Showing posts with label EU. Show all posts
Showing posts with label EU. Show all posts

Tuesday, January 6, 2015

နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်

 မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်    သတ်မှတ်ပေးရန် မည်သူကမျှ  မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။
အီးယူနိုင်ငံများက တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်၊ ရိုဟင်ဂျာအမည်များ ကို သုံးစွဲခွင့်ပြုရန်နှင့် ၎င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။
‘‘EU ဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက် လိုအပ်တဲ့အခွင့်အရေးတွေ ညီတူ ညီမျှ ပေးအပ်ဖို့လို့ ဖော်ပြထား တယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြောကြားခဲ့ပါတယ်’’ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို    မူကြမ်းမှစ၍ နောက်ဆုံးကုလတွင်အတည်ပြု သည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံသားအဖြစ် စိစစ်ရန် ပထမအဆင့်အဖြစ် နိုင်ငံသား စိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
‘‘စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့ အညီ အခွင့်အရေးတွေရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံး အနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်သည့် သတိထောက်လွှာကို ပေးခဲ့သည်။
ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းမဟုတ်ဘဲ မြန်မာ အစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယ ကော်မတီသို့ တင်သွင်းခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Monday, February 3, 2014

EU သံကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ဘာသာရေး ခေါင်းဆောင် များ ဆွေးနွေး

eu-envoy-meet-rakhine-monk-305.jpg
EU သံကိုယ်စားလှယ်အဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား ဘာသာရေးခေါင်းဆောင်တွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တွေမြို့မှာ တွေ့ဆုံကြစဉ်
photo: RFA/ Min Thein Aung
အီးယူ ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ သံအမတ်ကြီးတွေဟာ စစ်တွေမြို့ က  ရခိုင်တိုင်းရင်းသား ဘာသာရေးခေါင်းဆောင်တွေ နဲ့ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက မေးမြန်းလျှောက်ထားခဲ့ကြပါတယ်။
အဲသည်လိုတွေ့ဆုံရာမှာ ရခိုင်တိုင်းရင်းသား ဘာသာရေးခေါင်းဆောင် ဆရာတော်တစ်ပါးဖြစ်သူ အရှင်စန္ဒာဝရက  ရခိုင်တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေးကို လိုလားကြတဲ့သူတွေဖြစ်ပြီး မွတ်စလင်တွေအနေနဲ့လည်း နိုင်ငံရဲ့အချုပ် အခြာအာဏာကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း သံအမတ်ကြီးတွေကို  အခုလို မိန့်ကြားခဲ့ပါတယ်။

“ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာရင် အဲဒီပြဿနာက ငြိမ်းသွားမှာပဲ၊ ဦးဇင်းတို့ ဖြစ်လာတဲ့တလျှာက်မှာ ဗုဒ္ဓဘာသာက စပြီးတော့လုပ်တာ မဟုတ်ဘူး၊ အဲဒါ ဗုဒ္ဓဘာသာတွေက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်၊ ပြဿနာကို ငြိမ်းချမ်းစေချင်တယ်”


ရခိုင်ပြည်နယ်အတွင်း နှစ်ဦးနှစ်ဘက် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဆရာတော်တွေက မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ သမိုင်းနဲ့ချီလာတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ရေတိုအစီအမံတွေနဲ့ မဖြစ်နိုင်ဘဲ ရေရှည်အစီအမံတွေနဲ့သာ ဆောင်ရွက်သင့်ကြောင်းလည်း ဆရာတော်တွေက မိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကသံအမတ်ကြီးးတွေဟာရခိုင်ဒေသတွင်းကအခြေအနေတွေကို လေ့လာဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီးတွေအနေနဲ့ ရခိုင်ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းအချို့ကို သွားရောက်လေ့လာခဲ့သလို စစ်တွေအပြင် မောင်တော၊ မြောက်ဦး၊ မြေပုံ စတဲ့မြို့တွေမှာ နိုင်ငံရေးပါတီတွေ၊ နှစ်ဘက်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
(သတင်းအရင်းအမြစ်-  RFA Burmese)

အီးယူ သံကိုယ်စားလှယ်အဖွဲ့ မွတ်စလင်ခေါင်းဆောင်တွေနဲ့ စစ်တွေမှာတွေ့ဆုံ

roland-kobia-305.jpg
EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia နဲ့အဖွဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်
Photo: RFA
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့  ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သံမတ်ကြီးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား နှစ်ဘက်စလုံးက ပြောဆိုချက်တွေကို ကိုယ်တိုင်သိရှိလိုတဲ့အတွက် အခုလို လာရောက်တွေ့ဆုံ တာဖြစ်ကြောင်း သံအမတ်ကြီးနဲ့အတူ လိုက်ပါသွား သူတွေက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင် ရပ်မိရပ်ဖတွေက ဒီနှစ်မတ်လကုန်ခါနီးမှာ အစိုးရကပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ်လို့ ပြောဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက ပြောနေကြတဲ့ မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာ ကိုလည်း မနေ့ကသွားရောက်ခဲ့ပြီး အဲဒီရွာက ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီသံအဖွဲ့ဟာမနက်ဖြန်ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီးခရီးစဉ်အတွေ့အကြုံတွေကို ဆွေးနွေးသွားမယ် လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Friday, January 31, 2014

