Friday, June 28, 2013

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာနာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း သီတဂူဆရာတော်တိုက်တွန်း

6.27.16
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။
''အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။
ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန်...
သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ ဘာသာဝင်အားလုံးကို ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကို မဖျက်ဆီးကြဖို့ ဒီသစ်ပင်ကို စောင့်ရှောက်ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။
အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။
ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များပါ ရှိရန်လိုအပ်ပြီး အစိုးရ အပါအ၀င် ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
6.27.17
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် သြ၀ါဒမိန့်ကြားနေစဉ်
အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။
အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င်လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိထားတော် မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။
ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်ပါးတွင် မြန်မာနိုင်ငံ၏ ရဟန်းတော် တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေးသားသူအား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံးကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီ ခဲ့ကြသည်။
နိဂုံးချုပ်တွင် သီတဂူဆရာတော်က အမျိုးဘာသာ သာသနာကို စောင့်ရှောက် နိုင်ရေးသည် နိုင်ငံတော်အစိုးရနှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များအဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
မူလသတင်းအားကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ။


ငွေကြေးအများဆုံး ရင်းနှီးမြှပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေအခြေစိုက် Telenor တို့ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်

6.27.186.27.19
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီမှ သတင်းထုတ်ပြန်လိုက်သည်။
နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင် အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားသော ကုမ္ပဏီဖြစ်ပြီး အဆိုပါ ပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာဏ အများဆုံးဖြစ်သည်။
နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေးချယ်ရေး ကော်မတီ၏ ထောက်ခံမှုပေါ် အခြေခံ၍ မြန်မာနိုင်ငံ အစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို Nationwide Telecommunications Licenses နှင့် Associated Spectrum Licences တို့ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု လိုင်စင်မရရှိမီတွင် တင်ဒါရွေးချယ်မှုအပြီး လိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းရမည် ဖြစ်သည်။
အဆိုပါ လိုအပ်ချက်များတွင် လက်ရှိ ကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့် လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင် အစားထိုးရန် France Telecom-Orange ကို အရန်အဖြစ် ရွေးချယ်ထားသည်။
6.27.20
တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ချက်
Telenor ကုမ္ပဏီသည် လိုင်စင်ရရှိပါက ချက်ချင်းလုပ်ငန်း စတင်မည်ဖြစ်ပြီး ကိုးလအတွင်း ကွန်ရက်များကို စတင်တည်ထောင် သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ကွန်ရက်ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ၎င်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေသည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။
''ဆင်းမ်ကဒ်ဆိုတာက တစ်ပြားမှ ပေးရတာမျိုး မဟုတ်ဘူး။ ၀န်ဆောင်မှုတွေ အတွက်ပဲ ပိုက်ဆံပေးရတာပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။
ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည့် ကုမ္ပဏီဖြစ်သည်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
မူလသတင်းအား ကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ။


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။
ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။ ၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
မူလသတင်းအား ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။


