖြူ ဆိပ်ကမ်းအာဏာပိုင် တစ်ဦးက ပြောသည်။
ယင်းသင်္ဘောသည် လွန်ခဲ့သော ငါးရက်က သင်္ဘော ကျောက်ဖြူနှင့် ရေမိုင်၃၀ အကွာလောက်မှာ ကျောက်ချရပ်နားနေခဲ့ပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့က ၀င်ရောက်ဆိပ်ကပ်လာခြင်း ဖြစ်သည်။
“ ရေနံပိုက်လိုင်းဖွင့်ပွဲကို ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်။ နိုင်ငံတော်အဆင့် အကြီးအကဲတွေ လာရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်” ဟု ယင်းဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။
received_392851544210018
ယခု သင်္ဘောသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ပထမဆုံး မြန်မာမြေပေါ်ကို ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုသို့ ရေနံပို့ရန် ၀င်ရောက်လာသော သင်္ဘောဖြစ်သည်။
ဒေသခံများအနေဖြင့်မူ ရေနံတင်သင်္ဘောများဝင်ရောက် လာသဖြင့် ၎င်းတို့ လုပ်ကိုင်စားသောက်နေသော ရေလုပ်ငန်းများ ပျက်စီးမည်ကို သာမက သဘာဝ ပတ်ဝန်းကျင်များလည်း ပျက်စီးထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
ဒေသခံများ ကန့်ကွက်မည်ကို စိုးရိမ်သဖြင့် မဒဲကျွန်းတွင်နေပြည်တော်မှ ရဲတပ်ဖွဲ့ဝင် ၆၀ ခန့်ကိုလည်း နေရာချထားကြောင်း ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်း တရုတ်ရေနံဆိပ်ကမ်းမှ တဆင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သသေင်္ဘာများဖြင့် သယ်ယူလာသော ရေနံများကို မြန်မာပြည်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

ဒေ၀ူးက ကူညီတဲ့ကျောင်း သံထည်နဲ့ဆောက်၍ ဒေသခံတွေ ကန့်ကွက်

မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မလကျွန်းတွင် တည်ဆောက်နေသောကျောင်းကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာတွင် ဒေ၀ူး (Daewoo) ကုမ္ပဏီက လှူဒါန်းသော ကျောင်းကို သံထည်ဖြင့် တည်ဆောက်နေသဖြင့် ဒေသခံတွေက ကန့်ကွက်လိုက်သည်ဟု သတင်း ရရှိသည်။
ယင်းကျောင်းကို  ဆောင်းဟေမာန် ကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်ပြီး အလျားပေ ၈၀၊ အနံပေ ၃၀ ရှိသော တစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
သံနဲ့ မဆောက်လုပ်ရန် ကျေးရွာသားတွေက ဇန်န၀ါရီလ ၁၃ရက်နေ့က တားမြစ် ကန့်ကွက်ထားကြောင်း ကျေးရွာ လူကြီးတစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ရီကပြောသည်။
“ ပင်လယ်နဲ့ နီးပြီး ဆားငန်းဓါတ်ရှိတဲ့ မြေဖြစ်တယ်။ ဒီလိုဒေသမှာ သံပါးပါးနဲ့ ဆောက်လုပ်ရင် တာရှည်မခံနိုင်ဘူး။ တစ်ခြား ဒေသမှာ ဆိုရင်တော့ဖြစ်နိုင်တယ်။ RC ကျောင်းဆောက်လုပ်မှ တာရှည်ခံနိုင်မှာဖြစ်တယ်။ ဒီလိုသံပါးပါးနဲ့ ဆောက်လုပ်မယ် ဆိုရင်တော့ ကျေးရွာက လုံးဝလက်မခံနိုင်ဘူး။ ခေါင်းမိုးမှာသံနဲ့ဆိုရင်တော့ လက်ခံနိုင်ပါတယ်။ လုပ်ငန်း ပြီးစီးတဲ့ အခါမှ ပြောလို့ အဆင်မပြေနိုင်ဘူး။မပြီးစီးခင် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်အောင် ကြိုတင်ပြီး တားမြစ် ထားရတာ ဖြစ်တယ်” ဟု ပြောသည်။
စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာလက ဒေ၀ူး ကုမ္ပဏီက တာဝန်ရှိသူများ မြေနေရာကို လာကြည့်ခဲ့သည်။  စာသင်ကျောင်းဆောက်လုပ်ရန် ကန်ထရိုက်ရထားသော ဆောင်းဟေမာန်ကုမ္ပဏီမှ ဒီဇင်ဘာ ၁၈ ရက်နေ့က ကျောင်းကို စတင်ဆောက်လုပ်သည်ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။
မလကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ယဉ် ကတော့ “ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ကျောင်းဆောက် လုပ်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်ပါတယ်။ ဒေ၀ူး ကုမ္ပဏီက ကျောင်း ၃ကျောင်း လှူမယ်။ မလကျွန်း၊ စစ်တော၊ ဂုံးချိန် ၃ ကျောင်းဖြစ်ပါတယ်။ သံနဲ့ ဆောက်လုပ်ဖို့ ပြောတယ်။ ဒေ၀ူးကုမ္ပဏီက တာဝန် ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆောက်လုပ်မယ့် ကျေးရွာအုပ်စု ၃ခုက အုပ်ချုပ်ရေးမှူး တွေ တက်ရောက်ကြတယ်။ နောက်ပိုင်းမှာမှ ကျောင်းကို သံနဲ့ ဆောက်မှာကို သဘောမတူတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်” ဟုပြောသည်။
IMG_20150119_111019
ဆောင်းဟေမာန်ကုမ္ပဏီမှ လက်ထောက်မန်နေဂျာဦးသန်းဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ သံထည်ဖြင့် ဆောက်လုပ် နေသည်မှာ ဒေ၀ူးကုမ္ပဏီ၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း ပြောဆိုသည်။
“ ဒေ၀ူး ကုမ္ပဏီက မလကျွန်းမှာ စာသင်ကျောင်းဆောက်ဖို့အတွက် လှူတာဖြစ်တယ်။ ဒေ၀ူး ကုမ္ပဏီက သံနဲ့ဘဲ ဆောက်ခိုင်းတာပါ။ ရွာသားတွေက ဒေသ ရာသီဥတုနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်တာဖြစ်ပါတယ်။  ကျနော်တို့က ဒေ၀ူး ကုမ္ပဏီရဲ့ ညွန်ကြားချက်အတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ ကျနော်တို့ နဲ့မဆိုင်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရွာသားများ၏ ကန်ကွက်မှုကြောင့် ကျောင်းဆောက်လုပ်ရေးကို ယာယီရပ်ဆိုင်းထားရသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူတွင် မီးလောင်၍ နေအိမ်နှစ်လုံး ဆုံးရှုံး

မီးကို ကျောက်ဖြူဒေသခံများ ၀ိုင်းဝန်း ငြိမ်းသတ်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
မီးကို ကျောက်ဖြူဒေသခံများ ၀ိုင်းဝန်း ငြိမ်းသတ်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်တွင် ယနေ့ (ဇန်န၀ါရီလ ၈ ရက်) နံနက် ၉ နာရီခွဲ အချိန်က မီးလောင်မှု တစ်ခု ဖြစ်ပွားရာ နေအိမ် နှစ်လုံးလောင်ကျွမ်းသွားကြောင်း သတင်းရရှိသည်။
ယင်းမီးမှာ ပေါ့ဆမီး ဖြစ်ပြီး ကျောက်ဖြူ စေတီတောင်ရပ်ကွက်၊ အိုးအိမ်တိုက်တန်း၊ ငလပွေဆင်းလမ်းမဘေး  ဒေါ်မဲစိန် (ခ) မဲကြည် (၄၄) နှစ် (ဘ) ဦးရွှေအောင်(ဈေးရောင်း) အိမ်မှ စတင်လောင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းတာဝန်မှူး ဒုရဲအုပ် သိန်းနိုင်မှ ပြောကြားသည်။
“ လူတွေ မရှိခိုက် နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်တွေက စတင်လောင်တာပါ၊ ပေါ့ဆမီးပါ” ဟု သူက ဆိုသည်။
မီးလောင်သည် သတင်းရသည်ချက်ချင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မြ နှင့်အတူ ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်တို့ လိုက်ပါသွားပြီး မီးသတ်ကားနှစ်စီး အပါအ၀င် ရပ်ကွက်မှ လူထု ၁၀၀ခန့်ဖြင့် ၀ိုင်းဝန်း မီး ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။
မီးကို နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်တွင် အပြီး ငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
မီးလောင်မှုကြောင့် အိမ်ချင်းကပ်လျက်ရှိသော  ဒေါ်မတုတ်ချေ၏ နေအိမ် (ဓနိမိုး၊ ၀ါထရံကာ၊ ပျဉ်ခင်း) နှင့် စတင် မီးလောင်ခဲ့သော ဒေါ်မဲစိန်၏နေအိမ် (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း) နေအိမ်တို့မှာ မီးထဲပါသွားခဲ့သည်ဟု သိရသည်။
ပေါ့ဆမီးကြောင့် ဆုံးရှုံးသွားသော နေအိမ်နှစ်လုံး တန်ဖိုးငွေမှာ ကျပ်ငွေ ၄၀၀၀၀၀ ခန့်ရှိကြောင်း မီးသတ်ဦးစီဌာန ဒုတိယဦးစီးမှူး ကျော်ကျော်အောင် မှ ပြောကြားသည်။
မီးစတင်လောင်ခဲ့သောအိမ်ရှင် ဖြစ်သူ ဒေါ်မဲစိန်(ခ)မဲကြည်  စေတီတောင်ရပ်ကွက်နေသူအား ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်မှ တရားလိုပြုလုပ်ကာ (ပ)၉/၂၀၁၅ပြစ်မှုပုဒ်မ – ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 2, 2014

