Showing posts with label အကြမ်းဖက်မှု. Show all posts
Showing posts with label အကြမ်းဖက်မှု. Show all posts

Tuesday, January 6, 2015

အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်းများ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ရှာဖွေတွေ့ရှိ

Myanmar_Land_Mine_Bangladesh
အမည်မသိ အကြမ်းဖက် အဖွဲ့တစ်ခုမှ ၀ှက်ထားသော မိုင်း ၁၂ ခုကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က  ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။
၎င်းမိုင်းများကို နယ်စပ် မှတ်တိုင် ၄၉ အနီးတွင် ၀ှက်ထားခြင်း ဖြစ်ပြီး ရှာဖွေ တွေ့ရှိပြီးနောက် ယင်းမိုင်းများကို ဖျက်ဆီးပစ်မည်ဟု နတ်ချောင်းဆရီမြို့နယ် အမှတ် (၃၁) BGB တပ်ရင်းမှူး ဗိုလ်မှူးချုပ် ဟာဆန် မော်ချေး ချော်ဒူရီက ပြောသည်။
အကြမ်းဖက်အဖွဲ့ပိုင် ယင်းမိုင်းများအား ရွာသားများဝှက်ခိုင်းထားရာမှ ရှာဖွေ ဖမ်းမိသည်ဟု ဆိုသည်။
မိုင်းများအား တွေ့ရှိသော နေရာမှာ လန်းဘူးချာရီ နယ်စပ်တွင်ဟု ဆိုသည်။ ၎င်းဒေသသည် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို မြို့နယ်ခွဲနှင့် နီးစပ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 2, 2014

မြန်မာနိုင်ငံသားဆိုသူ စစ်သွေးကြွသုံးဦး ဖေါက်ခွဲပစ္စည်းများနှင့်အတူ ဒက္ကားတွင် ဖမ်းမိ

Terrorists arrested
မြန်မာနိုင်ငံသားဆိုသူ ဘင်္ဂလီ လူမျိုး ၃ ဦးအား ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးရမိကြောင်း bdnews24 သတင်းတပုဒ်တွင် ယနေ့ ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ နုရ်ဟူစိန်ခေါ် ရော်ဖိ အစ္စလာမ် (Nur Hossain aka Rafikul Islam) ၂၆ နှစ်၊ ယာချီ အာရဖတ် (Yasir Arafat)  ၂၂နှစ် နှင့် အူလ်မာ ကာရိမ် (Omar Karim) ၂၅ နှစ် တို့ဖြစ်ကြောင်း သိရသည်။
သူတို့ ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့  ညနေ ၉ နာရီခွဲတွင် ဒက္ကားမြို့ လာလာဘတ် (Lalbagh) လမ်းဆုံတွင် ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
သူတို့ထံမှ ဖေါက်ခွဲရာတွင် အသုံးပြုသည့် စနက်တံ ၅ ခု၊ ငရဲမီးနှင့်ပြုလုပ်ထားသည့် ပေါက်ကွဲ စေတတ်သည့် ပစ္စည်း ၂ ခုအပါအ၀င် တခြားဗုံးလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ရဲအရာရှိတစ်ဦးဖြစ်သူ ဆိုင်းဒူရ်ရိုဟာမန်က ပြောဆိုကြောင်း သတင်းတွင်ဖော်ပြသည်။
ယခုဖမ်းမိသူများမှာ  RSO အဖွဲ့၊ Arakan Rohingya Union အမည်ခံ ARU အပါဝင် နယ်သာလန် နိုင်ငံ အခြေစိုက် Rohingya Center (GRC) တို့နှင့် အဆက်အသွယ် ရှိသူများ ဖြစ်သည်ဟု အဆိုပါ ရဲအရာရှိမှ ပြောဆိုကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
သူတို့ထဲက ၂ ဦးကို လွန်ခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည် နယ်က နေအိမ်တခုတွင် ဗုံးပေါက်ကွဲမှုနှင့် အိန္ဒိယနိုင်ငံ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (National Investigation Agency) သံသယရှိနေသည်ဟု သိရသည်။
သူတို့သည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် မတရားအသင်းအဖြစ် ကြေငြာထားသည့် Jamaat-ul-Mujahideen Bangladesh (JMB)အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း လည်း သတင်းတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က ကစစ်တကောင်းမြို့ ဟိုတယ်တခုမှ ပါကိစ္စတန်နိုင်ငံသား တစ်ဦးအပါအ၀င် RSO အဖွဲ့မှ ခေါင်းဆောင် ၂ ဦးကို ဖမ်းမိပြီးနောက်ပိုင်း ယခုအခါ သူတို့ ၃ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ ထပ်မံ ဖမ်းမိခြင်းဖြစ်သည်။
အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဟာဖေ့စ်မိုဟာမတ်ဆူဇ်နိုင် ဆိုသူတစ်ဦးကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 1, 2014

မြန်မာဘက်သို့ ထွက်ပြေးရန်ကြံရွယ်သည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိဟုဆို

ဖမ်းဆီးရမိသူ ဓါတ်ပုံ ( BD news 25 com)
ဖမ်းဆီးရမိသူ ဓါတ်ပုံ ( BD news 25 com)
မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြံရွယ်ပုံရသည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာ နယ်စပ် အနီး နတ်ကျောက်ဆရီမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ကော့စ်ဘာဇားခရိုင်ထုတ် သတင်းတပုဒ်တွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူမှာ ဟာဖေ့စ်မိုဟာမတ် ဆူဇ်နိုင် (၂၉) နှစ်ဖြစ်ပြီး သူကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းမိခြင်းဖြစ်သည်။
သူ့ကို ပထမဆုံး အင်ဆာ (ခေါ်) ကျေးလက် ပြည်သူ့စစ် အရံတပ်ဖွဲ့မှ ဖမ်းဆီးစဉ် မြန်မာဘက်ကိုထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အမှတ် (၅၀) ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း ကောစ်ဘာဇား သတင်းတွင်ဖော်ပြသည်။
သူ့ထံမှ RSO အဖွဲ့ ဥက္ကဌ ဆာလာမ်အုလ္လာဟ် နှင့် ဒုဥက္ကဌဖြစ်သူ ချောဖီအူလ္လာရုပ်ပုံအပါအ၀င် အမျိုးသား မှတ်ပုံတင်ကတ်၊ မဲစာရင်းအပါအ၀င် တခြားပစ္စည်းတချို့ကို တွေ့ရှိရကြောင်းလည်း သတင်းတွင်ဖော်ပြသည်။
ယခုဖမ်းဆီးခံရသူမှာ နတ်ကျောက်ဆိုးရီမြို့သို့ လွန်ခဲ့သည့် ၆ ရက်က ရောက်ရှိနေသူဖြစ်ပြိး နတ်ကျောက်ဆိုးရီမြို့ လက်ရှိအစိုးရပါတီခေါင်းဆောင် နေအိမ်နှင့်တခြား အကြမ်းဖက်သမား နေအိမ် များကို သွားရောက်ခဲ့သည်ဟု နတ်ကျောက်ဆိုးရီ ရဲစခန်းမှ အရာရှိဖြစ်သူ တော်ဟီးရ်ဒူလ် ကော်ဘီက ပြောဆိုကြောင်းလည်း သတင်းတွင်ဖော်ပြသည်။
ယခုဖမ်းဆီးရသူသည် နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်တကောင်းမြို့တွင် ပါကိစ္စတန်နိုင်ငံသား တစ်ဦး နှင့်အတူ ဖမ်းဆီးမိသူ ၅ ဦးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း banglanews24 သတင်းတပုဒ်တွင် ဖော်ပြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 11, 2014

