Showing posts with label သမ္မတ. Show all posts
Showing posts with label သမ္မတ. Show all posts

Wednesday, January 21, 2015

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေအကြား လက်ရှိအစိုးရက သွေးခွဲဖို့ ကြိုးစားနေပြီလား

405x250xmeet001-405x250.jpg.pagespeed.ic.6kRwQHQ-Pb

ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေပြည်တော်မှာ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားများ အထဲမှ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့တက်ရောက်ခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံအတွက် အရေးကြီးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ် အင်အား အကြီးဆုံး ပါတီ တစ်ခု ဖြစ်သော အမျိုးသားပါတီအား ဖိတ်ကြားမူ မရှိဘဲ byname ဖြင့် ပုဂ္ဂိုလ်ရေးအရ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီသဖြင့် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ယခုဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ယင်းဖိတ်ကြားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသဖြင့် နိရဉ္စရာ သတင်းဌာနမှ အစည်းအဝေးမစတင်မီ နေပြည်တော်သို့ သွားနေသော ဦးအေးသာအောင်အား မေးကြည့်ရာ သူက ယခုလို ပြောဆိုသည်။
“ ကျွန်တော့်ကို ဦးအေးသာအောင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ရခိုင်အမျိုးသား ပါတီဆိုပြီး ဖိတ်တာပါ။ နောက်ထပ် ဘယ်သူတွေ ပါတယ်ဆိုတာကို မသိပါဘူး။ ကျွန်တော်ကို ဖိတ်တဲ့ အတွက် ကျွန်တော် အခု အစည်းအဝေးကို တက်ရောက်ဖို့ သွားနေပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
ယင်းအပြင် ဖိတ်ကြားသည့် စာထဲတွင် အချက် (၃) ချက်ကို ဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အဓိကကတော့ ဖိတ်ကြားထားတဲ့ ဖိတ်စာထဲမှာအချက် ၃ ချက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။ ပထမတစ်ချက် (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး (ခ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့စပ်လျဉ်းပြီးတော့ အမျိုးသား သွေးစည်းညီညွတ်ရေး (ဂ) ၂၀၁၅ ရွေးကောက်ပွဲကိုလွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်ရေး စတဲ့ အချက် သုံးချက်နဲ့ ဖိတ်တာပါ” ဟု ဆိုသည်။
ယခုဖိတ်ကြားရာတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
“ ကျွန်တော်ကိုတော့ မဖိတ်ဘူးဗျာ။ ဘာကြောင့် မဖိတ်လည်းဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အစိုးရအဖွဲ့ တစ်ခုဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူတည်ပြီးမှ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအာဏာပါ။ နိုင်ငံရေး ပါတီဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုပြီးမှ ပေါ်ပေါက်လာတဲ့  နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်နဲ့  တရားဝင် ခွင့်ပြုထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ သူ့မှာလည်း ပါတီဖွဲ့စည်းပုံရှိတယ်၊ ဆိုတော့ အဖွဲ့စည်း တစ်ခုကို တစ်ခုကနေ အလေးအထားဖို့နဲ့ အပြန်အလှန်  respect ထားတတ်ဖို့တော့ လိုပါတယ်။ အခုတော့ အဲဒီသလို အစဉ်အလာမဲ့နေတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ပါတီကို မဖိတ်ဘဲ လူပုဂ္ဂိုလ်ကိုယ်ကို ဖိတ်ကြားမှုသည် ပါတီကို ကိုယ်စား မပြုနိုင်သဖြင့် ပါတီကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ နိုင်ငံရေးပါတီလို့ သုံးလို့ရှိရင် နိုင်ငံရေးပါတီကို အလေးအနက်ထား ဖိတ်ကြားဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီကို အမည်တပ်ပြီး ပုဂ္ဂိုလ် ကိုသာ ဖိတ်ကြားရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်။ အခု  ဖိတ်ကြားမှုသည် ဦးအေးသာအောင်ကိုသာ ဖိတ်ကြားတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ သို့သော် အဲဒီ ဖိတ်ကြားမှုဟာ ပါတီကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်ပါ” ဟု ဆိုသည်။
ယင်းပြင် ယခုတွေ့ဆုံပွဲသည် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ နောက်ပိုင်းတွင် ၁၂ ပွင့်ဆိုင် စသည်ဖြင့် အပွင့်နိုင်ငံရေး များလာရာမှ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ကြောင်း ဒေါက်တာ အေးမောင်ကဆိုသည်။
“ကျွန်တော့်အနေနဲ့အခုအခင်းအကျင်းနဲ့ နိုင်ငံရေးကစားကွက်တစ်ခုထဲ ရောက်သွားပုံ ပေါ်တယ်။ ပြည်ထောင်စုလွှတ်တော်ဘက်က ခြောက်ပွင့်ဆိုင်ကို အဆိုပြုပြီးခါမှအတည်မဖြစ်သေးခင်မှာလေးပွင့်ဆိုင်ဆိုတဲ့ဥစ္စာလေးက၂၀၁၃ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ အခုတခါ  ၁၂ ပွင့်လိုလို တိုင်းဒေသကြီး လွှတ်တော်ဘက်က အင်အားတစ်ခုနဲ့ အခင်းအကျင်း တစ်ခုအဖြစ် ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် ထင်ပါတယ်။ ဒါဟာ နိုင်ငံရေး ကစားကွက်တစ်ခုလို့ပဲ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ယခုတွေ့ဆုံမှုမှာ လက်ရှိအာဏာရသူများ၏ နိုင်ငံရေး ကစားကွက် တစ်ခုဖြစ်ခဲ့လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ရခိုင်အမျိုးသားပါတီအားလည်း ကစားကွက်ထဲ ဆွဲခေါ်လာပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
မည်သို့ပင် ဖြစ်စေ ယခု နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲသို့ ရခိုင်အမျိုးသား ပါတီ အားသော်လည်းကောင်း၊ ယင်းပါတီ၏  ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အားလည်းကောင်း မဖိတ်ကြားဘဲ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင် တစ်ဦးတည်းကို သီးသန့် ဖိတ်ကြားခြင်းကြောင့် ရခိုင်အမျိုးသားပါတီရှိ ခေါင်းဆောင်မှု အကြား နားလည်မှု လွဲမှားနိုင်သည်သာမက  တစ်ဘက်နှင့် တစ်ဘက် အားပြိုင်မှုများ ပေါ်ပေါက်လာကာ ပါတီတွင်း ညီညွှတ်ရေးကို ထိခိုက်နိုက်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
ယခုကဲ့သို့ အခြေအနေကို နားလည်ပါလျက် ရခိုင်အမျိုးသားပါတီကို မဖိတ်ကြားဘဲ လူပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ခြင်းသည် နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခုခုပါဝင်နိုင်ကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 1, 2015

သဘာဝသယံဇာတပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို သမ္မတက တိုးတက်စေလို

DSC01367
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်လူထုနှင့် တွေ့ဆုံစဉ် သဘာဝသယံဇာတ ပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည်ဟု နိုင်ငံတော် သမ္မတက ပြောဆိုသွားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင်  ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသ ၃ ခုရှိရာ ချင်းပြည်နယ် ပထမ၊  ရခိုင်ပြည်နယ်က ဒုတိယနှင့် ကယားပြည်နယ်က တတိယဖြစ်ကြောင်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်တွေ လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတမှ သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“ ချင်းပြည်နယ်နှင့် ကယားပြည်နယ် ဆင်းရဲရခြင်းမှာ သဘ၀သယံဇာတ ထွက်ရှိမှု မရှိတာက အခြေခံ အကြောင်းအရင်း ဖြစ်တယ်။ သို့ပေမယ့် ရခိုင်ပြည်နယ်ကတော့ သဘာဝသယံဇာတ ပေါများလျှက်၊ ပင်လယ်ဆိပ်ကမ်းများရှိပါလျှက်နှင့် ဆင်းရဲနေရတယ်” ဟု သမ္မတက ပြောဆိုသည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့မှာ အလွန်အရေးပါကြောင်း၊ သို့အတွက် နိုင်ငံတော်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရန် ကြိုးစား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတမှ ယခုလို ပြောဆိုသည်။
“တိုင်းပြည် တစ်ခုတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးဟာ အထူးအရေးပါ ပါတယ်။ တရုတ်စကားပုံ တစ်ခုရှိတယ်။ ဖွံ့ဖြိုးတိုးတက်စေချင်လျှင် လမ်းဖေါက်ပါတဲ့။ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီ၊ လျှပ်စစ်မီးလည်း ရရှိလာပြီဖြစ်တဲ့ အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကို လုပ်ဆောင် လာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု  ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲသို့  ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီး ကိုယ်စားလှယ် များနှင့်  စစ်တွေမြို့မှ ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မိန်းခွန်းပြောကြားခဲ့ရာ  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမည်ဟု ပြောဆိုသည်။
“ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်လုံခြုံမှုများဟာ အပြည့်အ၀နီးပါး ရရှိနေပါပြီ။ တည်ငြိမ်မှ ဖွံ့ဖြိုး တိုးတက်မှုရှိမယ် ဆိုပေမယ့် ရခိုင်ပြည်နယ် အတွက်ကတော့ ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမှာပါ”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
သူကဆက်လက်၍ ၄င်းလက်ထက်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းကြီးများမှာ ပုဏ္ဏားကျွန်းစက်မှုစီမံကိန်း၊ ရသေ့တောင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးစီမံကိန်း၊ မြောက်ဦး ဟိုတယ်စီမံကိန်းနဲ့ ဒေသခံလူမျိုးတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးလုပ်များကို ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားသည်။
ရခိုင်တစ်ပြည်နယ်လုံး မီးလင်းရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့ မဟာဓါတ်အားလှိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့ပြီး၊ မြောက်ဦးမြို့သို့ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး လျှင်စစ်မီး ထုတ်လွှတ်မည်ဟု ပြောသည်။
လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဓါတ်အားသုံးစွဲမှုပမာဏမှာ ၃၃၀၀၀ မီဂါဝတ် ရှိပြီး မြန်မာနိုင်ငံမှာမူ ၂၅၀၀ မီဂါဝတ်သာရှိသေးကြောင်း၊ မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးအတွက် နောက်ထပ် ၁၂ ခန့် ကြာဦးမည်ဟု သိရသည်။
သို့သော် သံလွင်မြစ်တွင် ရေကာတာတည်ဆောက်ပြီး လျှပ်စစ်ထုတ်လုပ်မည်ဆိုလျှင် မီဂါဝတ် ၄၀၀၀၀ မှ ၆၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ပေါက်တောမြို့နှင့် မြေပုံမြို့နယ်တို့သည်လည်း  ၂၀၁၅ တွင် လျှပ်စစ်မီး ရရှိတော့မည်ဟု ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
DSC01362
ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် ယမန်နှစ်က ၇၈ ဘီလီယံကျပ် အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ၇၂ ဘီလီယံ အသုံးပြုလျှက်ရှိကာ မင်းပြားမြေပုံကို ဆက်သွယ်နိုင်ရန် ကျောက်ခင်းလမ်းအဆင့်ကို ဖေါက်လုပ်ပြီးစီးလျှက်ရှိပြီး၊ ပုဏ္ဏားကျွန်း-ပေါက်တောလမ်းကိုလည်း ဖေါက်လုပ်သွားမည်ဟု သိရသည်။
တွေ့ဆုံပွဲကို မွန်းလွဲတစ်နာရီခွဲခန့်တွင် စတင်ခဲ့ပြီး၊ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
သမ္မတကြီးဦးသိန်းစိန်သည် ယခုတွေ့ဆုံပွဲအား ကျောက်တော်မြို့နယ်ရှိ  မဟာမုနိဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်တွင် ပြုလုပ်ခဲ့သည်။ သမ္မတကြီး၏ ယခု ရခိုင်ခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးထက် ဘုရားဖူးခရီးစဉ်သာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝေဖန် ပြောဆိုသည်။
“ သမ္မတကြီးက နှစ်ကုန်ခါနီး မဟာမုနိဘုရားကို လာရောက်ဖူးမျှော် ခြင်းသာဖြစ်ပါတယ်။  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရနဲ့  ပြည်နယ်အစိုးရတို့ရဲ့ ဆောင်ရွက်နေမှုအပေါ် အားရ ကျေနပ်မှု မရှိသေးပါဘူး” ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ရခိုင်လူထုကို တိုက်တွန်း

