Showing posts with label နိုင်ငံသားစိစစ်ရေး. Show all posts
Showing posts with label နိုင်ငံသားစိစစ်ရေး. Show all posts

Friday, February 6, 2015

ဝှိုက်ကတ်အရေး နောက်ကွယ်

မှတ်ပုံတင်ပျောက်နေသူတစ်ဦးပြုလုပ်ထားသော White card ကိုတွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးသော White card နှင့် UNHCR ကဒ်ကို ပြသနေသူတစ်ဦး (ဓာတ်ပုံ - india.blogs.nytimes.com)
 ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (white card)ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုလိုက်ခြင်းကြောင့် ရခိုင်အမျိုးသားအင်အားစုများ အပါအဝင် နိုင်ငံရေးလေ့လာသူများအကြား စိုးရိမ်မှုများမြင့်တက်လာသည်။
ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုလိုက်ခြင်းသည် အာဏာရပါတီ၏ နိုင်ငံရေး ကစားကွက်ဟုလည်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ ထို့အပြင် ဒီမိုကရေစီကူးပြောင်းစနိုင်ငံအတွက် ဆိုးကျိုးများ ဖြစ်ပွားလာနိုင်သည်ဟုလည်း သုံးသပ်သူများရှိသည်။
ယာယီသက်သေခံလက်မှတ်ကို ၁၉၅၁ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း နည်းဥပဒေများအရ ထုတ်ပေးထားခြင်းဖြစ်သည်။ ယင်းလက်မှတ် ကိုင်ဆောင်သူများထဲတွင် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားနိုင်သေးသူ အများစုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် ပျောက်ဆုံးနေသူများ၊ မရရှိသေးသည့် တိုင်းရင်းသားများ အနည်းစုပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံလက်မှတ် (white card)ကိုင်ဆောင်ထားသူများကိုပါ မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ဖေဖော်ဝါရီ ၂ ရက် ၌ ပြင်ဆင်အတည်ပြုခဲ့သည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည်  ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် စိစစ်ခဲ့ခြင်းဖြစ်ကာ လွှတ်တော်သို့တင်သွင်းစဉ်ကတည်းက ဥပဒေကြမ်း၌ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိသည်ဆိုသောအချက် ပါရှိခဲ့သည်။
ဥပဒေကြမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် ရက်တွင် အသက် (၁၈)နှစ်ပြည့် ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိ သူတိုင်းကို မဲစာရင်းတွင် ထည့် သွင်းရမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
သို့သော် အဆိုပါအချက်ကို လွှတ်တော်က ပယ်ဖျက်ခဲ့ပြီးနောက် ဥပဒေကြမ်းကို အတည် ပြုပြဋ္ဌာန်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် သမ္မတထံ ပေးပို့ခဲ့သည်။ သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိကြောင်းအပါအဝင်  ပြင်ဆင်ချက်၁၁ ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်တွင်‘‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် နေ့ရက်၌အသက် (၁၈)နှစ် ပြည့်ပြီးဖြစ်သည့်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်’’ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂ ရက်ကပြု လုပ်သော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ရခိုင် တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များက အချုပ်အခြာ အာဏာထိပါးလာနိုင်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။ သို့သော် ပြည်ထောင်စုလွှတ်တော် က ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံချက်ဖြင့် မဲပေးခွင့်ကို အတည်ပြုခဲ့သည်။ ဝှိုက်ကတ်ကိုင်ဆောင်သူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသောအချက်အပေါ် ထောက်ခံသူအမတ် ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦးနှင့် ကြားနေ ၁၉ ဦးဖြစ်သည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခဲ့ခြင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန် နိုင်ငံရေးကစားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။
‘‘အားလုံးကို ခြုံငုံပြီးပြောရရင်တော့ နိုင်ငံရေးကစားတာပဲ။ အဲဒီစကားတစ်လုံးပဲရှိတယ်’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်း၏အမြင်ကို ပြောသည်။
‘‘နိုင်ငံရေးကစားတယ်ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာတော့ အများကြီးရှိတာပေါ့။ မဲရလိုမှုလည်းရှိတာပေါ့’’ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံရေးလေ့လာသူအချို့ နှင့် ရခိုင်အမျိုးသားအင်အားစုများက အချက်နှစ်ချက်ကြောင့် ယခုကဲ့သို့ ယာယီသက်သေခံ လက်မှတ်ကို မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း တညီတညွတ်တည်းသုံးသပ်သည်။
‘‘ပထမတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နောက်ဆုတ်ဖို့ကြိုးစားတာ’’
‘‘နောက်တစ်ချက်က မိမိ ပါတီအာဏာရဖို့ တိုင်းပြည်အကျိုးထက် ပါတီအကျိုးကိုရှေးရှုတာ’’ ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ယင်းကဲ့သို့ နိုင်ငံရေးအကျိုး အမြတ်ရရှိအောင် လုပ်ဆောင်မှုမျိုးမှာ မြန်မာ့သမိုင်းတွင် ယခင် ကလည်း ရှိခဲ့ဖူးသည်။
ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် တောင်းဆိုမှုကို ဖဆပလအစိုးရက ရွေးကောက်ပွဲအနိုင်ရရှိရန် လက်ခံခဲ့ဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ပါတီမဲရရှိရန် ဘင်္ဂါလီလူမျိုးအများအပြားအား ယာယီမှတ်ပုံတင်အဖြူကတ်များ ထုတ်ပေးခဲ့ခြင်းကြောင့် လူမျိုးရေး ပြဿနာများ ပိုမိုရှုပ်ထွေးခဲ့ရ ကြောင်း  ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီအရင်ခံစာ၌ ရခိုင်တိုင်းရင်းသားများ ပြောကြားချက်ကို ကိုးကား၍ ရေးသားထားသည်။
‘‘ကျွန်တော်တို့က ယာယီသက်သေခံလက်မှတ်တွေ မဲမပေးရတဲ့ဘက်က ရပ်တည်တယ်။ ဒါပေမဲ့ မဲရှုံးသွားတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
‘‘သမ္မတရဲ့ ပြင်ဆင်ချက် ကြည့်ရတာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ မဲမပေးရဘူးဆိုတာ ကြိုက်ပုံ မပေါ်ဘူး။ နောက်ကွယ်ကဟာတွေတော့ ကျွန်တော်လည်း မသိထားတော့ မပြောလိုပါဘူး’’
မြန်မာနိုင်ငံတွင် ယာယီ သက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူ ခြောက်သိန်းခန့်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက တရားဝင်ပြောကြားထားသည်။ ယင်းအနက်မှ အများစုမှာ ရခိုင် ပြည်နယ်မှ ဘင်္ဂါလီလူမျိုးများဖြစ်သည်။
‘‘၈၀ ရာခိုင်နှုန်းလောက် ဖြစ်မှာပါ’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ် ဦးက ပြောသည်။
ရခိုင်အမျိုးသားအင်အားစုများကမူ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးတစ်သန်းကျော် အနက် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ငါးသိန်းကိုးသောင်းခန့်ရှိသည်ဟု ဆိုသည်။
