Showing posts with label အစိုးရ. Show all posts
Showing posts with label အစိုးရ. Show all posts
Thursday, January 22, 2015
စစ်တွေမြို့လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းပြီး အဆင့်မြင့်တင်
DSC02263
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဓိက လမ်းမကြီးအား ယခင်ကွန်ကရစ်လမ်းအဖြစ်ရှိနေရာမှ ယခုအခါ နိုင်လွန် ကတ္တရာခင်းပြီး အဆင့်မြှင့်တင်နေသည်ဟု သိရသည်။
ယင်းနိုင်လွန် ကတ္တရာလမ်းခင်းမှုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းက စတင် ဆောင်ရွက်ခဲ့သည်။ စစ်တွေလမ်းမကြီး စတင်လမ်းခင်းသည့်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
အစပိုင်းတွင် နိုင်လွန်ကတ္တရာလမ်းခင်းရာတွင် အသုံးပြုသော စက်ယန္တရားများ ချွတ်ယွင်းမှုတို့ကြောင်း ခေတ္တ ရပ်နားခဲ့ရသည်။
ယင်းချွတ်ယွင်းစက်များကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်းတွင်မူ နိုင်လွန်ကတ္တရာ လမ်းခင်းမှု ပိုမိုချော့မွေ့ လျင်မြန်လာပြီးဖြစ်ကြောင်း စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ကျွန်တော်တို့ နိုင်လွန်ကတ္တရာခင်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေကို ကားတွေနဲ့ သင်္ဘောတွေနဲ့ အဆင်ပြေသလိုမျိုး သယ်ယူလာရတယ်။ အဲဒီလို သယ်ယူလာတဲ့အခါမှာ အဲဒီဟာတွေရဲ့ ပစ္စည်းတစ်ချို့ ချွတ်ယွင်းသွားတဲ့အတွက် စက်ပစ္စည်း ကရိယာတွေကို ပြန်ပြင်ခဲ့ရပါတယ်။ အခု ဒီစက်ယန္တရားတွေကို ထုတ်လုပ်တဲ့ XCMG ကုမ္ပဏီက ကျွမ်းကျင်အင်ဂျင်နီယာ တရုတ်လူမျိုးကိုယ်တိုင် လာရောက်ကြီးကြပ် စောင့်ကြည့်ပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေပါတယ်”ဟု ဦးတင်မောင်မြင့်က ပြောသည်။
နိုင်လွန် ကတ္တရာခင်းရာတွင် လာရောက်စောင့်ကြည့် ကြီးကြပ်နေသော တရုတ်လူမျိုး အင်ဂျင်နီယာသည်နိုင်လွန်ကတ္တရာ လမ်းခင်းရာတွင် အသုံးပြုနေသော စက်ယန္တရားများကို ထုတ်လုပ်သည့် XCMG ကုမ္ပဏီမှဖြစ်ပြီး နာမည်မှာ DING WGN KE ဖြစ်ကြောင်း သိရသည်။
ယင်း XCMG ကုမ္ပဏီသည် တရုတ်ပြည်၌ စက်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး လုပ်သား ၄၀၀၀၀ ရှိသည်ဟု ယင်းတရုတ်အင်ဂျင်နီယာက ပြောသည်။
ယခုစစ်တွေမြို့ လမ်းမကြီး နိုင်လွန်ကတ္တရာခင်းရာတွင် အသုံးပြုနေစက်ယန္တရားများမှာ ကတ္တရာသယ်ရန် ထရပ်ကား ၇ စီး၊ Road paper ကားတစ်စီး၊ Two Wheel ကားတစ်စီး နှင့် တာယာရိုလာ ကားတစ်စီးပါဝင်ကြောင်း သိရသည်။
စုထူးစံကုမ္ပဏီသည် စစ်တွေမြို့ စည်ပင်သာယာရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရာတွင် စစ်တွေမြို့လမ်းမကြီးနှင် ဝေသာလီလမ်း၌ နိုင်လွန်ကတ္တရာခင်းခြင်းအပြင် ဘီလူးမချောင်း ရေလားရေလာကောင်းရေးနှင့် ကမ်းနားလမ်းတစ်လျှောက် ဆည်ဖို့ပြီး လှိုင်းကာများ ဆောက်လုပ်ခြင်းများကိုပါ တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။
DSC02257စုထူးစံကုမ္ပဏီတွင် အင်ဂျင်နီယာ ၂၀၀ ဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရာတွင် ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်ပါ လုပ်ဆောင်လျှက်ရှိပြီး ရခိုင်ပြည်နယ်ရှိ လမ်းတံတားဆောက်လုပ်ရာ၌ အင်ဂျင်နီယာ ၇၀ ဦးကို အသုံးပြုနေကြောင်းသိရသည်။
“စုထူးစံ ကုမ္ပဏီအနေနဲ့ လမ်းတံတားတွေကို ရခိုင်ပြည်နယ်မှာ ဆောက်လုပ်တဲ့အပိုင်းမှာ လှူတာတွေရှိပါတယ်။ အမြတ်အစွမ်းအပိုင်းကို မကြည့်ပါဘူး။ လမ်းတံတား ကောင်းမွန်ဖို့နဲ့ တာရှည်ခံဖို့အတွက် လုပ်ပေးနေတာပါ။ အခု စစ်တွေမြို့လမ်းမကြီးပေါ်မှာ ခင်းနေတဲ့ နိုင်လွန်ကတ္တရာက ၂ လက်မခွဲထူပြီးတော့ သတ်မှတ်ထားတဲ့ ခံနိုင်ရည် တန်ချိန်အတိုင်း ကားတွေကို အသုံးပြုမယ်တိုရင် အနည်းဆုံး နှစ်ပေါင်း ၃၀ အထိ အာမခံချက် ရှိပါတယ်”ဟု စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စစ်တွမြို့ စည်ပင်သာယာ လှပရေးအတွက် ယခုလက်ရှိအကောင်အထည်ဖေါ် လုပ်ဆောင်နေသော လုပ်ငန်းများမှာ စုထူးစံကုမ္ပဏီက လက်ရှိတာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းများအပြင် ဆတ်ရိုးကျချောင်း တူးခြင်း၊ ဆတ်ရိုးကျချောင်းဘဲ ရေကာတံတိုင်း တည်ဆောက်ခြင်း၊ ဆတ်ရိုးကျကိုဖြတ်၍ အဆင်မြင့်တံတား တစ်စင်း တည်ဆောက်နေခြင်း၊ စစ်တွေမြို့ပတ်လမ်းကို ဖေါက်လုပ်နေခြင်းတို့ ဖြစ်ကြောင်း လေ့လာသိရှိရသည်။
စစ်တွေမြို့တော် စည်ပင် သာယာလှပရေးအတွက် စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာတွင် စစ်တွေမြို့ လမ်းမကြီးနှင့် ဝေသာလီလမ်း တစ်လျှောက်ကို နိုင်လွန်ကတ္တရာခင်းမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ၂၀၁၄ ခုနှစ် စတင်ဘာလတွင် တရားဝင် ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စစ်တွေမြို့တော်စည်ပင်သာယာ လှပရေးအတွက် အပန်းဖြေခေတ်မီ ဥယျာဉ်နှစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ လူများမလာချင်သည့် စစ်တွေမြို့ကို မြန်မာနိုင်ငံတွင် လူအလာချင်ဆုံး မြို့တစ်မြို့ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု အခမ်းအနားများတွင် မကြာခဏပြောကြားခဲ့သည်။
ယခင်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တွေမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ ယခင်နှစ်များထက် လာရောက်လည်ပတ်မှု ရှိလာသည်ဟု စစ်တွေမြို့ခံများက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Wednesday, January 21, 2015
တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ မြေပုံတွင်ပြုလုပ်
DSC02203
တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်မှုများနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဇန္န၀ါရီလ ၁၂ ရက်နေ့ကပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ပြခန်းများ ဖွင့်လှစ်ပြီး တက်လမ်းစီမံကိန်း၏ ဆောင်ရွက်မှုများကို ပြသ ထားခြင်း၊ အခြားစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများကလည်း သူတို့၏ လုပ်ဆောင်ချက်များကို  ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ပြခန်းများမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနပြခန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းပြခန်း၊ ငါးလုပ်ငန်း ဦးစီးဌာနပြခန်း၊ အာရက္ခဖေါင်းဒေးရှင်းပြခန်း နှင့် Green Lives ပြခန်းတို့ဖြစ်သည်။
ကုန်စည်ပြပွဲ ပြိုင်ပွဲများအနေဖြင့် ဒေသထွက် ပန်းမာန်၊ စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလန်၊ ရွှေပုဇွန်ခြောက်နှင့် လောင်စာချွေတာ မီးဖိုပြုလုပ်ခြင်းတို့ဖြစ်သည်။
ယင်းအခမ်းအနားပြုလုပ်ရန်အတွက် အားလုံးပေါင်းဆောင်ရွက် လုပ်ဆောင်ခဲ့မှုများကြောင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တက်လမ်းစီမံကိန်း Coordinator ဒေါ်ချယ်ရီစိုးက ပြောသည်။
“ဒီပွဲမလုပ်ခင် တက်လမ်းမိသားစု၊ မြို့ပေါ်အုပ်ချုပ်ရေးဌာနနဲ့ အခြားဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်ပါတယ်။ နောက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး အားလုံးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အတွက် အားလုံးဆင်ပြေချောမွေ့ခဲ့ပါတယ်”ဟု သူမကပြောသည်။
ယင်းအခမ်းအနားပြုလုပ်ရခြင်းမှာ တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ချပြရန်နှင့် ကောက်ရိတ်သိမ်းချိန်၌ ဒေသခံ လယ်သမားများ အနေဖြင့် ၄င်းတို့စိုက်ပျိုးထုတ်လုပ်သော သီးနှံအရည်အသွေးကို  ပြသနိုင်ရန်ဖြစ်သည်ဟု တက်လမ်းစီမံကိန်း ဒါရိုက်တာ Marcel De Brune က ပြောသည်။
တက်လမ်းစီမံကိန်းကို IRC, Save the Children, OXFAN, Better Life နှင့် Care အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ဂီရိမုန်တိုင်းသင့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား ပေါက်တောရှိ ကျေးရွာပေါင်း ၂၁၄ ရွာ၌ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖန်တီးပေးခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန် အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
တက်လမ်းစီမံကိန်းအနေဖြင့် အဓိကထား အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လုပ်ငန်းများမှာ ဆန်စပါး စိုက်ပျိုးရေး၊ သစ်သီးဝလန်စိုက်ပျိုးရေး၊ ငါး ပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ဂဏန်းဖမ်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းနှင့်ပတ်သက်၍ တံငှာလုပ်ငန်းလုပ်ကိုင်သူများကို ပစ္စည်းများထောက်ပံ့ပေးခြင်း၊ အစိုးရငါးလုပ်ငန်းဦးစီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပြီး နည်းပညာများကို ပံ့ပိုးပေးကာ ကျေးရွာ စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးလာအောင် လုပ်ဆောင်ပေးနေကြောင်းသိရသည်။
