Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, January 29, 2015

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

HIV, AIDS, ဆေးမြီးတို
ဆေးမြှီးတို အယူအဆ ပပျောက်ရေး ART ဆေးဝါး လက်လှမ်းမီဖို့ လိုသည် (ဓာတ်ပုံ – Reuters)
HIV ရောဂါပိုးနှင့် AIDS ရောဂါများကို ဆေးမြီးတိုဖြင့်ကုသ၍ ပျောက်ကင်းနိုင်သည်ဆိုသည့် အယူအဆ အလွဲများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ များထံမှ သိရသည်။ လင်ဇီးဆေးဝါးများ၊ ရေမန်းများ၊ ဘီးစပ်ရွက်နှင့် ရွှေရင်ကျော်ကု ကုသည်၊ ဓာတ်လုံးဖြင့် ကုသည်ဆိုသည့် ကုထုံးများကြောင့် HIV ပိုး ပျောက်ကင်းနိုင်ကြောင်း ယူဆသူများသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများ၌သာမက မြို့ကြီး ပြကြီးများတွင်လည်း ရှိနေဆဲဖြစ်သည်။
“နယ်ကလူတွေ နှုန်းပြည့်နီးပါးက အဲလိုယူဆကြတယ်။ ဘီးစပ်ရွက်ကလည်း ပြဿနာကြီးတယ်။ ဈေးကြီးတဲ့ လင်းဇီးထက် အလွယ်တကူရနိုင်တဲ့ ဘီးစပ်ရွက်က ပိုနှိပ်စက်တယ်။ သူ့ကြောင့် သေသွားတဲ့လူတွေ တော်တော် များပြီ။ ပြီးတော့ ဘယ်ဗိန္ဒောဆရာက ဘယ်လိုစွမ်းတာဆိုပြီး အများစုက အားကိုးရာ မြက်တပင်လို လှမ်းဆွဲကြတယ်” ဟု ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ စေတနာ့အားမာန်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက ပြောသည်။
HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကွန်ရက်များနှင့် နီးစပ်သူများက ထိုယူဆချက်များ မှားယွင်းကြောင်း သိရှိကြသော်လည်း၊ မနီးစပ်သူများက ဆေးမြီးတိုနည်းဖြင့်သာ ကုသပျောက်ကင်းနိုင်ကြောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။
“ကျနော့်သူငယ်ချင်းရဲ့ အမေက HIV ဖြစ်နေတယ်။ သားသမီးတွေက သူ့အမေကို ဆေးကုပေးနေပေမယ့် ဘာရောဂါဖြစ်နေတယ်ဆိုတာ ပြောပြမထားဘူး။ ARV ဆေးကိုတော့ မသိဘူး။ အထက်က ပေးတဲ့ဆေး (ဘိုးတော်ပေးသည့်ဆေး) နဲ့ ကုလို့ ပျောက်သွားတဲ့ လူနာတွေရှိတယ်။ ကျနော့် မိတ်ဆွေအတွက် အဲဒီဆရာဆီကို ဆက်သွယ်ပေးမလို့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတဦးက ပြောသည်။
HIV ကူးစက်ခံထားရသူများ အပါအဝင် တခြားသော ရောဂါများကို ကုသပေးနေသည့် တိုင်းရင်းဆေးခန်း တခုသို့ လာရောက် ကုသခံသူများသည် ၎င်းတို့ပေးသည့် ဆေးကြောင့် အားအင်ပြည့်ကာ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ခြင်းကြောင့် မိမိတို့ ဆေးဝါးကိုအာမခံကြောင်း ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်ရှိ တိုင်းရင်း ဆေးခန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါဆေးခန်းမှ တိုင်းရင်းဆေးဖြင့် ကုသပေးနေသည့် အမျိုးသမီးတဦးက “ကျမတို့ဆေးက တိုင်းရင်း ဆေးဝါးတွေနဲ့ ဖော်စပ်တဲ့ဆေးပဲ။ အားအင် ပြန်ဖြည့်တဲ့ဆေးဖြစ်လို့ အာမခံတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ယခင်က HIV ပိုး ကူးစက်ခံထားရသည့် လူနာ အများစု လာရောက်ကုသခံကြောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ဆေးခန်းမှ ရောင်းချသည့် ဆေးဝါးသည် တလစာအတွက် ကျပ် ၁ သိန်းခွဲခန့် ကုန်ကျသဖြင့် ငွေကြေးမတတ်နိုင်သူများက စွဲမြဲစွာမသောက် သုံးနိုင်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
“ကျမတို့ဆေးသောက်ပြီးတော့ သူတို့ ဆေးပြန် စစ်သလား၊ မစစ်လားတော့မသိဘူး။ သူတို့အားအင် ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာတယ်။ ကျန်းမာပြီး အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်နေကြတယ်လေ” ဟု သူကပြော သည်။
HIV ကူးစက်ခံရပြီးနောက် ဆေးမြီးတိုများဖြင့် ကုသခဲ့ရာမှ နောင်တချိန်တွင် မှန်ကန်သော ကုထုံး ဖြစ်သည့် ART ဆေးဝါးကုထုံးကို ခံယူခဲ့သော်လည်း ဆေးယဉ်ပါးမှုဒဏ်ကို တခြားသူများထက် စောစီးစွာ ခံစားရသည်ကို ကြုံဖူးကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
သူက “ကချင်ပြည်နယ်ဘက်က လင်မယားနှစ်ယောက်နဲ့ ကြုံဖူးတယ်။ ကုန်တင်ကား ၅ စီး ပိုင်တယ်။ သူတို့က အစပိုင်းက လင်ဇီးဆေးတွေသောက် နေတာ။ ကျနော်နဲ့ တွေ့တဲ့အချိန်မှာ ဆေးဝယ်သောက်ရင်း ကား ၂ စီးပဲ ကျန်တော့တယ်။ နောက်ပိုင်းမှာ ကျနော်တို့နဲ့ချိတ်ဆက်ပြီး ARV ရသွားတယ်။ ဒါပေမယ့် ရှေ့ကသုံးထားတဲ့ ဆေးမြီးတိုကြောင့်  ARV ဆေးရဲ့အာနိသင်ကို ပြည့်ပြည့်ဝ၀ မရတော့ဘူး” ဟု ပြောသည်။
ကမ္ဘာပေါ်တွင် HIV ရောဂါပိုးအား အပြီးသတ် ကုသ၍ ပျောက်ကင်းနိုင်သည့်ဆေးဝါး မပေါ်သေးဘဲ ခန္ဓာကိုယ်တွင်း၌ HIV ပိုးများ ပိုမိုမပြန့်ပွားနိုင်အောင် ထိန်းသည့် ကုထုံးတမျိုးတည်းသာ ရှိသေးသည်။ ထိုကုထုံးမှာ ART/ARV ကုထုံးဖြစ်သည်။
ထိုကုထုံးကို သိရှိသူများက ဈေးကွက်အတွင်း၌ တန်ဖိုးကြီးပေးကာ ဝယ်ယူသောက်သုံးလျက်ရှိပြီး အများစုက NGO,INGO နှင့် အစိုးရ၏ အထောက်အပံ့ဖြင့် အခမဲ့ကုသခံယူလျက်ရှိသည်။
“HIVဟာ ဆေးမြီးတိုနဲ့ မပျောက်နိုင်ဘူး။ တချို့ စွဲလမ်းမှု၊ ရိုးရာယုံကြည်မှုတွေတော့ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေကို အသိပညာပေးမှုတွေလုပ်ဖို့” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ National AIDS Program (NAP) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ဒီရောဂါက အရင်လို ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါ မဟုတ်တော့ဘူး။ ဆီးချို၊ သွေးတိုး ရောဂါတွေလိုပဲ တသက်လုံး ဆေးသောက်ရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ဆေးမှန် မှန်သောက်မယ်ဆိုရင် လူတန်းစေ့နေနိုင်ပြီ။ ဖြစ်လာပြီဆိုရင် တတ်သိနားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်သင့်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ များအနက် ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ထိုသို့ ဆေးဝါးလိုအပ်နေသူများအတွက် ဆေးဝါး လက်လှမ်းမီ နိုင်စေရန် ARV စင်တာများ တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်အဆင့် ခုတင် ၁၀ဝ အထက် ဆေးရုံများတွင် ARV စင်တာစုစုပေါင်း ၇၇ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စင်တာငယ် ပေါင်း ၁၀၂ ခုအထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း NAP မှ သိရသည်။
“တိုင်းနဲ့ ပြည်နယ် အားလုံးက မြို့နယ်ပေါင်း ၁၄၀ လောက်မှာ အနည်းဆုံး ARV စင်တာ ၃ ခု လောက် ရှိလာမယ်” ဟု NAP မှ ဒေါက်တာ ထွန်းညွန့်ဦးက ဆက်ပြောသည်။
HIV ကို ဆေးမြီးတိုဖြင့် ကုသ၍ ပျောက်ကင်း နိုင်သည်ဆိုသည့် အယူအဆသည် ARV ဆေးဝါးကို လက်လှမ်းမီ သည့် နေရာဒေသများတွင် လျော့နည်းလာကြောင်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ကြီးများတွင် လှုပ်ရှားလျက်ရှိသည့် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ သိရသည်။
