Showing posts with label စက်မှုဇုန်. Show all posts
Showing posts with label စက်မှုဇုန်. Show all posts

Monday, February 2, 2015

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

မဒေးကျွန်း စီမံကိန်း မြင်ကွင်း (ဓာတ်ပုံ - ခင်ဦးသာ / ဧရာဝတီ)
မဒေးကျွန်း စီမံကိန်း မြင်ကွင်း (ဓာတ်ပုံ – ခင်ဦးသာ / ဧရာဝတီ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်း ဖောက်လုပ်ထားသည့် တရုတ် ရေနံပိုက်လိုင်းနှင့် ရေနံစိမ်းတင် သင်္ဘောကြီးများ ဆိပ်ကပ်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့အား ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ဟု သိရသည်။
ထို ရေနံပိုက်လိုင်း စီမံကိန်းကို၂၀၁၁ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲသည်။ ရေနံပိုက်လိုင်းနှင့်အတူ ပူးတွဲ တည်ဆောက်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့လည်း တန်ချိန် ၃ သိန်းဆံ့ နိုင်ငံတကာ ရေနံတင် သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည် ဖြစ်သည်။
ယင်းစီမံကိန်းများ ပြီးစီး၍ လုပ်ငန်းများ လည်ပတ်နိုင်ပြီ ဖြစ်သော်လည်း စီမံကိန်းများအတွက် အဓမ္မ သိမ်းယူထားသည့် ဒေသခံပြည်သူများ၏ လယ်ယာမြေများ၊ နွားစာကျက်မြေများ၊ မြေလွတ်မြေရိုင်းများအတွက် လျော်ကြေးငွေများကို ထိုက်တန်စွာ ပေးဆောင်မှု မရှိသေး၍ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများလည်း ဖြေရှင်းရန် ရှိနေဆဲ ဖြစ်သည်။
ဒေသခံပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို စီမံကိန်းများ ဖွင့်ပွဲလုပ်မည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မဒေးကျွန်းပေါ်၌ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခဲ့ကြသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များ သိရှိသွား၍ ညှိနှိုင်းရာမှ ဆန္ဒပြမှု မဖြစ်မြောက်ခဲ့ကြောင်း မဒေးကျွန်းဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒေသအာဏာပိုင်တွေက ဆန္ဒမပြဖို့ ဆွေးနွေးတယ်၊ သိမ်းယူထားတဲ့ မြေလွတ်မြေရိုင်းတွေ အတွက်လည်း ဂရုဏာကြေး ပေးမယ်လို့ ပြောဆိုပြီး ဆန္ဒမပြကြဖို့ တိုက်တွန်းတော့ နောက်ဆုတ်ပေးလိုက်ပါတယ်” ဟု ဆိုသည်။
မဒေးကျွန်းပေါ်၌ ကျေးရွာ ၃ ခုရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်ကြကာ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံ လုပ်ငန်းနှင့် ငါဖမ်း လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးကြသည်။ သို့သော် ရေနံပိုက်လိုင်း စီမံကိန်းနှင့် ရေနက်ဆပ်ကမ်း စီမံကိန်းများ တည်ဆောက်ချိန်မှ စတင်၍ လယ်မြေများ၊ ဥယာဉ်ခြံများကို သိမ်းယူခံလိုက်ကြရသည်။ ထို့အတူ ငါးဖမ်းသူများသည်လည်း စီမံကိန်း ဧရိယာများကို အကြောင်းပြု၍ လွပ်လပ်စွာ ငါးဖမ်းပိုင်ခွင့် မရှိကြတော့ပေ။
ဒုသမ္မတ ဦးဥာဏ်ထွန်းကမူ ထိုစီမံကိန်းများကြောင့် ဒေသခံများသည်လည်း အကျိုးခံစားရမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဟု ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ ဇန်န၀ါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် စီမံကိန်းများ အကြိုဖွင့်ပွဲ၌ ပြောဆိုခဲ့သည်။