မျိုးစောင့်ဥပဒေပြဌာန်းရန်လိုအပ်ဟု ရခိုင်ပါတီများဆို

သံဃာတော်များက ဦးဆောင်ရေးဆွဲထားသော ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန်လိုသည်အပ်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)တို့က ဆိုသည်။
ယနေ့တွင်ပြုလုပ်သော အင်းစိန် အောင်ဆန်းတပ်ဦး အမျိုးစောင့်ဥပဒေ ညီလာခံ။ (ဓါတ်ပုံ- ဦးဝီရသူဖေ့စ်ဘုတ်)ယနေ့တွင်ပြုလုပ်သော အင်းစိန် အောင်ဆန်းတပ်ဦး အမျိုးစောင့်ဥပဒေ ညီလာခံ။ (ဓါတ်ပုံ- ဦးဝီရသူဖေ့စ်ဘုတ်)
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်အား မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဇွန်လ ၂၆ ရက်နေ့က အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းရာ သူက ယခုလိုဖြေကြားခဲ့သည်။
" အမျိုးသားရေး အမြင်နဲ့ ကြည့်ဖို့လိုတယ်။ ဥပမာ - စင်္ကာပူနိုင်ငံမှာ ဘာသာတူခြင်း လက်ထပ်ထိမ်းမြားခြင်း ပြုတဲ့အချိန်မှာ တရားရုံးက တစ်မျိုး၊ ဘာသာခြားနဲ့ ယူမယ်ဆိုရင် အဲဒီဘာသာရဲ့ ဓလေ့ထုံးတမ်းတွေကို သိအောင်၊ နားလည်အောင် လုပ်ပြီးမှ လက်ထပ်ရမယ်၊ မင်္ဂလာဆောင်ရမယ် ဆိုတာတွေကို လုပ်တာတွေ ရှိပါတယ်။ ထိုနည်းတူစွာပဲ တခြားနိုင်ငံတွေမှာလည်း တိုင်းတစ်ပါးသား တခြားလူမျိုးခြားကို ယူမယ်ဆိုရင်လည်း စည်းမျဉ်း စည်းကမ်းတွေ လုပ်ထားတယ်။ လက်ထပ်တဲ့ စည်းမျဉ်းဥပဒေတွေ ရှိတယ်လို့လည်း တွေ့ရတယ်။ အဲဒါကြောင့်မို့ မြန်မာနိုင်ငံမှာလည်း ကိုယ့်ရဲ့လူမျိုး၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်းသိမ်းဖို့ လုပ်တဲ့ကိစ္စတစ်ခုကိုတော့ အတိုင်းအတာတစ်ခုထိ လုပ်သင့်တယ်လို့ မြင်တယ်။ " ဟုပြောသည်။
အမျိုးသားရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လုပ်သည့်အချိန်တွင် လူ့အခွင့်အရေးနှင့် ထိပါးမည်ဆိုလျှင်လည်း တစ်လင်တစ်မယားစနစ်ကို လုပ်ဖို့လိုအပ်သည်ဟု မြင်ကြောင်း၊ ကိုယ့်နိုင်ငံ၏ အခြေအနေအပေါ်မှာ မူတည်၍ အမျိုးဘာသာ သသနာကို စောင့်ရှောက်ဖို့ကိစ္စမှာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်သည်ဟု ပြောလို့မရကြောင်း သူက ဆက်လက်ပြောသည်။
" နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ဒေသတစ်ခုနဲ့ တစ်ခု မတူပါဘူး။ ကျနော်တို့နိုင်ငံက လူဦးရေ သန်း (၁၀၀၀) ကျော်ရှိတယ်။ တရုတ်ပြည် သန်း (၂၀၀၀)ကျော်ရှိတယ်။ အိန္ဒိယ နိုင်ငံငယ်ပြီးတော့ လူဦးရေ ပေါက်ပွားနေကြတယ်။ အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ်အနေနဲ့ လုပ်တဲ့အခါမှာ တစ်ချို့ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ထိပါးတယ်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် တစ်လင်မယားစနစ်၊ တစ်အိမ်ထောင်ကို ကလေးနှစ်ယောက်သာ ယူရမယ်ဆိုတဲ့စနစ်တွေက လုပ်ဖို့လိုအပ်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ မြင်တယ်။ တရုတ်ပြည်မှာ လူဦးရေ အင်မတန်များပြားတဲ့အတွက်ကြောင့် တစ်အိမ်ထောင်ကို တစ်ယောက်ပဲယူရမယ်ဆိုတဲ့ ကန့်သတ်ချက်ထားရင်လည်း ကန့်ကွက်မဲ့သူမရှိ ဆိုတာကိုလည်း တွေ့ရတယ်။ အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ တစ်လင်မယားစနစ် ကျင့်သုံးဖို့၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်းဖို့ လုပ်တဲ့ကိစ္စမှာ တကယ်တော့ ကိုယ့်နိုင်ငံရဲ့အခြေအနေ၊ ကိုယ့်ဒေသရဲ့ အခြေအနေကြောင့် လုပ်ဖို့သင့်လို့ လုပ်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်တယ်လို့ ပြောရုံသက်သက်နဲ့ မဖြစ်နိုင်ပါဘူး။ " ဟု ပြောသည်။
RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကလည်း " မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က သဘောတူတယ်။ လိုအပ်တယ်လို့လည်း မြင်တယ်။ သို့သော် RNDP တစ်ခုတည်းက သဘောတူလို့မရဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူထုလူတန်းစားအားလုံးက ဒီကိစ္စကို လုပ်ဖို့လိုအပ်တယ်လို့ ယူဆပြီးတော့ လူထုကို ကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော်အမတ်တွေက ဒါကို လွှတ်တော်ထဲမှာ တင်သွင်းပြီးတော့ ဥပဒေတစ်ခုဖြစ်အောင် ကြိုးစားရမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ လူဦးထိန်းချုပ်မှုကို လုပ်ဖို့အတွက် ဥပဒေတစ်ခု လိုအပ်နေပြီဆိုတာကိုတော့ လက်ခံပါတယ်။ " ဟု ပြောသည်။
RNDP ပါတီအနေဖြင့် လွှတ်တော်မှာ တင်ပြမည့်အစီအစဉ် လောလောဆယ် မရှိသေးကြောင်း၊ သို့သော် တစ်ခြားပါတီများက တင်ပြမယ်ဆိုပါက ဒီဥပဒေကို ထောက်ခံပါကြောင်း၊ တစ်ခြားပါတီများမှ တင်ပြခြင်းမရှိဘူးဆိုလျှင် RNDP ပါတီက တင်ပြသွားမည်ဟု စဉ်းစားထားကြောင်း သူကဆိုသည်။
မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရခိုင်ပြည်ဒေသမှာ လက်တွေ့ရင်ဆိုင်နေရသော အပိုင်းက ရှုမြင်စဉ်းစားကြည့်မယ်ဆိုလျှင် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းလို့ မမြင်ကြောင်း၊ ယခုကိစ္စမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစခပ်သိမ်းကို ထိန်းသိမ်းဖို့အတွက် လုပ်ခြင်းတစ်ခုလို့ပဲ သုံးသပ်ကြောင်း၊ လူ့အခွင့်အရေးဆိုဆိုသည်မှာ နေရာဒေသတစ်ခုနှင့်တစ်ခု တူချင်မှတူမည်ဖြစ်သည့်အတွက် လူဦးရေ ထိန်းချုပ်မှုတစ်ခုက အမှန်တကယ် လိုကို လိုအပ်နေပြီလို့မြင်ကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)


ကမ္ဘာကျော် Time မဂ္ဂဇင်းမှ The Face of Buddhist Terror မျက်နှာဖုံးဖော်ပြချက်အား ရခိုင်ပါတီနှစ်ခု ကန့်ကွက်

