Showing posts with label လူမှုအဖွဲ့အစည်းများ. Show all posts
Showing posts with label လူမှုအဖွဲ့အစည်းများ. Show all posts

Thursday, January 29, 2015

ပြည်ပတွင် ၈ နှစ်ကြာ ရပ်တည်လာသော ရခိုင်မျိုးစောင့်အုပ်စု ပြည်တွင်းတွင် တရားဝင်ဖွဲ့စည်းပြီ

Arakan Rakkhita Group (ARG)ဂျပန်နိုင်ငံတွင် ၈ နှစ်ကြာ ရပ်တည်ခဲ့သော ရခိုင်မျိုးစောင့်အုပ်စုသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဒေသခံ ရခိုင်ပြည်သူများနှင့် အောက်ခြေအဆင့်မှ နေပြီး ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်မျိုးစောင့်အဖွဲ့ Arakan Rakkhita Group (ARG) ကို ဇန်န၀ါရီလ ၂၇ ရက်နေ့က စစ်တွေတွင် တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
ရခိုင်မျိုးစောင့်အုပ်စုဟု လူသိများသော ARG အဖွဲ့သည် ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံတကာမှ ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ရခိုင်အမျိုးသားရေးလုပ်ငန်းများကို ပြည်ပနေ၍ ၈ နှစ်ကြာ တစိုက်မတ်မတ် ရပ်တည်လှုပ်ရှားလာသော အဖွဲ့ဖြစ်သည်။
ဇန်န၀ါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ထိ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အဖွဲ့ဝင် ကိုယ်စားလှယ်များဖြင့် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးမှ ယင်းအဖွဲ့အား ရခိုင် မျိုးစောင့်အုပ်စု အစား ရခိုင်မျိုးစောင့်အဖွဲ့ အမည်ဖြင့် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။
ရခိုင်မျိုးစောင့်အဖွဲ့ကို ဗဟိုဦးဆောင်ကော်မီတီဝင် (၄၃) ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားမည်ဟု ဦးဆောင်တည်ထောင်သူ ဦးဘအေး (ခ) ဦးခိုင်ထူးက ပြောသည်။
ဗဟိုဦးဆောင်ကော်မီတီဝင် ၄၃ ထဲမှ ဦးဘအေးကို ဥက္ကဌ၊ ဦးထွန်းအောင်ကျော်ကို ဒုဥက္ကဌ (၁) ၊ ဦးစိုးနိုင် (လျှပ်စစ်) ကို ဒုဥက္ကဌ (၂) ၊ သံတွဲမှ တစ်ယောက် လျာထားသူအား  ဒုဥက္ကဌ (၃) အဖြစ်၎င်း၊ ဦးစိုးနိုင် (၂) (မြို့မဈေး) ကို အတွင်းရေးမှု (၁)၊ ဦးအောင်ဘဝေကို အတွင်းရေးမှု (၂)၊ ဒေါ်လှမေကို အတွင်းရေးမှု (၃) အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ဘဏ္ဍာရေးဌာန၊  ပြန်ကြားရေးဌာန၊ စီးပွားရေးဌာနနှင့် စည်းရုံးဌာန စုစုပေါင်း ဌာန ၄ ခု ဖြင့် ဖွဲ့စည်းလိုက်ပြီး သဘာပတိ ၃ ဦးနှင့် နာယက ၅ ဦးထားရှိသည်။ ဗဟိုဦးဆောင် ကော်မီတီသက်တမ်းကို (၁) နှစ်အဖြစ် သတ်မှတ်ထားပြီး ဆက်လက်သက်တမ်းတိုး မတိုးကို အဖွဲ့မှတ်ပုံတင်ကျပြီး (၆) လပတ် ဗဟိုဦးဆောင် ကော်မီတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု သိရသည်။
ပြည်သူများ၏ အကြံဥာဏ်ပံ့ပိုးမှုများကို ရယူပြီး ရခိုင်ပြည်နယ် ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် ပေးဆပ် လုပ်ဆောင်သွားပါမည်ဟု အခမ်းအနားတွင် ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဌ ဦးဘအေးက ဂတိစကား ပြောကြားသည်။