နှစ်စဉ် ကျင်းပမြဲ ကျောက်ဖြူ သန္တာမြီအဖိုး အဘောင်ဓမ္မရိပ်သာ မြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲ ကျင်းပမည်

kp
(၉)ကြိမ်မြောက် ကျောက်ဖြူမြို့လုံးကျွတ် သန္တာမြီအဖိုး အဘောင်ဓမ္မရိပ်သာ ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ကျောက်ဖြူမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အတွက် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ နိုဝင်ဘာလ ၂၃ ရက်ကနေ့က ဒီသက်ကြီး ပူဇော်ပွဲကို ကျင်းပနိုင်ရေးအတွက် အစည်းအဝေး တစ်ရပ် ကျောက်ဖြူမြို့ သန္တာမြီအဖိုးအဘောင်ဓမ္မရိပ်သာနဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကဘဲ သက်ကြီးပူဇော်ပွဲကျင်းပရေးကို ဆုံးဖြတ်ခဲ့ပါတယ်” ဟု ယင်းကျောင်းဆရာတော် ဦးထေရာနန္ဒက ပြောကြားသည်။
၎င်းနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ကျောင်းထိုင် ဆရာတော် အပါအ၀င် လူမှုရေး စိတ်ဝင်စားသူများ တက်ရောက်ခဲ့ပြီး ကျင်းပရေး ကော်မတီကိုတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ ယခုအခါ ကော်မီတီ အနေဖြင့်  သက်ကြီးပူဇော် အောင်မြင်စွာ ကျင်းပနိုင်ရန် အလှူငွေရှာဖွေရေးနှင့် ကျောက်ဖြူမြို့ပေါ်ရှိ အဘိုးဘွားများ၏ စာရင်းကို ကောက်ခံ ပြုစုနေပြီဟု သိရသည်။
“ ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀  ဒီဇင်ဘာလ (၃၁)ရက်နေ့က ရခိုင်ပြည် အချုပ်အခြာ အာဏာကျဆုံးသောနေ့ကို ရည်ရွယ်ပြီး ပြုလုပ်မှာ ဖြစ်တယ်။ ၁၇၈၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်မှာ ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးသောနေ့က ကွယ်လွန်ခဲ့ကြသောပုဂ္ဂိုလ်များကိုရည်စူး၍ အမျှဝေနိုင်ရန် အတွက် ကျင်းပမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
မြို့လုံးကျွတ် သက်ကြီး ပူဇော်ပွဲအား နှစ်စဉ် ကျင်းပမြဲ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။
ကျောက်ဖြူမြို့ ပေါ် ရပ်ကွက် ၁၀ ခုရှိကြောင်း၊ အသက်(၈၀)အထက် အဘိုးအဘွားစာရင်းကိုရပ်ကွက် အလိုက် စာရင်း ပြုစုသွားမည် ဖြစ်ကြောင်း၊ လှူဒါန်းမည့် ငွေပမာဏကိုအလှူငွေကောက်ခံရရှိမည့် ငွေအနည်းအများအပေါ်မှုတည်ပြီး ပူဇော် သွားမည်ဖြစ်ကြောင်း၊ သွားရေးလာရေးအတွက် နေအိမ်မှ ကျောင်းသို့ အသွားအပြန် ကားစီစဉ် ပေးသွားမည် ဖြစ်ကြောင်း  သန္တာမြီအဖိုးအဘောင်ဓမ္မရိပ်သာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဦးထေရာနန္ဒက ပြောကြားသည်။
လွန်ခဲ့သောနှစ်က ပြုလုပ်ခဲ့သော သက်ကြီးပူဇော်ပွဲတွင် အဘိုးအဘွား (၄၅၀) ခန့်ကို ပူဇော်ခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, September 10, 2014

ကျောက်ဖြူ တွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး

volcano-kyaukpku-Arakan
လွန်ခဲ့သော နှစ်အနည်းငယ်က ရမ်းဗြဲကျွန်းတွင် မီးတောင်တစ်ခု ပေါက်ကွဲနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မီးတောင်ပေါက်ကွဲ၍ လယ်မြေဧက ၃ဝဝ ကျော်ပျက်စီးဆုံးရှုံး သွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာ ဒေသအခေါ် “သူပုန်နဂါးမီးတောင်”အမည်ရှိ မီးတောင်မှာ သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပေါက်ကွဲခဲ့ပြီး ယင်းနေ့ညနေ ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပေါက်ကွဲမှုရပ်တန့်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပေ ၁ဝဝ ကျော်အမြင့်ရှိသော အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသောချော်ရည်ပူများ မှာ အမြင့်ပေ တစ်ထောင်ဝန်းကျင်ခန့်အထိမြင့်တက်သွားခဲ့ပြီး ယင်းချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက် ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန်ကျေးရွာများမှ စပါးစိုက်ပျိုးပြီးလယ်မြေဧက ၃ဝဝ ကျော်ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများက ပြောသည်။
“လေယာဉ်သွားသလိုမျိုး အသံမြည်ပြီးပေါက်သွားတာ။ ချော်ရည်တွေ ပေ ၁ဝဝဝ လောက်တောင်မြင့် တက်သွားတယ်။ ကျနော့်လယ်နားကနေ ကြည့်နေတော့ မီးတောက်တွေ အပေါ်ကို ထိုးတက်သွားတာတွေကို မြင်တွေ့လိုက်ရပါတယ်”ဟု မီးတောင်ပေါက်ကွဲမှုကြောင့် ၁ ဧကခွဲခန့် လယ်မြေဧက ပျက်စီးသွားသည့် ပိုင်ရှင် ရှောက်ချောင်းကျေးရွာဒေသခံ ဦးကျော်ဝင်းက ပြောပြသည်။
မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ချော်ရည်ပူများမှာ မီးတောင်အနီးတဝိုက် နှစ်ဖာလုံခန့် အကွာတွင်ရှိကြသော လယ်ယာမြေများကိုဖုန်းလွှမ်းသွားသည့်အတွက် လယ်ယာမြေများပျက်စီးဆုံးရှုံးသွား သည်ကိုတွေ့ရှိရကြောင်းလည်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနေသူ ကျောက်ဖြူမြို့ နယ်၊ ဇင်ချောင်းကျေးရွာမှ ဦးကျန်သိန်းအောင်က ဆိုသည်။
“တစ်ချို့နေရာဆို တစ်ဖာလုံကျော်၊ တစ်ချို့နေရာတွေဆို နှစ်ဖာလုံကျော်၊ အဲလိုမျိုးအကွာမှာရှိတဲ့ လယ်တွေကို ချော်ရည်တွေဖုန်းလွှမ်းသွားတာတွေ့ရတယ်”ဟု ဦးကျန်သိန်းအောင်က သူမြင်တွေ့ရသည့်မြင် ကွင်းအနေအ ထားကို ပြောပြသည်။
ချော်ရည်ပူများဖုန်းလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေတည်ရှိနေသည့်နေ ရာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာနှင့်နီးကပ်နေသောကြောင့် ပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာလည်း သာမန်လယ်ယာမြေများထက် ပိုမိုများပြားကြောင်း လယ်မြေပျက်စီးသွားသည့်လယ်ပိုင်ရှင်များက ပြောသည်။
ယင်းသို့ လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးသွားသော်လည်း ဒေသအာဏာပိုင်များနှင့်တာဝန် ရှိသူများအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့လာရောက်ကြည့်ရှုမှုမရှိသည့်အပြင် ပျက်စီးဆုံးရှုံးသွားသည့်လယ် ယာမြေများအတွက်လည်း မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို ဆက်သွယ်အကြောင်းကြားလာခြင်းမရှိ သေးကြောင်း ဒေသခံများက ပြောပြသည်။
“ဒေသအာဏာပိုင်တွေလာကြည့်တာ ခုထိမရှိသေးဘူး။ ကျွန်တော်တို့ရွာအုပ်ချုပ်ရေးမှူးဆိုရင် တောင် ပေါ်ကိုတောင်တက်မကြည့်ဘဲပြန်သွားတယ်”ဟု ဦးကျော်ဝင်းက စက်တင်ဘာ ၁ ရက်နေ့က နိရဉ္စရာ ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်အား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းက “ကျွန်တော်တို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသ အာဏာပိုင်တွေဆီ အခင်းဖြစ်ပြီးတာနဲ့ အချိန်နဲ့တပြေးညီ သတင်းပို့အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နစ်နာ သူတွေအတွက် ဘယ်လိုလုပ်ပေးမယ်ဆိုတာတော့ သက်ဆိုင်ရာကနေ ဆက်သွယ်လာတာမရှိသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး လယ်ယာမြေများနစ်နာသွားသူများကို မည်သို့ဆောင်ရွက်ပေးမည်ဆိုသည် ကို အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ယခုကဲ့သို့မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် မီးတောင်အနီးရှိ ကျေးရွာသုံးရွာမှ လယ်ပိုင်ရှင် ၁၇ ဦး၏ လယ်ယာမြေများဖုန်းလွှမ်းသွားသည့်အတွက် လုပ်ကိုင်စားသောက်၍မရတော့သည်ကို လေ့လာသိရှိထားကြောင်း ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်က အတည်ပြုသည်။
အဆိုပါ သူပုန်နဂါးအမည်ရှိ မီးတောင်မှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပြန်လည်ပေါက်ကွဲလာခြင်းဖြစ်ပြီး အဆိုပါမီးတောင်ပေါက်ကွဲပါက ဒေသအခြေအနေများမှာဆူပူမှုများဖြစ်ပေါ်တတ်ကြကြောင်း
ရှေးလူကြီးများ၏ ပြောဆိုချက်များကိုကိုးကား၍ ဒေသခံများက ပြောသည်။
((သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 30, 2014

