Showing posts with label လမ်းပန်းဆက်သွယ်ရေး. Show all posts
Showing posts with label လမ်းပန်းဆက်သွယ်ရေး. Show all posts

Thursday, January 22, 2015

စစ်တွေမြို့လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းပြီး အဆင့်မြင့်တင်

DSC02263
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဓိက လမ်းမကြီးအား ယခင်ကွန်ကရစ်လမ်းအဖြစ်ရှိနေရာမှ ယခုအခါ နိုင်လွန် ကတ္တရာခင်းပြီး အဆင့်မြှင့်တင်နေသည်ဟု သိရသည်။
ယင်းနိုင်လွန် ကတ္တရာလမ်းခင်းမှုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းက စတင် ဆောင်ရွက်ခဲ့သည်။ စစ်တွေလမ်းမကြီး စတင်လမ်းခင်းသည့်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
အစပိုင်းတွင် နိုင်လွန်ကတ္တရာလမ်းခင်းရာတွင် အသုံးပြုသော စက်ယန္တရားများ ချွတ်ယွင်းမှုတို့ကြောင်း ခေတ္တ ရပ်နားခဲ့ရသည်။
ယင်းချွတ်ယွင်းစက်များကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်းတွင်မူ နိုင်လွန်ကတ္တရာ လမ်းခင်းမှု ပိုမိုချော့မွေ့ လျင်မြန်လာပြီးဖြစ်ကြောင်း စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ကျွန်တော်တို့ နိုင်လွန်ကတ္တရာခင်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေကို ကားတွေနဲ့ သင်္ဘောတွေနဲ့ အဆင်ပြေသလိုမျိုး သယ်ယူလာရတယ်။ အဲဒီလို သယ်ယူလာတဲ့အခါမှာ အဲဒီဟာတွေရဲ့ ပစ္စည်းတစ်ချို့ ချွတ်ယွင်းသွားတဲ့အတွက် စက်ပစ္စည်း ကရိယာတွေကို ပြန်ပြင်ခဲ့ရပါတယ်။ အခု ဒီစက်ယန္တရားတွေကို ထုတ်လုပ်တဲ့ XCMG ကုမ္ပဏီက ကျွမ်းကျင်အင်ဂျင်နီယာ တရုတ်လူမျိုးကိုယ်တိုင် လာရောက်ကြီးကြပ် စောင့်ကြည့်ပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေပါတယ်”ဟု ဦးတင်မောင်မြင့်က ပြောသည်။
နိုင်လွန် ကတ္တရာခင်းရာတွင် လာရောက်စောင့်ကြည့် ကြီးကြပ်နေသော တရုတ်လူမျိုး အင်ဂျင်နီယာသည်နိုင်လွန်ကတ္တရာ လမ်းခင်းရာတွင် အသုံးပြုနေသော စက်ယန္တရားများကို ထုတ်လုပ်သည့် XCMG ကုမ္ပဏီမှဖြစ်ပြီး နာမည်မှာ DING WGN KE ဖြစ်ကြောင်း သိရသည်။
ယင်း XCMG ကုမ္ပဏီသည် တရုတ်ပြည်၌ စက်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး လုပ်သား ၄၀၀၀၀ ရှိသည်ဟု ယင်းတရုတ်အင်ဂျင်နီယာက ပြောသည်။
ယခုစစ်တွေမြို့ လမ်းမကြီး နိုင်လွန်ကတ္တရာခင်းရာတွင် အသုံးပြုနေစက်ယန္တရားများမှာ ကတ္တရာသယ်ရန် ထရပ်ကား ၇ စီး၊ Road paper ကားတစ်စီး၊ Two Wheel ကားတစ်စီး နှင့် တာယာရိုလာ ကားတစ်စီးပါဝင်ကြောင်း သိရသည်။
စုထူးစံကုမ္ပဏီသည် စစ်တွေမြို့ စည်ပင်သာယာရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရာတွင် စစ်တွေမြို့လမ်းမကြီးနှင် ဝေသာလီလမ်း၌ နိုင်လွန်ကတ္တရာခင်းခြင်းအပြင် ဘီလူးမချောင်း ရေလားရေလာကောင်းရေးနှင့် ကမ်းနားလမ်းတစ်လျှောက် ဆည်ဖို့ပြီး လှိုင်းကာများ ဆောက်လုပ်ခြင်းများကိုပါ တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။
DSC02257စုထူးစံကုမ္ပဏီတွင် အင်ဂျင်နီယာ ၂၀၀ ဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရာတွင် ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်ပါ လုပ်ဆောင်လျှက်ရှိပြီး ရခိုင်ပြည်နယ်ရှိ လမ်းတံတားဆောက်လုပ်ရာ၌ အင်ဂျင်နီယာ ၇၀ ဦးကို အသုံးပြုနေကြောင်းသိရသည်။
“စုထူးစံ ကုမ္ပဏီအနေနဲ့ လမ်းတံတားတွေကို ရခိုင်ပြည်နယ်မှာ ဆောက်လုပ်တဲ့အပိုင်းမှာ လှူတာတွေရှိပါတယ်။ အမြတ်အစွမ်းအပိုင်းကို မကြည့်ပါဘူး။ လမ်းတံတား ကောင်းမွန်ဖို့နဲ့ တာရှည်ခံဖို့အတွက် လုပ်ပေးနေတာပါ။ အခု စစ်တွေမြို့လမ်းမကြီးပေါ်မှာ ခင်းနေတဲ့ နိုင်လွန်ကတ္တရာက ၂ လက်မခွဲထူပြီးတော့ သတ်မှတ်ထားတဲ့ ခံနိုင်ရည် တန်ချိန်အတိုင်း ကားတွေကို အသုံးပြုမယ်တိုရင် အနည်းဆုံး နှစ်ပေါင်း ၃၀ အထိ အာမခံချက် ရှိပါတယ်”ဟု စုထူးစံကုမ္ပဏီမှ လမ်းပိုင်းတာဝန်ခံ မန်နေဂျာ ဦးတင်မောင်မြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စစ်တွမြို့ စည်ပင်သာယာ လှပရေးအတွက် ယခုလက်ရှိအကောင်အထည်ဖေါ် လုပ်ဆောင်နေသော လုပ်ငန်းများမှာ စုထူးစံကုမ္ပဏီက လက်ရှိတာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းများအပြင် ဆတ်ရိုးကျချောင်း တူးခြင်း၊ ဆတ်ရိုးကျချောင်းဘဲ ရေကာတံတိုင်း တည်ဆောက်ခြင်း၊ ဆတ်ရိုးကျကိုဖြတ်၍ အဆင်မြင့်တံတား တစ်စင်း တည်ဆောက်နေခြင်း၊ စစ်တွေမြို့ပတ်လမ်းကို ဖေါက်လုပ်နေခြင်းတို့ ဖြစ်ကြောင်း လေ့လာသိရှိရသည်။
စစ်တွေမြို့တော် စည်ပင် သာယာလှပရေးအတွက် စီမံကိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေရာတွင် စစ်တွေမြို့ လမ်းမကြီးနှင့် ဝေသာလီလမ်း တစ်လျှောက်ကို နိုင်လွန်ကတ္တရာခင်းမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ၂၀၁၄ ခုနှစ် စတင်ဘာလတွင် တရားဝင် ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စစ်တွေမြို့တော်စည်ပင်သာယာ လှပရေးအတွက် အပန်းဖြေခေတ်မီ ဥယျာဉ်နှစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ လူများမလာချင်သည့် စစ်တွေမြို့ကို မြန်မာနိုင်ငံတွင် လူအလာချင်ဆုံး မြို့တစ်မြို့ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု အခမ်းအနားများတွင် မကြာခဏပြောကြားခဲ့သည်။
ယခင်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တွေမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ ယခင်နှစ်များထက် လာရောက်လည်ပတ်မှု ရှိလာသည်ဟု စစ်တွေမြို့ခံများက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, January 21, 2015

အမ်းတွင် ကုန်တင်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေ

Car-accident
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ညနေက ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေဆုံးပြီ ရဟန်းတော် တစ်ပါးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။
ယခုသေဆုံးသွားသူမှာ “ရိုးမမန္တလာ”အမည်ရှိ ကုန်တင်ကားကိုမောင်းနှင်လာသည့် ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်မှ အသက် ၃၇ အရွယ် ဦးကျော်စိုးဖြစ်သည်။
သူသည် အမျိုးသမီး ၁ ဦး၊ ဘုန်းကြီးတစ်ပါးနှင့် စပယ်ယာ ၂ ဦးတို့ကိုတင်ဆောင်၍ မန္တလေးမှ စစ်တွေသို့ပြန် လာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ပြန်လာရာ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၇ နာရီခန့်က အမ်းမြို့နယ်၊ တောင်စောက် ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၇၅/၆ နှင့် ၇၅/၇ တို့အကြားတွင် အဆိုပါကားမှာ ဘရိတ်ပေါက် တိမ်းမှောက် သွားသည့်အတွက် သူ ယခုကဲ့သို့ သေဆုံးသွားရခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒရိုင်ဘာက သေတယ်။ စပယ်ယာတွေတော့ ဘာမှ မဖြစ်ဘူး။ ကားပေါ်ပါလာတဲ့ အမျိုးသမီးနဲ့ ဘုန်းကြီး တစ်ပါးကတော့ ထိခိုက်ဒဏ်ရာတွေရကြတယ်” ဟု အမ်းမြို့မ ရဲစခန်းမှ ရဲအုပ်အောင်သိန်းထွန်းက ဆိုသည်။
ကားပေါ်တွင်လိုက်ပါလာသည့်အမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ဒေါ်ခင်မာသန်း ဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် သူမ၏ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း ရဲက ဆိုသည်။
အလားတူ ကားပေါ်ပါ သံဃာတော်မှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အသက် ၄ဝ ကျော်အရွယ် ဦးသုမလဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် ဆရာတော်၏ဦးခေါင်းတွင် ၃ လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရ သည်။
ဒဏ်ရာရရှိသူများမှာ အမ်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် မစိုးရိမ်ရသော လူနာများအဖြစ် ဆေးဝါးကုသမှုခံယူနေ ပြီး ယခုဖြစ်စဉ်ကျူးလွန်သူကို ပြစ်မှုပုဒ်မ ၃ဝ၄(က)/၃၃၇/၃၃၈ ဖြင့် အမ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမ်းတောင်ကြားလမ်းတွင် ယခုကဲ့သို့ ကားများ မကြာခဏတိမ်းမှောက်နေရခြင်းမှာ လမ်းအကွေ့အကောက် များသည့် အပြင် ယာဉ်မောင်းများအနေဖြင့်လည်း ယင်းတို့၏ ယာဉ်များကြံ့ခိုင်မှုရှိ/မရှိကို စစ်ဆေးမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ရဲက ရဲအုပ်အောင်သိန်းထွန်းက မှတ်ချက်ပြုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဖေါင်ကြီးသင်တန်းကျောင်းသို့ ဆရာ ဆရာမ ၃၅ ဦးကို တင်ဆောင် မောင်းနှင်လာသော တိုးရတနာ ဘတ်စ်ကားသည် အမ်းမြို့နယ်တွင် တိမ်းမှောက်သွားသဖြင့် ဆရာ ၄ ဦးနှင့် ဆရာမ ၂ ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အမ်းမြို့နယ် ဆေးရုံသို့ အတွင်းလူနာ အဖြစ် တင်ပို့ခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

ရမ်းဗြဲမြို့ကျက်သရေဆောင် ကိုယ်ရံတောင်စေတီတော် ကွန်ကရက်လမ်းအတွက် အကူအညီများလိုအပ်နေ