U-Thein-Sein-photo-by-Narinjara
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ ရရှိနေသော တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၂၅ ရက်နေ့က  ကျောက်ဖြူမြို့သို့ ရောက်ရှိလာစဉ် ဒေသခံ ရခိုင်ပြည်သူများအား တိုက်တွန်းသွားသည်ဟု သိရသည်။
“ နိုင်ငံတော် သမ္မတက ၃ နာရီ ကျော်ကျော်လောက်မှာ ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမမှာ မြို့လုထုနဲ့ တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစု နှစ်ခုကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာလည်း အခုအခါ တည်ငြိမ်လာပြီ ဖြစ်တဲ့ အတွက် ရရှိပီးသား တည်ငြိမ်မှုကို ရခိုင်ပြည်နယ် သူ ပြည်နယ်သားတွေ အနေနဲ့ ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းသွားပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
၎င်းပြင် နိုင်ငံတော် သမ္မတမှ ဒေသဖွံ့ဖြိုးမှုအတွက် တည့်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ တခြားတစ်ဘက်တွင်လည်း ဒေသ ဖွံ့ဖြိုးတိုးတက်မှုရှိပါမှ တည်ငြိမ် အေးချမ်းမှုရှိလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။
၎င်းပြင် နိုင်ငံတော် သမ္မတက “ ဘာသာမတူ လူမျိုးမတူသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား သွေးထွက် သံယို ပဋိက္ခများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါတည်ငြိမ်နေပြီဖြစ်သဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ကောင်းနေပြီဖြစ်သည်ဟု  ပြောဆိုကြောင်း” ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၅၀ ရာခိုင်နူန်းကျော် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်မီး မရှိသေးသော ရခိုင်ပြည်နယ် မြို့နယ်များကိုလည်း လျှပ်စစ်မီး မကြာခင်ရရှိအောင် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ လူကြီးများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ကျောက်ဖြူမြို့နယ်တွင် ခုတင်၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန်၊ မြို့တော်ခန်းမကို တိုးချဲ့ ဆောက်လုပ်ပေးရန်၊ မြို့ပေါ်လမ်းငါးလမ်းကိုကွန်ကရစ်လမ်းခင်းပေးရန်၊ ဟောင်းနေပြီဖြစ်သော မြို့မဈေးကို အသစ်ပြန်လည်တည်ဆောက်ပေးရန်စသည်တို့ကို စာဖြင့် ရေးသားတောင်းဆိုခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ကျောက်ဖြူမြို့တွင် လူထုနှင့် တွေ့ဆုံပြီးနောက် ရမ်းဗြဲမြို့သို ရဟတ်ယာဉ်များဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံတော် သမ္မတ သံတွဲမြို့ ရောက်ရှိစဉ် အလိုတော်ပြည့်တော် ဆရာတော်ကို သွားရောက်ဖူးမျှော်

image-bbb4a3df9b2b2062d722d99adc87cf80c4a9c69bf170eb38527f66902cd48c09-V
ရခိုင်ပြည်နယ် ခရီးစဉ် အဖြစ် သံတွဲမြို့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲမြို့နယ် ငပလီ ဂျိုတ္တောကျေးရွာ မဒေးတောင်ပေါ်ရှိ အမတသုခ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်ပြီး အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အာရိယ၀ံသအား သွားရောက် ဖူးမျှော်ကန်တော့ခဲ့သည်ဟု သိရသည်။
ထိုသို့ သွားရောက်ဖူးမျှော်စဉ် ဆရာတော်ကြီးနှင့် ကြွရောက် သံဃာတော်များအား လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ဆရာတော်နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု လက်ထောက်ဆရာတော် ဦးကုမာရက ပြောသည်။
image-171c7491591d57c40b7d2f30477392945d93ef8d6982da874fcd2c83195aed51-V
“ နိုင်ငံတော်သမ္မတနဲ့ ဆရာတော်ကြီးတို့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေရယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်တွေရယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသအတွင်း လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးကုမာရက ပြောသည်။
၎င်းပြင်း ဦးကုမာရက “ အသေးစိတ် အချက်အလက်များကိုတော့ ဆရာတော်ကြီးနှင့် သမ္မတကြီးတို့က အသေးစိတ် တံခါးပိတ် ဆွေးနွေးကြတဲ့ အတွက် ပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတော်သမ္မတသည် မဒေးတောင်ပေါ်ရှိ တိလောကသယမ္ဘူ ဗုဒ္ဓရုပ်ပွားတော်အား သွားရောက် ဖူးမျှော်ခဲ့ပြီး  ပန်း၊ ရေချမ်းဆီမီးများ ကပ်လှူခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

စစ်တပ်သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် ဖွဲ့စည်းပုံ ပြင်ရေး မလွယ်ဟုဆို

တပ်မတော် , ကာချုပ်
အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ရန် ၆ ပွင့်ဆိုင် ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သော်လည်း တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် ၆ ပွင့်ဆိုင်သည့်တိုင် အခြေခံဥပဒေ ပြင်ဆင်ရန် မလွယ်ကူကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းက သုံးသပ်သည်။
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုလိုက် သော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ခံကြိုလိုက်သော်လည်း လက်ရှိအချိန်တွင် တပ်မတော်၏ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဆိုသော သဘောထားခံယူချက်ကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး အပါအဝင်အဓိကကျ အရေးကြီးသော အခြေခံဥပဒေ ပြဋ္ဌာန်းချက်များ ပြင်ဆင်ရန်မလွယ်ကူဟု လွှတ်တော်ကိုယ်စား လှယ် တချို့က သုံးသပ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင်က တပ်မတော်က အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆၊ ၅၉ (စ) ကဲ့သို့ ပြဋ္ဌာန်းချက်များကို မပြင် ဆင်လိုဘဲအခြားသော တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် အချက်ကိုသာ ကွက် ၍ ပြင်လို သည့် သဘောမျိုးရှိကြောင်း သုံးသပ်ပြောဆိုသည်။
“သိပ်ထူးမယ် မထင်ဘူး ကာချုပ်ကို ကြံ့ခိုင်ရေး က ၃ ယောက်ဖြစ်တဲ့ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က ဩဇာ လွှမ်းနိုင်မယ်မထင်ဘူး။ လွှမ်း လည်း မလွှမ်းနိုင်ဘူး။ ကာချုပ်ကလည်းသူ့ရပ်တည် ရမယ့် ကိစ္စတွေမှာ ဘယ်လျှော့ ပေး မလဲ။ ၄၃၆ ပြင် လိုက်မယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကိစ္စတွေပါ ပြင်ပေး ရမှာပေါ့” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးဖြစ်လာ သည့်အတိုင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အပေးအယူမြောက်မြားစွာလုပ်ရမည်ဟု မျှော်လင့်ကြောင်း၊ ဥပမာအားဖြင့် သမ္မတသည် လွှတ်တော်ကို ထိန်းချုပ်လိုသော ကိစ္စမျိုးနဲ့ အခြေခံဥပဒေ ပြင်ဆင် ရေး အပေးအယူလုပ်နိုင်ကြောင်း၊ ယေဘုယျအားဖြင့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဟု မမျှော်လင့်ကြောင်းသုံးသပ်သည်။
“ကျနော်တော့ မထင်ဘူး။ ဒီကိစ္စမတိုင်ခင် လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အချိန်တုန်းကလည်း သမ္မတကရော၊ ကာချုပ်ကရော ဒါတွေပြင်ဖို့အတွက်က လွှတ်တော်ထဲမှာပဲ တာဝန်ရှိပါတယ်လို့ပြောတာ။ သူတို့နဲ့ မဆိုင်ပါဘူးလို့ ပြောထားတာရှိတယ်။ ၆ ပွင့်ဆိုင်တွေ့ရင် ဖြစ်နိုင်ချေ ၂ ခု ရှိတယ်။ တခုက စစ်တပ်ကသူတို့ အရင်ပြောတဲ့အတိုင်းပဲ ရပ်ခံနေပြီးတော့ အဖြေတခု မရအောင် ရှောင်နေလိုက်တာမျိုး ဖြစ်နိုင်တယ်။ နောက်တခု သူတို့တပ်က တင်ပြထားတဲ့ လွှတ်တော်ကို သမ္မတကနေ ထိန်းချုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ အပေးအယူ လုပ်နိုင်တယ်။
လက်ရှိ အချိန်တွင် သမ္မတမှာ လွှတ်တော်အပေါ် တွင် ဩဇာလွှမ်းမိုးနိုင်မှု လုံးဝမရှိဘဲ သမ္မတသဘော မတူသည့် ဥပဒေကြမ်းတချို့ကိုပင် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သဖြင့် သမ္မတနှင့်လွှတ်တော် ကြားတွင်လည်း အပေး အယူတခု ရှိလာနိုင်တယ်” ဟု ဦးရဲထွန်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ တပ်မတော်၏ သဘောထားတင်းမာမှုကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အရေးကြီးတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက် ၉၅ ခုကို ပြင်ပေးဖို့တော့ တပ်ဘက်က အလျှော့ပေးမှာ မဟုတ်ဘူး။ ၄၃၆ လည်း ပြင်လို့ရမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက ဒီ ၆ ပွင့်ဆိုင်မှာ ဖွဲ့စည်းပုံပြင်ဖို့ရေရှည် အမြင်မျိုးနဲ့ လမ်းပြမြေပုံတခုပုံစံနဲ့ သဘော တူ လာနိုင်တယ်။ လွှတ်တော်မှာတပ်မတော်သား ပါဝင်နေမှုကို ဘယ်အချိန်မှာ ပြင်ပေးမယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်လာ နိုင် တယ်။ ဒီ ၆ ပွင့်ဆိုင်ရုံနဲ့ ဖွဲ့စည်းပုံပြင်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ကျနော်ကတော့ မျှော်လင့်ချက်ကို မထားဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော် သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် အထူး အခွင့် အာဏာများ ရရှိထားပြီး တရားဝင် စစ်အာဏာသိမ်းပိုင်ခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Wednesday, November 12, 2014

အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး၊ အီဘိုလာရောဂါကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုများ အလေးထားဆွေးနွေးစေလိုကြောင်း သမ္မတဦးသိန်းစိန်တိုက်တွန်း

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
(၂၅)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုအန္တရာယ်၊
အကြမ်းဖက်အစွန်းရောက် နှိမ်နင်းရေးနှင့် အီဘိုလာကူးစက်ရောဂါနှိမ်နင်းရေးတို့ကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် အာဆီယံအနေဖြင့်လက်တွဲဖြေရှင်းဆောင်ရွက်ရေးကို ဆွေးနွေးကြစေလိုကြောင်း အာဆီယံခေါင်းဆောင်များကို သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။
အထက်ပါကိစ္စရပ်များအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပေးရေး၊ အာဆီယံ ဒေသတွင်း အကျိုးစီးပွားအတွက် အာဆီယံအသိုက်အဝန်းများပေါ်ပေါက်ရေးနှင့် အာဆီယံအဖွဲ့အစည်းကိုခိုင်မာသည့် အဖွဲ့အစည်းဖြစ်အောင်ရည်မှန်းထားမှုများကိုဖြစ်မြောက်အောင် အကောင်အထည်ဖော်ရမည့်အချိန်ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကျင်းပချိန်တွင် ဒေသတွင်းနှင့် နိုင်ငံတကာအတွင်း
အရေးစိုက်၍ ဆွေးနွေး စရာကိစ္စရပ်များရှိလာနေချိန်ဖြစ်ပြီး အာဆီယံအနေဖြင့် ယင်းပြဿ     နာကို အသေးစိတ်ဆွေးနွေးစေလိုကြောင်းလည်းသမ္မတဦးသိန်းစိန်က တိုက်တွန်းသည်။
နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်စတင်ကျင်းပသည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ပထမဆုံးအကြိမ် တက်ရောက်လာကြသည့်အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုနှင့် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာတို့ကိုလည်း သမ္မတဦးသိန်းစိန်က ဂုဏ်ပြုကြောင်း ၎င်းတို့တက်ရောက်ရသည့်မျက်နှာစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
‘‘အာဆီယံရဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ဒေသတွင်းနိုင်ငံတကာရေးကိစ္စတွေကို ဒီမျက်နှာစုံညီအစည်းအဝေးမှာ
အမြင်ကျယ်ကျုယ်နဲ့ ဆွေးနွေးမှာဖြစ် တယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့လည်း တခြားကိစ္စတွေကို ဆွေးနွေးလိုတယ်ဆိုရင်လည်း ဆွေးနွေးနိုင်ပါတယ်’’ဟုဦးသိန်းစိန်က ပြောသည်။ ယခုအခါ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးမှာ ယခုအခါ ကျင်းပပြီးနေပြီဖြစ်သည်။
အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့ အာဆီယံဥက္ကဋ္ဌ မြန်မာသမ္မတဦးသိန်းစိန်၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်သမ္မတ၊
ဘရူနိုင်းဘုရင် ဆူလတန်၊ လာအိုဝန်ကြီးချုပ်၊ ဖိလစ်ပိုင်သမ္မတ အကွီနို၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊မလေးရှား ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် လီယောင်မင်တို့တက်ရောက်ခဲ့ကြပြီးအစည်းအဝေးစတင်ချိန်တွင် မလေးရှားဝန်ကြီးချုပ်သည် အစည်းအဝေးသို့ ၁၅ မိနစ်ခန့်နောက်ကျ၍ ရောက်ရှိလာခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနတည်ထောင်ခြင်းကိုလည်း အာဆီယံခေါင်းဆောင်များက သဘောတူကြေညာခဲ့ကြသည်။
အာဆီယံအစိမ်းရောင်စီးပွားရေးဗဟိုဌာနကို မြန်မာနိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါဌာနကို ရန်ကုန်မြို့တွင် ထူထောင်မည်ဖြစ်ပြီးရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံနိုင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုစေမည့် နည်းပညာများနှင့်ပတ်သက်၍ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များကို အာဆီယံနိုင်ငံအချင်းချင်းနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံများမှ
 အစွန်းရောက်အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုများနှင့် အီဘိုလာရောဂါပြန့်ပွားမှုများကိုလည်း အာဆီယံခေါင်းဆောင်များ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Tuesday, November 11, 2014

သမ္မတ အိုဘားမား လုံခြုံရေးဆောင်ရွက်ရန် အမေရိကန် စစ်ရေယာဉ်တစ်စီး ရခိုင်ကမ်းရိုးတန်းသို့ ယနေ့ရောက်မည်

ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာမည့် အမေရိကန် စစ်ရေယာဉ် USS Peleliu
(LHA-5) ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အင်တာနက်)
မြန်မာနိုင်ငံတွင် မကြာမီ ကျင်းမမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့တက်ရောက်မည့် အမေရိကန် သမ္မတ အိုဘားမား၏ လုံခြုံရေးအတွက် အမေရိကန်ရေတပ်မှစစ်ရေယာဉ် USS Peleliu (LHA-5) သည် နေပြည်တော်နှင့် အနီးဆုံးနေရာဖြစ်သည့်ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ယနေ့ (နိုဝင်ဘာ၁၁ ရက်)
တွင်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) မှသတင်းထုတ်ပြန်သည်။
အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ
၁၂ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်ညှိနှိုင်းထားချက်များအရ သမ္မတ အိုဘားမားလုံခြုံရေးအတွက် အမေရိကန်ရေတပ် Seventh Fleet ၏ Amphibious Forces မှTarawa-Class Amphibious Assault Ship ဖြစ်သည့် စစ်ရေယာဉ် USS Peleliu
(LHA-5) သည် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။
ထို့အပြင် မြန်မာ့တပ်မတော်(ရေ) မှလည်း ဖရီးဂိတ်တစ်စီးအပါအဝင် စစ်ရေယာဉ်(၂)စီးသည် အဆိုပါ ပင်လယ်ပြင်သို့ရောက်ရှိနေပြီးနှစ်ဘက်စစ်ရေယာဉ်များ နှစ်ဘက်ရေတပ် တပ်ဖွဲ့များနှင့်တွေ့ဆုံသွားမည်ဖြစ်သည်။
အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ၄င်းစီးနင်းမည့် မော်တော်ယာဉ်အပါအ၀င်
လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာကားများသည် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

