Showing posts with label မူခင်းသတင်း. Show all posts
Showing posts with label မူခင်းသတင်း. Show all posts

Friday, January 30, 2015

သံတွဲမီးရှို့မှု လူ ၁၂ ဦး ထောင်ချခံရ

Thandwe-prison
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြူချိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော  ပဋိပက္ခအတွင်း အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ရွာသား ၁၂ ဦးအား ထောင်ဒဏ်များ အသီးသီး ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၈ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှ စီရင်ချမှတ်ရာတွင် သူတို့ ၁၂ ဦးအား ပုဒ်မ  ၄၃၆/၃၄ အရ အလုပ်နှင့် ထောင်ဒဏ်၂နှစ်စီချမှတ်ခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထောင်၂ နှစ်စီချမှတ်ခံရသူများမှာမိုးကျော်သူ၊ မောင်မောင်အေး၊ ဇော်မျိုးသက်၊ ဇော်မင်းဦး၊ ကျော်ကျော်နိုင်၊ ကျော်ကျော်၊ အောင်အောင်၊ တင်လှ၊ နေမျိုးကျော်၊ ဇော်မျိုးလွှင်၊ ကျော်ကြီး(ခ)ကျော်ထွန်းခိုင်နှင့် ဂျပန်(ခ) ညီလင်းထွန်းတို့ ဖြစ်ကြသည်။
ပြစ်မှု မထင်ရှားသဖြင့် ညွန့်ခင် ခင်မောင်လွှင်တို့နှစ်ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၃(၁)အရ အမှုမှ အပြီးအပြတ်လွှတ်ပေးခဲ့သည်ဟု သိရသည်။
တရားခံပြေး ကိုကြီးနိုင်အားပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အတည်ပြု အမှု ပိတ်ခဲ့ကြောင်း သိရသည်။
၂၀၁၃ အောက်တိုဘာ ၁ ရက်နေ့ က သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောပ ဋိပက္ခကြောင့် နေအိမ် ၃၉လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး တန်ဖိုး ကျပ် ၁၉သိန်း ၅သောင်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ယင်းအရာရှိက ဆိုသည်။
ယင်းမီးလောင်မှုအား အောက်နတ်မော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးထွန်းခင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 29, 2015

ပေါက်တောမြို့နယ် ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည်စခန်းမီးလောင်၊ အိမ်ထောင်စု ၁၀၆ စု အိုးမဲ့အိမ်မဲ့ဖြစ်

bangali-camp
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် အိမ်ထောင်စု ၁၀၆စု၊ လူပေါင်း ၄၅၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က အတည်ပြု ပြောကြားသည်။
“ မီးလောင်တာက ဇန်န၀ါရီလ ၂၃ ရက်နေ့  ညနေ ၃ နာရီခွဲက စလောင်ပြီး ၄နာရီခွဲမှာ ပီးသွားပါတယ်။ ရှစ်ခန်းတွဲ အဆောင် ၁၀ ခုမီးထဲပါသွားပါတယ်။ ပေါ့ဆမီးပါ။ ထမင်းချက်ရာကနေ လောင်တာပါ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယင်းမီးသည် ကြိမ်နီပြင် ဒုက္ခသည်စခန်းရှိ အဒူချော်ဘီအိမ်က စလောင်ခြင်းဖြစ်ပြီး အဆောင် (၁၀) ခုအား ၀ါးမျိုဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။
“ မီးသတ် ဌာနရဲ့ ခန့်မှန်းချက်အရ ကျပ်သိန်း ၈၀ ခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ အခုတော့ အဒူချော်ဘီကို ဖမ်းဆီးအရေးယူထားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။
ယခုအခါ သက်ဆိုင်ရာမှ မီးဘေးဒုက္ခသည်များအတွက် ယာယီစခန်းဖွင့်လှစ်ထားပြီး ဆန်ဆီဆားစည့် လိုအပ်သည့် စားသောက်ကုန်များအပြင် ရွက်ဖျင်တဲများ၊ စောင်များ ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။
ဇန်န၀ါရီလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးအဖွဲ့မှ ၀န်ကြီး ၂ ဦး အပါအ၀င် အစိုးရ တာဝန်ရှိသူများသွားရောက်ပြီး အကူအညီနှင့် အားပေးစကားများ ပြောကြားခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

အမ်းတွင် ကုန်တင်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေ

Car-accident
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ညနေက ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေဆုံးပြီ ရဟန်းတော် တစ်ပါးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။
ယခုသေဆုံးသွားသူမှာ “ရိုးမမန္တလာ”အမည်ရှိ ကုန်တင်ကားကိုမောင်းနှင်လာသည့် ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်မှ အသက် ၃၇ အရွယ် ဦးကျော်စိုးဖြစ်သည်။
သူသည် အမျိုးသမီး ၁ ဦး၊ ဘုန်းကြီးတစ်ပါးနှင့် စပယ်ယာ ၂ ဦးတို့ကိုတင်ဆောင်၍ မန္တလေးမှ စစ်တွေသို့ပြန် လာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ပြန်လာရာ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၇ နာရီခန့်က အမ်းမြို့နယ်၊ တောင်စောက် ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၇၅/၆ နှင့် ၇၅/၇ တို့အကြားတွင် အဆိုပါကားမှာ ဘရိတ်ပေါက် တိမ်းမှောက် သွားသည့်အတွက် သူ ယခုကဲ့သို့ သေဆုံးသွားရခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒရိုင်ဘာက သေတယ်။ စပယ်ယာတွေတော့ ဘာမှ မဖြစ်ဘူး။ ကားပေါ်ပါလာတဲ့ အမျိုးသမီးနဲ့ ဘုန်းကြီး တစ်ပါးကတော့ ထိခိုက်ဒဏ်ရာတွေရကြတယ်” ဟု အမ်းမြို့မ ရဲစခန်းမှ ရဲအုပ်အောင်သိန်းထွန်းက ဆိုသည်။
ကားပေါ်တွင်လိုက်ပါလာသည့်အမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ဒေါ်ခင်မာသန်း ဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် သူမ၏ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း ရဲက ဆိုသည်။
အလားတူ ကားပေါ်ပါ သံဃာတော်မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အသက် ၄ဝ ကျော်အရွယ် ဦးသုမလဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် ဆရာတော်၏ဦးခေါင်းတွင် ၃ လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရ သည်။
ဒဏ်ရာရရှိသူများမှာ အမ်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် မစိုးရိမ်ရသော လူနာများအဖြစ် ဆေးဝါးကုသမှုခံယူနေ ပြီး ယခုဖြစ်စဉ်ကျူးလွန်သူကို ပြစ်မှုပုဒ်မ ၃ဝ၄(က)/၃၃၇/၃၃၈ ဖြင့် အမ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမ်းတောင်ကြားလမ်းတွင် ယခုကဲ့သို့ ကားများ မကြာခဏတိမ်းမှောက်နေရခြင်းမှာ လမ်းအကွေ့အကောက် များသည့် အပြင် ယာဉ်မောင်းများအနေဖြင့်လည်း ယင်းတို့၏ ယာဉ်များကြံ့ခိုင်မှုရှိ/မရှိကို စစ်ဆေးမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ရဲက ရဲအုပ်အောင်သိန်းထွန်းက မှတ်ချက်ပြုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဖေါင်ကြီးသင်တန်းကျောင်းသို့ ဆရာ ဆရာမ ၃၅ ဦးကို တင်ဆောင် မောင်းနှင်လာသော တိုးရတနာ ဘတ်စ်ကားသည် အမ်းမြို့နယ်တွင် တိမ်းမှောက်သွားသဖြင့် ဆရာ ၄ ဦးနှင့် ဆရာမ ၂ ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အမ်းမြို့နယ် ဆေးရုံသို့ အတွင်းလူနာ အဖြစ် တင်ပို့ခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူတွင် မီးလောင်၍ နေအိမ်နှစ်လုံး ဆုံးရှုံး