ဝှိုက်ကတ်ကိစ္စ ယခုအချိန်တွင်မှ ပေါ်ပေါက်လာခြင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး အာရုံလွဲအောင် ကြိုးပမ်းခြင်းဟု သုံးသပ်မှုများလည်းရှိသည်။
လက်ရှိပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲဥပဒေများအရ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများမှာ ဆန္ဒမဲပေးနိုင်ခွင့် ရှိသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရွေးကောက်ပွဲဥပဒေများအရ သမ္မတက သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းသာမက အခြားတိုင်းရင်းသားဒေသများရှိ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ များအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ယင်းကဲ့သို့ မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း 7 day Daily အားပြောသည်။
‘‘အမိန့်ပေးတာမဟုတ်ပါဘူး။ စဉ်းစားနိုင်အောင် သဘောထားမှတ်ချက်ပေးတာပါ’’ဟု ၎င်းက ပြောသည်။
ယာယီသက်သေခံလက်မှတ်များကို မဲပေးခွင့်ပြုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေများနှင့် ဆန့်ကျင်နေကြောင်း ထောက်ပြသူများရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ တွင် ‘‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်’’ ဟု ဖော်ပြထားသည်။
၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ ၂(င)တွင်မူ ယခုကဲ့သို့ပြဋ္ဌာန်းထားသည်။
‘‘နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံသားမဟုတ်သောသူ (သို့မဟုတ်) ဧည့်နိုင်ငံသားမဟုတ်သောသူ (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူမဟုတ်သောသူကို ဆိုသည်’’
ထို့အတွက်ကြောင့်ပင် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခြင်းမှာ ဖွဲ့စည်းပုံအပါအဝင် တည်ဆဲဥပဒေများကို ချိုးဖောက်နေကြောင်း ရခိုင်အမျိုးသားအင်အားစုများနှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်သည်။
‘‘ကမ္ဘာပေါ်က ဘယ်တိုင်းပြည်မှာမဆို နိုင်ငံခြားသားကို မဲပေးပိုင်ခွင့်ရှိတယ်လို့ မပြဋ္ဌာန်းထားဘူး’’ဟု စစ်တွေမြို့မိမြို့ဖ ရှေ့နေဦးသာပွင့်က ဆိုသည်။
သို့ရာတွင် ယာယီသက်သေခံလက်မှတ်မှာ ရခိုင်ပြည်နယ်တွင် ထိလွယ်ရှလွယ်ဖြစ်သော်လည်း ယခင်က မဲပေးခွင့်ရှိသည့်အတွက် ဆက်လက် မဲပေးခွင့်ပေးသင့်ကြောင်း သုံးသပ်သူများလည်းရှိ သည်။
‘‘အခုကျမှ မဲပေးခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ ဥပဒေက မတည်ငြိမ်ဘူးလို့ အားလုံးကဝေဖန်မှုတွေဖြစ်လာမယ်။ ရှေ့ကတစ်မျိုး၊ နောက်ကတစ်မျိုး လိုသလိုအသုံးချတယ်လို့ ပြောကြမယ်’’ဟု လွှတ်တော်တွင် မဲခွဲစဉ် ထောက်ခံမဲပေးခဲ့သူ ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်က ပြောသည်။
‘‘တိုင်းရင်းသားတွေထဲမှာ မှတ်ပုံတင်မရှိလို့ ဝှိုက်ကတ်ကိုင်ထားတဲ့သူတွေ အများကြီးပဲ။ အဲဒီတော့ ဝှိုက်ကတ်ကို မဲပေးခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးဆိုင်းပေါင်းနပ်က ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘ရခိုင်ပြည်နယ်က ဝှိုက်ကတ်ကိစ္စကတော့ သေချာ စိစစ်ကိုင်တွယ်သင့်ပါတယ်။ ကျွန်တော်ထင်ပါတယ် မဲပေးခါနီးရင် ဝှိုက်ကတ်တွေ ပြန်စိစစ်လိမ့်မယ်’’
၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ယခုကဲ့သို့ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့ခြင်းသည် တိုင်းပြည်အတွက် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း စိုးရိမ်သူများလည်းရှိသည်။
‘‘သူတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ မဲပေးရတော့မယ်။ အဲဒီအခါမှာ စိန်ခေါ် မှုတွေရှိလာပြီ’’ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
‘‘တိုင်းရင်းသားတွေမကြိုက်တာကို သူတို့က ထောက်ခံရင်၊ နိုင်ငံသားမဟုတ်သေးတဲ့သူတွေကိုထောက်ခံရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်တာပဲ’’
ရခိုင်အမျိုးသားအင်အားစုများက ယခုကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပြီး အကျိုးသက်ရောက်မှုများက ပြည်တွင်းသို့ ကျော်လွန်သွားနိုင်ကြောင်း ထောက်ပြသည်။
‘‘လက်ပံတောင်းတို့၊ အခု ကျောင်းသားသပိတ်တို့ထက် ဒီကိစ္စက ဆိုးကျိုးတွေဟာ ပိုပြီး နစ်နာဆုံးရှုံးသွားနိုင်တယ်’’ဟု ဦးသန်းထွန်းက မှတ်ချက်ပြုသည်။
လတ်တလောတွင် ရဟန်း သံဃာတော်များက မဲပေးခွင့်ဆုံးဖြတ်ချက်ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်မြို့၌ပြုလုပ်သွားရန် စီစဉ်နေသည်။ ရခိုင် ပြည်နယ်တွင်လည်း မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သွားမည်ကို လူထုအစည်းအဝေးများပြုလုပ်၍ ဆုံး ဖြတ်သွားမည်ဖြစ်သည်။
ရခိုင်ပြဿနာနှင့် ကချင်အပါအဝင် ပြည်တွင်းစစ်ရပ်စဲရေး စသည့်ကိစ္စရပ်များစွာကို ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် အစိုးရမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စိန်ခေါ်မှုများ ထပ်မံကြုံတွေ့လာမည်ဖြစ်ကြောင်း နိုင်ငံတကာအပါအဝင် လေ့လာသူများက အစဉ်တစိုက်ထောက်ပြခဲ့ကြသည်။
ဦးခင်မောင်ဆွေကမူ ယခုကဲ့သို့မှတ်ချက်ပြုသည်။ ‘‘အမျိုးသားလုံခြုံရေးအမြင်၊ နိုင်ငံတော် လုံခြုံရေးအမြင်နဲ့ ဒီကိစ္စကို သေချာစိစစ်လုပ်ကိုင်သင့်တယ်’’
××××××××××××××××××××
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို လွှတ်တော်အသီးသီးတွင် ဆွေးနွေးအတည်ပြုခဲ့မှုအခြေအနေများ
××××××××××××××××××××××××××××××××××
- ၂၀၁၄ နိုဝင်ဘာ ၁၈ ရက် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို မေလအတွင်း လုပ်ပေးမည်ပြော။
- ၂၀၁၄ နိုဝင်ဘာ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ဥပဒေကြမ်းကို တင်သွင်းခဲ့။
- ၂၀၁၄ နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရသည်ဆိုသော အချက်ကို လွှတ်တော်က ပယ်ဖျက်ရန်သဘောတူညီခဲ့။
- ၂၀၁၄ နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိပေးပို့သော ဥပဒေကြမ်းကို လက်ခံရရှိပြီး ဆက်လက်ဆောင်ရွက်သွားရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးခဲ့။
- လွှတ်တော်နှစ်ရပ်စလုံးတွင် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုလွှတ်တော်က ပေးပို့ခဲ့။
- ၂၀၁၅ ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတက ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြင်ဆင်ချက် ၁၁ ချက်ဖြင့် ပေးပို့လာမှုအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့။
-၂၀၁၅ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဆိုသောအချက်ကို ထောက်ခံသူများသဖြင့် အတည်ပြုခဲ့။
(သတင်းအရင်းအမြစ်- 7 Days News)

