Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Wednesday, February 4, 2015

ဝှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်း အပေါ် ရခိုင်အမျိုးသားပါတီမှ ကြေငြာချက်ထုတ်ကန့်ကွက်

statement-of-anp-on-3-feb
ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပြသည့် ပြည်ထောင်စုလွတ်တော်တွင်  ပြည်လုံးကျွတ် ဆန္ဒမဲထည့်ရာ တွင် နိုင်ငံသား ဟုတ် မဟုတ်ကို စိစစ်နေသည့် အဖြူရောင်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ရခိုင်အမျိုးသား ပါတီမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။
အဆိုပါ ကြေငြာချက်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကြေငြာချက်တွင် အချက် (၄) ချက်ကို အဓိက ဖော်ပြထားသည်။
ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရည်ရှည် အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲ အနိုင်ရရှိရေးကိုသာ ရှေ့ရှု လုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမား အမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂလီများအရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများကသော်လည်းကောင်း၊ လက်ရှိ လွှတ်တော် အသီးသီးက သော်လည်းကောင်း မည်သို့ပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီ အနေဖြင့် အဖြူကတ်ကိုင်ဆောင်သော ခိုးဝင် ဘင်္ဂါလီများ မဲပေးခွင့် မရရှိရေးနဲ့ ပတ်သက်၍ မလျှော့စတမ်း တိုက်ပွဲဝင်သွားမည်ဟု ဖေါ်ပြထားသည်။
ပြည်ထောင်စုလွတ်တော်တွင် ရခိုင်အမျိုးသားပါတီ လွတ်တော်ကိုယ်စားလှယ်များနှင့် အတူရည် တည်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြသည့် ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ဤအရေးတွင် လက်တွဲ တိုက်ပွဲဝင်ကြရန် ရခိုင်အမျိုးသားများသာမက မြန်မာ ပြည်တရပ်လုံးကိုလည်း တိုက်တွန်း နိုးဆောင် ရေးသားထားသည်။
အလားတူ ၀ှိုကတ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသည့်အပေါ် နာမည်ကြီးသတင်းစာ တစ်စောင်ဖြစ်သည့် Eleven Media Group မှလည်း အပြင်းအထန် ကန့်ကွက်ကြောင်း အချက် ၅ ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
Eleven Media Group ၏ ကြေငြာချက်တွင် နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့  နယ်စပ်ဒေသများမှ တဆင့် တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်လာရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တိုင်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသား မဟုတ်သူများ၏ ဆန္ဒမဲ များဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ အဖြူကတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုသည့်အပေါ် ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့ နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း သူ၏ ဖေ့စ်ဘုတ်တွင် “ဤဖြစ်ရပ်သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ တည်တံ့ရေးအတွက် ရခိုင်လူမျိုးများအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်သာ ဖန်တီးရတော့မည်ဖြစ်ကြောင်း နောက်ထပ်အချက်ပြလိုက်သော သာဓကတစ်ခုပင်ဖြစ်ပါသည်” ဟု ရေးသားထားသည်။
အလားတူ စစ်တွေမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်ကလည်း သူ၏ဖေ့စ်ဘုတ်တွင် “ ရိုဟင်ဂျာအမည်ခံလျက် သန်ကောင်စာရင်း အကောက်မခံခဲ့သော ၀ှိုက်ကတ်သူ ကုလားများကို ဆန္ဒမဲပေးခွင့်ပြုခြင်းသည် မိမိထွေးထားသော တံတွေးကို ပြန်လည်ကောက်ယူ မျိုချရာရောက်နေကြောင်း သိရှိသင့်၏” ဟု ရေးသားထားသည်။
ဖော်ဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ၀ိုကဒ်ကိုင်ဆောင်သူ ဘင်္ဂါလီလူမျိုးများ ပြည်သူဆန္ဒခံယူပွဲတွင် မဲပေးခွင့်ကိစ္စ ဆွေးနွေးရာတွင် ရခိုင် အမျိုးသားပါတီမှ လွတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဒေါ်ခင်စောဝေ၊ ဦးထွန်းအောင်ကျော်၊ ဒေါက်တာအေးမောင်တို့မှ မဲပေးခွင့် မရရှိရေး အတွက် ကန့်ကွက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီမှ ဘူးသီးတောင်မြို့နယ် လွတ်တော်ကိုယ်စားလှယ် ဘင်္ဂလီလူမျိုး ဦးရွှေမောင်၊ “၀”ကိုယ်စားလှယ် တစ်ဦးနှင့် မိုင်းလားကိုယ် စားလှယ် တစ်ဦးမှ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ဦး ရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ယာယီသက်သေခံကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုတုံ့ပြန်ရန် ရခိုင်လူထုသဘောထားရယူမည်

ယာယီသက်သေခံလက် မှတ်  (White Card) ကိုင်ဆောင် ထားသူများကို  မဲပေးခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်အားမည်သည့်နည်းဖြင့် တုံ့ပြန်မည်ဆိုသည်ကို စစ်တွေမြို့တွင် ရခိုင်လူထု သဘောထားရယူကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ပြည်နယ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့သည့်ကိစ္စ အဓိကထားဆွေးနွေးသွားမည်ဟု၎င်းက ပြောသည်။
ရခိုင်နိုင်ငံရေးနှင့် အရပ်ဘက်အင်အားစုများအကြား ၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်လူထုသဘောထားအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် မူလကတည်းက အစီအစဉ်ရှိထားကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်သူများကိစ္စ အဓိက ဆွေး နွေးမှု ဖြစ်လာနိုင်ကြောင်း၎င်းကဆက်ပြောသည်။
 ရခိုင်ပြည်နယ်တွင် သွေး ထွက်သံယိုပဋိပက္ခများ ဖြစ်ပွားပြီး နောက် မြန်မာအစိုးရသည် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း ကာ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ သော်လည်း လက်တွေ့တွင် အစိုး ရ၏ လုပ်ရပ်သည် ပဋိပက္ခဖြစ် စေမည့် ကိစ္စများကို ရွေးချယ်လုပ် ကိုင်နေသည့် ပုံစံဖြစ်နေသည်ဟု ဦးသန်းထွန်းက ပြောသည်။
‘‘ပါတီတစ်ခုအနေနဲ့ နိုင်ငံတော်အကျိုးယှဉ်တဲ့အခါ ပါတီတစ်ခုရဲ့ အကျိုးစီးပွားက ရှေ့တန်းရောက်သွားတယ်လို့ ထင်တယ်’’ ဟု ၎င်းက ပြောသည်။
 ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ကို ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးရာ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသား ကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရရှိခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Wednesday, January 21, 2015

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေအကြား လက်ရှိအစိုးရက သွေးခွဲဖို့ ကြိုးစားနေပြီလား

