Showing posts with label US President. Show all posts
Showing posts with label US President. Show all posts

Friday, November 14, 2014

၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် ပြဿ နာမရှာဘဲ ပူးပေါင်းဆောင်ရွက်ရန် အိုဘားမားပြော

အမေရိကန်သမ္မတအိုဘားမားနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံနွေးနွေးနေကြစဉ် (ဓာတ်ပုံ − အေပီ)
လာမည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် ပြဿ နာမရှာဘဲ အနိုင်ရသူနှင့် ရှုံးနိမ့်သူ များကြား လက်တွဲပူးပေါင်းဆောင်ရွက်ရန် အမေရိကန်သမ္မတ ဘား ရက်အိုဘားမားက ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
အိုဘားမားသည် နိုဝင်ဘာ ၁၃ ရက်တွင် နေပြည်တော်ရှိ နန်း ၀တီ ဟိုတယ်၌ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မိမိအနေဖြင့် အကောင်းမြင်မျှော်လင့်ထားကြောင်း၊ သို့သော်လည်း ပြုပြင်ပြောင်းလဲရေးတွင် တွန်းအားပေး လုပ်ဆောင်စရာကိစ္စများ ကျန်ရှိနေသေးကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။
‘‘ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ နေ့သစ်တစ်ခုဆီ ရောက်ရှိလာမယ်လို့ အပြည့်အဝယုံကြည်ပါတယ်’’ ဟု အိုဘားမားက နေပြည်တော်တွင် သတင်းထောက်များအား ပြောကြားသည်။ ‘‘ဒီမှာ လုပ်စရာကိစ္စတွေ ရှိနေပေမယ့် မပြီးပြတ်သေးဘူး’’ ဟု၎င်းကမှတ်ချက်ပြုခဲ့သည်။ အိုဘားမားက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် စစ်တပ်၏ ဩဇာ လွှမ်းမိုးမှု လက်ကျန်ရှိနေနိုင်ဆဲ အခြေအနေသည် အဓိက ရင်ဆိုင်ရမည့် မေးခွန်းတစ်ရပ်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ မှန်မှန်ကန်ကန် ကျင်းပပေးရန်လည်း ဆွေးနွေးခဲ့ သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြု ပြင်ပြောင်းလဲရေးကို အောင်မြင် အောင် ဆောင်ရွက်ရာတွင် ပြည် သူများ ထိခိုက်နစ်နာမှု မရှိရေး သည်လည်း အရေးကြီးကြောင်း သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်များအား ဆွေးနွေးခဲ့ ကြောင်း ဆွေးနွေးပွဲတက်ရောက် ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြော သည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လက်ရှိအချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် လွှတ်တော်တွင် စတင်ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို ဆွေးနွေးခဲ့ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီမိုကရေစီ အသွင်ပြောင်းလဲရေးတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အမေရိကန်သမ္မတ အိုဘားမားအားဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ကမူ သမ္မတအိုဘားမားနှင့် ရန်ကုန်တွင် ထပ်မံတွေ့ဆုံရန်ရှိ သဖြင့် ၀င်ရောက်ဆွေးနွေးခဲ့ခြင်း မရှိသေးကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောသည်။
 အိုဘားမားက ‘‘ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး အားလုံး စုပေါင်းဆွေးနွေးမှုတွေက အကောင်းဆုံး ဖြစ်ခဲ့ပြီး ရလဒ်ကောင်းတချို့ကို ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ ပြည်သူအားလုံး တကယ်တမ်းလိုအပ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မျိုး ပီပြင်လာဖို့အတွက်တော့ နောက်ထပ် သီးခြားတွန်းအားပေး လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်’’ဟု ပြောကြားသွားသည်။
ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများ၏ အ ခွင့်အရေးကို ညီညွတ်မျှတစွာပေး ရေးသည် ဖက်ဒရယ်စနစ်တည် ဆောက်ရေးတွင် လိုအပ်ကြောင်း ကို အမေရိကန်ပြည်ထောင်စုနှင့် နှိုင်းယှဉ်ကာ ဥပမာပေးဆွေးနွေး ခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီမှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
 တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ အိုဘားမားသည် တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များကိုသာ ဦးစားပေးနားထောင်ကာ ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News)