“ကျနော်တို့မြို့မှာ ARV လက်လှမ်းမီလာတော့ အဲဒီလိုအယူအဆတွေ နည်းလာတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကုလို့ ပျောက်တယ်၊ ဗမာဆေးနဲ့ ပျောက်တယ်ဆိုပြီး ကုခဲ့ကြလို့ အသေအပျောက်တွေ တော်တော်များ ခဲ့တယ်” ဟု မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် ရွှေညာမောင်မယ်အဖွဲ့မှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်ရှိန်းက ဧရာဝတီသို့ ပြောသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ စွမ်းအားသစ်အဖွဲ့မှ ဦးမင်းသူကလည်း “ကျနော်တို့ ဆီမှာ ရှိတော့ရှိတယ်။ နည်းတယ်။ နယ်ဘက်တွေက အသိအမြင်နည်းတဲ့ လူတွေလောက်ပဲ ဘုန်းကြီးဆေးနဲ့ ပျောက်တယ်၊ ဗမာဆေးရွက်တွေနဲ့ ပျောက်တယ်ဆိုပြီး သွားကုကြတာရှိတယ်။ တောင်ငူမှာNAP က ဆေးယူရတာ သိပ်အခက်အခဲ မရှိဘူး” ဟု ၎င်းတို့ဒေသ၏ အတွေ့အကြုံကို ရှင်းပြသည်။
ထို့အပြင် မိတ္ထီလာနယ် အနီးတဝိုက်ရှိ မြို့နယ်များသည်လည်း ART ဆေးဝါး လက်လှမ်းမီသဖြင့် ထိုသို့သော အယူအဆများ သိပ်မရှိကြောင်း အဆိုပါ မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့မှ ဒေါက်တာ တင်စိန်က ပြောသည်။
“ကျောက်ဆည်ဘက်မှာ ဆရာဝန်တယောက် ကုပေးလို့ ပျောက်တယ်ဆိုပြီး သွားကုနေကြတာ ရှိတယ်။ စနစ်တကျမဟုတ်ဘဲ အားဆေးသွင်းပေးလိုက်လို့ ခဏကောင်းလာတာ။ ကျနော်တို့ဘက်မှာ ဆေးသောက်ဖို့ မလိုသေးလို့ မပေးသေးတာပဲရှိတယ်။ ဆေးသောက်ဖို့ လိုတဲ့လူတွေအားလုံး  ဆေးရလို့ အဆင်ပြေကြတယ်” ဒေါက်တာတင်စိန်က ဆိုသည်။
ထို့ပြင် ယခင်က ARV ဆေးဝါး လိုအပ်သည့် HIV Positive များအတွက် ဆေးထုတ်ယူရမည့် နေရာကန့်သတ် ချက်၊ ဦးရေကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကန့်သတ်ချက်များကို ပယ်ဖျက် လိုက်ပြီး၊ ARV Centre တိုင်းတွင်း လွတ်လပ်စွာ ဆေးယူနိုင်ရန် စီစဉ်ပေးထားကြောင်း NAP မှ ဒေါက်တာ တင်မောင်ဇော်က ပြောသည်။
“ဘယ်နေရာကလူက ဘယ်ဆေးရုံမှာမှ ယူရ မယ်ဆိုတဲ့စနစ် မရှိတော့ဘူး။ ART နဲ့ပတ်သက်ပြီး လူနာတွေ လက်လှမ်းမမီတော့ဘူးဆိုတာ မရှိတော့ ဘူး” ဟု ၎င်းကဆိုသည်။
သို့သော် ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်တချို့တွင် နေထိုင်သည့်သူ အများစုသည် HIV ပိုးကို ထိန်းချုပ်နိုင်သည့် တခုတည်းသော ART ကုထုံးကို ရရှိပြီးသည့်တိုင်အောင်  ဆေးနှင့်ပတ်သက်သည့် အသိပညာကို ကောင်းစွာ မရရှိသေးသည် လည်းရှိနေကြောင်း ဒေါ်ခင်မာဝင်းက ပြောသည်။
“ART ရအောင် ချိတ်ဆက်ထားပြီးသား လူတချို့ကတောင် ဆေးသောက်ပြီးရင် ကောင်းသွားပြီ ဆိုပြီး၊ ရေမန်း သောက်တယ်။ သက်သာသွားရင် ဆေးကို ထပ်သွားမယူတော့ဘူး။ ကောင်းသွားတာနဲ့ ပျောက်သွားတာကို မကွဲကြဘူး။ ဒီဆေးက တသက်လုံး သောက်ရမယ်ဆိုတာကို လက်မခံချင်ကြတာ” ဟု သူကရှင်းပြသည်။
ကျေးလက်ဒေသများသည် သတင်းစာ၊ ဂျာနယ်များနှင့် HIV/AIDS ဆိုင်ရာ အသိပညာရရှိနိုင်မည့် စာရွက်စာတမ်းများကို လက်လှမ်းမီမှု အားနည်းခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်နှင့် အဖွဲ့အစည်းများသည် ရုပ်သံများကို အသုံးပြုကာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်သင့်ကြောင်း သူကအကြံပြုသည်။
“ART ကုထုံးတခုပဲရှိတယ်ဆိုတာမျိုး၊ တသက်လုံး သောက်ရမယ့် ဆေးဖြစ်တယ်ဆိုတာမျိုး သူတို့ နားလည် လွယ်တဲ့ ရှင်းလင်းတဲ့ စကားလုံးမျိုးတွေနဲ့ ဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်။ မြန်မာ့အသံနဲ့ မြဝတီက လူတွေသိပ်မကြည့်ဘူး။ Sky Net ကတော့ အိမ်တိုင်းမှာရှိတယ်။ အဲဒီမှာ ပညာပေးဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်” ဟု စေတနာ့ အားမာန်အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက အကြံပြုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများအတွက် အစိုးရ ကျန်းမာရေးဌာနများနှင့် ပြည်တွင်းပြည်ပ လူမှုအထောက်အကူပြုနေသည့် အဖွဲ့အစည်းများက ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိရာ လူနာအများစုက အစိုးရထက်၊ NGO များက ပေးသော ဝန်ဆောင်မှုများကို ပို၍ကြိုက်နှစ်သက်ကြောင်း သုတေသန စစ်တမ်းတရပ်က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) နှင့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) တို့ ပူးပေါင်း၍ ၄ လတာ ကာလအတွင်း ကောက်ယူထားသည့် ယင်းစစ်တမ်းကို ယခုလ ၁၉ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ယင်းအချက် ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် တချို့သော အစိုးရဆေးရုံများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံ လိုသည့် သဘောထားများနှင့် အရည်အသွေးနိမ့်သော ဝန်ဆောင်မှုများကြောင့် HIV ပိုး ကူးစက်ခံထားရသူ များသည် ART ဆေးဝါး ဝန်ဆောင်မှုများကို လာယူရန် စိတ်မပါမှုများ ဖြစ်ပေါ်စေကြောင်း ယင်းသုတေသန စစ်တမ်းတွင် ပါဝင်သည်။
“လူတွေက NGO တွေကပေးတဲ့ ဝန်ဆောင်မှု ကို အစိုးရ ကျန်းမာရေးဌာနတွေကပေးတာထက် ပိုကြိုက်ကြ တယ်။ တချို့က အစိုးရဌာနကို ပိုကြိုက်ပေမယ့် ဝန်ထမ်းအင်အားနည်ပါးမှု၊ အချိန်ကြန့်ကြာမှုတွေကြောင့် ဝန်ဆောင်မှု မကောင်းတာမျိုးကို ထောက်ပြတယ်” ဟု ဆေးဝါးသုတေသန ဦးစီးဌာနမှ သုတေသန စာတမ်းရေးသားသူ တဦးဖြစ်သည့် ဒေါက်တာ ခင်စုစုလှိုင်က ရှင်းပြသည်။
ထို့ပြင်  HIV ပိုး ကူးစက်ခံထားရသူများကို နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးနိုင်သည့် နေရာများ၊ အခန်းများ၊ လျှို့ဝှက်ထိန်းသိမ်းပေးခြင်းစနစ်၊ လုံလောက်သောဝန်ထမ်းဦးရေ၊ နည်းပညာကိုကျွမ်းကျင်သော ဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်း စသည့်အချက်များက ယခုထက် တိုးတက်ကောင်းမွန် ရန်လိုအပ်နေ ကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် “မြန်မာပြည်ရှိ ART ဆေး ပေးမှုလုပ်ငန်းတွင် HIV ပိုးရှိသော အုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍ” ဆိုသည့် ခေါင်းစဉ်ဖြင့် သုတေသန စစ်တမ်းတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်တမ်းတွင်HIVပိုးကူးစက်ခံထားရသူများ၊ထိုသူများကို ဆေးဝါးဝန်ဆောင်မှု ပေးနေသည့် ပြည်တွင်း ပြည်ပ လူမှုကူညီထောက်ပံ့ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၀ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) မှ သုတေသနမှူး ဒေါက်တာ ခင်စုစုလှိုင်က ပြောသည်။
သူက ဆက်လက်၍ “NGO တွေမှာလည်း နှစ်သိမ့်ဆွေးနွေးပညာပေးရေး စတဲ့ ပုံစံတွေက ထပ်တလဲလဲ ဖြစ်နေတာမျိုးတွေကို မကြိုက်တာတွေရှိတဲ့အကြောင်း ထောက်ပြကြတယ်” ဟု ပြောသည်။
ထို့ပြင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများအရ သိရသည်။
ထိုကိန်းဂဏန်းအနက် HIVကို ဆေးမြီတိုဖြင့် ပျောက်ကင်းကြောင်း ယုံကြည်နေကြဆဲ လူများအတွက် စိတ်အစွဲကိုချွတ်မည့် နည်းလမ်းကောင်းများကို တာဝန်ရှိသူများက အကောင်အထည်ဖော်ရန်၊ အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Friday, November 14, 2014