ရန်ကုန်မြို့လယ်က ဟိုတယ်တစ်လုံးကို ရဲဝင်စီး

အကြမ်းဖက်သမားတွေ မြန်မာနိုင်ငံသို့ ရောက်နေပြီလို့ သတိပေးပြီး ရက်ပိုင်းအကြာမှာ ရန်ကုန် မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုကို ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ ပူပေါင်းပြီး ဒီနေ့နံနက်ပိုင်းမှာ ဝင်ရောက် စီးနှင်းခဲ့ပါတယ်။
အဲဒီဟိုတယ်မှာ ဘယ်သူတွေ ရောက်နေလို့လဲ။ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ၄၇ လမ်းထိပ်အနီး ဗိုလ်ချုပ်လမ်းပေါ်ရှိ ဟိုတယ်တစ်ခုမှာ အကြမ်းဖက်သမားတွေနဲ့ ရုပ်ချင်းဆင်သူတွေ လာရောက် တည်းခိုနေတယ်ဆိုတဲ့ သတင်းရရှိမှုကြောင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အဲဒီဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံသို့ ဝင်ရောက်နေတယ်ဆိုတဲ့ RSO အမည်ရ ဘင်္ဂါလီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်လေးဦးရဲ့ ဓါတ်ပုံတွေပါတဲ့ လုံခြုံရေး သတိပေးစာကို ရဲတပ်ဖွဲ့က ဟိုတယ်တွေကို ဖြန့်ဝေထားပါတယ်။ “ဓာတ်ပုံထဲက ပုံနဲ့တူတဲ့သူ နှစ်ယောက် ဟိုတယ်မှာ ဒီနေ့မနက်က လာတည်းနေတယ်လို့ ဟိုတယ်က တာဝန်ရှိသူက ဖုန်းဆက်ပြောလို့ မိနစ်ပိုင်းအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တာပါ ” လို့ ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်က ပြောပါတယ်။
ရုပ်ချင်းဆင်တူတဲ့ အမျိုးသား နှစ်ဦးဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့နဲ့ အတူပါလာသူ နှစ်ဦးကတော့ တရုတ်ဗမာစပ် ကပြားတစ်ဦးနဲ့ သက်သေခံ အစိမ်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်တယ်လို့ ပုဇွန်တောင်မြို့မ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။
အကြမ်းဖက် သမားတွေနဲ့ ရုပ်ချင်းဆင်တူသူတွေဟာ ကားအရောင်းအဝယ်ကိစ္စနဲ့ ရန်ကုန်သို့ ရောက်ရှိလာတာလို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့ဆီကို မေးမြန်းတဲ့အခါမှာ သူတို့ဟာ ရိုးသားစွာ နေထိုင်သူတွေ ဖြစ်တယ်ဆိုပြီး အထောက်အထားတွေ ရတယ်။ သူတို့ အဖွဲ့ထဲက ဆွေးမျိုးတော်စပ်သူ တာမွေမြို့နယ်က အမျိုးသားတစ်ဦးက အာမခံပေးလို့ ဟိုတယ်မှာ ဆက်လက် တည်းခိုခွင့်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့က အဖွဲ့ခေါင်းဆောင်နဲ့ နောက်လိုက် အကြမ်းဖက်သမားသုံးဦး ဝင်ရောက်နေတယ်လို့ သတင်းရရှိမှုကြောင့် ဓာတ်ပုံနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရဲတပ်ဖွဲ့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ အပါအဝင် လေဆိပ်၊ သင်္ဘောဆိပ်တွေနဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေကို လွန်ခဲ့တဲ့ တစ်ပတ်ခန့်က စတင်အသိပေး ကြေညာခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ဆီကနေ သိရှိရပါတယ်။
ကြမ်းဖက်သမားတွေအဖြစ် အသိပေး ကြေညာထားသူတွေမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ (ပြည်တွင်း လှုပ်ရှားမှု တာဝန်ခံ) ဦးသန်းဝင်း၊ အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအဖြစ် အိုစမာ (ခ) ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေးသင်တန်းဆင်း အာဖက် (ခ) အမင်းနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အကူဖောက်ခွဲရေးသမား အီစမိုင် (ခ) ဇော်ဝင်းတို့ ဖြစ်ကြပါတယ်။
သူတို့ လေးဦးရဲ့ ဓာတ်ပုံတွေနဲ့တကွ သတင်း အချက်အလက်တွေကို လုံခြုံရေးအတွက် တွေ့ရှိသူတွေ အချိန်မီ သတင်းပို့နိုင်ဖို့ ဖြန့်ဝေခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ ပြည်ပအခြေစိုက် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း နေပြည်တော်ကို အနီရောင်အဆင့် လုံခြုံရေးကို တိုးမြှင့်ချထားမှာဖြစ်ပြီး အခြားမြို့ကြီးတွေကို အမြင့်ဆုံး လုံခြုံရေးအဆင့် သတ်မှတ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ဆီကနေ သိရပါတယ်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/3981-akf#sthash.hZ18B7E0.dpuf
(သတင်းအရင်းအမြစ်- The Voice Weekly)

Monday, November 10, 2014

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဖောက်ခွဲရေးသမားများ ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့သတိပေး

မွန်ပြည်နယ်ထဲမှာ ဖောက်ခွဲရေးသမား၎ ဦးနဲ့ ပတ်သက်တဲ့ သတင်းရရင် ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွန်ကြားထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်လင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
10251975_347737602064644_2085399084142968655_nဖောက်ခွဲရေးသမားတွေကို ဧည့်စာရင်းစစ်ရာမှာဖြစ်ဖြစ် လာရောက်တည်း ခိုတာဖြစ်ဖြစ် တွေ့ရင် သတင်းပေးကြဖို့ မြို့နယ်တွေနဲ့ ရပ်ကွက်အဆင့်  အုပ်ချုပ်ရေး အာဏာပိုင်တွေအထိ အသိပေးချပြ ထားတာလို့လည်း ပြောပါတယ်။
အလားတူ ပဲခူးတိုင်းအတွင်းမှာလည်း သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့တကွ အသိပေးကြေညာထားပါတယ်။
ဖြူးမြို့နယ်ရဲစခန်းက ဒုရဲမှူး စံလှက “အပေါ်ကနေ လာတဲ့သတင်းပါ ပုံတွေနဲ့ပဲ ကျနော်တို့ကို ပေးတာလေ အရေးယူဆောင်ရွက်ဖို့ပေါ့။ လောလောဆယ် ပဲခူးတိုင်းထဲမှာ  ကျနော်တို့ မြို့နယ်အတွင်းမှာတော့ ဖြန့်ထားတာပေါ့။ ကျန်တဲ့နေရာတွေမှာလည်း သတင်း ဘာညာ ချပြပြီးသားပါ။ ဒီလူတွေက ကျနော်တို့ဆီကို ၀င်လာတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကိုယ့်နယ်မြေထဲမှာ ရောက်လာရင် စစ်ဆေးပြီး ဆောင်ရွက်ဖို့ပါ။ သတင်းသေသေချာချာ ဂယနဏတော့ အဲဒီလောက်ထိ မရှိပါဘူး။ ကျနော်တို့ကို နာမည်တွေနဲ့ချပြထားတာ”လို့ ပြောပါတယ်။
ဒီ သံသယဖြစ်ဖွယ် ၄ ဦးရဲ့ ဇာတိ၊  ရည်ရွယ်ချက်နဲ့ ဒီလိုဖောက်ခွဲရေးသမားအဖြစ် ထုတ်ပြန်ရဖို့ လုံလောက်တဲ့အထောက်အထားရှိ၊ မရှိမေးမြန်းရာမှာ မသိရှိကြောင်းနဲ့ အထက်အမိန့်အရ ဆောင်ရွက်တာလို့ သူက ဖြေဆိုပါတယ်။
ဓာတ်ပုံနဲ့တကွ သတင်းပေးဖို့ ရဲတပ်ဖွဲ့ရဲ့ကြေညာချက်မှာ အာရ်အက်စ်အို ဖောက်ခွဲရေးသမား ၄ ဦးဆိုပြီး ရောင်စုံဓာတ်ပုံ ၄ ပုံနဲ့ ဖော်ပြပါတယ်။ အာရ်အက်စ်အို အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က ရှိခဲ့တဲ့ (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ရဲ့ အတိုကောက်နာမည်ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ (အာအက်စ်အို)အဖွဲ့ဝင် သန်းဝင်း၊ အိုစမာ (ခ)ဒါဝတ်၊ အာဇက်(ခ)အမင်းနဲ့ အီစမိုင် (ခ) ဇော်ဝင်း ဖောက်ခွဲရေးသမား ၄ ဦးကို တွေ့ရှိရင် အကြောင်းကြားဖို့ နယ်မြေခံရဲတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့တကွ ကြေညာထားတာပါ။
မွန်ပြည်နယ် ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းကို ဆက်သွယ် မေးမြန်းရာမှာ ဒုရဲအုပ် သိန်းမြင့်ထွန်းက အာရ်အက်စ်အိုအဖွဲ့ဆိုတာ မသိကြောင်း၊ အဆိုပါ ၄ ဦးကို သူတို့ထံ လာအပ်မယ်ဆိုရင်တော့ အထက်အမိန့် ညွှန်ကြားချက်အတိုင်း လုပ်မှာဖြစ်ကြောင်း ဖြေပါတယ်။
ဓာတ်ပုံမှာ အစ္စလာမ္မစ်စစ်သွေးကြွဆိုတဲ့ စာသားနဲ့ ဖော်ပြထားပြီး မွတ်စလင်လူငယ် ၄ ဦးပုံကို ဖော်ပြထားတဲ့အတွက် ဘာသာမတူသူ ပြည်သူတွေအကြား ယုံထင်ကြောင်ထင် ဖြစ်မှာ မစိုးရိမ်ဘူးလားလို့ မေးတဲ့အခါမှာတော့ သူက  “ဟုတ်ပါတယ်ဗျာ ကျနော်တို့လည်း အဲဒါကိုပဲ ကျနော်တို့အကုန်လုံးတော့ လုပ်တော့ လုပ်နေပါတယ်။ အခုလို ဖုန်းနဲ့မေးရင်တော့ ဖြေကြားလို့တော့ မရပါဘူး”လို့ ဖြေပါတယ်။
ဒီ ၄ ဦးကို ရဲတပ်ဖွဲ့က အကြောင်းကြားဖို့ သတိပေးစာ ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြောခွင့်ရ ရဲမှူးချုပ် ဦးဝင်းခေါင်ကို ဆက်သွယ် ပေးမယ့် မရသေးပါဘူး။
အမေရိကန်သမ္မတ အပါအ၀င် ဒေသတွင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက် မယ့် နေပြည်တော် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလိုမှာ ခုလို အကြမ်းဖက်သမားတွေ ၀င်ရောက်လာတဲ့အကြောင်း သတိပေးကြေညာချက်တွေ ထုတ်ထားတာပါ။
(သတင်းအရင်းအမြစ်- DVB)