ကိုယ်ရံတောင်စေတီ (ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ကိုယ်ရံတောင်စေတီ (ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့ ကိုယ်ရံတောင် စေတီတော် တက်လမ်းအား ကွန်ကရက်လမ်းအဖြစ် အဆင့်မြင့်တင် တည်ဆောက်နေရာ ယင်းလမ်းအတွက် အကူအညီများ လိုအပ်နေကြောင်း ကိုယ်ရံတောင်ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
“ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပီး ကိုယ်ရံတောင် စေတီတော် တက်လမ်းကို ကွန်ကရက်ခင်းနေပါတယ်။ ကျွန်တော်တို့ ကိုယ်ရံတောင် ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှကြီးမှူးပြီး လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလမ်းအတွက် အကူအညီတွေ လိုအပ်နေတဲ့ အတွက် ရမ္မာဝတီ ဒေသခံတွေနဲ့ ရပ်နီးရပ်ဝေး ရခိုင်သူ ရခိုင်သားများကို ပါဝင် ကူညီ လှူဒါန်းကြဖို့ တိုက်တွန်း နိုးဆော်အပ်ပါတယ်” ဟု လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။
ကိုယ်ရံတောင် စေတီမှာ ရမ်းဗြဲမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်မြတ်ကြီး တစ်ဆူဖြစ်ပြီး ယခင် ဘုရား တက်လမ်းမှာ လမ်းကြမ်း တစ်ခုသာ ဖြစ်သဖြင့် ဆိုင်ကယ်နှင့် မော်တော်ကားများဖြင့် စေတီသို့ တက်ရာတွင် အခက်အခဲရှိ၍  ဒေသခံများ၏ စုပေါင်း ထည့်ဝင် လှူဒါန်းငွေများဖြင့် ကွန်ကရက်လမ်းအဖြစ် အဆင့်မြင့် တည်ဆောက်နေခြင်း ဖြစ်သည်။
“ စေတီတော်ခြေရင်း တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းကနေ စေတီတော် တရောက် ကွန်ကရက်လမ်းခင်းမှာ ဖြစ်ပါတယ်။ အရှည်က ပေ ၂၃၀၀ ရှိပါတယ်။ ကုန်ကျစရိတ်က တစ်ပေ ၁၅ သိန်းနုန်းနဲ့ဆိုရင် သိန်း ၄၀၀ နီးပါးခန့်ကုန်ကျနိုင်ပါတယ်” ဟု သူက ဆိုသည်။
ကိုယ်ရံတောင် စေတီတော်သို့ တက်ရာ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရွှေဘုန်းပွင့်စေတီ၊ သစ္စာမဏ္ဍိုင်စေတီ၊ ရွှေရောင်စေတီ၊ ရွှေတော်မျှော် စေတီ၊ မြသပိတ်စေတီ၊ နေလစေတီ၊ နဂါးရုံဘုရား၊ ကျွန်းဦးပုညရှင်စေတီ၊ လောကသရဖူစေတီ၊ ၀ိဇ္ဖာမဟိဒ္ဓိကျောင်း၊ ခဏ္ဍသိမ်တို့ တည်ရှိသည်။
ကွန်ကရက်လမ်းခင်းနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ကွန်ကရက်လမ်းခင်းနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ယင်းအပြင် အမရပူရသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့သော ရခိုင်တို့၏ နောက်ဆုံး ဘုရင် အဂ္ဂေါပုညရာဇာ (မဟာသမ္မတရာဇာ)၏ တန်ဆောင်းမိဘုရား မြသန္တာ၏ အုတ်ဂူမှာလည်း ကိုယ်ရံတောင်စေတီတက်ရာ လမ်းဘေးတွင် လွမ်းချင့်စဖွယ် တည်ရှိသည်။
ကူညီ လှူဒါန်းလိုသူများ အနေဖြင့် နာယက ဦးဘလှ (၀၉၄၂၁၇၂၆၀၈၃)၊ ဦးထွန်းကြည် (၀၉၄၂၁၇၂၆၀၇၀)တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 12, 2014

စစ်တွေတက္ကသိုလ်သို့ သုံးဘီးအစား ကားများဖြင့် ပြောင်းလဲပြေးဆွဲမည်

three-weelerစစ်တွေတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်သို့ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ်များ နေရာတွင် ခေတ်မီ လူတင်ကား အသေးစားများဖြင့်ပြောင်းလဲပြေးဆွဲရန် ပထမအသုတ်အနေဖြင့် သုံးဘီးဆိုင်ကယ်အစီး ၅ဝ ကျော်သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း စစ်တွေမြို့နယ် သုံးဘီးဆိုင်ကယ် အသင်း ဥက္ကဋ္ဌ ဦးညွန့်မောင်က ပြောသည်။
“ပြောင်းလဲပြေးဆွဲမယ့် သုံးဘီး ဆိုင်ကယ်စီးရေ ၅၄ စီးစာရင်းကို ဒီလ ၈ ရက်နေ့က ဝန်ကြီးချုပ်ဆီတင်ပြလိုက်ပြီ” ဟု ဦးညွန့်မောင်က နိုဝင်ဘာ ၉ ရက်နေ့တွင် နိရဉ္စရာသို့ ပြောသည်။
မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်ဟုဆိုကာ စစ်တွေတွင်ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ်များနေရာတွင် Hi Jet နှင့် Suzuki စသည့် ကားအမျိုးအစားများဖြင့် အစားထိုးပြေးဆွဲနိုင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင် မောင်အုန်းက ယခုနှစ် သြဂုတ်လမှ
စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့စီစဉ်ရာတွင် စစ်တွေရှိသုံးဘီးဆိုင်ကယ်များအနက် စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ပြေးဆွဲနေကြသည့်
သုံးဘီးဆိုင်ကယ်များအား ပထမဦးစားပေးအဖြစ်ပြေးဆွဲရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သုံးဘီးဆိုင်ကယ်သမားများ၏ ပြောဆို ချက်အရ သိရသည်။
“ကားနဲ့ဆိုရင်တော့ ပိုပြီး safe ဖြစ်တာပေါ့”ဟု စစ်တွေတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာအထူးပြုကျောင်း သားတစ်ဦးက မှတ်ချက်ပြုသည်။
ပြောင်းလဲပြေးဆွဲမည့်ကားတစ်စီး၏ပျဉ်းမျှတန်ဘိုးမှာ ကျပ်သိန်း ၆ဝ ကျော်ရှိပြီး ပြည်နယ်အစိုးရက ကျပ်သိန်း ၁ဝ ကို သုံးဘီးသမားများအား ကူညီပံ့ပိုးပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုပြောကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကားတစ်စီးတန်ဘိုးရဲ့ ၂ဝ ရာခိုင်နှုန်းကို ပထမအသုတ်ပေးသွင်းရာမှာဖြစ်ပြီး ကျန်ငွေတွေကိုတော့ ၃၆ လ (၃နှစ်)အတွင်း အတိုးနှုန်းနဲ့ ပေးသွင်းရမယ်လို့ ဝန်ကြီးချုပ်က ပြောထားတယ်”ဟု သုံးဘီး သမားတစ်ဦးက ဆိုသည်။
သို့သော် တစ်လလျှင် အတိုးနှုန်းမည်မျှပေးရမည်ဆိုသည်ကို ဝန်ကြီးချုပ်က ယခုအချိန်ထိ သုံးဘီး သမားများအား ပွင့်ပွင့်လင်းလင်း ပြောကြားထားခြင်းမရှိသေးဟု သိရသည်။
စစ်တွေတွင် သုံးဘီးဆိုင်ကယ်စီးရေပေါင်း ၁ဝဝဝ ခန့်ရှိပြီး စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာ တက္ကသိုလ်၊ စစ်တွေမြို့တွင်းနှင့် မြို့တွင်းမှ ရေချမ်းပြင်၊ မြို့တွင်းမှ ပါဒလိတ်စသည့်နေရာများသို့ ပြေးဆွဲလျက် ရှိသည်။
ယင်းအနက် စစ်တွေတက္ကသိုလ်သို့ပြေးဆွဲနေသည့်သုံးဘီးဆိုင်ကယ် ၁၂၁ စီးနှင့် စစ်တွေနည်းပညာ တက္ကသိုလ်သို့ ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ် ၇ဝ ခန့်ရှိကြောင်း သုံးဘီးဆိုင်ကယ်အသင်းထံမှ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

သံတွဲနှင့်တောင်ကုတ်အကြား ခရီးသည်တင်ကား တိမ်းမှောက်၍ လူ ၁၀ ဦး ဒဏ်ရာရ


သံတွဲ- တောင်ကုတ်ကားလမ်းကို ယခုနှစ် စက်တင်ဘာလ အတွင်းက ရိုက်ယူထားစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
သံတွဲ- တောင်ကုတ်ကားလမ်းကို ယခုနှစ် စက်တင်ဘာလ အတွင်းက ရိုက်ယူထားစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်အကြား ပြေးဆွဲနေသော ခရီးသည်တင် ကားတစ်စီး တိမ်းမှောက်သွားသဖြင့် ခရီးသည် ၁၀ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။
ယင်းခရီးသည်တင်ကားသည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် သံတွဲမှ တောင်ကုတ်သို့ မောင်းနှင်လာစဉ် ၂၃ မိုင် ၅ ဖါလုံ အရောက် ဒေါ်မြ ကျေးရွာအနီးတွင် တိမ်းမှောက်သွားသည် မျက်မြင် သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။
“ မှောက်တာက ဒိုင်နာကားပါ။ တောင်က အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ဦး ဒဏ်ရာ ရပါတယ်။ အသေအပျောက်တော့ မရှိပါဘူး” ဟု သူက ဆိုသည်။
ဒဏ်ရာရသူများအထဲမှ ဒဏ်ရာပြင်းထန်သူ ၅ ဦးကို သံတွဲဆေးရုံတွင် တင်ထားပြီး ဒဏ်ရာမပြင်းထန်သူများကို ရွှေလှေကျေးရွာ တိုက်နယ်ဆေးရုံတွင် တင်ပို့ထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်လမ်းမှာ ငပလီ ကမ်းခြေကြောင့် လူသွား လူလာ အများဆုံး လမ်းတစ်ခု ဖြစ်သော်လည်း လမ်းကြမ်း အဆင့်ထက် အနည်းငယ်မြင့်သော အနေအထားသာ ရှိပြီး အချို့နေရာများတွင် ပြေပြစ် ညီညာမူ မရှိသဖြင့် နှစ်စဉ်  နှစ်တိုင်း မတော်တဆ ကားတိမ်းမှောက်မူများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 30, 2014