Wednesday, November 5, 2014

နေပြည်တော်အတွက် အိုဘားမားသယ်လာမည့် သတင်းစကား

ဓာတ်ပုံ-အီးပီအေ
သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ရန် သီတင်းတစ်ပတ်အချိန်အားဖြင့် နာရီပေါင်း ၁၆၈ နာရီသာ လိုပါတော့သည်။
အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိုဘားမား နေပြည်တော်သို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခြောက်နာရီကြာ ခရီးစဉ်အပြီး ဒုတိယအကြိမ်လာရောက်မည့် သမ္မတအိုဘားမား ပြုပြင်ပြောင်းလဲရေးကာလ မြန်မာနိုင်ငံအတွက် ဘယ်လိုမိန့်ခွန်းမျိုး သယ်ဆောင်လာမလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်လည်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်ခန့်သာလိုတော့ချိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့သည့် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲမှာ အစိုးရက ဟန်ပြလုပ်သည်ဟု သတင်းများထွက်ပေါ်ချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်းကို ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းလိုက်ခြင်းက မြန်မာအစိုးရကို အမေရိကန်က သတိပေးလိုက်သည့် သင်္ကေတဟု မှတ်ယူကြောင်း ပြောကြားမှုများ ရှိလာသည်။
ထို့ကြောင့် နေပြည်တော်တွင် ပြောကြားမည့် အိုဘားမား၏မိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ရှင်းလင်းတိကျသည့် သတင်းစကားများဖြင့် မြန်မာအစိုးရအား ဖိအားပေး ပြောကြားစေလိုကြောင်း ယခုဆောင်းပါးအတွက် မေးမြန်းထားသည့် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များက တိုက်တွန်းပြောကြားသည်။
ပြည်တွင်းအကျပ်အတည်းတွင် အမေရိကန်အစိုးရအနေဖြင့် မည်သို့သဘောထားရှိသည်ဆိုသည်မှာ ခန့်မှန်းရခက်သော်လည်း အတိုက်အခံများ၏အသံမှာ ယခင်စစ်အစိုးရလက်ထက်ကကဲ့သို့ တစ်သံတည်းမဟုတ်တော့၍ ၎င်း၏မိန့်ခွန်းတွင် အားလုံး၏အသံ ထင်ဟပ်ရန်မှာမူ ခက်ခဲမည်ဖြစ်ကြောင်း မြန်မာပြည်သူ့ဖိုရမ်ဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်လင်းဦးက ပြောသည်။
‘‘သူ့ (အိုဘားမား)မှာလည်း ဖိအားတွေရှိတယ်။ မြန်မာကို အနီးကပ်ဆက်ဆံတဲ့အတွက် သူ့ပါတီဒီမိုကရက်ရော၊ ရီပက်ဘလေကန်ရဲ့ ဝေဖန်မှုကိုပါ သူခံရတာ။ ဒါကို ပြန်တုံ့ပြန်တဲ့အနေနဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ရခိုင်ကိစ္စနဲ့ ရွေးကောက်ပွဲကိုပဲ ဦးစားပေးပြီး ပြောတာဖြစ်တယ်။ ဒါပေမဲ့ ဒီမှာလည်း အတိုက်အခံက အရင်လိုမညီတော့တဲ့အတွက် အခု သူပြောမယ့် မိန့်ခွန်းမှာတော့ အတိုက်အခံတွေရဲ့ အသံတွေ အများကြီးတော့ ထင်ဟပ်မှာ မဟုတ်ဘူး။ သေချာပေါက်တော့ ရွေးကောက်ပွဲကိစ္စကို ပြောဖို့လိုတယ်’’ဟု ၎င်းကပြောသည်။
ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ အားလုံးရှေ့တွင် အိမ်ရှင်နိုင်ငံ မျက်နှာပျက်လောက်သည့် အကြီးအကျယ်ဝေဖန်ပြစ်တင်မှုမျိုးကို အိုဘားမားလုပ်မည်မဟုတ်သော်လည်း သမ္မတဦးသိန်းစိန်နှင့် နှစ်ဦးတည်းတွေ့ဆုံမှုတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အားလုံးပါဝင်နိုင်ရေးထက် ပိုပြီးတိကျသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဖိအားပေးသည့် သတင်းစကား ပြောလိမ့်မည်ဟု ယူဆကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်က ခန့်မှန်းသုံးသပ်သည်။
‘‘ဂျွန်ကယ်ရီလာတုန်းက ပြောသွားတဲ့အချက်လေးချက်ကို ဆက်လုပ်မယ်လို့ ဦးသိန်းစိန်က ကတိပေးလိုက်လို့ အခုအိုဘားမားလာတာလို့ ကျွန်တော်သိထားတယ်။ ဦးသိန်းစိန် ရှေ့ဆက်သွား၊ မသွားကို သူစိတ်မ၀င်စားဘူး။ ဂျွန်ကယ်ရီကိုပေးလိုက်တဲ့ အချက်လေးချက် အကောင်အထည် ဖော်၊ မဖော်ကိုပဲ အိုဘားမားက စိတ်ဝင်စားတယ်။ ကျွန်တော်တို့ မြင်ရသလောက်တော့ အဲဒီအချက်လေးချက်က အခုထိ တစ်ခုမှ ဖြစ်မလာဘူး။ ဒါကြောင့် ဦးအောင်သောင်းကို နမူနာနဲ့အချက်ပြလိုက်တာ။ အဲဒီနမူနာကို ဦးသိန်းစိန် မယူဘူးဆိုရင်တော့ ဒါ လက်ရှိအစိုးရအတွက် အကျပ်အတည်း အကြီးကြီးတွေ့တော့မယ်’’ဟု ၎င်းကပြောသည်။
ဂျွန်ကယ်ရီက နေပြည်တော်ခရီးစဉ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အားလုံးပါဝင်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ မူးယစ်ဆေးဝါးပြဿနာကိုင်တွယ်ဖြေရှင်းရေးနှင့် ပြည်တွင်းအကြမ်းဖက်ပဋိပက္ခများ အဆုံးသတ်ရေးတို့ကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ mandate များကို ဦးသိန်းစိန်က ဆက်လုပ်မည်ဟု ကတိက၀တ်ပြုခဲ့ခြင်းကြောင့် ယခု အိုဘားမား လာရောက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ယခင်စစ်အစိုးရလက်ထက်တွင် အတိုက်အခံများအားလုံးက အသံတစ်ညီတည်း ထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးတို့ ဖြစ်သည်။
ယခုအစိုးရသစ်လက်ထက်တွင်တော့ အဓိကအင်အားကြီးအတိုက်အခံပါတီဖြစ်သည့် ဒီချုပ်ပါတီနှင့် ၈၈ မျိုးဆက်များက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆိုသည်။ တိုင်းရင်းသားအင်အားစုများက ပြည်တွင်းငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုကို တောင်းဆိုသည်။ လက်နက်ကိုင်အင်အားစုများက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုသည်။ တက်ကြွလှုပ်ရှားသူများက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တောင်းဆိုသည်။
သမ္မတအိုဘားမားမလာမီ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် သတင်းမီဒီယာအချို့ကို ဖိတ်ခေါ်တွေ့ဆုံထားသည်။ ထို့ပြင် ကချင်ပြည်နယ်သို့ သွားရောက်၍ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် မြေပြင်အခြေအနေတို့ကို သွားရောက်တွေ့ဆုံလေ့လာထားသည်။
‘‘သံအမတ်ကြီးဒဲရစ်မစ်ချယ်က သူ့သမ္မတကြီးမလာခင်ကတည်းက တွေ့စရာရှိတဲ့လူတွေနဲ့ တွေ့ထားတယ်။ ကဏ္ဍအသီးသီးမှာ စိုးရိမ်မှု ဘာတွေရှိလဲဆိုတာကို သူတို့နားထောင်ထားတယ်ဆိုတော့ အဲဒီအသံတွေလည်း သမ္မတကို စုပို့ပေးမှာသေချာတယ်။ ဒီတော့ နေပြည်တော်မှာ မြန်မာနဲ့ပတ်သက်တဲ့ မိန့်ခွန်းကတော့ ပြည်တွင်းအခြေအနေတွေကို အားလုံးထင်ဟပ်အောင် ပြောပေးမယ်လို့တော့ ယုံကြည်တယ်။ ယူဆတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ သံတမန်ရေးအရတော့ ကျွန်မတို့ တက်ကြွလှုပ်ရှားသူတွေလိုတော့ ပြောချင်မှပြောမှာပေါ့’’ဟု အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ ဒေါ်ခင်လေးက ပြောကြားသည်။
သို့သော် သမ္မတအိုဘားမားမလာမီ ဦးအောင်သောင်းကို ပိတ်ဆို့မှုစာရင်းထဲ ထည့်ပြလိုက်သည့်အတွက် အမေရိကန်က မြန်မာအစိုးရ၏ တစ်ဖက်သတ်စကားကိုပဲ မျက်စိမှိတ်ယုံကြည်နေခြင်းမဟုတ်ဟု အိုဘားမားက ပြသလိုက်သည်ဟု ယုံကြည်ကြောင်း ဒေါ်ခင်လေးက ဆက်လက်ပြောကြားသည်။
အိုဘားမား သမ္မတကျမ်းသစ္စာကျိန်ဆိုသည့် မိန့်ခွန်းတွင် အာဏာရှင်အစိုးရများထံ သတင်းစကားပါးခဲ့ဖူးသည်။
‘‘ခင်ဗျားတို့ သံလက်သီးဆုပ်ဖြေရင် ကျွန်တော်တို့က လက်ကမ်းပါ့မယ်’’ ဆိုသည့် စကားဖြစ်သည်။
သမ္မတသက်တမ်း ဒုတိယအကြိမ် ရွေးကောက်ခံရပြီး ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာစဉ်ကလည်း ရန်ကုန်တက္ကသိုလ်မိန့်ခွန်းတွင် ဒီစကားကို သူ ပြန်သုံးစွဲခဲ့သည်။ လက်သီးဆုပ်ဖြေပြခဲ့သော မြန်မာအစိုးရကို သူက ထိတွေ့ဆက်ဆံမှုနှင့် ပိတ်ဆို့အရေးယူမှုဟူသည့် (Dual Track) နှစ်လမ်းသွားမူဝါဒဖြင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်လှည့်သည့် အရိပ်အယောင်များ ရှိနေကြောင်း ကုလသမဂ္ဂညီလာခံက မကြာမီတွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အိုဘားမား မိန့်ခွန်းပြောနေစဉ်/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ယခု ဒုတိယအကြိမ် မလာရောက်မီ အိုဘားမားက ဦးသိန်းစိန်ထံ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကိုသာ ၎င်းက ဦးစားပေးပြောခဲ့သည်။ တကယ်တမ်းတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ သတင်းထောက်များ ထောင်ချခံရခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အားမကောင်းသေးခြင်းနှင့် တရားဥပဒေစိုးမိုးရေး စသည့် ပြဿနာပေါင်းများစွာ ရှိနေသည့်အထဲမှ  ယင်းနှစ်ချက်ပဲ ပြောခြင်းမှာ ရုပ်ပြဆန်လွန်းကြောင်းလည်း အိုဘားမားအပေါ် အချို့ကဝေဖန်သည်။
‘‘မြန်မာနိုင်ငံရဲ့ လတ်တလော အကျပ်အတည်းကြီးနှစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းပဲ။ ဖွဲ့စည်းပုံအကျပ်အတည်းကို မဖြေရှင်းနိုင်သရွေ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အခြေခိုင်တဲ့ဘက်ကို ဦးတည်ပြီလို့ ပြောဖို့ခက်ပါတယ်။ အဲဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးရေးက အရေးကြီးပါတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ခရီးပေါက်ဖို့၊ အချိန်ဇယားနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အမေရိကန်အစိုးရအနေနဲ့ ထိထိရောက်ရောက် ဖိအားပေးဆောင်ရွက်နိုင်ဖို့ လိုပါတယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုသည်။
ပထမတစ်ခေါက်ခရီးစဉ်က ခြောက်နာရီသာဖြစ်၍ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နာရီဝက်ခန့်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆယ့်ငါးမိနစ်ခန့်သာ တွေ့ဆုံခဲ့ရသည်။ ယခုတစ်ခေါက်တွင် ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဘာသာရေးခေါင်းဆောင်များနှင့် သမ္မတအိုဘားမား တွေ့ဆုံရန်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
‘‘အိုဘားမားက ၂၀၁၅ ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်ဖြစ်စေချင်ရင် ဖွဲ့စည်းပုံပြင်ပေးဖို့ တိုက်တွန်းရမယ်။ ဖွဲ့စည်းပုံဆိုတာမှာ အဓိကကျတာက ပုဒ်မ ၄၃၆ ကိုပြင်မှပဲ ရွေးကောက်ပွဲကအဓိပ္ပာယ်ရှိမှာ။ ဒါကြောင့် ၄၃၆ ပြင်ဆင်ရေးကို အားလုံးဝိုင်းလုပ်ဖို့ တိုက်တွန်းပေးစေချင်တယ်။ ဒုတိယအရေးကြီးဆုံးက ပြည်တွင်းငြိမ်းချမ်းရေးပဲ’’ ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောသည်။
သို့သော် နိုင်ငံတကာအမြင်တွင်မူ အိုဘားမားသည် ၎င်းအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများအပေါ် သက်သေထူတုံ့ပြန်ရန် မြန်မာအစိုးရအပေါ်ထားသည့် နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး ဖိအားပေးပြောကြားမှုမျိုး ရှောင်လိမ့်မည်ဟု ယူဆကြောင်း အာဆီယံရေးရာကျွမ်းကျင်သူ ထိုင်းသတင်းစာဆရာ မစ္စတာက၀ီက ပြောသည်။
‘‘အိုဘားမားက မြန်မာအပေါ် သူထားတဲ့မူဝါဒအပေါ် အရမ်းဂုဏ်ယူနေတယ်။ သူ အဓိကပြောမှာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုရောက်ဖို့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းကိုပဲ ဦးတည်ပြောလိမ့်မယ်။ တခြားဟာတွေ သိပ်အများကြီး ပြောမယ်မထင်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ်တော့ စောဒကတက်တာ သံသယဖြစ်နေမှာတော့ ရှိကောင်းရှိမယ်။ လူ့အခွင့်အရေးတို့၊ သတင်းလွတ်လပ်ခွင့်တို့ကိုလည်း သူတိုက်တွန်းတော့ တိုက်တွန်းလိမ့်မယ်။ ဒါပေမဲ့ အစိုးရဆီက သူအများကြီးတော့ မမျှော်လင့်ဘူး’’ဟု ဆိုသည်။
ထို့ပြင် အိုဘားမားမှာ နောက်ထပ်သမ္မတသက်တမ်းအတွက်လည်း မျှော်လင့်စရာမရှိတော့သည့်အတွက် မြန်မာနှင့်ဆက်ဆံရေးအပေါ် အမြဲဖိအားပေးနေသည့် အမေရိကန်ကွန်ဂရက်နှင့် အင်အားစုများကို အလွန်ဂရုတစိုက်ပြုလိမ့်မည်ဟု မထင်ကြောင်း ဦးကျော်လင်းဦးက ပြောကြားသည်။
‘‘သူက ဒီသက်တမ်းပဲပြီးရင် မျှော်လင့်စရာမရှိတော့ဘူး။ ဒီတော့ မြန်မာနဲ့ပတ်သက်လို့ ဇာတ်သိမ်းကောင်းကိုပဲ သူလုပ်သွားမှာပါ’’ဟု ၎င်းကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရရေးနှင့် လွတ်လပ်ပြီး တရားမျှတရေးအတွက် အမေရိကန်က တစ်ချိန်လုံးပြောနေရခြင်းမှာ အဓိကအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားသည့် ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး တိုက်တွန်းမှုတစ်ခုဟုပင်မြင်ကြောင်း ကိုနေသန်မောင်က ပြောသည်။
ပြည်သူတစ်ဦးအနေဖြင့် ရွေးကောက်ပွဲတရားမျှတရန်နှင့် ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ရန် အိုဘားမားအနေဖြင့် တိုက်တွန်းသင့်ကြောင်း ယခင်သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ပြောသည်။
‘‘ဒုတိယအရေးကြီးတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်နဲ့အညီ ပြင်နိုင်မလား။ အဲဒါတစ်ခု အဆင်ပြေရင် နိုင်ငံရေးအင်အားစုတွေနဲ့ ထိပ်သီးဆွေးနွေးပွဲကို အားပေးပြီး မကြာခဏလုပ်ပေးဖို့ ထည့်ပြောစေချင်တယ်’’ဟု ၎င်းကပြောသည်။
အရေးကြီးဆုံးအချက်မှာ နိုင်ငံတကာက ၀ိုင်းဝေဖန်နေသည့် ဘင်္ဂါလီ (အိမ်ဖြူတော်က ရိုဟင်ဂျာဟုသာသုံးစွဲ) ပြဿနာကို ပြောကြားသည့်အခါ အိုဘားမားကိုယ်တိုင် မြေပြင်အခြေအနေကို နားလည်လေ့လာပြီးမှသာ အချက်အလက်နှင့် ပြောသင့်ပြီး တစ်ဖက်သတ်ကောက်ချက်မချသင့်ကြောင်း ၎င်းကအကြံပြုသည်။
ယနေ့မှစရေတွက်လျှင် ရက်ပေါင်း ခုနစ်ရက်၊ နာရီပေါင်း ၁၆၈ နာရီကုန်လွန်ပြီးနောက် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် သမ္မတအိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတိယအကြိမ် နှစ်ဦးတည်းသီးသန့်တွေ့ဆုံမှု ထပ်မံပြုလုပ်ပါတော့မည်။ ယင်းတွေ့ဆုံပွဲအပြီးတွင် မြန်မာအစိုးရအပေါ် အမေရိကန်အစိုးရ ဘယ်လိုသဘောထားသလဲဆိုသည့် သတင်းစကားတစ်ခုကို အမေရိကန်သမ္မတအိုဘားမား အဖြေထုတ်ပေးတော့မည်ဖြစ်ပါသည်။
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (နိုဝင်ဘာ ၁၂၊ ၁၃၊ နေပြည်တော်)
-အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က တစ်နှစ်လျှင် နှစ်ကြိမ်ထိပ်သီးအစည်းအဝေးများကို အလှည့်ကျဥက္ကဋ္ဌနိုင်ငံများတွင် ကျင်းပ။
-ပထမထိပ်သီးမှာ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံခေါင်းဆောင်များ သီးသန့်သာဖြစ်ပြီး ဒုတိယအကြိမ်တွင် အမေရိကန်အပါအ၀င် အာဆီယံဆွေးနွေးဖက်ရှစ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်။
-အာဆီယံနှင့် ဆွေးနွေးဖက်သုံးနိုင်ငံ (Asean plus Three) အစည်းအဝေး၊ အာဆီယံ၊ အမေရိကန် အပါအ၀င် အရှေ့အာရှဒေသတွင်း ဆယ့်ရှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး (East Asia Summit)တို့ ကျင်းပ။
-ဒေသတွင်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရှေ့အာရှထိပ်သီးအစည်းအဝေး (East Asia Summit)ကို ကျင်းပ။
-အာရှနှင့် အရှေ့တောင်အာရှတွင် တရုတ်သြဇာနှင့် ပါဝါကြီးထွားလာမှုကို ထိန်းချုပ်ပြီး balance လုပ်နိုင်ရန်နှင့် အမေရိကန်နှင့် အနောက်အုပ်စုတို့အတွက် အာဆီယံကို ဆက်သွယ်ရန် တံခါးပေါက်ဖြစ်သည့် ESA အစည်းအဝေးကို ၂၀၀၅ ခုနှစ်တွင် စတင်ကျင်းပခဲ့။
-ယင်းအစည်းအဝေးတွင် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် အာဆီယံဆယ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှဒေသတွင်းမှ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား စုစုပေါင်း ၁၈ နိုင်ငံ တက်ရောက်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, September 11, 2014

ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿ     နာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂလိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။
‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။
ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။
‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။
နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿ     နာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7Days News၊ ဓာတ်ပုံ- မှူးဇော် Facebook)

Wednesday, September 10, 2014

အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား

Myanmar-Voice-president-Sai
ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ စစ်တွေတွင် အစိုးရ တာဝန်ရှိသူများ၊ ရပိမိရပ်ဖများနှင့် တွေ့ဆုံနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှထလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်လုပ်ဆောင်ရန်’ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက  စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စစ်တွေမြို့မိမြို့ဖများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ေ တွ့ဆုံရာတွင် ယင်းသို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ခါတိုင်းက ဗဟိုကနေ အကုန်လုံးကိုကိုင်ထားတယ်။ တစ်ခုခုရှိရင် အပေါ်က အမိန့်ရမှ၊ အဲလိုမျိုး ကျွန်တော်တို့မသွားစေချင်ဘူး” ဟု ဒုတိယ သမ္မတ စိုင်းမောက်ခမ်းက ဆိုသည်။
မသွားစေချင်သော အကြောင်းအရင်းမှာ အချိန်ကြန့်ကြာပြီး ကိစ္စများမြန်မြန်ဆန်ဆန် မပြီးပြတ်၍ ဖြစ်ကြောင်း၊ ယင်းအစဉ်အလာကို ရပ်တန့်ပစ်ရန်လိုကြောင်း ဒုသမ္မတက ဆိုသည်။
“ မသွားစေချင်တဲ့အကြောင်းရည်ရွယ်ချက်က အဲလို ကျနော်တို့ဖြတ်သန်းလာခဲ့ တာကြာပါပြီ။ တစ်ချို့ကိစ္စတွေ အောက်ခြေမှာ ပြီးပြတ်နိုင်တဲ့ကိစ္စကို အပေါ်ရောက်မှ၊ အောက်ဆင်းရမှနဲ့ လူက သာအသက်ကြီးပြီး ဆုံးရင် ဆုံးသွားနိုင်တယ်။ သူ့ကိစ္စမပြေလည်ဘူးဆိုတာတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိ တဲ့ပြသနာက အောက်မှာ ရှင်းလို့ရရင် ဒီမှာပဲရှင်းစေချင်ပါတယ်။ အပေါ်မှာကတော့၊ ဗဟိုမှာကတော့ ပြသနာပေါင်း သောင်းခြောက်ထောင်ပါ။ အများကြီးပါပဲ။ အသေးစိတ်ကိုမကြည့်နိုင်ပါဘူး” ဟု ဒုတိယသမ္မက ဆိုသည်။
ဒုတိယသမ္မတနှင့်တွေ့ဆုံပွဲတွင် စစ်တွေလူထုအချို့က ဒေသလိုအပ်ချက်များဖြစ်သည့် ကျောင်းကျန်းမာရေး ကိစ္စရပ်များ၊ စစ်တွေဆေးရုံရှိ အအေးခန်း လိုအပ်ချက်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် စည်ပင်သာယာလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်တောင်းဆိုရာ အဆိုပါတောင်းဆိုချက်များအ နက် အောက်ခြေတွင်လုပ်ဆောင်၍ရနိုင်သည့်ကိစ္စရပ်များလည်းပါဝင်နေသည့်အတွက် ယင်းအချက်များကို အောက်ခြေအဆင့်ဖြစ်သော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများနှင့်ဒေသခံများ ဆွေး နွေးညှိနှိုင်းလုပ်ဆောင်သင့်ပြီး သမ္မတအဆင့်ထိတက်ရောက်တောင်းခံနေစရာမလိုကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်မှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းစီးပွားရေးအင်အားတောင့်တင်းကာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ရေးတို့မှာ အဓိက ကျပြီး ပြည်သူလူထုကလည်း အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် စစ်တွေလူထုကိုယ်စားလှယ်အချို့က ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများသည် ဥပဒေနှင့် သွေဖယ်လုပ်ဆောင်ခဲ့သည်များမရှိခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားများကြောင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားသွားရသည့် ကိစ္စရပ်များ မည်သည့်အခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးမှု ပျက်ပြားတဲ့ဒေသတွေကိုသာ တရားဥပဒေစိုးမိုးအောင်လုပ် ပေးပါ။ နိုင်ငံတော်အ ဆင့်စီမံချက်တွေကို ပုန်ကန်တဲ့လူတွေ၊ နိုင်ငံတော်အဆင့် သန်ခေါင်းစာရင်း ကောက်ယူမှုတွေကို ဖီဆန် တဲ့လူတွေ၊ နိုင်ငံတော် မှာမရှိဘူးလို့ ပြောတဲ့တိုင်းရင်းသားတစ်မျိုးရဲ့ နာမည်ကို အမြဲတမ်း ထုတ်ဖော် ပြောနေကြတဲ့လူတွေကို တရား ဥပဒေစိုးမိုးရေးအရ ပြတ်ပြတ်သားသားလုပ်ပေးပါလို့ ကျွန်တော် စစ်တွေမြို့မိမြို့ဖကိုယ်စား သမ္မတကြီးကို အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်လို့ ကျွန်တော်က တောင်းဆိုခဲ့ပါတယ်”ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ဖွံ့ဖြိုးမှုနောက်ကျနေသောရခိုင်ပြည်နယ်၏ဆင်းရဲမှုနှုန်းမှာ ၂ဝဝ၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း UNDP ၊ Unicef နှင့် စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၁၆ မြို့နယ်၊ အိမ်ထောင်စုပေါင်း ၁၈၆ဝဝ ခန့်တွင် ကောက်ယူခဲ့သည့်စစ်တမ်းတွင်ဖော်ပြထားပြီး အဆိုပါဆင်းရဲမှုနှုန်း ၃၈ ရာခိုင်နှုန်းကို ၂ဝ၁၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိ ထက်ဝက်ကျအောင် ကြိုးစား ဆောင်ရွက်သွားမည်ဟု ကုလသမဂက ထောင်စုနှစ်ရည်မှန်း ချက်အဖြစ်ရည်ရွယ်ထားကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက ဆိုသည်။
Myanmar-Voice-president-Sai
၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းဖြစ်လာခြင်းက ရာခိုင်နှုန်းကျမသွားသည့်အပြင် ထိုးတက်လာသည်ကိုလေ့လာသိရှိရကြောင်း ယင်း က ဆက်လက်ပြောသည်။ သို့သော် ရည်မှန်းထားသည့်အတိုင်း ၁၉ ရာခိုင်နှုန်းဖြစ်လာအောင် ကြိုးစားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာစိုင်းမောက်ခမ်းက ကတိပြုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၃ ရက်ကြာအလည် အပတ် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီအပါအဝင် ပြည်ထောင်ဝန်ကြီးအချို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူအချို့တို့လိုက်ပါ လာခဲ့ကြသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ကိုလှည့်လည်ကြည့်ရှုကြပြီး စစ်တွေလူထုနှင့်တွေ့ဆုံခဲ့ကာ ယင်းနေ့နေ့လယ်ပိုင်းတွင် ပုဏားကျွန်းမြို့သို့သွားရောက်ကာ စက်မှုဇုန်တည်ဆောက်မည့်နေရာသို့သွားရောက်ကြည့်ရှုခဲ့သည်။ ယင်း နောက် စစ်တွေသို့ပြန်လာပြီး စစ်တွေမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုကယ်ဆယ်ရေး စခန်းနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများဖြစ်သော ဒါးပိုင်နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ခဲ့ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
၎င်းအဖွဲ့သည် စက်တင်ဘာ ၄ ရက်နေ့တွင် မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့သွားရောက် ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, April 7, 2014

