Showing posts with label တွေ့ဆုံဆွေးနွေးပွဲ. Show all posts
Showing posts with label တွေ့ဆုံဆွေးနွေးပွဲ. Show all posts

Thursday, January 29, 2015

ရခိုင်စာသူငယ်တန်း သင်ရိုးပြုစုရေး အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင်ပြုလုပ်

UNICEF, Australian Aid, EU, UK Aid, Myanmar
ရခိုင်စာ သူငယ်တန်း သင်ရိုးပြုစုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ မင်းသူရိယခန်းမတွင် ဇန်န၀ါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်စာ သင်ရိုးညွန်းတမ်းပြုစုရေး ကော်မီတီ ဥက္ကဌ ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးလှသိန်း၊ ရခိုင်စာပေပညာရှင်များ၊ ရခိုင်စာရေးဆရာများ၊ ရခိုင်စာသင်ရိုးပြုစုရေး မြို့နယ်ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ခန့်တက်ရောက်ပြီး ဆွေးနွေးနွေးခဲ့ကြသည်။
သူငယ်တန်းနှင့် မူလတန်းပညာကို သင်ကြားရာတွင် မိမိမိခင်ဘာသာစကားဖြင့် သင်ကြားလျှင် တတ်မြောက်ရန် လွယ်ကူသောကြောင့် တိုင်းရင်းသားများ အတွက် မိမိတို့၏ ဘာသာဖြင့် သင်ရိုးညွှန်းတမ်း ပြုစုရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။
“တိုင်းရင်းသား လူမျိုးတွေ အတွက် မြန်မာစာကို သင်ယူတဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ သူငယ်တန်းနဲ့ မူလတန်းအတွက် မိမိ မိခင်ဘာသာနဲ့ သင်တာ ပိုပြီးတတ်မြောက် လွယ်ကူတယ်ဆိုပြီး သုတေသနပြုသူများရဲ့ တွေ့ရှိချက်အပေါ်မူတည်ပြီး တိုင်းရင်းသား အလိုက် မိမိတို့ စာနဲ့ သင်ကြားနိုင်ဖို့အတွက် ဒီလိုမျိုးသင်ရိုးတွေ ပြုစုရခြင်းဖြစ်ပါတယ်”ဟု လူမှုရေးဝန်ကြီးက ပြောသည်။
ပုဂံခေတ်ကတည်းက ပျူလူမျိုး၊ ပျူနိုင်ငံဆိုပြီး ပေါ်ပေါက်ခဲ့ပြီး၊ ပျူဘာသာစာကို တွေ့ရှိရသော်လည်း ပျူလူမျိုးကို ရှာမတွေ့ရတော့ကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။
သူက ဆက်လက်၍ “ရခိုင်လူမျိုးတွေ ဂုဏ်သိက္ခာရှိရှိ အဓွန့်ရှည်တည်တံ့နိုင်ဖို့အတွက် ဆိုရင် ရခိုင်စာပေ၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်းကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ မိဘဘိုးဘွားအမွေကို ထိန်းသိမ်းပြီး မိမိတို့လက်ထက်မှာ ပိုပြီးတိုးတက်အောင် လုပ်ဖို့ တာဝန်ရှိတယ်။ ဒါမှ လူသားအဖြစ် တာဝန်ကျေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်စာသင်ရိုးပြုစုရေး ကော်မီတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင်ကလည်း ရခိုင်စာပေပညာရှင်များ အားလုံးလက်ခံသည့် ရခိုင်စာ သင်ရိုးတစ်ခု ရရှိရန် အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း၊ တစ်ဖွဲ့က ၏-သည် စကားလုံးကို စာပိုဒ်တစ်ခု၏ အဆုံးတွင် အသုံးပြုမည်၊ နောက်တစ်ဖွဲ့က  ရေ- တေ စသည့် စကားလုံးကိုအသုံးပြုမည်စသည်ဖြင့်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း နောက်ဆုံး နှစ်မျိုးစလုံးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ရသည်ဟု ပြောကြားသည်။
“ယခုပြုစုထားတဲ့ဖတ်စာသုံးအုပ်ဟာတစ်သက်လုံးသုံးသွားမယ့်ဖတ်စာအုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ ပြည့်စုံလုံလောက်တဲ့ စာအုပ်လို့ မယူဆ နိုင်သေးပါဘူး။ ယာယီပြုစုထားတဲ့ စာအုပ်သဘောလည်း ဖြစ်နိုင်တယ်။ အများလက်ခံနိုင်တဲ့ စာအုပ်ဖြစ်အောင်  တဆင့်ပြီး တဆင့် ပြုစုမှ သာ သင့်တော်တဲ့ စာအုပ်ဖြစ်လာမှာပါ” ဟု ကော်မီတီ အတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
တိုင်းရင်းသားစာပေ ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်ပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ စံလှကျော်က ယခုလို ပြောကြားသည်။
(၁) မည်သည့်လူမျိုးစုဖြစ်စေ မိမိတို့၏ ရိုးရာစာပေ၊ ဘာသာစကားကို ဖွံ့ဖြိုးအောင် လုပ်ပိုင်ခွင့်ရှိသည်။