စပါးခင်းများသို့ ဆားငန်ရေ မ၀င်ရောက်စေရန် ကာရီများဆည်ဖို့ပေးခြင်းများကိုပါ လုပ်ဆောင် ပေးလျှက်ရှိပြီး၊ ယင်းသို့လုပ်ငန်းအကောင်အထည်ဖေါ်ရာ၌ ရန်ကုန်၊ စစ်တွေမှ ကန်ထရိုက်များကို မခေါ်ယူပဲ ဒေသခံကျေးရွာသားများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ကျေးရွာလူထု အတွက် အပို ၀င်ငွေများ ရရှိအောင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
DSC02157
တချိန်တည်း၌ တက်လမ်းစီမံကိန်းမှ အသေးစားငွေစု ငွေချေးလုပ်ငန်းများကို လုပ်ဆောင် ပေးလျှက်ရှိပြီး၊ ကျေးရွာသားများ အနေဖြင့် မိမိတို့လုပ်ငန်းများမှ ရရှိသော ငွေများကို စုနိုင်သည့်အပြင်၊ မိမိတို့လုပ်ငန်းဆောင်ရွက်ရန်အတွက် အတိုးနှုန်းအနည်းငယ်ဖြင့် ငွေချေးနိုင်ကြောင်းသိရသည်။
ယင်းငွေစုငွေချေးလုပ်ငန်း၏ စီမံခန့်ခွဲမှုများကို ဒေသခံကျေးရွာများမှ အမျိုးသမီးများက စီမံခန့်ခွဲလုပ်ဆောင်လျှက်ရှိပြီး အမျိုးသမီးတို့၏ အရည်အသွေးများကိုမြှင့်တင်ပေးခြင်းအပြင် အမျိုးသမီးတို့၏ ပူးပေါင်းပါဝင်မှုကို အလေးထား လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
“ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုကို အားလုံးဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲဒီ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းမှာ နိုင်ငံတော်အစိုးရရော၊ ပြည်နယ်အစိုးရရော၊ သက်ဆိုင်ရာဌန အဖွဲ့အစည်းအသီးသီးကရော၊ အခုလို NGO, INGO အားလုံးနဲ့ ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းဝင်းကပြောသည်။
ရခိုင်ပြည်နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍလုပ်ကိုင်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ အခြားကဏ္ဍတိုးတက်ပြီး၊ လယ်ယာကဏ္ဍမတိုးတက်လျှင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးက ထပ်လောင်းပြောကြားသည်။
IRC အနေဖြင့် ဂီရိမုန်းတိုင်းသင့် မြို့နယ် ၄ မြို့နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ်မှ စတင်လုပ်ဆောင်လျှက်ရှိပြီး တက်လမ်းစီမံကိန်းကို အခြားအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ စီမံကိန်းများ အကောင်အထည် ဖေါ်နိုင်ရန်အတွက် LIFT အဖွဲ့မှ ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။
လောင်စာချွေတာ မီးဖိုပြုလုပ်ခြင်းနှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသူ ၆၂ ယောက်ကို မွေးထုတ်ပေးထားပြီး၊ ယင်းမီးဖိုများကို သဲ၊ ကျောက်စရစ်၊ ဘဲလပ်မြေများကို အသုံးပြုကာ နာရီပိုင်းအတွင်း အပြီးအစီးပြုလုပ်နိုင်ပြီး၊ မီးဖိုတစ်လုံးကို ၅၀၀၀ ကျပ်စီဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲခြောက်ခုလုံးအတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ပေးအပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ရခိုင်ရိုးရာအကဖြင့် တင်ဆက်ကပြသည့်အပြင် မြေပုံမြို့ရှိ ချင်းတိုင်းရင်းသူ၊တိုင်းရင်းသားများကလည်း ချင်းရိုးရာ အကဖြင့် တင်ဆက်ကပြခဲ့ကြသည်။
“ကျွန်တော့်အမက စိုက်ပျိုးရေးဌာနကဆိုတော့ စိုက်ပျိုးရေးကို ၀ါသနာပါပါတယ်။ ဒီနှစ်မှ စတင်စိုက်ပျိုးတာပါ”ဟု ပန်းမာန်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ၉ တန်းကျောင်းသား မောင်ပိုင်ထူးကျော်က ပြောသည်။
အခမ်းအနားကို နံနက် ၉ နာရီခန့်တွင် စတင်ပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ယင်းအခမ်းအနားသို့ မြို့ပေါ်နေ လူထုအပြင် မြေပုံမြို့နယ်ရှိ ကျေးရွာတစ်ရွာစီမှ ကိုယ်စားလှယ်  ၅ ဦးကျစီ တက်ရောက်ကြောင်းလည်း သိရသည်။ စုစု ပေါင်း လူ ၁၀၀၀ ခန့်တက်ရောက်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် စစ်တွေသို့ရောက်ရှိ
 ဂျော့ဆိုးရော့စ် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဂျော့ဆိုးရော့စ် ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
အမေရိကန်သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ ဂျော့ဆိုးရော့စ် (George-Soros)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဇန်နဝါရီလ ၈ ရက်နေ့ကရောက်ရှိခဲ့သည်။
သူသည် ယင်းနေ့နံနက် ၁ဝ နာရီခွဲခန့်က စစ်တွေလေဆိပ်သို့ သူ၏ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိ လာခြင်းဖြစ်ပြီး သူ၏လေယာဉ်ပေါ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းနှင့် တစ်နာရီခန့် သီးသန့်ဆွေးနွေးခဲ့ကြသည်။
မည်သည့်အကြောင်းအရာကိုဆွေးနွေးခဲ့သည်ဆိုသည်ကို အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် အား နိရဉ္စရာက တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့သော်လည်း ဝန်ကြီးချုပ်က “နောက်နေ့မှမေး”ဟုဆိုကာ ဖြေကြားရန် ငြင်းဆန် ခဲ့သည်။
ယင်းသို့ဆွေးနွေးအပြီး ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုဖြစ်သော သက်ကေပြင်စခန်းနှင့် ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုစခန်းများသို့ သွားရောက်လေ့လာခဲ့သည်။
ယင်းနောက် စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီရပ်ကွက်ဖြစ်သော အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ဝင်ရောက် ပြီးရပ်ကွက်တွင်းရှိ ဘင်္ဂါလီများအား သွားရောက် တွေ့ဆုံခဲ့သည်။
ယင်းနောက် စစ်တွေဟိုတယ်တွင် ခေတ္တအနားယူကာ လေဆိပ်သို့ပြန်လာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ခွဲတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ဂျော့ဆိုးရော့စ်သည် စစ်တွေရှိ မြို့မိမြို့ဖအချို့ပါဝင်ဖွဲ့စည်းထားသော အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး စင်တာ အဖွဲ့ဝင် များနှင့် တွေ့ဆုံရန်စီစဉ်ထားသော်လည်း တွေ့ဆုံခဲ့ခြင်းမရှိခဲ့ဟု အဆိုပါ စင်တာ၏အဖွဲ့ဝင်များ က ဆိုသည်။
ယင်းအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ စစ်တွေခရီးစဉ်အတွင်း သူ၏လုံခြုံရေးကို သူ၏ ကိုယ်ပိုင်လုံခြုံရေးဝန်ထမ်းများအပါအဝင် ရခိုင်ဒေသ အာဏာပိုင်များ၏ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် အထူးတင်းကျပ်စွာ လုံခြုံရေးယူထားခဲ့သည်။
ဂျော့ဆိုးရော့စ်သည် ရခိုင်ပြည်နယ်သို့မလာရောက်မီ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဘင်္ဂလီလူမျိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အပါအဝင် အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ဝေေ၀နုနှင့် ဘင်္ဂလီ လူ့အခွင့်အရေးကာကွယ်သူ ဦးကျော်လှအောင်တို့နှင့်တွေ့ဆုံခဲ့ပြီး ရခိုင် ပြည်နယ်အတွင်းရှိ လူမျိုးစုနှစ်ခု အတူ ယှဉ်တွဲနေထိုင်ရေးကိစ္စရပ်အပါအဝင် အခြားကိစ္စရပ်တစ်ချို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
ကျောင်းသားစုံညီပွဲတော် စစ်တွေမြို့၌ကျင်းပ
DSC02013
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းသားစုံညီပွဲတော်ကို ဇန္န၀ါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကျောင်းသားစုံညီပွဲတော်တော်တွင် ထူးချွန်ကျောင်းသားများနှင့် ဆရာဆရာမများကို ဆုတံဆိပ်များ၊ ဂုဏ်ပြု လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။
ပျော်ပွဲရွှင်ပွဲအဖြစ်ထုပ်ဆီးတိုးပွဲ၊အထုတ်သတ်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ပြီး ကျောင်းသူကျောင်းသားများက ဖျော်ဖြေမှု များကိုလည်း ပြုလုပ်ခဲ့သည်။
ကျောင်းသားများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ရာတွင် ကျပန်းပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ၀တ္ထုပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား/ကျောင်းသူများ၊ ဘက်စုံ ထူးချွန် ကျောင်းသူ ကျောင်းသားများ၊ မသန်မစွမ်းပြိုင်ပွဲတွင် ဆုရကျောင်းသားများနှင့် ဂျပန်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သောကျောင်းသူ၊ ကျောင်းသား များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင်ရခိုင်တပြည်နယ်လုံးတွင်မူလတန်းအဆင့်၊အလယ်တန်းအဆင့်၊အထက်တန်းအဆင့် ကျောင်းအလိုက် ပထမ၊ ဒုတိယ၊တတိယရရှိသောကျောင်းများမှ ဆရာ၊ ဆရာမများကိုလည်းဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင့်သိရသည်။
အလယ်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲတွင် အလက ၉ မှ ပထမ၊ အထက ၆ က ဒုတိယ၊ အလက (ခွဲ) ကျေးတောကျောင်းက တတိယ၊ မူလွန်ပြည်တော်သာကျောင်းက အထူးဆုကိုရရှိခဲ့သည်ဟု သိရသည်။
မူလတန်းအဆင့်တွင် ဘောင်းဒွတ်သားစုက ပထမ၊ ရွာကြီးတောင်က ဒုတိယ၊ ရူပမြောက်ကတတိယ အသီးသီးရရှိခဲ့ကြသည်။ မူလတန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲများကိုယခင်နှစ်များတွင် ကျင်းပခဲ့ခြင်းမရှိပဲ ယခုနှစ်မှာမှ ထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