မီးကို ကျောက်ဖြူဒေသခံများ ၀ိုင်းဝန်း ငြိမ်းသတ်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
မီးကို ကျောက်ဖြူဒေသခံများ ၀ိုင်းဝန်း ငြိမ်းသတ်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်တွင် ယနေ့ (ဇန်န၀ါရီလ ၈ ရက်) နံနက် ၉ နာရီခွဲ အချိန်က မီးလောင်မှု တစ်ခု ဖြစ်ပွားရာ နေအိမ် နှစ်လုံးလောင်ကျွမ်းသွားကြောင်း သတင်းရရှိသည်။
ယင်းမီးမှာ ပေါ့ဆမီး ဖြစ်ပြီး ကျောက်ဖြူ စေတီတောင်ရပ်ကွက်၊ အိုးအိမ်တိုက်တန်း၊ ငလပွေဆင်းလမ်းမဘေး  ဒေါ်မဲစိန် (ခ) မဲကြည် (၄၄) နှစ် (ဘ) ဦးရွှေအောင်(ဈေးရောင်း) အိမ်မှ စတင်လောင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းတာဝန်မှူး ဒုရဲအုပ် သိန်းနိုင်မှ ပြောကြားသည်။
“ လူတွေ မရှိခိုက် နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်တွေက စတင်လောင်တာပါ၊ ပေါ့ဆမီးပါ” ဟု သူက ဆိုသည်။
မီးလောင်သည် သတင်းရသည်ချက်ချင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မြ နှင့်အတူ ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်တို့ လိုက်ပါသွားပြီး မီးသတ်ကားနှစ်စီး အပါအ၀င် ရပ်ကွက်မှ လူထု ၁၀၀ခန့်ဖြင့် ၀ိုင်းဝန်း မီး ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။
မီးကို နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်တွင် အပြီး ငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
မီးလောင်မှုကြောင့် အိမ်ချင်းကပ်လျက်ရှိသော  ဒေါ်မတုတ်ချေ၏ နေအိမ် (ဓနိမိုး၊ ၀ါထရံကာ၊ ပျဉ်ခင်း) နှင့် စတင် မီးလောင်ခဲ့သော ဒေါ်မဲစိန်၏နေအိမ် (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း) နေအိမ်တို့မှာ မီးထဲပါသွားခဲ့သည်ဟု သိရသည်။
ပေါ့ဆမီးကြောင့် ဆုံးရှုံးသွားသော နေအိမ်နှစ်လုံး တန်ဖိုးငွေမှာ ကျပ်ငွေ ၄၀၀၀၀၀ ခန့်ရှိကြောင်း မီးသတ်ဦးစီဌာန ဒုတိယဦးစီးမှူး ကျော်ကျော်အောင် မှ ပြောကြားသည်။
မီးစတင်လောင်ခဲ့သောအိမ်ရှင် ဖြစ်သူ ဒေါ်မဲစိန်(ခ)မဲကြည်  စေတီတောင်ရပ်ကွက်နေသူအား ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်မှ တရားလိုပြုလုပ်ကာ (ပ)၉/၂၀၁၅ပြစ်မှုပုဒ်မ – ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, January 6, 2015

မြောက်ဦးမြို့နယ်တွင် ကျွဲနွားခိုးဂိုဏ်း သောင်းကျန်း

Buffalo
တင်းထရံကျေးရွာမှ မွေးမြူထားသော ကျွဲများ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း ကျွဲနွားခိုးဂိုဏ်းများ သောင်းကျန်းနေပြီး နေ့စဉ် ရက်ဆက်ဆိုသလို ကျွဲနွားများ အခိုးခံနေရသည်ဟု သတင်း ရရှိသည်။
ကျွဲနွားခိုးမှု ဆက်တိုက် ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့က မဖေါ်ထုတ်နိုင်သဖြင့် ဒေသခံ ပြည်သူများအကြား ကျွဲနွားမွေးမြူရေးနှင့် ပတ်သက်ပြီး အခက်ကြုံ တွေ့နေရကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်ကျော်နိုင်က ပြောသည်။
“ ကျွဲနွားတွေက ပုံမှန်ဆိုသလို အခိုးခံနေရပါတယ်။ အခိုးခံရတာကလည်း ကျွဲကောင်ရေ အုပ်စုလိုက်ကို အခိုးခံနေရတာပါ။ ရဲက တစ်ခါမှ ဖေါ်ထုတ် ဖမ်းဆီးနိုင်တာလည်း မရှိသေးပါဘူး။ အခုတော့ ကျွဲနွားမွေးမြူရတာ အခက်အခဲ ဖြစ်နေရပါတယ်” ဟု သူက ဆိုသည်။
လွန်ခဲ့သော ဒီဇင်ဘာလ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် တင်းထရံကျေးရွာတွင် ကျွဲ ၅ ကောင် အခိုးခံခဲ့ရသည်။
ယင်းအပြင် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ခွေးတောက်ချောင်းကျေးရွာမှ ကျွဲ ၅ ကောင်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နတ်ချောင်းကျေးရွာမှ ကျွဲ ၉ ကောင် အခိုးခံခဲ့ရသည်။  ယခုတစ်ကြိမ် တင်းထရံရွာတွင် အခိုးခံရမူသည်  ယင်းဒေသ၌ တတိယအကြိမ် အခိုး ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ခိုးယူမှုများမှာ အခြားဒေသတွင်များလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ကျွဲနွားခိုးဂိုဏ်းများသည် များသောအားဖြင့် စက်လှေများကို အသုံးပြု ခိုးယူလေ့ရှိပြီး တဖက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ရေလမ်းကြောင်းကို အသုံးပြုကာ တင်ပို့ကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, January 1, 2015