Wednesday, November 5, 2014

ဘူးသီးတောင်ဗုံးကွဲမူနှင့် ပတ်သက်ပြီး လူ (၃) ဦးကို ရဲက ဖမ်းဆီး


Buthidaung-map
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဗုံးနှစ်လုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး လူ (၃) ဦးကို ရဲက ဖမ်းဆီးစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။
“ ကျွန်တော်တို့ ဘင်္ဂလီ လူမျိုး သုံးဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူတို့ဆီက မနေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးတွေနဲ့  ဆက်စပ်တဲ့ ပစ္စည်းအချို့ကို သိမ်းဆည်းရမိတဲ့ အတွက် ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်” ဟု ရဲမှူးက ဆိုသည်။
သူတို့ဆီမှ ၀ါယာကြိုးများ၊ ဖုံးဆင်းကတ်နှင့် တခြား ပစ္စည်းအချို့ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။
“ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်မူ ရှိသလားဆိုတာကိုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် မပြောနိုင်သေးဘူး။ ဒီထက်ပိုပြီး မပြောနိုင်သေးဘူး” ဟု ဆိုသည်။
ဖမ်းဆီးခံရသူ (၃) ဦးမှာ ဘူးသီးတောင်မြို့ပေါ်က ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရိပ်သာရှေ့တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညဥ့် ၉ နာရီ အချိန်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ယင်းဗုံးများမှာ လက်လုပ်ဗုံးများ ဖြစ်ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမူမှာ ညဥ့်အချိန်ဖြစ်သဖြင့် တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

Buthidaung
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့ ညဥ့် ၉ နာရီခန့်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။
“ ဗုံးပေါက်တာက မနေ့ ညဥ့် ၉ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရိပ်သာရှေ့မှာ ပေါက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေမရှိပါဘူး” ဟု ဘူးသီးတောင်မြို့မှ အရပ်ဘက် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောသည်။
ယင်းဗုံးများမှာ လက်လုပ် အမျိုးအစား ဖြစ်ပုံရပြီး ဗုံးပေါက်ကွဲသောနေရာမှ လက်ကိုင်မိုဘိုင်းဖုန်းတစ်လုံ၊ စက်ဘီး ဘားစေ့များနှင့် ပုလင်းကွဲများကိုတွေ့ရသည်ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့တွင် မီးပေးဝေနေသော မီးစက်ကြီး ပျက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး မသမာသူများက လျှပ်စစ်မီး မရှိသဖြင့် အမှောင်ကို အသုံးပြုလျှက် ဗုံးများကို ဖေါက်ခွဲခဲ့ပုံရကြောင်း သူက ဆိုသည်။
ဗုံးပေါက်ကွဲသော အသံမှာ သိပ်မကျယ်လောင်ကြောင်း၊ ယခုအခါ ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ကွင်းဆက်များကို လိုက်လံ စုံစမ်းဖေါ်ထုတ်နေသည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ မြို့လူထုက တော့ သိပ် အထိတ်တလန့် မဖြစ်ပါဘူး။ ခုလို ဗုံးကွဲတဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုဘဲ လူတွေက စုံစမ်းသိချင်နေကြတဲ့ သဘောလောက်ဘဲ ရှိပါတယ်” ဟု သင်္ဘောဆိပ်မှ ဒေသခံ တစ်ဦးက ဆိုသည်။
ဘူးသီးတောင်နှင့် မောင်တောတွင် အကြမ်းဖက်သမားများ ၀င်ရောက်နိုင်သည်ဆိုသော သတင်းကြောင့် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲခြင်း ဖြစ်သဖြင့် အာဏာပိုင်များက လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက်သည်ဟု ဦးအောင်ကိုကိုက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, September 11, 2014

ဘူးသီးတောင်မြို့ အခြေခံပညာကျောင်းများကို အခြေခံ၍ ဘင်္ဂလီလှုပ်ရှားမှုများ ဖြစ်ပေါ်နေ

အလယ်ချောင်း မူလွန်ကျောင်း ဆရာမခုံတွင် ရေးသားထားခဲ့သော စာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာရှိ မူလတန်းလွန်ကျောင်း ဆရာ/ဆရာမများ စာပွဲခုံတွင် ရခိုင်ပြည်သည် ရိုဟင်ဂျာပြည်ဖြစ်သည် ဟု စာတမ်းတစ်ခု ရေးသားထားခဲ့သည်ကို ယနေ့ တွေ့ရှိရပြီး မည်သူက မည်သည့်အချိန်တွင် ရေးသားထားခဲ့ကြောင်းကို စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ယခုကဲ့သို့ ဘင်္ဂလီလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ကြိုးကြားသဖွယ် ဖြစ်ပေါ်နေလျှက်ရှိသည်။ 25-8-2014 နေ့ကလည်း ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဘင်္ဂလီကျောင်းသားများက နိုင်ငံတော်သီချင်းကို စာသားများ ပြောင်းလဲဆိုခြင်း၊ 2-9-2014 နေ့တွင် ဘူးသီးတောင်မြို့နယ် သရက္ကင်းမနူးကျေးရွာအုပ်စု၊ ကြက်မောက်တောင် (သစ်) အမကကျောင်းတွင် ကျောင်းအုပ်ရုံးခန်းကို ချိုးဖျက်ဝင်ရောက်ပြီး ရုံးသုံးစာရွက်စာတမ်းများကို ဖျက်ဆီးခဲ့ခြင်း၊ နိုင်ငံတော်အလံကို မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်သူများကို အရေးယူထားသော်လည်း တစ်ပါတ်ခန့်အကြာ ယနေ့ အလယ်ချောင်းကျေးရွာတွင် ယခုကဲ့သို့ စာရေးသားထားခဲ့ခြင်းကို တွေ့ရခြင်းဖြစ်သည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ဘင်္ဂလီရွာများတွင် ယခုလဆန်းပိုင်းမှစ၍ အကြမ်းဖက် RSO အင်အား ၂၀၀၀ခန့် ၀င်ရောက်ခိုအောင်းနေကြောင်း ကောလာဟာလသဖွယ် သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး သက်ဆိုင်ရာမှ ၎င်းကိစ္စကို အတည်ပြုချက် မပေးသော်လည်း အာဏာပိုင်အဖွဲ့အစည်းများက အစိုးရဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ၀န်ထမ်းများကို လုံခြုံရေးအထူး ဂရုပြုရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ကျောင်းအုပ်တစ်ဦးက `အခု စက်တင်ဘာလ (၆)ရက်နေ့က ပညာရေးမှူးရုံးကနေ လုံခြုံရေးသတိထားဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ လက်ထောက်ဆရာ ဆရာမတွေ၊ ၀န်ထမ်းတွေကိုလည်း ထပ်ဆင့် အသိပေးထားဖို့ ညွှန်ကြားလာခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ သတိထားရုံပဲ တတ်နိုင်မှာလေ၊ တကယ် အရေးကြုံလာရင်တော့ ကိုယ်တိုင်ကာကွယ်နိုင်ဖို့ဆိုတာ ခက်ပါတယ်။ ဆရာ၊ ဆရာမတွေ အသွားအပြန် ကျောင်းတက်နေရတဲ့လမ်းတွေ၊ ရွာတွေဆိုတာ အားလုံး ဘင်္ဂလီရွာတွေချည့်ပဲ။´ ဟု ရှင်းပြသည်။
ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအနေဖြင့် လုံခြုံရေးကိစ္စများကို ကိုယ်တိုင်ကင်းစောင့်၍ နေရမည့်သဘောမျိုး သက်ရောက်စေသည့် ]ညွှန်ကြားချက်ရရှိခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နေချိန်တွင် ယခုကဲ့သို့ ဘင်္ဂလီလှုပ်ရှားမှု သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့တို့မှ စာသင်ကျောင်းများသို့ အခါအားလျော်စွာ လှည့်လည်ခြင်းများ ရှိသော်လည်း အမြဲတမ်းလုံခြုံရေးအင်အား ချထားပေးရန်မှာလည်း ဖြစ်နိုင်ဖွယ်မရှိပေ။
ယခုကဲ့သို့ မကြာခဏ ဘင်္ဂလီလှုပ်ရှားမှု သတင်းများထွက်ပေါ်နေခြင်း၊ လှုပ်ရှားမှုများကို စာသင်ကျောင်းများတွင် အများဆုံးတွေ့ရှိနေရခြင်းသည် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအတွက် အလွန် စိုးရိမ်ဖွယ် အခြေအနေဖြစ်နေကြောင်း တွေ့ရှိရပြီး အကြမ်းဖက် အဖွဲ့များအနေဖြင့် အခြေခံပညာ ကျောင်းသားများကို အခြေခံအင်အားအဖြစ် အသုံးချလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
(ဤသတင်းကို  Arakan Blood မှ ကူးယူဖော်ပြပါသည်)

