Showing posts with label စွမ်းအင်. Show all posts
Showing posts with label စွမ်းအင်. Show all posts

Monday, April 7, 2014

နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ရေနံနဲ့ ဓါတ်ငွေ့ရှာဖွေခွင့်ရရှိ

shwe_gas_project_305_z.png
ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ
မြန်မာကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင် ခွင့်တွေပြုလိုက်ကြောင်း မြန်မာအစိုးရ စွမ်းအင်ဝန်ကြီး ဌာန က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက်ပါတယ်။
အဲဒီ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသတွေဖြစ်ကြတဲ့ မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီနဲ့ ရခိုင်ကမ်းလွန်ရှိ ရေတိမ်နဲ့ရေနက် လုပ်ကွက် ၂ဝ မှာ ရေနံနဲ့သဘာဝ ဓါတ်ငွေ့တွေကို ရှာဖွေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိမှာ ရေနံထက်စာရင် ဓါတ်ငွေ့ ကိုအဓိကထားထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂-၁၃ ခုနှစ် ဘဏ္ဏာရေးနှစ်အတွင်း ဓါတ်ငွေ့ တင်ပို့ရောင်းချမှုကနေ ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ သန်းပေါင်း သုံးထောင့် ခုနှစ်ရာ ရရှိခဲ့ပါတယ်။  မြန်မာပြည်က သဘာဝဓါတ်ငွေ့တွေကို အဓိကဝယ်ယူနေတာကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

Monday, February 3, 2014

အမ်းမြို့နယ်တွင် တရုတ်လုပ်သားများနှင့်ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးဖမ်းဆီးခံရ

piling-installation
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု တောင်စောက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနယ်မြေတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က တရုတ်အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများကို ယခုအခါ အမ်းမြို့ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ပုဒ်မ (၃) ခုဖြင့် တရားစွဲဆိုထားကြောင်း သူတို့အမူကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ အမ်းဒေသခံ ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။
“ အခုအဖမ်းခံထားရတဲ့သူက စုစုပေါင်း ၂၃ ဦးပါ။ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မက ၄၂၇၊ ၄၃၆၊ ၄၂၅ တို့ဖြစ်ကြပါတယ်။ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမူ၊ ၄၃၆ မီးရှို့မူနဲ့ ၄၂၅ ကကြိုတင် ကြံစည်မူလို့ ပြောပါတယ်” ဟု သူမက ဆိုသည်။
သူတို့အား တရုတ် CNPC ကုမ္ပဏီ အထူး အရာရှိ ဦးသန်းထွဋ်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ပြီး လွန်ခဲ့သော ဇန်န၀ါရီလ ၂၈ ရက်နေ့က တစ်ကြိမ်၊ ၂၉ ရက်နေ့က တစ်ကြိမ် အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။
“ ဒီလ ၁၀ ရက်နေ့မှာတော့ ထပ်မံရုံးချိန်း ရှိပါတယ်။ ယခင်ရုံးထုတ်တုန်းက တရားလိုတွေ မရောက်တဲ့ အတွက် ဘယ်သူက တရားလို လုပ်ပြီး ဆက်တရားစွဲမယ်ဆိုတာကို အဲဒီနေ့မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။
ယခုအခါ ဖမ်းဆီးခံရသူများမှာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြသလို အမ်းဒေသခံများလည်း မဟုတ်ကြဘဲ မကွေးတိုင်း ငဖဲမြို့နယ်မှ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်ဟု သိရသည်။ ပထမပိုင်းတွင် လူပေါင်း ၃၄ ဦး ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၁၁ ဦးကို ခံဝန်ချက်ဖြင့်ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ယခု ဖမ်းဆီးခံထားရသူများမှာ အလွန်ဆင်းရဲကြပြီး သူတို့ အမူအတွက် ရှေ့နေများကို ဌားရမ်းနိုင်ခြင်းမရှိကြောင်း ဒေါ်သွယ်သွယ်စို့း ပြောဆိုသည်။
ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်း နယ်မြေရှိ နှစ်ထပ် အဆောင် တစ်ခု၏ အောက်ထပ်တွင် နေထိုင်နေသော မြန်မာ လုပ်သားများ အပေါ်သို့ အပေါ်ထပ်တွင် နေထိုင်သူ တရုတ်လုပ်သားအချို့မှ အပေါ့ရည် စွန့်ပစ်ရာမှ ခိုက်ရန် ဖြစ်ပွားပြီး (၂) ထပ် အဆောင် တစ်ခုနှင့် ရေနံကန် တစ်ခုတို့ မီးရှို့ ခံခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် အာဏာပိုင်များက မြန်မာ လုပ်သားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်းနယ်မြေတွင် တရုတ် အလုပ်သမား ၇၉ ဦးရှိပြီး မြန်မာ အလုပ်သမား ၁၅၀ ခန့်ရှိကြောင်း သိရှိရသည်။
တရုတ်လုပ်သားများသည် မြန်မာ အလုပ်သမားများ အပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်းများလည်း ရှိသည်သာမက မြန်မာ အလုပ်သမားများ အပေါ် လစာအပြည့် မပေးခြင်း၊ အချိန်မှန် လစာ ထုတ်မပေးခြင်းများလည်း ရှိကြောင်း သတင်းများ ရရှိသည်။
ယခု ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, January 31, 2014

