Showing posts with label လယ်ယာစိုက်ပျိုးရေး. Show all posts
Showing posts with label လယ်ယာစိုက်ပျိုးရေး. Show all posts

Monday, February 2, 2015

ကျောက်တော်မှာ သိမ်းဆည်းလယ်မြေတွေ စစ်တပ်က ပြန်လည်ပေးအပ်

farmers-305.jpg
ကျွဲနဲ့ လယ်ထွန်နေသော လယ်သမားတစ်ဦးပုံ
Photo: RFA
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းနဲ့ အုတ်တောင်ပြင်ရွာမှာ တပ်မတော်က သိမ်းဆည်း ထားတဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို တောင် သူတွေဆီကို ဒီကနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။

ကျောက်တော်မြို့မှာ မြို့နယ်မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီကနေတစ်ဆင့် တောင် သူတွေဆီကို ပေးအပ်လိုက်တာလို့ ကျောက်တော်မြို့ နယ် ရခိုင်အမျိုးသားပါတီရဲ့ လယ်သမားရေးရာတာဝန်ခံ ဦးမောင်ကျော်သာက ပြောပါတယ်။

"ခုပေးတာက မြို့နယ်အုပ်ချုပ်ရေးကနေ ပြီးတော့ ကျေးရွာအုပ်စု မြေယာစီမံခန့်ခွဲရေးအဖွဲ့ ကိုပေးပါတယ်၊ အဲဒီ့ကနေပြီးတော့ လယ်သမားတွေ လက်ထဲကို ပေးအပ်ပွဲလုပ်တယ်ခင်ဗျ၊ နောက်ကျန်နေသေးတဲ့ဟာတွေကိုလည်း ပြန်ပေးစေချင်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်ခင်ဗျ"

ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေးရွာက တောင်သူ ၂၈ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို အဲဒီအနီးမှာအခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်း လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်က သိမ်းဆည်းခဲ့တာဖြစ်ပြီး တောင်သူတချို့ကို သီးစားချပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ မြေယာတွေဖြစ်ပါတယ်။
တောင်သူတွေဟာ ဒီလယ်ယာမြေတွေအပေါ်မှာ ကျူးကျော်ဝင်ရောက်ထွန်ယက်မှုနဲ့ တပ်မတော်က ပြီးခဲ့တဲ့နှစ်က တရားစွဲဆိုခံခဲ့ရပြီး ငွေဒဏ်တွေချမှတ်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း ၃၀၀၀ လောက်ရှိပြီး အဲဒီအထဲက တောင်သူတွေဆီကို ပြန်လည်ပေးအပ်တာက ဧက ၂၀၀ ကျော်လောက်သာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

Thursday, January 29, 2015

ဆားငန်ရေ၀င်၍ ပေါက်တောမြို့နယ်မှ စိုက်လယ်ဧက ၄၀၀ ခန့်ပျက်စီး

ပျက်စီးသွားသော စိုက်ပျိုးမြေများကို တွေ့ရစဥိ (ဓါတ်ပုံ- နိရဉ္စရာ)
ပျက်စီးသွားသော စိုက်ပျိုးမြေများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာတွင် ဆားငန်ရေ ၀င်ရောက်ရာမှ လယ်ဧက ၄၀၀ ခန့် ပျက်စီးခဲ့ပြီး လယ်သမား ၄၀ ကျော် နစ်နာခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ ၃ ရက်နေ့ထိ ဒီရေကြီးပြီး လယ်ကွင်းများသို့ ဆားငန်ရေ များ အဆက်မပြတ် ၀င်ရောက်ရာမှ ယင်းစိုက်ပျိုး လယ်မြေများမှာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
” ကျွန်တော့် အသက် ၆၆ နှစ်ထဲ ရောက်နေပါပြီ၊ ယခုလိုအဖြစ်အပျက်မျိုး ကျွန်တော့်ဘ၀မှာ တစ်ခါမှ မကြုံဖူးပါ” ဟု ဆားပြင်ကျေးရွာမှ လယ်သမား ဦးအောင်ကျော်စိန်က ပြောသည်။
ယင်းပြင် သူက “လယ် ၁၈ ဧက လုပ်ပါတယ်။ ၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ ၃ ရက်နေ့ထိ ဒီရေကြီးပြီး ဆားငန်ရေ ၀င်သွားပါတယ်။ ဆားပြင်ကျေးရွာတစ်ခုလုံးရှိ လယ်တွေအားလုံး အငန်ပေါက်ပြီး ပျက်စီးသွားပါတယ်။ ကျွန်တော့် အသက် ၆၆ နှစ်ရှိပါပြီ၊ ဘ၀မှာ တစ်ခါမှ ဒီလို မကြုံဖူးပါဘူး။ ဆားငန်ရေ ၀င်ပြီး လယ်ကွင်းတွေလည်း အရောင်ပြောင်းသွားပါတယ်”ဟု ဆိုသည်။
မိမိမှာ အစိုးရထံမှ ဘဏ်ချေးငွေ ၆ သိန်းချေးထားပြီး ပေးဆပ်နိုင်သည့် အရည်အချင်းမရှိတော့ကြောင်း၊ မဖြစ်မနေ ဆပ်ရမည်ဆိုပါက ကျွဲနွားများကို ရောင်းပြီး ဆပ်ရမည်ဖြစ်ပြီး၊ လက်ရှိမှာ ၀မ်းစာမရှိ၊ ကောက်မျိုးမရှိ၊ လယ်လုပ်ခကိုလည်း ထက်ဝက်သာ ပေးရသေးကြောင်း ဦးအောင်ကျော်စိန်က ပြောဆိုသည်။
မိဘနှင့် အတူ လယ်လုပ်နေခဲ့သည့် သားငယ်တောင်မှ ဘ၀ ရပ်တည်ရေး အခက်အခဲကြောင့် ထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့ သွားရပါပြီဟု တစ်ခြား လယ်သမ တစ်ဦးဖြစ်သူ ဒေါ်စိန်သာနုက ပြောသည်။
“ကျွန်မက ၁၅ ဧက လုပ်ပါတယ်။ လယ်လုပ်ခနဲ့ စပါးရိပ်သိမ်းခ ငွေမရှင်းရသေးပါဘူး။ လယ်ဦးစီးလုပ်ခဲ့တဲ့ သားငယ်တောင် ထိုင်းကို အလုပ်လုပ်ဖို့ သွားရပါပြီ။ ဘဏ်ငွေ ၅ သိန်းချေးထားပါတယ်။ နွားရောင်းပြီး ဆပ်ရတော့မှာပါ။ လယ်လုပ်ခ ပေးဖို့ နွားကို ရောင်းတာတောင် ၀ယ်မယ့်သူ မရှိလို့ မရောင်းရသေးပါဘူး” ဟု သူမက ပြောသည်။
တောင်သူလယ်သမားဆိုသည်မှာ မိဘပိုင်လယ်မြေကိုချစ်၍ လယ်လုပ်စားသူဖြစ်ကြောင်း လယ်သမား ကိုမောင်သန်းဝင်းက ဆိုသည်။
“တောင်သူလယ်သမားတိုတာ မိဘပိုင်လယ်မြေကိုချစ်လို့ လုပ်စားသူတွေပါ။ မိန်းမမှာ ရှိတဲ့ ရွှေစတွေကိုပေါင်ပြီးတော့ အရင်းနှီးပြု လုပ်ခဲ့ရပါတယ်။ အသီးအနှံထွက်မည့်အချိန်မှာ ဆားငန်ရေ ၀င်သွားတဲ့အတွက် အားလုံးကုန်သွားပါပြီ၊ လုပ်အားခတောင် မိမိမှီခိုနေရတဲ့ ကျွဲနွားကို ရောင်းပြီး ပေးနေရပါတယ်။ စုဆောင်းလာခဲ့သမျှ အားလုံးကုန်ပါပြီ” ဟု ဆိုသည်။
Rakhine-village-Arakan-pic
သူက ဆက်လက်၍ အိမ်မှာ စားစရာဆန်မရှိသလို လယ်လုပ်ဖို့ မျိုးစပါးတောင် မကျန်တော့ကြောင်း၊ ဘဏ်ချေးငွေကို ဆပ်နိုင်ဖို့ လမ်းစမရှိတော့ကြောင်း၊ သို့သော်လည်း အစိုးရက တစ်စုံတစ်ရာ စစ်ဆေး ကူညီပေးခြင်းလည်း မရှိကြောင်း သူက ပြောဆိုသည်။
လယ်ပျက်စာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကောက်ခံပြီး မြို့နယ်သို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ တစုံတရာ ကြောင်းပြန်ကြားမှုမရှိ သေးကြောင်း၊ ဘဏ်ချေးငွေကို ဆပ်ရမည်ဟု ကျေးရွာ၌ ဆော်သြနေသည်ကိုသာ တွေ့ရှိရကြောင်း၊ ကျေးရွာသားများ အခက်အခဲကို တစ်စုံတရာ ဖြေရှင်းပေးရန် ပြောကြားသည်ကို လုံးဝမတွေ့ရှိရသေးကြောင်း ဆားပြင်ကျေးရွာသားများက ပြောသည်။
ယင်းဆားပြင်ကျေးရွာ အနီးနားရှိ ကျေးရွာများဖြစ်ကြသော ငွေဒင်းဒွေ၊ လှခိုင်ရွာ၊ င၀က်စွေ၊ သရက်၊ စကေးချောင်း ကျေးရွာများ၌လည်း ဆားငံရေ၀င်ပြီး လယ်အမြောက်အများ ပျက်စီးခဲ့ရသည်ဟု လေ့လာသိရှိရသည်။

Friday, December 19, 2014

ဂတ်(စ်)ပိုက်လိုင်းကြောင့် လယ်မြေရွှံ့ဖုံးခံရသော လယ်ပိုင်ရှင်များ နစ်နာကြေး ရရှိရန် တောင်းဆို

Arakan-Gas-pipeline-construction
ကျောက်ဖြူမြို့နယ်တွင် ဂတ်(စ်)ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် တည်ရှိသော လယ်မြေရွံ့ဖုံးခံရ၍ ပျက်စီးသွားသဖြင့်  လယ်ပိုင်ရှင်များက နစ်နာကြေးရရှိရန်အတွက်  ဒီဇင်ဘာ(၁၇)ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် တင်ပြတောင်းဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ဂတ်(စ်)ပိုက်လိုင်း လမ်းကြောင်းတစ်လျောက် ဘေးဝဲယာရှိလယ်မြေများ ရွှံ့ဖုံးခံရသောကြောင့် ရွာပေါင်း(၈)ရွာမှ လယ်ယာမြေပိုင်ရှင်(၄၀)ကျော်ခန့်  နစ်နာကြေးရရှိရန်သွားရောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“အရင်နှစ်တွေကဆိုရင် မိုးကုန်တာနဲ့ မြေစာရင်းက လာတိုင်းပြီး နစ်နာကြေးတွေပေးပါတယ်။ ဒီနှစ်မှာတော့ မိုးသာကုန်သွားတယ် ဘာသံမှမကြားရဘူး။ ဒါကြောင့် သွားရောက် တောင်းဆိုရခြင်းဖြစ်တယ်” ဟု လယ်မြေယာ ရွံ့ဖုံးခံရတဲ့ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစံမြ ကပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ MOGE မှတာဝန်ရှိသူများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာနရုံးတွင် လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရွံ့ဖုံးမြေဧက စာရင်းနှင့် ကို မြေစာရင်း ဦးစီဌာနက စာရင်းမရောက်သေးသောကြောင့် နစ်နာကြေးမပေးသေးတာဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် နစ်နာကြေးများကို အဆင်ပြေအောင် လုပ်ပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
သီးနှံလျော်ကြေး ဈေးနုန်းကို ဘယ်လောက်သတ်မှတ်မလဲဆိုတာမသိသေးလို့ စာရင်းမတင်ရသေးဟု မြေတိုင်းစာရေးက ပြောပါသည်။
နိုဝင်ဘာလ (၂၁)ရက်နေ့ကလည်း ရွံ့ဖုံးလယ်မြေပိုင်ရှင်(၃၀)ကျော်ခန့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့  နစ်နာကြေးရရှိရေးအတွက် သွားရောက် ခဲ့ကြောင်းသိရပါသည်။
ယခင်နှစ်တွေက ပိုက်လမ်းကြောင်းကြောင့်ရွံ့ဖုံးလယ်ယာမြေများကို တစ်ဧကလျှင် စပါး၇၅တင်းနုန်းဖြင့် စပါးတစ်တင်းကို ၅၅၀၀ကျပ်နုန်း နစ်နာကြေးပေးခဲ့ကြောင်းသိရပါသည်။  ပိုက်လိုင်းတစ်လျှောက် လယ်ယာမြေရွှံ့ဖုံးခံရသော မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ ကန္ဒီး  စသည့် ကျေးရွာတို့မှာလည်း နစ်နာကြေးမရသေးကြောင်း သိရသည်။
ယခုသွားရောက်နစ်နာကြေးတောင်းဆိုခဲ့ကြသောလယ်သမားများမှာ ကလဘာတောင်၊ ထောင့်ချောင်း၊ ဦးကင်း၊ စည်မော်၊ ကြတ္တိန်၊ သပြုတောင်၊ သဖန်းခါး၊ ပျားတဲ စသည့် ကျေးရွာများမှ လယ်မြေရွှံ့ဖုံးခံရသော လယ်သမား အယောက်(၄၀)ကျော်ခန့်သွားရောက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 9, 2014