Friday, August 15, 2014

စစ်တွေဒါးပိုင်ဒုက္ခသည်စခန်းတွင် လူတစ်ဦးသေဆုံးခဲ့ရသောဆူပူမူ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် တိုက်ဆိုင်နေ

Sittwe Muslim Riots-Muslims Confront Police
ယခင်က စစ်တွေရှိ ဘင်္ဂလီဒုက္ခသည် စခန်းတွင် ဖြစ်ပွားခဲ့သော ဆူပူမူ (ဓါတ်ပုံ- အင်တာနက်)
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည်စခန်းတွင် သြဂုတ်စ်လ (၆) ရက်နေ့က လူတစ်ဦး သေဆုံးရသည့် အထိ ဖြစ်ပွားခဲ့သော ဆူပူမူသည် နေပြည်တော်တွင် သြဂုတ်စ်လ (၈) ရက်နေ့တွင် စတင်ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် အာရှ၏ အဓိက လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ( Asean Regional Forum) နှင့် တိုက်ဆိုင်နေသည်။
သို့အတွက် ယခုဆူပူမူသည် အကွက်ကျကျ စီစဉ်ပြီး အချိန်ကိုက် လုပ်ဆောင်မူဟုတ်/ မဟုတ်ကို သက်ဆိုင်ရာမှ အမြန်ဆုံး စုံစမ်းစစ်ဆေး ဖေါ်ထုတ်မူများ ပြုလုပ်ရန် လိုအပ်ကြောင်း စစ်တွေမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ မြန်မာနိုင်ငံကို ကုလသမဂ္ဂကဖြစ်စေ၊ နိုင်ငံတစ်ခုခုက အကြီးအကဲတွေ လာရောက်လည်ပတ်တဲ့ အခါတိုင်း ဖြစ်စေ သူတို့က ခုလို ပြသနာတွေကို ဖန်တီးခဲ့တာတွေရှိတယ်။ အခုလည်း နေပြည်တော်မှာ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးရှိနေတဲ့ အချိန်မှာ ဒါးပိုင် ဒုက္ခသည် စခန်းမှာ ဆူပူမူဖြစ်တယ်။ ဒီအပေါ်မှာ တမင်အကွက်ချ စီစဉ်တာလားဆိုတာကို ကျနော်တို့ သံသယ ဖြစ်နေတဲ့ အပိုင်းတွေရှိတယ်။ ဒါကို သက်ဆိုင်ရာက စုံစမ်းဖေါ်ထုတ် အရေးယူဆောင်ရွက်ဖို့လိုတယ်” ဟု သူက ဆိုသည်။
ယခင်ကလည်း အလားတူ ဆူပူမူများ တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့မူများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူခြင်း မရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။
သြဂုတ်စ်လ (၆) ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် ဆူပူမူ ဖြစ်ပွားခဲ့သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဘင်္ဂလီ ဒုက္ခသည် တစ်ဦး သေဆုံးခဲ့ရသည်။
အဆိုပါနေ့ ညနေ ၇ နာရီခွဲခန့်တွင် ဒါးပိုင် ဘင်္ဂလီရွာမှ လူငယ် နှစ်ဦးသည် ဒါးပိုင် ဒုက္ခသည် စခန်းသို့ ဈေးဝယ်ရန် သွားရောက်စဉ် ဒါးပိုင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ များမှ သူခိုးဟု စွပ်စွဲကာ ကြိုးများဖြင့် တုတ်နှောင်ပြီး ဖမ်းဆီးရိုက်နှက်မူများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နေသဖြင့် မိဘဖြစ်သူများက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် (၃၆) ရဲတပ်ဖွဲ့သို့ သို့လာရောက် တိုင်းတန်း အကြောင်းကြားခဲ့ကြောင်း၊ သို့အတွက် ရဲတပ်ဖွဲ့က လိုက်ပါသွားရာ ရဲကို တိုင်ကြားရမည်လားဟုဆိုကာ အဆိုပါ ဖမ်းဆီးထားသူ ဘင်္ဂလီ လူငယ် (၂) ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဓါးကိုင်ထားသော လူတစ်စုမှ ဒုက္ခသည်စခန်း အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်တားဆီးသော်လည်း လိုက်နာမူ မရှိသည့် အပြင် လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြသည့်အတွက် သေနတ် (၅) ချက် မိုးပေါ်ထောင်ပစ်ခဲ့ရသည်ဟု စတင် ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရဲတာဝန်ရှိသူ  တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
သေနတ် ပစ်ဖေါက်မူကြောင့် ဒုက္ခသည်စခန်းမှ လူအုပ်မှာပြိုကွဲသွားခဲ့သော်လည်း ညဥ့်အမှောင်ကိုယူကာ အဆောက်အအုံများ၊ သစ်ပင်များကို အကာအကွယ်ယူလျှက် လေးခွ၊ ဂျင်ဂလိများဖြင့် ထပ်မံပစ်ခတ်ပြီး လူအုပ်ကြီးက ၀ိုင်းအုံလာသဖြင့် အဓိဂရုဏ်းဖြိုခွင်းရေးလက်နက်များဖြင့် တစ်ချက်ချင်း ပစ်ခတ် ဖြိုခွင်း သော်လည်း နောက်မဆုတ်ဘဲ ဆက်လက် ၀ိုင်းအုံလာသဖြင့် သေနတ်ဖြင့် လေးချက် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လူအုပ်ပြိုကွဲသွားသဖြင့် ဖမ်းဆီးခံထားရသူ လူငယ်နှစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ယင်းလူငယ် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်သူများထဲမှ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူ တစ်ဦးမှ နောက်ကွယ်မှ ၀ှက်ယူလာသော ဓါးဖြင့် ရဲတပ်ဖွဲ့ တစ်ဦးအား လိုက်ခုတ်ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း၊ သို့အတွက်  ချောင်ရှုးအာလောင် (၃၀) နှစ် ဆိုသူမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန် သေဆုံးသွားကြောင်း သူက ပြောကြားသည်။
“ သူတို့အချင်းချင်း ဖြစ်ကြတာ။ ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ထိန်းသိမ်းဖို့သွားတာ။ ဒါကို သူတို့က လူအုပ်စုဖွဲ့ပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အတွက် ခုလို အဆင့်ထိ ဖြစ်သွားရတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။
၎င်းသေဆုံးသွားသူ ချောင်ရှုးအာလောင် အလောင်းအား ယမန်နေ့ ကြာသပတေးနေ့ နံနက်က ဘာရေးဆရာများနှင့် အရပ်လူကြီးလက်သို့  လွှဲပြောင်း ပေးအပ်လိုက်ပြီး မန်ဇီ မူဆလင် သချိုင်းတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
ယနေ့ သြဂုတ်လ (၈) ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အာရှလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ အဖြစ် လူသိများသော ( Asean Regional Forum) တို့ကို စတင် ကျင်းပမည်ဖြစ်သည်။
ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသာမက အမေရိကန်၊ ရုရှား၊ ဂျပန် တရုတ်စသည့် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲကို သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိပြုလုပ်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, April 7, 2014

