Showing posts with label ရွှေ့ပြောင်းလုပ်သား. Show all posts
Showing posts with label ရွှေ့ပြောင်းလုပ်သား. Show all posts

Friday, January 30, 2015

မလေးရှားသွားငါးဖမ်းစက်လှေနစ်ရာမှ လူ ၅၀ ခန့်သေဆုံး

photo by The Daily Star
photo by The Daily Star
မလေးရှားနိုင်ငံသို့ တရားမ၀င် လူပို့ဆောင်သည့် သင်္ဘောပေါ်သို့ လူများကို ပို့ဆောင်ရန် သွားသည့် ငါးဖမ်း စက်လှေ တစ်စီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ပင်လယ် ကမ်းခြေတွင် နစ်မြုပ်သွားသဖြင့် လူပေါင်း ၅၀ ခန့် သေဆုံးသွားသည်ဟု သတင်း ရရှိသည်။
ယင်းစက်လှေသည် လူပေါင်း ၁၀၀ ခန့်ကို တင်ဆောင်ပြီး မောင်းနှင်လာစဉ် စစ်တကောင်းမြို့ အနောက်ဘက် ကတူဒီယာ ( Kutubdia) ကမ်းခြေမှ ၇ ကီလိုမီတာ အကွာတွင် ယမန်နေ့ နံနက်က နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
လူပေါင်း ၁၀၀ အထဲမှ လူမှောင်ခိုသမား ၃ ဦး အပါအ၀င် လူပေါင်း ၄၃ ဦးကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုသည်။
စက်လှေကို ရေထဲမှ ဖေါ်ယူနိုင်ခဲ့သော်လည်း ကျန်လူများမှာ စက်လှေထဲတွင် ရှာမတွေ့ဘဲ ပျောက်ဆုံးနေသည်ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင် တစ်ဦးဖြစ်သူ  Lieutenant Commander Fazlul Karim ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေတပ်မှ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေသော်လည်း အချိန်ကုန်လာသည်နှင့် အမျှ သူတို့အား တွေ့ရှိရန် မျှော်လင့်ချက်မှာ ပျက်ပြားလာသည်ဟု ဆိုသည်။
သူတို့အား လူမှောင်ခိုသမားများမှ အလုပ်ကောင်းကောင်းရမည်ဟု ဖျားယောင်းသွေးဆောင်ရာမှ ထိုင်းနိုင်ငံနှင့် မလေးရှားသို့ သွားရောက်ရန် ငါးဖမ်းစက်လှေဖြင့် နံနက် ၁ နာရီက ရေလယ်တွင် ကျောက်ချ ရပ်နားထားသော သင်္ဘောပေါ်သို့ တက်ရောက်ရန် ထွက်ခွာလာစဉ် လင်းအားကြီး အချိန်တွင် နစ်မြုပ်ခဲ့သည်ဟု သိရသည်။
ရှာဖွေကယ်တင်နိုင်ခဲ့ရသူ ၄၃ ဦးထဲမှ ၁၄ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာဆိုး ( Jessore) ခရိုင်မှ ဖြစ်ပြီး တစ်ခြား သူများမှာခရိုင်မြို့များ ဖြစ်ကြသော Narayanganj, Bogra, Cox’s Bazaar, Narsingdi, Madaripur and Naogaon ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 19, 2014

မလေးရှားသို့ တရားမ၀င် သွားမည့် ဘင်္ဂလီများကို နယ်စပ်တွင် ကယ်တင်

ဖမ်းဆီးမိသော ဘင်္ဂလီ ၁၂ ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ- The Daily Star)
ဖမ်းဆီးမိသော ဘင်္ဂလီ ၁၂ ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ- The Daily Star)
မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းကနေ တရားမ၀င် သွားရောက်မည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၂ ဦးကို  လူမှောင်ခိုသမားများလက်မှ ဘင်္ဂလာ အာဏာပိုင်များက ကယ်တင်နိုင်ခဲ့သည်ဟု ဘင်္ဂလာဒေရှ့် အရာရှိများက ပြောသည်။
သူတို့အား ဘင်္ဂလာဒေ့ရှ် နိုင်ငံ မော်ချော့ခါလီကျွန်း (ရခိုင်အခေါ် မဟားဇိုးကျွန်း) မှ အိမ်တစ်အိမ်တွင် မလေးရှားသို့ စက်လှေဖြင့် ထွက်ခွာသွားရန် စုရုံးနေကြစဉ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
သူတို့အား ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီ ၃၀ မိနစ်တွင် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူတို့ ၁၂ ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြပြီး ယင်းအထဲတွင် ၆ ဦးမှာ Sirajganj ဖြစ်ပြီး ၄ ဦးမှာ Narsinghdi ဖြစ်ကြောင်း ကျန် ၂ ဦးမှာ and Satkhira ဖြစ်ကြောင်း ဖေါ်ပြသည်။
သူတို့အား မော်ချော့ခါလီ ရဲစခန်းသို့ လွှဲပြောင်းလိုက်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 2, 2014

လိပ်ကျွန်းလူသတ်မှု ၆ ကြိမ်မြောက် ရမန်ထပ်ယူ

လိပ်ကျွန်း, ၀င်းဇော်ထွန်း, ဇော်လင်း
လိပ်ကျွန်း အခင်းဖြစ်ပွားရာသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ လေ့လာကြည့်ရှုစဉ် (ဓာတ်ပုံ – မင်းဦး / ဧရာဝတီ)
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲ ဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦးနှင့် ပတ်သက်၍ တရားလို ထိုင်းရဲတပ်ဖွဲ့က အမှုပြည့်စုံအောင် တင်ပြနိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက် ချုပ်နှောင်နိုင်ရန် ယနေ့ ကော့စမွေ တရားရုံးတွင် ၆ ကြိမ်မြောက် ရမန်ထပ်ယူလိုက်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် လိပ်ကျွန်း လူသတ်မှု အမှုတွဲနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၃ ရက်မှ ၁၄ ရက်အထိ ၁၂ ရက် အတွင်း အမှုတွဲအား ပြည့်စုံအောင် ပြင်ဆင်၍ တင်ပြသွားမည်ဟု တရားရုံးတွင် ဦးတိုက်လျှောက် ထားခဲ့သည်ဟု  လိပ်ကျွန်းအရေး ကူညီဆောင်ရွက်ပေး နေသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ် ဧရာဝတီသို့ ပြောသည်။
“အဓိက သက်သေတဦးဖြစ်တဲ့ နိုင်ငံခြားသား ခရစ္စတိုဖာ ဆိုသူကလည်း ထိုင်းနိုင်ငံပြင်ပမှာ ရောက်ရှိနေပြီဖြစ်လို့ ခေါ်ယူစစ်ဆေးဖို့ မလွယ်ကူကြောင်းကိုလည်း တင်ပြသွားတယ်။ အခုတော့ တရားရုံးက ၆ ကြိမ်မြောက် ရုံးချိန်း ထပ်ချိန်း လိုက်ပါတယ်”ဟု သူက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာလူငယ်နှစ်ဦးအတွက် အချုပ်လွတ် ထုချေခွင့် အာမခံ လျှောက်ထားမှုကို မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထောက်ခံချက်နှင့်တကွ တင်ပြခဲ့သော်လည်း  ထိုင်းနိုင်ငံ၊ ကော့စမွေခရိုင် တရားရုံးက ပယ်ချခဲ့သည်။
အဆိုပါ မြန်မာနှစ်ဦးအရေး လိုက်ပါဆောင်ရွက် ပေးနေသော ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်တို့ တိုင်ပင်ဆွေးနွေးပြီး အာမခံရရှိရန် အာမခံချက်နှင့် အာမခံကြေးငွေ တင်သွင်းသွား ရန်လည်း စီစဉ်နေကြသည်။
အာမခံကြေးအဖြစ် တဦးလျှင် အနည်းဆုံး ဘတ်ငွေ ၅ သိန်း ကုန်ကျနိုင်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်  နိုဝင်ဘာလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့စဉ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai တို့နှင့် လိပ်ကျွန်းလူသတ်မှု တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရသော မြန်မာလူငယ်နှစ်ဦး အချုပ်လွတ် ထုချေခွင့်ရရှိရေး တောင်းဆိုခဲ့သည်။
ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လိပ်ကျွန်းလူသတ်မှုမှာ ဗြိတိန်နိုင်ငံ အနေဖြင့် နစ်နာမှုများ ရှိသည့် အတွက် ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ မြန်မာအစိုးရနှင့်လည်း ချစ်ကြည် ရင်းနှီးမှု မပျက်အောင် ဆောင်ရွက်သွားမည်ဟု ပြောဆိုကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို ရှင်းပြခဲ့သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Tuesday, November 18, 2014

ပင်လယ်ထဲမျောပါနေသော မြန်မာအလံထောင် ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ရေတပ်က ကယ်တင်