(၂) လူမျိုးအသီးသီး၏ ဘာသာစကားနှင့် စာပေသည် မိဘရိုးရာ ဘိုးဘွားအမွေအနှစ်ဖြစ်သောကြောင့် တန်ဖိုးမဖြတ်နိုင်သော အလွန်တရာတန်ဖိုးရှိသော ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သောကြောင့် ထိန်းသိမ်းရန် တာဝန်ရှိသည်။
(၃) ကလေးများကို စာပေသင်ကြားရာ၌ စာသင်စအရွယ်တွင် မိခင်ဘာသာစကားဖြင့် သင်ကြားခြင်းသည် အထိရောက်ဆုံးနှင့် တတ်ရန်အလွယ်ကူဆုံးဆိုသည့် အချက်များအပေါ်တွင် မူတည်ပြီး တိုင်းရင်းသား စာပေများကို ဖေါ်ထုတ်ရန် ဖြစ်ပေါ်လာရခြင်း ဟုဆိုသည်။
UNICEF, Australian Aid, EU, UK Aid, Myanmar
ယခုအလုပ်ရုံဆွေးနွေးပွဲသည် သူငယ်တန်းသင်ရိုး တစ်ခုတည်းအတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး သူငယ်တန်း ငါးနှစ် အရွယ်နှင့်သင့်တော်မည့် စကားဝှက်၊ အရွေ့ကဗျာ၊ စကားပုံ၊ သင့်တော်သည့် ရိုးရာပုံပြင်များကို ရှာဖွေစုဆောင်း အသုံးပြုသွားမည်ဟု သိရသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် UNICEF, Australian Aid ၊ ဒိန်းမတ်နိုင်ငံက တစ်ဖွဲ့၊ EU အဖွဲ့၊ နော်ဝေသံရုံးနှင့် UK Aid တို့မှ ငွေကြေးထောက်ပံ့ ကူညီပေးခဲ့သည်ဟု သိရသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲမှလိုအပ်သည့်အချက်အလက်များရရှိရုံသာမကပိုသောအချက်အလက်များကိုလည်း ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း သင်ရိုးပြုစုရာတွင် ထည့်သွင်း အသုံးပြုသွားမည်ဟု သိရသည်။
နောက်တစ်ခေါက် အလုပ်ရုံဆွေးနွေးပွဲကို မတ်လအတွင်း ပြုလုပ်ရမည်ဖြစ်သော်လည်း ကျောင်းသားများ စာမေးပွဲနှင့် တိုက်ဆိုင်နေသဖြင့် ဧပြီလ သို့မဟုတ် မေလတွင် ပြုလုပ်နိုင်ရန် UNICF နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟုရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဒုဥက္ကဌ ဒေါက်တာစံလှကျော်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်မီဒီယာများ တွေ့ဆုံပွဲ စစ်တွေတွင်ပြုလုပ်

International Media Support  ( IMS)ရခိုင်ပြည်နယ်တွင် သတင်းထောက်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၏ တွေ့ဆုံပွဲ တစ်ခုကို  ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် သတင်းဂျာနယ်တိုက်တွင် ဇန်န၀ါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲကို International Media Support  (IMS)မှကမကထ ပြုလုပ်ပေးခြင်းဖြစ်ပြီး တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်မှ အနှံ့အပြားမှ သတင်းထောက် ၂၀ ခန့်တက်ရောက်ခဲ့သည်။
ဒိန်းမတ်နိုင်ငံ၌ အခြေစိုက်သော IMS သည် နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် သတင်းမီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် လွန်ခဲ့သော သုံးနှစ်တာကာလ ကတည်းက လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင်ရခိုင်မီဒီယာလောကဖွံ့ဖြိုးမှု၊ရင်ဆိုင်နေရသောအခက်အခဲများကိုသုတေသနပြုလုပ်သည့် အနေဖြင့် သတင်းထောက်များ ရင်ဆိုင်ကြုံတွေ့နေရသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်း ခဲ့သည်။
သတင်းထောက်များက ဖြေကြားရာတွင် မစ္စယင်ဟီးလီ ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်သည့်အခါ မစ္စယင်ဟီးလီ၊ ကုလသမဂ္ဂဆုံးဖြတ်ချက် နှင့် ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းကို အစိုးရမီဒီယာ သတင်းဌာနတစ်ခုသို့ ပို့ခဲ့ရာ အသုံးပြုခဲ့ခြင်း မရှိဟု သိရသည်။
တစ်ချို့သတင်းထောက်များက အစိုးရက သတ်မှတ်ထားသော မီဒီယာများ ကျင့်ဝတ်စာအုပ်သည် သတင်းသမားများကို အကာကွယ်ပေးထားသည့် စာအုပ်မဟုတ်သောကြောင့် သဘော မတွေ့ကြဟု ပြောဆိုသည်။
ရခိုင့်အသံဂျာနယ်၏ Voice of Arakan နေရာတွင် Voice of Rakhine အဖြစ်သာ သုံးရန် အစိုးရမီဒီယာ မှတ်ပုံတင်ဌာန၏ ဖိအားပေးခံနေရမှုများကိုလည်း တင်ပြခဲ့ကြသည်။
