Showing posts with label အလုပ်သမားရေး. Show all posts
Showing posts with label အလုပ်သမားရေး. Show all posts

Wednesday, September 10, 2014

တရုတ်အဆောင် မီးရှို့မူဖြင့် မြန်မာအလုပ်သမား (၁၇) ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

china-opens-pipeline-to-bring-gas-from-myanmar
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက် တရုတ် ရေနံတွန်းအားပေး စက်ရုံရှိ တရုတ် အလုပ်သမား အဆောင် မီးရှို့မူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမား ချင်းလူမျိုး (၁၇) ဦးကို အမ်းမြို့နယ်တရားရုံးက နှစ်ရှည် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။
စက်တင်ဘာလ (၅) ရက်နေ့ နောက်ဆုံး ရုံးချိန်းတွင် အမ်းမြို့နယ် တရားရုံးက ဦးဆောင်ပါဝင်သူ သုံးဦးကို ထောင် ၁၀ နှစ်၊ ကျန် ၁၄ ဦးကို ထောင် ၆ နှစ်စီ အသီးသီး စီရင်ချက်ချလိုက်ကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။
“ သူတို့ထဲက ဓာတ်ဆီယူလာသူ၊ မီးခြစ်ပေးသူ၊ မီးရှို့သူ သုံးဦးကို ထောင် (၁၀) နှစ်စီ တရားရုံးက အပြစ်ပေးလိုက်တယ်။ ကျန် ၁၄  ဦးကိုတော့ ၆ နှစ်စီချလိုက်တယ်။ အမ်းမြို့နယ် တရားရုံးက  ခုလို သူတို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
သူတို့အား ထောင်ချလိုက်သော ပုဒ်မများမှာ မီးရှို့မူ ပုဒ်မ ၄၃၆၊ ပိုင်နက်ကျူးလွန်မူ ပုဒ်မ ၄၅၂ နှင့် အကျိုးဖျက်ဆီးမူ ပုဒ်မ ၄၂၇ တို့ဖြစ်ကြောင်း၊ ထိုအထဲမှ မင်းကို၊ မောင်ဇော်နဲ့ ငမဲတို့မှာ ဦးဆောင်သူများဖြစ်၍ ထောင် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း၊ ကျန် ၁၄ ဦးကို (၆) နှစ်စီ ချလိုက်ကြောင်း  အဆိုပါ ရဲတာဝန်ရှိသူက ဆိုသည်။
“ ဖြစ်တာက တရုတ်အလုပ်သမားတွေက သူတို့ကို အနိုင်ခံတယ်။ နောက်တစ်ချက်က လစာနည်းတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေက မကျေနပ် ဖြစ်ရာကနေ အဆောင်တွေကို ဖျက်ဆီး၊ မီးရှို့မူတွေ လုပ်ခဲ့အတွက် အမ်းမြို့နယ် တရားရုံးက ခုလို ထောင်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ရဲတာဝန်ရှိသူက ဆိုသည်။
ယခု တရားစီရင်မူမှာ ဥပဒေကြောင်းရ မျှတမူ မရှိသဖြင့် ကျောက်ဖြူခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု သူတို့အမူကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ (၄) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးမျိုးမြတ်ဟိန်းက ပြောသည်။
“ ဥပဒေကြောင်းအရရော၊ တခြားအကြောင်းအခြင်းအရာတွေအရရော ခုလို စီရင်ချက်ချလိုက်တာဟာ မျှတမူ မရှိဘူးလို့ ယုံကြည်တဲ့ အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ ဆက်လက် အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့က  အမ်းမြို့နယ် တောင်စောက် ရေနံတွန်းအားပေး စက်ရုံတွင် အဆောင် အပေါ်ထပ်တွင် နေထိုင်သူ တရုတ်အလုပ်သမားများက အောက်ထပ်တွင် နေထိုင်သူ  မြန်မာအလုပ်သမားများ အပေါ်သို့ ရေဖြင့် လောင်းချရာမှ အချင်းများခဲ့ကြပြီး ကျေနပ်မူ မရှိသော မြန်မာ အလုပ်သမားများက တရုတ်အလုပ်သမားများနေထိုင်သော အဆောင် တစ်ဆောင်အား  မီးရှို့ ဖျက်ဆီးခံခဲ့ကြသည်။
ယင်းအမူနှင့် ဆက်စပ်ပြီး မြန်မာ အလုပ်သမား ၁၇ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ကာ အမ်းမြို့နယ်တရားရုံးက  (၈) လအကြာ အမူကို ကြားနာ စစ်ဆေးခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက မြန်မာ အလုပ်သမားများကို ပြစ်မူ ထင်ရှားသည်ဟု ဆိုကာ ထောင် (၆) နှစ်ကနေ (၁၀) နှစ်ထိ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, September 3, 2013