မြဝတီသတင်းစာပါ ပေါက်တောမြို့ဆိပ်ခံတံတားပြီးစီးကြောင်းသတင်းမှားယွင်းသည်ဟု မြို့ခံများဆို

scan-newspaper-ptaw-harbour
( မြ၀တီ သတင်းစာတွင် ဇူလိုင်လ ၂၄ ရက်နေ့က ရေးသားဖေါ်ပြသော သတင်း)
မြ၀တီ သတင်းစာ မျက်နာဖုံးတွင် ဇူလိုင်လ(၂၄)ရက်နေ့က  “ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သော သတင်းမှာ မှားယွင်းကြောင်း ပေါက်တောမြို့ခံများက ပြောဆိုသည်။
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု အစိုးရပိုင် မီဒီယာ တစ်ခုမှ ရေးသားဖေါ်ပြခြင်းမှာ မဖြစ်သင့်ဟု ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးကျော်ဝင်းကြီးက နိရဉ္စရာသို့  ပြောဆိုသည်။
“ မယုံရင်လာကြည့်လို့ ရတယ်။ တံတားက မပြီးသေးဘူး။ မပြီးသေးတာကို ပြီးတယ်လို့ရေးတော့ မြို့သိက္ခာကျတယ်။ သာမန်မီဒီယာတစ်ခုက ရေးတာမျိုးမဟုတ်ပဲ အစိုးရ မီဒီယာကတောင်မှ ဒီလိုလုပ်တယ်ဆိုရင် မြို့သူမြို့သားတွေကို လိမ်ရာကျတယ် ” ဟု သူက ပြောသည်။
pataw-harbour
ပေါက်တောဆိပ်ခံတံတား တည်ဆောက်နေမူကို ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဇူလိုင်လ ၂၄ ရက်နေ့က မြ၀တီသတင်းစာ၌ “ ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် မျက်နာဖုံးတွင် ရေးသားဖေါ်ပြသော သတင်းတွင် “ရခိုင်ပြည်နယ် ပေါက်တောမြို့ဆိပ်ခံတံတားကို ရခိုင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေဖြင့် အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်ဖေဖေါ်ဝါရီ ၂၆ ရက်တွင် စတင်၍ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ဆိပ်ကမ်းတံတား တည်ဆောက်မူမှာ ယမန်နေ့က ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်” ဟု ဖေါ်ပြထားသည်။
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု ရေးသားဖေါ်ပြခြင်းမှာ နောက်ကွယ်က အကြောင်းအရာ တစ်ခုခု ရှိနိုင်ကြောင်း ပေါက်တောမြို့ လူမှုကွန်ရက်မှ ကိုအောင်မြင့်က ပြောသည်။
“ မြို့က လူတွေကတော့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ သတင်းဌာနက သတင်းသမားတွေနဲ့ပေါင်းပြီး လုပ်စားသလားဆိုပီး ဝေဖန်မူတွေ ရှိနေတယ်။ ပြီးစီးရမယ့် သတ်မှတ်ထားတဲ့ နေရက်မှာ ဆိပ်ခံ တံတား မပြီးနိုင်တဲ့ အတွက် လျော်ကြေးပေးရမှာ ကြောက်လို့ ခုလို လုပ်ကြံဖန်တီး ရေးသားတာလား ဆိုပြီး ခုသတင်းနဲ့ ပတ်သက်ပြီး လူတွေက သံသယ၀င်နေကြတယ် ” ဟု သူက ပြောသည်။
သတင်းစာတွင် ပေါက်တော ဆိပ်ခံတား တည်ဆောက်ပြီးစီးပြီဟု ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်ထံသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ “ ဒါကတော့ ဆောက်လုပ်ရေးကုမ္ပဏီကိုပဲ မေးကြည့် ”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။
ptaw-harbour
ပေါက်တောဆိပ်ခံတံတားမှာဆောက်လုပ်ဆဲဖြစ်ပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
တံတားဆောက်လုပ်ရေး၌ သံဂဟေဆက်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်နေသူ ဦးသာတင်က ဆိပ်ခံတံတား ဆောက်လုပ်မှုမှာ ယခုအချိန်ထိ တစ်ဝက်ကျော်ကျော်သာ ပြီးစီး၍ ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
“ တံတားက မပြီးသေးဘူး၊ တဝက်ကျော်ကျော်လောက်ရှိသေးတယ်၊ ကျွန်တော်တို့ လုပ်တုန်းပဲ ရှိသေးတယ်၊ မိုးနည်းရင်တော့ နောက်နှစ်ပတ်လောက် ပြီးနိုင်တယ်” ဟု ဦးသာတင်က ပြောသည်။
အဆိုပါ ဆိပ်ခံတံတားတည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၂၉၀၀) ခွင့်ပြုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, July 29, 2014

မြောက်ဦး ရထားလမ်းစီမံကိန်းကို လေ့လာရန် နိုင်ငံတကာ သုတေသနပညာရှင်များ ဖိတ်ခေါ်မည်

ရထားလမ်း စီမံကိန်းဖောက်လုပ်မည့် မြောက်ဦး ယဉ်ကျေးမှုနယ်မြေသည် ရှေးဟောင်းစေတီပုထိုးများ၊ ရုပ်ပွားတော်များရှိနေ၍ ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။ ဓာတ်ပုံ-မဇ္ဈိမ
ရထားလမ်း စီမံကိန်းဖောက်လုပ်မည့် မြောက်ဦး ယဉ်ကျေးမှုနယ်မြေသည် ရှေးဟောင်းစေတီပုထိုးများ၊ ရုပ်ပွားတော်များရှိနေ၍ ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။ ဓာတ်ပုံ-မဇ္ဈိမ
မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်း ဖြတ်သန်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းကို ပြန်လည်ဖောက်လုပ်နိုင်ရန် ယဉ်ကျေးမှုနယ်မြေများ ထိခိုက်ခြင်းရှိမရှိ နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်များ ဖိတ်ခေါ်မည်ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်က မဇ္ဈိမကို ပြောသည်။
ဒေသခံများ၏ တောင်းဆိုချက်အရ မြောက်ဦးရထားလမ်းကို လတ်တလောတွင် ရပ်နားထားရပြီး ပြန်လည် ဖောက်လုပ်မည်ဆိုပါက ဒေသခံများ နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များကို ဖိတ်ခေါ်ရန်လည်း တောင်းဆိုထားခြင်းဖြစ်သည်။
“ဒေသခံတွေက ယုံကြည်ရလောက်တဲ့ ပညာရှင်တွေကို ခေါ်ယူစစ်ဆေးခိုင်းဖို့ ဒုတိယအကြိမ်တင်ပြထားပါတယ်” ဟု ဦးလှဟန်က ပြောသည်။
စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊အမ်း၊မင်းဘူးစသော ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့များကို ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်ပြီး ကျောက်တော်-မြောက်ဦးလမ်းပိုင်းတွင် ယဉ်ကျေးမှုနယ် မြေဇုန်ကို ဖြတ်သန်းဖောက်လုပ်ရခြင်း ဖြစ်သည်။
“ရထားလမ်းဖောက်ရင် လမ်းပန်းဆက်သွယ်ရေးကောင်းလာမှာဆိုတာ သိတယ်။ ဒါပေမဲ့ မြောက်ဦးယဉ်ကျေးမှုက ကျွန်တော်တို့ရဲ့ အမွေအနှစ်လည်းဖြစ်နေတယ်၊ တစ်ခုခုဖြစ်သွားပြီးမှ ပြန်လုပ်လုပ်မရတော့ဘူး”ဟု မြောက်ဦးမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က မဇ္ဈိမကိုပြောသည်။
မြောက်ဦး၊ ဝေသာလီ၊ ဓည၀တီ စသော ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်သန်း ဖောက်လုပ်မည့် စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းသည် ရှေးဟောင်းသုတေသန ဇုန် ၁၊ ၂၊ ၃ တို့ကို ဖြတ်သန်းရမည်ဖြစ်ပြီး မြို့ရိုးတံတိုင်းနှင့် အခြားသော ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
ရထားလမ်းဖောက်လုပ်ခြင်းကို ရပ်နားထားပြီး ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့က ဦးဆောင်ကာ ရှေးဟောင်းနယ်မြေတွင်း ဖြတ်သန်းခြင်းရှိ မရှိ စစ်ဆေးခဲ့သည်။ ထို့နောက် လမ်းကြောင်းအသစ်တစ်ခုကို ဇွန် ၂၆ ရက်က ဖော်ထုတ်ခဲ့သော်လည်း ရှေးဟောင်းနယ်နိမိတ်တွင် ပါဝင်သည်ဟု ဒေသခံများက ထပ်မံပြောကြသည်။ လက်ရှိ ဖောက်လုပ်ထားသော ရထားလမ်းသည် မြောက်ဦးမြို့ဟောင်း တံတိုင်းကို ဖြတ်သန်းပြီးဖြစ်သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၅)မိနစ်အတွင်း အရေးပေါ်ကူညီပေးနိုင်မည့် Hotline စနစ်တစ်ခုစတင်

ယနေ့ပြုလုပ်သော hotline 1880 သတင်းစာ ရှင်းလင်းပွဲ (ဓါတ်ပုံ- နိရဉ္စရာ/ ပေသီး)
ယနေ့ပြုလုပ်သော hotline 1880 သတင်းစာ ရှင်းလင်းပွဲ (ဓါတ်ပုံ- နိရဉ္စရာ/ ပေသီး)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက ချက်ချင်းခေါ်ဆိုပြီး အကူအညီတောင်းနိုင်မည့် Hotline စနစ်တစ်ခုအား စတင်လိုက်ပြီဟု သိရသည်။
ယင်းလမ်းပေါ်တွင် အသုံးပြု သွားလာနေကြသည့် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက Hotline နံပတ် ၁၈၈၀  အား ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ကြောင်း ယနေ့ Orchid ဟိုတည်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်က ပြောသည်။
“ တစ်ခုခု မတော်တဆဖြစ်ရင် ခရီးသွားပြည်သူတွေအနေနဲ့ Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်းဆက်သွယ်နိုင်တယ်။ ၅ မိနစ်အတွင်းမှာ ကျနော်တို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးသွားနိုင်အောင် ဒီစနစ်ကို စီစဉ်ထားပါတယ်” ဟု သူက ဆိုသည်။
ယခင်က ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အကူအညီတောင်းခံရန် Hotline နံပတ် ၁၉၉ နှင့် ၁၈၇၆ လိုင်းများ ရှိခဲ့သော်လည်း ဖုံးလိုင်းမအားသဖြင့် အချိန်ပြည့် အကူအညီမပေးနိုင်ခဲ့၍ Hotline နံပတ်  ၁၈၈၀ အား အသစ်တပ်ဆိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု Hotline နံပတ် ၁၈၈၀ အတွက် လူအင်အား (၂၅) ဦးဖြင့် အားဖြည့်ထားပြီး တစ်နေ့ ၂၄ နာရီ အချိန်ပြည့် လုပ်ဆောင်သွားမည်ဟု သိရသည်။
Hotline ၁၈၈၀ အား ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အကူအညီ တောင်းခံနိုင်ကြောင်း သူက ပြောသည်။
“ အဓိကတော့ဗျာ ခရီးသွား မိဘပြည်သူတွေ အနေနဲ့ အဆင်ပြေချောမွေ့စေရေးနဲ့ ဘယ်နေရာ မဆို မတော်တဆ တစ်ခုခု ဖြစ်ပွားခဲ့ရင် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးမူတွေ မဖြစ်စေရေး အတွက် အဓိက ရည်ရွယ်ပြီး စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့ပြင် မော်တော်ယာဉ်တွေ အနေနဲ့ စက်ချို့ယွင်းမူ ဖြစ်ပွားသည် ဖြစ်စေ၊ မတော်တဆမော်တော်ယာဉ် မီးလောင်သည် ဖြစ်စေ အကူအညီ တောင်းခံလို့ ရနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု စီစဉ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမြန်လမ်း အင်ဂျင်နီယာမှူးက ဆိုသည်။
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမ (ဓါတ်ပုံ- နိရဉ္စရာ)
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမ (ဓါတ်ပုံ- နိရဉ္စရာ)
အရေးပေါ် Hotine နံပါတ် ၁၈၈၀  အားဆက်သွယ်ပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့်  ပြုပြင် ထိန်းသိမ်းရေး မော်တော်ယာဉ်များနှင့်အတူ အခင်း ဖြစ်ပွားရာနေရာသို့ ချက်ချင်း လာရောက်ကူညီဖြေရှင်း ပေးသွားမည်ဟု ဆိုသည်။
ွှအရေးပေါ် ဖုံးခေါ်ဆိုမူဖြစ်သော်လည်း သာမန် ဖုံးခေါ်ဆိုသည့် နုန်းထားအတိုင်း တစ်မိနစ်လျှင် ကျပ် (၅၀) နှုန်းသာ ကုန်ကျမည်ဖြစ်သည်ဟု ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကူညီရေး စခန်း (၅) ခု လောလောဆယ်တွင် တည်ဆောက် ထားပြီး နောက်ထပ် (၁၀) ခုထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ကားမတော်တဆ ဖြစ်ပွားမူများ မကြာခဏ ဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွားပြည်သူများအနေဖြင့်  Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်း ခေါ်ဆိုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Monday, June 30, 2014

ရခိုင်မှရွာချင်းဆက်လမ်းများ ဖြစ်သလို ဖေါက်လုပ်တည်ဆောက်မူကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများ ဆုံးရှုံးမူများစွာရှိနေ

 တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်း (ဓါတ်ပုံ- နိရဉ္စရာ)
တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အတွင်း ကျေးရွာချင်းဆက်လမ်းများကို နိုင်ငံတော်မှ ငွေကြေး အမြှောက်အမြား အကုန်အကျ ခံကာ တည်ဆောက်နေရာ တချို့လမ်းများမှာ ပြီးစလွယ် ဖြစ်သလို ဖေါက်လုပ် တည်ဆောက်မူကြောင့် မိုးရွာသည့်နှင့် တစ်ပြိုင်နက်တည်း ပျက်စီးယိုယွင်းလျှက်ရှိကြောင်း နိရဉ္စရာမှ သတင်း ရရှိသည်။
ထိုသို့ ပျက်စီးနေသော လမ်းများထဲတွင် ပေါက်တောမြို့နယ် တောင်ညိုနှင့် သ၀င်ချောင်း ရွာချင်းဆက် လမ်းလည်း ပါဝင်သည်။
“ တောင်ညိုနှင့် သ၀င်ချောင်း လမ်းမှာ အခု ရေတိုက်စားတဲ့ အတွက် လမ်းတွေ ပြိုပျက်နေပါပြီ။ မိုးကုန်တာနဲ့ လမ်းလည်း ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ ပြဿနာက ရေဖြတ်စီးမယ့်နေရာမှာ ရေပြွန်တွေ မတည်ဆောက်ဘဲ ထားခဲ့တဲ့အတွက် မိုးရွာတာနဲ့ ရေက လမ်းကို ကျော်ပြီး ဖြတ်တိုက်စားတော့ လမ်းက အကုန်လုံး ပျက်စီး သွားပါတယ်” ဟု သ၀င်ချောင်းရွာသား ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ပြောသည်။
IMG_20100102_063256
၎င်းလမ်းမှာ ၄ မိုင်နဲ့ ၂ ဖါလုံ အရှည်ရှိပြီး ပေါက်တော-တောင်ညို- သ၀င်ချောင်းလမ်းဖြစ်ကြောင်း၊ ယခုပျက်စီးနေသော နေရာမှာ တောင်ညိုနှင့် သ၀င်ချောင်းလမ်းပိုင်းတွင် ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
“ ဒီလမ်းကို ကန်ထရိုက်ယူပြီး ဖေါက်တာက ++++ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီက စစ်တွေကလား၊ ရန်ကုန်ကလားဆိုတာကိုတော့ တိတိကျကျ မသိဘူး။ ငွေကြေးဘယ်လောက်ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် သိန်းက ရာဂဏန်းကျော်တယ်လို့ သိရပါတယ်” ဟု ဦးမြတ်ထွန်းက ဆက်ဆိုသည်။
ယင်းလမ်းကို စစ်တွေ အခြေစိုက် ++++  ကုမ္ပဏီမှ ဖေါက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း၊ အပေါ်မှ ကန်ထရိုက်ရလာပြီး လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်ကြောင်း၊ ကုမ္ပဏီက လုပ်ကိုင်သော လမ်းဖြစ်၍ ဌာနနှင့် သက်ဆိုင်မူ မရှိကြောင်း၊ ကျွမ်းကျင်သော အင်ဂျင်နီယာများ မပါရှိသဖြင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပျက်စီးခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း၍ ရကြောင်း၊ ရခိုင်ပြည်နယ်တွင် ထိုကဲ့သို့ ကုမ္ပဏီများ မိုလို ပေါက်နေကြောင်း  ပေါက်တော မြို့နယ် ဆောက်လုပ်ရေးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တောင်ညို- သ၀င်ချောင်းလမ်း ပျက်စီးနေမူနှင့် ပတ်သက်ပြီး တိုင်ကြားမူများ ရှိနေကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။
IMG_20100102_080615
“ ဒီလမ်းကို ဖေါက်တဲ့ နေရာမှာ မြေကိုပက်ပြီး ကပျာကယာ အပေါ်ကိုတင်ကာ ဖေါက်လုပ်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မိုးရွာတာနဲ့ လမ်းက အကြီးအကျယ် ပျက်စီးနေတယ်လို့ ရွာသားတွေက တိုင်ကြား ထားပါတယ်။ ဒီလမ်းရဲ့ ဘတ်ဂျက်က ပြည်နယ်ဘတ်ဂျက်မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်က ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် ဘတ်ဂျက် ဘယ်လောက်ကျတယ်။ ဘယ်ကုမ္ပဏီက လုပ်တယ်ဆိုတာကို မသိပါဘူး။ ဘယ်သူကမှလည်း အကြောင်းကြားတာ မရှိပါဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ၊ ဆည်မြောင်းတာတမံ အများအပြားကို နိုင်ငံတော် အစိုးရမှ ဘတ်ဂျက်ငွေ အမြောက်အများချပေးပြီး တည်ဆောက်နေရာတွင် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဟု သူက ဆိုသည်။
“ အခု နိုင်ငံတော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ချပေးတဲ့ ဘတ်ဂျက်တွေက စီမံကိန်းတစ်ခုကို သိန်းထောင်နဲ့ချီပြီးရှိတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဘယ်လို ဖြစ်နေကြတယ်ဆိုတာကို မသိရဘူး။ တချို့နေရာတွေမှာ အထူးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ကြားသိရပါတယ်” ဟု သူက ဆက်ဆိုသည်။
ယခု ပျက်စီးနေသော တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်သော လမ်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, June 4, 2014

ဈေးကြီးမှ အမိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ

စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကားလမ်းအချို့ကို ကားနှစ်စီးသွားနိုင်ရန် အတွက် ဘေးဝဲယာ တစ်ဘက် တစ်ချက်စီကို တိုးချဲ့နေရာ ယင်းသို့ တိုးချဲ့နေရာတွင် အောက်ခံကို မြေသားအား အသုံးမပြုဘဲ စစ်တွေ ဈေးကြီးမှ စွန့်ပစ် အမို်က်များကို အသုံးပြုကာ တိုးချဲ့ ပြုပြင်နေသည်ဟု သိရသည်။
မြေသားအမာကို ရလို၍ ယခုလို အမိုက်များဖြင့် လမ်းခင်းနေခြင်း ဖြစ်ကြောင်း နာဇီရွာရပ်ကွက် စက်ရုံလမ်းမကြီးကို အမိုက်မျာဖို့ပြီး လမ်းလုပ်နေသည့်  စည်ပင်မှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။
SAM_0853
“ဒီလမ်းမှာကားကြီးနှစ်စီးသွားလို့ရအောင်အ တွက်ကားဘီး တစ်လုံးစာ လမ်းခုံးကို လုပ်ဆောင်နေတာပါ။ အမှိုက်တွေမှာပါတဲ့ မြေသားတွေကို မဆုံးရှုံးရအောင် စစ်တွေ ဈေးကြီးက အမှိုက်တွေနဲ့ ဒီလမ်းခုံးကို ပြုလုပ်နေတာပါ။ အမှိုက်တွေကို နှစ်ရက်လောက် ထားလိုက်ရင် မြေသားတွေဟာအောက်ဖက်ကို ရောက်သွားပြီး မြေသားအမာကို ရရှိတဲ့အတွက်ကျွန်တော်တို့ အသုံးပြုရတာပါ” ဟု သူက ပြောသည်။
၎င်းလမ်းကို ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့က စတင် တိုးချဲ့နေသည်ဟု သိရသည်။
အမည်မဖေါ်လိုသူ ဒေသအတွင်းက အင်ဂျင်နီယာ အငြိမ်းစား တစ်ဦးကမူ ယခုကဲ့သို့ အမိုက်များကို အသုံးပြုပြီး လမ်းခင်းသည်ကို တစ်ခါမှ မကြားဖူးပါကြောင်း၊ ယခုကဲ့သို့ လမ်းအောက်ခံကို မြေသားကို အသုံးမပြုဘဲ အမိုက်များကို အသုံးပြုပါက လမ်းမှာ အရည်အသွေး ကောင်းမွန်မည် မဟုတ်သည့်အပြင် များမကြာမီ ပျက်စီး သွားနိုင်ကြောင်း ဆိုသည်။
စစ်တွေမှ သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက ယခုလို ဆိုပြန်သည်။
“ လူနေအိမ်တွေနဲ့ နီးကပ်တဲ့နေရာတွေမှာ စွန့် ပစ်ဓါတုပစ္စည်းတွေ ပါဝင်တဲ့ အမှိုက်တွေကို အသုံးပြုပြီး လမ်းလုပ်တာဟာ လူထုရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆိုးကျိုးသက်ရောက်မူတွေလည်း အများကြီး ဖြစ်ပေါ်နိုင် ပါတယ်။ နိုင်ငံတာကာမှာ စွန့််ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်နေချိန်မှာ ကျနော်တို့ နိုင်ငံမှာ လမ်းလုပ်တဲ့ နေရာမှာ ဒီလို အမိုက်တွေကို အသုံးပြုတာဟာ မဖြစ်သင့်ပါဘူး။ လူထုရဲ့ ကျန်းမာရေးကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်”ဟု သူက ပြောသည်။
Road-Build
လမ်းလုပ်ရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးကလည်း ယခုလို ဆိုပြန်သည်။
“ တစ်နေ့ကို လုပ်အားခငွေ သုံးထောင်ကျပ်နဲ့ လုပ်နေတာပါ။ အထက်က လူကြီးတွေက ဒီဟာ လုပ်ဆိုရင် ကျနော်တို့က လုပ်ရတာဘဲ။ ဒီလို အမိုက်တွေကို လမ်းခင်းတဲ့ အတွက် ဘာဖြစ်လာမလဲ။ ကောင်းမလား- ဆိုးမလား။ ဒါတွေကို ကျနော်တို့ မသိပါ။ မနက်၇နာရီကနေ့  ညနေ ၅နာရီခွဲထိ ခိုင်းတာကို လုပ်နေတာပါဘဲ” ဟု ဆိုသည်။
ယခုကဲ့သို့ စွန့်ပစ် အမိုက်များကို အသုံးပြုပြီး လမ်းခင်းပါက ဆိုးကျိုးနှင့် ကောင်းကျိုး မည်သို့ ရှိနိုင်မည်ကို သက်ဆိုင်ရာ အထက်လူကြီးများမှ အမြန်ဆုံး စီစစ်ရန် လိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အရည်အသွေး မပြည့်မှီသည့် လမ်းခင်းမူအပေါ် ကန့်ကွက် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားချက် မြောက်ဦး ရဲတပ်ဖွဲ့က ငြင်းပယ်

