အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင် ၁၀၅ ဦးဖြင့်ဖွဲ့မည်
ရန်ကုန်၊ ဇူလိုင် ၁၀
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လေ့လာသုံးသပ်ရေး
ပူးပေါင်းကော်မတီကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
အဆိုပါကော်မတီကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ပါဝင်သော
ကိုယ်စားလှယ် အချိုးအစားအလိုက် နိုင်ငံရေး ပါတီများမှ ရွေးချယ်စေ
လွှတ်သူများဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက
ဆိုသည်။
အချိုးကျပါဝင်မှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အရေအတွက် ၅၂ ဦးဖြင့် အများဆုံးပါဝင်ပြီး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်သည်ကို
တွေ့ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လေးဦး ပါဝင်ပြီး
အမျိုးသားလွှတ်တော်မှ နှစ်ဦး၊ ပြည်သူ့ လွှတ်တော်မှ နှစ်ဦးပါဝင်ကြောင်း
အဆိုပါ ပါတီထံမှ သိရသည်။
ယင်းကော်မတီတွင် အမျိုးသား လွှတ်တော်နှင့်
ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်ထကဝက်စီ ပါဝင်မည်ဖြစ်ပြီး တပ်မတော်သား
ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း လွှတ်တော်
ကိုယ်စားလှယ်အချို့က ပြောကြားသည်။
ပူးပေါင်းကော်မတီ ဖွဲ့စည်းရန်
လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၈ ပါတီမှ အချိုးကျ ကိုယ်စားလှယ်
အရေအတွက်နှင့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကို ဇူလိုင်လ ၄ ရက်နေ့က
နောက်ဆုံးထား စာရင်းပေးရန် လွှတ်တော်ရုံးက နိုင်ငံရေးပါတီများကို
အကြောင်းကြားထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
ဆိုသည်။
အဆိုပါကော်မတီတွင် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ်
အမည်နှင့် အရေအတွက်ကို ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၁၅ ရက်နေ့တွင်
ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ကြေညာဖွယ်
ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်း သိရှိရသည်။
“ခုထိ Agenda မတွေ့ရသေးဘူး။ ကော်မတီကိုတော့ ဇူလိုင်လထဲ ဖွဲ့ဖြစ်မှာ
သေချာပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းညွန့်ကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ၊
ကော်မရှင်များကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းသွားသင့်ကြောင်း
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် သူရဦးအေးမြင့်က မတ်လ ၁၅ ရက်နေ့တွင် အရေးကြီးအဆိုအဖြစ်
တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံထားသည်။
အဆိုပါကော်မတီတွင် ပါဝင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်မည်ဟု ၂၀၁၂ ခုနှစ် ကြားဖြတ်
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စဉ် ကတိပြု ပြောဆိုထားသည်။
(သတင်းအရင်းအမြစ်- The Voice Weekly)
No comments:
Post a Comment