( မလေးရှားသွားသူများကို တွေ့ရစဉ်) - Photo- Bangla News 24
( မလေးရှားသွားသူများကို တွေ့ရစဉ်) – Photo- Bangla News 24
ပင်လယ်ထဲမျောပါနေသော မြန်မာအလံကို ထောင်ထားသော ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာအများအပြားတွင် ဖေါ်ပြသည်။
သူတို့မှာ လူမှောင်ခို ပွဲစားများ၏ ဆွဲဆောင်မူဖြင့် မလေးရှားသို့ အလုပ် လုပ်ရန် ယင်းငါးဖမ်းစက်လှေဖြင့် သွားကြသူများ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တာဝန်ရှိသူများက ပြောသည်။
ကယ်တင်ခဲ့ရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀ ခန့်ပါဝင်ပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့ နှင့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းစာများက ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ကိုးကား ဖေါ်ပြသည်။
လတ်တလောတွင်  ကယ်တင်ခံရသူ လူပေါင်း ၆၂၃ ဦးထဲမှာ မည်သူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား၊ မည်သူမှာ မြန်မာနိုင်ငံသား  ဖြစ်ကြောင်းကိုမူ တိတိကျကျ မခွဲခြားနိုင်သေးဟု အာဏာပိုင်များက ပြောဆိုသည်။
ယင်းစက်လှေပေါ်တွင် မြန်မာအလံအားထောင်ထားပြီး သူတို့အား ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် စိန်မာတင်(အုန်းကျွန်း) အရှေ့တောင်ဘက် မိုင် ၅၀ အကွာတွင် သတင်းအရ လိုက်ပါသွားစဉ် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ တွင် ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။
လူမှောင်ခိုသမားဟု ယူဆရသူ ၁၄ ဦးကိုလည်း ဘင်္ဂလာဒေခ်ျ့ ရေတပ် အာဏာပိုင်များက ထိန်းသိမ်း လိုက်သည်ဟု သိရသည်။
ကယ်တင်ခံရသူ လူပေါင်း ၆၀၀ ကျော်အား ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဟု သတင်းများတွင် ဖေါ်ပြသည်။
အလားတူ လူပေါင်း ၃၁၃ ဦးကိုလည်း ဇွန်လအတွင်းက ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပင်လယ်ထဲက ကယ်တင်ခဲ့ရသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, August 18, 2014

မလေးကို ခိုးလှေနဲ့သွားမည့် ဘင်္ဂလီ ၅၀ ကျော်စက်လှေတစ်စီးနှင့်အတူ အဖမ်းခံရ

ဖမ်းဆီးခံရသူများကို တွေ့ရစဉ်။
ဖမ်းဆီးခံရသူများကို တွေ့ရစဉ်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့အနီး ပင်လယ်ပြင်တွင် မလေးရှားနိုင်ငံသို့ တရားမ၀င် ရေလမ်းကြောင်း မှ သွားရန် စီစဉ်နေသည့် စက်လှေတစ်စီးနှင့် လူပေါင်း ၅၀ ကျော်ကို ယနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးလိုက်ကြောင်း Cox’s bazar News တွင် ဖေါ်ပြသည်။
ဖမ်းဆီးခံရသူမှာ  စုစုပေါင်း ၅၆ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရရာတွင် လူကုန်ကူးသူ နှစ်ဦး ပါဝင်ကြောင်း၊ လူကုန်ကူးသူ နောက်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲက ပြောဆိုကြောင်း သတင်းကဆိုသည်။
ယခုအခါ သူတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် ကော့စ်ဘာဇားမြို့ ကိုလာတိုလီရှိ တည်းခိုခန်းတခုမှ လူကုန်ကူးသူ ၂ ဦးနှင့် မလေးရှားသွားမည့်သူ ၁၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
သြဂုတ်လ ၃ ရက်နေ့ကလည်း လူပေါင်း ၆၀ ကျော်တင်ဆောင်ပြီး မလေးသွားမည့် စက်လှေတစ်စီး ကော့စ်ဘာဇားမြို့အနီးတွင် ပျက်စီးသွားခဲ့သည်။
ပျက်စီးသွားသည့် စက်လှေမှလူများမှာ ကမ်းခြေသို့ ထွက်ပြေး လွတ်မြောက်သွားကြသော်လည်း နော်ဆိမ်းဒီခရိုင် ရိုင်ပူမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် ရှာဟီးမီယာဆိုသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများသည် သူ့နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမူကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်မှ နေ၍ မလေးရှားကို နှစ်စဉ်ထွက်ခွာလေ့ရှိပြီး မလေးရှားသို့ ရောက်လျှင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေးလာသူ မြန်မာနိုင်ငံမှ လူနည်းစု မူဆလင်များ ဖြစ်သည်ဟု လိမ်လည် ပြောဆိုကာ အကူအညီနှင့် ခိုလုံခွင့်များတောင်းခံလေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 10, 2014

အလုပ်အကိုင် ရှားပါးလို့ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ များလာ

ရခိုင်ပြည်နယ်မှာ ဒေသတွင်း အလုပ်အကိုင်တွေ ရှားပါးလာနေတာကြောင့် နေရပ်ကိုစွန့် နိုင်ငံရပ်ခြား သွား ရောက်လုပ်ကိုင်ကြတဲ့ လူငယ်တွေဟာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေကြောင်း သိရသည်။ 



ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက ဖွံ့ဖြိုးမှု မရှိသေးတဲ့ ပဒါရွာသစ်၊ ဓာတ်ပုံ- ဧရာဝတီ

ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲ၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ စတဲ့မြို့နယ်တွေက နိုင်ငံခြား ထွက်တဲ့ ဦးရေ အများဆုံးဖြစ်တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ 

အဲဒီမြို့တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေက များသောအားဖြင့် လယ်ယာ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းနဲ့ အသက် မွေးဝမ်း ပြုကြတာ များပါတယ်။ 

 “ ရွာမှာက မိုးရာသီဆို လယ်ထွန်ကောက်စိုက် နွေရာသီဆိုရင်တော့ လွှတိုက်၊ သစ်ဆွဲ ဒီအလုပ်ဘဲ ရှိတော့ ခုခေတ် လူငယ်တွေက ဘယ်လုပ်ချင်ပါ့မလဲ။ မြို့တက်ပြီး အလုပ်ရှာကြတာပေါ့၊ တချို့ကလည်း လယ်တွေ 
ရောင်း၊ ခြံတွေ ရောင်း နိုင်ငံခြားထွက်ကြ ဆိုတော့ ရွာမှာ လူငယ်တွေ အတော်ရှားသွားပြီ ” လို့ 
တောင်ကုတ်မြို့ နေ တောင်သူ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

များသောအားဖြင့် ရခိုင်ပြည်နယ်က ဆယ်ကျော်သက်လူငယ်တွေက ရန်ကုန်၊ မန္တလေး၊ ဖားကန့်၊ စတဲ့ မြို့ကြီးတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြသလို အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ ပြည်ပနိုင်ငံ တွေအထိ သွားရောက်လုပ်ကိုင်နေကြတာပါ။ 

 “ သမီးတို့မြို့မှာက မိန်းကလေးတွေအတွက် ဈေးရောင်း အလုပ်လောက်ဘဲ ရှိတာ။ ရတဲ့ လစာကလည်း တလကို ကျပ်ငွေ ၃၀၀၀၀ တဲ့။ ဘယ်လိုသွားစားရမလဲ။ ရန်ကုန်တက် အလုပ် လုပ်ပြန်တော့ ရတဲ့လခက အခန်းခ နဲ့ လမ်းစာ ရိတ် ဖိုးဘဲ ရှိတယ်။ တပြားမှ မကျန်ဘူး။ ထိုင်းမှာက ဘတ် ၉၀၀၀ မြန်မာငွေနဲ့ဆိုရင် တလကို ၃ သိန်းနီးနီး ရတယ်။ သမီး မြို့ကို ပြန်တာ ၁ လ ပဲ နေနိုင်တယ်။ အလုပ်မရှိတော့ မနေနိုင်ဘူး ” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အိမ်အကူ လုပ်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သူ တစ်ယောက်က ရင်ဖွင့်ပါတယ်။ 





(သတင်းအရင်းအမြစ်- ဧရာဝတီဘလော့ဂ်)

Monday, February 3, 2014

မလေး တရားမ၀င်သွားမယ့် ဘင်္ဂလီ ၅၅ ဦး ဖမ်းဆီးခံရ

55-Bangladeshi-boat-people--arrested-Tenkaf
ဘင်္ဂလားဒေ့ခ်ျနိုင်ငံကနေ မလေးရှားနိုင်ငံကို ရေလမ်းကနေ တရားမ၀င်သွားမလို့ ပြင်ဆင်နေတဲ့ ဘင်္ဂလီ ၅၅ ဦးကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ခုက ဖမ်းဆီးလိုက်ပါတယ်။
Rapid Action Battalion (RAB) လို့ ခေါ်တဲ့ အထူး မူခင်းနှိမ်နှင်းရေး အမှတ် (၇) တပ်ဖွဲ့ တစ်ခုကနေ သူတို့ကို လူမှောင်ခို ပွဲစားနှစ်ဦးနဲ့ အတူ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်းက အိုကီးယားမြို့နယ် အတွင်းမှာ မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Bangla News မှာ ဖေါ်ပြပါတယ်။
သူတို့ကို မလေးရှားကို သွားမလို့ လုပ်နေတုန်း စက်လှေ တစ်စီးပေါ်က ယမန်နေ့ ည ၁၀ နာရီမှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို အခုအခါ အိုခီးယားမြို့ရဲစခန်းသို့ လွဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ခြောက်သွေ့ရာသီမှာ ဘင်္ဂလီလူမျိုးတွေဟာ အလုပ်အကိုင် ရှာဖွေဖို့ အတွက် ရေလမ်းကြောင်းမှ တဆင့် မလေးရှားကို တရားမ၀င် စက်လှေတွေနဲ့ ခိုးသွားလေ့ရှိပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, January 27, 2014