စစ်တွေမြို့ ဘီလူးမတံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

(အတိုက်ခံရသော ထော်လာဂျီများကို တွေ့ရစဉ်။)
အတိုက်ခံရသော ထော်လာဂျီများကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘီလူးမတံတားပေါ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံမှာ စစ်တွေမြို့ မြို့တွင်းမှ သင်္ဘောဆိပ်ဘက်သို့ မောင်းနှင်လာသော ထော်လာဂျီကို နောက်မှ မောင်းနှင်လာသော ကားတစ်စီးက ၀င်တိုက်ခြင်းဖြစ်ပြီး၊ တိုက်မိသော ထော်လာဂျီနှင့် သင်္ဘောဆိပ်ဘက်မှ မောင်းနှင်လာသော ထော်လာဂျီတို့ ထပ်မှန်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက “ကားက ထော်လာဂျီကို ၀င်တိုက်တာပါ။ ပထမတိုက်ခါစကတော့ ထော်လာဂျီဘာမှ မဖြစ်သေးဘူး။ နောက်ကားက ဆောင့်ကာဆောင့်ကာ နှစ်ခေါက်ဆက်တိုက် တိုက်ပြီးမှ ထော်လာဂျီမှောက်သွားတာပါဟု” ပြောသည်။
ပထမဆုံးအတိုက်ခံရသော ထော်လာဂျီမောင်းသမားမှာ ဦးမောင်ကျော်ဆန်း အသက် (၃၉) နှစ် စစ်တွေမြို့ ဆင်ကူးလမ်းတွင် နေထိုင်ကြောင်း သိရသည်။ ကားတိုက်မှုကြောင့် မေးစေ့တွင် ၃ ချက်ချုပ်ရပြီး၊ ပါးပြင်ယာဘက်မျက်နှာနှင့် ၀ဲဘက်ရင်အုပ်တွင် ဒဏ်ရာရှိကြောင်း ခြေထောက် အောက်ပိုင်းလည်း နာကျင်စွာ ခံစားရပြီး ခြေကို ဆန့်၍ မရကြောင်း၊ ယခုအချိန်၌ စစ်တွေ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသခံနေရကြောင်း သိရသည်။
နောက်ထပ်အတိုက်ခံရသူတစ်ယောက်မှာ ဇော်နိုင်ဦး အသက် (၃၇)၊ စစ်တွေမြို့ အုန်းတပင်ရပ်ကွက်တွင် နေထိုင်ကြောင်းသိရသည်။ ဒုတိယတစ်ယောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိသောကြောင့် စစ်တွေဆေးရုံကြီးတွင် ဓါတ်မှန်ရိုက်ပြီး အိမ်ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က သူများထော်လာဂျီကို မောင်းတာပါ။ ရလာတဲ့မြတ်ငွေထဲက ပိုင်ရှင်ထက်ဝက်၊ ကိုယ်ထက်ဝက်ရပါတယ်။ သားသမီး သုံးယောက်ရှိပါတယ်။ မိန်းမက မှီခိုပါ၊ ဘာမှ အလုပ်မရှိပါဘူး။ သားသမီးတွေက ၄-၅ တန်းတက်နေကြပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
တိုက်သော ကားနံပါတ်မှာ YGN FI-4882 ဖြစ်ပြီး ကောင်းခေါင်းဘက်တွင် အတော်ချိုင့်ဝင်သွားပြီး ကားမောင်းသမားမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိကြောင်း မျက်မြင်သက်သေများက ပြောသည်။ ကားမောင်းသူ မည်သူမည်ဝါဖြစ်သည်ကို ရဲက စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မဟာဓါတ်အားလိုင်း ဓါတ်တိုင်ပေါ် တက်ပြီး နွားကျောင်းသူ ကာရန်းလိုက်ပြီး ဆေးရုံတင်ရ

photo by internet
photo by internet

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းတွင် နွားကျောင်းနေသည့် လူငယ် တစ်ဦးသည် သူ၏ နွားများကို ဓါတ်တိုင်ပေါ်သို့ တက်ရောက်ပြီး ကြည့်ရာမှ လျှပ်စစ်လိုက်ပြီး ပြုတ်ကျသွားသဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
ယင်းလူငယ်မှာ အသက် ၁၄ နှစ်အရွယ် နွားကျောင်းသား တစ်ဦးဖြစ်ပြီး ပုဏ္ဍားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဖြစ်ကြောင်း ပုဏ္ဍားကျွန်းဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
“ သူက မဟာ ဓါတ်အားလိုင်းကနေ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးနေတဲ့ ဓါတ်တိုင်ကို တက်ပီး သူ့နွားတွေ ဘယ်ကို ရောက်နေသလဲဆိုတာကို ရှာကြည့်တယ်။ တထစ်ပြီး တထစ်တက်တာ။ အမြင့်ကို ရောက်တော့ ကာရန်းလိုက်ပြီး ဓါတ်တိုင်ကနေ ပြုတ်ကျသွားတယ်။ အခု ဆေးရုံ တင်ထားရပါတယ်” ဟု ၎င်းကဆိုသည်။
ယခင်ကလည်း နွားကျောင်းသား လူငယ်အချို့သည် မဟာ ဓါတ်အားလိုင်း ဓါတ်တိုင်ပေါ်သို့ တက်ပြီး သူတို့၏ နွားများ ဘယ်ကို ရောက်နေသည်ကို ရှာဖွေလေ့ရှိကြောင်း၊ သို့သော်လည်း ယင်းအချိန်က ကာရန်း မလွှတ်သေးသဖြင့် တစ်စုံတစ်ရာ ပြဿနာ မရှိခဲ့ကြောင်း၊ ယခုအခါ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်လွှတ်နေပြီ ဖြစ်သဖြင့် ယခင်လို အထင်ဖြင့် ဓါတ်တိုင်ပေါ် တက်ရာမှ ကာရန်းလိုက်ကာ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
ယခု ဖြစ်ပွားသော ဓါတ်တိုင်မှာ ပုဏ္ဍားကျွန်း ဓါတ်အား ခွဲစက်ရုံမှ တဆင့် စစ်တွေမြို့သို့ ဖြန့်ဝေသည့် ကင်းချောင်းတံတားအနီးရှိ ဓါတ်မီးတိုင်ဖြစ်ပြီး ယင်းအနီးတ၀ိုက်တွင် အမြင့်ဆုံး ဓါတ်တိုင်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့အပါအ၀င် မြို့အတော်များများတွင် နိုင်ငံတော် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဝေ ပေးနေရာ ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရန်အတွက် လျှပ်စစ်နှင့် ပတ်သက်ပြီး အသိ ပညာပေးမှုများ ပြုလုပ်သွားရန် အထူး လိုအပ်နေသည်ဟု အများက ပြောဆိုနေကြသည်။
ယင်းပြင် အန္တရာယ် ဖြစ်စေနိုင်သည့် သတိပေးဆိုင်းဘုတ်များကိုလည်း မြန်မာလိုရေးသားပြီး ဓါတ်တိုင်များတွင် ချိတ်ဆွဲထားရန်  အများပြည်သူက လိုလားနေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကုန်တင်မော်တော်ဘုတ်တစ်စီး ပေါက်တောမြို့နယ်တွင် နစ်မြုပ်

Sittwe Small Harbourရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပင်လယ်ပြင်တွင် ကုန်တင် မော်တော်ဘုတ်ကြီး တစ်စီး ကျောက်ဆောင်နှင့် တိုက်မိပြီး နစ်မြုပ်သွားသည်ဟု သတင်း ရရှိသည်။
ကုန်တင် မော်တော်ဘုတ်နစ်မြုပ်သွားခြင်းကို မျက်မြင် ဒေသခံ တစ်ဦးဖြစ်သူ သရက်ချောင်း ကျေးရွာသားတစ်ဦးဖြစ်သူ ကိုအောင်စံသာက ယခုလို ပြောသည်။
“ မော်တော်ဘုတ်က ပေါက်တောမြို့နယ် သလွန်တောင်ကျွန်း၊ ကျွဲသမအပေါက်မှာ ကျောက်ဆောင်နဲ့ တိုက်မိပြီး နစ်မြုပ်သွားတာပါ။ မနေ့က ဖြစ်တာပါ” ဟု သူက ပြောသည်။
ကုန်တင် မော်တော်ဘုတ်ပေါ်တွင် ကုန်ပစ္စည်းအများအပြားပါဝင်ပြီး ရန်ကုန်မှ လာသည့် မော်တော်ဘုတ်ဖြစ်ကြောင်း သူက ပြောသည်။
ယခုအခါ ပေါက်တောမြို့ပေါ်က ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 19, 2014