ပိုက်လိုင်းတလျှောက်ရှိ ပြည်သူများ၏ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် အကုန်ခံ၍ ဆောင်ရွက်ပေး ထားကြောင်းလည်း ဦးဥာဏ်ထွန်းက ပြောဆိုခဲ့သေးသည်။ ပိုက်လိုင်းတလျှောက်ရှိ ဒေသခံပြည်သူများကမူ ၎င်းတို့၏ ဖွံ့ဖြိုးရေးအတွက် ထိရောက်သည့် ကူညီမှု မရှိသေးဟု မီဒီများကို ပြောဆိုကြသည်။ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွား၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရေနံပိုက်လိုင်း စီမံကိန်းအား အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြန်မာအစိုးရက ၁ ဒသမ ၂၀၄ ဘီလီယံ ထည့်ဝင်၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားကာ နှစ် ၃၀ စီမံကိန်းဖြစ်ကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် နိုင်ငံတကာ ရေနံစိမ်းတင် သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနံတင် သင်္ဘောဆိပ်ကမ်း ဖြစ်ကြောင်းလည်း ဒုသမ္မတက ဆိုသည်။
ရေနံတင် သင်္ဘောကြီးများ ဆိပ်ကပ်မည်ဖြစ်၍ ရေနံယိုစိမ့်မှု သို့မဟုတ် မတော်တဆမှု တခုခု ဖြစ်ပွားပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေရန် စနစ်တကျ ဆောင်ရွက်ထားမှုနှင့် ထိခိုက်မှုတခုခု ဖြစ်ပွားပါက အကာအကွယ်ပေးနိုင်ရန် အတွက်လည်း ခိုင်မာသည့် ဥပဒေများ မရှိသေးဟု ဝေဖန်မှုများ ရှိနေသည်။
သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိသကဲ့သို့ ထိုစီမံကိန်းမှ ၀င်ငွေ မည်မျှရရှိမည်၊ ထိုငွေများအား အများပြည်သူ အကျိုးအတွက် မည်သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကိုလည်း အစိုးရက ထုတ်ဖော် ပြောဆိုမှု မရှိသေးပေ။
ဒု သမ္မတ ဦးဥာဏ်ထွန်းကမူ မြန်မာ အစိုးရအနေဖြင့်  သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် စောင့်ကြည့်ရန်အတွက် နိုင်ငံတကာ အဆင့်ရှိ စောင့်ကြည့်ရေး ကုမ္ပဏီများကို ငှားရမ်း အသုံးပြုသွားမည်ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဖို့ စနစ်တကျ လုပ်သွားမယ်လို့တော့ ဒီနေ့ (ဇန်နဝါရီ ၃၀) လုပ်တဲ့ မဒေးကျွန်းပေါ်က ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးတွေက ပြောသွားတာ တွေ့တယ်၊ တကယ်လုပ် မလုပ် ဆိုတာတော့ စောင့်ကြည့် ရဦးမှာပေါ့” ဟု ဆိုသည်။
ကျောက်ဖြူဒေသရှိ စီမံကိန်းများ၌ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဟု သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များက လွယ်လွယ်ကူကူ ပြောဆို ကတိပေးလေ့ရှိသော်လည်း လက်တွေ့၌ ထိုသို့ မဟုတ်ပေ။
စီမံကိန်း လုပ်ငန်းများအတွက် လိုအပ်သည့် အလုပ်သမားများကို အောက်ခြေအဆင့်မှ ပညာရှင်အဆင့်အထိ တရုတ်နိုင်ငံသားများကိုသာ ခေါ်ဆောင်၍ လုပ်ကိုင်စေခဲ့သည်ကို ပြီးစီးသွားသည့် စီမံကိန်းများက သက်သေပြခဲ့ပြီး ဖြစ်သည်။ တရုတ် လူမျိုးများ မလုပ်နိုင်၊ မလုပ်လိုသည့် အလုပ်ကြမ်း တချို့ကိုသာ ဒေသခံများက နေ့စားအဖြစ် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ဒေသခံများက ဧရာဝတီကို ရှင်းပြကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏ တခြားဒေသများမှ အလုပ်သမားများနှင့် နှိုင်းယဉ်ပါကလည်း ဒေသခံများမှာ အလုပ် လုပ်ပိုင်ခွင့် နည်းပါးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဒေသခံများမှာ ကျွမ်းကျင်မှု မရှိ၍ ဖြစ်ကြောင်း၊ လုပ်ငန်းခွင် တူညီပါကလည်း  ဒေသခံများကို ဈေးနှိမ်၍ လုပ်အားခ ရှင်းပေးခဲ့ကြောင်း ပြောဆိုကြသည်။