UN ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ (အပိုင်း ၂)

ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင် က ''အထွေထွေညီလာခံက ဘာလုပ်နိုင်လဲ။ ဘာမှမလုပ်နိုင် ဘူး။ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းခံထားရတုန်း ကလဲ လွှတ်ပေးဖို့ ညီလာခံကတောင်းဆိုတာ၊ ကြေညာချက် ထုတ်တာ ဒီလောက်ပဲလုပ်နိုင်ခဲ့တယ်''ဟု ပြောသည်။
ထို့အတူ အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်ကို လိုက် နာခြင်း၊ မလိုက်နာခြင်းသည် သက်ဆိုင်ရာအစိုးရပေါ်မှာ သာ မူတည်နေသည်။ နိုင်ငံတစ်ခု၏အရေးကိစ္စကို တခြား နိုင်ငံများက အထွေထွေညီလာခံတွင် တောင်းဆိုမှုပြုလုပ် ခြင်းဖြင့် အစွပ်စွဲခံရသည့်အစိုးရကို သိက္ခာကျအောင် လုပ် ဆောင်ခြင်းဟု ဆိုနိုင်သည်။
လူ့အခွင့်အရေးကျွမ်းကျင်သူ ကိုအောင်မျိုးမင်းက ''အ ထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်အထိ လိုက်နာမှုရှိလဲဆိုတာက သက်ဆိုင်ရာနိုင်ငံအစိုးရတွေအပေါ် မှာပဲမူတည်တယ်။ နိုင်ငံတစ်ခုမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ကိစ္စကို နိုင်ငံတကာက တောင်းဆိုလာတဲ့အချိန်မှာတော့ အ စိုးရသိက္ခာကျသလို နိုင်ငံတစ်ခုလုံးလဲ သိက္ခာကျပါတယ်''။
အချုပ်အခြာအာဏာကို ထိပါးတာလား
****************************
မြန်မာနိုင်ငံသည် ရေမြေသဘာဝအရ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံတို့နှင့် နီးနီးကပ်ကပ် ထိစပ်နေ သည်။ ထို့ကြောင့် ယင်းနိုင်ငံများနှင့် ရှေးပဝေသဏီကာ လမှာပင် ကူးလူးသွားလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယ ဘက်အခြမ်းမှ ကူးလာသူများကို ကုလားလူမျိုးဟူ၍လည်း ကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့လာကြသည့် အင်္ဂလိပ် လူမျိုးများအား ကုလားဖြူဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ ကြသည့် သမိုင်းအထောက်အထားများရှိသည်။ အထူးသ ဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် မိုင်ပေါင်းများ စွာ ထိစပ်နေသဖြင့် ဟိုဘက်အခြမ်းမှ ဒီဘက်အခြမ်းသို့ လယ်ယာ ဝင်ရောက်လုပ်ကိုင်မှုများရှိခဲ့သည်။
ထိုသို့ဘင်္ဂ လားဒေရှ့်မှ ဝင်ရောက်လာသူများကို ဘင်္ဂါလီများဟု ခေါ် ဆိုခဲ့ခြင်းဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်သူ့လွှတ်တော်တွင် တရားဝင် လာရောက်ဖြေကြား ရှင်း လင်းထားပြီးဖြစ်သည်။
၁၉၇၃ ခုနှစ် သန်းခေါင်းစာရင်း မှတ်တမ်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင် တိုင်းရင်း သားမဟုတ်သည့် နိုင်ငံခြားလူမျိုးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီနှင့် နီပေါဟူ၍သာ ဖြည့်စွက်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး စာ ရင်းတွင် ရိုဟင်ဂျာဟူသော လူမျိုးကို ထည့်သွင်းထားခြင်း မရှိပါ။ ထို့ကြောင့် ယခု ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ သုံး နှုန်းနေသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသည့် နိုင်ငံခြား သား ဘင်္ဂါလီလူမျိုးများသာ ဆိုရမည်။ ထိုဘင်္ဂါလီလူမျိုး များကို ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းခေါ်ဆိုကြရန်နှင့် မြန်မာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အရေးဆို တောင်းဆိုလာခြင်းသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ကိစ္စတစ်ခု သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန့်က ရှင်းပြသည်။
သူက ''ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ် သက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိတယ်။ ဒီဥပဒေတွေ ကို ဆန့်ကျင်ပြီး အခုလို အထွေထွေညီလာခံမှာ တင်တယ် ဆိုရင် ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး တာပဲ။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် တွေက သန်းခေါင်စာရင်း မှတ်တမ်းတွေမှာ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံခြားသား လူမျိုးများစာရင်းကို တရားဝင် ထုတ်ပြန်ထားတာ ရှိတယ်။ အဲဒါက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးတွေပေါ့။ အဲဒီမှာ ရိုဟင် ဂျာဆိုတာ လုံးဝမပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့နိုင်ငံ က တရားဝင်သတ်မှတ်ထားတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးထဲ မှာလည်း ရိုဟင်ဂျာဆိုတာ မပါဘူး။ ကချင်လူမျိုးစုက ၁၁ ခု၊ ကယားလူမျိုးစုက ကိုးခု၊ ကရင်လူမျိုးစုက ၁၁ ခု၊ ချင်း လူမျိုးစုက ၅၃ ခု၊ ဗမာလူမျိုးစုက ကိုးခု၊ မွန်လူမျိုးစုက တစ်ခု၊ ရခိုင်လူမျိုးစုက ခုနစ်ခု၊ ရှမ်းလူမျိုးစု ၃၂ ခုဆိုပြီး အသီးသီးရှိပါတယ်။ အဲဒီ ရခိုင်လူမျိုးစုခုနစ်ခုကို ပြန်ကြည့် ရင် (ရခိုင်၊ ကမန်း၊ ခမွီး၊ ဒိုင်းနက်၊ မရနာကြီး၊ မြို၊ သက်)ဆိုပြီး ပါတယ်။ ရိုဟင်ဂျာဆိုတာ လုံးဝမပါဘူး။ ဒီလိုမပါ တဲ့ လူမျိုးကို တရားဝင် နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ EU ကပဲ တောင်းဆိုတောင်းဆို၊ အမေရိကန်ကပဲ ဖိအားပေးပေး၊ UN ကပဲ ဆုံးဖြတ်ချက် ချချ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါး တဲ့ကိစ္စဖြစ်တဲ့အတွက် အတိအလင်း ငြင်းပယ်ရမယ်''ဟု ပြောသည်။
ထိုရခိုင်လူမျိုးစုစာရင်းတွင် ပါဝင်သည့် ကမန်းလူမျိုး များသည် မူဆလင်ဘာသာကို ကိုးကွယ်ကြသူများ ဖြစ် သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် UN ကိုယ်စား လှယ်တော်ကြီးများ ပြောဆိုနေသော မြန်မာနိုင်ငံတွင် ဘာ သာရေးဖိနှိပ်မှု ပြုလုပ်နေသည်ဟူသည့် စွပ်စွဲချက်မှာ သံသ ယဖြစ်စရာ ကောင်းနေသည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ များတွင် မိမိ ယုံကြည် ကိုးကွယ်ရာဘာသာကို လွတ်လပ် စွာ ကိုးကွယ်ခွင့်ပြုကြောင်း အတိအလင်း ပြဋ္ဌာန်းခဲ့သည်။
ယခုကျင့်သုံးနေသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့် ဘာသာဝင်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့မှ စ၍ နိုင်ငံတွင်း ရှိ နေသည့် ကိုးကွယ်ရာဘာသာအဖြစ် သတ်မှတ်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းပါရှိသည်။
ထို့ပြင် ပုဒ်မ ၃၆၃ တွင် လည်း နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟု ရေးသား ထားပြန်ရာ UN အဖွဲ့နှင့် အနောက်နိုင်ငံများ၏ မြန်မာ နိုင်ငံအပေါ် ပြောဆိုဝေဖန်မှုများသည် မျှတသည်ဟု လက် ခံရန် ခက်ခဲလှပါသည်။
ယခုရက်ပိုင်းတွင် ထွက်ရှိလာသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဟားဗတ်အစီရင်ခံစာနှင့် EU Draft Resolution ဆုံးဖြတ်ချက်မူကြမ်းများသည် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် အချိန်ကိုက် ဖြစ်နေသည်မှာ မြန်မာပြည်သူများအတွက် စဉ်းစားစရာကောင်းနေသည်။ ယခင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစားများကဲ့သို့ပင် ယခု အစီရင်ခံစာတွင်လည်း ဘက်လိုက်မှုများ ရှိနေသဖြင့် သက် ဆိုင်ရာ အဖွဲ့အစည်းများကို ကန့်ကွက်ကြောင်း မစိုးရိမ် ဆရာတော် ဦးဝီရသူက မိန့်ကြားခဲ့သည်။
''အနောက်အုပ်စုက သတင်းထုတ်ပြန်တဲ့ အခါမှာ ဘက်လိုက်ပြီး ထုတ်ပြန်မှုတွေ အမြဲလုပ်ခဲ့တယ်။ ကိုယ့် နိုင်ငံသားတွေရဲ့ အရေးကို နိုင်ငံတကာက ဆုံးဖြတ်ခွင့် မရှိဘူး။ အဲဒီအဖွဲ့တွေက မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီ အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်ဆိုရင် အဲဒီဘင်္ဂါလီ တစ် သိန်းလောက်ကို သူတို့နိုင်ငံသို့ ခေါ်သွားသင့်တယ်။ အဲဒီ လိုလုပ်ရဲရင် မြန်မာပြည်သူလူထုက သူတို့ ကုလသမဂ္ဂ အဖွဲ့ကို ကမ္ဘာတည်သရွေ့ ချစ်သွားကြမှာပါ''ဟု မိန့်ကြား ခဲ့သည်။
မည်သို့ပင်ဆိုစေ လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာပြည်အရေး ဆွေးနွေးကြသောအခါ ဘင်္ဂါလီကိစ္စသည် ထိပ်ဆုံးက ပါဝင်လာတော့မည်။ သို့ သော် အထွေထွေညီလာခံသည် ကမ္ဘာ့အရေးအရာများကို မည်မျှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါသနည်း။ ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံအရ အထွေထွေညီလာခံသည် အဖွဲ့ဝင်နိုင်ငံတိုင်း တက်ရောက်ခွင့်ရှိသည့် အစည်းအ ဝေးတစ်ခုဖြစ်ပြီး ကမ္ဘာ့အရေးအခင်းများကို ကိုင်တွယ် ဖြေရှင်းရန် လုံခြုံရေးကောင်စီကဲ့သို့ အခွင့်အာဏာရှိသည့် အဖွဲ့အစည်း တစ်ခုမဟုတ်ပေ။ ထို့ကြောင့် အထွေထွေညီ လာခံသည် အဖွဲ့ဝင်နိုင်ငံတချို့မှ တင်လာသော ဆုံးဖြတ် ချက်မူကြမ်းများကို နိုင်ငံရေးအရ အသံထွက်အောင် ဝိုင်း ဝန်းဟစ်အော်ပေးသော အဖွဲ့အစည်းအဆင့်သာ ရှိသည်။
တရားလွှတ်တော်ရှေ့နေလည်းဖြစ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် ဦးသိန်းညွန့် က ''အခု ဘင်္ဂါလီကိစ္စကို ကုလသမဂ္ဂမှာ တင်သွင်းလာရင် မြန်မာနိုင်ငံကို ဖိအားတစ်ခု ရလာမယ်ဆိုတဲ့ သဘောပဲ ရှိတယ်။ ကုလသမဂ္ဂမှာ Action ယူနိုင်တာက လုံခြုံရေး ကောင်စီအဖွဲ့တစ်ခုပဲ ရှိတယ်။ အထွေထွေညီလာခံက နိုင်ငံ ရေးအရ ဘာညာပြောတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲရှိတာ။ လုံခြုံ ရေးကောင်စီလို အရေးယူဆောင်ရွက်နိုင်တာမှ မဟုတ် တာ။ ပြည်တွင်းမှာ အစ္စလာမ်ဘာသာကို ဖိနှိပ်နေတာတို့၊ လူနည်းစုကို ဖိနှိပ်နေတာတို့စတဲ့ သူတို့လိုချင်တဲ့ နိုင်ငံရေး အသံတွေကို ဖော်ပြနိုင်တဲ့ အဆင့်ပဲရှိပါတယ်။ ဒီအထွေ ထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့အတွက် အ သွားထက်တဲ့ ဓား မဟုတ်ပါဘူး''ဟု ပြောပြသည်။
ကုလသမဂ္ဂမှာရော အာဆီယံအဖွဲ့ကြီးမှာပါ ရိုဟင် ဂျာ Issue ကို ပြောဆိုခဲ့ကြသည်မှာ အချိန်ကာလကြာပြီ ဖြစ်သည်။ အာဆီယံနိုင်ငံတချို့က ရိုဟင်ဂျာအရေးသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်နေသည်ဟူ၍ ပြောဆိုသည်အထိ လေသံပစ်ခဲ့ကြ သည်။ ပြီးခဲ့သောနှစ် ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးစုတို့အကြား ပဋိပက္ခဖြစ် ပွားပြီးချိန်တွင် UN အပါအဝင် လူသားချင်းစာနာမှု ခေါင်း စဉ်ဖြင့် ပြည်ပ INGO များစွာ ရခိုင်ပြည်နယ်တွင် ဝင် ရောက်လာခဲ့ကြသည်။ အမှန်စင်စစ် ရခိုင်ပဋိပက္ခကို စတင် မီးမွှေးသူများထဲတွင် ကုလသမဂ္ဂအဖွဲ့မှ ယင်းဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်နေသူများပါ ပါဝင်ပတ် သက်နေသည်ဟူသော သက်သေအထောက်အထားများ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ပဋိပက္ခနောက်ပိုင်း ဒုက္ခသည် များကို အကူအညီပေးရာတွင် ရခိုင်လူမျိုးများထက် ဘင်္ဂါလီ များကို ပို၍ ဘက်လိုက်ထောက်ပံ့ ကူညီနေသည်ဟူသော အသံများလည်း ဆူဆူညံညံ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားတို့သည် UN အပါအဝင် ပြည်ပ INGO များကို ယုံကြည်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင် က ''လူသားအချင်းချင်းမို့ လူသားချင်း စာနာမှုအကူအညီ များ ပေးအပ်တာကို လက်ခံနိုင်စရာရှိပေမယ့် သူတို့အား လုံးကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ကတော့ မဖြစ် နိုင်ဘူး။ ကျွန်တော်တို့မှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ရှိတယ်။ အဲဒီဥပဒေမှာ ၁၈၂၄ ခုနှစ်မတိုင်ခင် သမိုင်းအ စဉ်အလာအရ တည်တည်တံ့တံ့ ခိုင်ခိုင်မာမာ နေထိုင်ခဲ့ တဲ့လူတွေကိုပဲ နိုင်ငံသား ဖြစ်ခွင့်ပေးရမယ်။ ဒါကို ကိုယ့် သဘောနဲ့ကိုယ် နိုင်ငံသားပေးပါလို့တော့ လာပြောလို့ မရ ဘူး။ ပြီးတော့ တိုင်းရင်းသားဖြစ်ဖို့ ကြိုးစားတာကိုလဲ လက်ခံ လို့မရဘူး။ ဒါကို ကုလသမဂ္ဂမှာ ဘာပဲပြောပြော သူတို့ ဘာသာ သူတို့ ဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်တို့က လုံးဝလက်မခံဘူး''ဟု UN နှင့် EU အဖွဲ့တို့မှ တင်သွင်း သော မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution)ကို လက်မခံနိုင်ကြောင်း ပြတ်ပြတ် သားသား ငြင်းဆိုခဲ့သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