ဆိုင်ကယ်ခိုးသူ ဆယ်ကျော်သက်လူငယ် နှစ်ဦး မြောက်ဦးတွင်ဖမ်းမိ


Motor bike in Sittweဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများခိုးယူလာသည့် ဆယ်ကျော်သက် လူငယ်နှစ်ဦးကို မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ဦးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သောင်းက အတည်ပြုပြောသည်။
“လှည့်ကင်းပတ်တဲ့အခါ မသင်္ကာလို့စစ်ဆေးရာကနေ အခုလိုဖမ်းမိလိုက်တာပါ”ဟု ရဲမှူးမြင့်သောင်းက နိရဉ္စရာသို့ ပြောကြားသည်။
ယခုဖမ်းမိခဲ့သည့်ဆယ်ကျော်သက်နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ စိုးနိုင် (၁၆ နှစ်)နှင့် မောင်မောင်ထွန်း (၁၅ နှစ်) တို့ဖြစ်ပြီး ယင်းတို့နှစ်ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၄ နာရီ ခန့်က မြောက်ဦးမြို့၊ ကံလှရပ်ကွင်းအတွင်းရှိ ကံလှတံတားပေါ်တွင် ဆိုင်ကယ်တစ်စီးအပါအဝင် လက်ကိုင်မိုဘိုင်းဖုန်း ၃ လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့မရဲစခန်းမှ ရဲအုပ်ကျော်စိုးက ထပ်မံ အတည်ပြု ပြောဆိုသည်။
“ဆိုင်ကယ်နဲ့ ဟန်းဆတ်တွေကို သူတို့ ပုဏ္ဏားကျွန်းကနေခိုးလာတာပါ” ဟု ယင်းက ဆက်ပြောသည်။
ဖမ်းဆီးရမိသူများနှင့်ပါရှိသော ဆိုင်ကယ်မှာ Lourjia အမျိုးအစား(အနက်ရောင်ပေါ်တွင် အပြာစတေ ကာကပ်)ဖြစ်ပြီး နံပါတ်မှာ ၃၃ယ/၈၂၁၄၇ ဖြစ်သည်ဟု ဆိုသည်။
အလားတူ လက်ကိုင်ဖုန်း ၃ လုံးမှာ Hello အမျိုးအစား ၁ လုံး၊ HTC  အမျိုးအစား ၁ လုံးနှင့် HUAWEI အမျိုးအစား ၁ လုံးတို့ဖြစ်ကြောင်း သိရသည်။
“ဟန်းဆတ်တွေမှာ Sim Card တွေတော့ မပါဘူး။ Sim Card တွေကို ဖျက်ပစ်ခဲ့တာဖြစ်နိုင်တယ်”ဟု ရဲအုပ်ကျော်စိုးက သုံးသပ်ပြောသည်။
ဖမ်းဆီးရမိသူနှစ်ဦးကို လောလောဆယ် မြောက်ဦးမြို့မရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားသော်လည်း သူတို့နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ်သို့အမှုလွှဲပြောင်းပေးနိုင်ရန် စီစဉ်နေ ကြောင်း မြောက်ဦးမြို့မရဲစခန်းမှ ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 9, 2014

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦး ပျောက်ဆုံး

Maungdaw-watch-towerမောင်တော အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦးပျောက်ဆုံးနေကြောင်း သူမ၏ ခင်ပွန်းဖြစ်သူနှင့် မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အငယ်တန်းစာရေးအဖြစ်တာဝန်ထမ်းဆောင်နေသည့် အဆိုပါအမျိုး သမီးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ သူမ၏ ၇ နှစ်အရွယ်သားငယ်နှင့်အတူပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူကပြောသည်။
“ပြီးခဲ့တဲ့လ ၁၅ ရက်နေ့ကနေ ကျွန်တော့်သားနဲ့အတူ ပျောက်နေတာပါ။ ဒီနေ့အထိ ဘယ်လိုမှအဆက်အသွယ် မရသေးပါဘူး။ ရဲစခန်းမှာလူပျောက်တိုင်ထားပါတယ်။သတင်းစာမှာလည်း လူပျောက်ကြော်ငြာထည့်ဖို့လုပ်တာ ရဲက ထောက်ခံချက် လိုတယ်ဆိုလို့ ရဲဆီက ထောက်ခံချက်တောင်းပေမယ့် ရဲက ထောက်ခံချက်မပေးပါဘူး”ဟု သူမ၏ခင်ပွန်း ဖြစ်သူက ပြောသည်။
မြို့ပေါ်တွင် သတင်းများအမျိုးမျိုးထွက်ပေါ်နေသော်လည်း နိရဉ္စရာ အနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပါ။“ တစ်ဦးဦးနဲ့ လိုက်ပါသွားတယ်လို့ ကြားပါတယ်။ ဒီသတင်းကို တစ်မြို့လုံးလည်း စိတ်ဝင်စားနေကြပါတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက မယကရုံးသို့သွားရောက်စုံစမ်းသော်လည်း ရုံးမှတာဝန်ရှိသူများက အတွေ့မခံခဲ့ကြောင်း ခင်ပွန်းဖြစ်သူနှင့်မြို့ခံများက ဆိုသည်။
“ဒီကိစ္စကို မယကရုံးဆီသွားစုံစမ်းပေမယ့် လူကြီးတွေက တစ်ယောက်မှ ကျွန်တော့်ကိုအတွေ့မခံဘူး။ အသေး စိတ်လည်း မသိရဘူး။ မယကဥက္ကဋ္ဌကတော့ စစ်တွေမှာ လေးလပတ်အစည်းအ ဝေးရှိတယ်ဆိုပြီး ထွက်သွားတယ်။ ဒါပေမယ့် သူ စစ်တွေကိုမသွားဘဲ ရန်ကုန်ကိုလေးငါးရက်သွားတယ်လို့ ကြားရတယ်”ဟု ပျောက်ဆုံး သွားသည့်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောအထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ယခုကိစ္စအမှုမှန်ပေါ်ပေါက်စေရန်အတွက် ခင်ပွန်းဖြစ်သူက မြို့ခံများ၏လက်မှတ်များကို ကောက်ခံကာ ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားရန်စီစဉ်နေကြောင်း ခင်ပွန်းဖြစ်သူနှင့် မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်ဝင်းသိန်းက နိရဉ္စရာသို့ ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြောက်ဦး နတ်ချောင်းရွာတွင် ကျွဲ ၉ ကောင် အခိုးခံရ


bufflos
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင် ယခုလ ၂ ရက်နေ့ ညဉ့်က ကျွဲ ၉ကောင် တစ်ပြိုင်နက်တည်း အခိုးခံခဲ့ရသည်ဟု သိရသည်။
“ ဦးစိန်ထွန်းထံမှ ၈ ကောင်၊ သူရဲ့ သမက် မောင်သိန်းရွှေဆီက တစ်ကောင်ပါ။ စုစုပေါင်း ၈ ကောင်ပါ” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
၎င်းကျွဲများအား ခြံတွင် ချည်နှောင်ထားစဉ် ညဉ့်အချိန် ၀င်ရောက်လာပြီး စက်လှေဖြင့် တင်ဆောင် ခိုးယူသွားခြင်း ဖြစ်သည်ဟု သိရသည်။
“ ခန့်မှန်းရတာက သူတို့ ကျွဲတွေကို ခိုးပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားတယ်လို့ သိရပါတယ်။ သူတို့မှာ ရှေ့ပြေး ဟွန်ဒါ စက်လှေ တစ်စီးလည်း အတူ ကပ်ပါလာတယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။
ကျွဲခိုးခံရမူကို မြောက်ဦးရဲစခန်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့က ပိုင်ရှင်ဖြစ်သူ ဦးစိန်ထွန်းက သွားရောက် တိုင်တန်း အမှုဖွင့်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ကျွဲနွားခိုးမှုကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဖေါ်ထုတ်နိုင်သည်မှာ မရှိသလောက် နည်းပါးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

