Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Friday, February 6, 2015

ပြည်ထောင်စုနေ့ အပစ်ရပ်ရေးလက်မှတ် မထိုးဖြစ်တော့ကြောင်း အစိုးရ အတည်ပြု

ဦးအောင်မင်း
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCCT အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းပွဲမှာ တွေ့ရစဉ်(ဓာတ်ပုံ – ကျော်ခ/ဧရာဝတီ)
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ ကမ်း လှမ်းချက်ဟာ မဖြစ်တော့ဘူးလို့ သမ္မတရုံးဝန်ကြီးလည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ (UPWC) အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
UPWC နဲ့ NCCT တို့အကြားမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ အချက်တွေညှိနှိုင်းဖို့ ၇ ကြိမ်မြောက် အစည်းအဝေး ကြန့်ကြာနေတဲ့ အတွက် ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင်တော့တာလို့ ဆိုပါတယ်။
ဝန်ကြီး ဦးအောင်မင်း က “အမှန်က ၇ ကြိမ်မြောက် NCCT အစည်းအဝေးကို ပြည်ထောင်စုနေ့မတိုင်ခင်မှာ လုပ်လိုက်လို့ရှိရင် သဘောတူညီချက်တွေ ရသွားမယ်ဆိုရင် လက်မှတ်ထိုးဖို့က ဖြစ်သွားမှာပေါ့။ အခုဟာ ၇ ကြိမ်မြောက် အစည်းအဝေးက ကြာနေ တာပေါ့။ အဲဒီအစည်းအဝေးကြီးက ဆုံးဖြတ်ချက်ရမှ လက်မှတ်ထိုးရမှာဖြစ်တဲ့ အတွက် မထိုးနိုင်သေးဘူးလို့ပဲပြောပါရစေ”လို့ ပြော ပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက်က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲ မယ် ဆိုရင် အင်မတန် သင့်လျော်ကြောင်း ပြောဆို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်မင်းနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်ရီနဲ့ ဦးခင်မောင်စိုးတို့ တက်ရောက် ခဲ့ကြသလို NCCT ဘက်ကလည်း နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့ အဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။
ဆွေးနွေးပွဲမှာ ကြန့်ကြာမှုတွေနဲ့ အေးစက်သွားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ နှစ်ဘက် သဘော တူညီမှုတွေ ပြန်လည်ရရှိခဲ့ပြီး UPWC နဲ့ NCCT တို့အကြားမှာ ကြန့်ကြာနေတဲ့ အချက်တွေညှိနှိုင်းဖို့ ၇ ကြိမ်မြောက် အစည်းအဝေး ပြည်ထောင်စုနေ့ အလွန်မှာ ဆက်ဆွေးနွေးဖြစ်ဖို့လည်း သဘောတူညီမှုရခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။
ဒါ့အပြင် NCCT အဖွဲ့ထဲမှာပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်ဖို့ ဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်းမှာလည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
မနေ့က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က“လာမယ့် ပြည်ထောင်စုနေ့မှာ တစုံတရာ နားလည်မှု ရ မလား လာညှိတာ။ နောက် NCA (တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) အတွက် ပြန်လည်တွေ့ဆုံနိုင်ရေး ပေါ့လေ။ အဲဒါမှာ လမ်းကြောင်း နည်းနည်းပွင့်လာတာပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။
UPWC နဲ့ NCCT တို့အကြားမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြန်စနိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သမ္မတနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) တွေ့ဆုံပွဲက သဘောထားတချို့ ပေးပို့လိုက်တယ်လို့ သိရပေမယ့် အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ဦးအောင်မင်း က ပြောပါတယ်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင် စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်ယူဖို့ အစိုးရကို ကမ်းလှမ်းထားပါတယ်။
ဒီအပေါ်မှာ ဝန်ကြီး ဦးအောင်မင်း က “သူတို့တောင်းဆိုချက်တွေက ကျနော်တို့ အခုဆွေးနွေးတဲ့ NCA စာချုပ်ကြီးရဲ့ မူဘောင်ကို မကျော်တဲ့ ကိစ္စဆို ကျနော်တို့က သဘောတူလို့ရပါတယ်။ အဲဒီ NCA စာချုပ်ထဲမှာ မပါတဲ့ အချက်တွေ အသစ်ထပ်တောင်း လာရင် တော့ ကျနော်တို့က ဆွေးနွေးပြီးကာမှ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီနေ့လည်း ဒါပဲ ကျနော်ပြောလိုက်တယ်။ ခင်ဗျားတို့ရဲ့ ပြောဆိုတဲ့ တောင်းဆိုချက်တွေ အားလုံးဟာ NCA စာချုပ်ထဲက မူဘောင်ထဲမှာ ရှိရင် ဒါဖြစ်နိုင်ပါတယ်။ အဲဒီဘောင်က ကျော်ရင်တော့ မဖြစ်နိုင် ဘူးလို့ ပြောထားပါတယ်”လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရအကြားမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ထပ်မံပြောဆိုသွားပါတယ်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, December 2, 2014

အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း မပါဝင်ရန် အာရှ ၅ နိုင်ငံ သံဃာတော်များ သဘောတူ

အကြမ်းဖက်မှုများ, သံဃာတော်များ, alodawpyei@gmail.com
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ပဋိပက္ခများကို ဆွေးနွေးအဖြေရှာခြင်း အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ – အလိုတော်ပြည့်)
ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သံဃာတော်များ အနေဖြင့် ပါဝင်ခြင်း၊ ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရန် တတိယ အကြိမ်မြောက် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင် အာရှ ၅ နိုင်ငံမှ ဘုန်း တော် ကြီးများက သဘောတူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Swissotel Nai Lert Park ၌ အာရှ ၅ နိုင်ငံ မှ သံဃာတော်များ စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ဆရာတော် ၇ ပါး တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အလိုတော်ပြည့် ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက မိန့်သည်။
အရှင်ကုမာရက “ပုထုဇဉ်တွေကို ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ မတူကွဲပြားတဲ့ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးထမ်း စဉ်လာ တွေကို ပိုနားလည်အောင် လုပ်ဖို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက နီးစပ်ရာလူထုကို တိုက်တွန်းဖို့လည်း သဘောတူခဲ့ကြတယ်”ဟု လည်း မိန့်ကြားသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ များ အပေါ်တွင် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။
ဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရီလင်္ကာ နိုင်ငံတို့မှ ထေရ၀ါဒ ဘုန်းတော်ကြီးပေါင်း ၂၉ ပါးနှင့်ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များ၊ အကြံဉာဏ်များ ကူညီမှု ပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Center For Humanitarian Dialogue (HD Center) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးမှု အပြီးတွင် “ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများတွင် သံဃာတော်များ မပါဝင်ရေး”ကို သဘောတူညီ ဆွေးနွေးနိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗုဒ္ဓဘာသာ မဟုတ်သည့် အခြား ဘာသာဝင်များ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့များအား အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် လူမှု အဖွဲ့အစည်းများတွင် ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုများ ရရှိလာမည်ကို ယုံကြည်သဖြင့် ထိုလမ်းစဉ်အတိုင်း ကျင့်သုံးကြရန် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးများက သဘောတူညီခဲ့သည်ဟု သိရသည်။
ပဋိပက္ခများ ငြိမ်းချမ်းစေရန် လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ အနေဖြင့် တတ်နိုင်သည့် နေရာများမှ ကူညီမှု ပြုရန်၊ ဗုဒ္ဓဘာသာကို ခုတုံးလုပ်သည့် အကြမ်းဖက်မှုများနှင့် ကင်းကင်းကွာကွာ နေရန်၊ ဘာသာရေး ခုတုံးလုပ်သည့် ဖြစ်ရပ်များ ထပ်မံ ရှိလာပါက လက်ရှိတွင် သဘောတူညီထားသည့် နိုင်ငံ ၅ နိုင်ငံမှ ဆရာတော်များ ပူးပေါင်းပြီး ထိန်းသိမ်း လုပ်ဆောင်မည်ဟု ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ထိုဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟက “ဒီဆုံးဖြတ်ချက်တွေကို လက်ခံတယ်၊ အပြန်အလှန် နားလည်ပြီး အတူငြိမ်းချမ်းစွာ နေဖို့ကို ထောက်ခံတယ်၊ ဗုဒ္ဓရဲ့ သားတော်တွေ ဖြစ်တဲ့ သံဃာတွေမှာ သေးသိမ်တဲ့ အမြင်တွေ အယူ အဆတွေ လက်ခံနေတာကို မဖြစ်စေချင်ဘူး၊ ကိုယ့်လူမျိုးမှ ကိုယ့်ဘာသာမှ စွဲနေလို့ မရဘူး၊ စွဲနေရင် ဒီမိုကရေစီကို သွားနိုင်မှာ မဟုတ်ဘူး”ဟု မိန့်ကြားသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Thursday, November 27, 2014

ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်

ပါတီ
နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၎ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။
ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။
လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။
ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။
PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။
PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

အလိုတော်ပြည့်ဆရာတော်ကြီး သီရိလင်္ကာသမ္မတထံသို့ ကျောက်စိမ်းဘုရားများ ပေးအပ်လှူဒါန်း

Sirlanka-photo-03
ပြည်တွင်း ပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယ၀ံသမှ သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပဆ ဖူးမျှော် ကိုးကွယ်နိုင်ရန်  ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ပြုလုပ်သော ကျောက်စိမ်း ဘုရားတစ်ဆူအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
လှူဒါန်းခဲ့သော ယင်းကျောက်စိမ်းဘုရားတစ်ဆူ အပါအ၀င် န၀ရတ်ကိုးပါးလက်စွပ်နှင့် ရတနာများကို သီရိလင်္ကာ သမ္မတ ကိုယ်တိုင် ကိုးကွယ်ရန် တည်ထားသော ဆန္ဒဟိရုဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘစေတီတော်တွင် ယခုလ ၂၃ ရက်နေ့က ဌာပနာထည့်သွင်းခဲ့ကြောင်း အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် အရှင်ကုမာရက ပြောဆိုသည်။
“ ဒီ ဗုဒ္ဓဒဂဘစေတီတော် ဓါတ်တော်မွေတော်တွေ ဌာပနာထည့်သွင်းပွဲတော်ကို နိုဝင်ဘာလ ၂၃ ၇က် နံနက် ၈ နာရီ ကျော်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးက လှူဒါန်းတဲ့ ရူပီးငွေ (၇) သိန်းတန်ဖိုးရှိ ကျောက်စိမ်း ဘုရားတစ်ဆူနဲ့ ရူပီး (၅) သိန်း တန်ဖိုးရှိတဲ့ န၀ရတ်ကိုးပါးလက်စွပ်နဲ့ ရတနာတွေကို ဌာပနာထည့် ပေးအပ်လှူဒါန်းခဲ့ပါတယ်” ဟု အရှင်ကုမာရက မိန့်ကြားသည်။
သီရိလင်္ကာပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ မဟိန္ဒရာဇပကဆ၏ စိတ်ကူးကိုအကောင်အထည်ဖော်သောအားဖြင့် ဆန္ဒဟိရု ဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘ တည်ဆောက်ခြင်းလုပ်ငန်းကို ဘာသာရေးမြို့တော် အနုရာဓပူရမှာ လက်ရှိ တည်ဆောက်လျှက်ရှိနေကြောင်း၊ ၎င်းစေတီအား ၂၀၀၉ ခုနှစ် သီရိလင်္ကာနိုင်ငံအကြမ်းဖက်အောင်မြင်မူ အမှတ်တရ အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံ သမ္မတကြီးမှ ပင့်သံဃာတော် ၆ ထောင်တို့ ပါဝင်ပြီး မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အလိုတော်ပြည့်ဆရာတော်အား ပင့်ဖိတ်၍ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း ဦးဇင်းကုမာရက မိန့်ကြားသည်။
Sirlanka-photo-01
ဒဂဘစေတီတော် ဓါတ်တော်မွေတော်များ ဌာပနာထည့်သွင်းပွဲကို နိုင်ငံတော်အဆင့် ကျင်းပ ပြုလုပ်ခဲ့ပြီး သီရိလင်္ကာ သမ္မတကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းပွဲတော် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဗုဒ္ဓဘာသာ စည်ပင် ၀ပြော ဖွံ့ဖြိုးတိုးတက်ရန်  အဓိက ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကိုလည်း သီရိလင်္ကာနိုင်ငံတွင် ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းညီလာခံအား သီရိလင်္ကာနိုင်ငံ၏ ဘိကဆု(Bhiksu) တက္ကသိုလ်မှ မဟာဌာနများဖြစ်သော ဗုဒ္ဓဘာသာလေ့လာရေး မဟာဌာနနှင့် ဘာသာစကားနှင့်ယဉ်ကျေးမူ လေ့လာရေးမဟာဌာနတို့ ပူးပေါင်းလျှက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်နှစ်ခုသို့ တက်ရောက်ခွင့်ရသော အလိုတော်ပြည့်ဆရာတော်ကြီးမှာ များစွာဂုဏ်ယူမိကြောင်း၊ ဗုဒ္ဓဘာသာ၏ အရေးပါမှုနှင့် ဤအခမ်းအနားများအတွက် သီရိလင်္ကာ၏ အရေးပါမူ ဂုဏ်သတင်းကို ကမ္ဘာသို့ ပျံ့နှံ့စေပြီး ဗုဒ္ဓဘာသာဝင်များ အတွက် အကျိုးကျေးဇူး များစွာ ဖြစ်ပေါ်စေကြောင်း ဆရာတော်ကြီးမှ ပြောဆိုသည်ဟု အရှင်ကုမာရက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 11, 2014