မလေးရောက်လျှင် မြန်မာနိုင်ငံသားအဖြစ် လိမ်လည်ခံယူကြမည့် ဘင်္ဂလီများ နယ်စပ်တွင်ဖမ်းမိ

Coastguards detained 57 Bangladeshi at Teknaf
( ဖမ်းမိထားတဲ့ မလေးကိုသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို တွေ့ရစဉ်။)
မလေးရှားရောက်လျှင် မြန်မာနိုင်ငံသားဖြစ်ကြောင်း လိမ်လည်ခံယူကြမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၅၇ ဦးကို မြန်မာနယ်စပ်အနီးမှာတည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၊ တက်ကနက်မြို့မှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းမိသူတွေအထဲမှာ နော်ချိန်ဒီမြို့မှ ၁၇ ဦး၊ ဂျော်ဆိုးမြို့မှ ၇ ဦး၊နာရာယန်ဂေါင်မြို့မှ ၁၃ ဦး၊ ဘိုဂုနမှ ၄ ဦး၊ ဘိုဂူရာမှ ၃ ဦး၊ ချီရာဂေါင်မြို့မှ ၃ ဦး၊ ချကီးရာမှ ၂ ဦး၊ မဟာပူရ်မှ ၂ ဦး၊ ဘော်ရီခ်ျ ၄ ဦးနဲ့ ကော်မီလာမြို့က ၂ ဦးတို့ ဖြစ်ကြတယ်လို့ ဘင်္ဂလာဒေခ်ျ့ရဲက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
သူတို့တွေကို မလေးရှားကို ရေလမ်းကနေ တဆင့် စက်လှေတွေနဲ့ ခိုးသွားဖို့ စီစဉ်နေစဉ်မှာ တက်ကနက်မြို့နယ် ကော်စူနီယာအရပ်မှာ ဘင်္ဂလာဒေခ်ျ့ အကောက် အခွန်ဌာနက ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေ (၅) နာရီမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
သူတို့ကို အခုအခါမှာတော့ တက်ကနက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ မလေးရှားကို အလုပ်သမားတွေ တရားဝင်ပို့ဆောင်နေပေမယ့် အများစု ဘင်္ဂလီတွေကတော့ တရားဝင်အလုပ် သွားလုပ်မှာကိုထက် တရားမ၀င် သွားလုပ်ရတာကို ပိုနှစ်သက် သဘောကျကြတယ်လို့ သိရပါတယ်။
ခုလို နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ တရားမ၀င် အလုပ်သွားလုပ်ရင် အစိုးရကို အခွန်ဆောင်စရာမလိုတဲ့အပြင် နှစ်အကန့်အသတ်မရှိ ဘင်္ဂလာဒေခ်ျ့ကို မပြန်ဘဲ နေထိုင် အလုပ် လုပ်ကိုင်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။
ဒါ့ပြင် မလေးရှားကိုဖြစ်ဖြစ်၊ ထိုင်းကို ဖြစ်ဖြစ် ရောက်သွားတဲ့ အခါ သူတို့တွေဟာ မြန်မာအစိုးရနဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေရဲ့ နှိပ်စက်မူကြောင့် ထွက်ပြေးလာရတဲ့ လူနည်းစု ရိုဟင်ဂျာတွေ ဖြစ်တယ်ဆိုပြီး လိမ်လည်ကာ ခိုလုံခွင့်တောင်းတို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ရယူကြတာတို့ကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လူပ်ရှားသူတွေကလည်း သူတို့ကို ရိုဟင်ဂျာတွေ အဖြစ် တံဆိပ်ကပ်ကာ နိုင်ငံတကာမှာ လူပ်ရှားကြတယ်လို့ သိရပါတယ်။
အများစု ဘင်္ဂလီတွေဟာ မလေးကိုရောက်တဲ့အခါ မြန်မာနိုင်ငံက ထုတ်ပေးတဲ့ White card အဖြူရောင်ကဒ်တွေကို အတုလုပ်ကိုင်ဆောင်ပြီး ယူအန်မှာ ဒုက္ခသည်တွေအဖြစ် လျှောက်ထားကြတယ်လို့လည်း သိရပါတယ်။
အခုလို လိမ်လည်မူတွေကြောင့် မလေးရှားနဲ့ ထိုင်းမှာ ယခင်က ဖမ်းမိခဲ့သူတွေ အထဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ သူတို့ရဲ့ အမည်စာရင်းတွေ ပျောက်ကွယ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတ်ငးဌာန)

Wednesday, January 22, 2014

မလေးတွင် မြန်မာ အပါအ၀င် တရားမ၀င် အလုပ်သမား ၁၅၆၅ ဦးဖမ်းဆီးခံရ

Illegals-Detained-Malaysia
မလေးရှားနိုင်ငံတွင် ယမန်နေ့က စတင်ခဲ့သည့် တရားမ၀င် အလုပ်သမားဖမ်းဆီးမူ အတွင်း မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမား ၁၅၆၅ ဦး ဖမ်းဆီးမိခဲ့သည်ဟု မလေးရှား အရာရှိများကို ကိုးကားပြီး ဘင်္ဂလား Bdnews24 တွင် ဖေါ်ပြသည်။
ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသား ၁၅၇ ဦး၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၅၅ ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ၆၉၅ ဦးပါဝင်ပြီး တခြားသူများမှာ ဖိလစ်ပိုင်၊ ထိုင်း၊ တရုတ်နှင့် နိုင်ဂျီးရီးယား နိုင်ငံသားတို့ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တရားမ၀င် အလုပ်သမားနှိမ်နှင်းရေးကို ကွာလာလမ်ပူ အပါအ၀င် မြို့ပေါင်း ၁၀၇ မြို့တွင် ရဲအပါအ၀င် အစိုးရ၀မ်းထမ်း တစ်သောင်းခန့်ဖြင့် ဖွဲ့စည်းထားသော  အဖွဲ့ ၁၀ ဖွဲ့မှ ဆောင်ရွက် နေခြင်း ဖြစ်သည်။
ယခုပြုလုပ်သည့် တရားမ၀င် နိုင်ငံခြား အလုပ်သမား နှိမ်နင်းရေးမှာ ယခင်ကပြုလုပ်ခဲ့သည့် ၃ လ စီမံကိန်း အပြီးနောက်ပိုင်းတွင် ပြုလုပ်ခြင်း ဖြစ်သည်။
ယခု ဖမ်းဆီးမူသည် မလေးရှားတွင် တရားမ၀င် အလုပ်သမား လုံးဝပပျောက်ရေးအတွက် ပြုလုပ်ခြင်း၏ တစိတ်တဒေသ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, October 4, 2013

မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာများလည်း သီတဂူ ပြန်ခေါ်မည်