မဒေးကျွန်းတွင် ပေးထားသည့် ကတိအတိုင်း လျှပ်စစ်မီးမရသေး

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် မဒေးကျွန်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကတိပေးပြောကြားထားတဲ့အတိုင်း ၂၄ နာရီ လျှပ်စစ်မီးမရသေးဘူးလို့ ရခိုင်လူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။
]စီအန်ပီစီ တရုတ်ကုမ္ပဏီကုိ ြပီးခဲ့တဲ့ ဧြပီလက မေဒးကျွန်းေဒသခံများ ဆန္ဒြပခဲ့ြကစဉ်
စီအန်ပီစီ တရုတ်ကုပ္ပဏီကို ပြီးခဲ့တဲ့ ၂၀၁၃ ဧပြီလက ဒေသခံများ ဆန္ဒခဲ့ကြစဉ်
သူတို့ဒေသမှာ သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ဖို့ ပိုက်လိုင်းသွယ်တန်း ပို့လွှတ်ရေးစီမံကိန်း အကောင်အထည် လာဖော်ပြီး တဲ့နောက် ပြည်သူ များရဲ့ နစ်နာ ချက်တွေ ပြန် လည်ဖြည့်ဆည်းပေး တဲ့အနေနဲ့ အာဏာပိုင်တွေက လျှပ်စစစ်မီး ၂၄ နာရီ အခမဲ့သွယ် တန်းပေး မယ်လို့ ပြောဆို ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာ လျှပ်စစ်မီး တနေ့ကို ၄ နာရီပဲ ရတဲ့အပြင် မီတာဗောက်စ် တခုကိုလည်း အနည်းဆုံး ကျပ် ၁ သိန်းကျော်ကနေ ၂ သိန်းနီးပါးထိ ပေးဝယ်နေရတယ်လို့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။
မဒေးကျွန်းမှာ လျှပ်စစ်မီးရတာ ၁ လကျော်ရှိပြီဖြစ်ပြီး မီးက ည ၆ နာရီခွဲကနေ ၁၀ နာရီခွဲထိ တရက်ကို ၄ နာရီသာ ရရှိကြောင်း၊ မီတာဗောက်စ် ၀ယ်နိုင်သူမှာလည်း ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် လူများစုမှာ အရင်လို အမှောင်ထဲမှာ နေနေရတုန်းပဲလို့ သူကဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စီအန်ပီစီ China National Petroleum Cooperation ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၊ အစိုးရနဲ့ ဒေသခံကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးသင့်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဆီ တင်ပြထားပြီး ခရိုင်မှူးကလည်း ဆောင်ရွက်ပေးမယ်လို့ ပြောထားကြောင်း၊ ဒါပေမယ့် ၁ လခွဲကြာတဲ့ထိ ဘာမှထူးခြားမှု မရှိသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။
ဒါကြောင့် ၂၄ နာရီ မီးလင်းရေး ကိစ္စအပြင် အခြား မြေယာကိစ္စ၊ အလုပ်အကိုင်အခွင့်အရေးကိစ္စတွေပါ ဆောင်ရွက်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ရခိုင် လူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရွာသားတွေမှာ စားကျက်မြေဆုံးရှုံးခြင်း၊ ဘိုးဘွားပိုင်မြေ အသိမ်းခံရခြင်း၊ ထရပ်ကားကြီးတွေကြောင့် လမ်းပျက်စီးခြင်း၊ ဒေသခံတို့ အလုပ်အကိုင်ရှားပါးခြင်း၊ ငါးဖမ်းကွက်တွေ ပျေက်ဆုံးခြင်း၊ လျော်ကြေးငွေ အပြည့်မရခြင်း စတဲ့ ပြဿ နာတွေ ရင်ဆိုင်နေရတဲ့အတွက် ဒါတွေ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ ကုမ္ပဏီရော အာဏာပိုင်တွေကိုပါ ဆန္ဒ္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- DVB)

Wednesday, July 16, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် တင်ဒါစတင်ခေါ်ယူ

 ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ဇူလိုင် ၁၄ရက်တွင်အပြည်ပြည် ဆိုင်ရာတင်ဒါခေါ်ယူလိုက်ပြီး အ ကောင်အထည်ဖော်မည့် တည် ဆောက်ရေးသုံးခုအတွက် တစ်ခု ချင်းစီ၏ တင်ဒါမှတ်ပုံတင်ကြေး အဖြစ် အမေရိကန်ဒေါ်လာတစ် ထောင်သတ်မှတ်ထားကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရေးကော်မတီက သတင်းထုတ်ပြန်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ၂၀၁၅ခုနှစ်တွင်အကောင် အထည်ဖော်နိုင်ရန် ဇူလိုင် ၇ရက်က စင်ကာပူနိုင်ငံတွင် တင်ဒါခေါ်ယူမည့်ဈေးကွက်ရှာဖွေရေး အစည်းအဝေးပြုလုပ်ပြီး ခုနစ်ရက် အကြာတွင်  အစိုးရက တရားဝင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ် ယူလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာလုပ်ငန်းရှင်များ ကို တင်ဒါခေါ်ယူသောလုပ်ငန်း များမှာ ဆိပ်ကမ်းတည်ဆောက် ရေး၊ စက်မှုဇုန်အကောင်အထည် ဖော်ရေး၊ အခြေခံအဆောက်အ အုံများအကောင်အထည်ဖော်ရေး စသည့်လုပ်ငန်းများဖြစ်ပြီး သြဂုတ် ၂၅ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန်နယ်မြေကို ဧကတစ် ထောင်ကျော်ဖြင့်စတင်အကောင် အထည်ဖော်သွားမည်ဟု အစိုးရ က ထုတ်ပြန်ထားသော်လည်းအ ကောင်အထည်ဖော်မည့်နေရာ တွင် ရွှံ့မီးတောင်ရှိသောကြောင့် ယခင်မြေပုံကို ပြင်ဆင်သတ်မှတ် လိုက်သည်။ အသစ်ပြင်ဆင်သတ် မှတ်လိုက်သည့်ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် မြေဧကလေး ထောင်ကျော်ကျယ်ဝန်းသည်။
ဆိပ်ကမ်း၊ စက်မှုဇုန်နှင့်အ ခြေခံအဆောက်အအုံများအ ကောင်အထည်ဖော်ရေးသည် ၂၀၃၆ခုနှစ်အထိ ဖွံ့ဖြိုးရေးဆက် လက်လုပ်ကိုင်နိုင်မည့်နယ်မြေအ နေအထားကိုစီမံကိန်းရေးဆွဲထား ခြင်းဖြစ်သည်ဟု စီမံကိန်းရေးဆွဲ သည့်အကြံပေးကုမ္ပဏီ CPG က ခန့်မှန်းထားသည်။
မြေဧကလေးထောင်သည် စကွဲစတုရန်းကီလိုမီတာ ၁၉ရှိပြီး  မိုင်အားဖြင့် ၇မိုင်ကျယ်ဝန်းသည်။ ဆိပ်ကမ်းတည်ဆောက်ရေးအ တွက်တစ်မိုင်၊ စက်မှုဇုန်တည် ဆောက်ရေးအတွက် သုံးမိုင်ခွဲ ကျော်နှင့်မြို့ပြနှင့်  အခြေခံအ ဆောက်အအုံများတည်ဆောက် ရေးအတွက် နှစ်မိုင်ခွဲကျော်အသုံး ပြုရန်လျာထားကြောင်းအကြံပေး ကုမ္ပဏီကဆိုသည်။
ယခင်ကျောက်ဖြူအထူးစီး ပွားရေးဇုန်၏ ဧရိယာတွင် ရွှံ့မီး တောင်နှင့် ကျေးရွာနှစ်ရွာပါခဲ့ သော်လည်း ယခုတိုးချဲ့လိုက် သည့် နယ်မြေအတွင်း ရွှံ့မီးတောင်နှင့်ကျေးရွာနှစ်ရွာမပါဝင် တော့ဘဲ လယ်ယာမြေနှင့်စား ကျက်မြေ   အနည်းအကျဉ်းပါ နိုင်သည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန  ဒုတိယ၀န်ကြီးဦးမြင့် သိန်းကဖြေကြားသည်။
စီမံကိန်းအကောင်အထည် ဖော်ရေးအတွက် ရင်းနှီးတည် ဆောက်သူသုံးဦးကို ဒီဇင်ဘာလ အကုန်တွင်အပြီးသတ်ရွေးချယ် ရန်လျာထားပြီး စီမံကိန်းများကို ၂၀၁၅ခုနှစ်မတ်လတွင်အကောင် အထည်ဖော်ရန် မျှော်မှန်းထားသည်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင်အာရှနိုင်ငံများသို့  ဆက်သွယ်ပေးမည့်အချက်အချာ ကျသည့် စီးပွားရေးရပ်ဝန်းတစ်ခု ဖြစ်သောကြောင့်အကောင်အ ထည်ပေါ်လာပါက တိုင်းပြည်၏ ၀င်ငွေ ၈၀ရာခိုင်နှုန်းရှာဖွေပေး နိုင်သည်ဟု မြန်မာနိုင်ငံနှင့် ပူး ပေါင်းဆောင်ရွက်နေသော CPG အကြံပေးကုမ္ပဏီက   ခန့်မှန်း သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Monday, June 30, 2014