ကမ္ဘာကျော် Time မဂ္ဂဇင်း၏ ဇူလိုင်လ ၁ ရက်နေ့ထုတ်ဝေသည့် The Face of Buddhist Terror မျက်နှာဖုံးခေါင်းစဉ်နှင့် ဖော်ပြထားသောဆောင်းပါးမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအကြောင်းကို မလေ့လာဘဲ ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီဟု တစ်ဖက်သတ်ရေးသားဖော်ပြခြင်းဖြစ်သောကြောင့် ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့က ကန့်ကွက်ကြောင်း သိရသည်။
Time မဂ္ဂဇင်းမှ The Face of Buddhist Terror ခေါင်းစဉ်နှင့် ဦးဝီရသူအား မျက်နှာဖုံးအပြည့်ဖြင့်ဖော်ပြထားစဉ်။ (ဓါတ်ပုံ- Time မဂ္ဂဇင်း)Time မဂ္ဂဇင်းမှ The Face of Buddhist Terror ခေါင်းစဉ်နှင့် ဦးဝီရသူအား မျက်နှာဖုံးအပြည့်ဖြင့်ဖော်ပြထားစဉ်။ (ဓါတ်ပုံ- Time မဂ္ဂဇင်း)
Time မဂ္ဂဇင်း၏ အတွဲ(၁၈၂)အား ကမ္ဘာတစ်ဝှမ်းဖြန့်ချိသည့် စာစောင်မျက်နှာဖုံးတွင် ဆရာတော် ဦးရသူ၏ မျက်နှာဖုံးပြည့်ဓါတ်ပုံကို The Face of Buddhist Terror (ဗုဒ္ဓဘာသာ အကြမ်းဖက်မှု၏ ရှေ့ဆောင်မျက်နှာစာပုဂ္ဂိုလ်)ဟူသော ခေါင်းစဉ်ဖြင့် မျက်နှာဖုံးတွင် ဖော်ပြထားခြင်းကို ကန့်ကွက်ရှုတ်ချသည်ဟု RNDP ပါတီမှ ဇွန်လ ၂၆ ရက် ရက်စွဲဖြင့် သဘောထားပြန်လိုက်ကြောင်း အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
" သဘောထား ထုတ်ပြန်ရတာက ဆရာတော် ဦးဝီရသူကို Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတာနဲ့ ပတ်သက်လို့၊ မြန်မာလူမျိုး တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခကို ထိခိုက်စေသလို၊ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို အကြီးကျယ် ထိခိုက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှင် ဦးဝီရသူဆိုတာက တရားဓမ္မနဲ့ မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်တစ်ပါးပါ။ အကြမ်းဖက်ဝါဒကို ဗုဒ္ဓဘာသာ ပုဂ္ဂိုလ်ကြီးတွေ လုပ်ဖို့မဆိုထားနဲ့ ဗုဒ္ဓဘာသာ တရားတော်မှာတောင်မှ အကြမ်းဖက်ဝါဒကို လုံးဝထည့်မဟောဘူး။ မေတ္တာတရားတော်တွေနဲ့ပဲ လူထုလူတန်းစား ပေါင်းစုံအပေါ်မှာ၊ တခြားဘာသာတွေအပေါ်မှာလည်း မေတ္တာတရားနဲ့ပဲ ပြုမှုဆက်ဆံရမယ်။ ဗုဒ္ဓဘာသာတရားသည်ပင်လျှင် မေတ္တာတရားကို ဦးထိပ်ထားတဲ့ ဘာသာတရားတစ်ခုဖြစ်တဲ့အတွက်နဲ့ ဒီလို Time မဂ္ဂဇင်းက တစ်ဖက်သတ်ဖော်ပြတယ်ဆိုတာကို အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Time မဂ္ဂဇင်းရဲ့ နောက်ကွယ်မှာ ဆရာတော် ဦးဝီရသူကို အပုပ်ချလောက်အောင် တစ်စုံတစ်ခုက ကျောထောက်နောက်ခံ ရှိနေမယ်လို့ ယူဆတယ်။ အဲဒီအတွက်နဲ့ ဒီ Time မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပါတီဝင်ထုတစ်ရပ်လုံးနဲ့တကွ ရခိုင်ပြည်သူတစ်ရပ်လုံးက ဒီကိစ္စကို အကြီးအကျယ် ကန့်ကွက်ရှုတ်ချတယ်။ နောက်နောင်လည်း ဒီလိုပုံစံမျိုး ဆက်မလုပ်ဖို့ကိုလည်း ပြောကြားလိုပါတယ်။ " ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့အချုပ် ဥက္ကဌ ဦးအေးသာအောင်ကလည်း Time မဂ္ဂဇင်းသည် ရခိုင်၊ မိတ္ထီလာနှင့် ဗမာပြည်မှာဖြစ်သည့် အစ္စလာမ်ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်များကို တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲနှင့် ဗုဒ္ဓဘာသာ သံဃာတော်များအကြောင်းကို သေချာမလေ့လာဘဲ တစ်ဖက်သတ် ရေးသားခြင်းသည် မမှန်ကန်မသင့်မြတ်သော အလုပ်ဖြစ်သည်ဟု ဆိုသည်။
" ဒီနေရာမှ ပြောဖို့က ဆောင်းပါးရေးတဲ့လူအနေနဲ့ ဒီလိုမျိုး ရေးဖို့ မသင့်တော်တဲ့ ကိစ္စလေ။ ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်ဆိုတာက ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ကိစ္စ၊ ဦးဝီရသူအနေနဲ့လည်း မည်သည့်ဘာသာ မည်သည့်လူမျိုးကိုမှ အကြမ်းဖက်ဖို့ တိုက်တွန်းနေတာမျိုးမဟုတ်ဘဲနဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့၊ စောင့်ထိန်းဖို့ စသည်အားဖြင့် အဲဒီလို ဘာသာ သာသနာနဲ့ ပတ်သက်သော တရားတွေကို ဟောနေတာ ဖြစ်တယ်။ အကြမ်းဖက်ဖို့၊ ရန်လိုသော သဘောတရားနဲ့ ဟောနေတာမျိုးတော့ မတွေ့ရဘူး။ အဲဒါကြောင့် Time မဂ္ဂဇင်းမှာ ရေးတဲ့ ဆောင်းပါးရှင် အနေနဲ့ဖြစ်ဖြစ်၊ Time မဂ္ဂဇင်းအနေနဲ့ ဖော်ပြတာက မလျော်ကန် မသင့်မြတ်သော အလုပ်ကို လုပ်တယ်လို့ ပြောချင်တယ်။ တကယ်တော့ ဗုဒ္ဓဘာသာ ရဟန်း တော်များအကြောင်းကို သိအောင်လေ့လာဖို့ လိုအပ်တယ်။ နောက်တစ်ချက်က ဗမာပြည်ဖြစ်တဲ့၊ ရခိုင်ဖြစ်တဲ့၊ မိတ္ထီလာမှာ ဖြစ်တဲ့ ပဋိပက္ခမှာ တစ်ဖက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ သွေးထိုးနေတဲ့၊ လှုံဆော်နေတဲ့၊ အကြမ်းဖက်ဖို့ ကြိုးစားနေတဲ့ ကိစ္စတွေကို တစ်စုံတစ်ရာ မပြောဘဲနဲ့ ဗုဒ္ဓဘာသာတွေကပဲ အကြမ်းဖက် သယောင်၊ ရဟန်းတော်တွေပဲ သွေးထိုးသယောင်ယောင်၊ ပြောနေတာတွေကို လုံးဝလက်မခံ၊ ဗုဒ္ဓဘာသာ တစ်ခုလုံးကို စော်ကားတယ်လို့ ခံစားရတယ်။ အဲဒီအတွက်နဲ့ ကျွန်တော်တို့အနေနဲ့ Time မဂ္ဂဇင်းကိုသော် လည်းကောင်း၊ ဆောင်းပါးရှင်ကိုသော်လည်းကောင်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ " ဟု ဥက္ကဌကပြောသည်။
Time မဂ္ဂဇင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာများအပေါ်မှာ အကြီးမားဆုံး အမှားတစ်ခုပြုလုပ်မိသော Buddhist Terror ဟု သုံးနှုန်းထားခြင်းသည် မြန်မာနိုင်ငံတွင် မကြခင်က ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခတစ်ခုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဆူပူမှုများဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်များ အိမ်မပြန်နိုင်သေးသည့်အချိန်တွင် Time မဂ္ဂဇင်းမှ ယခုလို ဗုဒ္ဓဘာသာဝင်များအပေါ်မှာ ဘက်လိုက်မှုဖြင့် စွပ်စွဲရေးသားခြင်းသည် ထိုပဋိပက္ခကိုပို၍ ကြီးထားလာအောင် သွေးထိုးလှုံ့ဆော်မှုအသွင်ဆောင်နေသည်ဟု ရခိုင်ပါတီနှစ်ခုက ဆိုသည်။
အဆိုပါ Time မဂ္ဂဇင်း၏ လုပ်ရပ်အမှားနှင့်ပတ်သက်၍ မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချထားကြောင်းနှင့် Time မဂ္ဂဇင်းအား အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်သွားမည်ကို သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ-မိုးဇော်)
မူလသတင်းရင်းမြစ်အား ကြည့်ရှုရန်ဤနေရာကိုနှိပ်ပါ