မလေးရှားတွင် မြန်မာကုန်စုံဆိုင်ပိုင်ရှင် တစ်ဦး အသတ်ခံရ

(ဓါတ်ပုံ - နေခိုင်  Facebook လူမူ့ ကွန်ယက်)
(ဓါတ်ပုံ – နေခိုင် Facebook လူမူ့ ကွန်ယက်)
မလေးရှားနိုင်ငံ ကလန်းမြို့ ဆင်တိုဆာ KFC ဆိုင် အနီးတွင် မြန်မာ ကုန်ပစ္စည်းများဖြင့် ဖွင့်လှစ် ရောင်းချနေသော မြန်မာ ဆိုင်ပိုင်ရှင် တစ်ဦးအား အမည်မသိလူအုပ်တစ်စုမှ လာရောက် သတ်ဖြတ် သွားခဲ့သည်ဟု သတင်းရရှိသည်။
ယင်းသတ်ဖြတ်မူမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အသတ်ခံရသူမှာ တနင်္သာရီတိုင်း ထားဝယ်မြို့မှ   ကိုအောင်မျိုးဦ (အသက် ၄၀)  ဆိုသူဖြစ်သည်။
ကိုအောင်မျိုးဦးသည် ကလန်းမြို့တွင် မြန်မာ ကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။
“ သတ်သွားတဲ့လူတွေက ဘယ်သူတွေလည်းဆိုတာမသိဘူး။အထဲကပိုတ်ဆံတွေလည်းယူမသွားဘူး။ ဆိုင်ကပစ္စည်းတွေလည်း ဘာမှယူမသွားဘူး။ အကုန်ဒီအတိုင်း ပဲထားခဲ့တယ်။ ကျွန်တော်တို့  ခန့် မှန်း သလောက်တော့ အငြိုးနဲ့ သက်တာဖြစ်နိုင်တယ်။ ဘာဖြစ်လို့  သက်တာဆိုလည်းမသိ ဘူး” ဟု ၄င်းဆိုင်ဘေးတွင် နေထိုင်သူ ထားဝယ် လူငယ်တစ်ဦးမှ နိရဉ္စရာသို့  ပြောသည်။
ကိုအောင်မျိုးဦး၏ လက်များနှစ်ဖတ်လုံးအား ဖြတ်တောက်ခံထားပြီး ကိုယ်ခန္ဓာတွင်လည်း ဒဏ်ရာ အများ ရရှိခဲ့ကြောင်းသိရသည်။
“ ဒီဆိုင်မှာ ကျွန်တော်တို့  ပစ္စည်းတွေဝယ်နေကျပဲ သူကအရမ်းခင်ဖို့ ကောင်းတယ်။ လူချစ်လူခင် ပေါတယ်။ ကိုယ့်မြန်မာတွေနဲ ရန်ဖြစ်လေ့ဖြစ်ထမရှိဘူး။ အခုလို ဖြစ်သွားတဲ့အတွက် အရမ်းကို စိက်မကောင်းဖြစ်မိတယ်ဟု’’ ၄င်းလူငယ်မှဆက်ပြောသည်။
အဆိုပါဆိုင်တွင်အကူအဖြစ်အလုပ်လုပ်သောအမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်သူများမှ ဓါးနဲ့  ခုတ်သတ်ခဲ့သဖြင့် နားထင်များနဲ့  လက်များတွင် ပြင်းထန်ဒဏ်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမူ ခံယူလျှက်ရှိကြောင်း သိရသည်။
သို့သော်လည်း မလေရှားရဲများမှ ၎င်းအမျိုးသမီးအား ချက်ချင်းစစ်ဆေးရန် ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။
မလေးရှားတွင် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့ လူသတ်များပေါ်ပေါက်နေသော်လည်း မလေးရှားရဲမှ တစ်စုံတစ်ရာ ထိထိရောက်ရောက် ဖေါ်ထုတ်ခြင်း မရှိကြောင်း၊ မလေးလူမျိုးတစ်ဦးဦး အသတ်ခံရပါက ချက်ချင်း ဖေါ်ထုတ် အရေးယူနိုင်သော်လည်း မြန်မာနိုင်ငံသား ၅၀ နီးပါးခန့် အသတ်ခံရသော်လည်း အမှု တစ်ခုကို ဖေါ်ထုတ်နိုင်ခြင်း မရှိဘဲဖြစ်နေသည်မှာ အလွန်အံ့အားသင့်စရာ ဖြစ်နေကြောင်း၊ မလေးရဲတပ်ဖွဲ့က မြန်မာများ အသတ်ခံရမှုအပေါ် မျက်ကွယ်ပြုနေပုံရကြောင်း မလေးရောက် ကိုအောင်လွှင်ဦးမှ သုံးသပ် ပြောဆိုသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများဆက်တိုက်အသက်ခံနေရသော်လည်း အမူမှန် တစ်ခုမှ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာမြန်မာအစိုးရအနေဖြင့် အချိန်မှီ လာရောက် ကာကွယ်ပေးသင့်ကြောင်း မလေးရှားနိုင်ငံရှိ နာရေးကိစ္စတွင် လုပ်ကိုင်ဆောင်ရွက်နေသူ ကိုစိုးသန်းမှလည်း နိရဉ္စရာသို့ ပြောသည်။
မည်သည့်အကြောင်းကြောင့် တိုက်ခိုက် သတ်ဖြတ်သည်ကို မသိရသေးသော်လည်း မလေးရှား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ  လူသတ်မှု ကျူးလွန်သူများကို CCTV ကတဆင့် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

ဘူးသီးတောင်မြို့ ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ် ဖမ်းခံထားရသူ တရားခံ (၃) ဦးအား တရားစွဲတင်