ဒေသတခု၌ စီမံကိန်းများ တည်ဆောက်မည်ဆိုပါက ထိုစီမံကိန်းများ၌ ဒေသခံများကို ရာခိုင်နှုန်း မည်မျှ ထိလုပ်ပိုင်ခွင့်ပေးရမည် ဆိုသည်ကို စာရွက်ပေါ်တွင် ရေးထားသော်လည်း အာဏာပိုင်များနှင့် စီမံကိန်း တည်ဆောက်သူတို့က အလေးထားမှု မရှိခဲ့ကြပေ။
ထို့အတူ စီမံကိန်းများ မစတင်မီကပင် ဒေသခံများအား ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် ကြိုတင်လေ့ကျင့်ပေးမှုများ မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသ၌ ထပ်မံ တည်ဆောက်မည့် စီမံကိန်းများအတွက် ဒေသခံများကို ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် အစိုးရက ကြိုတင် ဆောင်ရွက်သင့်ကြောင်းလည်း ဦးဘရှိန်က ဆိုသည်။
ကျောက်ဖြူဒေသ၌ ပြီးစီးသွားသည့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အ၀င်အပါအ၀င် ထိုဒေသ၌ တည်ဆောက်ပြီးစီးသွားသည့် စီမံကိန်းများသည် ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ခံစားနေကြရကြောင်း၊ အမှန်တကယ် အကျိုးကျေးဇူး ခံစားရသူများမှာ မြန်မာအစိုးရနှင့် စီမံကိန်းများ လာရောက်လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံတို့သာ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ကျောက်ဖြူ ဒေသ၌ လာရောက် ရင်းနှီးမြှုပ်နှံမည့် တရုတ် စီမံကိန်းများအပေါ် ကြိုဆိုမှု မပြုလိုကြောင်း၊ အကယ်၍ လာရောက် လုပ်ကိုင်မည် ဆိုပါကလည်း အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးခံစားခွင့်ကို ဥပဒေရ တိကျစွာ သတ်မှတ် ဆောင်ရွက်ပြီးမှသာ စီမံကိန်းများ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း ဒေသခံများက ဆိုကြသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, December 9, 2014

ပုဏ္ဏားကျွန်းစက်မှုဇုံတွင် ပါဝင်မည့် လယ်ဧက ၁၆ဝဝ ကျော် လျော်ကြေးမရရှိသေးဟုဆို

စက်မှုဇုန်တည်ဆောက်မည့် ပုဏ္ဍားကျွန်းမြို့ကို မြို့အင်္ဂါရပ်နှင့် ညီအောင် အမြန်ဆုံး တည်ဆောက်ရန် လိုနေသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
စက်မှုဇုန်တည်ဆောက်မည့် ပုဏ္ဍားကျွန်းမြို့ကို မြို့အင်္ဂါရပ်နှင့်ညီအောင် အမြန်ဆုံး တည်ဆောက်ရန် လိုနေသည်။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အနီးတွင်တည်ဆောက်မည့် ပုဏ္ဏားကျွန်းစက်မှုဇုန်တည်ဆောက်ရန် လျာထားသည့် မြေနေရာတွင် ပါဝင်သွားသည့် လယ်မြေဧက ၁၆ဝဝ ကျော်အတွက် ယခုအချိန်ထိ လျော်ကြေးမရရှိ သေးဟု လယ်ပိုင်ရှင်များက ပြောကြားသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်တည်ဆောက်ရန်သတ်မှတ်ထားသည့် မြေဧက ၁၈၃၃ ဒသမ ဝဝ ဧကတွင် ယင်း မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ လယ်မြေဧကပေါင်း ၁၆၄၇ ဒသမ ၆၄ ဧက ပါဝင်လျက်ရှိသည်ဟု ပုဏ္ဏား ကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောသည်။