Thursday, June 27, 2013

မြောက်ဦးယဉ်ကျေးမှုကို မထိန်းသိမ်းပါက ကမ္ဘာ့အမွေအနှစ်စာရင်းမှ ပယ်ဖျက်ခံရနိုင်ဟုဆို

ရခိုင် ရှေးဟောင်းမြို့
တော် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု ဆက်လက်ပျက်ကွက်
နေပါက နိုင်ငံတကာအဆင့် အသိအမှတ်ပြုထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှ ပယ်ဖျက်ခံရဖွယ်
ှိနေကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က သတိပေး
ပြောကြားလိုက်သည်။

“မြောက်ဦး ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အပေါ်မှာ မနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (GHF)က အာရှတိုက် စိုးရိမ်ဖွယ်ရာ ၁၀ နေရာ စာရင်းထဲမှာ မြောက်ဦးကို ထည့်သွင်းထား ခဲ့တယ်။ ဒီကနေ့ထိ ထင်သာမြင်သာတဲ့ တိုးတက်မှု မတွေ့ရသေးဘူး။ ဒီလိုသာ နာမည်ပျက်စာရင်းမှာပဲ ဆက်ပါနေမယ်ဆိုရင်
နောက်ဆုံးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းကနေ မြောက်ဦး ပယ်ဖျက်ခံရနိုင်တယ်” ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

Mrauk-UGHF ဖော်ပြပါ ၁၀ နေရာအတွက် ကျန်သည့် ကိုးနေရာမှာ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ရှေးဟောင်း နယ်မြေများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌
ဖော်ပြထားသည်။

ထိုသို့ GHF နာမည်ပျက် ၁၀ ခု စာရင်း၌ မြောက်ဦး ပါဝင်နေရခြင်းမှာ ယဉ်ကျေးမှု နယ်မြေအတွင်း ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ခြင်း၊ ဟိုတယ်များ ဆောက်လုပ်ခြင်း၊ သက်ဆိုင်ရာဌာနက အမွေအနှစ်များ ထိန်းသိမ်း ရာတွင် အားနည်းချက်များ ရှိနေခြင်း၊ ရှေးဟောင်းဘုရား စေတီ ပုထိုးများကို ပြုပြင်ရာတွင် ရှေးဟောင်း သုတေသန နည်းစနစ်နှင့် မညီခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ရခိုင်သမိုင်းပညာရှင်တို့က ဆိုသည်။