၅ တန်းမှ ၇ တန်းအဆင့် အထုပ်သတ်ပွဲတွင် ရွာကြီးတောင်ကပထမ၊ ကျောင်းတက်လမ်းက ဒုတိယအသီးသီး ရရှိသွားကြောင်း သိရသည်။
ဖျော်ဖြေရေးအစီအစဉ်များတွင်အလက(၆)ကပိုးဝါယိမ်းအက၊ ကျောင်းကြီးလမ်းအမကက မောင်ရွှေရိုးမှာလည်းအသဲနဲ့ပါ အပါအ၀င်အခြားအကများဖြင့်လည်းကျောင်းသူ၊ ကျောင်းသားများက ဖျော်ဖြေခဲ့ကြသည်။
၎င်းကျောင်းသားစုံညီပွဲတော်ကို နံနက်ပိုင်းတွင် ၈ နာရီမှ ၁၁ ထိ တစ်ကြိမ်နှင့် ညနေပိုင်းတွင် ၆ နာရီမှ ၈ နာရီခွဲခန့်ထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ပိုင်းခွဲ၍ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျောင်းသားစုံညီပွဲတော်ကို မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဇန္န၀ါရီလ ၁ရက်နေ့မှ ၃ ရက်နေ့ထိ ကျင်းပကြသော်လည်း ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အခြားခရီးစဉ်များနှင့် တိုက်ဆိုင်ခဲ့သဖြင့် ဇန္န၀ါရီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောသည်။
“ဒီမင်္ဂလာနှစ်သစ်မှာအဘအနေနဲ့ ဆုတောင်းပေးချင်ပါတယ်။ နောင်တစ်ခေတ်ရဲ့ သားကောင်းသမီးကောင်းဖြစ်တဲ့ သားတို့သမီးတို့ကို ဂုဏ်ပြုရင်းနဲ့ သားတို့သမီးတို့ နောင်တစ်ချိန်မှာ တိုင်းပြည်ကအားကိုးရတဲ့ သားကောင်းသမီးကောင်း၊ သမီးကောင်းဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပြုသအပ်ပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူကျောင်းသားများအတွက် နှစ်သစ်ဆုတောင်း ပေခဲ့သည်။
ယခုနှစ် ကျောင်းသားစုံညီပွဲတော်ကိုရပြည်နယ်အစိုးရလမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပညာရေးဌာနက ကြီးမှူးကျင်းပခဲ့သည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Arakan စကားလုံးကို မသုံးရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ရခိုင်အသံဂျာနယ်အား ဖိအားပေး
The-Voice-of-Arakan
ရခိုင့်အသံဂျာနယ် ထုတ်ဝေခွင့်ကို ၂၀၁၅ ခုနှစ် အတွက် သက်တမ်းတိုးရာတွင် ဂျာနယ်အမည် The Voice of Arakan ၌ Arakan ဆိုသော စကားလုံး အစား Rakhine ဆိုသော စကားလုံး အသုံးအနုန်းကို ပြောင်းလဲ သုံးစွဲရန် ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (ရန်ကုန်) မှ သတိပေး ပြောကြားထားကြောင်း သတင်း ရရှိသည်။
ရခိုင်အသံဂျာနယ်ကို အင်္ဂလိပ်အမည် The Voice of Arakan ဖြင့် ဂျာနယ်ထုတ်ဝေ လာခဲ့သည်မှာ ယခုဆိုလျှင် အတွဲ ၂၊ အမှတ် ၈ သို့ ရောက်ရှိနေပြီး အမှတ် ၂၊ အတွဲ ၇ နောက်ပိုင်းမှ စ၍ Arakan စကားလုံးကို ပြောင်းလဲသုံးစွဲရန် ဖိအားပေးလာခြင်း ဖြစ်ကြောင်း သိရသည်။
The Voice of Arakan အစား  The Voice of Rakhine ဟု အစားထိုး သုံးစွဲ ရန်ဖိအားပေးမူ အပေါ် ရခိုင့်အသံ အယ်ဒီတာချုပ် မြတ်နိုးသာမှ လက်မခံနိုင်ကြောင်း ပြောဆိုသည်။
“ The Voice of Arakan နာမည်ကို ဆက်လက်သုံးစွဲမယ်။ ရခိုင်လိုခေါ်ရင်တော့ ရခိုင့်အသံလို့ ခေါ်တယ်။  အင်္ဂလိပ်လိုခေါ်ရင်တော့ The Voice of Arakan ခေါ်တယ်။  ရခိုင်လို ဘာသာပြန်တဲ့အခါ Arakan လို့ ဘာသာပြန်တယ်။ ရခိုင်လို့  ဘာသာမပြန်ဘူး။ နိုင်ငံ တကာကလည်း ရခိုင်ကို အင်္ဂလိပ်လို သိထားတာက Arakan လို့ သိထားတယ်။ ဒါကြောင်းမို့ လို့ ကျွန်မတို့  Arakan လို့   လိုပဲ ထပ်မံ သုံးစွဲသွားမယ်ဟု’’ ရခိုင့် အသံအယ်ဒီတာချုပ် မြတ်နိုးသာမှ နိရဉ္စရာသို့ ပြောသည်။
Arakan ဟူသော စကားလုံးမှာ ရခိုင်အမျိုးသားပိုင် ဝေါ်ဟာရဖြစ်ကြောင်း၊ ယင်းစကားလုံးကို မသက်ဆိုင်သူ လူမျိုးခြား ဘာသာခြား တစ်ချို့ မှ သူတို့ မူပိုင် ဖြစ်ရန် ကြိုးစားနေကြောင်း၊ ထိုသို့ တရားမ၀င်သုံးစွဲခြင်းအပေါ် ရခိုင်အမျိုးသားတို့ က ပြင်းပြင်းထန်ထန် ကန့် ကွက်မှုများလည်း ရှိနေကြောင်း၊ သို့အတွက် Arakan ဆိုသော စကားလုံးမှာ ရခိုင်အမျိုးသာပိုင် စကားလုံးဖြစ်ပြီး ယင်းစကားလုံးမှာ  ပြည်ထောင်စု အားလည်း တစ်စုံတစ်ရာ ထိခိုက်မူမရှိ သဖြင့် ဆက်လက် သုံးစွဲရန် ရည်ရွယ်ရခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။
The Voice Of Arakan ဂျာနယ် ထုတ်ဝေခွင့် သက်တမ်းတိုးကာလ တစ်လ စောင့်ရမည်ဖြစ်ပြီး အဆိုပါစကားလုံးကို သုံးခွင့် ရရှိရေး အတွက် ပြန်ကြားရေး ၀န်ကြီးရုံးဌာနသို့ တိုက်ရိုက် လျှောက်သွားရမည်ဖြစ်ကြောင်း သိရသည်။
Arakan ဆိုသော စကားလုံးမှာ ယခုမှ ပေါ်ပေါက်လာသော စကားလုံး မဟုတ်ဘဲ ရခိုင်ဘုရင်လက်ထက်ကတည်းက ယင်းအသုံး အနုန်း မှာ ရှိနေခဲ့ကြောင်း၊ အနောက်နိုင်ငံသားများက ရခိုင်လူမျိုးများအား Arakan ဟု လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက ခေါ်ဝေါ် လာခဲ့သော ဝေါဟာရ ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ခံ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန အနေဖြင့် ယခုကဲ့သို့ ဖိအားပေးလာခြင်းမှာ ရခိုင့်အသံဂျာနယ် အတွဲ (၂)၊ အမှတ် (၇)တွင် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးရခြင်းနှင့် ပတ်သက်ပြီးသမိုင်းအချက်များကို ဖေါ်ထုတ်တင်ပြ၍ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Tuesday, January 6, 2015
ရခိုင်မှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသားများအား ကျပ်သိန်း ၃ဝ အထိ ဆုချီးမြှင့်မည်
ရခိုင်ပြည်နယ် အလွတ်သင်ကျောင်း တစ်ခုမှ ဆုပေးပွဲ အခမ်းအနား တစ်ခု (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အလွတ်သင်ကျောင်း တစ်ခုမှ ဆုပေးပွဲ အခမ်းအနား တစ်ခု (ဓါတ်ပုံ- နိရဉ္စရာ)
ယခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ အောင်မြင် သူများနှင့် ဂုဏ်ထူးရသူများအား ထိုက်တန်သော ဆုများ ပေးအပ်ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား တစ်ဦးလျှင် ကျပ် ၁ သောင်း ချီးမြှင့်ပေးမည်ဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရရှိလျှင် တစ်ဦးလျှင် ကျပ် ၁ဝ သိန်းမှ သိန်း ၃ဝ အထိ ချီးမြှင့်ပေးမည်ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဉ္စရာသို့ ဇန်နဝါရီ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။
“အောင်တဲ့သူမှန်သမျှကို တစ်သောင်းစီချီးမြှင့်မယ်။ ဂုဏ်ထူးရအောင်သင်ပေးနိုင်တဲ့ဆရာတွေကိုလည်း ဆုချီးမြှင့်ပေးမယ်။ ဘယ်လောက်ချီးမြှင့်ပေးမယ်ဆိုတာတော့ အတိအကျမသိသေးရဘူး။ ၆ ဘာသာဂုဏ်ထူး ထွက်တဲ့ သူတွေကို ဝန်ကြီးချုပ်က သီးသန့် ၁ဝ သိန်းကနေ သိန်း ၃ဝ အထိ အဲဒီကြားထဲမှာ ချီးမြှင့်မယ်လို့ ကျွန် တော်တို့ကို ပြည်နယ်အစိုးရက မနေ့က ဆက်သွယ်အကြောင်းကြားလာတယ်”ဟု ယင်းက ပြောသည်။
ဘာသာရပ် တစ်ခုမှ ၅ ဘာသာ အထိ ဂုဏ်ထူးရရှိသူ အသီးသီးကိုလည်း ဆုချီးမြှင့်ပေးမည်ဖြစ်သော်လည်း ယင်းတို့အား ချီးမြှင့်မည့် ဆုငွေပမာဏအတိအကျကိုမူ မသိရသေးဟု ဆိုသည်။
ယခုကဲ့သို့ ဆုချီးမြှင့်ရန်စီစဉ်ရခြင်းမှာ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေသည့် ရခိုင်ပြည်နယ်၏ တက္ကသိုလ် ဝင်တန်း အောင်ချက်ရာနှုန်းကို ယခုထက်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသူ၊ ကျောင်းသားများအ နေဖြင့် ပိုမိုကြိုးစား လိုသည့် စိတ်ရှိလာရန်အတွက်ဖြစ်ကြောင်း သိရသည်။
“အခုလိုဆုချီးမြှင့်ပေးလိုက်ရုံနဲ့ အောင်ချက်ရာနှုန်းမြင့်တက်လာမှာမဟုတ်ပါဘူး။  ကျောင်းသား၊ ကျောင်းသူတွေ ဘက်ကလည်း ကြိုးစားပေးရမယ်။ နောက်ပြီး ဆရာ၊ ဆရာမတွေအနေနဲ့လည်း အားကြိုးမာန်တက် သင်ပြပေးရမယ်။ နောက်တစ်ခုက ကျောင်းသူ၊ ကျောင်းသားတွေလိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်း တွေကို လည်း အစိုးရက လုံလုံလောက်လောက်ချပေးဖို့လိုတယ်”ဟု စစ်တွေမြို့ရှိ ပုဂ္ဂလိက ဆရာများအသင်း ဥက္ကဋ္ဌ ဆရာဦးမြင့်သောင်းက သုံးသပ်ပြောသည်။
ပြီးခဲ့သည့်နှစ် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ရာနှုန်းမှာ ၁၈ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ဒုတိယ အနိမ့်ဆုံးအဆင့်သို့ ကျဆင်း သွားခဲ့သည်။ ရခိုင်ပြည်နယ်၏ အောက်တွင် ချင်းပြည်နယ်သာ ရှိသည်။
ယခင်က ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်က ရခိုင်ပြည်နယ်၏အောင်ချက်ရာနှုန်းမှာ ၂၁ ဒသမ ၁၇ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ၂၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး မှ ထုတ်ပြန် ထားသည့် စာရင်းများအရ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Friday, December 19, 2014
ကျောက်တော်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်က ကျောက်ထုတ်လုပ်နေမှုကို ရှေး/သုဌာနက တားမြစ်
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင် ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင်
ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။