မလေးရှား, သီတဂူ, ရွှေ့ပြောင်းလုပ်သား, လူ့အခွင့်အရေး
ပြီးခဲ့သည့် ဇွန်လဆန်းက မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများကို တွေ့ရစဉ် (ဓာတ်ပုံ – SIN CHEW DAILY / ASIA NEWS NETWORK)
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် တရားမဝင် မြန်မာလုပ်သား ၁၇၇ ဦးနှင့် ဖမ်းဆီး ခံထားရသည့် မြန်မာလုပ်သား ၈၀ ဦးကို အောက်တိုဘာ ၆ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် သွားရောက် ခေါ်ဆောင်မည်ဟု သီတဂူသာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့မှ သိရသည်။
“တတိယ အသုတ်အနေနဲ့ သွားခေါ်မှာပါ။ ဒီတခါတော့ ထောင်ကျနေတဲ့ အလုပ်သမားတွေလည်း ပါမယ်။ အဖမ်းခံထားရပြီး မြန်မာပြည်ပြန်ချင်တဲ့ တရားမဝင် နေထိုင်သူတွေကို ခေါ်ထုတ်ပေးတာ။ မြန်မာ အလုပ်သမားတွေကို ဆက်တိုက် ပြန်ခေါ်ပေး နေမှာပါ” ဟု သီတဂူ သာသနာပြု (မလေးရှား အထောက်အကူပြု) အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
မလေးရှားရောက် မြန်မာလုပ်သားများကို ပြန်လည် ခေါ်ယူနိုင်ရန်အတွက် အလှူငွေများ ရရှိခဲ့ပြီး အဆိုပါ အလှူငွေများ ကုန်သွားပါကလည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် အလုပ်သမားများကို လေယာဉ် စရိတ် အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင် ပေးနေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်သားများသည် MAI လေကြောင်း၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရနှင့် ကမ္ဘောဇဘဏ်တို့၏ အခမဲ့ စီစဉ်ပေးမှုဖြင့် အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက်ကာ မြန်မာအလုပ်သမားကိစ္စ ညှိနှိုင်းခဲ့သည့် အလုပ်သမားဝန်ကြီး ဦးအေးမြင့်က စက်တင်ဘာ ၁၄ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် VIP ဝင်ပေါက်အနီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများ တရားဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆိုနေသော်လည်း မလေးရှားရောက် မြန်မာလုပ်သား အများစုမှာ မြန်မာနိုင်ငံသို့သာ ပြန်လာလျက်ရှိကြောင်း သိရသည်။
“မလေးမှာ မြန်မာ အလုပ်သမားတွေအတွက်က လုံးဝ လုံခြုံမှုမရှိသေးဘူး၊ အချိန်မရွေး အသက် သေသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လေ။ ဒါကြောင့် ပြန်လာလိုက်တာ” ဟု မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ကိုအောင်မြတ်က ပြောသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကို စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီးနောက် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားအများစုမှာ မိမိနိုင်ငံသို့ ကိုယ်ပိုင် အစီအစဉ်ဖြင့် လည်းကောင်း၊ လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လာနေကြကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ အများဆုံး ဖမ်းဆီးခံထားရပြီး မြန်မာလုပ်သား ၆၀၀ ကျော်ကို မလေး အာဏာပိုင်များက ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ တချို့ မြန်မာလုပ်သားများမှာ ဖမ်းဆီးမှု စတင်ကတည်းက နယ်စပ်သို့ ထွက်ပြေးမှုများ ရှိကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို ဖမ်းဆီးမိပါက သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေအရ အရေးယူမည်ဟုသာ သိရကြောင်း အလုပ်သမားဝန်ကြီးက စက်တင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၁ သိန်း ၄ သောင်းကျော် ရှိပြီး တရားမဝင် အလုပ်သမား ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ တခြား မြန်မာအလုပ်သမား ၈ ထောင်ကျော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်မှတ် ကိုင်ဆောင်ထားကြကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Wednesday, September 11, 2013

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂါလီများက ၎င်းတို့အား မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန် တောင်းဆို


တတိယနိုင်ငံများသို့ သွားရောက်အခြေချနိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံရှိ လူဝင်မှုထိန်းသိမ်းရေး စခန်းများတွင် ကိုးလကြာ ထိန်းသိမ်းခံထားရသော ဘင်္ဂါလီများသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန် တောင်းဆိုလျက် ရှိနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ယခုအချိန်တွင် ဘင်္ဂါလီဦးရေ ၁၇၀၀ ခန့်သည် ထိုင်းနိုင်ငံသို့ တရားမ၀င် ခိုးဝင်လာမှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်များရှိ လူဝင်မှုထိန်းသိမ်းရေး စခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထား ရသည်။ လူဝင်မှုကြီးကြပ်ရေး ဗျူရိုမဟာမင်းကြီး ဒုတိယဗိုလ်ချုပ်ကြီး Pharnu Kerdlarpphon က ပြောဆိုရာတွင် မြန်မာအစိုးရက တရားမ၀င် ခိုးဝင်လာသူများအဖြစ် သတ်မှတ်ထားနေသော်လည်း ဘင်္ဂါလီများသည် ၎င်းတို့အား မြန်မာနိုင်ငံသို့သာ ပြန်လည်ပို့ဆောင်ရန် တောင်းဆိုနေကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ လူဝင်မှု အရာရှိများ အနေဖြင့် ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသော ဘင်္ဂါလီ တစ်ဦးချင်းစီအား ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ မိမိသဘောနှင့်မိမိ ပြန်လိုခြင်း ရှိမရှိကို စိစစ်မေးမြန်းရန် တာဝန်ပေးအပ်ထားပြီး ထိုသို့ပြန်ပို့ရန်အတွက်လည်း သဘောတူကြောင်းရေးသားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် ဘင်္ဂါလီဒုက္ခသည် စခန်းတစ်ခု တည်ဆောက်ရန် တောင်းဆိုမှုများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေး ဗျူရိုမဟာမင်းကြီးက ထိုင်းနိုင်ငံပြည်ထဲရေး ဌာနများအနေဖြင့် အဆိုပါ အကြံဥာဏ်အား လက်မခံနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာသည့်နှုန်း မြင့်တက်လာလိမ့်မည်ဖြစ်ပြီး အစိုးရ၏ မူဝါဒနှင့်လည်း မကိုက်ညီကြောင်း ပြောကြားသည်။
"သူတို့အနေနဲ့ အကျဉ်းထောင်ထဲမှာ ကိုးလကြာနေပြီ ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ သူတို့ကို ဘယ်ပို့ရမလဲဆိုတာနဲ့ ပတ်သက်လို့ အဖြေမရသေးဘူး။ မလေးရှားကလည်း မလိုချင်ဘူး။ မြန်မာကလည်း မလိုချင်ဘူး။ သူတို့အနေနဲ့လည်း ထိုင်းနိုင်ငံမှာ မနေချင်ဘူး။ တော်တော်များများက အိမ်ပဲပြန်ချင်နေတယ်။ သူတို့ကို ရခိုင်ပြည်နယ် တိုက်ရိုက်ပို့ဆောင်ပေးလို့ ရမလားဆိုတာကို မြန်မာအစိုးရနဲ့ တိုင်ပင်နေပါတယ်" ဟု ၎င်းကပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group၊ ဓာတ်ပုံ- အင်တာနက်)
Bangkok Post တွင်ဖော်ပြထားသော မူရင်းသတင်းအားဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ။ 

Monday, September 9, 2013

ထိုင်းနိုင်ငံ မဲဆောက်မြို့ အုန်းပြန့်ဒုက္ခသည်စခန်းမှ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား

 
ထိုင်းနိုင်ငံ မဲဆောက်မြို့ အုန်းပြန့်ဒုက္ခသည်စခန်း ရပ်ကွက် (၁)တွင် ရခိုင်စေတနာ့ ဝန်ထမ်းလူမှု ကူညီရေးအသင်းရုံး၌ ၇၄ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို နံနက် ၉ နာရီကစပြီး နေ့လယ် ၁၂ နာရီတွင်ပြီးဆုံးခဲ့ပြီး အဆိုပါအခမ်းအနားကို ရခိုင်စေတနာ့ ဝန်ထမ်းလူမှုကူညီရေးအသင်း (ဒုက္ခသည်စခန်း)မှ ဦးဆောင်ကာ ၄င်းအခမ်းအနားသို့ ဒုက္ခသည်စခန်းရှိ ကရင်အဖွဲ့စည်း၊ ကရင်အမျိုးသမီးများအဖွဲ့၊ စခန်းအုပ်ချုပ်ရေးမှူး၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးနှင့် ရခိုင်တိုင်းရင်းသားများတို့ တက်ရောက် ဂါရ၀ါပြုခဲ့ကြပြီး လူမှုကူညီရေးအသင်းမှာ တာဝန်ရှိပုဂ္ဂိုလ်များမှ ဦးဥတ္တမ၏ မြန်မာ့သမိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော အကြောင်းအရာနှင့် အတ္ထုပတ္တိ အကြောင်းကိုတို့ ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ တက်ရောက်လာသော ဧည့်တော်များကိုလည်း ရခိုင့်အစားအစာများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။
(ဤသတင်းအား Arakan Time ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ်ပွဲ ဘန်ကောက်မြို့မှာ ကျင်းပ

 ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထု။ (ဓါတ်ပုံ - စိုးသန်းအောင်)
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မှုခဲ့တဲ့ (၇၄) နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဖလန်ဆောင်အရပ်က ဝပ်လောင်ဘုန်းကြီးကျောင်းမှာ ဒီနေ့ ပရိသတ် တစ်ထောင်နီးပါး တက်ရောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။
အခမ်းအနားမှာ ရဟန်းသံဃာတော်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ဦးခိုင်ရဲခိုင်၊ ရခိုင့်တပ်မတော် (AA) မှ ဦးထွန်းအေး၊ ရခိုင်အမျိုးသား ကွန်ဂရက် (ANC)မှ ဦးသီဟတို့က မြန်မာ့လွတ်လပ်ရေးရရှိအောင် ရှေ့ဆောင်လမ်းပြခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် ဦးဥတ္တမရဲ့ ဂုဏ်ကျေးဇူးတော်တွေကို ဟောပြောခဲ့ကြပါတယ်။
ဒီအခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့(ASMA)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်မျိုးချစ်စိတ် ဖွံ့ဖြိုးရေးအသင်း၊ ရခိုင်လူငယ်များအသင်းနဲ့ ရခိုင်ထောက်ပံ့ကူညီရေးအသင်းတို့က ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနား ဦးစီးကျင်းပရာမှာပါဝင်တဲ့ ALD ဥက္ကဌ ဦးအံ့မောင်က သူတို့ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
“ဆရာတော် ဦးဥတ္တမက အဖိနှိပ်ခံ ပြည်သူလူထုဘက်ကနေပြီးတော့ မားမားမတ်မတ် အင်္ဂလိပ်ဆီကနေပြီးတော့ မြန်မာနိုင်ငံ လွပ်လပ်ရေးရအောင် သူကတစိုက်မတ်မတ် လုပ်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ ကျနော်တို့ အဖိနှိပ်ခံပြည်သူတွေဟာ အမြဲတမ်း ဆရာတော် ဦးဥတ္တမ မိန့်ကြားနေတဲ့ စကားလုံးတွေ ကြားယောင်ပြီးတော့ ကိုယ့်ဟာကိုယ် လွတ်လပ်ရေးရရှိဖို့အတွက် ပြည်သူလူထုဟာ ဒီလိုအဆင်သင့် ဖြစ်ရမယ်ဆိုတဲ့ဟာလေးကိုတော့ ကျနော်တို့က ရည်ရွယ်တယ်ဗျ”
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က မဟာချူလာလောင်ကွန်း တက္ကသိုလ်မှာ Humanity ဘာသာရပ် တက်ရောက်သင်ကြားနေတဲ့ အရှင်ဂန္ဓသာရက ဒီအခမ်းအနားကို လာတက်ရောက်ရတဲ့ အကြောင်းရင်းကိုတော့ အခုလိုမိန့်ပါတယ်။
“ဦးဇင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုလို့ရှိရင် ဆရာတော်ရဲ့ အနစ်နာခံမှု၊ စွန့်လွှတ်မှုတွေ အဲဒီဟာတွေကို ဦးဇင်း မြင်ယောင်မိတယ်၊ အဲဒါကြောင့် ဦးဇင်းက သူ့ကိုကြည်ညို လေးစားတဲ့အနေနဲ့ လာတက်တယ်၊ သဘောမှာ ဦးဇင်း ဘယ်အရာတွေကို ပိုပြီးတော့ အလေးထားပြီး ယုံကြည်သက်ဝင်ပြီးတော့ လေးစားသလဲဆိုလို့ရှိရင် getout getout ဆိုပြီးတော့ နှင်ထုတ်ခဲ့တာတွေ နောက်ပြီးတော့ အင်္ဂလန်အထိရောက်သွားပြီးတော့ ဆရာတော် ဦးဥတ္တမဟာ လွပ်လပ်ရေးကို အလှူခံခဲ့တဲ့ဟာတွေ ဒါတွေဟာ ဦးဇင်းတို့ရဲ့ လေးစားလောက်တဲ့ အရည်အချင်းရှိတဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဦးဇင်းမြင်တယ်”
ဒါ့အပြင် ဒီနေ့ဒီအချိန်မှာ ဆရာတော် ဦးဥတ္တမရဲ့ ကျေးဇူးတော်တွေကို ဖော်ထုတ်ပြီး အနာဂတ်မြန်မာပြည်မှာ ဆရာတော်လို စွမ်းဆောင်နိုင်တဲ့သူတွေ ပေါ်ထွန်းလာစေလိုပါတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာရဟန်းသံဃာတော်များ၊ ရခိုင်မျိုးချစ်အဖွဲ့အစည်းများနဲ့ ရွှေ့ပြောင်းအလုပ်သမားများက ဆရာတော် ဦးဥတ္တမနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာ အခုဆိုဆယ်စုနှစ်မကရှိခဲ့ပြီလို့လည်း သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA)

Friday, September 6, 2013

မလေးရှားရောက် ရခိုင်လူမျိုးများ UNHCR ၏ ခွဲခြားဆက်ဆံခြင်းကို ခံနေရ

မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေကြသော မြန်မာတိုင်းရင်းသားများကို ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ မလေးတွင် နေထိုင်ခွင့်အတွက် UN ကဒ် ထုတ်ပေးသော်လည်း ဗမာလူမျိုးနှင့် အခွင့်အရေး တန်းတူဟုဆိုကာ ရခိုင်လူမျိုးများကို UN ကဒ်ထုတ်မပေးဘဲ သီးသန့် ခွဲခြားဆက်ဆံနေကြောင်း ရခိုင့်အရေး လှုပ်ရှားနေကြသူများမှ ပြောပြချက်အရ သိရသည်။
UNHCR လိုဂို။UNHCR လိုဂို။
UNHCR ရုံးမှ သြဂုတ်လ ဒုတိယအပတ်အတွင်းက မလေးရှားရောက် မြန်မာဒုက္ခသည်များကို UN ကဒ်ထုတ်ပေးမည်ဟု ကြေညာခဲ့ပြီး ယင်းအထဲတွင် ရခိုင်လူမျိုးများ ပါမလာကြောင်း၊ UN ကဒ်များကို ယခုလ ၂ ရက်နေ့မှစ၍ ထုတ်ပေးနေပြီဖြစ်သည့်အတွက် ရခိုင်လူမျိုးများမှာ UN ကဒ် ရရှိခြင်း မရှိကြောင်း၊ UN ကဒ်လျှောက်ထားသော ရခိုင်လူမျိုးများမှာ ၂၀၀၀၀ ကျော်ရှိပြီး မလေးမှာ ရောက်ရှိနေသည့် ရခိုင်အားလုံးမှာ ၆၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
UN ကဒ် မရရှိသော ရခိုင်အမျိုးသားတစ်ဦးဖြစ်သူ မျိုးရခိုင် က " မလေးရှားမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအားလုံးကို UN ကဒ် ပေးမယ်ဆိုပြီးတော့ UNHCR က ကြေညာပါတယ်။ ဒါပေမယ့် ကြေညာစာတမ်း ထွက်လာတဲ့ အချိန်မှာ ရခိုင်မပါလာဘဲ ရခိုင်ကို လူမျိုးကြီးဆိုပြီး ဗမာလူမျိုးနဲ့ တန်းတူဆိုပြီးတော့ ခွဲခြားထားပါတယ်။ အစိုးရနဲ့ တန်းတူဖြစ်တယ်။ အဓိကတော့ ရခိုင်တွေဟာ မြန်မာနိုင်ငံမှာ အဖိနှိပ်ခံ မဟုတ်ဘူးပေါ့။ ဗမာနဲ့တန်းတူ လူမျိုးကြီးအထဲမှာ ထားပါတယ်။ အဲဒီလို ကျနော်တို့ကို UNHCR က ခွဲခြားပါတယ်။ " ဟု ပြောသည်။
ဗမာလူမျိုးကို UNHCR က ကဒ်ထုတ်မပေးရသော အကြောင်းရင်းမှာ " ဗမာဟာ လူမျိုးကြီးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာ အုပ်ချုပ်နေတာဟာ ဗမာလူမျိုးဖြစ်တယ်။ ဒါကြောင့် ဗမာဟာ ဖိနှိပ်ခံမဟုတ်တဲ့ လူမျိုးဖြစ်တယ်။ ကျန်တိုင်းရင်းသားတွေက ဖိနှိပ်ခံလူမျိုးတွေဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာ ဗမာလူမျိုးဟာ အခွင့်အရေး အများကြီး ရတယ်လို့ UNHCR က သတ်မှတ်ပါတယ်။ အဲဒီလိုပဲ ရခိုင်တွေဟာ ဖိနှိပ်ခံ လူမျိုးမဟုတ်ဘူးဆိုပြီးတော့ ဗမာနဲ့ တန်းတူထားပါတယ်။ တကယ်တော့ ရခိုင်တွေဟာ စစ်အစိုးရ အဆက်ဆက် ယခုအချိန်ထိပေါ့နော် ဖိနှိပ်ခံ ဘ၀ပါပဲ။ ဥပမာ - ရေနံနဲ့ ရွှေသဘောဝ ဓါတ်ငွေ စီမံကိန်းကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ မြေယာအသိမ်းခံနေရတာတွေ၊ နောက် တခြားလူမှုရေးပေါ့နော် ကိစ္စတွေမှာ ဖိနှိပ်ခံနေရတာတွေကို သူတို့က မသိဘူး။ " ဟု ၄င်းကဆိုသည်။
UNHCR မှ ဒုက္ခသည်များအပေါ်မှာ ခွဲခြားဆက်ဆံခြင်း မရှိဘူးဟု တရားဝင် ကြေညာထားသော်လည်း ယခုလို ရခိုင်လူမျိုးများအပေါ်မှာ ခွဲခြားဆက်ဆံ လိုက်ခြင်းကို ရခိုင်လူမျိုးများက ကျေနပ်မှုမရှိသောကြောင့် မလေးရှားရောက် ရခိုင်ကျောင်းသားများ အပါအ၀င် UN ကဒ်မရရှိသော လူတချို့နှင့် ရခိုင့်အရေးကို ဆောင်ရွက်နေကြသူများမှ စုပေါင်းကာ လူပေါင်း ၁၀၀၀၀ ခန့်က လက်ရှိ ခံစားနေရသော အခက်အခဲဒုက္ခများကို သိရှိစေရန် UNHCR ရုံးကို ငြိမ်းချမ်းစွာနှင့် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ကိုမျိုးရခိုင်က ပြောသည်။
" ဆန္ဒဖော်ထုတ်တဲ့အခါမှာ ကျနော်တို့ တောင်းဆိုသွားမှာကတော့ ကျနော်တို့ ရခိုင်ပြည်မှာ ရေနံရွှေသဘာဝ ဓါတ်ငွေ့ထုတ်ယူတာနဲ့ ပတ်သက်ပြီးတော့ မြေယာသိမ်းတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ UNHCR ရုံးကလည်း ဒုက္ခသည်အပေါ်မှာ ခွဲခြားဆက်ဆံခြင်း မရှိဘူးဆိုပြီးတော့ ဒီမှာ တရားဝင် ကြေညာထားပါတယ်။ ဒါကြောင့် ကျနော်တို့က ဘာကြောင့် ခွဲခြားဆက်ဆံရတာလဲ ဆိုတာကို မေးမယ်။ ပြီးတော့ မလေးရှားမှာ ဖြစ်ပျက်နေတဲ့ ရခိုင်လူမျိုးတွေရဲ့ ဒုက္ခရောက်နေကြတဲ့ ပုံတွေကို တင်ပြသွားမယ်။ ကျနော်တို့ ရခိုင်တွေကလည်း UNHCR က ခွဲခြားဆက်ဆံလိုက်တဲ့အတွက် တအားကြီး စိတ်မကောင်းဖြစ်နေကြတယ်။ " ဟု ၄င်းက ဆိုသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်များကို ၂၀၀၆ ခုနှစ်မှစ၍ UN ကဒ်ထုတ်ပေးကာ မြန်မာနိုင်ငံမှ ရခိုင်ကလွဲပြီး ကျန်တိုင်းရင်းသားများ ရရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် UN ကဒ်ထပ်ပေးသောအခါ ရခိုင်လူမျိုးမှာ ယခုလိုမျိုး ခွဲခြားဆက်ဆံခံရပြီး ယင်းအချိန်က ဆန္ဒပြတောင်းဆိုသောကြောင့် ပထမအကြိမ်အဖြစ် ရရှိခဲ့ကြောင်း၊ UNHCR မှ ဒုက္ခသည်များအား ၂၀၁၄ ခုနှစ်အထိ ကဒ်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