တရားစွဲတင်ရာ ဘူးသီးတောင် မြို့နယ် တရားရုံး ( ဓါတ်ပုံ- နိရဉ္စရာ)
တရားစွဲတင်ရာ ဘူးသီးတောင် မြို့နယ် တရားရုံး ( ဓါတ်ပုံ- နိရဉ္စရာ)
ဘူးသီးတောင်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေက ပေါက်ကွဲခဲ့သော ဗုံးခွဲမှုနှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူ ဘင်္ဂလီ လူမျိုး (၃) ဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့သည်ဟု သိရသည်။
ပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် တရားစွဲတင်ခံရသူ (၃) ဦးမှာ ဘူးသီးတောင်မြို့၊ မြို့သစ်တောင် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တည်းခိုရိပ်သာဆိုင်တန်းမှ Icon ကွန်ပျူတာနှင့် မိတ္တူဆိုင်မှ အာမက်ဒူလာ (ဘ) အီဆုပ်ဇာလာ (၂၉)နှစ်၊ ၎င်းဆိုင်တန်းရှိ စက်ဘီး၊ ဆိုင်ကယ် အပို ပစ္စည်း အရောင်းဆိုင်မှ နိုအာလောင်(ခ)အောင်နိုင် (ဘ) မော်ဂူလာမက် (၃ဝ)နှစ် နှင့် စက်ဘီးပြင်သမား ရာမာလီ (ဘ)ဘာဆာမျာ (၁၉)နှစ် တို့ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ နိုဝင်ဘာလ ၁ ရက်နေ့မှာ သူတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး Icon ကွန်ပျူတာဆိုင်ကနေ ပေါက်ကွဲမှုနဲ့ ဆက်စပ် သက်သေခံ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးက တရားရုံးမှာ ဖြောင့်ချက် ပေးထားပါတယ်” ဟု ဆိုသည်။
ဘူးသီးတောင် မြို့နယ် တရားသူကြီး ရှေ့မှောက်တွင် ဖြောင့်ချက်ပေးထွက်ဆိုခဲ့သူမှာ ရာမာလီ ဖြစ်ပြီး ၎င်းမှာ ငွေရမည်ဟု ဆွဲဆောင်မှုကြောင့် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့က  ဝန်ခံခဲ့သည်ဟု သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ည ( ၉း၁၅) အချိန်တွင် ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဧည့်ရိပ်သာအနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲခဲ့သော နေရာအနီးတ၀ိုက်မှ မိုဘိုင်းတယ်လီဖုံးတစ်လုံး၊ စက်သီး ဘောစေ့များနှင့် တစ်ခြား ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ယင်းပေါက်ကွဲခဲ့သော ဗုံးများမှာ  လက်လုပ်ဗုံး ဖြစ်သော်လည်း ချိန်ကိုက်ဗုံးအမျိုးအစား ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။
၎င်းအမှုကို  ရဲအုပ်မြတ်ထွေးက တရားလိုပြုလုပ်၍ ဘူးသီးတောင်မြို့နယ် တရားရုံးသို့ ပုဒ်မ၁၉(စ)ဖြင့် တရား စွဲဆိုတင်ပို့ခဲ့ပြီး တရာရုံးက ပြစ်မှုကြီးအမှတ် ၂၆၇/၂ဝ၁၄ ဖြင့် လက်ခံလျှက် စတင် စစ်ဆေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ နောက်ထပ်ခေါ်ယူစစ်ဆေးမှုများ ရှိသော်လည်း နောက်ဆက်တွဲ ဖမ်းဆီးခြင်းများ မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 12, 2014

ပုဏ္ဏားကျွန်းမြို့မဈေးတွင် ပေါက်ကွဲမှုဖြစ်၍ ဈေးဆိုင်တစ်ဆိုင်မီးလောင်


Market-of-ponna-kyunt
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မဈေးတွင် ယနေ့ ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ပြီး  ဈေးဆိုင်ခန်း တစ်ခု မီးလောင်သွားကြောင်း မျက်မြင်သက်သေများနှင့် မြို့မရဲစခန်းမှ တာဝန် ရှိသူ၏ ပြောဆိုချက်အရ သိရသည်။
ယခုကဲ့သို့ဖြစ်ပွားခဲ့မှုမှာ နိုဝင်ဘာလ ၁၁ ရက်နေ့  ညနေ ၄ နာရီအချိန်က မြို့မဈေးအတွင်းရှိ ဂတ်စ် ဖြည့်သည့် ဆိုင်တစ်ဆိုင်မှစတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဈေးသူဈေးသားများ၏ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် အနီးရှိဆိုင်ခန်းများကို ကူးစက် လောင်ကျွမ်းခဲ့ခြင်းမရှိခဲ့ကြောင်း မျက်မြင် ဒေသခံများက ပြောသည်။
“အဲဒီဆိုင်ကနေ ပေါက်ကွဲသံ နှစ်ချက်ကြားလိုက်ရတယ်။ သွားကြည့်တော့ မီးခိုးတွေအူပြီး မီးလောင်နေ လို့ အားလုံးဝိုင်းပြီး မီးငြိမ်းသတ်လိုက်ရတယ်”ဟု အခင်းဖြစ်သည့်နေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ပုဏ္ဏား ကျွန်းမြို့ခံ ဦးစံရွှေကျော်က နိရဉ္စရာသို့ပြောသည်။
ယခုမီးလောင်ကျွမ်းခဲ့သည့်ဂတ်စ်ဖြည့်သောဆိုင်တွင် မီးလောင်ကျွမ်းမှုအပြီး ယမ်းစိမ်းများ၊ ဗြောက်အိုး များ၊ ဂတ်စ်ဗူးများနှင့် မီးရှူးမီးပန်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း မျက်မြင်များက ဆိုသည်။
“အချိန်မီငြိမ်းသတ်နိုင်လို့သာ ဒီတစ်ဆိုင်တည်းနဲ့ ငြိမ်းသွားတာပါ။ ညအချိန် မတော်ဖြစ်မယ် ဆိုရင်တော့ မြို့မဈေးကြီးတစ်ခုလုံးဆုံးရှုံးသွားနိုင်ပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက မှတ်ချက် ပြုသည်။
ယခု မီးလောင်ကျွမ်းခဲ့သည့်ဆိုင်မှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဦးနော်နော်(၄၅ နှစ်)က ပိုင်ဆိုင်ကြောင်း၊ ညနေ ၄ နာရီထိုးသည်နှင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဆိုင်ကိုပိတ်၍ အိမ်ပြန်သွားပြီးနောက် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါမီးမှာ အပူလွန်ကဲရာမှတဆင့် ယခုကဲ့သို့မီးလောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, November 10, 2014

တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးမျက်နာချင်းဆိုင်တိုက်ရာမှ တစ်ဦးသေ၊ တစ်ဦးရန်ကုန်ဆေးရုံရောက်

Kyauk-Pru-and-Taungup
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နာချင်းဆိုင် အပြိုင်တိုက်ရာမှ တစ်ဦးသေပြီး၊ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု သိရသည်။
သေဆုံးသွားသူမှာ အသက် ၂၅ အရွယ် တောင်ကုတ်မြို့နယ် ရွာမ ကျေးရွာ အောက်ပိုင်းမှ မောင်ကျော်မျိုးလင်းဖြစ်ကြောင်း ရွာမ ရဲစခန်းမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသော လူငယ်မှာ မျိုးလွှင်ဆိုသူ ဖြစ်ကြောင်း ဆိုသည်။
“ ဖြစ်တာကတော့ တောင်ကုတ်မြို့နယ် ကင်းတောင်ရွာ မိဘမေတ္တာ ဆီစက်အနီးမှာ  ဒီလ ၂ ရက်နေ့က ဖြစ်တာပါ။ ကလေးတွေမောင်းလာတဲ့ ဆိုင်ကယ်နှစ်စီးက မျက်နာချင်းဆိုင်တိုက်ကြတာပါ။ ရွာမက ကလေးတွေ မောင်းလာတဲ့ ဆိုင်ကယ်ပေါ်ကဘဲ တစ်ဦးသေပီး တစ်ဦးဒဏ်ရာရသွားတာပါ” ဟု ဆိုသည်။
တိုက်မိသော တခြားဆိုင်ကယ် တစ်စီးမှာ တလာဘာကျေးရွာက မောင်းနှင်လာသော ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ်ပေါ်ပါလာသူ နှစ်ဦးမှာ အနည်းငယ်စီ ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။
ရခိုင်ပြည်နယ် အတွင်း ယခုအခါ မော်တော်ဆိုင်ကယ်များကို တောရောမြို့ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြရာ ဆိုင်ကယ်မောင်းသူ အများစုမှာ လမ်းစည်းကမ်းကို နားမလည်ခြင်း၊ ဆိုင်ကယ်ကို ကျွမ်းကျင်စွာ မမောင်းတတ်ခြင်း၊ ယင်းပြင်ဆိုင်ကယ်စီး ဦးထုပ်ကိုမဆောင်းကြဘဲ မောင်းနှင်ခြင်းတို့ကြောင့် မကြာခဏ ဆိုင်ကယ်တိုက်မူများ ဖြစ်ပွားပြီး သေဆုံးဒဏ်ရာ ရရှိမူများ ရှိနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