စစ်တွေမြို့တွင် ညမထွက်ရ အချိန်တိုးမြှင့်

Burma-police-in-Rakhaine-state
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ကို ယနေ့မှ စ၍ ည ၆ နာရီမှ နံနက် ၆ နာရီထိ အချိန် တိုးမြှင့်လိုက်သည်။
ယခင်က ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရဟု အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။
ယနေ့ထုတ်ပြန်လိုက်သည့် အမိန့်မှာ ယခင်ကထုတ်ပြန်ထားသည့်အမိန့်ကို ထပ်ပြီး အချိန် တိုးလိုက်ခြင်းဖြစ်ကြောင်း စစ် တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဦးသာပွင့်ကဆိုသည်။
“ ဟုတ်တယ်။ အရင်ရှိပြီးသား အချိန်ကို ထပ်တိုးလိုက်တာဖြစ်တယ်။ မနေ့ကအထိရှိနေတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီကို အခု  ည ၆ နာရီကနေ နံနက် ၆ နာရီအထိတိုးလိုက်တာဖြစ်တယ်။”
ယမန်နေ့ညက မာတေဇာအဖွဲ့မှ နိုင်ငံခြားသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးသည်  အိမ်ပိုင်ရှင်လွင့်ထူထားသည့် ဗုဒ္ဓဘာသာဝင် များ အထွဋ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာပြုလုပ်မှုကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသည်။
အဆိုပါလုပ်ရပ်ကို မကြေနပ်သည့် မြို့ခံများက စစ်တွေမြို့တွင် အန်ဂျီအိုအဖွဲ့များမှ ရုံးခန်းအဖြစ်ဖွင့်လှစ် ထားသည့် နေအိမ်များကို ယနေ့ နံနက်ကစပြီး ညနေပိုင်းအထိ ခဲများဖြင့် ပစ်ပေါက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ယင်းနောက်ပိုင်းတွင် အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ပုဒ်မ ၁၄၄ အချိန်ကို တိုးမြှင့်ကြောင်း ကျေညာသည်။
“ညမထွက်ရအမိန့်ကို မြို့မှာပတ်ပြီး လော်စပီကာနဲ့ဟောသွားပြီး။ အခုအထိ ဒီမှာက ပြဿနာက မပြေလည် သေးဘူး။ အခု ဖိုးသာရွာဘက်က သေနတ်ပစ်သံတွေကြားနေရတယ်။ ဒါကြောင့် ညမထွက်ရအမိန့်ကို တိုးလိုက် တာဖြစ်တယ်” ဟု စစ်တွေမြို့မှ ရဟန်းတော်တစ်ပါးက မိန်းကြားသည်။
ယခုအခါ စစ်တွေမြို့လူစည်ကားရာ နေရာများတွင် စစ်တပ်များချထားကြောင်းလည်း အဆိုပါရဟန်းတော်မှ ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဒေသခံရခိုင်တိုင်းရင်းသားများနှင် ဘင်္ဂလီတို့အကြား ဖြစ်ပေါ်ခဲ့သည့် ပဋိ ပက္ခအပြီးတွင် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ယူအန်အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများသည် ဘင်္ဂလီများအပေါ် ဘက်လိုက်မှုရှိသည်ဟုဆိုကာ ဆန့်ကျင် လာခဲ့ကြခြင်းဖြစ်သည်။
မကြာသေးမီကလည်း ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် MSF/ AZG အဖွဲ့ကိုလည်း ရခိုင်ပြည်သူ များက ရက်ဆက်ကန့်ကွက်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ယင်းအဖွဲ့၏ လုပ်ငန်းများကို မြန်မာအစိုးရက ရပ်တန့်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေ မတည်ငြိမ်မှု ညမထွက်ရအမိန့် ထုတ်ပြန်

sittway-police-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လမ်းပိတ်ပြီး လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ဂျာမနီနိုင်ငံက Malteser International လူမှုအဖွဲ့အစည်းရဲ့ တာဝန်ခံ အမည်မဖေါ်လိုသူတစ်ဦးက မနေ့က အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။

"လူတွေက အဲဒီအလံကို ဘာဖြစ်လို့ဖြုတ်တာလဲ၊ သူကပြောပြတယ်ပေါ့၊ အလံကိုဖြုတ်ရခြင်းက တစ်ခုတည်းပဲ၊ ငါတို့အဖွဲ့အစည်း NGO က Non-Political မို့လို့ ထောင်လိုက်လို့ရှိရင် အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာစိုးလို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေအရ မထောင်တာပေါ့နော်၊ လူတွေက လက်မခံဘူးပေါ့နော်၊ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ လွှင့်ထူထားကြတာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကလည်း အလားတူ သာသနာ့အလံတွေ လွှင့်ထူကြတယ်လို့ သိရပါတယ်။
မနေ့က ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦးက သူတို့ရုံးစိုက်တဲ့အိမ်မှာ ၀န်ထမ်းတစ်ချို့က သာသနာ့အလံ လွှင့်ထူထားတာကို အဖွဲ့အစည်း စည်းကမ်းနဲ့ မကိုက်ညီလို့ဆိုပြီး ဖြုတ်ချခဲ့ရာက စစ်တွေမြို့ ဒေသခံတွေနဲ့ အဖွဲ့အကြား ပဋိပက္ခစတင်ခဲ့ပြီး ဒီနေ့ညပိုင်းအထိ တခြားရုံးခန်းတွေကိုပါ လူအုပ်က ကျောက်ခဲတွေနဲ့ ပစ်ပေါက်သလို ရုံးပစ္စည်းတွေကိုလည်း ဖျက်ဆီးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။
မနေ့ည သန်းခေါင်အချိန်လောက်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး  လူစုခွဲခဲ့ရပါတယ်။ အရင်က ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လက စတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ အခုဆိုရင် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်းတွေအထိ ကူးစက်ဖြစ်ပွားလာခဲ့ပြီ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေအကြား မယုံကြည်မှုသံသယတွေ ဘာ့ကြောင့် ကြီးထွားလာခဲ့ရသလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ ပဋိပက္ခတွေပြေငြိမ်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သွား သင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပဋိက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အကြီးအကဲ ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေ
ဦးခင်မောင်ဆွေနှင့် ဆက်သွယ်မေးမြန်းချက်ကိုနားထောင်ရန်
(သတင်းအရင်းအမြစ်- RFA)

စစ်တွေရှိ NGOs များမှ နိုင်ငံခြားသားများကို လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက် ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို သက်ဆိုင်ရာမှ လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက် ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့ ကြားရပါတယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မာတေဇာ အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ ၀န်ထမ်း တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ အလံအား ထဘီသဖွယ် ၀တ်ကာ မဖွယ်မရာ ပြုလုပ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး အန်ဂျီအိုရုံး အများအပြားကို ဒေသခံများက ၀ိုင်းဝန်းပြီး ခဲများဖြင့် စတင်တိုက်ခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသော နေရာမှာ ၆ ခုရှိပြီး ကျောင်းတက်လမ်းရပ်ကွက်ထဲရှိ ဦးဥတ္တမလမ်းတွင် (၂)နေရာနှင့်  အောင်ထွန်းဦးလမ်းတွင် (၄)နေရာ ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာပြီး လူအချို့မှ မာတေဇာ အန်ဂျီအို တည်ရှိရာ ရုံးများအားဝင်ရောက် ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်များက ညဥ့် ၁၂ နာရီခန့်တွင် သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့ရသည်ဟု သိရသည်။
ယနေ့ နံနက်က နိုင်ငံခြားသူ လုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေကြသော လူအုပ်ကြီးသည် တဖန် လမ်းမများပေါ် ပြန်ထွက်လာပြီး အန်ဂျီအို တည်ရှိရာ နေအိမ်များကို ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။
“ ရုံးတွေမှာ ရှိနေတဲ့ အန်ဂျီအိုတွေက နိုင်ငံခြာသားတွေကို အကုန်လုံးကို ခေါ်ထုတ်သွားပါပြီ။ အဲဒီလို ခေါ်ထုတ်တဲ့ အထဲမှာ မပါဘဲ ကျန်နေခဲ့တဲ့ အဖြူ တစ်ယောက် ရုံးပေါ်ကနေ ကင်မရာ ရိုက်တဲ့ အတွက် ကျောင်းတက်လမ်းရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဒုရဲအုပ် အငြိမ်းစားခင်မောင်ဝင်းအိမ်ကို ခဲတွေနဲ့ ၀ိုင်းချနေကြပါတယ်။ အိမ်ခြံတံခါးကိုတော့ ပိတ်ထားတယ်။ လူက ၂၀၀ ကျော် ၃၀၀ နီးပါး ရှိပါလိမ့်မယ်။ အိမ်ဝင်းထဲကို မ၀င်ဘဲ အပြင်ကဘဲ ခဲတွေနဲ့ ပစ်နေကြပါတယ်” ဟု ဆိုသည်။
ယခု ပြသနာ ဖြစ်ပွားရာ နေရာတွင် ရဲအစောင့်အရှောက်တွေ မရှိကြောင်း၊ အခြား အန်ဂျီအို ရုံးများ ဖွင့်လှစ်ထားရာ အိမ်များ၏ ပတ်ဝန်းကျင် အနီးတ၀ိုက်တွင် ရဲများက လုံခြုံရေး ယူထားကြောင်း၊ အခြေအနေမှာအထူးရှုပ်ထွေးနေကြောင်းအခင်းဖြစ်ပွားရာ နေရာသို့ကိုယ်တိုင်သွားကြည့်ခဲ့သူ နိုင်ငံရေးသမား တစ်ဦးက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေ မာတေဇာ အန်ဂျီအို ရုန်းရင်းဆန်ခတ်မူ ရဲက သေနတ်ပစ်ဖေါက်လူစုခွဲ