ဦးအောင်မင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့ နေပြည်တော်၌ တွေ့ဆုံ

အစိုးရ၀န်ကြီး, တိုင်းရင်းသား ခေါင်းဆောင် , ငြိမ်းချမ်းရေး , နေပြည်တော်
နေပြည်တော်တွင် အစိုးရ ၀န်ကြီးများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဦးညိုအုန်းမြင့် ဖေ့စ် ဘုတ်)
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရ ၀န်ကြီး ၄ ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ နေပြည်တော်တွင် ယနေ့ အလွတ်သဘော တွေ့ဆုံကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။
အစိုးရ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးခင်ရီ၊ ဦးသန်းဌေး တို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သော နိုင်ဟံသာ မွန်ပြည်သစ်ပါတီ (NMSP)၊ ခွန်ဥက္ကာ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ဦးထွန်းဇော် ရခိုင် အမျိုးသားကောင်စီ (ANC)၊ ဆလိုင်း ခလာအေး ချင်းအမျိုးသားတပ်ဦး(CNF)တို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ဦးလှမောင်ရွှေက“နေပြည်တော်မှာ တွေ့တာ တဖွဲ့ချင်းလို့ပြောရမယ်။ NCCT(တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ) အနေနဲ့ လာတွေ့တာတော့ မဟုတ်ဘူး။ အစိုးရဘက်ကလည်း UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ)လို့ ပြောလို့ မရဘူး။ နောက် အစည်းအဝေးတွေမှာ အခက်ခဲတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆို တာကို ဆွေးနွေးတယ်။ အလွတ်သဘောပေါ့။ ဆွေးနွေးတာမှာ သူတို့သိချင်တာမေးတယ်။ အရင် အခက်အခဲဖြစ်တာကိုလည်း ပြောကြ တယ်။ နောက် ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲတွေ နိုဝင်ဘာမှာ လုပ်ဖို့ကမ်းလှမ်းထားတယ်”ဟု ပြောသည်။
ယခုတွေ့ဆုံမှုသည် ဝန်ကြီးဦးအောင်မင်း နှင့်သာ အဓိက ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တခြားမည်သူနှင့်မျှတွေ့ဆုံ ဆွေးနွေးခြင်း မရှိသေး ကြောင်းလည်း ဦးလှမောင်ရွှေက ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) အတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းကလည်း“အခုချိန်ထိတော့ တခြားတွေ့ဆုံမှုတွေ မရှိသေး ဘူးလို့ပဲ သိထားတယ်။ စစ်တပ်နဲ့ တွေ့မတွေ့ကလည်း မသိသေးဘူး။ အခြား တိုင်းရင်းသားတွေကို တင်ပြပြီး NCCT ၊ UNFC (တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) စတဲ့ အဖွဲ့အနေနဲ့သွားတာ မဟုတ်တော့ ပြောရခက်ပါတယ်။ နောက်တခုက ဘယ် လို တွေ့ဆုံမှုတွေ လုပ်ခဲ့လဲ၊ ဘယ်သူနဲ့တွေ့မလဲဆိုတာ သူတို့အဖွဲ့ရဲ့သဘောထားနဲ့တွေ့ဆုံတာပါ”ဟု ပြောသည်။
တိုင်းရင်းသားများ အနေနှင့် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ မည်သည့် အရာများကို ဆွေးနွေးသည်ကိုလည်း အတိအကျ မသိကြောင်း၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခြင်း ဖြစ်ပါက ကောင်းမွန်ကြောင်းလည်း ၎င်းက ပြောဆိုသည်
ယင်း ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆွေးနွေးပွဲတက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များကို ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ပြီးခဲ့သည့် စက်တင်ဘာလက နောက်ဆုံး တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၄ ရက် ၊၂၅ ရက်တွင် ပြန်လည် ကျင်းပရန် တိုင်းရင်းသားများဘက်မှ စီစဉ်ထားကြောင်း၊ အစိုးရဘက်နှင့် ညှိနှိုင်းရခြင်း မရှိသေးသော်လည်း အဆိုပါရက်တွင် ပြန် လည် စတင်ရန် ဦးအောင်မင်း က တိုင်းရင်းသားများဘက်ကို တောင်းဆိုထားကြောင်း သိရသည်။
“တပ်နေရာကိစ္စ၊ စစ်သည်တော် ကျင့်ဝတ်တွေ အတွက် အောက်ခြေပိုင်းနှစ်ဘက် လုပ်ငန်းကော်မတီတွေ တွေ့ဖို့လုပ်ထား ပေမယ့် ကျနော်တို့တွေ မတွေ့ဖြစ်ဘူး။ တပ်ပိုင်းက တွေ့မှ ရမှာပါ။ တွေ့တော့ တွေ့ဖို့လုပ်နေတယ်။ ဒါမှငြိမ်းချမ်းရေး ဆက် လုပ်လို့ရမှာလေ။ အခုတော့ လာမယ့်ဆွေးနွေးပွဲပြီးမှ တွေ့ဖြစ်မယ်ထင်တယ်”ဟု ဖဒိုကွယ်ထူးဝင်း က ပြောသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Monday, June 30, 2014

အပစ်ရပ်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရဲဘော်(၂) ဦး ဖမ်းဆီးခံထားရ

alp-greeting-inside
မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ရခိုင်ပြည်လွှတ်မြောက်ရေးပါတီမှ ရဲဘော် (၂) ဦးကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာတပ်မတော် တပ်ရင်း တစ်ခုမှ ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လက်အောက်ခံ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် အမှတ်(၉) တပ်ရင်းမှ တပ်ကြပ် ဆေးမှူး ခိုင်ထွီးနှင့် အကူအညီပေးနေသူ အရပ်သား အောင်ရွှေမြတို့ ဖြစ်ကြသည်ဟု ပါတီ၏ တာဝန်ရှိသူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ သူတို့က စက်ပစ္စည်းတစ်ခု ၀ယ်ယူဖို့ အလာမှာ အဖမ်းခံရတာပါ။ သူတို့ အဖမ်းခံထားရတာက သံသယနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
သူတို့ (၂) ဦးအား ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့တွင် ချင်းပြည်နယ် လပ၀ မြန်မာ တပ်စခန်း အနီးတွင် ခလရ ၂၃၂ နှင့် ၂၈၉ ပူးပေါင်းတပ်ဖွဲတို့ ၏ စစ်ဆင်ရေး တစ်ခုအတွင်း ဖမ်းဆီး သွားခဲ့သည်ဟု ALP ပါတီင်္၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
သူတို့အား မြန်မာ ဘင်္ဂလာနယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားမူ တစုံတရာမရှိပါဘဲ တိုက်ပွဲ အတွင်း ဖမ်းဆီးရမိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံရသူကာယကံရှင်များကို ကိုးကားပြီး ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
“ ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ကျွန်မတို့ဟာ အိန္ဒိယ- မြန်မာ နယ်စပ်မှာ အခြေစိုက်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖေါ်ဆောင် လာတဲ့ နေ့က စပြီး တိုက်ပွဲ ဖေါ်ဆောင်တဲ့ အနေအထား လုံးဝ မရှိပါဘူး။ အဲသလို အနေအထားမှာ ကျွန်မတို့ရဲ့ ရဲဘော်ကို ဒီလို မတရားသဖြင့် ဖမ်းဆီးထားတာဟာ လုံးဝ မလုပ်အပ်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုရက်လည်းကြာသွားပါပြီ” ဟု သူမက ပြောသည်။
ထိုသို့ ရဲဘော် နှစ်ဦးအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ယခင်နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတို့အား တွေ့ဆုံနိုင်ရေး အတွက် အကြိမ်ကြိမ် တောင်းဆိုသော်လည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်နေသည်ဟု သူမက ဆိုသည်။
ယင်းပြင် ပလက်ဝမြို့နယ်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှ ဆက်ကြေးများ ကောက်ယူသည်ဟု သတင်းများ ထွက်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း ဒေါ်စောမြရာဇာလင်းက ယခုလို ပြောသည်။
“ ကျွန်မတို့က ဒီလိုဆက်ကြေးကောက်ဖို့ လာတာလည်း မဟုတ်ပါဘူး။ ဆက်ကြေး ကောက်တာတွေကိုလည်း မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလို ဆက်ကြေးကောက်တာမျိုးတော့ လုပ်လို့လည်း မရပါဘူး” ဟုဆိုသည်။
ALP မှ ရဲဘော် (၂) ဦးကို ခလရ ၂၈၉ တပ်ရင်းသို့ ခေါ်ယူသွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေပြီး စစ်ကြောရေးလုပ်စဉ်  ညှင်းဆဲနိပ်စက် အကြမ်းဖက်သည်ဟုလည်း သိရှိရကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။
သူတို့နှစ်ဦး လွှတ်မြောက်ရေးအပါအ၀င် ငြိမ်းချမ်းရေး မပျက်ပြားရေး အတွက် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူများနှင့် ဇွန်လ ၂၆ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဒေါ်မြရာဇာလင်းက ပြောဆိုသည်။
မြန်မာ အာဏာပိုင်များမှ ALP မှ ရဲဘော် နှစ်ဦးကို တရားစွဲသွားရန် စီစဉ်နေသည်ဟုလည်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, May 27, 2014

အစိုးရနှင့် NCCT အကြား ဒုတိယမူကြမ်း ရရှိခဲ့သော်လည်း ဖယ်ဒရယ်အပါဝင် အရေးကြီးအချက်များ ညှိနှိုင်းရန် ကျန်ရှိနေသေး