“ပြည်ပရှိ ရခိုင်ခေါင်းဆောင်တွေထဲမှာ အဘက်ဘက်က ပြည့်စုံတဲ့ ခေါင်းဆောင် မတွေ့ခဲ့ရဘူး။ ပြည်တွင်းက ခေါင်းဆောင်တွေကိုတော့ မပြောတတ်သေးဘူး။ ကျွန်တော်လည်း အရည်အချင်း ပြည့်စုံတဲ့ ခေါင်းဆောင် တစ်ယောက်မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာ တစ်ခုကောင်း ပြည့်စုံသူတွေရဲ့ အကြံဥာဏ်တွေ၊ ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ အတူ အသက်ကို ပဓါန မထားဘဲ ကိုယ်ကျိုးစွန့် လုပ်သွား ပါမယ်”ဟု ဆိုသည်။
ရခိုင်ပြည်၌ လူထုကို အမှန်တကယ် ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းတစ်ရပ်မရှိသေး၍ အမှန်တကယ် ကိုယ်စားပြုနိုင်မည့် အဖွဲ့အစည်းတစ်ရပ်လိုအပ်နေကြောင်း၊ လူထုက ဤအဖွဲ့သည် လူထုကို ကိုယ်စားပြုနေသည်ဟု သတ်မှတ်ခံရအောင် ရခိုင်မျိုးစောင့်အဖွဲ့ကို ကြိုးစား တည်ဆောက်သွားမည်ဟု ဦးဘအေးက ဆက်လက် ပြောသည်။
ရခိုင်မျိုးစောင့်အဖွဲ့ ဒုဥက္ကဌ (၁) ဖြစ်သူ ဦးထွန်းအောင်ကျော်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် အရိုးသားဆုံး ဆောင်ရွက် လုပ်ဆောင်သွားမည်ကို ယခုလို ပြောသည်။
“ ကျွန်တော်တို့ ရခိုင်မျိုးစောင့်အဖွဲ့အနေနဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရိုးသားဆုံး၊ အကြိုးစားဆုံး၊ အစွမ်းရှိသလောက် ကြိုးစားဆောင်ရွက်ပါမယ်” ဟု ဆိုသည်။
ဒုဥက္ကဌ (၂) အဖြစ် ရွေးချယ်ခံရသူ ဦးစိုးနိုင် (လျှပ်စစ်) ကလည်း အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဦးဘအေးမှာ ဂျပန်နိုင်ငံတွင် နေထိုင်သည်ကို စွန့်လွတ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကာ ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်၍ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တိုးတက်ရေး အတွက် ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်မည့် အပေါ် ယုံကြည်သဖြင့် ယခုလို အဖွဲ့သို့ ၀င်ရောက် ရခြင်း ဖြစ်သည်ဟု ပြောသည်။
“ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်ထည်ဖေါ်နေတဲ့ ယခုလက်ရှိ ရခိုင်မျိုးစောင့်အုပ်စု ဥက္ကဌ ဦးဘအေးကို အပြည့်အ၀ ယုံကြည်တဲ့အတွက် ဒုဥက္ကဌ တာဝန်ကို လက်ခံတာပါ” ဟု ဆိုသည်။
ARG အဖွဲ့ကို ၀င်ရန်ဆုံးဖြတ်ရခြင်းမှာ ရခိုင်လူမှုအဖွဲ့အစည်းသည် ကမ္ဘာမှာ အောက်တန်း၊ နောက်တန်းရောက်နေသည်ကို  တိုးတက်အောင်လုပ်ဆောင် သွားမည်ဟု ယုံကြည်၍ ၀င်ရောက်ရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်နေသူ မြောက်ဦးမြို့နယ်မှ ဦးမောင်သာစိန်က ပြောသည်။
လက်ရှိအတွင်းရေးမှု (၃) ဖြစ်သူ၊ ကျောက်တော်မြို့နယ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေသူ ဒေါ်လှမေကလည်း သူမ၏ သဘောထားကို နိရဉ္စရာ သတင်းဌာနသို့ ယခုလို ပြောသည်။
