Showing posts with label ပါတီ. Show all posts
Showing posts with label ပါတီ. Show all posts

Friday, February 6, 2015

ရွာမတွင်ပြုလုပ်သော ဦးအေးသာအောင်၏ လူထုစည်းရုံးရေးဟောပြောပွဲ လူပေါင်းထောင်ချီတက်ရောက်

 ( ဦးအေးသာအောင်၏ ရွာမကျေးရွာ စည်းရုံးဟောပြောပွဲ)
ဦးအေးသာအောင်၏ ရွာမကျေးရွာ စည်းရုံးဟောပြောပွဲ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် ပြုလုပ်သော ဦးအေးသာအောင်၏ လူထုစည်းရုံးရေး ဟောပြောပွဲသို့ ဒေသခံ ပြည်သူ ထောင်နှင့်ချီ၍ တက်ရောက်နားထောင်ခဲ့သည်ဟု သိရသည်။
ရွာမဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်ရီက “ တက်ရောက်နားထောင်တဲ့သူက တစ်ထောင်ငါးရာခန့်ရှိပါတယ်။ ဒီလို လူတွေ စိတ်ပါဝင်စားစွာနဲ့ တက်ရောက်နားထောင်တာမျိုး အရင်က တစ်ခါမှ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
ဦးအေးသာအောင်မှာ ရခိုင်အမျိုးသားပါတီ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီ အဖွဲ့တစ်ဦးလည်း ဖြစ်ပြီး ၀ါရင့် နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။ ယခု ဟောပြောပွဲမှာ လာမည့် ရွေးကောက်ပွဲအတွက် တောင်ကုတ် လူထုအား လာရောက်အကဲစမ်းသည့် ဟောပြောပွဲ တစ်ခုအဖြစ် ရှုမြင် သုံးသပ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဦးအေးသာအောင်နှင့် အတူ လိုက်ပါလာသူ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမျိုးဆွေက “ တောင်ကုတ်ဒေသခံတွေ ဖိတ်ကြားတဲ့ အတွက် လူထု စည်းရုံးရေး ခရီးစဉ် အနေနဲ့ ဆောင်ရွက်တာပါ။ စစ်တွေမှာရှိတဲ့ ပါတီက ဦးခိုင်ပြည်စိုးတို့၊ ဒေါ်အေးနုစိန်တို့ကိုလည်း ဖိတ်ပါတယ်။ သူတို့မအားတဲ့ အတွက် ကျွန်တော်နဲ့ ဦးအေးသာအောင်တို့ တောင်ကုတ်မြို့နယ်ကို လာရောက်ပြီး လူထုတွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့နယ်သည် ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေတစ်ခု ဖြစ်ပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအားလုံး၏ နေရာကို ယင်းပါတီမှ အနိုင်ရခဲ့သည်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအတွင်း ယင်းအချိန်က ရှိခဲ့သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှာ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ရန် အချိန်တိုတောင်းသဖြင့် ၀င်ရောက် ယှဉ်ပြိုနိုင်ခြင်း မရှိခဲ့ချေ။
ယခုအခါ တောင်ကုတ်မြို့နယ်တွင်  ရခိုင်တိုင်းရင်းသားပါတီအနေဖြင့် လူထု ထောက်ခံမှုများ ရရှိနေသဖြင့် လာမည့် ရွေးကောက်ပွဲ အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် ကြိုတင်စည်းရုံးရေးဆင်းခြင်း ဖြစ်ကြောင်း ပါတီ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ နေရာအားလုံးကို  ပြည်မမှ ဦးဆောင်သော ကြံ့ခိုင်ဖွံဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ အနေဖြင့်  ပြိုင်ဘက် ကြံ့ခိုင်ရေးနှင့် အဖွဲ့ချုပ်တို့ကို အနိုင်ရရှိရေးအတွက် လူထု အားကိုးယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိနေသော ဦးအေးသာအောင် ကိုယ်တိုင် တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းများလည်း  ထွက်ပေါ်နေကြောင်း သိရှိရသည်။
ဦးအေးသာအောင်သည် တောင်ကုတ်မြို့နယ်ရှိ ဆားပြင်၊ ကျော်ကိုင်းကျေးရွာများသို့လည်း သွားရောက်ပြီး လူထုနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, February 4, 2015

ရွေးကောက်ပွဲ ကော်မရှင်ကို စောင့်ကြည့်သည့် အဖွဲ့များ အားကောင်းရန်လိုဟု ဒေါက်တာအေးမောင်ပြော

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားနေစဉ်။ (ဓာတ်ပုံ - ဆင်ဟွာ)

လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အားဖျက်သိမ်းပြီး၊အသစ်ပြန်လည်ဖွဲ့စည်းရန်အတွက် လက်မှတ်ရေးထိုး တောင်းဆိုမှုများရှိလာချိန်တွင် လက်ရှိရွေးကောက်ပွဲကော်မရှင်အား ဖျက်သိမ်းခြင်းထက်
ရွေးကောက်ပွဲကော်မရှင်အား စောင့်ကြည့်သည့် အဖွဲ့များ အားကောင်းရန်လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။
“ဒီအချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းဖို့ထက် ရွေးကောက်ပွဲကော်မရှင် လုပ်ချင်တာ လုပ်လို့မရအောင် စောင့်ကြည့်တဲ့ အဖွဲ့တွေအင်အားတောင့်ဖို့ အရေးကြီးတယ် လို့ထင်တယ်” ဟု ဒေါက်တာအေးမောင် က Rakhine News Agency သို့ပြောသည်။
ယခုလက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသောကြောင့် ရွေးကောက်ပွဲ ကော်မရှင်အားဖျက်သိမ်းပြီး၊ အသစ်ပြန်လည် ဖွဲ့စည်းပေးရန်အတွက် ပြည်သူ့လှုပ်ရှားမှုမြှင်တင်ရေး ကွန်ရက်က ဆောင်ရွက်လျက်ရှိပြီး၊ လက်မှတ်ရေးထိုး
တောင်းဆိုမှုများ ပြုလုပ်ရန်အတွက် လက်မှတ်များ ကောက်ခံလျက်ရှိသည်။
“ရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းဖို့ထက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို ပြောင်းပေးနိုင်ဖို့ လွှတ်တော်တွင်း၊လွှတ်တော်ပြင်နဲ့ လူထုက တောင်းဆိုတဲ့ နည်းကဖြစ်နိုင်ခြေပိုများတယ်” ဟုဒေါက်တာအေးမောင် ကပြောသည်။
ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အားအသစ်ပြန်လည်ဖွဲ့စည်းပေးရန် အတွက် လက်မှတ်ရေးထိုးတောင်းဆိုခြင်းကိုနိုင်ငံတော် သမ္မတနှင့် လွှတ်တော် ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် တာဝန်ရှိသူများကပြောဆိုထားသည်။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင်အစိုးရလက်ထက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီး တံတားဦး မဲဆန္ဒနယ်၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

ယာယီသက်သေခံကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုတုံ့ပြန်ရန် ရခိုင်လူထုသဘောထားရယူမည်

