Showing posts with label စည်ပင်သာယာ. Show all posts
Showing posts with label စည်ပင်သာယာ. Show all posts

Friday, August 1, 2014

ဈေးခွန်မဆောင်ဟုဆိုကာ မင်းပြားသို့ ခရမ်းသီးသွားရောင်းသည့် အုတ်ဖေါ်ကံရွာသားများကို မြောက်ဦးစည်ပင်က ထိန်းသိမ်းထား

စည်ပင်ရုံးရှေ့တွင် ထော်လာဂျီများနှင့် အတူ မင်းပြားသို့ သွားရောင်းမည့် ခရမ်းသီးထုပ်များကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စည်ပင်ရုံးရှေ့တွင် ထော်လာဂျီများနှင့် အတူ မင်းပြားသို့ သွားရောင်းမည့် ခရမ်းသီးထုပ်များကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဈေးကောင်းရသော မင်းပြားမြို့သို့ ခရမ်းသီးသွားရောင်းသည့် မြောက်ဦးမြို့နယ်၊ အုတ်ဖေါ်ကံ ကျေးရွာသားအချို့အား ဈေးခွန်မဆောင်ဟုဆိုကာ မြောက်ဦးမြို့ စည်ပင်က ယာယီ ထိန်းသိမ်းထားသည်ဟု ကျေးရွာလူကြီးများက နိရဉ္စရာသို့ ပြောကြားသည်။
“ သူတို့က မြောက်ဦးမှာရောင်းတာ မဟုတ်ပါဘူး။ မင်းပြားမြို့မှာရောင်းမယ်ဆိုပြီး ထော်လာဂျီနဲ့ ခရမ်းသီးတွေကို မြောက်ဦးကနေ ယူဆောင်တဲ့အခါ ဈေးခွန်မဆောင်လို့ဆိုပြီး ဈေးခေါင်းနဲ့ မြောက်ဦးစည်ပင်က သူတို့ကို သွားလာခွင့်ကို တားမြစ်ပြီး ယာယီထိန်းသိမ်းထားပါတယ်” ဟု ကျေးရွာလူကြီး တစ်ဦးက ပြောသည်။
ထိုသို့ ထိန်းသိမ်းခံထားရရာတွင် အုတ်ဖေါ်ကံကျေးရွာမှ ဦးစန်းဌေး၊ အောင်နု၊ ဦးသန်းမောင် အပါအ၀င် ရွာသား ၁၅ ဦးခန့် ဖြစ်သည်ဟု ဆိုသည်။
မြောက်ဦးမြို့နယ် စည်ပင်ဦးစီးမှူး ဦးမောင်အေးသိန်းကမူ ထိန်းသိမ်းထားခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဈေးခွန်မဆောင်၍ တားမြစ်ထားခြင်းသာ ဖြစ်ကြောင်း နိရဉ္စရာသို့ ပြောကြားသည်။
“ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာ အစည်းအဝေး လုပ်နေပါတယ်။ ဖမ်းဆီးတာ မဟုတ်ပါဘူး။ အစည်းအဝေး ဆုံးဖြတ်ချက် မထွက်သေးတဲ့အတွက် ခဏစောင့်ပါ” ဟု ဆိုသည်။
mU-(1)
မြောက်ဦးတွင် ရောင်းချခြင်းမဟုတ်ဘဲ မင်းပြားတွင် ရောင်းချရန်သွားသည်ကို ယခုလို ဈေးခွန်ကောက်ရန် စည်ပင် ဥပဒေတွင် ပြဌာန်းထားပါသလားဟု မေးမြန်းရာ စည်ပင်ဦးစီးမှ တစ်စုံတစ်ရာ မပြောဘဲ ဖုံးအား အခြားသူ တစ်ဦး လွဲပြောင်းသွားခဲ့သည်။
နောက်ထပ် တစ်ဦးမှ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာ အချေအတင် ဆွေးနွေးနေကြတဲ့ အတွက် ခဏကြာမှ ဆက်ပါ” ဟု ဆိုကာ ဖုံးချသွားခဲ့သည်။
မြောက်ဦးစည်ပင်နှင့် မြောက်ဦးဈေးခေါင်းသည် လွန်ခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အုတ်ဖေါ်ကံကျေးရွာသားများ မင်းပြားသို့ ခရမ်းသီးသွားရောင်းသည်ကို ဈေးခွန်မဆောင်ဟု ဆိုကာ ဖမ်းဆီးသဖြင့် ရခိုင်အမျိုးသားပါတီမှ ဦးထွန်းလိုင်အပါအ၀င် တာဝန်ရှိသူများက ကြားဝင် ဖျန်ဖြေ၍ နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် နောက်ထပ် တစ်ကြိမ် တားမြစ် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, July 14, 2014

