Showing posts with label စစ်တပ်. Show all posts
Showing posts with label စစ်တပ်. Show all posts

Friday, February 6, 2015

ပြည်ထောင်စုနေ့ အပစ်ရပ်ရေးလက်မှတ် မထိုးဖြစ်တော့ကြောင်း အစိုးရ အတည်ပြု

ဦးအောင်မင်း
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCCT အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းပွဲမှာ တွေ့ရစဉ်(ဓာတ်ပုံ – ကျော်ခ/ဧရာဝတီ)
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ ကမ်း လှမ်းချက်ဟာ မဖြစ်တော့ဘူးလို့ သမ္မတရုံးဝန်ကြီးလည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ (UPWC) အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
UPWC နဲ့ NCCT တို့အကြားမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ အချက်တွေညှိနှိုင်းဖို့ ၇ ကြိမ်မြောက် အစည်းအဝေး ကြန့်ကြာနေတဲ့ အတွက် ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင်တော့တာလို့ ဆိုပါတယ်။
ဝန်ကြီး ဦးအောင်မင်း က “အမှန်က ၇ ကြိမ်မြောက် NCCT အစည်းအဝေးကို ပြည်ထောင်စုနေ့မတိုင်ခင်မှာ လုပ်လိုက်လို့ရှိရင် သဘောတူညီချက်တွေ ရသွားမယ်ဆိုရင် လက်မှတ်ထိုးဖို့က ဖြစ်သွားမှာပေါ့။ အခုဟာ ၇ ကြိမ်မြောက် အစည်းအဝေးက ကြာနေ တာပေါ့။ အဲဒီအစည်းအဝေးကြီးက ဆုံးဖြတ်ချက်ရမှ လက်မှတ်ထိုးရမှာဖြစ်တဲ့ အတွက် မထိုးနိုင်သေးဘူးလို့ပဲပြောပါရစေ”လို့ ပြော ပါတယ်။
နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက်က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲ မယ် ဆိုရင် အင်မတန် သင့်လျော်ကြောင်း ပြောဆို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်မင်းနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်ရီနဲ့ ဦးခင်မောင်စိုးတို့ တက်ရောက် ခဲ့ကြသလို NCCT ဘက်ကလည်း နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့ အဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။
ဆွေးနွေးပွဲမှာ ကြန့်ကြာမှုတွေနဲ့ အေးစက်သွားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ နှစ်ဘက် သဘော တူညီမှုတွေ ပြန်လည်ရရှိခဲ့ပြီး UPWC နဲ့ NCCT တို့အကြားမှာ ကြန့်ကြာနေတဲ့ အချက်တွေညှိနှိုင်းဖို့ ၇ ကြိမ်မြောက် အစည်းအဝေး ပြည်ထောင်စုနေ့ အလွန်မှာ ဆက်ဆွေးနွေးဖြစ်ဖို့လည်း သဘောတူညီမှုရခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။
ဒါ့အပြင် NCCT အဖွဲ့ထဲမှာပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်ဖို့ ဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်းမှာလည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
မနေ့က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က“လာမယ့် ပြည်ထောင်စုနေ့မှာ တစုံတရာ နားလည်မှု ရ မလား လာညှိတာ။ နောက် NCA (တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) အတွက် ပြန်လည်တွေ့ဆုံနိုင်ရေး ပေါ့လေ။ အဲဒါမှာ လမ်းကြောင်း နည်းနည်းပွင့်လာတာပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။
UPWC နဲ့ NCCT တို့အကြားမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြန်စနိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သမ္မတနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) တွေ့ဆုံပွဲက သဘောထားတချို့ ပေးပို့လိုက်တယ်လို့ သိရပေမယ့် အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ဦးအောင်မင်း က ပြောပါတယ်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင် စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်ယူဖို့ အစိုးရကို ကမ်းလှမ်းထားပါတယ်။
ဒီအပေါ်မှာ ဝန်ကြီး ဦးအောင်မင်း က “သူတို့တောင်းဆိုချက်တွေက ကျနော်တို့ အခုဆွေးနွေးတဲ့ NCA စာချုပ်ကြီးရဲ့ မူဘောင်ကို မကျော်တဲ့ ကိစ္စဆို ကျနော်တို့က သဘောတူလို့ရပါတယ်။ အဲဒီ NCA စာချုပ်ထဲမှာ မပါတဲ့ အချက်တွေ အသစ်ထပ်တောင်း လာရင် တော့ ကျနော်တို့က ဆွေးနွေးပြီးကာမှ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီနေ့လည်း ဒါပဲ ကျနော်ပြောလိုက်တယ်။ ခင်ဗျားတို့ရဲ့ ပြောဆိုတဲ့ တောင်းဆိုချက်တွေ အားလုံးဟာ NCA စာချုပ်ထဲက မူဘောင်ထဲမှာ ရှိရင် ဒါဖြစ်နိုင်ပါတယ်။ အဲဒီဘောင်က ကျော်ရင်တော့ မဖြစ်နိုင် ဘူးလို့ ပြောထားပါတယ်”လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရအကြားမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ထပ်မံပြောဆိုသွားပါတယ်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Monday, February 2, 2015

ကျောက်တော်မှာ သိမ်းဆည်းလယ်မြေတွေ စစ်တပ်က ပြန်လည်ပေးအပ်

farmers-305.jpg
ကျွဲနဲ့ လယ်ထွန်နေသော လယ်သမားတစ်ဦးပုံ
Photo: RFA
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းနဲ့ အုတ်တောင်ပြင်ရွာမှာ တပ်မတော်က သိမ်းဆည်း ထားတဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို တောင် သူတွေဆီကို ဒီကနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။

ကျောက်တော်မြို့မှာ မြို့နယ်မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီကနေတစ်ဆင့် တောင် သူတွေဆီကို ပေးအပ်လိုက်တာလို့ ကျောက်တော်မြို့ နယ် ရခိုင်အမျိုးသားပါတီရဲ့ လယ်သမားရေးရာတာဝန်ခံ ဦးမောင်ကျော်သာက ပြောပါတယ်။

"ခုပေးတာက မြို့နယ်အုပ်ချုပ်ရေးကနေ ပြီးတော့ ကျေးရွာအုပ်စု မြေယာစီမံခန့်ခွဲရေးအဖွဲ့ ကိုပေးပါတယ်၊ အဲဒီ့ကနေပြီးတော့ လယ်သမားတွေ လက်ထဲကို ပေးအပ်ပွဲလုပ်တယ်ခင်ဗျ၊ နောက်ကျန်နေသေးတဲ့ဟာတွေကိုလည်း ပြန်ပေးစေချင်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်ခင်ဗျ"

ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေးရွာက တောင်သူ ၂၈ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို အဲဒီအနီးမှာအခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်း လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်က သိမ်းဆည်းခဲ့တာဖြစ်ပြီး တောင်သူတချို့ကို သီးစားချပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ မြေယာတွေဖြစ်ပါတယ်။
တောင်သူတွေဟာ ဒီလယ်ယာမြေတွေအပေါ်မှာ ကျူးကျော်ဝင်ရောက်ထွန်ယက်မှုနဲ့ တပ်မတော်က ပြီးခဲ့တဲ့နှစ်က တရားစွဲဆိုခံခဲ့ရပြီး ငွေဒဏ်တွေချမှတ်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း ၃၀၀၀ လောက်ရှိပြီး အဲဒီအထဲက တောင်သူတွေဆီကို ပြန်လည်ပေးအပ်တာက ဧက ၂၀၀ ကျော်လောက်သာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Thursday, January 1, 2015

မြောက်ဦးတွင် စစ်တပ် ၀င်ရောက် လုံခြုံရေးယူမှု ဒေသခံများ အကြား စိုးရိမ်မှုတိုးပွား

 ဆီးမီးထွန်းပြီး အောက်မေ့အမှတ်တရ ပြုလုပ်မည့်နန်းရာကုန်းတွင်လည်း စစ်တပ်က နေရာယူထားသည်။
ဆီမီးထွန်းပြီး အောက်မေ့အမှတ်တရ ပြုလုပ်မည့်နန်းရာကုန်းတွင်လည်း စစ်တပ်က နေရာယူထားသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် စစ်တပ်မှ ၀င်ရောက် လုံခြုံရေး ယူမူကြောင့် ဒေသခံများ အကြား စိုးရိမ်မှု တိုးပွားနေကြောင်း သတင်း ရရှိသည်။
“ ဘာအတွက်နဲ့ ခုလို စစ်တပ်က လုံခြုံရေးယူသလဲဆိုတာတော့ မပြောတတ်ဘူး။ မြောက်ဦးမှာက ဒီကနေ့ ၂၃၀ မြောက် ရခိုင်ဘုရင်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနား လုပ်ဖို့ရှိတယ်။ ဒါပြင် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်လည်း မြောက်ဦးကို ရောက်ဖို့ ရှိတယ်လို့ သတင်းကြားရပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးအေးမောင်သန်းက ပြောကြားသည်။
ယခင် သမ္မတ ဦးသိန်းစိန် မြောက်ဦးကို ရောက်တုန်းကတောင် စစ်တပ်ကို လုံခြုံရေး ချထားခြင်း မရှိခဲ့သဖြင့် ယခု စစ်တပ်က မြို့တွင်းဝင်ရောက်ပြီး လုံခြုံရေးယူခြင်းမှာ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်အတွက် မဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုသည်။
စစ်တပ်မှ ၀င်ရောက် လုံခြုံရေးယူထားသော နေရာများမှာ နန်းရာကုန်း၊ လက်ကောက်ဈေး၊ တောင်ရပ် ခွဆုံ( လမ်းဆုံ)၊ ကံလှ ခွဆုံ (လမ်းဆုံ)၊ လမ်းယာဉ်ကွင်း အနီးရှိ ဗိုလ်တဲ၊ ညောင်ပင်ဈေးနှင့် လမ်းတလျှောက်တွင် ဖြစ်ကြောင်း သိရသည်။
“ လုံခြုံရေး ယူထားသော တပ်ရင်းမှာ ခလရ ၅၄၀ ကဖြစ်ပါတယ်။ နန်းရာကုန်းထက်မှာဆိုရင် စစ်သား ၆ ဦးရှိပါတယ်။ လမ်းတလျှောက်မှာ ချထားတာကို တွေ့ရပါတယ်” ဟု ဆန်ချဆိပ်ရပ်ကွက်မှ ကိုအောင်ကျော်မိုးက ပြောသည်။
ယခုကဲ့သို့ စစ်တပ်က မြို့တွင်းဝင်ရောက်ပြီး လုံခြုံရေးယူခြင်းကြောင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်နေကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောကြားသည်။
“ အခု ဒီမှာက နှစ် ၂၃၀ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့ အခမ်းအနားလုပ်ဖို့ စီစဉ်နေချိန်မှာ စစ်တပ်က ၀င်ရောက်ပြီး လုံခြုံရေးယူတော့ အနည်းနဲ့ အများဆိုသလို လူတွေက စိုးရိမ်နေကြပါတယ်” ဟု ရခိုင်အမျိုးသမီး ကွန်းရက်က အမည်မဖေါ်လိုသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
သို့သော်လည်း ယနေ့နံနက် ၂၃၀ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့ အခမ်းအနားကို မြောက်ဦးတွင် ဖွင့်လှစ်ခဲ့ပြီး ညနေပိုင်းတွင် နန်းရာကုန်းပေါ်တွင် ဆီးမီးထွန်းပြီး အခမ်းအနားကျင်းပရန်နှင့် စာပေဟောပြောပွဲများကို ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 19, 2014

ကျောက်တော်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်က ကျောက်ထုတ်လုပ်နေမှုကို ရှေး/သုဌာနက တားမြစ်


ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင် ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင်
ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။
(ဓာတ်ပုံ – ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်၏ ကျောက် တူးနေမှုကို ပြည်နယ်၊ ရှေးဟောင်းသုတေသနဌာနက တားမြစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်၏အရှေ့ဘက်ခြမ်းတွင်ရှိသော ရှေးဟောင်းဂူ ၃ လုံးအနီး ကျောက်သားတောင်နံရံများကို ခမရ (၅၃၉)တပ်က ကျောက်များထုတ်လုပ်တူးဖော်နေမှုမှာ ရှေးဟောင်း အမွေအနှစ်လက်ရာများပျက်စီးသွားနိုင်သည်ဟုဆိုကာ ယင်းကိုတားမြစ်ပေးရန် ဒေသခံများနှင့် ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစုတို့က သက်ဆိုင်ရာသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တင်ပြခဲ့သည်။
ဒေသခံများ၏တင်ပြတောင်းဆိုချက်အရ ရှေးဟောင်းသုတေသနဌာနက ထိုနေရာသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ယခုကဲ့သို့ စာထုတ်၍ တားမြစ်လိုက်ရခြင်းဖြစ် ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက နိရဉ္စရာသို့ပြောသည်။
“ဒီဂူတွေဟာ သမိုင်းကြောင်းနဲ့ဆက်စပ်နိုင်တယ်ဆိုပြီးတော့ ဒီက ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး အဖွဲ့ကလည်းပြောတယ်။ ရခိုင်သမိုင်းပညာရှင်တွေကလည်းပြောတယ်။ နောက်တစ်ခုက ဒီဟာကလည်း ရှေးဟောင်းဂူဖြစ်တယ်ဆိုတဲ့အထောက်အထားတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်တော့် အနေနဲ့ အဲဒီတပ် ရင်းမှူးဆီကိုစာထုတ်ပြီးတော့ ဒီဟာကိုတော့ ရပ်ဆိုင်းထားပါဆိုပြီးတော့ တားမြစ်လိုက်တာ။ တားမြစ်ထားတဲ့ကြား က ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူသွားမယ်”ဟု ယင်းက ဆိုသည်။
လက်ရှိတွင် တောင်နံရံအား စက်ယန္တရာများဖြင့် တူးဖြိုနေသည့်အတွက် ဂူပေါက်များ၏မျက်နှာပြင်မှ ကျောက်သားအလွှာများကွာကျကာ ပျက်စီးစပြုနေပြီဟုလည်း ကျောက်ထုတ်သည့်နေရာသို့ ကိုယ်တိုင်သွား ရောက်လေ့လာခဲ့သူ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုမှပြန်ကြားရေးတာဝန်ခံ ကိုကျော်စိန်သန်းကဆိုသည်။
p2ခမရ(၅၃၉)သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆိုပါတောင်နံရံမှ ကျောက်များကိုတူးဖော် ခဲ့ခြင်းဖြစ်ပြီး ယင်းကျောက်များကို မြောက်ဦး-စစ်တွေကားလမ်းပြုပြင်ရာတွင် အသုံးပြုရန်ရောင်းချနေသည်ဟု အနီးဝန်းကျင်မှ ဒေသခံများ၏ပြောဆိုချက်ကိုကိုးကား၍ ကိုကျော်စိန်သန်းက နိရဉ္စရာသို့ပြန်ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဌာမှ လက်ထောက်ညွှန်ကြားရေးမှူးက “တပ်ကို မေးမြန်းစုံစမ်း ချက်အရတော့ တပ်က သူတို့အဲလိုရောင်းစားဖို့အတွက် ထုတ်တာ မဟုတ်ပါဘူးတဲ့။ တပ်တွင်း လမ်းခင်းဖို့အတွက် ထုတ်တာလို့ပြောတယ်”ဟု ဆိုသည်။
ဂူတစ်လုံးစီလျှင် အကျယ် ၅ ပေခန့်စီရှိသည့် အဆိုပါဂူ ၃ လုံးမှာ ရခိုင်တို့၏ခေတ် ၄ ခေတ်ဖြစ်သော ဓညဝတီခေတ်၊ ဝေသာလီခေတ်၊လေးမြို့ခေတ်နှင့်မြောက်ဦးခေတ်တို့အနက် လေးမြို့ခေတ်တွင် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သော သစ္စပန္ဒဝမထေရ် သီတင်းသုံးခဲ့သည့်ဂူများဖြစ်သည့်အတွက် ယင်းဂူများမှာ ရှေးဟောင်း သမိုင်းဝင်ဂူများဆိုသည်မှာမှန်ကန်ကြောင်း ကျောက်တော်မြို့မှ ရခိုင်သမိုင်းသုတေသီ သူမြတ်(မဟာ အောင်မြေ)က နိရဉ္စရာသို့ ပြောသည်။
“အဲလို ဂူကြီး ရခိုင်ပြည်မှာ ၉ ခုရှိတယ်။ အဲလိုမျိုး ရခိုင်ပြည်မှာ အထွဋ်တမြတ်ဖြစ်တဲ့နေရာကို ဒီလို လုပ်တာဟာ ယဉ်ကျေးမှုအရ၊ ရခိုင်သမိုင်းအရ သူတို့ဖျက်ဆီးရာကျတယ်”ဟု ယင်းက စစ်တပ်၏လုပ်ရပ်ကို ဝေဖန်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဥပဒေမဲ့တစ်စုံတရာပြုလုပ်မိပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိချမှတ်နိုင်ကြောင်း ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့က ပြည်နယ်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေ၏ ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