ကျောက်ဖြူ မလကျွန်း သဘာဝဓါတ်ငွေ့စက်ရုံ ချို့ယွင်းမူ ဖြစ်၍ ဓါတ်ငွေ့တင်ပို့မူ ယာယီရပ်နားခဲ့ရ

kyauk-pru-gas-station
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ရှိသော Daewoo ပိုင် သဘာဝ ဓါတ်ငွေ့စက်ရုံတွင် စက်ချို့ယွင်းမူ ဖြစ်သဖြင့် အသံများ ‘တဂျီဂျီ’ မြည်ကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် ပိုက်လိုင်းမှ တဆင့် တရုတ်သို့ သဘာဝ ဓါတ်ငွေ့တင်ပို့မူကို ယာယီရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။
“ ဖြစ်တာက ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဖြစ်တာပါ။ စက်ရုံထဲက ဂျင်နရယ်တာက ရပ်သွားတယ်။ အဲဒီနောက်ပိုင်းမှ မီးတွေမှိတ်သွားပြီး အသံတွေက တဂျီဂျီနဲ့ မြည်လာတယ်။ ၉ နာရီမှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ နောက်တော့ တရုတ်ကို ဓါတ်ငွေ့ပို့လွှတ်နေမူကို ရပ်တန့်လိုက်ပါတယ်” ဟု အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။
ယင်းပြင် စက်ရုံထဲမှ ၀န်ထမ်းများကိုလည်း အန္တရာယ် ရှိသဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာသွားရန် သတိပေးမူ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ စက်ရုံက အလုပ်သမားတွေကို အပြင်ကို ထွက်သွားကြဖို့ အင်္ဂလိပ်လိုရော၊ ဗမာလိုရော သတိပေးမူ ထွက်ပေါ်လာတယ်။ ကျွန်တော်တို့ အကုန်လုံး အပြင်ကို ထွက်ပြေးပြီး ဂိတ်ဝမှာ စုနေလိုက်ကြတယ်။ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု သူက ဆက်ဆိုသည်။
(၉)  နာရီကျော်ခန့်တွင် ပေါက်ကွဲသံတစ်ခု  ထွက်ပေါ်လာခဲ့သည်မှာ ဟုတ်မှန်ကြောင်း စက်ရုံအနီးရှိ မလကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောဆိုသည်။
“ ကျွန်တော်တို့ ကြားပါတယ်။ အသံတွေက တဂျီဂျီနဲ့ အစပိုင်းမှာ စက်ရုံတွေထဲက ထွက်လာတယ်။ ရွာသားတွေက ကြောက်ပြီး တောင်ပေါ်ကို တက်ပြေးကြတယ်။ ညနေ ၉ နာရီ ကျော်ကျော်မှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲဒီနောက် စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်” ဟု မလကျွန်း အုပ်ချုပ်ရေးမှူးက ပြောသည်။
တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ဂတ်စ်ပို့လွှတ်နေမူကို ဇွန်လ ၂၇ ရက်နေ့ထိ ရပ်တန့်ထားကြောင်း စက်ရုံ ၀န်ထမ်းက ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ရန်ကုန်မှ စင်းလုံးဌား လေယာဉ်ဖြင့် ကိုရီးယားနိုင်ငံသား ဒုဥက္ကဌ ဖြစ်သူ Si Bo Joo ဦးဆောင်သော နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် အတူ မြန်မာတာဝန်ရှိသူများ ရောက်ရှိလာသည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ဂျင်နရယ်တာ ပြန်လည်ပတ်ခဲ့ပြီး မီးပုံမှန် ပြန်လည် ရရှိခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, April 8, 2014

ရခိုင်အမျိုးသားညီလာခံ မြေစိုက်ပိုစတာ ကျောက်ဖြူတွင် စိုက်ထူ

NC-in-Kyauk-Pru
ဧပြီလ ၂၇ ရက်နေ့တွင် ကျောက်ဖြူတွင် စတင်ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံ မြေစိုက် ပိုစတာ ဆိုင်းဘုတ်ကို ဧပြီလ ၄ ရက်နေ့က ကျောက်ဖြူမြို့တွင် အောင်မြင်စွာ စိုက်ထူခဲ့သည်။
၎င်းဆိုင်းဘုတ် စိုက်ထူပွဲအား ယင်းနေ့နံနက် (၉) နာရီတွင် ကျောက်ဖြူမြို့ သာသနာဗိမာန် ဓမ္မာရုံရှေ့တွင် ပြုလုပ်ခဲ့သည်။
ယင်းအပြင် အဆိုပါနေ့တွင်ပင် ရခိုင်အမျိုးသားညီလာခံ နှင့် ပတ်သက်ပြီး ကိစ္စ အ၀၀ကို ဆောင်ရွက်နိုင်ရန် ညီလာခံကျင်းပရေး ရုံးတစ်ခုကိုလည်း ယင်းဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
၎င်းအခမ်းအနားသို့ ရခိုင်အမျိုးသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဦးလှစော၊ ဦးဖေသိန်း၊ တစ်ခြား ရန်ကုန်မှ ခေါင်းဆောင်အချို့နှင့် ကျောက်ဖြူမြို့ ဖွဲ့စည်းထားသော ၃၁ ဦး ကော်မီတီ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသား ညီလာခံ၏ ဆောင်ပုဒ်မှာ “ လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရန် ရခိုင်အမျိုးသား ညီလာခံ” ဖြစ်သည်။
ကျောက်ဖြူမြို့မှ စစ်တွေသို့ မထွက်ခွာမီ ဆရာဦးလှစောအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ညီလာခံ အခြေအနေမှာ အထူးအားရစရာကောင်းကြောင်း ယခုလို ပြောဆိုသည်။
“ အားရစရာအထူးကောင်းပါတယ်။ ကျောက်ဖြူလူထုကတော့ ညီလာခံအတွက် အထူးတက်တက်ကြွကြွ ရှိနေကြပြီး အားပေး ကူညီမူတွေ အများကြီးရရှိပါတယ်။ လာရောက်ကြတဲ့ ကိုယ်စားလှယ်တွေကို ကျောက်ဖြူ စာသင်ကျောင်းတွေမှာ ထားပြီး ညီလာခံကိုတော့ ကျောက်ဖြူ ဘော်လုံးကွင်းမှာ Stage စင်ဆောက်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းနေ့က အမျိုးသားညီလာခံ ကျင်းပရေး အတွက် ရခိုင်အများပိုင် ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ MGC ဟု လူသိများသော Myanmar Golden Crown မှ မန်နေဂျင်း ဒါရိုက် ဦးကျော်ဝင်းမှ သိန်း ၅၀၊ ပါရမီ ကုမ္ပဏီမှ ကျပ်သိန်း ၃၀ ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, March 6, 2014

ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ဒုတိယ အဆင့် တင်ဒါပေး

 ကျောက်ဖြူ အထူး စီးပွားရေးဇုန်,CPG (Creative Professional Groups) အကြံပေး ကုမ္ပဏီ အုပ်စု, အလုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်း
ကျောက်ဖြူ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်း၌ ပါဝင်သော မလကျွန်းရွာရှိ သဘာဝ ဓာတ်ငွေ့ သန့်စင် စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အတွက် စင်ကာပူနိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ငှားရမ်း လိုက်ပြီ ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီက သတင်း ထုတ်ပြန်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိရာ ယခု တင်ဒါ ခွင့်ပြုခြင်းသည် ဒုတိယ အဆင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
တင်ဒါ တင်သွင်း ယှဉ်ပြိုင်ကြသည့် အကြံပေး ကုမ္ပဏီ အုပ်စု ၁၇ ခု အနက် စင်္ကာပူနိုင်ငံ အခြေစိုက် CPG (Creative Professional Groups) အကြံပေး ကုမ္ပဏီ အုပ်စုအား ရွေးချယ်ခဲ့ပြီး နယ်သာလန်နိုင်ငံ အခြေစိုက် KPMG ကို အရံ ကုမ္ပဏီ အဖြစ် ရွေးချယ်ခဲ့ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
တင်ဒါ တင်သွင်းရန် စိတ်ဝင်စားသည့် နိုင်ငံတကာ ကုမ္ပဏီ အုပ်စု ၃၁ ခု ရှိပြီး ကုမ္ပဏီ အုပ်စု ၁၇ ခုက တင်ဒါ တင်သွင်းကြောင်း မတ်လ ၃ ရက်က မြန်မာ့မီးရထား ရုံးချုပ်တွင် ပြုလုပ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ၀န်ကြီး ဌာန ဒု ဝန်ကြီး ဦးမြင့်သိန်း က “ဒီအကြံပေး အဖွဲ့က Developer (ရင်းနှီး တည်ဆောက်သူများ) ရွေးပြီးတဲ့ အဆင့်အထိပဲ အကျုံးဝင်မယ်။ စီမံကိန်း အကောင် အထည်ဖော်ရေး အတွက် စီမံခန့်ခွဲတဲ့ အဖွဲ့ ထပ်ခေါ်ရမယ်”ဟု ပြောသည်။
ရွေးချယ်ခံရသည့် CPG ကုမ္ပဏီကို စင်္ကာပူ အစိုးရ၏ ပြည်သူ့လုပ်ငန်းဌာနက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အိမ်ရာ ကုမ္ပဏီ ဖြစ် သည့် DTZ ၊ ရေကြောင်းနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုလုပ်ငန်း ဖြစ်သည့် Global Maritime and Post Services၊ စာရင်းကိုင် ကုမ္ပဏီ EY (Ernst&Young) နှင့် စီမံကိန်း စီမံခန့်ခွဲရေး ကုမ္ပဏီ PM Link တို့ စုပေါင်းထားသည့် ကုမ္ပဏီ အုပ်စုဖြစ်ကြောင်း သိရသည်။
တင်ဒါ ရရှိသွားသော ကုမ္ပဏီအုပ်စုက လုပ်သားအင်အားဖွံ့ဖြိုးရေး အစီအစဉ်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုများကို စောင့်ကြည့် အကဲဖြတ်ရေး အစီအစဉ်များ ရေးဆွဲ လုပ်ဆောင်ရမည်ဟု ဒု ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။
ဆက်လက်၍ စီးပွားရေးဇုန် အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုများအား အိတ်ဖွင့် တင်ဒါ ခေါ်ယူရေး လုပ်ဆောင်ရန် အတွက် အကြံ ပေး ဝန်ဆောင်မှု ပြုနိုင်ရန် ယခုကဲ့သို့ တင်ဒါပေး ငှားရမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်း အတွက် လုပ်သား အင်အား ၂၅၀,၀၀၀ ခန့် လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် သဘာဝအတိုင်း ရှိနေသည့် ဒီရေ ရောက် သစ်တောများ ကျယ်ပြန့်စွာ ရှိနေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
CPG ကုမ္ပဏီ အုပ်စုက အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ရေ ရရှိရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဟိုတယ်များ အစရှိသည့် လုပ်ငန်းခွင်အဆင်ပြေရေး ကိစ္စများကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများ၊ ပြည်နယ် အစိုးရ နှင့် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အတူ ပူးပေါင်း လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ဒု ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။
ကျောက်ဖြူမြို့နှင့် ၄ မိုင် အကွာရှိ စစ်တော ကျေးရွာ အနီးရှိ ဧက ၁ ထောင် ကျော်တွင် လုပ်ငန်း ဆောင်ရွက်မည့် အဆိုပါစီမံကိန်း အတွက် လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန် ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံကို လည်းကောင်း၊ ဒေသထွက် သဘာဝဓာတ် ငွေ့ ၅၀ မဂ္ဂါဝပ် ရရှိရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် လုပ်ပိုင်ခွင့် ရရှိသွားသော ကုမ္ပဏီက မိမိဆန္ဒ မပါဘဲ ရွှေ့ပြောင်းမှုနှင့် ပတ်သက်သည့် မှတ်တမ်း ပြုစုပေးရန် လိုအပ်ပြီး စီမံကိန်း အတွက် ပြည်သူများကို ပြောင်းရွှေ့နေရာ ချထားရာတွင် ကမ္ဘာ့ဘဏ်က ချမှတ်ထားသည့် စည်းမျဉ်းများ အတိုင်း ဆောင် ရွက်ရမည် ဖြစ်သည်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။
အဆိုပါ စီမံကိန်းနေရာသည် လူနေထိုင်မှု နည်းပါးခြင်းနှင့်ပတ်သက်ပြီး Kalvin Chia Partnership Law Firm မှ ရှေ့နေ ဦးသန်းမောင် က “လူအများစုက တခြားနေရာကို ပြောင်းရွှေ့ဖို့ မလိုအပ်ပါဘူး၊ တပြိုင်တည်းလိုပဲ ဒေသခံ အသိုင်းအ၀ိုင်းလည်း ဖွံ့ဖြိုး တိုးတက်လာမှာပါ၊ ကျနော်တို့ စီမံကိန်းမှာ သူတို့ အလုပ်လုပ်လို့ ရပါတယ်”ဟု ပြောသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းသည် ရခိုင်ပြည်နယ် အတွင်းတည်ရှိပြီး ဒေသအတွင်း ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခများကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအား ထိခိုက်မှု မရှိစေရန် အာမခံနိုင်ကြောင်း ဒုဝန်ကြီး ဦးမြင့် သိန်းက ပြောသည်။
“စီမံကိန်း လုပ်မယ့် နေရာဟာ ကျွန်း ဖြစ်တဲ့အတွက် တည်ငြိမ်ရေးကို ထိန်းသိမ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ရခိုင် တိုင်းရင်း သားတွေ အပေါ် ကျနော် ယုံကြည်တယ်၊ နောက်ထပ် ပဋိပက္ခ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ လုံးဝ အာမခံရဲပါတယ်”ဟု ၎င်းက ပြော သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များနှင့် ရခိုင် ဒေသခံများ တက်ရောက်ခဲ့ ကြသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, March 4, 2014

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်

 ကျောက်ဖြူတွင် ညီလာခံအတွက် အကြိုညှိနိုင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူတွင် ညီလာခံအတွက် အကြိုညှိနိုင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူတွင် ယနေ့ နေ့လည်က ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲကို ကျောက်ဖြူမြို့ မြို့တော်ခန်းမ (ရမ္မာဝတီခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ကျောက်ဖြူရှိ နိရဉ္စရာ သတင်းထောက်က ပြောသည်။
အဖွင့်မိန်းခွန်း စကားကို ကျောက်ဖြူမြို့မှ ဆရာဦးညီလိုင်က ပြောကြားကြောင်း၊ ပြောကြားရာတွင် ကျောက်ဖြူမြို့ သမိုင်းနှင့် ရခိုင်ပြည်နယ် သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားကြောင်း၊ ရခိုင် အမျိုးသားညီလာခံကို ကျင်းပရန် လိုအပ်ကြောင်း စသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။
ရခိုင် အမျိုးသားညီလာခံ ကျင်းပရမည့် ရည်ရွယ်ချက်ကို RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောမှ ရှင်းလင်းပြောကြားပြီး ညီလာခံ ကျင်းပရန် အဆင့်ဆင့် စီစဉ်ဆောင်ရွက်လာပုံနှင့် ဘဏ္ဍာရေး အခြေအနေများကို ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခမှ ရှင်းလင်း ပြောကြားသည်ဟု ဆိုသည်။
ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူတွင် ယနေ့ နေ့လည်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူတွင် ယနေ့ နေ့လည်က ကျင်းပ ပြုလုပ်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် ကျောက်ဖြူလူမူကွန်ယက် ဥက္ကဌ ဦးလှမြင့်ကျော်မှ ညီလာခံကျင်းပရေး ကော်မီတီ ဖွဲ့စည်းရန် အဆိုတင်သွင်းရာ တက်ရောက်လာသူများမှ တစ်ယောက်ပြီး တစ်ယောက် အဆိုပြု ဆွေးနွေးခဲ့သည်ဟု သိရသည်။
ညီလာခံ ကျင်းပရေး အတွက် ကျောက်ဖြူမြို့တွင် အဖွဲ့ဝင် (၃၀) ပါ ကော်မီတီ တစ်ရပ်ကိုလည်း လာမည့် (၁၀) ရက်အတွင်း ဖွဲ့စည်းရန်လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
အခမ်းအနားတွင် ကျောက်ဖြူလူထုမှ အမျိုးသားညီလာခံကို ကြိုဆိုခဲ့ကြပြီး ၀ိုင်းဝန်းကူညီရန် ကတိစကား ပြောဆိုခဲ့ကြသည်ဟု နိရဉ္စရာသတင်းထောက်က ပြောဆိုသည်။
အကြိုညှိနိုင်းဆွေးနွေးပွဲကို နေ့လယ် တစ်နာရီမှ ညနေ သုံးနာရီထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 22, 2014

ကျောက်ဖြူမြို့နယ်တွင် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သောမြေအား ခေတ္တတာဝန်ထမ်းဆောင်နေသူ စီမံကိန်းဦးစီး အရာရှိက ဂရန်ဖောက်ကာ အပိုင်စီး

ကျောက်ဖြူမြို့၊ မင်းပြင်အုပ်စု၊ ကွင်းအမှတ်(၄၉၀)၊ မင်းပြင်မြောက်ကွင်း အတွင်းရှိ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သောမြေ (၁၁.၀၀)ဧကအား ကျောက်ဖြူမြို့တွင် ခေတ္တတာဝန်ထမ်းဆောင် နေသော စီမံကိန်းဦးစီးမှူး ဦးမြင့်မော်က ကုန်ခဲ့သောနှစ်က မြေစာရင်းပုံစံ(၁၀၅) ဖြင့် အမည်ဖောက်ထားကြောင်း နစ်နာသူဦးမောင်လှခင်မှ Coral Arakan News သို့ပြောကြားခဲ့ပါသည်။