ယခုတွေ့ဆုံပွဲမှရရှိသော သုတေသန တွေ့ရှိချက်များကို မြန်မာအင်္ဂလိပ် နှစ်ဘာသာဖြင့် အစီရင်စာတစ်စောင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ မြန်မာမီဒီလောကဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် မြန်မာအစိုးရအား ဝေဖန်ထောက်ပြမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိသတင်းထောက်များသည် သတင်းထောက်သင်တန်း တက်ရောက်နိုင်ရန် အခွင့်အလမ်း နည်းပါးနေသည်ကို တွေ့ရှိနေရသည်ဟု ယင်း International Media Support မှ တာဝန်ရှိသူ Mr Glen Swanson က မှတ်ချပေး ပြောကြားသွားခဲ့သည်။
International Media Support မှ ရန်ကုန်၌ သတင်းသမားများ တွေ့ဆုံနိုင်ရန် မီဒီယာ စာအုပ်စင်တစ်ခုကို ပြုလုပ်ပေးထားပြီဖြစ်ပြီး၊ မန္တလေးမြို့တွင်လည်း အလားတူမီဒီယာ စာအုပ်စင်တစ်ခုကို မကြာမီ ပြုလုပ်ပေးသွားမည်ဖြစ်ကာရခိုင်ပြည်၌လည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ယင်းမီဒီယာ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်သတင်းဂျာနယ်မှ သတင်းထောက်များ၊ နိရဉ္စရာဂျာနယ်မှ သတင်းထောက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်မှ သတင်းထောက်များ၊ ရခိုင့်အသံမှ သတင်းထောက်များ၊ အခြားမြန်မာ ပုဂ္ဂလိက သတင်းဌာန နှင့် အစိုးရသတင်းဌာနများတွင် လုပ်ကိုင်နေသော သတင်းထောက်များ၊ Sky Net ရုပ်သံမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
International Media Support သည် မြန်မာနိုင်ငံမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် UNESCO၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်မှ Journalism Department နှင့် Data Collection Team များနှင့် လက်တွဲ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 1, 2015

သဘာဝသယံဇာတပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို သမ္မတက တိုးတက်စေလို

DSC01367
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်လူထုနှင့် တွေ့ဆုံစဉ် သဘာဝသယံဇာတ ပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည်ဟု နိုင်ငံတော် သမ္မတက ပြောဆိုသွားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင်  ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသ ၃ ခုရှိရာ ချင်းပြည်နယ် ပထမ၊  ရခိုင်ပြည်နယ်က ဒုတိယနှင့် ကယားပြည်နယ်က တတိယဖြစ်ကြောင်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်တွေ လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတမှ သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“ ချင်းပြည်နယ်နှင့် ကယားပြည်နယ် ဆင်းရဲရခြင်းမှာ သဘ၀သယံဇာတ ထွက်ရှိမှု မရှိတာက အခြေခံ အကြောင်းအရင်း ဖြစ်တယ်။ သို့ပေမယ့် ရခိုင်ပြည်နယ်ကတော့ သဘာဝသယံဇာတ ပေါများလျှက်၊ ပင်လယ်ဆိပ်ကမ်းများရှိပါလျှက်နှင့် ဆင်းရဲနေရတယ်” ဟု သမ္မတက ပြောဆိုသည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့မှာ အလွန်အရေးပါကြောင်း၊ သို့အတွက် နိုင်ငံတော်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရန် ကြိုးစား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတမှ ယခုလို ပြောဆိုသည်။
“တိုင်းပြည် တစ်ခုတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးဟာ အထူးအရေးပါ ပါတယ်။ တရုတ်စကားပုံ တစ်ခုရှိတယ်။ ဖွံ့ဖြိုးတိုးတက်စေချင်လျှင် လမ်းဖေါက်ပါတဲ့။ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီ၊ လျှပ်စစ်မီးလည်း ရရှိလာပြီဖြစ်တဲ့ အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကို လုပ်ဆောင် လာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု  ပြောသည်။
စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲသို့  ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ အမျိုးသမီး ကိုယ်စားလှယ် များနှင့်  စစ်တွေမြို့မှ ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မိန်းခွန်းပြောကြားခဲ့ရာ  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမည်ဟု ပြောဆိုသည်။
“ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်လုံခြုံမှုများဟာ အပြည့်အ၀နီးပါး ရရှိနေပါပြီ။ တည်ငြိမ်မှ ဖွံ့ဖြိုး တိုးတက်မှုရှိမယ် ဆိုပေမယ့် ရခိုင်ပြည်နယ် အတွက်ကတော့ ဖွံ့ဖြိုးတက်မှ တည်ငြိမ်မှုရှိလာမှာပါ”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
သူကဆက်လက်၍ ၄င်းလက်ထက်တွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းကြီးများမှာ ပုဏ္ဏားကျွန်းစက်မှုစီမံကိန်း၊ ရသေ့တောင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးစီမံကိန်း၊ မြောက်ဦး ဟိုတယ်စီမံကိန်းနဲ့ ဒေသခံလူမျိုးတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးလုပ်များကို ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားသည်။
ရခိုင်တစ်ပြည်နယ်လုံး မီးလင်းရေးနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့ မဟာဓါတ်အားလှိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့ပြီး၊ မြောက်ဦးမြို့သို့ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး လျှင်စစ်မီး ထုတ်လွှတ်မည်ဟု ပြောသည်။
လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဓါတ်အားသုံးစွဲမှုပမာဏမှာ ၃၃၀၀၀ မီဂါဝတ် ရှိပြီး မြန်မာနိုင်ငံမှာမူ ၂၅၀၀ မီဂါဝတ်သာရှိသေးကြောင်း၊ မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးအတွက် နောက်ထပ် ၁၂ ခန့် ကြာဦးမည်ဟု သိရသည်။
သို့သော် သံလွင်မြစ်တွင် ရေကာတာတည်ဆောက်ပြီး လျှပ်စစ်ထုတ်လုပ်မည်ဆိုလျှင် မီဂါဝတ် ၄၀၀၀၀ မှ ၆၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ပေါက်တောမြို့နှင့် မြေပုံမြို့နယ်တို့သည်လည်း  ၂၀၁၅ တွင် လျှပ်စစ်မီး ရရှိတော့မည်ဟု ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
DSC01362
ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် ယမန်နှစ်က ၇၈ ဘီလီယံကျပ် အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ၇၂ ဘီလီယံ အသုံးပြုလျှက်ရှိကာ မင်းပြားမြေပုံကို ဆက်သွယ်နိုင်ရန် ကျောက်ခင်းလမ်းအဆင့်ကို ဖေါက်လုပ်ပြီးစီးလျှက်ရှိပြီး၊ ပုဏ္ဏားကျွန်း-ပေါက်တောလမ်းကိုလည်း ဖေါက်လုပ်သွားမည်ဟု သိရသည်။
တွေ့ဆုံပွဲကို မွန်းလွဲတစ်နာရီခွဲခန့်တွင် စတင်ခဲ့ပြီး၊ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
သမ္မတကြီးဦးသိန်းစိန်သည် ယခုတွေ့ဆုံပွဲအား ကျောက်တော်မြို့နယ်ရှိ  မဟာမုနိဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပြီး အပြန်တွင် ပြုလုပ်ခဲ့သည်။ သမ္မတကြီး၏ ယခု ရခိုင်ခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးထက် ဘုရားဖူးခရီးစဉ်သာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝေဖန် ပြောဆိုသည်။
“ သမ္မတကြီးက နှစ်ကုန်ခါနီး မဟာမုနိဘုရားကို လာရောက်ဖူးမျှော် ခြင်းသာဖြစ်ပါတယ်။  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု အစိုးရနဲ့  ပြည်နယ်အစိုးရတို့ရဲ့ ဆောင်ရွက်နေမှုအပေါ် အားရ ကျေနပ်မှု မရှိသေးပါဘူး” ဟု သူက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ ရခိုင်လူထုကို တိုက်တွန်း

U-Thein-Sein-photo-by-Narinjara
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ ရရှိနေသော တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၂၅ ရက်နေ့က  ကျောက်ဖြူမြို့သို့ ရောက်ရှိလာစဉ် ဒေသခံ ရခိုင်ပြည်သူများအား တိုက်တွန်းသွားသည်ဟု သိရသည်။