အမ်းရေနံပိုက်လိုင်းစခန်း မီးရှို့မှု လုပ်သားရှစ်ဦးကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းနေသည့် တရုတ်- မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လုပ်သားရှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက်ကျေးရွာရှိ ရေနံပိုက်လိုင်း တည်ဆောက်ရေး စခန်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က တရုတ်လုပ်သားက မြန်မာ လုပ်သားကို ရေဖြင့်ပက်ရာမှ အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး ပိုက်လိုင်း လုပ်သားများ နေထိုင်သည့် အဆောင်ကို မြန်မာလုပ်သား အချို့က မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါ မီးရှို့မှုကြောင့် လုပ်သားများ နေထိုင်သည့် အဆောက်အအုံနှင့် ဒီဇယ်ဆီ ဂါလန် ၂၀၀၀ အပါအဝင် စုစုပေါင်း ကျပ် ၂၄၃၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် တရုတ်လုပ်သား ၇၉ ဦးရှိပြီး မြန်မာဝန်ထမ်း ၁၅၀ ဝန်းကျင် ရှိကြောင်း ယင်းပိုက်လိုင်းကို အကောင်အထည် ဖော်နေသည့် SEAOP (South East Asia oil Pipeline) ထံမှ သိရှိရသည်။

ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းကို EAOP က အိန္ဒိယ ကုမ္ပဏီတစ်ခု ဖြစ်သည့် PunJLoyd ကုမ္ပဏီကို တည်ဆောက်ခွင့် ပေးထားပြီး အဆိုပါ အိန္ဒိယကုမ္ပဏီက Yun Nan Construction လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်သဖြင့် အဆိုပါ လုပ်သားများနှင့် SEAOP နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိကြောင်း SEAOP က ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူ အချို့မှအပ ကျန်လုပ်သားများမှာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပုံမှန် အလုပ်လုပ်ကိုင်နေကြောင်း SEAOP ထံမှ သိရှိရသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

Wednesday, January 29, 2014

တရုတ် ရွှေဂက်စ် ပိုက်လိုင်း လုံခြုံရေး စိုးရိမ်စရာ မရှိဟု အစိုးရ ပြော

-ရွှေသဘာဝ ဓာတ်ငွေ့ပိုက် လိုင်း, ပုဏ္ဏားကျွန်း မဲဆန္ဒနယ်, စွမ်းအင် ဝန်ကြီးဌာန, ဦးထွန်းအောင်ကျော်, အမ်းမြို့နယ်, သျှမ်းသံတော်ဆင့်, ကျောက်ဖြူ လူမှုကွန်ရက်, ဂက်စ် ပိုက်လိုင်း စောင့်ကြည့် ရေးအဖွဲ့.
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၂၀၁၂ ခု ဒီဇင်ဘာလအတွင်းက တွေ့ရသော မြှုပ်လက်စ ဂက်စ်ပိုက်လိုင်း (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရွှေသဘာဝ ဓာတ်ငွေ့(ဂက်စ်)ပိုက်လိုင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသဖြင့် လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်း လွှတ်တော်၌ တင်ပြရာ စိုးရိမ်စရာ မရှိဟု အစိုးရ က တုံ့ပြန် ရှင်းလင်းသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးထွန်းအောင်ကျော်က “သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတလျှောက်ရှိ ကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေး လုံခြုံမှု အကာအကွယ်ပေးရန် အစီအစဉ် ရှိ၊မရှိ”မေးမြန်းရာ စွမ်း အင် ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအောင်ထူး က အန္တရာယ် မရှိဟု ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ထူး က“ပိုက်လိုင်း၏ အရှည်နှင့် ပို့လွှတ်မည့် ဓာတ်ငွေ့ ထုထည် ပမာဏ၏ ဖိအား အပေါ်မူတည်၍ နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက်ထားကြောင်း၊ အနက် ၆ ပေတွင် မြှုပ်နှံထားသည့်အတွက် လုံခြုံစိတ်ချရကြောင်း”ဖြေဆိုခဲ့သည်။
ဒု ဝန်ကြီး၏ ဖြေဆိုမှုနှင့် ပတ်သက်၍ ဦးထွန်းအောင်ကျော်က ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌ မြေကြီး ထဲသို့ ၁၅ ပေ အနက်မြှုပ်နှံကာ၊ အသုံးပြုရမည့် ပိုက်၏ အထူသည်လည်း ၃ လက်မ ရှိရမည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အဆိုအရ သိရကြောင်း၊ သို့သော်လည်း ကျောက်ဖြူ-တရုတ် ပိုက်လိုင်းအား မြေကြီးထဲ၌ ၅ ပေမှ ၆ ပေအထိသာ မြှုပ်နှံထားပြီး ပိုက်လိုင်း အထူမှာလည်း ၁ လက်မခွဲသာ ရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ကျောက်ဖြူ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ရာ၌ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ပိုက်များ ကွဲထွက်ခြင်း၊ မြေပြိုကျခြင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ အမ်းမြို့နယ်ရှိ နေရာ ၁၀ ခုခန့်တွင်လည်း စမ်းသပ် ကာလအတွင်း အက်ကွဲ ပေါက်ထွက်မှုများ ဖြစ်ပေါ်ခဲ့ရာ လွန်စွာဆိုးရွားသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။
ထိုသို့ ဆိုးရွားသည့် ဖြစ်စဉ်များ ပေါက်ပေါက်ခဲ့သည့် အတွက် အန္တရာယ်ကျရောက်လာမည်ကို ပိုက်လိုင်းတလျှောက် နေထိုင် ကြ သည့် ပြည်သူများက စိုးရိမ် ထိတ်လန့်နေကြခြင်းကြောင့် လုံခြုံရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း မေးမြန်းခဲ့ သည်။
ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ထားခြင်းကြောင့် စိုးရိမ်စရာ မလိုအပ်ဟု အစိုးရ၏ ပြောဆိုမှုသည် တာဝန်မဲ့သည့် ပြောဆိုမှုသာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း အမ်းမြို့နယ်တွင် ဓာတ်ငွေ့ယိုစိမ့် ၍ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း အမ်းဒေသခံ တချို့က ဧရာဝတီ သို့ ပြောသည်။
အမ်းမြို့နယ် ကျောက်မြောင်း ကျေးရွာ ဒေသခံတဦး က “ကျမတို့ ဒေသက တချို့နေရာတွေမှာ ၂ ပေ ၃ ပေလောက်ပဲ မြှုပ်ထား ပါတယ်၊ တကယ်လို့ ပေါက်ကွဲမှုဖြစ်ရင် ကျမတို့ ပြေးဖို့ အချိန်ရလိုက်မှာ မဟုတ်ပါဘူး၊ ဒေသခံတွေကလည်း ဘာမှ နားမလည်တော့ ပိုပြီး စိုးရိမ်ကြတာပေါ့၊ တရက်ရက် ပေါက်ကွဲမှုကြီး ဖြစ်လာမလားဆိုတာပဲ စိုးရိမ်နေကြတယ်”ဟု ပြောသည်။
ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပိုက်လိုင်း တလျှောက်၌ ချောက်ကမ်းပါး ပြိုကျခြင်း၊ မြေကြီး တုန်ခါခြင်း စသည့်ဖြစ်ရပ်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်း၌လည်း ဖော်ပြထားသည်။
ဂက်စ်များ မပို့လွှတ်ခင်က မ္ဗြုပ်နှံထားသည့် ပိုက်လိုင်းသည် ဂက်စ်ပို့လွှတ်သည့် အချိန်တွင် မြေကြီးအပေါ်သို့ ပေါ်ထွက်လာပြီး ထိုမှ တဆင့် ဓာတ်ငွေ့ ယိုစိမ့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များ တွင် နေထိုင် သည့် ပြည်သူများကလည်း စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်းလည်း သျှမ်းသံတော်ဆင့်က ဆိုသည်။
ဂက်စ်ပိုက်လိုင်း စတင်ရာ ကျောက်ဖြူမြို့နယ်အတွင်း နေရာတချို့၌ ပိုက်လိုင်း မြှုပ်နှံထားခြင်းသည် စနစ်တကျဆောင်ရွက်မှု မရှိကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ဂက်စ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးထွန်းလွင် က ပြောသည်။
“တောင်ကုန်းပေါ်က တချို့နေရာတွေမှာပဲ ၅ ပေ၊ ၆ ပေ လောက်မြှုပ်ထားတယ်၊ မြေပြန့်က နေရာတချို့မှာဆိုရင် စူးတံနဲ့ထိုး ကြည့် ရင်တောင် ပိုက်လိုင်းကို ထိနိုင်တဲ့ အခြေအနေ တွေ့နေရပါတယ်”ဟု ဦးထွန်းလွင် က ဆိုသည်။
ဒု ဝန်ကြီး ဦးအောင်ထူးက ပိုက်လိုင်း လုံခြုံရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ဆောင် ရွက်နိုင်ရန် မီးသတ်စခန်းများ၊ ၂၄ နာရီ စောင့်ကြည့်ရေးအဖွဲ့များ ထားရှိကြောင်း၊ အရေးပေါ် ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ သယ်ယူ ပို့ဆောင်ရေး၊ ဆေးဝါးကုသရေး၊ မီးသတ် လုပ်ငန်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကို ဆောင်ရွက်ထားကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းသည် ဒေသခံလူထုအပေါ် ကောင်းကျိုး ခံစားခွင့်များ မရှိခြင်းကြောင့် ရခိုင် တိုင်းရင်း သား အများစု၏ ကန့်ကွက်ခြင်း ခံထားရသည့် စီမံကိန်းတခုဖြစ်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, December 3, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ် ကုဗပေနှစ်သန်း မန္တလေး ဓာတ်အားခွဲ ဌာနသို့ စတင်ဖြန့်ဝေနေပြီး ကျောက်ဆည်စက်မှုဇုန်သို့ အဓိကပေးပို့မည်