“အရင်တုန်းကဒီမြေတွေကို ဘယ်သူမှစိတ်မ၀င်စားပါဘူး။ ကျွန်တော်တို့က ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့ကြတယ်ဆိုပြီး အေးအေးချမ်းချမ်းနေခဲ့ကြပါတယ်။ ဂရန်တွေဘာတွေ ဖောက်ရကောင်းမှန်းလည်း မသိခဲ့ဘူး။ ခုတော့ ကျောက်ဖြူမှာ အထူးစီးပွါးရေးဇုံစီမံကိန်း ဆိုတာ အသံထွက်လာတာနဲ့ လူတွေက ဟိုနေရာ ဂရမ်ဖောက် ဒီနေရာဂရမ်ဖောက်နဲ့ ကျွန်တော်တို့ဘိုးဘွားပိုင်မြေ ကိုလည်း ဦးမြင့်မော်တို့က မြေလွတ်မြေရိုင်းဆိုပြီး ကုန်ခဲ့တဲ့နှစ်က ဂရန်ဖောက်ပြီး အပိုင်သိမ်းထားပါတယ်။ကျွန်တော်တို့သိတဲ့အချိန်မှာကျွန်တော်တို့မိသားစု(၄)ဦးပိုင်ဂရန်ဖောက်ဖို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးကိုပုံစံ(၁၀၅)ပြုလုပ်ပေးနိုင်ဖို့
နှစ်ခါလောက် လျှောက်ထားတင်ပြခဲ့ပါတယ်။ သူကကွင်းဆင်းစစ်ဆေးပြီးမှတ်ချက်ချပေးမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုခုချိန်ထိလစ်လျူရှုထားတုန်းပါဘဲ”ဟု ဦးမောင်လှခင်က ပြောကြားသည်။

“ကျွန်တော့်အဖိုးသေတော့လည်းအဲဒီနေရာမှာဘဲဂူသွင်းပြီးမြှပ်ထားခဲ့ပါတယ်။ ဂူက ခုချိန်ထိရှိနေတုန်းပါဘဲ။ ဒီမြေနေရာကရွာနဲ့ တစ်မိုင်လောက်ဘဲဝေးပါတယ်” ဟု ဦးမောင်လှခင် က ပြောသည်။

“ ဒီမြေကိုသူတို့က ပြန်ရောင်းဖို့ ကြိုးစား နေကြပါတယ်။ ဒီမြေကို မြို့နယ်စီမံကိန်းဦးစီးမှူး ဦးမြင့်မော်က အမည်ခံပိုင်ဆိုင်တယ်ဆိုပေမဲ့ သူ့နောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုး၊ ထွေ/အုပ်
လက်နှိပ်စက်စာရေး ဦးအောင်ထွန်းရွှေ၊ မြို့နယ်မြေစာရင်းဦးစီး ဦးအေးဝင်းစိုး၊ မြို့နယ်မြေတိုင်းစာရေး ဦးကျော်မင်းဆန်း(ခ)တရုတ်ကြီး၊ မင်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ပွင့်၊ ချောင်းဝအုပ်စု RNDP
ဥက္ကဌ ဦးမောင်ထီးယေတို့ ပါဝင်ပတ်သက်ပါတယ် မြေရောင်းလို့ရရင် သူတို့လည်းဝေပုံကျ ရကြမှာ ပါ။ ကျွန်တော်မှာကအားကိုရာလည်းမရှိပါဘူး။ မြေတိုင်းစာရေး ဦးကျော်မင်းဆန်း က ဆိုရင် ဒီမြေကို အစိုးရသိမ်းတာ ကျွန်တော်နှင့်မဆိုင်ဘူး။ အစ်ကို မကျေနပ်ရင် ကြိုက်တဲ့နေရာမှာ တိုင်လို့ရတယ် ဆိုပြီး ပြောပါတယ်။ ၂၀၁၄ ဇွန်န၀ါရီလ တစ်ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်ကိုလိပ်မူပြီးတစ်စောင်၊ပြည်နယ် မြေစာရင်းဦးစီးဌာနကို လိပ်မူပြီး တစ်စောင်
ဒီအကြောင်း တွေကို တိုင်ထားပါတယ်။ ခုချိန်ထိပြန်အကြောင်းကြားတာတို့၊ အရေးယူပေးတာတို့ ဘာတစ်ခုမှမရှိသေးပါဘူး” ဟု နစ်နာသူ ဦးမောင်လှခင် ပြောကြားသည်။

မြန်မာနိုင်ငံ မြေလွတ်မြေရိုင်းနည်းဥပဒေများ၊ အခန်း(၂)၊ နည်း(၁၀)၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၆)အရ ကျေးရွာနှင့် (၂)မိုင်အတွင်းရှိ မြေများကို မြေလွတ်မြေရိုင်း ဟု မသတ်မှတ်ကြောင်း ပါရှိသော်လည်း ရွာနှင့် တစ်မိုင်မျှသာဝေးသော နေရာတွင် မြို့နယ်စီမံကိန်းဦးစီးမှူးဦးမြင့်မော် အမည်ဖြင့်ဂရန်ပေါက် ပိုင်ဆိုင်နေခြင်းမှာ မဖြစ်သင့်သောကိစ္စဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့သောဒေသခံများနှင့်ပဋိပက္ခဖြစ်ပွားစေနိုင်သော အကြောင်းများဖြစ်သည် ဟု ဒေသခံများက ပြောဆိုနေကြသည်။

(Coral Arakan News အတွက် လိုင်းလုံးချေ က ရေးသားသည်။)

=====================

ဓါတ်ပုံ ရည်ညွှန်းစာသား - ဦးမောင်လှခင် ၏ အဖိုးအုတ်ဂူကို မြှုပ်နှံထားပြီး၊ ၄င်းတို့ မိသားစုဆွေမျိုး လေးဦးစပ် ဘုံပိုင်ဆိုင်သော မြေကွက်၏ တစ်စိတ် တစ်ဒေသကို တွေ့ရစဉ်။
ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်။

ရခိုင်ပြည်နယ်အတွင်းဆားလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် အခက်အခဲများရှိ

ရခိုင်ပြည်နယ်အတွင်း ဆား တောင်သူများမှာ လာမည့်ဆား ရာသီတွင် ဆားလုပ်ငန်းဆက်လက် လုပ်ကိုင်ရန် အခက်အခဲများရှိနေ ကြောင်း ကျောက်ဖြူမြို့မှ ဆား တောင်သူတစ်ဦးက ပြောသည်။

ဆားတောင်သူများ၏ လက်တွင် ဆားပိဿာချိန်မြောက်မြားစွာ သို လှောင်ထားကြောင်း၊ လက်ရှိဆား များရောင်းမထွက်နိုင်သေး၍ လာ မည့်ဆားရာသီတွင် အရင်းအနှီး ပြုလုပ်ရန် အခက်အခဲများရှိနေ ကြောင်း၎င်းက ပြောသည်။ ဆား လုပ်ငန်းမှာ ရခိုင်ပြည်နယ်၏ ထုတ် ကုန်ပစ္စည်းများအနက် အဓိကကျ ပြီး တတိယနေရာတွင်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇မြို့ နယ်ရှိရာ ဘူးသီးတောင်၊ ကျောက် တော်နှင့် မြောက်ဦးမြို့နယ်များမှ အပ ကျန်မြို့နယ်များတွင် ထုတ် လုပ်လျက်ရှိနေပြီး နှစ်စဉ်တန်ချိန် ၄ဝဝဝဝ ခန့် ထုတ်လုပ်လျက်ရှိ သော်လည်း ဒေသတွင်းဆားသုံးမှု မှာတန်ချိန် ၁ဝဝဝ ခန့်သာရှိ၍ဆား ပိုလျှံမှုများရှိနေကြောင်း သိရသည်။ ရခိုင်ဒေသထွက် ဆားများ၏အဓိက ဈေးကွက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ခဲ့ဖူးသော်လည်း ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ဆားဈေးကွက်ပျက်ခဲ့ ပြီး ရိုးမအရှေ့ ဆားဈေးကွက်ကို အားထားရောင်းချနေကြကြောင်း၊ သို့ရာတွင်ရိုးမအရှေ့သို့ ဝင်ရောက် လာနေသည့် ထိုင်းဆားများ၏ဈေး နှုန်းကို မယှဉ်ပြိုင်နိုင်ခြင်းကြောင့် ဈေးကွက်ပျက်နေရကြောင်း ရခိုင် ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဝင်းကပြော သည်။

ရခိုင်ပြည်နယ်တွင် ဆားကြိတ် စက် ၃ဝ ကျော် ရှိသော်လည်း လက်ရှိတွင် ၁၉စက်ခန့်သာ လည် ပတ်နေရကြောင်း၊ သို့ရာတွင်ဆက် တိုက်လည်ပတ်နိုင်ခြင်းမရှိကြောင်း ၄င်းကပြောသည်။ ရခိုင်ဆားတောင် သူများ၏အခက်အခဲကိုဖြေရှင်းနိုင် ရန်အတွက် ရခိုင်ပြည်နယ်အစိုးရမှ ချေးငွေများထုတ်ပေးခဲ့သော်လည်း ဆားဈေးကွက်အနေအထားကြောင့် ပြန်လည်ပေးဆပ်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ လက်ရှိဆားများကို အစိုးရအဖွဲ့မှဈေးတစ်ခု သတ်မှတ် ၍ဝယ်ယူနိုင်ပါက ဆားတောင်သူ များ၏ အခက်အခဲပြေလည်နိုင်မည် ဖြစ်ပြီး ရခိုင်ဆားလုပ်ငန်းဆက်လက် ရှင်သန်နိုင်မည်ဖြစ်ကြောင်း ကျောက် ဖြူမြို့မှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂ဝ၁၂-၂ဝ၁၃ ခုနှစ်ကဘင်္ဂ လားဒေ့ရှ်နိုင်ငံမှဆား တန်ချိန် ၁ဝဝဝဝ ဝယ်ယူရန် ကမ်းလှမ်းခဲ့ သော်လည်း ရခိုင်ဆားများ၏ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် ဆားတန်ချိန် ၃ဝဝဝ ကျော်ခန့်သာ ရောင်းချခဲ့ရကြောင်း သိရသည်။