ကျောက်ဖြူတွင် ပြုလုပ်သော ဗိုလ်လောင်း ၂၃ အတွက် ရက်လည် ဆွမ်းကျွေးပွဲ လူပေါင်း ၃၀၀ ခန့်တက်ရောက်

 ကျောက်ဖြူတွင် အခမ်းအနားကျင်းပနေစဉ်။  (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူတွင် အခမ်းအနားကျင်းပနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကချင်ပြည်နယ်တွင် ကျဆုံးသွားခဲ့သော တိုင်းရင်းသားဗိုလ်လောင်း(၂၃) ဦးအား ရည်စူး၍ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရက်လည် ဆွမ်းကျွေးအမျှဝေခြင်းနှင့် ခရစ်ယာန်ဘာသာထုံးတမ်းအစဉ်အလာအရ အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို နိုဝင်ဘာ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားအား မူလာရာမကျောင်းတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာ့တပ်မတော် တပ်ဖွဲ့တစ်ခုမှ လိုင်ဇာရှိ KIA ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီး ကျည် ပစ်ခတ်၍ ရခိုင့်တပ်မတော်မှ(၈)ဦး၊ ABSDF မှ (၂)ဦး၊ တစ်အောင်းအဖွဲ့မှ(၁၁)ဦး၊ ချင်းတပ်ဖွဲ့မှ(၂)ဦး စုစုပေါင်း (၂၃)ဦး ကျဆုံးခဲ့ရသည်။
အခမ်းအနားတွင် ဗိုလ်လောင်းများ၏ ကိုယ်ရေးရာဇ၀င်ကို ဖတ်ကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
ကဗျာဆရာ ကိုထွေး(ဇင်ချောင်း)က အာဇာနည်တို့ရဲ့ ရခိုင်ပြည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်အမျိုးသမီး ကွန်ယက် ဥက္ကဌဒေါ်ညိုအေးက သွေးနဲ့ရေးစပ်ထားသောကဗျာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဖြူ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုထွန်းကြည်က သွေးနဲ့ရေးတဲ့ ရေမြေ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ကိုတင်ထွန်း(ကျောက်ဖြူ)က ရခိုင့်စစ်သည်တော် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရွတ်ဆိုခဲ့ကြပါသည်။
ရခိုင့်တပ်မတော်မှကျဆုံးသွားခဲ့သောဗိုလ်လောင်းထက်ထက်အောင်၏မိခင် ဒေါ်နုသာဦးကတော့ တိုင်းပြည် အတွက် ကျဆုံးခဲ့တာဖြစ်လို့ ဂုဏ်ယူပါတယ်ဟု မျက်ရည်ဝဲပြီး သူ၏ ရင်းတွင်း စကားကို ပြောသွားခဲ့သည်။
“ တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း လူများကြီးသေတဲ့ လုပ်ကြံမှုကြီးဖြစ်တယ်။ နောက်နောင်မဖြစ်ဖို့ ဘယ်သူ့က တိုင်ကြား တောင်းဆိုသွားရမှာလဲ။ ဘယ်သူကကော တာဝန်ယူမှာလဲ။ နိုင်ငံရဲ့ကောင်းသော အလားအလာလား/ မကောင်းသော အလားအလာလားဆိုတာကို အားလုံး စဉ်းစားကြည့်ရင် သိနိုင်တယ်” ဟု ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက အခမ်းအနားတွင်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင့်တပ်မတော်မှ ကျဆုံးသွားခဲ့သော ဗိုလ်လောင်းထက်ထက်အောင်၏ မိဘနှစ်ဦးကို ဂုဏ်ပြု အလှူငွေများ ပေးအပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ သံဃာတော်များ၊ အရပ်ဘက်လူမှုအဖွဲ့စည်းများ ၊ စိတ်ပါဝင်စားသူများ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

ဗိုလ်လောင်း ၂၃ ဦးအတွက် ရက်လည်ဆွမ်းကျွေးပွဲ အခမ်းအနား ရန်ကုန်တွင် ပြုလုပ်

Monk
မြန်မာ့တပ်မတော်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်းတွင် သေဆုံးသွားသော တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ယောက်အား ရည်စူး၍ ရက်လည် ဆွမ်းကျွေးပွဲ အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ ဓည၀တီကျောင်းတွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင်  United National Congress ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက တိုင်းရင်းသားဗိုလ်လောင်း ၂၃ ယောက် သတ်ဖြတ်ခံရမှုကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မည်သူ့ကို ယုံကြည်အားကိုးရမလဲဟု ပြောဆိုသည်။
“မြန်မာပြည် ပြည်တွင်းစစ်က နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်ပြီး၊စစ်ရဲ့အနိဌာရုံတွေက ကျွန်တော်တို့ တစ်ကိုယ်လုံးကို လောင်မြိုက်ခဲ့ပါပြီ။ နှစ်ပေါင်း ၆၀ ကျော်နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတဲ့ အတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးများရှိလာတော့မှာလားဆိုပြီးမျှော်လင့်ယုံကြည်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ယောက် တပြိုင်တည်းသတ်ဖြတ်ခံရမှုကြောင့် ငြိမ်းချမ်းရေးအတွက် မည်သူ့ကိုယုံကြည်အားကိုးရတော့မလဲဆိုတာ ဝေခွဲမရတော့ပါဘူး”ဟု ဦးမျိုးဝင်းက ယင်းအခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA ဌာနချုပ်တွင် သေဆုံးသွားသူ   တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦးအားရည်ဇူး၍ ကောင်းမှုကုသိုလ်ပြု ရေစက်ချအမျှပေးဝေရန် ရန်ကုန်မြို့ ရွှေတိဂုံ အရှေ့ဘက်မုဒ်အနီး ဓည၀တီကျောင်းတိုက်တွင် သင်္ဃာတော် ၇ ပါးကိုပင့်ဖိတ်၍ ရက်လည် ဆွမ်းကျွေးပွဲအခမ်းအနားတစ်ခုကို နိုဝင်ဘာလ ၂၆ နေ့ နံနက် ၁၀-နာရီ ခွဲတွင်ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ဓည၀တီကျောင်းထိုင်ဆရာတော်ကြီးအပါအ၀င် သင်္ဃာတော် ၇ ပါးကနိုဝင်ဘာလ ၁၉ ရက်နေ့ကကျဆုံးသွားသူတိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးအားရည်စူးပြီး ပရိတ်တရားတော်များနှင့် အတူ  ငါးပါးသီလ ချီးမြှင့်ပေးခဲ့သည်။ တက်ရောက်လာသူများကလည်း  ကြွရောက်လာသော သင်္ဃာတော် ၇ ပါးအားသင်္ကန်းကပ်လှူခြင်း၊ ရည်စူးလှူဒါန်းသောကောင်းမှုကုသိုလ်များကို ရောက်ရာဘ၀မှ ယင်းဗိုလ်လောင်းများ လက်ခံရရှိစေရန် ရေစက်သွန်ချအမျှ ပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။
ရေစက်သွန်ချ အမျှပေးဝေခြင်းအပြီးတွင် တက်ရောက်လာသောတိုင်းရင်းသားခေါင်းဆောင်များထံမှ ဗိုလ်လောင်းများ ကျဆုံးခြင်းနှင့်ပတ်သက်၍ မိမိတို့၏ရ င်တွင်းခံစားချက်များကိုပြောကြားခြင်း အစီစဉ်တခုကို အကျဉ်းချုံးပြီး ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဌနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီအထွေထွေ အတွင်းရေးမှူးဖြစ်သူစောမြရာဇာလင်းကတိုင်းရင်းသားဗိုလ်လောင်းများအားအခုလိုအစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်ခြင်းအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကိုယ်စား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင့် သူမရင်တွင်း ခံစားချက်ကို ဖွင့်ဟ ပြောကြားသည်။
“လူအုပ်စုတစ်စုတည်းက အာဏာရယူထားတာကြောင့် ရခိုင်၊ ကရင် ရှမ်းအစရှိတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ ကိုယ့်လူမျိုးအတွက် ဆုံးဖြတ်ချက်တွေကိုမချနိုင်ကြဘူး။ တိုင်းရင်းသား လူမျိုးတွေဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ အတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြရပါတယ်။ အစိုးရက ငြိမ်းချမ်းရေးကိုလိုချင်တယ်လို့ ပါးစပ်ကပြောပြီးအခုလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပေါ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ကိုယ်စား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း” သူမက ပြောကြား သည်။
အစိုးရပစ်ခတ်မှုကြောင့် သေဆုံးသူဗိုလ်လောင်းများမှာTNLA မှ ၁၁ ဦး၊ AA မှ ၈ ဦး၊ CNF မှ ၂ ဦး၊ ABSDF မှ ၂ ဦးဖြစ်ပြီး၊ ဒဏ်ရာရသူဗိုလ်လောင်း ၂၀ ဦးတို့မှာလည်း ဆေးကုသခံနေရဆဲဟု စောမြရာဇာလင်းက ယင်းအခမ်းအနားတွင် ပြောကြားသည်။
“တိုင်းရင်းသားဗိုလ်လောင်းတွေကျဆုံမှုကြောင့် တိုင်းရင်းသားတွေ ဒီတစ်နေရာထဲမှာဆုံစည်းခွင့်ရကြတယ်။ အယင်းတုန်းကတော့ ကိုယ့်ပြည်နယ်အတွက် ကိုယ့်ဒေသမှာပဲ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတယ်။ အခုကျတော့ ဘယ်နေရာမှာပဲ တိုက်တိုက် မိမိတို့ပြည်နယ်အတွက် အကျိုးဖြစ်စေတယ်။ ဒီဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှု ဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးဘယ်လိုဖေါ်ဆောင်ရမလဲဆိုတာ ဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒီလိုမျိုး စုပေါင်း တိုက်ပွဲဝင်ကြခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကိုဖေါ်ဆောင်လို့ရတယ်ဆိုတာ သက်သေ ပြသွားတာပဲ။ ငြိမ်းချမ်းရေးရအောင် ၀ိုင်းဝန်းဖေါ်ဆောင်ဖို့ တိုက်တွန်းပါတယ်” ဟု ကချင်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူကချင်အမျိုးသမီး မခွန်ဂျာကပြောသည်။
cadets-photo
အခမ်းအနားသို့တက်ရောက်သူချင်းအမျိုးသားလူငယ်တစ်ဦးကလည်းလူငယ်တွေဟာမိမိတို့ပျော်ပျော်နေရမည့်အချိန်၌ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ကြရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း လူငယ်ဘ၀ကို အဆုံးရှုံးခံပြီးတိုင်းပြည်အတွက် လုပ်ဆောင်ခဲ့ဖူးကြောင်း၊ ယခုဖြစ်ရပ်တွင် တိုင်းပြည်အတွက် အသက်ပေးသွားကြသည့် လူငယ်များကိုလေးစားဂုဏ်ပြုကြောင်း၊ လူငယ်များနောက်ထပ် အသက်တွေ ပေးဆပ်စရာမလိုပဲ အနာဂတ်တွင် လူငယ်တို့၏ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့အတွက် ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးကြပါဟု နိုင်ငံတော်အကြီးအကဲများကိုတောင်းဆိုလိုကြောင်းပြောကြားသည်။
ယင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် မြန်မာလူငယ်အချို့အပါအ၀င် တိုင်းရင်းသားလူငယ်များကစုပေါင်း ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းအခမ်းအနားကိုဦးဆောင်စီစဉ်သူရခိုင်လူငယ်တစ်ဦးဖြစ်သူကိုလင်းခိုင်ကနိရဉ္စရာသတင်းဌာနသို့ပြောသည်။
ယင်းအခမ်းအနားသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအ၀င် တိုင်းရင်းသားအသီးသီးမှ စိတ်ပါဝင်စားသူ ၆၀ ခန့် တက်ရောက်ခဲ့ကြသည်။
အလားတူအခမ်းအနားမျိုးကိုရခိုင်ပြည်နယ်မြို့ ၄ မြို့တွင်လည်း တပြိုင်တည်း ပြုလုပ်ခဲ့ပြီး မြောက်ဦးမြို့တွင် ကျင်းပသောအခမ်းအနားသို့ လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ပြီးသင်္ဃာ ၅ ပါးကြွရောက်ကာ ပရိတ်တရားချီးမြှင့်ပြီးရေစက်သွန်ချအမျှပေးဝေခဲ့ကြပြီး၊ ကျဆုံးသူဗိုလ်လောင်းများကိုအမှတ်ရသည့်အနေဖြင့် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြောင်း အခမ်းအနားကို စီစဉ်ကျင်းပသူ မြောက်ဦးမြို့ခံဦးအေးမောင်သန်းက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျဆုံးသွားသည့် ဗိုလ်လောင်းများအားရည်စူး၍ ရခိုင်မြို့ ၄ မြို့တွင် ဆုတောင်းပွဲပြုလုပ်