ယာယီသက်သေခံလက် မှတ်  (White Card) ကိုင်ဆောင် ထားသူများကို  မဲပေးခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်အားမည်သည့်နည်းဖြင့် တုံ့ပြန်မည်ဆိုသည်ကို စစ်တွေမြို့တွင် ရခိုင်လူထု သဘောထားရယူကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ပြည်နယ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့သည့်ကိစ္စ အဓိကထားဆွေးနွေးသွားမည်ဟု၎င်းက ပြောသည်။
ရခိုင်နိုင်ငံရေးနှင့် အရပ်ဘက်အင်အားစုများအကြား ၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်လူထုသဘောထားအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် မူလကတည်းက အစီအစဉ်ရှိထားကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်သူများကိစ္စ အဓိက ဆွေး နွေးမှု ဖြစ်လာနိုင်ကြောင်း၎င်းကဆက်ပြောသည်။
 ရခိုင်ပြည်နယ်တွင် သွေး ထွက်သံယိုပဋိပက္ခများ ဖြစ်ပွားပြီး နောက် မြန်မာအစိုးရသည် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း ကာ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ သော်လည်း လက်တွေ့တွင် အစိုး ရ၏ လုပ်ရပ်သည် ပဋိပက္ခဖြစ် စေမည့် ကိစ္စများကို ရွေးချယ်လုပ် ကိုင်နေသည့် ပုံစံဖြစ်နေသည်ဟု ဦးသန်းထွန်းက ပြောသည်။
‘‘ပါတီတစ်ခုအနေနဲ့ နိုင်ငံတော်အကျိုးယှဉ်တဲ့အခါ ပါတီတစ်ခုရဲ့ အကျိုးစီးပွားက ရှေ့တန်းရောက်သွားတယ်လို့ ထင်တယ်’’ ဟု ၎င်းက ပြောသည်။
 ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ကို ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးရာ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသား ကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရရှိခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, January 29, 2015

ALP မှ ရခိုင်ပြည်သူများသို့ ဆန်အပါအ၀င် တခြား လူအသုံးအဆောင် ပစ္စည်းများလှူ ဒါန်း

ALP Arakan
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာ၌ ဆိုလာပြား၊ ဆန်၊ ဆီနှင့် ခြင်ထောင်များကို ဇန်န၀ါရီလ ၂၅ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
“ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီက နေပြီးတော့ ဆိုလာပြား ၈၀၊ ဆန်အိတ် ၈၀၊ ဆီ ပုလင်း ၈၀၊ ခြင်ထောင် အလုံး ၈၀ လှူဒါန်းခဲ့ပါတယ်”ဟု ဒီပါရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
ဒီပါရုံကျေးရွာတွင် အိမ်ခြေ ၁၅၄ ဆောင် ရှိပြီး လယ်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်သည်။ ယခုနှစ်တွင် စပါးစိုက်ခင်းများသို့ ဆာငန်ရေများ ၀င်ရောက်ရာမှ စပါးများ ပျက်စီးခဲ့ပြီး အထွက်နူန်းမှာ ယခင်နှစ်များကထက် လျော့ကျခဲ့သည်ဟု သိရှိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ယခုကဲ့သို့ လာရောက်လှူဒါန်းသောကြောင့် ကျေးရွာသားများက အထူး ၀မ်းသာရပါကြောင်း ဦးခင်မောင်က ဆက်လက် ပြောဆိုသည်။
လှူဒါန်းသော ပစ္စည်းများကို မျှတမှုရှိစေရန် အတွက် မဲစနစ်ဖြင့် ရွာသားများကို ခွဲဝေ ပေးခဲ့သည်ဟု သိရသည်။
“ကျွန်တော်က ဆိုလာပြားနဲ့ ခြင်ထောင် မဲပေါက်ပါတယ်”ဟု ဥယျာဉ်လုပ်ငန်း လုပ်နေသူ ဦးစိန်လှက ပြောသည်။
ဆိုလာပြားမဲပေါက်၍ ကျောင်းသားများအတွက် အဆင်ပြေကြောင်း ဒေါ်ရွှေဦးစိန်ကလည်း ပြောဆိုသည်။
“ကျွန်မမှာ ၄ တန်းကျောင်းသား တစ်ယောက်နဲ့ ၁၀ တန်းကျောင်းသားတစ်ယောက် ရှိပါတယ်။ ဆိုလာပြား မဲပေါက်တဲ့အတွက် ကျောင်းသားတွေအတွက် အဆင်ပြေသွားပါတယ်”ဟု သူမက ပြောသည်။
ALP Arakan
ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာတွင် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ခန့်ရှိပြီး မူလွန်ကျောင်းအဆင့်ကို အစိုးရက ချပေးထားပြီး အလယ်တန်းကျောင်း ရရှိရန် ပညာရေးဌာနသို့ တင်ပြထားကြောင်း သိရသည်။
ကျောင်းဆောင် နှစ်ဆောင်ရှိသည့်အနက် တစ်ဆောင်မှာ အကာမလုံလောက်သဖြင့် ကျောင်းသားများ စာသင်ရာတွင် အခက်အခဲ ရှိနေသည်ဟုလည်း  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်က ဆက်လက် ပြောဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် မြန်မာအစိုးရနှင့် ၂၀၁၂ -ခုနှစ် ဧပြီလမှ စ၍ ပြည်နယ်အဆင့် ဆွေးနွေးထားပြီး မြန်မာအစိုးရနှင့် ပြည်နယ် အဆင့် အပစ်အခတ် ရပ်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ဂျပန်မှ နီပွန်ဖေါင်ဒေးရှင်းနှင့် လက်တွဲကာ ရခိုင်ပြည်နယ်ကျေးလက်ဒေသ များတွင် ဆင်းရဲသော ကျေးရွာများအား အကူအညီပေးလျှက်ရှိကြောင်း လေ့လာ သိရှိရသည်။

Wednesday, January 21, 2015

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေအကြား လက်ရှိအစိုးရက သွေးခွဲဖို့ ကြိုးစားနေပြီလား