Wednesday, September 4, 2013

မလေးရှားတွင် အဖမ်းခံမြန်မာ ၅၀၀ ကျော်သွားပြီ

Malaysia-defers-amnesty-plan-for-illegal-labor-from-indonesia--bintan
 
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကိုးကားပြီး မလေး သတင်းဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့ နံနက်စတင်ခဲ့သော တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။

ယမန်နေ့ တနင်္လာနေ့ ညနေထိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၅၅၅ ဦးရှိသွားပြီ ဖြစ်သည်ဟု မလေးရှားက လာသော သတင်းများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြား အလုပ်သမားများထဲတွင် မြန်မာမှာ ဒုတိယ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားမှာ ပထမဖြစ်သည်။ ဖမ်းဆီးခံရသော အင်ဒိုနီးရှား အလုပ်သမား အရေအတွက်မှာ ၇၁၇ ဦးရှိသည်။

မြန်မာနောက်မှ တတိယ အများဆုံး အဖမ်းခံရသော အလုပ်သမားများမှာ ဘင်္ဂလာဒေခ်ျ့က ဖြစ်ပြီး စုစုပေါင်း ၃၈၇ ဦးရှိကြောင်း သိရသည်။

ယခု စီမံချက်မှာ ပုံမှန်ပြုလုပ်နေကျ မဟုတ်ဘဲ အထူး အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု စီမံချက်သည် ယခုနှစ်ကုန်သည် အထိ ပြီးဆုံးမည် မဟုတ်ကြောင်း မလေးအာဏာပိုင်များက ပြောသည်။

ယခုစီမံချက်တွင် မလေးရှားနိုင်ငံမှ ၀န်ထမ်းပေါင်း ၂၂၀၇ ဦး ပါဝင် လုပ်ကိုင်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, September 3, 2013

မြန်မာအလုပ်သမားများ ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာမှထုတ်ပြန်မှု မရှိသေးသည့်အပေါ် ဆွေးနွေးပွဲပြုလုပ်

ဗီဇာသက်တမ်းတိုးရန် ထုတ်ပြန်မှု မရှိသေးသည့်အပေါ် စိုးရိမ်နေကြသော မြန်မာ အလုပ်သမား ၃၀၀ ကျော်နှင့် ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌါနမှ အထူးကိုယ်စားလှယ်တို့၏ ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁ ရက်နေ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ တလာ့ထလေထိုင်း (ပင်လယ်ထွက်ပစ္စည်း ရောင်းချရေးဈေး) ပိုင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဲဆောက် - မြ၀တီ တံတားထိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ်။  (ဓာတ်ပုံ - KIC)မဲဆောက် - မြ၀တီ တံတားထိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - KIC)
၎ နှစ်ဗီဇာသက်တမ်း ကုန်ဆုံးသွားသည်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ဖြစ်သော်လည်း ယနေ့အချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထုတ်ပြန်ခြင်း မရှိသေးသည့်အပေါ်တွင် အလုပ်သမားများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြရာ ထိုင်းအလုပ်သမားဝန်ကြီးဌါနမှ အထူးကိုယ်စားလှယ်နှင့် အလုပ်သမား ၃၀၀ ကျော်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲတွင် သက်တမ်းကုန် ဗီဇာများ မြန်မာပြည်တွင် သုံးနှစ်နေပြီး ပြန်လာမှ သက်တမ်းတိုးပေးမည်ကို အလုပ်ရှင်နှင့် အလုပ်သမားများ တောင်းဆိုမှုကြောင့် တစ်လသို့ လျှော့ချလိုက်ပြီး ယခင်လုပ်ပေးခဲ့သောနေရာတွင် ပြန်လည်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ သက်တမ်းကုန် ဗီဇာများ တစ်ရက်လွန်လျှင် ဘတ် ၅၀၀ ဒဏ်ငွေဆောင်ရမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌါန၏ အထူးကိုယ်စားလှယ်မှ ပြောကြားခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက်မှ ရှေ့နေအကူဝန်ထမ်းဖြစ်သူ ကိုဇော်မှ ပြောသည်။
" ဗီဇာသက်တမ်း ကုန်နေကြတာ ဇူလိုင် ၁၅ ရက်နေ့ ကတည်းဖြစ်ပါတယ်။ အခု စက်တင်ဘာလ ကုန်ရင် ၁ လခွဲ ရှိသွားတော့မယ်။ ဆွေးနွေးပွဲနေ့က ဝန်ကြီးပြောတာကတော့ တစ်ရက်လွန်ရင် ဘတ် ၅၀၀ ဒဏ်ငွေ ဆောင် ရမယ်လို့ ပြောခဲ့တယ်။ အဲဒါဆိုရင် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေ ပိုများလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဝန်ကြီးဌါနအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးမလဲဆိုတာကို တင်ပြဖို့ အစီအစဉ်ရှိပါတယ်။ သူတို့ ပြောတာကတော့ လာမည့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနှင့်မြန်မာ ဆွေးနွေးပြီးတော့ ထုတ်ပြန်မယ်လို့ ပြောပါတယ်။ " ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများမှ ၄ နှစ်သက်တမ်းပြည့်သွားပြီဖြစ်သော ဗီဇာများအား ထိုင်းနိုင်ငံတွင် ပြန်လည်တိုးပေးရန်၊ ယခင်ကလုပ်ပေးခဲ့သော နေရာများတွင် ပြန်လုပ်ပေးရန်၊ ထိုင်း Agent များနှင့် ပွဲစားများအား အနည်းငယ်ထိန်းချုပ်ပေးရန်နှင့် သက်တမ်းမတိုးခင် အလုပ်သမားများအား ထိုင်းလုံခြုံရေး ရဲများက ဖမ်းဆီးနေခြင်းအပေါ် မည်ကဲ့သို့ ထိန်းချုပ်မည်နည်း စသော အချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
" အလုပ်သမားတွေ တစ်ဦးချင်းစီက ထွက်လာတဲ့ အသံတွေကို စုစည်းပြီးတော့ တင်ပြလိုက်တာပါ။ ကျွန်တော်တို့ တင်ပြရင် ကျွန်တော်တို့ အသံပဲ ဖြစ်သွားမှာစိုးလို့ပါ။ တင်ပြတာကတော့ ဗီဇာသက်တမ်းတိုး တာကို ထိုင်းနိုင်ငံမှာ လုပ်ပေးဖို့ ၊ အရင်လုပ်ခဲ့တဲ့ ရုံး ၁၁ ရုံးတွင် ပြန်လည် လုပ်ဆောင်ပေးရန်၊ Agent နှင့်ပွဲစားတွေကို နည်းနည်း ထိန်းချုပ်ပေးဖို့ သက်တမ်းကုန်သွားလို့ရှိရင် ပြန်တိုးပေးဖို့၊ သက်တမ်းမတိုးခင် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေကို ထိုင်းလုံခြုံရေးရဲတွေက ဖမ်းဆီးနေတဲ့အပေါ်မှာ ဘယ်လိုထိန်းချုပ် ထားမလဲ စတဲ့ အချက်တွေကို အလုပ်သမားတွေက တင်ပြကြတယ်။ အလုပ်သမား ၃၀၀ ကျော်လောက် တက်ရောက် ဆွေးနွေးကြပါတယ်။ " ဟု ကိုဇော်မှ ပြောသည်။
၎င်းဆွေးနွေးပွဲအား ထိုင်း NGOs များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်သော ထိုင်းနိုင်ငံပိုင် အလုပ်သမားများ သမဂ္ဂအဖွဲ့၊ ထိုင်း-ဗမာ သွေးစည်းညီညွတ်ရေးအဖွဲ့၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်တို့မှ ပူးပေါင်းကာ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲအား နံနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ပြီး၊ ထိုင်းအစိုးရဖက်မှ ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး အထူးကိုယ်စားလှယ်တစ်ဦး၊ ထိုင်း NGOs များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အလုပ်သမားများ ပေါင်း လူဦးရေ ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဖိတ်ကြားထားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများသည် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ အလုပ်သမားများအား သေချာအောင် လုပ်ပေးသင့်ကြောင်း၊ သက်တမ်းမကုန်ဆုံးခင်ကတည်းက ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး လုပ်ထားသင့်ကြောင်း ယခုဆိုလျှင် မိမိတို့ ကြေညာချက်ထုတ်ပြန်ပြီးမှ စတင်လှုပ်ရှားသောကြောင့် အဆင်မပြေ ဖြစ်ရကြောင်း ကိုဇော်မှ သူ့အမြင်ကို ပြောပြသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သတ်မှတ်ထားသော လုပ်အားခ အပြည့်အဝမရရှိခြင်း၊ လုံလောက်သော စာရွက်စာတမ်းများရှိသော်လည်း ထိုင်းလုံခြုံရေးရဲများ၏ ငွေညှစ်ခံရခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