405x250xmeet001-405x250.jpg.pagespeed.ic.6kRwQHQ-Pb

ဇန်န၀ါရီလ ၁၂ ရက်နေ့ကနေပြည်တော်မှာ သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်သော ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားများ အထဲမှ ရခိုင်အမျိုးသားပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့တက်ရောက်ခဲ့ပါသည်။
ယခုကဲ့သို့ နိုင်ငံအတွက် အရေးကြီးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ် အင်အား အကြီးဆုံး ပါတီ တစ်ခု ဖြစ်သော အမျိုးသားပါတီအား ဖိတ်ကြားမူ မရှိဘဲ byname ဖြင့် ပုဂ္ဂိုလ်ရေးအရ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား ဖိတ်ကြားခြင်းသည် လုပ်ထုံးလုပ်နည်း မူဘောင်နှင့် မကိုက်ညီသဖြင့် ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ယခုဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ယင်းဖိတ်ကြားမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသဖြင့် နိရဉ္စရာ သတင်းဌာနမှ အစည်းအဝေးမစတင်မီ နေပြည်တော်သို့ သွားနေသော ဦးအေးသာအောင်အား မေးကြည့်ရာ သူက ယခုလို ပြောဆိုသည်။
“ ကျွန်တော့်ကို ဦးအေးသာအောင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ရခိုင်အမျိုးသား ပါတီဆိုပြီး ဖိတ်တာပါ။ နောက်ထပ် ဘယ်သူတွေ ပါတယ်ဆိုတာကို မသိပါဘူး။ ကျွန်တော်ကို ဖိတ်တဲ့ အတွက် ကျွန်တော် အခု အစည်းအဝေးကို တက်ရောက်ဖို့ သွားနေပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
ယင်းအပြင် ဖိတ်ကြားသည့် စာထဲတွင် အချက် (၃) ချက်ကို ဆွေးနွေးမည့် အကြောင်းအရာ အဖြစ် ဖေါ်ပြထားသည်ဟု ဆိုသည်။
“ အဓိကကတော့ ဖိတ်ကြားထားတဲ့ ဖိတ်စာထဲမှာအချက် ၃ ချက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။ ပထမတစ်ချက် (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး (ခ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့စပ်လျဉ်းပြီးတော့ အမျိုးသား သွေးစည်းညီညွတ်ရေး (ဂ) ၂၀၁၅ ရွေးကောက်ပွဲကိုလွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်ရေး စတဲ့ အချက် သုံးချက်နဲ့ ဖိတ်တာပါ” ဟု ဆိုသည်။
ယခုဖိတ်ကြားရာတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
“ ကျွန်တော်ကိုတော့ မဖိတ်ဘူးဗျာ။ ဘာကြောင့် မဖိတ်လည်းဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အစိုးရအဖွဲ့ တစ်ခုဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူတည်ပြီးမှ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအာဏာပါ။ နိုင်ငံရေး ပါတီဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုပြီးမှ ပေါ်ပေါက်လာတဲ့  နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်နဲ့  တရားဝင် ခွင့်ပြုထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ သူ့မှာလည်း ပါတီဖွဲ့စည်းပုံရှိတယ်၊ ဆိုတော့ အဖွဲ့စည်း တစ်ခုကို တစ်ခုကနေ အလေးအထားဖို့နဲ့ အပြန်အလှန်  respect ထားတတ်ဖို့တော့ လိုပါတယ်။ အခုတော့ အဲဒီသလို အစဉ်အလာမဲ့နေတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ပါတီကို မဖိတ်ဘဲ လူပုဂ္ဂိုလ်ကိုယ်ကို ဖိတ်ကြားမှုသည် ပါတီကို ကိုယ်စား မပြုနိုင်သဖြင့် ပါတီကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
“ နိုင်ငံရေးပါတီလို့ သုံးလို့ရှိရင် နိုင်ငံရေးပါတီကို အလေးအနက်ထား ဖိတ်ကြားဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီကို အမည်တပ်ပြီး ပုဂ္ဂိုလ် ကိုသာ ဖိတ်ကြားရင် ဖိတ်ကြားတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်။ အခု  ဖိတ်ကြားမှုသည် ဦးအေးသာအောင်ကိုသာ ဖိတ်ကြားတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ သို့သော် အဲဒီ ဖိတ်ကြားမှုဟာ ပါတီကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်ပါ” ဟု ဆိုသည်။
ယင်းပြင် ယခုတွေ့ဆုံပွဲသည် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ နောက်ပိုင်းတွင် ၁၂ ပွင့်ဆိုင် စသည်ဖြင့် အပွင့်နိုင်ငံရေး များလာရာမှ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ကြောင်း ဒေါက်တာ အေးမောင်ကဆိုသည်။
“ကျွန်တော့်အနေနဲ့အခုအခင်းအကျင်းနဲ့ နိုင်ငံရေးကစားကွက်တစ်ခုထဲ ရောက်သွားပုံ ပေါ်တယ်။ ပြည်ထောင်စုလွှတ်တော်ဘက်က ခြောက်ပွင့်ဆိုင်ကို အဆိုပြုပြီးခါမှအတည်မဖြစ်သေးခင်မှာလေးပွင့်ဆိုင်ဆိုတဲ့ဥစ္စာလေးက၂၀၁၃ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။ အခုတခါ  ၁၂ ပွင့်လိုလို တိုင်းဒေသကြီး လွှတ်တော်ဘက်က အင်အားတစ်ခုနဲ့ အခင်းအကျင်း တစ်ခုအဖြစ် ထိုးဖောက်လာတာကိုတွေ့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် ထင်ပါတယ်။ ဒါဟာ နိုင်ငံရေး ကစားကွက်တစ်ခုလို့ပဲ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ယခုတွေ့ဆုံမှုမှာ လက်ရှိအာဏာရသူများ၏ နိုင်ငံရေး ကစားကွက် တစ်ခုဖြစ်ခဲ့လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ရခိုင်အမျိုးသားပါတီအားလည်း ကစားကွက်ထဲ ဆွဲခေါ်လာပုံရကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
မည်သို့ပင် ဖြစ်စေ ယခု နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲသို့ ရခိုင်အမျိုးသား ပါတီ အားသော်လည်းကောင်း၊ ယင်းပါတီ၏  ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အားလည်းကောင်း မဖိတ်ကြားဘဲ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင် တစ်ဦးတည်းကို သီးသန့် ဖိတ်ကြားခြင်းကြောင့် ရခိုင်အမျိုးသားပါတီရှိ ခေါင်းဆောင်မှု အကြား နားလည်မှု လွဲမှားနိုင်သည်သာမက  တစ်ဘက်နှင့် တစ်ဘက် အားပြိုင်မှုများ ပေါ်ပေါက်လာကာ ပါတီတွင်း ညီညွှတ်ရေးကို ထိခိုက်နိုက်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
ယခုကဲ့သို့ အခြေအနေကို နားလည်ပါလျက် ရခိုင်အမျိုးသားပါတီကို မဖိတ်ကြားဘဲ လူပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ခြင်းသည် နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခုခုပါဝင်နိုင်ကြောင်း လေ့လာသုံးသပ်နိုင်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

AAPP အဖွဲ့ဝင်များ သံတွဲတွင် နိုင်ကျဉ်းဟောင်းများနှင့် တွေ့ဆုံ

image-d77a5cd8da5d8485bdcabce6a336c85ff7170bb361e8217ee3717155f92bb71f-V
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) မှ အဖွဲ့ဝင်များသည် ယခုလ ၇ ရက်နေ့က သံတွဲမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအ၀င် ၎င်းတို့ မိသားစုများနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းတွေ့ဆုံပွဲကို သံတွဲမြို့ NLD ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး AAPP နှင့် FPPS အဖွဲ့ဝင်များ၊ NLD မှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၀ ခန့်တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုတင်မောင်ဦးက “ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ နိုင်ကျဉ်း အဖွဲ့တွေဖွဲ့စည်းပြီး ကွန်ရက်သဖွယ် အချင်းချင်း ဆက်သွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
AAPP မှ ကိုချစ်ကိုလင်းမှ AAPP ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပြောကြားရာတွင် ဒေသတိုင်းတွင် နိုင်ငံရေး အကျဉ်းသားများအား ဒေသနှင့် လိုက်လျောညီထွေ ရှိမည့် သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း၊ ယင်းပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီပေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသားများ၏ အသင့်ပါလာသော ဖေါင်များတွင် ကိုယ်ရေးရာဇ၀င်များကို ဖြည့်စွက်ခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းအများအပြားရှိပြီး ယခုလက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်ရှိ ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၆ ဦးရှိကြောင်း စာရင်းကောက်ခံနေသူ ဦးရက္ခ၀ံသက နိရဉ္စရာသို့ ဇန်န၀ါရီလ ၇ ရက်နေ့က ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

၂၀၁၅ ရွေးကောက်ပွဲဝင်မည့် မြို့နယ်များမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း ANP တောင်းခံ


ANP-recognizedစစ်တွေတွင် ပြုလုပ်ခဲ့သော  ရခိုင်အမျိုးသားပါတီ (ANP) ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ကြမည့် မြို့နယ် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းအား တောင်းခံသွားမည်ဟု သိရသည်။
“ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်းအဝေးကနေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အထဲမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် မြို့နယ်တွေက လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ အမည်စာရင်းတွေကို တောင်းခံသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် မြို့နယ်အသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို များမကြာမီ စတင်တောင်းခံသွားမည်” ဟု ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။
ယင်းဆုံးဖြတ်ချက်အား စစ်တွေတွင် ၂၀၁၅ ဇန်န၀ါရီလ ၂ ရက်နေ့ကနေ ၃ ရက်နေ့ထိ ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တိုင်းရင်းသား မဟာမိတ် ပါတီများနှင့် ဆက်ဆံရေး ရခိုင်အမျိုးသားပါတီ ယာယီိဆိုင်းငံ့


Arakan-national-Partyရခိုင်အမျိုးသား ပါတီ (ANP) အနေဖြင့် တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးကို ယာယီ ဆိုင်းငံ့လိုက်သည်ဟု သတင်း ရရှိသည်။
ဇန်န၀ါရီလ ၂ ရက်နှင့် ၃ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် Nationalities Brotherhood Federation (NBF) နှင့် သော်လည်းကောင်း၊ United Nationalities Alliance ( UNA) သော်လည်းကောင်း ဆက်ဆံရေးများကို ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောသည်။
“ ကျွန်တော်တို့ NBF နဲ့ရော၊ UNA ပါ ဆက်ဆံရေးကို ယာယီရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ မဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး ကိစ္စ ဆုံးဖြတ်ဖို့ ရှိပေမယ့်လည်း မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတဲ့ အတွင်းရေးမှူး ဦးသာထွန်းလှနဲ့ ဆရာ ဦးလှစောတို့ မတက်ရောက်တဲ့ အတွက် ဆုံးဖြတ်ချက် ချလို့ မရဘူး။ ဒါကြောင့် ဆက်ဆံရေးတွေကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
နောက်လာမည့် မတ်လ နောက်ဆုံးအပတ်တွင် ပါတီ ဗဟိုကော်မီတီ အစည်းအဝေးအား ခေါ်ယူထားပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေး ကိစ္စကို ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သူက ဆိုသည်။
ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရရှိခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း အနိုင်ရရှိခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP)  အား ပေါင်းစည်းထားသော ပါတီ တစ်ခု ဖြစ်သည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် မပေါင်းစည်းမီ အချိန်ထိ UNA ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် NBF နှင့် ဆက်ဆံမှု ထူထောင်ခဲ့ကြောင်း သိရသည်။
ALD နှင့် RNDP တို့ ပေါင်းစည်းပြီး တစ်ပါတီ ဖြစ်လာပြီးနောက် မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးအပေါ် သဘောထား ကွဲလွဲမှု အချို့ရှိနေသည်ဟု သိရသည်။ သို့အတွက် ယခုကဲ့သို့ ဆက်ဆံရေးကို ဆိုင်းငံ့ရန် အခြေအနေထိ ရောက်ရှိလာခဲ့ကြောင်း ပါတီနှင့် နီးစပ်သူများက ပြောသည်။
တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ဆက်ဆံရေးထက် ပါတီတွင်း စည်းလုံးညီညွတ်မှုမှာ ပိုအရေးကြီးသဖြင့် ယခုလို ဆက်ဆံရေးကို ဆိုင်းငံ့ထားရခြင်း ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
ယခု ပြုလုပ်သော ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရမည့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်မှာ ၃၉ ဦးရှိပြီး ထိုအထဲမှ ၂၂ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။
မတက်ရောက်ခဲ့ကြသည့် ထိပ်တန်း ခေါင်းဆောင်များထဲတွင် ဦးအေးသာအောင်၊ ဦးဦလှစော၊ ဦးသာထွန်းလှ၊ ဦးလှမြင့်၊ ဦးမျိုးကျော်တို့ ပါဝင်သည်ဟု သိရသည်။ ၎င်းသက်ဆိုင်ရာ မတက်ရောက်သူများ အသီးသီးထံသို့ နိရဉ္စရာမှ ဖုံးအကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းများပိတ်ထားသည်ဟု ဆိုကာ အကြောင်းပြန်သဖြင့် ဆက်သွယ်ရရှိခဲ့ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 9, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ANP လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမင်းပြားတွင်တောင်းခံပြီ