NCCT UPWC MPC
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ တိုင်းရင်းသား ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယမူကြမ်းတစောင် ရရှိပြီး ဖယ်ဒရယ်အပါအဝင် အရေးကြီး အချက်အချို့ ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင် အပစ်ရပ်မူကြမ်းတစ်ခုတည်းရရှိရန်အတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“သိပ်များများတော့ မကျန်ပါဘူး။ ဒါပေမယ့် တော်တော်အရေးကြီးတဲ့ဟာတွေ ကျန်တယ်။ သူ့ဘက် ကိုယ့်ဘက် သတိကြီးစွာထားပြီးတော့ ကာကွယ်ထားတဲ့ ကိစ္စတွေရှိတယ်။ အဲဒီကိစ္စတွေကိုတော့ ကျနော်တို့လည်း ကျေကျေ လည်လည် ပြောပြီးပြီ၊ ဘယ်လိုအခြေခံတရားကြောင့် ဖြစ်တယ်ဆိုတာကို” ဟု ဆွေးနွေးပွဲအပြီးတွင် NCCT မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောသည်။
ဒို့တာဝန် အရေးသုံးပါး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲစသည့်အချက်များနှင့် တစ်ချို့ ဝေါဟာရ အဓိပ္ပါယ် ဖွင့်ဆိုချက်များမှာ ယခုတစ်ကြိမ် အတည်ပြုနိုင်ခြင်း မရှိခဲ့ပဲ အစိုးရ(UPWC)ဘက်မှ သမ္မတ၊ ကာချုပ်အပါအဝင် အထက်လူကြီးများကို တင်ပြဆွေးနွေးရဦးမည့် အချက်များဖြစ်သည်။
“အစိုးရဘက်ကနေပြီးတော့ လက်မခံတဲ့ အချက်တွေတော့ မရှိဘူး။ ဒါပေမယ့် အတည်မပြုနိုင်ဘူး သို့မဟုတ် ဆွေးနွေးပွဲမှာပါတဲ့  ခေါင်းဆောင်တွေ လက်ခံရင်တောင်မှ အထက်လူကြီးတွေ လက်မခံရင် ခက်တယ်။ မဖြတ်နိုင်တဲ့ဟာတွေတော့ ရှိတာပေါ့။ လက်မခံတဲ့ဟာက ဘာမှ မရှိသလောက်ပဲ။ တပုဒ်လုံးပယ်တာတွေတော့ မရှိဘူး။ စာလုံးပေါင်းတို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကိုပဲ ညှိနှိုင်းပြီးရင်တော့ လက်ခံသွားမယ့် အကြောင်း အရာတွေပဲဖြစ်တယ်” ဟု သူက ဆက်ပြောသည်။
ဖယ်ဒရယ်နှင့် ပတ်သက်ပြီး NCCT ဘက်မှ ဆွေးနွေးတင်ပြခဲ့ပုံကိုလည်း NCCT မှ ဒေါက်တာ ဆလိုင်းလျှန်မုန်းဆာခေါင်းက“ဖယ်ဒရယ်နဲ့ ပတ်သက်ပြီး ကျနော်တို့က ၂နေရာမှာထည့်တယ်။ ပထမ အခြေခံမူထည့်တယ်။ သို့သော် အခြေခံမူမှာ စကားလုံးအနေနဲ့ မဟုတ်ပဲနဲ့ အဲဒါ ဖယ်ဒရယ်ဆိုတဲ့ အနှစ်သာရ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ထည့်ဖို့စဉ်းစားတယ်။ နောက်ပြီးတော့ ဆွေးနွေးရမယ့်အကြောင်းအရာထဲမှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် ပြည်ထောင်စုရဲ့ အရင်းခံ ပြဿနာများကို ဆွေးနွေးရမယ်ဆိုပြီးတော့ တိုင်းရင်းသားဘက်က ၂နေရာမှာ တင်ပြထားပါတယ်” ဟု နိရဉ္စရာ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ သည်။
“ဖယ်ဒရယ်ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရကို ကျနော်တို့က အခြေခံမူသုံးခုအပေါ်မှာ အဓိပ္ပါယ်ဖွင့် တာဖြစ်ပါ တယ်။ ကျနော်တို့ ဆိုလိုတာက ဒီမိုကရေစီအရေးရှိရမယ်၊ တိုင်းရင်းသားတွေရဲ့ အမျိုး သား တန်းတူရေးရှိ ရမယ်၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမယ် ဆိုတဲ့ ဒီအခြေခံ သုံးခုအပေါ် မှာ ကျနော်တို့ အဓိပ္ပါယ် ဖွင့်ဆိုတာဖြစ်တယ်။ အဲဒီထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ နေရာမှာလည်းပဲ ကျနော်တို့က ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်၊ ဒါခွဲထွက်ခွင့်မပါသော ကိုယ်ပိုင်ပြဌာန်းခွင့်ပါပဲ။ ဒါကို သူတို့(UPWC) အထက်အကြီးအကဲ တွေကို တင်ပြဖို့ရှိပါတယ် ” ဟု တိုင်းရင်းသားများဖက်မှ လိုလားသည့် ဖယ်ဒရယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍လည်း သူကပြောသည်။
NCCT UPWC MPC
တော်လှန်ရေးဆိုသည့် အသုံးအနှုန်းမှာ မတရားမှုကို တော်လှန်ခြင်းဖြစ်သည့်အတွက် လက်ရှိအစိုးရအတွက် သိက္ခာနှင့် နစ်နာမှုများရှိသည့်အတွက်ကြောင့် မျက်နှာဖုံး (သို့မဟုတ်) နိဒါန်းတွင် တော်လှန်ရေး အသုံးအနှုန်းကိုမထည့်ရန် အစိုးရဘက်မှ မေတ္တာရပ်ခံခဲ့သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ ကပြောသည်။
“ဒါပေမယ့် အတွင်းထဲမှာတော့ ပြောင်းပြီးတော့ထည့်မယ်။ ဒီအဖွဲ့အစည်းတွေဟာ တော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်ခဲ့တယ်၊ နှစ်ပေါင်း(၆၀) ကျော် တိုက်ပွဲဝင်လာကြတယ် ဆိုတာကျတော့ အတွင်းထဲမှာ ထည့်မယ်” ဟု ပြောသည်။
နောက်တစ်ကြိမ်အစည်းဝေးကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းရန် သဘောတူခဲ့ကြသည်ဟု ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို အခန်း(၇)ခန်းဖြင့် ရေးဆွဲမည်ဖြစ်ပြီး ဧပြီလ (၅)ရက်နေ့မှ (၈)ရက်နေ့အထိ ပြုလုပ်ခဲ့သည့် နှစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပထမမူကြမ်း တစ်စောင်ကို ရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, May 9, 2014

ALP နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဆိုင်းငံ့ထားရခြင်းမှာ ရခိုင်မတည်ငြိမ်မူကြောင့်ဟုဆို

alp-in-Conference
( ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ တက်ရောက်နေကြသော ALA ရဲဘော်များ)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/တပ်မတော် ( ALP/ALA) နှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ရန် ဆိုင်းငံ့ထားရခြင်းမှာ ရခိုင်ပြည်နယ် မတည်ငြိမ်မူများကြောင့်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မေလ ၅ရက်နေ့က ပြောကြားလိုက်သည်။
“အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးအခင်းက ရခိုင်နဲ့ ဘင်္ဂါလီ အရေးဖြစ်တယ်။ အဲဒီ မတည်ငြိမ်မူ တွေကြောင့်  ALP အဖွဲ့နဲ့  ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲဆီ မရောက်နိုင်ဘဲ ဖြစ်နေတယ်” ဟု ဆိုသည်။
ALP နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပါက တပ်နေရာချထားရေးကိစ္စကိုပါ ဆွေးနွေးရမည်ဖြစ်ရာ မတည်ငြိမ်မူ ဖြစ်နေသော ရခိုင်ပြည်နယ်တွင် ပိုမို ရှုပ်ထွေးလာနိုင်သည်ဟု ၀န်ကြီးက ဆိုသည်။
“ ဆွေးနွေးလိုက်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ တပ်နေရာချထားရေတွေ စဉ်းစားပေးရမယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံတကာက ပြောနေတဲ့ ပြဿနာတွေကို ရှင်းလို့ ရတော့မှာ မဟုတ်ဘူး။”
တပ်နေရာချထားရေးကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်မှ စိုးရိမ်သည့်အချက်မှာ ALP တပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများတွင် နေရာချထားပေးပြီးနောက် လူမျိုးရေး အသွင်ဆောင်သည့် လက်နက်ကိုင် ပဋိပက္ခများ ထပ်ဖြစ်ပွားလာမည့် အရေးပင်ဖြစ်ကြာင်း ၀န်ကြီး၏ ပြောသည်။
၎င်းအပြင် ဝန်ကြီးဦးအောင်မင်းက“ဒီတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ခဏနေဦး ရခိုင်ပြည်နယ် ငြိမ်းချမ်းတော့မှ ခင်ဗျားတို့နဲ့ ကျနော် ဆွေးနွေးမယ်ဆိုပြီးတော့ အဲလို သူတို့ကို ပြောထားတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးကို ကြည့်ပြီးတော့ မလုပ်သေးတာ” ဟု ဆိုသည်။
ပြည်ထောင်စုအဆင့် လက်မှတ်မထိုးနိုင်သေးခြင်းမှာ အစိုးရဘက်မှ နှောင့်နှေး ကြန့်ကြာနေမှုကြောင့် ဖြစ်သည်ဟု ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ပြောကြားသည်။
မေလ ၅ရက်နေ့ထုတ် 7day Daily သတင်းစာတွင် ယခုလို ဖော်ပြသည်။
“ပြည်ထောင်စု အဆင့်ကို မသွားနိုင်တာ အစိုးရဘက်က လိုလိုအားအား မရှိလို့ မသွားနိုင်တာ။ ဘာကြောင့် လိုလိုလားလား မရှိတာလဲဆိုတာတော့ အစိုးရပဲ သိလိမ့်မယ်” ဟု ခိုင်သုခက အဆိုပါ သတင်းစာသို့ ပြော ကြားသည်။
ALP နှင့် အစိုးရအကြား ပြည်နယ်အဆင့် အပစ်ရပ်စဲရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဧပြီလ ၅ရက်နေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပွဲတွင် ALP ဘက်မှ အချက် (၁၇) ချက်တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ အချက် (၅)ချက်သာ လိုက်လျော သဘောတူညီခဲ့သည်။
ALP/ALA တပ်များသည် ရခိုင်-အိန္ဒိယနယ်စပ်၊ ကရင်-ထိုင်းနယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျှက် ရှိကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

DPA နှင့် NUPA ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မီတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံ

DPA & NUPA
ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ(DPA)နှင့် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ပါတီ(NUPA) တို့မှ ခေါင်းဆောင်များသည် ယမန်နေ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုတိယ ဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့် ရန်ကုန်မြို့ MPC ခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ DPA  ခေါင်းဆောင်များ ဖြစ်ကြသော ဦးသိန်းဖေ၊ ဦးထွန်းအောင်ကျော်၊ ဦးညီညီလွှင်နှင့် NUPA ခေါင်းဆောင်များဖြစ်ကြသော ခိုင်မြ၀ါနှင့် ဦးမောင်အေးချမ်းတို့ အတူတကွ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
တနိုင်ငံလုံး အပတ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတည် ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သော ကျယ်ပြန့်သည့် အမျိုးသားညီလာခံဖြစ်ပေါ်ရေး ထိုမှတဆင့်ဖက်ဒရယ်မူ ပေါ်တွင်အခြေခံ ပြီး အမျိုးသားသဘောတူ ပဌိညာဏ်စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မီတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မီတီအဖွဲ့ဝင်များနှင့် နှင့် မေလ (၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် MPC အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့များမှ ယမန်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။
ယင်းပြင် ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် DPA နှင့် NUPA တို့ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရရှိ ရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်း ကျေညာချက်တွက် ဖေါ်ပြသည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာဖြစ်သော ပြည်တွင်းစစ်နှင့် နှစ်ရှည်လများဖြစ်ပွားလျှက်ရှိသောပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေး နိုင်ငံရေးအရဖြေရှင်းရန် နည်းလမ်းကောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ကျေညာချက်က ဆိုသည်။
ဆွေးနွေးပွဲတွင် MPC ဘက်မှ အောက်ပါအချက်အလက်များအား သဘောတူညီမှု ရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။
၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မပါဝင်နိုင်သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြု လုပ်သွားမည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီအဖွဲ့အစည်းများအဖြစ် အသိအမှတ်ြ့ပုသည်။
၂။ နိုင်ငံရေးသဘောတူညီချက် ဆွေးနွေးပွဲများ မစတင်နိုင်မီကြားကာလတွင် DPA နှင့် NUPA ခေါင်းဆောင် များအား ရခိုင်ပြည်နယ်အတွင်း သွားလာခွင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများအား အကြောင်းကြား၍ သွားလာ ခွင့် ပြုလိုက်သည်။
၃။ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ခွင့်ပြုသည်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ပါတီနှစ်ရပ်စလုံးမှ ပါတီခေါင်းဆောင်များအား တနိုင်ငံလုံးး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကြားကာလတွင်ပင် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော AA(Sourth), AA(North),
ALP, DPA နှင့် NUPA တို့သည် တစုတစည်းတည်း အများ သဘောတူညီသည့် အဖွဲ့အစည်းခေါင်းစဉ် တခုအောက်တွင် စုစည်းသွားနိုင်မည်ဆိုက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ပိုမိုထိရောက်သွားမည် ဖြစ်သောကြောင့် ပါတီများအားလုံးစုစည်း အဖြေရှာသွားရန် အထူးအလေးထား တိုက်တွန်း သွားကြောင်း ဖေါ်ပြသည်။
DPA & NUPA
အဆိုပါကိစ္စများအား ဆောင်ရွက်ရန်သဘောတူညီချက် ရသည်ဆိုပါက မိမိတို့ အစိုးရ အနေဖြင့် အစွမ်းကုန်ကူညီ သွားမည်ဖြစ်သည်ဟု ကတိက၀တ်ပြုခဲ့ကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။
DPA ပါတီသည်ယခင် ရခိုင်ပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းများ တည်ထောင်ထားသည့် အဖွဲ့ဖြစ်ပြီး နှစ်ပေါင်း(၅၁)နှစ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက် ရေး လုပ်ငန်းကော်မီတီ(UPWC) ဒုတိယ ဥက္ကဌ ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးကိစ္စများကို ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
၁၉၆၃-ခုတွင် တော်လှန်ရေးကောင်စီ ဥက္ကဌ ဦးနေ၀င်း နှင့်လည်း အလားတူ ဆွေးနွေးခဲ့သော်လည်း ရခိုင်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်သူ ဦးကျော်စံရွှီမှ ရခိုင်ပြည် သမ္မတ နိုင်ငံ ထူထောင်ရန် တောင်းဆိုမူကြောင့် ဆွေးနွေးပွဲမှာ ပျက်ပြားသွားခဲ့ကြောင်း သိရသည်။
NUPA သည် ၁၉၉၄-ခုနှစ် ဖွဲ့စည်းတည်ထောင်ပြီး နှစ်(၂၀)ကျော်အတွင်း နိုင်ငံတော်အစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပါတီ ကိုယ်စားလှယ်များသည် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ပြီးနောက် ယခုကဲ့သို့ နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းပေးထားသော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, April 7, 2014