UN ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ (အပိုင်း ၁)


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ကမ္ဘာ့နိုင်ငံများစွာမှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၉ ရက်မှ ၁၃ရက်အထိ မြန်မာနိုင်ငံတွင် ရှိနေကြပေမည်။ အဆို ပါအစည်းအဝေးသည် အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စများအပြင် ကမ္ဘာ့အရေးအခင်း များပါ ထည့်သွင်းဆွေးနွေးကြမည့် ဧရာမအစည်းအဝေး တစ်ခုဟုဆိုပါက မမှားနိုင်ပါ။ 

အဆိုပါ အစည်းအဝေးပွဲကို လက်ခံကျင်းပပေးခြင်းသည် မြန်မာနိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့ အလယ်မှာ မြှင့်တင်ပေးနိုင်သကဲ့သို့ ဒေသတွင်းနိုင်ငံများ ကြားတွင်လည်း မြန်မာက ခေါင်းဆောင်နေရာမှ ဦးဆောင် ခွင့်ရမည့် မဟာအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ယင်းအစည်း အဝေးပွဲကြီး မစတင်ခင်ရက်ပိုင်းအလိုတွင် UN နှင့် EU အဖွဲ့တို့မှ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution) တစ်ခုကို လာမည့် ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် တင်သွင်းရန် အောက်တိုဘာ ၃၁ရက်က ထုတ်ပြန်ခဲ့ပါသည်။ 

ထိုမူကြမ်းတွင် ရခိုင်ပြည်နယ်ထဲကိုရောက် ရှိနေသောဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်နှင့် ဘင်္ဂါ လီအားလုံးကို ရိုဟင်ဂျာဟု တရားဝင် သုံးနှုန်းခွင့်ပေးရန် ဖော် ပြပါရှိသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံက မင်္ဂလာယူနေသော အချိန်အခါသမယတွင် ယင်းမူကြမ်းကို ထုတ်ပြန်လိုက်ခြင်း သည် တိုက်ဆိုင်မှုတစ်ခု(သို့) လုပ်ကြံမှုတစ်ခုဟု တွေးတော မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တော့သည်။ 

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ဘင်္ဂါလီများကို မြန်မာ အစိုးရအနေဖြင့် နိုင်ငံသားပေးရန် ယခုထက်ပိုပြီး ဖိအား ပေးသွားမည့်အကြောင်းကို ပြီးခဲ့သောရက်ပိုင်းတွင် AP သတင်းဌာနသို့ ပြောကြားခဲ့ပြန်သည်။ မစ္စတာနမ်ဘီးယား က ''တန်းတူအခွင့်အရေးကိုအခြေခံပြီး နိုင်ငံသားဖြစ်ခွင့်ကို အပြည့်အဝပေးရမယ်''ဟု ဘင်္ဂါလီများအတွက်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာအစိုးရသည် ဘာသာရေးကိုပစ်မှတ်ထား တိုက်ခိုက်နေသည်ဟူ၍လည်း သူကစွပ်စွဲထားပြီး ယင်းကိစ္စ အတွက် အထူးစိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့ ပြန်သည်။ မစ္စတာနမ်ဘီးယား၏ မှတ်ချက်စကားနှင့်ပတ် သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ကျော် က ''မြန်မာပြည်မှာ ဘာသာရေးကိုပစ်မှတ်ထားပြီး တိုက်ခိုက် မှုတွေ လုံးဝမရှိဘူး''ဟု ပြတ်ပြတ်သားသား ငြင်းချက်ထုတ် ခဲ့သည်။

သို့သော် UN နှင့် EU အဖွဲ့တို့မှ ထုတ်ပြန်ထားသော ဆုံးဖြတ်ချက်မူကြမ်းအရ မြန်မာအစိုးရသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တစ်စုံတစ်ရာဖြေရှင်းရမည့် အခြေ အနေမျိုးဖြစ်နေသည်။ ထိုမျှမက ယင်းညီလာခံသို့ တက် ရောက်မည့် အဖွဲ့ဝင်နိုင်ငံတော်တော်များများကလည်း ဘင်္ဂါ လီကိစ္စတွင် မြန်မာအစိုးရဘက်မှ ရပ်တည်ပေးမည် မဟုတ် ဟု ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပါသည်။ အထူး သဖြင့် အမေရိကန်ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံသည် ရေနံ အလျှံအပယ်ထွက်နေသော အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ များကို မျက်နှာလိုမျက်နှာရဖြစ်စေရန် ဘင်္ဂါလီအရေးကို လူ့ အခွင့်အရေးစံနှုန်းတစ်ခုဖြင့် ပြောဆိုဝေဖန်လာနိုင်ပါသည်။ 
ယခုလောလောလတ်လတ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးသို့ တက် ရောက်လာသည့် သမ္မတအိုဘားမားကို ဘင်္ဂါလီကိစ္စထောက် ပြပြောဆိုစေရန် အမေရိကန် ဟား ဗတ်အစီရင်ခံစာက ဖိ အားပေးတိုက်တွန်းမှုများရှိနေသည်။ အကယ်၍ ယင်းတိုက် တွန်းချက်ကို အိုဘားမားက အာဆီယံအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလာပါက ပြည်တွင်း အမျိုးဘာသာစောင့် ရှောက်ရေး(မဘသ)ဆရာတော်ကြီးများ၏ ကန့်ကွက်ဆန္ဒ ပြမှုကို အသေအချာကြုံတွေ့ရမည်။ 

မဘသဦးဆောင်ဆရာတော်တစ်ပါးက ''မြန်မာသမ္မတ ရဲ့ အမေရိကားခရီးစဉ်မှာ သူတို့အမေရိကန်နိုင်ငံရဲ့ ပြည် တွင်းရေးကို ဘာတစ်ခုမှ ဝင်ရောက်စွက်ဖက်ခဲ့တာမရှိဘူး။ အခုအမေရိကန်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်မှာ ရခိုင်မှာ ရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်တောင်းဆိုလာမယ် ဆိုရင်တော့ မဘသဆရာတော်တွေက သူ့ကိုဆန္ဒပြကန့်ကွက် သွားမှာပဲ''လို့ အတိအလင်းပြောဆိုထားသည်။

ကုလသမဂ္ဂတွင် ဘင်္ဂါလီကိစ္စကို နိုင်ငံတချို့မှ မည်သို့ ပင် ထောက်ခံပြောဆိုလာကြစေကာမူ မြန်မာနိုင်ငံ၏ သမိုင်း အခြေခံနှင့် ပြည်သူတို့၏သဘောထားကို လေးစားလိုက်နာ ရန်လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေး သာအောင်ကဆိုသည်။ ထို့ပြင် အမေရိကန်သမ္မတအိုဘား မားမလာခင်အချိန်လေးတွင် အဆိုပါ EU ၏ Draft resolution ထွက်လာခြင်းသည် ရိုးသားမှုမရှိသော ကြိုတင်ကြံစည် ချက်တစ်ခု သာဖြစ်ကြောင်း သူကဆက်ပြောသည်။

''ဘယ် နိုင်ငံကမှ ဒီကိစ္စကိုဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။ မြန်မာ နိုင်ငံရဲ့သမိုင်းအခြေခံနဲ့ပြည်သူတွေရဲ့သဘောထားကို လေး စားဖို့လိုတယ်။ အခုအိုဘားမား မြန်မာနိုင်ငံလာတဲ့အချိန် လေးမှာပဲ ဒီကြေညာချက်ကထွက်လာတော့ ဒါဟာ ကြိုတင် ကြံစည်မှုပဲ။ အရင်တုန်းက ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံမလာခင်တုန်းကလည်း ဒီလိုပြဿနာတွေကြုံရ ဖူးတယ်။ သူတို့မလာခင်မှာ အဲဒီလိုကြေညာချက်တွေထွက် လာလို့လဲ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာတွေရှိတယ်''ဟု ပြောသည်။ 