အီးယူကိုယ်စားလှယ်အဖွဲ့ ဒုချီးရားတန်းရွာ လာရောက် လေ့လာ

EU meeting Arakan
Photo: Share Arakan News
ယခုလ အစောပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်အဖွဲ့မှ လာရောက်လေ့လာခဲ့သည်။
အီးယူကိုယ်စားလှယ်အဖွဲ့များမှာ ယမန်နေ့နံနက်ပိုင်းက ရဟတ်ယာဉ်နှင့်ရောက်ရှိလာခြင်း ဖြစ်ကြောင်း မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက့ပြောသည်။
“ သူတို့ ရဟတ်ယာဉ်နဲ့ မနက် ၁၁ နာရီခန့်မှာရောက်ပါတယ်။ ရောက်ရောက်ချင်းဘဲ ဒုချီးရားတန်း ဘင်္ဂလီရွာကို ၀င်သွားပြီး ခဏအကြာမှာ ကားအစီး ၁၀ ကျော်နဲ့ မောင်တောမြို့ကို ထွက်ခွာသွားကြပါတယ်။ ဒီမှာ ခဏဘဲနေခဲ့ပါတယ်” ဟုဆိုသည်။
ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်များ သွားရောက်ခဲ့စဉ် အမျိုးသမီး တချို့နှင့်တွေ့ဆုံ မေးမြန်းခဲ့သည်ဟု သူတို့ခရီးစဉ်တွင် လိုက်ပါ သတင်းယူခဲ့သူ သတင်းထောက် ကိုဖိုးသီဟက ပြောသည်။
“ သူတို့အဖွဲ့မှာ အီးယူသံအမတ်အပါအ၀င် သံအမတ် ၇ ဦးပါတယ်။ သူတို့ ဒုချီးရားတန်း ရွာကအမျိုး သမီး တွေနဲ့တွေ့တဲ့အခါ အဓိကသူတို့မေးတာက ယောင်္ကျားတွေ ဘယ်ရောက်နေလဲ။ လူတွေ အသတ်ခံရတယ် ဆိုတာ ဟုတ်သလား ဆိုတာကို မေးသွားတာတွေ့ရပါတယ်။ အမျိုးသီးကတော့ သူတို့ယောင်္ကျားတွေ ထွက် ပြေးနေကြတယ်။ ဘာကြောင်းလည်းဆိုတော့ ဖမ်းမှာကိုကြောက်လို့ ပြေးနေကြတယ်လို့ဘဲ ပြော တာတွေ့ရ ပါတယ်” ဟုယင်းက           ဆိုသည်။
အီးယူကိုယ်စားလှယ်အဖွဲ့အား မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အာဏာပိုင်များမှ ရှင်းလင်းခဲ့ကြောင်း ကိုဖိုးသီဟက ယခုကဲ့သို့ ဆက်ပြောသည်။
“ ခရိုင်ရုံးမှာ ရှင်းလင်းတဲ့အခါတော့ အမှတ် (၄) ရဲတပ်ရင်းမှူး ဦးတင်ကိုကိုက ရှင်းပြပါတယ်။ ဦးတင်ကိုကို ရှင်းတာကတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားတဲ့ အကြောင်း ကိုအသေး စိတ်ရှင်းပါတယ်။ နောက်ပြီး နိုင်ငံခြားမီဒီယာက ရေးတဲ့သတင်းဟာ မဟုတ်ဆိုတာတွေကို ရှင်းပြ ပါတယ်။ အီးယူဘက် ကတော့ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်ကို အသေးစိတ်မေးပါတယ်။ အီးယူဘက်က ရဲတပ်သားတွေ ကို အကြမ်းဖက်နှိမ်နှင်းရေး သင်တန်းတွေပေးနေတယ်။ အဲဒီ သင်တန်းကို ဒီကရဲတပ်ဖွဲ့ဝင်တွေ မတက်ကြဘူး လားဆိုတာတွေကို မေးသွားတယ်”  ဟု ဆိုသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲအပြီး နေ့လည်ပိုင်းတွင် အီးယူကိုယ် စားလှယ်များ မောင်တောမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
ဇန်န၀ါရီ ၂၉ ရက်နေ့ကလည်း အီးယူကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မှ ရပ်မိရပ်ဖများနှင့် စစ်တွေဟိုတယ် တွင် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် စစ်တွေမြို့မိမြို့ဖများဘက်မှ ယခင်စစ်အစိုးရကို ဖိအားပေးလို၍ လူ့အခွင့်အရေး ကို ရှေ့တန်းတင်ပြီး ဘင်္ဂလီများဘက်မှ တဖက်သတ် ဘက်လိုက်ဆောင်ရွက်ပေးနေမှုများကို ယခုလို ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်နေ သည့်ကာလမျိုးတွင် မပြုလုပ်သင့်ကြောင်း။  ဒီမိုကရေစီ အစိုးရ တစ်ရပ်သည် မိမိလူထု၏ဆန္ဒ နှင့် အုပ်ချုပ်ရမည်လား  နိုင်ငံတကာဆန္ဒနှင့် အုပ်ချုပ်ရမည်လား ဆိုတာကို ဒီမိုကရေစီ EU နိုင်ငံများ နားလည်နိုင်မည် ဖြစ်ကြောင်းနှင့် EU ဥရောပသံတမန်တို့ အနေ ဖြင့် လိမ်လည်လုပ်ကြံထားသည့် အတည်မပြုနိုင်သော သတင်းများကို ချင့်ချင့်ချိန်ချိန် သုံးသပ်ပြီးမှ ကြေငြာချက်များ ထုတ်သင့်သည် ဆိုသည့် အချက်များအပါအ၀င် လတ်တလော အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း အီးယူကိုယ် စားလှယ် များနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် စစ်တွေမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)