မြန်မာအလုပ်သမားများ ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာမှထုတ်ပြန်မှု မရှိသေးသည့်အပေါ် ဆွေးနွေးပွဲပြုလုပ်

ဗီဇာသက်တမ်းတိုးရန် ထုတ်ပြန်မှု မရှိသေးသည့်အပေါ် စိုးရိမ်နေကြသော မြန်မာ အလုပ်သမား ၃၀၀ ကျော်နှင့် ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌါနမှ အထူးကိုယ်စားလှယ်တို့၏ ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁ ရက်နေ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ တလာ့ထလေထိုင်း (ပင်လယ်ထွက်ပစ္စည်း ရောင်းချရေးဈေး) ပိုင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဲဆောက် - မြ၀တီ တံတားထိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ်။  (ဓာတ်ပုံ - KIC)မဲဆောက် - မြ၀တီ တံတားထိပ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - KIC)
၎ နှစ်ဗီဇာသက်တမ်း ကုန်ဆုံးသွားသည်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ဖြစ်သော်လည်း ယနေ့အချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထုတ်ပြန်ခြင်း မရှိသေးသည့်အပေါ်တွင် အလုပ်သမားများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြရာ ထိုင်းအလုပ်သမားဝန်ကြီးဌါနမှ အထူးကိုယ်စားလှယ်နှင့် အလုပ်သမား ၃၀၀ ကျော်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲတွင် သက်တမ်းကုန် ဗီဇာများ မြန်မာပြည်တွင် သုံးနှစ်နေပြီး ပြန်လာမှ သက်တမ်းတိုးပေးမည်ကို အလုပ်ရှင်နှင့် အလုပ်သမားများ တောင်းဆိုမှုကြောင့် တစ်လသို့ လျှော့ချလိုက်ပြီး ယခင်လုပ်ပေးခဲ့သောနေရာတွင် ပြန်လည်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ သက်တမ်းကုန် ဗီဇာများ တစ်ရက်လွန်လျှင် ဘတ် ၅၀၀ ဒဏ်ငွေဆောင်ရမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌါန၏ အထူးကိုယ်စားလှယ်မှ ပြောကြားခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက်မှ ရှေ့နေအကူဝန်ထမ်းဖြစ်သူ ကိုဇော်မှ ပြောသည်။
" ဗီဇာသက်တမ်း ကုန်နေကြတာ ဇူလိုင် ၁၅ ရက်နေ့ ကတည်းဖြစ်ပါတယ်။ အခု စက်တင်ဘာလ ကုန်ရင် ၁ လခွဲ ရှိသွားတော့မယ်။ ဆွေးနွေးပွဲနေ့က ဝန်ကြီးပြောတာကတော့ တစ်ရက်လွန်ရင် ဘတ် ၅၀၀ ဒဏ်ငွေ ဆောင် ရမယ်လို့ ပြောခဲ့တယ်။ အဲဒါဆိုရင် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေ ပိုများလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဝန်ကြီးဌါနအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးမလဲဆိုတာကို တင်ပြဖို့ အစီအစဉ်ရှိပါတယ်။ သူတို့ ပြောတာကတော့ လာမည့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနှင့်မြန်မာ ဆွေးနွေးပြီးတော့ ထုတ်ပြန်မယ်လို့ ပြောပါတယ်။ " ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများမှ ၄ နှစ်သက်တမ်းပြည့်သွားပြီဖြစ်သော ဗီဇာများအား ထိုင်းနိုင်ငံတွင် ပြန်လည်တိုးပေးရန်၊ ယခင်ကလုပ်ပေးခဲ့သော နေရာများတွင် ပြန်လုပ်ပေးရန်၊ ထိုင်း Agent များနှင့် ပွဲစားများအား အနည်းငယ်ထိန်းချုပ်ပေးရန်နှင့် သက်တမ်းမတိုးခင် အလုပ်သမားများအား ထိုင်းလုံခြုံရေး ရဲများက ဖမ်းဆီးနေခြင်းအပေါ် မည်ကဲ့သို့ ထိန်းချုပ်မည်နည်း စသော အချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
" အလုပ်သမားတွေ တစ်ဦးချင်းစီက ထွက်လာတဲ့ အသံတွေကို စုစည်းပြီးတော့ တင်ပြလိုက်တာပါ။ ကျွန်တော်တို့ တင်ပြရင် ကျွန်တော်တို့ အသံပဲ ဖြစ်သွားမှာစိုးလို့ပါ။ တင်ပြတာကတော့ ဗီဇာသက်တမ်းတိုး တာကို ထိုင်းနိုင်ငံမှာ လုပ်ပေးဖို့ ၊ အရင်လုပ်ခဲ့တဲ့ ရုံး ၁၁ ရုံးတွင် ပြန်လည် လုပ်ဆောင်ပေးရန်၊ Agent နှင့်ပွဲစားတွေကို နည်းနည်း ထိန်းချုပ်ပေးဖို့ သက်တမ်းကုန်သွားလို့ရှိရင် ပြန်တိုးပေးဖို့၊ သက်တမ်းမတိုးခင် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေကို ထိုင်းလုံခြုံရေးရဲတွေက ဖမ်းဆီးနေတဲ့အပေါ်မှာ ဘယ်လိုထိန်းချုပ် ထားမလဲ စတဲ့ အချက်တွေကို အလုပ်သမားတွေက တင်ပြကြတယ်။ အလုပ်သမား ၃၀၀ ကျော်လောက် တက်ရောက် ဆွေးနွေးကြပါတယ်။ " ဟု ကိုဇော်မှ ပြောသည်။
၎င်းဆွေးနွေးပွဲအား ထိုင်း NGOs များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်သော ထိုင်းနိုင်ငံပိုင် အလုပ်သမားများ သမဂ္ဂအဖွဲ့၊ ထိုင်း-ဗမာ သွေးစည်းညီညွတ်ရေးအဖွဲ့၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်တို့မှ ပူးပေါင်းကာ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲအား နံနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ပြီး၊ ထိုင်းအစိုးရဖက်မှ ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး အထူးကိုယ်စားလှယ်တစ်ဦး၊ ထိုင်း NGOs များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အလုပ်သမားများ ပေါင်း လူဦးရေ ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဖိတ်ကြားထားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများသည် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ အလုပ်သမားများအား သေချာအောင် လုပ်ပေးသင့်ကြောင်း၊ သက်တမ်းမကုန်ဆုံးခင်ကတည်းက ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး လုပ်ထားသင့်ကြောင်း ယခုဆိုလျှင် မိမိတို့ ကြေညာချက်ထုတ်ပြန်ပြီးမှ စတင်လှုပ်ရှားသောကြောင့် အဆင်မပြေ ဖြစ်ရကြောင်း ကိုဇော်မှ သူ့အမြင်ကို ပြောပြသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သတ်မှတ်ထားသော လုပ်အားခ အပြည့်အဝမရရှိခြင်း၊ လုံလောက်သော စာရွက်စာတမ်းများရှိသော်လည်း ထိုင်းလုံခြုံရေးရဲများ၏ ငွေညှစ်ခံရခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

