Showing posts with label ဖောက်ခွဲရေး. Show all posts
Showing posts with label ဖောက်ခွဲရေး. Show all posts

Monday, October 21, 2013

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

U-21-10
KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။
KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
"အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
"ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်" ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။
ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။
"သူတို့ရဲ့ နောက်ကွယ်က  ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။
"ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။   
"ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။
အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, October 18, 2013

နမ့်ခန်းမြို့ ဗုံးပေါက်ကွဲမှု အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းသည် စနစ်ကျသော အဖွဲ့အစည်း တစ်ခုခု၏ အစီအမံများ ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ

8.1.1
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများသည် စနစ်ကျပြီး အင်အားရှိသော အဖွဲ့အစည်း တစ်ခုခု၏ အကွက်ချ အစီအမံများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ပြီးခဲ့သော ရက်များအတွင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု အပြီးတွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဗုံးလန့်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပြီး ပေါက်ကွဲမှု များကြောင့် တောင်ငူမြို့၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် လူနှစ်ဦး သေဆုံးခဲ့ရသည်။ နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် အောက်တိုဘာ ၁၇ ရက် နံနက် အစောပိုင်း ပေါက်ကွဲမှုကြောင့် စည်ပင်သာယာ ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ယခုကဲသို့ တိုင်းပြည်၏ နေရာအနှံ့တွင် ပေါက်ကွဲမှုနှင့် ဗုံးလန့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် အများပြည်သူမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြပြီး တရားခံ အစစ်အမှန် ပေါ်ပေါက်လာစေရန်အတွက် သက်ဆိုင်ရာက အမြန်ဆုံး ဖော်ထုတ်ပေးရန် လိုလားလျက် ရှိနေကြသည်။ ယခုဗုံးပေါက်ကွဲမှုများနှင့် ဗုံးလန့်မှုများအပေါ် တိုင်းရင်းသား အဖွဲ့များ အပါအ၀င် လူမှုရေးနှင့် နိုင်ငံရေး နယ်ပယ်မှ လူပုဂ္ဂိုလ် အချို့အား ဆက်သွယ် မေးမြန်းခဲ့ရာတွင် (၁) KNU အစရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (၂) မွတ်စလင် အစွန်းရောက်များ (၃)အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုကို မလိုလားသူများနှင့် (၄) အင်အားကြီး နိုင်ငံတစ်ခုနှင့် ပတ်သက်မှုများ ရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။
KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ယခုဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ် ဆိုသည်ကို KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ''ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံဆွေးနွေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့တွေကိုတော့ လိုလိုလားလား ရှိတယ်ဗျ။ အဲဒီလို လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့ကလည်း ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပဲ။ အဲဒီတွေ့ဆုံ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေကတော့ သွားနေတဲ့ ဖြစ်စဉ်တွေပေါ့ဗျာ။ အားမလို အားမရ တာတွေတော့ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့် လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု ပြည်တွင်းမှာ ဗုံးပေါက်တဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာတဲ့အခါ အထက်အရာရှိတွေကို အသိပေးပြီးမှ သွားလာကြတာပါ'' ဟု KNU တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က ပြောကြားသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး နမ့်ခမ်းဒေသတွင် လှုပ်ရှားနေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကလည်း ယခုဖောက်ခွဲမှုများသည် တိုင်းရင်းသား အဖွဲ့များ၏ ဖောက်ခွဲမှု မဖြစ်နိုင်ကြောင်းနှင့် (TNLA) အနေဖြင့် လူထုရှိနေသော နေရာတွင် ဗုံးဖောက်ခွဲမှုများအား ရှုတ်ချကြောင်း ပြောကြားသည်။
''တိုင်းရင်းသားတွေ အားလုံးက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှေးရှုနေကြတယ်။ ဒီဖြစ်စဉ်တွေက မဖြစ်သင့်တဲ့ ဖြစ်စဉ်တွေပါ။ ဘာကြောင့် ဖြစ်သလဲ ဆိုတာကတော့ သုံးသပ်ရ ခက်ပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် လူမျိုးရေး ဘာသာရေး အုံကြွမှုတွေ ဖြစ်လာမှာစိုးတယ်'' ဟု ပြောကြားသည်။
8.1.1
အောက်တိုဘာ ၁၄ ရက်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းထောင့်တွင် မိုင်းရှင်းလင်းရန် ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ''တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တရားဝင် အဖွဲ့အစည်းတွေက အင်နဲ့အားနဲ့ ဆောင်ရွက်နေတဲ့ အချိန်မှာ သင်းကွဲသွားတဲ့ ပုဂ္ဂိုလ်တွေ၊ အုပ်စုတွေကနေ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဖျက်ဆီးချင်တာလည်း ပါမှာပေါ့။ သူတို့ အကျိုးစီးပွားလည်း ပါမှာပေါ့။ အဲဒီတော့ ပြည်တွင်းကနေ နိုင်ငံ့ဂုဏ်ရည်ကို ထိခိုက်အောင်လုပ်တဲ့ အင်အားစုတွေနဲ့ ပြည်ပကနေ ဒို့တိုင်းပြည် တိုးတက်ဖွံ့ဖြိုး လာမှာကို မလိုလားတဲ့ အစုအဝေးတွေ ပေါင်းစည်းပြီး ဒီလိုချောက်ချားအောင် ဗုံးခွဲမှုတွေ လုပ်လာတာပေါ့'' ဟု ပြောကြားသည်။
''အခုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရင်ကောင်းမလား၊ အသစ်ရေးရင် ကောင်းမလားဆိုပြီး လူထုရဲ့ သဘောတွေကို ကောက်ယူနေတယ်။ အဲဒါနဲ့ တစ်ပြိုင်နက် တစ်နိုင်ငံလုံးမှာ ဗုံးခွဲမှုတွေ အမြောက်အမြား ပေါ်လာတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒါဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်မဆင်ဘဲနဲ့ ဆက်လက် ထိန်းသိမ်း ထားချင်သူတွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာ အကျိုးအမြတ်တွေ အကြီးအကျယ် ရရှိနေတဲ့ သူတွေ အဲဒီလို လူမျိုးတွေရဲ့ လက်ချက်များ ဖြစ်မလားလို့ သံသယ ဖြစ်မိတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်တဲ့ သူတွေလို့ ပြောတဲ့အခါမှာ ဘယ်သူတွေဖြစ်မယ် ဆိုတာတော့ ပြည်သူလူထု တစ်ရပ်လုံးက သိပြီးသားပါ'' ဟု ကယန်းပြည်သစ် ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင်က သုံးသပ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ကိုမြင့်အောင်က ''အခုအချိန်အထိ ရုတ်တရက် ပြောရမှာ စောတယ်။ ဒါပေမဲ့ အချိန်ကိုက် ဖြစ်နေတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံးရေချိန်ကို ရောက်နေတာ ဖြစ်တယ်။ တည်ငြိမ်နေတာကို ပျက်ပြားစေတဲ့ သဘောဖြစ်တယ်။ တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ သူတွေလို့ပဲ ပြောရမှာပါ။ တရားဥပဒေ စိုးမိုးမှုကလည်း အားနည်းတယ်။ လုံခြုံရေး အားနည်းတယ်။ စနစ်တကျ လုပ်တဲ့လုပ်ရပ် ဖြစ်တယ်လို့တော့ ယူဆတယ်။ ခိုင်မာတဲ့ အဖွဲ့အစည်းက စနစ်တကျ လုပ်တယ်လို့ ယူဆတယ်'' ဟု သုံးသပ်သည်။