ဝှိုက်ကတ် မဲပေးခွင့် မပယ်မချင်း တစ်နိုင်ငံလုံးအတိုင်းဖြင့် ဆက်တိုက်ဆန္ဒထုတ်ဖော်သွားမည်

DSCF5694
ဝှိုက်ကတ်ကိုင်ဆောင်သူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန်ဖေဖော်ဝါရီ (၂) ရက်နေ့ ပြည်ထောင်စုလွှတ်တော် ကဆုံးဖြတ်ခဲ့ သည့်နဲ့ ပတ်သက်၍ ၀ှိုက်ကတ် (နိုင်ငံခြားသားများ) ကိုင်ဆောင်သူများအား မဲပေးခွင့် မပယ်မချင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြင်းပြင်းထန်ထန် ဆက်တိုက်ဆန္ဒ ထုတ်ဖော် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ယင်းဆန္ဒပြဆုံးဖြတ်ချက်ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိတရာမ ကျောင်းတိုက်တွင် ၀ှိုက်ကတ် Whit Card မဲပေးခွင့်ပယ်ချရေးကော်မတီများမှ တညီတစ်ညွတ်တည်း ဆုံးဖြစ်ခဲ့ကြသည်။
ဆန္ဒပြပွဲကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှ စတင်ပြုလုပ်မည်ဟု သိရသည်။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် သြ၀ါဒစရိယဆရာတော် ဦးပါမောက္ခမှ နိရဉ္စရာ သို့ ယခုကဲ့ သို့ မိန်ကြား သည်။
“ အစိုးရကတင်တာကို လွှတ်တော်ကနေ ဆုံးဖြတ်ထားတယ်။ ဒါကို ဦးဇင်းတို့က ကန့်ကွက်ရင် အစိုးရ ကတော့ လုံးဝကြိုက်မှာ မဟုက်ဘူးဆိုတာကို ဘုန်ကြီးတို့ လည်းထည့်တွက်ထားပြီးသားပါ။ လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေဘုန်းကြီးတို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာနိုင်ငံသားတွေက သာလျှင် ဖန်တီးခွင့်ရှိပါတယ်။ နိုင်ငံသားမဟုတ်သေးတဲ့ ၀ှိုက်ကတ်သမားတွေက ဖန်းတီခွင့်မရှိပါဘူး။ မြန်မာနိုင်ငံကို ဖျက်မယ့်ပုဂ္ဂိုလ် တွေက လုံးဝဖန်တီ ခွင့်မရှိပါဘူး။ ဒါကြောင့်မို့  ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိအောင် လုပ်ရမယ်။ လွှတ်တော်ကို အားကိုးနေလို့ မရဘူး’’ ဟု ဆရာတော် ဦးပါမောက္ခမှ မိန့် သည်။
ဝှိုက်ကတ်ကို မပယ်ဖျက်သရွှေ့ အချိန်ကန့် သက်ချက် မရှိ၊ ရက်ကန့် သက်မရှိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြင်းပြင်ထန်ထန် ဆန္ဒပြကန့် ကွက်သွား မည်ဖြစ်ပြီး နေပြည်တော် အထိ လမ်းလျှောက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်းလဲ ဆရာတော်ပါမောက္ခမှ ဆက်လက်မိန့် ကြားသည်။
အစိုးရ၏ လက်ကိုင်တုက်အစိုးရ၏ ဘက်တော်သားများဟု ဝေဖန်မူများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ဆရာတော်မှ ယခုကဲ့သို့  ဆက်လက် မိန့် ကြားသည်။
“ ဘုန်ကြီးတို့ ကိုအစိုးရရဲ့ ဘက်တော်သားအစိုးရရဲ့လက်ကိုင်တုက်ဆိုပြီး၊ စစ်ဖိနပ်အောက်ဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ ပြောနေကြတယ်။ ဘုန်းကြီးတို့  ကဘယ်အဖွဲ့ အစည်း မှ လက်အောက်ခံ မဟုက်ဘူး။ စစ်တပ်ရဲ့ လက်အောက်ခံလည်း မဟုတ်သလို ကြံ့ခိုင်ရေးရဲ့လက်အောက်ခံလဲ မဟုတ်ဘူး။ NLD အဖွဲ့ အစည်းကိုလဲ တိုက်နေတာ မဟုက်ဘူး။ သို့ သော် မိမိတို့ ရဲ့ တိုင်းပြည်၊ လူမျိုးနဲ့ မိမိတို့  ဘာသာသာသနာကို ထိခိုက်လာမည် ဆိုရင်တော့ မည့်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မှ ထားမည်မဟုက်ဘူး။ ဆန့်ကျင် တိုက်ခိုက် သွားရမှာ ဖြစ်တယ်” ဟု ဆရာတော် ပါမောက္ခမှ နိရဉ္စရာ သတင်းဌာနသို့ သီးသန့် ပြောကြားခဲ့သည်။
ဝှိုက်ကတ် မဲပေးခြင်း ပယ်ဖျက်ရေး ကော်မတီအဖွဲ့ ဝင်တစ်ဦးဖြစ်သူရခိုင်လူငယ်များအဖွဲ့ (ရန်ကုန်) ကိုညီညီမောင်မှလည်း နိရဉ္စရာသတင်းဌာနသို့ ယခုလိုပြောသည်။
“ နိုင်ငံတ်ာရဲ့ အချုပ်အာဏာဆိုတာ၂၀၀၈ အခြေခံဥပဒေအခန်း(၁)အပိုဒ်ခွဲ(၄)ပါပါတယ်။ နိုင်ငံသားတို့ ၏ အချုပ်အချာအာဏာဆိုသည် နိုင်ငံသားတို့  ထံမှ စီးဆင်ပြီး နိုင်ငံတစ်ဝန်းလုံး အာဏာတည်သည်ဟု ပါရှိတယ်။ ဆိုလိုတာကနိုင်ငံသားတို့ သာ နိုင်ငံအရေးကို စီရင်ပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားတို့ သာစီရင်ပိုင် ခွင့်ရှိတဲ့ ကိစ္စတစ်ခုကို နိုင်ငံသားမဟုတ်တဲ့ ၀ှိုက်ကတ်သမားတွေကို မဲပေးခွင့်ပြုတယ်ဆိုတာ အခြေခံ ဥပဒေနဲ့ လဲ လုံးဝ မကိုက်ညီဘူး။ လုံးဝလွဲချော်နေ ပါတယ်။ ဒါတွေကို ကျနော်တို့ အနေနဲ့ လုံးဝ မကျေနပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအခါ ၀ှိုက်ကတ်ကိုင်ဆောင်သူများကို မဲထည့်ခွင့်ပြုသည့် အပေါ် မကျေနပ်သော အဖွဲ့အစည်းများ အားလုံး စုပေါင်း ဆန္ဒပြရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ကိုညီညီမောင်က ပြောသည်။
အစည်းအဝေးမှ နေပြီး ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ဆန္ဒထုတ်ဖော်ပွဲကို ဖေဖေါ်ဝါရီလ ၈ ရက် နေ့လယ် ၁ နာရီတွင်  ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်း ဘုရားကြီးမှ စတင်မည်ဟု သိရသည်။
၎င်းဆန္ဒပြကန့် ကွက်မှုကို ( ၇)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ပြုလုပ်သွားမည်ဖြစ်ပြီး (၇)ရက် မြောက်သည့် အချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထူးခြားမူမရှိပါက ရန်ကုန်မြို့မှ နေပြည်တော် အထိ ချီတက်ဆန္ဒပြ ကန့် ကွက်သွားမည်ဖြစ်ကြောင်း ယင်းဆုံးဖြတ်ချက်အရ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, February 5, 2015