F-1-12
ကျောက်ဖြူမြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား တွေ့ရစဉ်
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ်ကုဗပေ နှစ်သန်းကို မန္တလေး ဓာတ်အားခွဲဌာနသို့ နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ဒေသခံများသို့ ဖြန့်ဝေနေပြီဖြစ်ကြောင်း ပိုက်လိုင်းကုမ္ပဏီ SEAGP မှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မန္တလေး ဓာတ်အားခွဲ ဌာနမှ ပို့လွှတ်မည့် သဘာဝ ဓာတ်ငွေ့များကို ကျောက်ဆည်စက်မှုဇုန်သို့ အဓိက ပေးပို့မည်ဖြစ်ကြောင်း၊ ကျောက်ဆည်စက်မှုဇုန်သည် မြန်မာအစိုးရမှ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းအူကြောင်း အနေအထား တိုင်းတာချက်ဖြင့် သတ်မှတ်ကာ ဆောင်ရွက်ခဲ့သည့် စက်မှုဇုန်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်စက်မှုဇုန်အတွင်း သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၁၁ ခု လျာထားပြီး လက်ရှိတွင် ငါးခုသာ အသုံးပြုလျက်ရှိကြောင်း၊ ယင်းစက်ရုံများမှာ ဘိလပ်မြေစက်ရုံ၊ ဦးထုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ အတွင်းအင်္ကျီစက်ရုံနှင့် ဖန်ထည်မှန်ထည် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်စက်မှုဇုန်သို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့၏ တစ်ဝက်မှာ ဒေါ်လာခြောက်သန်းကျော် ရင်းနှီးထားသည့် ဖန်ချက်စက်ရုံသို့ ပေးပို့မည်ဖြစ်ကြောင်း၊ အဆိုပါ ဖန်ချက်စက်ရုံ၏ တစ်ရက် ဖန်ထုတ်နှုန်းမှာ ၁၁၇ တန်ဖြစ်၍ တစ်နှစ်ထုတ်လုပ်မှု ပမာဏမှာ တန်ချိန်ပေါင်း ၄၂၇၀၀ ဖြစ်ကြောင်း သိရသည်။
"တစ်နှစ်ဖြန့်ဝေနှုန်း ပမာဏက အတိအကျ မသိနိုင်သေးဘဲ MOGE ရဲ့ အပတ်စဉ် ဖြန့်ဝေစီမံချက်အတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ စတင်ဖြန့်ဝေချိန်မှာ သဘာဝဓာတ်ငွေ့ လိုအပ်မှုများမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ စုစုပေါင်း ဖြန့်ဝေနှုန်းကို တစ်နှစ်ဖြန့်ဝေမှု စီမံချက်နဲ့ ချိန်ယူရမှာ ဖြစ်ပါတယ်" ဟု အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မန္တလေး စီမံခန့်ခွဲရေး ဦးစီးဌာန၊ လုံခြုံရေး ဌာနစိတ်မှူးက ပြောကြားသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူတွင် အစပြု၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ရွှေလီမှတစ်ဆင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားခြင်းဖြစ်ကာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာ အရှည်ရှိပြီး တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Thursday, November 21, 2013

မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

M-18-11
မဒေးကျွန်းရှိ စီမံကိန်း လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။
"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန်နှစ်သန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Process Station ငါးခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။
N-18-11
မဒေးကျွန်း စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရမ္မာ)
"အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် တရုတ်က မြန်မာကို ကြားခံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခဲ့တာ။ အဲဒီအတွက် မဒေးကျွန်းမှာ တန်ချိန်သုံးသိန်းရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနံတင်ဆိပ်ကမ်းကို တည်ဆောက်တယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေကို မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှာ ထားမယ်။ ဆိပ်ကမ်းက ရေနံတွေကို ပိုက်လိုင်းကတစ်ဆင့်  တရုတ်ကို တင်ပို့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corp oration (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, November 8, 2013

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် မြေသိမ်းယူရာ၌ သီးနှံလျော်ကြေးကို ငါးနှစ်နှင့် သုံးနှစ်စာ လျော်ကြေးပေးအပ်

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဆောင်ရွက်ရာတွင် မြေသိမ်းယူရာ၌ သီးနှံလျော်ကြေးကို အမြဲတမ်း သိမ်းယူမှုအတွက် ငါးနှစ်စာနှင့် ယာယီ သိမ်းယူခြင်းအတွက် သုံးနှစ်စာ လျော်ကြေးများ ပေးအပ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။
အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေတို့ကို လုပ်ငန်း လိုအပ်ချက်အရ အမြဲတမ်း သိမ်းယူခြင်းနှင့် ယာယီ သိမ်းယူခြင်းဟူ၍ ဆောင်ရွက်ခဲ့ကြောင်း၊ လျော်ကြေးပေးရာ၌ စိုက်ပျိုးသည့် သီးနှံအမျိုးအစားနှင့် သီးထပ်စိုက်ပျိုးနိုင်မှုအပေါ် မူတည်ပြီး လျော်ကြေးငွေ ကွာခြားမှုရှိကြောင်း သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်တွင် သိမ်းယူထားသည့် မြေယာများနှင့် ပတ်သက်ပြီး အချို့ဒေသများ၌ လက်ရှိအချိန်ထိ ပြေလည်မှု မရှိသေးကြောင်း  . . .
မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ မြစ်တွင်း ရေလမ်းကြောင်း ရှင်းလင်းမှု လုပ်ငန်းများ မည်သို့ ဆောင်ရွက်နေသည့် မေးခွန်းကို ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က မေးမြန်းခဲ့ရာ အဆိုပါ စီမံကိန်း၌ ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ အမြဲတမ်း မြေယာသီးနှံ လျော်ကြေးပေးအပ်မှုမှာ ကျပ်သန်းပေါင်း ၄၀၂၀ ကျော် ရှိကြောင်း၊ ယာယီ သိမ်းဆည်းခဲ့သည့် လယ်မြေ၊ ဥယျာဉ်မြေ၊ ၀တ္တကမြေတို့အတွက် စုစုပေါင်း လျော်ကြေးငွေ ကျပ် ၁၄၈ သန်းကျော်ကို ပေးအပ်ပြီး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်တွင် သိမ်းယူထားသည့် မြေယာများနှင့် ပတ်သက်ပြီး အချို့ဒေသများ၌ လက်ရှိအချိန်ထိ ပြေလည်မှု မရှိသေးကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ သိရသည်။
"ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ဒေသအချို့မှာ ခုချိန်ထိ မြေယာနဲ့ ပတ်သက်ပြီး လျော်ကြေးမရတာတွေ ရှိနေပါသေးတယ်။ လျော်ကြေးကို သုံးရစ်ခွဲပေးမယ်ပေါ့။ ပထမ တစ်ရစ်ပေးတယ်။ လက်မှတ်တွေ ထိုးခိုင်းတယ်။ နောက်ထပ်ပေးဖို့ကိုကျတော့ ဒေသအာဏာပိုင်တွေက ငါတို့တွက်တာ မှားသွားလို့ မင်းတို့ ဒီဟာအပြီးပဲဆိုပြီး  ထပ်မပေးတော့တာတွေလည်း ရှိတယ်။ အထူးသဖြင့် ရခိုင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ အဖြစ်များပါတယ်"ဟု  စိမ်းရောင်စို(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။       
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, October 9, 2013

ရခိုင်ပြည်နယ်တွင် ကုန်းတွင်းရေနံ လုပ်ကွက်များ တူးဖော်အောင်မြင်ခြင်း မရှိသဖြင့် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ ရပ်နားထားရ