ရခိုင်နေလှန်းဆားများတွင် ရွှံ့သဲ များရောနှောပါဝင်နေမှုကြောင့် ဆားချောကြိတ်ခွဲရာတွင် ၃ဝ ရာခိုင် နှုန်းခန့် အလေအလွင့်များရှိနေရာ ဆားအရည်အသွေးတိုးမြှင့်ထုတ်လုပ် ရန်လိုအပ်နေကြောင်း ရခိုင်ပြည်နယ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်း
ရေးမှူးကပြောကြားခဲ့သည်။

(သတင်းအရင်းအမြစ်- The Union Daily၊ ရေးသားသူ- နုနုနွေ(ဓည၀တီ))
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Monday, January 13, 2014

ရခိုင်ပြည်နယ်အစိုးရမှ အဆင့်မမှီ ကုမ္ပဏီများကို လမ်းဖေါက်ရန် ကန်ထရိုက်ပေးသည့်အပေါ်ဒေသခံများမကျေနပ်

 ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း ဖေါက်လုပ်နေသော လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း ဖေါက်လုပ်နေသော လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် လမ်းများဖေါက်လုပ်နေရာ ရခိုင်ပြည်နယ် အစိုးရမှ အဆင့်မမှီ အမည်ခံ ကုမ္ပဏီများကို ၎င်းလမ်းများကို ဖေါက်လုပ်ရန် ကန်ထရိုက်များချပေးနေသဖြင့် ဒေသခံများက မကျေနပ်မူများ ဖြစ်ပေါ်နေကြောင်း လူမူရေးလူပ်ရှားသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
နိရဉ္စရာမှ ၎င်းသတင်းအား လက်ခံရရှိပြီးနောက် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ ဆက်သွယ် မေးမြန်းရာ အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦး ယခုလို ပြောသည်။
“ သူတို့က လမ်းဖေါက်တဲ့ ကုမ္ပဏီလို့သာပြောတယ်။ စက်ကရိယာလည်း မပါဘူး။ ကျွန်တော်တို့ မေးတော့ တခြားကုမ္ပဏီ တစ်ခုက စက်ကရိယာတွေ ဌားရမ်းထားတယ်လို့ ပြောပါတယ်။ ဒီလို ကုမ္ပဏီတွေက ကျနော်တို့ ဒေသမှာ လမ်းလာဖေါက်ရင် ဘယ်လို လုပ်ပြီးး လမ်းတွေ အကောင်း ဖြစ်လာပါမလဲ” ဟုသူက ပြောသည်။
ယခုအခါ ကျောက်ဖြူမြို့နယ်အပါအ၀င် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကားလမ်းများ၊ ရွာချင်းဆက်လမ်းများ ဖေါက်လုပ်နေရာ ကုမ္ပဏီအချို့အား ရခိုင်ပြည်နယ် အစိုးရမှ အပိုင်းလိုက် ကန်ထရိုက်များချပေးနေသည်ဟု ဆိုသည်။ ထိုအထဲတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းမှ ကင်းဆိပ် အကြား တစ်လမ်း၊ ကျောက်ပုလဲမှ လိပ်တင်၊ လိပ်တင်မှ ကွန်ချောင်းသို့ တစ်လမ်း ဖေါက်လုပ်နေသည်ဟု ဆိုသည်။
၎င်းလမ်းများကို တာဝန်ယူု ဖေါက်လုပ်နေသော ကုမ္ပဏီများမှာ သီဟရာဇာစိုးနှင့် ရက္ခသူရ ကုမ္ပဏီများ ဖြစ်ကြသည်ဟု ယင်းကဆိုသည်။
“ သူတို့က လမ်းတွေကို ပြီးစလွယ် ဖေါက်လုပ်နေတဲ့ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကတောင် ဒီလို မလုပ်ကြဖို့ သူဇင်ချောင်းဘက်ကို ရောက်တုန်းက သူတို့ကို သတိပေး ပြောကြားခဲ့ပါတယ်။ အခုလိုသာ ဒီကုမ္ပဏီတွေက အညံ့စား ကျောက်တွေကို ချပြီး စက်ယန္တရားမပါဘဲ လမ်းတွေကို ဖေါက်ရင် လမ်းလည်း ကောင်းလာမှာ မဟုတ်သလို ငွေတွေဘဲ အလဟသ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့အတွက် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် လမ်းများဖေါက်လုပ်ပြီးစီးမှ လာရောက်ကြည့်ရှု့ စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ လမ်းမပြီးမှီ ဖေါက်လုပ်နေဆဲ အချိန်တွင် လာရောက်ကြည့်ရှု့ စစ်ဆေးသင့်သည်ဟု သူက ဆိုသည်။
နိရဉ္စရာမှ သက်ဆိုင်ရာ ကန်ုထရိုက်ရထားသော ကုမ္ပဏီများသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသဖြင့် ကုမ္ပဏီဘက်မှ  ကျေးရွာသားများစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဟုတ်မဟုတ်ကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။ သို့သော်လည်း ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ယင်းကုမ္ပဏီများအနေဖြင့် ကျောက်ဖြူမြို့ရှိ PSC ကုမ္ပဏီမှ စက်ယန္တရားများကို ဌားရမ်း လုပ်ကိုင်နေကြောင်း ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 8, 2014

အိန္ဒိယကုမ္ပဏီမှ တိုင်းရင်းသားလုပ်ငန်းရှင်များအား ပေးရမည့် ငွေလက်ကျန်ကိစ္စ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းမှဖြေရှင်းမည်

Punj-Lilyd-co.ltd
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လုပ်ကိုင်နေသော အိန္ဒိယ ကုမ္ပဏီ Punj Lloyd Co.Ltd မှ  တိုင်းရင်းသား လုပ်ငန်းရှင်များသို့ ပေးချေရန် ရှိနေသော ငွေလက်ကျန်များ ရရှိရေးကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကူညီ ဖြေရှင်းပေးမည်ဟု သိရသည်။
ထိုသို့ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကူညီ ဖြေရှင်းပေးမည် ဖြစ်ကြောင်းကို  ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး၏ ဇန်န၀ါရီလ ၆ ရက်နေ့ နေ့စြွဲ့ဖင့် ထုတ်ပြန်သော စာတွင် ဖေါ်ပြထားသည်။
အိန္ဒိယ ကုမ္ပဏီ Punj Lloyd Co.Ltd သည် သူတို့နှင့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းသား လုပ်ငန်းရှင်များအား ကုဋေနှင့်ချီပြီရှိသည့် ငွေကြေးများကို ပေးချေရန် ကျန်နေသေးသည်ဟု သိရသည်။
အိန္ဒိယ Punj Lloyd Co.Ltd သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တရုတ်သို့ သွယ်တန်းသော ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ တည်ဆောက်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် ကျောက်၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ သောက်သုံးရေ၊ အစားအစာများနှင့် တခြား လိုအပ်သော ပစ္စည်းများကို တိုင်းရင်းသား လုပ်ငန်းရှင်နှင့် ကန်ထရိုက်စနစ်ဖြင့် ပေးသွင်း လုပ်ကိုင်စေသည်ဟု ဆိုသည်။
သို့သော်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များသို့ ပေးချေရမည့်ငွေများကိုမူ တစ်ကြိမ် တစ်ခါမျှ ပြည့်ပြည့်၀၀ ပေးချေခြင်း မရှိကြောင်း၊ သို့အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် အိန္ဒိယ ကုမ္ပဏီ Punj Lloyd Co.Ltd ထံမှ ငွေကုဋေနှင့်ချီပြီး ရရန်ကျန်ရှိနေကြောင်း ကန်ထရိုက် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
၎င်း ရရှိရန်ကျန်နေသော ငွေကြေးများအား Punj Lloyd Co.Ltd ကုမ္ပဏီထံမှ ပြန်လည် ရရှိရေး အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များမှ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့် တာဝန်ရှိသူများနှင့် နိုင်ငံတော်အစိုးရထိ တက်ရောက် တိုင်ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်းနောက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာထုတ်ပြီး ၎င်း Punj Lloyd Co.Ltd ကုမ္ပဏီမှ ငွေပေးချေရန် ကျန်ရှိနေသော ငွေလက်ကျန်များကို ရရှိနိုင်ရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ကူညီရှင်းလင်း ဆောင်ရွက်လျှက် ရှိကြောင်း၊ အိန္ဒိယပိုင် ကုမ္ပဏီ Punj Lloyd Co.Ltd မှ ငွေကြေးရရန် ရှိသူ တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် ယခုလ ၇ ရက်နေ့ကို နောက်ဆုံးထားပြီး ငွေလက်ကျန်စာရင်းကို ပြုစုပြီး ပို့ပေးရန်လိုကြောင်း ယခုလ ၆ ရက်နေ့က စာတစ်စောင် ထုတ်ပြန်ခဲ့သည်။
(၄င်းစာအား အပေါ်တွင် တင်ပြထားပါသည်)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
ဓာတ်ပုံထားသိုသည့်နေရာကြောင့် အောက်ဆုံးစာသားတစ်ကြောင်းပြောင်းလဲထားခြင်းကို နားလည်ပေးပါရန် နိရဉ္စရာသို့ တောင်းပန်ပါသည်။