405x250xmeet001-405x250.jpg.pagespeed.ic.6kRwQHQ-Pb

ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေပြည်တော်မှာ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားများ အထဲမှ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့တက်ရောက်ခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံအတွက် အရေးကြီးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ် အင်အား အကြီးဆုံး ပါတီ တစ်ခု ဖြစ်သော အမျိုးသားပါတီအား ဖိတ်ကြားမူ မရှိဘဲ byname ဖြင့် ပုဂ္ဂိုလ်ရေးအရ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီသဖြင့် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ယခုဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ယင်းဖိတ်ကြားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသဖြင့် နိရဉ္စရာ သတင်းဌာနမှ အစည်းအဝေးမစတင်မီ နေပြည်တော်သို့ သွားနေသော ဦးအေးသာအောင်အား မေးကြည့်ရာ သူက ယခုလို ပြောဆိုသည်။
“ ကျွန်တော့်ကို ဦးအေးသာအောင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ရခိုင်အမျိုးသား ပါတီဆိုပြီး ဖိတ်တာပါ။ နောက်ထပ် ဘယ်သူတွေ ပါတယ်ဆိုတာကို မသိပါဘူး။ ကျွန်တော်ကို ဖိတ်တဲ့ အတွက် ကျွန်တော် အခု အစည်းအဝေးကို တက်ရောက်ဖို့ သွားနေပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
ယင်းအပြင် ဖိတ်ကြားသည့် စာထဲတွင် အချက် (၃) ချက်ကို ဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အဓိကကတော့ ဖိတ်ကြားထားတဲ့ ဖိတ်စာထဲမှာအချက် ၃ ချက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။ ပထမတစ်ချက် (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး (ခ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့စပ်လျဉ်းပြီးတော့ အမျိုးသား သွေးစည်းညီညွတ်ရေး (ဂ) ၂၀၁၅ ရွေးကောက်ပွဲကိုလွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်ရေး စတဲ့ အချက် သုံးချက်နဲ့ ဖိတ်တာပါ” ဟု ဆိုသည်။
ယခုဖိတ်ကြားရာတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
“ ကျွန်တော်ကိုတော့ မဖိတ်ဘူးဗျာ။ ဘာကြောင့် မဖိတ်လည်းဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အစိုးရအဖွဲ့ တစ်ခုဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူတည်ပြီးမှ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအာဏာပါ။ နိုင်ငံရေး ပါတီဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုပြီးမှ ပေါ်ပေါက်လာတဲ့  နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်နဲ့  တရားဝင် ခွင့်ပြုထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ သူ့မှာလည်း ပါတီဖွဲ့စည်းပုံရှိတယ်၊ ဆိုတော့ အဖွဲ့စည်း တစ်ခုကို တစ်ခုကနေ အလေးအထားဖို့နဲ့ အပြန်အလှန်  respect ထားတတ်ဖို့တော့ လိုပါတယ်။ အခုတော့ အဲဒီသလို အစဉ်အလာမဲ့နေတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ပါတီကို မဖိတ်ဘဲ လူပုဂ္ဂိုလ်ကိုယ်ကို ဖိတ်ကြားမှုသည် ပါတီကို ကိုယ်စား မပြုနိုင်သဖြင့် ပါတီကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ နိုင်ငံရေးပါတီလို့ သုံးလို့ရှိရင် နိုင်ငံရေးပါတီကို အလေးအနက်ထား ဖိတ်ကြားဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီကို အမည်တပ်ပြီး ပုဂ္ဂိုလ် ကိုသာ ဖိတ်ကြားရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်။ အခု  ဖိတ်ကြားမှုသည် ဦးအေးသာအောင်ကိုသာ ဖိတ်ကြားတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ သို့သော် အဲဒီ ဖိတ်ကြားမှုဟာ ပါတီကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်ပါ” ဟု ဆိုသည်။
ယင်းပြင် ယခုတွေ့ဆုံပွဲသည် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ နောက်ပိုင်းတွင် ၁၂ ပွင့်ဆိုင် စသည်ဖြင့် အပွင့်နိုင်ငံရေး များလာရာမှ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ကြောင်း ဒေါက်တာ အေးမောင်ကဆိုသည်။
“ကျွန်တော့်အနေနဲ့အခုအခင်းအကျင်းနဲ့ နိုင်ငံရေးကစားကွက်တစ်ခုထဲ ရောက်သွားပုံ ပေါ်တယ်။ ပြည်ထောင်စုလွှတ်တော်ဘက်က ခြောက်ပွင့်ဆိုင်ကို အဆိုပြုပြီးခါမှအတည်မဖြစ်သေးခင်မှာလေးပွင့်ဆိုင်ဆိုတဲ့ဥစ္စာလေးက၂၀၁၃ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ အခုတခါ  ၁၂ ပွင့်လိုလို တိုင်းဒေသကြီး လွှတ်တော်ဘက်က အင်အားတစ်ခုနဲ့ အခင်းအကျင်း တစ်ခုအဖြစ် ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် ထင်ပါတယ်။ ဒါဟာ နိုင်ငံရေး ကစားကွက်တစ်ခုလို့ပဲ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ယခုတွေ့ဆုံမှုမှာ လက်ရှိအာဏာရသူများ၏ နိုင်ငံရေး ကစားကွက် တစ်ခုဖြစ်ခဲ့လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ရခိုင်အမျိုးသားပါတီအားလည်း ကစားကွက်ထဲ ဆွဲခေါ်လာပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
မည်သို့ပင် ဖြစ်စေ ယခု နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲသို့ ရခိုင်အမျိုးသား ပါတီ အားသော်လည်းကောင်း၊ ယင်းပါတီ၏  ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အားလည်းကောင်း မဖိတ်ကြားဘဲ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင် တစ်ဦးတည်းကို သီးသန့် ဖိတ်ကြားခြင်းကြောင့် ရခိုင်အမျိုးသားပါတီရှိ ခေါင်းဆောင်မှု အကြား နားလည်မှု လွဲမှားနိုင်သည်သာမက  တစ်ဘက်နှင့် တစ်ဘက် အားပြိုင်မှုများ ပေါ်ပေါက်လာကာ ပါတီတွင်း ညီညွှတ်ရေးကို ထိခိုက်နိုက်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
ယခုကဲ့သို့ အခြေအနေကို နားလည်ပါလျက် ရခိုင်အမျိုးသားပါတီကို မဖိတ်ကြားဘဲ လူပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ခြင်းသည် နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခုခုပါဝင်နိုင်ကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

AAPP အဖွဲ့ဝင်များ သံတွဲတွင် နိုင်ကျဉ်းဟောင်းများနှင့် တွေ့ဆုံ

image-d77a5cd8da5d8485bdcabce6a336c85ff7170bb361e8217ee3717155f92bb71f-V
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) မှ အဖွဲ့ဝင်များသည် ယခုလ ၇ ရက်နေ့က သံတွဲမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအ၀င် ၎င်းတို့ မိသားစုများနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းတွေ့ဆုံပွဲကို သံတွဲမြို့ NLD ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး AAPP နှင့် FPPS အဖွဲ့ဝင်များ၊ NLD မှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၀ ခန့်တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုတင်မောင်ဦးက “ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ နိုင်ကျဉ်း အဖွဲ့တွေဖွဲ့စည်းပြီး ကွန်ရက်သဖွယ် အချင်းချင်း ဆက်သွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
AAPP မှ ကိုချစ်ကိုလင်းမှ AAPP ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပြောကြားရာတွင် ဒေသတိုင်းတွင် နိုင်ငံရေး အကျဉ်းသားများအား ဒေသနှင့် လိုက်လျောညီထွေ ရှိမည့် သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း၊ ယင်းပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီပေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသားများ၏ အသင့်ပါလာသော ဖေါင်များတွင် ကိုယ်ရေးရာဇ၀င်များကို ဖြည့်စွက်ခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းအများအပြားရှိပြီး ယခုလက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်ရှိ ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၆ ဦးရှိကြောင်း စာရင်းကောက်ခံနေသူ ဦးရက္ခ၀ံသက နိရဉ္စရာသို့ ဇန်န၀ါရီလ ၇ ရက်နေ့က ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာ

၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်သွင်းဆုံးဖြတ်ခဲ့သည့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အပေါ်
ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၁/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဇွန်န၀ါရီလ (၄) ရက်
၁။ ၂၉-၁၂-၂၀၁၄ နေ့တွင်ကျင်းပသော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည် ဟု ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံတစ်ခုလုံးမှပြည်သူများက မိမိတို့နိုင်ငံအတွင်း သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသည့် လူမျိုး လုံးဝမရှိကြောင်း ဆန္ဒပြဖော်ထုတ်ငြင်းပယ်ခဲ့ကြပြီး၊ နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း အတိအလင်းဖော်ထုတ် ကြေငြာမြွက်ကြားထားပြီး ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံ တစ်မျိုးသားလုံးက ငြင်းပယ်ထားသော သမိုင်းလိမ် ရိုဟင်ဂျာ ဆိုသူများကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုရန် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အတည်ပြုချမှတ်ခြင်းသည် မြန်မာနိုင်ငံသားများ၏ ရင်တွင်း ဆန္ဒမှန်များကို ဆန့်ကျင်၍ အတင်းအဓမ္မ လိုရာဆွဲ ဆုံးဖြတ်ခြင်းဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို စွက်ဖက်ထိပါးမှုဖြစ်သည့်အပြင် ရခိုင်အမျိုးသားများ၏ ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆိုပါဆုံးဖြတ်ချက်အား ရခိုင်အမျိုးသားပါတီက လုံးဝပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်။
၎။ ဤသို့ မတရားသော အင်အားသုံး ဆုံးဖြတ်စွက်ဖက်မှုများကို လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေငြာအပ်ပါသည်။
( ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၏ ၃-၁-၂၀၁၅ နေ့ အစည်းအဝေး ဆုံးဖြတ်ချက် )
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