Martyr-honored-in-Sittwe
နိုဝင်ဘာလ ၁၉ ရက်နေ့က  မြန်မာ့တပ်မတော်တပ်စခန်းတစ်ခုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့်ဗိုလ် လောင်း (၂၃) ဦးအားရည်စူး၍ ရခိုင်ပြည်နယ်ရှိမြို့ ၄ မြို့တွင် ယနေ့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့အသီးသီးရှိ ရခိုင်လူမှုကွန်ရက်အဖွဲ့များကဦးဆောင်ပြုလုပ်ခဲ့သည့်အဆိုပါဆုတောင်းပွဲများကို
စစ်တွေမြို့ အပါအဝင် ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့များတွင် ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
စစ်တွေနှင့်ပေါက်တောမြို့တို့တွင် နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး ပုဏ္ဏားကျွန်းနှင့်မြောက်ဦးမြို့တို့တွင် ယနေ့နေ့လယ်ပိုင်းမှ စတင်ပြုလုပ်ခဲ့ကြကြောင်းလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ဆုတောင်းပွဲသို့ ရဟန်းသံဃာတော်များအပါအဝင် ကျဆုံးသွားသည့် ရခိုင်တိုင်းရင်းသား ဗိုလ်လောင်းများ၏ မိသားစုဝင်များ၊ ရခိုင်အမျိုးသားပါတီမှတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
စစ်တွေတွင်ပြုလုပ်ခဲ့သည့်ဆုတောင်းပွဲသို့တက်ရောက်လာသော မင်းပြားမြို့မှကျဆုံးသွားသည့် အသက် ၂၁နှစ် အရွယ်ရှိ ဗိုလ်လောင်းကျော်ခန့်၏ မိသားစုဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ်ရှိ
ဦးသန်းက  ယခုကျဆုံးသွားသည့် ဗိုလ်လောင်းများနှင့် ပတ်သက်ပြီး သူ၏အမြင်ကို ယခုလိုပြောသည်။
“မတော်မတရားကျဆုံးသွားရတယ်၊ သဘောကတော့ သူတို့ဟာ သူသေကိုယ်သေတိုက်ပြီး တိုက်ပွဲမှာ ကျဆုံးသွားတာ မဟုတ်တဲ့ အတွက် မတရားကျဆုံးသွားရတယ်လို့ဘဲ အောက်မေ့မိပါတယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲ ရပါတယ်” ဟု နိရဉ္စရာ သတင်းဌာန၏ သီးသန့်မေးမြန်းမှုကို သူက ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်တပ်စခန်းက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကချင်အခြေစိုက် KIA ဗိုလ်သင်တန်း ကျောင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါကျောင်းတွင် တက်ရောက် သင်ကြား နေသော ပလောင်(ခေါ်) တအောင်း အဖွဲ့မှ ၁၁ ဦး၊ ရက္ခိုင့်တပ်မတော်မှ ၈ ဦး၊ ABSDF မှ ၂ ဦးနှင့် ချင်းတပ်ဖွဲ့မှ ၂ ဦး၊ စုစုပေါင်း သင်တန်းသားဗိုလ်လောင်း ၂၃ ဦးကျဆုံးသွားခဲ့ပြီး ၂ဝ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးတွင် စစ်တွေမှ ၃ ဦး၊ မင်းပြားမှ ၂ ဦး၊ ပေါက်တောမှ ၁ ဦး၊ ကျောက်ဖြူမှ ၁ ဦးနှင့် ကျောက်တော်မှ ၁ ဦးတို့ပါဝင်ပြီး ထိခိုက်ဒဏ်ရာ ၅ ဦးရရှိခဲ့သည်။
martyr-day
ကျဆုံးသွားသည့်ဗိုလ်လောင်းများတွင် ပုဏ္ဏားကျွန်းမှပါဝင်မှုမရှိခဲ့သော်လည်း ဗိုလ်လောင်း အာဇာနည်များ၏ မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းမိသည့်အတွက်ဟုဆိုကာ ပုဏ္ဏားကျွန်း မြို့ခံများက ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဧစေတီတွင် ယနေ့မွန်းလွဲ ၁၂ နာရီက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း မြို့ခံ ဦးစံရွှေကျော်က ဆိုသည်။
ယနေ့ပြုလုပ်ခဲ့သည့်ဆုတောင်းပွဲများသို့တက်ရောက်လာသူများမှာ အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ခဲ့ ကြပြီး ကျဆုံးသွားသည့် ဗိုလ်လောင်းများ၏ဓာတ်ပုံများရှေ့တွင် ကျဆုံးသွားသည့် ဗိုလ်လောင်းများအတွက် ဝမ်းနည်း ကြောင်း လွမ်းသူ့ပန်းခွေများချခဲ့ကြသည်။
ယင်းအပြင် တပ်မတော်က ယခုကဲ့သို့ပစ်ခတ်ခဲ့မှုအပေါ် ရှုတ်ချကြောင်းရေးသားထားသည့် ရက္ခိုင့် တပ်မတော် (AA)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့၏သဘောထား ကြေညာချက်များနှင့် ရခိုင်လူမှု အဖွဲ့အစည်းများသဘောထားကြေညာချက်များကို လည်း အခမ်းအနားတွင်ဖတ်ကြားခဲ့ကြသည်။
ယနေ့ စစ်တွေတွင်ပြုလုပ်သောဆုတောင်းပွဲမှရရှိလာသည့်သတင်းများအရ အဆိုပါ ထိခိုက် ဒဏ်ရာ ရရှိသူ ရခိုင် တိုင်းရင်းသားဗိုလ်လောင်း ၅ ဦးထဲမှ နောက်ထပ် ဗိုလ်လောင်းတစ်ဦး ကျဆုံး သွားပြီဖြစ်ကြောင်း သိခဲ့ရသော်လည်း နိရဉ္စရာသတင်းဌာနက သီးခြားအတည်ပြု၍ မရခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

တပ်မတော်မှ ရခိုင် ၉ မြို့နယ်က ဧည့်မထ စပါးများကို ဒေသပေါက်ဈေးဖြင့် ၀ယ်ယူမည်ဟု ကျေညာ


Paddy-field-Myanmarတပ်မတော် ရိက္ခာအတွက် ရခိုင်ပြည်နယ် မြို့နယ် (၉) ခုမှာ ဧည့်မထ စပါးများကို ဒေသပေါက်ဈေးဖြင့် တပ်မတော်မှ ၀ယ်ယူရန် ထုတ်ပြန်ကျေညာသည်။
ဧည့်မထ စပါးဝယ်ယူမည့် (၉) မြို့နယ်မှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ ဘူးသီးတောင် တို့ ဖြစ်ကြသည်။
၎င်းစပါးများကို တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း စပါးတင်း (၁၀၀) အထက်ကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့များသို့ စုံစမ်း ရောင်းချနိုင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ စပါးအထွက်များရာ မြို့နယ် (၂) ခု ဖြစ်သော ပုဏ္ဍားကျွန်းနှင့် ပေါက်တောတို့ မှာ စပါးဝယ်ယူမည့် စာရင်းတွင် ပါဝင်လာခြင်း မရှိသည်ကိုတွေ့ရသည်။
ယင်းမြို့နယ် (၂) ခုအပါအ၀င် ပင်လယ်ကမ်းနီး မြို့နယ်များတွင် အိန္ဒိယကို ၀င်ရောက်တိုက်ခတ်သွားခဲ့သော မုန်တိုင်း အရှိန်ကြောင့် ဒီရေကြီးပြီး ဆားငံရေများ စိုက်ခင်းထဲ ၀င်ရောက်ရာမှ စပါးစိုက်ခင်းများ အကြီးအကျယ် ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဒေသခံ လယ်သမားကြီး တစ်ဦးကမူ ယခုနှစ်တွင် ရခိုင်ပြည်နယ် စပါးအထွက်နုန်းမှာ ခါတိုင်းနှစ်များထက် တစ်ဝက်ကျော်ခန့် ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်း ပြောကြားသည်။
တပ်မတော်မှ ရခိုင်ပြည်နယ် အပါအ၀င် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ ဧည့်မထ စပါး အမျိုးအစားများကို ဒေသ ပေါက်ဈေးဖြင့် ၀ယ်ယူသွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 11, 2014

ဘူးသီးတောင်မြို့၊ ကင်းတောင်ကျေးရွာအုပ်စုအနီး လျှိုထဲတွင် ဘင်္ဂါလီလူစိမ်း(၁၂)ဦး ဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်ကျေးရွာအနီး ရှိ လျှိုတစ်ခုအတွင်း ပုန်းခိုနေသော ဘင်္ဂါလီလူစိမ်း ၁၂ဦးကို ကင်းတောင်ရွာသားတစ်ဦးက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဘင်္ဂါလီ လူစိမ်း ၁၂ဦးသည် ဒုံးသိမ်ကျေးရွာ အနီးရှိ ရာဘာစိုက်သောတောင်ကုန်များ အကြားရှိ လျှိုထဲတွင် ပုန်းခိုနေခြင်းဖြစ်ပြီး ၄င်းတို့အား ကင်းတောင် ရွာသားတစ်ဦးက ယနေ့ညနေ ၅နာရီခွဲခန့်တွင် တွေ့ရှိခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ အဆိုပါ ဘင်္ဂါလီများအား တွေ့ရှိခဲ့ပြီး၊ ထိုသတင်းကို အနီးရှိအမှတ် (၅၅၁) ခြေမြန်တပ်ရင်းမှ သတင်းရရှိသဖြင့် လာရောက်စုံစမ်းကာ တွေ့ရှိသော ဘင်္ဂလီလူစိမ်း (၁၂)ဦးကို စစ်ဆေးမေးမြန်းရန်အတွက် ညနေ၆နာရီတွင် တပ်ရင်းသို့ ခေါ်ယူသွားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ဘင်္ဂါလီလူစိမ်းများကို မေးမြန်းခဲ့သော ရွာသားတစ်ဦးက “သူတို့တွေက ဘင်္ဂလားဘက်က ဝင်လာတယ်လို့ ထင်ပါတယ်။ ဗမာစကား၊ ရခိုင်စကား တစ်လုံးမှမတတ်ပါဘူး။ ၁၂နှစ်အရွယ် မိန်းကလေး တစ်ယောက်ပါပါတယ်။ ကျန်တဲ့ (၁၁)ဦးက ယောင်္ကျားကြီးတွေပါပဲ။ ဘင်္ဂလား ဘက်ကလို့ပဲ ပြောပါတယ်။ ဘယ်ကိုသွားမယ်ဆိုတာ မသိပါဘူး။ သူတို့အထုတ်ထဲမှာ ဖုန်းနဲ့ဆေးပစ္စည်းတွေ တွေ့ရပါတယ်။ အဲဒါကို ကင်းတောင်က ဘင်္ဂလီနှစ်ဦးက ပွဲစားလုပ်ပြီး ခေါ်လာတယ်လို့ သိရပါတယ်။ ဆိုးတာက အုပ်ချုပ်ရေးမှူးက ဘယ်သူ့ကိုမှ သတင်းမပို့ပဲ ထိန်ချန်ထားတာပါပဲ။ တပ်က လာတယ်ဆိုတာလဲ တခြားနည်းနဲ့ သတင်းရလို့ လာကြည့်တာပါ” ဟု ရှင်းပြပါသည်။
ယခုကဲ့သို့ တောတွင်း တောင်ကျော်လမ်းမှ ဘင်္ဂလီလူစိမ်းများ အုပ်စုလိုက် ကျော်ဖြတ်သွားလာသည်ကို ယခင်က တွေ့မြင်သူများရှိခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။ ယခုတွေ့ရှိရသော ဘင်္ဂလီများသည် မည့်သည့်အရပ်သို့ ဦးတည်သွားရောက်မည်ကို မသိရှိရသေးပေ။
ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ရက်ညပိုင်းက လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍လည်း ဘူးသီးတောင်မြို့ရှိ ကွန်ပျူတာဆိုင်မှ ဘင်္ဂါလီများကို အရေးယူထားသည်။ ထို့အပြင် နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်မည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးများ ကျင်းပရန် နီးကပ်လာချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ်တွင် အခြေစိုက်သော RSO အဖွဲ့မှ ဘင်္ဂါလီဖောက်ခွဲရေးသမားများ နိုင်ငံအတွင်း ရောက်ရှိနေသောကြောင့် ၄င်းတို့အား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ ချက်ချင်းသတင်းပို့ရန် သတိပေးထားသည်။
ကိုအောင် (hyacinth)
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

Monday, August 18, 2014

တောင်ကုတ်တပ်သိမ်းမြေတွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရ၍ ကာချုပ်အထိ စာတင်မည်ဟုဆို

confiscared-lands
ဦးရွှေအောင်အား လုပ်ကိုင်စားသောက်ခွင့် ပြုပေးထားသော စာ ( ဓါတ်ပုံ- နိရဉ္စရာ)
တပ်မတော်မှ သိမ်းယူထားသော လယ်မြေပေါ်တွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထိ စာရေး အသနားခံသွားမည်ဟု တောင်ကုတ်မြို့မှ လယ်သမားကြီး ဦးရွှေအောင်က ဆိုသည်။
တောင်ကုတ်မြို့နယ် ကြိုးကြာကွင်း ကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်တွင် လယ် (၅) ဧက ရှိရာ ယင်းလယ်မြေအားလုံအား တောင်ကုတ်မြို့ စကခ (၅) မှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့ကြောင်း၊ ထို (၅) ဧကထဲမှ (၃) ဧကမှာ သတ်မှတ်ထားသော တပ်ဧရိယာတွင် မပါဝင်ဘဲ ပါးနီးပါးစပ်တွင် တည်ရှိသဖြင့် ဦးရွှေအောင်အား အခကြေးငွေ တစ်စုံတစ်ရာ ပေးသွင်းစရာမလိုဘဲ ပြန်လည် လုပ်ကိုင် စားသောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်စားသောက်လာခဲ့ရာမှ ယခုနှစ် စိုက်ပျိုးရာသီတွင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ အတင်း လယ်ထဲမှ မောင်းထုတ်ခဲ့ကြောင်း ဦးရွှေအောင်က ပြောဆိုသည်။
“ ဦးမှာ လယ် ၅ ဧက ရှိပါတယ်။ အဲဒီ (၅) ဧကထဲက (၂) ဧကဟာ တပ်သိမ်းတဲ့ ဧရိယာထဲမှာ ပါသွားပြီး ကျန်တဲ့ (၃) ဧကကတော့ တပ်သိမ်းမြေထဲမှာပါပေမယ့် အလွတ် ဖြစ်နေတဲ့ အတွက် ဒီနေ့ထိ လုပ်ကိုင်စားသောက်လာပါတယ်။ ခုကျတော့ အဲဒီ ၃ ဧက ပေါ်မှာလည်း လုပ်ကိုင်စားသောက်ခွင့် မပြုဘဲ မောင်းထုတ်တဲ့ အတွက် မျိုးစပါးကျခါနီးမှ လယ်ကိုစွန့်ပီး ထွက်လာရပါတယ်”ဟု ကြိုးကြာကွင်းကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်က နိရဉ္စရာသို့ ပြောသည်။
၎င်းမြေ ၃ ဧကအား တစ်စုံတစ်ရာ အခကြေးငွေ မယူဘဲ လုပ်စားရန် စကခ (၅) တပ်မမှ ဌာနချုပ်မှူးက ထုတ်ပေးထားသော ထောက်ခံချက်ရှိကြောင်း ဦးရွှေအောင်က ပြောသည်။
“ ဒီမြေတွေဟာ တပ်သိမ်းမြေထဲမှာ ပါပေမယ့် လုပ်ကိုင်စားသောက်ဖို့ တပ်မ ဌာနချုပ်မှူးက ထောက်ခံစာရေးပေးထားပါတယ်။ ဒါ့ပြင် မြေတိုင်းဌာနက စိုက်ထူထားတဲ့ တပ်မြေဆိုတဲ့ ကျောက်တိုင်ရဲ့ အပြင်ဘက်မှာလည်း ရှိနေပါတယ်။ အခု ဒီမြေတွေပေါ်မှာ အခု လုပ်ကိုင်စားသောက်လို့ မရတော့ဘူးဆိုတော့ ဦးမှာ ဘ၀ရပ်တည်ရေး အထူးအခက်အခဲ ဖြစ်သွားပြီ” ဟု ဦးရွှေအောင်က ဆက်ဆိုသည်။
ယခုကဲ့သို့ လုပ်ပိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် လုပ်ကိုင်စားသောက်စရာ ဘာမှ မရှိတော့သဖြင့် မိသားစု အနာဂတ်အတွက် အထူးရင်လေးမိ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာပေးပို့သွားမည်ဟု သူက ပြောဆိုသည်။
“  ဦးက ဒီလယ်ကိစ္စ ကာကွယ်ရေး ဦးစီးချုပ်ထိ တင်ရမှာဘဲ။ ဒီလယ် သုံးဧကကို မှီပြီး လုပ်ကိုင် စားသောက်နေတာ အခု ဘယ်လိုလုပ် ရပ်တည်ရမလဲဆိုတာတောင် မသိတော့ပါဘူး။ လျှော်ကြေးလည်း တစ်ပြားမှ မရဘူး။ ဒါကြောင့် ကျွန်တော်ကို သနားသဖြင့် ဒီလယ်မြေတွေမှာ ပြန်လုပ်ကိုင်စားသောက်ခွင့်ရဖို့ အသနားခံသွားပါမယ်” ဟု ဆိုသည်။
တောင်ကုတ် အခြေစိုက် စကခ(၅) တပ်မသည် စုစုပေါင်း လယ်မြေဧက (၃၁၂) ဧကကို လယ်သမား ၅၇ ဦးထံမှ ၁၉၉၅ ခုနှစ်အတွင်းက သိမ်းဆည်းထားပြီး အခု ဦးရွှေအောင်၏ လယ် (၅) ဧကသည်လည်း ယင်းအထဲတွင် ပါဝင်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 30, 2014

ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ လျော်ကြေးရမည်

ဓာတ်ပုံ - တောင်ကုတ်ပြတိုက်ဖေ့စ်ဘွတ်ခ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာက ဂေါက်ကွင်းအတွက် မြေယာစွန့်လွတ်ခဲ့ရတဲ့ လယ်သမားတွေကို ရခိုင်ပြည်နယ်အစိုးရက ၁ ဧကကို ကျပ်သိန်း ၂၀ နှုန်းနဲ့ နစ်နာကြေးပေးဖို့ ညှိနှိုင်းသဘောတူလိုက်ကြပါတယ်။
၂၀၀၀ ပြည့် နှစ်ဆန်းပိုင်းမှာ စကခ (၅) က ဗိုလ်မှူးးချုပ် ကြည်သိန်းက ဦးစီးပြီး ကိုင်းရှည်ရွာသား ၇ ဦးရဲ့ မြေဧက ၇၀ လောက်ကို သိမ်းဆည်း ဂေါက်ကွင်းလုပ်ဆောင်ပြီး မြို့မိမြို့ဖကို လွှဲခဲ့ပြီး ဂေါက်ကွင်းကော်မတီနဲ့ စီမံနေတာပါ။
တပ်မတော်အစိုးရ လက်ထက် မပြောရဲပေမယ့် လက်ရှိကာလမှာ သူတို့လယ် သူတို့ ပြန်ရဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဌာနတွေ၊ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေကို ဥပဒေဘောင်တွင်းက တင်ပြပေမယ့် မထူးတာကြောင့် ဇွန် ၂၄ ရက်နေ့က ဂေါက်ကွင်းမှာ  ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။
ဒီဆောင်ရွက်ချက်ကြောင့် သူတို့ကို ဂေါက်ကွင်းတာဝန်ရှိသူတွေက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီကာလအတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲမှာ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တောင်ကုတ်မြို့ကိုလာစဉ် တင်ပြလို့ နစ်နာကြေးပေးဖို့ ဖြစ်လာတာပါ။
ဇူလိုင်လ ၂၈ ရက်နေ့က မြေသိမ်းခံရတဲ့ လယ်သမား ၇ ယောက်ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းကို ဖိတ်ခေါ်ပြီး မြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေ၊ ဂေါက်ကော်မတီက တာဝန်ရှိသူတွေနဲ့ နှစ်ရက်ဆက်တိုက် ညှိနှိုင်းပြီး သဘောတူခဲ့တာလို့ တက်ရောက်ညှိနှိုင်းတဲ့ လယ်သမား ကိုခလေး ခေါ် ကိုစိုးမိုးနိုင်က ပြောပါတယ်။
ကာလပေါက်ဈေး ၁ ဧကကို ကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၄၀ အထိ ဈေးပေါက်ပေမယ့် ၁ ဧကကို သိန်း ၂၀ နဲ့ ညှိနှိုင်းအဆင်ပြေတာလို့ ဆိုပါတယ်။
“၂၆ ရက်နေ့က ညှိတယ်၊ အဆင်မပြေဘူး။ နောက်တရက် ထပ်ညှိတယ်၊ အဆင်ပြေသွားတယ်။ ပေးတာကလည်း ဒီကလူတွေ ပေးမှာမဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်တင်ပြရမှာ သူတို့က၊ ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြလို့မှ မပြည့်ရင် ဒီကလူကြီးတွေ ၀ိုင်းဖြည့်ပေးမယ်။ အမှုကိုလည်း ရုပ်သိမ်းပေးမယ် ပြောတယ်။”
ဧကပေါင်း ၇၀ ကျော် သိမ်းတဲ့ထဲက လယ်မြေ ၂၈ ဧက လောက်အတွက် နစ်နာကြေးပေးမှာဖြစ်ပြီး ကျန်မြေတွေကတော့ နွားစားကျက်တွေဖြစ်လို့ နစ်နာကြေးမယူတော့ဖို့ ညှိနှိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။
သူတို့အပေါ် ဂေါက်ကွင်းကော်မတီက စွဲဆိုတဲ့ ပိုင်နက်ကျူးလွန်မှုကို ရုပ်သိမ်းပေးမယ်လို့ ညှိနှိုင်းပေမယ့် လာမယ့်သြဂုတ် ၆ ရက်နေ့ကိုတော့ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကိုစိုးမိုးနိုင်က ပြောဆိုပါတယ်။
(သတင်းအရင်းအမြစ်- DVB)

Monday, July 28, 2014

ကျူးကျော် မထွန်ယက်ရန် တားမြစ်ခံထားရသည့် စားကျက်မြေများအပေါ် ဆက်လက် လယ်ထွန်နေဆဲ

diw4umy9
ရခိုင်ပြည်နယ်အတွင်း နွားစားကျက်မြေများအား ကျူးကျော်ထွန်ယက်စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်ချက် ထုတ်ပြန်ထားသော်လည်း မြို့နယ် အတော်များများတွင် စားကျက်မြေများအပေါ် ကျူးကျော် ထွန်ယက် စိုက်ပျိုးမူများရှိနေဆဲဟု သတင်း ရရှိသည်။
ပုဏ္ဍားကျွန်းမြို့နယ် မြင်းကတ္တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၃) ရှိစားကျက်မြေ ဧက (၁၀၀) နီးပါးတွင် လူပုဂ္ဂိုလ် (၈) ဦးမှ တားမြစ်ချက်ကို လိုက်နာမူမရှိဘဲ ယနေ့အချိန်ထိ လယ်တက်ထွန်နေသည်ဟု မြင်းကတ္တော်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးမောင်သန်းတင်က ပြောသည်။
“ ရွာသားတွေဘုံပိုင်တဲ့ နွားစားကျက်မြေမှာ လယ်တက်ထွန်နေတဲ့ သူတွေကတော့ သဲတက်ရွာက (၃) ဦးနဲ့ မြင်းကတ္တော်ကျေးရွာ (၅) ဦး စုစုပေါင်း (၈) ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို လယ်ထွန်နေတာကို ပုဏ္ဍားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာသူ ကျေးရွာသား (၅၇) ဦးက ဒီလ ၈ ရက်နေ့က လက်မှတ်ထိုး စာရေးတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ ဖြေရှင်းပေးတာ မရှိသေးပါဘူး” ဟု သူက ဆိုသည်။
နိုင်ငံတော်မှ ယခင်စားကျက်မြေများအားအဖြစ် တည်ရှိခဲ့သော စားကျက်မြေများအားစားကျက်မြေအဖြစ် ပြန်လည် ထားရှိရန်၊ တရားဝင် စားကျက် ပယ်ဖျက်ခွင့်မရဘဲအကျိုးတူဆောင်ရွက်ခြင်း၊ သီးစားချထားခြင်း၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာဌာန အသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။
စစ်တွေ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန မှ  ၂၉-၅-၂၀၁၂  ရက်စွဲပါ စာအမှတ် ၄/၁-၁/ ဦး-၁ (၈၇၆) အားဖြင့်၎င်း၊ ပုဏ္ဍားကျွန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၆-၂၀၁၂ ရက်စွဲပါ စာအမှတ် ၄/  ၂၅-၃/ ဦး-၁ ဖြင့်၎င်း၊ နောက်ထပ် တစ်ကြိမ်  ၂၅-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၄/ ၅-၃/ ဦး-၁ (၇၆၂)  တို့အရလည်း စားကျက်မြေများကို စားကျက်မြေများအဖြစ် ဆက်လက်ထားရှိရန် ညွှန်ကြားထားသည်ဟု သိရသည်။
“ ခုလို ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် မလိုက်နာဘဲ ဆက်လက်ကျူးကျော် ထွန်ယက်နေကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီစားကျက်မြေတွေ မရှိရင် ကျွဲနွားမွေးမြူရာမှာ တော်တော့ကို အခက်အခဲရှိပါတယ်။ ဒီစားကျက်မြေ ရှိတဲ့ ကွင်းတွေကို ဒေသခံတွေက သက္ကယ်ပြင်၊ ကူပြင်နဲ့ ခွဆုံပြင်လို့ ခေါ်ဆိုပြီး ရွာသားတွေ အစဉ်အဆက် နွားစားကျက်မြေ အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံးတားမြစ်ပေးဖို့ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။
မြင်းကတ္တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးမှလည်း ယင်းစားကျက်မြေများပေါ်တွင် လယ်ယာထွန်စိုက်ပျိုးနေခြင်းနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် ပုဏ္ဍားကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
ယခုလို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ် တရားရုံးသို့ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများနှင့် အညီ အရေးယူရန် တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကျေးရွာသားများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ကျေးရွာသားများကဆိုသည်။
အလားတူ မင်းပြားမြို့နယ် မင်းဇီအုပ်စု အသေကာလနှင့် မြင်းကပ်ဆိပ်ကျေးရွာများတွင်လည်း ကျေးရွာသားများ အသုံးပြုသော စားကျက်မြေ ဧက ၅၀၀ ပေါ်တွင် အသေကာလမှ လယ်သမား ၄၆ ဦးမှ လယ်တက်ထွန်နေသဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း မင်းပြားပြည်နယ် လွှတ်တော် ဦးသာကျော်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ် လယ်တက်ထွန်သူ မူလပိုင်ရှင်လယ်သမားများ တရားစွဲဆိုခံရ

Gulf ground in Taunguo
ဇွန်လ ၂၄ ရက်နေ့က တောင်ကုတ် ဂေါက်ကွင်းတွင် မူလပိုင်ရှင် လယ်သမားများ လယ်တက်ထွန်နေကြစဉ်။
အငြင်းပွားနေသော လယ်မြေများပေါ်တွင် လယ်တက်ထွန်သူ ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှ မူလပိုင်ရှင် လယ်သမားများမှာ တရားစွဲဆိုခံနေကြရကြောင်း သတင်း ရရှိသည်။
“ ပထမ တစ်ယောက် တရားစွဲဆိုခံရတာက မောင်မြင့်နိုင်ဖြစ်ပါတယ်။ သူက သူပိုင်တဲ့ လယ်မှာ လယ်တက်ထွန်တဲ့ အတွက် အဲဒီမြေမှာ ပုံစံ (၁၀၅)၊ လနဖေါက်ထားတဲ့  ဒေါ်ပုမြိုင်ရဲ့တူက တရားစွဲတာ ဖြစ်ပါတယ်” ဟု လယ်သိမ်းခံရသူ လယ်သမားများထဲမှ တစ်ဦးဖြစ်သူ ဦးသောင်းဖေက ပြောသည်။
တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာအနီးရှိ ဦးသောင်းဖေနှင့် ဦးမောင်မြင့်နိုင်တို့ အပါအ၀င် လယ်သမား (၃) ဦးပိုင်ဆိုင်သော လယ်မြေ ၇ ဒသမ ၉ ဧကကို မြေစာရင်း ဦးစီးဌာနမှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၄- ၁၉၉၅ ခုနှစ်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ ဦးက သူတို့သိမ်းသွားပေမယ့် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး၂၀၁၂ ထိ စံပြတောင် စိုက်ပျိုးခဲ့တယ်။ အဲဒီမြေမှာ ၂၀၁၃ ခုနှစ်မှာ လာပြီး သူတို့က ခြံထိုးတယ်။ အဲဒီမြေတွေအတွက် လျှော်ကြေးလည်း တစ်စုံတစ်ရာ မပေးဘူး။ သိမ်းတာက မြေစာရင်းလို့ဘဲ ပြောရမှာပေါ့။ အဲဒီသိမ်းသွားတဲ့ လယ် ၇ဧကကျော်မှ ဦးဆီက သက်သက် ၄ ဧကကျော် ပါသွားခဲ့ပါတယ်။ ဦးအနေနဲ့ တအားနစ်နာတယ်” ဟု သူက ဆက်ဆိုသည်။
ထိုသို့ ခြံလာထိုးသဖြင့် မူလ လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မောင်မြင့်နိုင်မှ ၎င်း၏ အသိမ်းခံရသော မြေပေါ်တွင် နွားတစ်ရှဉ်းနှင့် အတူ ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့က လယ်တက်ထွန်ခဲ့သည်။
“ လယ်ထွန်နေတဲ့ အချိန်မှာ ရဲက တာဝန်ရှိသူတွေ ရောက်ရှိလာပြီး လယ်ထွန်တာကို ရပ်ဖို့ ပြောတယ်။ ပီးတော့ သူတို့ က ဘာပြောသလဲဆိုရင် ဒီမြေပေါ်မှာ ခြံလည်းမထိုးနဲ့၊ လယ်လည်း မထွန်နဲ့ဆိုပီး တားပစ်ခဲ့တယ်။ အဲသလို နောက်ပိုင်းမှာ အဲဒီမြေကို ရရှိထားတဲ့ ဒေါ်ပုမြိုင်ရဲ့ တူကနေ မောင်မြင့်နိုင်ကို တရားစွဲတယ်” ဟု ဦးသောင်းဖေက ဆက်ဆိုသည်။
၎င်းတရားစွဲဆိုမူကို တောင်ကုတ်မြို့နယ် တရားရုံးက လက်ခံပြီး လာမည့် ဇူလိုင်လ (၂၃) ရက်နေ့တွင် အမူကို စတင်ကြားနာစစ်ဆေးမည်ဟု သိရသည်။
“ ဒီမြေတွေက နိုင်ငံတော်စီမံကိန်းအတွက်လည်း သိမ်းတာ မဟုတ်ဘူး။ နိုင်ငံတော်အတွက်ဆိုရင်လည်း တစ်မျိုးပေါ့။ အခု မြေစာရင်းက သိမ်းပြီး အကွက်လိုက် ရောင်းချထားတယ်။ ဦးတို့ကိုလည်း တန်ရာတန်ကြေး တစ်ပြားမှ မပေးဘူး။ ဦးတို့လိုချင်တာက ဦးတို့ရဲ့ လယ်မြေတွေကို ထိုက်တန်တဲ့ လျှော်ကြေးပေး၊ မပေးရင် ဦးတို့လယ်ကို ဦးတို့ကို ပြန်ပေးစေချင်တယ်”  ဟု ဆိုသည်။
အလားတူ တောင်ကုတ်မြို့ ဂေါက်ကွင်းတွင် လယ်တက်ထွန်သူ မူလပိုင်ရှင် လယ်သမား (၆) ဦးကိုလည်း ဂေါက်ကွင်း အတွင်းရေးမှူး ဦးဌေးဝင်းက တရားစွဲဆိုခဲ့သည်ဟု သိရသည်။
တောင်ကုတ်မြို့တွင်ကိုင်းရှည်ရွာ အနီးတွင် တည်ရှိသော လယ်သမား ၉ ဦးပိုင် လယ်ဧက အကျယ်အ၀န်း ၇၀ ဒဿမ ၄၈ ဧကကို စစ်တပ်မှ ၂၀၀၁ ခုနှစ်တွင် လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့သည်။
လွန်ခဲ့သောနှစ် နိုဝင်္ဘာလ ၁၇ ရက်နေ့တွင်  တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။
ယင်းနောက်ပိုင်း ဇွန်လ (၂၄) ရက်နေ့တွင် လယ်သမား (၆) ဦးက ဂေါက်ကွင်းတွင် လယ်တက်ထွန်ခဲ့ကြသည်။ ထိုသို့ လယ်ထွန်နေစဉ်  ရဲတပ်ဖွဲ့ဝင်များနှင့် အတူ  မြို့နယ် ထွေအုပ်အပါအ၀င် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။
ယင်းနောက်ပိုင်းတွင် လယ်သမားများမှာ တရားစွဲဆိုခံရခြင်း ဖြစ်သည်။
သို့သော်လည်း ဥပဒေရုံးမှ တရားစွဲဆိုရန်မှာ ဥပဒေကြောင်းအရ ခိုင်လုံ မရှိကြောင်း ပြောဆိုသဖြင့် ဂေါက်ကွင်းကော်မီတီမှ တရားစွဲမူမှာ အထမမြှောက်ခဲ့ဟု တောင်ကုတ်မြို့မှ လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုအခါ လယ်သမားများက ယင်းလယ်မြေများ သိမ်းယူခံရသဖြင့် နှစ်ပေါင်း (၁၅) နှစ်အတွင်း သိန်းပေါင်း (၅၀၀၀) နီးပါး နစ်နာဆုံးရှုံးမူ ရှိခဲ့သည်ဟု ဆိုကာ လျှော်ကြေး ရလိုကြောင်း ယင်းမြေများအား သိမ်းဆည်းထားသူများကို ပြန်လည် တရားစွဲဆိုရန် စီစဉ်နေကြောင်း သူက ပြောသည်။
“ သိန်း တစ်ရာနီးပါးဆိုရင်တော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲလို့ရတယ်။ အခုက သိန်း ၅၀၀၀ ထိဆိုတော့ မြို့နယ်ရုံးနဲ့ မဖြစ်နိုင်တဲ့ အတွက် သံတွဲခရိုင်တရားရုံးမှာ တရားစွဲရပါမယ်” ဟု တရားရေး အကြောင်း နားလည်သူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း စစ်တပ်နှင့် တစ်ခြား အစိုးရဌာနများက သိမ်းယူထားခဲ့သော လယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်ပေးရာတွင် ရှင်းလင်းပြတ်သားမူ မရှိသဖြင့် ဒေသခံပြည်သူများ အကြားတွင် စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေ၍ သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်စိစစ်ပြီး ဖြေရှင်းပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 16, 2014