မြောက်ဦး နတ်ချောင်းရွာတွင် ကျွဲ ၉ ကောင် အခိုးခံရ


bufflos
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင် ယခုလ ၂ ရက်နေ့ ညဉ့်က ကျွဲ ၉ကောင် တစ်ပြိုင်နက်တည်း အခိုးခံခဲ့ရသည်ဟု သိရသည်။
“ ဦးစိန်ထွန်းထံမှ ၈ ကောင်၊ သူရဲ့ သမက် မောင်သိန်းရွှေဆီက တစ်ကောင်ပါ။ စုစုပေါင်း ၈ ကောင်ပါ” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
၎င်းကျွဲများအား ခြံတွင် ချည်နှောင်ထားစဉ် ညဉ့်အချိန် ၀င်ရောက်လာပြီး စက်လှေဖြင့် တင်ဆောင် ခိုးယူသွားခြင်း ဖြစ်သည်ဟု သိရသည်။
“ ခန့်မှန်းရတာက သူတို့ ကျွဲတွေကို ခိုးပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားတယ်လို့ သိရပါတယ်။ သူတို့မှာ ရှေ့ပြေး ဟွန်ဒါ စက်လှေ တစ်စီးလည်း အတူ ကပ်ပါလာတယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။
ကျွဲခိုးခံရမူကို မြောက်ဦးရဲစခန်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့က ပိုင်ရှင်ဖြစ်သူ ဦးစိန်ထွန်းက သွားရောက် တိုင်တန်း အမှုဖွင့်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ကျွဲနွားခိုးမှုကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဖေါ်ထုတ်နိုင်သည်မှာ မရှိသလောက် နည်းပါးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

တာတမံများကို မဆည်ဖို့ရာမှ မြောက်ဦးနယ်တွင် စပါးစိုက်ခင်းများပျက်စီး

စပါးခင်းဝင်းဝါနေသော်လည်း အသီးမသီးဘဲ ပျက်စီးခဲ့ရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
စပါးခင်းဝင်းဝါနေသော်လည်း အသီးမသီးဘဲ ပျက်စီးခဲ့ရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရသော စပါးအများဆုံးထွက်ရာ မြောက်ဦးမြို့နယ်တွင် တာတမံများကို လုံအောင် မဆည်နိုင်ရာမှ ဆားငံရေများဝင်ရောက်ကာ လယ်ဧက ရာနှင့်ချီပြီး ပျက်စီးသွားခဲ့သည်ဟု သတင်း ရရှိသည်။
စုစုပေါင်း လယ်သမား၂၃ ဦးပိုင်ဆိုင်သော လယ်ဧက ၂၀၀ နီးပါးခန့်မှာ စပါးများ အသီး လုံးဝ မသီးဘဲ ပျက်စီးသွားခဲ့သည်ဟု မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။
“ လယ်ဧက ၂၀၀ နီးပါးခန့်ပျက်စီးသွားပါတယ်။ လယ်သမားတွေကတော့ နတ်ချောင်းရွာဟောင်းက ၆ ဦး၊ နတ်ချောင်းရွာသစ်က ၁၁ ဦးနဲ့ ဂျင်ချေရွာက ၆ ဦးတို့ ဖြစ်ကြပါတယ်။ စပါးတွေက လုံးဝ မသီးဘဲ ပျက်စီးသွားတာပါ” ဟု ယင်းက ဆိုသည်။
နတ်ချောင်းတိုက်နယ် ဒေသခံများ အနေဖြင့် ကုလားပုန်းဆည်ရေကို အားကိုးရကြရကြောင်း၊ ကုလားပုန်းတာတမံကို ဆည်မြောင်းဦးစီးဌာမှ လုံအောင် မဆည်ဖို့ရာမှ ဆားငံရေများ ၀င်ရောက်လာပြီး ပျက်စီးသွားသည်ဟု ဆိုသည်။
ယခုနှစ် မိုးနှောင်းပိုင်းတွင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် မိုးခေါင်ခဲ့ရာမှ ဆားငံရေ၀င်သော လယ်မြေများမှာ ပိုမို အပျက်အစီး များသွားခဲ့သည်ဟု တစ်ခြား လယ်သမား တစ်ဦးကဆိုသည်။
“ ခါတိုင်းနှစ်တွေက ဆားငံရေ ၀င်ပေမယ့် မိုးနှောင်းပိုင်း မိုးကောင်းတော့ ရေချိုရပြီး စပါးတွေ မပျက်စီးဘူး။ ဒီနှစ်ကတော့ ဆားငံရေတွေလည်း အများကြီးဝင်တယ်။ စပါးသီးချိန်မှာ မိုးလည်း မရွာတော့ စပါးအဖူးတွေက အသီးမသီးဘဲ ပျက်စီးသွားပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။
မြောက်ဦးမြို့နယ် ကုလားပုန်းကို တာတမံကို ဆည်ဖို့ရန် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြထားကြောင်း၊ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်တွင် ဆည်ဖို့မည်ဟု သိရကြောင်း ရွာသားများက ဆိုသည်။
ယခုကဲ့သို့ လယ်ဧက ၂၀၀ နီးပါး ပျက်စီးသွားခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးကို ကျေးရွာသားများက လက်မှတ်ထိုး တင်ပြ အစီရင်ခံသွားမည်ဟု ကျေးရွာသားများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

တပ်မတော်မှ ရခိုင် ၉ မြို့နယ်က ဧည့်မထ စပါးများကို ဒေသပေါက်ဈေးဖြင့် ၀ယ်ယူမည်ဟု ကျေညာ


Paddy-field-Myanmarတပ်မတော် ရိက္ခာအတွက် ရခိုင်ပြည်နယ် မြို့နယ် (၉) ခုမှာ ဧည့်မထ စပါးများကို ဒေသပေါက်ဈေးဖြင့် တပ်မတော်မှ ၀ယ်ယူရန် ထုတ်ပြန်ကျေညာသည်။
ဧည့်မထ စပါးဝယ်ယူမည့် (၉) မြို့နယ်မှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ ဘူးသီးတောင် တို့ ဖြစ်ကြသည်။
၎င်းစပါးများကို တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း စပါးတင်း (၁၀၀) အထက်ကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့များသို့ စုံစမ်း ရောင်းချနိုင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ စပါးအထွက်များရာ မြို့နယ် (၂) ခု ဖြစ်သော ပုဏ္ဍားကျွန်းနှင့် ပေါက်တောတို့ မှာ စပါးဝယ်ယူမည့် စာရင်းတွင် ပါဝင်လာခြင်း မရှိသည်ကိုတွေ့ရသည်။
ယင်းမြို့နယ် (၂) ခုအပါအ၀င် ပင်လယ်ကမ်းနီး မြို့နယ်များတွင် အိန္ဒိယကို ၀င်ရောက်တိုက်ခတ်သွားခဲ့သော မုန်တိုင်း အရှိန်ကြောင့် ဒီရေကြီးပြီး ဆားငံရေများ စိုက်ခင်းထဲ ၀င်ရောက်ရာမှ စပါးစိုက်ခင်းများ အကြီးအကျယ် ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဒေသခံ လယ်သမားကြီး တစ်ဦးကမူ ယခုနှစ်တွင် ရခိုင်ပြည်နယ် စပါးအထွက်နုန်းမှာ ခါတိုင်းနှစ်များထက် တစ်ဝက်ကျော်ခန့် ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်း ပြောကြားသည်။
တပ်မတော်မှ ရခိုင်ပြည်နယ် အပါအ၀င် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ ဧည့်မထ စပါး အမျိုးအစားများကို ဒေသ ပေါက်ဈေးဖြင့် ၀ယ်ယူသွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

မင်းပြားမြို့နယ် ဒေသအချို့တွင် ဆားငံရေ၀င်၍ လယ်ဧက ထောင်ချီ ပျက်စီး

min-bya
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်စု (၃) ခုဖြစ်သော ကျွဲတက်၊ မညင်းပြင်နှင့် အိုင်ဝမ်း တို့တွင် ရာသီဥတု ဖေါက်ပြန်ပြီး ဒီရေများ ၀င်ရောက်ရာမှ စပါးမသီးဘဲ လယ်ဧက ထောင်နှင့် ချီပြီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။
“ ကျွန်တော်တို့ ကျွဲတက်အုပ်စုမှာ စိုက်ပျိုးဧက ၈၉၈ ဧကရှိပါတယ်။ အဲဒီအထဲက လယ်သမား ၃၀ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၃၅၉ ဧက ပျက်စီးသွားပါတယ်။ စပါးလုံးဝ မရပါဘူး ခင်ဗျား” ဟု ကျွဲတက် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ကျွဲတက်အုပ်စု အပြင် အနီးအနားမှ အိုင်ဝမ်းနှင့် မညင်းပြင် ကျေးရွာ အုပ်စုတို့နှင့် ပေါင်းလျှင် ပျက်စီးနေသော လယ်ဧကမှာ တစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ယခုအခါ စာရင်း ပြုစုပြီး မြို့နယ်သို့ တင်ပြထားကြောင်း သူက ပြောဆိုသည်။
ယခုကဲ့သို့ လယ်များ ပျက်စီးရခြင်း အဓိက အကြောင်းအရင်းမှာ တာတမံများကို နိုင်အောင် မဆည်ဖို့ရာမှ ဆားငံရေများ ဒီရေနှင့် အတူ ၀င်ရောက်လာ၍ ဖြစ်ကြောင်း သိရသည်။
“ တာတမံတွေကို ဆည်ဖို့တဲ့ နေရာမှာ အပိုင်းလိုက် ဆည်တဲ့ နေရာက ဆည်တယ်။ မဆည်ဘဲထားတဲ့ တာတမံ တွေဘက်က ပင်လယ် ဆားငံရေတွေ ၀င်လာတော့ လယ်တွေ အကုန်လုံးပျက်စီးသွားတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
သို့သော် ဆားငံရေ ၀င်ရောက်သော အပိုင်းများကို ယခုနှစ် စက်တင်ဘာလမှ စတင်ပြီး ပြန်လည် စတင် ဆည်ဖို့နေသည်ဟု ပြောသည်။
ယခုနှစ်တွင် ရာသီ ဥတု ဖေါက်ပြန်ပြီး မိုးနှောင်းပိုင်းတွင် မိုးလည် မရွာရာမှ ဆားငံရေ ၀င်သောလယ်များမှာ လုံးဝ ပျက်စီး သွားခဲ့ရကြောင်း ကျွဲတက်ကျေးရွာမှ လယ်သမားကြီး တစ်ဦးဖြစ်သူ ဦးရွှေသာမောင် က ပြောသည်။
“ ဒီနှစ်က မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒီရေတွေတက်တာကို ဘကြီးတို့ ဒေသမှာ ကြုံခဲ့ရတယ်။ ရာသီဥတုလည်း ဖေါက်ပြန်တဲ့ သဘောရှိတယ်။ မိုးနှောင်းပိုင်း မိုးကလုံးဝ မရွာတော့ လယ်တွေမှာ ၀င်နေခဲ့တဲ့ ဆားငံရေတွေက ဒီအတိုင်း ကျန်နေခဲ့တော့ လယ်တွေအကုန်လုံး အက်ကွဲပြီး စပါးလုံးဝ မသီး ဖြစ်သွားတော့တာပါဘဲ” ဟု ဆိုသည်။
လယ်ယာစိုက်ပျိုးရေးကိုသာ အဓိက အားကိုးနေကြရသော မိသားစုများ အနေဖြင့် စပါးစိုက်ခင်းများ ပျက်စီးသွားသဖြင့် အနာဂတ်အတွက် စားဝတ်နေရေးကိုသာမက ကလေးငယ်များ၏ ပညာရေးအတွက်ကိုပါ စိုးရိမ်ပူပန်မူများရှိနေကြောင်း ဦးရွှေသာမောင်ကဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောဆိုသည်။
“ ဒီကိစ္စ ကျနော်ကိုယ်တိုင်ဆင်းပြီး လေ့လာကြည့်ရှု့ စစ်ဆေးခဲ့တယ်။ လယ်တွေက ပျက်စီးသွားတာ အများကြီးဘဲ။ ဧက ထောင်ချီရှိတယ်။ တာတမံတွေမဆည်ဘဲ ထားတဲ့အပြင် အဓိက ပုဇွန်မွေးတဲ့သူတွေကြောင့်လည်း ပါတယ်။ သူတို့က ဆားငံရေတွေကို သွင်းပြီး ပုဇွန်မွေးတော့ လယ်တွေက ပျက်စီးတယ်။ အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ ကျနော် ဒီကိစ္စကို တင်ပြဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အတွင်း စပါးစိုက်ပျိုး၍ အရှုံးပေါ်သဖြင့် အချို့ လယ်သမားများမှာ စပါးစိုက်ပျိုးရေးကို စိတ်မ၀င်စားတော့ဘဲ လယ်မြေများကို ဆားငံရေများသွင်းကာ ပုဇွန်မွေးမြူလာကြသည်ဟု သိရသည်။ သို့အတွက် ပင်လယ်၊မြစ်ချောင်းများနှင့် နီးစပ်သော အပိုင်းများတွင် စိုက်ပျိုးလယ်များ ပျက်စီးမူ ပိုများသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, September 10, 2014

မိုးရွာသွန်းမှုကြောင့် မီးတောင်မှရွှံ့ရည်များ ဖုံးလွှမ်း၍ စိုက်ပျိုးလယ်မြေများ ထပ်မံပျက်စီး