Arakan Rakkhita Group (ARG)
“ARG ဟာ ရခိုင်မျိုးစောင့်အဖွဲ့ဖြစ်တယ်။ ကျွန်မ ရခိုင်သူတစ်ယောက်ဖြစ်တယ်။ မိမိရခိုင်အမျိုးကို စောင့်ရှောက်မယ့် နေရမှာ တတ်နိုင်တဲ့နေရာက အချိန်ပေးပြီး ပါဝင်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ရခိုင်မျိုးစောင့်အဖွဲ့သည် ရခိုင်ပြည်နယ် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ စီးပွားရေးအရသာမက လူမှုရေးကိုလည်း အတူ မြှင့်တင် လုပ်ဆောင်သွားမည်ဟု သိရသည်။
ယင်းပြင် ရခိုင်ပြည်နယ်သည် စီးပွားရေးချွတ်ခြုံကျမှုကြောင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင် အနိမ့်ကျဆုံး အခြေအနေ၌ ကျရောက်နေသဖြင့် မျိုးဆက်သစ် မြှင့်တင်ရေး လုပ်ငန်းများကို အဓိကထားလုပ်ဆောင်သွားမည်ဟု သိရသည်။
ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ ရည်ရွယ်ချက်မှာ
(၁) ရခိုင်နှင့်မျိုးနွယ်စုများ လူမှုရေးအရ တိုးတက်လာစေရန်။ (လူမှုရေးဆိုရာ၌ ပညာရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေး)
(၂)ရခိုင်နှင့် မျိုးနွယ်စုများ၏ စီးပွားရေး ဖွံ့ဖြိုးလာစေရန်။
(၃) ရခိုင်နှင့် မျိုးနွယ်စုများ အခြေခံ စဉ်းစားတွေးခေါ်ပုံနှင့် အသိအမြင်များ မြင့်မားလာစေရန်။
(၄) ရခိုင်တစ်မျိုးသားလုံး ညီညွတ်ကြစေရန်(အိန္ဒိယရခိုင်၊ ဘင်္ဂလာရခိုင်နှင့် ပြည်ပရောက် ရခိုင်များအားလုံး)
(၅) တည်ငြိမ်ငြိမ်းချမ်းသော ရခိုင်ဒေသဖြစ်လာစေရန် တို့ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ရန်ကုန်အပြန်ခရီးတွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြ

image-0311ab207a6193812608b6ff25c0947a02de928983e1709bbf83602871794287-V
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ပြန်လည်ထွက်ခွာမည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် စစ်တွေဒေသခံ ၃ဝဝ ခန့်က ထပ်မံဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက ပြောသည်။
“သူ့အပြန်ခရီးကို နှုတ်ဆက်လိုက်တာပေါ့။ ကျွန်တော်တို့သတင်းကြားထားတာက သူ ၃ နာရီမှာ ဆင်းလာမယ် လို့လေ။ ဒါကြောင့် လူစုချိန်လည်းမရလိုက်တော့ဘူး။ ၃ဝဝ လောက်ပဲပြလိုက်နိုင်တယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင် ခဲ့သူ ရခိုင်လူမှုကွန်ရက်မှ ဦးစိုးနိုင်က ပြောသည်။
ဆန္ဒပြရာတွင် မစ္စယန်ဟီးလီ ရခိုင်သို့ရောက်ရှိခဲ့သည့်နေ့က ပြခဲ့သည့် ဆိုင်းဘိုးများကို ကိုင်ဆောင်ကာ လေဆိပ် တွင်ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယန်ဟီးလီသည် ဇန်နဝါရီလ ၁ဝ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့တွင် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (ECC)နှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖဦးသန်းထွန်းက ပြောသည်။
