Showing posts with label လူကုန်ကူးခြင်း. Show all posts
Showing posts with label လူကုန်ကူးခြင်း. Show all posts

Friday, January 30, 2015

မလေးရှားသွားငါးဖမ်းစက်လှေနစ်ရာမှ လူ ၅၀ ခန့်သေဆုံး

photo by The Daily Star
photo by The Daily Star
မလေးရှားနိုင်ငံသို့ တရားမ၀င် လူပို့ဆောင်သည့် သင်္ဘောပေါ်သို့ လူများကို ပို့ဆောင်ရန် သွားသည့် ငါးဖမ်း စက်လှေ တစ်စီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ပင်လယ် ကမ်းခြေတွင် နစ်မြုပ်သွားသဖြင့် လူပေါင်း ၅၀ ခန့် သေဆုံးသွားသည်ဟု သတင်း ရရှိသည်။
ယင်းစက်လှေသည် လူပေါင်း ၁၀၀ ခန့်ကို တင်ဆောင်ပြီး မောင်းနှင်လာစဉ် စစ်တကောင်းမြို့ အနောက်ဘက် ကတူဒီယာ ( Kutubdia) ကမ်းခြေမှ ၇ ကီလိုမီတာ အကွာတွင် ယမန်နေ့ နံနက်က နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
လူပေါင်း ၁၀၀ အထဲမှ လူမှောင်ခိုသမား ၃ ဦး အပါအ၀င် လူပေါင်း ၄၃ ဦးကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုသည်။
စက်လှေကို ရေထဲမှ ဖေါ်ယူနိုင်ခဲ့သော်လည်း ကျန်လူများမှာ စက်လှေထဲတွင် ရှာမတွေ့ဘဲ ပျောက်ဆုံးနေသည်ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင် တစ်ဦးဖြစ်သူ  Lieutenant Commander Fazlul Karim ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေတပ်မှ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေသော်လည်း အချိန်ကုန်လာသည်နှင့် အမျှ သူတို့အား တွေ့ရှိရန် မျှော်လင့်ချက်မှာ ပျက်ပြားလာသည်ဟု ဆိုသည်။
သူတို့အား လူမှောင်ခိုသမားများမှ အလုပ်ကောင်းကောင်းရမည်ဟု ဖျားယောင်းသွေးဆောင်ရာမှ ထိုင်းနိုင်ငံနှင့် မလေးရှားသို့ သွားရောက်ရန် ငါးဖမ်းစက်လှေဖြင့် နံနက် ၁ နာရီက ရေလယ်တွင် ကျောက်ချ ရပ်နားထားသော သင်္ဘောပေါ်သို့ တက်ရောက်ရန် ထွက်ခွာလာစဉ် လင်းအားကြီး အချိန်တွင် နစ်မြုပ်ခဲ့သည်ဟု သိရသည်။
ရှာဖွေကယ်တင်နိုင်ခဲ့ရသူ ၄၃ ဦးထဲမှ ၁၄ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာဆိုး ( Jessore) ခရိုင်မှ ဖြစ်ပြီး တစ်ခြား သူများမှာခရိုင်မြို့များ ဖြစ်ကြသော Narayanganj, Bogra, Cox’s Bazaar, Narsingdi, Madaripur and Naogaon ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 19, 2014

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်ပို့ရန် ကြိုးစားသူများဖမ်းမိ