ရေစီးရေလာမကောင်းတဲ့ စစ်တွေက ရေမြောင်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ ရှင်းလင်း တူးဖေါ်မူပြုလုပ်ပြီ

Myanmar-police-volunter-working
စစ်တွေမြို့ ရေမြောင်းများကို ရဲတပ်ဖွဲ့ဝင်များမှ တူးဖေါ် ရှင်းလင်းနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
အမှိုက်များ ပိတ်ဆို့ပြီး ရေစီးရေလာ မကောင်းဘဲ ဖြစ်နေသော စစ်တွေမြို့ရှိ ရေမြောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး  စည်ပင်ဌာနနှင့် မီးသတ်ဝန်ထမ်းများ ပူးပေါင်းကာ တူးဖေါ် ရှင်းလင်းမူများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့ ရှင်းလင်း ဆောင်ရွက်ရာတွင် စစ်တွေမြို့လမ်းမကြီး ဝဲယာတစ်လျှောက်ရှိ ရေနုတ်မြောင်းများနှင့် မြို့တွင်းချောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များကို အဓိက တူးဖော်ရှင်းလင်းနေခြင်း ဖြစ်ကြောင်း စစ်တွေခရိုင် ရဲမှူးကြီး ဦးသစ်ဆန်းက နိရဉ္စရာသို့ ပြောသည်။
Myanmar-police-volunter-working
“လမ်းဘေး ဝဲယာတစ်လျှောက်မှာရှိတဲ့ ရေနုတ်မြောင်းတွေကို ရေစီးရေလာကောင်းအောင် တူးဖေါ်တယ်။  ပလက်ဖောင်းတွေကိုလည်း ရေတွေဝင်နိုင်အောင် ပြန်ဖော်သင့်တာကို ပြန်ဖေါ်တယ်။ ပထမ ကျနော်တို့ လုပ်တာက  စစ်တွေ ဘီလူးမ တံတားရယ်၊ နောက်တစ်ခါ မြို့တွင်းချောင်းတွေမှာ အမှိုက်တွေပိတ်နေတဲ့ ရေမြောင်းတွေကို ကျွန်တော်တို့ လိုက်ဖော်ပြီး ရေစီးရေလာကောင်းအောင်နဲ့ သန့်ရှင်းသပ်ရပ်အောင် ပြုလုပ် နေတာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။
မြင့်မြတ်သော လူမူရေး အသိစိတ်ဓါတ်ဖြင့် စစ်တွေရှိ ရေမြောင်းများကို တူးဖေါ် လုပ်အားပေး ဆောင်ရွက်နေသော အဖွဲ့အစည်းများမှာ နယ်မြေရဲ၊ ရဲတပ်ရင်း၊ စည်ပင်နှင့် မီးသတ်ဌာနတို့ဖြစ်ကြောင်း  ခရိုင်ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။
“  ရဲတပ်ရင်းလည်းပါပါတယ် ခင်ဗျာ။ပြီးတော့ နယ်မြေရဲတွေပါပါတယ်။ရဲတပ်ရင်းက အင်အား (၅၀) နယ်မြေရဲက အင်အား (၅၀) စုစုပေါင်း ရဲ (၁၀၀)လောက်ပါတယ်ပေါ့။ နောက်ပြီး စည်ပင် ပါတယ်။ မီးသတ်ပါတယ်” ဟုပြောသည်။
Myanmar-police-volunter-working
ထို့သို့ ရဲ၊စည်ပင်နှင့် မီးသတ်ဌာနတို့မှ ဝန်ထမ်းများ ရေမြောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်နေကြခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့လမ်းမကြီးမှ ကိုသန်းနိုင်က ယခုလို မှတ်ချက်ပြုသည်။
“သူတို့လုပ်နေတာ တစ်ရက်နှစ်ရက်လောက်ရှိပြီဗျ။ မျက်စိထဲ တော်တော်ထူးထူးဆန်းဖြစ်နေတယ်။ အရင်က ဒီလို လုပ်အားပေးတာမျိုး သိပ်နည်းတယ်။ ခုလို လုပ်ပေးသင့်တာကြာပါပြီ” ဟုပြောသည်။
စစ်တွေမြို့ရှိ လမ်းဘေးရေနုတ်မြောင်းများမှာ အမှိုက်များ ပိတ်ဆို့နေသဖြင့် ခြင်းများ အထူးပေါများပြီး မြောင်းများတွင်လည်း ရေစီးရေလာ မကောင်းသဖြင့် မိုးကြီးသောနေ့ရက်တိုင်းတွင် လမ်းအများအပြားမှာ ရေမြှပ်လေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့ လမ်းအမျာအပြား ရေမြုပ်