နိုင်ငံတကာ NGO အဖွဲ့တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုလ တိုက်တွန်း

unhcr-rakhine-305.jpg
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က လူတစ်စုရဲ့ ဝင်ရောက် ဖျက်ဆီးခြင်းခံရတဲ့ စစ်တွေမြို့က UNHCR ဂိုထောင် ကိုတွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးနဲ့ အဆောက် အအုံတွေ ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မတ်လ ၃ဝ ရက် တနင်္ဂနွေနေ့က သမ္မတဦးသိန်းစိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြား တိုက်တွန်းခဲ့တာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်အောင် လုပ်ဆောင် ခဲ့သူတွေ အပြစ်လွတ်နေတာမျိုး လုံးဝမဖြစ် သင့်ကြောင်း၊ ပြည်သူအားလုံးကို အကာအကွယ်ပေးပြီး၊ တရား ဥပဒေ အပြည့်အဝစိုးမိုးမှုရှိဖို့လိုအပ်ကြောင်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တယ်လီဖုန်းက တဆင့် တောင်းဆိုခဲ့ပါတယ်။
စစ်တွေမြို့မှာ မကြာခင်က သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့ အနေနဲ့ အိမ်တိုင်းမှာ သာသနာ့ အလံ လွှင့်ထူထားကြစဉ်အတွင်း၊ ဂျာမနီအခြေစိုက် INGO အဖွဲ့တစ်ဖွဲ့က ငှားရမ်းပြီး ရုံးခန်းအဖြစ်ဖွင့်လှစ်ထား တဲ့ အဆောက်အဦးမှာ လွှင့်ထူထားတဲ့အလံကို အဖွဲ့တာဝန်ရှိသူတစ်ဦးကပြန်ဖြုတ်ခဲ့ရာကနေ ပဋိပက္ခ ဖြစ်ပွားခဲ့ တာပါ။ ပဋိပက္ခအတွင်း ကုလသမဂ္ဂ နဲ့ INGO အဖွဲ့ တွေရဲ့ ရုံးခန်း နဲ့ ရုံးသုံးပစ္စည်းတွေ၊ ဆေးဝါးနဲ့ တခြား ကူညီရေး ပစ္စည်းတွေ သုံလှောင်ရာ ဂိုထောင်တွေ ဖျက်ဆီးခံခဲ့ရပြီး၊ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဘေးလွတ် ရာခေါ်ယူစောင့်ရှောက်ပေးခဲ့ရပါတယ်။ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှု တွေကို ကြိုဆိုကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး၊ လူ့အခွင့်အရေး အခြေ အနေ တွေကလည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အင်နဲ့အားနဲ့ ရှိနေအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ လက်ရှိသန်းခေါင်စာရင်း ကောက်ယူမှုနဲ့ပတ်သက်ပြီး  မတူကွဲပြားတဲ့ လူမျိုးစုတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် အေးအေးချမ်းချမ်းနဲ့ သတိထားဆောင်ရွက်ဖို့၊ နည်းပညာ နဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ  နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ  ဆောင်ရွက်မယ်လို့မျှော်လင့်ကြောင်း၊ လည်း ပြောပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ကုလသမဂ္ဂအနေနဲ့ အပြု သဘော နဲ့ဆက်လက်ကူညီ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- RFA)

စစ်တွေရုန်းရင်းဆန်ခတ်မူ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးမည်ဟုဆို

Malteser Internationa
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နေ့ ညနေမှ စတင်ပြီး ဖြစ်ပွားခဲ့သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးသွားမည်ဟု သိရသည်။
ထိုသို့ စစ်ဆေးမည် ဖြစ်ကြောင်းကို မတ်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
(ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရပိုင် သတင်းစာများတွင် မတ်လ ၂၈ ရက်နေ့ကသတင်းရေးသာ ဖေါ်ပြချက်မှာ  အောက်ပါအတိုင်း ဖြစ်သည်။)
Malteser International အဖွဲ့က ငှားရမ်းထားသည့် စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရှီလမ်း အိမ်အမှတ် (ဂ ရ/ ၁၄၅)ဦးအေးထွန်နးစိန်ပိုင် နေအိမ်အား ဒေသခံပြည်သူ ၅၀ ခန့်က မတ် ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ခဲများဖြင့်ပစ်ပေါက်ခဲ့ကာ ထျက်ဆီးခဲ့ကြပြီး အခြားနိုင်ငံခြားသားများ တည်းခိုသည့်နေရာများကိုလည်း အလားတူ ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်နယ် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နာယကဆရာတော်နှင့် သံဃာတော်များက ဝိုင်းဝန်းထိမ်းသိမ်းခဲ့ကြသဖြင့် ည ၁၁ နာရီခွဲတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်၊ မင်းဘာကြီးလမ်း အိမ်အမှတ် မဘ/ ၁၉၉ အား အိမ်ပိုင်ရှင် ဖြစ်သူ ဦးထွန်းထွန်းဝင်းက Malteser International အဖွဲ့အား ဌားရမ်းထားခဲ့ပြီး ယင်းအဖွဲ့၏ စီမံကိန်း ညှိနိုင်းရေးမှူး အမေရိကန် နိုင်ငံသူ Mrs. Yvonne Dunton က ဂိုဒေါင်အဖြစ် အသုံးပြုလျှက် ရှိစဉ် အိမ်ရှင် ဦးထွန်းထွန်းဝင်းက အိမ်အပေါ်ထပ် ၀ရန်တာတွင် သာသနာ့အလံ လွှင့်ထူခဲ့ကြောင်း၊ မတ်လ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် Mrs. Yvonne Dunton ကအဆိုပါ ဂိုဒေါင်သို့ လာရောက်ပြီး သာသနာ့အလံအား ဖြုတ်သိမ်းသွားသည်ကို လမ်းသွားလမ်းလာများက တွေ့မြင်သွား၍ ည၈ နာရီအချိန်ခန့်တွင် ယင်းဂိုဒေါင်သို့ ဒေသခံပြည်သူများ ရောက်ရှိလာခဲ့ပြီး Mrs. Yvonne Dunton အား ထုတ်ပေးရန် ၀ိုင်းဝန်းပြောဆိုကြသဖြင့် ၎င်းသည် ဂိုဒေါင်မှ ၎င်းနေထိုင်သည့် ဂေါက်ရှီလမ်း အိမ်အမှတ် ဂရ/ ၁၄၅ ဦးအေးထွန်းစိန်၏ နေအိမ်သို့ တိမ်းရှောင်သွားခဲ့ရာ လူ ၅၀ခန့် နောက်မှလိုက်ပါသွားကြောင်း၊ အဆိုပါ ဒေသခံများက ၎င်း၏ အိမ်သို့ ရောက်ရှိလာကာ ၎င်းနှင့် ၎င်း၏ ခင်ပွန်းအား ထုတ်ပေးရန် ပြောဆိုရာ နေအိမ်ခြံစည်းရိုး သော့ခတ်ထားသဖြင့် ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များ ရောက်ရှိလာပြီး လူအုပ်စုများအား လူစုခွဲကာ အမေရိကန်နိုင်ငံသူနှင့် ခင်ပွန်းတို့အား မော်တော်ယာဉ်ဖြင့် ပြည်နယ်ရဲအထူတပ်ဖွဲ့ဝင်းရဲရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံများသည် ည ၁၀ နာရီခန့်တွင် လူ ၃၀၀ ခန့်အထိ စုစည်းမိပြီး အခြားနိုင်ငံခြားသားများ တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းတန်းလမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ဦးပန်းသာနေအိမ်၊ ဂေါက်ရှီလမ်းရှိ ဦးကျော်သန်းနေအိမ် Malteser ရုံး၊ ဦးဥတ္တမလမ်းရှိ ဦးသန်းအောင်နေအိမ် MSF အဖွဲ့နေရာ၊ ဂေါက်ရှီလမ်းရှိ ဦးတင်လိုင်နေအိမ် MSF ရုံး၊ ဦးဥတ္တမလမ်းရှိ ဒေါ်သန်းသန်းမြင့် နေအိမ် Malteser အဖွဲ့တို့အား လိုက်လံဖျက်ဆီးခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်သည် စစ်ကဲလမ်းရှိ နိုင်ငံခြားသားများ နေထိုင်သည့် မောင်သိန်ထွန်းနေအိမ် Solidarities အဖွဲ့နေအိမ်နှင့် OXFAM အဖွဲ့ နေအိမ်တို့အား ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးနေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အချက် ၁၀၀ ခန့် သတိပေး ပစ်ခတ်ခဲ့ရာ ည ၁၂ နာရီတွင် လူစု ကွဲသွားခဲ့သည်။
အလားတူ မတ်၂၇ရက် နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် ဒေသခံပြည်သူ၂၀၀ခန့်သည် တုတ်များ ခဲများ ကိုင်ဆောင်ပြီး ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ICRC အဖွဲ ငှားရမ်းနေထိုင်သော နေအိမ်အား ဝိုင်းဝန်းပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ်တံခါးများပျက်စီးပြီး တိုယိုတာယာဉ်တစ်စီး မှန်ကွဲခဲ့သဖြင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ငါးချက်ခန့် သတိပေးပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် လူစုကွဲသားကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် ဒေသခံ ၂၀ ခန့်က ပြည်တော်သာရပ်ကွက်တွင် ဖွင့်လှစ်ထားသော OCHA ရုံးအားလည်းကောင်း ၊ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်က ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံထဲရှိ WFP ဂိုဒေါင်အားလည်းကောင်း တုတ်များ ၊ ခဲများကိုင်ဆောင် ပစ်ပေါက်ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေတန်ဖြင့် ၁၅ ချက် ခန့် သတိပေး ပစ်ခတ် လူစုခွဲခဲ့ရသည်။
ထိုသို့ဖြစ်ပွားးခဲ့မှုများကြောင့် စစ်တွေမြို့ရှိရဲရိပ်သာတွင် နိုင်ငံခြားသား ၃၂ ဦး ၊ မြန်မာနိုင်ငံသားဝန်ထမ်း ၃၉ ဦး စုစုပေါင်း ၇၁ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပြီး လုံခြုံရေးဆောင်ရွက်ပေးထားကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများအတွက် လုံခြုံရေးအား ရဲတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ် ၊ ခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စစ်တွေမြို့စည်းကမ်းထိန်းသိမ်းရေး နာယက ဆရာတော် သံဃာတော်များက လူအုပ်စုများအား အကြမ်းမဖက်ရန် ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ပေးချက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပါတ်သတ်ပြီး နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ည်းစစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီးလိုအပ်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ဖေါ်ပြထားပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့ နိုင်ငံတကာ အန်ဂျီအိုရုံးခန်းတွေ တိုက်ခိုက်ခံရမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