“သူဘက်ကပြောတာကတော့ ဘင်္ဂါလီတွေကို လူသားတစ်ယောက်လို အခွင့်အရေးပေးရမယ်၊ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်လျှောက်တဲ့အခါ အခွင့်အရေးပေးရမယ်လို့ပြောတယ်။ ရခိုင်တွေနဲ့ဘင်္ဂါလီ တည့်မတ်ကြဖို့ အချင်း ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောတာပေါ့လေ။ လူသားချင်း စာနာမှုအတွက် ကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်ခွင့် ပေးရမယ် ဆိုတာ ကတော့ ဘယ်ရမလဲ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ညီတဲ့သူကိုမှ ပေးလို့ရမှာလို့ ပြန်ပြော လိုက်ပါတယ်”ဟု သူက ဆိုသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ရခိုင်ပြည်နယ်ရှိ နှစ်ဘက်လူ့အဖွဲ့နှစ်ရပ်ပဋိပက္ခများဆက်လက်မဖြစ် ပွားစေလိုလျှင် မစ္စယန်ဟီးလီအနေဖြင့် ယခုရခိုင်ခရီးစဉ်နှင့်ပတ်သက်ပြီးအစီရင်ခံစာရေးသားရာတွင် ဘက်လိုက်မှုမရှိဘဲ မျှမျှတတရေးသားပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးတစ်မျိုး၏အမည်ကို ဆက်လက်မသုံးစွဲရန်လိုသည်ဟု ယန်ဟီးလီကိုတိုက်တွန်းပြောကြားခဲ့ကြကြောင်းလည်း သိရသည်။
ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်တွေနှင့် မြေပုံမြို့များရှိ နှစ်ဘက် လူ့အဖွဲ့အစည်းများ၏ ဒုက္ခသည်စခန်းများအပြင် နှစ်ဘက်လူ့အသိုင်းအဝိုင်းများနှင့်တွေ့ဆုံခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

ရခိုင်အမျိုးသားလူမှုရေးအသင်း(လိုင်သာယာ) နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးနှင့် ကံစမ်းမဲပွဲတော်ကျင်းပ


20150104_122344
ရခိုင်အမျိုးသားလူမှုရေးအသင်း(လိုင်သာယာ)၏ နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးနှင့် ကံစမ်းမဲပွဲတော်ကို ဇန်န၀ါရီလ ၄ ရက် မြန်မာ့ လွတ်လပ်ရေးနေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းအခမ်းအနားအား ရန်ကုန်မြို့၊ လိုင်သာယာ၊  ရက္ခသီလ လေးဝတီဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းပြင် အခမ်းအနားတွင် လွန်ဆွဲပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။
လွန်ဆွဲပွဲတွင် ပထမဆု  ပင်လုံကြီးအသင်းမှ ရရှိခဲ့ပြီး ဒုတိယဆုကို အဆင့်မြင့် ၅ ရပ်ကွက်အသင်းမှရရှိခဲ့သည်။
ကံစမ်းမဲတွင် ပထမဆုအတွက် ကျပ်ငွေ ၅သိန်၊ဒုတိယ ဆုကျပ်ငွေ  ၃သိန်း၊တတိယဆုကျပ်ငွေ ၂သိန်း ၄င်းပြင် စက်ဘီး၊ ရွှေလက်စွပ်၊ ငွေလက်စွပ်နှင့် တခြားဆုမဲများကိုလည်း ပေးအပ် ချီးမြင့်ခဲ့ကြသည်။
ရခိုင်အမျိုးသားလူမှုရေးအသင်း(လိုင်သာယာ)ကို ၂၀၀၅ ခုနှစ်မှ စတင်တည်ထောင်ပြီး အသင်း ရည်ရွယ်ချက်မှာ သာရေးနာရေး ကူညီထောက်ပံရေးနှင့် စာပေယဉ်ကျေးမှုတိုးတက်စေရန် ရည်ရွယ်၍ တည်ထောင်ထားကြောင်းသိရသည်။