Mud_volcano_erupts_in_Arakanရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မကြာသေးမီကပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်မှ စီးကျလာသော ရွှံ့ချော်ရည်များမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အနီးရှိလယ်ယာမြေများကို ပိုမိုဖုံးလွှမ်းလာနေသဖြင့် စပါးစိုက်ပျိုးထားသော လယ်များ ထပ်မံပျက်စီးမူများရှိနေကြောင်း ဒေသခံများက ပြောသည်။
“အခုက မိုးတအားရွာလာတော့ ချော်ရည်တွေက မိုးရေစီးနဲ့မျောပါလာပြီး လယ်တွေကို တဖြေးဖြေးနဲ့ ပိုဖုံးလွှမ်း လာတယ်”ဟု ချော်ရည်ဖုံးလွှမ်းခြင်းကြောင့် လယ်မြေဧကအချို့ပျက်စီးခြင်းခံရသူ ကျောက်ဖြူမြို့ နယ်၊ ရှောက်ချောင်းကျေးရွာမှ ဦးမောင်ချမ်းနုက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာရှိ ရွှံ့မီးတောင် မှာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းမီးတောင်မှ ထွက်ပေါ်လာသော ရွှံ့ချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက်ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန် ကျေးရွာများမှ စပါးစိုက်ပျိုးပြီး လယ်မြေဧက ၃ဝဝ ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခု နောက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အဆိုပါချော်ရည်များမှာ မိုးရေစီးနှင့် မျောပါလာပြီး လယ်မြေများကို ပိုမိုဖုံးလွှမ်းလာနေခြင်းကြောင့် စိုက်ပျိုးပြီးစ စပါးစိုက်ခင်းများ ပိုမိုပျက်စီးလာနေ ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့က ချော်ရည်တွေ လယ်မြေတွေကို နောက်ထပ်မဖုံးလွှမ်းအောင် သက်ဆိုင်ရာအာဏာ ပိုင်တွေ တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု လယ်ယာမြေပျက်စီးခြင်းခံလိုက်ရသည့် ဦးကျော်ဝင်းက ပြောသည်။
မီးတောင်ပေါက်ကွဲအပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ခင် ပါဝင်သော တာဝန်ရှိအဖွဲ့မှလာရောက်ကာ ချော်ရည်ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသည့် လယ်မြေစာရင်းကို လာရောက်စာရင်းကောက်ယူသွားခဲ့သော်လည်း စက်တင်ဘာလ ၈ ရက်အထိ မည်သည့် လုပ်ဆောင်ပေးခြင်းမျှ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“ဝန်ကြီးဦးကျော်ခင်ပြောခဲ့တာက လုပ်ပေးမယ်လို့ပြောတယ်။ သူက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေကို တင်ပြထားသလိုလို၊ ပျက်စီးသွားတဲ့လယ်မြေတွေအတွက် မျိုးစပါးတွေပေးမယ့်ပုံလိုလို၊ မြေသြ ဇာတွေပေးမယ့်ပုံလိုလို ပြောသွားတယ်။ ဘာလုပ်ပေးမယ်ဆိုတာတော့ တိတိကျကျမပြောခဲ့ဘူး”ဟု ဦးကျော် ဝင်းက ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်ခင်အား နိရဉ္စရာသတင်းဌာက စက်တင်ဘာလ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ဆက်သွယ် မေးမြန်းရာ ယင်းက “အဲဒီကိစ္စကို ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုမေးပါ။ ကျွန်တော်ခ ရီးသွားနေတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။
အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
မီးတောင်ပေါက်ကွဲအပြီး ဒေသခံများ၏ ကနဦးခန့်မှန်းချက်အရ ရွှံ့ချော်ရည်ဖုံးလွှမ်းပျက်စီးသွားသည့် လယ်မြေများမှာ ကျေးရွာသုံးခုပေါင်း ဧက ၃ဝဝ ကျော်ခန့်ရှိသည်ဟုခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရက ချော်ရည်ဖုံးလွှမ်းမှုကြောင့် ပျက်စီးသွားသည့်လယ်မြေဧကများမှာ ကျေးရွာသုံးရွာမှ ဒေသခံ ၂ဝ ဦး၏ လယ်မြေဧက ၁၂ ဒသမ ၄ဝ ဧကသာပျက်စီးသွားကြောင်း ကြေညာခဲ့သည်။
“အတွေ့အကြုံရှိတဲ့လူကြီးတွေပြောတာကတော့ ချော်ရည်ဖုံးသွားတဲ့လယ်တွေက လုပ်စားလို့မရတော့ ဘူးလို့ပြောကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, August 18, 2014

စားကျက်မြေကျူးကျော်သူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ်တွင် တရားစွဲ

ploughing
အများပိုင် စားကျက်မြေအပေါ် ကျူးကျော် ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး သြဂုတ်လ ၁၄ ရက်နေ့က တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ အနီးရှိ အများပိုင်မြေ စားကျက် (၁၆၃) ဧကတွင် ကျူးကျော် လယ်ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောဆိုသည်။
တရားစွဲဆိုခံရသော လယ်သမားများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ (၉) ဦး၊ တန်းခိုးရွာမှ (၈) ဦးနှင့် အောင်ဒူလာကျေးရွာမှ (၅)ဦး ဖြစ်သည်ဟု ကျွဲထိုးရွာတွင် နေထိုင်သူ ကိုမောင်ခင်မြင့်က ပြောသည်။
လယ်သမားများကို မြို့နယ်တာဝန်ရှိသူများက တရားစွဲဆိုထားသော်လည်း မိမိတို့ အနေဖြင့် တရားစွဲဆိုခံသည်ကို မသိရသေးကြောင်း ကျွဲထိုးရွာမှ တရားစွဲဆိုခံရသူ လယ်သမားဦးစံလှဖော်၏ ဇနီးဖြစ် ဒေါ်ခင်ဦးရွှေက သြဂုတ်လ (၁၄) ရက်နေ့ ညနေက နိရဉ္စရာသို့ ပြောဆိုသည်။
“ကျွန်မတို့ကို မြို့နယ်မှာ တရားစွဲဖို့ သွားကြတယ်ဆိုတဲ့ သတင်းကိုတော့ ကြားမိတယ်။ စွဲဖြစ်လား မစွဲဖြစ်လားဆိုတာကိုတော့ ကျွန်မတို့ မသိသေးဘူး” ဟု သူမက ပြောသည်။
၂၀၀၃ ခုနှစ် တိုင်းမှူးမောင်ဦးလက်ထက်တွင် လယ်သမား အချို့အား အဆိုပါ မြေနေရာများ၌ လယ်ထွန်ယက်ရန် ခွင့်ပြုသဖြင့် ထိုလယ်မြေများတွင် ထွန်ယက် စိုက်ပျိုးခဲ့သည်မှာ ယခုဆိုရင် နှစ်ပေါင်း (၁၀) ကျော်ရှိပြီဟု ဒေါ်ခင်ဦးရွှေက ဆက်လက်ပြောဆိုသည်။
“ကျွန်မတို့ စလုပ်စားတော့ အဲ့ဒီနေရာမှာ မြေသားတွေ မဟုတ်ဘူး။ တောတွေပဲရှိတာ။ ခုကျတော့မှ ကျွန်မတို့လည်း လက်မလျော့ချင်ဘူးလေ” ဟု သူမက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “အဲ့ဒါကတော့ အရင်အစိုးရ အဆက်ဆက်က ဖြစ်ပါလိမ့်မယ်။ ခုကတော့ မြေကစားကျက်မြေကိုးဗျ။ အေးဒီတော့ စားကျက်မြေမှာ ကျူးကျော်ထွန်ယက်တဲ့အတွက် စားကျက်မြေကျူးကျော် စိုက်ပျိုးမှုနဲ့ တရားစွဲတာပေါ့” ဟု ပြန်လည် ပြောဆိုသည်။
လွန်ခဲ့သော သြဂုတ်လ (၁) ရက်နေ့ကလည်း မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင်လည်း စားကျက်မြေ အပေါ် လယ်သမား (၉) ဦးက ကျူးကျော် ထွန်ယက်စိုက်ပျိုးသဖြင့် ရွာသားများ အကြား အငြင်းပွားမှု ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး  ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လယ်သမား (၉) ဦးအား တရားစွဲဆိုရာ မြောက်ဦးမြို့နယ် တရားသူကြီးက အမူကို လက်မခံခဲ့ဟု သိရသည်။
ကျေးရွာသားများ ဘုံပိုင် စားကျက်မြေတွင် ကျူးကျော် လယ်ယာထွန်ယက်စိုက်ပျိုးမူကို ယခင် စစ်အစိုးရလက်ထက်တွင် သက်ဆိုင်ရာ အာဏာပိုင်များမှ သီးစားစနစ်ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် လယ်သမားအချို့မှ ဆက်လက် ထွန်ယက်စိုက်ပျိုးနေကြကြောင်း၊ ထိုသို့ စားကျက်မြေပေါ်တွင် ထွန်ယက်စိုက်ပျိုးသဖြင့် ကျွဲနွား မွေးမြူသူ လယ်သမားများမှာ စားကျက်မရှိ၍ အထူးအခက်အခဲဖြစ်ရသဖြင့် စားကျက်မြေကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ရှိ ကျေးရွာတိုင်းလိုလိုတွင် ရွာသားများ အချင်းချင်းကြားတွင် ပြသနာ ဖြစ်ပွားနေကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်တပ်သိမ်းမြေတွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရ၍ ကာချုပ်အထိ စာတင်မည်ဟုဆို

confiscared-lands
ဦးရွှေအောင်အား လုပ်ကိုင်စားသောက်ခွင့် ပြုပေးထားသော စာ ( ဓါတ်ပုံ- နိရဉ္စရာ)
တပ်မတော်မှ သိမ်းယူထားသော လယ်မြေပေါ်တွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထိ စာရေး အသနားခံသွားမည်ဟု တောင်ကုတ်မြို့မှ လယ်သမားကြီး ဦးရွှေအောင်က ဆိုသည်။
တောင်ကုတ်မြို့နယ် ကြိုးကြာကွင်း ကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်တွင် လယ် (၅) ဧက ရှိရာ ယင်းလယ်မြေအားလုံအား တောင်ကုတ်မြို့ စကခ (၅) မှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့ကြောင်း၊ ထို (၅) ဧကထဲမှ (၃) ဧကမှာ သတ်မှတ်ထားသော တပ်ဧရိယာတွင် မပါဝင်ဘဲ ပါးနီးပါးစပ်တွင် တည်ရှိသဖြင့် ဦးရွှေအောင်အား အခကြေးငွေ တစ်စုံတစ်ရာ ပေးသွင်းစရာမလိုဘဲ ပြန်လည် လုပ်ကိုင် စားသောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်စားသောက်လာခဲ့ရာမှ ယခုနှစ် စိုက်ပျိုးရာသီတွင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ အတင်း လယ်ထဲမှ မောင်းထုတ်ခဲ့ကြောင်း ဦးရွှေအောင်က ပြောဆိုသည်။
“ ဦးမှာ လယ် ၅ ဧက ရှိပါတယ်။ အဲဒီ (၅) ဧကထဲက (၂) ဧကဟာ တပ်သိမ်းတဲ့ ဧရိယာထဲမှာ ပါသွားပြီး ကျန်တဲ့ (၃) ဧကကတော့ တပ်သိမ်းမြေထဲမှာပါပေမယ့် အလွတ် ဖြစ်နေတဲ့ အတွက် ဒီနေ့ထိ လုပ်ကိုင်စားသောက်လာပါတယ်။ ခုကျတော့ အဲဒီ ၃ ဧက ပေါ်မှာလည်း လုပ်ကိုင်စားသောက်ခွင့် မပြုဘဲ မောင်းထုတ်တဲ့ အတွက် မျိုးစပါးကျခါနီးမှ လယ်ကိုစွန့်ပီး ထွက်လာရပါတယ်”ဟု ကြိုးကြာကွင်းကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်က နိရဉ္စရာသို့ ပြောသည်။
၎င်းမြေ ၃ ဧကအား တစ်စုံတစ်ရာ အခကြေးငွေ မယူဘဲ လုပ်စားရန် စကခ (၅) တပ်မမှ ဌာနချုပ်မှူးက ထုတ်ပေးထားသော ထောက်ခံချက်ရှိကြောင်း ဦးရွှေအောင်က ပြောသည်။
“ ဒီမြေတွေဟာ တပ်သိမ်းမြေထဲမှာ ပါပေမယ့် လုပ်ကိုင်စားသောက်ဖို့ တပ်မ ဌာနချုပ်မှူးက ထောက်ခံစာရေးပေးထားပါတယ်။ ဒါ့ပြင် မြေတိုင်းဌာနက စိုက်ထူထားတဲ့ တပ်မြေဆိုတဲ့ ကျောက်တိုင်ရဲ့ အပြင်ဘက်မှာလည်း ရှိနေပါတယ်။ အခု ဒီမြေတွေပေါ်မှာ အခု လုပ်ကိုင်စားသောက်လို့ မရတော့ဘူးဆိုတော့ ဦးမှာ ဘ၀ရပ်တည်ရေး အထူးအခက်အခဲ ဖြစ်သွားပြီ” ဟု ဦးရွှေအောင်က ဆက်ဆိုသည်။
ယခုကဲ့သို့ လုပ်ပိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် လုပ်ကိုင်စားသောက်စရာ ဘာမှ မရှိတော့သဖြင့် မိသားစု အနာဂတ်အတွက် အထူးရင်လေးမိ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာပေးပို့သွားမည်ဟု သူက ပြောဆိုသည်။
“  ဦးက ဒီလယ်ကိစ္စ ကာကွယ်ရေး ဦးစီးချုပ်ထိ တင်ရမှာဘဲ။ ဒီလယ် သုံးဧကကို မှီပြီး လုပ်ကိုင် စားသောက်နေတာ အခု ဘယ်လိုလုပ် ရပ်တည်ရမလဲဆိုတာတောင် မသိတော့ပါဘူး။ လျှော်ကြေးလည်း တစ်ပြားမှ မရဘူး။ ဒါကြောင့် ကျွန်တော်ကို သနားသဖြင့် ဒီလယ်မြေတွေမှာ ပြန်လုပ်ကိုင်စားသောက်ခွင့်ရဖို့ အသနားခံသွားပါမယ်” ဟု ဆိုသည်။
တောင်ကုတ် အခြေစိုက် စကခ(၅) တပ်မသည် စုစုပေါင်း လယ်မြေဧက (၃၁၂) ဧကကို လယ်သမား ၅၇ ဦးထံမှ ၁၉၉၅ ခုနှစ်အတွင်းက သိမ်းဆည်းထားပြီး အခု ဦးရွှေအောင်၏ လယ် (၅) ဧကသည်လည်း ယင်းအထဲတွင် ပါဝင်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 30, 2014

ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ လျော်ကြေးရမည်

ဓာတ်ပုံ - တောင်ကုတ်ပြတိုက်ဖေ့စ်ဘွတ်ခ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာက ဂေါက်ကွင်းအတွက် မြေယာစွန့်လွတ်ခဲ့ရတဲ့ လယ်သမားတွေကို ရခိုင်ပြည်နယ်အစိုးရက ၁ ဧကကို ကျပ်သိန်း ၂၀ နှုန်းနဲ့ နစ်နာကြေးပေးဖို့ ညှိနှိုင်းသဘောတူလိုက်ကြပါတယ်။
၂၀၀၀ ပြည့် နှစ်ဆန်းပိုင်းမှာ စကခ (၅) က ဗိုလ်မှူးးချုပ် ကြည်သိန်းက ဦးစီးပြီး ကိုင်းရှည်ရွာသား ၇ ဦးရဲ့ မြေဧက ၇၀ လောက်ကို သိမ်းဆည်း ဂေါက်ကွင်းလုပ်ဆောင်ပြီး မြို့မိမြို့ဖကို လွှဲခဲ့ပြီး ဂေါက်ကွင်းကော်မတီနဲ့ စီမံနေတာပါ။
တပ်မတော်အစိုးရ လက်ထက် မပြောရဲပေမယ့် လက်ရှိကာလမှာ သူတို့လယ် သူတို့ ပြန်ရဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဌာနတွေ၊ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေကို ဥပဒေဘောင်တွင်းက တင်ပြပေမယ့် မထူးတာကြောင့် ဇွန် ၂၄ ရက်နေ့က ဂေါက်ကွင်းမှာ  ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။
ဒီဆောင်ရွက်ချက်ကြောင့် သူတို့ကို ဂေါက်ကွင်းတာဝန်ရှိသူတွေက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီကာလအတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲမှာ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တောင်ကုတ်မြို့ကိုလာစဉ် တင်ပြလို့ နစ်နာကြေးပေးဖို့ ဖြစ်လာတာပါ။
ဇူလိုင်လ ၂၈ ရက်နေ့က မြေသိမ်းခံရတဲ့ လယ်သမား ၇ ယောက်ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းကို ဖိတ်ခေါ်ပြီး မြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေ၊ ဂေါက်ကော်မတီက တာဝန်ရှိသူတွေနဲ့ နှစ်ရက်ဆက်တိုက် ညှိနှိုင်းပြီး သဘောတူခဲ့တာလို့ တက်ရောက်ညှိနှိုင်းတဲ့ လယ်သမား ကိုခလေး ခေါ် ကိုစိုးမိုးနိုင်က ပြောပါတယ်။
ကာလပေါက်ဈေး ၁ ဧကကို ကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၄၀ အထိ ဈေးပေါက်ပေမယ့် ၁ ဧကကို သိန်း ၂၀ နဲ့ ညှိနှိုင်းအဆင်ပြေတာလို့ ဆိုပါတယ်။
“၂၆ ရက်နေ့က ညှိတယ်၊ အဆင်မပြေဘူး။ နောက်တရက် ထပ်ညှိတယ်၊ အဆင်ပြေသွားတယ်။ ပေးတာကလည်း ဒီကလူတွေ ပေးမှာမဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်တင်ပြရမှာ သူတို့က၊ ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြလို့မှ မပြည့်ရင် ဒီကလူကြီးတွေ ၀ိုင်းဖြည့်ပေးမယ်။ အမှုကိုလည်း ရုပ်သိမ်းပေးမယ် ပြောတယ်။”
ဧကပေါင်း ၇၀ ကျော် သိမ်းတဲ့ထဲက လယ်မြေ ၂၈ ဧက လောက်အတွက် နစ်နာကြေးပေးမှာဖြစ်ပြီး ကျန်မြေတွေကတော့ နွားစားကျက်တွေဖြစ်လို့ နစ်နာကြေးမယူတော့ဖို့ ညှိနှိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။
သူတို့အပေါ် ဂေါက်ကွင်းကော်မတီက စွဲဆိုတဲ့ ပိုင်နက်ကျူးလွန်မှုကို ရုပ်သိမ်းပေးမယ်လို့ ညှိနှိုင်းပေမယ့် လာမယ့်သြဂုတ် ၆ ရက်နေ့ကိုတော့ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကိုစိုးမိုးနိုင်က ပြောဆိုပါတယ်။
(သတင်းအရင်းအမြစ်- DVB)

Monday, July 28, 2014

ကျူးကျော် မထွန်ယက်ရန် တားမြစ်ခံထားရသည့် စားကျက်မြေများအပေါ် ဆက်လက် လယ်ထွန်နေဆဲ

diw4umy9
ရခိုင်ပြည်နယ်အတွင်း နွားစားကျက်မြေများအား ကျူးကျော်ထွန်ယက်စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်ချက် ထုတ်ပြန်ထားသော်လည်း မြို့နယ် အတော်များများတွင် စားကျက်မြေများအပေါ် ကျူးကျော် ထွန်ယက် စိုက်ပျိုးမူများရှိနေဆဲဟု သတင်း ရရှိသည်။
ပုဏ္ဍားကျွန်းမြို့နယ် မြင်းကတ္တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၃) ရှိစားကျက်မြေ ဧက (၁၀၀) နီးပါးတွင် လူပုဂ္ဂိုလ် (၈) ဦးမှ တားမြစ်ချက်ကို လိုက်နာမူမရှိဘဲ ယနေ့အချိန်ထိ လယ်တက်ထွန်နေသည်ဟု မြင်းကတ္တော်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးမောင်သန်းတင်က ပြောသည်။
“ ရွာသားတွေဘုံပိုင်တဲ့ နွားစားကျက်မြေမှာ လယ်တက်ထွန်နေတဲ့ သူတွေကတော့ သဲတက်ရွာက (၃) ဦးနဲ့ မြင်းကတ္တော်ကျေးရွာ (၅) ဦး စုစုပေါင်း (၈) ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို လယ်ထွန်နေတာကို ပုဏ္ဍားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာသူ ကျေးရွာသား (၅၇) ဦးက ဒီလ ၈ ရက်နေ့က လက်မှတ်ထိုး စာရေးတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ ဖြေရှင်းပေးတာ မရှိသေးပါဘူး” ဟု သူက ဆိုသည်။
နိုင်ငံတော်မှ ယခင်စားကျက်မြေများအားအဖြစ် တည်ရှိခဲ့သော စားကျက်မြေများအားစားကျက်မြေအဖြစ် ပြန်လည် ထားရှိရန်၊ တရားဝင် စားကျက် ပယ်ဖျက်ခွင့်မရဘဲအကျိုးတူဆောင်ရွက်ခြင်း၊ သီးစားချထားခြင်း၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာဌာန အသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။
စစ်တွေ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန မှ  ၂၉-၅-၂၀၁၂  ရက်စွဲပါ စာအမှတ် ၄/၁-၁/ ဦး-၁ (၈၇၆) အားဖြင့်၎င်း၊ ပုဏ္ဍားကျွန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၆-၂၀၁၂ ရက်စွဲပါ စာအမှတ် ၄/  ၂၅-၃/ ဦး-၁ ဖြင့်၎င်း၊ နောက်ထပ် တစ်ကြိမ်  ၂၅-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၄/ ၅-၃/ ဦး-၁ (၇၆၂)  တို့အရလည်း စားကျက်မြေများကို စားကျက်မြေများအဖြစ် ဆက်လက်ထားရှိရန် ညွှန်ကြားထားသည်ဟု သိရသည်။
“ ခုလို ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် မလိုက်နာဘဲ ဆက်လက်ကျူးကျော် ထွန်ယက်နေကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီစားကျက်မြေတွေ မရှိရင် ကျွဲနွားမွေးမြူရာမှာ တော်တော့ကို အခက်အခဲရှိပါတယ်။ ဒီစားကျက်မြေ ရှိတဲ့ ကွင်းတွေကို ဒေသခံတွေက သက္ကယ်ပြင်၊ ကူပြင်နဲ့ ခွဆုံပြင်လို့ ခေါ်ဆိုပြီး ရွာသားတွေ အစဉ်အဆက် နွားစားကျက်မြေ အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံးတားမြစ်ပေးဖို့ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။
မြင်းကတ္တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးမှလည်း ယင်းစားကျက်မြေများပေါ်တွင် လယ်ယာထွန်စိုက်ပျိုးနေခြင်းနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် ပုဏ္ဍားကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
ယခုလို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ် တရားရုံးသို့ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများနှင့် အညီ အရေးယူရန် တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကျေးရွာသားများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ကျေးရွာသားများကဆိုသည်။
အလားတူ မင်းပြားမြို့နယ် မင်းဇီအုပ်စု အသေကာလနှင့် မြင်းကပ်ဆိပ်ကျေးရွာများတွင်လည်း ကျေးရွာသားများ အသုံးပြုသော စားကျက်မြေ ဧက ၅၀၀ ပေါ်တွင် အသေကာလမှ လယ်သမား ၄၆ ဦးမှ လယ်တက်ထွန်နေသဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း မင်းပြားပြည်နယ် လွှတ်တော် ဦးသာကျော်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တောမြို့နယ်တွင် ဘင်္ဂလီလူမျိုးများက ရခိုင်တိုင်းရင်းသားပိုင် လယ်မြေများကို ဌားရမ်းလုပ်ကိုင်မူ ရပ်ဆိုင်း