ပြည်တွင်းလူ့အခွင့်အရေးဆောင်ရွက်နေသည့် Equality Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင် မျိုးမင်းကတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို အောက် တိုဘာလမှ ဒီဇင်ဘာလလယ်အထိ နှစ်စဉ်ပုံမှန်ကျင်းပလေ့ ရှိသောကြောင့် ယခုအာဆီယံ Summit ကျင်းပချိန်နှင့် တိုက် ဆိုင်နေခြင်းသာဖြစ်ကြောင်း သူ၏အမြင်ကို ရှင်းပြသည်။

''အမှန်က သမ္မတအိုဘားမားလာမယ့်အချိန်နဲ့ အချိန် ကိုက်လုပ်တာမဟုတ်ဘူး။ သမ္မတအိုဘားမား လာမယ့်အချိန် ဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမယ့် အချိန်နဲ့ တိုက်နေတာပါ။ နှစ်တိုင်းနှစ်တိုင်း ကုလသမဂ္ဂအထွေ ထွေညီလာခံကို အောက်တိုဘာလကနေ ဒီဇင်ဘာလလယ် မှာ ကျင်းပနေကျပါ။ အဲဒီကာလအတွင်းမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးရမယ့် အချက်တစ်ချက်ကို ဆွေးနွေး ရတယ်။ ဒါနှစ်တိုင်းလုပ်နေကျ။ အိုဘားမားက အခုအာဆီယံ Summit အတွက်လာတော့ သွားပြီးတိုက်ဆိုင်သလိုဖြစ်သွား တယ်''ဟုဆိုသည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း တွင် မြန်မာနိုင်ငံအကြောင်းစဉ်းစားသည့် တတိယကောင်စီ ၏ Agenda တစ်ခုရှိသည်။ အကယ်၍ နိုင်ငံအတွင်း လူ့အ ခွင့်အရေးချိုးဖောက်မှုရှိပါက ၄င်းအချက်ကို သတ်မှတ်ပြီး ဆွေးနွေးမှုပြုလုပ်ရသည်။ အဆိုပါလုပ်ငန်းစဉ်ကို ၁၉၉၂ ခု နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် နှစ်တိုင်း ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံနှင့် သက်ဆိုင်သော UN General Assembly Resolution ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ် လာပုံအဆင့်ဆင့်ကို ဦးအောင်မျိုးမင်းက ဆက်လက်ရှင်းပြ ခဲ့သည်။ 

သူက ''အဲဒါထွက်ဖို့လုပ်ထုံးလုပ်နည်းဟာ နိုင်ငံတစ်နိုင်ငံ က အဲဒီမူကြမ်းကိုရေးဆွဲမယ်။ နိုင်ငံ ၂ဝကနေပြီး ပဏာမ ထောက်ခံရတယ်။ အဲဒါကို ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးတဲ့နေ့ရောက်ရင် တင် သွင်းခွင့်ရမယ်။ အဲဒီနိုင်ငံအရေအတွက် ထောက်ခံမှုမရှိရင် တင်သွင်းခွင့်မရဘူး။ ဒီမူကြမ်းကို နှစ်တိုင်းနှစ်တိုင်း ရေးလေ့ ရှိတာက ဥရောပသမဂ္ဂ(အီးယူ)ပေါ့။ ဒါက အစဉ်အလာအ တိုင်းပဲ။ ဒါကြောင့် သမ္မတကြီးက အီးယူအကြီးအကဲတွေနဲ့ တွေ့တဲ့အခါမှာ ဒီမူကြမ်းကို မတင်ပါနဲ့လို့ သူ့ဘက်ကတိုက် တွန်းခဲ့တာရှိတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာ Issue တစ်ခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရလုပ်နေတာကို သူတို့ဘက်က သုံးသပ်တဲ့ ယူဆချက် တွေပါမယ်။ ဒီမူကြမ်းကို အီးယူကတင်တဲ့အချိန်မှာ အားလုံး က ထောက်ခံလို့ရှိရင် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဆိုပြီး ထွက်လာမယ်။ ထောက်ခံတယ် မထောက် ခံဘူးဆိုတာကိုတော့ တင်တဲ့နေ့ကျမှသိရမှာပါ'' ဟုဆိုသည်။

ဤနေရာတွင် ဆုံးဖြတ်ချက်မူကြမ်းတွင် မည်သည့်အ ချက်များ ပါဝင်သည်ကို သိရှိရန် လိုအပ်ပါသည်။ သေချာ သည်မှာ ဘင်္ဂါလီတိုင်းကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ပေးရန် သူတို့က တောင်းဆိုလိမ့်မည်ဟု မထင်ကြောင်းနှင့် တောင်းဆိုခဲ့ပါကလည်း ယင်းအချက်သည် လက်တွေ့မကျ သည့်အတွက် ထောက်ခံသော နိုင်ငံများစွာရှိလိမ့်မည်မဟုတ် ကြောင်း ဦးအောင်မျိုးမင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

ယခုကဲ့သို့ မြန်မာပြည်၏ ပြည်တွင်းရေးကိစ္စတစ်ခု သည် ကုလသမဂ္ဂအဆင့်အထိဖြစ်လာသည်ကို ပြည်တွင်းနိုင်ငံ ရေးအင်အားစုများနှင့် ရဟန်းသံဃာများကလည်း လက်မခံ နိုင်ကြောင်း ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသည်။ ဒီမိုကရေစီလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့် နာမည်ကျော် ရွှေညဝါဆရာတော်က ''အစိုးရက ရခိုင်ပြည် နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို ၁၉၈၂နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့် ဥပဒေနဲ့အညီ စိစစ်နေတယ်။ ဒါကို ကုလသမဂ္ဂကအထွေထွေ ညီလာခံမှာ မဲခွဲဆုံးဖြတ်လို့ ထောက်ခံသည်ဖြစ်စေ၊ မထောက် ခံသည်ဖြစ်စေ ဘုန်းကြီးတို့ကတော့ ရခိုင်ပြည်သူတွေရဲ့ သ 
ဘောထား အတိုင်း၊ မြန်မ ပြည်သူတွေရဲ့သဘောထားအတိုင်း အမြဲ ရှေ့က နေရပ်တည်ပေးမယ်။ အနောက်နိုင်ငံတွေက မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ ဘင်္ဂါလီတွေကို လူ့အခွင့် အရေးနဲ့အညီ လွတ်လပ်ခွင့်မပေးဘူးလို့ သူတို့ပြောရင် အဲဒီ လူတွေကို သူတို့နိုင်ငံကိုခေါ်သွားသင့်တယ်လို့ပဲ ပြောရမယ်'' ဟုဆိုသည်။ 

မကြာမီကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီးရိုဟင်ဂျာအရေးခေါင်း စဉ်ဖြင့် ဆွေးနွေးမှု၊ မဲခွဲမှုများပြုလုပ်ခဲ့မည်ဆိုပါက ယင်းအ နေအထားမှာ မြန်မာနိုင်ငံအတွက် ပြောပလောက်သည့် အခြေအနေမျိုးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အထွေထွေ ညီလာခံသည် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြောဆိုဝေဖန်မှု၊ မဲခွဲဆုံးဖြတ်မှုများကို ၁၉၉၁ခုနှစ်လောက် ကတည်းက ပြုလုပ်ခဲ့သော်လည်း စံတင်လောက်သည့် ထိ ရောက်မှုများစွာ မရှိခဲ့ပေ။ 

ဥပမာ-ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က သူမနှင့် နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးရန် အထွေထွေညီလာခံက နှစ်စဉ် တောင်းဆိုခဲ့သော်လည်း အချိန်အတန်ကြာ အောင်မြင်မှု မရသည့် သာဓကများစွာရှိခဲ့ဖူးသည်။ ထို့ကြောင့် ယခု ဘင်္ဂါလီကိစ္စကို အထွေထွေညီလာခံသို့ တင်ပြမည်ဆိုပါက လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုသဘောလောက်သာ ရှိနိုင်ပြီး တခြားအရေးယူမှုတစ်စုံတစ်ရာ မရှိနိုင်ကြောင်း နိုင်ငံရေးအင်အားစုများကဆိုသည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