ပန်းခြံလမ်းတွင် ယနေ့ ရေမြုပ်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ)
ပန်းခြံလမ်းတွင် ယနေ့ ရေမြုပ်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ)
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယနေ့နံနက်က စပြီး လမ်အများအပြား ရေမြုပ်နေသဖြင့် မြို့နေလူထု အနေဖြင့် သွားလာရေး ခက်ခဲနေကြောင်း သိရသည်။
အထူးသဖြင့် ကျောင်းသွား ကျောင်းပြန် ကလေးငယ်များနှင့် ဆိုင်ကယ်စီး ခရီးသွားများ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။
ယနေ့ နံနက်က မိုးအနည်းငယ် ရွာသွန်းပြီးနောက် ဒီရေတက်ချိန်တွင် စစ်တွေမြို့မှ မြေနိမ့်ပိုင်း ရပ်ကွက် များနှင့် လမ်းများကို ရေများ လျှံတက်လာပြီး ယခုလို ရေမြုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ငပိန်လမ်းတွင် ယနေ့ ရေမြုပ်နေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ)
ငပိန်လမ်းတွင် ယနေ့ ရေမြုပ်နေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ)
ယင်းပြင် စစ်တွေတွင် ရေမြောင်းများမှာ အမိုက်များဖြင့် ပိတ်ဆို့နေပြီး စနစ်တကျ မရှင်းလင်းခြင်းကြောင့်လည်း ရေစီး အကျမရှိဘဲ ရေမြောင်းများမှ ရေများလျှံတက်လာကာ မိုးရွာတိုင်း လမ်းများကို ရေမြုပ်နေသည်ဟု ဆိုသည်။
ယင်းပြင် စစ်တွေမြို့တွင် တည်ဆောက်ထားသော လမ်းများကို အနည်းငယ်မြင့်ပြီး တည်ဆောက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ယခုလို ရေမြုပ်ခြင်းကို ကြုံရမည် ဖြစ်သည်ဟု စစ်တွေ ဒေသခံများက ပြောဆိုသည်။
image-068c212ea004f42caccfe650a3ccb00ea630b373bd982bd2e52cec970f2a1a7e-V
သက်ဆိုင်ရာ စည်ပင်အပါအ၀င် တာဝန်ရှိသူများက ယခု စစ်တွေမြို့တွင် ကြုံတွေ့နေရသော မိုးရွာတိုင်း ရေမြုပ်နေသော ပြသနာကို မဖြေရှင်းပါ ယခုထက် မိုးကြီးပြီး ဒီရေတက်သောနေ့တွင် ပိုမိုရေနစ်မြုပ်နိုင်သည်ဟု ဆိုသည်။
ယခင်က စစ်တွေတွင် ယခုကဲ့သို့ မြို့ထဲလမ်းများထိ ရေလျှံပြီး ရပ်ကွက်များ၊ လမ်းများ ရေမြုပ်ခြင်းမှာ မရှိသလောက် နည်းပါးသည်ဟု စစ်တွေ ဒေသခံများက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, July 4, 2014

မိုးကြီးလျှင် စစ်တွေမှ လမ်းအများအပြား ရေမြုပ်ခြင်းမှာ စည်ပင်နှင့်သက်ဆိုင်သည်ဟုဆို