Road-construction
ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်းခင်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
နိုင်ငံတော် အစိုးရမှ ပြည်သူများ ဆန္ဒဖေါ်ထုတ်ခွင့်တင်လာပါက အတတ်နိုင်ဆုံး ခွင့်ပြုပေးရန် ညွှန်ကြား ထားသော်လည်း  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်း ခင်းလုပ်ငန်း အပေါ် ဒေသခံများက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခြင်းကို ငြင်းပယ်လိုက်သည်။
၂၀၁၄ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ဒေသခံများက ၎င်းလမ်းနှင့် ပတ်သက်ပြီး လူပေါင်း (၁၅၀) ခန့်က ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတောင်းဆိုခဲ့သည်။  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မေလ(၂၇)ရက်စွဲပါ စာအမှတ်- ၁၀၁၂(၀၃)/၁၁၀/ ဦး ၁ ဖြင့် ဆန္ဒထုတ်ဖော်မည့်ကိစ္စကို ငြင်းပယ်လိုက်သည်။
မြောက်ဦးမြို့နယ် ရဲစခန်းမှ ဆန္ဒဖေါ်ထုတ်ခွင့်ကို ငြင်းပယ်ရသည့် အကြောင်းအရင်းကို ယခုလို ရေးသားထားသည်ဟုဆိုသည်။
“ ၎င်း ကျောက်ချောလမ်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်
လျှက်ရှိသော လမ်းဖြစ်ကြောင်း၊ လမ်းအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှုရှိမရှိ ၊ဘဏ္ဍာရေးစည်းမျည်း စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ မရှိ ကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများအား စာရင်းစစ်ရုံးမှ သီးသန့်တာဝန်ပေးအပ်ကာ စစ်ဆေး ဆောင်ရွက်မည် ဖြစ်၍ ဆန္ဒဖေါ်ထုတ်ခွင့်တင်ပြချက်ကို ငြင်းဆိုရခြင်းဖြစ်ကြောင်း”  ရဲစခန်း၏ ငြင်းပယ်အမိန့်တွင် ဖော်ပြထားသည်။
ပီပင်ရင်း-နန်းတက်လမ်း ကျောက်ချောလမ်းခင်းလုပ်ငန်းကို ထက်မိုးပွင့် ကုမ္ပဏီနှင့် ရွှေမြင့်မိုရ် ကုမ္ပဏီ တို့က တာဝန်ယူတည်ဆောက်ခဲ့ကြရာ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဒေသခံပြည်သူ များမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ကျွဲတဲရွာမှ အငြိမ်းစား အင်ဂျင်နီယာမှူးကြီးဖြစ်သူ ဦးဦးဘစောက နိရဉ္စရာသို့ ပြောသည်။
“နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ထိုက်တန်တဲ့ ကျောက်ချောလမ်းကောင်းတစ်ခုရရှိဖို့ ဆန္ဒထုတ်ဖော်မှာပါ။ လမ်းဆောက်လုပ်တဲ့ နေရာမှာအရည်အသွေးမပြည့်မီတဲ့ ကျောက်တုံးတွေသုံးထားတယ်။ သတ်မှတ်ချက်အတိုင်းအလွှာလိုက် အဆင့်ဆင့်မခင်းဘဲ တောင်မြေအမာတုံးတွေကို သုံးပြီး ဖြစ်သလို ခင်းထားတယ်။ လမ်းအထူကလည်း (၈)လက်မလောက်ပဲ ရှိတယ်။ဒါကြောင့် တာဝန်ယူလုပ်နေတဲ့ ကုမ္ပဏီတွေကို ဆန္ဒပြဖို့ တင်ခဲ့ကြတာ ” ဟု သူက ပြောဆိုသည်။
ယင်းကျောက်ချောလမ်းခင်းရန်အတွက် နိုင်ငံတော်အစိုးထံမှ ဘက်ဂျက်ငွေ(၃၁၄၆.၉)ကျပ်သိန်းချထားပေးခဲ့ရာ အေးမြင့်မိုရ် ကုမ္ပဏီမှ ကျပ် ၂၃၄၆.၉ သိန်း၊ ထက်မိုးပွင့် ကုမ္ပဏီမှ ကျပ် (၁၁၀၀) သိန်းစီဖြင့် ကန်ထရိုက် ရရှိခဲ့ပြီး လမ်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးအေးမောင်သန်းက ပြောသည်။ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်း မှာ၂၀၁၄ခုနှစ်မတ်လတွင် နောက်ဆုံးထားပြီး ပြီးစီးရမည်ဖြစ်သော်လည်း (၂) လကျော် လာသော်လည်း ပြီးစီမူမရှိဘဲ ဖြစ်နေသဖြင့် ဒေသခံများပြည်သူများ အကြားတွင် သံသယများ တိုးပွားနေသည်ဟု ဦးဦးဘစောက ဆိုသည်။
ယင်းလမ်းကိစ္စနှင့် ပတ်သက်၍ ယနေ့ မြောက်ဦးမြို့နယ် စည်ပင်ရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဦးတင်ငွေ၊ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် ဒေသခံများ ဆွေးနွေးရာ ဒေသခံများ၏ တောင်းဆို မှုများကို ကုမ္ပဏီများမှ လိုက်လျောပေးမည်ဟု နှုတ်ကတိပေးထားသည်ဟု သိရသည်။
သို့အတွက် ဆန္ဒထုတ်ဖော်မည့် ကိစ္စကို အချိန်တစ်ပတ်ခန့် ရွှေ့ဆိုင်းထာဦးမည်ဖြစ်ကြောင်း ဦးဦးဘစောက ပြောဆိုသည်။
ရခိုင်ပြည်နယ် အတွင်း နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် လမ်း၊ တံတားနှင့် အဆောက်အဦးအများအပြားကို ဆောက်လုပ်နေကြရာ အများစု ကုမ္ပဏီများမှာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဒေသအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အဆင့် တာဝန်ရှိသူများနှင့် နားလည်မူယူကာ နှစ်ပေါက် တစ်ပေါက် ရိုက်စား လုပ်နေကြသဖြင့် နေရာဒေသ အများအပြားတွင် လမ်းတံတားများမှာ အရည်အသွေး မပြည့်မှီဘဲ ဖြစ်နေပြီး  ပြဿနာများလည်း ပေါ်ပေါက်နေသည်ဟု နိရဉ္စရာက စုံစမ်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, May 27, 2014

လုပ်ငန်းစီစစ်မှုအားနည်း၍ စစ်တွေမြို့ ကွန်ကရစ်လမ်းမကြီး အရည်အသွေးမပြည့်မီဘဲ ပျက်စီးရဟုဆို

New construction road Arakan
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကွန်ကရစ်လမ်းမကြီးမှာ လမ်းဆောက်လုပ်စဉ်က လုပ်ငန်း၏အရည်အသွေးကို သက်ဆိုင်ရာမှ စီစစ်မှုအားနည်း၍ စောလျင်စွာပျက်စီးသွားရခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောဆိုသည်။
စစ်တွေမြို့ရှိ လမ်းမကြီးအား ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး တည်ဆောက်ခဲ့ရာ တည်ဆောက်ပြီး များမကြာမီ လမ်းတွင် အကွက်လိုက် ပျက်စီးသွားခဲ့သဖြင့် ယခုအခါ ပြန်လည် ပြုပြင်နေရသည်ဟု သိရသည်။
ထိုသို့ ပြုပြင်နေရသဖြင့် စစ်တွေလူထုအနေဖြင့် အထူးစိတ်မကောင်းဖြစ်နေရကြောင်း စစ်တွေမြို့မောလိပ်ရပ်ကွက် မှ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ချိုနွယ်ကပြောသည်။
“ကျွန်မတို့က စစ်တွေလမ်းမကြီးကို ကွန်ကရစ်လမ်းမကြီးအဖြစ် ပြုလုပ်တော့ အရမ်းဝမ်းသာတယ်။ အရင်က ရှိခဲ့တဲ့ ကတ္တရာလမ်းက မကြာခဏပျက်စီးတော့ ဒီလမ်းမကြီး ဒီတစ်ခါတော့  မပျက်စီးနိုင်တော့ဘူးလို့ အောက်မေ့နေတာ။ အခု တစ်လတောင်မကြာဘူး ဟိုတစ်ကွက်၊ ဒီတစ်ကွက် ပြန်ပျက်စီးသွားတယ်။ ဒီအပေါ်မှာ ကျွန်မတို့ အထူး စိတ်မသက်မသာဖြစ်ရပါတယ်” ဟု သူမက ဆိုသည်။
New construction road Arakan
စစ်တွေမြို့လမ်းမကြီးမှာ ယခင်က ကတ္တရာလမ်းမတစ်ခုဖြစ်ပြီး မိုးရာသီတွင်မကြာခဏ ပျက်စီးသည့်အတွက် ကွန်ကရစ်လမ်းခင်းရန် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘက်ဂျက်ငွေအမြောက်အများချပေးခဲ့ပြီး ယင်းငွေဖြင့်စစ်တွေလမ်းမကြီးကို တည်ဆောက်ခဲ့သည်။
ယင်းကွန်ကရစ်လမ်းမကြီးမှာ အရည်အသွေးမပြည့်မီသဖြင့် ယခုချိန်တွင် စတင် ပျက်စီး လျှက်ရှိကြောင်းကို စစ်တွေမြို့မှ မြို့မိမြို့ဘ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။
“လမ်းက လုပ်တာမကြာသေးဘူး။ အပေါက်တွေ၊ ချိုင့်တွေနဲ့ ဖြစ်နေပြီ။ ဒီနှစ် မိုးကုန်ရင် လမ်းမကြီးကို အသုံးပြုလို့ ရနိုင်ပါ့မလားလို့တောင်စိုးရိမ်မကင်းဖြစ်မိတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ချပေးတဲ့ ဘတ်ဂျက်ငွေပမာဏ အများအပြားနဲ့ လမ်းကိုတည်ဆောက်ခဲ့တာဖြစ်တယ်။ အဲဒီငွေနဲ့ ထိုက်တန်တဲ့ လမ်းတစ်ခု ဖြစ်လာမယ်လို့ ထင်ခဲ့တာ။ ဆောက်လုပ်တဲ့ ကုမ္ပဏီလည်း လုပ်ချင်ရာလုပ်သွားတယ်။ ဒါပေမယ့် လမ်းရဲ့ အရည်အသွေး စံချိန် စံနှုန်းကို သက်ဆိုင်သူတွေက အသေအချာ စီစစ်မှုမရှိတဲ့အတွက် နောက်ဆုံးမှာ စစ်တွေမြို့သူ မြို့သား တွေပဲ ဒုက္ခရောက်ကြရတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ပိုပြီးအန္တရာယ် ဖြစ်စေတယ်” ဟု ဆိုသည်။
စစ်တွေတွင် ကွန်ကရစ်လမ်းမကြီး ပြုလုပ်ပြီးစီးသည်မှာအချိန်အနည်းငယ်ခန့်သာရှိသေးကြောင်း၊ သို့ရာတွင် လမ်းမှာခိုင်ခံ့မှုမရှိသည့် အတွက် ပျက်စီးနေပြီး ကွန်ကရစ်ခင်းထားသော ၄င်းလမ်းမှ သဲနှင့် ဖုန်များလွှင့်နေသည့် အတွက် ပတ်ဝန်းကျင်ထိခိုက်မှုနှင့်အတူ လမ်းမတစ်လျှောက် နေထိုင်သူများနှင့် လမ်းသွားလမ်းလာများ၏ မျက်စိများထဲသို့ ဖုန်မှုန့်များဝင်ကာ မျက်စိကျန်းမာရေးကိုလည်း ထိခိုက်မှုများလည်းရှိကြောင်း ဦးသန်းထွန်းက ဆက်လက် ပြောဆိုသည်။
“ခုတော့ အကျိုးဖြစ်ဖို့ထက် အကျိုးယုတ်တာတွေ ဖြစ်သွားတဲ့အတွက်ကုန်ကျသွားတဲ့ငွေတွေကို နှမြောမိတာပေါ့၊ အခု လမ်းကဖုန်မှုန့်တွေ ဝင်ပြီး လူတွေ မျက်စိထိခိုက်မှုတွေဖြစ်နေကြပြီ။ ဆိုင်ကယ်နဲ့ မော်တော်ကားတွေ ဖြတ်သွားတိုင်း ကွန်ကရစ်လမ်းက သဲမှုန့်တွေ လွှင့်တက်လာပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေတာဖြစ်ပါတယ်” ဟု သူကပြောသည်။
ကွန်ဂရက်ခင်းပြီး များမကြာမီ လမ်းမကြီးပျက်စီးနေခြင်းမှာ လမ်းဆောက်လုပ်စဉ်က စီစစ်မူ အားနည်း၍ ဖြစ်ကြောင်း စစ်တွေမြို့နယ် သုံးဘီး ဆိုင်ကယ်အသင်းဥက္ကဌ ဦးညွှန့်မောင်က ဆိုသည်။
New construction road Arakan
“ကွန်ကရစ်လမ်းမကြီးရဲ့ အပေါ်ယံလွှာတွေ ပျက်စီးနေပြီ။ လမ်းပျက်စီးနေရင် ယာဉ်မောင်းတွေ၊ လမ်းသွား လမ်းလာတွေအတွက် အဆင်မပြေပါဘူး။ လမ်းမကြီးဆိုတာမြို့တစ်မြို့ရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တဲ့ အတွက်အမြဲတန်း ကောင်းမွန်နေဖို့လိုပါတယ်။ လမ်းတွေဆောက်တဲ့အခါမှာ အစိုးရကလည်းတာဝန်ယူပြီး တည်ဆောက်တဲ့ ကုမ္ပဏီတွေတွေရဲ့ လုပ်ဆောင်ချက်တွေကို စီစစ်ကြပ်မတ်ပေးဖို့ လိုအပ်တာပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။
စစ်တွေမြို့ရှိ ကွန်ကရစ်လမ်းမကြီးကို(၂၀၁၃) ခုနှစ်တွင် ANC ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့သော်လည်း ယင်းလမ်းမကြီးအား ကွန်ကရစ်ခင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ဘက်ဂျက်ငွေမည်မျှသုံးစွဲခဲ့သည်ကို မသိရှိရကြောင်း စစ်တွေမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘတ်ဂျက် အခြေအနေကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းအချိန်မှီ ပြီးစီးနိုင်မည် မဟုတ်