စစ်တပ်က အချိန်မရွေး နေရာဝင်ယူလို့ ရအောင် လုပ်ပြီးသား

ရခိုင်အမျိုးသားပါတီ, ANP, ဦးဦးလှစော, ရခိုင်ပြည်နယ်
ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအဖွဲ့ဝင် ဦးဦးလှစော (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ)
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်သည့် ဗိုလ်ချုပ် မောင်မောင်အုန်း အပေါ် သဘောထား၊ ရခိုင်ပဋိပက္ခကာလအတွင်း အစိုးရက ကိုင်တွယ်ခဲ့ပုံများနှင့် နောက်ဆက်တွဲ အရေးယူမှုများ အပေါ် အမြင်၊ ရခိုင်အမျိုးသား ပါတီ (Arakan National Party – ANP) ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ANP ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဦးလှစောကို ဧရာဝတီ အကြီးတန်း သတင်းထောက် ခင်ဦးသာက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။      ။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ၀န်ကြီးချုပ်သစ် အဖြစ် စစ်ဗိုလ်ချုပ် တဦးကို ခန့်အပ်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ အနေနဲ့ ANP ပါတီက ကြေညာချက် ထုတ်တယ်။ ဒါပေမယ့် လွှတ်တော်မှာ အမှန်တကယ် တင်မြှောက်တဲ့ အခါကျတော့ ကန့်ကွက်မယ့်သူ လုံးဝ မရှိဘူး။ အဲဒါကြောင့် ANP ပါတီမှာ ခိုင်မာတဲ့ ရပ်တည်ချက်၊ မူဝါဒတွေ မရှိဘူး၊ ရခိုင် ခေါင်းဆောင်တွေလည်း အားပျော့တယ်လို့ ဝေဖန်ကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက် ပေးလိုပါလဲ။
ဖြေ။       ။ ဦးမောင်မောင်အုန်းကို ဇွန်လ ၂၅ ရက်က လွှတ်တော်မှာ လျာထားခဲ့တယ်၊ သူ့ကို မလျာထားခင် ဦးလှမောင်တင်ကို ၀န်ကြီးချုပ် ရာထူးက အနားပေးတဲ့ အချိန်ကတည်းက ANP ပါတီရဲ့ သဘောထား ၃ ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့ နံပါတ် (၁) ၀န်ကြီးချုပ်ဟာ ရခိုင်လူမျိုး ဖြစ်ရမယ်။ (၂) ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဖြစ်ရမယ်။ (၃) ပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ် အများဆုံး ဖြစ်တဲ့ ANP က ဖြစ်ရမယ်ဆိုတဲ့ အချက် ၃ ခုပါ။ နောက်တခုက ၀န်ကြီးချုပ်သစ်ကို ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ်ဆိုပြီး လွှတ်တော်မှာ ပြောပါတယ်။ ဆိုတော့ ရခိုင်ပြည်သူတွေက မကြိုက်ကြဘူးပေါ့။ ကျနော်တို့လည်း မကြိုက်ပါဘူး။ မဖြစ်စေချင်ဘူးပေါ့။ ဒါပေမယ့် ကြိုက်တာ မကြိုက်တာ တပိုင်းပေါ့။
ကန့်ကွက်မယ်ဆိုရင် ဘယ်လိုကန့်ကွက်မလဲ နည်းလမ်း ရှိရမယ်။ ဒီတော့ ကန့်ကွက်မယ့်နည်းလမ်းက ဘောင်မ၀င်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကတည်းက စစ်တပ်က အချိန်မရွေး နေရာဝင်ယူလို့ ရအောင် လုပ်ပြီးသား၊ စနစ်တကျ လုပ်ဆောင် ထားတယ်။ စစ်သားတယောက်ကို လွှတ်တော် ကိုယ်စားလှယ် ခန့်အပ်နိုင်တယ်၊ ပြီးရင် ၀န်ကြီးချုပ် ခန့်အပ်နိုင်တယ်။ ဒီတော့ ဖွဲ့စည်းပုံထဲက ကန့်ကွက်မယ် ဆိုရင်လည်း ဘောင်မ၀င်ပါ။ ဆိုတော့ ကျနော်တို့ အနေနဲ့ လွှတ်တော်ထဲမှာ ကန့်ကွက်စရာ အကြောင်း မရှိတော့ပါ။
ကန့်ကွက်တာ မကန့်ကွက်တာက ပြဿနာ မဟုတ်ပါဘူး။ အဓိက ပြဿနာက ဖွဲ့စည်းပုံ ပြဿနာ ဖြစ်နေတယ်။ ဒီတော့ ဖွဲ့စည်းပုံ ပြင်ကို ပြင်ရမယ်။ ဦးမောင်မောင်အုန်းကို လွှတ်တော်ထဲမှာ ကန့်ကွက်မယ် ဆိုရင် သူ့ရဲ့ လုပ်ရည်ကိုင်ရည်၊ ကိုယ့်ကျင့်တရားစတဲ့ တခြားကိစ္စတွေနဲ့ပဲ ကန့်ကွက်လို့ ရမယ်။ ရခိုင်တွေရဲ့ ဆန္ဒနဲ့ လုပ်လို့မရဘူး။ ဖွဲ့စည်းပုံ ဘောင်ထဲကသွားမှ ရမယ့်အရာ ဖြစ်နေတယ်။
နောက်တပိုင်းက ဦးမောင်မောင်အုန်းကို ခန့်အပ်တာနဲ့ ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုး ကွဲနေကြတယ်။ အပြင်မှာ ပြောနေတာတွေ၊ ဖြေနေကြတာတွေက သူ့အယူအဆနဲ့သူ ရှိနိုင်ပါတယ်။ ပါတီရဲ့ မူဝါဒကတော့ ချမှတ်ထားတဲ့ အတိုင်းပါ။ တချို့က အကောင်း မြင်တယ်၊ တချို့ကလည်း ကယ်တင်ရှင်လို့ မြင်တယ်၊ အပြုသဘောနဲ့ စောင့်ကြည့်မယ် ဆိုသူလည်း ရှိတယ်။
ဝန်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းကတော့ ရခိုင်ပြည်သူတွေနဲ့ တွေ့ပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်၊ ဖွံ့ဖြိုးရေးတွေ ဘယ်လိုလုပ်မယ် ဆိုပြီး ပြောနေတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ၊ ရခိုင်ပြည်နယ်မှာ အစိုးရ အဆက်ဆက်က ပြောနေကျ စကားတွေပါ။ လွှတ်တော် မပေါ်ခင်က ရခိုင်ပြည်ရဲ့ အဓိပတိတွေ ဖြစ်တဲ့ စစ်တိုင်းမှူး အဆက်ဆက်ကလည်း ကောင်းတာတွေ လုပ်ပေးမယ်၊ ဖွံ့ဖြိုးအောင် လုပ်ပေးမယ် ဒါတွေပဲ ပြောတာပါ။ ရခိုင်ပြည်သူတွေနဲ့ တသားတည်းပါ၊ ကျနော်လည်းပဲ ရခိုင်ပါပဲ ဆိုတာမျိုးတွေပေါ့။ ရခိုင်တွေကို ချစ်ပါတယ် ဘာညာပေါ့။ အခုလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် မရှိ၊ ဒီတော့ အလုပ်နဲ့ပဲ စောင့်ကြည့်ရမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကန့်သတ်မှုအောက်မှာ လှုပ်ရှားနေရတာ ဆိုတော့။
ဒါပေမယ့် ဦးမောင်မောင်အုန်းသည် ရခိုင်မှာ ဖြစ်နေတဲ့ ရခိုင်၊ ဘင်္ဂါလီ ကိစ္စတွေ၊ NGO ကိစ္စတွေ၊ ဆင်းရဲနေကြတာတွေကို ဗမာတယောက် ဖြစ်သော်လည်းပဲ တရားနည်းလမ်းတကျ ဖြေရှင်းပေးနိုင်မယ်။ ဒေသ ကောင်းကျိုးတွေကို တကယ်လုပ်နိုင်တယ်၊ လုပ်ပေးတယ် ဆိုရင်တော့ ကျနော်တို့ လက်ခုပ် တီးပေးရမှာပေါ့။
ဒီလိုမှ မဟုတ်ဘဲ ဦးမောင်မောင်အုန်းသည် ဘာမှလည်း မလုပ်နိုင်ဘဲ စစ်ဘုရင်ဝါဒကို အသက်သွင်းဖို့ ရောက်တာလား၊ ပြည်သူတွေကို ခြိမ်းခြောက်မယ့် သူလား၊  စစ်ဝါဒ ကျင့်သုံးဖို့ လမ်းစဉ် စတင်တာလား၊ ဒီလိုမှ မဟုတ် သမိုင်းကြောင်းတွေ အရ ရခိုင်တွေကို ဗမာတွေကပဲ   အုပ်ချုပ်ရမယ် ဆိုတာမျိုးလားကိုတော့ စောင့်ကြည့်ရမှာပါ။
မေး။      ။ ရခိုင်ပြည်တွင်းမှာ ၂၀၁၂ ခုနှစ်က စတင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ အဖွဲ့ရဲ့ ဒီနေ့အထိ လုပ်ဆောင်နေမှုတွေ အပေါ်မှာ ဘယ်လို သဘောထားအမြင် ရှိတယ်ဆိုတာလည်း သိပါရစေ။
ဖြေ။       ။ ဒီကိစ္စကို ကျနော်တို့ တောက်လျှောက် ပြောလာပါတယ်။ ဘင်္ဂါလီတွေရဲ့ ကျူးကျော် ရန်စလာမှုတွေ၊ မရိုးသားမှု၊ နိုင်ငံရေး လုပ်ကြံမှုတွေ ပါနေတယ် ဆိုတာတွေပေါ့။ နောက်တခုက အစိုးရပိုင်းရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းတဲ့ အပိုင်းတွေကို ကျနော်တို့ အမြဲထောက်ပြ ပြောဆိုခဲ့တယ်။ ဦးလှမောင်တင်ကို အရေးယူတာတွေဟာ ဒါတွေလဲ ပါမယ်လို့ ကျနော် ထင်ပါတယ်။
နောက်တခုက အခုဆိုရင် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ၊ လှုပ်ရှားမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေတယ်။ ဒါတွေဟာ ရိုးရိုးသားသား ဖြစ်နေတာမှ ဟုတ်ရဲ့လား ဆိုတာကို မခွဲခြားနိုင် ဖြစ်နေတယ်။ ရခိုင်ပြဿနာဟာလည်း ရိုးရှင်းရဲ့လား ဆိုတာပါ။ ရခိုင်ဒေသမှာ တဘက်က ဘင်္ဂါလီ ပြဿနာ ရှိနေသလို တဘက်ကလည်း ရခိုင်ပြည်ကို မတည်မငြိမ် ဖြစ်အောင်၊ ငြိမ်းချမ်းမှု မရှိအောင် လှုံဆော် ဆူပူမှုတွေ လုပ်မယ်။ ပြီးရင် မိမိတို့ အကျိုးစီးပွား အတွက် လုပ်ချင်တဲ့သူတွေ ရှိမယ်။
အဲဒီလို သူတွေထဲမှာ တပ်မတော် အငြိမ်းစား ပုဂ္ဂိုလ်တွေလည်း ပါရင်ပါမယ်။ အာဏာပိုင် အဖွဲ့အစည်းက သူတွေလည်း ပါမယ်။ ရခိုင်တွေလည်း ပါရင်ပါနိုင်တာပေါ့။
မေး။      ။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေ ရှိပြီး၊ အဲဒီအထဲမှာ  အာဏာရ ပါတီဝင်တွေရော စစ်တပ်နဲ့ အာဏာပိုင် အဖွဲ့ဝင် တချို့လည်း ပါဝင်ပတ်သက် နေတယ်လို့ ကြားရတာတွေ ရှိတယ်။ အဲဒီ ဟာတွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးလို ပါသလဲ။
ဖြေ။       ။ ဒါကတော့ ပဋိပက္ခတိုင်းမှာ ရှိကောင်းရှိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ပြောနေတာ ရှိတယ်။ လက်ရှိ ပဋိပက္ခတွေမှာ နောက်ကွယ်က လှုံဆော်သူတွေ ရှိနေတယ် ဆိုပြီးတော့ပေါ့။ ဒီတော့ ရခိုင်ပြဿနာတွေမှာလည်း ရှိမှာပါ။ ပိုက်ဆံပေး ခိုင်းသူတွေ၊ တချို့ကလည်း နာမည်ကြီးချင်၊ သူရဲကောင်း ဖြစ်ချင်တာမျိုးတွေ ရှိမယ်။ ထောက်လှမ်းရေးဟောင်းတွေ ပါချင်လည်းပါမယ်။ ကြံ့ခိုင်ရေးထဲက ခပ်ကြမ်းကြမ်း အုပ်ချုပ်လိုသူတွေလည်း ပါရင်ပါမှာပေါ့။ အဲဒီအထဲမှာ ရခိုင်လည်း ပါမယ်၊ ဗမာလည်း ပါမယ်၊ အားလုံးပေါင်းပြီးတော့ ပြဿနာ မဖြစ်ဖြစ်အောင် လှုပ်ရှားနေတာတွေ ရှိမယ်။ ကျနော် အမြဲတမ်း ပြောပါတယ်၊ နောက်ကွယ်က လက်မည်းကြီး ရှိနေတယ်၊ ဒီလက်မည်းကြီးကို တယောက်မှလည်း မဖော်ထုတ်နိုင်သေးဘူး။
မေး။      ။ အဲဒီလို မဖော်ထုတ်နိုင်တာတွေက ဘာကြောင့်လို့ ထင်ပါသလဲ။ ဥပမာ – တောင်ကုတ် လူသတ်မှုလိုမျိုးနဲ့ တခြား ရခိုင်ဒေသတွင်းက ပဋိပက္ခတွေမှာပေါ့။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကိုယ်တိုင် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ စစ်ဆေးခဲ့တယ်။ ဖမ်းဆီးတာ တချို့ရှိတယ်။ ဒါပေမယ့် ဒီနေ့အထိ တရားခံ အစစ် ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့ အပေါ်မှာရော ဘယ်လို ယူဆပါလဲ။
ဖြေ။       ။ ဒီကိစ္စက ပြောဖို့ ခက်ပါတယ်။ ဘာကြောင့် မဖော်ထုတ်နိုင်တာလဲ ဆိုတာကိုပေါ့။ နောက်တခုက အဲဒီ ပြဿနာတွေကို လုပ်တဲ့သူတွေသည် ဒီပဲယင်းလို လုပ်ရှားမှုမျိုး လုပ်ဆောင်တာလားဆိုတာလည်း စဉ်းစားစရာပါ။ နောက်တခုက စစ်တွေမှာ မတ်လမှာ ဖြစ်သွားတဲ့ ကိစ္စပေါ့။ NGO အဖွဲ့တွေကို တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ NGO တွေမှာလည်း မကောင်းတဲ့၊ မရိုးသားတဲ့ NGO တွေ ရှိသလို၊ ရိုးသားတဲ့ NGO နဲ့ ရိုးသားစွာ လုပ်ကိုင်နေကြတဲ့ INGO တွေ အများကြီးပါ။