sittwe-mateza
ရဲတပ်ဖွဲ့ဝင်များ ဒိုင်းကာများဖြင့် အဓိဂရုဏ်း နှိမ်နှင်းနေစဉ် ( ဓါတ်ပုံ- Facebook)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာခေါ် နိုင်ငံခြား အန်ဂျီအို တစ်ခုမှ  နိုင်ငံခြားသူ တစ်ဦး သာသနာ အလံအား မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းထွက်လာပြီးနောက် ၎င်းအန်ဂျီအို၏ ရုံးများအား ဒေသခံများက ၀ိုင်းဝန်းရာမှ ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။
“ အတွဲလိုက်ပစ်ပါတယ်။ အချက် ၃၀ လောက်ကြားရပါတယ်။ အခုတော့ အခြေအနေငြိမ်သွားပြီ ထင်ပါတယ်” ဟု စစ်တွေသို့ ခေတ္တရောက်ရှိနေပြီး အိမ်တစ်အိမ်တွင် တည်းခိုနေသူ ဦးမြတ်ထွန်းက ပြောသည်။
မကျေနပ်၍ ၀ိုင်းဝန်းသူများသည် မာတေဇာ ရုံးများအား တစ်ရုံးပြီး တစ်ရုံး ၀ိုင်းဝန်းခဲ့ကြပြီး ထိုအထဲမှ အချို့သည် ရုံးများအား ၀င်ရောက် ဖျက်င်္ဆီးရာမှ ထိန်ူးမနိုင်သိမ်းမရ ဖြစ်လာကာ ညဥ့် ၁၁ နာရီကျော်တွင် ရဲက သေနတ်ပစ် ဖေါက် လူစုခွဲခြင်း ဖြစ်ကြောင်း သူက ပြောသည်။
“ အစပိုင်းမှာတော့ လူတွေက ဂဲတွေနဲ့ အန်ဂျီအို ရုံးကို ၀ိုင်းပစ်ကြပါတယ်။ ဘောက်သီးစု မင်းဗာကြီးလမ်းက ရုံးရော၊ ဦးဥတ္တမလမ်းက ပန်းသာအိမ်မှာ ဖွင့်ထားတဲ့ရုံးကိုရော၊ ကျောင်းတက်လမ်းရုံးကိုရော ဂဲတွေနဲ့ ၀ိုင်းချကြတယ်လို့ သိရပါတယ်။ နောက်ပိုင်မှာ ရုံးတွေကို ၀င်ရောက်ဖျက်ဆီးရာကနေ ထိန်းမရတဲ့ အခြေအနေထိ ဖြစ်လာတဲ့ အတွက် ရဲက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။
အစပိုင်းနှင့် ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ အပြစ်လုပ်သော နိုင်ငံခြားသူအား ဥပဒေနှင့် အညီ တရားစွဲ အရေးယူပေးမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် မညီသော ၀ိုင်းဝန်း တိုက်ခိုက်မူမျိုး မပြုလုပ်ရန် ဖျောင်းဖျ ပြောဆိုရာမှ လူအုပ်မှာ ကွဲသွားမည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပြီး ထပ်မံ ၀ိုင်းဝန်း ရော့က်ရှိလာရာမှ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မူ မဖြစ်ပွားမီ အခင်းဖြစ်ပွားရာသော ရောက်နေသော စစ်တွေမြို့နယ် ရဲစခန်းမှူးအား ပြဿနာ အစဖြစ်ပွားရခြင်းကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။
“ အရပ်သတင်းနော်။ ကျွန်တော်တို့လည်း မစီစစ်ရသေးဘူး။ အဲဒီ ဘောက်သီးစုရပ်ကွက်ရှိ မာတေဇာရုံးမှာ အမေရိကန်သူ– အမေရိကန်သူ — နာမည် (******) က ရုံးမှာ အိမ်ပိုင်ရှင်က စိုက်ထူထားတဲ့ သာသနာ အလံကို ထဘီလို ၀တ်ပြီး လွှင့်ပစ်တယ်လို့ မျက်မြင်တွေက ပြောဆိုရာကနေ လူတွေသိသွားပြီး ရုံးတွေကို ၀ိုင်းရာကနေ ခုလို ပြဿနာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေနဲ့ အညီ ဖြစ်ဖို့ ဆရာတော်တွေနဲ့ ကျနော်တို့ ညှိနိုင်း တိုင်ပင်ပြီး လူစုခွဲသွားကြဖို့ မေတ္တာရပ်ခံနေပါတယ်” ဟု ပြောကြားသည်။
သို့သော်လည်း နောက်ပိုင်းတွင် လူစုမကွဲသည့် အပြင် အခြေအနေ ဆိုးဝါးလာသဖြင့် ရဲက သေနတ်ပစ်ခတ် နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်။
သာသနာအလံကို မဖွယ်မရာလုပ်သူ အမေရိကန်သူသည် လူများ ၀ိုင်းအုံ မရောက်လာမီ စက်ဘီး တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။
ယခုသေနတ်ပစ်ခတ်လူစု ခွဲခဲ့ရမူနှင့် ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရသူ ရှိမရှိကို နိရဉ္စရာက မသိရှိရသေးပါ။ ဆက်လက် စုံစမ်းနေတုန်း ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, January 20, 2014

မြန်မာနယ်စပ်ကိုသွားမယ့် ပါကိစ္စတန် အကြမ်းဖက်သမား ၃ ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး

Pakistani-TTP-member-held-i
ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရဲတပ်ဖွဲ့က မြန်မာနယ်စပ်အနီးမှာ တည်ရှိတဲ့ တက်ကနက်မြို့ကို ဒက္ကားမြို့ကနေ သွားဖို့ကြိုးပမ်းတဲ့ ပါကိစ္စတန် နိုင်ငံက အကြမ်းဖက်သမားတွေလို့ ယူဆရသူ (၃) ကို ဖမ်းဆီးလိုက်တယ်လို့ banglanews24 သတင်းမှာ ဖေါ်ပြပါတယ်။
သူတို့သုံးဦးဟာ ပါကိစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ TTP ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး ယမန်နေ့ညနေ ၁၀ နာရီက ဒက္ကာမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးကတော့ မေဟ်မူဒ် (၂၆)နှစ်၊ အိုစမာန် (၂၃) နှစ်နဲ့ ဖောခရူလ် ဟာဆန် (၅၀) နှစ်တို့ ဖြစ်ကြတယ်လို့ banglanews24 သတင်းက ပြောပါတယ်။
သူတို့ဆီက လက်လုပ်ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေပါဝင်တဲ့ အထောက်အထားတွေ  သိမ်းဆည်း ထားတဲ့ လပ်ပတော့ ကွန်ပျူတာတစ်လုံးကိုလည်းသိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မေဟ်မူဒ်နဲ့ အိုစမာန်ဆီက နိုင်ငံကူးလက်မှတ်ကို မတွေ့ရပေမဲ့ ဖောခရူလ် ဟာဆန်ဆီကတော့  ဗီဇာကုန်နေတဲ့ နိုင်ငံကူးလက်မှတ်တခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲအရာရှိက ပြောဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာတွေ တိုက်ခိုက်၍ မောင်တောတွင် မူဆလင် ဒါဇင်နှင့်ချီပြီ သေဆုံးခဲ့သည်ဟု AP တွင် သတင်းဖေါ်ပြ