ဧပြီ ပထမအပတ် အစိုးရနှင့်တွေ့ဆုံပွဲတွင် NCCT ဖက်မှ အဖွဲ့ဝင်အားလုံး တက်ရောက်မည်

MPC Myanmar
လာမည့် ဧပြီလ ၅ရက်၊ ၆ရက်နေကများတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲ ရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ဖက်မှ အဖွဲ့ဝင် အားလုံး တက်ရောက်မည်ဖြစ်သည်။
“အဖွဲ့ဝင် ၁၆ ဦး အားလုံး တက်ရောက်မယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၉၊ ၂၀ မှာ လုပ်တဲ့ NCCT အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု NCCT အဖွဲ့ဝင် ရက္ခိုင့်တပ်မတော် (Arakan Army) မှ ဒု-ဗိုလ်မှူးကြီး ကျော်ဟန်က နိရဉ္စရာသို့ပြောသည်။
ယင်းပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ကို NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) အဖွဲ့ဝင် ၉ ဦး၊ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) မှ ၃ ဦး၊ လွှတ်တော်မှ ၃ ဦး၊ တပ်မတော်မှ ၃ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းရန် မတ်လ ၉ရက်၊ ၁၀ ရက်နေ့တို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
ဧပြီလ ၅၊ ၆ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ NCCT ဖက်မှ ၁၆ဦး တက်ရောက်မည်ဖြစ်သော်လည်း NCCT ဖက်မှ ရွေးချယ်ထားသည့် ၉ဦးသာ ပါဝင်ဆွေးနွေးမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက နိရဉ္စရာသို့ပြောသည်။
“အဖွင့်ပွဲလေးမှာ ၁၆ဦးစလုံး ထိုင်ကြမယ်။ မိတ်ဆက်ကြမယ်။ အလုပ်လုပ်မယ်၊ မူကြမ်းရေးမယ် ဆိုတဲ့ အချိန်မှာ အဲဒီ ၉ဦးကို ထုတ်ထားခဲ့ပြီးတော့ ကျန်တဲ့လူတွေက လေ့လာသူ လုပ်ရင်လုပ် ပြန်ချင်တဲ့သူ ပြန်ပေါ့။ ၉ဦးကို လာအပ်တဲ့သဘောပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
မတ်လ ၉-၁၀ ရက် MPC ရုံးတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ ပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့အတွက် ထည့်ရ မည့် NCCT ကိုယ်စားလှယ် ၉ ဦးမှ ၆ ဦးအတွက် ၇ ဦးရွေးချယ်ခဲ့သော်လည်း နိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွန်မော်တို့မှာမူ တလှည့်စီ ပါဝင်ကြမည်ဖြစ်သည်။ ကျန်သည့် ၃ ဦးကိုမူ အလှည့်ကျအဖြစ် ဧပြီလ ၁ရက်၊ ၂ရက်နေ့တို့တွင် ပြုလုပ်မည့် NCCT အစည်းအဝေးတွင် ရွေးချယ်မည်ဟု သိရသည်။
“မရွေးရသေးတဲ့ ကျန်တဲ့ ၃ဦးကတော့ NCCT အဖွဲ့ဝင် အဖွဲ့တွေထဲက ကျန်တဲ့ အဖွဲ့တွေကပဲ အလှည့်ကျ ရွေးသွားပါမယ်။” ဟု ဒု-ဗိုလ်မှူးကြီးကျော်ဟန်က ဆက်ပြောသည်။
NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး-KNU) ကို အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်ဟံသာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွန်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အစည်းအရုံး (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော်တို့ကို အမြဲတမ်းအဖြစ် ရွေးချယ်ထားပြီးဖြစ်သည်။
ရန်ကုန်မြို့ MPC ရုံးတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို အခန်း (၇) ခန်းဖြင့် ရေးဆွဲရန် ပမာဏသဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့ဝင် ၁၅ဦးနှင့် NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ဆွေးနွေးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, February 5, 2014

UNFC တိုင်းရင်းသား ၁၂ ဖွဲ့နှင့် ပြည်ပ ပညာရှင်များ ဆွေးနွေး

unfc-political-party-305.jpg
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ ပြည်ပကတိုင်းရင်းသား အင်အားစုတွေ နိုဝင်ဘာ လ ၂၂ ရက်နေ့က တွေ့ဆုံကြစဉ်
photo: RFA/ Aung Moe Myint
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပဋ္ဋိပက္ခဖြေ ရှင်းခြင်းဆိုင်ရာကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ လုပ်နည်းလုပ်ဟန် အကြောင်းတွေကို နိုင်ငံတကာက တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည် အမျိုးသားကောင်စီ ANC အဖွဲ့ရဲ့ ဒုဥက္ကဌ (၁) UNFC အဖွဲ့ရဲ့ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာ ခင်မောင် က RFA ကို အခုလို ပြောပါတယ်။
“ပညာရှင်တွေက သုံးယောက်ပါ၊ South Africa နဲ့ အင်ဒိုနီးရှားက ပညာရှင်တွေပါ၊ အခု အကြမ်းဖျဉ်းအားဖြင့် Ceasefire ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်တောင်စုအစိုးရနဲ့ UNFC နဲ့ ဆွေးနွေးခဲ့တဲ့ဖြစ်စဉ်တွေ၊ လက်ရှိ နောက်ဆုံးဆွေးနွေးနေတဲ့ အခြေအနေတွေ၊ အဲ့ဒါတွေကို UNFC ဘက်က ဘယ်လိုခံစားရလဲ၊ ဘယ်လို အတွေ့အကြုံမျိုးတွေ့ကြုံရလဲ၊ ဒီ Nationwide Ceasefire နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ပြောဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ Political ဒိုင်ယာလော့ ဖြစ်လို့ရှိရင် Frame Work က ဘယ်လိုဖြစ်မယ်ဆိုတာတွေလည်း ကျနော်တို့ ပြောဖြစ်တယ်၊ သူတို့ကလည်းပဲ အင်ဒိုနီးရှားအတွေ့အကြုံ၊ South Africa အတွေ့အကြုံတွေကို ပြောပြတယ်”
အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေက ပညာရှင်တွေ့ရဲ့ အတွေ့အကြုံနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်ဖလှယ်ခဲ့ကြရာမှာ သတိထားစရာ၊ စိတ်ဝင်စားစရာတွေ ရခဲ့ကြတယ်လို့ ဒေါက်တာ ခင်မောင်က ဆက်ပြောပါတယ်။
“စိတ်ဝင်စားစရာတွေတော့ အများကြီးရှိပါတယ်၊ ကျနော်တို့ရဲ့ ဗမာပြည်အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘယ်လိုစိတ်ရှည်ဖို့လိုတယ်၊ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ဘယ်လိုသဘောထားတွေ ထားဖို့လိုတယ် ဆိုတာလေးတွေကို ကျနော်တို့ ဆွေးနွေးကြတာပါ၊ ကျနော်တို့ Negotiation ကို ပိုပြီးတော့ ကျနော်တို့ဘက်က ခံစားချက်တွေကို ကျနော်တို့ဘက်က ဖြစ်ပျက်နေတဲ့အမြင်တွေကို လာပြီးလေ့လာတဲ့သဘောပါ။ ကျနော်တို့အတွက်တော့ အများကြီးအကျိုးရှိပါတယ်။ အတွေ့အကြုံတွေကတော့ ကျနော်တို့ ရရှိတယ်၊ ရှေ့လုပ်ငန်းစဉ်လည်းပဲ ကျနော်တို့ ဆင်ခြင်ပြီးတော့ သတိထားစရာလေးတွေ၊ သင်ခန်းစာတွေ ရတာပေါ့ဗျာ”
ဒီအလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် အင်္ဂလန်နိုင်ငံအခြေစိုက် Inter Mediate ဆိုတဲ့ NGO တစ်ခုက ကမကထပြုလုပ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Wednesday, January 29, 2014

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို


အခြေ အနေအရ လိုအပ်လာပါက ရခိုင်ပြည်နယ် အပါအဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော် လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု ရခိုင်တပ်မ တော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆိုသည်။ ၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။ ““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာ ကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာ လဲပါတယ်။ တပ်မ တော်တစ်ရပ်က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့မှာ နောက် ဆုတ်စရာ မြေမရှိဘူးဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။ (မြစ်မခ)

Monday, December 30, 2013

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး

peace-305
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်။ Photo : MPC/ Nyo Ohn Myint