Wednesday, December 4, 2013

သယံဇာတပဋိပက္ခနဲ့ သဟဇာတပဋိညာဉ်

29-11-13-8
လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာထိပ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာနေရာသို့
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး နိုဝင်ဘာ ၁၄ ရက်က လာရောက်ဖြေရှင်းနေစဉ်
ပြီးတဲ့အပတ်တွေထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရရဲ့ ဆွေးနွေးပွဲသတင်းတွေကို စိတ်ဝင်တစား အင်တာနက်မှာ လိုက်ရှာဖတ်နေတုန်းညနေခင်းနိုင်ငံတကာ တီဗွီသတင်းတစ်ခုမှာ M 23 လက်နက်ကိုင် သူပုန်အဖွဲ့က ကွန်ဂိုအစိုးရကို ငြိမ်းချမ်းရေး ကမ်းလှမ်းပြီဆိုတဲ့ ခေါင်းကြီးသတင်းကို ကြားလိုက်ရတယ်။ တိုက်ဆိုင်တယ်လို့ဆိုရပေမယ့် ကွန်ဂိုနဲ့ မြန်မာဆိုတာက အလှမ်းဝေးလှတဲ့ နိုင်ငံနှစ်ခု။ ဒါပေမဲ့ အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ် တော်တော်များများဟာ၊ လူမျိုးရေးပဋိပက္ခတွေရယ် သယံဇာတ လုပ်ငန်းတွေရယ်ကြားမှာ သွေးအလိမ်းလိမ်း ဖုန်အလိမ်းလိမ်း ရှိနေတတ်တာမို့ မြန်မာပြည်ရဲ့ လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး အကျပ်အတည်းနဲ့ ဆက်စပ်စဉ်းစား ကြည့်နိုင်မလားရယ်လို့ ကွန်ဂိုသတင်းတွေနောက် လိုက်ရှာဖတ်ရင်း တစ်ယောက်တည်း မေးခွန်းထုတ်မိတယ်။ ပဋိပက္ခကြောင့် သယံဇာတ လုပ်ငန်းတွေ အဟန့်အတားဖြစ်တာလား။ သယံဇာတလုပ်ငန်းတွေကြောင့် ပဋိပက္ခတွေ ပိုပြီးပြင်းထန်လာတာလား။ သေချာတာကတော့ အခုနောက်ပိုင်းနှစ်တွေမှာ သယံဇာတနဲ့ ပဋိပက္ခဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို ဖြစ်လာနေတာပဲ။ ငြိမ်းချမ်းရေးဆိုပြီး မကျက်တဲ့အနာတွေကို မန်းမှုတ်ပစ်နေကြရတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်တော့တယ်။
တကယ်ဆိုတော့ ၂၁ ရာစုအရောက်မှာ လူတွေရဲ့ အနေအထိုင် အသုံးအဆောင်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီးမှာ စွမ်းအင်သယံဇာတတွေ ပိုပြီးလိုအပ်လာ။ ဈေးကွက်ကြီးက ပိုပြီးကျယ်ပြန့်ရှုပ်ထွေးလာ ။ နိုင်ငံအစိုးရတွေလည်း ဒီသယံဇာတ၀င်ငွေတွေနဲ့ ပိုပြီးအကျင့်ပျက်လာ။ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးစုတွေကလည်း သူတို့အကျိုးဝေစုအတွက် မြင်တတ် တောင်းတတ် တိုက်တတ်ခိုက်တတ်လာ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ မြေယာသိမ်းမှုတွေနဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ရုန်းကြွလာ။ အဲဒီလိုနဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတာလဲဆိုတဲ့ မေးခွန်းလို၊ အတောမသတ်နိုင် ဖြစ်နေကြရတာဟာ ဒီနေ့ကမ္ဘာရဲ့ ပစ္စက္ခသယံ ဇာတပဋိပက္ခကြီးပဲ ဖြစ်တော့တယ်။
အဲဒီလို ပြည်သူက ဆင်းရဲသလောက် ခေါင်းဆောင်တွေက မတရားကြွယ်ဝလာနေတဲ့ သယံဇာတ ကျိန်စာသင့် နိုင်ငံတွေမှာ ရှိသမျှမြေ လှန်ထုတ်ရောင်းရင်း ပြည်တွင်းစစ်တွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်လာနေကြတော့၊ ဒီသယံဇာတ ပဋိပက္ခဆိုတာတွေကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မဖြစ်မနေ အာရုံစိုက်လာရတော့တယ်။ ကမ္ဘာ့ဈေးကွက်ထဲကို လမ်းကြောင်းအမျိုးမျိုးကနေ ၀င်ရောက်လာမယ့် အဲဒီသယံဇာတတွေကို Conflict Mineral လို့ ပုဒ်မတပ်ပြီး ဥပဒေတွေနဲ့ ပိတ်ပင် ကြည့်ကြတယ်။ ဥပမာ အမေရိကန် အထက်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ မြန်မာပြည်နဲ့ ပတ်သက်နေတဲ့ Burmese Jade Act ဆိုတာ ရှိခဲ့တယ်။ အခုလည်း သက်တမ်းထပ်တိုးထားဆဲပဲ။ အာဖရိကတိုက်က ထွက်တဲ့ စိန်တွေကို Blood Diamonds ဆိုပြီး ရှောင်ကြဉ်ဖို့ လှုံ့ဆော်မှုတွေ လုပ်ကြတယ်။ ကွန်ဂိုမှာဆိုရင်လည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့နိုင်ငံရဲ့ အရှေ့ဖျားဒေသကလာတဲ့ T3 (Tin,Tungstun,Tantalum) လို့ခေါ်တဲ့ သတ္တုတွေကို အီလက်ထရွန်နစ် ပစ္စည်းထုတ်တဲ့ လုပ်ငန်ကြီးတွေက မရှိမဖြစ် အသုံးပြုနေရသည်မို့ အမေရိကန်နိုင်ငံမှာ ဥပဒေပြုပြီး တင်းကျပ်စိစစ် နေရပါတယ်။
ဒါ့အပြင် အခုမြန်မာပြည်မှာ စိတ်ဝင်စားလာကြတဲ့ Extractive Industries Transparency Initiative (EITI) လို အဖွဲ့ကြီးတွေနဲ့ တည့်မတ်ဖို့တီထွင်ကြံဆလာကြတယ်။ အဖွဲ့ဝင်အဖြစ် မှတ်ကျောက်တင်ခံနိုင်ရင် ကမ္ဘာက လေးစားမယ်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည်က အခုမှ EITI အဖွဲ့ဝင်ဖြစ်ဖို့ သိမ်းသွင်းတုန်း ပြင်ဆင်ကြိုးစားတုန်း အချိန်မှာ၊ ကွန်ဂိုနိုင်ငံကတော့ ၂၀၁၃ နှစ် ဆန်းပိုင်းတုန်းကမှ ရခဲ့တဲ့ တင်းပြည့်အဖွဲ့ဝင် အဖြစ်ကနေတောင် ယာယီရပ်စဲခံထားရပြီလို့ ဆိုတယ်။
အခု ကွန်ဂိုမှာ သူပုန်တွေက လက်နက်ချပြီး အလံဖြူ ပြထားတယ်ဆိုပေမယ့် ငြိမ်းချမ်းရေး အလားအလာက မသေချာမှုတွေ များနေပြန်တယ်။ ကွန်ဂို အမျိုးသားတပ်မတော်က သူ့ထဲကနေ ခွဲထွက်ပုန်ကန်သွားတဲ့ တွတ်စီသူပုန်တွေကို ပြန်ပေါင်းစည်းဖို့ လက်မခံနိုင်သလို နိုင်ငံရေး စားပွဲဝိုင်းပေါ်လည်း မခေါ်နိုင်ဘူးဟု ငြင်းဆိုတယ်။ လူမျိုးရေးမကျေနပ်မှုတွေ ရှိခဲ့တဲ့ အဲဒီ M23 သူပုန်အဖွဲ့ဟာ ခဲတွေရွှေတွေထွက်တဲ့ ကီဗူဒေသကို နှစ်နှစ်လောက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဒေသခံလူထုတွေလည်း အတော့်ကို ဒုက္ခရောက်ကြ သေကြကျေကြတယ်။ အခု ကုလသမဂ္ဂတပ်တွေရဲ့ အကူအညီနဲ့ ကွန်ဂိုအစိုးရစစ်တပ်က တိုက်ထုတ်လိုက်နိုင်တော့မှ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံထဲ ပြေးဝင် လက်နက်ချ ငြိမ်းချမ်းရေးစကားဆိုခြင်း ဖြစ်တယ်။