Myanmar-Mob-Kills
ကမ္ဘာသတင်းဌာနကြီးများအထဲမှ တစ်ခု ဖြစ်သော AP (Associated Press ) သတင်းဌာနက  မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့တွင် မြန်မာတွေ တိုက်ခိုက်၍ မွတ်လင်အမျိုးသမီးများနှင့် ကလေးငယ် ဒါဇင်နှင့် ချီပြီး သေဆုံးခဲ့သည်ဟု Group: Myanmar Mob Kills More Than a Dozen Muslims ခေါင်းစဉ်ဖြင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သတင်း ဖေါ်ပြသည်။
၎င်းသတင်းဖေါ်ပြမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းအား ဖုံးထဲမှ တဆင့် ဆက်သွယ် မေးမြန်းရာ ရဲမှူးကြီးက ၎င်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ယခုလို ပြောသည်။
“ ကျွန်တော်တို့ဆီမှာ ဒီလို ဖြစ်တာမျိုး လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ဆီက ဆရာကြီး တစ်ဦးသာ ပျောက်ဆုံးနေတာ အခုအချိန်ထိ ရှာမရသေးပါဘူး။ ဒီလို မူဆလင်တွေ အသတ်ခံရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
အဆိုပါ သတင်း၏ သတင်းအစတွင် လွန်ခဲ့သော အင်္ဂါနေ့က မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မြို့တစ်ခုတွင် ဗုဒ္ဓဘာသာဝင် လူအုပ်စု တစ်ခုမှ ဓါးများဖြင့် ၀င်ရောက် ရမ်းကားရာမှ မွတ်ဆလင်နှင့် ကလေးငယ်များ တစ်ဒါဇင် (၁၂ ယောက်) ထက် အများ သေဆုံးခဲ့သည်ဟု ကျေးရွာသား တစ်ဦးနှင့် လူ့အခွင့်အရေး အဖွဲ့ တစ်ခုက ပြောသည်ဟု ဆိုကာ သတင်းကို  စဖေါ်ပြသည်။
“ဒါလည်း လုံးဝ မဟုတ်ပါဘူးခင်ဗျား။ ဘယ်ဗုဒ္ဓဘာသာ မြန်မာကမှ မောင်တောမြို့နယ်မှာ မူဆလင်တွေကို တိုက်ခိုက်တာ မရှိပါဘူး။ ရုန်းရင်းဆန်ခတ်၊ အချေအတင် ဖြစ်တဲ့ အနေအထားလည်း မရှိပါဘူးခင်ဗျား” ဟု ရဲမှူးကြီးက နိရဉ္စရာသို့ ပြောဆိုသည်။
AP သတင်း၏ ဒုတိယ စာပုဒ်တွင် မြန်မာအရာရှိ တစ်ဦးက အခြေအနေမှာ တင်းမာနေကြောင်း၊ သို့သော်လည်း လူသေမူရှိသည် ဆိုသည့်အပေါ် ငြင်းဆိုသွားကြောင်း ဖေါ်ပြထားပြန်သည်။
၎င်းပြင် ရခိုင် စီမံကိန်း ( Arakan Project) ၏ တာဝန်ခံ ဖြစ်သူ ခရစ်လေ၀ါး ( Chris Lewa) ဆိုသည့် အမျိုးသမီးက ၎င်းဆူပူ အကြမ်းဖက်မူမှာ လွန်ခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောကြားသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ယင်းပြင် လွန်ခဲ့သောလက မောင်တောသို့ တရားဟောရန် ရောက်ရှိလာခဲ့ကြသော ၉၆၉ ရဟန်းတော်များမှ သူတို့ တရားတော်များကို ဟောကြားရာတွင် ရိုဟင်ဂျာ ဆိုသူများကို နှင်ထုတ်ရန် အသံချဲ့စက်များနှင့် ဆော်သြသွားကြောင်း ရခိုင် စီမံကိန်း ( Arakan Project) ၏ တာဝန်ခံ ဖြစ်သူ ခရစ်လေ၀ါး ( Chris  Lewa) ဆိုသူ အမျိုးသမီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
ဆက်လက် သတင်းကို ဖေါ်ပြရာ လူသေအလောင်းသုံးလောင်းကို ထင်းခုတ်သူများက ဒုချရားတန်းကျေးရွာ မြောင်းတစ်ခုထဲက တွေ့ရှိရာမှ ပြဿနာ စတင်၍ တင်းမာလာသည်ဟု AP သတင်းက ဆိုပြန်သည်။
ယင်းအလောင်း (၃) လောင်းမှာ အာဏာပိုင်များက ယင်းနေ့ နံနက်စောစောက ဖမ်းဆီးသွားသော လူ ၈ဦးထဲမှ သုံးဦး၏ အလောင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း AP သတင်းတွင် ဆက်ဖေါ်ပြသည်။
ယင်းပြင်သူတို့က သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ပြသရန် ၎င်းသေဆုံးများကို ဖုံးကင်မရာဖြင့် ဓါတ်ပုံရိုက်၍ ယူလာကြောင်း အင်္ဂလိပ်စာပြ ကျောင်းဆရာ တစ်ဦးကပြောသည်ဟု သတင်းက ဆိုပြန်သည်။
၎င်းနေ့ ညဉ့်တွင်ပင် ရဲသား (၅) ဦးက တယ်လီဖုံးကို သိမ်းရန်နှင့် ဧည့်စာရင်း စစ်ရန် လာရာ ၎င်းမူဆလင်ရွာသားတို့က ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်ကြောင်း၊ ရဲသားများ နံနက်စောစော (၂) နာရီခန့်တွင် ပြန်သွားရာ တစ်ဦးမှာ ပျောက်ကျ ကျန်နေခဲ့ကြောင်း သတင်းတွင် ရေးသားသည်။
ယင်းနောက်ပိုင်း လုံခြုံရေး အရ နှိမ်နှင်းမူ ပေါ်ပေါက်လာသည်ဟု သတင်းက ရေးသည်။
၎င်းအင်္ဂလိပ်ကျောင်းဆရာကပင် စစ်သားနှင့် ရဲသားများသည် ယင်းမူဆလင်ရွာအား ၀ိုင်းလိုက်ပြီ တံခါးများကို ချိုးဖေါက်ဝင်ရောက်ကာ မွေးမြုထားသော နွား၊ ဆိတ်၊ ကြက်စသည့် တိရစ္ဆာန်များနှင့် မူဆလင်များပိုင် ပစ္စည်းများကို လုယက်ကြကြောင်း ပြောဆိုသည်ဟု ရေးသားသည်။
ရဲသားများ ရောက်လာချိန်တွင် ရွာထဲရှိ ယောင်္ကျားများအားလုံးမှာ ထွက်ပြေးသွားပြီး ရွာထဲတွင် မိန်းမ၊ ကလေးနှင့် အသက်အရွယ် ကြီးရင့်နေသူများသာ ပုန်းအောင်း ကျန်နေခဲ့သည်ဟု သတင်းက ဆိုပြန်သည်။
Arakan Project မှ တာဝန်ခံ ခရစ်လေ၀ါး ( Christ Lewa) မှ ပြောကြားသည်မှာ သူမ၏ ရရှိသော သတင်းအရ ရိုဟင်ဂျာ အမျိုးသမီးနှင့် ကလေးငယ် အမြောက်အမြား ခုတ်သတ်ခံရ၍ သေဆုံးသွားကြောင်း၊ သေဆုံးသူ အရေအတွက် အတိအကျကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေကြောင်း၊ တချို့က ဆယ်ဦးထက် မနည်း သေဆုံးသည်ဟု ပြောကြောင်း၊ တခြားလူများက ဒါဇင်ခန့်ရှိကြောင်း ပြောသည်ဟု သတင်းတွင် ရေးသားပြန်သည်။
အမည်နာမကို ဖေါ်ပြမထားသော အင်္ဂလိပ်ကျောင်းဆရာက မူဆလင် အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦး အသတ်ခံရကြောင်း ဖုံးထဲက တဆင့် ပြောကြောင်း AP က ဖေါ်ပြသည်။
အခြေအနေမှာ တင်းမာနေသည်ဟု သတင်းရကြောင်း၊ အဆက်အသွယ်ခက်ခဲသဖြင့် သတင်းရရှိရန် ခက်ခဲကြောင်း၊ ယင်းဒေသတွင် လူဦးရေ တစ်သန်းခန့်ရှိသော ရိုဟင်ဂျာဆိုသူ ၈၀ ရာခိုင်နုန်း နေထိုင်ကြောင်း သတင်းက ဆိုထားပြန်သည်။
ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရသူ ဦးဝင်းမြိုင်က ရဲတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသော ရဲတပ်သားကို ရှာဖွေရန် အတွက် ရွာကို ၀ိုင်းထားကြောင်း၊ သူ့အနေနှင့် လူတစ်ဦးတစ်ယောက်မျှ အသတ်ခံရသည်ဟု မကြားရကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဆက်လက် ဖေါ်ပြသည်။
၎င်း ဒုချရားတန်းရွာ အနီးတွင် နေထိုင်သူ အခြားရွာတစ်ရွာမှ မူဆလင်ကျောင်းဆရာ ခင်မောင်သန်းက အခင်းဖြစ်ပွားရာ ဒုချရားတန်းသို့ သွားရောက်ကြည့်ရှု့ရာ အကြမ်းဖက်မူ ဖြစ်ပွားကြောင်း သက်သေ အထောက်အထားနှင့် သေဆုံးမူရှိသည်ကို မမြင်မတွေ့ရကြောင်း ပြောဆိုသည်ဟု နောက်ဆုံးတွင် နိဂုံးချုပ်ထားသည်။
ယခုကဲ့သို့ ကမ္ဘာကျော် သတင်းဌာန တစ်ခု ဖြစ်သော AP သတင်းမှ အချက်အလက် ခိုင်လုံမူ မရှိသည့် အပြင် သူတို့ကိုယ်တိုင်လည်း သွားရောက်မေးမြန်းခြင်းမရှိဘဲ ယခုကဲ့သို့ အခြေအမြစ် မရှိသော သတင်းများရေးသား တင်ပြမူ အပေါ် ဘယ်လိုမြင်ပါသလဲဟု ပြည်ပတွင် နှစ်အတန်ကြာအောင် အင်္ဂလိပ်လို ဆောင်းပါးများ ရေးသားနေသူ မြန်မာ သတင်းစာဆရာ တစ်ဦးအား မေးမြန်းရာ သူက ယခုလို ပြောသည်။
“  ဒါက သတင်းဌာနတစ်ခုရဲ့ ကျင့်ဝတ် Ethic ကို အကြီးအကျယ် ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါက မသေချာတဲ့သတင်းပါ။ဒါကိုတင်ပြတယ်ဆိုကတည်းကကျင့်ဝတ်ပိုင်းဆိုင်ရာ တော်တော်ချိုးဖေါက်တယ်လို့ မြင်ပါတယ်။ မြန်မာ အစိုးရတာဝန်ရှိသူတွေ (မဟုတ်ရင်) နိုင်ငံရေး ပါတီတွေက အဲဒီ သတင်းဌာနကို တိုက်ရိုက် ကန့်ကွက်သင့်ပါတယ်” ဟု ယင်းသတင်းစာဆရာကြီးက ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, January 17, 2014

