Showing posts with label ကမန်. Show all posts
Showing posts with label ကမန်. Show all posts

Monday, June 30, 2014

မြေပုံ ပန်းရောင်ကဒ်ကိုင်ဆောင်သူများကို ခုံရုံးဖွဲ့ စစ်ဆေးပေးမည်ဟုဆို

CIMG7923
ရခိုင်ပြည်နယ် မြေပုံမြို့လူထု၏ တောင်းဆိုချက်ကို ဖြည့်စွမ်းသည့် အနေဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ မူဆလင်များကို ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု လ၀က ညွှန်မှူးက ဂတိပြု ပြောဆိုခဲ့သည်ဟု မြေပုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကဆိုသည်။
လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည့် မြို့မိမြို့ဖများက ဦးဆောင်ပြုလုပ်ခဲ့သော အစည်းအဝေးမှ တောင်းဆိုချက်ကို ဖြည့်စွမ်းပေးသည့် အနေဖြင့် ထိုသို့ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း သူကဆိုသည်။
“အရင်က ဘင်္ဂလီတွေကို ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ပန်ရောင်ကတ်တွေကို ပြန်စိစစ်ပေးပါ လို့ တောင်းဆိုခဲ့ကြပါတယ်။ ကျွန်တော်တို့က ဒီမှာ တာဝန်ခံပြီးလုပ်နေတဲ့ လဝက ညွှန်ချုပ်ကို အကြောင်းကြား တော့ သူက ခုံရုံးဖွဲ့ပြီး စိစစ်ပေးမယ်လို့ ပြောပါတယ်။”
ယခုကဲ့သို့ တောင်းဆိုသော်လည်း မြေပုံမြို့ ဒုက္ခသည် စခန်းရှိ ဘင်္ဂလီလူမျိုးများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စစ်ဆေးနေမူကို တစ်စုံတစ်ရာဝေဖန်ပြောကြားလိုစိတ် မရှိဟု ဆိုသည်။
“အခု ဒီမှာ စိစစ်နေတဲ့ ၁၉၈၂ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကိုတော့ ကျွန်တော်တို့ မဝေဖန်လိုပါဘူး။ အဓိက ဖြစ်ချင်တာက အရင်ကထုတ်ပေးထားတဲ့ မှတ်ပုံတင်ကတ်တွေကို ပြန်လည်စိစစ်ဖို့လိုအပ်ပါတယ်။ နောက်ပြီးပြေပြေလည်လည်နဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို့အတွက် သက်ဆိုင်သူတွေက ဂရုစိုက်ဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများအား နိုင်ငံသားပေးရန် မြို့လူထုက သဘောထားရှိကြောင်း သူက ဆက်ပြောသည်။
“ ကျွန်တော်တို့ ဖြစ်စေချင်တာက နိုင်ငံသားဖြစ်သင့်တဲ့သူ ဖြစ်ရမယ်။ ဥပဒေအရ နိုင်ငံသားမဖြစ်သင့်တဲ့ လူတွေကို တစ်ယောက်မှ နိုင်ငံသားဖြစ်ခွင့်မပေးဖို့ မြို့လူထုက သဘော ထားရှိပါတယ်။ မြေပုံမြို့နယ်မှာရှိနေတဲ့ ဘင်္ဂါလီတွေထဲက နိုင်ငံသားဖြစ်နိုင်မယ့်သူတွေ ရှိပါတယ်။ ဥပဒေအရ နိုင်ငံသားဖြစ် သင့်တဲ့ သူတွေ နိုင်ငံသား ဖြစ်လာဖို့ကို ကျွန်တော်တို့လက်ခံပါတယ်” ဟု ဆိုသည်။
ယခု လုပ်ငန်းသည် ရခိုင်တစ်ပြည်နယ်လုံးတွင် ဆက်လက် လုပ်ကိုင်မည့် လုပ်ငန်း ဖြစ်သဖြင့် ဥပဒေနှင့် အညီ မှန်မှန်ကန်ကန်လုပ်ရန် လိုအပ်ကြောင်း သူက ဆိုသည်။
“ခုချိန်မှာ မြေပုံမှာ လုပ်နေသလိုပဲ နောင်တစ်ချိန် ရခိုင်တစ်ပြည်နယ်လုံးမှာ ဆောင်ရွက်လာမယ့် လုပ်ငန်းဖြစ် တဲ့အတွက် ခုချိန်ကတည်းက မှန်မှန်ကန်ကန်နဲ့ ဥပဒေနဲ့အညီ နားလည်ဆောင်ရွက်ကြဖို့အရေးကြီးပါတယ်။ ဒါကြောင့် တာဝန်ယူဆောင်ရွက်နေတဲ့ သူတွေဘက်ကလည်း ကျွန်တော်တို့ပြည်သူတွေအကြံပြုနိုင်အောင်ရယ်။ နောက်ပြီး ဥပဒေပညာရှင်တွေကလည်း အကြံပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းအစဟာမြေပုံမှာ စခဲ့တဲ့ အတွက် ရခိုင်ပြည်၏ အစသည် မြေပုံကဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”
မြေပုံ လူထု အစည်းအဝေးကို မြေပုံမြို့ တရုတ်တန်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ဇွန်လ ၂၁ ရက်နေ့ နေ့လည် (၁)နာရီမှ (၃)နာရီခွဲထိ ကျင်းပခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, May 9, 2014

ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည့်ကိစ္စ ဘူးသီးတောင်ဒေသခံတို့မေးမြန်း

Arakan Army (AA)
ရက္ခိုင့်တပ်မတော်- Arakan Army ( AA) မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ဦးစီးသော ကိုယ်စားလှယ်အဖွဲ့နှင့် ဘူးသီးတောင်မြို့ ဒေသခံတို့ ယနေ့ နေ့လယ်က တွေ့ဆုံရာ ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည်ဆိုသည်မှာ ဟုတ်မှန်ပါသလားဟု ဒေသခံတစ်ဦးက မေးမြန်းခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဗေဒါပျံက နိရဉ္စရာသို့ သတင်း ပေးပို့သည်။
ရက္ခိုင်တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေလယ်က ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်မြို့သို့ ဆိုက်ရောက်လာခဲ့ကြရာ ပြည်သူ တစ်ထောင်ခန့်က စီတန်းကြိုဆိုခဲ့ကြသည်။ ယင်းနောက်ပိုင်း ဘူးသီးတောင်မြို့၊ အေးစေတီပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် မြို့လူထုနှင့် တွေ့ဆုံရာဒေသခံ ပြည်သူတစ်ဦးက“ ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်များအဖြစ် လက်ခံမည်ဟု Facebook တွင် တွေ့ရှိကြောင်း၊ ၎င်းကိစ္စ မှန် မမှန် ရှင်းလင်းပေးစေလိုကြောင်း” မေးမြန်းခဲ့သည်ဟု ဆိုသည်။
ယင်းသို့  ပြည်သူတစ်ဦး၏ မေးမြန်းချက်ကို ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဟန်က
“ ရခိုင့်တပ်မတော်အနေနဲ့ တင်ပြရဖို့ဆိုရင် ကမန်လူမျိုးဆိုတာ ရခိုင် တစ်ပြည်နယ်လုံးမှာ အမှန် သုံးသောင်းလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ရန်ကုန်တစ်ခုတည်းမှာ ကမန်အမည်ခံပြီး နေထိုင်သူ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်ကလည်း ကမန်လူမျိုးဆိုတာ တိုင်းရင်းသား (၁၃၅)မျိုးထဲမှာ ပါနေသလို ရှေးယခင် ရခိုင်မင်း အဆက်ဆက် ကလည်း လေးသည်တော်အဖြစ်ခန့်အပ်ပြီး ရခိုင်မျိုးနွယ်စုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရှောင်ရှုခန်ဗလီဆိုပြီး ဆောက်ပေးခဲ့တာတောင်ရှိတယ်။ နောက်တစ်ဖက်က ဘင်္ဂလီတွေဟာ သူတို့လိုချင်တဲ့ နာမည်အသုံးအနုန်း အတိုင်း သုံးခွင့်မရခဲ့တဲ့အခါ ကမန် ဆိုတဲ့ လူမျိုး အမည်ကို ပြောင်းသုံးဖို့ စိတ်ပြင်းပြလာကြပါတယ်။ ဒီတော့ သုံးသောင်းလောက်ရှိတဲ့ ကမန်လူမျိုးတွေကို ကျွန်တော်တို့ ဘက်ကို သွင်းမလား၊ ဒါမှမဟုတ် သန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလီတွေကို ကမန် လူမျိုးအမည်ခံဖို့ အသုံးပြုခွင့် ပေးမလားဆိုတာ တော်တော်ကြီးကို အလေးအနက်ထား စဉ်းစား ရပါလိမ့်မယ်။ တကယ်လို့သာ သူတို့ကို ကျွန်တော်တို့ ရင်ခွင်ထဲကို မစည်းရုံးနိုင်ခဲ့ရင် ကမန်တွေက ဘင်္ဂလီတွေဘက် ပါသွားခဲ့ပြီး ကမန်အတုလုပ်သူ ဘင်္ဂလီတွေကို ကမန်မျိုးနွယ်စုပါလို့ ထောက်ခံလာခဲ့မယ်ဆိုရင် အန္တရာယ်ဟာ ပိုကြီင်္းထွားလာနိုင်ပါတယ်။ ဒါကို အလေးအနက်ထား စဉ်းစားရပါမယ်။ ဒါက ကျွန်တော့်ရဲ့ သဘောထားပါ။ ဒါကို ရက္ခိုင်တပ်မတော်မှာ လက်ခံဖို့ကို တင်ပြသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ သူတို့ကို စစ်သည်တော်အဖြစ် လက်ခံစေချင်တာလဲဆိုရင် ဒီနေ့နိုင်ငံရေးအခင်းအကျင်းမှာ အိုအိုင်စီ အပါအ၀င် သူရဲ့ အဖွဲ့ဝင် နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေကို ကျွန်တော်တို့ ရခိုင်တွေက တိုက်ခိုက်နေတယ်လို့ စွပ်စွဲနေကြတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က မတရားကျူးကျော်သူ ဘင်္ဂလီတွေကို ခုခံနေတာသာဖြစ်တယ်။ ကမန်လူမျိုးတွေကို ကျွန်တော်တို့ လက်ခံခြင်းအားဖြင့် အစ္စလာမ်ဘာသာဝင်တွေကို ဦးတည် တိုက်ခိုက်တာမဟုတ်ကြောင်း ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်း တစ်ခု ဖြစ်လာပါမယ်”ဟု ဖြေဆိုသည်။
Arakan Army (AA)
သို့သော်လည်း သူက လက်ခံမည့် ဆိုရာတွင် အကန့်အသတ်ကြောင်း၊ မိမိလုံခြုံရေးအတွက် အချိုးကျ လက်ခံနိုင်မည့် အင်အားကို သတ်မှတ်ရမည် ဖြစ်ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေ၊ နိုင်ငံတကာ၏ နိုင်ငံရေး အခင်းအကျင်းအရ သုံးသပ်ချက် ဖြစ်ကြောင်း၊ ယင်းကို  ရခိုင်အမျိုးသား ညီလာခံမှာ တင်ပြခဲ့ပြီ ဖြစ်ကြောင်း၊  ဒီကပြန်ရင် ရခိုင့်တပ်မတော်မှာ တင်ပြသွားမည် ဖြစ်ကြောင်း ဖြေဆိုသွားခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA နှင့် အမြန်ဆုံး ပူးပေါင်းနိုင်ရန် ညှိနှိုင်းမှုများ ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
ရက္ခိုင့်တပ်မတော်သည် ရခိုင်ပြည်နယ်စပ် လုံခြုံရေးအတွက် တာဝန်ယူသွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေအများကြီးရှိကြောင်း၊  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဆွေးနွေးပွဲများတွင်လည်း တင်ပြ ဆွေးနွေးနေကြာင်း၊ အစိုးရနှင့်ရော တပ်မတော်နှင့်ပါ ညှိနှိုင်းနေကြောင်း ဗိုလ်မှူးကြီး ကျော်ဟန်က ရှင်းပြပြောဆိုသည်။
ရက္ခိုင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်(၁၄)ဦးပါဝင်ပြီး ယနေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် မောင်တောမြို့သို့ ဆက်လက် ထွက်ခွါသွားခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)