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်များ / ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် စစ်တွေမှ ရန်ကုန်မြို့သို့ ကားဖြင့်ပို့ရန် ကြိုးစားရာတွင် ပါဝင်ပတ်သက်သည့် ဘင်္ဂါလီများကို ဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အမ်းမြို့ စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားတစ်စီးပေါ်မှ မသင်္ကာဖွယ် ဘင်္ဂါလီအမျိုးသား လေးဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းထားသည့် စစ် ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့သူ လေးဦးအနက် နှစ်ဦးမှာ ဘင်္ဂါလီများကို ငွေကြေးယူ၍ ရန်ကုန်သို့ ပို့မည့်သူများဖြစ်ပြီး ကျန်နှစ်ဦးမှာ စစ်တွေ သက်ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှဖြစ်ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောသည်။
‘‘လူကုန်ကူးတဲ့သူ နှစ်ယောက်က မြိတ်မြို့မှာနေတဲ့သူတွေ။ စစ်တွေက သက်ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းက လူနှစ်ဦးကို ငွေယူပြီး ပို့ဖို့လုပ်တာမှာ ဖမ်းနိုင်ခဲ့တာ။ အသေးစိတ်စစ်ဆေးနေတုန်းပါ’’ဟု ဒုရဲမှူး သောင်းလွင်က ပြောသည်။
ယင်းအမှုတွင် ဒုက္ခသည် စခန်းမှ ဘင်္ဂါလီနှစ်ဦး ရန်ကုန်သို့ရောက်လာပါက လက်ခံယူမည့် ပွဲစားတစ်ဦးကို မင်္ဂလာဒုံမြို့နယ်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့သောကြောင့် စုစုပေါင်းငါးဦးကို ရဲတပ်ဖွဲ့က စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့ကို အထောက်အထားမရှိသူများအား တရားမဝင် သယ်ဆောင်သည့် ပြစ်မှုပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲမှူးသောင်းလွင်ကပြောသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအချို့ကို အခကြေးငွေယူကာ ရန်ကုန်မြို့သို့ခေါ်ဆောင်နေသည့် လူပွဲစားဂိုဏ်းရှိနေပြီး ပြီးခဲ့သည့်ဇွန်လကလည်း ဘင်္ဂါလီ ၁၉ ဦးကို ငွေယူ၍ ခေါ်ဆောင်ပေးသူများနှင့်အတူ အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၁၄ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ရန်ကြိုးစားသည့် ဘင်္ဂါလီ ၄၀ ဦးနီးပါးကို အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Tuesday, November 18, 2014

ပင်လယ်ထဲမျောပါနေသော မြန်မာအလံထောင် ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ရေတပ်က ကယ်တင်

( မလေးရှားသွားသူများကို တွေ့ရစဉ်) - Photo- Bangla News 24
( မလေးရှားသွားသူများကို တွေ့ရစဉ်) – Photo- Bangla News 24
ပင်လယ်ထဲမျောပါနေသော မြန်မာအလံကို ထောင်ထားသော ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာအများအပြားတွင် ဖေါ်ပြသည်။
သူတို့မှာ လူမှောင်ခို ပွဲစားများ၏ ဆွဲဆောင်မူဖြင့် မလေးရှားသို့ အလုပ် လုပ်ရန် ယင်းငါးဖမ်းစက်လှေဖြင့် သွားကြသူများ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တာဝန်ရှိသူများက ပြောသည်။
ကယ်တင်ခဲ့ရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀ ခန့်ပါဝင်ပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့ နှင့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းစာများက ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ကိုးကား ဖေါ်ပြသည်။
လတ်တလောတွင်  ကယ်တင်ခံရသူ လူပေါင်း ၆၂၃ ဦးထဲမှာ မည်သူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား၊ မည်သူမှာ မြန်မာနိုင်ငံသား  ဖြစ်ကြောင်းကိုမူ တိတိကျကျ မခွဲခြားနိုင်သေးဟု အာဏာပိုင်များက ပြောဆိုသည်။
ယင်းစက်လှေပေါ်တွင် မြန်မာအလံအားထောင်ထားပြီး သူတို့အား ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် စိန်မာတင်(အုန်းကျွန်း) အရှေ့တောင်ဘက် မိုင် ၅၀ အကွာတွင် သတင်းအရ လိုက်ပါသွားစဉ် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ တွင် ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။
လူမှောင်ခိုသမားဟု ယူဆရသူ ၁၄ ဦးကိုလည်း ဘင်္ဂလာဒေခ်ျ့ ရေတပ် အာဏာပိုင်များက ထိန်းသိမ်း လိုက်သည်ဟု သိရသည်။
ကယ်တင်ခံရသူ လူပေါင်း ၆၀၀ ကျော်အား ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဟု သတင်းများတွင် ဖေါ်ပြသည်။
အလားတူ လူပေါင်း ၃၁၃ ဦးကိုလည်း ဇွန်လအတွင်းက ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပင်လယ်ထဲက ကယ်တင်ခဲ့ရသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, June 30, 2014

အမ်းမြို့တွင် နောက်ထပ် ဘင်္ဂလီ ၁၀ ဦးဖမ်းဆီးမိသဖြင့် ၃ ရက်အတွင်း ဖမ်းမိသူ ၁၉ ဦးရှိပြီ