၂၀၁၅ ရွေးကောက်ပွဲဝင်မည့် မြို့နယ်များမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း ANP တောင်းခံ


ANP-recognizedစစ်တွေတွင် ပြုလုပ်ခဲ့သော  ရခိုင်အမျိုးသားပါတီ (ANP) ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ကြမည့် မြို့နယ် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းအား တောင်းခံသွားမည်ဟု သိရသည်။
“ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်းအဝေးကနေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အထဲမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် မြို့နယ်တွေက လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ အမည်စာရင်းတွေကို တောင်းခံသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် မြို့နယ်အသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို များမကြာမီ စတင်တောင်းခံသွားမည်” ဟု ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။
ယင်းဆုံးဖြတ်ချက်အား စစ်တွေတွင် ၂၀၁၅ ဇန်န၀ါရီလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ထိ ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တိုင်းရင်းသား မဟာမိတ် ပါတီများနှင့် ဆက်ဆံရေး ရခိုင်အမျိုးသားပါတီ ယာယီိဆိုင်းငံ့


Arakan-national-Partyရခိုင်အမျိုးသား ပါတီ (ANP) အနေဖြင့် တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးကို ယာယီ ဆိုင်းငံ့လိုက်သည်ဟု သတင်း ရရှိသည်။
ဇန်န၀ါရီလ ၂ ရက်နှင့် ၃ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် Nationalities Brotherhood Federation (NBF) နှင့် သော်လည်းကောင်း၊ United Nationalities Alliance ( UNA) သော်လည်းကောင်း ဆက်ဆံရေးများကို ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။
“ ကျွန်တော်တို့ NBF နဲ့ရော၊ UNA ပါ ဆက်ဆံရေးကို ယာယီရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ မဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး ကိစ္စ ဆုံးဖြတ်ဖို့ ရှိပေမယ့်လည်း မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတဲ့ အတွင်းရေးမှူး ဦးသာထွန်းလှနဲ့ ဆရာ ဦးလှစောတို့ မတက်ရောက်တဲ့ အတွက် ဆုံးဖြတ်ချက် ချလို့ မရဘူး။ ဒါကြောင့် ဆက်ဆံရေးတွေကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
နောက်လာမည့် မတ်လ နောက်ဆုံးအပတ်တွင် ပါတီ ဗဟိုကော်မီတီ အစည်းအဝေးအား ခေါ်ယူထားပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေး ကိစ္စကို ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သူက ဆိုသည်။
ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရရှိခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရရှိခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP)  အား ပေါင်းစည်းထားသော ပါတီ တစ်ခု ဖြစ်သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် မပေါင်းစည်းမီ အချိန်ထိ UNA ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် NBF နှင့် ဆက်ဆံမှု ထူထောင်ခဲ့ကြောင်း သိရသည်။
ALD နှင့် RNDP တို့ ပေါင်းစည်းပြီး တစ်ပါတီ ဖြစ်လာပြီးနောက် မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးအပေါ် သဘောထား ကွဲလွဲမှု အချို့ရှိနေသည်ဟု သိရသည်။ သို့အတွက် ယခုကဲ့သို့ ဆက်ဆံရေးကို ဆိုင်းငံ့ရန် အခြေအနေထိ ရောက်ရှိလာခဲ့ကြောင်း ပါတီနှင့် နီးစပ်သူများက ပြောသည်။
တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးထက် ပါတီတွင်း စည်းလုံးညီညွတ်မှုမှာ ပိုအရေးကြီးသဖြင့် ယခုလို ဆက်ဆံရေးကို ဆိုင်းငံ့ထားရခြင်း ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
ယခု ပြုလုပ်သော ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရမည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်မှာ ၃၉ ဦးရှိပြီး ထိုအထဲမှ ၂၂ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။
မတက်ရောက်ခဲ့ကြသည့် ထိပ်တန်း ခေါင်းဆောင်များထဲတွင် ဦးအေးသာအောင်၊ ဦးဦလှစော၊ ဦးသာထွန်းလှ၊ ဦးလှမြင့်၊ ဦးမျိုးကျော်တို့ ပါဝင်သည်ဟု သိရသည်။ ၎င်းသက်ဆိုင်ရာ မတက်ရောက်သူများ အသီးသီးထံသို့ နိရဉ္စရာမှ ဖုံးအကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းများပိတ်ထားသည်ဟု ဆိုကာ အကြောင်းပြန်သဖြင့် ဆက်သွယ်ရရှိခဲ့ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 9, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ANP လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမင်းပြားတွင်တောင်းခံပြီ


Minbya signboard
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လွှတ်တော် သုံးရပ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရခိုင်အမျိုးသားပါတီ ( ANP) ၏ ကိုယ်စားလှယ်လောင်းများ စာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး တင်သွင်းရန် မြို့နယ် ကော်မတီက ကျေညာချက် ထုတ်ထားသည်ဟု သိရသည်။
“ မင်းပြားမြို့နယ် အတွင်းက လွှတ်တော် သုံးရပ်မှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ ပါတီ ၀င်တွေ စာရင်းပေးပို့ကြဖို့ ဒီလ ၂ ရက်နေ့ကတည်းက ကျေညချက်ထုတ်ထားပါတယ်။ ဒီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပေးပို့ရပါမယ်” ဟု ယင်းမြို့နယ်၏ ANP  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။
မင်းပြားမြို့နယ်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦး လစ်လပ်နေသဖြင့် ယခုလို စောစီးစွာ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို တောင်းခံရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
“ ရွေးကောက်ပွဲကတော့ ဖြစ်မှာပါ။ အစိုးရက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်က အပြည့်အ၀ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ကျင်းပမယ့်ရက် တိတိကျကျ မကျေညာခင်ကတည်းက လွှတ်တော်ကိုယ်စားလှယ်စာရင်းကို တောင်းခံထားတာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ဆက်ပြောသည်။
ယခင်က ပြုလုပ်ရန် စီစဉ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတုန်းက လစ်လပ်နေသော ကိုယ်စားလှယ် နှစ်နေရာအတွက် ကိုယ်စားလှယ် ၈ ဦးထိရှိခဲ့သည်ဟု သူက ဆိုသည်။
ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များ လစာကို ၁၀ သိန်း တိုးမြှင့်ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူထားရာ ရခိုင်ပြည်နယ် အနှံ့တွင် အမတ်လုပ်ချင်သူများ တိုးပွားနေသဖြင့် လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကိုယ်စားလှယ် စာရင်းမှာ ယခင်ကထက် အဆမတန်များနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