“ နိုင်ငံတော် သမ္မတက ၃ နာရီ ကျော်ကျော်လောက်မှာ ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမမှာ မြို့လုထုနဲ့ တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ လူမျိုးစု နှစ်ခုကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာလည်း အခုအခါ တည်ငြိမ်လာပြီ ဖြစ်တဲ့ အတွက် ရရှိပီးသား တည်ငြိမ်မှုကို ရခိုင်ပြည်နယ် သူ ပြည်နယ်သားတွေ အနေနဲ့ ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းသွားပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
၎င်းပြင် နိုင်ငံတော် သမ္မတမှ ဒေသဖွံ့ဖြိုးမှုအတွက် တည့်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ တခြားတစ်ဘက်တွင်လည်း ဒေသ ဖွံ့ဖြိုးတိုးတက်မှုရှိပါမှ တည်ငြိမ် အေးချမ်းမှုရှိလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။
၎င်းပြင် နိုင်ငံတော် သမ္မတက “ ဘာသာမတူ လူမျိုးမတူသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား သွေးထွက် သံယို ပဋိက္ခများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါတည်ငြိမ်နေပြီဖြစ်သဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ကောင်းနေပြီဖြစ်သည်ဟု  ပြောဆိုကြောင်း” ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်တစ်ဦးက ပြောသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၅၀ ရာခိုင်နူန်းကျော် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်မီး မရှိသေးသော ရခိုင်ပြည်နယ် မြို့နယ်များကိုလည်း လျှပ်စစ်မီး မကြာခင်ရရှိအောင် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ လူကြီးများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံစဉ် ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက ကျောက်ဖြူမြို့နယ်တွင် ခုတင်၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန်၊ မြို့တော်ခန်းမကို တိုးချဲ့ ဆောက်လုပ်ပေးရန်၊ မြို့ပေါ်လမ်းငါးလမ်းကိုကွန်ကရစ်လမ်းခင်းပေးရန်၊ ဟောင်းနေပြီဖြစ်သော မြို့မဈေးကို အသစ်ပြန်လည်တည်ဆောက်ပေးရန်စသည်တို့ကို စာဖြင့် ရေးသားတောင်းဆိုခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ကျောက်ဖြူမြို့တွင် လူထုနှင့် တွေ့ဆုံပြီးနောက် ရမ်းဗြဲမြို့သို ရဟတ်ယာဉ်များဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

ဘန်ကောက်မြို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဆွေးနွေးပွဲမှ ဒေသတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ပူးတွဲကျေညာချက်ထုတ်ပြန်

Alodawpyi
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းဆိုင်ရာ ဆွေးနွေးပွဲမှ ပူးတွဲ သဘောတူညီချက် တစ်ခုကို ထုတ်ပြန်လိုက်သည်။
၎င်းဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကဗ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့က ဆရာတော် သံဃာတော်များ တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်  ထိုင်းနိုင်ငံ တောင်ပိုင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများစွာကို အဖြေ ရှာရေးတို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ  အလိုတော်ပြည့်ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက ပြောသည်။
ယင်းဆွေးနွေးပွဲအား The Centre for Humanitarian Dialogue (HD Centre) မှ ကြီးမှူးပြီး Theravada Buddhism and Conflict Resolution ခေါင်းစဉ်ဖြင့် ဘန်ကောက်မြို့ Swissotel Nai Lert Park တွင်ပြုလုပ်ခဲ့သည်။
“ မြန်မာနိုင်ငံဖက်က ကိုယ်စားလှယ် ဆရာတော် (၇) ပါးနှင့်အတူပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးတက်ရောက်ခဲ့ပါတယ်။ တစ်ခြား အာရှဒေသက ထေရ၀ါဒ  ၅ နိုင်ငံ ဆရာတော်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။  (HD Centre)၏ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်” ဟု အရှင်ကုမာရက ဆက်ဆိုသည်။