ဘူးသီးတောင်ဗုံးကွဲမူနှင့် ပတ်သက်ပြီး လူ (၃) ဦးကို ရဲက ဖမ်းဆီး


Buthidaung-map
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဗုံးနှစ်လုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး လူ (၃) ဦးကို ရဲက ဖမ်းဆီးစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။
“ ကျွန်တော်တို့ ဘင်္ဂလီ လူမျိုး သုံးဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူတို့ဆီက မနေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးတွေနဲ့  ဆက်စပ်တဲ့ ပစ္စည်းအချို့ကို သိမ်းဆည်းရမိတဲ့ အတွက် ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်” ဟု ရဲမှူးက ဆိုသည်။
သူတို့ဆီမှ ၀ါယာကြိုးများ၊ ဖုံးဆင်းကတ်နှင့် တခြား ပစ္စည်းအချို့ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။
“ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်မူ ရှိသလားဆိုတာကိုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် မပြောနိုင်သေးဘူး။ ဒီထက်ပိုပြီး မပြောနိုင်သေးဘူး” ဟု ဆိုသည်။
ဖမ်းဆီးခံရသူ (၃) ဦးမှာ ဘူးသီးတောင်မြို့ပေါ်က ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရိပ်သာရှေ့တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညဥ့် ၉ နာရီ အချိန်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ယင်းဗုံးများမှာ လက်လုပ်ဗုံးများ ဖြစ်ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမူမှာ ညဥ့်အချိန်ဖြစ်သဖြင့် တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

Buthidaung
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့ ညဥ့် ၉ နာရီခန့်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။
“ ဗုံးပေါက်တာက မနေ့ ညဥ့် ၉ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရိပ်သာရှေ့မှာ ပေါက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေမရှိပါဘူး” ဟု ဘူးသီးတောင်မြို့မှ အရပ်ဘက် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောသည်။
ယင်းဗုံးများမှာ လက်လုပ် အမျိုးအစား ဖြစ်ပုံရပြီး ဗုံးပေါက်ကွဲသောနေရာမှ လက်ကိုင်မိုဘိုင်းဖုန်းတစ်လုံ၊ စက်ဘီး ဘားစေ့များနှင့် ပုလင်းကွဲများကိုတွေ့ရသည်ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့တွင် မီးပေးဝေနေသော မီးစက်ကြီး ပျက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး မသမာသူများက လျှပ်စစ်မီး မရှိသဖြင့် အမှောင်ကို အသုံးပြုလျှက် ဗုံးများကို ဖေါက်ခွဲခဲ့ပုံရကြောင်း သူက ဆိုသည်။
ဗုံးပေါက်ကွဲသော အသံမှာ သိပ်မကျယ်လောင်ကြောင်း၊ ယခုအခါ ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ကွင်းဆက်များကို လိုက်လံ စုံစမ်းဖေါ်ထုတ်နေသည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ မြို့လူထုက တော့ သိပ် အထိတ်တလန့် မဖြစ်ပါဘူး။ ခုလို ဗုံးကွဲတဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုဘဲ လူတွေက စုံစမ်းသိချင်နေကြတဲ့ သဘောလောက်ဘဲ ရှိပါတယ်” ဟု သင်္ဘောဆိပ်မှ ဒေသခံ တစ်ဦးက ဆိုသည်။
ဘူးသီးတောင်နှင့် မောင်တောတွင် အကြမ်းဖက်သမားများ ၀င်ရောက်နိုင်သည်ဆိုသော သတင်းကြောင့် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲခြင်း ဖြစ်သဖြင့် အာဏာပိုင်များက လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက်သည်ဟု ဦးအောင်ကိုကိုက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, September 10, 2014

စိတ်ကြွဆေးပြားများသိုလှောင်ကာ အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့သည့် Natural Force ကုမ္ပဏီ၏ ဘဏ်စာရင်းများအား ယခုရက်ပိုင်းအတွင်း ပိတ်မည်