ဒေါက်တာအေးမောင် ၆ ပွင့်ဆိုင်တွင် ပါဝင်မည့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ

dr-aye-mg(1)
မြန်မာနိုင်ငံရေးအား အဖြေရှာမည့် နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်မည့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်မှ ကိုယ်စားလှယ် တစ်ဦးပါဝင်ရမည် ဖြစ်ရာ ယင်းနေရာကို အမျိုးသားလွှတ်တော်မှ  ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား မဲစနစ်ဖြင့် ရွေးချယ်လိုက်သည်ဟု သိရသည်။
ရွေးချယ်မှုကို နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တိုင်းရင်း သားပါတီ ၁၄ ခုမှ ကိုယ်စားလှယ် ၁၄ ဦးမှ မဲဖြင့် ရွှေးချယ်ရာ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ   မဲ ၅ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။
ယခုကဲ့သို့ တိုင်းရင်းသားများ အားလုံးအတွက် တာဝန်ယူ ရွေးချယ်ခံရသဖြင့် သူ့အတွက် တာဝန် ပိုကြီးသွားသည်ဟု ရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့  ညနေပိုင်း တွင် နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဒေါက်တာအေးမောင်ကထိုသို့ စတင် ဖြေကြား ပြောဆို သည်။
“ကျွန်တော်တို့အခုလိုရွေးချယ်တာဟာ တိုင်းရင်းသားပါတီအားလုံးအတွက်ကိုယ်စားပြုပြီးရွေးတာဖြစ်လို့ တာဝန် ပိုကြီးသွားပါတယ်” ဟု ဆိုသည်။
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများအားလုံး၏ဆန္ဒနှင့်အညီ လိုလားချက်များ၊ ဆွေးနွေးစေလိုသည့် အချက်များကို အမျိုးအစားအလိုက်ခွဲပြီး အဓိက အချက် ၃ ခုကိုတင်ပြဆွေးနွေးသွားမည်ဖြစ်ဟု ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
“ ပထမအချက်အနေနဲ့ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရန်၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်း ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်လိုလားနေသည့်အချက်များကို ဦးစားပေး ဆွေးနွေးဖို့ စဉ်းစားထားပြီး၊ ဒုတိယ အချက်ကတော့  ၂ဝဝ၈ ဖွဲ့ စည်းပုံထဲက  တစ်နိုင်ငံလုံးက ပြုပြင်ပြောင်းလဲလိုတဲ့ ပုဒ်မ ၄၃၆ ကဲ့သို့သော အခြား ပုဒ်မများ အားလုံးအပေါ် တိုင်းရင်းသား ပါတီများရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့ အယူအဆများကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။
နောက်ဆုံးအချက်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအလွန်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းထားနိုင်အောင် တိုင်းရင်းသားပါတီများက မည်သို့ပံ့ပိုးပေးသင့်သည်ဆိုသည့်အချက်ကို ဆွေးနွေးသွားရန် စဉ်းစားထားကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။
“ဒီသုံးချက်ကို အဓိက ကိုယ့်ကဏ္ဍနဲ့ ကိုယ်ခွဲပြီး တင်ပြသွားဖို့စဉ်းစားထားပါတယ်”ဟု ယင်းက ဆက်ပြောသည်။
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားပါတီများထဲမှ ကိုယ်စားလှယ်တစ်ဦးကိုရွေးချယ်နိုင်ရန် အတွက် နိုဝင် ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရရွှေမန်းနှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခြင်း၏ အဓိကရည်မှန်းချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ရန်ရည်ရွယ်ပြီး ယင်းဥပဒေကိုပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်တွင်သာဆွေးနွေးနေကြမည် ဖြစ်သည် အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်ပြင်ပမှကိုယ်စား လှယ်များပါဝင်ရန်မလိုဘဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်သာဖြစ်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါက်တာအေး မောင်၏ပြောပြချက်အရ သိရသည်။
“ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုတာ သိပ်သဘာဝမကျပါ ဘူး။ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေအလိုက် တစ်ဦးစီပါဝင်နိုင်ဖို့ကို စီစဉ်ပေးသင့်ပါတယ်” ဟု ၆ ပွင့်ဆိုင်ဆွေးနွေးရာတွင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်ခွင့်ပြုခြင်း အပေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌက မီဒီယာများသို့ ပြောဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ပြည်ထောင်စုလွှတ်တော် နာယက) သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့ပါဝင်သည့် ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
သို့သော် ယင်းတွေ့ဆုံဆွေးနွေးမှုမှာ လတ်တလောတွင် ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း သမ္မတ၏ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က မီဒီယာများသို့ပြောကြားထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်

ပါတီ
နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၎ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။
ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။
လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။
ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။
PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။
PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

စစ်တပ်သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် ဖွဲ့စည်းပုံ ပြင်ရေး မလွယ်ဟုဆို

တပ်မတော် , ကာချုပ်
အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ရန် ၆ ပွင့်ဆိုင် ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သော်လည်း တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် အခြေခံဥပဒေ ပြင်ဆင်ရန် မလွယ်ကူကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းက သုံးသပ်သည်။
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုလိုက် သော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ခံကြိုလိုက်သော်လည်း လက်ရှိအချိန်တွင် တပ်မတော်၏ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဆိုသော သဘောထားခံယူချက်ကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး အပါအဝင်အဓိကကျ အရေးကြီးသော အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန်မလွယ်ကူဟု လွှတ်တော်ကိုယ်စား လှယ် တချို့က သုံးသပ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က တပ်မတော်က အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆၊ ၅၉ (စ) ကဲ့သို့ ပြဋ္ဌာန်းချက်များကို မပြင် ဆင်လိုဘဲအခြားသော တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် အချက်ကိုသာ ကွက် ၍ ပြင်လို သည့် သဘောမျိုးရှိကြောင်း သုံးသပ်ပြောဆိုသည်။
“သိပ်ထူးမယ် မထင်ဘူး ကာချုပ်ကို ကြံ့ခိုင်ရေး က ၃ ယောက်ဖြစ်တဲ့ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ဩဇာ လွှမ်းနိုင်မယ်မထင်ဘူး။ လွှမ်း လည်း မလွှမ်းနိုင်ဘူး။ ကာချုပ်ကလည်းသူ့ရပ်တည် ရမယ့် ကိစ္စတွေမှာ ဘယ်လျှော့ ပေး မလဲ။ ၄၃၆ ပြင် လိုက်မယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကိစ္စတွေပါ ပြင်ပေး ရမှာပေါ့” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးဖြစ်လာ သည့်အတိုင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အပေးအယူမြောက်မြားစွာလုပ်ရမည်ဟု မျှော်လင့်ကြောင်း၊ ဥပမာအားဖြင့် သမ္မတသည် လွှတ်တော်ကို ထိန်းချုပ်လိုသော ကိစ္စမျိုးနဲ့ အခြေခံဥပဒေ ပြင်ဆင် ရေး အပေးအယူလုပ်နိုင်ကြောင်း၊ ယေဘုယျအားဖြင့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဟု မမျှော်လင့်ကြောင်းသုံးသပ်သည်။
“ကျနော်တော့ မထင်ဘူး။ ဒီကိစ္စမတိုင်ခင် လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အချိန်တုန်းကလည်း သမ္မတကရော၊ ကာချုပ်ကရော ဒါတွေပြင်ဖို့အတွက်က လွှတ်တော်ထဲမှာပဲ တာဝန်ရှိပါတယ်လို့ပြောတာ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောထားတာရှိတယ်။ ၆ ပွင့်ဆိုင်တွေ့ရင် ဖြစ်နိုင်ချေ ၂ ခု ရှိတယ်။ တခုက စစ်တပ်ကသူတို့ အရင်ပြောတဲ့အတိုင်းပဲ ရပ်ခံနေပြီးတော့ အဖြေတခု မရအောင် ရှောင်နေလိုက်တာမျိုး ဖြစ်နိုင်တယ်။ နောက်တခု သူတို့တပ်က တင်ပြထားတဲ့ လွှတ်တော်ကို သမ္မတကနေ ထိန်းချုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ အပေးအယူ လုပ်နိုင်တယ်။
လက်ရှိ အချိန်တွင် သမ္မတမှာ လွှတ်တော်အပေါ် တွင် ဩဇာလွှမ်းမိုးနိုင်မှု လုံးဝမရှိဘဲ သမ္မတသဘော မတူသည့် ဥပဒေကြမ်းတချို့ကိုပင် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သဖြင့် သမ္မတနှင့်လွှတ်တော် ကြားတွင်လည်း အပေး အယူတခု ရှိလာနိုင်တယ်” ဟု ဦးရဲထွန်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အရေးကြီးတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက် ၉၅ ခုကို ပြင်ပေးဖို့တော့ တပ်ဘက်က အလျှော့ပေးမှာ မဟုတ်ဘူး။ ၄၃၆ လည်း ပြင်လို့ရမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက ဒီ ၆ ပွင့်ဆိုင်မှာ ဖွဲ့စည်းပုံပြင်ဖို့ရေရှည် အမြင်မျိုးနဲ့ လမ်းပြမြေပုံတခုပုံစံနဲ့ သဘော တူ လာနိုင်တယ်။ လွှတ်တော်မှာတပ်မတော်သား ပါဝင်နေမှုကို ဘယ်အချိန်မှာ ပြင်ပေးမယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်လာ နိုင် တယ်။ ဒီ ၆ ပွင့်ဆိုင်ရုံနဲ့ ဖွဲ့စည်းပုံပြင်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ကျနော်ကတော့ မျှော်လင့်ချက်ကို မထားဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော် သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် အထူး အခွင့် အာဏာများ ရရှိထားပြီး တရားဝင် စစ်အာဏာသိမ်းပိုင်ခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ရခိုင်အမျိုးသားပါတီ ပန်းမြောင်းတိုက်နယ်ရုံးဖွင့်လှစ်