ကွန်ဂိုရဲ့ ပဋိပက္ခက ဘယ်လောက်ထိ ကျယ်ပြန့်သက်ရောက်မှု ရှိသလဲတော့မသိ။ ကုလသမဂ္ဂ တပ်အင်အားအများဆုံး ချထားတဲ့ နိုင်ငံဖြစ်ပြီး အခွန်ထမ်းငွေတွေ တစ်နှစ်ကို တစ်ဘီလျံကျော်လောက် သုံးစွဲကုန်ကျတယ်လို့ တွက်ချက်ကြတယ်။ ကွန်ဂိုပဋိပက္ခထဲကို နောက်ထပ် ၀င်လာသူတွေကတော့ အာဖရိကတိုက်ကို အင်အားချဲ့ထွင် စွမ်းအင်အရှာထွက်လာတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးတွေ။ အာဖရိကတိုက်ကြီးမှာ အနောက်အုပ်စုတွေက ငှက်ဖျားတွေ AIDS တွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဗြုန်းဆို ဆိုးဆိုးဆတ်ဆတ် တရုတ်တွေဝင်ချလာပြီး လမ်းတွေခင်း တံတားတွေဆောက် သတ္တုတွေတူးထုတ်တော့မှ အားလုံးမျက်လုံးပြူးကုန်ကြတယ်။ အထူးသဖြင့် တရုတ်ရဲ့ အင်အားဖြန့်ရာ ထက်ကြပ်မကွာ အင်အားလိုက်မျှနေရတဲ့ အမေရိကန်တွေပဲ။ အမေရိကန်ပိုင် အီလက်ထရွန်နစ် ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားမျှဖို့ အကြောင်းတွေလည်း ရှိချင်ရှိမည်ပေါ့။ ဘာပဲဖြစ်ဖြစ် ကွန်ဂိုပြည်တွင်းစစ်ကို ရပ်တန့်ဖို့ အကြောင်းတွေတော့ ရှိလာနေပြီ။
ကွန်ဂိုအကြောင်း အရင်စဉ်းစားလိုက်မိတော့ မြန်မာပြည်အကြောင်းရေးဖို့တောင် အထွေအထူး မရှိတော့သလို ဖြစ်သွားတယ်။ နိုင်ငံချင်း၊ လူမျိုးချင်း ဝေးကွာလှတယ် ဆိုပေမယ့် ပဋိပက္ခကျောရိုး ဖြစ်စဉ်တွေက ဒါတွေပဲ မဟုတ်လား။ ထူးခြားတာက မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့ဆိုတာ တစ်ခုနှစ်ခု မကသလို သယံဇာတတွေ ထုတ်ယူသုံးစွဲနိုင်တဲ့ အလားအလာတွေကလည်း ဟိုတစ်ကွက် ဒီတစ်ကွက်လောက်မဟုတ်။ မြန်မာပြည်ကြီးကို ပထ၀ီနိုင်ငံရေးအရ မြင်းခွာပုံဝိုင်းရံ ကာကွယ်ပေးနေတဲ့ တိုင်းရင်းသားဒေသ တောင်တန်းကြီးတွေမှာ သယံဇာတတွေ ရှိနေကြသလို သမုဒ္ဒရာရေကြောင်းလမ်းတွေကို ဖြန့်ကြက်သွယ်တန်းပေးနေတဲ့ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်မှာလည်း ရေနံသဘာဝဓာတ်ငွေ့တွေ အလျှံအပယ် ထွက်ရှိနေလေတော့ ပထ၀ီနိုင်ငံရေးတင်မက ပထ၀ီစီးပွားရေးလို့တောင် ပြောရမလောက်ပင်။ ပိုပြီးထူးခြားတာက မြန်မာပြည်တွင်းစစ်ရဲ့ သက်တမ်းက ရာစုနှစ် တစ်ဝက်ကျော်အောင် ကြာမြင့်ခဲ့ပြီ။ ပြည်တွင်းစစ်ကို သမိုင်းလက်ဆင့်ကမ်းခဲ့ကြရင်း ပထမမျိုးဆက်ဖြစ်တဲ့ ဒေါင်ဒေါင်မြည် တော်လှန်ရေးသမားကြီးတွေပင် သိပ်မကျန်တော့။ အမျိုးသားအရေးထက် အကျိုးစီးပွားအရေးကို အာရုံကျလာကြရင်း တော်လှန်ရေးရဲ့ သန္ဓေကလည်း ရွေ့လျောသားပျက်ချင်သလို ဖြစ်နေတယ်။ ပြောရရင် အဓိကလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေရဲ့ အနေအထားက ဥသျှစ်သီးကြီး တစ်လုံးလို ရင့်မှည့်ကွဲအက်နေပြီ။
ပြောခဲ့သလို ကမ္ဘာ့ဈေးကွက်ကြီးရဲ့ သယံဇာတသတ္တုစွမ်းအင် လိုအပ်မှု ကြီးမားလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ထိုးဖောက်မှု ဈေးကွက်ထိုးဖောက်မူတွေကို အနောက်အုပ်စုက စိုးရိမ်လာတယ်။ မြန်မာပြည်ကို အရွေ့တစ်ခုတော့ ရွေ့စေချင်ပြီ။ ကဲ-အခုမြန်မာပြည်ကြီးရွေ့ပြီ။ တံခါးဖွင့်ပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီ။ ဒီမိုကရေစီ ပေးပြီဆိုတော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ သူတွေအားလုံး အလိုက်သင့် လိုက်ရွေ့ရပေတော့မယ်။ နိုင်ငံပြင်ပမှာ အခြေချနေခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေတောင် အခုအချိန်မှာ မြန်မာပြည်ထဲကိုပဲ အလုအယက် ပြန်ဝင်ပြီးနေရာရှာ မဟာမိတ် ပြုနေကြရပြီဆိုတော့ မြန်မာ့နိုင်ငံရေးမှာ သိပ်ကိုအရေးပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း ၂၀၁၅ အမီ အရွေ့တစ်ခုတော့ ရွေ့ရတော့မယ်။
အခုဖြစ်နေကြတာက ဘယ်လိုရွေ့မလဲဆိုတဲ့ ပြဿနာ။ ငြိမ်းချမ်းရေး မရ၊ ရအောင်ယူ ရှေ့ဆုံးက လက်မှတ်ထိုးပြီး လွှတ်တော်နိုင်ငံရေးထဲ ၀င်ထိုင်ကြမလား ။ အစိုးရက ဖဲ့ရွဲ့ပေးနေတဲ့ စီးပွားရေးလုပ်ခွင့်တွေနဲ့ ကုမ္ပဏီထောင်ကြမလား။ ဂုဏ်ပြုချီးမြှင့်ကြေးလေးတွေနဲ့ အေးအေးလူလူ နယ်ပြန်ပြီး ခြံစိုက်စားကြမလား။ ၉၀ ပြည့်လွန် ကာလတွေက ၀၊ ပအို့ဝ်နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေကို ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်တပ်ပြီး ရန်ကုန်မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် စီးပွားရေးလုပ်ငန်းကြီးတွေ ပေးလုပ်ခဲ့ဖူးသည်ပင်။ ကနေ့လွှတ်တော်ထဲမှာတောင် အဲဒီတုန်းက ငြိမ်းချမ်းရေး အဆက်အနွှယ်တချို့ နေရာကောင်းတွေ့ရနှင့် နေပြီးကြပြီ။ ခက်တာက တစ်သက်လုံး စစ်ပဲတိုက်လာခဲ့ပြီး ထောင်နဲ့သောင်းနဲ့ချီရှိနေတဲ့ အောက်ခြေက လူတွေကို ဘယ်လိုစီစဉ်မလဲ။ ဒီလိုပဲ တပ်ပျက်တောပြန် တောင်ယာလုပ်စားကြရုံပဲလား။ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ အပစ်ရပ်တပ် နာမည်အမျိုးမျိုးတပ်ပြီး မဟာဗျူဟာကျကျ ဆက်မွေးမြူထားမည်လား။ အခု တောင်းဆိုနေသလို ဖက်ဒရယ်တပ်မတော်ဆိုပြီး ပိုနေမြဲကျားနေမြဲဆက်ပြီး လက်နက်ပေးကိုင်ထားမလား။ မူလမြန်မာ့တပ်မတော်ကြီးကပင် အဆမတန် အင်အားချဲ့ထွင်ပြီးသား အခြေအနေမှာ တိုင်းရင်းသားတပ်မတော်တွေပါ တရားဝင် ဖြစ်လာမယ်ဆိုတဲ့ကိစ္စက အင်အားအာဏာမျှချေ ဖြစ်လာနိုင်မှာမို့ ကြိုဆိုရမယ့် အနေအထားလား။ စစ်အသုံးစရိတ်တွေ ပိုများလာပြီး စစ်အာဏာရှင်စနစ် ပယ်ဖျက်ပစ်ဖို့ ကမ်းဝေးနေရဦးမယ့် ခရီးလား။
ဆက်လက်ဖော်ပြပါမည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, October 23, 2013