G-7-10
ရခိုင်ပြည်နယ် အတွင်းရှိ ကုန်တွင်းရေနံ လက်ယက်တွင်း တစ်ခုအား တွေ့ရစဉ်
ရခိုင်ကမ်းမြောင်ဒေသ၌ ကုန်းတွင်းရေနံ တူးဖော်မှုများကို ရှေးဦးမဆွကပင် လုပ်ကိုင်နေခဲ့ကြကြောင်းနှင့် ကုန်းတွင်းရေနံ လုပ်ကွက်များ သတ်မှတ်ကာ တူးဖော်မှုများ ဆောင်ရွက်ခဲ့ရာ အောင်မြင်ခြင်း မရှိခဲ့ဘဲ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစကာ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။
ကုန်းတွင်းရေနံ လုပ်ကွက်ကို နှစ်ကွက်သတ်မှတ် ထားရှိပြီး လုပ်ကွက်၌ ကျောက်ဖြူခရိုင် (ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်) ဒေသများ ပါဝင်ပြီး ကုန်းတွင်းလုပ်ကွက် L ၌မူ စစ်တွေခရိုင် မြို့နယ်များနှင့် မောင်တောခရိုင် မြို့နယ်များ ပါဝင်သည်။
၂၀၀၆ ခုနှစ်တွင် လေးတောင်ဒေသ (သရက်ချို) ရေနံမြေ၊ လုပ်ကွက် L ၌ ပါရှိသည့် စစ်တွေမြို့နယ်၊ ဂန့်ဂေါ်ကျွန်း ကျေးရွာနှင့် ညိုရောင်ချောင်း ကျေးရွာများ၌ အစမ်းတွင်းများ တူးဖော်ထုတ်ယူ ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဂန့်ဂေါ်ကျွန်းကျေးရွာ အစမ်းတွင်းနှင့် ၂၀၀၉ ခုနှစ်တွင် ညိုရောင်ချောင်းကျေးရွာ အစမ်းတွင်းနှစ်တွင်းကို တူးဖော်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ဘဲ ရပ်နားခဲ့သည်။
၂၀၀၄ ခုနှစ်ကလည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE သည် စစ်တွေမြို့နယ်၊ ကျားမသောက် (ကျောက်တန်းချေ) ကျေးရွာနှင့် ဂန့်ဂေါ်ကျွန်းကျေးရွာများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ရခိုင်ကမ်းမြှောင် ဒေသအတွင်း ၁၉၈၈ ခုနှစ် မတိုင်မီ ကာလက ရေနံရှာဖွေ ထုတ်ယူမှုများ ရှိခဲ့ပြီး ရခိုင်ကမ်းလွန် ရေပြင်ဒေသနှင့် ကုန်းတွင်းပိုင်း ရေနံတွေ့ရှိနိုင်မှု အခြေအနေများကို သိရှိရန် ၁၉၆၈ ခုနှစ်မှ စတင်ပြီး ဆိုက်စမစ် တိုင်းတာရေးများကို ဂျပန်ကုမ္ပဏီများ၊ ပြင်သစ်ကုမ္ပဏီများနှင့် ပူးပေါင်း၍ လုပ်ကိုင်ခဲ့ကြကြောင်း၊ ၁၉၇၂-၁၉၇၄ ခုနှစ်များ အတွင်းကလည်း မြန်မာ့ရေနံ ကော်ပိုရေးရှင်းမှ ရသေ့တောင်မြို့နယ်၊ မိုးဇီကျွန်းရှိ ကူတောင်ဒေသ၊ စေတီပြင် ဒေသတို့တွင် ရေနံတူးဖော်မှုများကို စမ်းသပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဆောင်ရွက်ချက်များမှာ အောင်မြင်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ နေရာများ၌ ဒေသခံ လုပ်ငန်းရှင်များကသာ တစ်ပိုင်တစ်နိုင် အနေဖြင့် လက်ယက်တွင်းငယ်များ
တူးဖော်ထုတ်ယူနေကြပြီး ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူမြို့နယ်များမှ ရရှိသည့် ရေနံစိမ်းများကို ဒေသအတွင်းတွင်ပင် ချက်လုပ်ပြီး ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ရေနံချေးများ ထုတ်ယူ၍ ရောင်းချခြင်း၊ ဒေသတွင်း မော်တော်ငယ်များ၊ ထော်လာဂျီ ယာဉ်များနှင့် ကျေးရွာများတွင် မီးအိမ်များ၌ အသုံးပြုခြင်း ရှိနေကြသည်။
၁၉၇၂-၇၃၊ ၁၉၇၃-၇၄ ခုနှစ်များကလည်း စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ကူတောင်နှင့်၊ စေတီတောင် (အတွင်းပြင်)ဒေသများ၊ ၁၉၈၀ ပြည့်လွန်နှစ်များက ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်းနှင့် မာန်အောင်ကျွန်းများတွင်လည်း မြန်မာ့ရေနံ လုပ်ငန်းမှ ရေနံများ စမ်းသပ်တူးဖော် ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်များတွင် ပုဂ္ဂလိကများက လက်ယက်တွင်းငယ်များဖြင့် စီးပွားဖြစ် ထုတ်ယူလျက် ရှိနေကြပြီး မာန်အောင်ကျွန်းနှင့် ဖရုံကာ ကျွန်းများတွင်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များက အသေးစား တွင်းငယ်များ တူးဖော်ထုတ်ယူကာ ဒေသတွင်း သုံးစွဲနိုင်ရန်အတွက် ရောင်းချလျက် ရှိနေကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)