 တောဖျားချောင်းတံတား တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တောဖျားချောင်းတံတား တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ချင်းဆက် လမ်းများ၊ ရွာချင်းဆက်လမ်း အများအပြားကို ရခိုင်ပြည်နယ် အတွင်း နိုင်ငံတော် အစိုးရမှ တာဝန်ယူ ဖေါက်လုပ်နေရာ ယင်းအထဲတွင် ပါဝင်သော ရသေ့တောင်-ပုဏ္ဍားကျွန်း ကားလမ်းမှာ ဘတ်ဂျက်ငွေ လုံလုံလောက်လောက်မရရှိသဖြင့် သတ်မှတ်ချိန် အတိုင်း ပြီးစီးရန် အခြေအနေမရှိဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ဘတ်ဂျက်ငွေ မလုံလောက်မူကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်း ဖေါက်လုပ်မူကို ရပ်တန့်ထားရပြီး ယင်းလမ်းတွင် တည်ရှိသော တောဖျားချောင်းတံတား တစ်ခုကိုသာ နှစ်အလိုက်ထုတ်ပေးသော ဘတ်ဂျက်ငွေ အနည်းငယ်ဖြင့် မစို့မပို့ တည်ဆောက်နေရသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
Tawphyr-chaung-bridge
ဘတ်ဂျက်ငွေ အလုံအလောက် မရရှိမူကြောင့် ပေ ၁၂၀၀ အရှည်ရှိသော တောဖျားချောင်း တံတားကို အပိုင်းလိုက် တည်ဆောက်နေရပြီး ၂၀၁၂ ခုနှစ်က စတင် တည်ဆောက် ခဲ့သော တံတားမှာ ၂၀၁၅- ၂၀၁၆ နှစ်ကုန်လောက်မှ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း  တံတားအထူးအဖွဲ့ (၁၀) မှ အငယ်တန်း အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်က ရေလယ်တိုင်အမှတ် (၄) ကို တာဝန်ယူပြီး တည်ဆောက်နေပါတယ်။ အခုတည်ဆာက်နေပါပြီ။ အုတ်မြစ်ကတော့ ပြီးသွားပါပြီ။ ၂၀၁၅-၁၆ လောက်မှာ ပြီးစီးဖို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။
တောဖျားချောင်း တံတားသည် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းပိုင်းတွင် ပါဝင်သော အရှည်ဆုံးနှင့် အရေးပါသော တံတားတစ်ခုဖြစ်ပြီး ယင်းတံတား အတွက်  ၂၀၁၂-၂၀၁၃ မှာ ကျပ်သန်း (၆၀၀) ၊  ၂၀၁၃- ၂၀၁၄ ခုနှစ်တွင် ကျပ်သန်း ၁၀၀၀ ကို အစိုးရထံမှ ရရှိခဲ့သည်ဟု သူက ဆိုသည်။
“ စုစုပေါင်း တောဖျားချောင်းတံတား တစ်ခုတည်းအတွက် ခန့်မှန်းကုန်ကျငွေက ကျပ်သန်းက ၄၆၀၀ ဖြစ်ပါတယ်။ နှစ်အလိုက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ချပေးတဲ့ ဘတ်ဂျက်နဲ့ဘဲ လုပ်ကိုင်ဆောင်ရွက်နေရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
Tawphyr-chaung-bridge-2
ရသေ့တောင်- ပုဏ္ဍားကျွန်း ကားလမ်းပေါ်တွင် တောဖျားချောင်း တံတားအပြင် ထွန်းရဝေ တံတားနဲ့ ရသေ့တောင်တံတားကြီး (၂) ခု ကျန်နေသေးကြောင်း၊ ယင်းတံတား (၂) စင်းမှာ ယခုအချိန်ထိ လုပ်ငန်း မစရသေးကြောင်း သိရသည်။ သို့အတွက် ၂၀၂၀ ခုနှစ်တွင်ပင် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းမှာ ပြီးစီးနိုင်မည်မဟုတ်ကြောင်း ဒေသအတွင်းက လမ်းအရေး ကျွမ်းကျင်သူများက ပြောသည်။
ယင်းပြင် ဘတ်ဂျက်ငွေ မရရှိသဖြင့် ကားလမ်း ဖေါက်လုပ်မူကိုလည်း ရပ်တန့်ထားရကြောင်း၊ သို့အတွက် ယခင် ဖို့ထားသော ကားလမ်းပေါ်မှ မြေများမှာ မိုးရာသီတွင် ရေတိုက်စားမူကြောင့် ပျက်စီးနေကြောင်း၊ လမ်းကြမ်းအဆင့်မှာပင် ပျက်စီးနေသဖြင့် အပိုင်းလိုက်ပင် နွားလှည်း၊ ဆိုင်ကယ်များဖြင့် သွားလာ၍ မရဘဲ ဖြစ်နေကြောင်း ကားလမ်းပေါ်တွင် တည်ရှိသောစေတီပြင် ကျေးရွာသား တစ်ဦးက ပြောသည်။
ရသေ့တောင်- ပုဏ္ဍားကျွန်းကားလမ်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် ဆက်စပ်ပေးမည့် လမ်းတစ်လမ်း ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ပြုနိုင်သော လမ်းတစ်ခုဖြစ်သည်။ အဆိုပါ ကားလမ်းပြီးစီးပါက ရသ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ပြည်သူများအနေဖြင့်  ရသေ့တောင်မှ တဆင့် ရန်ကုန်သို့ တိုက်ရိုက်သွားလာနိုင်မည် ဖြစ်သည်။
“ တံတားအပါအ၀င် ဒီလမ်းကိုတော့ အမြန် ပြီးစီးစေချင်ပါတယ်။  ဒီလမ်းပြီးစီးရင် စီးပွားရေ၊ ပညာရေးကအစ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်တွေတို့၊ ပုဏ္ဍားကျွန်းတို့ကိုလည်း ချက်ချင်းသွားလာလို့ ရလာမယ်။ ဒီဒေသက သီးနှံတွေအကြီးအကျယ် ထွက်တော့ ချက်ချင်း မြို့ကြီးတွေကို တင်ပို့လို့ ရလာနိုင်မှာ ဖြစ်တဲ့အတွက် တောဖျားချောင်း ဒေသခံတွေ အတွက် စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လာနိုင်ပါတယ်” ဟု တံတားအနီး စေတီပြင်ကျေးရွာမှ အလပြ ဆရာ တစ်ဦးက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, April 8, 2014

မြောက်ဦးမြို့ ကိုးသောင်းဘုရား ကိုက်(၁၀၀) ကျော်အနီးက ရထားလမ်း ဖြတ်သန်း ဖေါက်လုပ်

Mrauk-U-Arakan state Myanmar
ရခိုင်တို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ ကိုးသောင်းဘုရား ပုထိုးတော်အနီးကဖြတ်ပြီး အခုအခါ ရထားလမ်း ဖေါက်လုပ်နေတယ်လို့ ဒေသခံ မြောက်ဦးလူကြီးတွေက နိရဉ္စရာကို သတင်းပေးပို့လာပါတယ်။
ခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ ကိုးသောင်းဘုရားပုထိုးတော်ကြီးနဲ့ အလွန်နီးကပ်နေပြီး ကိုက် (၁၀၀) သာသာခန့်သာ ဝေးတဲ့ အတွက် နဂိုကတည်းက ယိုင်နဲ့ နေတဲ့ ပုထိုးတော်ကြီးကို အထူး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
ရှေးဟောင်းကိုးသောင်း ပုထိုးတော်နဲ့ အနီးကပ် ရထားလမ်းဖေါက်လုပ်နေတဲ့အခြေအနေကို ရှေးဟောင်း ယဉ်ကျေးမူ သုတေသနဌာနမှာ လုပ်ကိုင်ခဲ့ပြီး အခု ရခိုင်ဘုရားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ၀န်ထမ်းဟောင်း အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။
“ ကိုးသောင်းနဲ့သိပ်နီးကပ်တယ်။ ကိုးသောင်းရဲ့အစနဲ့ ပေပေါင်း ၁၈၀ဘဲကွာတယ်။  +++ ကုမ္ပဏီက ဖေါက်လုပ်နေတယ်။  စစ်တွေ-မင်းဘူး ရထားလမ်းဖြစ်တယ်။ အဆောက်ဦးက ရထားဖြတ်ရင်  Vibration တုန်ခါမှုနဲ့ ပြသနာရှိနိုင်တယ်။ အဆောက်အဦးက အစကတည်းက ယိုင်နဲ့နေတာဖြစ်တယ်။ အဆောက်အဦးနဲ့ သိပ်နီးကပ်ပြီး ရထားလမ်းဖောက်တဲ့အတွက် ပုထိုးတော်ကြီးကို ထိခိုက်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ကိုးသောင်းပုထိုးတော်ကြီး အတွင်း ဆင်းထုတော် ကိုးသောင်းကိန်းဝပ်စံပယ်တဲ့ အတွက် ကိုးသောင်းပုထိုးတော်ကြီးလို့  ခေါ်ဝေါ်တာ ဖြစ်ပြီး ရခိုင်ဘုရင် မင်းဗာကြီးရဲ့သား မင်းတိက္ခာက  အေဒီ ၁၅၅၃-၁၅၅၅  ခုနှစ်တွင် တည်ထားခဲ့ပါတယ်။
အခုလို ကိုးသောင်းပုထိုးတော် အနီးမှ ဖြတ်သန်းပြီး ရထားလမ်းဖေါက်နေတာကြောင့် ဒေသခံများ အကြားစိုးရမ်မူများလည်း တိုးပွားနေပြီး အထက်ကို တိုင်ကြားဖို့  စီစဉ်နေတယ်လို့လည်း သူမက ပြောပါတယ်။
“ အခုကျမတို့မြောက်ဦး ရှေ့ဟောင်ဉ် ကျေးမှူး အမွေအနှစ် ထိမ်းသိမ်းရေးအဖွဲ့ဆိုပြီး မြောက်ဦး မြို့သူမြို့သားတွေနဲ့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်နဲ့ အထက်ကို စာတင်ဖို့ လုပ်နေပါတယ်။ ဒီကနေ့ ကွန်ပျူတာ ရိုက်နေကြပါတယ်” လို့ ဆိုပါတယ်။
ရထားလမ်းကို တခြားနေရာက ဖေါက်လုပ်၍ ရပါလျှက် ကိုးသောင်းပုထိုးတော်အနီးက ဖြတ်သန်း ဖေါက်လုပ်နေတဲ့ အပေါ်  သူ့အမြင် ကိုလည်း ယခုလိုပြောပါတယ်။
“ ယဉ်ကျေးမူ ဇုန်ထဲက အဝေးပြေးလမ်းဖောက်ပိုင်ခွင့်မရှိဘူး။ အခု အဲဒီယဉ်ကျေးမူဇုန်ထဲက ဖောက်နေတယ်။ အထူးသဖြင့် ကိုးသောင်းဘုရားအနီးက ဖောက်တဲ့အတွက် ကိုးသောင်းက ဘုရားအဆူလိုက်ကို ရထားပေါ် ကောက်တင်ဖို့လည်း လွယ်ကူသွားတယ်။ ရှေ့ဟောင်းပစ္စည်း ခိုးထုတ်ဖို့ သိပ်ပြီး လွယ်ကူသွားတယ်။ နောက်တခုက ကမ္ဘာ့ ယဉ်ကျေးမှူး အမွေအနှစ်နဲ့လည်း ကိုက်ညီမှုမရှိ။ ရှေ့ဟောင်းယဉ်ကျေးဇုန်အထဲက အဝေးပြေးလမ်း၊ မီးရထားလမ်းဖောက်လုပ်ခြင်းဖြင့် ရှေ့ဟောင်းယဉ်ကျေးမှု ဥပဒေ၊ ကမ္ဘာ့ယဉ်ကျေးမှု ဥပဒေနဲ့လည်း ကိုက်ညီ မှုမရှိဘူး။ နောက်ပြီး ရှေ့ဟောင်းယဉ်မှု အမွေအနှစ်တွေကြားထဲက ရထားလမ်းကို ဖေါက်ယူသွားတာဖြစ်လို့ တံတိုင်း၊ ကျုံး၊ မြိုရိုး၊ ဘုရားတွေ ပျက်စီးမှုလည်း သိပ်များမယ်။”
အခုလို ကိုးသောင်းပုထိုးတော်ကြီး အနီးမှ ရထားလမ်း ဖေါက်လုပ်နေခြင်းနဲ့  ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနသို့ ဆက်သွယ်သော်လည်း ဖြေကြားမည့်သူ မရှိတဲ့ အတွက် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, January 24, 2014

ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် လေဆိပ် ၁၄ ခုတွင် သံတွဲနှင့် ကျောက်ဖြူလေဆိပ်ပါဝင်

လာမည့် ဘဏ္ဍာနှစ် ၂၀၁၄- ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လေဆိပ် ၁၄ခု၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ သံတွဲနှင့် ကျောက်ဖြူ လေဆိပ်တို့ ပါဝင်သည်။
၎င်းဖွံ့ဖြိုးရေး လုပ်ငန်းကို နိုင်ငံတော် အစိုးရ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြုလုပ်သွားမည်ဟု ၎င်းဝန်ကြီးဌာ၏ ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောသည်။
ကျောက်ဖြူနှင့် သံတွဲလေဆိပ်နှင့် အတူ အခြားပါဝင်သော လေဆိပ်များမှာ ဟဲဟိုး(ရှမ်း)၊ နေပြည်တော်၊ မြစ်ကြီးနား (ကချင်)၊ ကိုကိုးကျွန်း (ဧရာဝတီ)၊ ကလေး (စစ်ကိုင်း)၊ တာချီလိတ် (ရှမ်း)၊ နောင်မွန်း (ရှမ်း)၊ မိုင်းဆတ် (ရှမ်း)၊ လွိုင်ကော်(ကယား)၊ ပူတာအို (ကချင်)၊ ဟုမ္မလင်း (စစ်ကိုင်း)၊ နှင့် မြိတ် (တနင်္သာရီ) တို့ ဖြစ်ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, January 13, 2014

ရခိုင်ပြည်နယ်အစိုးရမှ အဆင့်မမှီ ကုမ္ပဏီများကို လမ်းဖေါက်ရန် ကန်ထရိုက်ပေးသည့်အပေါ်ဒေသခံများမကျေနပ်

 ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း ဖေါက်လုပ်နေသော လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း ဖေါက်လုပ်နေသော လမ်းတစ်လမ်းကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် လမ်းများဖေါက်လုပ်နေရာ ရခိုင်ပြည်နယ် အစိုးရမှ အဆင့်မမှီ အမည်ခံ ကုမ္ပဏီများကို ၎င်းလမ်းများကို ဖေါက်လုပ်ရန် ကန်ထရိုက်များချပေးနေသဖြင့် ဒေသခံများက မကျေနပ်မူများ ဖြစ်ပေါ်နေကြောင်း လူမူရေးလူပ်ရှားသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
နိရဉ္စရာမှ ၎င်းသတင်းအား လက်ခံရရှိပြီးနောက် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ ဆက်သွယ် မေးမြန်းရာ အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦး ယခုလို ပြောသည်။
“ သူတို့က လမ်းဖေါက်တဲ့ ကုမ္ပဏီလို့သာပြောတယ်။ စက်ကရိယာလည်း မပါဘူး။ ကျွန်တော်တို့ မေးတော့ တခြားကုမ္ပဏီ တစ်ခုက စက်ကရိယာတွေ ဌားရမ်းထားတယ်လို့ ပြောပါတယ်။ ဒီလို ကုမ္ပဏီတွေက ကျနော်တို့ ဒေသမှာ လမ်းလာဖေါက်ရင် ဘယ်လို လုပ်ပြီးး လမ်းတွေ အကောင်း ဖြစ်လာပါမလဲ” ဟုသူက ပြောသည်။
ယခုအခါ ကျောက်ဖြူမြို့နယ်အပါအ၀င် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကားလမ်းများ၊ ရွာချင်းဆက်လမ်းများ ဖေါက်လုပ်နေရာ ကုမ္ပဏီအချို့အား ရခိုင်ပြည်နယ် အစိုးရမှ အပိုင်းလိုက် ကန်ထရိုက်များချပေးနေသည်ဟု ဆိုသည်။ ထိုအထဲတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းမှ ကင်းဆိပ် အကြား တစ်လမ်း၊ ကျောက်ပုလဲမှ လိပ်တင်၊ လိပ်တင်မှ ကွန်ချောင်းသို့ တစ်လမ်း ဖေါက်လုပ်နေသည်ဟု ဆိုသည်။
၎င်းလမ်းများကို တာဝန်ယူု ဖေါက်လုပ်နေသော ကုမ္ပဏီများမှာ သီဟရာဇာစိုးနှင့် ရက္ခသူရ ကုမ္ပဏီများ ဖြစ်ကြသည်ဟု ယင်းကဆိုသည်။
“ သူတို့က လမ်းတွေကို ပြီးစလွယ် ဖေါက်လုပ်နေတဲ့ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကတောင် ဒီလို မလုပ်ကြဖို့ သူဇင်ချောင်းဘက်ကို ရောက်တုန်းက သူတို့ကို သတိပေး ပြောကြားခဲ့ပါတယ်။ အခုလိုသာ ဒီကုမ္ပဏီတွေက အညံ့စား ကျောက်တွေကို ချပြီး စက်ယန္တရားမပါဘဲ လမ်းတွေကို ဖေါက်ရင် လမ်းလည်း ကောင်းလာမှာ မဟုတ်သလို ငွေတွေဘဲ အလဟသ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့အတွက် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် လမ်းများဖေါက်လုပ်ပြီးစီးမှ လာရောက်ကြည့်ရှု့ စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ လမ်းမပြီးမှီ ဖေါက်လုပ်နေဆဲ အချိန်တွင် လာရောက်ကြည့်ရှု့ စစ်ဆေးသင့်သည်ဟု သူက ဆိုသည်။
နိရဉ္စရာမှ သက်ဆိုင်ရာ ကန်ုထရိုက်ရထားသော ကုမ္ပဏီများသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသဖြင့် ကုမ္ပဏီဘက်မှ  ကျေးရွာသားများစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဟုတ်မဟုတ်ကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။ သို့သော်လည်း ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ယင်းကုမ္ပဏီများအနေဖြင့် ကျောက်ဖြူမြို့ရှိ PSC ကုမ္ပဏီမှ စက်ယန္တရားများကို ဌားရမ်း လုပ်ကိုင်နေကြောင်း ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, December 30, 2013

မောင်တော-ဘူးသီးတောင် ကားလမ်း တောင်ခေါင်းကြီး အန္တရာယ်ရှိနေ

 မောင်တော-ဘူးသီးတောင် လမ်းပေါ်ရှိ တောင်ခေါင်းကြီး (ဓါတ်ပုံ- နိရဉ္စရာ)
မောင်တော-ဘူးသီးတောင် လမ်းပေါ်ရှိ တောင်ခေါင်းကြီး (ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်းတောင်- ဘူးသီးတောင် ကားလမ်းပေါ်ရှိ တောင်းခေါင်းကြီး (လိုဏ်ခေါင်းကြီး)အတွင်းရှိ  လမ်းမှာ သွားလာ၍ မရအောင်ထိ ပျက်စီးနေသဖြင့် အချိန်မရွှေး အန္တရာယ်ကြုံရနိုင်၍ ယင်းတောင်ခေါင်းကြီးအတွင်းရှိ ကားလမ်းကို အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများက လိုလားနေကြဟု သတင်း ရရှိသည်။
ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်ရှိ တောင်ခေါင်းကြီးမှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်ကတည်းက ဖေါက်လုပ်ခဲ့ပြီး ယခုအခါ သက်တမ်းလွန်နေပြီ ဖြစ်သဖြင့် တောင်ခေါင်းကြီး အပေါ်ရှိ တောင်ကိုပတ်ပြီး ကားလမ်းသစ်တစ်ခုကို သက်ဆိုင်ရာမှ ဖေါက်လုပ်နေသည်ဟု သိရသည်။
ထိုသို့ ဖေါက်လုပ်နေစဉ် ဆက်လက် အသုံးပြုနေရဆဲ ဖြစ်သော တောင်ခေါင်းကြီးလမ်းကို မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ယခုအခါ သွားလာ၍ မရအောင် ပျက်စီးနေကာ အချိန်မရွှေး အန္တရယ်နှင့် ကြုံတွေ့ရနိုင်သည်ဟု မောင်းတော ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ တောင်ခေါင်းကြီးလမ်းက အရင်က ကတ္တရာလမ်းခင်းထားတဲ့ အတွက် သွားလာရတာ အဆင်ပြေတယ်။ အခုတော့ ကတ္တရာတွေလည်း မရှိတော့တဲ့ အတွက် ချိုင့်ခွက်ကြီးတွေ ဖြစ်နေပြီး အောက်က သံချောင်း တွေလည်း ထိုထိုထောင်ထောင် လမ်းပေါ်ကို ထိုးထွက်နေတဲ့ အတွက် ခရီးသွားလာရာမှာ အထူးအခက်အခဲ ဖြစ်နေပါတယ်။ တစ်နေ့ မဟုတ်ရင် တစ်နေ့ အန္တရာယ်လည်း ကျရောက်နိုင်ပါတယ်။ ဒါကြောင်း ကိုက် ၅၀၀ ကျော်ရှိတဲ့ ဒီတောင်ခေါင်းကြီးလမ်းကို ကတ္တရာ မဟုတ်ရင်တောင်မှ ကျောက်ချောလမ်းခင်းပေးဖို့ သက်ဆိုင်ရာကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ယင်းဒေသခံက ဆိုသည်။
လူသွား လူလား အလွန်များသော မောင်တော- ဘူးသီးတောင်ကားလမ်းသည် ၁၆ မိုင်သာ အကွားအဝေး ရှိသော်လည်း မတ်စောက်သော တောင်တန်းများကို ကွေ့ပတ် ဖေါက်လုပ်ထားသော ကားလမ်းဖြစ်သဖြင့် အန္တရာယ် အလွန်များကြောင်း သိရသည်။
နှစ်စဉ် မိုးရာသီတွင် မြေပြိုခြင်း၊ လမ်းများရေတိုက်စားခံရခြင်း၊ တံတားများကျိုးကျခြင်းများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အာဏာပိုင်များက ငွေကုန်ကြေးကျခံပြီး ၎င်းလမ်းအား ပြုပြင်ပေးခြင်း မရှိကြောင်း သိရသည်။
“  ပြင်နေတာကတော့ အချိန်မရွှေးပါဘဲ။ ဟိုနားမှာပြိုရင် သွားပြင်လိုက်။ ဒီနားမှာပျက်ရင် သွားလုပ်လိုက်နဲ့ ပြင်နေတာကတော့ ရာသီ မရွှေးပါဘဲ။ ဒါပေမယ့် စနစ်တကျ တိုင်းထွာ တွက်ချက်ပြီး လုပ်တာ မဟုတ်တဲ့ အတွက် ပြင်တော့ ပြင်တယ်။ ကောင်းလာတော့ မတွေ့ရပါဘူး။ အခုအချိန်ထိ ကားလမ်းက ပျက်စီးနေတုန်းပါ” ဟု ၎င်းက ဆိုသည်။
မောင်တော-ဘူးသီးတောင်ကားလမ်းမှာ ယခုနှစ်မိုးရာသီအတွင်းကလည်း အကြီးအကျယ် ပျက်စီးခဲ့ပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ကားလမ်းကို မပြုပြင်နိုင်သော်လည်း တောင်ခေါင်းကြီးအတွင်းရှိ ကားလမ်းမှာ အထူးပျက်စီးနေ၍ အချိန်မရွှေး အန္တရာယ် ကျရောက်နိုင်သဖြင့် ယင်းလမ်းပိုင်းအား ကတ္တရာမခင်းနိုင်သည့်တိုင်အောင် ကျောက်ချောလမ်း အဖြစ် အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံ ပြည်သူများက လိုလားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, October 2, 2013