Border-area-of-Maungdaw
ရခိုင်ပြည်နယ် မောင်တောနယ်စပ် မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ/ ဦးဇင်းဘီလူး)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ ပိုင်ဆိုင်သည့် လယ်မြေများအား သီးစားစနစ်ဖြင့် အစဉ်အဆက် ဌားရမ်းလုပ်ကိုင်နေမူကို ဘင်္ဂလီလူမျိုးများမှ ယခုနှစ် စိုက်ပျိုးရာသီမှ စတင်ပြီး သူတို့သဘောနှင့် သူတို့ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းမှာ ရခိုင်တိုင်းရင်းသား လယ်ပိုင်ရှင်များအနေဖြင့် အခက်တွေ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မင်္ဂလာညွှန့်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးအောင်သာလှက ပြောသည်။
သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရမှ ရခိုင်တိုင်းရင်းသား လယ်သမားများ လယ်ယာထွန်ယက်စိုက်ပျိုးရာတွင် အခက်အခဲတစ်စုံတစ်ရာ မရှိစေရန် ရည်ရွယ်ပြီး ယခုအခါ ဒေသခံ ရခိုင်တိုင်းရင်းသားလယ်သမားများထံသို့  လယ်ထွန်စက်၊ ခိုင်းနွားများနှင့် မျိုးစပါးများကို ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးသာလူချေက နိရဉ္စရာသို့ပြောသည်။
“ရခိုင်တိုင်းရင်းသားတွေက သီးစားချပေးထားတဲ့ လယ်တွေကို ဇွန်လအလယ်လောက်ကစပြီး ဘင်္ဂါလီတွေက ပြန်လာအပ်ကြလာတယ်။ ရခိုင်တွေ ဒုက္ခရောက်အောင်ဆိုပြီး သူတို့ရဲ့ မော်လဝီ ဆရာတွေက အဲသလို ညွှန်ကြားထားတယ်လို့ ကြားရတယ်။ ဒီအတွက် ရခိုင်တိုင်းရင်းသားတွေမှာ လတ်တလော စိုက်ပျိုး ထွန်ယက်ရာမှာ အခက်အခဲတွေ ဖြစ်လာတယ်။ အဲဒါကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရကနေ မျိုးစပါးတွေ၊ ဓါတ်မြေသြစာတွေနဲ့ လယ်ထွန်စက်တွေကို သိန်းပေါင်း မြောက်မြားစွာ အကုန်အကျခံပြီး ထောက်ပံ့ ပေးနေပါတယ်။ ခိုင်းနွားတွေ ထောက်ပံ့ပေးတာတော့ ဘဏ်ကနေ ငွေချေးပေးပြီး ဝယ်ပေးတဲ့ သဘောပါ”  ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရမှ လယ်ယာသုံး စက်ကရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို ကူညီ ထောက်ပံ့နေသော လယ်သမားများမှာ မောင်တောမြို့နယ်နှင့် တောင်ပြို့မြို့နယ်ခွဲအတွင်း တည်ရှိသော ကျေးရွာများ ဖြစ်ကြသည့် မင်္ဂလာညွှန့်၊ အောင်ဇေယျ၊ ဖါးဝပ်ချောင်း၊ မင်းခမောင်း၊လောင်းဒုံ၊ ကြိမ်ချောင်း၊ ရန်အောင်မြင်၊ နန်းရာကိုင်း၊ ရေနောက်သား၊ အောင်သယာယာ၊ နွားရုံတောင်ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း (၃၆)ရွာမှ ဖြစ်ကြသည်ဟု သိရသည်။
“ အဓိကတော့ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးရေးမှာ အခက်အခဲ မရှိရအောင် လုပ်သား မလုံလောက်မူ၊ မျိုးစပါးတွေ မလုံလောက်မူ စတဲ့ အခက်အခဲတွေကို ၀င်ရောက် ဖြေရှင်းပေးတာဖြစ်သလို တစ်ဘက်မှာလည်း လုံခြုံရေး အခြေအနေတွေကြောင့်လည်း ထွန်ယက် မစိုက်ပျိုးဘဲ မဖြစ်ရအောင် ကူညီတဲ့ သဘောပါ။ အဓိက အခက်အခဲက တိုင်းရင်းသားလယ်သမားတွေမှာ ဖြစ်နေတော့ သူတို့ကိုဘဲ ထောက်ပံ့ ကူညီရခြင်းဖြစ်ပါတယ်”  ဟု ဦးသာလူချေက ဆက်လက် ရှင်းပြပြောဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်ပြီး မောင်တောမြို့နယ် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် စနစ်တကျ ဖြစ်စေရေးအတွက်  စခန်း(၄)ခုခွဲ၍ ကျေးရွာနှင့် မြို့နယ်အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြသည်ဟု သိရသည်။
“မျိုးစပါး၊ ဓာတ်မြေသြစာ၊ လယ်ထွန်စက်တွေ၊ နောက်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ခိုင်းနွားတွေပါ ပေးထားခဲ့ပါတယ်။ ကျေးရွာ(၃၆)ရွာကို လယ်ထွန်စက်တွေနဲ့ဓာတ်မြေသြစာတွေပေးနိုင်အောင် စခန်း (၄) ခုဖွဲ့ပြီး စီမံထားခဲ့ပါတယ်။ စခန်းတစ်ခုစီမှာ ကျေးရွာ (၉) ရွာစီ တာဝန်ယူရမယ်” ဟု သူက ပြောသည်။
ယခု ကူညီထောက်ပံ့ပေးရာတွင် လက်တွန်းထွန်စက် (၄၅)စီး၊ မျိုးစပါး (၄၄၆၃)တင်း၊ ဓာတ်မြေသြဇာ (၂၉၇၅) အိတ်တို့အပြင် လယ်ထွန်စက်ကြီး (၂)စီးတို့ပါဝင်ကြောင်း သိရှိရသည်။
ယခုအခါ ထောက်ပံ့ပစ္စည်းများရရှိသော လယ်သမားများမှာ လယ်လုပ်ငန်းများ စတင် လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း၊ သို့ရာတွင် လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြကြောင်း မောင်တောမြို့နယ် နံသာတောင် ဆရာတော် ဦးစရဏက မိန့်ကြားသည်။
“အိမ်ခြေအလိုက် လယ်သမားဦးရေက ဘယ်လောက်ရှိတယ်ဆိုတာတွက်ချက်ပြီး လယ်သမား ဦးရေနည်းတဲ့ ရွာဆို ထွန်စက်တစ်လုံးတန်ရင် တစ်လုံး၊ ရွာကြီးရင် ထွန်စက်(၅)လုံးတန်ရင် (၅)လုံး ဆိုပြီး အချိုးကျ ခွဲဝေ ပေးတယ်။ လယ်သမားတွေကတော့ လယ်ထွန်နေကြပါပြီ။ ဒါပေမယ့် စိုက်ပျိုးထားတဲ့ စပါးတွေကို ဘင်္ဂါလီတွေက လာပြီးဖျက်ဆီးမှာကိုတော့ စိုးရိမ်မှုတွေရှိနေကြတယ်” ဟု မိန့်ကြားသည်။
ဝန်ကြီး ဦးသာလူချေမှ လုံခြုံရေးကို စီစဉ်ပေးသွားမည်ဟု ဆိုသည်။
“ သူတို့ လုံခြုံရေးတွေ အတွက်လည်း စီစဉ်သွားမယ်။ ဘာမှ ပူပင်စရာမရှိပါဘူး။”
တောင်ပြိုမြို့နယ်ခွဲမှ ကိုထွန်းဝင်းကမူ ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားပိုင်လယ်များကို ဌားရမ်း လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းလိုက်သဖြင့် အခက်အခဲတွေ့မည့်သူများမှာ ဘင်္ဂလီလူမျိုးများသာ ဖြစ်ပြီး သူတို့အနေဖြင့် နိုင်ငံတကာ အန်ဂျီအိုများ၏ အကူအညီကို မျှော်မှန်းပြီး ယခုလို ရခိုင်ပိုင် လယ်များတွင် သီးစားချ ဌားရမ်းလုပ်ကိုင်ခြင်းကို မလုပ်ကိုင်ဘဲ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ယခုလက်ရှိအခြေအနေတွင် မောင်တာမြို့နယ်အပြင် ရသေ့တောင်မြို့နယ်တွင်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ် လယ်တက်ထွန်သူ မူလပိုင်ရှင်လယ်သမားများ တရားစွဲဆိုခံရ

Gulf ground in Taunguo
ဇွန်လ ၂၄ ရက်နေ့က တောင်ကုတ် ဂေါက်ကွင်းတွင် မူလပိုင်ရှင် လယ်သမားများ လယ်တက်ထွန်နေကြစဉ်။
အငြင်းပွားနေသော လယ်မြေများပေါ်တွင် လယ်တက်ထွန်သူ ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှ မူလပိုင်ရှင် လယ်သမားများမှာ တရားစွဲဆိုခံနေကြရကြောင်း သတင်း ရရှိသည်။
“ ပထမ တစ်ယောက် တရားစွဲဆိုခံရတာက မောင်မြင့်နိုင်ဖြစ်ပါတယ်။ သူက သူပိုင်တဲ့ လယ်မှာ လယ်တက်ထွန်တဲ့ အတွက် အဲဒီမြေမှာ ပုံစံ (၁၀၅)၊ လနဖေါက်ထားတဲ့  ဒေါ်ပုမြိုင်ရဲ့တူက တရားစွဲတာ ဖြစ်ပါတယ်” ဟု လယ်သိမ်းခံရသူ လယ်သမားများထဲမှ တစ်ဦးဖြစ်သူ ဦးသောင်းဖေက ပြောသည်။
တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာအနီးရှိ ဦးသောင်းဖေနှင့် ဦးမောင်မြင့်နိုင်တို့ အပါအ၀င် လယ်သမား (၃) ဦးပိုင်ဆိုင်သော လယ်မြေ ၇ ဒသမ ၉ ဧကကို မြေစာရင်း ဦးစီးဌာနမှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၄- ၁၉၉၅ ခုနှစ်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ ဦးက သူတို့သိမ်းသွားပေမယ့် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး၂၀၁၂ ထိ စံပြတောင် စိုက်ပျိုးခဲ့တယ်။ အဲဒီမြေမှာ ၂၀၁၃ ခုနှစ်မှာ လာပြီး သူတို့က ခြံထိုးတယ်။ အဲဒီမြေတွေအတွက် လျှော်ကြေးလည်း တစ်စုံတစ်ရာ မပေးဘူး။ သိမ်းတာက မြေစာရင်းလို့ဘဲ ပြောရမှာပေါ့။ အဲဒီသိမ်းသွားတဲ့ လယ် ၇ဧကကျော်မှ ဦးဆီက သက်သက် ၄ ဧကကျော် ပါသွားခဲ့ပါတယ်။ ဦးအနေနဲ့ တအားနစ်နာတယ်” ဟု သူက ဆက်ဆိုသည်။
ထိုသို့ ခြံလာထိုးသဖြင့် မူလ လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မောင်မြင့်နိုင်မှ ၎င်း၏ အသိမ်းခံရသော မြေပေါ်တွင် နွားတစ်ရှဉ်းနှင့် အတူ ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့က လယ်တက်ထွန်ခဲ့သည်။
“ လယ်ထွန်နေတဲ့ အချိန်မှာ ရဲက တာဝန်ရှိသူတွေ ရောက်ရှိလာပြီး လယ်ထွန်တာကို ရပ်ဖို့ ပြောတယ်။ ပီးတော့ သူတို့ က ဘာပြောသလဲဆိုရင် ဒီမြေပေါ်မှာ ခြံလည်းမထိုးနဲ့၊ လယ်လည်း မထွန်နဲ့ဆိုပီး တားပစ်ခဲ့တယ်။ အဲသလို နောက်ပိုင်းမှာ အဲဒီမြေကို ရရှိထားတဲ့ ဒေါ်ပုမြိုင်ရဲ့ တူကနေ မောင်မြင့်နိုင်ကို တရားစွဲတယ်” ဟု ဦးသောင်းဖေက ဆက်ဆိုသည်။
၎င်းတရားစွဲဆိုမူကို တောင်ကုတ်မြို့နယ် တရားရုံးက လက်ခံပြီး လာမည့် ဇူလိုင်လ (၂၃) ရက်နေ့တွင် အမူကို စတင်ကြားနာစစ်ဆေးမည်ဟု သိရသည်။
“ ဒီမြေတွေက နိုင်ငံတော်စီမံကိန်းအတွက်လည်း သိမ်းတာ မဟုတ်ဘူး။ နိုင်ငံတော်အတွက်ဆိုရင်လည်း တစ်မျိုးပေါ့။ အခု မြေစာရင်းက သိမ်းပြီး အကွက်လိုက် ရောင်းချထားတယ်။ ဦးတို့ကိုလည်း တန်ရာတန်ကြေး တစ်ပြားမှ မပေးဘူး။ ဦးတို့လိုချင်တာက ဦးတို့ရဲ့ လယ်မြေတွေကို ထိုက်တန်တဲ့ လျှော်ကြေးပေး၊ မပေးရင် ဦးတို့လယ်ကို ဦးတို့ကို ပြန်ပေးစေချင်တယ်”  ဟု ဆိုသည်။
အလားတူ တောင်ကုတ်မြို့ ဂေါက်ကွင်းတွင် လယ်တက်ထွန်သူ မူလပိုင်ရှင် လယ်သမား (၆) ဦးကိုလည်း ဂေါက်ကွင်း အတွင်းရေးမှူး ဦးဌေးဝင်းက တရားစွဲဆိုခဲ့သည်ဟု သိရသည်။
တောင်ကုတ်မြို့တွင်ကိုင်းရှည်ရွာ အနီးတွင် တည်ရှိသော လယ်သမား ၉ ဦးပိုင် လယ်ဧက အကျယ်အ၀န်း ၇၀ ဒဿမ ၄၈ ဧကကို စစ်တပ်မှ ၂၀၀၁ ခုနှစ်တွင် လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့သည်။
လွန်ခဲ့သောနှစ် နိုဝင်္ဘာလ ၁၇ ရက်နေ့တွင်  တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။
ယင်းနောက်ပိုင်း ဇွန်လ (၂၄) ရက်နေ့တွင် လယ်သမား (၆) ဦးက ဂေါက်ကွင်းတွင် လယ်တက်ထွန်ခဲ့ကြသည်။ ထိုသို့ လယ်ထွန်နေစဉ်  ရဲတပ်ဖွဲ့ဝင်များနှင့် အတူ  မြို့နယ် ထွေအုပ်အပါအ၀င် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။
ယင်းနောက်ပိုင်းတွင် လယ်သမားများမှာ တရားစွဲဆိုခံရခြင်း ဖြစ်သည်။
သို့သော်လည်း ဥပဒေရုံးမှ တရားစွဲဆိုရန်မှာ ဥပဒေကြောင်းအရ ခိုင်လုံ မရှိကြောင်း ပြောဆိုသဖြင့် ဂေါက်ကွင်းကော်မီတီမှ တရားစွဲမူမှာ အထမမြှောက်ခဲ့ဟု တောင်ကုတ်မြို့မှ လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုအခါ လယ်သမားများက ယင်းလယ်မြေများ သိမ်းယူခံရသဖြင့် နှစ်ပေါင်း (၁၅) နှစ်အတွင်း သိန်းပေါင်း (၅၀၀၀) နီးပါး နစ်နာဆုံးရှုံးမူ ရှိခဲ့သည်ဟု ဆိုကာ လျှော်ကြေး ရလိုကြောင်း ယင်းမြေများအား သိမ်းဆည်းထားသူများကို ပြန်လည် တရားစွဲဆိုရန် စီစဉ်နေကြောင်း သူက ပြောသည်။
“ သိန်း တစ်ရာနီးပါးဆိုရင်တော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲလို့ရတယ်။ အခုက သိန်း ၅၀၀၀ ထိဆိုတော့ မြို့နယ်ရုံးနဲ့ မဖြစ်နိုင်တဲ့ အတွက် သံတွဲခရိုင်တရားရုံးမှာ တရားစွဲရပါမယ်” ဟု တရားရေး အကြောင်း နားလည်သူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း စစ်တပ်နှင့် တစ်ခြား အစိုးရဌာနများက သိမ်းယူထားခဲ့သော လယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်ပေးရာတွင် ရှင်းလင်းပြတ်သားမူ မရှိသဖြင့် ဒေသခံပြည်သူများ အကြားတွင် စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေ၍ သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်စိစစ်ပြီး ဖြေရှင်းပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 17, 2014

ဘင်္ဂါလီများအား လယ်မြေလုပ်ကိုင်ခွင့်ပေးထားခြင်းကို ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြမည်