သို့သော် တိုက်ခိုက်တဲ့ အခါမှာ အားလုံး ရှိသမျှ NGO နိုင်ငံခြားသားတွေကို တိုက်ခိုက်တယ်။ ဒီတော့ ရှိသမျှ အိမ်တွေ လိုက်ဖြို၊ လိုက်ဖျက်ဆီးတာမျိုးတော့ ရခိုင်ပြည်သူတွေကလည်း လက်မခံပါဘူး။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တွေ မဟုတ်ဘူး။
ဆိုတော့ ဒီလုပ်ရပ်တွေကို ဘယ်သူတွေက ကြိုးကိုင် လှုပ်ရှားနေတာလဲ။ စစ်တွေမြို့ဆိုတာ ကျဉ်းကျဉ်းလေးပါ။ ဘယ်သူ ဘာလုပ်လဲ ဆိုတာ အကုန်သိပါတယ်။ သို့သော် တခုမှ မဆိုင်တဲ့ သူတွေကို အဖမ်းပြပြီးတော့ ကိုယ့်ကိုယ်ကို သူရဲကောင်းလိုလို ဘာလိုလို သူတွေကိုတော့ လွှတ်ပေးထားတယ်။ လိုအပ်ရင် သုံးဖို့ မွေးစားထားသူတွေတောင် ရှိတယ်။ ဒါက သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရ အဖွဲ့က အရေးယူ ဖော်ထုတ်ရဖို့ ကိစ္စပါ။ အပြစ်ရှိသူတွေကို လွှတ်ထားတယ်။ အပြစ်မရှိသူ တချို့ ထောင်ထဲမှာ သေသွားရတယ်။
တကယ်တော့ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူတွေဟာ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် နိုင်ငံရေး ကျွမ်းကျင်သူတွေပါ။ ဒါကြောင့်လည်း မဖမ်းမိ ဖြစ်နေတာပေါ့။ နိုင်ငံရေး အမြတ်ထုတ်ဖို့လုပ်တဲ့ လုပ်ရပ်တွေပါ။ ရခိုင်ပြည်သူတွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဒါကို ရခိုင်ပြည်သူတွေက သတိကြီးကြီး ထားဖို့တော့ လိုတာပေါ့။ စစ်တွေမှာ ဖြစ်တဲ့ အချိန်တုန်းက အနားယူသွားတဲ့ ၀န်ကြီးချုပ် ဦးလှမောင်တင် လက်ထက်ပေါ့။ အခု ၀န်ကြီးချုပ်ကိုတော့ စောင့်ကြည့်ရဦးမယ်။
မေး။      ။ ရခိုင် ပဋိပက္ခတွေ ဖြစ်ပြီးကတည်းက ဦးသိန်းစိန်အစိုးရ ပြောတာတွေက ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နိုင်ဖို့ ဆိုပြီးတော့ ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့တယ်၊ စီမံကိန်းတွေ အများအပြား ချပြခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာမှ ဖြစ်လာတာ မတွေ့သေးဘူး။ ဒီတော့ စောင့်ကြည့်တာ အပြင်၊ ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာမျိုး စီစဉ်ထားတာ ရှိပါသလား။
ဖြေ။       ။ အစိုးရက လက်တွေ့ အကောင်အထည် မဖော်ရင် ဥပဒေဘောင် အတွင်းကပဲ ပြောမယ်၊ ဆိုမယ်၊ တိုက်တွန်းမယ်၊ လူထု ဆန္ဒဖော်ထုတ်တာတွေ လုပ်သွားမှာပါ။ ကျနော်တို့ ပါတီအနေနဲ့သော် လည်းကောင်း၊ ရခိုင် ပြည်သူလူထုမှာသော် လည်းကောင်း လုပ်ပိုင်ခွင့် အာဏာ မရှိပါဘူး။ အဓိက ကတော့ အာဏာ ပြဿနာပါ။
မေး။      ။ RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) နဲ့ ALD (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်) တို့ကို ANP ပါတီအဖြစ် ပေါင်းစည်းလိုက်ပြီ ဖြစ်ပေမယ့် ပါတီရဲ့ မူဝါဒတွေ၊ သဘောထားတွေကို ရခိုင် ပြည်သူလူထုကို ရှင်းလင်းတင်ပြတာတွေ အားနည်းတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့ နှေးကွေးနေရတာက ဘာကြောင့်ပါလဲ။
ဖြေ။       ။ ANP ပါတီ အနေနဲ့ မူဝါဒ အသစ်အဆန်းတွေ မရှိသေးပါဘူး။ အရင်တုန်းက RNDP နဲ့ ALD တို့ရဲ့ မူဝါဒ အတိုင်းပဲ ရှိပါတယ်။ အဲဒါတွေကတော့ ရခိုင်ပြည်သူတွေ ဖွံဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အခြေခံမူတွေနဲ့ပဲ သွားနေတုန်းပါ။ ဒါပေမယ့် မြို့နယ် အဆင့်၊ ကျေးလက် အဆင့် ANP ပါတီ ရုံးတွေ ဖွင့်နေပါတယ်။ စက်တင်ဘာလမှာ ပါတီညီလာခံ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
အဲဒီ ညီလာခံကြီးကပဲ ပြည်သူလူထု တရပ်လုံးက လက်ခံနိုင်လောက်တဲ့ ခေါင်းဆောင်တွေ ရွေးမယ်၊ လာမည့် ရွေးကောက်ပွဲ အတွက် အမတ်လောင်းတွေ ရွေးမယ်။ လက်ရှိ အမတ်တွေထက် တကယ့်ဒေါင်ဒေါင်မြည်တဲ့ အမတ်တွေ၊ မိမိကိုယ်ကျိုးကို မကြည့်တဲ့သူ၊ စစ်တပ်ကို မကြောက်တတ်သူ၊ ရခိုင်ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မယ့်သူ စတဲ့ အရည်အချင်းတွေ ပြည့်ဝတဲ့ အမတ်တွေ ပေါ်ထွက်လာဖို့ မူဝါဒတွေ ချမှတ်သွားဖို့ ရှိပါတယ်။
မေး။      ။ ပြီးခဲ့တဲ့ ကျောက်ဖြူ ညီလာခံက ချမှတ်ခဲ့တဲ့ မူဝါဒတွေ၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် အရာတွေကို အခုချိန်ထိ ရခိုင်ပြည်သူတွေဆီကို အသေးစိတ် ရှင်းလင်း တင်ပြတာမျိုး မရှိသေးဘူးလို့ သိရတယ်။ ဘာကြောင့် ကြန့်ကြာနေရတယ် ဆိုတာလဲ သိပါရစေ။
ဖြေ။       ။ ကျောက်ဖြူ ညီလာခံက ချမှတ်ခဲ့တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ရုံးတခုဖွဲ့ဖို့ ဆောင်ရွက်နေပါတယ်။ ညီလာခံ ကျင်းပခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး၊ စာအုပ်တွေ၊ ဗီဒီယိုခွေတွေ ဖြန့်ပေးနေပါတယ်။ စစ်တွေမြို့မှာ ဖက်ဒရယ်ဆိုင်ရာ Workshop တခုကို မကြာခင် လုပ်ဖို့ ရှိပါတယ်။
မေး။      ။ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ် အတွင်းက စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ANP ပါတီ ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို မကြာခဏ သွားနေတာ ရှိပါတယ်။ တခြားနိုင်ငံတွေရဲ့ ခရီးစဉ်တွေ အပါအ၀င်ပေါ့။ ဒါပေမယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ ပြည်ပခရီးစဉ်တွေကို ပြည်သူတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ရှင်းလင်း ထုတ်ပြန်တာမျိုး မရှိဘူးလို့ ဝေဖန်မှုတချို့ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
ဖြေ။       ။ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီခေါင်းဆောင်တွေ နိုင်ငံခြား ခရီးစဉ်တွေ သွားကြတယ်၊ အစိုးရက လွှတ်လို့ဖြစ်စေ၊ တခြားနိုင်ငံက ဖိတ်လို့ဖြစ်စေ သွားကြတာတွေ ရှိပါတယ်။ တခါတလေ ဘယ်သူက ဘယ်ခရီးစဉ် သွားတယ် ဆိုတာတောင် ပါတီခေါင်းဆောင်ပိုင်းတွေ အချင်းချင်း မသိတာတွေ ရှိပါတယ်။ ဘယ်သူက ဘယ်နိုင်ငံ သွားတယ်၊ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာတွေ ပြန်လည်ရှင်းလင်း တင်ပြတာတွေ မရှိတာတော့ အမှန်ပါ။ အဲဒါတွေကို ANP ပါတီ ညီလာခံ ပြီးရင်တော့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်သွားမှာပါ။ ခရီးသွားမယ့် ကိစ္စတွေ၊ ပြန်လာရင် အစီရင်ခံစာ တင်ပြတာမျိုးတွေပေါ့။ ချမှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာရင် ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ်ပေါ့၊ ဘယ်လို အရေးယူမလဲ ဆိုတာတွေ ရှိလာမှာပါ။  နိုင်ငံရေး ပါတီတခုမှာ စည်းကမ်းထိန်းသိမ်းရေး ဆိုတာ အင်မတန် အရေးကြီးပါတယ်။
မေး။      ။ ၂၀၁၅ မတိုင်မီနဲ့ ၂၀၁၅ အလွန်မှာ ရခိုင် နိုင်ငံရေး၊ ရခိုင် ပြည်တွင်းရေး အခြေအနေတွေကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ။       ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်မှာ ANP က အနိုင်ရမှာပါ။ ANP ပါတီ ညီလာခံကနေ ခိုင်မာတဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေ ချမှတ်နိုင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် အရည်အချင်း ပြည့်ဝသူတွေ၊ ခေါင်းဆောင်နိုင်တဲ့ စွမ်းရည်ရှိသူတွေ ပေါ်ထွက်လာမယ်ဆိုရင် အနာဂတ် ရခိုင်နိုင်ငံရေး အခြေအနေ ကောင်းလာမှာပါ။ ဒီလိုမှမဟုတ်ဘဲ လက်ရှိ အခြေအနေအတိုင်း သွားနေမယ် ဆိုရင်တော့ ရခိုင်ပြည်သူတွေအတွက် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။
မေး။      ။ ANP ခေါင်းဆောင်ပိုင်းတွေဟာ အောက်ခြေပြည်သူတွေနဲ့ ကင်းကွာနေတယ်လို့ သိရပါတယ်။ ခေါင်းဆောင် အများစုဟာ ရခိုင်ပြည်တွင်းမှာ နေတာထက် ရန်ကုန်မှာနေတာ များတယ်။ အောက်ခြေပြည်သူတွေက သူတို့ရဲ့ အခက်အခဲတွေကို ခေါင်းဆောင်တွေဆီ တိုက်ရိုက် တင်ပြချင်ကြတာတွေ ရှိနေတယ်။ ဒီတော့ ပြည်သူတွေနဲ့ ဘယ်လို ထိတွေ့မှုမျိုးတွေ လုပ်သွားဖို့ရှိတယ် ဆိုတာလဲ သိပါရစေ။
ဖြေ။       ။ ဒီဟာက တ၀က်က မှန်သလို၊ တ၀က်ကလည်း မှားပါတယ်။ ပါတီခေါင်းဆောင်းပိုင်းတွေ သွားကြပါတယ်။ ဆွေးနွေးတာ၊ ရှင်းပြတာတွေ ရှိပါတယ်။ နောက် မြို့နယ်အဆင့်က ပုဂ္ဂိုလ်တွေကလည်း ကျေးရွာတွေအထိ အမြဲတမ်း သွားလာ ဆွေးနွေးတာတွေ ရှိပါတယ်။ တချို့ဟာတွေမှာလည်း သွားရလာရ အခက်အခဲတော့ ရှိပါတယ်။ အခုလည်း ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာတွေ ရှိပါတယ်။ အားမလိုအားမရလို့ ဝေဖန်တာမျိုးတော့ ရှိကောင်းရှိမှာပါ။
မေး။      ။ အခုဆိုရင် ရခိုင်ပြည် အတွင်းမှာ အတန်အသင့် တည်ငြိမ်နေပါပြီ။ ဆက်လက်ပြီး ရခိုင်ပြည်တ၀ှမ်း တည်ငြိမ် အေးချမ်းဖို့၊ ဖွံဖြိုးဖို့ အတွက် ရခိုင်ပြည်သူတွေကို ဘာများပြောလိုပါသလဲ။
ဖြေ။       ။ ကျနော်တို့ ရခိုင်လူမျိုးတွေမှာ အချုပ်အခြာအာဏာတွေ အဘက်ဘက်က ကျဆုံးနေတာ ကြာပါပြီ။ ဒီတော့ ရခိုင် ပြည်သူတွေကို ပြောချင်တာကတော့ အဘက်ဘက်က ယိုယွင်းပျက်စီးနေတဲ့ လူမျိုးတမျိုးကို ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတမျိုးအဖြစ် ရပ်တည်မယ် ဆိုရင် တကယ့် တည်တည်ငြိမ်ငြိမ်နဲ့၊ စည်းနဲ့ကမ်းနဲ့ နိုင်ငံရေး အသိနဲ့ ဖြည်းဖြည်းချင်း ချီတက်မှ ရမှာပါ။ အခုလိုမျိုး သူများတွေက မြှောက်ပေးတိုင်း ထင်ရာမြင်ရာ လျှောက်လုပ်နေမယ်ဆိုရင်၊ မင်းမဲ့စရိုက် ဆန်ဆန် စည်းမဲ့ကမ်းမဲ့ လုပ်နေမယ်၊ လုပ်နေလို့ကတော့ ရခိုင်တွေဟာ ကျွန်သက်ရှည်တဲ့ ဘ၀နဲ့ပဲ သွားနေကြရဦးမယ် ဆိုတာကို အသိပေးချင်ပါတယ်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Monday, July 14, 2014