(ဓာတ်ပုံ – ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်၏ ကျောက် တူးနေမှုကို ပြည်နယ်၊ ရှေးဟောင်းသုတေသနဌာနက တားမြစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်၏အရှေ့ဘက်ခြမ်းတွင်ရှိသော ရှေးဟောင်းဂူ ၃ လုံးအနီး ကျောက်သားတောင်နံရံများကို ခမရ (၅၃၉)တပ်က ကျောက်များထုတ်လုပ်တူးဖော်နေမှုမှာ ရှေးဟောင်း အမွေအနှစ်လက်ရာများပျက်စီးသွားနိုင်သည်ဟုဆိုကာ ယင်းကိုတားမြစ်ပေးရန် ဒေသခံများနှင့် ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစုတို့က သက်ဆိုင်ရာသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တင်ပြခဲ့သည်။
ဒေသခံများ၏တင်ပြတောင်းဆိုချက်အရ ရှေးဟောင်းသုတေသနဌာနက ထိုနေရာသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ယခုကဲ့သို့ စာထုတ်၍ တားမြစ်လိုက်ရခြင်းဖြစ် ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက နိရဉ္စရာသို့ပြောသည်။
“ဒီဂူတွေဟာ သမိုင်းကြောင်းနဲ့ဆက်စပ်နိုင်တယ်ဆိုပြီးတော့ ဒီက ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး အဖွဲ့ကလည်းပြောတယ်။ ရခိုင်သမိုင်းပညာရှင်တွေကလည်းပြောတယ်။ နောက်တစ်ခုက ဒီဟာကလည်း ရှေးဟောင်းဂူဖြစ်တယ်ဆိုတဲ့အထောက်အထားတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်တော့် အနေနဲ့ အဲဒီတပ် ရင်းမှူးဆီကိုစာထုတ်ပြီးတော့ ဒီဟာကိုတော့ ရပ်ဆိုင်းထားပါဆိုပြီးတော့ တားမြစ်လိုက်တာ။ တားမြစ်ထားတဲ့ကြား က ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူသွားမယ်”ဟု ယင်းက ဆိုသည်။
လက်ရှိတွင် တောင်နံရံအား စက်ယန္တရာများဖြင့် တူးဖြိုနေသည့်အတွက် ဂူပေါက်များ၏မျက်နှာပြင်မှ ကျောက်သားအလွှာများကွာကျကာ ပျက်စီးစပြုနေပြီဟုလည်း ကျောက်ထုတ်သည့်နေရာသို့ ကိုယ်တိုင်သွား ရောက်လေ့လာခဲ့သူ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုမှပြန်ကြားရေးတာဝန်ခံ ကိုကျော်စိန်သန်းကဆိုသည်။
p2ခမရ(၅၃၉)သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆိုပါတောင်နံရံမှ ကျောက်များကိုတူးဖော် ခဲ့ခြင်းဖြစ်ပြီး ယင်းကျောက်များကို မြောက်ဦး-စစ်တွေကားလမ်းပြုပြင်ရာတွင် အသုံးပြုရန်ရောင်းချနေသည်ဟု အနီးဝန်းကျင်မှ ဒေသခံများ၏ပြောဆိုချက်ကိုကိုးကား၍ ကိုကျော်စိန်သန်းက နိရဉ္စရာသို့ပြန်ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဌာမှ လက်ထောက်ညွှန်ကြားရေးမှူးက “တပ်ကို မေးမြန်းစုံစမ်း ချက်အရတော့ တပ်က သူတို့အဲလိုရောင်းစားဖို့အတွက် ထုတ်တာ မဟုတ်ပါဘူးတဲ့။ တပ်တွင်း လမ်းခင်းဖို့အတွက် ထုတ်တာလို့ပြောတယ်”ဟု ဆိုသည်။
ဂူတစ်လုံးစီလျှင် အကျယ် ၅ ပေခန့်စီရှိသည့် အဆိုပါဂူ ၃ လုံးမှာ ရခိုင်တို့၏ခေတ် ၄ ခေတ်ဖြစ်သော ဓညဝတီခေတ်၊ ဝေသာလီခေတ်၊လေးမြို့ခေတ်နှင့်မြောက်ဦးခေတ်တို့အနက် လေးမြို့ခေတ်တွင် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သော သစ္စပန္ဒဝမထေရ် သီတင်းသုံးခဲ့သည့်ဂူများဖြစ်သည့်အတွက် ယင်းဂူများမှာ ရှေးဟောင်း သမိုင်းဝင်ဂူများဆိုသည်မှာမှန်ကန်ကြောင်း ကျောက်တော်မြို့မှ ရခိုင်သမိုင်းသုတေသီ သူမြတ်(မဟာ အောင်မြေ)က နိရဉ္စရာသို့ ပြောသည်။
“အဲလို ဂူကြီး ရခိုင်ပြည်မှာ ၉ ခုရှိတယ်။ အဲလိုမျိုး ရခိုင်ပြည်မှာ အထွဋ်တမြတ်ဖြစ်တဲ့နေရာကို ဒီလို လုပ်တာဟာ ယဉ်ကျေးမှုအရ၊ ရခိုင်သမိုင်းအရ သူတို့ဖျက်ဆီးရာကျတယ်”ဟု ယင်းက စစ်တပ်၏လုပ်ရပ်ကို ဝေဖန်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဥပဒေမဲ့တစ်စုံတရာပြုလုပ်မိပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိချမှတ်နိုင်ကြောင်း ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့က ပြည်နယ်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေ၏ ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
ရခိုင်ပြည်နယ်နေ့ ထူးချွန်ဆုပေးပွဲတွင် နုတ်မှုစွမ်းရည်ပထမဆုရှင် ဘေးဖယ်ခံရ
 နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့တွင် ထူးချွန် ကျောင်းသားကျောင်းသူများကို သာမက လူမှုရေး ထူးချွန်သူများကိုပါ ပြည်နယ်အစိုးရက ဆုများချီးမြှင့်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့တွင် ထူးချွန် ကျောင်းသားကျောင်းသူများကို သာမက လူမှုရေး ထူးချွန်သူများကိုပါ ပြည်နယ်အစိုးရက ဆုများချီးမြှင့်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေတွင် ပြုလုပ်ခဲ့သော နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့တွင် အခမ်းအနားတွင် မြို့နယ်ဆု၊ ကျေးရွာဆု၊ အားကစားထူးချွန်ဆု၊ ပညာရေးထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ နုတ်မှုစွမ်းရည် (ကျဘမ်း) ပထမဆုရှင် ကျောင်းသူမှာ ဆုချီးမြှင့် မခံရဘဲ ဘေးဖယ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
၎င်းကျောင်းသူမှာ ရသေ့တောင်မြို့ အထကမှ သတ္တမတန်းကျောင်းသူ မကြည်စင်လင်းဖြစ်ပြီး သူမမှာ ရခိုင်တစ်ပြည်နယ်လုံး နုတ်မှုစွမ်းရည် (ကျဘမ်း)ပြိုင်ပွဲတွင် ပထမဆုရရှိသူ ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်သမီးက ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ပြုလုပ်တဲ့ ပြည်နယ်အဆင့် နုတ်မှုစွမ်းရည် ပြိုင်ပွဲမှာ ပထမ ရထားပါတယ်။ ရခိုင်ပြည်နယ်နေ့မှာ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို ဆုချီးမြှင့်တော့ ကျွန်တော့သမီးက ဆုမရဘဲ တတိယဆုရတဲ့ ကျောင်းသူ တစ်ဦးကိုဘဲ ခေါ်ယူပြီး ပထမဆုကို ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ခုလို အလုပ်ခံရတဲ့ အပေါ်မှာ အထူးထိခိုက်ခံစားရပါတယ်” ဟု မကြည်စင်လင်း၏ ဖခင်က နိရဉ္စရာသို့ ရင်ဖွင့် ပြောဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မီတီ ဦးမောင်သာ (လက်ထောက်ညွှန်ကြားရေးမှူး)အား မေးကြည့်ရာတွင်လည်း တတိယ ဆုရသူ တစ်ဦးကို ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ပထမဆုချီးမြှင့်လိုက်သည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“ ဦးမောင်သာကို ကျွန်တော်က ဆက်သွယ်မေးကြည့်တော့လည်း ဆုချီးမြှင့်လိုက်တယ်ဆိုတာ ဟုတ်မှန်တယ်လို့ ပြောတယ်။ ကျွန်တော်က ဘာကြောင့် ဒီလို လုပ်တာလဲ မေးတော့ သူတို့လည်း အထက်ကို တင်ပြတယ်။ လွဲမှားမှု ရှိနေတယ်ဆိုပြီး တင်ပြတယ်လို့ ပြောပါတယ်။  ဒါပေမယ့် ပြည်နယ်ထွေအုပ်က အခုက မင်းပြားကလာတဲ့ ကျောင်းသူကို ဖိတ်ထားပြီးပြီ။ သူ့ကိုဘဲ ပေးလိုက်ဆိုတာနဲ့ ပေးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။
ပထမရသူကို ပထမဆုမပေးဘဲ တတိယ ရသူကို ပထမဆု ပေးသည့် ယခုလုပ်ရပ်မှာ တရားမျှတမှု မရှိဟု ယုံကြည်သဖြင့် ယခုလုပ်ရပ်ကို စိစစ်ဖေါ်ထုတ် ပေးရန် လိုလားသည်ဟု သူက ဆက်ပြောသည်။
နိရဉ္စရာ အနေဖြင့် ရခိုင်ပြည်နယ် ဆုရွှေးချယ်ရေး အဖွဲ့သို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသဖြင့် သူတို့၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Tuesday, December 9, 2014
ယခုနှစ် ရခိုင် ပြည်နယ်နေ့အခမ်းအနား ယခင်နှစ်များထက်စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ရခိုင်အစိုးရပြင်ဆင်နေ
DSC00093စစ်တွေတွင်ပြုလုပ်မည့် နှစ် ၄ဝ ပြည့်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယခင်နှစ်များထက် ပိုမိုထူးခြားစွာပြုလုပ် ပေးရန် ပြည်နယ် အစိုးရမှ ပြင်ဆင်နေကြောင်း သိရသည်။
ယခုလ ၁၅ ရက်နေ့တွင် ပတ္တမြားရတုအဖြစ်ကျရောက်မည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေတွင် ဝင်္ကပါကွင်းနှင့် ဝေသာလီ အားကစားကွင်း တို့တွင် နေရာနှစ်ခုခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်္ကပါကွင်းတွင် နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့၌ ရခိုင်ရိုးရာကျင်အားကစား ပြိုင်ပွဲကို ကျင်သန် ၃ဝဝ ခန့်ဖြင့် ပြည်နယ်အဆင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပေးရန် ပြည်နယ်အစိုးရက စီစဉ်နေသည်။
“အဲဒီနေ့ကျရင် ရခိုင်ရိုးရာကျင်ကိုင်ပွဲကိုလည်း ၁၇ မြို့နယ်က လက်ရွေးစင် တကယ့် ဝါသနာရှင်ကျင်သမားတွေ ကိုခေါ်ပြီးတော့မှ ရခိုင်ပြည်နယ်မှာ အကြီးအကျယ်ဆုံးသော ကျင်ကိုင်တဲ့ပွဲကြီးကိုလုပ်ဖို့ ကျွန်တော်တို့ စီမံထားပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြီးခဲ့သည့်လက မီဒီယာများနှင့်တွေ့ဆုံ စဉ်ပြောကြားထားသည်။
“ဒီရခိုင်ရိုးရာကျင်ကိုင်ပွဲကြီးကတော့ ပြည်ထောင်စုအဆင့်နပန်း ပြိုင်ပွဲကြီး ထက်တော့သာရမယ်။ ပထမ ဦးဆုံးအကြိမ် ကြီးကြီးကျယ်ကျယ်ကျင်းပမှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ညက အခမ်းအနား ထက်တော့ ပိုမိုကြီးကျယ်သော အခမ်းအနားလုပ်ဖို့အတွက် ကျနော် ရည်ရွယ်ထားတယ်” ဟုလည်း ဝန်ကြီးချုပ်က ဆက်ပြောသည်။
ဝင်္ကပါကွင်းတွင် ညနေပိုင်း၌ “ရတနာသန်းအောင်”အမည်ရှိဇာတ်သဘင်ဖြင့် ပြည်နယ်နေ့မှစတင်ကာ သုံးည တိုင်တိုင် ကပြဖြေဖျော်သွားမည်ဟုလည်း သိရသည်။