ရခိုင်ပြည်နယ် နာဂရားကျေး ရွာအုပ်စုမှ လယ်မြေ ၃၆ ဧကအား သက်ဆိုင်ရာအမြောက်တပ်မှ ပြန်လည် ပေးအပ်ခဲ့သော်လည်း သက်ဆိုင်ရာ က ဘင်္ဂါလီများထံမှ ကျပ် ၅ဝဝဝဝ ဖြင့် လုပ်ကိုင်ခွင့်ပေးထားသည်ကို ပြည် နယ်ဝန်ကြီးချုပ်ထံတင်ပြမည်ဟု ဒေသခံများထံမှ သိရသည်။
အမှတ်(၃၇၄) အမြောက်တပ် ရင်းက လယ်မြေ ၃၆ ဧကအား မူလပိုင် ရှင်လယ်သမားများထံသို့ ၂ဝ၁၄ ခုနှစ် မေ ၃ဝ ရက်တွင် မြို့နယ်တာဝန်ရှိသူ များအား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
''ရခိုင်လယ်သမားတွေ ဘင်္ဂါလီ တွေနဲ့ ထိပ်တိုက်တွေ့လို့ ပြဿနာဖြစ် ရင် ရခိုင်ပြည်အနှံ့ကူးစက်ပြီး ပြဿနာ တွေကြီးကျယ်လာနိုင်တယ်။ ဒီအချိန် ကထိလွယ်ခိုက်လွယ်ဖြစ်နေတဲ့ကာလပါ။ ဘင်္ဂါလီတွေ လယ်လုပ်ကိုင်နေ တုန်း ဘာမှမဟန့်တားဘဲ အခုလို ပြဿနာတွေရှုပ်လာတော့မှ 'စားကျက် မြေတွေဘယ်သူမှ မလုပ်နဲ့တော့' ဆို တော့ မူလပိုင်ရှင်တွေ မိုးတွင်းအချိန်မီ စပါးမစိုက်ပျိုးနိုင်ရင် စားဝတ်နေရေး ခက်ခဲတော့မယ်။ မတရားလုပ်ထားတဲ့ ကိစ္စတချို့ရှိနိုင်တယ်။ ဒါကြောင့် ရခိုင် ပြည်နယ် မင်းကြီးမင်းချစ်ဦး၊ ရခိုင်အမျိုး သားပါတီဗဟိုနဲ့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးမောင်မောင်အုန်းတို့ကို တင်ပြ သွားမယ်''ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော် ကပြောသည်။
အဆိုပါ လယ်မြေများအား သက် ဆိုင်ရာက မူလပိုင်ရှင်များထံ မပေး အပ်ဘဲ သရက်အုပ်၊ နာဂရာပြင်ရွာများ နေ ဦးကျော်သိန်း၊ ရောဘီဘာလောင်၊ ဆီရာဇူအပါအဝင် ဘင်္ဂါလီရှစ်ဦးများ ထံမှ ငွေယူကာလုပ်ကိုင်ခွင့်ပြုထား သည်ဟု ဒေသခံများထံမှသိရသည်။
''ကျွန်တော့်တို့ လယ်ယာမြေတွေ မှာ ဘင်္ဂါလီတွေ လယ်တက်ထွန်နေ ကြလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကို နှစ်ကြိမ်တိုင်တန်းထားပြီးပါပြီ။ အရေးယူဆောင်ရွက်မှုလုံးဝမရှိပါဘူး။ ဒီလိုဆိုရင် ရခိုင်တွေက ဘင်္ဂါလီတွေနဲ့ အပြိုင် လယ်ထွန်ရတော့မယ်။ ဒါဆို ဘင်္ဂါလီတွေနဲ့ ပြဿနာဖြစ်ရတော့ မယ်''ဟု မူလလယ်ပိုင်ရှင် ဦးမောင်ပျော့က ပြောသည်။
အဆိုပါမြေများသည် လယ်မြေ မဟုတ်ဘဲ စားကျက်မြေများသာ ဖြစ် ကြောင်း၊ စစ်တပ်မှလယ်သမားရှစ်ဦး အား လွှဲပြောင်းပေးသော်လည်း တစ်ဆင့်ချင်းဆီသာ လွှဲပြောင်းမှရမည်ဖြစ် သည်ဟု မင်းပြားမြို့နယ် မြေယာအ သုံးချရေးကော်မတီမှသိရသည်။
''စားစရာမရှိတဲ့ ဘင်္ဂါလီတွေက အဲဒီလို ပိုက်ဆံ ၅ဝဝဝဝ ဘယ်လိုပေး နိုင်မလဲ။ ကျွန်တော်တို့ဆီကပဲ လယ် ထွန်စက်တို့ ဓာတ်မြေသြဇာ၊ မျိုးစပါး တို့ ခါတိုင်းထောက်ပံ့ပေးနေရတာ။ ထင်ရာမြင်ရာလျှောက်ပြောနေကြတာ ပါ၊ စားကျက်မြေကို စားကျက်မြေအ တိုင်းပဲ ထားလို့တားထားပါတယ်'' ဟု မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေယာ အသုံးချရေးကော်မတီ ဥက္ကဋ္ဌဦး အောင်နိုင်ကပြောသည်။
ယင်းမြေများကို ယခင်စစ်အစိုးရ လက်ထက်မှ သိမ်းယူထားခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Yangon Media Group၊ ဓာတ်ပုံ- အင်တာနက်)

Monday, July 14, 2014

လင်းမြွေတောင်၊ ကွင်းအမှတ်(၈၁၉) ပြသနာ တပ်မတော် အကြီးအကဲများ ဖြေရှင်းပေးစေလို

farm-confiscation
( ရခိုင်မှ တပ်သိမ်းမြေ တစ်ခုတွင် ဆိုင်းဘုတ် တစ်ခုကိုတွေ့ရစဉ်)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာ လင်းမြွေတောင်အနီးရှိ ကွင်းအမှတ်(၈၁၉)တွင်  ဒေသခံ လယ်သမားများနှင့် တပ်ကလာသူ တစ်ဦးတို့အကြား လယ်လုပ်ပိုင်ခွင့် အငြင်းပွားနေသဖြင့် ဒေသအတွင်းမှ တပ်မတော် အကြီးအကဲများ အနေဖြင့် ကြားဝင် ဖြေရှင်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။
လင်းမြွေတောင် ကွင်းအမှတ် (၈၁၉) ကို ၁၉၉၄ ခုနှစ်တွင် အစိုးရမှ ကျောက်တော်သကြားစက်စီမံကိန်း အတွက် ကြံစိုက်ပျိုးရန် အသုံးပြုခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကြံစိုက်ပျိုး၍  မအောင်မြင်သဖြင့် အသုံးမပြုဘဲ ထားစဉ် ထိပ်ဝပြင်ကျေးရွာမှ လယ်သမားများက ခုတ်ထွင် ရှင်းလင်းပြီး လယ်ယာစိုက်ပျိုးခဲ့ကြောင်း ထိပ်ဝပြင် ကျေးရွာမှ လယ်သမားအရေး ဆောင်ရွက်နေသူ ဦးထွန်းသာစိန်က ပြောသည်။
ထိုသို့ လုပ်ကိုင်နေစဉ် ၂၀၀၃ ခုနှစ်က အဆိုပါလယ်မြေများအား ကျောက်တော် အခြေစိုက် (၃၇၄) တပ်ရင်းမှ မြေလွတ်မြေရိုင်းဟု ဆိုကာ သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ယင်းတပ်ရင်းမှ ယခင် လယ်လုပ်ကိုင်နေသူ ဦးခင်မောင်ဝင်း၊ ဦးတင်မောင်ဝင်း၊ ဦးအောင်ကျော်တင် သုံးဦးအား ပြန်လည် ငှားရမ်းကာ သီးစားချစနစ်ဖြင့် လုပ်ကိုင်စေခဲ့ကြောင်း သူက ဆက်ပြောသည်။
၂၀၁၄ ခုနှစ် မေလ ၂၀ နေ့တွင် ငှားရမ်းလုပ်ကိုင်နေသူ လယ်သမားများအား ၎င်းလယ်မြေမှ ဖယ်ရှားပေးရန် စစ်တပ်မှ အကြောင်းကြားလာကြောင်း၊ ၎င်းနေ့ ညနေ  (၁၀)နာရီခန့်တွင် အမှတ် (၃၇၄) တပ်ရင်းမှ ဗိုလ်ကြီး သန့်ဇင်ဝင်း အပါအဝင်  စစ်သား (၇)ဦးက ကွင်းအမှတ် (၈၁၉) သို့ ရောက်ရှိလာပြီး ယင်းကွင်းတွင် လယ်လုပ် နေသူ ထိပ်ဝပြင်ရွာမှ လယ်သမားများဖြစ်သည့် ဦးခင်မောင်ဝင်း၊ ဦးတင်မောင်ဝင်း၊ ဦးအောင်ကျော်တင်တို့အား အနီးအနားရှိ မကျည်းကုန်းစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းစခန်းတွင် ၎င်းလယ်သမား (၃) ဦးကို ရိုက်ပုတ် နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ထိပ်ဝပြင်ကျေးရွာမှ ဦးထွန်းသာစိန်က ပြောဆိုသည်။
ယင်းပြင် ဗိုလ်ကြီး သန့်ဇင်ဝင်းနှင့် အဖွဲ့မှ ၎င်းလယ်မြေများမှာ တပ်ရင်းပိုင် မြေ ဖြစ်သည်ဟုဆိုကာ နေထိုင်၍ မရကြောင်း၊ နေထိုင်ပါက အသေသတ်ပစ်၍ ရကြောင်း  ခြိမ်းခြောက် ပြောဆိုခဲ့မူများလည်း ရှိခဲ့သည်ဟု ဆိုသည်။
နောက်တစ် မေလ ၂၁ ရက်နေ့တွင် သူတို့ (၃) ဦးအား ပြန်လည် လွှတ်ပေးခဲ့ပြီး ၎င်းနေ့တွင်ပင် အဆိုပါလယ်မြေအား ပုဒ်မ (၁၄၄)  မကျူးကျော်ရ တပ်နယ်မြေဟုဆိုကာ ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း ဆက်လက်ပြီး ဦးသာထွန်းစိန်မှာ ပြောကြားသည်။
ထိုကဲ့သို့ ဆိုင်းဘုတ်များ စိုက်ထူပြီးနောက် လယ်သမား (၃) ဦးမှာ ကြောက်လန့်ပြီး တဲများကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြရသည်ဟု ဆိုသည်။
“ စာကပ်တဲ့နေ့က စပြီး လယ်သမားတွေဟာ သူတို့နေတဲ့ တဲတွေမှာ မနေရဲတော့ဘူး။ အပြင်မှာ ရှောင်နေကြရတယ်။ သူတို့နေတဲ့ တဲတွေမှာ ကျန်နေခဲ့ကြတဲ့ ကြက်တွေ၊ ဆန်တွေကအစ ဘာမှမရခဲ့ဘူး” ဟု ဦးသာစိန်ထွန်းက ဆိုသည်။
ယင်းနောက်ပိုင်းတွင် ကျောက်တော်အခြေစိုက် တပ်မ (၉) သို့ သွားရောက်ပြီး လယ်သမားများက သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို တိုင်တန်းခဲ့သည်ဟုဆိုသည်။ ထိုသို့ တိုင်ကြားပြီးနောက် တပ်မ (၉) မှ အမှတ် (၃၇၄) တပ်ရင်းမှူးအား ခေါ်ယူပြီး ယင်းအမူအား စစ်ဆေးစေခဲ့သည်ဟု ဆိုသည်။
ထိုသို့ စစ်ဆေးစဉ် တပ်ရင်းမှူးမှ လယ်သမားများအား စစ်သားများမှ ရိုက်နက် ညှဉ်းပမ်းမူ လုပ်တာ မှန်ကန်သလားဟု မေးမြန်းရာ မှန်ကန်ကြောင်း ပြောဆိုသဖြင့် လယ်သမား (၃) ဦးမှ ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးခဲ့ရသည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိပ်ဝပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ လယ်သမား (၃) ဦးအား အမှတ် (၃၇၄)  တပ်ရင်းမှ ဗိုလ်(၁) ဦးနှင့် တပ်သား(၇)ဦးတို့ မှ ခေါ်ယူ ရိုက်နှက် သတ်ပုတ်ခြင်းမှာ မှန်ကန်ကြောင်းနိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
သို့သော်လည်း လယ်သမား (၃) ဦးအား ခေါ်ယူ ရိုက်နှက် သတ်ပုတ်ခဲ့သူ စစ်သားများကို အရေးယူခြင်း ရှိ မရှိကို အတိအကျ မသိရကြောင်း သူက ဆိုသည်။
ထိုသို့ ပြသနာ ဖြစ်ပွားနေသော လင်းမြွေတောင် ကွင်းအမှတ် (၈၁၉) သို့ ယခုအခါ ယင်းရွာတွင် အိမ်ထောင်ကျနေသူ အမှတ် (၃၇၄) တပ်ရင်းမှ တပ်သားတင်အောင် ဆိုသူ ရောက်ရှိလာပြီး ယင်းမြေပေါ်တွင် လယ်တက်ထွန် နေသည်ဟု သိရသည်။
“  တပ်မရဲ့ အမိန့်နဲ့ လယ်မြေတွေကို  လုပ်ကိုင်နေတာ မဟုတ်ပါ။ သူဟာသူ အမှတ် ( ၃၇၄)  တပ်က လို့ ပြောဆိုပြီး လယ်တက်ထွန်နေတာ ဖြစ်ပါတယ်” ဟု ထိပ်ဝပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
လယ်သမား (၃) ဦးအနေဖြင့် သူတို့ လုပ်ကိုင်စားသောက်နေသော လယ်မြေအား လက်လွတ်ဆုံးရှုံးရမည် ဆိုပါက တခြား လုပ်စရာအလုပ်လည်း မရှိသဖြင့် အထူးအခက်အခဲကြုံတွေ့ရနိုင်သည်ဟု လယ်သမား (၃) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းမှ ဆိုသည်။
“ကျွန်တော်တို့က အဲဒီလယ်တွေကို လုပ်စားလာတာကြာပြီဆိုတော့ ကျနော်တို့မှာ အခြားလုပ်စရာလည်း မရှိတော့ဘူးလေ။ ကျနော်တို့ တော်တော်ကို အခက်ကြုံနေရပါတယ်။ ကျွန်တော်တို့က လယ်တွေကိုပြန်ပြီး လုပ်ကိုင်ချင်ပါတယ်။ တခြားလုပ်စရာလည်း ဘာမှမရှိဘူးဆိုတော့ ကျနော်တို့က လယ်ကိုပဲ မှီခိုပြီး လုပ်ကိုင် စားသောက်နေရတာပါ။ ဒါကြောင့် တပ်မတော်အကြီးအကဲတွေက သနားသက်ညှာသော အားဖြင့် ကျွန်တော်တို့ကို ပြန်ပြီး လုပ်ကိုင်စားသောက်ခွင့် ပြုပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ တပ်ကို အရင်အတိုင်း စပါးသွင်းရမယ်ဆိုရင်လည်း ကျွန်တော်တို့ ပေးသွင်းသွားပါ့မယ် ”ဟု  ဦးခင်မောင်ဝင်းမှ ပြောဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  ၎င်းလယ်သမားများမှ ကျောက်တော် တပ်မမှူးထံ အသနားခံထားပြီး လယ်ယာမြေ စုံစမ်း စစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းအားလည်း စာရေး တိုင်တန်း ထားကြောင်း သိရသည်။
လင်းမြွေတောင် ကွင်းအမှတ် (၈၁၉) သည်  ၁၁ ဧက ခန့် ကျယ်ဝန်းပြီး မြောက်ဦးမြို့နယ်အတွင်း တည်ရှိကာ သိမ်းယူထားသောတပ်ရင်းမှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မင်းပြားမြို့နယ်တွင် တပ်ကပြန်ပေးသည့် လယ်မြေဧကနည်းလွန်း၍ ရွာသားများလက်မခံဟုဆို