အသင်းဥက္ကဌဦးစံညွန့်မှ “ စာပေယဉ်ကျေးမှု တိုးတက်စေရန်အတွက် ရခိုင်အမျိုးသား စာကြည့်တိုက် ထူထောင်ရန် ကြိုးစားနေပါတယ်။ ဒါကြောင့်လိုအပ်တဲ့ အကူအညီတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
၎င်းစာကြည့်တိုက် တည်ထောင်ရန် အတွက် မြေကွက် (ပေ၂၀နှင့် ပေ ၆၀) ကို ၀ယ်ယူထားကြောင်း သိရသည်။
“ စာကြည့်တိုက်ဆောက်မယ့် မြေအတွက် ၂၀၁၄ ခုနှစ် မျှော်စင်ကျွှန်း ရှိုးပွဲမှ ရရှိထားတဲ့ ကျပ်ငွေ ၁၈၈သိန်းနဲ့ နောက်ထပ် လိုအပ်တဲ့ ငွေတွေကို အသင်း ရံပုံငွေမှ စိုက်ထုတ်ပြီး ကျပ် ၁၉၅သိန်းနဲ့ ၀ယ်ယူထားပါတယ်”  သူက ဆက်လက်ပြောဆိုသည်။
လာမည့် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် အသင်းအား ဦးဆောင်မည့် ဗဟိုကော်မတီဝင် ၄၅ ဦးကိုလည်း အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလှူငွေများကို ထည့်ဝင်လိုပါက ဖုန်း-၀၉၂၅၃၅၀၀၂၃၀၊၀၉၅၀၅၈၄၂၀၊၀၉၄၃၁၂၄၃၉၈ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဦးစံညွှန့်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 19, 2014

ရခိုင်ပြည်နယ်နေ့ ထူးချွန်ဆုပေးပွဲတွင် နုတ်မှုစွမ်းရည်ပထမဆုရှင် ဘေးဖယ်ခံရ


 နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့တွင် ထူးချွန် ကျောင်းသားကျောင်းသူများကို သာမက လူမှုရေး ထူးချွန်သူများကိုပါ ပြည်နယ်အစိုးရက ဆုများချီးမြှင့်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့တွင် ထူးချွန် ကျောင်းသားကျောင်းသူများကို သာမက လူမှုရေး ထူးချွန်သူများကိုပါ ပြည်နယ်အစိုးရက ဆုများချီးမြှင့်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေတွင် ပြုလုပ်ခဲ့သော နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့တွင် အခမ်းအနားတွင် မြို့နယ်ဆု၊ ကျေးရွာဆု၊ အားကစားထူးချွန်ဆု၊ ပညာရေးထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ နုတ်မှုစွမ်းရည် (ကျဘမ်း) ပထမဆုရှင် ကျောင်းသူမှာ ဆုချီးမြှင့် မခံရဘဲ ဘေးဖယ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
၎င်းကျောင်းသူမှာ ရသေ့တောင်မြို့ အထကမှ သတ္တမတန်းကျောင်းသူ မကြည်စင်လင်းဖြစ်ပြီး သူမမှာ ရခိုင်တစ်ပြည်နယ်လုံး နုတ်မှုစွမ်းရည် (ကျဘမ်း)ပြိုင်ပွဲတွင် ပထမဆုရရှိသူ ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်သမီးက ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ပြုလုပ်တဲ့ ပြည်နယ်အဆင့် နုတ်မှုစွမ်းရည် ပြိုင်ပွဲမှာ ပထမ ရထားပါတယ်။ ရခိုင်ပြည်နယ်နေ့မှာ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို ဆုချီးမြှင့်တော့ ကျွန်တော့သမီးက ဆုမရဘဲ တတိယဆုရတဲ့ ကျောင်းသူ တစ်ဦးကိုဘဲ ခေါ်ယူပြီး ပထမဆုကို ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ခုလို အလုပ်ခံရတဲ့ အပေါ်မှာ အထူးထိခိုက်ခံစားရပါတယ်” ဟု မကြည်စင်လင်း၏ ဖခင်က နိရဉ္စရာသို့ ရင်ဖွင့် ပြောဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မီတီ ဦးမောင်သာ (လက်ထောက်ညွှန်ကြားရေးမှူး)အား မေးကြည့်ရာတွင်လည်း တတိယ ဆုရသူ တစ်ဦးကို ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ပထမဆုချီးမြှင့်လိုက်သည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“ ဦးမောင်သာကို ကျွန်တော်က ဆက်သွယ်မေးကြည့်တော့လည်း ဆုချီးမြှင့်လိုက်တယ်ဆိုတာ ဟုတ်မှန်တယ်လို့ ပြောတယ်။ ကျွန်တော်က ဘာကြောင့် ဒီလို လုပ်တာလဲ မေးတော့ သူတို့လည်း အထက်ကို တင်ပြတယ်။ လွဲမှားမှု ရှိနေတယ်ဆိုပြီး တင်ပြတယ်လို့ ပြောပါတယ်။  ဒါပေမယ့် ပြည်နယ်ထွေအုပ်က အခုက မင်းပြားကလာတဲ့ ကျောင်းသူကို ဖိတ်ထားပြီးပြီ။ သူ့ကိုဘဲ ပေးလိုက်ဆိုတာနဲ့ ပေးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။
ပထမရသူကို ပထမဆုမပေးဘဲ တတိယ ရသူကို ပထမဆု ပေးသည့် ယခုလုပ်ရပ်မှာ တရားမျှတမှု မရှိဟု ယုံကြည်သဖြင့် ယခုလုပ်ရပ်ကို စိစစ်ဖေါ်ထုတ် ပေးရန် လိုလားသည်ဟု သူက ဆက်ပြောသည်။
နိရဉ္စရာ အနေဖြင့် ရခိုင်ပြည်နယ် ဆုရွှေးချယ်ရေး အဖွဲ့သို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသဖြင့် သူတို့၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကရင်နှင့် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင်တွေ့ဆုံ

DSC00684ကရင်ပြည်နယ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံပြီး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲ အခမ်းအနားအား စစ်တွေမြို့ စေတနာမိုး လဘက်ရည်ဆိုင်၌ ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် မတူကွဲပြားသော ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်ဒုက္ခသည် စခန်းနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်း ရခိုင်ဒုက္ခသည်စခန်း အခြေအနေများနှင့် ပတ်သက်၍ အမြင်ဖလှယ်မှုများကို ပြုလုပ်ခဲ့ကြသည်။
DSC00685ယင်းလူမှုအဖွဲ့အစည်း လာရောက်တွေ့ဆုံရခြင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား၊ တိုင်းရင်းသားတွေအကြား ပိုမိုနားလည်မှုရှိလာအောင်၊ ဖယ်ဒရယ်စနစ် ဖွဲ့စည်းရာတွင် လွယ်ကူမှုရှိလာအောင် ရည်ရွယ်၍ လာရောက်ခြင်းဖြစ်ကြောင်း ကရင်ကိုယ်စားလှယ်များက ပြောသည်။
ယင်းဆွေးနွေးပွဲသို့ လူပေါင်း ၇၀ ခန့် တက်ရောက်ခဲ့သည်။
ကရင်ပြည်နယ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းနှင့် Dialogue and Facilitation Team မှ အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်း၊ ရခိုင်ဒုက္ခသည်စခန်းနှင့် မာရမာကြီးဒုက္ခသည်စခန်းများသို့ မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

သံတွဲမြို့ သိန်းကျပ် ၂၄၀ တန်ဖိုးရှိ မီးသဂြိုလ်စက်အလှူ ရေစက်ချ

image-8d8da734552f597ff8b04ff2822b37bbc303c048eb90d0cff3379d34d718c9e2-V