image-9b8a5c365812da7ea838ac68932a251e92e02b4d6daf4f334a12f9e8509fa1b9-V
ရခိုင်အမျိုးသားပါတီ (ANP) ၏ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် ရုံး ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က အခမ်းအနားဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားကို နံနက် ၈ နာရီ ၃၅ မိနစ်တွင် စတင်ခဲ့ကြောင်း၊ အခမ်းအနားသို့ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ကျဆုံးလေပြီသော ခေါင်းဆောင်များကို တမိနစ်ခန့် ငြိမ်သက်စွာ မတ်တပ်ရပ်ပြီး ဂါရ၀ ပြုခဲ့ကြကြောင်း  ပန်းမြောင်းတိုက်နယ် ANP ပါတီ စာရင်းစစ် ကိုစောထွန်းမောင်က ပြောသည်။
“ ပန်းမြောင်းတိုက်နယ် ရုံးကို ဖွင့်ရတဲ့ အကြောင်းအရင်းက ရခိုင်အမျိုးသားတွေအတွက် ဆောင်ရွက်နေတဲ့ ပါတီ တစ်ရပ်ရဲ့ ရုံးဟာ ဘယ်လို အခြေနေမျိုးမှာ ဖြစ်ဖြစ် ရှိနေသင့်တယ်လို့ ခံယူတဲ့ အတွက် ဒီရုံးကို ကျွန်တော်တို့ ဒေသမှာ ဖွင့်လှစ်ရတာပါ” ဟု ဆိုသည်။
image-8772cd3bca0b0e666509ce052bc2e4ff70de6430318e083e640dd85ca4c1ef4f-V
ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီ ကော်မီကို တက်ကြွသော လူငယ် ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားပြီး ရုံးဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ရခိုင်အမျိုးသားရေး ကိစ္စရပ်များကို အလေးပေးဆောင်ရွက်ထားရန် ရည်ရွယ်ထားသည်ဟု ယင်းက ဆက်ဆိုသည်။
ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီ (ပ) ခေါင်းဆောင်အဖြစ် ကိုမောင်လှဝင်း၊ (ဒု) ခေါင်းဆောင်အဖြစ် ကိုမောင်မောင်မြင့်၊ ဘဏ္ဍာရေးမှူး ကိုမောင်သိန်းရွှေနှင့် စာရင်းစစ်အဖြစ် ကိုစောထွန်းမောင်တို့က တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။
“ ပါတီတွင်း လက်ရှိ အခြေအနေအချို့ကိုလည်း သိထားပါတယ်။ ဒါပေမယ့် အထက်လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်သွားပါမယ်။ အဓိကအားဖြင့် ပါတီတွင်း ကျစ်လစ်ခိုင်မာရေးနဲ့ ညီညွှတ်ရေးအတွက် မဖြစ်မနေ တည်ဆောက်ဖို့ ကျွန်တော်တို့ လူငယ်တွေက လူကြီးတွေကို တိုက်တွန်းဆောင်ရွက်သွားမှာပါ” ဟု ယင်းကဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, November 14, 2014

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၅/၂၀၁၄)
နေ့စွဲ။ ၁၃ အောက်တိုဘာ ၂၀၁၄
၁။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ ‘ရိုဟင်ဂျာ’ ဟု ဆက်လက်ခေါ်ဝေါ်မည် ဟု လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း သူတို့ကို လက်ခံပေးသင့်သည် ဟု လည်းကောင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အပါအ၀င် အများစုက ဘင်္ဂါလီ ဆိုသည်ထက် ရိုဟင်ဂျာ ဟုပဲ သိကြသည်၊ ထို့ကြောင့် ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ ရိုဟင်ဂျာ ဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း - ပြောဆိုချက်များမှာ မြန်မာနိုင်ငံ၏ အရေးကြီးသော ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက် ချိုးဖောက် စော်ကားလိုက်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
၂။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မရှိ ဟု သမ္မတ ဥိးသိန်းစိန် ကိုယ်တိုင် တရားဝင်ထုတ်ပြန်ထားသည်ကို လုံးဝအလေးမထားပဲ အမေရိကန်သမ္မတ အိုဘားမားက ‘ရိုဟင်ဂျာ’ ဟု ခေါ်ဝေါ်သုံးစွဲ ပြောဆိုခြင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် အစ္စလမ္မစ်ကမ္ဘာနှင့် ပတ်သက်၍ တင်းမာလာခဲ့မှုအားလုံးအတွက် သင်ပုန်းချေ မျက်နှာပန်းလှစေရန် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအရေးကို ပြောင်ပြောင်တင်းတင်း အသုံးချလိုက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားသုံးဝင်ရောက်စွက်ဖက်လိုက်ခြင်းဖြစ်သည် ဟု ကျွန်ုပ်တို့ ရှုမြင်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်သည်။
၃။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် နှင့် အမေရိကန် သမ္မတတို့၏ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းပြောဆိုမှုများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းလုံခြုံမှုများကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ချက်များဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သည်။
၎။ ရခိုင်ပြည်နယ်၌ တရားဝင် ၀င်ရောက်လုပ်ကိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာ ဟု သုံးနှုန်းပါက နိုင်ငံတော်အစိုးရက ယင်းအဖွဲ့အစည်းများကို မည်သည့်ကိစ္စနှင့်မျှ ၀င်ရောက်လုပ်ကိုင်ခွင့်မပြုရန် အလေးအနက် တောင်းဆိုသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

Wednesday, November 12, 2014

ဖေဖော်ဝါရီလက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် မလေးရှားနိုင်ငံသို့ သွားရောက်စဉ် လုပ်ကြံခံခဲ့ရခြင်းနှင့်ပတ်သက်၍ မလေးရှားလွှတ်တော်ဥက္ကဋ္ဌထံ စာပေးပို့သွားမည်ဟုဆို