field
စစ်အစိုးရခေတ်တွင် မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းကျေးရွာလယ်သမားများထံမှ စစ်တပ်က သိမ်းယူခဲ့သော လယ်မြေများအထဲမှ တစ်ချို့အား ပြန်စွန့်လွှတ်ရာ ပြန်ပေးသည့် လယ်မြေဧကမှာ နည်းလွန်းသဖြင့် ကြောင်ရှည်ချောင်း ရွာသားများအနေဖြင့် လက်ခံသွားမည်မဟုတ်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောဆိုသည်။
စစ်တပ်က သိမ်းယူထားသွားသော လယ်မြေဧက (၁၀၀၀) နီးပါးထဲမှ (၁၃၅)ဧကကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဟု မင်းပြားမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဇွန်လ(၁၇)ရက်နေ့နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာ ဇွန်လ (၁၉) ရက်နေ့တွင် စာထုတ်သည်မှာ မှားယွင်းသွားသည်ဟု ဆိုကာ (၇၅)ဧကကိုသာ ပြန်ပေးတော့မည်ဟု ပြောဆိုလာသဖြင့် ရွာသားများက ထိုလယ်မြေ(၇၅)ဧကကို လက်မခံကြတော့ကြောင်း၊ လက်ခံရန် ငြင်းဆိုနေကြကြောင်း ကြောင်ရှည်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှက ပြောသည်။
“သိမ်းထားတဲ့မြေတွေထဲက (၁၃၅) ဧကလုံးကို ပြန်ပေးတယ်ဆိုပြီး ဇွန်လ(၁၇)ရက်နေ့က မြို့နယ် အုပ်ချုပ်ရေး ဌာနက အကြောင်းကြားစာ ရောက်လာတယ်။ ဇွန်လ (၁၉)ရက်နေ့ရောက်တော့ စာထုတ်တာ မှားသွားတယ် (၇၅)ဧကတည်းပေးမယ်ဆိုပြီး မြို့နယ်က ပြန်အကြောင်းကြားလာတယ်။အဲ့ဒီမှာ ရွာသားတွေက (၇၅) ဧက ဆိုရင် မယူတော့ဘူးဆိုပြီး ဖြစ်ကုန်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း လက်မှတ်မထိုးခိုင်းတော့ဘူး” ဟု သူက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထံသို့ နိရဉ္စရာမှ ဆက်သွယ် မေးမြန်းခဲ့ရာ သူက ယခုလို ပြောဆိုသည်။
“  ကျွန်တော်တို့က မှားယွင်းပြီးတော့ ပေးမိလိုက်တာပါ။တပ်ကတော့ လာပြောပြတယ်ပေါ့။ သူတို့ပေးတာ (၇၅)  ဧကတည်းဆိုပြီး ကျွန်တော်တို့ကို အထောက်အထားတွေနဲ့ လာပြန်ပြတယ်ပေါ့။အဲ့ဒီတော့ ကျွန်တော်တို့ ပြင်ဆင်တဲ့စာကို ပြန်ထုတ်ပေးလိုက်တာပါ၊ကျွန်တော်တို့မှားပြီးတော့ ပြောမိတာကို ရွာသားတွေက အတည် ယူပြီးတော့ (၇၅)ဧက ဆိုရင် မယူတော့ဘူး။ (၁၃၅)ဧကရမှ ယူမယ် အဲသလို ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း ဒါတွေကို အကုန်ရှင်းပြထားပြီးပါပြီ။ ပြီးခဲ့တဲ့ လကုန်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာမြေ အသုံးချမှု ကော်မတီကို ပြောပြီးပါပြီ” ဟုပြောသည်။
ယခု စစ်တပ်က ပြန်စွန့်လွှတ်လိုက်သော လယ်မြေ(၇၅)ဧကကို ရွာသားများအနေဖြင့် လက်ခံရမည်ဖြစ်ကြောင်း ဦးအောင်နိုင်က ဆက်ဆိုသည်။
“သူတို့က လက်မခံလို့မရဘူး။ တပ်က ဒါပဲစွန့်တယ်ဆိုရင် ဒါပဲလက်ခံရမှာလေ။ လက်မခံဘူးဆိုလို့တော့မရဘူးခင်ဗျ။ လက်မခံဘူးဆိုတာကတော့ သူတို့အပိုင်းပေါ့နော်။ ကျွန်တော်တို့က ကျေးရွာမြေအသုံချမှုကော်မတီကို ချပေးလိုက်တာပေါ့။ အဲဒီကော်မတီကပဲ စိစစ်ပြီး ပြန်တင်ပြပေးရမှာပေါ့” ဟု ဆိုသည်။
ကြောင်ရှည်ချောင်းကျေးရွာမှ လယ်မြေဧက (၁၀၀၀) နီးပါးကို ၁၉၉၆ ခုနှစ်တွင် မင်းပြား အခြေစိုက် အမှတ် ၅၄၁ တပ်ရင်း၊ အမှတ် ၃၇၉ တပ်ရင်း၊အမှတ် ၃၈၀ တပ်ရင်းနှင့် မြေစာရင်းဌာနတို့မှ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ယင်းလယ်မြေထဲမှ (၁၃၅) ဧကကို ပြန်ပေးမည်ဟု အစပိုင်းတွင် တရားဝင် အကြောင်းကြားစာပို့လာပြီး နောက် (၂) ရက်အကြာတွင် (၇၅) ဧကကိုသာ ပေးတော့မည် ဖြစ်ကြောင်း ပြောဆိုလာသဖြင့် ကျေးရွာသားများက မကျမနပ် ဖြစ်ကာ နောက်ဆုံးပေးမည်ဆိုသော (၇၅) ဧကကိုလည်း လက်ခံရန် ငြင်းဆိုကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 9, 2014

မင်းပြားမြို့နယ်တွင် စစ်တပ် ပြန်ပေးသောမြေများကို တာဝန်ရှိသူများက မူလပိုင်ရှင်ကိုမပေးဘဲ ဘင်္ဂလီများကိုငှားစားနေဟုဆို

min-bya
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်တပ်က ပြန်ပေးသော လယ်မြေများကို မင်းပြားမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများမှ မူလပိုင်ရှင် ရခိုင် လယ်သမားများအား ပြန်မပေးဘဲ ဘင်္ဂလီကျေးရွာသားများကို တစ်ဧက ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
“ ကျွန်တော်တို့ လယ်သမား (၇) ဦးကို စစ်တပ်က ပြန်ပေးထားတဲ့ စာအတိအကျ ရှိပါတယ်။ အခု အဲဒီလယ်တွေကို ကျွန်တော်တို့ မရဘဲ နာဂရာကျေးရွာမှ ဘင်္ဂလီတွေက တက်ထွန်နေပါတယ်။ အဲဒါ မြို့နယ် တာဝန်ရှိသူတွေနဲ့ ကျေးရွာက တာဝန်ရှိသူတွေ ပေါင်းပြီ ဌားပီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ တစ်ဧက ကျပ် (၅၀၀၀၀) နုန်းနဲ့လို့ကြားပါတယ်” ဟု မူလ လယ်မြေပိုင်ရှင် ဦးမောင်ပျော့က ဆိုသည်။
လယ်မြေများကို စစ်တပ်က မူလပိုင်ရှင် လယ်သမားများအား ပြန်ပေးခြင်းနှင့် ပတ်သက်ပြီး သိရှိရသည်မှာ  “အမ်းမြို့ အခြေစိုက်  အမှတ် (၃၇၄) အမြောက် တပ်ရင်းမှ စာအမှတ် ၃၇၄/  ၃၀ / ၂၁ ထောက် ( ၅) – ရက်စွဲ ၂၀၁၄ ခုနှစ်မေလ ၃၁ ရက်နေ့စွဲဖြင့် မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ သိမ်းဆည်းမြေများ ပြန်ပေးကြောင်း စာဖြင့် အကြောင်းကြားလာကြောင်း၊  စာထဲတွင် အမှတ် (၃၇၄) အမြောက်တပ်ရင်းမှ မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု လယ်သမား (၇) ဦးထံမှ သိမ်းဆည်းထားသော လယ်မြေ (၃၂) ဧက အား မူလပိုင်ရှင် အောက်ဖေါ်ပြပါ လယ်သမားများအား ပြန်လည် ပေးအပ်ပြီ ဖြစ်ပါကြောင်း၊ မူလပိုင်ရှင် လယ်သမားများမှာ (၁) ဦးမောင်ပျော့ -  ၆ ဧက  (၂) ဦးငကျော်မောင် – ၅ ဧက၊ (၃) ဦးမောင်ပု – ၄ ဧက၊ (၄) ဦးစိန်ထွန်းလှ – ၄ ဧက ၊ (၅) ဦးကျော်သိန်း- ၆ ဧက၊ (၆) ဦးမောင်သိန်းထွန်း -၃ ဧက (၇)  ဦးကျော်ထွန်းလှ – ၄ ဧက တို့ဖြစ်ပါကြောင်း” ဟု ပါရှိသည်ဟု သိရသည်။
ယခုအခါ ယင်းလယ်မြေ (၃၂) ဧကကို ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး (၁) ဧကကို ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားထားသဖြင့် ဘင်္ဂလီ လယ်သမား (၈) ဦးက ၎င်းလယ်များတွင် လက်ရှိ အချိန်တွင် လယ်တက်ထွန်နေကြကြောင်း ကျေးရွာသားများက စွပ်စွဲ ပြောဆိုသည်။
လယ်မြေများကို ဌားရမ်း လုပ်ကိုင်ခွင့်ရနေသူ ဘင်္ဂလီများမှာ (၁) ဦးကျော်သိန်း (ဘ) ဦးအာချော်ဂျာ- သရက်အုပ်ကျေးရွာ (၂) ရော်ဘီအာလောင် (ဘ) ဦးနာဂူ – နာဂရာပြင်ရွာ (၃)  ဦးအာဘူ (ဘ) ဦးမော်ဒူလာမောက် – နာဂရာပြင် ကျေးရွာ ( ၄) ဦးကာလာ (ဘ)  မာမောက်ဇောဒိန် – နာဂရာပြင်ရွာ ( ၅)   ဦးမောင်ဒူလှ (ဘ) ဦးမောင်သိန်း – နာဂရာပြင်ရွာ (၆)  ဦးနာဂရာ (ဘ) ဦးမော်တူမောက် နာဂရာ (၇) သဲရာဇူး (ဘ) ဦးနူဂူလ်ဆင် (၈) အီဆူး (ဘ) နာဂရာပြင်ရွာတို့ ဖြစ်ကြသည်ဟု သိရသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး နာဂရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြသန်းထံ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာသူက ယခုလို ပြောသည်။
“ ဒီမြေက စားကျက်မြေတွေ ဖြစ်ပါတယ်။ အခုက နှစ်ဘက်စလုံးကို လယ်မထွန်ဖို့ တားထားပါတယ်။ ကျွန်တော်နဲ့ ဒီပြသနာနဲ့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်မှာ ဒီလို ဌားရမ်းပိုင်ခွင့် အာဏာလည်း မရှိပါဘူး။ ကျွန်တော်နဲ့ မဆိုင်ပါ” ဟု သူက ဆိုသည်။
ယခုပြဿနာနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်ထံ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ကျွန်တော်ဆီကို စာရွက် စာတန်း အထောက်အထားတွေနဲ့ တိုင်ကြားစာတွေ ရောက်နေပါတယ်။ ရခိုင်လယ်သမားတွေက ထိပ်တိုက်ဖြစ်ရင် ပြသနာ ကြီးကျယ်လာမှာ ဖြစ်တဲ့ အတွက် လယ်သမားတွေက စာရေးပြီး အထက်ကို တိုင်ကြားထားပါတယ်” ဟု ဆိုသည်။
မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ ရုံးစာရေးမ တစ်ဦးမှ အုပ်ချုပ်ရေးမှူး ခရီးထွက်သွားသည်ဟု ပြောဆိုသဖြင့် မိုဘိုင်းဖုန်းမှ တဆင့် တိုက်ရိုက်ဆက်သွယ်ရ ဧရိယာ အပြင်သို့ ရောက်ရှိနေသည်ဟု ဖုန်းထဲမှအကြောင်း ပြန်ကြားသည်။ သို့အတွက် ယခု ပြသနာနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး၏ ပြောဆိုမူကို တင်ပြနိုင်ခြင်း မရှိပါ။
ယခု ဖြစ်ပေါ်နေသော အရေးနှင့် ပတ်သက်ပြီး မလိုလားအပ်သော ပြသနာများ ထပ်မံ ပေါ်ပေါက်လာနိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မင်းပြား ချောင်းရှည်တာတမံ ကျပ် ၁၀၁ သန်းဖိုးဖြင့် တည်ဆောက်သော်လည်း လယ်စိုက်ပျိုး၍မရ ဖြစ်နေဟုဆို