Minbya signboard
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လွှတ်တော် သုံးရပ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရခိုင်အမျိုးသားပါတီ ( ANP) ၏ ကိုယ်စားလှယ်လောင်းများ စာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး တင်သွင်းရန် မြို့နယ် ကော်မတီက ကျေညာချက် ထုတ်ထားသည်ဟု သိရသည်။
“ မင်းပြားမြို့နယ် အတွင်းက လွှတ်တော် သုံးရပ်မှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ ပါတီ ၀င်တွေ စာရင်းပေးပို့ကြဖို့ ဒီလ ၂ ရက်နေ့ကတည်းက ကျေညချက်ထုတ်ထားပါတယ်။ ဒီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပေးပို့ရပါမယ်” ဟု ယင်းမြို့နယ်၏ ANP  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။
မင်းပြားမြို့နယ်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦး လစ်လပ်နေသဖြင့် ယခုလို စောစီးစွာ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို တောင်းခံရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
“ ရွေးကောက်ပွဲကတော့ ဖြစ်မှာပါ။ အစိုးရက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်က အပြည့်အ၀ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ကျင်းပမယ့်ရက် တိတိကျကျ မကျေညာခင်ကတည်းက လွှတ်တော်ကိုယ်စားလှယ်စာရင်းကို တောင်းခံထားတာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ဆက်ပြောသည်။
ယခင်က ပြုလုပ်ရန် စီစဉ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတုန်းက လစ်လပ်နေသော ကိုယ်စားလှယ် နှစ်နေရာအတွက် ကိုယ်စားလှယ် ၈ ဦးထိရှိခဲ့သည်ဟု သူက ဆိုသည်။
ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များ လစာကို ၁၀ သိန်း တိုးမြှင့်ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူထားရာ ရခိုင်ပြည်နယ် အနှံ့တွင် အမတ်လုပ်ချင်သူများ တိုးပွားနေသဖြင့် လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကိုယ်စားလှယ် စာရင်းမှာ ယခင်ကထက် အဆမတန်များနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်

ပါတီ
နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၎ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။
ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။
လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။
ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။
PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။
PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, November 11, 2014

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် ANP ပါတီဆိုင်းဘုတ်တင်


manaung
ရခိုင်အမျိုးသားပါတီ (ANP) ၏ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဦးကျော်မြင့် နေအိမ်တွင်ပြုလုပ်ခဲ့ကြောင်း၊ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။
၎င်းအခမ်းအနားတွင် မာန်အောင်မြို့နယ် ANP ပါတီဥက္ကဌ ဦးစံလင်းအောင်မှ “ ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်တင်ပွဲကို သစ်ပုံကျေးရွာတွင် ပြုလုပ်နိုင်တဲ့ အတွက် အထူးဝမ်းသာပါတယ်။ ပါတီအကျိုး တိုင်းပြည်အကျိုးကို အားလုံး ၀ိုင်းဝန်း လုပ်ဆောင်နိုင်ကြလိမ့်မယ်ဟု မျှော်လင့်ပါတယ်” ဟု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သစ်ပုံကျေးရွာအုပ်စုတွင် ANP ပါတီဝင်အင်အား ၁၀၀၀ ကျော်ခန့်ရှိကြောင်း၊ ရခိုင် အမျိုးသားပါတီကို အဓိက ထောက်ခံနေသော  ကျေးရွာတစ်ခု ဖြစ်ကြောင်း သစ်ပုံကျေးရွာ ANP ပါတီဥက္ကဌဦးဇော်မင်းသိန်းက ပြောကြားသည်။
သစ်ပုံကျေးရွာအုပ်စုသည် ယခုအချိန်၌ မာန်အောင်မြို့နယ်တွင် ANP ပါတီဝင်အင်အား အများဆုံးရှိသော ကျေးရွာအုပ်စု တစ်ခုဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ပါတီဝင်အဖြစ် စည်းရုံးထည့်သွင်းလျှင် အရေးယူမည်

နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများကို ပါတီဝင်များအဖြစ် စည်းရုံး ထည့်သွင်းလျှင် သက်ဆိုင်ရာပါတီကို စိစစ်အရေးယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၃ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအတွင်း နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများကို ပါတီဝင်အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို ထည့်သွင်း စည်းရုံးထားပါက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက် နောက်ဆုံးထား၍ ပါတီအတွင်းမှ ထုတ်ပယ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ထုတ်ပယ်ဖို့ ညွှန်ကြားပြီးသား၊ သတ်မှတ်ရက် နောက်ပိုင်းမှာ စိစစ်တွေ့ရှိလို့ ကတော့ အရေးယူရမယ့် အပိုင်းပေါ့” ဟု၎င်းကဆိုသည်။
ယင်းသို့ သတ်မှတ်လိုက်ပါက နိုင်ငံရေး ပါတီများအတွက် လူထုစည်းရုံးရေးကို ချုပ်ချယ်ခြင်း ဖြစ်သော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိပါးရေး ရှုထောင့်မှ စဉ်းစားလျှင် မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။ 
“လူ့အခွင့်အရေးကို ကြည့်မလား၊ စပ်ကူးမတ်ကူး ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပြဿနာတွေကို အခြေပြုပြီး နိုင်ငံတော် အချုပ်အခြာအာဏာ အတွက် ကာကွယ်ကြမလား ဆိုတာ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများသာ ပါတီ တည်ထောင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3860-nnt#sthash.fODGfX2v.dpuf
(သတင်းအရင်းအမြစ်- The Voice Weekly)

Wednesday, September 10, 2014

ကြားဖြတ် ရွေးကောက်ပွဲပယ်ဖျက်မူ ၂၀၁၅ ရွေးကောက်ပွဲကိုထိခိုက်နိုင်ဟု ရခိုင်ခေါင်းဆောင် တုန့်ပြန်

ANP-Leader-in-CEC-meeting-U-Aye-Tha-Aungယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်ခြင်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတုန့်ပြန် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ တော့ဟု ပြောဆိုလိုက်ခြင်းအပေါ် မည်သို့ သဘောထားပါသလဲဟု နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဦးအေးသာအောင်က ထိုသို့ တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။
“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လုပ်မယ်၊ နောက်မလုပ် တော့ဘူး ဆိုပြီး ပြောနေတာတွေဟာ လုံးဝမလုပ်သင့်ဘူး။ ဒီလိုပြောဆိုနေတဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်ကို ထင်ယောင်ထင်မှားဖြစ်လာနိုင်တယ်။ ဒီလိုပြောနေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက အမျိုးမျိုးမြင်လာနိုင်တယ်။ ဒီလိုမြင်လာခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက် ပွဲတခု ဖြစ်လာမလားဆိုတာကို စဉ်းစားစရာ ဖြစ်လာနိုင်တယ် ” ဟု ဦးအေးသာအောင်က ဆိုသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဟု ပြောဆိုခဲ့သည်။
လွတ်တော်တွင် ဖွဲ့စည်းပုံပြင်မည့်ကိစ္စ၊ ရွေးကောက်ပွဲစနစ် လေ့လာသည့် ကိစ္စများရှိသည့်အတွက် အလုပ်များမည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ကျပ် ၂ ဘီလီယံနီးပါး ကုန်ကျ မည်ဖြစ်ကြောင်း၊  မဲဆန္ဒနယ် ၃၀ ကျော်မှာ လွတ်တော်အတွင်း ပြောင်းလဲမှု သက်ရောက်မည် မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပရန် ဥက္ကဌ တစ်ဦး လုပ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုသွားသည်။
ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးအရ စမ်းသပ်သည့် လုပ်ရပ် သဘောမျိုး ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ယခုကဲ့သို့ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ပြောနေတာဟာ အမှန်က တိုင်းပြည်အတွက်၊ လွတ်တော်အတွက်ထက် နိုင်ငံရေးအရ စမ်းသပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဒီလိုမျိုး ပြောလည်းမပြောသင့်၊ လုပ်လည်းမလုပ်သင့်ဘူး” ဟု ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ပြောဆိုနေခြင်းကြောင်း ပြည်သူများက ထင်ယောင်ထင် မှားဖြစ် လာနိုင်ပြီး နိုင်ငံရေးပါတီများကလည်း သံသဖြစ်လာနိုင်ကြောင်း ဦးအေးသာအောင်က ပြောဆိုသွား သည်။
ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ (၃) နေရာတွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် လိုက်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ကျော်တွင် ကြားဖြတ် ရွေး ကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က မကြာသေးမီးက ထုတ်ဖော် ပြောဆိုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, July 18, 2014

