Showing posts with label အလုပ်အကိုင်အခွင့်အလမ်း. Show all posts
Showing posts with label အလုပ်အကိုင်အခွင့်အလမ်း. Show all posts

Wednesday, January 21, 2015

တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ မြေပုံတွင်ပြုလုပ်

DSC02203
တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်မှုများနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဇန္န၀ါရီလ ၁၂ ရက်နေ့ကပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ပြခန်းများ ဖွင့်လှစ်ပြီး တက်လမ်းစီမံကိန်း၏ ဆောင်ရွက်မှုများကို ပြသ ထားခြင်း၊ အခြားစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများကလည်း သူတို့၏ လုပ်ဆောင်ချက်များကို  ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ပြခန်းများမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနပြခန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းပြခန်း၊ ငါးလုပ်ငန်း ဦးစီးဌာနပြခန်း၊ အာရက္ခဖေါင်းဒေးရှင်းပြခန်း နှင့် Green Lives ပြခန်းတို့ဖြစ်သည်။
ကုန်စည်ပြပွဲ ပြိုင်ပွဲများအနေဖြင့် ဒေသထွက် ပန်းမာန်၊ စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလန်၊ ရွှေပုဇွန်ခြောက်နှင့် လောင်စာချွေတာ မီးဖိုပြုလုပ်ခြင်းတို့ဖြစ်သည်။
ယင်းအခမ်းအနားပြုလုပ်ရန်အတွက် အားလုံးပေါင်းဆောင်ရွက် လုပ်ဆောင်ခဲ့မှုများကြောင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တက်လမ်းစီမံကိန်း Coordinator ဒေါ်ချယ်ရီစိုးက ပြောသည်။
“ဒီပွဲမလုပ်ခင် တက်လမ်းမိသားစု၊ မြို့ပေါ်အုပ်ချုပ်ရေးဌာနနဲ့ အခြားဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်ပါတယ်။ နောက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး အားလုံးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အတွက် အားလုံးဆင်ပြေချောမွေ့ခဲ့ပါတယ်”ဟု သူမကပြောသည်။
ယင်းအခမ်းအနားပြုလုပ်ရခြင်းမှာ တက်လမ်းစီမံကိန်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ချပြရန်နှင့် ကောက်ရိတ်သိမ်းချိန်၌ ဒေသခံ လယ်သမားများ အနေဖြင့် ၄င်းတို့စိုက်ပျိုးထုတ်လုပ်သော သီးနှံအရည်အသွေးကို  ပြသနိုင်ရန်ဖြစ်သည်ဟု တက်လမ်းစီမံကိန်း ဒါရိုက်တာ Marcel De Brune က ပြောသည်။
တက်လမ်းစီမံကိန်းကို IRC, Save the Children, OXFAN, Better Life နှင့် Care အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ဂီရိမုန်တိုင်းသင့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား ပေါက်တောရှိ ကျေးရွာပေါင်း ၂၁၄ ရွာ၌ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖန်တီးပေးခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန် အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