“ရထားလမ်း စဖောက်တဲ့အခါ သက်ဆိုင်သူတွေကို ရှေးးဟောင်းသုတေသန နယ်မြေရှောင်ကွင်းပြီး
ဖောက်လုပ်ဖို့ ကျနော်တို့တောင်းဆိုခဲ့သေးတယ်။ ဒါပေမယ့် ရှေးဟောင်းမြို့ရိုးတွေ၊ တံခါးတွေ၊ ကျူံးတွေကို
ဖြတ်ပြီး ဖောက်လုပ်ခဲ့ကြတယ်။ ဓညဝတီ မြို့တော်ဟောင်းမှာဆိုရင်မူလ လာရာလမ်းအတိုင်း တည့်တည့်ဖြတ် ရင် ခရီးတိုပြီး ကုန်ကျစရိတ် သက်သာပေမယ့် မြို့တော်ဟောင်းရဲ့ အလယ်တည့်တည့်ကို ဖြတ်ဖောက်တယ်။
ဝေသာလီ ဆိုရင်လည်း ရှောင်းကွင်း ဖောက်လုပ်ရင် ဇုန်နယ်က လွတ် ပေမယ့် ယဉ်ကျေးမှုနယ်မြေထဲ မြို့ရိုးတွေကိုပါ ဖြတ်ပြီး ရထားလမ်း ဖောက်ကြတယ်” ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

ဓညဝတီ မြို့တော်ဟောင်း (ဘီစီ ၃၃၂၅-အေဒီ ၃၂၇)မှာ မြောက်ဦးမြို့ မြောက်ဘက် ၁၈ မိုင် အကွာတွင် တည်ရှိပြီး ဝေသာလီ မြို့တော်ဟောင်း (အေဒီ ၃၂၇-၈၁၈)မှာ မြောက်ဦးမှ မြောက်ဘက် ၅ မိုင်အကွာတွင် ရှိသည့် ရခိုင် ရှေးဟောင်း မြို့တော်များ ဖြစ်ကြသည်။

ဥပဒေအရ တားမြစ်ထားသော်လည်း ရှေးဟောင်းနယ်မြေထဲတွင် ဟိုတယ်များ ဆောက်လုပ်နေကြဆဲ
ဖြစ်သည်ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

“မြောက်ဦးကို နိုင်ငံခြားသားတွေ လာတယ်ဆိုတာ အပျော်တမ်း လာသူထက် ရခိုင့် ရှေးဟောင်း ယဉ်ကျေးမှုကို
လေ့လာလိုက်စားသူတွေက ပိုများတယ်။ တကယ်လို့ ဇုန်ထဲမှာ ဟိုတယ်ကြီးတွေက နေရာယူပြီး ရှေးဟောင်း အသွင်သဏ္ဍာန်တွေ ပျက်စီးသွားခဲ့ရင် မြောက်ဦး ခရီးသွားလုပ်ငန်းလည်း အောင်မြင်တော့မှာ မဟုတ်ဘူး။ ဇုန်နယ် လွတ်တဲ့နေရာမှာ ဆောက်လုပ်မယ် ဆိုရင် သူတို့ရဲ့ရေရှည် အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်သလို ရခိုင် ယဉ်ကျေးမှုလည်း ပျက်စီးမှာ မဟုတ်ဘူး” ဟု ထောက်ပြ အကြံပြုသည်။

မြောက်ဦး ယဉ်ကျေးမှုဒေသတွင် “သဇင်ပန်းခိုင် တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း” စာချိုးနှင့်အညီ ဗုဒ္ဒရုပ်ပွား
တော် အများဆုံး ဖူးမြင်ရပြီး ကျောက်ဆင်းတု အများစုမှာ ကျိုးပဲ့ပျက်စီးကာ ခြုံနွယ်များဖုံးလျက် ဖူးတွေ့ရသည်။

မြောက်ဦးမြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ရွာဟောင်းတောကျေးရွာ အနီးတဝိုက် ရှေးဟောင်းရုပ်ပွားတော် ၄၀ ခန့်မှာ ခြုံနွယ်ပိတ်ပေါင်းများ အောက်သို့ ရောက်ရှိနေသည်။

ခြုံရှင်း၍ လိုက်ပြသူ ရွာသားများအနက် တဦးက “ဒီနယ်မြေဟာ ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ရှိနေတယ်။ ဘုရားရုပ်ထုတွေ ရာနဲ့ချီပြီးတော့ ရှိနေတယ်။ မြောက်ဦး တမြို့နယ်လုံးမှာ ဘုရားတွေချည်းပါပဲ။ ကျိုးပဲ့ပျက်စီး
နေတာတွေလည်း အများကြီးပဲ။ ဒါပေမယ့် ရှေးဟောင်း သုတေသနဌာနက တခါမှ လာကြည့်တာ မတွေ့ရဘူး။ အခုတော့ တွေ့တဲ့ အတိုင်းပဲ ခြုံရှင်းပြီး ဘုရားကို ဖူးတွေ့ဖို့ မနည်းရှာယူနေရတယ်” ဟု ရှင်းပြသည်။

ထို့ပြင် မြောက်ဦး မြို့ပေါ်ရှိ ထုက္ကန်သိမ်၊ လေးမျက်နှာ သိမ်တော်ကြီး၊ ကိုးသောင်း၊ လောင်ပွန်းပြောက် စသည့် အထင်ကရ ရှေးးဟောင်း ဘုရား ပုထိုးများကိုပင်လျင် လုံလောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိဟု
မြောက်ဦးမြို့ခံ စာရေးဆရာ နောင်အေး က ဆိုသည်။