ဖက်ဒရယ်မူနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်

federal-workshop
ဖက်ဒရယ် ဖော်ဆောင်ရေးမူနှင့် ပတ်သက်သည့် (၃) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စစ်တွေမြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က စတင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲကို The Workshop On Federalism ခေါင်းစဉ်ဖြင့် စစ်တွေမြို့ရှိ River Velly စားသောက်ဆိုင်တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ (၃) ရက်တိုင်တိုင် ပြုလုပ်နေပြီး ယနေ့ ဇူလိုင်(၁၈) ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်း များနှင့် အခြားသော လူမှုအဖွဲ့အစည်းများမှ စိတ်ပါ ဝင်စားသူများ အပါအဝင် ကိုယ်စားလှယ်(၁၀၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သော ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)တွင် ချမှတ်ခဲ့သော ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး  အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယခု ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ပမှ နိုင်ငံရေး သိပ္ပံပါမောက္ခချုပ်(၃)ဦးက ဖက်ဒရယ်စနစ်နှင့် ပတ်သက်ကာ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးခိုင်ပြည်စိုးက ပြောသည်။
“နိုင်ငံခြားက ပါမောက္ခသုံးယောက်ပါတယ်၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုဟာ ဘယ်အတိုင်းအတာအထိ အဟန့်အတား ဖြစ်နိုင်လဲဆိုတာတွေကို ဆွေးနွေး ခဲ့ကြတာပါ၊ ဒါ့ပြင် ၂၀၀၈ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်အပိုင်းတွေက ပြင်ဖို့လိုလဲဆိုတာတွေကို ဆွေးနွေးနေကြပါတယ်” ဟု သူက ပြောသည်။
ဖက်ဒရယ်မူအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောဆိုသည်။
“ညီလာခံကချမှတ်ထားတဲ့ မူကိုလည်း သွေဖည်မသွားရအောင်၊ နောက်ပြီး ဖက်ဒရယ်ကို အကောင်အထည် ဖော်တဲ့ အခါ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိနေအောင် အဓိက ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကလည်း ယခုလို ပြောသည်။
“ဒီလို ဆွေးနွေးတာကောင်းပါတယ်။ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး ဒီလိုအများကြီး တွေ့ဆုံပြီး ပြည်နယ်အဆင့်မှာ လုပ်ရမယ်။ နောက်ပြီး တိုင်းရင်းသားအားလုံး အတူလုပ်လာနိုင်တယ်ဆိုရင်တော့ ကျွန်မတို့အတွက် ရလဒ်ကောင်း တစ်ခုပါ” ဟုပြောသည်။
လွန်ခဲ့သော ဧပြီလက ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံမှ မူဘောင် (၁၆)ခုအား ချမှတ်နိုင်ခဲ့ပြီး ထိုမူများတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုသော အချက်လည်း ပါဝင်ခဲ့သည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