Arakanese village in rainy season
မိုးရာသီ ရခိုင်မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချောင်းရှည်တာတမံကို နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၁၀၁ ဒသမ ၄၆ သန်းဖြင့် ဆည်ဖို့တည်ဆောက်ထားသော်လည်း လယ်သမားအများစု စပါးစိုက်ပျိုး၍ မရဘဲ ဖြစ်နေကြောင်း ဒေသခံ လယ်သမားများက ပြောဆိုသည်။
“ ဒီကွင်းကို ရွှေဘုံသာကွင်းလို့ ခေါ်ပါတယ်။ အခု ဖြစ်တာက ပုဇွန်မွေးသူတွေက တာတမံက ရေတံခါးတွေက ရေတွေကို မလွှတ်ဘဲ ပိတ်ဆို့ထားတဲ့ အတွက် လယ်ကွင်းတွေကို ရေတွေ ဖုံးလွှမ်းနေတဲ့ လယ်တွေ စိုက်ပျိုး ထွန်ယက်လို့ မရ ဖြစ်နေပါတယ်” ဟု လယ်သမား တစ်ဦးက ဆိုသည်။
ထိုသို့ လယ်ထွန်ယက် မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေသော လယ်မြေဧကမှာ (၂၀၀) ခန့် ရှိပြီး အများစု စိုက်ပျိုး၍ မရသော လယ်မြေများမှာ ရွှေဘုံသာ ကွင်းအလယ်တွင် တည်ရှိသည်ဟု ဆိုသည်။
“ တာတမံ အနီးအနားက လူတွေက ဆည်မြောင်းဦးစီးဌာနက လူအချို့နဲ့ နားလည်မူယူပြီး ပုဇွန်မွေးနေကြတော့ ရေတွေက အတက်အကျ မရှိတော့ဘဲ ကွင်းတစ်ခုလုံးကို ပြည့်နေပါတယ်။ ရေက လယ်ထွန်လို့ မရအောင် ပြည့်နေတဲ့ အတွက် င်္ဒီကနေ့ လယ်ထွန်လို့ မရသေးဘူး” ဟု ဆိုသည်။
ထိုသို့ အခက်အခဲများကြောင်း တာတမံတွင် တည်ဆောက်ထားသော ရေတံခါးများမှ ရေများကို ထိန်းသိမ်းမထားဘဲ လွှတ်ထုတ်ပေးရန် လယ်သမားများက ဆည်မြောင်းဦးစီးဌာနသို့ သွားရောက် တောင်းဆိုရာ စာနှင့်ရေးပြီး တရားဝင် တင်ပြရန် ပြောဆိုသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ စာနဲ့ ရေးပြီးတောင်းဆိုရင် တစ်ခုခု လုပ်မှာကို စိုးရိမ်တဲ့ အတွက် မတင်ပြရဲဘူး။ ခုလို တင်ပြရင် ပုဇွန်မွေးနေတဲ့လူတွေနဲ့လည်း ထိပ်တိုက် ဖြစ်လာနိုင်တဲ့ အတွက် လယ်သမားတွေကို ပြသနာ ဖြစ်မှာကို စိုးရိမ်ပြီး စာနဲ့ ရေးမတင်ပြကြဘူး” ဟု နောက်ထပ် လယ်သမား တစ်ဦးက ဆိုသည်။
သို့အတွက် အထက်လူကြီးများ အနေဖြင့် ချောင်းရှည် ကျေးရွာ အုပ်စုရှိ ရွှေဘုံသာကွင်းတွင် မည်သို့ ဖြစ်နေသည်ကို လာရောက်စစ်ဆေးစေလိုသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
ချောင်းရှည်အုပ်စုတွင် တည်ရှိသော ရွှေဘုံသာကွင်း တာတမံကို မြန်မာ သက္ကရာဇ် ၁၃၁၇ ခုနှစ်တွင် စတင်တည်ဆောက်ကြောင်း၊ တာတမံကျိုးပေါက်သွားသဖြင့် နောက်ပိုင်း ဒေသခံများက တပိုင်တနိုင် ပုဖွန်၊ ငါး မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း၊ ယင်းနောက်ပိုင်းတွင် စပါးပြန်လည် စိုက်ပျိုးနိုင်ရန် အတွက် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၁၀၁. ၄၆ သန်း အကုန်အကျခံ ပြန်လည် တည်ဆောက်ပေးခဲ့ကြောင်း လယ်သမားများက ပြောသည်။
ယခု တည်ဆောက်ထားသော တာတမံမှာ ခြေရင်းအကျယ်မှာ သတ်မှတ်ချက်အရ ၂၄ ပေ ရှိရမည်ဖြစ်သော်လည်း ၁၇ ပေသာရှိကြောင်း၊ အမြင့် ၆ ပေရှိရမည့် နေရာတွင် ၄ပေသာရှိကြောင်း၊ ထိပ်ဝ အကျယ်မှာ ၆ ပေ ရှိရမည်ဟု သတ်မှတ်ထားသော် လည်း ၅ ပေခန့်သာ အကျယ်ရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, June 30, 2014

ရခိုင်တွင် စစ်တပ်က ပြန်ပေးသောလယ်မြေများ မူလပိုင်ရှင်များ ပြန်မရဟုဆို

E
ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် စစ်တပ်က သိမ်းယူသွားသော လယ်မြေများကို ပြန်ပေးရာတွင် မူလပိုင်ရှင် လယ်သမားမှာ ၎င်းတို့၏ လယ်မြေများကို ပြန်မရဘဲ ဖြစ်နေသည်ဟု ကျိန္တလီမြို့နယ်ခွဲ ကျောက်ခေါင်းကွင်းကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက နိရဉ္စရာသို့ ပြောသည်။
“ ခုလို လယ်တွေကို ပြန်ပေးတဲ့နေရာမှာ မူလပိုင်ရှင် လယ်သမား အစစ်အမှန် ၈၀ ခန့်က လယ်ဧက ၂၀၀ ခန့်ကို ပြန်မရဘူး။  ကျိန္တလီမြို့နယ်ခွဲ ပုန်းညက် အုပ်စု၊ သဲကုန်းအုပ်စု၊ စေတီကွင်းအုပ်စုနဲ့ ကျောင်းကုန်းအုပ်စုတွေက လယ်သမားတွေ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။
၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့မှ ကျိန္တလီမြို့နယ်ခွဲ အထက်ကျောင်း ရွှေကိန္ဒရီခန်းမတွင် ‘ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များ လက်ဝယ်သို့ ယာယီလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား’ တစ်ခုအား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၎င်းအခမ်းအနားတွင် စစ်တပ်က သိမ်းသွားသော လယ်မြေများကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ခဲ့ရာတွင် ဦးမျိုးဝင်း ပိုင်ဆိုင်သော ကွင်းအမှတ် ( ၂၅၉) ပါ လယ် (၂) ဧကကို အခြားလူအမည်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်လယ် ၂ ဧကကို ၁၉၉၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စစ်တပ်က သိမ်းယူသွားပါတယ်။ အခု ၀န်ကြီး ဦးသာလူချေလာပြီး တပ်သိမ်းမြေတွေ ပြန်ပေးတော့ ကျွန်တော့်မြေက တခြားလူနာမည်နဲ့ အမည်ပေါက် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဦးမျိုးဝင်းကဆိုသည်။
အလားတူ ရှောက်ကုန်းကျေးရွာနေ ဦးကျော်ခင်ကလည်း သူလယ်မြေ ၃ ဒဿမ ၅၀ ဧကကို ပြန်မရခဲ့ဟု ဆိုသည်။
“ ကျွန်တော်ပိုင်တဲ့လယ်က ကွင်းအမှတ် ၂၅၇ ဖြစ်ပါတယ်။ စုစုပေါင်း ၃.၅၀ဧက ဖြစ်ပါတယ်။ ကျွန်တော်လယ် အသိမ်းခံရတဲ့ နောက်ပိုင်းမှာ သီးစားချတော့ ကျွန်တော်က လျှောက်ထားပါတယ်။ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို မပေးဘဲ သူအမျိုးတွေကိုသာ ပေးခဲ့ပါတယ်။ အခု ကျွန်တော် ဘိုးဘွားပိုင် ဓါးမဦးချလုပ်လာတဲ့ လယ်က သူများနာမည်နဲ့ ထွက်လာပါတယ်” ဟု ဆိုသည်။
ဦးကျော်ခင်မှ ဂွမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားပြီး မူလပိုင်ဆိုင်ကြောင်း စာရွက်စာတန်းများ၊ ပြေစာများနှင့် လယ်နီးဝန်းကျင်က လူများ၏ ထောက်ခံချက်ဖြင့် သွားရောက် တင်ပြသော်လည်း အထောက်အထား မပြည့်စုံဟုဆိုကာ ပယ်ချခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။
ယင်းပြင် လယ်မြေပြန်မရသူ မူလပိုင်ရှင်များက ဂွမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျိန္တလီမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးသို့ သွားရောက်တင်ပြရာ အထက်ကလုပ်ခြင်း ဖြစ်သဖြင့် သူတို့ အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
D
သို့အတွက် နိရဉ္စရာမှ ဂွမြို့နယ် အထွေအုပ်ချုပ်ရေးမှူးထံသို့ ဖုံးဖြင့် ဆက်သွယ်ရာ လက်အောက်ငယ်သား အမျိုးသမီးငယ်များက ဖုံးကိုင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှာ ပြင်ကို ထွက်သွားကြောင်း အကြိမ်ကြိမ် ဖြေကြားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
ယခုကဲ့သို့ မူလပိုင်ရှင် လယ်သမားများ လယ်မြေများကို ပြန်မရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ခရိုနီများက နာမည်လိမ်ဖြင့် ဂရမ်ဖေါက်ပြီး ယူဆောင်သွား၍ ဖြစ်ကြောင်း ကိုမျိုးဝင်းက ဆက်ဆိုသည်။
“ လယ်သမားတွေရဲ့ လယ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နဲ့ ခရိုနီတွေက ပူးပေါင်း ဂရမ်ဖေါက်ပြီး ယူသွားလို့ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စစ်တပ်က သီးစားချခံထားရတဲ့ လယ်သမားတွေက မူလပိုင်ရှင် နာမည်ကို ဖယ်ထုတ်ပြီး သူတို့ နာမည်နဲ့ ယူသွားတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေအား ဆက်သွယ်မေးမြန်းရာ အသေအချာ ကွင်းဆင်း စိစစ်ပြီးမှ ခွဲဝေပေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ကိုယ်တိုင် သွားရောက်ပြီး ခွဲဝေပေးတာပါ။ မိုးရာသီအမှီ ထွန်ယက်စိုက်ပျိုးနိုင်အောင် ခွဲဝေပေးတာ ဖြစ်ပါတယ်။ ခွဲဝေပေးတာကေတော့ စက်ပစ်ကွင်းမှာတော့ ဧရိယာ ၂၂၅ ဒသမ ၁၅ ဧကကို လယ်သမား ၂၀၉ ယောက်ကို ခွဲဝေပေးပြီး ကမ်းသာယာမှာ ၃၀၇ ဒသမ ၇၂ ဧကကို လယ်သမား ၂၀၂ ယောက် ခွဲဝေပေးခဲ့ပါတယ်။ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲက လယ်မြေတွေပါ” ဟု သူက ဆိုသည်။
၎င်းပြင် ၀န်ကြီးက လယ်သမား ၅၀၀ခန့်အား ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ မြေယာကော်မီ၊ မြို့နယ် ကော်မီတီ၊ ခရိုင် ကော်မီတီက အသေအချာစိစစ်ပြီး ပြည်နယ်က Clear ဖြစ်ပြီးမှ ကွင်းဆင်းပြီး အမှန်တကယ် လယ်လုပ်နေသောလယ်သမားများလက်ထဲသို့ ခွဲဝေပေးခြင်း ဖြစ်ကြောင်း၊ သို့အတွက် ယင်းကိစ္စမှာ ဖြစ်နိုင်မည် မထင်ကြောင်း၊ ယင်းသို့ ပြောဆိုသည်မှာ မဟုတ်မမှန်ဘဲ လုံ့ဆော်မူ လုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ဒေသခံ တောင်သူများအနေဖြင့် ယခုကိစ္စကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ၀န်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတအထိ တက်ရောက် တိုင်ကြားသွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်ပေးမူ မရှိပါက ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောဆိုသည်။
 
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)