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ချင်းမိုင်မြို့မှာရှိတဲ့ Alpine Golf Resort ဟိုတယ်မှာ တွေ့ဆုံခဲ့ရာမှာ အဓိက ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို အခုလို ပြောပြပါတယ်။
" အချက်အလက်တွေက အများကြီးပဲနော် အဲ့ဒီ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အတွက်ပေါ့လေ စာတမ်းကို ဟိုဖက်ကလည်း ပြင်လာတယ် ဒီဖက်ကလည်း ပြင်လာတယ် အဲ့ဒီ နှစ်ခုကြားမှာ တူညီမှုတွေကို ညှိကြတာပေါ့လေ အင်း အဲ့ဒီ သဘောတူညီချက်အတွက်ကို ရနိုင်ဖို့အတွက်ကို ညှိနှိုင်းတာပါ သဘောတူညီချက်ထဲမှာကတော့ အစုံပါပါတယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ကျနော်တို့ကတော့ ဒီ နောက်ပိုင်းမှာ ဒီ တကယ့် နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းမှာ ပို့လိုက်မယ် အဲ့ဒီ ပုံစံမျိုးပေါ့နော် နောက်ပြီးတော့ ဖွဲ့စည်းတဲ့အခါကြရင် ဒီလုပ်ငန်းစဉ်တွေကို များသောအားဖြင့် framework ဆွဲတဲ့အခါမှ အဲ့ဒီမှာကတော့ ပါဝင်ထည့်သွင်းသွားဖို့ ညှိနှိုင်းကြပါတယ်"
နှစ်ဖက် ဆွေးနွေးကြတဲ့ထဲမှာ ကချင်ပြည်နယ် KIO ဌာနချူပ်လိုင်ဇာမြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီချက် မူကြမ်း ၁၁ ချက်ကို အသေးစိတ်ပြန်လည်ရေးဆွဲထားတဲ့ အခန်း ၁၀ ခန်းနဲ့ အစိုးရဖက်က နိုဝင်ဘာလဆန်းပိုင်းမှာ မြစ်ကြီးနားတွေ့ဆုံဆွေးနွေးပွဲမှာ ပေးအပ်ခဲ့တဲ့ အခန်း ၁၄ ခန်းပါ အပစ်အခတ်ရပ်စဲရေး မူကြမ်း အချက်တွေကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အစိုးရဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး Accord လုပ်ဖို့ ဆွေးနွေးခဲ့တာရှိပေမယ့် တိုင်းရင်းသားတွေဖက်ကတော့ ငြိမ်းချမ်းရေး Accord ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂ နှစ်ပြီးရင် ပျက်ပြယ်သွားနိုင်တဲ့အတွက်  ပြည်ထောင်စု Accord သာလုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေတင်ပြထားတဲ့ အပစ်ရပ်သဘောတူ စာချူပ်မူကြမ်းထဲမှာ ပြည်တောင်စု တပ်မတော်ဖွဲ့စည်းရေးကိစ္စကို အစိုးရဖက်က ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေ ရှိသလို အစိုးရရဲ့ စာချူပ်ထဲမှာလည်း တိုင်းရင်းသားတွေကို အစိုးရရဲ့ မူဘောင်တွေအောက်မှာသာ ၀င်ရောက်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်အတော်များများ ပါဝင်နေတဲ့အတွက် အစိုးရရဲ့ စာချူပ်ကို လက်မခံလိုကြပဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကနေရလာတဲ့ တင်ပြမှုတွေအပေါ် NCCT ခေါင်းဆောင်တွေက ၂၀၁၄ ဇန်န၀ါရီလလယ်ပိုင်းမှာ အစည်းအဝေးကျင်းပပြီး ပြန်လည်ဆွေးနွေးသွားမှာဖြစ်သလို တိုင်းရင်းသား ခေါင်းဆောင်တွေ တင်ပြတဲ့ အချက်တွေကိုလည်း အစိုးရဖက်က ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ပြန်တင်ပြပြီး ဖားအံ အစည်းအဝေးပွဲ မတိုင်မှီ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားကြဖို့ ရှိပါတယ်။
ဒီနေ့ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့လည်း ၀န်ကြီး ဦးအောင်မင်းက အခုလို ပြောပါတယ်။
" ကျနော် အားရတယ် ဒီနေ့ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ငြင်းဆိုပြီး ပြောဆိုရမည့် အချက်အလက်တွေ တခုမှ မပါဘူးဗျ ဘာလို့လည်းဆိုတော့ အားလုံးက လမ်းကြောင်းတစ်ခုတည်းပေါ်ရောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်၊ ဖားအံ အစည်းအဝေးကြရင်တော့ ဒါ Finalise ပေါ့၊ အဲဒီမှာလည်း ကျနော် လက်မှတ်ထိုးဖို့ မပါသေးဘူးနော်၊ ဖားအံမှာက ကျနော်တို့ လက်မှတ်ထိုးဖို့ ရက်ကို ရအောင် အဲ့ဒီမှာ သတ်မှတ်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်၊ အခုဟာ တော်တော် နီးစပ်လာပြီဗျ၊ အခု ဖားအံ အစည်းအဝေးကိုလည်း ဇန်န၀ါရီလ ၂၄ - ၂၅ လောက်မှာ လုပ်ဖို့ ဆိုပြီးတော့ ကျနော်တို့က အခု ဒီအစည်းအဝေးကပဲ ဆုံးဖြတ်ထားပါတယ်၊ အဲ့ဒါ ပြီးရင်တော့ ကျနော်တို့က Nationwide Ceasefire accord လို့ ပြောတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအရ ဇန်န၀ါရီလ ၂၄-၂၅ ရက်မှာ သတ်မှတ်တဲ့ရက်မှာ ကျနော်တို့ လက်မှတ်ရေးထိုးနိုင်အောင် ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ဖြန် မနက်ပိုင်းမှာ ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်ပြီး ၂၀၁၄ လူဦးရေ နှင့် သန်းခေါင်းစာရင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို UNFPA (United Nations Populations Fund Activities) နဲ့အတူ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Friday, December 13, 2013

KNU ဌာနချုပ် နယ်မြေတွင် ပြုလုပ်ရန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ၂၀၁၄ ခုနှစ်သို့ ရွှေ့ဆိုင်း

ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်း ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ဒီဇင်ဘာ ၁၁ ရက်က တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေ့ဆိုင်းရခြင်းမှာ နေရာထိုင်ခင်း မလုံလောက်၍ ဖြစ်ကြောင်းနှင့် ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ ၁၅ ရက်ကြား ပြုလုပ်ရန် ရည်မှန်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယညီလာခံနှင့် ပတ်သက်၍ ယင်းသို့ရက်ရွှေ့ဆိုင်းလိုက်ခြင်းမှာ မှန်ကန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက အတည်ပြုပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေအတွင်း မူလက ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက် အတွင်းပြုလုပ်ရန် စီစဉ်ထားပြီးနောက် ထိုသို့ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၁ ရက်က တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပြီး ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေ့ဆိုင်းရခြင်းမှာ နေရာထိုင်ခင်း မလုံလောက်၍ ဖြစ်ကြောင်းနှင့် ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ ၁၅ ရက်ကြား ပြုလုပ်ရန် ရည်မှန်းထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြား . . . . .
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ရန် ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။
"ကျန်ရှိနေသေးတဲ့ သံသယတွေ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်းစေတနာ အမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၁ ရက် ၎င်း၏ ရေဒီယိုမိန့်ခွန်းတွင် လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားထားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, December 4, 2013

ရခိုင်ပြည်နယ် အေးချမ်း စွာနေထိုင်ရေး ဆွေးနွေး

ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ မနေ့က သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့အစည်း ဘယ်လိုအေးအေးချမ်းချမ်း အတူနေထိုင်နိုင်မလဲဆိုတဲ့ အကြံပြုချက်တွေကို တောင်းခံခဲ့ပါတယ်။
ရန်ကုန်မြို့ အလုံမြို့နယ်မှာရှိတဲ့ ရခိုင်ပဋိပက္ခကော်မရှင်ရုံးခန်းမှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေကို တက်ရောက်ကြတဲ့ ရခိုင်နဲ့ အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေက "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ တောင်းဆိုတာတွေမလုပ်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးကြတာတွေ့ရကြောင်း အဲဒီ တွေ့ဆုံပွဲတွေကို တက်ရောက်ခဲ့ ၀ါရင့်နိုင်ငံရေးသမား ဦးသာဘန်းက ပြောပါတယ်။
"မွတ်စလင်ကမန်တွေရယ်၊ ရန်ကုန်မြို့က မွတ်စလင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေတွေ့ကြတယ်၊ တင်ပြကြတော့ ရိုဟင်ဂျာဆိုတဲ့ဟာက နိုင်ငံတော်ကလည်း အသိအမှတ်မပြုဘူး၊ ဒီရိုဟင်ဂျာဆိုတဲ့ ပြဿနာက ရှုတ်ထွေးနေတယ်၊ ပြဿနာနည်းအောင်ဆိုရင် ရိုဟင်ဂျာဆိုတာကို မသုံးပဲနဲ့ပေါ့လေ၊ ပဋိပက္ခငြိမ်းအောင်လုပ်ပါဆိုတာ အကြံပေးတယ်ပေါ့နော်၊ ရခိုင်အဖွဲ့တွေနဲ့ တွေ့တဲ့နေရာမှာ အဲဒီမှာလည်း ရိုဟင်ဂျာဆိုတဲ့နာမည်ကို မသုံးဖို့ကိစ္စကိုပဲ ပြောကြတယ်ပေါ့နော်"
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှုရှိဖို့နဲ့ လုံခြုံရေးတိုးမြှင့်ပေးဖို့ လိုအပ်ကြောင်းကိုလည်း  တက်ရောက်လာတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေက တင်ပြကြပါတယ်။
မနေ့ကတွေ့ဆုံပွဲကို ရခိုင်ပဋ္ဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်၊ အဖွဲ့ဝင် ဒေါက်တာ ယဉ်ယဉ်နွယ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar  ရခိုင်ပါတီကိုယ်စားလှယ်တွေ၊ ကမန်တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ စစ်တွေမြို့က ဒေသခံမြို့မိမြို့ဖတချို့နဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Tuesday, November 26, 2013

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုနှင့် နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စ အကျေအလည် ဆွေးနွေးနိုင်ခဲ့

8.1.1
UNFC နှင့်နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်ပြည်တွင်း နိုင်ငံရေး ပါတီများ၏ နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော ထိုင်းနိုင်ငံ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
''ပထမပိုင်းမှာတော့ ကျွန်တော်တို့ မိတ်ဆက်ကြတယ်။ နောက် UNFC က သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်မှုတွေကို ပြောတယ်။ ပြီးတော့ အပြန်အလှန် ဆွေးနွေးကြတယ်။ ကျွန်တော်က လိုင်ဇာဘုံသဘောထား ရပ်တည်ချက် အခြေခံမူ ၁-၄ မှာပါတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကို ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း သိရဖို့မေးတယ်။ အဲဒါကို ဗိုလ်ချုပ်ဂွမ်မော် ပြန်ဖြေခဲ့တာ သိပ်ကောင်းတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က The Daily Eleven သို့ ပြောကြားသည်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ဖြေရှင်းချက်ကို ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်း ကိုယ်စားပြု အနေဖြင့် မဟုတ်ဘဲ တစ်သီးပုဂ္ဂလ သဘောထား အနေဖြင့် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ယင်းဖြေကြားချက်ကို အများစုက သဘောကျခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြေကြားရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘောထား ရပ်တည်ချက်တွင် ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကိစ္စသည် တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းရန်အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုနှင့် ကိုက်ညီသော ဖက်ဒရယ် တပ်မတော်၌ တိုင်းရင်းသား လူမျိုးများ ပိုမိုပါဝင် လာစေရေးနှင့် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကိုလည်း တိုင်းရင်းသား လူမျိုးအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင် စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။
''ဒီကိုလာတုန်းကတော့ ကြားခဲ့တာတွေ ရှိတာပေါ့။ တပ်မတော်ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီးမရှင်းမလင်း ရှိတာတွေ၊ ဗိုလ်ချုပ်ဂွမ်မော် ဒီနေ့ရှင်းပြတော့ ဒါတွေက ဘာမှကြောက်စရာ စိုးရိမ်စရာ မရှိတဲ့ ကိစ္စတွေပါ။ အခုလို သိသွားတော့ နောက်ဆို ဒါကြီးကို သံသယ ဖြစ်နေစရာ မလိုတော့ဘူး။ ဒီနေ့ ဒီပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စလေး ပြေလည်သွားတာ အင်မတန်မှ ကောင်းပါတယ်။ သူတို့တွေက တိုင်းပြည်အတွက် အများကြီး ကြိုးစားခဲ့ကြတယ်။ ကျွန်မတို့ကလည်း သူတို့အပေါ် လေးစားမှုရှိတယ်။ သူတို့ကလည်း ကျွန်မတို့ကို လေးစားမှုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အသွားအပြန်၊ အပြန်အလှန် လေးစားမှုက အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ နောက်ထပ်ခြေလှမ်းတွေ အများကြီး ရှိလာမှာပါ။ အကျိုးရလဒ်က အများကြီး ဖြစ်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နန်းခင်ထွေးမြင့်က သတင်းထောက်များကို ဆိုသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား အရေးကို စိတ်မ၀င်စားခြင်း မဟုတ်ဘဲ အမြဲစောင့်ကြည့် ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''ဒီနေ့ကတော့ အမြင်ချင်း ဖလှယ်ကြတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီတွေများတယ်။ ကျွန်တော်တို့ဆီက ဒုတိယ ဥက္ကဋ္ဌ(၁)က ကြိုဆိုတယ်။ နောက်ပြီး အတွင်းရေးမှူးက တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်တယ် ဆိုတာကို ရှင်းပြတယ်။ ခံစားချက်တွေပေါ့။ ဟိုဘက်ကလာတဲ့ တိုင်းရင်းသား တွေကလည်း သူတို့အထဲမှာနေတဲ့ လူတွေကလည်း ခံစားချက်တွေ ရှိပါတယ်ဆိုပြီး အပြိုင်အဆိုင် ပြောကြတာပေါ့။ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတယ်။ နောက် ဘယ်လိုတွေ့မယ်။ ဘယ်လိုပူးပေါင်းမယ် အဲဒါတွေ ဆွေးနွေးဖြစ်ပါတယ်'' ဟု UNFC တွဲဖက် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းမှ နိုင်ငံရေး ပါတီများသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် UNFC နှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တွေ့ဆုံခဲ့ကာ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) နှင့် မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (WLB) အဖွဲ့နှင့်လည်း ဆက်လက် တွေ့ဆုံရန်ရှိကာ နိုဝင်ဘာ ၂၃ ရက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မူလကပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ခုကို ဖိတ်ကြားထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်ပါနိုင်ခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီများမှ ကိုယ်စားလှယ်များသာ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်နိုင်ခဲ့သည်။
နိုင်ငံရေးပါတီများ၏ ထိုင်းနိုင်ငံခရီးစဉ်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, November 8, 2013