unhcr-rakhine-305.jpg
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က လူတစ်စုရဲ့ ဝင်ရောက် ဖျက်ဆီးခြင်းခံရတဲ့ စစ်တွေမြို့က UNHCR ဂိုထောင် ကိုတွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့သူတွေနဲ့ ဖျက်ဆီးခဲ့ ကြသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက် ပါတယ်။
အဲဒီအဖွဲ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန လေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေ၀င်း၊ နိုင်ငံတော်သမ္မတ ဥပဒေအကြံပေး ဦးစစ်အေးတို့ဖြစ်ပြီး Myanmar Egress က ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦး က သူတို့ငှားရမ်းထားတဲ့ အိမ်တစ်လုံးမှာ လွှင့်ထူထားတဲ့ သာသနာ့အလံကို ဖြုတ်ချရာက ဒေသခံလူအုပ်စုတွေက မကျေနပ်တဲ့အတွက်အဲဒီ ဖြုတ်ချတဲ့ အမျိုးသမီးနေအိမ်ကို ခဲတွေနဲ့ ပစ်ပေါက်ရာကနေ နောက်ဆက်တွဲ တခြားရုံးခန်းတွေ နေအိမ်တွေကိုပါ လူအုပ်စုတွေက တိုက်ခိုက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တာဝန်တွေကတော့ ပဋိပက္ခဖြစ်စဉ်မှာ ဦးဆောင်ပါဝင်သူတွေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို လာမယ့်ဧပြီလ ၇ ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်သွင်းရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ  ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ ညနဲ့ ၂၇ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ ဖျက်ဆီးခံရတာနဲ့ ရခိုင်အမျိုးသမီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အဲဒီလိုလုပ်ရပ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့လုပ်ရပ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီသဘောထား ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီANP ရဲ့ သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလေ ၂၇ ရက်နေ့က မတည်မငြိမ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဒီဟာကို ဘယ်လိုတည်ငြိမ်အေးချမ်းအောင် လုပ်မလဲဆိုတာပါ၊  ဒီလိုဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ရခိုင်တစ်မျိုးသားလုံးရဲ့ ထိခိုက်စေနိုင်တဲ့ ပုံရိပ်ဆိုးတွေမဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားဆင်ခြင်ပြီးတော့ တစ်ဘက်ကလည်း ဖိအားပေးမှုတွေမလုပ်ဖို့ တစ်ဘက်ကလည်း သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့ အကြောင်းတရားတွေကို ကျနော်တို့ ထောက်ပြထားပါတယ်"
အဲဒီကြေညာချက်ထဲမှာ အဲဒီလိုလုပ်ရပ်ဟာ မငြိမ်သက်မှုဖြစ်စေအောင် ဖန်တီးမှုများပြုလုပ်ပြီး လူမျိုးတစ်မျိုး၏ အားနည်းချက်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ပြင်းထန်စွာရှုံ့ချကြောင်း၊ NGO ၊ INGO အဖွဲ့အစည်းတွေရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ရခိုင်လူမျိုးတွေရဲ့ ပုံရိပ်တွေ ဆိုးဝါးမသွားစေဖို့  အစိုးရက အမြော်အမြင်ရှိစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- RFA)

Wednesday, February 5, 2014

ရခိုင်ပြည်နယ် အေးချမ်းရေး ဝိုင်းပြီးကြိုးပမ်းဖို့ ဒုသမ္မတပြော

unyanwin-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ဆုံကြစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေးနဲ့ အုပ်စုဖွဲ့ရမ်းကားမှုတွေ မပေါ်ပေါက်ဖို့အတွက် ဒေသ ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ လူမှုအဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အခုလိုတိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ဒီဒေသထဲမှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့ အစည်းတွေက ဒီဒေသမှာနေထိုင်နေကြတဲ့ လူမျိုးတွေအားလုံးပေါ့နော်၊ အတူယှဉ်တွဲနေ ထိုင်သွားဖို့ ဥပဒေလေးစားလိုက်နာဖို့ လူအုပ်စုဖွဲ့ ရမ်းကားတာတွေကို ဒါတွေမရှိဖို့အတွက် ဆွေးနွေး ပညာပေးကြပါ၊ စည်းရုံးပါ၊ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် တရားဥပဒေစိုးမိုးမှု ပေါ်ပေါက် လာအောင် ဆောင်ရွက်ပေးဖို့အတွက်ကိုပဲ ကျနော်တို့က မျှော်မှန်းထားပါတယ်”
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကကျသလို ရခိုင်ပြည်နယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ ယုံကြည်စိတ်ချလာတဲ့ အခြေအနေမျိုးအထိရောက်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အစိုးရဝန်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အကျင့်ဟောင်းတွေကို ပြုပြင်ဖို့ လိုအပ်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့လည်း ရပ်မိရပ်ဖတွေနဲ့ စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားသွားပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Monday, February 3, 2014

ဒုသမ္မတ ဦးဥာဏ်ထွန်း ရခိုင်သို့ ရောက်ရှိ

vice president of Burma U Nyan Tunနိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ နံနက်က စစ်တွေမြို့မှ တဆင့်  ကျောက်ဖြူမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်သည်။
ဒုသမ္မတသည် ကျောက်ဖြူမြို့တွင် အထူး စီးပွားရေးဇုန်( Special Economic Zone) ကိစ္စနှင့် ပတ်သက်ပြီး ဒေသအတွင်းမှ အစိုးရ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စက်မူဇုန်အတွင်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
၎င်းအစည်းအဝေးသို့ အထူးစီးပွားရေးဇုန်တွင် ပါဝင်သော သစ်ပုတ်တောင်၊ သစ်တော၊ စည်မော်၊ ကြံချိုင်နှင့် ရှောက်ချောင်းမှ တရွာလျှင် ရွာသား ၅ ဦးကျစီ တက်ရောက်ခဲ့သည်ဟု  ကျေးရွာသားများထဲမှ အစည်းအဝေးကို တက်ရောက်ခွင့်မရခဲ့သူ ကိုထွန်းကြည်က ပြောသည်။
စီးပွားရေးဇုန်အတွင်းမှ ကျေးရွာသားများနှင့် တွေ့ဆုံမည့်နေရာတွင် ကျေးရွာသား အစစ်အမှန်များကို ဒေသ အာဏာပိုင်များက ခေါ်ယူခြင်း မရှိဘဲ သူတို့နှင့် သင့်မြတ်သူ လက်သင့်ရာကို ခေါ်ယူပြီး ဒုသမ္မတနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သဖြင့် ကျေးရွာသားများအကြားမကျေမနပ်မူများ  ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောသည်။
အစည်းအဝေးအား ဓည၀တီ ရေတပ်စခန်းရှိ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး ဒုသမ္မတမှ အထူးစီးပွားရေးဇုန်ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
 (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 22, 2014

ဘင်္ဂါလီများ အသတ်ခံရသည် ဟူသော သတင်းများမှာ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ဟု သမ္မတရုံး ညွှန်မှူးဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကင်းလှည့်ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး တစ်ဦး ဘင်္ဂါလီများ တိုက်ခိုက်ခံရပြီး ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်ကို ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု သတင်းမှားများ ဖန်တီးခဲ့ခြင်းသည် ပြည်တွင်းပဋိပက္ခ များကို မြင့်တက်စေပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု သံသဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသည့် သတင်းကို မြန်မာတိုင်းရင်းသား များက တိုက်ခိုက်၍ ဘင်္ဂါလီများ ဆယ်နှင့်ချီ သေဆုံးသည်ဟု ပြည်ပရောက် ဘင်္ဂါလီများက သတင်းလက်ဦးမှု ရယူကာ နိုင်ငံတကာ မီဒီယာများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ သတင်းမှားများကို ဖြန့်ချိခဲ့ကြောင်း ၄င်းကဆိုသည်။

"သတင်းမှားတွေ ဖြန့်ချိနိုင်ခဲ့တဲ့ လျင်မြန်မှုကို ကြည့်ရင် ဘယ်လောက်အထိ စနစ်တကျ စီမံထားနိုင်သလဲ ဆိုတာ တွေ့ရှိရပါတယ်" ဟု ဦးဇော်ဌေးက သုံးသပ်သည်။

သတင်းမှား များကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရဲတပ်ကြပ်ကြီးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု သတင်း ပျောက်ကွယ်သွားသည့်အပြင် ဘင်္ဂါလီများ အသတ်ခံရမှုကို စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းလုပ်ရပ်များသည် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်လာချိန်နှင့် တိုက်ဆိုင်နေပြီး ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသည့် သတင်းကို ယင်းသတင်းထက် ကြီးမားသည့် သတင်းမှားနှင့် ဖုံးကွယ်နိုင်ရန် အချိန်ကိုက် စီစဉ်လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ဦး ပါဝင်သည့် အဆိုပါ လုံခြုံရေးအဖွဲ့သည့် ဇန်နဝါရီလ ၁၃ ရက် နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ ရောက်ရှိရာတွင် ဘင်္ဂါလီ များက တိုက်ခိုက်ခံရသဖြင့် ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ၄င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန်သေနတ် တစ်လက် ပျောက်ဆုံး နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

Wednesday, January 8, 2014

နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထား


ပညာရေး အသုံးစရိတ်အနေနဲ့ ယမန်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅.၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၅.၉၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ တိုးမြှင့်သုံးစွဲရန် စီမံဆောင်ရွက် ပေးထားပါတယ်။ မူလတန်းကို အခမဲ့ပညာသင်ကြားခွင့် ဆောင်ရွက်ပေးသကဲ့သို့ အလယ်တန်းကိုလည်း လာမည့် ပညာသင်နှစ်မှာ အခမဲ့ပညာ သင်ကြားခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး အသုံးစရိတ် အနေနဲ့ ယမန်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၃.၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃.၃၈ ရာခိုင်နှုန်းသို့ လည်းကောင်းတိုးမြှင့် သုံးစွဲရန် လျာထားပါတယ်။ ♦ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေး များကိစ္စနှင့် ပတ်သက်၍ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့်ငွေ၊ ဘတ်ဂျက် အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ ပါတယ်။ ဒီလိုနိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးနိုင်ရန် အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ် လာနိုင်သည့် အကျိုးသက်ရောက်မှုများစသည့် အခြေအနေ အကြောင်းအရာများကို စဉ်းစားသုံးသပ် တွက်ချက် ဆောင်ရွက်ခဲ့ပါတယ်။ ♦ ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ယခုလာမည့် ဘဏ္ဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထား ပါကြောင်း ပြောကြားလိုပါတယ်။ [နိုင်ငံတော်သမ္မတကြီး၏ ဘဏ္ဍာရေးကော်မရှင် (၁/၂ဝ၁၄) အစည်းအဝေး ပြောကြားချက်မှ] ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More:http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2014%2F01%2F07%2Fid-5126] 
(မှူးဇော်၏ Facebook မှ ကူးယူဖော်ပြပါသည်)