Tuesday, July 15, 2014

ရခိုင်အမျိုးသားပါတီ၏ ပွဲဦးထွက် နိုင်ငံရေး ဦးကျိုးမှု


“ရခိုင်ပြည်နယ်မှာ ပါတီ တစ်ခုခုက တစ်ပါတီ ကြီးစိုးရေးကို ဦးတည်ချက်ထားပါက ရခိုင်ပြည်နယ်တစ်ခုလုံးကို ချောက်ထဲ တွန်းချသလိုဖြစ်သွားပါမယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကိုလည်း ဆန့်ကျင်ရာ ရောက်သွားပါမယ်”
ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဗဟိုကော်မတီဝင် ဦးကျော်ဖြူက ၂၀၁၄ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာမှ တဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မှန်ပေသည်။ တစ်ပါတီ စနစ်ကြီးစိုးပြီး ပါတီတွင်း “မူ” ကို အခြေမပြု၊ “လူ” ကို အခြေပြုသည့် နိုင်ငံရေးဖောက်ပြန်မှုများ၊ နိုင်ငံရေး လိုဏ်စားမှုများ ရခိုင်ပြည်၌ ရှင်သန်ကြီးထွားလာမည်ကို ရခိုင်တိုင်းရင်းသားများအားလုံး စိုးရွံ့မည်မှာ မြေကြီးလက်ခတ်မလွဲ။ ထို အခြေ အနေမျိုးကို ရှောင်လွှဲနိုင်ရန် ရခိုင်အမျိုးသားတိုင်း သတိထား စောင့်ကြည့်သင့်သည်။ တစ်ဦးတစ်ယောက်ကို ဗဟိုပြုကာ တည်ဆောက်ထားသည့် နိုင်ငံရေးယဉ်ကျေးမှုသည် ဧကရာဇ် ခေတ်များတွင်သာ အောင်မြင်နိုင်ပေလိမ့်မည်။
ယနေ့ ရခိုင်အမျိုးသားတို့ ခါးသီးစွာ ရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို ၀င်ရောက် တာဝန်ယူ မျှဝေ ဖြေရှင်းရန် ရခိုင်အမျိုးသားပါတီ (ALD + RNDP) ကို ယုံကြည် အားကိုးနေကြသည်။ ရခိုင်အမျိုးသားပါတီသည် ၀န်ကြီးချူပ်မပါသော ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ရေး ဟူသော ခံယူချက် တစ်ခုတည်းဖြင့် အင်အားကြီး ပါတီ (၂) ခုကို ဖုတ်ပူမီးတိုက် အပူတပြင်း ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။ ဆိုရပါမူ မဲအပြတ်အသတ် အနိုင်ရရှိရေး တစ်ခုတည်းသည် ပါတီ ဦးဆောင်သူတို့၏ မဟာရည်မှန်းချက်။
သက်ဆိုင်ရာ ပါတီ တစ်ခုချင်းစီ၏ ချမှတ်ထားသော မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း - စည်းကမ်း၊ ရေတို-ရေရှည် စီမံချက်များကို ပေါင်းစည်းခဲ့ခြင်း မဟုတ်။ လူချင်းပေါင်းစည်းခြင်း၊ နာမည်ချင်း ပေါင်းစည်းခြင်း သက်သက်ဟု ယူဆရမည် ဖြစ်သည်။
စနစ်တကျ တည်ဆောက်ထားသော ပါတီအဖွဲ့အစည်းတစ်ခုတွင် ပါတီဝင်များ၏ အသိဥာဏ်၊ ဗဟုသုတနှင့် လက်တွေ့ ဖြတ်သန်းမှုများ အပေါ်တွင် အခြေခံ ထားခြင်းဖြစ်ရာ ထို အသိဗဟုသုတနှင့် အတွေ့အကြုံများအရ အလွယ်တကူ စွန့်လွှတ်ရန် မဖြစ်နိုင်ချေ။ သို့သော် စွဲကိုင်ထားသော အယူအဆနှင့် ကျင့်သုံးသည့် နည်းနာများကို သေချာဝေဖန် ဆန်းစစ်ခြင်း မပြုဘဲ အလွယ်တကူ စွန့်လွှတ်ခြင်းသည် သဘောထား ပျော့ပျောင်းခြင်း မမည်။ မူမဲ့ခြင်းသာဖြစ်သည်။ ဆိုရပါမူ ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုးတို့ တွေ့ဆုံခြင်းနှယ် ရခိုင်အမျိုးသားပါတီကို အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ ပွဲဦးထွက် နိုင်ငံရေး ဦးကျိုးမှု
-------------------------------------------------------
ရခိုင်ပြည်ရှိ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာ (ခေါ်) မရမာကြီး (ခေါ်) ဘရူဝါ၊ ကမန် စသည်တို့သည် ရခိုင် ပဒေသရာဇ်မင်းများ လက်ထက်ကပင် ဌာနေ တိုင်းရင်း သားများ၊ ရခိုင်ပြည်/ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူမှုရေး၊ ပထ၀ီအရ ၎င်းတို့ အခြေချ စုစည်းနေထိုင်ရာ ဒေသများ၌ ၎င်းတို့၏ ဓလေ့ထုံးစံနှင့်အညီ ကိုင်ပိုင် အုပ်ချူပ်ခွင့် ရထိုက်သည်။ ဟိန္ဒူ ကုလား၊ မူဆလင် ကုလား၊ တရုတ်များအနေဖြင့် အဆိုပါ လူမျိုးစု များနှင့် သဟဇာတ ကျအောင် နေထိုင်လျှက် ရခိုင်အမျိုးသား နိုင်ငံရေး၊ တော်လှန်ရေး အကျိုးစီးပွားကို လက်တွေ့ကျကျ ပါဝင် ဆောင်ရွက်သူများကို နိုင်ငံသားအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။
သို့သော် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးညီလာခံတွင် အဆိုပါ ဌာနေတိုင်းရင်းသားများ၏ နိုင်ငံရေးအရ ယုံကြည်ကိုးစားမှုကို ရခိုင်အမျိုးသား ပါတီ ဆုံးရှုံးခဲ့ရသည်။ ရခိုင်အမျိုးသား လက်နက်ကိုင်တပ်မတော်များ၏ နိုင်ငံရေးအရ လေးစားအားထားမှုကို စွန့်လွှတ်ခဲ့ရသည်။ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ အမ်း၊ ကျောက်ဖြူ စသည့် ဒေသိယ လေယူလေသိမ်း စကားသံနှင့်ပတ်သက်၍ အနည်းငယ် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဤသည် ထိုဒေသများ၌ ရခိုင်အမျိုးသားပါတီအနေဖြင့် ရပ်တည်ရန် အခက်အခဲ ဖြစ်လာနိုင်သည်။
ပြည်နယ်ဝန်ကြီးချူပ် (ဟောင်း) ဦးလှမောင်တင် နုတ်ထွက်အပြီး အသစ်ခန့်အပ်မည့် ၀န်ကြီးချူပ် ရွေးချယ်မှုအပေါ် ပါတီ၏ သဘောထားကို ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန် ကြေညာချက်သည် ပါတီ၏ အာဘော်ဆိုသော်လည်း ဦးအေးမောင်၊ ဦးဇော်အေးမောင်တို့က ပါတီထုတ်ပြန်ချက်ကို သွေဖီကာ ဆန့်ကျင်သည့် လုပ်ရပ် အချို့ကို ပြုလုပ်ခဲ့သည်။ ဆိုရပါမူ ရခိုင်အမျိုးသားပါတီအပေါ် ပြည်သူလူထု ယုံကြည်မှု ဤတွင် ဆိတ်သုဉ်းခဲ့ရ၏။
ပါတီတွင်း ပါတီ တည်ဆောက်မှု
-----------------------------------
အပေါ်မှ အောက်ခြေသို့ ဗဟိုပြုကာ တည်ဆောက်ထားသည့် ANP သည် ယခုအခါ ယိမ်းယိုင်စ ပြုလာပြီဖြစ်သည်။ စစ်မရောက်ခင် မြှားကုန်လုနီးပါး ဖြစ်နေသည်။ ထိုသို့သော အခြေအနေများအပေါ် ANP ပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက “အစိုးရအကြိုက် စကားလုံးများကို ပြောပြီး ပါတီ သဘောထားနှင့် သွေဖီ နေသည်ကို ဖုံးကွယ်ရန် Capacity ၊ Diplomacy ၊ Win – Win Strategy စသည့် စကားလုံးများကို သုံးနေကြသော်လည်း ထိုစကားလုံးများသည် သွေဖီရေးသမားများ၏ ထွက်ပေါက်လမ်း ဖြစ်နေကြခြင်းကို သတိထားကြဖို့ လိုသည်” ဟူ၍ မှတ်ချက်ပြု ပြောကြားခဲ့သည်။
တဖန် ဦးအေးမောင်၊ ဦးဇော်အေးမောင်တို့ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ရန်ကုန်) ကို ရည်ညွှန်းပြောဆိုထားသည်မှာ “ နောက်ဆုံး ပြောလိုသည်မှာ ပါတီမှ တာဝန်ရှိသူများအနေဖြင့် ပြည်သူမျက်နှာ၊ ပါတီ မျက်နှာတို့ကို မထောက်ထားဘဲ အစိုးရ အလိုကျ စကားလုံးများဖြင့် နိုင်ငံရေးခရီးကို ဆက်လျှောက်၍ မရနိုင်။ ပြည်သူသည်သာ အမိအဖဖြစ်၍ ထာဝရ ရှင်သန်နေသည့် ပြည်သူမေတ္တာကို ခံယူသည့် နိုင်ငံရေးသားကောင်း ရတနာများ ဖြစ်အောင် ကြိုးစားကြရန် အကြံပြုပါသည်” ဟူ၍ သူ၏ ခံယူချက်အပေါ် ပြတ်သားစွာ ပြောဆိုလာသည်။ ဤသည် ရခိုင် အမျိုးသားပါတီအတွင်း ပေါ်တင်စိန်ခေါ်မှုများအဖြစ် (သို့မဟုတ်) ရဲဝံ့စွာ ဝေဖန်လာခြင်းဟု ယူဆရမည်ဖြစ်သည်။ သို့ဆိုလျှင် ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းအတွင်း မည်သို့သော လျှို့ဝှက်ချက်များ ရှိနေပြီနည်း။ ပါတီသည် ၎င်းတို့၏ မူပိုင် မဟုတ်။ အမျိုးသားပါတီကို ရခိုင်အမျိုးသားတိုင်း ပိုင်ဆိုင်သည်။ အမျိုးသား အကျိုးစီးပွားအတွက် စင်စစ် အရေးပါသော ဆုံးဖြတ်ချက်များကို ၎င်းတို့၏ သဘောဆန္ဒတစ်ခုတည်းဖြင့် ဆုံးဖြတ်ကြသည်ဆိုလျှင် ANP ၏ နေ၀င်ချိန်ကို မကြာသော ကာလတစ်ခုတွင် ပြည်သူများက ကြေညာရတော့မည် ဖြစ်သည်။
ရခိုင်အမျိုးသားပါတီအတွင်း - RNDP (Sittwe) ၊ RNDP (Yangoon) နှင့် ALD အဖြစ် အုပ်စု သုံးခု ပါတီတွင်း လျှို့ဝှက် ပါတီငယ်များ တည်ဆောက်နေကြောင်း ပါတီနှင့် နီးစပ်သူများက ထောက်ပြလာကြသည်။ ဦးအေးမောင်၊ ဦးဇော်အေးမောင်၊ ဦးလှစောတို့ ဦးဆောင်သည့် RNDP (Yangoon)၊ ဦးခိုင်ပြည်စိုး၊ ဦးခိုင်ကျော်မိုး၊ ဦးကျော်ဇော်ဦး တို့ ဦးဆောင်သည့် RNDP (Sittwe) နှင့် ရန်ကုန် စကောလားရှစ်၊ British Council လူငယ်များ ဦးဆောင်သည့် ALD အင်အားစုများ အဖြစ် ရခိုင်အမျိုးသားပါတီတွင် အသီးသီး တွေ့မြင်လာရသည်။
ပြည်သူနှင့် လမ်းလွှဲနေသော ပါတီ
-------------------------------------
ထိုထိုသော ရခိုင်အမျိုးသားပါတီအား ဒေသခံ တိုင်းရင်းသားများက ဤသို့ ရှုမြင်လာကြသည်။ ANP သည် ရခိုင်ပြည်တွင်း ဒေသ တည်ငြိမ်အေးချမ်းမှုကိုသော် လည်းကောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုသော်လည်းကောင်း၊ ရခိုင်လူမျိုးများ၏ ကံကြမ္မာကိုသော်လည်းကောင်း ဖန်တီးနိုင်စွမ်း မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ လောင်းရိပ်အောက်မှ မွေးဖွားလာခဲ့သော ပါတီဖြစ်သည်နှင့် အညီ ထို ဥပဒေဘောင်တွင်းမှ နေ၍ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်နိုင်ခြင်း မပြုလုပ်နိုင်။ ပါတီ၏ လမ်းစဉ်များကို ပြည်သူများအပေါ် ထင်သာမြင်သာရှိအောင် ထုတ်ပြန် ကြေညာခြင်းမရှိ စသဖြင့် ထင်မြင်ချက်များ အသီးသီး ချပြလာကြသည်။
ပါတီ တစ်ခုအနေနှင့် ခိုင်မာသော အနာဂတ် မူဝါဒများ ရှိနေရန် လိုအပ်သည့် အခြေအနေတွင် ပါတီတွင်း ခေါင်းဆောင်က တခြား အဖွဲ့ဝင်က တခြားသာ ဖြစ်နေသည်။ ဤသည်မှာ ၂၀၁၅ မတိုင်မီ ရခိုင်အမျိုးသားပါတီ (ANP) ၏ ထိပ်ပိုင်းရာထူးအား အနည်းငယ် အပြောင်းအလဲ ပြုလုပ်စေလိုသည့် အငွေ့ အသက်များအဖြစ် ရှုမြင်ရမည် ဖြစ်သည်။
ပါတီခေါင်းဆောင်များကိုယ်၌က မဖြစ်နိုင်မှန်း သိထားသည့် အရာများကို ပြည်သူလူထုသို့ ရည်ရွယ်ချက်ရှိရှိ လိမ်လည်လှည့်ဖြားခြင်းမျိုး ပြုလုပ်ခြင်းသည် ပါတီကို ပြည်သူက လုံးဝ အထင်သေးစေနိုင်သည်။ ပါတီ ဦးဆောင်သူများအနေဖြင့် ဤအချက်ကို အထူးသတိပြုသင့်သည်။ မသေချာသော၊ လုံးဝ မဖြစ်နိုင်ရန် ရာနှုန်းပြည့် သေချာသော အရာများကို ဖြစ်ရမည်ဟူသော တလွှဲ မျှော်လင့်ချက်များ ချပြပေးနေသော လူပုဂ္ဂိုလ်များကို ပါတီမှ စီစစ်ကာ ရှင်းလင်းသင့်သည်။ သို့မဟုတ်ပါက မိမိတို့ မျှော်လင့်ထားသော အနာဂတ် ရခိုင်ပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူက ပါတီကို ယုံကြည်မှု လုံးဝ ကင်းမဲ့သွားနိုင် သည်။ သို့ဆိုပါက ပါတီနှင့် ပြည်သူသည် တသားတည်း ဖြစ်မလာတော့ပဲ မိမိတို့မှာ အပင်ပန်းခံ တည်ဆောက်ခဲ့ရသမျှ ထရွိင်မြို့ ပျက်စီးသကဲ့သို့၊ ဆိုဗီယက် ယူနီယံ ပြိုကွဲသကဲ့သို့ တခဏနှင့် အရာအားလုံး ဆုံးရှုံးပြီးသား ဖြစ်နေလိမ့်မည်။
အတွေးမှားက ဦးဆောင်နေသည့် အလုပ်မှား
--------------------------------------------------
ယနေ့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်အချို့သည် ပါတီ၏ အပေါ်တွင် ရောက်နေကြသည်။ ပါတီနှင့် ရခိုင်ပြည်၊ ရခိုင်လူမျိုးများသည် ၎င်းတို့၏ အဆုံးအဖြတ်ပေါ်တွင် မူတည်နေသည်ဟု သူတို့ကိုယ် သူတို့ ခံယူနေကြသည်။ ထိုခံယူချက်ဖြင့် မိမိတို့ တွေးသည့်အတိုင်း လုပ်ဆောင်လာကြသည်။ ပါတီဝင်များ၏ သဘောဆန္ဒကို ရယူခြင်းမပြု။ ပြည်သူလူထု၏ သဘောဆန္ဒကို တောင်းခံခြင်းမပြု။ အတွေးမှားက ဦးဆောင်နေသည့် အလုပ်မှားဟု ကောက်ချက်ချရမည်ဖြစ်သည်။ ဦးခိုင်ပြည်စိုး၏ စကားအရ ဆိုရပါမူ - အစိုးရအကြိုက် စကားလုံးများကို ပြောပြီး ပါတီ သဘောထားနှင့် သွေဖီနေသည်ကို ဖုံးကွယ်ရန် Capacity ၊ Diplomacy ၊ Win – Win Strategy စသည့် စကားလုံးများ ကို သုံးနေကြသော်လည်း ထိုစကားလုံးများသည် သွေဖီရေးသမားများ၏ ထွက်ပေါက်လမ်းသာ ဖြစ်သည်။ သို့ဖြစ်ရာ “ရခိုင်ပြည်နယ်မှာ ပါတီ တစ်ခုခုက တစ်ပါတီ ကြီးစိုးရေးကို ဦးတည်ချက်ထားပါက ရခိုင်ပြည်နယ်တစ်ခုလုံးကို ချောက်ထဲ တွန်းချသလိုဖြစ်သွားပါမယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကိုလည်း ဆန့်ကျင်ရာ ရောက်သွားပါမယ်” ဟူသော ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဗဟိုကော်မတီဝင် ဦးကျော်ဖြူက ပြောကြားခဲ့သည်မှာ ဤ အခြေအနေရ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီဖြစ်သည်။
နိဂုံး
------
“သူ့လို မဖြစ်ချင်လျှင် သူ့ကို လေ့လာပါ၊ သို့သော် တခါတရံ၌ သူ့ကို လေ့လာရင်းနှင့်လည်း သူ့လို ဖြစ်သွားတတ်သည်” ဟူသော စကားအရ ယနေ့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်အချို့သည် အာဏာရှင်စနစ်ကို တွန်းလှန်လို၍သော်လည်းကောင်း၊ ရခိုင်ပြည်ကို ဆင်းရဲဒုက္ခမှ ကယ်တင်လို၍ သော်လည်း ကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အရိပ်အာဝါသမှ တဆင့် ရခိုင်ပြည်ကို လူမျိုးခြားပါတီတို့မှ စိတ်ကြိုက်ချယ်လှယ်ခွင့်ကို မရရှိစေလို၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ အလွန်၌ သက်ဆိုင်ရာ နယ်ပယ်အလိုက် လွှတ်တော်အမတ်၊ လွှတ်တော် ကိုယ်စားလှယ်၊ ၀န်ကြီးများ စသဖြင့် အသီးသီးဖြစ်လာကြသည်။ သို့ရာတွင် ထိုထိုသော နယ်ပယ်စုံ၌ တာဝန်ယူနေကြသော သူများသည် ယနေ့အချိန်တွင် သူ့လို မဖြစ်ချင်၍ သူ့ကိုလေ့လာယင်း သူ့လို ဖြစ်ခဲ့ရပြီ ဖြစ်သည်။ ဆိုသော် တစ်ပါတီ စနစ်၏ ဆိုးပြစ်များကို “မသွားမီက ရောက်နှင့်သည်” ဟု ဆိုရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ရခိုင်ပြည်၊ ရခိုင်လူမျိုး၏ အကျိုးကျေးဇူးကို အမှန်တကယ်လိုလားသော၊ သစ္စာစောင့်သိသော၊ အမြင့်တွင် အထီးကျန်စွာ နေရဲသော၊ ရပ်တည်ရဲသော၊ အနစ်နာခံလိုသော ခေါင်းဆောင်မျိုး စင်စစ် ရှားပါးနေချိန်တွင် ရခိုင်အမျိုးသားတို့အနေဖြင့် တစ်ပါတီ စနစ်ကို လုံးဝ ရှောင်ရှား သင့်သည်။ သို့မဟုတ်ပါက “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဆိုသကဲ့သို့ ရခိုင်အမျိုးသားများသည် “အမှားပေါ် အမှားဆင့် ၊ မှားပြီးယင်း မှား” ၊ “ ရုန်းလေ နစ်လေ” ဆိုသလို ဤနွံဝဲဂယက်ထဲမှ ရုန်းထွက်ရန် အခွင့်အလမ်း ရှာဖွေတွေ့ရှိတော့မည်မဟုတ်ချေ။
(စာရေးသူ- အောင်ရဲလင်း (စစ်တွေ))
(ဤဆောင်းပါးကို Development News Journal မှ ကူးယူဖော်ပြပါသည်)