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အဖွင့်မိတ်ဆက်စကား ကောက်နှုတ်ချက်များ

မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးအပါဆုံးဖြစ်သည့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မဂျယ် ခန်းမတွင် နိုဝင်ဘာလ ၄ရက်တွင် စတင်ကျင်းပခဲ့ပြီး အသေးစိတ်ဆွေးနွေးရန် လိုအပ်သောကြောင့် မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်တိုးမြှင့်ကာ နိုဝင်ဘာလ ၆ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံပွဲသည် လိုင်ဇာညီလာခံ ဆွေးနွေးပွဲရလာဒ်များကို အခြေခံကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၇ဖွဲ့ တက်ရောက်ခဲ့ပြီး လိုင်ဇာတွေ့ဆုံပွဲတွင် ထုတ်ပြန်ခဲ့သည့် ဘုံသဘောတူညီချက်အား လက်မှတ်မထိုးခဲ့သည့်  RCSS/SSA အဖွဲ့သည်လည်းတက်ရောက်ခဲ့သည်။ ယင်းသို့တက်ရောက်လာရာတွင် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့၏ မိတ်ဆက်စကားများကို ကောက်နှုတ်ချက်အချို့ကို ဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖော
ဥက္ကဋ္ဌ
ကရင်အမျိုးသား အစည်းအရုံး (KNU)
လက်ရှိဖြစ်တည်နေတဲ့ ပဋိပက္ခဟာ စစ်မြေပြင်မှာ မဟုတ်ဘဲ နိုင်ငံရေးစားပွဲခုံပေါ်မှာ ဖြေရှင်းကြစို့ဆိုတဲ့ သဘောထား ကျွန်တော်တို့ KNU မှာရှိပါတယ်။ ဒီသဘောထားအတိုင်း ဆက်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရနဲ့လည်း အကြိမ်ကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြတယ်။ သမ္မတကြီးနဲ့လည်း ကျွန်တော်တို့ တွေ့ဆုံခဲ့တယ်။ တပ်ချုပ်နဲ့လည်းတွေ့ဆုံခဲ့တယ်။ တွေ့ဆုံတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ သဘောထားကို အမြဲတမ်းဖော်ပြခဲ့တယ်။ အခုဆို အဖွဲ့အစည်းအားလုံးပါလာတဲ့အပေါ်မှာ KNU ရဲ့သဘောထားကို ထပ်လောင်းပြောပြမှာဖြစ်ပါတယ်။ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ ကောက်ကျစ်စဉ်းလဲတဲ့ သဘောထား၊ တစ်ယောက်နဲ့ တစ်ယောက် အနိုင်ယူလိုတဲ့ သဘောထား လုံးဝမရှိဘူးဆိုတာ ထပ်ပြောပါမယ်။ ဒီစကားကို သမ္မတ၊တပ်ချုပ်ကြီးတို့ကိုလည်းပြောခဲ့တယ်။ ကျွန်တော်နဲ့ အမြဲတမ်းတွေ့နေတဲ့ ဦးအောင်မင်းကတော့ ပြောစရာမလိုဘူး။ တွေ့တိုင်း ကရင်ရဲ့ သဘောထားကို တင်ပြပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ တစ်ကယ့် စစ်မှန်ပြီး တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို လက်ရှိအစိုးရနဲ့ အကြိမ်ပေါင်းများသွာ ဆက်ပြီးဆွေးနွေးကြမယ်။ ဆောင်ရွက်ဖို့ သဘောထားကို ကျွန်တော်တို့ တိုင်ပင်ထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိဖို့ ညီညီညွတ်ညွတ်သဘောပေါက်ဖို့ လိုပါတယ်။ မြန်မာ စကားရှိပါတယ်။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မမြည်ပါဘူး။ နှစ်ဘက်တီးမှ မြည်မှာပါ။ အသံထွက်လာမယ်။ ထွက်လာမယ့် အသံဟာလည်း ဒီပြည်တွင်းငြိမ်းချမ်းရေးရှိဖို့ ဆိုတာကပြောချင်ပါတယ်။
ဦးခွန်အေဘယ်တွိဒ်
ဒု-ဥက္ကဋ္ဌ
ကရင်နီတိုးတက်ရေးပါတီ (KNPP)
ပြည်တွင်းစစ်ဟာ အနိဋ္ဌာရုံကြီးပဲ။ ကျွန်တော်တို့ ဘယ်လောက်ဒုက္ခရောက်လဲ၊ ပြည်သူလူထု တစ်ရပ်လုံး ဆင်းရဲဒုက္ခ ရောက်သလဲဆိုတာ..။ အဲ့ဒါပြည်တွင်းစစ်ကြောင့်ဆိုတာ ပြောစရာတောင် မလိုဘူး။ စစ်ရေးကို အရင်ဆုံး ရပ်ခိုင်းရမယ်။ အဲ့ဒါပြီးရင်တော့ နိုင်ငံရေးဆွေးနွေးရေး။ နိုင်ငံရေးပြသနာကိုတော့ နိုင်ငံရေး ဆွေးနွေးမှုတွေလုပ်ဆောင်ရမယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမရှိခဲ့ဘူးလား ဆိုတော့ ရှိခဲ့ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်နေ၀င်းအာဏာရကောင်စီ တက်လာကတည်းက ၁၉၆၃ ခုနှစ်က တစ်ခါတွေ့ခဲ့တယ်။ အလုပ်မပြီးဘူး။ နောက်ဗိုလ်ချုပ် ခင်ညွှန့်တက်လာတဲ့အခါ ၁၉၉၀-၉၅ခုနှစ်တုန်းက ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးပါတယ်။ တွေ့ဆုံဆွေးနွေးပေမယ့် အလုပ်သိပ်မပြီးဘူး။ ဥပမာ တစ်ခုပြောရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၁၉၉၅ခုနှစ် မတ်လ ၂၁ရက်နေ့ သဘောတူညီချက်ရယူခဲ့တယ်။ စာချုပ်လက်မှတ်ထိုးတာတော့ မရှိဘူး။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်းဒီလိုပါဘဲ။ တစ်ချို့က သဘောတူညီချက် လက်မှတ်ရေးထိုးတာရှိတယ်။ ဒီကနေ့ဟာ ဘာလဲဆိုရင်တော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့သင့်ပြီ။ ကတိတစ်ခုခု ရဖို့လိုနေပြီလို့ ကျွန်တော်တို့ကတော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ်ပဋိပက္ခပြန်ဖြစ်တော့ ပိုပြီးဆိုးသွားတယ်။ သင်ခန်းစာ တော်တော်ရတယ်။ တစ်နေ့က ဆွေးနွေးပွဲမှာဘဲ အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေးစတဲ့ အချက်တွေကို အခြေခံပြီးတော့ …ဒီတစ်ကြိမ်ဟာ အရေးအကြီးဆုံးအချိန်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ကထင်တယ်။ ဒီတစ်ကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်ပါစေ၊ နှစ်ဘက်စလုံး အကြိတ်အနယ် ဆွေးနွေးကြ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှုမရှိရင် လက်နက်ကိုင်တွေလည်းကောင်းကောင်း သဘောပေါက်မှာပါ။ လိုအင်ဆန္ဒရှိရင် ငြိမ်းချမ်းရေးရှိမှာပါ။ လူတိုင်းမှာတာဝန်ရှိတယ်။ လက်နက်ကိုင် တပ်ဖွဲ့များသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရသော်လည်းကောင်း ပြည်တွင်းရဲ့ ပြသနာပေါင်းများသွာကို ပူးပေါင်းဆောင်ရွက်မှသာလျှင် ရည်မှန်းချက်ပြည့်မှာဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်အစိုးရအနေနဲ့ တော်တော်လေးစိုးရိမ်ရတဲ့ အနေအထားရှိလို့လို့မြင်တယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်ရဲ့ အရေးသုံးပါး ..လွတ်လပ်ရေးကိုပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ အချိန်ကာလတုန်းက။ဒီကနေ့ ကျွန်တော်တို့ သဘောပေါက်ရမယ်။ကျွန်တော်တို့ဟာ ခွဲခြားမရဘူး။ တစ်စိတ်တစ်ဒေသ ခွဲထွက်ဖို့တို့ဆိုတာ ယနေ့အဖို့တော့စိတ်ကူးယဉ်ဆန်သွားပါပြီ။ ပြည်ထောင်စုကို အကြမ်းအားဖြင့်ကြည့်ရင် နာမည်မတူဘူး။ လူမျိုးမတူဘူး။ ဘာသာစကားမတူဘူး။ ယဉ်ကျေးမှုလည်းမတူဘူး။ မတူတဲ့နောက် ကျွန်တော်တို့ဟာ အကောင်းဆုံးနည်းလမ်းကတော့ ဒီပြည်ထောင်စု တစ်ခုပဲတူတယ်။ နည်းစနစ်တစ်ခုကောင်းရင် ခိုင်ခိုင်မာမာ ဖွဲ့စည်းနိုင်လိမ့်မယ်။ မအောင်မြင်စရာမရှိဘူး။ အထူးသဖြင့် မေတ္တာတရားကို အရင်းခံကြပါလို့ပြောချင်တယ်။
ဗိုလ်မှူးကြီးစိုင်းလှ
ပြောရေးဆိုခွင့်ရှိသူ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)
ငြိမ်းချမ်းရေးကိုအာမခံပေးနိုင်တဲ့ အခြေခံဥပဒေဖြင့်သာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါဥပဒေကို ပြဌာန်းနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် ရရှိနိုင်မည်ဖြစ်သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ရန်လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မရှိမဖြစ်လိုအပ်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့လိုအပ်သလို၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိုလည်း ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဘယ်လိုပုံ၊ဘယ်လိုနည်းနဲ့ ဖော်ဆောင်သွားရမည်ကို ငြိမ်းချမ်းရေးအလိုရှိသူများက စေတနာရှိရှိ၊ စိတ်ဓာတ်မှန်မှန် အပြန်အလှန်ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးပြီး အကောင်းဆုံးညီလာခံများ၊ အကောင်းဆုံးရလာဒ်များ ရရှိရန် အလွန်အရေးကြီးသည့် အချိန်ဖြစ်ပါတယ်။
ဦးဆလိုင်းလျန်မှုန်းဆားခေါင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး (CNF)
၂၀၁၁ မတ်လ ၁၈ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကနေ ကျွန်တော်တို့ တိုင်းပြည် အပစ်အခတ်ရပ်စဲဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် အပစ်အခတ်ရပ်စဲရေးလုပ်ကြပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကြရအောင်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးကနေ အရေးပေါ်ညီလာခံတစ်ခု ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တဲ့ အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် သမ္မတကြီးရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ၀မ်းပမ်းတစ်သာ ကြိုဆိုခဲ့တယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် သုံးခါတိတိဆွေးနွေးပြီး ပဏာမ သဘောတူညီချက်တွေ ကိုလည်းလက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဘ၀တူညီနောင်တိုင်းရင်သားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့အတွက် လိုင်ဇာညီလာခံကိုတက်ရောက်ခဲ့တယ်။ လိုင်ဇာညီလာခံမှာလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေ သဘောတူထားပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံသဘောထားရပ်တည်ကြေညာချက်ကို ချင်းအမျိုးသားတပ်ဦးအနေနဲ့ သဘောတူ လက်မှတ်ရေးထိုး ထားပါတယ်။ ဒီကနေ့ ဆွေးနွေပွဲကနေ တစ်ဆင့်ပြီးတစ်ဆင့် တိုင်းပြည်ငြိမ်းချမ်းရေး ရရှိနိုင်ဖို့သော်လည်းကောင်း၊ လွတ်လပ်ရေးကို လိုလားတဲ့ လူမျိုးအားလုံးရဲ့ ပင်လုံချစ်စိတ်၊ ပင်လုံစိတ်ဓာတ်ကိုအခြေခံပြီးတော့ ပြည်ထောင်စုစနစ်တည်ဆောက်နိုင်ဖို့အတွက် နှစ်ဘက်စလုံးဝိုင်းဝန်းပြီး ကြိုးစားကြရအောင်လို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကျင်းပတဲ့ အစည်းအဝေးမှာ ဒီတစ်ခါ အခါတိုင်းနဲ့ မတူတဲ့ အချက်တစ်ချက်ရှိပါတယ်။အရင်ကျွန်တော်တို့ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းကို နိုင်ငံတော်က ပေးပို့တဲ့စာတွေကတော့ အမိန့်ပေးတဲ့စာ၊ ရာဇသံစာစသည်အားဖြင့်ပဲဖြစ်ပါတယ်။ ယခုအလိုအချိန်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ညီလာခံမှာ သ၀ဏ်လွှာပေးပို့တဲ့ အတွက်အစိုးရဘက်ကလည်း လေးလေးနက်နက်ငြိမ်းချမ်းရေးကို လိုလားတယ်။ လေးလေးနက်နက် ပြည်ထောင်စုကြီးကို ပြန်ထူထောင်ပြီး ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးသွေးစည်းညီညွတ်စွာ အတူငြိမ်းချမ်းစွာနဲ့ နေထိုင်နိုင်တဲ့ တိုင်းပြည်ကို ထူထောင်နိုင်ဖို့ ဆန္ဒရှိတယ်လို့ ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးက မြင်တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။
ဦးခိုင်သုခ
အထွေထွေအတွင်းရေးမှူး
ရခိုင်လွတ်မြောက်ရေးပါတီ (ALP)
ကျွန်တော်တို့ရဲ့ခံယူချက်ကတော့ အခြေခံမူဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူမှု၊ ငြိမ်းချမ်းမှုဆိုတဲ့ လောကပါလတရားတွေအပေါ်မှာ အခြေခံပြီးတော့ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အခြေခံ စစ်မှန်မှုတွေနဂိုလွတ်လပ်မှု၊ တန်းတူမှုတွေရှိမှာ မဟုတ်ဘူးလို့ခံယူပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင် ညီအကိုတွေနဲ့အတူ ဆက်လက်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနှစ်၆၀လုံးလုံး ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ တိုက်ခိုက်တာတို့၊ အပစ်တင်တာတို့ဖြစ်နေတယ်။ အဲ့ဒီအကျိုးဆက်က ကျွန်တော်တို့ တိုင်းပြည်ကြီးဘာဖြစ်နေသလဲ၊ အဆင့်အတန်းတွေဘာဖြစ်နေသလဲဆိုတာ လူကြီးမင်းတို့ အသိပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ အခုအချိန်ဟာ ငြိမ်းချမ်းရေးကျိုးပမ်းမှု အကောင်းဆုံးလို့ပြောချင်ပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေ တစ်ကယ်လိုလားနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာပြီး တိုင်းပြည်တိုးတက်အောင် ဒီခေါင်းဆောင်တွေအနေနဲ့ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ပြေလည်သွားမယ်ဆိုရင် ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။
ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA )
ကျွန်တော်တို့အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးသားလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း မလိုလားအပ်ဘဲ တိုက်ပွဲတွေဖြစ်ပွားနေတယ်။ ဒီငြိမ်းချမ်းရေးမှာခိုင်မာမှုသိပ်မရှိသေးဘူးလို့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ခံယူပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးခိုင်မာမှုရှိအောင် ဒီနိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးတက်လှမ်းနိုင်ပါစေကြောင်း ယုံကြည်မျှော်လင့်ပါတယ်။
တအိုက်ဘုန်း
ဥက္ကဋ္ဌ
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF )
ကျွန်တော်တို့ အဖွဲ့အနေနဲ့ လိုင်ဇာသဘောတူဆုံးဖြတ်ချက်အတိုင်း ရောက်ရှိလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အဖွဲ့ရဲ့ သဘောထားကိုတင်ပြဖို့ ပြင်ဆင်ထားခြင်းမရှိပါဘူး။ လိုင်ဇာကွန်ဖရင့်ရဲ့ တာဝန်ပေးချက်အပေါ်မှာ ကျွန်တော်တို့ ဒီကနေ့ဆွေးနွေးပွဲအပေါ်မှာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဒီနေရာမှာ လမ်းစဉ်ချမှတ်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို ဒီကနေ့လာရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေသိပြီးဖြစ်တဲ့ အတွက်ကြောင့် ပြောဖို့မလိုတော့ပါဘူး။ သို့သော် စစ်မှန်တဲ့ လုပ်ငန်းစဉ်တွေကိုချမှတ်နိုင်မှဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစဉ်းတွေချမှတ်ထားတဲ့ မူဝါဒလမ်းစဉ် ၁၁ချက်အပေါ်မှာပူးပေါင်းပါဝင်သွားမယ်လို့ ပြောကြားလိုပါတယ်။
စောမူရှေး
ဒုတိယစစ်ဦးစီးချုပ်
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)
ကျွန်တော်တို့ အနေနဲ့လည်း လူတိုင်းလူတိုင်းလိုချင်တဲ့ ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရေး၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဒီအတိုင်းပါပဲ အကုန်လုံးဟာလည်း လိုချင်ကြမှာဖြစ်တဲ့အတွက် တိုင်းရင်သားပေါင်းစုံပြုလုပ်တဲ့ လိုင်ဇာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို ထာဝရ ရပ်ဆိုင်းဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် သဘောတူခဲ့ပါတယ်။ အဆင့် တစ်၊နှစ်ကိုလည်း ကျွန်တော်တို့ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးသွားနိုင်ဖို့ ရှုပ်နေတဲ့ အရာကိုရှင်းနိုင်ဖို့ရဲ့ အစကောင်းကောင်း အနှောင်းသေချာအောင်လုပ်ဖို့ ဘက်နှစ်ဘက်မှာမူတည်တယ်လို့ ယုံကြည့်တယ်။ ဘက်နှစ်ဘက်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ရှောက်လှမ်းနိုင်ရင်တော့ ကျွန်တော်တို့ စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကိုရမယ်လို့ ယုံကြည်ပါတယ်။
ဦးခွန်မြင့်ထွန်း
ဥက္ကဌ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအစည်းအရုံး (PNLO)
လိုင်ဇာညီလာခံကြီးကို ကျင်းပနိုင်အောင်ခွင့်ပြုပေးခဲ့တဲ့ ပြည်ထောင်စု အစိုးရကို များစွာကျေးဇူးတင်ပါတယ်။ ဒီလိုသဘောထားကြီးမှုတွေ၊ စေတနာထားမှုတွေဟာ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုင်ဇာညီလာခံကြီးပေါ်ပေါက်လာ အောင် ဆောင်ရွက်ပေးခဲ့တဲ့ KIOကိုလည်းကျေးဇူးတင်ပါတယ်။
(Source: Mizzima Burmese)