“ရှေး/သု ဌာနမှာက ဝန်ထမ်းအင်အား နည်းတာရယ်၊ ဌာနက ချပေးတဲ့ ပြုပြင်ထိန်းသိမ်းစရိတ် အရမ်းနည်းတာ
ကြောင့် ဇုန်နယ်တခုလုံး မလုပ်နိုင်ရင် ထားဦးတော့။ မြို့ပေါ်မှာရှိနေတဲ့ စေတီပုထိုးတွေကိုတော့ ပြုပြင် ထိန်းသိမ်း သင့်တာပေါ့ဗျာ။ အခု ဌာနနဲ့အနီးဆုံး နန်းရာကုန်း တခုလုံး မြက်တွေနဲ့ ဖုံးနေပြီ။ နောက်ပြီး လောင်ပွန်းပြောက်
စေတီ ဆိုရင်လည်း မဟာရံ တံတိုင်း ပြင်ဘက်နံရံမှာ ကပ်ထားတဲ့ ရောင်စုံကြွေပြားတွေ အားလုံးနီးပါး ပျက်စီးကုန်ပြီ။ ကိုးသောင်းဘုရား ဒုတိယ ပစ္စယံမှာရှိတဲ့ ရုပ်တုတော်တွေ သဘာဝဘေးကြောင့် ကျိုးပဲ့ပျက်စီးကုန်ပြီ။ ဂူတွေထဲမှာရှိ တဲ့ ရုပ်ပွားတော်တွေလည်း မိုးရေစိမ့်ကျလို့ ပျက်စီးနေတာ ဒီကနေ့ထိ ပြုပြင်နိုင်ခြင်း မရှိသေးဘူး” ဟု ရှင်းပြသည်။

မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာန လက်အောက်၌ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့ ရှိပြီး ဝန်ထမ်းစုစုပေါင်း ၂၉ ဦးသာရှိကြောင်းနှင့် မြောက်ဦး နန်းတော်ရာကုန်း တခုလုံးတွင် ထူထဲစွာ ပေါက်ရောက်
နေသည့် မြက်တော၊ ခြုံတောများကိုလည်း ယခု သီတင်းပတ်အတွင်း ရှင်းလင်းသွားမည်ဟု အဆိုပါဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ဌာနမှူးကမူ မဇ္ဈိမ၏ တွေ့ဆုံမေးမြန်းလိုမှုကို လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းရေးမှာ ဆိုင်ရာဌာနတွင်သာမက ဒေသခံ ရခိုင် တိုင်းရင်းသားများတွင်လည်း အထူးတာဝန်ရှိကြောင်း ဌာနမှူးဟောင်း ဦးကျော်ထွန်းအောင် က ဆိုသည်။

“ဌာနကလည်း ရှေးဟောင်းသုတေသန စည်းမျဉ်းဥပဒေတွေနဲ့အညီတိတိကျကျ ဆောင်ရွက်ဖို့ လိုသလို ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေအနေနဲ့လည်း ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ လိုပါတယ်။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါ ပျောက်သွားနိုင်တာမို့ ကိုယ်ကျိုးစီးပွား တခုတည်းကို မကြည့်ဘဲ ရှေးဟောင်း အမွေအနှစ်တွေ မပျောက် မပျက်ရအောင် အမျိုးသားအသိနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု အကြံပြုသည်။

လက်ရှိ ရပ်နားထားသော ရထားလမ်း ဖောက်လုပ်မှုအား ယဉ်ကျေးမှုဇုန်နယ်ကို ရှောင်ကွင်း ဖောက်လုပ်မည် ဆိုက ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတကာ အလယ်တွင်လည်း ဂုဏ်ယူဘွယ် ဖြစ်မည် ဟု ၎င်းက ဆိုသည်။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်၍ နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည့် သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်တို့၏
နောက်ဆုံး ရှေးဟောင်းနန်းမြို့တော်  ဖြစ်သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ-  သိန်းလှိုင်)
 

မဒဲကျွန်းဒေသခံတို့အတွက် လမ်းနှင့် လျှပ်စစ်မီးရရှိရေး စတင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒဲကျွန်း ဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းပြုလုပ်
နေသည့် ဧရိယာအတွင်းရှိ ဒေသခံတို့ ဆန္ဒဖော်ထုတ် တောင်းဆိုထားသည့် အချက်များမှ လမ်းဖောက်လုပ်
ရေးနှင့် လျှပ်စစ်မီး ရရှိရေးအချက်တို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်ဟု ဒေသဖွံ့ဖြိုးရေး တောင်းဆိုမှုတွင် ဦးဆောင်ခဲ့သူ ဒေသခံ ကိုထွန်းကြည်က မဇ္စျိမသို့ ပြောသည်။

ဧပြီလအတွင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည့် အချက် ကိုးချက်မှ နှစ်ချက်ကို စတင် လုပ်ဆောင်ပေး
နေခြင်းဖြစ်ကာ ဇွန်လအတွင်းတွင် လမ်းနှင့် မီး ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ဒေသဖွံ့ဖြိုးရေးအတွက် တောင်းဆိုထားသည်များကို ကျပ် သိန်း ၂၄ဝဝ နီးပါး အကုန်ကျခံ လုပ်ဆောင်ပေးမည်ဟု ကြားသိရသည်ဟုလည်း ၎င်းက ဆိုသည်။

ကိုထွန်းကြည်က '' ဒီလထဲမှာ ကျောက်ဖြူက ကန်ထရိုက်သမားတွေ ဆင်းလာပြီး ကျွန်တော်တို့ ဒေသ အသီးသီးကို ချိတ်ဆက်ဖို့ လမ်းတွေ ဖောက်ပေးနေပြီ၊ အခုက အကြမ်းဖျင်းတော့ ပြီးနေပြီ၊ အရှည်က သုံးမိုင်လောက်တော့ ရှိမယ်၊ လမ်းအပါအဝင် လျှပ်စစ်မီးအတွက်လည်း လုပ်ပေးနေပါတယ်၊ ဒါပေမဲ့ အရေးကြီးတဲ့ ခုနှစ်ချက်လည်း ကျန်နေသေးတယ်'' ဟု ဆိုသည်။

ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုရာတွင် စီမံကိန်းကြောင့် သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၁ဝဝ ကျော်ကို ပြန်ပေးရန်နှင့် ပြန်မပေးပါက လျော်ကြေးငွေပေးရန် ပါဝင်သည်။ ယင်းအပြင် လယ်ယာမြေ သိမ်းဆည်းခံရသူ အလုပ်လက်မဲ့ များကို စီမံကိန်းတွင် ပြင်ပ အလုပ်သမားများထက် အလုပ်အကိုင်များ
ဦးစားပေးချပေးရန်၊ စီမံကိန်းတွင် မလုပ်ကိုင်နိုင်သည့် သူများကို ကျွန်းပတ်လည်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့် ပြန်ပေးရန် စသည်တို့ ပါဝင်သည်။

ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ ကိုမောင်အေးက ''ကျေးရွာ ငါးရွာကို ချိတ်ဆက်ပေးဖို့ လမ်းတွေကို လိုက်တိုင်းတာတွေလည်း တွေ့ရတယ်၊ အခု မိုးတွင်းမှာ ရေကျော်နိုင်တဲ့
နေရာတွေကိုလည်း အဆင်ပြေအောင်

လိုက်လုပ်ပေးနေတာ တွေ့တယ်၊ လျှပ်စစ်မီးမှာလည်း လျှပ်စစ်ဝန်ကြီးဌာနက တိုင်တွေထောင်ပေးဖို့ မြေယာ လိုက်လံ တိုင်းတာနေတာတွေ လုပ်နေတယ်'' ဟု ဆိုသည်။

ယင်းစီမံကိန်းမှာ ယခင် အစိုးရ လက်ထက် ၂ဝဝ၉ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့ကိုလည်း ဖြတ်သန်းသွားပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တင်ပို့မည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းကို တရုတ်နိုင်ငံ CNPC ကုမ္ပဏီမှ ဦးဆောင် လုပ်ကိုင်ခြင်း ဖြစ်သည်။
ပိုက်လိုင်း စုစုပေါင်း အရှည် ၇,၆၇၆ ကီလိုမီတာ အနက် ၁,၅ဝ၄ ကီလိုမီတာသည် မြန်မာနိုင်ငံအတွင်း
ဖြတ်သန်းသည်။

ယင်းဒေသ ဖွံ့ဖြိုးရေးအတွက် တောင်းဆိုမှုများကို ဧပြီလအတွင်းက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ယင်း ဆန္ဒပြပွဲတွင် ခေါင်းဆောင်သူ ၁ဝ ဦးတို့ကိုလည်း မဒဲကျွန်း ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုများ
ပြုလုပ်ထားသည်။

ပိုက်လိုင်းကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများအား အမြဲတမ်း မြေယာသိမ်းယူခြင်းအတွက် မြေယာသီးနှံ
ပေါက်ဈေး၏ ငါးဆနှင့် ယာယီသိမ်းဆည်း မြေယာများအတွက် သုံးဆကို ပေးလျော်ပြီးဖြစ်ကြောင်းနှင့် စီမံကိန်းသက်ရောက်ရာ ဒေသများတွင် လျှပ်စစ်ရရှိစေရန် သက်ဆိုင်ရာ စီမံကိန်းပါဝင်နေသည့် ကုမ္ပဏီများမှ အမေရိကန် ဒေါ်လာ ဆယ်သန်းအား မြန်မာလျှပ်စစ် ဓာတ်အားလုပ်ငန်းသို့ ပေးပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ မေလအတွင်းက ပြောကြား
ပြီးဖြစ်သည်။
(သတင်းအရင်းအမြစ်-မဇ္စျိမ၊ ရေးသားသူ- နန်းလွင်နှင်းပွင့်)

ကျောက်ဖြူစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ရန် တရုတ်ဖိအားပေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်လျက်ရှိသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အမြန် အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံတော် ကောင်စီဝင်က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက် သည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြည်ထောင်စုဝန်ကြီးများအပါအဝင် နိုင်ငံ တော်သမ္မတနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံတော် ကောင်စီဝင် ရန်ကျဲချိက ယခုကဲ့သို့ ပြောဆိုလိုက်သည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ရဲကျဲချိ က ''ကျောက်ဖြူစက်မှုဇုန်စီမံကိန်း အမြန် အကောင်အထည်ဖော်ရန်
မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင် ဆောင်ရွက် လိုပါကြောင်း''ဟူ၍ သမ္မတကို ပြောဆိုသွားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတော် ကောင်စီဝင်သည် တရုတ်နိုင်ငံတွင် သြဇာအာဏာအရှိဆုံး ကောင်စီဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတအပါအဝင် ဝန်ကြီး အဆင့်များနှင့် ဖွဲ့စည်းထားသည့် ကောင်စီဖြစ်သည်။

ကျောက်ဖြူ စက်မှုဇုန်သည် ဒေသခံတို့၏ မလိုလားမှုများနှင့် ရင်ဆိုင်နေရပြီး အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုး ရေးအတွက် အခြေခံလိုအပ်ချက်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပထမ ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ကျောက်ဖြူဒေသခံများက ယခုလ ၄ ရက်က သဘောထားကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

ယခုကဲ့သို့ဒေသခံများ၏ သဘောထားများ ထုတ်ပြန်နေချိန်တွင် တရုတ်နိုင်ငံတော် ကောင်စီဝင်က အထက်ပါ ကဲ့သို့ အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်သည် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း၊ ကျောက်ဖြူ
ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂ဝ စတုရန်ကီလိုမီတာ အကျယ်အဝန်းအတိုင်းအတာထိ ဆောက်လုပ်ရန် စီစဉ်ထားသည်။