White Card ကိုင်ဆောင် ထားသူများ မဲပေးခွင့်ကို ဆန္ဒပြမည်

White Card , မဲပေးခွင့်
ယာယီ သက်သေခံ လက်မှတ် (White Card) ကို ကိုင်ဆောင်ပြသနေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ယာယီသက်သေခံ လက်မှတ်(White Card) ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့် ပြုခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုကို ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၇ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ဖြစ် မြောက်ရေး ကော်မတီ က ပြောသည်။
လာမည့် ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီး အနီးမှစတင်၍ တိုင်းဒေသကြီး အစိုးရ လွှတ်တော်ရုံးရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်သည်ဟု ကော် မတီဝင် ကိုဝင်းကိုကိုလတ်က ဧရာဝတီ သို့ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း အဖွဲ့အစည်းအသီးသီးမှ စုပေါင်း၍ ဆန္ဒထုတ်ဖော်မှုများ တပြိုင်နက် ပြုလုပ်ကြမည်ဖြစ်သည် ဟုလည်း သိရသည်။
“၇ ရက်ကြာအောင် ဆန္ဒထုတ်ဖော်ပြီးခဲ့လို့ တစုံတရာ အကြောင်းပြန်ကြားမှုမရှိခဲ့ရင်တော့ နေပြည်တော်အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ဖို့ ရှိမယ်။ ဒီကိစ္စအပေါ် တခြားမြို့နယ်တွေကလည်း စိတ်ဝင်စားမှုရှိတယ်။ ပူးပေါင်းလာဖို့လည်း နှိုးဆော်မယ်” ဟု ကိုဝင်းကိုကိုလတ်က ပြောပြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရန် အတွက် ဗဟန်းမြို့မ ရဲစခန်းနှင့် ဒဂုံမြို့မ ရဲစခန်းတို့တွင် ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကြောင်း၊ ဆန္ဒထုတ် ဖော်မည့် လူဦးရေ အနည်းဆုံး ၁၀၀၀ ဝန်းကျင် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ်ထဲတွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၂၈ မဲ၊ ကန့်ကွက်မဲ ၇၉ မဲ၊ ကြားနေမဲ ၁၉ မဲ ဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
“အစိုးရဖြစ်နေလို့၊ အဖွဲ့အစည်းကြီးမို့လို့ ဆန္ဒမပြဘူးဆိုတာ မရှိဘူး။ မည်သည့်အစိုးရ ဖြစ်ဖြစ် လူမျိုး၊ ဘာသာ နဲ့ တိုင်းပြည်မပျောက် ဖို့ အတွက် ထိပါးလာတဲ့ မည်သည့်အဖွဲ့ကို မဆို လုပ်သင့်လုပ်ထိုက်တာလုပ်မယ်”ဟု မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။
ယမန်နေ့ ညနေ ၃ နာရီက မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိစ္စာ ရာမ ကျောင်းတိုက်တွင်ပြုလုပ်သည့် White Card ကိုင်ဆောင် ထား သူများကို မဲပေးခွင့်ပြုလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရေး ဆွေးနွေးပွဲတွင် အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေးအဖွဲ့ဝင်များ၊ သံဃာတော်များ၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၊ မြန်မာ့ အမျိုးသားရေး ကွန်ရက် အပါအဝင် အဖွဲ့အစည်းတချို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အမျိုးဘာသာ သာသနာ အရေး လှုပ်ရှားနေသော ဆရာတော် ဦးကုဝေလ ကလည်း “White Card ဆိုတာ နိုင်ငံသားဖြစ်ခွင့်ပေး ထားတာမဟုတ်ဘဲ လူသားချင်းစာနာ ထောက်ထားလို့ ပေးထားတာကို တဆင့်တိုးလာရင်တော့ ရိုက်ထုတ်သင့် ရိုက်ထုတ်၊ မောင်း ထုတ်သင့် မောင်းထုတ်ရမှာပဲ။ အမျိုးဘာသာ သာသနာကို ထိခိုက်လာရင် မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ဆန့်ကျင် မယ်။ အာဏာရဖို့လုပ်တာ တခုမှ မရှိဘူး”ဟု မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသော ၁၈ နှစ် ပြည့်ပြီးသူ ဦးရေ ၅ သိန်း ၉ သောင်း ကျော် ရှိကြောင်း၊ White Card ကို နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသားများကို ကိုင်ဆောင်ခွင့် ပြုခြင်း ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Wednesday, February 4, 2015

ယာယီသက်သေခံကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုတုံ့ပြန်ရန် ရခိုင်လူထုသဘောထားရယူမည်