Wednesday, June 4, 2014

စစ်တွေမြို့ ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန်မသေချာ

ရခိုင်, ဒေါ်အောင်ဆန်းစုကြည်, ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး, စစ်တွေ, NLD , အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်, ပြည်သူလူထု , ဟောပြောပွဲ
မအူပင်မြို့ ဖွဲ့စည်းပုံ ပြင်ရေး လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လအတွင်း သို့မဟုတ် ဇူလိုင်လအတွင်း၌ ကျင်းပရန် စီစဉ်ထား သည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြော ရန် မသေချာသေးဟု စုံစမ်းသိရသည်။
“ဒေါ်အောင်ဆန်းစုကြည် သွားမှာလားဆိုတာ အခုထိမသေချာသေးပါဘူး။ ကျနော်တို့ စီစဉ်နေ တုန်းပဲရှိပါသေးတယ်” ဟု NLD ဒုတိယ ပြန်ကြား ရေး တာဝန်ခံ ဦးကြည်တိုးက ပြောသည်။
လက်ရှိအချိန်တွင် လွှတ်တော် အစည်းအဝေး များ ပြန်လည်ကျင်းပနေပြီဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးများ တက်ရောက်နေပြီး  NLD နှင့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ စစ်တပ်ကို နိုင်ငံရေးတွင် အလွန်အကျွံ ပါဝင်ခွင့်ပြု ထားသည့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများကို နိုင်ငံအနှံ့တွင် ပြုလုပ်ရှိနေသည်။
ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် များ ရောနှောနေထိုင်ခဲ့ကြသည့် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် အလယ်ပိုင်း လောက်မှစ၍ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပွားခဲ့ပြီးနောက် မွတ်စလင် ဘာသာဝင်များ မြို့စွန်ရှိ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင် ခဲ့ရပြီး စစ်တွေမြို့ပြင်ရှိ  ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် မွတ်စလင် အရေအတွက် ၈ သိန်း မှ ၁ သန်းအထိ ရှိနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားစဉ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ် နေသည့် အတွက် နိုင်ငံတကာက ဝေဖန်နေကြပြီး ထိုသို့ တစုံတရာမပြောဆိုဘဲ ရှောင် လွှဲခဲ့သည့်အတွက် ရခိုင်လူမျိုးများကြား တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကျဆင်း နေသည်ဟု သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်နေသည်။
စစ်တွေမြို့၌ လတ်တလော ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတခုတွင် မကြာသေးမီက အသစ် ဖွဲ့စည်းလိုက် သည့် ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးသိန်းခိုင်က ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓ ဘာသာနှင့် မွတ်စလင် ဘာသာကို တန်းတူ ထားရန် ကြိုးစားနေသူဟု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် စစ်တွေ မြို့သို့ ရောက်ရှိလာပါက လှိုက်လှဲစွာကြိုဆိုခြင်း ခံရ နိုင်သလား ဆိုသော မေးခွန်းကို ရခိုင်အမျိုးသားပါတီ (ANP) ခေါင်း ဆောင်လည်းဖြစ် အမျိုးသားလွှတ် တော်ကိုယ်စား လှယ်လည်းဖြစ်သူ ဒေါက်တာ အေးမောင် ကို ဧရာဝတီက မေးမြန်းသောအခါ  “ကျနော် မသိဘူး” ဟု ပြန်လည်ဖြေဆိုသည်။
NLD နှင့် ၈၈ အဖွဲ့က စစ်တွေမြို့တွင် ပြုလုပ် မည့် အခမ်းအနားသို့ ANP က တက်ရောက် ရန် ယခုအချိန်အထိ  အစီအစဉ် မရှိ သေးကြောင်း ဒေါက်တာ အေးမောင်က ဧရာဝတီသို့ပြောသည်။
သို့သော်လည်း ကိုမျိုးဝင်းကဲ့သို့ မွတ်စလင်များ အတွက်မူ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုအခမ်း အနားသည် ၎င်းတို့၏ ဒုတိယတန်းစား နိုင်ငံသား ဘဝကို အသိပေးနေသလိုရှိသည်ဟု ဆိုသည်။
“အခြေခံဥပဒေ ပြင်ဆင်တယ် ဆိုရင်တောင် ကျနော်တို့အတွက် မျှော်လင့်ချက် မပေးနိုင်ပါဘူး။ ကျနော်တို့လည်း အဲဒီအခမ်းအနားကို တက်နိုင်မှာ မဟုတ်ဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးနိုင်မယ်လို့လဲ မထင်ဘူး” ဟု စစ်တွေမြို့၊ အောင်မင်္ဂလာ မွတ်စလင်ရပ်ကွက်မှ ကိုမျိုးဝင်း က ဧရာဝတီ သို့ ပြောသည်။

 (၂၀၁၄ ခုနှစ်၊ ဇွန် ၃ ရက်နေ့ The Irrawaddy အင်္ဂလိပ်ပိုင်း အွန်လိုင်းတွင် SIMON ROUGHNEEN ရေးသားသော   Suu Kyi’s Attendance ‘Unsure’ at Planned Sittwe Reform Rally ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Friday, May 9, 2014

DPA နှင့် NUPA ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မီတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံ

DPA & NUPA
ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ(DPA)နှင့် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ပါတီ(NUPA) တို့မှ ခေါင်းဆောင်များသည် ယမန်နေ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုတိယ ဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့် ရန်ကုန်မြို့ MPC ခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ DPA  ခေါင်းဆောင်များ ဖြစ်ကြသော ဦးသိန်းဖေ၊ ဦးထွန်းအောင်ကျော်၊ ဦးညီညီလွှင်နှင့် NUPA ခေါင်းဆောင်များဖြစ်ကြသော ခိုင်မြ၀ါနှင့် ဦးမောင်အေးချမ်းတို့ အတူတကွ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
တနိုင်ငံလုံး အပတ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတည် ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သော ကျယ်ပြန့်သည့် အမျိုးသားညီလာခံဖြစ်ပေါ်ရေး ထိုမှတဆင့်ဖက်ဒရယ်မူ ပေါ်တွင်အခြေခံ ပြီး အမျိုးသားသဘောတူ ပဌိညာဏ်စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မီတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မီတီအဖွဲ့ဝင်များနှင့် နှင့် မေလ (၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် MPC အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့များမှ ယမန်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။
ယင်းပြင် ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် DPA နှင့် NUPA တို့ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရရှိ ရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်း ကျေညာချက်တွက် ဖေါ်ပြသည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာဖြစ်သော ပြည်တွင်းစစ်နှင့် နှစ်ရှည်လများဖြစ်ပွားလျှက်ရှိသောပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေး နိုင်ငံရေးအရဖြေရှင်းရန် နည်းလမ်းကောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ကျေညာချက်က ဆိုသည်။
ဆွေးနွေးပွဲတွင် MPC ဘက်မှ အောက်ပါအချက်အလက်များအား သဘောတူညီမှု ရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။
၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မပါဝင်နိုင်သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြု လုပ်သွားမည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီအဖွဲ့အစည်းများအဖြစ် အသိအမှတ်ြ့ပုသည်။
၂။ နိုင်ငံရေးသဘောတူညီချက် ဆွေးနွေးပွဲများ မစတင်နိုင်မီကြားကာလတွင် DPA နှင့် NUPA ခေါင်းဆောင် များအား ရခိုင်ပြည်နယ်အတွင်း သွားလာခွင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများအား အကြောင်းကြား၍ သွားလာ ခွင့် ပြုလိုက်သည်။
၃။ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ခွင့်ပြုသည်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ပါတီနှစ်ရပ်စလုံးမှ ပါတီခေါင်းဆောင်များအား တနိုင်ငံလုံးး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကြားကာလတွင်ပင် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော AA(Sourth), AA(North),
ALP, DPA နှင့် NUPA တို့သည် တစုတစည်းတည်း အများ သဘောတူညီသည့် အဖွဲ့အစည်းခေါင်းစဉ် တခုအောက်တွင် စုစည်းသွားနိုင်မည်ဆိုက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ပိုမိုထိရောက်သွားမည် ဖြစ်သောကြောင့် ပါတီများအားလုံးစုစည်း အဖြေရှာသွားရန် အထူးအလေးထား တိုက်တွန်း သွားကြောင်း ဖေါ်ပြသည်။
DPA & NUPA
အဆိုပါကိစ္စများအား ဆောင်ရွက်ရန်သဘောတူညီချက် ရသည်ဆိုပါက မိမိတို့ အစိုးရ အနေဖြင့် အစွမ်းကုန်ကူညီ သွားမည်ဖြစ်သည်ဟု ကတိက၀တ်ပြုခဲ့ကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။
DPA ပါတီသည်ယခင် ရခိုင်ပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းများ တည်ထောင်ထားသည့် အဖွဲ့ဖြစ်ပြီး နှစ်ပေါင်း(၅၁)နှစ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက် ရေး လုပ်ငန်းကော်မီတီ(UPWC) ဒုတိယ ဥက္ကဌ ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးကိစ္စများကို ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
၁၉၆၃-ခုတွင် တော်လှန်ရေးကောင်စီ ဥက္ကဌ ဦးနေ၀င်း နှင့်လည်း အလားတူ ဆွေးနွေးခဲ့သော်လည်း ရခိုင်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်သူ ဦးကျော်စံရွှီမှ ရခိုင်ပြည် သမ္မတ နိုင်ငံ ထူထောင်ရန် တောင်းဆိုမူကြောင့် ဆွေးနွေးပွဲမှာ ပျက်ပြားသွားခဲ့ကြောင်း သိရသည်။
NUPA သည် ၁၉၉၄-ခုနှစ် ဖွဲ့စည်းတည်ထောင်ပြီး နှစ်(၂၀)ကျော်အတွင်း နိုင်ငံတော်အစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပါတီ ကိုယ်စားလှယ်များသည် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ပြီးနောက် ယခုကဲ့သို့ နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းပေးထားသော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, March 7, 2014

ရခိုင်အမျိုးသားပါတီ ANP ပါတီဖွဲ့စည်းတည်ထောင်ခွင့်ရပြီ

Arakan-National-Party  ANPရခိုင်အမျိုးသားပါတီ (Arakan National Party) တည်ထောင်ခွင့်ကို ယမန်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံရွေး ကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က အတည်ပြုပြောကြားသည်။
ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ပြုကြောင်း ဖုန်းနှင့် ဆက်သွယ်အကြောင်းကြားလာခြင်း ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ယခုကဲ့သို့ပြောသည်။
“ ဟုတ်ပါတယ်။ မနေ့က ညနေ ၃ နာရီကျော်မှာ ရွေးကောက်ပွဲကော်မရှင်က RNDP ပါတီနဲ့ ALD ပါတီကို ဖျက် သိမ်းခွင့်ပြုပြီး ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ပြုတယ်လို့ အကြောင်းကြားလာပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ရခိုင်အမျိုးသားပါတီဖွဲ့စည်းခွင့်ကျလာသည့်အတွက် ယခင်ကထက်လုပ်စရာပိုများလာပြီး အစစ အရာရာ ဆင်ခြင်သတိထားဖို့လိုလာကြောင်းလည်း ဒေါက်တာအေးမောင်က ပြောသည်။
“ ရခိုင်အမျိုးသားပါတီ တခုတည်းဖြစ်လာတဲ့အချိန်မှာ ဥပဒေဘောင်အထဲက သေသေချာချာ သွားဖို့လိုလာ တယ်။ အပြောအဆိုကအစ စီစစ်သုံးသပ်ဖို့လိုလာတယ်။ တစ်ခုတည်းသော အမျိုးသားပါတီကို ကျွန်တော်တို့ အဖျက်သိမ်းမခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့မှာ စည်းလုံးမှု ပိုလိုလာတယ်။ တကယ်စစ်မှန်တဲ့ ရခိုင်အမျိုး သားပါတီတစ်ခုလုပ်ဖို့ ကျွန်တော်တို့မှာ လိုလာပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ခွင့်ပြုချက်ကျလာခြင်းသည် ရဟန်းရှင်လူ ပြည်သူများနှင့်လက်တွဲပြီး  ရခိုင်ပြည်နှင့် နိုင်ငံရေး အနာဂတ်ကို နည်းမှန်လမ်းမှန် တစ်ဆင့်ချင်း တည်ဆောက်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်မှ ပထမဆုံး ခြေလှမ်းအဖြစ် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သူကပြောသည်။
ANP ပါတီအနေနှင့် ပထမဆုံး လုပ်သင့်သည့် လုပ်ငန်းတချို့ကိုလည်း ဒေါက်တာအေးမောင်က ယခုကဲ့သို့ ပြောသည်။
“ ကျွန်တော်တို့ ပထဆုံးလုပ်သင့်တာက နယ်တချို့မှာ RNDP-ALD ရုံးတွေရှိတယ်။ ဒါတွေကို ရခိုင်အမျိုးသား ပါတီရုံးတွေဖြစ်လာအောင် အချိန်တခုသတ်မှတ်ပြီး လုပ်သင့်တယ်။ ကျွန်တော်တို့ ANP ပါတီမှာပါတဲ့ ပုဂ္ဂိုလ် တွေ အစုအစုဖွဲ့ပြီး စည်းရုံးရေးဆင်းပြီးတော့ ANPကို ပြည်သူတွေနဲ့စတင် ထိတွေ့ပေးသင့်တယ်။ ပြီးတော့ ANP ပါတီအပြင် တတိယအင်အားစု တခုကိုဖိတ်ခေါ်ပြီး အားလုံးသော မြို့နယ်တခုစီ ရခိုင်အမျိုးသား ပါတီဝင် အဖြစ် အသိမှတ်ပြုပြီး အဲဒီလူတွေက တင်မြောက်တဲ့ ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်မှုဆောင် အဖွဲ့ကို တင်မြောက်နိုင်မယ်။ အဲဒီ တင်မြောက်တဲ့ကိုယ်စားလှယ်တွေထဲက လာမည့် ပထမဆုံး ရခိုင်အမျိုးသား ညီလာ ခံကို တက်ရောက်ဖို့ မြို့နယ်ကိုယ်စားပြု ကိုယ်စားလှယ်တွေကို အချိန်တိုအတွင်းမှာ လုပ်ပေးရမှာ ဖြစ်တယ်။”
ယခုကဲ့သို့ ရခိုင်အမျိုးသားပါတီ ဖြစ်ပေါ်လာရန်အတွက် အဘက်ဘက်မှ တွန်းအားပေးတောင်းဆိုခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများကိုလည်း ကျေးဇူးတင်ကြောင်း ဒေါက်တာ အေးမောင်က ယခုကဲ့သို့ ဆက်ပြောသည်။
“ ကျွန်တော်တို့ ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေဟာ ကျွန်တော်တို့ထက် အများကြီး နိုင်ငံ ရေး အမြင်ရှိပါတယ်။ ပြည်သူတွေထဲမှာ အသက်အရွယ်ကြီးရင့်သူတွေ၊ နိုင်ငံရေးဝါရင့်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေအများကြီးရှိတယ်။ ရခိုင်အမျိုးသား ပါတီတည်ထောင်နိုင်အောင် အကြံ ပေး တိုက်တွန်း တောင်းဆိုတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့လည်း ခြေလှမ်းမှန်မှန်နဲ့ လှမ်း ပြီး နောက်တက်လာမဲ့ မျိုးဆက်သစ်တွေကို လက်ပြောင်းလက်လွဲလုပ်နိုင်မယ်လို့လည်း ကျွန်တော်ယုံ ကြည်ပါ တယ်။”
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကိုဖျက်သိမ်းပြီး ရခိုင် အမျိုးသားပါတီ (ANP) တည်ထောင်ရန် နှစ်ဘက်ပါတီခေါင်းဆောင်များက ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, March 4, 2014