စီမံကိန်းဖော်ဆောင်နိုင်ရေး လုပ်ငန်း စဉ်များကို ဂျပန်နိုင်ငံက ရေးဆွဲလျက်ရှိပြီး ၂ဝ၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ကာ ၂ဝ၁၆ ခုနှစ်တွင် ပထမအဆင့် လုပ်ငန်းစဉ်များ ပြီးစီးရန် မျှော်မှန်းထားသည်ဟု စီမံကိန်းရေးဆွဲနေသည့် JDI (Japan Development Institute) ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

တရုတ်၏ ဖိအားပေးမှုများ တစ်ဖက် တွင်ရှိနေသကဲ့သို့ ကျောက်ဖြူနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်သည့် ဂက်စ်နှင့် ရေနံပိုက်လိုင်း ဖောက်လုပ်ရာတွင် ပျက်စီးသွားသည့် လယ်မြေများအတွက်လည်း လယ်သမားက
လျော်ကြေးတောင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ပြီးစီးမှုသည် မြန်မာနိုင်ငံကျောက်ဖြူမှ တရုတ်နိုင်ငံ ရွှေလီသို့ ကားလမ်း
ဖောက်လုပ်ရန် စီစဉ်ထားမှု၊ ကျောက်ဖြူ ရွှေသဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ-မြတ်ကျော်သူ)

ပြည်ထောင်စုအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ကော်မတီ(cabinet committee) များဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရအဖွဲ့မှ အစိုးရအဖွဲ့ ကော်မတီ (Cabinet Committee) များကို ဖွဲ့စည်းလိုက်ကြောင်း ဇွန် ၂၄ ရက်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့ ကော်မတီများမှာ ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ၊ စီးပွားရေးရာ ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ၀န်ဆောင်မှုရေးရာ ကော်မတီတို့ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံခြားရေးရာ မူဝါဒကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီကို နိုင်ငံတော် သမ္မတက ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန (၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများ၊ ဘဏ္ဍာ/အခွန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့က အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
စီးပွားရေးရာ ကော်မတီကိုလည်း နိုင်ငံတော်၏ စီးပွားရေး ကိစ္စရပ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတကပင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယရှေ့နေချုပ်တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဒုတိယသမ္မတ (၁)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ၀န်ဆောင်မှုရေးရာ ကော်မတီကို သမ္မတရုံးဝန်ကြီးဌာန (၆) ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။
အဆိုပါ ကော်မတီများသည် ယင်းတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်သည်။
အဆိုပါကော်မတီများ ဖွဲ့စည်းခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၃)၊ (၃၄/၂၀၁၃)၊ (၃၅/၂၀၁၃)၊ (၃၆/၂၀၁၃) တို့ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

တိုင်းပြည်အတွက် လိုအပ်ပါက ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး ဖြစ်နိုင်ခြေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

dawsu-june26
တိုင်းပြည်အတွက် လိုအပ်ပါက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဖြစ်နိုင်ခြေရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန် သတင်းထောက်များနှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။
"နိုင်ငံရေးမှာ ဖြစ်နိုင်စရာတွေ အများကြီး ရှိတယ်။ တံခါးပိတ်ထားတာထက် တံခါးဖွင့်ထားတာကို အန်တီပိုသဘောကျတယ်။ ညွန့်ပေါင်းဆိုရင်လည်း မဖြစ်နိုင်ပါဘူးဆိုတဲ့ အမြင်ကို မကြိုက်ဘူး။ ဖြစ်နိုင်ခြေ ရှိတာပေါ့။ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ တိုင်းပြည်အတွက် လိုအပ်ရင် ဖြစ်နိုင်ရမှာပေါ့" ဟု ဒေါ်aအာင်ဆန်းစုကြည်က ပြောကြားသည်။
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခြင်း၊ မဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒတွင် ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းနိုင်ဟု မပါရှိကြောင်းနှင့် နိုင်ငံaရးတွင် တံခါးပိတ်ထားခြင်းထက် တံခါးဖွင့်ထားခြင်းကသာ ပို၍ကောင်းကြောင်း၊ တတ်နိုင်သမျှ အများပါဝင်ရေးကိုသာ ဦးတည်ရမည်ဖြစ်ကြောင်း၊ ပါတီ၏ မူလအစ ရည်ရွယ်ချက်နှင့် တောင်းဆိုမှုတွင်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို လက်ကိုင်ယုံကြည်သောကြောင့် မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြေကြားသည်။
ထို့ပြင် "တပ်မတော်ကို နိုင်ငံရေးထဲ ပါဝင်စေချင်သလား၊ မပါဝင်စေချင်ဘူးလား ဆိုတာက နိုင်ငံရေး အသိုင်းအ၀ိုင်းကိုလည်း ကြည့်ရမယ်။ တပ်မတော်ကို လိုအပ်ချက်အတွက်သုံးပြီး ကိုယ့်အခြေအနေ အသာရအောင် ဖန်တီးတာမျိုး မလုပ်ရဘူး။ အဲဒါက တပ်ကိုလည်း နစ်နာစေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသို့ မဲပျံ့နှံ့မှု ရှိမည်ဟု မယုံကြည်ကြောင်း၊ မြန်မာပြည်သူများသည် မူပေါ်မှာ အခြေခံကာ မဲပေးသည့်အတွက် မဲပျံ့နှံ့မှု ရှိမည်မဟုတ်ကြောင်း၊ တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသား ပါတီများကို ထောက်ခံမဲပေးကြသော်လည်း ပြည်မတွင် ပါတီကြီးများကိုသာ မဲပေးကြပြီး ပါတီအသေးများကို မဲပေးသည့် အလေ့အထ ပြည်သူလူထုတွင် မရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မဲအပြတ်အသက် အနိုင်ရရှိပါက ၁၉၉၀ ပြည့်နှစ်ကကဲ့သို့ နောက်ကြောင်းပြန်လှည့်နိုင်ခြေ မရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)