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

I.3.11
နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း )
အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့မှလွဲ၍ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ဘုံသဘောထား ရပ်တည်ချက် ၁၁ ချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်ခဲ့သော လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် ထိုဘုံသဘောထား ရပ်တည်ချက်များကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းက ထုတ်ပြန်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ကွန်ဖရင့် ထုတ်ပြန်ချက်တွင်လည်း ဖော်ပြခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထား ရပ်တည်ချက်ကို တရားဝင် ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသို့ ထုတ်ပြန်ထားသည့် မူကြမ်းနှင့် မည်မျှ ကွာခြားသည်ဆိုသော အချက်မှာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အပစ်ရပ်စဲ စာချုပ်လက်မှတ်ထိုးရန် ချမှတ်ထားသည့် အချက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုံသဘောတူညီချက်သည် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲခဲ့ပြီး KNU နှင့် RCSS  အဖွဲ့တို့က အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရအဖွဲ့က ပြင်ဆင် ရေးဆွဲထားသော မူကြမ်းနှင့် နီးစပ်မှု ရှိကြောင်း သိရသည်။ အစိုးရမူကြမ်းမှ ပယ်လိုက်သည့် အချက်များမှာ ကော်မတီအဆင့်ဆင့် ဖွဲ့ခြင်းနှင့် အခြေအနေများကို သမ္မတဦးဆောင်သော ဗဟိုအဖွဲ့သို့ သတင်းပို့ရေး ကိစ္စများပါဝင်   .       .       .
"အားလုံး ထုတ်ပြန်မလား၊ မထုတ်ပြန်ဘူးလား ဆိုတာ အခုကျွန်တော်တို့က အခြေခံ မူဘောင်လောက်ပဲ ချမှတ်ထားတာ ရှိပါသေးတယ်။ အသေးစိတ် ရေးဆွဲပြီးတော့ ကျွန်တော်တို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ပြီးတော့လုပ်ဖို့ ရှိပါတယ်။ ပြီးတော့ တစ်ခုအနေနဲ့ အရေးကြီးတာက ကျွန်တော်တို့ လုပ်ထားတဲ့ မူသဘောတူညီချက်ထဲမှာ နံပါတ်သုံးမှာ ဘာပါလဲဆိုတော့ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံဆိုတာ ပါပါတယ်။ အဲဒီ နိုင်ငံရေး လမ်းပြမြေပုံမှာ အရင်တုန်းက ကျွန်တော်တို့ လက်ခံနေကျ အစိုးရဘက်ကပေါ့။ MPC ဘက်က တင်ထားတာနဲ့ နည်းနည်း အသစ်ပြင်တာက ဟိုအရင်တုန်းက အပစ်အခတ် ရပ်စဲပြီးမှ framework ကို သဘောတူမယ် ဆိုတဲ့ဟာ ပါပါတယ်။ သို့သော် အခုကျွန်တော်တို့ သဘောတူထားတဲ့ မူဘောင်ထဲမှာတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အသေအချာ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ထုတ်ပြတဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ရုံနဲ့ မလုံလောက်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲရှိကို ရှိရမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ အလေးအနက်ထားတဲ့ အနေနဲ့ ကျွန်တော်တို့ အဲဒီနိုင်ငံရေး လမ်းပြမြေပုံ ခြောက်ဆင့်ထဲမှာ နံပါတ်နှစ်အနေနဲ့ အားလုံးပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာကိစ္စကို သဘောတူညီခြင်း ရယူရမယ်။ အဲဒီလို အရင်ရယူပြီးမှ ဒုတိယအဆင့်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ချမှတ်ထားပါတယ်။ ဆိုတော့ ကျန်တဲ့အပိုင်းကတော့ သူတို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းဖို့ရှိတယ်။ တူသလား၊ မတူဘူးလား ဆိုတာကတော့ ခုန ကျွန်တော်ထုတ်ပြတဲ့ အချက်က အင်မတန်မှ အရေးကြီးတဲ့အချက်။ အရင်တုန်းက ကျွန်တော်တို့ WGEC တင်ထားတာကို အစိုးရနဲ့ အဓိက မတူတဲ့အချက်က အဲဒါပဲ ဖြစ်ပါတယ်လို့ ကျွန်တော် ရှင်းပြချင်ပါတယ်"ဟု ဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ချင်းအမျိုးသား တပ်ဦး(CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက The Daily Eleven ၏ မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။
တရားဝင် ဖြန့်ဝေခဲ့ခြင်းမရှိသော ဘုံသဘောထား ရပ်တည်ချက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် အခြေခံမူများ၊ ရည်ရွယ်ချက်၊ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် အချက်များ၊ ဆွေးနွေးရေးကာလ အစီအမံများ၊ လက်မှတ် ရေးထိုးခြင်းနှင့် အတည်ပြုခြင်း၊ အထွေထွေ အစရှိသည်တို့ ပါဝင်ကြောင်း စုံစမ်းသိရှိရပါသည်။
N-3-11
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲအပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များအား တစ်စုတစ်စည်းတည်း တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