ယာယီသက်သေခံလက် မှတ်  (White Card) ကိုင်ဆောင် ထားသူများကို  မဲပေးခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်အားမည်သည့်နည်းဖြင့် တုံ့ပြန်မည်ဆိုသည်ကို စစ်တွေမြို့တွင် ရခိုင်လူထု သဘောထားရယူကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ပြည်နယ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့သည့်ကိစ္စ အဓိကထားဆွေးနွေးသွားမည်ဟု၎င်းက ပြောသည်။
ရခိုင်နိုင်ငံရေးနှင့် အရပ်ဘက်အင်အားစုများအကြား ၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်လူထုသဘောထားအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် မူလကတည်းက အစီအစဉ်ရှိထားကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်သူများကိစ္စ အဓိက ဆွေး နွေးမှု ဖြစ်လာနိုင်ကြောင်း၎င်းကဆက်ပြောသည်။
 ရခိုင်ပြည်နယ်တွင် သွေး ထွက်သံယိုပဋိပက္ခများ ဖြစ်ပွားပြီး နောက် မြန်မာအစိုးရသည် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း ကာ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ သော်လည်း လက်တွေ့တွင် အစိုး ရ၏ လုပ်ရပ်သည် ပဋိပက္ခဖြစ် စေမည့် ကိစ္စများကို ရွေးချယ်လုပ် ကိုင်နေသည့် ပုံစံဖြစ်နေသည်ဟု ဦးသန်းထွန်းက ပြောသည်။
‘‘ပါတီတစ်ခုအနေနဲ့ နိုင်ငံတော်အကျိုးယှဉ်တဲ့အခါ ပါတီတစ်ခုရဲ့ အကျိုးစီးပွားက ရှေ့တန်းရောက်သွားတယ်လို့ ထင်တယ်’’ ဟု ၎င်းက ပြောသည်။
 ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ကို ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးရာ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသား ကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရရှိခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Tuesday, February 3, 2015

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးသော်လည်း ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် လွှတ်တော်ဆုံးဖြတ်

ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လွှတ်တော်၌ ကန့်ကွက်ဆွေးနွေးစဉ်
တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် မူလက ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မပြုရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။
ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ယင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးသည့်အနက် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးအင်ဖုန်ဆန်းတို့က မဲပေးခွင့်ရှိကြောင်း ဆွေးနွေးခဲ့သည်။
ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“နိုင်သားဟု အသိအမှတ်မပြုနိုင်သဖြင့် မစစ်ဆေးနိုင်သေးခင်ကာလမှာ ယာယီထုတ်ပေးထားတဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို တိုင်းပြည်အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ ကိစ္စရပ်များအပေါ် ဆုံးဖြတ်ခွင့်ပေးရမယ်ဆိုလို့ရှိရင် တိုင်းပြည်အတွက် အလွန်အန္တရာယ်များပါတယ်။ နိုင်ငံသားမဟုတ်သူများ၏ မဲကို ရလိုမှုကြောင့် မမှန်မကန် မသင့်လျော်သော အခွင့်အရေးများပေး၍ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားဖြစ်အောင်၊ ဝှိုက်ကတ်များအား ပန်းရောင်ကတ်ဖြစ်အောင် လုပ်ဆောင်ပေးမည့် မရိုးသားသောလုပ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။
နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ယာယီလက်မှတ် ကိုင်ဆောင်ထားသူ အများအပြားရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ယာယီလက်မှတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီဦးရေ ၆၇ဝ,ဝဝဝ ကျော်ရှိကြောင်း၊ ယာယီသက်သေခံ လက်မှတ် ဆိုသည်မှာ မည်သူဖြစ်ကြောင်း ဖော်ပြထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံချက် မဟုတ်ကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုလိုက်မည်ဆိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဠာန်းချက်များနှင့် ဆန့်ကျင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သူများကို ဆန္ဒမဲပေးခွင့်ပြုမည်ဆိုပါက နိုင်ငံတကာစံနှုန်းများနှင့်လည်း ဆန့်ကျင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၌လည်း Green Card ရရှိထားသူများအနေဖြင့် မဲပေးပိုင်ခွင့် လုံးဝမရှိကြောင်း ဆွေးနွေးခဲ့သည်။
ဦးထွန်းအောင်ကျော်က “ဘင်္ဂါလီ လူမျိုးတွေအပေါ် ဒီအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မဲပေးပိုင်ခွင့်ကို ခွင့်ပြုလိုက်မယ်ဆိုရင် သူတို့အနေနဲ့ နိုင်ငံတကာမှာ ဒီအချက်ကိုင်ပြီး မလိုအပ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် ကျွန်တော်တို့က ရေတိုကြည့်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံမှုအတွက် ရေရှည်ကို ကြည့်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံအတွက် နောင်အနှစ် ၂ဝ အတွင်း ဖြစ်ပေါ်လာမယ့် ပြဿနာကိုလည်း ကျွန်တော်တို့ ထည့်စဉ်းစားရပါမယ်” ဟု ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာအေးမောင်က “ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်က ဥပဒေနဲ့ မညီဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြင်ရမယ်။ နိုင်ငံသား မဟုတ်သူတွေကို မဲပေးခွင့်ပြုခဲ့ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တယ်။ သူတို့တွေရဲ့ မဲတွေ ကို လိုချင်လို့လား။ နိုင်ငံရေးကစားတယ်ဆိုရင်လည်း သစ္စာမဖောက်ဖို့ လိုတယ်။ လူဦးရေစိမ့်ဝင်ပြီးမှ အချုပ်အခြာအာဏာကို ကိုင်လှုပ်သွားမှာပဲဆိုတာကို ကျွန်တော်တို့ မေ့နေသမျှကာလပတ်လုံး မဟာဗျူဟာမှားတယ်။ ကိုယ်မဲရဖို့၊ ကိုယ့်နိုင်ငံရေး အမြတ်ရဖို့အတွက် ဖွဲ့စည်းပုံကြီးကို ဒီအတိုင်းထားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မလုပ်သမျှကာလပတ်လုံး အဓိပ္ပာယ်မဖွင့်နိုင်ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူး” ဟု ဆွေးနွေးခဲ့သည်။
ဦးဘရှိန်က ဆွေးနွေးရာတွင် ယခုဥပဒေသည် နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း၊ ပြီးခဲသည့်ကာလတွင် နိုင်ငံတော်ဝန်ကြီးချုပ်တစ်ပါး၏ အမှားကြောင့် ယနေ့နိုင်ငံတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည်ကို ပြည်ထောင်စုလွှတ်တော်နာယကကြီးလည်း သိရှိပါကြောင်း၊ ၎င်းအမှားမျိုး ထပ်မမှားရန်လိုအပ်ပြီး နိုင်ငံသားများ၏ အခွင့်အရေးကို နိုင်ငံသားမဟုတ်သူများအား ပေးမည့်အချက်ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း မကြာမီက ပြင်ဆင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့်အချက် မပါဝင်သည့်အတွက် ယခုဆုံးဖြတ်ခဲ့သည့် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့် အတည်ပြုချက်သည် ဥပဒေနှင့်မညီကြောင်း သုံးသပ်ပြောကြားသည်။
ထို့နောက် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ခွင့်ပြုသင့်ကြောင်း သဘောထားတင်ပြခဲ့သည်။
အလားတူအစိုးရအဖွဲ့ကိုယ်စားလာရောက်ဖြေကြားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းသည် ဥပဒေနှင့်ညီကြောင်း သဘောထားတင်ပြခဲ့သည်။
ထို့နောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဝှိုက်ကတ်သမားများ မဲပေးခွင့်ပြုရန် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ရှိသဖြင့် ဝှိုက်ကတ်သမားများအား မဲပေးခွင့်ပြုရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ်ပြည့်သော လူများအနက် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း ၅၉ဝ,ဝ၁၆ ယောက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံလက်မှတ်အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။
ကမ္ဘောဒီးယားအာဏာရှင်နိုင်ငံကဲ့သို့ ရွေးကောက်ပွဲမဲမသာမှုများ ဖြစ်ပေါ်လေ့ရှိသောနိုင်ငံမျိုးမှလွဲ၍ နိုင်ငံတကာတွင် နိုင်ငံသားမဟုတ်သူများနှင့် နိုင်ငံသားမဖြစ်သေးသူများအား မဲပေးခွင့် ခွင့်မပြုထားကြောင်း သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူများမှာ နိုင်ငံသားမဖြစ်သေးသော်လည်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့် ရရှိမည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, January 21, 2015

