Showing posts with label ငါးဖမ်းလုပ်ငန်း. Show all posts
Showing posts with label ငါးဖမ်းလုပ်ငန်း. Show all posts

Thursday, January 22, 2015

မြန်မာငါးဖမ်းစက်လှေနှစ်စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာရေတပ်မှဖမ်းဆီ

troller_1
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းသည့် မြန်မာဘက်မှ ငါးဖမ်းစက်လှေ ၂ စီးကို လူ ၁၅ ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာ ငါးဖမ်းစက်လှေ နှစ်စီးကို ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေပိုင်းက နစ်မြစ်ဝရှိ စိန့်မာတင်ခေါ် အုန်းကျွန်းအနီး ၀င်ရောက်ငါးဖမ်းနေစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကားပြီး ကော့စ်ဘာဇားသတင်း တပုဒ်တွင်ဖော်ပြသည်။
ဖမ်းမိသည့် စက်လှေနှစ်စီးတွင် ရေလုပ်သား ၁၅ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး စိန့်မာတင်အခြေစိုက် ဘင်္ဂလာရေတပ်မှ အရာရှိတစ်ဦးက အတည်ပြုပြော ဆိုပြောဆိုသည်။  ဖမ်းဆီးရမိသည့် စက်လှေနှင့်ရေလုပ်သားများကို တက်ကနက် ဆိပ်ကမ်းသို့ ယူဆောင်လာပြီး တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, November 1, 2013

ဧရာဝတီတိုင်းမှ ရေမျောကမ်းတင် ငါးဖမ်းသမား သုံးဦး ဘင်္ဂလားဒေ့ခ်ျမှ ပြန်ပို့

တက်ကနက်မြို့နယ်မှ ရှေ့မူ မပျက် ဆောက်လုပ်ထားသော ဘုန်းတော်ကြီးကျောင်း။
 
ဧရာဝတီတိုင်းမှ မုန်တိုင်းမိပြီး ဘင်္ဂလာဒေခ်ျ့သို့ မျောပါလာသော ငါးဖမ်းသမား (၃) ဦးကို ယနေ့ နံနက်ပိုင်းက ဘင်္ဂလားဒေခ်ျ့မှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

သူတို့ (၃) ဦးသည် တက်ကနက်( ကယုချောင်း) ဘုန်းတော်ကြီးကျောင်းတွင် ရက်အတန်ငယ် တည်းခိုနေထိုင်ပြီးနောက် ယနေ့ နံနက်တွင် မြစ်နားရွာမှ တဆင့် နတ်မြစ်ကို ဖြတ်ကျော်ကာ ပြန်သွားကြကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

” သူတို့ သုံးဦးက ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းနဲ့ တစ်ဘက် တစ်ကမ်း ငပုတော မြို့နယ်က ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်။ ပိုက်ချနေစဉ် မုန်တိုင်းမိပြီး လှေကြိုးပြတ်ကာ မျောပါလာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်″ ဟု ဒေသခံ တစ်ဦးက ပြောသည်။

သူတို့ (၃) ဦးသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဆင်မဖြူကျွန်းတွင်ပါးပြီး ဒေသခံများ အကူအညီဖြင့် တက်ကနက် ဘုန်းတော်ကြီးကျောင်းသို့ လွန်ခဲ့သော ငါးရက်ခန့်က ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

ယခုအခါ သူတို့မှာ မြန်မာပြည်သို့ ရောက်ရှိသွားပြီး မောင်တောမြို့နယ် ငါးခူရ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ စောင့်ရှောက်ထားကြောင်း၊ များမကြာမီ မောင်တောမြို့သို့  ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

သူတို့ ဘင်္ဂလာဒေခ်ျ့တွင် နေထိုင်နေစဉ် ဒေသခံ ရခိုင်လူမျိုးများက ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ပြီး သူတို့၏ စီစဉ်ပေးမူကြောင့် ယခုကဲ့သို့ ကောင်းမွန်စွာ မြန်မာနိုင်ငံသို့ ပြန်သွားနိုင်ခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Saturday, September 21, 2013

ရခိုင်ကမ်းရိုးတန်းတွင် တရားမ၀င် အဆိပ်ချ ငါးဖမ်းခြင်းများ ရှိနေ

I-18-9
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းလုပ်ငန်း လုပ်ဆောင်နေစဉ်

ရခိုင်ကမ်းရိုးတန်းတွင် တရားမ၀င် အဆိပ်ချ ငါးဖမ်းခြင်းများ ရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသည့် ကျေးရွာများသို့ ကွင်းဆင်းပညာ ပေးနေကြောင်း ရမ်းဗြဲမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ သတင်းရရှိသည်။
ရမ်းဗြဲမြို့နယ်အတွင်း အဆိပ်ချ ငါးဖမ်းခြင်း ကဲ့သို့သော တရားမ၀င် ငါးဖမ်းဆီးခြင်းများ ရှိခဲ့သဖြင့် အရေးယူ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။
"ကျေးရွာတွေကိုသွားပြီး ငါးလုပ်ငန်းနဲ့ ပတ်သက်တာတွေ ပညာပေးတဲ့အခါမှာ အဆိပ်ချ ငါးဖမ်းဆီးလို့ ငါးတွေရှားလာမယ် ဆိုတာတွေရယ်၊ အဲဒီလို အဆိပ်ချ ငါးဖမ်းတာ တွေ့ရင်လည်း သတင်းပေးဖို့ အကြောင်းတွေကို ကျေးရွာက ဒေသခံတွေကို ထည့်ပြောတော့ အခုနောက်ပိုင်းမှ သိလာကြပါပြီ။ ၂၀၁၃ ဇန်န၀ါရီလ အတွင်းက သင်းပန်းကိုင် ကျေးရွာအုပ်စုမှာ အဆိပ်ချ ငါးဖမ်းနေတယ်လို့ သတင်းပေးလို့ ညတွင်းချင်း သွားပြီးစစ်ဆေးတဲ့ အခါမှာ လှေပေါ်မှာ အဆိပ်ချငါးဖမ်း ကိရိယာတွေနဲ့ လူသုံးဦးကို ဖမ်းဆီးရမိ ပါတယ်။ အဲဒါကို ပညာပေးအနေနဲ့ ထောင်ဒဏ်သုံးလ ချလိုက်တယ်" ဟု ရမ်းဗြဲမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူးက ဆိုသည်။
ယင်းသို့ တရားမ၀င် ငါးဖမ်းဆီးနည်းများဖြင့် ဖမ်းဆီးခြင်းများကို ရမ်းဗြဲမြို့နယ်က ငါးဖမ်းဆီးသူများ လုပ်ကိုင်ခြင်း မဟုတ်ဘဲ တခြားမြို့နယ်လူများ ကျူးကျော်လာကာ အဆိပ်ချ ငါးဖမ်းဆီးခြင်း ကဲ့သို့သော တရားမ၀င် လုပ်ဆောင်ခြင်းသာ ရှိကြောင်းလည်း သိရသည်။
"ဖမ်းဆီးခွင့် လိုင်စင်မရှိဘဲ ခွင့်မပြုဘဲ ငါးဖမ်းတာတွေကို လုံးဝတားမြစ်ထားပြီးတော့ သတင်းတွေကို စောင့်ကြည့်နေပြီး အချိန်နဲ့ တစ်ပြေးညီ အရေးယူသွားမှာ ဖြစ်ပါတယ်" ဟုလည်း မြို့နယ်ဦးစီးမှူးက ဆိုသည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)