ရခိုင်ပြည်နယ် ဒုချာယာတန်ရွာမှာ အကြမ်းဖက်မှုဖြစ်ပွား

rohingya_family_305px.jpg
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်၊ ဒုချာယာတန်ရွာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်စလင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ်ခံခဲ့ရတယ်လို့ ကြားသိရကြောင်း Arakan Project အဖွဲ့က Chris Lewa က ပြောဆိုကြောင်း AP သတင်းကဖေါ်ပြပါတယ်။
သေဆုံးသူတွေဟာ သေနတ်ဒဏ်ရာ၊  ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ ဓါးဒဏ်ရာတွေ နဲ့ သေဆုံးခဲ့ရတာဖြစ်လို့ ရဲနဲ့စစ်တပ်ကြောင့်ထက် ရခိုင်ဒေသခံတွေရဲ့ တိုက်ခိုက်ခံရလို့ သေဆုံးကြ ရတာ ဖြစ်နိုင်ကြောင်း၊ သေဆုံးသူအရေအတွက် အတိအကျမသိရသေးကြောင်း Arakan Project အဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေ ညာချက်မှာ ဖေါ်ပြထားပါတယ်။
အခင်းဖြစ်ပွားရာဒေသမှာပြီးခဲ့တဲ့လက၉၆၉လို့သိကြတဲ့သံဃာတွေကရိုဟင်ဂျာမွတ်စလင်အားလုံးကို နှင်ထုတ် ပစ်ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံဟောကြားခဲ့ရာက နှစ်ဖက်တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ Arakan Project အဖွဲ့ က Chris Lewa က ပြောဆိုပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် လွှတ်တော်အမတ် ဦးရွှေမောင်းက အခုလို ပြောပါတယ်။
"သက်ဆိုင်ရာ ကာယကံရှင်တွေကတော့ သူတို့ရဲ့နီးစပ်ရာ ဆွေမျိုးတွေရဲ့ ပြောပြချက်အရပဲ သိရတယ်၊ သူတို့ကိုယ်တိုင်ကလည်း အလောင်းကို မမြင်တွေ့နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲကိုသွားလို့မရလို့၊ ဒီလိုအခြေအနေမှာ ဒါကိုထင်သာမြင်သာရှိအောင် လုပ်ပေးမှသာ ပကတိအခြေအနေမှန်ကိုသိမယ်၊ အားလုံးကိုလုံခြုံမှုပေး၊ အားလုံးကိုအာမခံပေး၊ အဲဒီမှာအမှန်တကယ် ပြစ်မှုကျူးလွန်တဲ့လူကို ပြစ်ဒဏ်ပေးရမယ်"
ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ အခင်းဖြစ်ပွားရာ ဒုချာယာတန်ရွာမှာ တပ်ကြပ်ကြီးတစ်ယောက် ပျောက်ဆုံးနေတာကြောင့်၊ ရဲတပ်ဖွဲ့က ရွာကိုဝိုင်းပြီး ရှာဖွေခဲ့ကြကြောင်း၊ ဒါပေမဲ့ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေတော့ မကြားသိရကြောင်း ပြောဆိုပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)
(ဤစာမျက်နှာတွင် ရိုဟင်ဂျာဟုဖော်ပြထားခြင်းသည် မူလသတင်းဌာန၏ အာဘော်သာဖြစ်ပြီး ရခိုင်သတင်း များစုစည်းမှု ဘလော့ဂ်၏ အာဘော်မဟုတ်ပါကြောင်းတင်ပြအပ်ပါသည်)

Thursday, November 21, 2013

ကျောက်တော်နှင့် ပေါက်တောမြို့နယ်များတွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီးနောက် ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှုမရှိတော့ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ပြောကြား

နိုဝင်ဘာ ၁၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီး ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှု မရှိတော့ကြောင်း၊ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေကြောင်း ရခိုင် အမျိုးသမီးကွန်ရက်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
နိုဝင်ဘာ ၁၈ ရက်က ငါးနှစ်နှင့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး  ပုံစံတူ လူသတ်မှုနှစ်မှု ရခိုင်ပြည်နယ် မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့၏သမီး အသက်ခြောက်နှစ် အရွယ်ရှိ မ..........ပျောက်ဆုံးပြီး နောက်တစ်နေ့ နံနက်တွင်  အလောင်းအား ရွာပြင်စပါးခင်း၌ ဦးခေါင်းနှင့် ပါးတစ်ဖက်တစ်ချက်စီ၌ ဒဏ်ရာတစ်ချက်စီနှင့် မုဒိမ်းကျင့် ခံထားရသည့် လက္ခဏာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းအပြင် ပေါက်တောမြို့နယ်၊ အနောက် ဖရုံဂါကျွန်း၊ စိုးမဲကျီကျေးရွာမှ အသက် (၅) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နိုဝင်ဘာ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့်ညနေ ၆နာရီခန့်တွင် ပျောက်ဆုံးခဲ့ပြီး ရွာသားများက လိုက်လံ ရှာဖွေခဲ့ကြရာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် သတ်ဖြတ်မြေမြှုပ်ခြင်း ခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍  စစ်တွေမြို့ ရခိုင်အမျိုးသမီးများ ကွန်ရက်အဖွဲ့မှ ပြည်နယ်ကော်မတီဝင် ဒေါ်ကျော့စိန်က "ရခိုင်ပြည်နယ်က အမျိုးသမီးတွေဟာ လက်ရှိမှာ ဘ၀လုံခြုံမှုမရှိ ဖြစ်နေတယ်။ ငါးရှာ ဟင်းခူးတောင် သွားလာ လုပ်ကိုင်စားသောက်လို့ မရနိုင်တော့တဲ့ အနေအထားကို ရောက်လာတယ်။ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်စေဖို့ ကာကွယ် စောင့်ရှောက်ပေးသင့်တယ်"ဟု ပြောကြားသည်။
ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ စစ်ပွဲဖြစ်တဲ့ ဒေသတွေမှာ ထိခိုက်နစ်နာမှု အများဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ အခု ရခိုင်ပဋိပက္ခကြောင့် ဒုက္ခဖြစ်သူတွေထဲမှာ အမျိုးသမီးတွေဟာ ပိုလို့ဒုက္ခရောက်ပါတယ်။ အခုဆိုရင် ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံလာရတာ ဆက်တိုက် ဖြစ်လာ . . .
ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဒေါ်စောမြရာဇာလင်းက "ရခိုင်ပဋိပက္ခ နောက်ပိုင်းမှာ အမျိုးသမီးတွေ ဆက်တိုက် အကြမ်းဖက်ခံလာရတယ်။ လူတွေသိတဲ့ အမှုတွေရှိသလို လူတွေမသိတဲ့ အမှုတွေရှိတယ်။ အခု လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ပေါက်တောနဲ့ ကျောက်တော်မှာ ပုံစံတူကလေးတွေ အသတ်ခံရတယ်။ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ကတော့ ၁၀ ခုမက ဖြစ်ပွားခဲ့တယ်။ ဒါတွေကို သက်ဆိုင်ရာက အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးဖို့နဲ့ ပွင့်လင်းမြင်သာစွာ တရားစီရင်မှုတွေရှိဖို့ တောင်းဆိုပါတယ်။ အခုဟာ အရွယ်ရောက် အမျိုးသမီးတွေသာ မကတော့ဘဲ လူမမယ် ကလေးငယ်တွေပါ တိုက်ခိုက် ခံလာရတာ ရှိပါတယ်" ဟု ပြောကြားသည်။
"ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ စစ်ပွဲဖြစ်တဲ့ ဒေသတွေမှာ ထိခိုက်နစ်နာမှု အများဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ အခု ရခိုင်ပဋိပက္ခကြောင့် ဒုက္ခဖြစ်သူတွေထဲမှာ အမျိုးသမီးတွေဟာ ပိုလို့ဒုက္ခရောက်ပါတယ်။ အခုဆိုရင် ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံလာရတာ ဆက်တိုက် ဖြစ်လာပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်ရတာဖြစ်ပြီး အမျိုးသမီးတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် လုံခြုံမှုရှိအောင် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်" ဟု ဒေါ်စောသီရိမွန်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)