DSC00108
ယခုနှစ်တွင်ကျရောက်မည့် ရခိုင်ပြည်နယ်နေ့မှစတင်ကာ ရခိုင်မြို့အချို့သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားများ စတင်ပို့လွှတ်နိုင်သည့်အထိမ်းအမှတ်အဖြစ် ယင်းနေ့တွင် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ SEAN Game ဖွင့်ပွဲကဲ့သို့စည်ကားသိုက်မြို က်စွာကျင်းပပေးသွားမည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားသည်။
ယင်းသို့ပြုလုပ်ပေးနိုင်ရန် မီးဆိုင်းများနှင့် မီးပန်းများကိုဝယ်ယူထားပြီးဖြစ်သည့်အပြင် အခမ်းအနားတွင် စစ်တွေ ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းသူ၊ ကျောင်းသားအင်အား ၂၆ဝဝ ကျော်ဖြင့် သရုပ်ဖော်ကကွက်များဖြင့် ပုံဖော် ဖန်တီးတင်ဆက်နိုင်ရန်လည်း ကျောင်းသား၊ ကျောင်းသားများကို ဇာတ်တိုက်လေ့ကျင့်သင်ကြားပေးနေပြီဖြစ်သည်။
ယင်းအပြင် ယင်းနေ့ညနေပိုင်းတွင် ဝေသာလီကွင်း၌ ရခိုင်တိုင်းရင်းသားအဆိုတော်များဖြစ်သော ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ ကိုကိုနိုင်နှင့် အခြားရခိုင်တေးသံရှင်များအပါအဝင် ရိုးမအရှေ့မှ အနုပညာရှင်များဖြစ်ကြသော ဝိုင်းစုခိုင်သိန်း၊ Bobby Soxer (ထက်ထက်)၊ နီနီခင်ဇော်တို့ကလည်း ပါဝင်ဖြေဖျော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယခင်က မည်သည့်အခါကမျှ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားစွာပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Thursday, November 27, 2014
အပြောနှင့်အလုပ်မညီသော ရခိုင်ပြည်နယ် လဝက၊ ဆန္ဒပြပွဲများနှင့် တွေ့ကြုံရတော့မည်‌လော
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဘင်္ဂလီဝန်ထမ်းများကို နိုင်ငံခြားသို့ ဆွေးနွေးပွဲ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ရာ ၎င်းတို့နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် လိုအပ်နေသော အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုးကတ်ပြားများ)ကို အချိန်မီထုတ်ပေးရန် မောင်တောခရိုင်အတွင်းရှိ လဝကရုံးများမှ ဆောင်ရွက်ပေးနေရကြောင်းကြားသိနေရပါသည်။
UNHCR အပါအဝင် UN ရုံးများနှင့် Agency များ၊ INGO များတွင် လုပ်ကိုင်နေသူ အများစုမှာ ဘင်္ဂလီများသာ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် လက်မခံနိုင်၊ မရှိဟု အမြဲကန့်ကွက်ငြင်းဆိုထားသည့် လူမျိုးများအဖြစ်သာ ခံယူထားကြသူများဖြစ်ကြပြီး ယာယီသက်သေခံလက်မှတ်သာ ကိုင်ဆောင်ထားသူများဖြစ်ကြသည်။ ယာယီသက်သေခံကတ်ပြားဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိပေ။ ယခုအခါ သူတို့ကို ပြည်ပနိုင်ငံများသို့ Workshop ဆွေးနွေးပွဲများ တက်ရောက်ရန် UNHCR မှ ရွေးချယ်ထားဖြင့် နိုင်ငံကူးးလက်မှတ် လျှောက်ထားရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
ယင်းဘင်္ဂလီဝန်ထမ်း ၄ဦး(သို့မဟုတ်) ၅ဦးအတွက် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားများ ထုတ်ပေးရန် UNHCR မှ ရခိုင်ပြည်နယ် လဝကသို့ မေတ္တာရပ်ခံတောင်းဆိုထားသည်ဟု အမည်မဖေါ်လိုသူ UN ဝန်ထမ်းတစ်ဦးက ပြောသည်။
မောင်တောခရိုင်အတွင်းရှိ လဝက အသိုင်းအဝန်းမှလည်း ထိုသို့ ထုတ်ပေးရန် စီစဉ်နေခြင်း မှန်ကန်ကြောင်း ပြောသည်။ အထက်ဌာနများ၏ ညွှန်ကြားချက်အရ ထုတ်ပေးခိုင်းရခြင်းဖြစ်ကြောင်း ခရိုင်လဝကရုံးနှင့် နီးစပ်သူများက ဆိုသည်။ ၎င်းကိစ္စကို လဝက ဝန်ထမ်းများက လုံးဝဖွင့်မပြောနိုင်ကြောင်း နှင့် သတင်းပေါက်ကြားမှု မရှိစေရန် တင်းကြပ်စွာ ဖိအားပေးခံထားရပုံရှိသည်ဟု ၎င်းတို့ပြောသည်။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို မကြာသေးမီကလည်း မောင်တောမြို့နယ်တွင် ထုတ်ပေးခဲ့သေးသည်။ ထိုကိစ္စကို စစ်တွေမြို့ ပြည်နယ်အဆင့် ECC အစည်းအဝေးတွင် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများက မေးမြန်းခဲ့သဖြင့် ပြည်နယ်လဝကမှူးက နိုင်ငံတကာ၏ ဖိအားကြောင့် ၅ ဘာသာဂုဏ်ထူးရသူ တစ်ဦးကိုသာ ပညာသင်ကြားရေးအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်နောက်တွင် မည်သည့်ကိစ္စနှင့်မျှ ထုတ်ပေးတော့မည်မဟုတ်ပါ၊ ထုတ်ပေးသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးသည်။ သို့ရာတွင် ယခုထိုကတိသည် လွယ်လွယ်ပေးခဲ့သဖြင့် လွယ်လွယ်ပင်ပျက်ပြယ်သွားပြီဟု ဆိုရမည်ဖြစ်သည်။
မည်သည့် အဖွဲ့အစည်း၊ နိုင်ငံကပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ လုပ်ဆောင်နေသော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးအကြပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်တောင်းဆိုတိုင်း လိုက်လျောဆောင်ရွက်ပေးနေရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဆိုသည်ကို မေးခွန်းထုတ်ရပေတော့မည်။
ဥပဒေနှင့်မညီသည်ကို တောင်းဆိုသည်၊ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပေးနေသည်ဆိုလျှင် တောင်းဆိုသူ၊ လုပ်ဆောင်ပေးသူ အားလုံးတို့သည် ဥပဒေကို ချိုးဖေါက်သူများသာ ဖြစ်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းနေသူများကအစ မလိုက်နာလျှင် မည်သူကလာ၍ လေးစားနိုင်ပါတော့မည်နည်း။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ စီစစ်ပြီးသူများကိုသာ ထုတ်ပေးခြင်းဖြစ်သည်ဟုဆိုရာ ၎င်းကတ်ပြား လက်ဝယ်ရရှိခြင်းဖြင့် အလိုလို နိုင်ငံသား စီစစ်ပြီးသူများဖြစ်သည်ဟု သက်ရောက်သွားနိုင်သည်ကို ဥပဒေအကောင်အထည်ဖေါ်သူ လဝက ဝန်ထမ်းများက အသိဆုံးဖြစ်သင့်သည်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု စီစစ်ဆောင်ရွက်ခြင်းများတွင် ဥပဒေနှင့်မညီ၊ လွဲချော်မှုများ ရှိနေသဖြင့် ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးရန် ရခိုင်တစ်ပြည်နယ်လုံးက တောင်းဆိုထားသည့် အချိန်တွင် အမျိုးသားမှတ်ပုံတင် ကတ်ပြားများအား လွယ်လင့်တကူ ထုတ်ပေးခြင်း လုပ်သင့်/ မလုပ်သင့်ကို အလေးအနက် ပြန်လည်စဉ်းစားသင့်ပေသည်။ အလွယ်တကူ ထုတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များစွာ ရှိနေသည်ကို သတိချပ်သင့်လှပေ၏။ မဟုတ်လျှင် ကျွန်ုပ်တို့က ဆန္ဒထုတ်ဖေါ်ပွဲများပြုလုပ်၍ ကန့်ကွက်ရပါတော့မည်။
မင်းသိမ်းခိုင်(စိုင်းဒင်သား)
(ဤသတင်းအား Coral Arakan New မှ ကူးယူဖော်ပြပါသည်၊ ဓာတ်ပုံ- အင်တာနက်)
Tuesday, November 18, 2014
မစ္စတာဘန်၏ အသုံးအနုန်းအပေါ် ကန့်ကွက်မူအဆို ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြု
လွှတ်တော်တွင် ကန့်ကွက် အဆိုတင်သွင်းသူ ဦးအောင်မြကျော် (ဓါတ်ပုံ- နိရဉ္စရာ)
လွှတ်တော်တွင် ကန့်ကွက် အဆိုတင်သွင်းသူ ဦးအောင်မြကျော် (ဓါတ်ပုံ- နိရဉ္စရာ)
ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ အာစီယံ-ကုလသမဂ္ဂ (၆) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးအတွင်း ပြုလုပ်သော သူ၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာအမည်အား သုံးနုန်းသွားခြင်း အပေါ် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုကို ကန့်ကွက်သူ မရှိ ယမန်နေ့က အတည်ပြုခဲ့သည်။
စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ယမန်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အရေးတကြီး အဆိုတစ်ရပ် အဖြစ် ကုလမသဂ္ဂအတွင်းရေးမှူးချုပ်က ရိုဟင်ဂျာ အမည်သုံးနုန်းသွားခြင်း အပေါ် ကန့်ကွက်ကြောင်း အဆိုတင်သွင်းရာ ကန့်ကွက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်ဟု သိရသည်။
“ ကျွန်တော်ကဘဲ အရေးတစ်ကြီး အဆိုတစ်ရပ်အနေနဲ့ မနေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းပါတယ်။ ဦးဖိုးမင်းက ထောက်ခံဆွေးနွေးတယ်။ လွှတ်တော်မှာ တစ်စုံတစ်ဦးမှ ကန့်ကွက်မယ့်သူ မရှိတဲ့ အတွက် ကန့်ကွက်ကြောင်း အဆိုကို အတည်ပြုပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
ရိုဟင်ဂျာ အမည်မှာ မြန်မာနိုင်ငံ တည်ဆဲ ဥပဒေတွင်လည်း အသိအမှတ်ပြု၍  မရှိကြောင်း၊ ဖွဲ့စည်းပုံတွင်လည်း မရှိကြောင်း၊ မြန်မာ သမ္မတကြီးကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဟု မရှိကြောင်း ကမ္ဘာသို့ အတိအလင်း ကျေညာထားကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးသည် ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေသော အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းကို တာဝန်ယူထားသော အကြီးဆုံး ပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ပျက်ပြားစေမည့် အသုံးအနုန်းကို သုံးနုန်းခြင်းမှာ လုံးဝ တာဝန်ကင်းမဲ့ရာကျကြောင်း၊  အထိန်းအကွပ်မရှိ သုံးစွဲခြင်းသည် ငြိမ်းချမ်းရေး ဖေါ်ဆောင်မူကို ထိခိုက်စေကြောင်း၊ သို့အတွက်ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆိုသည်။