Monday, December 30, 2013

ကျောက်ဖြူမြို့နယ်တွင် စက်လှေ တစ်စီးနစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံး

Kyauk-pru-600-x-400
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာအုပ်စုတွင် ထင်းသွားခွေသည့် စက်လှေ တစ်စီး ဒီဇင်ဘာလ ၂၈ ရက်နေ့က နစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူများမှာ ကျောက်ဖြူမြို့နယ် ဆင်ဘုတ် ကျေးအုပ်စု ကျွန်းကြီး လူရှည်တောင်ရင်းမှ ၁၃ ဦး၊ သဒွတ္တိန်မှ ၁ ဦး၊ စကျွန်းချောင်း သရော်တောမှ ၃ ဦး စုစုပေါင်း (၁၇) ဦး ဖြစ်ကြောင်း သိရသည်။
စက်လှေပေါ်တွင် လူ ၄၀ ခန့်ပါရှိပြီး ရှင်ပြုပွဲအတွက် မင်းရပ်ချောင်းတွင် ထင်းရှာပြီး ပြန်အလာတွင် ရွာအနီးချောင်းတွင် နစ်မြုပ်သွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။
“ ထင်းတွေကို စက်လှေ ခေါင်းမိုးပေါ်မှာ တင်ထားကြတယ်လို့ သိရပါတယ်။ လူတွေက စက်လှေ ၀မ်းခေါင်ထဲမှာ လိုက်ပါလာကြပါတယ်။ ရွာကို ဆိပ်ကပ်မလို့ ချောင်းအတွင်းမှာ စက်လှေကို ကွေ့ရာမှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စက်လှေပိုင်ရှင်မှာ ကိုချိုဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီးများမှာ အသက် ၁၂ နှစ်မှ ၆၀ အရွယ်အတွင်း ဖြစ်ကြသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရဲစခန်းအား မေးကြည့်ရာ အမျိုးသမီး ၁၇ ဦးသေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသော်လည်း အသေးစိတ်ကို ကျောက်ဖြူရဲစခန်းသို့ မေးမြန်းရန် ပြောကြားသည်။
အလောင်း ၁၇ လောင်းတွင် တစ်လောင်းအား ကျောက်ဖြူသို့ ယူဆောင်လာပြီး ကျန် ၁၆ လောင်းကို သူတို့ရွာများတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 26, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည် ဖော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် အကုန်တွင် အလုပ်သမား ခြောက်သောင်းနီးပါး အလုပ်အကိုင် ရရှိမည်

8.1.1
ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းရှိ ဆိပ်ခံတံတား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဌေးသန်း)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးတွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ပထမအဆင့် ပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၁၆ ခုနှစ် အကုန်တွင် အလုပ်သမား ၅၈၀၀၀ ခန့် အလုပ်အကိုင် ရရှိနိုင်မည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်း၏ တင်ပြချက် စာတမ်းအရ သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပထမဆင့်အဖြစ် (၂၀၁၄- ၂၀၁၆)၊ ဒုတိယဆင့်အဖြစ် (၂၀၁၇- ၂၀၂၀) နှင့် တတိယဆင့်အဖြစ် (၂၀၂၁- ၂၀၂၅) အထိ ခန့်မှန်းကာလ သတ်မှတ်ပြီး အဆင့်သုံးဆင့်ခွဲကာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ပထမဆင့်စီမံကိန်း အကောင်အထည် ဖော်မှုတွင် ဆိပ်ကမ်း၊ အထူးစီးပွားရေး ဇုန်အတွက် အသားတင် ဧရိယာနှင့် အိမ်ရာများ အတွက် စုစုပေါင်း ၁၄၅ ဟက်တာခန့် ပါဝင်မည်ဖြစ်သည်။
အထူးစီးပွားရေးဇုန် ပထမဆင့်အတွက် ခန့်မှန်းလုပ်ငန်း အမျိုးအစားများမှာ အထည်ချုပ်လုပ်ငန်း ရာခိုင်နှုန်း ၃၀၊ ငါးပြုပြင် ထုပ်ပိုးခြင်းလုပ်ငန်း ရာခိုင်နှုန်း ၅၀ နှင့် အခြားအသေးစား လုပ်ငန်းများ (ရာခိုင်နှုန်း ၂၀ ခန့် ပါဝင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အကြံပေးကုမ္ပဏီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်ကို နိုဝင်ဘာလကုန်အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။
စီမံကိန်း ပထမဆင့်အတွက် ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် အကြံပေးကုမ္ပဏီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဆက်လက် လုပ်ဆောင်ရန် ကျန်နေသည်များနှင့် လာမည့်ဒီဇင်ဘာ မှ ၂၀၁၄ ဧပြီအထိ စီမံကိန်း ရင်းနှီးတည်ဆောက်သူ အိတ်ဖွင့်တင်ဒါ ခေါ်ယူမည့် လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း တည်ဆောက်မှုကို ၂၀၁၄ ဧပြီမှ စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းကို ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ ဒသမ ၈ မိုင်ခန့်အကွာ၊ စစ်တောကျေးရွာနှင့် စီမော်ကျေးရွာ အနီးတစ်ဝိုက်တွင် တည်ဆောက်မည်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ စီးပွားရေး နယ်ပယ်များနှင့် ဆက်စပ်နေသဖြင့် အဓိကကျသည့် စီးပွားရေးဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက်အနေဖြင့် ကျပ်သန်းကိုးသောင်းခန့် ရှိနိုင်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သန်းတင့်က ပြီးခဲ့သည့် သြဂုတ်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Monday, October 21, 2013

တရုတ်မြန်မာ ချစ်ကြည်ရေးအဖွဲ့ ကျောက်ဖြူသို့ လာရောက်လည်ပတ်

Gas
 
တရုတ်- မြန်မာ ချစ်ကြည်ရေး အဖွဲ့ တစ်ဖွဲ့သည် ယခုလ ၁၇ ရက်နေ့က ကျောက်ဖြူမြို့ကို လာရောက် လည်ပတ်ခဲ့သည်။

ထိုသို့ လာရောက်လည်ပတ်စဉ် ကျောက်ဖြူ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် ဒေသခံ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေသခံတွေနဲ့ တွေ့ဆုံခဲ့စဉ် ကျောက်ဖြူ ဒေသခံများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း ကျောက်ဖြူ မြို့ခံ တစ်ယောက် ဖြစ်သူ ဆရာထွန်းလွင်က ပြောသည်။

“ တရုတ်မြန်မာ ချစ်ကြည်ရေးအဖွဲ့ဆိုပြီး အဖွဲ့တစ်ဖွဲ့ရောက်ပါတယ်။ တရုတ်တွေရဲ့ ဒီရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံတွေ နစ်နာမှုရှိတယ်။ နောက်တခါ အဲဒီမှာလုပ်ကြတဲ့ ကုမ္ပဏီတချို့ကလည်း အခု အချိန်ထိ အကြွေးတွေ မရသေး။ ဒါတွေကို ကြုံခဲ့ရတယ်။ ရှေ့မှာ တရုတ်တွေ ရင်းနှီးမြုပ်နှံဖို့လာကြရင် ဒေသခံတွေ နစ်နာမှာကိုကြောက်နေတယ်လို့ ဆွေးနွေးဖြစ်ပါတယ်” ဟု ဆိုသည်။

တရုတ်- မြန်မာ ချစ်ကြည်ရေး အဖွဲ့မှ ပြန်လည် ရှင်းလင်းပြောကြားချက်နှင့် ပတ်သက်ပြီးသူက ယခုလို ဆက်ပြောသည်။

“ ဒေသခံတွေရဲ့ နစ်နာချက်ကို အဖွဲ့ ဥက္ကဌပြောတာက သူတို့အနေနဲ့ CNPC ကိုပြောပြလို့ရတယ်။ တရုတ် ပြည်သူတွေလည်း သိအောင်လုပ်လို့ရတယ်။ ဒီဟာတွေက အရင် စစ်အစိုးရ လက်ထက်တုန်းက မပွင့်လင်းတဲ့ အချိန်က လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် တရုတ်တွေဘက်က အားနည်းချက်တွေ ရှိခဲ့တယ်လို့ ပြောဆို သွားပါတယ်။”

တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မေဖုန်းမော်ဟိုတယ်တွင် ပြု လုပ်ခဲ့ကြသည်ဟု သူက ဆိုသည်။

၎င်းအဖွဲ့သည် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ မဒေးကျွန်းသို့လည်း သွား ရောက်ခဲ့ကြောင်း ဆရာထွန်းလွင်က ဆက်ပြောသည်။

“သူတို့ မဒေးကျွန်းကိုသွားပါတယ်။ မဒေးကျွန်းမှာ MOGE နဲ့ CNPC ကိုတွေ့ဖို့ တောင်းတဲ့ အခါ MOGE နဲ့တွေ့ခွင့် မရခဲ့ပါ။ CNPC နဲ့လည်း အတင်းတောင်းဆိုမှ တွေ့ခွင့် ရခဲ့ပါတယ်။ ဒီနေ့တော့ သံတွဲကို ဆက်သွားမှာပါ” ဟု ဆိုသည်။

အခုရောက်ရှိလာသော တရုတ်မြန်မာ ချစ်ကြည်ရေးအဖွဲ့သည် ကျောက်ဖြူမြို့သို့ ပထမဆုံး ချစ်ကြည်ရေး ရောက်ရှိလာတဲ့ တရုတ်အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)