Monday, September 2, 2013

MWRN ကွန်ယက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်ပေးနေ

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN)က မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာ သုံးလသင်တန်းကို စက်တင်ဘာလ ၂ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်ပေးနေကြောင်း MWRN ကို တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုဇော်မှ ပြောသည်။
ဓါတ်ပုံ - www.mwrn.orgဓါတ်ပုံ - www.mwrn.org
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ၄င်းက " ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကွန်ယက်မှာ ပုံမှန်သင်ကြားပေးနေတဲ့ တနင်္ဂနွေနေ့ အခြေခံကွန်ပျူတာ သင်တန်းကို နောက်ထပ် တက်လာကြမဲ့ အလုပ်သမားအသစ်တွေကို ပြန်ပြီးသင်ကြားပေးနိုင်ဖို့အတွက် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ သင်တန်းကတော့ သုံးလသင်တန်း ဖြစ်ပြီးတော့ ဒီနေ့ပဲ စပြီးသင်ကြားပါတယ်။ " ဟု ပြောသည်။
အဆိုပါသင်တန်းကို ကွန်ပျူတာနည်းပညာရှင်တစ်ဦးဖြစ်သည့် ညီနေမင်း (နည်းပညာ)မှ သင်ကြားပေးမည်ဖြစ်ကြောင်း ကိုဇော်ကဆိုသည်။ ယခု ဖွင့်လှစ်မည့် အခမဲ့ ကွန်ပျူတာသင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ၊ သင်တန်းချိန် ညနေ ၆ နာရီမှ ၈ နာရီထိဖြစ်ပြီး သင်တန်းသူ/သား ၁၄ ဦးမှ တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသော သင်တန်းသူ/သားများမှာ ကွန်ယက်မှ ကော်မတီဝင်များနှင့် ယခင် အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ထားပြီးသူများဖြစ်ပြီး ၄င်းတို့အား ပညာသင်ဆုပေးသည့် အနေဖြင့် ကိုညီနေမင်းနှင့် သင်ကြားပေးခြင်းဖြစ်ကြောင်း ကိုဇော်မှ ဆက်ပြောသည်။
" အခု ရွေးချယ်ထားတဲ့ သင်တန်းသား ၁၄ ဦးကတော့ ကွန်ယက်က ကော်မတီဝင်တွေအပြင် အရင်တုန်းက အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ဖူးတဲ့ အလုပ်သမားတွေထဲက ရွေးချယ်ထားတာ ဖြစ်ပါတယ်။ သူတို့ကို ပညာသင်ဆု ပေးတဲ့အနေနဲ့ အခုလို သင်တန်းဖွင့်လှစ်ပြီးတော့ ကိုညီနေမင်းနဲ့ သင်ကြားခွင့်ပေးတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN) မှာ လွန်ခဲ့သော ၂ နှစ်ကတည်းက ရွှေ့ပြောင်း အလုပ်သမားများအား အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာနှင့် အခြေခံ ကွန်ပျူတာ သင်တန်းများကို သင်ကြားပေးနေကြောင်း သိရသည်။
MWRN ကွန်ယက်ကို ၂၀၀၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သော အရေးကိစ္စပေါင်းစုံ မှန်သမျှကို ကူညီဆောင်ရွက်ပေးနေသော ကွန်ယက်တစ်ခုလည်း ဖြစ်သည်။

Friday, August 30, 2013

ဒုက္ခသည်စခန်းများ ၀န်းရံလျက်ရှိသော နိုင်ငံကို...ဟုခေါ်သည်

8.1.1
ပြည်တွင်း စစ်ဒဏ်ကို နှစ်ပေါင်း ၆၀ ကျော်ကြာ ခံစားခဲ့ရသော မြန်မာနိုင်ငံ၌ စစ်ပြေးဒုက္ခသည် အရေအတွက် လျော့ကျသွားခဲ့ခြင်း မရှိသေးပေ။ လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းပြီး သေနတ်သံ တိတ်ဆိတ်သော နိုင်ငံဖြစ်ရန် ကြိုးပမ်းခြင်းများ ရှိသော်လည်း နေ့စဉ်နှင့်အမျှ ကြိုကြားဖြစ်ပေါ်နေသော တိုက်ပွဲများက စစ်ပြေးဒုက္ခသည် အရေအတွက်ကို ဆက်လက် တိုးပွားစေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည်များလည်း ရှိနေခဲ့ပါသည်။ လက်ရှိ အခြေအနေများအရ စစ်ပြေးဒုက္ခသည် စခန်းများမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အခိုင်အမာ ရှိနေပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး ဧရိယာများတွင် စစ်ပြေးဒုက္ခသည်စခန်း အများအပြား ရှိနေပါသည်။ ရခိုင်ပြည်နယ်တွင်မူ ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသော ဒုက္ခသည် စခန်းများ ရှိနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိထ္တီလာမြို့တွင်လည်း ပဋိပက္ခကြောင့် ပေါ်ပေါက်လာသည့် ဒုက္ခသည်စခန်းများ ရှိနေခဲ့ပါသည်။
စစ်ကြောင့်ဖြစ်သော ဒုက္ခသည်များ
ပြီးခဲ့သောဆယ်စုနှစ်များအတွင်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်တွင် စစ်ပြေးဒုက္ခသည် စခန်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက် ပေးရေးရုံး (UNOCHA)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ နှစ်ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဘ၀ရောက်နေ ကြသူများ ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန် လျော့ကျသွားသော်လည်း စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးမှာ မရေရာသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပါသည်။
ယခုနှစ်ပိုင်းများအတွင်း တိုင်းရင်းသား ဒေသများ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ဆက်လက် တိုးပွားနေဆဲ ဖြစ်ပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Peace Monitor ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခု နှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် KIOI ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်း အသစ်များ ပေါ်ပေါက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရပါသည်။ ထိုတိုက်ပွဲများ ကြောင့်ပင် အစိုးရထိန်းချုပ် နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော် အစရှိသော မြို့များတွင် စစ်ပြေးဒုက္ခ စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ ခိုင်မာသော သတင်းရင်းမြစ်များ၏ အဆိုအရ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် နှစ်သိန်းကျော် ပေါ်ပေါက်ခဲ့ပြီး ထိုသူများ၏ နေရပ်ပြန်ရေး ကိစ္စမှာလည်း နှောင့်နှေးနေရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုပါသည်။ ထိုအထဲတွင် ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့ နယ်မှ ကရင်တိုင်းရင်းသားများ အများဆုံး ပါဝင်ပြီး ထိုသူများမှာ နယ်မြေမတည်ငြိမ်မှုကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကာ  ...