“ ဒါ့ပြင် ကျွန်တော်တို့အနေနဲ့ ဒီအသုံးအနုန်းကြောင့် နောက်ဆက်တွဲ ပြသနာတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်။ အခုဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် စကားနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေကြတယ်။ ဒီလို ဆန္ဒပြပွဲတွေဟာ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပြီးတော့ မတည်ငြိမ်မူတွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဘင်္ဂလီတွေနဲ့ ရခိုင်တွေအကြား ထိပ်တိုက် ပြန်ဖြစ်လာနိုင်တယ်။ အဲသလို ဖြစ်လာရင် အာဏာပိုင်တွေဘက်ကလည်း နှိမ်နှင်းမူတွေ ပြုလုပ်လာရင် သွေးမြေကျနိုင်တယ်။ ခုလို ဖြစ်လာရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှာ အဓိက တာဝန် ရှိတယ်လို့ ကျွန်တော်က ပြောလိုပါတယ်” ဟု ဆိုသည်။
အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ကလလည်း နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်ကလည်း ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနုန်းအပေါ်  ကန့်ကွက်ကြောင်း အဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်သွင်းရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်နေထိုင်နေသော ဘင်္ဂလီများကို ရိုဟင်ဂျာဟုသာ ဆက်လက် သုံးစွဲသွားမည် ဖြစ်ကြောင်း၊  ချို့တဲ့စွာနေထိုင်နေရတဲ့ သူတွေကို လူသားချင်းစာနာ ထောက်ပံ့မူတွေပေးဖို့၊ လူ့အခွင့်အရေးနှင့် အညီ ဆက်ဆံဖို့ စသဖြင့် ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ချပြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဝန်ကြီးချုပ်ဆို
press-conference-of-mg-mg-own
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ခိုင်ခိုင်မာမာချပြသွားမည်ဟု ရခိုင်ပြည်နယ်ဝန် ကြီးချုပ်ဦးမောင်မောင်အုန်းက ထုတ်ဖော်ပြောကြားလိုက်သည်။
နိုဝင်ဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးအ စည်းအဝေးခန်းမတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်စဉ်းစားနေပါတယ်။ ဒေါက်တာအေးချမ်းတို့နဲ့တိုင်ပင်ပြီးတော့ စာအုပ်တစ်အုပ်ပြုစု မယ်။ ကျွန်တော်တို့ပြုစုထားတဲ့စာအုပ်ကို သမိုင်းသုတေသီတွေ၊ ပညာရှင်တွေ၊ ကမ္ဘာက အသိအမှတ် ပြုထားတဲ့သူတွေနဲ့ reforming ယူပြီးတော့မှ ကမ္ဘာတစ်ခုလုံးကိုပို့ရမယ်။ ခိုင်ခိုင်မာမာကိုပြောရမယ်။ သူတို့ဘက်က ရှိပါတယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကိုပြောရမယ်”ဟု ဝန်ကြီးချုပ်ကဆိုသည်။
မြန်မာသမ္မတဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟုထုတ်ဖော်ပြော ကြားထားပြီးဖြစ်သော်လည်း အဆိုပါပြောဆိုချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းသို့ချပြပြောဆိုထား ခြင်းမဟုတ်သေးသည့်အတွက် နိုင်ငံတကာကလည်း ထိုလူမျိုးအမှန်တကယ်ရှိသည်ဟုယူဆနေကြ ခြင်းဖြစ်သည်။
ယင်းသို့ယူဆနေကြသည့်အတွက် ကမ္ဘာပေါ်ရှိ နိုင်ငံ့ခေါင်းဆောင်ကြီးများပါဝင်သော နိုင်ငံတ ကာအသိုင်းအဝိုင်းတွင် ယနေ့ထက်တိုင် ထိုအသုံးအနှုန်းကိုစွဲမြဲစွာလက်ခံသုံးစွဲနေကြခြင်းလည်းဖြစ် သည်။
ယင်းတို့ကိုချေဖျကနိုင်ရန် မြန်မာသာမက ကမ္ဘာတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာသို့ချပြ မည့် စာအုပ်တစ်အုပ်ကို စနစ်တကျပြုစုရန်လိုအပ်လာပြီဖြစ်သည့်အတွက် သမိုင်းပညာရှင်များ၊ အသိ ပညာ၊ အတတ်ပညာများနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်လာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြ ပြောဆိုသွားခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံ ဦးသာကျော်က “ဒီလိုမျိုး ကမ္ဘာကိုချပြလိုက်မယ်ဆိုရင် တော့ နိုင်ငံတကာကအနေနဲ့ကလည်း ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို တစ်မျိုးတစ်ဖုံပြောင်းလဲပြီး သုံးစွဲကောင်း သုံးစွဲလာနိုင်တယ်”ဟု သုံးသပ်ပြောသည်။
သို့သော် ယင်းအသုံးအနှုန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ချပြမည့်စာအုပ်ကို မည်သည့်အချိန် တွင်စတင်ပြုစု၍ ကမ္ဘာသို့မည်သို့မည်ပုံချပြသွားမည်ဆိုသည်ကို ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟူ သောအသုံးအနှုန်းကိုအစားထိုးသုံးနှုန်းသွားခဲ့သည့်အတွက် ယင်းအပေါ် မြန်မာ့လူအသိုင်းအဝိုင်းတစ် ခုလုံးက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
အလားတူ ၂ဝ၁၂ ခုနှစ်အတွင်းက အမေရိကန်သမ္မတဘားရတ်အိုဘားမား၏မြန်မာနိုင်ငံခရီး စဉ်အတွင်းတွင်လည်း ထိုအသုံးအနှုန်းကို ထည့်သွင်း သုံးစွဲခဲ့ရာ မြန်မာ့လူအဖွဲ့အစည်းများက ကန့်ကွက် ရှုတ်ချခဲ့ကြသည်။
မြန်မာသာမက ကမ္ဘာပေါ်တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို မြန်မာအစိုးရက ကမ္ဘာသို့ ချပြ ပြောဆိုထားခြင်းမရှိသေးသည့်အတွက် နိုင်ငံတကာစာမျက်နှာများတွင် ထိုအသုံးအနှုန်းကို လက်ခံသုံး စွဲနေရခြင်းဖြစ်သည်ဟု စစ်တွေမြို့တွင်လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာ NGO တစ်ခုမှအကြီးအကဲတစ်ဦးက ၂ဝ၁၂ ခုနှစ်အတွင်းက ဒေသတွင်းမီဒီယာသမားများနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ဖူးသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Friday, November 14, 2014
ရိုဟင်ဂျာဟု သုံးနှုန်းခြင်းကြောင့် ဘန်ကီမွန်းထံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပေးစာတစ်စောင်ပို့
အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသော ဘန်ကီမွန်း-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်းအတွက် စိတ်အနှောင့်အယှ်ဖြစ်ရပြီး ကုလအတွင်းရေးမှူးချုပ်၏    လူနည်းစုအခွင့်အရေးအလေးထားမှုကို နားလည်နိုင်သော်လည်း ရိုဟင်ဂျာဟု သုံးစွဲမှုမှာ နှစ်ဖက်အသိုက်အ၀န်းအတွက် အစိုးရ၏ ဆောင်ရွက်ချက်လုပ်ငန်းများကို ထိခိုက်စေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ ယနေ့ရက်စွဲဖြင့် စာတစ်စောင်ပေးပို့လိုက်သည်။
နိုဝင်ဘာ ၁၂ ရက်  ထိပ်သီးအစည်းအဝေးများအပြီး မစ္စတာဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက လူနည်းစုအခွင့်အရေးကို အလေးထားသည့်အားဖြင့် ယခင်ကတည်းက ကုလက သုံးစွဲထားသည့် ရိုဟင်ဂျာအသုံးအနှုန်းကို သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရိုဟင်ဂျာစကားလုံးကို အသုံးပြုသည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးတို့အကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကြားတွင်လည်း နားလည်မှုလွဲမှားစေနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ်ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက် လိုအပ်သော အကူအညီများပေးအပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမိုကြီးမားစေမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးမာင်မောင်အုန်း၏ ပေးစာတွင် ဖော်ပြထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မိမိတို့အနေဖြင့် အသိုက် အ၀န်းနှစ်ခုလုံး၏ အခွင့်အရေး နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကိုသာ    ဦးစားပေး ဆောင်ရွက်သင့်ပြီး   နှစ်ဖက်အ ကြား ခွဲခြားခြားနားမှုကို တိုးပွား စေမည့် လုပ်ရပ်များကို ရှောင်ရှား သင့်ကြောင်းနှင့် မိမိရခိုင်ပြည်နယ် ၀န်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍   အသိုက်အ၀န်းနှစ်ခုအကြား အပြန်အလှန်နား လည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင်တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေရန် ဆောင်ရွက်လျက်ရှိ ကြောင်း ပေးစာတွင် ဖော်ပြထား သည်။
အတွင်းရေးမှူးချုပ်၏ပြောကြားချက်မှာ မြန်မာအစိုးရရရှိထားသည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များအပေါ်လည်း အကျိုးသက်ရောက်သွားမည်ကို စိုးရိမ်ကြောင်းဖြင့် ပေးစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော လူ့အခွင့်အရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်အား ဆက်လက်ထားရှိလိုသဖြင့်   ဘင်္ဂါလီကိစ္စကို   ရှေ့တန်းတင်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
လွန်ခဲ့သော ၅ နှစ်က ကုလ သမဂ္ဂသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကလေးစစ်သားများစုဆောင်းပြီး   စစ်မြေပြင်တွင် အသုံးပြုခြင်း၊  အဓမ္မခိုင်းစေခြင်းနှင့် ပေါ်တာဆွဲခြင်း သတင်းလွတ်လပ်ခွင့်ကိစ္စများအား ထောက်ပြပြောဆိုခဲ့သည်။
‘‘ဆုံးဖြတ်ချက်ကတော့ ရှိတုန်းပေါ့။ နောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ တစ်ကမ္ဘာလုံးက စိုးရိမ်နေပြီ။ ရခိုင်ကိစ္စကိုအသားပေးလာတယ်။ မြန်မာနိုင်ငံသားတွေ လက်ခံမှုမရှိတဲ့ အသုံးအနှုန်းတွေကို ဦးစားပေးထည့်လာတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံတွေလည်းလုပ်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို ထားချင်တဲ့ဆန္ဒနဲ့ ဆက်လုပ်နေတာ’’ဟု ဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။