တက်လမ်းစီမံကိန်းအနေဖြင့် အဓိကထား အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လုပ်ငန်းများမှာ ဆန်စပါး စိုက်ပျိုးရေး၊ သစ်သီးဝလန်စိုက်ပျိုးရေး၊ ငါး ပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ဂဏန်းဖမ်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းနှင့်ပတ်သက်၍ တံငှာလုပ်ငန်းလုပ်ကိုင်သူများကို ပစ္စည်းများထောက်ပံ့ပေးခြင်း၊ အစိုးရငါးလုပ်ငန်းဦးစီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပြီး နည်းပညာများကို ပံ့ပိုးပေးကာ ကျေးရွာ စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးလာအောင် လုပ်ဆောင်ပေးနေကြောင်းသိရသည်။
စပါးခင်းများသို့ ဆားငန်ရေ မ၀င်ရောက်စေရန် ကာရီများဆည်ဖို့ပေးခြင်းများကိုပါ လုပ်ဆောင် ပေးလျှက်ရှိပြီး၊ ယင်းသို့လုပ်ငန်းအကောင်အထည်ဖေါ်ရာ၌ ရန်ကုန်၊ စစ်တွေမှ ကန်ထရိုက်များကို မခေါ်ယူပဲ ဒေသခံကျေးရွာသားများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ကျေးရွာလူထု အတွက် အပို ၀င်ငွေများ ရရှိအောင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
DSC02157
တချိန်တည်း၌ တက်လမ်းစီမံကိန်းမှ အသေးစားငွေစု ငွေချေးလုပ်ငန်းများကို လုပ်ဆောင် ပေးလျှက်ရှိပြီး၊ ကျေးရွာသားများ အနေဖြင့် မိမိတို့လုပ်ငန်းများမှ ရရှိသော ငွေများကို စုနိုင်သည့်အပြင်၊ မိမိတို့လုပ်ငန်းဆောင်ရွက်ရန်အတွက် အတိုးနှုန်းအနည်းငယ်ဖြင့် ငွေချေးနိုင်ကြောင်းသိရသည်။
ယင်းငွေစုငွေချေးလုပ်ငန်း၏ စီမံခန့်ခွဲမှုများကို ဒေသခံကျေးရွာများမှ အမျိုးသမီးများက စီမံခန့်ခွဲလုပ်ဆောင်လျှက်ရှိပြီး အမျိုးသမီးတို့၏ အရည်အသွေးများကိုမြှင့်တင်ပေးခြင်းအပြင် အမျိုးသမီးတို့၏ ပူးပေါင်းပါဝင်မှုကို အလေးထား လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
“ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုကို အားလုံးဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲဒီ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းမှာ နိုင်ငံတော်အစိုးရရော၊ ပြည်နယ်အစိုးရရော၊ သက်ဆိုင်ရာဌန အဖွဲ့အစည်းအသီးသီးကရော၊ အခုလို NGO, INGO အားလုံးနဲ့ ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းဝင်းကပြောသည်။
ရခိုင်ပြည်နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍလုပ်ကိုင်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ အခြားကဏ္ဍတိုးတက်ပြီး၊ လယ်ယာကဏ္ဍမတိုးတက်လျှင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးက ထပ်လောင်းပြောကြားသည်။
IRC အနေဖြင့် ဂီရိမုန်းတိုင်းသင့် မြို့နယ် ၄ မြို့နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၀၁၀ ခုနှစ်မှ စတင်လုပ်ဆောင်လျှက်ရှိပြီး တက်လမ်းစီမံကိန်းကို အခြားအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ စီမံကိန်းများ အကောင်အထည် ဖေါ်နိုင်ရန်အတွက် LIFT အဖွဲ့မှ ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။
လောင်စာချွေတာ မီးဖိုပြုလုပ်ခြင်းနှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသူ ၆၂ ယောက်ကို မွေးထုတ်ပေးထားပြီး၊ ယင်းမီးဖိုများကို သဲ၊ ကျောက်စရစ်၊ ဘဲလပ်မြေများကို အသုံးပြုကာ နာရီပိုင်းအတွင်း အပြီးအစီးပြုလုပ်နိုင်ပြီး၊ မီးဖိုတစ်လုံးကို ၅၀၀၀ ကျပ်စီဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲခြောက်ခုလုံးအတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ပေးအပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ရခိုင်ရိုးရာအကဖြင့် တင်ဆက်ကပြသည့်အပြင် မြေပုံမြို့ရှိ ချင်းတိုင်းရင်းသူ၊တိုင်းရင်းသားများကလည်း ချင်းရိုးရာ အကဖြင့် တင်ဆက်ကပြခဲ့ကြသည်။