ထို့အတူ ရှမ်းပြည်နယ် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ဆက်လက် ပေါ်ပေါက်နေပါသည်။ ၂၀၁၂ ခုနှစ်အတွင်း အစိုးရနှင့် ပလောင်(တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၀၀၀ ကျော်ရှိနေရာမှ ဆက်လက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါသည်။ ပလောင် တိုင်းရင်းသားများ၏ စစ်ပြေးဒုက္ခသည် စခန်းများမှာ မန်တုံမြို့တွင်နှစ်ခု၊ တန့်ယန်း မြို့တွင်တစ်ခု၊ ကွတ်ခိုင်မြို့တွင်နှစ်ခု၊ နမ့်ဖက်ကာ ကျေးရွာတွင် တစ်ခုနှင့် နမ့်ခမ်းမြို့တွင် နှစ်ခု အစရှိသဖြင့် အသစ်ပေါ်ပေါက် လာခဲ့ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ အစိုးရနှင့် RCSS/SSA၊ KNPP၊ KNU၊ DKBA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ အပါအ၀င် အခြားသော စီမံကိန်းများကြောင့် နေရပ်ကို စွန့်ခွာပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိခိုလှုံနေသူ အရေအတွက် တိုးပွားခဲ့ကြောင်း သိရသည်။
Myanmar Peace Monitor ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အခြားသော စီမံကိန်းများကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသော အရေအတွက်မှာ ရှမ်းပြည်နယ်တွင် ၆၇၀၀၊ ကယားပြည်နယ်တွင် ၇၀၀၊ ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၀၊ ကရင်ပြည်နယ်တွင် ၁၆၀၀၊ မွန်ပြည်နယ်တွင် ၂၀၀ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ၆၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။
ပဋိပက္ခများကြောင့် ဖြစ်သော ဒုက္ခသည်များ
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၁၈၀၀၀၀ ကျော်ခန့် ရှိလာခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အတွင်း ကထုတ်ပြန်ခဲ့သော UNOCHA ၏ အစီရင်ခံစာအရ လူဦးရေ ၇၀၀၀၀ ကျော်ခန့်သည် ၂၀၁၂ ခုနှစ် ဇွန်လ ပဋိပက္ခများ စတင်ချိန်တွင် ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူဦးရေ ၃၀၀၀၀ ကျော် ခန့်မှာ ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ပေါ်ပေါက် လာသည့် ဒုက္ခသည် စခန်းများမှာ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များတွင် ရှိကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် မိထ္ထီလာမြို့တွင် ဒုက္ခသည် စခန်းအသစ်များ ပေါ်ပေါက်ခဲ့ပါသည်။ လက်ရှိအချိန်အထိ ရရှိသော စာရင်းများအရ မိထ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ဒုက္ခသည် အရေအတွက် ၄၀၀၀ ကျော် ခိုလှုံနေရကြောင်း သိရသည်။ အရေအတွက် အတိအကျ အနေဖြင့် သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၆၅၆ ဦး၊ အုတ်ဖို ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၁၉၁ဦး၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၉၅ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေး စခန်းတွင်လူဦးရေ ၁၅၉၄ဦး၊ ရေအရင်း အမြစ် ကယ်ဆယ်ရေး စခန်းတွင် လူဦးရေ ၈၆၈ ဦး၊ စုစုပေါင်း လူဦးရေ ၄၂၀၄ ဦး ခိုလှုံ နေရဆဲဖြစ်ကြောင်း သိရှိရသည်။
ဒုက္ခသည်များနှင့် အနာဂတ်
ပဋိပက္ခများကြောင့် ဖြစ်လာခဲ့သည့် ဒုက္ခသည်များ၏ အနာဂတ်မှာ နယ်မြေတည် ငြိမ်ပြီး ထိုက်သင့်သော အကူအညီများ ရရှိပါက ပြန်လည် ထူထောင်ရေး အတွက် မျှော်လင့်ချက်များ ရှိနေပါသည်။ သို့သော် အဆိုပါ ဒုက္ခသည်များအတွက် အခြေခံ စောင့်ရှောက်မှုများနှင့် အလုပ်အကိုင် ဖန်တီးပေးရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။
8.1.1
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသား ဒုက္ခသည်တစ်ဦး (ဓာတ်ပုံ-နေထွန်းနိုင်)
စစ်ပြေးဒုက္ခသည်များ၏ အနာဂတ်မှာ ပို၍ ခက်ခဲသော အခြေအနေသို့ ဦးတည်လျက် ရှိနေပါသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ၏ အကြီးမားဆုံး အိပ်မက်မှာ တတိယနိုင်ငံများသို့ သွားရောက်ခွင့် ရရှိရေး ဖြစ်ပါသည်။ သို့ရာတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အစီအစဉ်များနှင့် တတိယ နိုင်ငံများ၏ ဒုက္ခသည် လက်ခံနိုင်စွမ်း ကန့်သတ်ချက်များက စစ်ပြေးဒုက္ခသည်များ၏ တတိယနိုင်ငံ သွားရောက်ရေး အိပ်မက်ကို မှုန်ဝါးစေခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အခြေချ နေထိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အခက်အခဲအပြင် အခြေခံ အဆောက်အအုံ လိုအပ်ချက်များလည်း ရှိနေပါသည်။ တိုက်ပွဲဖြစ်စဉ် ခကာလအတွင်း သက်ဆိုင်ရာ နယ်မြေများတွင် နှစ်ဖက်တပ်ဖွဲ့များ အသုံးပြုခဲ့သော မိုင်းအန္တရာယ်နှင့် မိုင်းရှင်းလင်းရေး ပြဿနာမှာကိုလည်း အပြည့်အ၀ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ကာလရှည်ကြာ စစ်ပြေးဒုက္ခသည် ဖြစ်နေသူများ ကိုယ်တိုင်က မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်နေထိုင်ရန် ငြင်းဆန်ထားပါသည်။
သို့ရာတွင် မြန်မာစစ်ပြေး ဒုက္ခသည်များကို လက်ခံထားသော ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည် စခန်းအချို့ကို ဖျက်သိမ်းလိုပြီး ဒုက္ခသည်အချို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေပါသည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံဆိုင်ရာ UNHCR တာဝန်ခံနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့တွေ့ဆုံပြီး မြန်မာစစ်ပြေး ဒုက္ခသည်များ အရေးကို ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးမှုတွင် လိုအပ်ချက်များ ရှိနေသေးသဖြင့် မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်သို့ အတင်းအျပ် ပြန်လည် ပို့ဆောင်မည် မဟုတ်ကြောင်း UNHCR ဘက်မှ ကတိပြုခဲ့သည်။
ထို့အတွက်ကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေသော စစ်ပြေးဒုက္ခသည်စခန်းများ ဆက်လက် တည်ရှိနေနိုင်ပြီး မြန်မာနိုင်ငံ အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက စစ်ပြေးဒုက္ခသည် အရေအတွက်မှာလည်း ဆက်လက် တိုးပွားနေမည် ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Wednesday, August 21, 2013

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ

လှေစီးပြီး ထွက်ပြေးကြသူဘင်္ဂလီများ (ဓာတ်ပုံ-အင်တာနက်)

ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
သြဂုတ် ၁၉ ရက် ညနေငါးနာရီခန့်တွင် ဂေါ်ယံဂျီကျွန်းမှ ကိုက်ငါးဆယ်ခန့် အကွာတွင်ရှိသော ကုလားမခြံအနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့် ငရုတ်ကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ထမ်းသုံးဦးနှင့် အဖွဲ့သည် စက်လှေအနီးသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထို့သို့ကြည့်ရှုနေစဉ် အဆိုပါစက်လှေပေါ်မှ ဘင်္ဂါလီများက ရေထဲသို့ခုန်ချပြီး ကမ်းပေါ်သို့ တက်ပြေးခဲ့ကြောင်း၊ ကျန်ရှိသေးသော ဘင်္ဂါလီလူမျိုးများ ပါဝင်သော စက်လှေသည် ဘင်္ဂလား ပင်လယ်အော်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။
ကမ်းပေါ်သို့ တက်ပြေးလာသော ဘင်္ဂါလီ လူမျိုးများမှာ ၅၁ ဦးဖြစ်ပြီး ၎င်းတို့အား နံသာပုကျေးရွာ စာကြည့်တိုက်သို့ ခေါ်ဆောင်ပြီး စိစစ်ရာ ဘင်္ဂါလီလူမျိုး ၁၆ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးတို့သည်  ကုလားမခြံအနီး ရေထဲသို့ ခုန်ချပြီး ကမ်းပေါ်သို့ တက်ရောက်လာကြောင်း၊ ကျန်ဘင်္ဂါလီများနှင့် စက်လှေမှာ ပြန်လည်ထွက်ခွာသွားကြောင်း ဖမ်းဆီးခံရသူများက ပြောကြားကြောင်း ကနဦး သတင်းများအရ သိရသည်။ အဆိုပါနေ့ ည ၈ နာရီခွဲခန့်တွင် ကမ်းပေါ်သို့ ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးထဲမှ တစ်ဦးကို ထပ်မံတွေ့ရှိသဖြင့်၊ ဘင်္ဂါလီလူမျိုး ၁၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး၊ စုစုပေါင်း ၅၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ငပုတောမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဘင်္ဂါလီများ တွေ့ရှိရသော နေရာသို့ သွားရောက်စစ်ဆေးနေကြောင်း ဖြေကြားသည်။
ယခုဖြစ်စဉ်အရ ဘင်္ဂါလီဟုဆိုကာ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ပထမဦးဆုံး ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသားဖြစ်လို၍ ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု အမည်များတပ်ကာ ခိုးဝင်လျက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ ခိုးဝင်လာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှု အချို့လည်းရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ လာသည်ဆိုသော ဘင်္ဂါလီများတွင်လည်း ဆယ်ရာခိုင်နှုန်းခန့်ကသာ မြန်မာစကား ပြောနိုင်သူများဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)