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေးမောင် မလေးရှားနိုင်ငံသို့ သွားရောက်စဉ် လုပ်ကြံခံခဲ့ရခြင်းနှင့် ပတ်သက်၍ မလေးရှားလွှတ်တော် ဥက္ကဋ္ဌထံ စာပေးပို့သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၁ရက်တွင် ကျင်းပ သည့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်အခွင့်အရေးကော်မတီ မှ အစီရင်ခံစာတင်သွင်းအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်အခွင့်အရေးကော် မတီ အစီရင်ခံစာပါ ဒေါက်တာအေး မောင်လုပ်ကြံခံရသည့်ကိစ္စနှင့်ပတ် သက်သည့်စာပိုဒ်များအား ကောက် နုတ်ကာ အင်္ဂလိပ်ဘာသာဖြင့် စာ ကြမ်းပြုစုပြီး မလေးရှားလွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ''လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အစီရင် ခံစာတင်ပြတဲ့အခါမှာ အပိုင်း (၂)မြန်မာနိုင်ငံကနေစပြီး မိတ်ဆွေရင်း ချာနိုင်ငံဖြစ်ပါသည်ဟူသည်အထိ။အပိုဒ်(၄) ဒေါက်တာအေးမောင်တို့ ရဲ့ဖြစ်စဉ်ကိုဖော်ပြပြီး အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ လွှတ်တော်အ ခွင့်အရေးကော်မတီကနေ စာကြမ်း ပြုစုဖို့ပါ။ ဒါနဲ့ပတ်သက်ပြီးတော့ လုပ်စရာနည်းလမ်းကတော့ နှစ်ခုရှိ ပါတယ်။ တစ်ခုကတော့ ခသကညအနမ စမေအ ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကို ဒီနေ့ လွှတ်တော်မှာတင်ပြတဲ့ အစီရင် ခံစာရဲ့ကောက်နုတ်ချက်ကို ပေးပို့တဲ့ နည်းဖြစ်ပါတယ်''ဟု ပြောသည်။
ယင်းသို့ စာပို့ဆောင်ရွက်သော် လည်း မထူးခြားပါက အာဆီယံပါလီ မန်အဖွဲ့မှတစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ဝင်းက ''ဒီလိုစာ ပို့တာဟာ ကောင်းပါတယ်။ ဒီအစီ ရင်ခံစာဖြစ်ဖို့အတွက် ဝန်ကြီးဌာန တွေ၊ သက်ဆိုင်ရာနိုင်ငံတွေက အ ချက်အလက်တောင်းယူပြုစုပြီး ထုတ် ပြန်ရတာဖြစ်လို့ အချိန်ယူရပေမယ့် နောက်ကျတယ်လို့ ပြောလို့မရပါ ဘူး''ဟု ပြောသည်။
ဒေါက်တာအေးမောင်တို့ လုပ် ကြံခံရသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်၏ တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့မရဲစ ခန်းတွင် (ပ) ၃၂/၂ဝ၁၄ ပြစ်မှုဆိုင် ရာဥပဒေ ၃ဝ၇၊ ၄၂၇၊ ၁၁၄ လူသတ် မှုကျူးလွန်ရန် အားထုတ်မှု၊ အကျိုး ဖျက်ဆီးမှု၊ အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်လက်ခံစစ်ဆေးဆောင်ရွက် လျက်ရှိပြီး မျက်မြင်သက်သေ ငါးဦး ကိုလည်း စစ်ဆေးဆောင်ရွက်ထား ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

Tuesday, November 11, 2014

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် ANP ပါတီဆိုင်းဘုတ်တင်


manaung
ရခိုင်အမျိုးသားပါတီ (ANP) ၏ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဦးကျော်မြင့် နေအိမ်တွင်ပြုလုပ်ခဲ့ကြောင်း၊ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။
၎င်းအခမ်းအနားတွင် မာန်အောင်မြို့နယ် ANP ပါတီဥက္ကဌ ဦးစံလင်းအောင်မှ “ ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်တင်ပွဲကို သစ်ပုံကျေးရွာတွင် ပြုလုပ်နိုင်တဲ့ အတွက် အထူးဝမ်းသာပါတယ်။ ပါတီအကျိုး တိုင်းပြည်အကျိုးကို အားလုံး ၀ိုင်းဝန်း လုပ်ဆောင်နိုင်ကြလိမ့်မယ်ဟု မျှော်လင့်ပါတယ်” ဟု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သစ်ပုံကျေးရွာအုပ်စုတွင် ANP ပါတီဝင်အင်အား ၁၀၀၀ ကျော်ခန့်ရှိကြောင်း၊ ရခိုင် အမျိုးသားပါတီကို အဓိက ထောက်ခံနေသော  ကျေးရွာတစ်ခု ဖြစ်ကြောင်း သစ်ပုံကျေးရွာ ANP ပါတီဥက္ကဌဦးဇော်မင်းသိန်းက ပြောကြားသည်။
သစ်ပုံကျေးရွာအုပ်စုသည် ယခုအချိန်၌ မာန်အောင်မြို့နယ်တွင် ANP ပါတီဝင်အင်အား အများဆုံးရှိသော ကျေးရွာအုပ်စု တစ်ခုဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ပါတီဝင်အဖြစ် စည်းရုံးထည့်သွင်းလျှင် အရေးယူမည်

နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများကို ပါတီဝင်များအဖြစ် စည်းရုံး ထည့်သွင်းလျှင် သက်ဆိုင်ရာပါတီကို စိစစ်အရေးယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၃ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအတွင်း နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများကို ပါတီဝင်အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို ထည့်သွင်း စည်းရုံးထားပါက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက် နောက်ဆုံးထား၍ ပါတီအတွင်းမှ ထုတ်ပယ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ထုတ်ပယ်ဖို့ ညွှန်ကြားပြီးသား၊ သတ်မှတ်ရက် နောက်ပိုင်းမှာ စိစစ်တွေ့ရှိလို့ ကတော့ အရေးယူရမယ့် အပိုင်းပေါ့” ဟု၎င်းကဆိုသည်။
ယင်းသို့ သတ်မှတ်လိုက်ပါက နိုင်ငံရေး ပါတီများအတွက် လူထုစည်းရုံးရေးကို ချုပ်ချယ်ခြင်း ဖြစ်သော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိပါးရေး ရှုထောင့်မှ စဉ်းစားလျှင် မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။ 
“လူ့အခွင့်အရေးကို ကြည့်မလား၊ စပ်ကူးမတ်ကူး ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပြဿနာတွေကို အခြေပြုပြီး နိုင်ငံတော် အချုပ်အခြာအာဏာ အတွက် ကာကွယ်ကြမလား ဆိုတာ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများသာ ပါတီ တည်ထောင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3860-nnt#sthash.fODGfX2v.dpuf
(သတင်းအရင်းအမြစ်- The Voice Weekly)