“ကျွန်တော့်အမက စိုက်ပျိုးရေးဌာနကဆိုတော့ စိုက်ပျိုးရေးကို ၀ါသနာပါပါတယ်။ ဒီနှစ်မှ စတင်စိုက်ပျိုးတာပါ”ဟု ပန်းမာန်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ၉ တန်းကျောင်းသား မောင်ပိုင်ထူးကျော်က ပြောသည်။
အခမ်းအနားကို နံနက် ၉ နာရီခန့်တွင် စတင်ပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ယင်းအခမ်းအနားသို့ မြို့ပေါ်နေ လူထုအပြင် မြေပုံမြို့နယ်ရှိ ကျေးရွာတစ်ရွာစီမှ ကိုယ်စားလှယ်  ၅ ဦးကျစီ တက်ရောက်ကြောင်းလည်း သိရသည်။ စုစု ပေါင်း လူ ၁၀၀၀ ခန့်တက်ရောက်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက် ကျောက်ဖြူတွင် လုပ်ငန်းရှင်အသင်းဖွဲ့စည်း

IMG_20141103_141523
ဒေသခံများအလုပ်အကိုင်ရရှိရေးအတွက် ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က အသေးစား စီးပွားရေးလုပ်ငန်းရှင်များနှင့် သယ်ယူပို့ဆောင်အသင်းကိုဖွဲ့စည်းလိုက်သည်ဟုအသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးချမ်းမောင်နုက ပြောကြားသည်။
ယင်းအသင်းကို အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် ဒေသခံအခွင့်အရေးများမဆုံးရှုံးစေရန်အတွက် သဲ၊ကျောက်၊ အုတ်လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များစုပေါင်း၍ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
“ ပိုက်လိုင်းစီမံကိန်းတုန်းကလည်းဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မရရှိခဲ့ကြဘူး။ အလုပ်လုပ်ရတဲ့ သူတွေကလည်းအကြွေးကျတယ်။ တစ်ချို့ဆိုရင် ငွေလုံးဝတောင်းလို့မရဘဲ လုံးဝဆုံးရှုံးသွားတဲ့ သူတွေတောင် ရှိကြတယ်”  ဟု ၎င်းက ပြောသည်။
အသင်းတွင် လိုအပ်သလိုအသုံးပြုရန်အတွက် ကားအကြီးတစ်စီးလျှင် ၅၀၀၀ကျပ်နှင့် ကားအသေးတစ်စီးလျှင်လစဉ် ၂၅၀၀ကျပ် ရံပုံငွေထူထောင်သွားမည်ဖြစ်သည်။ အလုပ်လုပ်တဲ့အခါ ဈေးနုန်းကို အသင်းမှ ဆုံးဖြတ်ပေးမည်ဖြစ်ပြီး အကြွေးကျရင်လည်း အသင်းမှ စုပေါင်းတောင်းဆိုသွားမည်ဟု ဆိုသည်။
ကျေးရွာတစ်ရွာတွင် ကုမ္ပဏီတစ်ခုမှ အလုပ်လာလုပ်လျှင် ဒေသခံကားများကိုသာ အသုံးပြုရန် တောင်းဆိုသွားမည် ဖြစ်ပြီး နောက်ထပ်လိုအပ်လာလျှင် အသင်းဝင်များ၏ ကားများကိုမဲစနစ်ဖြင့် အလုပ် လုပ်ကိုင်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းကဆိုပါသည်။
နိုဝင်ဘာ ၃ ရက်နေ့ကလည်းဒေသခံများသင့်တော်သောဈေးနုန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် နှမ်းဖဲတောင်ကျေးရွာတွင် တစ်ကြိမ်ဆွေးနွေးခဲ့ပြီဖြစ်သည်။
အစည်းအဝေးသို့ သိုင်းချောင်း၊ မင်းပြင်၊ ကလာဘာ၊ ကပ်သပြေ၊ ကန္ဒီး၊ အုန်းတော၊ ဂုံးချိန်၊ ဦးကင်း၊ ကြတ္တိန် စသည့် ကျေးရွာအုပ်စု (၉)အုပ်စုမှ လုပ်ငန်းရှင်ပေါင်း(၃၀)ခန့် တက်ရောက်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)