မိုးကြီးသည်နှင့် ရေမြုပ်နေသော စစ်တွေမှ လမ်းများ (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြီးသည်နှင့် ရေမြုပ်နေသော စစ်တွေမှ လမ်းများ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မိုးကြီးတိုင်း လမ်းအချို့ ရေမြုပ်ခြင်းမှာ စစ်တွေ မြို့နယ် စည်ပင်မှ လမ်းဘေးရှိရေမြောင်းများကို မရှင်းလင်းဘဲ ပစ်ပယ်ထား၍ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
လွန်ခဲ့သောနေ့ကလည်း မိုးစရွာသည်နှင့် လမ်းများမှာ ရေမြုပ်သွားပြီး ခရီးသွားပြည်သူများကို အခက်အခဲ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။
“ မိုးရွာတာနဲ့ လမ်းတွေမှာ ရေပြည့်ပြီး အိမ်တွေကို လျှံဝင်လာတော့တာပါဘဲ။ အခု အဲဒီ ဒုက္ခ တစ်ခုကို ကျနော်တို့လမ်းကလူတွေ နေ့တိုင်း ခံစားနေကြရပါတယ်။ လမ်းသွား လမ်းလာတွေအတွက်လည်း ဒုက္ခပါဘဲ။ အထူးသဖြင့် ဆိုင်ကယ်စီးတဲ့သူတွေက ရေပြည့်နေတဲ့ လမ်းတွေကို ဖြတ်မောင်းရတာ အထူး အန္တရာယ်များပါတယ်။ စစ်တွေကလမ်းတွေမှာ နဂိုကမှ ချိုင့်ခွက်ကြီးတွေနဲ့ဆိုတော့ ဆိုင်ကယ်မောင်းရတာ အထူး သတိထားရပါတယ်” ဟု ငပိန်လမ်းတွင် နေထိုင်သူ တစ်ဦးကဆိုသည်။
မိုးရွာတိုင်း ရေမြုပ်လေ့ရှိနေသာ လမ်းများမှာ ရပ်ကွက်တိုင်းလိုလိုတွင် ဖြစ်ကြောင်း ထိုအထဲတွင် ဦးဥတ္တမလမ်း၊ ငပိန်လမ်း၊ ကုန်သည်လမ်း၊ မင်းဘာကြီးဈေးချေအနီး၊ ဘီလူးမ တံတားအနီးရှိ မိဇံရပ်ကွက်နှင့် စစ်တွေမြို့၏ အဓိက အချက်အချာကနေရာများဖြစ်ကြသော ကျေးပင်ကြီးနှင့် အိုးတန်းရပ်ကွက်မှ လမ်းအချို့ ပါဝင်သည်ဟု သိရသည်။
စစ်တွေမြို့ ရူပရပ်ကွက်တွင် ဆောက်လုပ်သော မြန်မာ့ ရှေ့ဆောင်ဘဏ်နှင့် ရိုးမဘဏ်တို့ကို တည်ဆောက်စဉ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ထွက်လာသော ကျောက်ခဲ အကျိုးအပိုင်းများ၊ သဲ၊ ဘိလပ်မြေအိတ် အပိုင်းအစများမှာ ရေသွားရေလာအဖြစ်အသုံးပြုသော ရေမြောင်းများကို ပိတ်ဆို့နေသည်ဟု ရူပရွာဒေသခံ တစ်ဦးကဆိုသည်။
“ အခုက ရေမြာင်းတွေ အကုန်လုံးပိတ်ဆို့နေတယ်။ ရေစီးရေလာ မရှိတော့ဘူး။ မိုးရွာတာနဲ့ ရေတွေက မြောင်းကနေလျှံတက်လာပြီး နိမ့်နေတဲ့ ရပ်ကွက်တွေကို စီဝင်သွားတော့ မြေနိမ့်ပိုင်းလမ်းတွေ အကုန်လုံးနစ်သွားပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ လမ်းမကြီးတစ်လျှောက် ရေမြောင်းများကို ပိတ်ဆို့နေသော်လည်း မြို့နယ် စည်ပင်က မရှင်းလင်းခြင်းမှာ လမ်းမကြီးကွန်ကရစ်လမ်း ပြုပြင်ခြင်းနှင့် သက်ဆိုင်သည်ဟု ယူဆထင်မြင်ကြောင်း ၎င်းရူပရွာသားက ဆိုသည်။
“ ကျနော့်အမြင် ပြောရရင်တော့ လမ်းမကြီးကို  ကွန်ကရစ်လမ်းခင်းတာကို စည်ပင်က လုပ်ခွင့်မရဘူး။ နယ်စပ်ရေးရာက လုပ်သွားတာ။ အဲဒီအပေါ်မှာ စည်ပင်ကလူတွေက သူတို့ အခွင့်အရေး မရလိုက်တဲ့ အတွက် မကျေနပ်လို့ ခုလို လမ်းမကြီးတလျှောက် ရေမြောင်းတွေကို မရှင်းလင်းဘဲ ဒီအတိုင်း ပစ်ထားတော့ ရေမြောင်းတွေ ပိတ်ဆို့ပြီး ခုလို ရေနစ်ရတာလို့ ထင်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ရေမြောင်းများ ပိတ်ဆို့နေခြင်းမှာ ထိုသို့ ဟုတ်မဟုတ်ကို နိရဉ္စရာက အတည်ပြုနိင်ခြင်း မရှိပါ။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရှု့ခင်းသာလမ်းနှင့် လမ်းမကြီးမှ အပ မြို့တွင်းရှိလမ်းအများအပြားမှာ ပျက်စီးနေပြီး အချို့လမ်းများတွင် ချိုင့်ခွက်ကြီးများ အကွက်လိုက် အကွက်လိုက် ဖြစ်ပေါ်နေသဖြင့် သွားလာရေးကို အထူးအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုအထဲတွင် စစ်တွေမြို့မှ လူသွားလူလာအများဆုံး လမ်းများ ဖြစ်ကြသော မင်းဗာကြီးလမ်းနှင့် ကုန်တန်းလမ်းများ ပါဝင်သည်။ ထိုသို့ လမ်းများ ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေသည့်အပြင် မကြာခဏ ရေမြုပ်နေသဖြင့် စစ်တွေမြို့မှာ အထူးညစ်ပတ်နေပြီး မြို့တော် တစ်ခု၏ အင်္ဂါနှင့် လုံးဝ မညီညွှတ်ဘဲ ဖြစ်နေသည်ဟု ဒေသခံ ပြည်သူများက ပြောဆိုနေကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)