အိမ်နီးချင်းနိုင်ငံနှစ်ခုက ဘ၀တူညီအစ်မပါဟုဆိုသူ နိုင်ငံခေါင်းဆောင် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်

suu-kyai-and-Sheikh-Hasinaအိမ်နီးချင်းနိုင်ငံ နှစ်ခုမှ ဘ၀တူ ညီအစ်မ နှစ်ဦးပါဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တင်စားပြောဆိုသူ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
ထိုသို့ တွေ့ဆုံမည်ကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နာမည်ကြီးသတင်းဌာနတခုဖြစ်သည့် BD News24 အွန်လိုင်းစာ မျက်နှာတွင် ဘင်္ဂလီဘာသာဖြင့် ယနေ့ ရေးသားဖေါ်ပြသည်။
“ တနင်္လာနေ့ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီးနာတို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု သတင်းက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ဖခင် ရှိတ်မူဂျီဘူရာဟာမန်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လွတ်လပ်ရေး ဖခင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာ့ လွတ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။
ယင်းပြင် သူမ၏ ဖခင် ရှိတ်မူဂျီဘူရာဟာမန်သည် လွတ်လပ်ရေး ရပြီး (၄) နှစ်အကြာ ၁၉၇၅ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့တွင် မသမာသူ စစ်ဗိုလ်တစ် တစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း လွတ်လပ်ရေး မရမီ တနှစ်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ၁၉၉၁ ခုနှစ်က သူမ အတိုက်အခံ ခေါင်းဆောင်ဘ၀နှင့် ရှိနေစဉ် ၈၈ အရေးအခင်းကြောင့် ဘင်္ဂလာသို့ ထွက်ပြေးလာကြသူ ရခိုင်ပြည်နယ် ကျောင်းသား လူငယ်များနှင့် ဒက္ကားမြို့ သူမနေအိမ်တွင် တွေ့ဆုံစဉ်  “ ဒေါ်အောင်ဆန်းစုကြည်မှာ မိမိနှင့် ဘ၀တူ အိမ်နီးချင်းနိုင်ငံ နှစ်ခုမှ ညီအစ်မ နှစ်ဦးပါ”  ထုတ်ဖေါ်ပြောကြားခဲ့သည်။
ထိုအချိန်က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မြို့တွင် အကျယ်ချုပ်ဘ၀ဖြင့် ထိန်းသိမ်းခံနေခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, February 28, 2014

IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ

IRI-RNDP-ALDInternational Republican Institute ( IRI) မှ ရခိုင်နိုင်ငံရေးသမားများကို စစ်တွေတွင် ယမန်နေ့က သင်တန်းပို့ချခဲ့သည်။
၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၅ ဦး အပါအ၀င် ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး  ပါတီမှ ပါတီဝင်များလည်း  တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး  ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက  နိရဉ္စရာသို့ ပြောကြားခဲ့သည်။
၎င်းသင်တန်းတွင် နိုင်ငံခြားသား တစ်ဦးဖြစ်သူ Stevecima ဟောပြောပို့ချခဲ့သည်ဟု သိရသည်။
“ သင်တန်းက ကောင်းပါတယ်။ မသိရတာကို သိရတယ်။ ဗဟုသုတတွေလည်း ရပါတယ်” ဟု သင်တန်းသား တစ်ဦးဖြစ်သူ ဦးလှမောင်က ဆိုသည်။
၎င်းသင်တန်းသို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ  စစ်တွေဟိုတယ်တွင်ပြုလုပ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, January 31, 2014

White Card ကိစ္စ၊ ရဲကိစ္စ၊ နိုင်ငံသား ကိစ္စ စစ်တွေမှာ ဆန္ဒပြပွဲလုပ်မယ်

White Card ကိုင်တဲ့ လူတွေ ရွေးကောက်ပွဲဝင်ခွင့် မဲပေးခွင့် မရဖို့၊ ရဲတွေကို ခေတ်မီ လက်နက်နဲ့ တပ်ဆင်ပေးပြီးတော့ အရေးပေါ် ပစ်မိန့်တွေ
ပေးထားဖို့၊ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသား စီစစ်ဖို့ ဖေဖော်ဝါရီလ ၃ရက်နေ့ ဆန္ဒပြမယ်။

အသေးစိတ်ကို ဆက်လက်ဖတ်ပါ။

ရခိုင်လူမှုကွန်ရက်များအနေဖြင့်သိသာရန်
........................................................

ရခိုင်လူမှုကွန်ရက် - စစ်တွေ

ယခုအချိန်တွင် ရခိုင်ပြည်မှ အသံတစ်သံထွက်ရန် အရေးပေါ်လိုအပ်နေသည်။
ရခိုင်လူမှုအဖွဲ့အစည်းများ၏ ကွန်ရက်အဖြစ် ရခိုင်လူမှုကွန်ရက်အား မြို့နယ်ပေါင်းစုံမှ စည်းလုံးညီညွတ်စွာပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုကိစ္စ မတိုင်မီ ဗဟိုအစိုးရအား လူထုမှ တစ်စုံတစ်ရာဖိအားပေးပြီး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ချက်မှတ်နိုင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေပါသည်။

ရခိုင်လူမှုကွန်ရက် (စစ်တွေ)အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်မကျနိုင်သည့် ဆုံးဖြတ်ရခက်နေသောကိစ္စရပ်များအား ပြည်သူ့ဆန္ဒဖြင့် ၀ိုင်းရံထောက်ခံတွန်းအားပေးမှု တစ်ရပ်ပြုလုပ်ရန် အချက် (၃)ချက်ပါ ပုံစံ(၄) ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်အား ၂၈-၁-၂၀၁၄ ရက်နေ့ ညနေ ၂ နာရီတိတိအချိန်တွင် ခွင့်ပြုစာတင်ခဲ့ကြရာ ယနေ့ ညနေ ၃ နာရီအချိန်တွင် ပုံစံ (၇)ဖြင့် ခွင့်ပြုချက်ပေးခဲ့သည်။

၁။ ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေအား လွှတ်တော်အတွင်းချက်ချင်းဆွေးနွေးပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်။

၂။ White Card နှင့် ယာယီနိုင်ငံသားမှတ်ပုံတင်ကဒ် ကိုင်ဆောင်သူများသည် ဆန္ဒမဲခံယူပိုင်ခွင့်/မဲပေးပိုင်ခွင့်မရှိစေရန် ၂၀၁၄ သန်းခေါင်စာရင်းစစ်တမ်းကောက်ယူခြင်းကိစ္စ မတိုင်မှီ အစိုးရမှ တရားမ၀င်ကြောင်းကြေငြာရန်။

၃။ ဒေသခံများ၏လုံခြုံရေးကို တာဝန်ယူနေကြရသော လုံခြုံရေးဝန်ထမ်းများအား ခေတ်မီလက်နက်များတပ်ဆင်ထားပြီး အရေးပေါ်အခြေအနေများတွင် အထက်အမိန့်စောင့်နေစရာမလိုပဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားရန်။

ဟူသောအချက် (၃)ချက်ဖြင့်
အချိန်။ ၃-၂-၂၀၁၄ ရက်နေ့တွင် နေ့လည် ၁း၀၀ တိတိ မှ ၁၅း၀၀ အထိ
နေရာ ။ ဦးဥတ္တမပန်းခြံ မှ ၀င်္ကပါကွင်းသို့

(ဤသတင်းအား Rakhine Citizen Journalists စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

Wednesday, January 29, 2014

လက်ကျန် နိုင်/ကျဉ်းများ လွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြပွဲ ပြီးဆုံး

monk-demo-305.JPG
ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က တကိုယ်တော် ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win
အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အမြန်ဆုံး လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင် ရက္ခဝံသဟာ ဒီကနေ့ ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီးမှာ လမ်းလျှောက်ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။
ကျောက်တော်မြို့နယ်  မဟာမြတ်မုနိဘုရားကြီးမှာ ရခိုင်ဒေသခံ သံဃာတော် ၉ ပါးနဲ့အတူ ဆုတောင်းပွဲတစ်ရပ်ပြုလုပ်ပြီး ခရီးစဉ်ကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဆရာတော် အရှင်ရက္ခဝံသက RFA ကို မိန့်ပါတယ်။
“မန္တလေးမဟာမြတ်မုနိကနေ ရခိုင်မဟာမြတ်မုနိ အထိပေါ့ ဒီနေ့ကတော့ ကျောက်တော် မဟာမြတ်မုနိမှာ အဆုံးသတ်တာပေါ့နော်၊ သံဃာကိုးပါးနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၃၃ ယောက် အားလုံးလွတ်မြောက်ပါစေ ဆိုပြီးတော့ ဆုတောင်းကြတာပေါ့”
နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရလို့ ပြောဆိုထားပေမယ့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ပြုစုထားတဲ့စာရင်းတွေအရ ဒီကနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကျန်ရှိနေသေးတဲ့အတွက် သူတို့တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆရာတော် အရှင်ရက္ခဝံသက မိန့်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် မကွေးစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မန္တလေး မဟာမြတ်မုနိဘုရားကြီးကနေ စတင်လမ်းလျှောက်လာခဲ့တာဖြစ်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီးကို ရောက်ရှိခဲ့တာပါ။
(သတင်းအရင်းအမြစ်- RFA)