ရခိုင်ပြည်နယ်မှ စစ်ဆေးရေးဂိတ်များတွင် ယခလို စာတန်း ချိတ်ဆွဲထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်မှ စစ်ဆေးရေးဂိတ်များတွင် ယခုလို စာတန်း
ချိတ်ဆွဲထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းမှ နောက်ထပ် ဘင်္ဂလီ လူမျိုး (၁၀) ဦးကို ဖမ်းမိသဖြင့် ၃ ရက်အတွင်း ဖမ်းဆီးမိသူ ဘင်္ဂလီ အရေအတွက်မှာ (၁၉) ဦးရှိပြီ ဖြစ်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဟုတ်ပါတယ်။ မနေ့က နောက်ထပ် ဘင်္ဂလီ ၁၀ ဦးဖမ်းမိပါတယ်။ အမျိုးသားက ၉ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။ သူတို့ကို ကျနော်တို့ရဲစခန်းနဲ့ ၂၂ မိုင်အကွာ မိုင်တိုင်အနီး တောထဲမှာ ဖမ်းမိတာပါ” ဟု ဆိုသည်။
သူတို့အား ကားဖြင့် ရခိုင်မှ ရန်ကုန်သို့ သယ်ဆောင်လာသူ ကယ်ရီယာ လူပွဲစားများမှာ ထွက်ပြေးသွားပြီး ယင်း ဘင်္ဂလီ လူမျိုး ၁၀ ဦးအား တောထဲတွင် ချထားခဲ့ရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
“ အရင် နှစ်ရက်ခန့်ကလည်း ကျား ၈ ဦး၊ မ ၁ ဦး စုစုပေါင်း ၉ ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတယ်။ အဲသလို ဖမ်းမိတာကို သိသွားတဲ့ အတွက် သူတို့ကို သယ်လာတဲ့ ပွဲစားတွေက အဖမ်းခံရမှာကို စိုးလို့ လမ်းမှာ ချထားခဲ့ပုံရတယ်။ ဒါကြောင့် သူတို့ကို တောထဲမှာ ဖမ်းမိတာပါ” ဟု မြို့နယ်မှူး ကဆိုသည်။
ယခင် ကျား ၈ ဦး၊ မ ၁ ဦးအား လူပွဲစား (၃) ဦးမှ လင်ခြူဆာ ကားအဖြူဖြင့် သယ်ယူလာခြင်းဖြစ်ကြောင်း၊ ယခုအခါ လူပွဲစား လုပ်သူ ၃ ဦးစလုံးကို ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆက်လက် ပြောဆိုသည်။
ယခု ဘင်္ဂလီများအား ရခိုင်ပြည်မှ ရန်ကုန်သို့ ပို့ဆောင်သူ လူပွဲစားများမှာ ရဲအငြိမ်းစား ၀န်ထမ်းများ၏ သမီးများ ဖြစ်ကြပြီး တစ်ဦးမှာ မခိုင်ဟု ခေါ်ပြီး နောက်တစ်ဦးမှာ မွန်ချိုဟု ခေါ်ကြောင်း၊ ဘင်္ဂလီ တစ်ဦးကို သုံးသိန်းနုန်းဖြင့် အကြွေး ကယ်ရီ သယ်လာခြင်း ဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယခု တောထဲတွင် ချထားခဲ့သူ အရေအတွက်မှာ ၁၁ ဦးဖြစ်ပြီး ယခု ၁၀ ဦးကိုသာ ကစုကိုင်းရွာအနီးတွင် ဖမ်းမိသဖြင့် နောက်ထပ် တစ်ဦး ပျောက်ဆုံးနေသည်ဟုလည်း သူက ဆက်လက် ပြောဆိုသည်။
ယခု အခါ ဖမ်းဆီးမိသူ ဘင်္ဂလီ (၁၉) ဦးစလုံးအား အမ်းမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု မြို့နယ် ရဲစခန်းမှူးကဆိုသည်။
အမ်းမြို့သည် ရခိုင်ပြည်နယ်မှ ဗမာပြည်မသို့ သွားရာ ကားလမ်းပေါ်ရှိ ရခိုင်ရိုးမတောင်ခြေရင်းတွင်တည်ရှိပြီး ဌာနပေါင်းစုံဖြင့် ဖွဲ့စည်းထားသော လူဝင် လူထွက် စစ်ဆေးဂိတ်များလည်း တည်ရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, February 3, 2014