Monday, November 10, 2014

ရိုဟင်ဂျာဟု သုံးနှုန်းလျှင် အိုဘားမားကို ဆန္ဒပြမည်

အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုပါက ဆန္ဒပြမည်ဟု ရခိုင်တိုင်းရင်းသားလူမှု အဖွဲ့အစည်းအချို့၏ ဦးဆောင်သူများက ပြောသည်။
Obama-visits-Myanmar
ရန်ကုန် တက္ကသိုလ်တွင် အိုဘားမား မိန့်ခွန်းပြောစဉ်။ (ဓာတ်ပုံ - အီးပီအေ)
“သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တရားဝင်ပြောထားပါလျက် အိုဘာမားက လက်မခံဘဲ ထပ်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းပြောလာမယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြသွားမယ်” ဟု ကျောင်းသားသမဂ်္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်၌ ရိုဟင်ဂျာဟု သုံးနှုန်းပြောကြားမှု အချို့ရှိခဲ့၍ ရခိုင်အမျိုးသားကွန်ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ အိုဘားမားထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခြင်း တို့ ဆောင်ရွက်ဖူးသည်။
ထို့ကြောင့် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟု ထပ်မံသုံးနှုန်းခြင်းရှိမရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးနှုန်းပါက ဆန္ဒပြပွဲလုပ်သည် အထိ ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသား အဖွဲ့အချို့က စီစဉ်နေခြင်းဖြစ်သည်။
ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု က “အိုဘားမားအနေနဲ့ ဧည့်သည်တော် အဖြစ်နဲ့လာတဲ့အခါမှာ အဲဒီတိုင်းပြည်က ပြည်သူတွေ မနှစ်သက်တဲ့ အသုံးအနှုန်းကို မသုံးတာ ပိုကောင်းပါတယ်။ ယဉ်ယဉ်ကျေး ကျေးသုံးမယ်ဆိုရင် အစ္စလာမ်ဘာသာဝင် မွတ်စလင်များလို့ သုံးရင်လည်း ဖြစ်တာပဲ” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကမူ “အမေရိကန်သမ္မတဆိုတာမျိုးက အင်မတန်ကြီးတဲ့ရာထူးကို ရယူထားတဲ့သူ ဖြစ်တယ်။ ဒါမျိုးလူတစ်ယောက်ကို ကျွန်တော့် အနေနဲ့ ဘယ်လိုသုံးသင့်တယ်၊ မသုံးသင့်ဘူး ဆိုတာမျိုး မှတ်ချက်မပေးရဲပါဘူး။ သူသုံးသင့်တဲ့ စကားကို သူသုံးမှာပဲ။ သူပြောတဲ့ စကားကိုလည်း သူတာဝန်ယူမှာပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဆန္ဒပြသင့်တဲ့ ကဏ္ဍဆိုရင်တော့ ဆန္ဒပြ သင့်တယ်။ ဒါပေမဲ့လည်း ရခိုင်တစ်မျိုးသားလုံး ဆတ်ဆတ်ထိ မခံတဲ့ လက်မခံနိုင်တဲ့ အသုံးအနှုန်းမျိုးကို သုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီ အနေနဲ့ ဒီအတိုင်းမနေပါဘူး။ တစ်ခုခု တုံ့ပြန်သွားမှာပါ”ဟု ဆိုသည်
ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင် ထူးအောင်က “သမ္မတ အိုဘားမားအနေနဲ့ ဒီအသုံးအနှုန်းကိုပဲ ထပ်ပြီးသုံးမလား။ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးနာမည်ကို သုံးနှုန်းပြောဆိုလာမယ် ဆိုရင်တော့ ကျွန်တော် တို့ဘက်ကလည်း ကန့်ကွက်သင့် ကန့်ကွက်မယ်။ ရှုတ်ချသင့် ရှုတ်ချရမယ်၊ ဆန်္ဒပြသင့် ရင်လည်း ဆန္ဒပြသွားမည်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ရခိုင်အမတ် ဦးဖေသန်း ကလည်း ထိုသို့ သုံးနှုန်းလျှင် မည်သူ့ကိုမဆို ကန့်ကွက်သင့် သည်ဟု ပြောသည်။
နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်၌ ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ရန်ရှိပြီး နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန် မြို့သို့ လာရောက်ရန်ရှိနေသည်။
ယင်းသို့ အချိန်တွင် အမေရိကန် သံရုံးမှတစ်ဆင့် ကြိုတင် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရန် စီစဉ်နေသည်ဟု ကိုရဲမင်း ဦးကဆိုသည်။
(သတင်းအရင်းအမြစ်- Mizzima Burmese)

ANP မှ တိုးတက်ရေးဂျာနယ် ပြန်လည်ထုတ်ဝေမည်


D-Journalရခိုင်ပါတီနှစ်ခုပူးပေါင်းမှုကြောင့် ကြားကာလတွင် အချိန်အတန်ကြာ ရပ်နားထားခဲ့ရသော “ တိုးတက်ရေးသတင်းလွှာ” ကို ရခိုင်အမျိုးသား ပါတီမှ ပြန်လည်ထုတ် ဝေသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
တိုးတက်ရေးသတင်းလွှာကို “ ရခိုင်အမျိုးသားပါတီ သတင်းလွှာ” အမည်ဖြင့် ပြန် လည်ထုတ်ဝေနိုင်ရန် ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီးဖြစ်ကြောင်း၊ အကြောင်းပြန်ကြားချက် ရရှိပါက ချက်ချင်း ထုတ်ဝေသွားမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ပါတီဌာနချုပ်မှ ရုံးအဖွဲ့မှူး ဦးမောင်သိန်းလှက ပြောသည်။
“ ပါတီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ အရင်ထုတ်ဝေနေတဲ့ နသ-နဲ့ ထုတ်လို့မရတော့ဘူး။ ဒါကြောင့် ပါတီနှစ်ခုပေါင်းပြီးကတည်းကနေ
ရခိုင်အမျိုးသားပါတီ အနေနဲ့ နသ-ပြန်ရဖို့ တင်ပြထားတယ်။ နသ- ပြန်ကျတာနဲ့ ချက်ချင်းပြန်ထုတ်မယ်” ဟု သူက နိရဉ္စရာ သတင်းဌာနသို့ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ပြောသည်။
ယင်းသို့တင်ပြထားသော်လည်း ယနေ့အချိန်ထိ ထူးခြားမှုတစ်စုံတရာမရှိသေးဟု ယင်းက ဆက်ပြောသည်။
ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ၂ဝ၁၁ ခုနှစ်မှစတင်ကာ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေခဲ့သော “တိုးတက်ရေး သတင်းလွှာ” သည် ၂ဝ၁၃ ခုနှစ်နှစ်လယ်ပိုင်းအထိသာ ထုတ်ဝေနိုင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်တို့ တစ်ပါတီအဖြစ်ပူးပေါင်း ခဲ့ပြီးနောက်မှစတင်ကာ အဆိုပါသတင်းလွှာ ထုတ်ဝေမှုကို ရပ်နားခဲ့သည်။
ယခင်ထုတ်ဝေခဲ့သော တိုးတက်ရေးသတင်းလွှာမှာ ပါတီမှ ထုတ်ဝေသော စာစောင်တစ်ခု ဖြစ်သော်လည်း ပါတီ၏ အာဘော်ထက် ပြည်သူလူထု အကျိုးပြု သတင်းများနှင့် ဆောင်းပါးများကို အလေးပေး ရေးသား ဖေါ်ပြခဲ့သဖြင့် စာဖတ်ပရိသတ်၏ အားပေး ထောက်ခံမှုကို ရရှိခဲ့သည်။
“ ကျွန်တော်ကတော့ ဒီဂျာနယ်ရဲ့ ပရိသတ် တစ်ဦးပါ။ ပြန်လည် ထုတ်ဝေမယ်ဆိုတော့ ၀မ်းသာပါတယ်” ဟု စစ်တွေမြို့မှ အငြိမ်းစား ဆရာတစ်ဦးက ပြောသည်။
အမာခံစာဖတ်ပရိသတ်များကလည်း သတင်းလွှာပြန်လည် ထွက်ရှိလာမည့်အချိန်ကို မျှော်လင့်နေကြသည်ဟုလည်း စာဖတ်ပရိသတ်အချို့က ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)