လမ်းပေါ်ထွက်ဆန္ဒပြသည်မှာ ခြေပူ၊နေပူရုံသာရှိပြီး ဘင်္ဂါလီကိုရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးပါက မြန်မာပြည်သူတစ်ရပ်လုံး ရင်ပူရမည်ဟု ဦးဝီရသူမိန့်ကြား

DSCN8645
ဘင်္ဂါလီကိစ္စကြောင့် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒပြရသဖြင့် မိမိတို့တတွေမှာ ခြေပူရုံ၊ နေပူရုံသာရှိမည် ဖြစ်ပြီး ဘင်္ဂါလီဆိုသည့် ပုဂ္ဂိုလ်များက ရိုဟင်ဂျာအမည်ဖြင့် သူတို့တောင်းဆိုနေသည်ကိုရသွားလျှင် မိမိတို့ပြည်သူတစ်ရပ်လုံးမှာ ရင်ပူရမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ဟစ်တိုင်ကွင်းတွင် ပြုလုပ်သည့် ကုလသမဂ္ဂညီလာခံ၏ ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြပွဲ အခမ်းအနားတွင် ဆရာတော် ဦးဝီရသူ ထိုသို့ မိန့်ကြားသွားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဆရာတော်က “ကမ္ဘာ့မြေပုံထဲကနေ မြန်မာ့မြေပုံကိုပျောက်အောင် ဖျောက်ဖျက်ဖို့ ကြိုးစားနေတာက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလိမ်တွေ၊ အဲဒီဘင်္ဂါလိမ်တွေ ကုလသမဂ္ဂရုံးခန်းထဲ၊ ရုံးခန်းစားပွဲပေါ်ထိ ဒီလောက် အတင့် ရဲလာအောင် မြှောက်ပင့် ပေးနေတဲ့သူတွေကတော့ လောက်ကောင်တွေပါပဲ။ အဲဒီလောက်ကောင်တွေဟာ မစင်တွင်းထဲက လောက်ကောင်တော့ မဟုတ်ဘူး။ အသားထဲက လောက်ကောင်တွေပဲ။ အဲဒီလောက်ကောင်တွေဟာ တစ်မျိုးသားလုံးကို သစ္စာဖောက်ရုံတင်မက ဘူး။ မြန်မာပြည်ကြီးကိုပါ ဒေါ်လာနဲ့ရောင်းစားဖို့လုပ်နေတာ”ဟု မိန့်ကြားခဲ့သည်။
ယခုအခါ ကမ္ဘာကုလသမဂ္ဂမှာ အင်္ဂလိပ်လိုခေါ်ဆိုသော United Nations မဟုတ်တော့ဘဲ United Muslims ဖြစ်သွားပြီဟု ဆရာတော်က ဆိုသည်။
“United Muslim မူဆလင်သမဂ္ဂပါ။ အဲဒီမှာ ဌာနပေါင်းစုံရှိတယ်။ ဌာနပေါင်းစုံကို လိုက်ကြည့်လိုက်။ ငွေမကြိုက်တဲ့လက် တစ်ကောင်မှ မပါဘူး။ အရက်မငတ်တဲ့ပါးစပ် တစ်ပေါက်မှ မပါဘူး။ အဲဒီ အရက်နဲ့ငွေကို ရေကြိုသောက်ပြီး တော့ တို့နိုင်ငံကိုရောင်းစားတဲ့ အခြေအနေမျိုး တို့လက်ခံ နိုင်မလား”ဟု ဆရာတော်က မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံရှိဘင်္ဂါလီများကို ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ရခိုင်တိုင်းရင်းသားများ အပါအ၀င် မြန်မာတိုင်းရင်းသားပေါင်းစုံ ပါဝင်သော လူပေါင်း ၅၀၀ ခန့်က ဇန်န၀ါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ လူအုပ်ကြီးသည် နေ့လယ် ၁ နာရီမှစတင်ကာ ရန်ကုန်မြို့၊ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီးရှိ ကြေးသွန်း ဘုရားကြီးအနီးတွင် စုဝေးခဲ့ကြပြီး ယင်းမှတဆင့် တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်သည့် ရခိုင် တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦးက  “မစ္စယန်ဟီးလီက တရားမဝင် ခိုးဝင်လာတဲ့ သူတွေကို နိုင်ငံသားဖြစ်ခွင့်တွေ၊ လူ့အခွင့်အရေးအရ အပြည့်အဝ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ကိစ္စတွေကျတော့ဒါကတော့ နိုင်ငံတကာမှာလည်းမရှိဘူး။ ဘယ်တိုင်းပြည်မှာမှမရှိဘူး။ ဒီလိုမျိုး သူတို့ရဲ့ဖိအားပေးမှုက အကြမ်းဖက်မှုကို ဆွပေးတဲ့ လုပ်ရပ် ဖြစ်တယ်လို့မြင်တယ်” ဟု နိရဉ္စရာသို့ ပြောဆိုသည်။
ယခုဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသည့် ဆရာတော် များဖြစ်ကြသော မန္တလေးမြို့မှ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၊ ရန်ကုန်မှ မကွေးကျောင်းဆရာတော် ဦးပါမောက္ခစသည့် သံဃာတော်များအပါအဝင် သီလရှင်များနှင့် အခြား ရန်ကုန်ရှိ လူမှုအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြသည်။
DSCN8647
“မြန်မာ့ပြည်တွင်းရေး ပဋိပက္ခဖြစ်ပေါ်စေရန်ဖန်တီးနေသော ကုသလမဂ္ဂ၏ ဆုံးဖြတ် ချက် အလိုမရှိ”၊ “ခိုးဝင် ဘင်္ဂါလီများအား လူမျိုးအတုအယောင်အမည်ဖြင့် နိုင်ငံသားပေးရန် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အား လုံးဝ ကန့်ကွက်သည်”၊ “တိုင်းရင်းမျိုးနွယ်ကို လုပ်ကြံ၍ မရ”၊  “Ethnicity can’t be fabricated”၊ “Supporters of Rohingya are our enemy ”၊ “ကုလသမဂ္ဂနှင့် မစ္စယန်ဟီးလီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပါ၊ ပဋိပက္ခကို မဖန်တီးပါနှင့်”၊ “တိုင်းရင်းမျိုးနွယ်စုကို ဖန်တီး၍ မရနိုင်”၊ “ဘန်ကီမွန်းနှင့် ရန်ဟီးလီ တောင်နှင့် မြောက် ပေါင်းစည်းရေး ကြိုးပမ်းပါ၊ ကျုပ်တို့ တိုင်းပြည်(မြန်မာ)အတွင်းမှာ ပဋိပက္ခဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး မလုပ်ပါနဲ့” စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘိုးများကိုကိုင်ဆောင်ကာ လူအုပ်ကြီးက ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ယင်းအပြင် ဆန္ဒပြသူများသည် “ဝှိုက်ကတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့်ပြု ခြင်းမှ ပယ်ဖျက် ပေးရေး ဒို့အရေး”၊ “တိုင်းရင်းသား ၁၃၅ မျိုးတွင်ထပ်တိုးမည့်အကြံ ဒို့လက်မခံ”၊ “ခိုးဝင် ဘင်္ဂါလီ များအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလ သမဂ္ဂရဲ့ဆုံးဖြတ်ချက် ချက်ချင်းရပ်”၊ “နိုင်ငံသား ဥပဒေအရ ခိုးဝင်ဘင်္ဂါလီများအား အရေးယူရေး ဒို့အရေး ”စသည့် စာသားများကိုလည်း လမ်းတစ်လျှောက် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လမ်းလျှောက်ဆန္ဒပြလာသည့် လူအုပ်သည် ယင်းတို့ဦးတည်ရာ တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ ညီလာခံ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အဆိုပါ ဟစ်တိုင်ကွင်းတွင် ဟောပြောခြင်းများကိုလည်း ပူးတွဲပြုလုပ်ခဲ့ကြသည်။
ယခုဆန္ဒပြပွဲကို သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ဆန္ဒပြပွဲ ပြီးဆုံး သွားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအား မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးရမည် ဖြစ်သည့် အပြင် ယင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန်စသည့် အချက်တို့ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

 မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။
အီးယူနိုင်ငံများက တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။
‘‘EU ဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူ ညီမျှ ပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံးကုလတွင်အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။
ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Thursday, November 27, 2014

အပြောနှင့်အလုပ်မညီသော ရခိုင်ပြည်နယ် လဝက၊ ဆန္ဒပြပွဲများနှင့် တွေ့ကြုံရတော့မည်‌လော

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဘင်္ဂလီဝန်ထမ်းများကို နိုင်ငံခြားသို့ ဆွေးနွေးပွဲ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ရာ ၎င်းတို့နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် လိုအပ်နေသော အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုးကတ်ပြားများ)ကို အချိန်မီထုတ်ပေးရန် မောင်တောခရိုင်အတွင်းရှိ လဝကရုံးများမှ ဆောင်ရွက်ပေးနေရကြောင်းကြားသိနေရပါသည်။
UNHCR အပါအဝင် UN ရုံးများနှင့် Agency များ၊ INGO များတွင် လုပ်ကိုင်နေသူ အများစုမှာ ဘင်္ဂလီများသာ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် လက်မခံနိုင်၊ မရှိဟု အမြဲကန့်ကွက်ငြင်းဆိုထားသည့် လူမျိုးများအဖြစ်သာ ခံယူထားကြသူများဖြစ်ကြပြီး ယာယီသက်သေခံလက်မှတ်သာ ကိုင်ဆောင်ထားသူများဖြစ်ကြသည်။ ယာယီသက်သေခံကတ်ပြားဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိပေ။ ယခုအခါ သူတို့ကို ပြည်ပနိုင်ငံများသို့ Workshop ဆွေးနွေးပွဲများ တက်ရောက်ရန် UNHCR မှ ရွေးချယ်ထားဖြင့် နိုင်ငံကူးးလက်မှတ် လျှောက်ထားရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
ယင်းဘင်္ဂလီဝန်ထမ်း ၄ဦး(သို့မဟုတ်) ၅ဦးအတွက် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားများ ထုတ်ပေးရန် UNHCR မှ ရခိုင်ပြည်နယ် လဝကသို့ မေတ္တာရပ်ခံတောင်းဆိုထားသည်ဟု အမည်မဖေါ်လိုသူ UN ဝန်ထမ်းတစ်ဦးက ပြောသည်။
မောင်တောခရိုင်အတွင်းရှိ လဝက အသိုင်းအဝန်းမှလည်း ထိုသို့ ထုတ်ပေးရန် စီစဉ်နေခြင်း မှန်ကန်ကြောင်း ပြောသည်။ အထက်ဌာနများ၏ ညွှန်ကြားချက်အရ ထုတ်ပေးခိုင်းရခြင်းဖြစ်ကြောင်း ခရိုင်လဝကရုံးနှင့် နီးစပ်သူများက ဆိုသည်။ ၎င်းကိစ္စကို လဝက ဝန်ထမ်းများက လုံးဝဖွင့်မပြောနိုင်ကြောင်း နှင့် သတင်းပေါက်ကြားမှု မရှိစေရန် တင်းကြပ်စွာ ဖိအားပေးခံထားရပုံရှိသည်ဟု ၎င်းတို့ပြောသည်။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို မကြာသေးမီကလည်း မောင်တောမြို့နယ်တွင် ထုတ်ပေးခဲ့သေးသည်။ ထိုကိစ္စကို စစ်တွေမြို့ ပြည်နယ်အဆင့် ECC အစည်းအဝေးတွင် စစ်တွေမြို့ရှိ မြို့မိ၊ မြို့ဖများက မေးမြန်းခဲ့သဖြင့် ပြည်နယ်လဝကမှူးက နိုင်ငံတကာ၏ ဖိအားကြောင့် ၅ ဘာသာဂုဏ်ထူးရသူ တစ်ဦးကိုသာ ပညာသင်ကြားရေးအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်နောက်တွင် မည်သည့်ကိစ္စနှင့်မျှ ထုတ်ပေးတော့မည်မဟုတ်ပါ၊ ထုတ်ပေးသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ကတိပြုခဲ့ဖူးသည်။ သို့ရာတွင် ယခုထိုကတိသည် လွယ်လွယ်ပေးခဲ့သဖြင့် လွယ်လွယ်ပင်ပျက်ပြယ်သွားပြီဟု ဆိုရမည်ဖြစ်သည်။
မည်သည့် အဖွဲ့အစည်း၊ နိုင်ငံကပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ လုပ်ဆောင်နေသော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးအကြပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်တောင်းဆိုတိုင်း လိုက်လျောဆောင်ရွက်ပေးနေရမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဆိုသည်ကို မေးခွန်းထုတ်ရပေတော့မည်။
ဥပဒေနှင့်မညီသည်ကို တောင်းဆိုသည်၊ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပေးနေသည်ဆိုလျှင် တောင်းဆိုသူ၊ လုပ်ဆောင်ပေးသူ အားလုံးတို့သည် ဥပဒေကို ချိုးဖေါက်သူများသာ ဖြစ်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုရတော့မည်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းနေသူများကအစ မလိုက်နာလျှင် မည်သူကလာ၍ လေးစားနိုင်ပါတော့မည်နည်း။
အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ စီစစ်ပြီးသူများကိုသာ ထုတ်ပေးခြင်းဖြစ်သည်ဟုဆိုရာ ၎င်းကတ်ပြား လက်ဝယ်ရရှိခြင်းဖြင့် အလိုလို နိုင်ငံသား စီစစ်ပြီးသူများဖြစ်သည်ဟု သက်ရောက်သွားနိုင်သည်ကို ဥပဒေအကောင်အထည်ဖေါ်သူ လဝက ဝန်ထမ်းများက အသိဆုံးဖြစ်သင့်သည်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု စီစစ်ဆောင်ရွက်ခြင်းများတွင် ဥပဒေနှင့်မညီ၊ လွဲချော်မှုများ ရှိနေသဖြင့် ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးရန် ရခိုင်တစ်ပြည်နယ်လုံးက တောင်းဆိုထားသည့် အချိန်တွင် အမျိုးသားမှတ်ပုံတင် ကတ်ပြားများအား လွယ်လင့်တကူ ထုတ်ပေးခြင်း လုပ်သင့်/ မလုပ်သင့်ကို အလေးအနက် ပြန်လည်စဉ်းစားသင့်ပေသည်။ အလွယ်တကူ ထုတ်ပေးလိုက်ခြင်း၏ နောက်ကွယ်တွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များစွာ ရှိနေသည်ကို သတိချပ်သင့်လှပေ၏။ မဟုတ်လျှင် ကျွန်ုပ်တို့က ဆန္ဒထုတ်ဖေါ်ပွဲများပြုလုပ်၍ ကန့်ကွက်ရပါတော့မည်။
မင်းသိမ်းခိုင်(စိုင်းဒင်သား)
(ဤသတင်းအား Coral Arakan New မှ ကူးယူဖော်ပြပါသည်၊ ဓာတ်ပုံ- အင်တာနက်)