တပ်မတော်အစိုးရလက် ထက်တွင်    လူ့အခွင့်အရေးနှင့် ပတ်သက်၍    ထောက်ပြခဲ့သောအချက်များအား လျစ်လျူရှုထားခဲ့ သော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အချို့အချက်များ ပြင်ဆင်မှုများရှိလာသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေ သော ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက  နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌  ရခိုင်ပြည်နယ်တွင် ခွဲခြားဆက်ဆံခံနေရသည့် ရိုဟင်ဂျာများ  အကြမ်းဖက်မှုနှင့်ရင်ဆိုင်နေရသည်ကို     စိုးရိမ် ကြောင်း’’  မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။
မစ္စတာဘန်က ရိုဟင်ဂျာဟု သုံးနှုန်းခဲ့မှုနှင့် ပတ်သက်၍ ရခိုင် အမျိုးသားရေးအင်အားစုများက လည်း ပြင်းထန်စွာကန့်ကွက်ခဲ့ သည်။
‘‘မသင့်တော်တဲ့စကားကို သုံးသွားတာ လုံးဝကန့်ကွက်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦး သန်းထွန်းက ပြောသည်။
‘‘နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဖြစ် တည်မှုကို မလေးစားရာကျပါ တယ်။ လိုအပ်လာရင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြင်းပြင်း ထန်ထန်ကန့်ကွက်သွားမယ်’’ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦး တင်ထူးအောင်က ဆိုသည်။
ရခိုင်အမျိုးသားအင်အားစု များက ဘင်္ဂါလီလူမျိုးအသိုက်အ ၀န်းသည် နှစ်ပေါင်းများစွာကပင် ပြည်ပမီဒီယာအဖွဲ့အစည်းများ အပေါ် ထိုးဖောက်မှုအားကောင်း သောကြောင့် နိုင်ငံတကာအသိုင်း အ၀ိုင်းမှာ   ရိုဟင်ဂျာဆိုသည်ကို နားယောင်နေခြင်းဖြစ်ကြောင်း လည်း သုံးသပ်သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုး ၁ သန်းကျော်ရှိပြီး ၎င်းတို့ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်၍ မကိုက်ညီသူ များကို တရားဥပဒေအရ အရေး ယူဆောင်ရွက်ပေးရန် ဒေသခံများ က အစဉ်တစိုက်တောင်းဆိုထား ခဲ့သည်။ လက်ရှိတွင် ၁၉၈၂နိုင်ငံ သားဥပဒေအရ စိစစ်ထားသည့် ဘင်္ဂါလီ၁,၀၀၀ကျော်ရှိပြီး နိုင်ငံ သားဖြစ်ခွင့်၄၀ကျော်ရှိခဲ့ကာ နိုင် ငံသားပြုခွင့် ၁၇၀ခန့်ရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ ပေးစာတစ်စောင်ပေးပို့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ယနေ့ရက်စွဲဖြင့် ပေးစာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။
အဆိုပါပေးစာတွင် “သတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း၊ မိမိအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လူနည်းစုများ၏ အခွင့်အရေးအတွက် အလေးထားမှုကို နားလည်နိုင်သော်လည်း အတွင်းရေးမှူးချုပ်၏ မြင့်မားသည့်ရာထူးတာဝန်ကြောင့် အဆိုပါ စကားလုံးကို သုံးစွဲမှုသည် နှစ်ဘက်အသိုက်အ၀န်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လက်တွေ့ ဆောင်ရွက်နေရသည့် မိမိတို့၏ လုပ်ငန်းများအပေါ် ထိခိုက်စေကြောင်း။
ထိုစကားလုံးကို အသုံးပြုခဲ့သည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများအကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အ၀န်းကြားတွင်လည်း နားလည်မှုလွဲမှားစေနိုင်ကြောင်း။
နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ် ကြိုးစားခြင်းသည် ရခိုင်ပြည်နယ်အတွက်လိုအပ်သော အကူအညီများ ကိုပေးအပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမို ကြီးမားစေမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် အသိုက်အ၀န်းနှစ်ခုလုံး၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကိုသာဦးစားပေးဆောင်ရွက်သင့်ပြီး နှစ်ဖက်အကြား ခွဲခြား ခြားနားမှုကို တိုးပွားစေမည့် လုပ်ရပ်များအား ရှောင်ရှားသင့်ကြောင်း။
မိမိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ အသိုက် အ၀န်းနှစ်ခုအကြား အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သကဲ့သို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင် တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း။
ထိုအခြေအနေတွင် အတွင်းရေးမှူးချုပ်၏ ပြောကြားချက်သည် မိမိတို့ရရှိထား သည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များအပေါ်လည်း အကျိုး သက်ရောက်သွားမည်ကို စိုးရိမ်မိကြောင်း” စသည်ဖြင့်ဖော်ပြထားသည်။ 
(သတင်းအရင်းအမြစ်- MOI Web Portal)
Monday, November 10, 2014
ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ခြင်းမျိုးထက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ စတင်ခန့်အပ်ခွင့်ပေးမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်။
ဆရာဝန်၊ သူနာပြုများကဲ့သို့ ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ခန့်အပ်ခြင်းမျိုးထက် လာမည့်နှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ မိမိတို့ဒေသအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို မိမိတို့ အစီအစဉ်ဖြင့် စတင်ရွေးချယ် ခန့်အပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။
“အရင်က လက်ထောက်ဆရာဝန်တစ်ယောက်က ကျန်းမာရေးဝန်ကြီးဌာနမှာ အမှုထမ်းချင်လို့ရှိရင် ရေးဖြေစာမေးပွဲတွေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေရတယ်။ ၀န်ကြီးဌာန အနေနဲ့ကလည်း အားလုံးကိုမခန့်ဘူး လိုအပ်တဲ့ အရေအတွက်ကိုပဲ ရွေးချယ်ခန့်အပ်တာဖြစ်တယ်။ အခုကျတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လိုအပ်တဲ့ဆရာဝန်၊ ဆရာမတွေ အထူးသဖြင့် ဆရာဝန်တွေ ခန့်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ညှိနှိုင်းပြီးတော့ သက်ဆိုင်ရာဒေသတွေမှာ သူ့အစီအစဉ်နဲ့ လျှောက်လွှာခေါ်ပြီး သူ့အစီအစဉ်နဲ့ ရွေးချယ်ခန့်ထားဖို့အတွက် ဆောင်ရွက်ပြီးနေပါပြီ” ဟု ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် သွားလာရေးခက်ခဲသည့် ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် တက်ရောက်ချင်သူများ အတွက်ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ပေးထားကြောင်းနှင့် အောင်မြင်ပြီးသူများကိုလည်း မိမိဒေသတွင် ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆေးပညာကို အမှန်တကယ် ၀ါသနာပါပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင် ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့် ဒေသများတွင် အမြဲနေထိုင်သူ၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် တည်ဆဲနိုင်သား ပြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်သူ၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ၊ အခြေခံပညာ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းများကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ စသည်တို့ သတ်မှတ်ခဲ့ပြီး လူဦးရေ ကန့်သတ်ချက် မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
ဝန်ကြီးချုပ်ဖလား နပန်းပြိုင်ပွဲ စစ်တွေတွင် ပထမဆုံးအကြိမ် ကကွက်ဖေါ် မီးရောင်စုံများအသုံးပြုဖွင့်လှစ်
Naban
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖလား ပြည်နယ်နှင့်တိုင်း နပန်းအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့  ညနေ ၆ နာရီ အချိန်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီ အားကစားကွင်းတွင် မီးရောင်စုံထွန်းညှိကာ ကကွက်များ ဖေါ်၍ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့မှ တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမှ ရခိုင်ရိုးရာ ‘ ကျင်’ အားကစား အပေါ် ထုတ်ဖေါ် ချီးကျူးသွားပြီး ‘ကျင်’ အားကစားသည် နပန်းအားကစားကိုများစွာ  အထောက်အကူ ပြုစေနိုင်သည်ဟု ပြောကြားသွားသည်။
Naban1
“ရခိုင်ရိုးရာကျင်အားကစားသမားများသည် အပြည်ပြည်ဆိုင်ရာနပန်းအားကစားသမားများ အပေါ် များစွာ အထောက်အကူပြုစေနိုင်တဲ့ အတွက် ကျင်အားကစားသမားတွေကို ရွေးချယ်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
နပန်းအားကစားနည်းသည်  မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက မြန်မာ့ရိုးရာ နပန်းအားကစားနည်းဟူ၍ ထင်ရှားခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းရှိမှု၊ လျင်မြန်ပါးနပ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းကမ်းရိုသေလိုက်နာမှု စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် နပန်းအားကစားနည်းမှာ မြန်မာနိုင်ငံအတွင်းရှိ အခြား တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း တွင်ကျယ်စွာ ကစားလျက်ရှိနေသည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာကျင်ပွဲမှာ အထင်ရှားဆုံးနှင့် ယနေ့တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြောင်း၊ သို့အတွက်ကြောင့်  ရခိုင်ရိုးရာကျင်အားကစားသမားများကို ယခုထက်ပိုမိုမွေးထုတ်ပေးသင့်ကြောင်း ဝန်ကြီးက  ဆက်လက် ပြောဆိုသည်။