ဆွေးနွေးပွဲ နောက်ဆုံးရက် ဖြစ်သော နိုဝင်ဘာလ ၂၆ ရက်နေ့ တွင် ဒေသအတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဆွေးနွေး အဖြေရှာခဲ့ကြပြီး  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများက ပူးတွဲကြော်ငြာချက် တစ်စောင်ကိုလဲ ထုတ်ပြန်ခဲ့သည်။
ကျေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
_DSC4512“ပူးတွဲကြေငြာချက်”
-ကျွနှ်ုပ်တို့ လူမှုအသိုင်းအ၀ိုင်းထဲတွင် ငြိမ်းချမ်းရေးမြှင့်တင်ရန်နှင့် သဟဇာတကျမှုကို ထိန်းသိမ်း ထားနိုင်ရန်ဆိုသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရေးကို ဆွေးနွေးကြရန် အတွက် ကျွနှ်ုပ်တို့ အာရှဒေသ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းက ကိုယ်စားလှယ်များသည် ဘန်ကောက်မြို့တွင် စုဝေးခဲ့ကြပါသည်။
-ကျွနှ်ုပ်တို့ အနေဖြင့်  ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအားကောင်းလာစေရန် စိတ်ဆန္ဒဖြင့် ဒေသတွင်းမိတ်ရင်းဆွေးရင်းပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်ဖြင့် တွေ့ဆုံခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ ဆွေးနွေးပွဲမှ အောက်ပါ အခြေခံသဘောတရားများနှင့် ဆောင်ရွက်ချက်များကိုယနေ့သဘောတူညီမှု ရရှိခဲ့ကြသည်။
(၁) ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်မူများ ပေါ်ပေါက်ရေးအတွက် လုံ့ဆော်မှုနှင့် ၀င်ရောက်စွက်ဖက်မှုများ မပြုလုပ်ရန် အလေးအနက် သဘောတူသည်။
(၂) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် ပုထုစဉ်များအား ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ရန် သဘောတူသည်။
(၃) မတူကွဲပြားသောယုံကြည်မှုများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအကြားတွင် ပိုမိုနားလည်မှု ရရှိလာစေရန် အတွက် ကျွနှုပ်တို့ ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူသည်။
(၄) ညှိနိုင်း ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖျန်ဖြေရန် ကရိယာများကို ဗုဒ္ဓဘာသာ အထောက်အထားများနှင့်အညီ ဖွံ့ဖြိုးအားကောင်းလာစေဖို့ အတွေ့အကြုံများကို ဖလှယ်ရန်ရည်စူး၍ ဤဒေသဆိုင်ရာ ကွန်ယက်များကို အားကောင်းလာစေရန်ဆောင်ရွက်ဖို့ ကျွနှ်ုပ်တို့ သိန္နိဌာန်ချမှတ်သည်။
(၅) သတင်းအချက်အလက်များကို ဖလှယ်ခြင်းက ကျွနှုပ်တို့ လူမှုအဖွဲ့အစည်းထဲတွင် ငြိမ်းချမ်းရေးနှင့် သဟဇာတကျမှုစိန်ခေါ်မှုများကို ပိုမိုနားလည်လာနိုင်စေရန် ကူညီနိုင်မည်ဟု ကျွနှုပ်တို့ယုံကြည်သည်။
ဤနည်းလမ်းများအတိုင်း ဓမ္မအခြေခံသဘောတရားများနှင့် ဗုဒ္ဓ၏ဟောကြားချက် ဆိုလိုချက်အမှန်များကို  ဖြန့်ဖြူးပေးခြင်းများ ပိုမိုအားကောင်းလာစေရန် ကျွနှုပ်တို့၏ ပေါင်းစပ်စွမ်းအားကို အသုံးပြုရန် သန္နိဌာန်ချမှတ်သည်။
လက်မှတ်ရေးထိုးခဲ့သည့်ဆရာတော်များ
unnamed
1* Ven.VYSovechea, Cambodiaအသျှင် VY ဆိုဗေချီယာ (ကမ္ဘောဒီးယား)
2* Ven.PhumchhonTola, Cambodiaအသျှင်ဖုန်းချွန်တိုလ(ကမ္ဘောဒီးယား)
3* Ven.SyadejVongsopha, Laosအသျှင်ဆယာဒေခ်ျ ဘုန်းစိုးဖ (လော)
4* Ven.DrAriyawansa , Myanmarဒေါက်တာအသျှင်အရိယ၀ံသ (မြန်မာ)
5* Ven.DrParami, Myanmarဒေါက်တာအသျှင်ပါရမီ (မြန်မာ)
6* Ven.AriyaWunThaBhiwunsa, Myanmarအသျှင်အရိယ၀ံသဘိဝံသ (မြန်မာ)
7* Ven.TayZadiPati , Myanmarအသျှင်တေဇအဓိပတိ (မြန်မာ)
8* Ven.AriYaVunsa, Myanmarအသျှင်အရိယ၀ံသ (မြန်မာ)
9* Ven.Kumara, Myanmarအသျှင်ကုမာရ (မြန်မာ)
10* Ven.Ottara, Myanmarအသျှင်ဥတ္တရ (မြန်မာ)
11* Dr.JennykoGyi, Myanmarဒေါက်တာဂျေနီကိုကြီး (မြန်မာ)
12* Ms.MraThezynNyun, Myanmarဒေါ်မြသဇင်ညွှန့် (မြန်မာ)
13* Mr.BaHlaing. Myanmarဦးဘလှိုင် (မြန်မာ)