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းအား တရုတ်နိုင်ငံမှ အကြံပြုချက် လာရောက်တင်ပြထားသည့် အဆင့်သာရှိပြီး လွှတ်တော်နှင့် ပြည်သူကို ချပြပြီးမှသာ လက်ခံရန် သင့်မသင့် စဉ်းစားမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းသို့ ဆက်သွယ်မည့် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိကာလ၌ တရုတ်နိုင်ငံမှ စီမံကိန်းဆိုင်ရာ အကြံပြုချက် တင်ပြထားဆဲ အဆင့်သာ ရှိနေသေးကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ကျွန်တော်တို့က ညှိနှိုင်းဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ဆွေးနွေးဆဲဆိုတော့ ဘာမှမပြတ်သားသေး ဘူးပေါ့။ တရုတ်ဘက်ကတော့ Proposal တင်တာတော့ ရှိတာပေါ့။ တရုတ်ဘက်က Proposal တင်တယ်ဆိုပေမယ့် ဒီဘက်က သဘောတူမှ လုပ်လို့ရမှာလေ။ နိုင်ငံအတွက် အခြေအနေ ပေးတယ်။ ဖြစ်သင့်တယ်ဆိုရင် ပြီးတော့ အားလုံးက၊ အားလုံးကဆိုတာ ပြည်သူလူထုတို့ အစိုးရရော လွှတ်တော်တို့၊ ဘာတို့ကရော ဖြစ်သင့်တယ်ဆိုမှ လက်ခံမှာပေါ့။ အခုကတော့ ဆွေးနွေးဆဲ အဆင့်သာ ရှိပါသေးတယ်" ဟုလည်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းအား တရုတ်နိုင်ငံမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းနှင့် စီမံကိန်း၏ ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့် ရှိကြောင်းလည်း  ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
အရှည် ၈၀၀ ကီလိုမီတာရှိ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ ထုတ်ပြန်ထားကြောင်း၊ အဆိုပါ ရထားလမ်း စီမံကိန်းအား ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ Rail -ways Engineering Corporation တို့က ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းကဲ့သို့လက်မှတ်ရေးထိုးထားမှုအရတရုတ်နိုင်ငံသည်ရထားလမ်းကို ငွေကြေးမတည် ဆောက်လုပ်ပြီး နှစ်ပေါင်း ၅၀ ကြာအောင် အသုံးပြု သွားမည်ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းမှ မြန်မာအစိုးရအား လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ရထားလမ်းသည် တစ်နာရီလျှင် ၁၇၀ ကီလိုမီတာ မြန်နှုန်းဖြင့် ခုတ်မောင်းနိုင်မည့် အမြန်ရထားဖြစ်ပြီး ကုဗတန်ချိန် ၄၀၀၀ သယ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ရခိုင်ရေနံ စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလိုမီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုးမြို့များနှင့် မူဆယ်မြို့များကို ဖြတ်သန်းတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုင်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, September 6, 2013

ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၄၁၄၃ သန်းကျော်အသုံးပြုသွားမည်ဟုဆို

Kyaw-taw
ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်မှ ကျေးရွာချင်းဆက်လမ်းတစ်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ-နိရဉ္စရာ)
အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန လက်အောက်ခံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း ရခိုင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၄၁၄၃ ဒဿမ ၅၀၃ သန်းသုံးစွဲရန် လျာထားကြောင်း သတင်း ရရှိသည်။

၎င်းလျာထားငွေထဲမှ လမ်းတံတား အတွက် ကျပ်သန်းပေါင်း ၃၅၇၉ ဒဿမ ၉၀၃ သန်းကို သုံးစွဲမည် ဖြစ်ပြီး ရေပေးဝေရေး အတွက် ကျပ်သန်းပေါင်း ၂၄၆ သန်း၊ ကျန်းမာရေး အတွက် ကျပ်သန်း ၃၀၊ မီးလင်းရေး အတွက် ကျပ်သန်းပေါင်း ၁၉၄ သန်း၊ အိမ်ယာအတွက် ၈၁ ဒဿမ ၆၀၀ သန်း၊ အလုပ်အကိုင်အတွက် ကျပ် ၁၂ သန်း သုံးစွဲသွားမည်ဟု ဆိုသည်။

ထိုသို့ သုံးစွဲသွားမည်ကို သြဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ MPC ခန်းမတွင် ပြုလုပ်သော နိုင်ငံတော် သမ္မတကြီး၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် NGOs များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် တင်သွင်းသော စာတန်းတွင် ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက် ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၇၅၀၁၅ ဒဿမ ၅၁၃ ထိ သုံးစွဲရန် လျာတား ထားကြောင်း အဆိုပါ စာတန်းတွင် ဖေါ်ပြသည်။

အဆိုပါ ကဏ္ဍ (၆) ခုအတွက် ၂၀၁၃-၂၀၁၄ အတွင်း ကချင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၆၅၄ ဒဿမ ၅၉၈ သန်း၊ ကယားပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၁၄၅ ဒဿမ ၃၃၁သန်း၊ ကရင်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၃၃၇ ဒဿမ ၃၅၂ သန်း၊ ချင်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၅၅၁ ဒဿမ ၆၁၀ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၈၇၈၄ ဒဿမ ၆၉၄ သန်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၆၀ ဒဿမ ၅၂၅ သန်း၊ ပဲခူးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၆၆၆၆ ဒဿမ ၈၅၀ သန်း၊ မကွေးတိုင်း ဒေသကြီးအတွက် ကျပ်သန်းပေါင်း ၃၈၂၂ ဒဿမ ၆၂၇ သန်း၊ မန္တလေးတိုင်း ဒေသကြီး အတွက် ကျပ်သန်းပေါင်း ၃၃၅၀ ဒဿမ ၁၆၂ သန်း၊ မွန်ပြည်နယ် အတွက် ကျပ်သန်းပေါင်း ၃၂၈၅ ဒဿမ ၆၈၆ သန်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွက် ၆၃၈၁ ဒဿမ ၅၁၆ သန်း၊ ရှမ်းပြည်နယ် အတွက် ကျပ်သန်းပေါင်း ၁၇၁၆၉ ဒဿမ ၉၄၃ သန်း၊ ဧရာဝတီ တိုင်း ဒေသကြီးအတွက် ၃၈၆၁ ဒဿမ ၁၁၆ သန်း လျာထားသည်ဟု စာရင်းတွင် ဖေါ်ပြသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ၂၀၁၃ ခုနှစ် သြဂတ်စ်လ ၁၀ ရက်နေ့က တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမူ လျော့ချရေးကို ဗဟာဗျူဟာမြောက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၏ စာတန်းတွင် ဖေါ်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Sunday, August 18, 2013

ပြည်-တောင်ကုတ် လမ်းပိုင်းရှိ ပန်းတောင်း-တောင်ကုတ်လမ်း ဆိုးရွားစွာ ပျက်စီး

J-18-8
ပန်းတောင်း-တောင်ကုတ် လမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ ဆက်သွယ်ထားသော ပြည်-တောင်ကုတ်လမ်းပိုင်းရှိ ရိုးမကို ဖြတ်ကျော်ထားသော ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း (၈၃-မိုင်)သည် ဆိုးရွားစွာ ပျက်စီးနေသောကြောင့် ထိုလမ်းပိုင်းတွင် သွားလာနေကြသော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ အခက်အခဲများကြား မောင်းနှင်နေရကြောင်း သိရသည်။
"ဒီရိုးပေါ်ကလမ်း (ရခိုင်ရိုးမပေါ်မှလမ်း) အရှည်မိုင်က (၈၃) မိုင်ပဲ ရှိတာကို ကျွန်တော်တို့ ယာဉ်ကြီးတွေ မောင်းချိန် ၁၀ နာရီလောက် အချိန်ပေး မောင်းရတယ်။ လမ်းကဆိုးသလောက် တောင်ပြိုတာတွေ လမ်းမြေသားနိမ့်ဆင်းမှုတွေ တွေ့ ကြုံရရင်တော့ လမ်းမှာတစ်ညနှစ်ညလောက် အိပ်ရတာတွေလဲ ရှိတယ်။ ဒီလမ်းကို တာဝန်ယူထားတဲ့လူက လမ်းကြေးပဲကောက်ပြီး လမ်းကိုထိရောက်အောင် မပြုပြင်နိုင်ဘူးလို့ မြင်ပါတယ်" ဟု အဆိုပါလမ်းကို အသုံးပြုပြီး ကုန်တင်ယာဉ်မောင်းနှင်သူ ဦးအောင်မြင့်က ပြောကြားသည်။
"အရင်က ဒီလမ်းမှာ ခရီးသည်တင် ယာဉ်လိုင်းတွေ အများကြီး သွားလာကြတယ်။ နောက်ပိုင်း လမ်းခြေအနေအရ လေအိတ်ကားတွေက ဒီလမ်းက မသွားတော့ဘဲ သံတွဲ-ဂွ-ငသိုင်းချောင်း လမ်းကနေပဲ သွားကြတယ်။ အဓိကကတော့ လမ်းမကောင်းလို့ ကားအသွားအလာ နည်းသွားတာပဲ။ ငပလီကမ်းခြေရှိတော့ ခရီးသွားတွေ အဆင်ပြေစေဖို့ ဒီလမ်းကို အကြီးစားပြုပြင်မှုတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်" ဟု သံတွဲ-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
"ရိုးမပေါ်ကလမ်းတွေ ပျက်စီးရခြင်းက မြေအနေအထားနဲ့ ကျောက်တွေက သက်နုကျောက်တွေ ဖြစ်နေလို့ပါ။ နောက် ဒီဒေသက မိုးများတဲ့ဒေသ ဖြစ်တဲ့အတွက် လမ်းပြုပြင်တဲ့ကိစ္စတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိမယ်လို့ ထင်ပါတယ်။ မိုးတွင်းဆိုတော့ မြေပြိုတာတွေ လမ်းမြေနိမ့်ဆင်းတာတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီလမ်းပိုင်းကို BOT စနစ်နဲ့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ကုမ္ပဏီကလည်း ကားအသွားအလာ နည်းလို့ဆိုပြီး ပြန်အပ်ဖို့ စီစဉ်နေတယ်လို့ ကြားပါတယ်" ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန သံတွဲခရိုင် အင်ဂျင်နီယာမှူး ဦးကျော်ကျော်ထွေးက ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)