မာယာထောင်ချောက်

D-23-10
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်
မာယာထောင်ချောက်ဆိုတာ ရှေုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ပါ။ ယခု တိုက်ဆိုင်နေလို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်။ ယခုတလော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတခွင် စသည်မှာ ဗုံးတွေဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပါတယ်။ ဒီကိစ္စနဲ့စပ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "ဒါတွေဟာ ထောင်ချောက်တွေပဲ" လို့ မှတ်ချက်ပေးပါတယ်။ ဒေါ်စုလွှတ်တော်ထဲကို ၀င်မယ်ဆိုတော့ တချို့ဆရာကြီးတွေက သဘောမတူကြဘူး။ ဒေါ်စုရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ လွှတ်တော်ထဲမှာ အလေအလွင့် ဖြစ်ကုန်မှာကို စိုးကြတယ်။ ဒေါ်စုအတွက် လွှတ်တော်ဆို တာ ...။
မာယာထောင်ချောက် ဆိုတဲ့အတိုင်း ထောင်ချောက်တွေဟာ မာယာတွေပါ။ သူတို့ ဘာကိုလှည့်စား ချင်တာလဲ။ ပြည်သူကတော့ နောကျေနေပါပြီ။ မြန်မာနိုင်ငံရဲ့ အရွေ့ဟာ ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ ထောင်ချောက်တွေကလည်း ပေါမှပေါ။ များမှများပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မကြာမီ ရခိုင်ပြဿနာ ပေါ်လာတယ်။ တကယ့်ထောင်ချောက်ပါ။ တိုင်းပြည်အတွက်လည်း ထောင်ချောက်ပါ။ ဒီမိုကရေစီ အရေးတွက်လည်း ထောင်ချောက်ပါ။ လူထုခေါင်းဆောင်လည်း အလိုလိုနေရင်း ဒီထောင်ချောက်က မလွတ်ရှာပါဘူး။ နောက်လက်ပံတောင်းတောင် ထောင်ချောက်။ ဒီထောင်ချောက်မှာတော့ လူထုခေါင်းဆောင်ဟာ တည့်တည့်ကြီးကို တိုးတော့တာပ။ ရခိုင်၊ လက်ပံတောင်းတောင် ထောင်ချောက်နှစ်ခုနဲ့တင် လူထုခေါင်းဆောင်မှာ ဂုဏ်သိက္ခာတွေ အတော်ပွန်းပဲ့ သွားရပါတယ်။
အဲဒီနောက် မသင်္ကာဖွယ်ရာ တစ်ခုခု မြစ်ဖျားခံထားတဲ့ အထူးအဆန်း ဂိုဏ်းဂဏတွေ၊ လူမျိုးရေး ဘာသာရေး လှုပ်ရှားမှု ထောင်ချောက်တွေ ပေါ်လာပြန်တယ်။ (တကယ်လို့ ၂၀၁၅ မှသာ အမျိုးသားရေး၊ ဘာသာရေး အခြေပြု ပါတီအသစ် တစ်ခုခု ပေါ်လာမယ်ဆိုရင် ဆိုခဲ့ပါ လူမျိုးရေး၊ ဘာသာရေး လှုပ်ရှားမှုတွေဟာ အဲဒီပါတီရဲ့ လက်ချက်တွေဆိုတာ အသေအချာပါ။) လူ့အခွင့်အရေးကို အမျိုးသားရေး ထောင်ချောက်နဲ့ ထိပ်တိုက်တွေ့ပေး လိုက်တဲ့အခါ လူ့အခွင့်အရေး သမားတွေမှာ ထောင်ချောက်ထဲကို ရောက်ရပြန်ပါတယ်။ မြန်မာနိုင်ငံ အကူးအပြောင်း ကာလမှာ ထောင်ချောက်တွေက များမှများဆိုတာ လူ့အခွင့်အရေးသမားတွေ အထူးသတိမူကြဖို့ပါ။ နောက်ကွယ်က လက်မည်းကြီး ရှိနေတယ် ဆိုတာကို အစိုးရကိုယ်တိုင်က လက်ခံထားပါတယ်။ အဲဒီ လက်မည်းကြီးဟာ ကြိုးကိုလည်း ကိုင်မှာပဲ။ ဗုံးကိုလည်း ကိုင်မှာပဲ။ ထောင်ချောက်ဟူသမျှ အားလုံးကိုင်မှာပဲ။ ကြည့်လိုက်တော့ သူတို့ကိုယ်တိုင်က အကြောက်တရားဆိုတဲ့ ထောင်ချောက်ထဲမှာ ကျရောက်နေပါတယ်။ တိုင်းပြည်တစ်ခု ထူထောင်ရာမှာ ထောင်ချောက်လေးမျိုးထဲ ကျရောက်တတ်ကြောင်း ဂျူးရဲ့အောက်ခြေသန်းတစ်ထောင်မှာ ဖတ်ရပါတယ်။
(၁) ပြည်တွင်းစစ် ထောင်ချက်
(၂) သယံဇာတ ထောင်ချက်
(၃) အိမ်နီးနားချင်းနိုင်ငံ ထောင်ချောက်
(၄) အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ထောင်ချောက်။
ထောင်ချောက်လေးမျိုးပါ။ မိမိတို့ မြန်မာနိုင်ငံ လက်ရှိအဖြစ်အပျက်နဲ့တော့ ကွက်တိပါပဲ။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးနဲ့အတူ ဖွားဘက်တော် ပြည်တွင်းစစ် ပါလာတယ်။ ပထမတော့ ၀ါဒရေး၊ နောက်တော့ တိုင်းရင်းသားရေး၊ ၀ါဒရေးကတော့ ခေါင်းဆောင်လုပ်သူတွေ တယူသန်မှု၊ ခေါင်းမာမှုတွေကြောင့်ပါ။ အင်္ဂလိပ်က ဘယ်လိုပဲ သွေးခွဲပါတယ်ပြောပြော ကိုယ့်အချင်းချင်းတွေ ပြေလည်အောင် ညှိကြရမှာပေါ့။ အလျှော့အတင်း ရှိကြရမှာပေါ့။ လူမှုရေးဗေဒမှာ အလျှော့အတင်းဆိုတာ အဓိက ဘာသာရပ်ပါ။ လူအချင်းအချင်းကြား အဖွဲ့အစည်းတိုင်းမှာ အလျှော့အတင်းဆိုတာ ရှိကြရမှာပါ။ သဘောထားကြီးမှု၊ အပေးအယူမျှမှု၊ သည်းခံခွင့်လွှတ်မှု၊ ခံစားနားလည်မှုဆိုတာ ရှိကြရမှာပါ။
ထိုင်မျှော်နေလို့ မရပါ။ ထိုင်စောင့်နေလို့ မရပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ ပြည်သူက မိမိတို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာသားပါပါ ပြောင်းလဲရယူ ကြရမှာ။ ဆိုခဲ့တဲ့ ထောင်ချောက်တွေက ရုန်းထွက်ကြဖို့ လုယူခံခဲ့ရတဲ့ အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ဆက်လက်ရုန်းကန် ကြရဦးမှာပါ . . . . .
တိုင်းရင်းသား အရေးကတော့ ခုထက်ထိ မပြီးမစီးနိုင်ပါပဲ။ အခြေခံကတော့ တရားမမျှတမှုပါ။ တိုင်းရင်းသားတို့ရဲ့ ခံစားချက်ကို နားလည်ပေးပါ။ သူတို့လိုချင်တာ ဘာလဲ။ သူတို့တောင်းဆိုနေတာ ဘာလဲ။ သူတို့က မတရားတာလား။ ကိုယ်က မတရားတာလား။ မတရားမှု တစ်ခုခုတော့ ရှိနေလို့ပဲ။ အဲဒီမတရားမှုကို တရားမျှတမှုနဲ့ အစားထိုးလိုက်ရင် ပြည်သူတစ်ရပ်လုံး လိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာမှာပါ။ သူတို့လိုချင်တာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဆိုတာ မျှတမှုပါပဲ။ အာဏာခွဲဝေမှု၊ သယံဇာတ ရင်းမြစ်ခွဲဝေမှု၊ ဘဏ္ဍာငွေ ခွဲဝေမှု စတဲ့မျှမျှတတရှိဖို့ လိုအပ်တာ မှန်သမျှ တရားမျှတစွာ မျှမျှတတ လုပ်ပေးမှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အမျိုးသားရေး ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။ အခုတော့ စစ်အစိုးရ အဆက်ဆက် တိုင်းရင်းသားတို့အရေး ထည့်မတွေး၊ ပေးသင့်တာကို မပေး၊ အာဏာကို အလွဲသုံးစား ပြုခဲ့တဲ့ အခါကျတော့ တိုင်းပြည်က ချောက်ထဲရောက်၊ တိုင်းရင်းသားတွေက ဒုက္ခသည်တွေဖြစ်၊ ပြည်တွင်းစစ် ထောင်ချောက်ဆိုတာထက် စစ်အာဏာရှင် ထောင်ချောက်ထဲကို တိုင်းပြည်က ရောက်ခဲ့ရတာပါ။
သယံဇာတကို ကျိန်စာလို့ အသုံးများ ကြတယ်။ ကျိန်စာဆိုရင်လည်း မြန်မာနိုင်ငံဟာ သယံဇာတကျိန်စာ သင့်ခဲတာပါ။ ဒီနေရာတော့ သယံဇာတကို ထောင်ချောက်လို့ သုံးတယ်။ သယံဇာတကြောင့် အာဏာရှင်တွေ ပေါ်တတ်တယ်။ အာဖရိက၊ အာရပ်နိုင်ငံတွေကို ကြည့်ပါ။ မိမိတို့နိုင်ငံ ကြည့်ပါ။ ကျွန်းသစ်စတဲ့ သယံဇာတကြောင့် အင်္ဂလိပ် ကျွန်ပြုတာကို ခံခဲ့ရတယ်။ သယံဇာတကြောင့် စစ်အာဏာရှင် သက်တမ်းရှည်ခဲ့တယ်။ သယံဇာတဟာ လက်တွေ့မှာ တိုင်းပြည်ကို သုခမပေးဘဲ ဒုက္ခပေးသလို ဖြစ်ခဲ့ရတယ်။ စစ်အာဏာရှင်နဲ့ ခရိုနီလူ တစ်စုကိုသာ အသက်သွင်းပေးခဲ့တယ်။ ဒါ့ကြောင့် သယံဇာတဟာ ကျိန်စာလည်း ဟုတ်၊ ထောင်ချောက်လည်း ဟုတ်တယ်။
အိမ်နီးနားချင်းနိုင်ငံ ထောင်ချောက်ဆိုတာ မိမိတို့အတွက် တကယ်ပါပဲ။ သူတို့ကြောင့် စစ်အာဏာရှင်စနစ် သက်တမ်းရှည်ကြာခဲ့တယ်။ တိုင်းပြည်တွင်းက သယံဇာတ ဟူသမျှကိုလည်း လက်ကုန်နှိုက်ရသလောက် ခြစ်ခြုတ်ယူခဲ့ကြတယ်။ ခုလည်း ယူနေဆဲပဲ။ မိမိတို့ တိုင်းပြည်ကို သူတို့တိုင်းပြည်နယ် တစ်ခုလောက်သာ သဘောထားကြတယ်လို့ ပညာရှင်တို့က ဆိုကြတယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ တစာစာ ဟစ်ကြွေးနေကြပေမယ့် မြန်မာနိုင်ငံအပေါ် သူတို့စီးပွားရေး ကိုလိုနီပြုမှုကိုကြည့်ရင် မိမိတို့ အချုပ်အခြာ အာဏာဆိုတာက သံသယဖြစ်ဖွယ် ရှိနေတယ်။ စစ်အာဏာရှင်တို့အတွက် သူတို့ဟာ ကျေးဇူးရှင်ကြီးတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တိုင်းပြည်အတွက်ကတော့ သူတို့ဟာ တကယ့်ထောင်ချောက် တစ်ခုပါပဲ။
အများစုက စာမဖတ်ဘူး။ ဗဟုသုတ မလိုက်စားဘူး။ ဒါ့ကြောင့် အဖြူအမည်း သိပ်မသဲကွဲဘူး ဖြစ်နေကြတယ်။ တကယ်တမ်း တိုင်းပြည်တစ်ခုလုံး ခြုံဒုက္ခပေးခဲ့တာက ပေးနေတာက အဖြူပဲ။ အမည်းက အန္တရာယ်ရှိတာ မှန်တယ်။ ဒါပေမဲ့ လက်တွေ့မှာ အဖြူပေးတဲ့ ဒုက္ခက ပိုများတယ်။ တိုင်းပြည်ကို တကယ်ဝါးမျိုထားတာက အဖြူပဲ။ ဒါပေမဲ့ အမျိုးသားရေး၊ ဘာသာရေး မှိုင်းမိထားတဲ့ အစွန်းရောက် လူတစ်စု မည်းမည်းမြင်တိုင်း ရန်လိုနေမှု မဟာအဖြူက သူ့အပေါ် ကျရောက်လာမယ့် ရန်လိုမှုကို အမည်းပေါ် ပုံချထားတာရော မဖြစ်နိုင်ဘူးလား။ နောက်ကွယ်က လက်မည်းကြီးဆိုတဲ့ထဲမှာ သူတို့လည်း သံသယ စက်ကွင်းမှာ ရှိတယ်။
စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ထောင်ချောက်ဆိုတာလည်း ဘယ်လိုမှ မလွဲနိုင်အောင်ပါပဲ။ လူရဲ့ အရည်ချင်းက သက္ကော-စွမ်းနိုင်သူ ဖြစ်ရမယ်။ ဥဇု-ရိုးသားဖြောင့်မတ်ရမယ်။ နှစ်ပေါင်း ၅၀ အချုပ်အခြာ အာဏာကြီး သုံးရပ်လုံးကို မူပိုင်ချုပ်ကိုင်၊ တိုင်ပြည်တစ်ခုလုံးရဲ့ သေရေးရှင်ရေးကို စီမံခန့်ခွဲခဲ့တဲ့ ခေါင်းဆောင်တွေဟာ အထက်ပါ အရည်အချင်း နှစ်ခုလုံး ချွတ်ယွင်းအားနည်း ခဲ့ကြတယ်။ စွမ်းလည်း မစွမ်းနိုင်ခဲ့ကြဘူး။ တိုင်းပြည်အပေါ်မှာလည်း မရိုးသားခဲ့ကြဘူး။ ဒီတော့ တိုင်းပြည်ဟာ စီမံအုပ်ချုပ်သူတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းဆိုတဲ့ ထောင်ချောက်ထဲကိုလည်း ကျရောက်ခဲ့ရတယ်။
လက်ရှိနိုင်ငံ အနေအထားကို ခြုံငုံသုံးသပ်ရင် လူထုခေါင်းဆောင် ဂျပန်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲနိုင်ခွင့်လေး ရနေတယ်ဆိုတဲ့ အဆင့်တစ်ခုပါပဲ။ သူတို့ကတော့ ပြောင်းလဲပေးလိမ့်မယ် မထင်ဘူး။ ထိုင်မျှော်နေလို့ မရပါ။ ထိုင်စောင့်နေလို့ မရပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ ပြည်သူက မိမိတို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာသားပါပါ ပြောင်းလဲရယူ ကြရမှာ။ ဆိုခဲ့တဲ့ ထောင်ချောက်တွေက ရုန်းထွက်ကြဖို့ လုယူခံခဲ့ရတဲ့ အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ဆက်လက်ရုန်းကန် ကြရဦးမှာပါ။ အာဏာပိုင်ဆိုတာ ပြည်သူပါ။ အစိုးရ မဟုတ်ပါဘူး။ အစိုးရဆိုတာ ပြည်သူကို ပြုစုလုပ်ကျွေးဖို့ ပြည်သူက ခန့်ထားတဲ့ သူပါ။ ပြည်သူသည်သာ အရှင်၊ ပြည်သူသည်သာ သခင်ပါ။ အစိုးရက ပြည်သူ့အစေအပါးပါ။ ဒီသဘောကို နားလည်လက်ခံ ကျင့်သုံးတဲ့ အစိုးရ အဖွဲ့အစည်းတစ်ရပ် ရရှိသည်အထိ ပြည်သူတို့က ကြိုးစားအားထုတ် ကြရမှာပါ။ အဲဒီအဆင့်ရောက်မှ ဒီမိုကရေစီက ရမှာပါ။ အဲဒီအဆင့်ရောက်အောင် ဦးစွာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြည်သူတွေက ၀ိုင်းဝန်းကြိုးစား ကြရမှာပါ။ ဤခရီး နီးပြီလား၊ ပြည်သူတို့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ တည်နေပါတယ်။
( Eleven Media Group တွင် ဆရာတော်အရှင်သံဝရာလင်္ကာရ (ဓမ္မပီယဆရာတော်) ရေးသားသည့်  မာယာထောင်ချောက် ဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်)