14* Mr. MyintMaungHtay , Myanmarဦးမြင့်မောင်ဌေး (မြန်မာ)
15* Ven.Dr.IttapanaDhammalankaraMahaNayake, Sri Lankaဒေါက်တာအသျှင် ဣတ္ထပန္န ဓမ္မလင်္ကာရမဟာနာယကေ (သီရိလင်္ကာ)
16* Ven.ProfBellanwilaWimalaratanaAnunayakde, Sri Lankaပါမောက္ခအသျှင် ဘေလန်ဝိလ ၀ိမာလရတနာ အနုနာယဒေ (သီရိလင်္ကာ)
17* Rev.MataleDhammakusala, Sri lanka Rev-Mataleဓမ္မကုသလ (သီရိလင်္ကာ)
18* Rev.LLukewalaDhammarathana, Sri LankaRev.LLukewalaဓမ္မရတနာ  (သီရိလင်္ကာ)
19* Ven.Prof.Dr.KotapityeRahula, Sri lankaပါမောက္ခ ဒေါက်တာအသျှင် Kotapityeရာဟုလာ (သီရိလင်္ကာ)
20* Ven.Dr.MedagampititiyeVijithadhamma, Sri lankaဒေါက်တာအသျှင် Medagampititiye၀ိစိတ္တဓမ္မ (သီရိလင်္ကာ)
21* Mr R.A.D. Sirisena, Sri lankaMr R.A.Dသီရိသေန (သီရိလင်္ကာ)
22* Mr GKGS Godakanda, Sri lankaMr GKGSဂေါဒခန္ဒ
23* MrSudanthaAjithAmaratunga, Sri lankaMrသုဒန်သအာဂျိသ် အမရတွန်းဂါ (သီရိလင်္ကာ)
24* Ven.PhrakhruPaladThanyakorn,Thailandအသျှင် ဖရခရူပါလက် ထန်ယခွန် (ထိုင်း)
25* Ven.PhrakhruBunyapiban,Thailandအသျှင် ဖရခရူဘုန်ယဖိဘန် (ထိုင်း)
26* Ven.PhrapisithThammasuntorn, Thailandအသျှင် ဖရဖိစိသ် ဓမ္မဆွန်ထုန် (ထိုင်း)
27* Ven.PramahaChariangManeeniam, Thailandအသျှင် ဖရမဟာချာရီယာန် မာနီးနီယာန် (ထိုင်း)
28* Ven.PhramahaNapanSantibhaddoThawornbanjob, Thailandအသျှင် ဖရမဟာနာ့ဖန် ဆန်ထိဘတ်ဒို ထာဝန်ဘန်ဂျို့ဘ် (ထိုင်း)
29* Ven.PhrakhrusangkharakNatthawutNonthawiro,Thailandအသျှင် ဖရခရူသင်္ဃာ့ရာ့ နတ္ထ၀ို့ထ် နွန်ထ၀ိရို (ထိုင်း)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒေါက်တာအေးမောင် ၆ ပွင့်ဆိုင်တွင် ပါဝင်မည့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ

dr-aye-mg(1)
မြန်မာနိုင်ငံရေးအား အဖြေရှာမည့် နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်မည့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်မှ ကိုယ်စားလှယ် တစ်ဦးပါဝင်ရမည် ဖြစ်ရာ ယင်းနေရာကို အမျိုးသားလွှတ်တော်မှ  ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား မဲစနစ်ဖြင့် ရွေးချယ်လိုက်သည်ဟု သိရသည်။
ရွေးချယ်မှုကို နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တိုင်းရင်း သားပါတီ ၁၄ ခုမှ ကိုယ်စားလှယ် ၁၄ ဦးမှ မဲဖြင့် ရွှေးချယ်ရာ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ   မဲ ၅ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။
ယခုကဲ့သို့ တိုင်းရင်းသားများ အားလုံးအတွက် တာဝန်ယူ ရွေးချယ်ခံရသဖြင့် သူ့အတွက် တာဝန် ပိုကြီးသွားသည်ဟု ရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့  ညနေပိုင်း တွင် နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဒေါက်တာအေးမောင်ကထိုသို့ စတင် ဖြေကြား ပြောဆို သည်။
“ကျွန်တော်တို့အခုလိုရွေးချယ်တာဟာ တိုင်းရင်းသားပါတီအားလုံးအတွက်ကိုယ်စားပြုပြီးရွေးတာဖြစ်လို့ တာဝန် ပိုကြီးသွားပါတယ်” ဟု ဆိုသည်။
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများအားလုံး၏ဆန္ဒနှင့်အညီ လိုလားချက်များ၊ ဆွေးနွေးစေလိုသည့် အချက်များကို အမျိုးအစားအလိုက်ခွဲပြီး အဓိက အချက် ၃ ခုကိုတင်ပြဆွေးနွေးသွားမည်ဖြစ်ဟု ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
“ ပထမအချက်အနေနဲ့ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရန်၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်း ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်လိုလားနေသည့်အချက်များကို ဦးစားပေး ဆွေးနွေးဖို့ စဉ်းစားထားပြီး၊ ဒုတိယ အချက်ကတော့  ၂ဝဝ၈ ဖွဲ့ စည်းပုံထဲက  တစ်နိုင်ငံလုံးက ပြုပြင်ပြောင်းလဲလိုတဲ့ ပုဒ်မ ၄၃၆ ကဲ့သို့သော အခြား ပုဒ်မများ အားလုံးအပေါ် တိုင်းရင်းသား ပါတီများရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့ အယူအဆများကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။