နပန်းအားကစားမှာ ရခိုင်ရိုးရာ ကျင်အားကစားနှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ မရှိကြောင်း စစ်တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။
“ နပန်းဟာ နပန်း၊ ကျင်ဟာ ကျင်ဘဲ။ နပမ်းနဲ့ ကျင်ဟာ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူ မရှိပါဘူး။ ဒါကို ကွဲကွဲပြားပြား မြင်ဖို့လိုပါတယ်” ဟု ဆိုသည်။
ယခု စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်နေသော နိုင်ငံတကာ နပန်းအားကစားပြိုင်ပွဲကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် တစ်ခုတွင် နိုင်ငံတကာ အားကစားနည်း တစ်ခုခုကို ကျင်းပရန် ညွှန်ကြားထားသည်ဟု သိရသည်။
Naban-3
“ ရခိုင်ပြည်နယ်က နပန်းအားကစားနည်းကို ကျင်းပခွင့်ရတဲ့အတွက် ခုလို ပြုလုပ်နေတာ ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ်တွေက ကိုယ်စားပြု အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်ကြပါတယ်။ ဒိုင်ကတော့ ဂျာမဏီက ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။
တိုင်းနှင့်ပြည် နယ်တစ်ခုစီ အားကစားနည်း တစ်မျိုးစီကိုပြုလုပ်ခွင့်ရသည့် အနက် ရခိုင်ပြည်နယ်တွင် နဘန်း အားကစားပြိုင်ပွဲကို ပြုလုပ်ခွင့်ရရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နပန်းအားကစားနည်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ယနေ့တိုင်ကစားလျက်ရှိ နေသည့် အားကစားနည်း တစ်မျိုးဖြစ်သော်လည်း ကျင်အားကစားနည်းထက် အလေးထားကစားကြသည်ကိုမတွေ့ရကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောကြားသည်။
ယခုပြုလုပ်နေသည့်နပန်းအားကစားနည်းမှာ ရခိုင်ရိုးရာအားကစားနည်းမဟုတ်သည့်အတွက် ရိုးရာအားကစားနည်းဖြစ်သည့် ကျင်အားကစားပြိုင်ပွဲကိုသာ ယခုပြုလုပ်နေသည့်ပွဲကဲ့သို့ ခမ်းနားကြီး ကျယ်စွာပြုလုပ်ပေးသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ထောက်ပြပြောဆိုနေကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် နပန်းအားကစား ပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်အထိ ၃ ရက်တိုင်တိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Wednesday, September 10, 2014
အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား
Myanmar-Voice-president-Sai
ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ စစ်တွေတွင် အစိုးရ တာဝန်ရှိသူများ၊ ရပိမိရပ်ဖများနှင့် တွေ့ဆုံနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှထလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်လုပ်ဆောင်ရန်’ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက  စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စစ်တွေမြို့မိမြို့ဖများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ေ တွ့ဆုံရာတွင် ယင်းသို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ခါတိုင်းက ဗဟိုကနေ အကုန်လုံးကိုကိုင်ထားတယ်။ တစ်ခုခုရှိရင် အပေါ်က အမိန့်ရမှ၊ အဲလိုမျိုး ကျွန်တော်တို့မသွားစေချင်ဘူး” ဟု ဒုတိယ သမ္မတ စိုင်းမောက်ခမ်းက ဆိုသည်။
မသွားစေချင်သော အကြောင်းအရင်းမှာ အချိန်ကြန့်ကြာပြီး ကိစ္စများမြန်မြန်ဆန်ဆန် မပြီးပြတ်၍ ဖြစ်ကြောင်း၊ ယင်းအစဉ်အလာကို ရပ်တန့်ပစ်ရန်လိုကြောင်း ဒုသမ္မတက ဆိုသည်။
“ မသွားစေချင်တဲ့အကြောင်းရည်ရွယ်ချက်က အဲလို ကျနော်တို့ဖြတ်သန်းလာခဲ့ တာကြာပါပြီ။ တစ်ချို့ကိစ္စတွေ အောက်ခြေမှာ ပြီးပြတ်နိုင်တဲ့ကိစ္စကို အပေါ်ရောက်မှ၊ အောက်ဆင်းရမှနဲ့ လူက သာအသက်ကြီးပြီး ဆုံးရင် ဆုံးသွားနိုင်တယ်။ သူ့ကိစ္စမပြေလည်ဘူးဆိုတာတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိ တဲ့ပြသနာက အောက်မှာ ရှင်းလို့ရရင် ဒီမှာပဲရှင်းစေချင်ပါတယ်။ အပေါ်မှာကတော့၊ ဗဟိုမှာကတော့ ပြသနာပေါင်း သောင်းခြောက်ထောင်ပါ။ အများကြီးပါပဲ။ အသေးစိတ်ကိုမကြည့်နိုင်ပါဘူး” ဟု ဒုတိယသမ္မက ဆိုသည်။
ဒုတိယသမ္မတနှင့်တွေ့ဆုံပွဲတွင် စစ်တွေလူထုအချို့က ဒေသလိုအပ်ချက်များဖြစ်သည့် ကျောင်းကျန်းမာရေး ကိစ္စရပ်များ၊ စစ်တွေဆေးရုံရှိ အအေးခန်း လိုအပ်ချက်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် စည်ပင်သာယာလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်တောင်းဆိုရာ အဆိုပါတောင်းဆိုချက်များအ နက် အောက်ခြေတွင်လုပ်ဆောင်၍ရနိုင်သည့်ကိစ္စရပ်များလည်းပါဝင်နေသည့်အတွက် ယင်းအချက်များကို အောက်ခြေအဆင့်ဖြစ်သော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများနှင့်ဒေသခံများ ဆွေး နွေးညှိနှိုင်းလုပ်ဆောင်သင့်ပြီး သမ္မတအဆင့်ထိတက်ရောက်တောင်းခံနေစရာမလိုကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်မှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းစီးပွားရေးအင်အားတောင့်တင်းကာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ရေးတို့မှာ အဓိက ကျပြီး ပြည်သူလူထုကလည်း အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် စစ်တွေလူထုကိုယ်စားလှယ်အချို့က ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများသည် ဥပဒေနှင့် သွေဖယ်လုပ်ဆောင်ခဲ့သည်များမရှိခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားများကြောင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားသွားရသည့် ကိစ္စရပ်များ မည်သည့်အခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးမှု ပျက်ပြားတဲ့ဒေသတွေကိုသာ တရားဥပဒေစိုးမိုးအောင်လုပ် ပေးပါ။ နိုင်ငံတော်အ ဆင့်စီမံချက်တွေကို ပုန်ကန်တဲ့လူတွေ၊ နိုင်ငံတော်အဆင့် သန်ခေါင်းစာရင်း ကောက်ယူမှုတွေကို ဖီဆန် တဲ့လူတွေ၊ နိုင်ငံတော် မှာမရှိဘူးလို့ ပြောတဲ့တိုင်းရင်းသားတစ်မျိုးရဲ့ နာမည်ကို အမြဲတမ်း ထုတ်ဖော် ပြောနေကြတဲ့လူတွေကို တရား ဥပဒေစိုးမိုးရေးအရ ပြတ်ပြတ်သားသားလုပ်ပေးပါလို့ ကျွန်တော် စစ်တွေမြို့မိမြို့ဖကိုယ်စား သမ္မတကြီးကို အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်လို့ ကျွန်တော်က တောင်းဆိုခဲ့ပါတယ်”ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ဖွံ့ဖြိုးမှုနောက်ကျနေသောရခိုင်ပြည်နယ်၏ဆင်းရဲမှုနှုန်းမှာ ၂ဝဝ၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း UNDP ၊ Unicef နှင့် စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၁၆ မြို့နယ်၊ အိမ်ထောင်စုပေါင်း ၁၈၆ဝဝ ခန့်တွင် ကောက်ယူခဲ့သည့်စစ်တမ်းတွင်ဖော်ပြထားပြီး အဆိုပါဆင်းရဲမှုနှုန်း ၃၈ ရာခိုင်နှုန်းကို ၂ဝ၁၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိ ထက်ဝက်ကျအောင် ကြိုးစား ဆောင်ရွက်သွားမည်ဟု ကုလသမဂက ထောင်စုနှစ်ရည်မှန်း ချက်အဖြစ်ရည်ရွယ်ထားကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက ဆိုသည်။
Myanmar-Voice-president-Sai
၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းဖြစ်လာခြင်းက ရာခိုင်နှုန်းကျမသွားသည့်အပြင် ထိုးတက်လာသည်ကိုလေ့လာသိရှိရကြောင်း ယင်း က ဆက်လက်ပြောသည်။ သို့သော် ရည်မှန်းထားသည့်အတိုင်း ၁၉ ရာခိုင်နှုန်းဖြစ်လာအောင် ကြိုးစားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာစိုင်းမောက်ခမ်းက ကတိပြုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၃ ရက်ကြာအလည် အပတ် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီအပါအဝင် ပြည်ထောင်ဝန်ကြီးအချို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူအချို့တို့လိုက်ပါ လာခဲ့ကြသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ကိုလှည့်လည်ကြည့်ရှုကြပြီး စစ်တွေလူထုနှင့်တွေ့ဆုံခဲ့ကာ ယင်းနေ့နေ့လယ်ပိုင်းတွင် ပုဏားကျွန်းမြို့သို့သွားရောက်ကာ စက်မှုဇုန်တည်ဆောက်မည့်နေရာသို့သွားရောက်ကြည့်ရှုခဲ့သည်။ ယင်း နောက် စစ်တွေသို့ပြန်လာပြီး စစ်တွေမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုကယ်ဆယ်ရေး စခန်းနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများဖြစ်သော ဒါးပိုင်နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ခဲ့ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
၎င်းအဖွဲ့သည် စက်တင်ဘာ ၄ ရက်နေ့တွင် မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့သွားရောက် ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)