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Natural Force ကုမ္ပဏီရုံးခန်းတစ်ခုကို ယခုလအတွင်း တွေ့ရစဉ်
Natural Force ကုမ္ပဏီပိုင်ရှင်က စိတ်ကြွဆေးပြားများကို သိုလှောင်ကာ အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့ပြီး ယင်းကုမ္ပဏီ၏ ဖွင့်လှစ်ထားသော ဘဏ်စာရင်းများအားလုံးကို ယခုရက်ပိုင်းအတွင်း ပိတ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်ကျော်ဝင်းက စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
အဆိုပါ Natural Force ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ ရဲထွန်းကျော် နှင့် မခင်သန္တာဝင်းတို့မှ စက်တင်ဘာ ၈ ရက်တွင် ထွက်ဆိုချက်နှင့် မူးယစ်ရဲတပ်ဖွဲ့မှ ရရှိထားသော အချက်အလက်များမှာ ၎င်းတို့အနေဖြင့် စိတ်ကြွဆေးပြားများကို အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
“ မနေ့က ဒီအမှုနဲ့ပတ်သက်ပြီး ထပ်မံဖော်ထုတ်ရရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေက ဘဏ်တွေမှာ ငွေသွင်းငွေထုတ်မှုတွေကို ဒီရက်ပိုင်းလေးမှာပဲ ပိတ်သိမ်းသွားမှာ ဖြစ်တယ်။ ပိတ်သိမ်းဖို့အတွက် အခုဆက်သွယ်ဆောင်ရွက်နေပါပြီ။ ကုမ္ပဏီက လည်ပတ်နေတဲ့ ငွေကြေးတွေကိုလည်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က စစ်ဆေးနေပါတယ်။ ပြီးရင် လည်ပတ်နေတဲ့ ငွေကြေးတွေကို ပြည်သူ့ပဏ္ဍာအဖြစ် သိမ်းဆည်းဖို့အတွက် ဒုဝန်ကြီးတစ်ယောက်က ဦးဆောင်ပြီးတော့ ဆောင်ရွက်သွားမယ်။ ပြီးရင်တော့ တရားရုံးကသိမ်းဆည်းဖို့ အတွက် အမိန့်ချသွားမှာပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်ကျော်ဝင်းက ဆိုသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ည ၁ဝ နာရီ ၂ဝ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ်တစ်စီးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး ကို ခေါ်ယူစစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးခဲ့ရာတွင် ယာဉ်ပေါ်ရှိ အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ မောင်မောင်အောင်၏ ထွက်ဆိုချက်အရ အမှတ် ၁၈/၅၊ ကုန်းမြင့်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်နေ ရဲထွန်းကျော်နှင့် ဇနီးဖြစ်သူ မခင်သန္တာဝင်းတို့ထံမှ စိတ်ကြွဆေးပြား တစ်သိန်းပြားအား ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရဲထွန်းကျော်နှင့် မခင်သန္တာဝင်းတို့နေအိမ်အား ရှာဖွေခွင့်အမိန့် ၁၁၇/၁၄ ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာတွင် နေအိမ်အပေါ်ထပ် လှေကားဝဲဘက်ထောင့်မှ အညိုရောင် ခရီးဆောင်အိတ်တစ်လုံးအတွင်း၌ အစိမ်းနုရောင်အညိုကွက်ပါ ဘောင်းဘီတိုဖြင့် ပတ်ထားသည့် USA စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်ခြောက်တောင့်ပါ စတီးရောင် ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့် ပါစတီးကျည်ကတ်တစ်ခုနှင့် MOD.5. CALE 35mm A T C BRNO C2/204926 စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ အနက်ရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့်၊ ပစ္စတိုနှစ်လက်၊ ကျည်ကတ်၊ ကျည်ဆန်များတွေ့ရှိခဲ့သည်။
ထို့အပြင် ပလတ်စတစ်အကြည်ဖြင့် ပတ်ထားသည့် WY နှင့် R စာတန်းပါ နီညီုရောင်စိတ်ကြွဆေးပြား(၁ဝဝ၁ဝ)ပြားပါ ရှစ်ထုပ်၊ ၂ဝဝဝ ပြားပါတစ်ထုပ်၊ ၂ဝဝ ပြားပါ ငါးထုပ်စုစုပေါင်း ၈၃ဝဝဝ ပြား အလေးချိန် ၈၃ ကီလိုဂရမ်ခန့်နှင့် မိုင်းခံစက္ကူဖြင့် ပတ်လျက်အတွင်း၌ ပလတ်စတစ်အကြည်ဖြင့် ပတ်ထားသည့် အလေးချိန် ၃၅ဝ ဂရမ်ရှိသော ဘိန်းဖြူဘလောက်တုံးတစ်တုံးနှင့် အခန်း၏ယာဘက်အခြမ်းရှိ ခရမ်းရောင်ခရီးဆောင်အိတ်အတွင်းမှ ပလပ်စတစ်ကြည်ဖြင့် ပတ်လျက်အတွင်း၌ မှိုင်းခံစက္ကူဖြင့် ထုပ်ထားသည့် WY နှင့် R စာတန်းပါ စိတ်ကြွဆေးပြား ၂ဝဝဝဝ ပြားစီပါ ငါးထုပ်၊ ၁ဝဝဝဝ ပြားပါ တစ်ထုပ်၊ ၂ဝဝဝ ပြားပါလေးထုပ် စုစုပေါင်း ၁၁၈ဝဝဝ ပြားအား တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း စုစုပေါင်းဆေးပြား ၂ဝ၁ဝဝဝ၊ စုစုပေါင်းတန်ဖိုး (၁ဝဝ၅ဝဝဝဝဝဝဝ) ကျပ်နှင့် ဘိန်းဖြူ ၃၅ဝ ဂရမ်တန်ဖိုး သိန်း ၃၅ဝ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက မယ(ပ) ၂၅/၂ဝ၁၄၊ မရမ်းကုန်းမြို့မရဲစခန်း မယ(ပ)၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၅/ ၁၉(က)/၂ဝ(က)/၂၁/၂၂(ခ)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဖော်ထုတ်ရမိချိန်တွင် Natural Force ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ရဲထွန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စက်တင်ဘာ ၁ရက်တွင် ၎င်း၏သူငယ်ချင်း နေထိုင်သည့် မြောက်ဦးမြို့နေအိမ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Opposite Eye)


 

တပြုတ်သီးဦးသာကျော်၏သား မူးယစ်ဆေးဝါးနှင့် ဆက်စပ် ဖမ်းဆီးခံရ

Yaba_807297657ရခိုင်ပြည်နယ်မှ တပြုတ်သီး ဦးသာကျော် (ကွယ်လွန်)၏သား ဦးရဲထွန်းကျော် (၃၅) နှစ်အား မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမူနှင့် ဆက်စပ်င်္ပြီး ရဲကဖမ်းဆီးလိုက်သည်ဟု ရခိုင်ပြည်နယ် အစိုးရ ၀က်ဆိုက်တွင် ဖေါ်ပြသည်။
သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး (အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ကာသူ့အား မြောက်ဦးမြို့ နေအိမ်တစ်ခုမှ ဖမ်းဆီးခဲ့သည်ဟု ယင်းသတင်းတွင် ဖေါ်ပြသည်။
သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီကျော်ခန့်က ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E—– Kluger မော်တော်ယာဉ်အား တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းရာမှ ၎င်းသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း၏ နေအိမ်၌ ရောက်ရှိနေကြောင်း၊ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့ တောင်ရပ် (၂)လမ်း၊ အမှတ်(တ၇/၂၂၄) နေ ဦးကျော်ဆန်း၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော ရဲထွန်းကျော် ၃၅ နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြသည်။
ယခုအခါ အရေးယူအပြစ်ပေးနိုင်ရန် ဆောင်ရွက်နေပြီး အမှုနှင့် ဆက်စပ်နေသော ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်နေသည်ဟု သိရသည်။
သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးမှ ဦးရဲထွန်းကျော်အား ဖမ်းဆီးထားခြင်း ဟုတ်မှန်ကြောင်း၊ သို့သော်လည်း စစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် မပြောနိုင်ကြောင်း၊ သူ့အား ရန်ကုန်သို့ လွဲပြောင်းသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 15, 2014

တောင်ကုတ်တွင် အသက်(၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး

မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး တံတားကို ဖြတ်ကူးစဉ် ရေစီးနှင့်မျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
“ သေဆုံးသွားတာက အေးသာယာကျေးရွာက အေးမြကြည် အသက် (၁၄) နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်ပါတယ်” ဟု တောင်ကုတ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသွားခဲ့ရပုံကိုလည်း တာဝန်ရှိ ရဲအရာရှိက ယခုလို ဆက် ပြောဆိုသည်။
“ ရေနစ်သေတာက သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ ခန့်မှာပါ။ အမေနဲ့ ဈေးဝယ်ဖို့အသွား တံတား အကူးမှာ ရေစီးနဲ့ မျောပါသွားပြီး နောက်ပိုင်းမှာ ရေနစ်သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သေဆုံးသူ မိန်းကလေးအလောင်းအား ယမန်နေ့ကပင် ဆယ်ယူရရှိခဲ့သည်ဟု သိရသည်။
တောင်ကုတ်တွင် ယမန်နေ့က ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ကို ရေနစ်မြုပ်ခဲ့ကြောင်း၊ ယနေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။
သံတွဲတွင်လည်း ရေကြီးမြေပြိုကျမူကြောင့် အနည်းဆုံး လူ (၃) ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း သံတွဲရဲတပ်ဖွဲ့က ငြင်းဆိုသည်။
“ သူဌေးချောင်းစီမံကိန်းဆည်ကျိုးပြီး လူ (၃) ဦးသေသွားတဲ့ သတင်း မဟုတ်မှန်ပါဘူးခင်ဗျား။ ရေကြီးတာ မှန်ပေမယ့် လူသေဆုံးတာ မရှိပါဘူး” ဟု သံတွဲရဲစခန်းသို့ ယနေ့နံနက် ၉ နာရီက နိရဉ္စရာက ဆက်သွယ်မေးစဉ် တာဝန်ရှိသူက ဖြေကြားသည်။
ရေကြီးမူကြောင့် သံတွဲတွင် မြေနိမ့်ပိုင်းမှ မိသားစု (၃၀) ခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု ရဲအရာရှိက ပြောကြားသည်။