Monday, September 2, 2013

MWRN ကွန်ယက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်ပေးနေ

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN)က မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာ သုံးလသင်တန်းကို စက်တင်ဘာလ ၂ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်ပေးနေကြောင်း MWRN ကို တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုဇော်မှ ပြောသည်။
ဓါတ်ပုံ - www.mwrn.orgဓါတ်ပုံ - www.mwrn.org
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ၄င်းက " ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကွန်ယက်မှာ ပုံမှန်သင်ကြားပေးနေတဲ့ တနင်္ဂနွေနေ့ အခြေခံကွန်ပျူတာ သင်တန်းကို နောက်ထပ် တက်လာကြမဲ့ အလုပ်သမားအသစ်တွေကို ပြန်ပြီးသင်ကြားပေးနိုင်ဖို့အတွက် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ သင်တန်းကတော့ သုံးလသင်တန်း ဖြစ်ပြီးတော့ ဒီနေ့ပဲ စပြီးသင်ကြားပါတယ်။ " ဟု ပြောသည်။
အဆိုပါသင်တန်းကို ကွန်ပျူတာနည်းပညာရှင်တစ်ဦးဖြစ်သည့် ညီနေမင်း (နည်းပညာ)မှ သင်ကြားပေးမည်ဖြစ်ကြောင်း ကိုဇော်ကဆိုသည်။ ယခု ဖွင့်လှစ်မည့် အခမဲ့ ကွန်ပျူတာသင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ၊ သင်တန်းချိန် ညနေ ၆ နာရီမှ ၈ နာရီထိဖြစ်ပြီး သင်တန်းသူ/သား ၁၄ ဦးမှ တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသော သင်တန်းသူ/သားများမှာ ကွန်ယက်မှ ကော်မတီဝင်များနှင့် ယခင် အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ထားပြီးသူများဖြစ်ပြီး ၄င်းတို့အား ပညာသင်ဆုပေးသည့် အနေဖြင့် ကိုညီနေမင်းနှင့် သင်ကြားပေးခြင်းဖြစ်ကြောင်း ကိုဇော်မှ ဆက်ပြောသည်။
" အခု ရွေးချယ်ထားတဲ့ သင်တန်းသား ၁၄ ဦးကတော့ ကွန်ယက်က ကော်မတီဝင်တွေအပြင် အရင်တုန်းက အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ဖူးတဲ့ အလုပ်သမားတွေထဲက ရွေးချယ်ထားတာ ဖြစ်ပါတယ်။ သူတို့ကို ပညာသင်ဆု ပေးတဲ့အနေနဲ့ အခုလို သင်တန်းဖွင့်လှစ်ပြီးတော့ ကိုညီနေမင်းနဲ့ သင်ကြားခွင့်ပေးတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN) မှာ လွန်ခဲ့သော ၂ နှစ်ကတည်းက ရွှေ့ပြောင်း အလုပ်သမားများအား အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာနှင့် အခြေခံ ကွန်ပျူတာ သင်တန်းများကို သင်ကြားပေးနေကြောင်း သိရသည်။
MWRN ကွန်ယက်ကို ၂၀၀၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သော အရေးကိစ္စပေါင်းစုံ မှန်သမျှကို ကူညီဆောင်ရွက်ပေးနေသော ကွန်ယက်တစ်ခုလည်း ဖြစ်သည်။

Thursday, August 29, 2013

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၀န်ထမ်းလျှော့ချသည့်အတွက် အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ လုပ်ငန်းပြီးစီးပြီး ဖြစ်သဖြင့် အခြေခံလုပ်သား ထောင်ချီပြီး လျှော့ချလိုက်ရာ အလုပ်အကိုင် ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူမြို့ရှိ အလုပ်အကိုင် အကျိုးဆောင်များထံမှ သိရသည်။
၂၀၀၉-ခုနှစ်မှစပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ လက်အောက်ခံ တရုတ် CNPC ကုမ္ပဏီ၊ ကိုရီးယား DAEWOO ကုမ္ပဏီ၊ အိန္ဒိယ Punj Lloyd ကုမ္ပဏီများနှင့် ထပ်ဆင့်လက်အောက်ခံ ပြည်တွင်းပြည်ပ ကုမ္မဏီ အသီးသီးတို့တွင် ၀င်ရောက်လုပ်ကိုင်နေသည့် ဒေသတွင်း အခြေခံ အလုပ်သမား အရေအတွက် ၅၀၀၀ ကျော်ရှိခဲ့ပြီး စီမံကိန်း လုပ်ငန်းပြီးစီးရန် နီးကပ်လာသည့် အချိန်ကာလ ၂၀၁၃ နှစ် ဇူလိုင်လဆန်းပိုင်းမှစပြီး လုပ်သားအရေအတွက်ကို လျှော့ချခြင်းဖြစ်ကြောင်း သိရသည်။
"ရွှေပရောဂျက် စီမံကိန်းမှာရှိတဲ့ ကုမ္ပဏီအသီးသီးက လျှော့ချလိုက်တဲ့ လုပ်သားအရေအတွက် ၅၀၀၀ ကျော်လောက် ရှိပါတယ်။ တချို့နေရပ်ပြန်သွားတာ ရှိပေမယ့် အလုပ်သမား အများစုကတော့ ကျောက်ဖြူမှာပဲ ကြုံရာကျပန်း လုပ်ကိုင်နေကြတာပါ။ ရခိုင်ဒေသမှာက စက်ရုံအလုပ်ရုံတွေ ဖွံ့ဖြိုးမှုမရှိတော့ အလုပ်အကိုင်ကလည်း ရှားပါးတယ်" ဟု ကျောက်ဖြူမြို့ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိကာလတွင် အလုပ်အကိုင်များ ရှားပါးနေသော်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်းလည်း ကျောက်ဖြူမြို့ ဒေသတွင်း အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများက သုံးသပ်နေကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group၊ ဓာတ်ပုံ- အင်တာနက်)