ဝန်ထမ်းလစာကျပ် ၂ သောင်း တိုးမယ်လို့ သမ္မတပြောကြား

utheinsein-civil-society-75.jpg
လာမယ့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကို လစာ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပြီး၊ ပင်စင်နဲ့ ဆုကြေးငွေကိုလည်း အချိုးကျတိုးပေးမယ်လို့ လျာထားတဲ့အကြောင်း သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ မနေ့မနက်ကပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ရ/သုံး ခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်)အရ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းရရှိမယ့်ငွေက ကျပ်ငွေဘီလီယံ ၁၆၅၄၄ ရှိပြီး၊ ခန့်မှန်းသုံးငွေ စုစုပေါင်းက ကျပ်ငွေဘီလီယံ ၁၉၂၉၅ ရှိနေတဲ့အတွက်၊ လိုငွေက ကျပ်ငွေ ဘီလီယံ ၂၇၅ဝ ရှိတယ်လို့ ဆိုပါတယ်။
ပညာရေးကဏ္ဍအတွက် မနှစ်က စုစုပေါင်းဘတ်ဂျက်ငွေရဲ့ ၅ ဒသမ ၄၃ ရာခိုင်နှုန်းသုံးခဲ့ပြီး၊ အခုနှစ်မှာ ၅ ဒသမ ၉၂ ရာခိုင်နှုန်းသုံးဖို့၊ ကျန်းမာရေးကဏ္ဍအတွက် မနှစ်က ၃ ဒသမ ၁၅ ရာခိုင်နှုန်းသုံးခဲ့ပြီး၊ ဒီနှစ်မှာ ၃ ဒသမ ၃၈ ရာခိုင်နှုန်းကို တိုးမြှင့်သုံးစွဲဖို့ လျာထားတယ်လို့လည်း ပြောဆိုပါတယ်။
ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်လို့တော့ နိုင်ငံတော် သမ္မတက တစုံတရာ ထည့်သွင်းပြောဆိုသွားခြင်းမရှိပါဘူး။
(သတင်းအရင်းအမြစ်- RFA Burmese)

Tuesday, December 31, 2013

နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်း ချမ်းသာခွင့် သမ္မတ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတဦးသိန်းစိန် က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမရှိစေရဘူးလို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ကတိပြုခဲ့တဲ့အတိုင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ကြေညာချက်အရ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ၊  လက်ရှိ အမှုရင်ဆိုင်နေရဆဲသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ ဥပဒေ ပုဒ်မ (၆ )မျိုးနဲ့ အကျဉ်းကျခံနေရသူကို ပြန်လွှတ်ဖို့၊ အဲဒီ ပုဒ်မတွေနဲ့ တရားရုံးတွေမှာ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပြီး တရားရင်ဆိုင်နေရသူ တွေကို ချက်ခြင်းလွှတ်ဖို့၊ စုံစမ်းအရေးယူဆဲ အမှုတွေကို အရေးမယူဘဲနဲ့ ပိတ်လိုက်ဖို့ အမိန့်ထုတ်ပြန်လိုက် တာပါ။
အဲဒီ ဥပဒေ ပုဒ်မ (၆) မျိုးမှာ မတရားအသင်း အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)- နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော် အကြည်ညိုပျက် အောင်ပြုလုပ်မှု၊ ပုဒ်မ (၅)၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ၊  နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွေ ပါဝင်ပါတယ်။
အခုလို သမ္မတဦးသိန်းစိန် ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ကြိုဆို လိုက်ပါတယ်။
" ကျွန်တော်ကြိုဆိုတယ်ခင်ဗျ၊ ကျွန်တော် သဘောထားကတော့ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်သည် အင်မတန် ရှင်းလင်းပြတ်သားတယ်၊ ဘာရှင်းလင်းပြတ်သားလည်းဆို လူရွေးပြီးလွှတ်တာမဟုတ်ဘူး၊ ပုဒ်မတွေကို အဓိကညွှန်းပြီးတော့ အဲ့ပုဒ်မနဲ့ အရေးယူထားတဲ့သူ အကုန်လုံးလွှတ်စေဆိုပြီး အမိန့်ပေးလိုက်တဲ့ အတွက် ဒီဟာကို သေသေချာချာ လေးလေးနက်နက် ထောက်ခံပြီးကြိုဆိုတယ်၊ ဒီဟာမျိုးကမှ နိုင်ငံရေးသမားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့်လို့ခေါ်ပါတယ်"
ဒါပေမဲ့ နိုင်ငံရေး နဲ့ ပတ်သက်ပေမဲ့ တခြားဥပဒေ ပုဒ်မတွေ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူတွေ အတွက် စဉ်းစားစရာရှိနေကြောင်းလည်း ဦးကိုနီက ထောက်ပြပါတယ်။
" ဒီပုံစံအတိုင်းဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသား မကျန်သလောက်ဖြစ်သွားမယ်၊ သို့သော် ပြောစရာတစ်ခုရှိတာက အဲ့ဒီပုဒ်မ ၆ ခုမဟုတ်ပဲနဲ့ နိုင်ငံရေးသမားတွေကို အခြားပုဒ်မတွေနဲ့ အပြစ်ပေးထားတယ်ဆိုရင်တော့ အဲ့လူတွေကတော့ ပါအုံးမှာမဟုတ်သေးဘူး၊ အခုဟာက ကျွန်တော်တို့က ပုဒ်မကိုပဲ ကြည့်ပြောလိုက်တာကို ၆ မျိုးပါတယ်၊ အဲ့ ၆ မျိုးကတော့မှန်တယ် အဲ့ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတွေ ကြီးပဲ၊ ဒါကြောင့်မို့ ကျွန်တော်တို့ အဲ့ပုဒ်မတွေကြီးပဲ မဟုတ်ပဲ၊ အခြားပုဒ်မနဲ့ အပြစ်ပေးထားတဲ့ လူမျိုးကလွဲရင်တော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်မယ်လို့တော့ အဲ့လိုပြောလို့ရပါတယ်"
အခု ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ပိုင်း ကျူးလွန်တဲ့ ဥပဒေ ပုဒ်မ (၆ )မျိုးပါ ပြစ်မှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စုရေးရာကိစ္စရပ်တွေ လေ့လာဖို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
 ဦးကိုနီနှင့် ဆက်သွယ်မေးမြန်းချက်
(သတင်းအရင်းအမြစ်- RFA Burmese)

ရခိုင်ကျောင်းသား ကိုရဲမင်းဦးနန့် ရခိုင်အကျဉ်းသားတစ်ချို့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နန့် လွတ်မြောက်


ကိုရဲမင်းဦးသမ္မတရုံး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (အမိန့်အင်္မှတ် ၅၁/၂၀၁၃) အရ အင်းစိန်ထောင်မှာ အကျဉ်းကျခံနိန်ရရေ ရခိုင်ကျောင်းသား ကိုရဲမင်းဦး အင်းစိန်ထောင်က ဒေနိန့် မိုးထဖက် ၇ နာရီမှာ လွတ်မြောက်လာဗျယ်ဖြစ်တေလို့ လေးဝတီက သတင်း ရဟိပါရေ။

ကိုရဲမင်းဦးကို သာကေတမြို့နယ်တရားရုံးက ပုဒ်မ ၁၅၃ (က) အမျိုးသားတစ်စုနန့် တစ်စု ရန်ငြိမ်းထား စီအောင် လုပ်တေအမှုကို ရုပ်သိမ်းပြီးကေ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်ညိုပျက်စီရေ အမှုနန့် ပြောင်းလဲတရားစွဲဆိုခံခရရေလို့ ကိုရဲမင်းဦး ရှေ့နေ ဦးကျော်ဟိုးကတစ်ဆင့် သိရပါရေ။

ကိုရဲမင်းဦးကို နာမယ်မသိ လူတစ်စုက ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်က မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီမှာ ဖမ်းဆီးခေါ်ယူလားခစော်ကတစ်ဆင့် အဂုပိုင် ပုဒ်မ ၅၀၅ (ခ)နန့် တရားစွဲဆိုစော်ဖြစ်ပါရေ လို့ သိရပါရေ။ ယင်းနိန့် နောက် တစ်ရက် မတ်လ ၂၆ ရက်နိန့် မိုးထဖက် ၁၁ နာရီ ၁၅ မိနစ်မှာ ဗဟန်း ရဲစခန်းမှာ လူပျောက်မူ အမှတ် (၁၃/၂၀၁၃) နန့် တရားမစွဲခင် တိုင်ကြားထားရေလို့ ကိုခင်မောင်လင်းက တစ်ဆင့်သိရပါရေ။

"ကျွန်တော့်ကို OIC ရုံး မြန်မာနိုင်င့မှာ အခြီစိုက်ဖို့အတွက် ဆန္ဒပြစော်မှာ ပါရေအမှုနန့် အဂုပိုင်ဖမ်းဆီးအရေးယူစော်ဖြစ်ပါရေ။" လို့ ဧပြီလ ၄ ရက်နိန့်က ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်လာရေအခါ ပြောကြားလားခပါရေ။

ဇာပင်ဖြစ်ဖြစ် အဂု လွတ်မြောက်လာဗျယ်ဖြစ်တေအတွက် အတိုင်း မသိဝမ်းသာကြောင်းကို ကိုရဲမင်းဦး အကိုဝမ်းကွဲ ကိုဖိုးသားက "နှစ်သစ်မှာ လူသစ်စိတ်သစ်နန့် လျှောက်လှမ်းနိုင်ဖို့လို့ ယုံကြည် ပါရေ။ ညီချေ လွတ်မြောက်လာဗျယ်ဖြစ်တေအတွက် အတိုင်းထက် မသိ ၀မ်းသာပါရေ။" လို့ လေးဝတီကို ပြောပါရေ။

ရခိုင်အကျဉ်သားတိအနိန်နန့် သံတွဲမှာ ပုဒ်မ ၅၀၅ (ဂ) နန့် ထိန်းသိမ်းခံ RNDP သံတွဲဥက္ကဌ ဦးမောင်ပုနန့် အမျိုးဘာသာ သာသနာ အဖွဲ့ ဦးကျော်ကျော်အပါအ၀င် ၁၁ ဦးရို့လည်း လွတ်မြောက်တေ လို့သတင်းရဟိပါရေ။

(အေသတင်းကို Arakan Laywaddy ကနိန်ကူးယူဗျာလ် ဖော်ပြခြင်းဖြိုက်ပါရေ။)