လင်းမြွေတောင်၊ ကွင်းအမှတ်(၈၁၉) ပြသနာ တပ်မတော် အကြီးအကဲများ ဖြေရှင်းပေးစေလို

farm-confiscation
( ရခိုင်မှ တပ်သိမ်းမြေ တစ်ခုတွင် ဆိုင်းဘုတ် တစ်ခုကိုတွေ့ရစဉ်)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာ လင်းမြွေတောင်အနီးရှိ ကွင်းအမှတ်(၈၁၉)တွင်  ဒေသခံ လယ်သမားများနှင့် တပ်ကလာသူ တစ်ဦးတို့အကြား လယ်လုပ်ပိုင်ခွင့် အငြင်းပွားနေသဖြင့် ဒေသအတွင်းမှ တပ်မတော် အကြီးအကဲများ အနေဖြင့် ကြားဝင် ဖြေရှင်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။
လင်းမြွေတောင် ကွင်းအမှတ် (၈၁၉) ကို ၁၉၉၄ ခုနှစ်တွင် အစိုးရမှ ကျောက်တော်သကြားစက်စီမံကိန်း အတွက် ကြံစိုက်ပျိုးရန် အသုံးပြုခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကြံစိုက်ပျိုး၍  မအောင်မြင်သဖြင့် အသုံးမပြုဘဲ ထားစဉ် ထိပ်ဝပြင်ကျေးရွာမှ လယ်သမားများက ခုတ်ထွင် ရှင်းလင်းပြီး လယ်ယာစိုက်ပျိုးခဲ့ကြောင်း ထိပ်ဝပြင် ကျေးရွာမှ လယ်သမားအရေး ဆောင်ရွက်နေသူ ဦးထွန်းသာစိန်က ပြောသည်။
ထိုသို့ လုပ်ကိုင်နေစဉ် ၂၀၀၃ ခုနှစ်က အဆိုပါလယ်မြေများအား ကျောက်တော် အခြေစိုက် (၃၇၄) တပ်ရင်းမှ မြေလွတ်မြေရိုင်းဟု ဆိုကာ သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ယင်းတပ်ရင်းမှ ယခင် လယ်လုပ်ကိုင်နေသူ ဦးခင်မောင်ဝင်း၊ ဦးတင်မောင်ဝင်း၊ ဦးအောင်ကျော်တင် သုံးဦးအား ပြန်လည် ငှားရမ်းကာ သီးစားချစနစ်ဖြင့် လုပ်ကိုင်စေခဲ့ကြောင်း သူက ဆက်ပြောသည်။
၂၀၁၄ ခုနှစ် မေလ ၂၀ နေ့တွင် ငှားရမ်းလုပ်ကိုင်နေသူ လယ်သမားများအား ၎င်းလယ်မြေမှ ဖယ်ရှားပေးရန် စစ်တပ်မှ အကြောင်းကြားလာကြောင်း၊ ၎င်းနေ့ ညနေ  (၁၀)နာရီခန့်တွင် အမှတ် (၃၇၄) တပ်ရင်းမှ ဗိုလ်ကြီး သန့်ဇင်ဝင်း အပါအဝင်  စစ်သား (၇)ဦးက ကွင်းအမှတ် (၈၁၉) သို့ ရောက်ရှိလာပြီး ယင်းကွင်းတွင် လယ်လုပ် နေသူ ထိပ်ဝပြင်ရွာမှ လယ်သမားများဖြစ်သည့် ဦးခင်မောင်ဝင်း၊ ဦးတင်မောင်ဝင်း၊ ဦးအောင်ကျော်တင်တို့အား အနီးအနားရှိ မကျည်းကုန်းစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းစခန်းတွင် ၎င်းလယ်သမား (၃) ဦးကို ရိုက်ပုတ် နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ထိပ်ဝပြင်ကျေးရွာမှ ဦးထွန်းသာစိန်က ပြောဆိုသည်။
ယင်းပြင် ဗိုလ်ကြီး သန့်ဇင်ဝင်းနှင့် အဖွဲ့မှ ၎င်းလယ်မြေများမှာ တပ်ရင်းပိုင် မြေ ဖြစ်သည်ဟုဆိုကာ နေထိုင်၍ မရကြောင်း၊ နေထိုင်ပါက အသေသတ်ပစ်၍ ရကြောင်း  ခြိမ်းခြောက် ပြောဆိုခဲ့မူများလည်း ရှိခဲ့သည်ဟု ဆိုသည်။
နောက်တစ် မေလ ၂၁ ရက်နေ့တွင် သူတို့ (၃) ဦးအား ပြန်လည် လွှတ်ပေးခဲ့ပြီး ၎င်းနေ့တွင်ပင် အဆိုပါလယ်မြေအား ပုဒ်မ (၁၄၄)  မကျူးကျော်ရ တပ်နယ်မြေဟုဆိုကာ ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း ဆက်လက်ပြီး ဦးသာထွန်းစိန်မှာ ပြောကြားသည်။
ထိုကဲ့သို့ ဆိုင်းဘုတ်များ စိုက်ထူပြီးနောက် လယ်သမား (၃) ဦးမှာ ကြောက်လန့်ပြီး တဲများကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြရသည်ဟု ဆိုသည်။
“ စာကပ်တဲ့နေ့က စပြီး လယ်သမားတွေဟာ သူတို့နေတဲ့ တဲတွေမှာ မနေရဲတော့ဘူး။ အပြင်မှာ ရှောင်နေကြရတယ်။ သူတို့နေတဲ့ တဲတွေမှာ ကျန်နေခဲ့ကြတဲ့ ကြက်တွေ၊ ဆန်တွေကအစ ဘာမှမရခဲ့ဘူး” ဟု ဦးသာစိန်ထွန်းက ဆိုသည်။
ယင်းနောက်ပိုင်းတွင် ကျောက်တော်အခြေစိုက် တပ်မ (၉) သို့ သွားရောက်ပြီး လယ်သမားများက သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို တိုင်တန်းခဲ့သည်ဟုဆိုသည်။ ထိုသို့ တိုင်ကြားပြီးနောက် တပ်မ (၉) မှ အမှတ် (၃၇၄) တပ်ရင်းမှူးအား ခေါ်ယူပြီး ယင်းအမူအား စစ်ဆေးစေခဲ့သည်ဟု ဆိုသည်။
ထိုသို့ စစ်ဆေးစဉ် တပ်ရင်းမှူးမှ လယ်သမားများအား စစ်သားများမှ ရိုက်နက် ညှဉ်းပမ်းမူ လုပ်တာ မှန်ကန်သလားဟု မေးမြန်းရာ မှန်ကန်ကြောင်း ပြောဆိုသဖြင့် လယ်သမား (၃) ဦးမှ ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးခဲ့ရသည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိပ်ဝပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ လယ်သမား (၃) ဦးအား အမှတ် (၃၇၄)  တပ်ရင်းမှ ဗိုလ်(၁) ဦးနှင့် တပ်သား(၇)ဦးတို့ မှ ခေါ်ယူ ရိုက်နှက် သတ်ပုတ်ခြင်းမှာ မှန်ကန်ကြောင်းနိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
သို့သော်လည်း လယ်သမား (၃) ဦးအား ခေါ်ယူ ရိုက်နှက် သတ်ပုတ်ခဲ့သူ စစ်သားများကို အရေးယူခြင်း ရှိ မရှိကို အတိအကျ မသိရကြောင်း သူက ဆိုသည်။
ထိုသို့ ပြသနာ ဖြစ်ပွားနေသော လင်းမြွေတောင် ကွင်းအမှတ် (၈၁၉) သို့ ယခုအခါ ယင်းရွာတွင် အိမ်ထောင်ကျနေသူ အမှတ် (၃၇၄) တပ်ရင်းမှ တပ်သားတင်အောင် ဆိုသူ ရောက်ရှိလာပြီး ယင်းမြေပေါ်တွင် လယ်တက်ထွန် နေသည်ဟု သိရသည်။
“  တပ်မရဲ့ အမိန့်နဲ့ လယ်မြေတွေကို  လုပ်ကိုင်နေတာ မဟုတ်ပါ။ သူဟာသူ အမှတ် ( ၃၇၄)  တပ်က လို့ ပြောဆိုပြီး လယ်တက်ထွန်နေတာ ဖြစ်ပါတယ်” ဟု ထိပ်ဝပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
လယ်သမား (၃) ဦးအနေဖြင့် သူတို့ လုပ်ကိုင်စားသောက်နေသော လယ်မြေအား လက်လွတ်ဆုံးရှုံးရမည် ဆိုပါက တခြား လုပ်စရာအလုပ်လည်း မရှိသဖြင့် အထူးအခက်အခဲကြုံတွေ့ရနိုင်သည်ဟု လယ်သမား (၃) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းမှ ဆိုသည်။
“ကျွန်တော်တို့က အဲဒီလယ်တွေကို လုပ်စားလာတာကြာပြီဆိုတော့ ကျနော်တို့မှာ အခြားလုပ်စရာလည်း မရှိတော့ဘူးလေ။ ကျနော်တို့ တော်တော်ကို အခက်ကြုံနေရပါတယ်။ ကျွန်တော်တို့က လယ်တွေကိုပြန်ပြီး လုပ်ကိုင်ချင်ပါတယ်။ တခြားလုပ်စရာလည်း ဘာမှမရှိဘူးဆိုတော့ ကျနော်တို့က လယ်ကိုပဲ မှီခိုပြီး လုပ်ကိုင် စားသောက်နေရတာပါ။ ဒါကြောင့် တပ်မတော်အကြီးအကဲတွေက သနားသက်ညှာသော အားဖြင့် ကျွန်တော်တို့ကို ပြန်ပြီး လုပ်ကိုင်စားသောက်ခွင့် ပြုပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ တပ်ကို အရင်အတိုင်း စပါးသွင်းရမယ်ဆိုရင်လည်း ကျွန်တော်တို့ ပေးသွင်းသွားပါ့မယ် ”ဟု  ဦးခင်မောင်ဝင်းမှ ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  ၎င်းလယ်သမားများမှ ကျောက်တော် တပ်မမှူးထံ အသနားခံထားပြီး လယ်ယာမြေ စုံစမ်း စစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းအားလည်း စာရေး တိုင်တန်း ထားကြောင်း သိရသည်။
လင်းမြွေတောင် ကွင်းအမှတ် (၈၁၉) သည်  ၁၁ ဧက ခန့် ကျယ်ဝန်းပြီး မြောက်ဦးမြို့နယ်အတွင်း တည်ရှိကာ သိမ်းယူထားသောတပ်ရင်းမှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မင်းပြားမြို့နယ်တွင် တပ်ကပြန်ပေးသည့် လယ်မြေဧကနည်းလွန်း၍ ရွာသားများလက်မခံဟုဆို

field
စစ်အစိုးရခေတ်တွင် မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းကျေးရွာလယ်သမားများထံမှ စစ်တပ်က သိမ်းယူခဲ့သော လယ်မြေများအထဲမှ တစ်ချို့အား ပြန်စွန့်လွှတ်ရာ ပြန်ပေးသည့် လယ်မြေဧကမှာ နည်းလွန်းသဖြင့် ကြောင်ရှည်ချောင်း ရွာသားများအနေဖြင့် လက်ခံသွားမည်မဟုတ်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောဆိုသည်။
စစ်တပ်က သိမ်းယူထားသွားသော လယ်မြေဧက (၁၀၀၀) နီးပါးထဲမှ (၁၃၅)ဧကကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဟု မင်းပြားမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဇွန်လ(၁၇)ရက်နေ့နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာ ဇွန်လ (၁၉) ရက်နေ့တွင် စာထုတ်သည်မှာ မှားယွင်းသွားသည်ဟု ဆိုကာ (၇၅)ဧကကိုသာ ပြန်ပေးတော့မည်ဟု ပြောဆိုလာသဖြင့် ရွာသားများက ထိုလယ်မြေ(၇၅)ဧကကို လက်မခံကြတော့ကြောင်း၊ လက်ခံရန် ငြင်းဆိုနေကြကြောင်း ကြောင်ရှည်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှက ပြောသည်။
“သိမ်းထားတဲ့မြေတွေထဲက (၁၃၅) ဧကလုံးကို ပြန်ပေးတယ်ဆိုပြီး ဇွန်လ(၁၇)ရက်နေ့က မြို့နယ် အုပ်ချုပ်ရေး ဌာနက အကြောင်းကြားစာ ရောက်လာတယ်။ ဇွန်လ (၁၉)ရက်နေ့ရောက်တော့ စာထုတ်တာ မှားသွားတယ် (၇၅)ဧကတည်းပေးမယ်ဆိုပြီး မြို့နယ်က ပြန်အကြောင်းကြားလာတယ်။အဲ့ဒီမှာ ရွာသားတွေက (၇၅) ဧက ဆိုရင် မယူတော့ဘူးဆိုပြီး ဖြစ်ကုန်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း လက်မှတ်မထိုးခိုင်းတော့ဘူး” ဟု သူက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထံသို့ နိရဉ္စရာမှ ဆက်သွယ် မေးမြန်းခဲ့ရာ သူက ယခုလို ပြောဆိုသည်။
“  ကျွန်တော်တို့က မှားယွင်းပြီးတော့ ပေးမိလိုက်တာပါ။တပ်ကတော့ လာပြောပြတယ်ပေါ့။ သူတို့ပေးတာ (၇၅)  ဧကတည်းဆိုပြီး ကျွန်တော်တို့ကို အထောက်အထားတွေနဲ့ လာပြန်ပြတယ်ပေါ့။အဲ့ဒီတော့ ကျွန်တော်တို့ ပြင်ဆင်တဲ့စာကို ပြန်ထုတ်ပေးလိုက်တာပါ၊ကျွန်တော်တို့မှားပြီးတော့ ပြောမိတာကို ရွာသားတွေက အတည် ယူပြီးတော့ (၇၅)ဧက ဆိုရင် မယူတော့ဘူး။ (၁၃၅)ဧကရမှ ယူမယ် အဲသလို ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း ဒါတွေကို အကုန်ရှင်းပြထားပြီးပါပြီ။ ပြီးခဲ့တဲ့ လကုန်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာမြေ အသုံးချမှု ကော်မတီကို ပြောပြီးပါပြီ” ဟုပြောသည်။
ယခု စစ်တပ်က ပြန်စွန့်လွှတ်လိုက်သော လယ်မြေ(၇၅)ဧကကို ရွာသားများအနေဖြင့် လက်ခံရမည်ဖြစ်ကြောင်း ဦးအောင်နိုင်က ဆက်ဆိုသည်။
“သူတို့က လက်မခံလို့မရဘူး။ တပ်က ဒါပဲစွန့်တယ်ဆိုရင် ဒါပဲလက်ခံရမှာလေ။ လက်မခံဘူးဆိုလို့တော့မရဘူးခင်ဗျ။ လက်မခံဘူးဆိုတာကတော့ သူတို့အပိုင်းပေါ့နော်။ ကျွန်တော်တို့က ကျေးရွာမြေအသုံချမှုကော်မတီကို ချပေးလိုက်တာပေါ့။ အဲဒီကော်မတီကပဲ စိစစ်ပြီး ပြန်တင်ပြပေးရမှာပေါ့” ဟု ဆိုသည်။
ကြောင်ရှည်ချောင်းကျေးရွာမှ လယ်မြေဧက (၁၀၀၀) နီးပါးကို ၁၉၉၆ ခုနှစ်တွင် မင်းပြား အခြေစိုက် အမှတ် ၅၄၁ တပ်ရင်း၊ အမှတ် ၃၇၉ တပ်ရင်း၊အမှတ် ၃၈၀ တပ်ရင်းနှင့် မြေစာရင်းဌာနတို့မှ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ယင်းလယ်မြေထဲမှ (၁၃၅) ဧကကို ပြန်ပေးမည်ဟု အစပိုင်းတွင် တရားဝင် အကြောင်းကြားစာပို့လာပြီး နောက် (၂) ရက်အကြာတွင် (၇၅) ဧကကိုသာ ပေးတော့မည် ဖြစ်ကြောင်း ပြောဆိုလာသဖြင့် ကျေးရွာသားများက မကျမနပ် ဖြစ်ကာ နောက်ဆုံးပေးမည်ဆိုသော (၇၅) ဧကကိုလည်း လက်ခံရန် ငြင်းဆိုကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 9, 2014

တိုင်းမှူးအသစ် ဗိုလ်ချုပ် အောင်လင်းဒွေး မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကိုစစ်ဆေး

border-fence-in-burma
ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခံရသူ ဗိုလ်ချုပ်အောင်လင်းဒွေးသည် ရခိုင်ကိုရောက်ရှိသည့်နှင့် ချက်ချင်း မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကို သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။
ယခင်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်၏ နေရာတွင် ပြောင်းရွှေ့ တာဝန် ခန့်အပ်ခံရသူ ဗိုလ်ချုပ် အောင်လင်းဒွေးသည် မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် မောင်တောမြို့နယ်မှ ချင်းပြည်နယ် ပလက်ဝ မြို့နယ်
ထိ များမကြာမီက သွားရောက်ခဲ့ပြီး  နယ်စပ် ကင်းစခန်းများ၊ ဒေသအခြေအနေများကို သွားရောက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။
မောင်တောမြို့နယ်အတွင်း တောင်ပြိုမြို့နယ်ခွဲ၊ ၀က်ကျိန်း၊ ငခူရ၊ ရွက်ညိုးတောင်၊ ကြိမ်ချောင်းအပါအ၀င် ရခိုင် ကျေးရွာများနှင့် နတလ စံပြကျေးရွာများသို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
တစ်ဘက်တွင်လည်း မိုင်ပေါင်း ၁၀၀ ကျော်ရှည်လျားသည့် နယ်စပ်တလျှောက်တွင် ဆောက်လုပ်နေသည့် ခြံစည်းရိုးကာရန်မှုများကိုလည်း လေ့လာခဲ့ကြောင်း မျက်မြင်များက ပြောသည်။
ဗိုလ်ချုပ် အောင်လင်းဒွေးမှာ ယခင် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်၏ နေရာတွင် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ် ဦးလှမောင်တင် အပြောင်းအလဲ ဖြစ်ပြီးနောက် နောက်ထပ် အဆင့်မြင့် တာဝန်ရှိဆုံး နေရာ တစ်ခုဖြစ်သည့် အနောက်ပိုင်းတိုင်း တိုင်းမှူးနေရာကိုလည်း
ဗဟို အစိုးရက အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နပခတိုင်းမှူးအသစ် မြန်မာ-ဘင်္ဂလားနယ်စပ် ခြံစည်းရိုး ကာရံနေမှု စစ်ဆေး



ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးအနီးရဲဝန်ထမ်းတစ်ဦး(ဓာတ်ပုံ − အီးပီအေ)
အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် (နပခ) တိုင်းမှူးအဖြစ် ဇူလိုင် ၁ ရက်က ခန့်အပ်ခံခဲ့ရသည့်ဗိုလ်ချုပ် အောင်လင်းဒွေးသည် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် နယ်စပ်စည်းရိုးကာရံနေမှုတို့ကို ပထမဆုံးအကြိမ် သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှာ ဗိုလ်ချုပ် ကိုကိုနိုင်ဖြစ်ပြီး ၎င်းအား အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ပြီးနောက်  ဗိုလ်ချုပ် အောင်လင်းဒွေးမှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ် လာသည်။

ရခိုင်ပြည်နယ်တွင် ၀န်ကြီး ချုပ်အသစ်အဖြစ် ဗိုလ်ချုပ်မောင် မောင်အုန်းအား ခန့်အပ်ခဲ့ပြီး တစ် ပြိုင်တည်းလိုလိုပင် ယခုကဲ့သို့ တိုင်းမှူးအပြောင်းအလဲ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
‘‘မြန်မာဘင်္ဂလားဒေ့ရှ် နယ် စပ်တစ်လျှောက်မှာ ခြံစည်းရိုး ကာရံနေမှုနဲ့ လမ်းကြောင်းတွေကို အဓိက လာစစ်ဆေးတာဖြစ်ပါ တယ်။ တိုင်းမှူးအဖြစ် ပြီးခဲ့တဲ့ တစ်ပတ်ကျော်က စတင်ခန့်အပ် ခဲ့တာဖြစ်လို့ ပထမဆုံးအကြိမ် လာရောက်စစ်ဆေးခြင်းဖြစ်တယ် လို့ ယူဆရပါတယ်’’ ဟု နယ်ခြား စောင့်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာ ရှိကြီးတစ်ဦးက အတည်ပြုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်တစ်လျှောက်မှာ မိုင်ပေါင်း ၁၆၀ ကျော် ရှည်လျားပြီး ယခုအ ခါ တပ်မတော် ဆောက်လုပ်ရေး တပ်မှ စည်းရိုးကာရံနေမှုမှာ တစ် ၀က်ခန့် ပြီးစီးလုနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်  ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်ရန် နှစ်နိုင်ငံ စီစဉ်နေပြီး ပြီးခဲ့သည့်လက ဖြစ် ပွားခဲ့သည့် နယ်စပ်အရေး တင်း မာမှုများကြောင့် နှစ်နိုင်ငံ နယ် ခြားစောင့်တပ်ဖွဲ့ဝင်များ အစည်း အဝေးကို နေပြည်တော်တွင် ပြု လုပ်ခဲ့ရသည်။
(သတင်းအရင်းအမြစ်- 7 Days News)

မင်းပြားမြို့နယ်တွင် စစ်တပ် ပြန်ပေးသောမြေများကို တာဝန်ရှိသူများက မူလပိုင်ရှင်ကိုမပေးဘဲ ဘင်္ဂလီများကိုငှားစားနေဟုဆို

min-bya
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်တပ်က ပြန်ပေးသော လယ်မြေများကို မင်းပြားမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများမှ မူလပိုင်ရှင် ရခိုင် လယ်သမားများအား ပြန်မပေးဘဲ ဘင်္ဂလီကျေးရွာသားများကို တစ်ဧက ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
“ ကျွန်တော်တို့ လယ်သမား (၇) ဦးကို စစ်တပ်က ပြန်ပေးထားတဲ့ စာအတိအကျ ရှိပါတယ်။ အခု အဲဒီလယ်တွေကို ကျွန်တော်တို့ မရဘဲ နာဂရာကျေးရွာမှ ဘင်္ဂလီတွေက တက်ထွန်နေပါတယ်။ အဲဒါ မြို့နယ် တာဝန်ရှိသူတွေနဲ့ ကျေးရွာက တာဝန်ရှိသူတွေ ပေါင်းပြီ ဌားပီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ တစ်ဧက ကျပ် (၅၀၀၀၀) နုန်းနဲ့လို့ကြားပါတယ်” ဟု မူလ လယ်မြေပိုင်ရှင် ဦးမောင်ပျော့က ဆိုသည်။
လယ်မြေများကို စစ်တပ်က မူလပိုင်ရှင် လယ်သမားများအား ပြန်ပေးခြင်းနှင့် ပတ်သက်ပြီး သိရှိရသည်မှာ  “အမ်းမြို့ အခြေစိုက်  အမှတ် (၃၇၄) အမြောက် တပ်ရင်းမှ စာအမှတ် ၃၇၄/  ၃၀ / ၂၁ ထောက် ( ၅) – ရက်စွဲ ၂၀၁၄ ခုနှစ်မေလ ၃၁ ရက်နေ့စွဲဖြင့် မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ သိမ်းဆည်းမြေများ ပြန်ပေးကြောင်း စာဖြင့် အကြောင်းကြားလာကြောင်း၊  စာထဲတွင် အမှတ် (၃၇၄) အမြောက်တပ်ရင်းမှ မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု လယ်သမား (၇) ဦးထံမှ သိမ်းဆည်းထားသော လယ်မြေ (၃၂) ဧက အား မူလပိုင်ရှင် အောက်ဖေါ်ပြပါ လယ်သမားများအား ပြန်လည် ပေးအပ်ပြီ ဖြစ်ပါကြောင်း၊ မူလပိုင်ရှင် လယ်သမားများမှာ (၁) ဦးမောင်ပျော့ -  ၆ ဧက  (၂) ဦးငကျော်မောင် – ၅ ဧက၊ (၃) ဦးမောင်ပု – ၄ ဧက၊ (၄) ဦးစိန်ထွန်းလှ – ၄ ဧက ၊ (၅) ဦးကျော်သိန်း- ၆ ဧက၊ (၆) ဦးမောင်သိန်းထွန်း -၃ ဧက (၇)  ဦးကျော်ထွန်းလှ – ၄ ဧက တို့ဖြစ်ပါကြောင်း” ဟု ပါရှိသည်ဟု သိရသည်။
ယခုအခါ ယင်းလယ်မြေ (၃၂) ဧကကို ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး (၁) ဧကကို ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားထားသဖြင့် ဘင်္ဂလီ လယ်သမား (၈) ဦးက ၎င်းလယ်များတွင် လက်ရှိ အချိန်တွင် လယ်တက်ထွန်နေကြကြောင်း ကျေးရွာသားများက စွပ်စွဲ ပြောဆိုသည်။
လယ်မြေများကို ဌားရမ်း လုပ်ကိုင်ခွင့်ရနေသူ ဘင်္ဂလီများမှာ (၁) ဦးကျော်သိန်း (ဘ) ဦးအာချော်ဂျာ- သရက်အုပ်ကျေးရွာ (၂) ရော်ဘီအာလောင် (ဘ) ဦးနာဂူ – နာဂရာပြင်ရွာ (၃)  ဦးအာဘူ (ဘ) ဦးမော်ဒူလာမောက် – နာဂရာပြင် ကျေးရွာ ( ၄) ဦးကာလာ (ဘ)  မာမောက်ဇောဒိန် – နာဂရာပြင်ရွာ ( ၅)   ဦးမောင်ဒူလှ (ဘ) ဦးမောင်သိန်း – နာဂရာပြင်ရွာ (၆)  ဦးနာဂရာ (ဘ) ဦးမော်တူမောက် နာဂရာ (၇) သဲရာဇူး (ဘ) ဦးနူဂူလ်ဆင် (၈) အီဆူး (ဘ) နာဂရာပြင်ရွာတို့ ဖြစ်ကြသည်ဟု သိရသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး နာဂရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြသန်းထံ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာသူက ယခုလို ပြောသည်။
“ ဒီမြေက စားကျက်မြေတွေ ဖြစ်ပါတယ်။ အခုက နှစ်ဘက်စလုံးကို လယ်မထွန်ဖို့ တားထားပါတယ်။ ကျွန်တော်နဲ့ ဒီပြသနာနဲ့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်မှာ ဒီလို ဌားရမ်းပိုင်ခွင့် အာဏာလည်း မရှိပါဘူး။ ကျွန်တော်နဲ့ မဆိုင်ပါ” ဟု သူက ဆိုသည်။
ယခုပြဿနာနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်ထံ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ကျွန်တော်ဆီကို စာရွက် စာတန်း အထောက်အထားတွေနဲ့ တိုင်ကြားစာတွေ ရောက်နေပါတယ်။ ရခိုင်လယ်သမားတွေက ထိပ်တိုက်ဖြစ်ရင် ပြသနာ ကြီးကျယ်လာမှာ ဖြစ်တဲ့ အတွက် လယ်သမားတွေက စာရေးပြီး အထက်ကို တိုင်ကြားထားပါတယ်” ဟု ဆိုသည်။
မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ ရုံးစာရေးမ တစ်ဦးမှ အုပ်ချုပ်ရေးမှူး ခရီးထွက်သွားသည်ဟု ပြောဆိုသဖြင့် မိုဘိုင်းဖုန်းမှ တဆင့် တိုက်ရိုက်ဆက်သွယ်ရ ဧရိယာ အပြင်သို့ ရောက်ရှိနေသည်ဟု ဖုန်းထဲမှအကြောင်း ပြန်ကြားသည်။ သို့အတွက် ယခု ပြသနာနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး၏ ပြောဆိုမူကို တင်ပြနိုင်ခြင်း မရှိပါ။
ယခု ဖြစ်ပေါ်နေသော အရေးနှင့် ပတ်သက်ပြီး မလိုလားအပ်သော ပြသနာများ ထပ်မံ ပေါ်ပေါက်လာနိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, June 30, 2014

စစ်တပ်က ပြန်ပေးမြေ အငြင်းပွားမူကြောင့် မင်းပြား- ဗလိပေါက်ရွာတွင် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေ ရှိနေ

paddy-in-arakan
ရခိုင်ကျေးလက်တောရွာ တစ်ရွာရဲ့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာတွင် စစ်တပ်က ပြန်ပေးသော လယ်မြေများနှင့် ပတ်သက်ပြီး ရွာသားများအကြား အငြင်းပွားမူ ပေါ်ပေါက်နေကာ ရွာသားများ အကြား တစ်ဘက်နှင့် တစ်ဘက် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေသို့ ရောက်ရှိနေသည်ဟု သိရသည်။
“ အခု စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ အကုန်လုံးကို ပြန်ပေးပါတယ်။ စုစုပေါင်း လယ် ၄၂၃ ဧက ဖြစ်ပါတယ်။ ရွာသားတွေကို တစ်အိမ်ထောင်ကို ၁ ဒသမ ၃၅ ဧကစီ ခွဲဝေပေးပါတယ်။ အဲသလို ခွဲဝေပေးနေတဲ့ အချိန်မှာ စစ်တပ်က အရင် သီးစားချခဲ့တဲ့ ရွာသား ၉ ဦးက ဒီလယ်တွေပေါ်မှာ အတင်းအဓမ္မ တက်ထွန်တဲ့ အတွက် ရွာသားတွေအကြားမှာ ပြသနာတွေ ပေါ်ပေါက်နေပါတယ်” ဟု အမည်မဖေါ်လိုသူ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေမှ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဗလိပေါက်ကျေးရွာရှိ ၎င်းမြေများအား လယ်သမားများအားခွဲဝေပေးရန် ညွှန်ကြားခဲ့ကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ၎င်းမြေများကို မြို့နယ် မြေစာရင်း ဦးစီးဌာနမှ လ၀က မှ သတ်မှတ်ထားသော အိမ်ထောင်စု အလိုက် တောင်သူများကို တစ်အိမ်ထောင် ၁ ဒဿမ ၃၅ ဧကစီ ဖြင့်ခွဲဝေပေးခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ထိုသို့ ခွဲဝေပေးသည်ကို မကျေနပ်သော ဗလိပေါက်ကျေးရွာမှ ဦးစံလှထွန်း၊ ဦးစံရွှေမြ၊ ဦးထွန်းသိန်းမောင်၊ ဦးမောင်မောင်စော၊ ဦးငလုံးချေ၊ ဦးနီအောင်ကျော်၊ ဦးဝိဇ္ဇာအောင်နှင့် တုတ်ပင်လယ်ကျေးရွာမှ ဦးမဲအောင်၊ ဦးကျော်သိန်းလှတို့က ၎င်းသဘောဖြင့် ၎င်းတို့ လယ်မြေများကို တက်ရောက် ထွန်ယက်နေသည်ဟု ယင်းလယ်သမားက ဆိုသည်။
“ သူတို့က စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့ကို (၆) ဧကစီ ပေးရမယ်ဆိုပြီး တောင်းဆိုပါတယ်။ သူတို့ကို ၁ ဒသမ ၃၅ ဧက ပေးတာကို မကျေနပ်တဲ့ အတွက် လယ်မြေတွေကို ခွဲဝေပေးနေတဲ့ အချိန်အတွင်းမှာဘဲ လယ်တွေပေါ်မှာ လယ်တက်ထွန်နေကြတာ ဖြစ်ပါတယ်။  ဒီမြေတွေက စစ်တပ် မသိမ်းခင်က ရွာသားတွေ ဘုံပိုင်တဲ့ မြေတွေဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
လာမည့် အဂါင်္နေ့တွင် ကျန်နေသော ရွာသားများကလည်း ၎င်းလယ်မြေများပေါ်တွင် လယ်ထွန်ကြမည်ဖြစ်သဖြင့် တုတ်ဆွဲ-ဓါးဆွဲ ဖြစ်ကြမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။
“ အခုက ပြသနာက ကြီးလာတယ်။ အရင်စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူက စုစုပေါင်း ရွာသား (၁၁) ဦးရှိတယ်။ သူတို့ကို တစ်ယောက်ကို ၆ ဧကနုန်းနဲ့ ပေးရမယ်ဆိုရင် ဧက (၇၀) နီးပါးပေးရမယ်။ ရွာသားတွေက မပေးလိုဘူး။ လာမယ့် အင်္ဂါနေ့မှာ ရွာသားတွေလည်း ထွန်တုံးတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့ အတွက် တစ်ဘက်နဲ့ တစ်ဘက် ပြသနာ ဖြစ်မှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ရွာကျောင်းဆရာတော်ကလည်း နိရဉ္စရာသို့ မိန့်ကြားသည်။
ယခုကဲ့သို့ ပြသနာ ဖြစ်ပွားနေသဖြင့် ကျေးရွာ မြေယာခန့်ခွဲရေး ကော်မီမှ မင်းပြားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် တိုင်တန်းရာ မြို့နယ် စီမံခန့်ခွဲရေး ကော်မီတီ ဥက္ကဌ ဦးအောင်နိုင်မှ  တောင်းဆိုနေသော လယ်သမား  (၁၁)ဦးအား လယ်  ၆ ဧကစီ ပေးအပ်ရန် ပြောဆိုသည်ဟု ဆိုသည်။
ဦးအောင်နိုင်မှ ထိုကဲ့သို့  ၆ ဧကစီ ခွဲဝေပေးရန် ပြောကြားခြင်း အပေါ် ရွာသားများက မကျေမနပ် ဖြစ်နေပြီး ဦးအောင်နိုင်မှာ ၎င်းလယ်သမား (၁၁) ဦးနှင့် နားလည်မူယူကာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ပြောဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)