Monday, August 19, 2013

ရွှေပြည်သာစက်မှုဇုန်ရှိ MWDC မှ ရခိုင် အမျိုးသမီး အလုပ်သမား (၄၉)ဦး အလုပ်မှ ထုတ်ပယ်ခံရ

 
DSCN0378
ရွှေပြည်သာစက်မှုဇုံရှိ Myanmar Winery & Distillery Co, Ltd တွင် လုပ်ကိုင်နေသော ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်း ရရှိသည်။

အလုပ်မှ ထုတ်ခံရခြင်းမှာ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဖြူဖြူစိုး အသက်(၁၇) ၏ အသုဘကို ခွင့်မရဘဲ လိုက်ပို့သဖြင့် ဖြစ်သည်ဟု သိရသည်။

မဖြူဖြူစိုးသည် ယခုလ ၁၁ရက်နေ့က ရုတ်တရက် သေဆုံးသွားခဲ့သည်။ ၁၅ ရက်နေ့တွင် သဂြိုလ်မည့် မဖြူဖြူစိုး၏ နာရေးအား လိုက်ပို့ရန် တစ်ရက်ကြိုတင်ပြီး နေ့တစ်ဝက်ခန့် ခွင့်ပေးရန် သြဂတ်စ်လ ၁၃ ရက်နေ့က ခွင်တိုင်ကြားရာ စက်ရုံမှ လက်မခံခဲ့ဟု ဆိုသည်။

သို့သော်လည်း စက်ရုံ အလုပ်သမားများမှာ ထိုနာရေးအား ကိုယ်အသိဖြင့်ကိုယ် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပြီး နောက်တစ်နေ့ သြဂတ်စ်လ ၁၆ ရက်နေ့ စက်ရုံသို့ အလုပ်ဆင်းရာ စက်ရုံက အလုပ်ဆင်းခွင့် မပေးခဲ့ကြောင်း ရခိုင်အမျိုးသမီး အလုပ်သမားများက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်မတို့ကို စက်ရုံက အလုပ်က ထုတ်ပယ်ထားတာကို မသိရှိတဲ့ အတွက် သြဂတ်စ်လ (၁၆) ရက်နေ့က အလုပ်ဆင်းဖို့ စက်ရုံကို သွားပါတယ်။ စက်ရုံကိုရောက်မှ ကျွန်မတို့ အသုဘ လိုက်ပို့တဲ့ အလုပ်သမ ၄၉ ဦးကို အလုပ်က ထုတ်ပယ်ထားတာကို သိရပါတယ်” ဟု အလုပ်မှ ထုတ်ပယ် ခံထားရသူ မချိုချိုဝင်းက ပြောသည်။

၎င်းပြင် N.P.C Bottle cleaing ဖြစ်သူ မပုံ့ပုံ့(ခ) မခင်ဇာခြည်အောင်မှ ရုံးဆင်းရန်လာသည့် အလုပ်သမများကို ဆဲဆိုခြင်း၊ ခြေထောက်နဲ့ ကန်ကျောက်ခြင်းတို့ကို ပြုလုပ်ပြီး ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည်ဟု ဆိုသည်။

တခြား စက်ရုံ အလုပ်သမ တစ်ဦးကလည်း စက်ရုံ လုံခြုံရေးများမှ သူမအား ရုန်းရင်းကြမ်းတမ်းစွာ ဖြင့် စက်ရုံမှ ပြင်ပသို့ ဆွဲထုတ်ခဲ့သည်ဟု ဆိုသည်။