မလေး တရားမ၀င်သွားမယ့် ဘင်္ဂလီ ၅၅ ဦး ဖမ်းဆီးခံရ

55-Bangladeshi-boat-people--arrested-Tenkaf
ဘင်္ဂလားဒေ့ခ်ျနိုင်ငံကနေ မလေးရှားနိုင်ငံကို ရေလမ်းကနေ တရားမ၀င်သွားမလို့ ပြင်ဆင်နေတဲ့ ဘင်္ဂလီ ၅၅ ဦးကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ခုက ဖမ်းဆီးလိုက်ပါတယ်။
Rapid Action Battalion (RAB) လို့ ခေါ်တဲ့ အထူး မူခင်းနှိမ်နှင်းရေး အမှတ် (၇) တပ်ဖွဲ့ တစ်ခုကနေ သူတို့ကို လူမှောင်ခို ပွဲစားနှစ်ဦးနဲ့ အတူ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်းက အိုကီးယားမြို့နယ် အတွင်းမှာ မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Bangla News မှာ ဖေါ်ပြပါတယ်။
သူတို့ကို မလေးရှားကို သွားမလို့ လုပ်နေတုန်း စက်လှေ တစ်စီးပေါ်က ယမန်နေ့ ည ၁၀ နာရီမှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို အခုအခါ အိုခီးယားမြို့ရဲစခန်းသို့ လွဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ခြောက်သွေ့ရာသီမှာ ဘင်္ဂလီလူမျိုးတွေဟာ အလုပ်အကိုင် ရှာဖွေဖို့ အတွက် ရေလမ်းကြောင်းမှ တဆင့် မလေးရှားကို တရားမ၀င် စက်လှေတွေနဲ့ ခိုးသွားလေ့ရှိပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 24, 2013

မင်းပြားမြို့နယ်မှ ပျောက်ဆုံး အမျိုးသမီး (၆) ဦး မိဘများလက်သို့ ပြန်လည် လွှဲပြောင်းပေး

Minbya signboard
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့မှ အလုပ် လုပ်ရင်း ပျောက်ဆုံးသွားခဲ့သည့် အမျိုးသမီးငယ် (၆) ဦးအား မင်းပြားရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မိဘများထံသို့ ယမန်နေ့က လွှဲပြောင်း အပ်နှံလိုက်သည်ဟု  သတင်း ရရှိသည်။
၎င်းအမျိုးသမီးငယ် (၆) ဦးအား မင်းပြားမြို့ပေါ် ရပ်ကွက် အချို့မှ အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင် ရဲတပ်ဖွဲ့မှ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးဝင်းကျော်က ပြောကြားသည်။
“ မနေ့ကည နေ့လယ် ၁၂ နာရီမှာ မင်းပြားရဲ စခန်းကို ရောက်ပါတယ်။ တစ်ဦးချင်းစီကို ရဲက စစ်ဆေးချက်တွေ ယူပါတယ်။ ညနေပိုင်း ၅ နာရီခန့်မှာ မိဘ ဖြစ်သူတွေထံကို လွှဲပြောင်း ပေးအပ်ပါတယ်။ အဲဒီ အမျိုးသမီးငယ် တွေကို လွှဲပြောင်းတာမှန်ကန်ကြောင်း မင်းပြားမြို့ပေါ် အလယ်ပိုင်း၊ အောက်ရွာပိုင်းနဲ့ ဈေးဟောင်းပိုင်းက ရပ်ကွက် အုပ်ရေးမှူးတွေက အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးပြီး လွှဲပြောင်း လိုက်တာပါ” ဟု ယင်းက ဆိုသည်။
မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာ၊ ပြားရှည်ပြင်ရွာနှင့် ခွဆုံရွာတို့မှ  မချိုချိုဝင်း (၁၇) နှစ် ၊ မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး (၂၃) နှစ် တို့ သည် မြေပုံမြို့နယ်ရှိ လမ်းလုပ်ငန်းခွင် တစ်ခုမှ အလုပ် လုပ်နေစဉ် ယခုလဆန်းပိုင်းက ပျောက်ဆုံးသွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် သူမတို့ (၆) ဦးအား တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
“ သူတို့ကို မိဘတွေ မသိဘဲနဲ့ ခေါ်ယူသွားတာက အေဘီစီ ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းတွေ ဖြစ်ကြတဲ့ ကိုထိန်လင်းနဲ့ ကိုရာဇာတို့ ဖြစ်ကြပါတယ်။ သူတို့ကို တနင်္သာရီတိုင်းမှာ အလုပ် လုပ်ဖို့ ခေါ်သွားတယ်လို့ သိရပါတယ်။ ခေါ်သွားတဲ့ သူတွေကို တရားစွဲ မစွဲဆိုတာကတော့ မနက်ဖြန်မှ သိရမယ်။ မိဘတွေက သမီးဖြစ်သူတွေကို မေးမြန်းပြီး ကျေနပ်မူ ရှိတယ်ဆိုရင် တရားမစွဲဘူး။ မကျေနပ်ရင် တရားစွဲမယ်” ဟု သူက ဆက်လက် ရှင်းပြ ပြောဆိုသည်။
မင်းပြား ရဲစခန်းတွင် တာဝန်ရှိ ရဲအရာရှိမှ နောက်နောင် ယခုကဲ့သို့  ဥပဒေနှင့် မညီဘဲ သွားလာ ခေါ်ဆောင်မူများ မပြုလုပ်ကြရန်နှင့် ယခုလုပ်ရပ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ မည်သို့ ရှိသည်ကို ရှင်းပြ ပြောဆိုမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယခုအခါ ၎င်းအမျိုးသမီးငယ်များမှာ နေရပ်ကျေးရွာ အသီးသီးသို့ မိဘများနှင့် အတူ ရောက်ရှိသွားခဲ့ပြီဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, December 19, 2013

ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော် သို့ ခေါ်ဆောင်လာသော ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သောရက် ၂၀ ကျော် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အမှတ် (၄) လမ်းမကြီး ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း မောင်းနှင်စဉ် တရားမဝင် ကျွန်းသစ်များ တင်လာသည်ဟု သံသယ ရှိသောကြောင့် ရှာဖွေ စစ်ဆေးခဲ့ရာမှ Whirt Card ကိုင်ဆောင်သူ နှစ်ဦး အပါအဝင် စုစုပေါင်း ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ပါဂျဲရိုးယာဉ်ကို ထပ်မံစစ်ဆေးရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ယာဉ်မှတ်ပုံ တင်ထားခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်းကို နိုဝင်ဘာလကုန်တွင် အကြောင်းပြန်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

လိုင်စင်မဲ့ယာဉ်ကို ပြန်လည် စိစစ်ပြီးနောက် ပျဉ်းမနားမြို့နယ် ပန်းခင်း ရပ်ကွက်တွင်နေသူ အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်း ကိုအောင်မျိုးထိုက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် မသူဇာထွေးတို့ကို ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် အမှုဖွင့်ထားကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“အခု ဖမ်းထားတဲ့ ယာဉ်မောင်းက ဒီနှစ်ထဲမှာပဲ မင်္ဂလာဒုံ ရဲစခန်းမှာ လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားတဲ့ တရားခံပြေး။ ကွင်းဆက် တရားခံတွေကို ထပ်ဖမ်းနိုင်ဖို့ သက်ဆိုင်ရာ ရဲအဖွဲ့ကို အမှုတွဲတွေ လွှဲပြောင်းပြီး စစ်ဆေးနေဆဲပါ” ဟု အဆိုပါ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်ပေါက်ကျေးရွာရှိ ဈေးတံတား အနီးတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး တစ်ဦးနှင့် ယာဉ်မောင်း အောင်မျိုးထက်တို့ ဆက်သွယ်ကာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဘင်္ဂါလီလူမျိုး အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်ငါးသိန်း ရယူကာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ရွှေပြည်သာ ကားဂိတ်သို့ ပို့ဆောင်ခငွေ ကျပ် ၃၂ သိန်းဖြင့် လက်ခံခဲ့ကြောင်း၊ ယင်းနောက် စရန်ငွေ ရှစ်သိန်းယူပြီး ရန်ကုန်သို့ ပို့ဆောင်ရာက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် Whirt Card ကိုင်ဆောင်ထားသူများမှာ ဒေသန္တရ စည်းမျဉ်းများအရ ရခိုင်ပြည်နယ် အတွင်း သွားလာခွင့် ရှိသော်လည်း ရပ်ဝေးဒေသ များသို့ ခရီးသွားလာ လိုပါက နေထိုင်သူ၏ မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနတွင် ပုံစံ (၄) ထုတ်ယူပြီးမှသာ သွားလာခွင့် ရှိသောကြောင့် သက်သေ အထောက်အထား စာရွက်စာတမ်းများ မပါရှိဘဲ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ဝင်ရောက်လာသော အဆိုပါ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို လဝက အက်ဥပဒေ ၆(၂)၊ ၆(၃) အမှုများဖြင့် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ရုံးထုတ် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ ပါဂျဲရိုးယာဉ်ကို မောင်းနှင်ကာ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာသူ ယာဉ်မောင်းကို မင်္ဂလာဒုံမြို့မ ရဲစခန်းနှင့် မှော်ဘီ မြို့မရဲစခန်းတို့က ပြစ်မှုပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားပြီး ပို့ကုန်သွင်းကုန် ပုဒ်မ-၈ ဖြင့်ပါ ထပ်မံအမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။
(သတင်းအရင်းအမြစ်- Opposite Eye)