သံတွဲမြို့ သုသာန်တွင် ဆောက်လုပ်ပြီးစီးသွားသော  မီးသဂြိုလ်စက် ရေစက်ချပွဲကို ယခုလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းရေစက်ချပွဲ အခမ်းအနားသို့ သံဃာတော် ၄ ပါးကို ပင့်ဆောင်၍ သံတွဲ အခမဲ့ နာရေးကူညီမူအသင်းက ၎င်းနေ့ မနက် ၇ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
“ အခု မီးသဂြိုလ်စက်ကို အခမဲ့ နာရေး ကူညီမူအသင်းက ဦးဆောင် ဆောက်လုပ်ခဲ့တာပါ။ မီးသဂြိုလ်စက် အလှူရှင်က ကိုကျော်သိန်းခိုင်၊ မဖြူဖြူမြင့် MTK-  Electrical Engineering Co, Ltd မိသားစု ဖြစ်ပြီး ပင်မ အဆောက်အဦးကိုတော့ တရော်တောတိုက် ကျောင်းဆရာတော် အပါအ၀င် သံဃာလေးပါး ၊ ဇေယျာနန္ဒမိတ်နဲ့ လူပုဂ္ဂိုလ် အလှူရှင်တွေက စုပေါင်း လှူဒါန်းတာ ဖြစ်ပါတယ်” အခမဲ့ နာရေးကူညီမူအသင်းမှ ကိုထွန်းထွန်းဝင်းက ပြောသည်။
image-fc7b6c671e97c6433699276dfc497a1bed6ec3426bf7965f30b738d3558a1e87-V
၎င်းမီးသဂြိုလ်စက်အား ၂၀၁၃ မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ပြီးစီးကြောင်း၊ ကျပ်သိန်း ၂၄၀ ကုန်ကျခဲ့ကြောင်း သူက ဆိုသည်။
“ ကျွန်တော်တို့ အခု မီးသဂြိုလ်စက် ဆောက်လုပ်ပြီးစီးပြီးတဲ့နောက် အနားမှာ တရားနာမယ့် ဇရပ်တစ်ဆောင်ကို ဆောင်လုက်နေပgတယ်။ နာရေးအတွက် အဲယားကောင့် မှန်ခေါင်းတစ်လုံး ၀ယ်ယူ အသုံးပြုနေသလို မကြာခင် နောက်တစ်လုံး ၀ယ်ယူဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ အသင်းကို ကူညီတောင်းလာရင် ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အကူအညီပေးနေပါတယ်” ဟု သူက ဆက်ဆိုသည်။
“ အခုလို မီးသဂြိုလ်စက် တစ်လုံးရှိတော့ မြို့အတွက် အရမ်းတန်ဖိုးရှိတယ်။ မဟုတ်ရင် ထင်းတွေပုံပြီး မီးသဂြိုင်္လ်ရတော့ အဆင်မေပြဘူးလေ။အခု ဦးဆောင်ဆောက်လုပ်ပေးတဲ့ အခမဲ့ နာရေး ကူညီမှုအသင်းကိုရော လှူဒါန်းခဲ့တဲ့ စေတနာရှင် တွေကိုရော အထူးကျေးဇူးတင်ပါတယ်။ သူတို့ စေတနာအတွက် သာဓု ခေါ်ပါတယ်” ဟု သံတွဲ ဒေသခံ ဦးဆန်းဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, November 10, 2014

ရိုဟင်ဂျာဟု သုံးနှုန်းလျှင် အိုဘားမားကို ဆန္ဒပြမည်

အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုပါက ဆန္ဒပြမည်ဟု ရခိုင်တိုင်းရင်းသားလူမှု အဖွဲ့အစည်းအချို့၏ ဦးဆောင်သူများက ပြောသည်။
Obama-visits-Myanmar
ရန်ကုန် တက္ကသိုလ်တွင် အိုဘားမား မိန့်ခွန်းပြောစဉ်။ (ဓာတ်ပုံ - အီးပီအေ)
“သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တရားဝင်ပြောထားပါလျက် အိုဘာမားက လက်မခံဘဲ ထပ်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းပြောလာမယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြသွားမယ်” ဟု ကျောင်းသားသမဂ်္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်၌ ရိုဟင်ဂျာဟု သုံးနှုန်းပြောကြားမှု အချို့ရှိခဲ့၍ ရခိုင်အမျိုးသားကွန်ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ အိုဘားမားထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခြင်း တို့ ဆောင်ရွက်ဖူးသည်။