အိုဘားမား ရန်ကုန်ရောက်သည်နှင့် အတွင်းဝန်ရုံးတန်းသွား၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန် - အမေရိကန်သမ္မတ အိုဘားမားသည် ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာသည်။
Air Force One လေယာဉ်ဖြင့် နေပြည်တော်မှ ရောက်ရှိလာသော အိုဘားမားသည် ရန်ကုန်လေဆိပ်မှတစ်ဆင့် အတွင်းဝန်ရုံး (၀န်ကြီးများရုံး)သို့ သွားရောက်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် ရောက်ရှိကာ မိနစ် ၂၀ ခန့် လေ့လာကြည့်ရှုပြီးနောက် ၁၁ နာရီ ၂၀ တွင် ပြန်လည်ထွက်ခွာသွားသည်။
ထို့နောက် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၁၁ နာရီ ၃၀ တွင် ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားတို့မှာ ယခုသတင်းရေးသားချိန်ထိ (၁၂ နာရီ ၃၀ မိနစ်)တွေ့ဆုံနေဆဲဖြစ်ကြောင်း 7 Day သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးလျင် ယနေ့မွန်းလွဲပိုင်း၌ အမေရိကန်သံရုံးတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။
ထို့နောက် ယနေ့ညနေပိုင်းတွင် စိန်ရတုတက္ကသိုလ်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ ထို့နောက်မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလတွင် အိုဘားမား၏ ပထမဆုံး မြန်မာခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ ၆ နာရီကြာ လာရောက်ခဲ့သည်။

ဓာတ်ပုံ- ငြိမ်းချမ်း
(သတင်းအရင်းအမြစ်- 7 Days News)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က “ရိုဟင်ဂျာ” ဟု သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၅/၂၀၁၄)
နေ့စွဲ။ ၁၃ အောက်တိုဘာ ၂၀၁၄
၁။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ ‘ရိုဟင်ဂျာ’ ဟု ဆက်လက်ခေါ်ဝေါ်မည် ဟု လည်းကောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း သူတို့ကို လက်ခံပေးသင့်သည် ဟု လည်းကောင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အပါအ၀င် အများစုက ဘင်္ဂါလီ ဆိုသည်ထက် ရိုဟင်ဂျာ ဟုပဲ သိကြသည်၊ ထို့ကြောင့် ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ ရိုဟင်ဂျာ ဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း - ပြောဆိုချက်များမှာ မြန်မာနိုင်ငံ၏ အရေးကြီးသော ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက် ချိုးဖောက် စော်ကားလိုက်ခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။
၂။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မရှိ ဟု သမ္မတ ဥိးသိန်းစိန် ကိုယ်တိုင် တရားဝင်ထုတ်ပြန်ထားသည်ကို လုံးဝအလေးမထားပဲ အမေရိကန်သမ္မတ အိုဘားမားက ‘ရိုဟင်ဂျာ’ ဟု ခေါ်ဝေါ်သုံးစွဲ ပြောဆိုခြင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် အစ္စလမ္မစ်ကမ္ဘာနှင့် ပတ်သက်၍ တင်းမာလာခဲ့မှုအားလုံးအတွက် သင်ပုန်းချေ မျက်နှာပန်းလှစေရန် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအရေးကို ပြောင်ပြောင်တင်းတင်း အသုံးချလိုက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားသုံးဝင်ရောက်စွက်ဖက်လိုက်ခြင်းဖြစ်သည် ဟု ကျွန်ုပ်တို့ ရှုမြင်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်သည်။
၃။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် နှင့် အမေရိကန် သမ္မတတို့၏ ‘ရိုဟင်ဂျာ’ ဟု သုံးနှုန်းပြောဆိုမှုများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းလုံခြုံမှုများကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ချက်များဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမြင်သည်။
၎။ ရခိုင်ပြည်နယ်၌ တရားဝင် ၀င်ရောက်လုပ်ကိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာ ဟု သုံးနှုန်းပါက နိုင်ငံတော်အစိုးရက ယင်းအဖွဲ့အစည်းများကို မည်သည့်ကိစ္စနှင့်မျှ ၀င်ရောက်လုပ်ကိုင်ခွင့်မပြုရန် အလေးအနက် တောင်းဆိုသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)