ထို့အပြင် နိုင်ငံရေး ဆွေးနွေးရန်အတွက် အချိန်သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်မတိုင်မီ အပြီး လုပ်ဆောင်နိုင်ရန် သတ်မှတ်ထားကြောင်းနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အပြီးရေးကာ နောက်ထပ် ရက်ပေါင်း ၆၀ တွင် နိုင်ငံရေး ဆွေးနွေးပွဲ အပြီးသတ်ရန် ရေးဆွဲထားကြောင်း သိရသည်။
  
တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထား ရပ်တည်ချက်ကို RCSS/SSA က လက်မှတ် မရေးထိုးသည့် အကြောင်းရင်းမှာ သဘောထား ကွဲမှုကြောင့်မဟုတ်ဘဲ လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သည့် အတွက်ကြောင့်သာ ဖြစ်ကြောင်း UNFC ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
O-3-11
RCSS/SSA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှအား လက်မှတ်ထိုးပွဲ အခမ်းအနားတွင် တွေ့ရစဉ်
"တကယ်တော့ သဘောမတူလို့ မထိုးနိုင်တာ မဟုတ်ပါဘူး။ အားလုံးသဘောတူတယ် ။ ကန့်ကွက်စရာလည်း မရှိဘူး။ RCSS ရဲ့ ချမှတ်ထားတဲ့ မူတွေနဲ့လည်း တစ်သွေမတိမ်း ဖြစ်ပါတယ်။ အခု တက်ရောက်လာတဲ့  RCSS ခေါင်းဆောင်တွေဟာ သူ့ရဲ့ ဥက္ကဋ္ဌနဲ့ အဆက်အသွယ်ပြတ်နေတော့ အဆင်သင့် မဖြစ်သေးတဲ့အတွက် ခဏ ဆိုင်းငံ့ထားတာပါ"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။
  
RCSS/SSA ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှ ကမူ ယခုသဘောတူညီချက်ကို မကြာမီက ဖွဲ့စည်းခဲ့သော ရှမ်းပြည် ညီညွတ်ရေးလုပ်ငန်း ကော်မတီသဘောထားကို ရယူရန် လိုအပ်သောကြောင့် လက်မှတ် မထိုးရခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ပြောကြားသည်။
 
"ဒီအစည်းအဝေးကနေ ကျလာတဲ့ ဘုံသဘော တူညီချက်ကို ကျွန်တော်တို့က လက်မခံလို့လည်း မဟုတ်ပါဘူး။ ဒီလက်မှတ်ထိုးဖို့အတွက် ဗဟိုရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ရှမ်းပြည်သားတွေရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ရယူဖို့ လိုအပ်တဲ့ အတွက်ကြောင့် လက်မှတ်မထိုးနိုင်သေးတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဗဟိုကို ကျွန်တော်တင်ပြပါတယ်။ ဗဟိုက ပြောလာတာက ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ကို ရယူရမှာဖြစ်သလို ကျွန်တော်တို့ ရှမ်းပြည် ညီညွတ်ရေး လုပ်ငန်းကော်မတီရဲ့ သဘောထားကိုလည်း ရယူရမှာ လိုအပ်တဲ့အတွက် လက်မှတ်မထိုးရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်က တိုင်းရင်းသားအားလုံးရဲ့ ရည်မှန်းချက်နဲ့ တန်းတူ ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောကြားခဲ့ပါသည်။
  
လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည့် အဖွဲ့များမှာ ရခိုင်တပ်မတော်(AA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊  ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ "၀" အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ဖြစ်ကြပါသည်။ ဘုံသဘောတူညီချက်ကို သက်သေများအဖြစ် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် ဥရောပ-မြန်မာရုံး(EBO) မှ ဒါရိုက်တာ ဦးဟန်ညောင်ဝေတို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, November 1, 2013

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များအပေါ် အခြေခံမူများ ချမှတ်နိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ စတင်

F.31.10.2013
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ အောက်တိုဘာ ၃၀ ရက် ပထမနေ့မြင်ကွင်း
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် အခြေခံမူများ ချမှတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာမြို့တွင် စတင် ပြုလုပ်ခဲ့သည်။
သုံးရက်ကြာမြင့်မည့် ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး တစ်ဖွဲ့ချင်းစီ၏ သဘောထားများ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကာင်စီ (UNFC)က ချမှတ်ထားသော ဘုံသဘောထားများကို သုံးသပ်ခြင်း၊ အစိုးရက ပေးပို့ထားသော လက်မှတ်ထိုးရန် သဘောထားမူကြမ်းကို သုံးသပ်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စရပ်အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌတို့အကြား ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းမှုများ၊ နိုင်ငံရေး ဆွေးနွေးရေး ကိစ္စရပ်အတွက် အခြေခံ သဘောထားများ ချမှတ်ခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
ပထမနေ့ ဆွေးနွေးပွဲတွင် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် UNFC ဥက္ကဋ္ဌနှင့် KIO ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လတို့က အရန်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲ မစတင်မီ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက မိန့်ခွန်းပြောကြားခဲ့ပြီး ယခု ဆွေးနွေးပွဲမှတစ်ဆင့် တိုင်းရင်းသားများ၏ လိုလားချက်များ၊ အမြင်သဘောထားများကို စုစည်း ဆွေးနွေးခြင်းဖြင့် တူညီသော သဘောတူညီချက်များ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire)၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး (Political Dialogue)၊ တစ်မျိုးသားလုံး အတိုင်းအတာအရ ဆွေးနွေး အဖြေရှာရေး (National Dialogue)၊ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက် (Union Accord) အစရှိသည့် အချက်လေးချက်မှ တစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုကို တပ်မတော်သားများ အပါအ၀င် အင်အားစုအားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။
"ဒီနေ့အထိ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးများအပါအ၀င် ပြည်ထောင်စုသား အားလုံးဟာ ဂုဏ်သိက္ခာမဲ့စွာ၊ မျက်နှာငယ်စွာနဲ့ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပါပြီ။ တော်လောက်ပါပြီ။ ၀လောက်ပါပြီ။ ဒါကြောင့် ညီညွတ်မှုအားနဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ကြပါစို့။ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ရဲ့ (အဆုံးအဖြတ် ပေးနိုင်မယ့်)ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ရှိကြတဲ့ ထိပ်သီး ခေါင်းဆောင်ကြီးများ ဖြစ်ကြတာနဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြပါ။ ဆုံးဖြတ်ချက်များကိုလည်း ကတိသစ္စာ တည်ကြသူများပီပီ တစ်သဝေမတိမ်း အကောင်အထည် ဖော်ကြပါ"ဟု ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံအတွက် စစ်မှန်ပြီး ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးဆိုသည်မှာ ဖက်ဒရယ် ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်ရေးပင်ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည်သာလျှင် ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းစေမည့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိစေမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက KNU အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ ဆင်နွှဲခဲ့ခြင်းကို သုံးသပ်ရာ၌ အဖြေမထွက်ခဲ့ကြောင်းနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးမှသာလျှင် အဖြေပေါ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
"ဒီကွန်ဖရင့်ထဲမှာ ကျွန်တော်တို့ ချဉ်းကပ်မှု၊ ကျွန်တော်တို့ရဲ့ အနေအထားအရ မတူတဲ့အပေါ်မှာ ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းရင်းသား တစ်ရပ်လုံးရဲ့ ဒီနေ့ လိုလားနေတဲ့ လိုလားချက်တွေ ရရှိနိုင်ဖို့အတွက်က ညီညွတ်ရေးက အရေးကြီးပါတယ်။ ခုန ကျွန်တော်တင်ပြသွားသလို ညီညွတ်ရေးကို ကျွန်တော်တို့ တည်ဆောက်တဲ့ နေရာမှာ၊ နားလည်မှုယူတဲ့ နေရာမှာ ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ပထ၀ီ အနေအထားမတူတဲ့ အပေါ်မှာ  အမြင်ကတော့ တစ်ထပ်တည်း ဖြစ်သွားမှာကိုတော့ တော်တော်ခဲယဉ်းတယ်။ ဒါကြောင့် ညီညွတ်ရေးကိုသာ ကျွန်တော်တို့က အရတည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဖြစ်နိုင်တယ် ဖြစ်ရမယ်ဆိုတဲ့ မတူကွဲပြားခြင်းနဲ့ ညီညွတ်ရေးနည်းက ကျွန်တော်တို့ ရည်မှန်းချက် ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ KNU က ဒီလိုပဲ ခံယူထားတယ်"ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
အောက်တိုဘာ ၃၀ ရက်တွင် စတင်ခဲ့သော လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ KNU/KNLA  ငြိမ်းချမ်းရေး ကောင်စီ၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေး အစည်းအရုံး(PNLO)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၊ မြန်မာ့အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ "၀" အမျိုးသားအဖွဲ့ချုပ်(WNO)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်တပ်မတော်(AA)နှင့် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ဖြစ်ကြသည်။ ဆွေးနွေးပွဲသို့ "၀" သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA-ESS) အဖွဲ့တို့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
(သတင်းအရင်းအမြစ်- Eleven Media Group)

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်များ ခိုင်မာမှုမရှိ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်များက ခိုင်မာမှု မရှိကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သော ၆ ကြိမ်မြောက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ဖိုရမ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
''အခုလက်ရှိ ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေဟာ အစပျိုးတဲ့ သဘောတူညီချက်တွေ ဖြစ်တယ်။ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေးတွေ ရပ်သွားအောင် လုပ်ရတဲ့ စာချုပ်တွေဖြစ်တယ်။ ဒီစာချုပ်တွေဟာ ခိုင်မာတဲ့စာချုပ်တွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီထဲမှာ တပ်တွေဘယ်လို နေရာချထားမလဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုဖြစ်ရင် ဘယ်လိုဆက်သွယ် မှုတွေနဲ့ သေသေချာချာ လုပ်မလဲ'' ဟု MPC မှ ဦးအောင်နိုင်ဦးက ပြောကြားပါသည်။
ထို့အတွက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိအချိန်တွင် အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို စည်းရုံးနေပြီး ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကို စတင်ခြင်း မပြုသေးဘဲ မည်သည့် အတွက်ကြောင့် နောက်တစ်ကြိမ် လက်မှတ်ရေးထိုး ရမည်နည်းဟု မေးခွန်းထုတ်ထားပါသည်။
ထို့အတူ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီး ချိန်တွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေခြင်းနှင့် ဆက်စပ်ပြီး အစိုးရဘက်မှ သဘောတူညီချက်များကို ချိုးဖောက်ခြင်းသာ ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိပါသည်။ ပြီးခဲ့သည့် ငါးလတာ ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲပေါင်း အကြိမ်(၁၀၀) နီးပါး ဖြစ်ပွားခဲ့ပါသည်။
အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၇) ဖွဲ့ ရှိသည့်အနက်(၁၄)ဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုများ ရှိခဲ့ပြီး ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရခိုင်တပ်မတော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)