ထို့ကြောင့် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟု ထပ်မံသုံးနှုန်းခြင်းရှိမရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးနှုန်းပါက ဆန္ဒပြပွဲလုပ်သည် အထိ ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသား အဖွဲ့အချို့က စီစဉ်နေခြင်းဖြစ်သည်။
ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု က “အိုဘားမားအနေနဲ့ ဧည့်သည်တော် အဖြစ်နဲ့လာတဲ့အခါမှာ အဲဒီတိုင်းပြည်က ပြည်သူတွေ မနှစ်သက်တဲ့ အသုံးအနှုန်းကို မသုံးတာ ပိုကောင်းပါတယ်။ ယဉ်ယဉ်ကျေး ကျေးသုံးမယ်ဆိုရင် အစ္စလာမ်ဘာသာဝင် မွတ်စလင်များလို့ သုံးရင်လည်း ဖြစ်တာပဲ” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကမူ “အမေရိကန်သမ္မတဆိုတာမျိုးက အင်မတန်ကြီးတဲ့ရာထူးကို ရယူထားတဲ့သူ ဖြစ်တယ်။ ဒါမျိုးလူတစ်ယောက်ကို ကျွန်တော့် အနေနဲ့ ဘယ်လိုသုံးသင့်တယ်၊ မသုံးသင့်ဘူး ဆိုတာမျိုး မှတ်ချက်မပေးရဲပါဘူး။ သူသုံးသင့်တဲ့ စကားကို သူသုံးမှာပဲ။ သူပြောတဲ့ စကားကိုလည်း သူတာဝန်ယူမှာပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဆန္ဒပြသင့်တဲ့ ကဏ္ဍဆိုရင်တော့ ဆန္ဒပြ သင့်တယ်။ ဒါပေမဲ့လည်း ရခိုင်တစ်မျိုးသားလုံး ဆတ်ဆတ်ထိ မခံတဲ့ လက်မခံနိုင်တဲ့ အသုံးအနှုန်းမျိုးကို သုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီ အနေနဲ့ ဒီအတိုင်းမနေပါဘူး။ တစ်ခုခု တုံ့ပြန်သွားမှာပါ”ဟု ဆိုသည်
ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင် ထူးအောင်က “သမ္မတ အိုဘားမားအနေနဲ့ ဒီအသုံးအနှုန်းကိုပဲ ထပ်ပြီးသုံးမလား။ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးနာမည်ကို သုံးနှုန်းပြောဆိုလာမယ် ဆိုရင်တော့ ကျွန်တော် တို့ဘက်ကလည်း ကန့်ကွက်သင့် ကန့်ကွက်မယ်။ ရှုတ်ချသင့် ရှုတ်ချရမယ်၊ ဆန်္ဒပြသင့် ရင်လည်း ဆန္ဒပြသွားမည်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ရခိုင်အမတ် ဦးဖေသန်း ကလည်း ထိုသို့ သုံးနှုန်းလျှင် မည်သူ့ကိုမဆို ကန့်ကွက်သင့် သည်ဟု ပြောသည်။
နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်၌ ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ရန်ရှိပြီး နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန် မြို့သို့ လာရောက်ရန်ရှိနေသည်။
ယင်းသို့ အချိန်တွင် အမေရိကန် သံရုံးမှတစ်ဆင့် ကြိုတင် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရန် စီစဉ်နေသည်ဟု ကိုရဲမင်း ဦးကဆိုသည်။
(သတင်းအရင်းအမြစ်- Mizzima Burmese)