နောက်ဆုံးအချက်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအလွန်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းထားနိုင်အောင် တိုင်းရင်းသားပါတီများက မည်သို့ပံ့ပိုးပေးသင့်သည်ဆိုသည့်အချက်ကို ဆွေးနွေးသွားရန် စဉ်းစားထားကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။
“ဒီသုံးချက်ကို အဓိက ကိုယ့်ကဏ္ဍနဲ့ ကိုယ်ခွဲပြီး တင်ပြသွားဖို့စဉ်းစားထားပါတယ်”ဟု ယင်းက ဆက်ပြောသည်။
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားပါတီများထဲမှ ကိုယ်စားလှယ်တစ်ဦးကိုရွေးချယ်နိုင်ရန် အတွက် နိုဝင် ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရရွှေမန်းနှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခြင်း၏ အဓိကရည်မှန်းချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ရန်ရည်ရွယ်ပြီး ယင်းဥပဒေကိုပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်တွင်သာဆွေးနွေးနေကြမည် ဖြစ်သည် အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်ပြင်ပမှကိုယ်စား လှယ်များပါဝင်ရန်မလိုဘဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်သာဖြစ်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါက်တာအေး မောင်၏ပြောပြချက်အရ သိရသည်။
“ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုတာ သိပ်သဘာဝမကျပါ ဘူး။ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေအလိုက် တစ်ဦးစီပါဝင်နိုင်ဖို့ကို စီစဉ်ပေးသင့်ပါတယ်” ဟု ၆ ပွင့်ဆိုင်ဆွေးနွေးရာတွင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်ခွင့်ပြုခြင်း အပေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌက မီဒီယာများသို့ ပြောဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ပြည်ထောင်စုလွှတ်တော် နာယက) သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့ပါဝင်သည့် ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
သို့သော် ယင်းတွေ့ဆုံဆွေးနွေးမှုမှာ လတ်တလောတွင် ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း သမ္မတ၏ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က မီဒီယာများသို့ပြောကြားထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

၆ ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသားကိုယ်စားလှယ် ရွေးချယ်ပြီး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်မည့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရွေးချယ်လိုက်ပါတယ်။
ဒေါက်တာ အေးမောင်
ဒေါက်တာ အေးမောင်
နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်မှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားတွေ လျှို့ဝှက်မဲစနစ်နဲ့ ဒီနေ့မနက်ပိုင်းက ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပဖို့အတွက် အရေးအကြီးအဆိုတရပ်ကို တင်သွင်းရာမှာ အတည်ပြုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာစာရင်း ထုတ်ပြန် ခဲ့တာကြောင့် တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်တဦးကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါက်တာအေးမောင် ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ဒုတိယ သမ္မတ ရာထူးအတွက် လျာထားခံခဲ့ရဖူးတဲ့ ကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိမှာ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- DVB Burmese)