Tuesday, November 11, 2014

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ပါတီဝင်အဖြစ် စည်းရုံးထည့်သွင်းလျှင် အရေးယူမည်

နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများကို ပါတီဝင်များအဖြစ် စည်းရုံး ထည့်သွင်းလျှင် သက်ဆိုင်ရာပါတီကို စိစစ်အရေးယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၃ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအတွင်း နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများကို ပါတီဝင်အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကို ထည့်သွင်း စည်းရုံးထားပါက ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက် နောက်ဆုံးထား၍ ပါတီအတွင်းမှ ထုတ်ပယ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ထုတ်ပယ်ဖို့ ညွှန်ကြားပြီးသား၊ သတ်မှတ်ရက် နောက်ပိုင်းမှာ စိစစ်တွေ့ရှိလို့ ကတော့ အရေးယူရမယ့် အပိုင်းပေါ့” ဟု၎င်းကဆိုသည်။
ယင်းသို့ သတ်မှတ်လိုက်ပါက နိုင်ငံရေး ပါတီများအတွက် လူထုစည်းရုံးရေးကို ချုပ်ချယ်ခြင်း ဖြစ်သော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိပါးရေး ရှုထောင့်မှ စဉ်းစားလျှင် မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။ 
“လူ့အခွင့်အရေးကို ကြည့်မလား၊ စပ်ကူးမတ်ကူး ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပြဿနာတွေကို အခြေပြုပြီး နိုင်ငံတော် အချုပ်အခြာအာဏာ အတွက် ကာကွယ်ကြမလား ဆိုတာ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများသာ ပါတီ တည်ထောင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။
ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3860-nnt#sthash.fODGfX2v.dpuf
(သတင်းအရင်းအမြစ်- The Voice Weekly)

Tuesday, August 5, 2014

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီ တစ်ထောင်ကျော် ယနေ့ လူတွေ့စစ်ဆေးမည်


စစ်တွေမြို့အနီး မန်စီကျေးရွာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြန်လာနေသည့် ဘင်္ဂါလီမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီတစ် ထောင်ကျော်အား ယနေ့ လူတွေ့ စစ်ဆေးမေးမြန်းခြင်းကို မြို့နယ် အဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
လူတွေ့ စစ်ဆေးမေးမြန်း ခြင်းကို မြို့နယ်အဆင့် ဆောင် ရွက်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆို ပါအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေပညာရှင်များ၊ မြို့နယ် လ.၀.က၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦး၊ ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦး ပါဝင်မည် ဖြစ်ပြီး  အချက်အလက်များကို လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း လ၀က အကြီးတန်းတာဝန်ရှိသူတစ် ဦးက ပြောသည်။
လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့် စိစစ်ပြီးပါက ခရိုင်အဆင့်၊ ပြည် နယ်အဆင့်နှင့် လ၀က ရုံးချုပ် က ပြန်လည်စစ်ဆေးပြီး အစိုးရ အဖွဲ့များ ပါဝင်သည့် ဗဟိုအဆင့် အဖွဲ့က စိစစ်ခွင့်ပြုသွားမည်ဖြစ် သည်။
‘‘ရခိုင်၊ ဗမာစကားမတတ်၊ ယဉ်ကျေးမှုဘာမှမသိတဲ့သူ၊ အဲ ဒါအပြင် ဘင်္ဂါလီလို့ မထည့်တဲ့သူကို နဂိုကတည်းက နိုင်ငံသားလျှောက်ခွင့် လက်မခံထားပါဘူး’’ ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
၁၉၈၂ ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ များကို ဇွန်လ ၁၅ ရက်မှစတင်ပြီး လျှောက်လွှာများ လက်ခံခဲ့ရာ ယခင်လျှောက်ထားသူ ဘင်္ဂါလီ လူဦးရေ ၃၆၈ ရှိရာမှ ၁၀၉၄ ခန့် တိုးလာခြင်းဖြစ်သည်။
၁၉၈၂ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ မြေပုံမြို့နယ်တွင် ဇွန် လ ၁၅ ရက်မှစ၍ ပိုင်းလော့ Pilot ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး  ဆောင်ရွက်ခဲ့ခြင်း  ဖြစ်သည်။
ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ က ရိုဟင်ဂျာလူမျိုးအမည် ထည့် သွင်းမှ ကောက်ခံမည်ဟု တောင်း ဆိုခြင်းကြောင့် ၎င်းတို့ နေထိုင် သည့် နေရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ပေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့ အတွင်းရှိ ဘင်္ဂါလီများကို လူဦးရေ စာရင်း ကောက်ယူရေးလုပ်ငန်း (ဆွဲတင် စစ်)ကို အကောင်အထည်ဖော်ခဲ့ သော်လည်း ဘင်္ဂါလီလူမျိုးများ အကြမ်းဖက်ကန့်ကွက်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်။