” ကျမရဲ့ကျန်ခဲ့ ပစ္စည်းတွေ သွားယူရာမှ စက်ရုံလုံခြုံရေးတွေက ကျမရဲ့ လက်မောင်း တဖက် တချက်ကို ကိုင်ပြီး အတင်း ဆွဲထုတ်ပါတယ်။ ဒီအချိန်မှာ B/C ခေါင်းဆောင်ဒေါ်တင်မေဦး ကိုယ်တိုင် မျက်မြင် သက်သေရှိနေပါတယ်″ ဟု နိရဉ္ဖရာကိုပြောကြားလိုက်သည်။

အမျိုးသမီး အလုပ်သမ ၄၉ ဦးနှင့် အတူ အလုပ် ထုတ်ပယ်ရာတွင် ပါဝင်ခဲ့သော တစ်ဦးတည်းသော ယောင်္ကျာလေး တစ်ဦးဖြစ်သူ မောင်ကျော်နေလင်းကလည်း သူအား မောင်းထုတ်ကြပုံကို ယခုလို ပြောသည်။

” ကျနော်ဝတ်ထားတဲ့ အင်္ကျီ၊ ဖိနပ်၊ ဦးထုပ်တွေကို အတင်း လိုက်ချွတ်ကြတာ။ တကယ်ရှက် ဖို့ကောင်းတယ်။ တခါမှ ဒီလိုမကြုံဖူးဘူးဗျ” ဟု ပြောသည်။

N.P.C Bottle cleaing ဖြစ်သူ မပုံ့ပုံ့(ခ) မခင်ဇာခြည်အောင်မှ ဆဲဆိုခြင်း၊ ခြေထောက်နဲ့ ကန်ကျောက်ပြီး ကိုယ်ထိ လက်ရောက် ခံခဲ့ရသူ မစန်းစန်းထွေး(၂) ကလည်း ယခုလို ဆိုသည်။

“ကျမကို မပုံ့ပုံ့က ဆဲလည်းဆဲတယ်။ နောက်ပြီးခြေထောက်နဲ့လည်းကန်တယ်၊ ကျမရဲဂုဏ်သိက္ခာကို ကိုယ်ထိ လက်ရောက် စော်ကား ခံလိုက်ရပါတယ်″ ဟုနိရဉ္ဖရာကိုပြောသည်။

Myanmar Winery & Distillery Co,Ltd စက်ရုံမှာ No.(64) Phan Chat Woan, U Shwe Ohe Street, Industrial Zone(3), Shwe Pyi Thar Township, Yangon, Myanmar. Tel; 01-618108, 01-618629 ဖြစ်ပြီး အလုပ်ရှင်မှာ (IBTC) အုပ်စုပိုင်ရှင် ဦးအောင်မိုးကျော်ဖြစ်သည်ဟု သိရှိရသည်။

အသုဘ လိုက်ပို့သည်ကို အကြောင်းပြ၍ အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသော်လည်း အလုပ်သမများ အနေဖြင့် နစ်နာကြေး၊ လျှော်ကြေးငွေနှင့် ကျန်နေသေးသော လုပ်ခ လစာများအား တစ်စုံတစ်ရာ ရှင်းလင်း ပေးခြင်းမရှိကြောင်း သိရသည်။

ယခုအခင်း ဖြစ်ပွားရာ စက်ရုံတွင် လုပ်သား ၅၀၀ ကျော်ခန့်ရှိပြီး ပုလင်းဆေး၊ တံဆိပ်ကပ်သော အလုပ်များကို လုပ်ကြရသည် ဟုသိရှိရသည်။

ရခိုင်ပြည်နယ်မှ လာရောက်လုပ်ကိုင်နေကြသော ရခိုင် အလုပ်သမား အမျိုးသမီးငယ် ၄၉ ဦးအား စက်ရုံမှ မတရား အလုပ် ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်ပြီး သြဂတ်စ် ၁၈ ရက် ယနေ့တွင် ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်၊ မိုးဟိန်းလမ်း၊ ည/ ၁၁ ရပ်ကွက်ရှိ ကံညီနောင် ကျောင်းတိုက်တွင် သတင်း မီဒီယာသမားများကို ဖိတ်ကြားပြီး သတင်းစာ ရှင်းပွဲပြုလုပ်ုခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်နီမိုး)