လယ်မြေပိုင်ရှင်များမှာ ယင်းတို့၏ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် ယခုနှစ် ဒီဇင်ဘာလ အစောပိုင်းအထိ လျော်ကြေးတစ်စုံတစ်ရာမရရှိသေးဟု လယ်ပိုင်ရှင်များက ဆိုသည်။
“လျော်ကြေးငွေတွေ အခုချိန်ထိ မရသေးဘူး။ ဘယ်တော့ပေးမယ်ဆိုတာလည်း အတိအကျမသိ ရသေးဘူး”ဟု လယ်ဧက ၄ဝ ခန့်ဆုံးရှုံးသွားသည့် တန်းစွယ်ကျေးရွာမှ ဦးတင်မောင်က နိရဉ္စရာသို့ပြောသည်။
အဆိုပါစက်မှုဇုန်ကို ပုဏ္ဏားကျွန်းမြို့အနောက်ဘက်ရှိ ရေပေါက်ချောင်းကျေးရွာအနီးတွင်တည်ဆောက် ရန်သတ်မှတ်ထားပြီး စက်မှုဇုန်မြေနေရာအတွင်း ရေပေါက်ချောင်းကျေးရွာအပါအဝင် နတ်ဆိပ်ကျေးရွာ၊ မင်းဂံ ကျေးရွာ၊ တန်းစွယ်ကျေးရွာနှင့် ယာချောင်းကျေးရွာများမှ လယ်မြေများပါဝင်သွားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ပါဝင်သွားသည့်လယ်ယာမြေပိုင်ရှင်များကို လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်းပေးလျော် မည်ဟု ယခင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်က ပြီးခဲ့သည့်နှစ်က လယ်သမားများနှင့်တွေ့ဆုံစဉ် ပြောခဲ့ သည်ဟု လယ်ပိုင်ရှင်များက ပြောသည်။
“ လျော်ကြေးငွေတွေကို ဘယ်အချိန်ပေးလာမယ်ဆိုတာလည်း မသိသေးဘူး။ တစ်ချို့ကလည်း လိမ်ပြောတာလား မသိဘူးဆိုပြီး ထင်မြင်ချက်တွေအမျိုးမျိုးပေးနေကြတယ်။ ပြောပြီး ပျောက်သွားလို့လေ။ လျော်ကြေးရ မယ်လို့တော့ လယ်သမားတွေမျှော်လင့်နေကြပါတယ်”ဟု လယ်ဧက ၃ဝ ခန့်ဆုံးရှုံးသွားသည့် မင်းဂံကျေးရွာမှ ဦးမောင်သန်းထွန်းက နိရဉ္စရာသို့ပြောသည်။
ယင်းသို့လျော်ကြေးငွေများမရရှိသေးသည့်အတွက် လယ်ပိုင်ရှင်များအနေဖြင့် အခြားလုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ စက်မှုဇုန်နယ်မြေတွင်ပါဝင်သွားသည့် ယင်းတို့၏လယ်ယာမြေများပေါ်တွင် ဆက်လက် လုပ်ကိုင်စားသောက်နေကြရကြောင်း လယ်သမားများက ပြောသည်။
စက်မှုဇုန်တစ်ခုဖြစ်ပေါ်ရန် လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် မီးစသည့် အခြေခံလိုအပ် ချက်များပြည့်စုံမှု မရှိသေးသည့်အတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက်စော၍ စတင်အကောင်အထည် မဖော်နိုင်ဟု သမ္မတရုံးမှ ဒုတိယဝန်ကြီးတစ်ဦးက ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကပြုလုပ်သော ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။
ကျပ်သန်းပေါင်း ၇ သောင်းကျော် အကုန်အကျခံ တည်ဆောက်မည့်ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် အထည်ချုပ် စက်ရုံ၊ နို့ဆီချက်စက်ရုံ၊ ဆန်ကြိတ်ဖွတ်စက်ရုံနှင့် ရေချိုသားပေါက်စခန်းစက်ရုံ၊ အအေးခန်းစက်ရုံတို့အပါအဝင် စက်ရုံပေါင်း ၃ဝ ကျော်ခန့်ပါဝင်မည်ဖြစ်သည့်အတွက် အဆိုပါစက်မှုဇုန်ပြီးစီးသွားပါက ဒေသတွင်းမှ ဒေသခံ ပြည်သူအများအပြား အလုပ်အကိုင်အခွင့်အလန်းများရရှိလာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 12, 2014

ထားဝယ်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် အိန္ဒိယ ပါဝင်ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေး

မြန်မာနိုင်ငံသည်တောင်အာရှနှင့် အရှေ့တောင် အာရှ၏ အဓိကထွက်ပေါက်ဖြစ် သည့်အတွက် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ထားဝယ်ရေ နက်စီမံကိန်း၊ ကျောက်ဖြူအ ထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ရေးနှင့် မြန်မာနိုင်ငံ၏ စက်မှုဇုန် များတွင် ရင်းနှီးမြှုပ်နှံရေးတို့ကို သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယ၀န် ကြီးချုပ် နရန်ဒရာမိုဒီတို့ သီးသန့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံဆွေးနွေးမှုမှာ ကျေနပ်ဖွယ် ကောင်းကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအရ မျှော်မှန်းချက်  အမျိုးမျိုးတွင် ရေရှည်တည်တံ့စေ မည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ ကြောင်းနှင့် ယဉ်ကျေးမှု၊ ကုန် သွယ်မှုနှင့် ကူးသန်းရောင်းဝယ် ရေး၊ ဆက်သွယ်သွားလာရေးတို့ တွင် ခိုင်မာသည့် ပေါင်းကူးဆက် သွယ်မှုများ ဖြစ်ပေါ်လာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ၀န်ကြီးချုပ် မိုဒီက တွေ့ဆုံမှုအပြီး နာရီပိုင်း အတွင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားထားသည်။
ထို့အပြင် ၀န်ကြီးချုပ် မိုဒီ ပြည်နယ် ၀န်ကြီးချုပ် လက်ထက်က ဂူဂျာရတ်ပြည်နယ်တွင် အောင်မြင်ခဲ့သည့် ဆင်းရဲနွမ်းပါး မှု လျှော့ချရေးလုပ်ငန်းစဉ်နှင့် ဆို လာစနစ်ဖြင့် ကျေးလက်မီးလင်း ရေးဆောင်ရွက်မှုများကို သမ္မတ ဦးသိန်းစိန်က ဆွေးနွေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော သည်။
‘‘အဓိကက နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ ၁ ဒသမ ၆ ဘီလီ ယံပဲရှိသေးလို့ ဒါကို မြှင့်တင်ရေး၊ အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးပါတယ်။ မြန်မာက အ ချက်အချာကျတော့ ဒီထားဝယ် တို့၊ ကျောက်ဖြူတို့မှာ သူတို့စက် ရုံတွေ လာတည်ပြီး ပစ္စည်းတွေ ပို့မယ်ဆို ပိုနီးသွားတာပေါ့။ ဒါကို အဓိက ဆွေးနွေးပါတယ်’’ ဟု ၎င်းက ပြောသည်။
ထို့ပြင် အိန္ဒိယနှင့် နယ်နိ မိတ်ထိစပ်နေသည့် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ တွင် အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပြည်နယ်အချင်းချင်း ပူး ပေါင်းဆောင်ရွက်ရေးနှင့် ညီအစ် မမြို့တည်ထောင်ရေး၊ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ထပ်မံဖွင့် လှစ်ရေးနှင့် ချင်းတောင်ကို လမ်း ပန်းဆက်သွယ်ရေး ပိုကောင်းရန် အိန္ဒိယက အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ၎င်းက  ပြောသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ကို သီးသန့်မဆွေးနွေးဘဲ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို လက်ခံသည့် နိုင်ငံ အချင်းချင်းဖြစ်၍ မူဝါဒ ကွာခြား မှုမရှိကြောင်း ၎င်းက ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News၊ ဓာတ်ပုံ- သမ္မတရုံး)

Wednesday, July 16, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် တင်ဒါစတင်ခေါ်ယူ

 ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ဇူလိုင် ၁၄ရက်တွင်အပြည်ပြည် ဆိုင်ရာတင်ဒါခေါ်ယူလိုက်ပြီး အ ကောင်အထည်ဖော်မည့် တည် ဆောက်ရေးသုံးခုအတွက် တစ်ခု ချင်းစီ၏ တင်ဒါမှတ်ပုံတင်ကြေး အဖြစ် အမေရိကန်ဒေါ်လာတစ် ထောင်သတ်မှတ်ထားကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရေးကော်မတီက သတင်းထုတ်ပြန်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ၂၀၁၅ခုနှစ်တွင်အကောင် အထည်ဖော်နိုင်ရန် ဇူလိုင် ၇ရက်က စင်ကာပူနိုင်ငံတွင် တင်ဒါခေါ်ယူမည့်ဈေးကွက်ရှာဖွေရေး အစည်းအဝေးပြုလုပ်ပြီး ခုနစ်ရက် အကြာတွင်  အစိုးရက တရားဝင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ် ယူလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာလုပ်ငန်းရှင်များ ကို တင်ဒါခေါ်ယူသောလုပ်ငန်း များမှာ ဆိပ်ကမ်းတည်ဆောက် ရေး၊ စက်မှုဇုန်အကောင်အထည် ဖော်ရေး၊ အခြေခံအဆောက်အ အုံများအကောင်အထည်ဖော်ရေး စသည့်လုပ်ငန်းများဖြစ်ပြီး သြဂုတ် ၂၅ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန်နယ်မြေကို ဧကတစ် ထောင်ကျော်ဖြင့်စတင်အကောင် အထည်ဖော်သွားမည်ဟု အစိုးရ က ထုတ်ပြန်ထားသော်လည်းအ ကောင်အထည်ဖော်မည့်နေရာ တွင် ရွှံ့မီးတောင်ရှိသောကြောင့် ယခင်မြေပုံကို ပြင်ဆင်သတ်မှတ် လိုက်သည်။ အသစ်ပြင်ဆင်သတ် မှတ်လိုက်သည့်ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် မြေဧကလေး ထောင်ကျော်ကျယ်ဝန်းသည်။
ဆိပ်ကမ်း၊ စက်မှုဇုန်နှင့်အ ခြေခံအဆောက်အအုံများအ ကောင်အထည်ဖော်ရေးသည် ၂၀၃၆ခုနှစ်အထိ ဖွံ့ဖြိုးရေးဆက် လက်လုပ်ကိုင်နိုင်မည့်နယ်မြေအ နေအထားကိုစီမံကိန်းရေးဆွဲထား ခြင်းဖြစ်သည်ဟု စီမံကိန်းရေးဆွဲ သည့်အကြံပေးကုမ္ပဏီ CPG က ခန့်မှန်းထားသည်။
မြေဧကလေးထောင်သည် စကွဲစတုရန်းကီလိုမီတာ ၁၉ရှိပြီး  မိုင်အားဖြင့် ၇မိုင်ကျယ်ဝန်းသည်။ ဆိပ်ကမ်းတည်ဆောက်ရေးအ တွက်တစ်မိုင်၊ စက်မှုဇုန်တည် ဆောက်ရေးအတွက် သုံးမိုင်ခွဲ ကျော်နှင့်မြို့ပြနှင့်  အခြေခံအ ဆောက်အအုံများတည်ဆောက် ရေးအတွက် နှစ်မိုင်ခွဲကျော်အသုံး ပြုရန်လျာထားကြောင်းအကြံပေး ကုမ္ပဏီကဆိုသည်။
ယခင်ကျောက်ဖြူအထူးစီး ပွားရေးဇုန်၏ ဧရိယာတွင် ရွှံ့မီး တောင်နှင့် ကျေးရွာနှစ်ရွာပါခဲ့ သော်လည်း ယခုတိုးချဲ့လိုက် သည့် နယ်မြေအတွင်း ရွှံ့မီးတောင်နှင့်ကျေးရွာနှစ်ရွာမပါဝင် တော့ဘဲ လယ်ယာမြေနှင့်စား ကျက်မြေ   အနည်းအကျဉ်းပါ နိုင်သည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန  ဒုတိယ၀န်ကြီးဦးမြင့် သိန်းကဖြေကြားသည်။
စီမံကိန်းအကောင်အထည် ဖော်ရေးအတွက် ရင်းနှီးတည် ဆောက်သူသုံးဦးကို ဒီဇင်ဘာလ အကုန်တွင်အပြီးသတ်ရွေးချယ် ရန်လျာထားပြီး စီမံကိန်းများကို ၂၀၁၅ခုနှစ်မတ်လတွင်အကောင် အထည်ဖော်ရန် မျှော်မှန်းထားသည်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင်အာရှနိုင်ငံများသို့  ဆက်သွယ်ပေးမည့်အချက်အချာ ကျသည့် စီးပွားရေးရပ်ဝန်းတစ်ခု ဖြစ်သောကြောင့်အကောင်အ ထည်ပေါ်လာပါက တိုင်းပြည်၏ ၀င်ငွေ ၈၀ရာခိုင်နှုန်းရှာဖွေပေး နိုင်သည်ဟု မြန်မာနိုင်ငံနှင့် ပူး ပေါင်းဆောင်ရွက်နေသော CPG အကြံပေးကုမ္ပဏီက   ခန့်မှန်း သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, July 10, 2014

ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုံနှင့် စက်မှုဇုံ တည်ဆောက်ရန် နေရာလေးခုလျာထားသတ်မှတ်

ပြုပြင်နေသော ထုက္ကန်သိမ်မြင်ကွင်း (ဓာတ်ပုံ- မမြတ်စုမွန်/ဧရာဝတီသတင်းဌာန)
 ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တည်ဆောက်မည့်နေရာ စုစုပေါင်း လေးခုရှိမည်ဖြစ်ပြီး ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြုပ်နံမှု စိတ်ဝင်စားလွှာ ခေါ်ယူမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ ဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်တွေ စီးပွားရေးဇုန်တွေပေါ်ပေါက်လာဖို့လိုတယ်။ စီးပွားရေးဖွံ့ဖြိုးမှသာ ပဋိပက္ခတွေတစ်ဖက် တစ်လမ်းကပြေလည်မယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုအားနည်းတာကလည်း ပဋိပက္ခဖြစ် ပွားဖို့ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး သက်ဆိုင်တယ်လို့ ဆိုရမှာပေါ့ ” ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးအောင်ကျော်မင်းက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် အစိုးရက ဆောင်ရွက်ဆဲဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်-မောင်တောတို့တွင် အသေးစားအလတ်စား စက်မှုဇုံများ အကောင်အထည်ဖော်မည်ဟု လျာထားခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်က “ တကယ်ဖြစ် မဖြစ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကတော့ ၂၀၁၂ ကတည်းကပြောလာတာပဲ။ ဒေသတွင်းမှာတော့ ခုထိဘာမှဖြစ်မလာသေးဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အအေးခန်းစက်ရုံများ၊ အထည်ချုပ်စက်ရုံများ တည် ဆောက်နိုင်မည့် စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ စက်မှုဇုန်တွေ စိုက်ပျိုးရေးဇုန်တွေအတွက် စိုက်ပျိုးရေးသင်တန်းတွေ တချို့နေရာမှာ ပေးနေပြီ ”ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်တင်ဒါရွေးချယ်ရေးအဖွဲ့မှ ဦးအောင်ကျော်သန်း က ပြောသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ငွေကျပ်သန်းပေါင်း ခုနှစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ရန်လျာထား ပြီး ပုဏ္ဏားကျွန်း မြို့နယ်တွင် လျှပ်စစ်ဓာတ်အားရရှိစေရန် ဒီဇင်ဘာအကုန်တွင် စတင်အကောင်အထည် ဖော်မည်ဟု ဆိုသည်။
စီမံကိန်းများအကောင်အထည်ဖော်ရန် လျာထားမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် EITI အဖွဲ့ဝင် ဦးခိုင် ကောင်းစံက “ဒေသခံအကျိုးစီးပွားနဲ့ အလုပ်အကိုင်ရရှိရေး ကပထမဦးစားပေးဖြစ်သင့်ပါတယ်။ ပြော သလိုအကောင်အထည် ပေါ်လာမယ်ဆို ရင်တော့အကောင်းဆုံးပေါ့ ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အစိုးရက ချထားပေးသော ဘတ်ဂျက်ငွေ ၁ ဒသမ ၅ သန်းကို လမ်းပမ်း ဆက်သွယ်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက်အသုံးပြုမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမောင်မောင် အုန်းက ပြောကြားထားသည်။
ယင်းစီမံကိန်းများတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် ၂၀၁၂ ခုနှစ်ကတည်းက စတင်ကြိုး ပန်းခဲ့ခြင်းဖြစ်ပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တောစီမံကိန်းများမှာ ပြည်နယ်အစိုးရသက် လက် ထက်တွင် စတင်မည်ဟု ဆိုလာခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- Mizzima Burmese)