''အရင်ကလည်း ဗုံးဖောက်ခွဲမှုတွေ အများကြီး ဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အမျိုးမျိုးသော ကောလာဟလတွေ၊ စွပ်စွဲတာတွေ၊ သတင်းထုတ်ပြန်တာတွေ အမျိုးမျိုးလည်း ကြုံခဲ့ဖူးပြီ။ ဒါပေမဲ့ အခုလိုမျိုး ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက် ဖြစ်တာမျိုးကတော့ အခု တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ တက်တက်ကြွကြွ ပြောလာကြတာမှာ အဖွဲ့အစည်းတွေ သက်သက်တင် မဟုတ်တော့ဘဲ လူထု လူတန်းစား အသီးသီး ပါလာတာကတော့ နိုင်ငံရေးအရ ဗုံးခွဲမှုတွေ ဖြစ်လာတာလားလို့ သံသယ ရှိလာတယ်။ တိုက်ဆိုင်မှုလို့ ပြောဖို့ကလည်း တော်တော်ခက်နေတယ်။ အဲဒါကြောင့် နိုင်ငံရေး ဆက်စပ်မှု၊ လှည့်ကွက်တွေရှိလား ဆိုတာကို ထင်လာတယ်။ ဒါပေမဲ့ အထောက်အထားတွေတော့ မရှိပါဘူး။ အရင်ကလည်း ကေအင်န်ယူနဲ့ တချို့အဖွဲ့တွေကို စွပ်စွဲတာတွေရှိတယ်။ ဒါပေမဲ့ အခု ဖမ်းထားတာတွေကလည်း ကျိန်းသေဆိုတာ လက်ခံဖို့ခက်တယ်'' ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
ယခုဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ပျဉ်းမနားမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုကလည်း ''အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မွတ်စလင် အစွန်းရောက် သမားတွေ မဖြစ်နိုင်သလို အနောက်နိုင်ငံ ကြီးတွေကလည်း မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ မွတ်စလင် အကြမ်းဖက် ဆိုတာလည်း မရှိပါဘူး။ အခုပေါက်ကွဲ မှုတွေကို ပြန်ကြည့်မယ်ဆိုရင် တအားကို လွယ်ကူနေတာကို တွေ့ရတယ်။ကျွန်တော့်အမြင် ပြောရရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မယ့်ကိစ္စနဲ့ သက်ဆိုင်နေတယ်လို့ ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်တဲ့သူတွေ၊ နောက်ကြောင်း ပြန်လှည့်ချင်တဲ့ သူတွေက အများပြည်သူတွေကို ထိတ်လန့်အောင် ဗုံးဖောက်ခွဲမှုတွေနဲ့ ပဋိပက္ခတွေနဲ့ အကြောက်တရား လွှမ်းမိုးအောင် ပြုလုပ်ပြီး ပြည်သူတွေက အစိုးရိမ်လွန်ကဲပြီး အရင်စစ်အစိုးရကို ပြန်အားကိုးချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် ပြုလုပ်နေတယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းအပြီး နောက်တွင် ပေါက်ကွဲမှု အများအပြား ဖြစ်ပေါ်ခဲ့သော်လည်း တရားခံကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသည့် ပေါက်ကွဲမှု အများအပြား ရှိခဲ့သည်။ ယခု ပေါက်ကွဲမှု ဖြစ်စဉ်များမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများတွင် နေရာဒေသ အများအပြားတွင် ရက်ဆက် ပေါက်ကွဲခဲ့သည့် ပထမဆုံးသော ပေါက်ကွဲမှု ဖြစ်စဉ်များလည်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Tuesday, October 15, 2013

ရန်ကုန်တွင် ဗုံးပေါက်ခွဲသူဟု သံသယရှိသူအား ဘီးလင်းတွင်ဖမ်းဆီးရမိ

• (၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

• အခင်းဖြစ်စဉ်မှာ ရရှိတဲ့ တရားခံရဲ့ အချက်အလက်တွေရရှိရှိခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက သထုံခရိုင် (၄) မြို့နယ်လုံးကို ပေးပို့ပြီး၊ အဓိကနေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။ အဓိကသွားလာမှု လမ်းကြောင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နဲ့ တည်းခိုနိုင်မယ့် အိမ်တွေကိုရှာဖွေတဲ့အခါမှာ တရားခံပုံပန်းသဏ္ဍာန် မသင်္ကာဖွယ်ရာလူတစ်ဦး နတ်ကြီးလမ်းပေါ်မှာ တွေ့ရှိကြောင်းသတင်းရရှိတဲ့ အတွက် ဘီးလင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ဒုရဲအုပ်ကျော်မြတ်သူ နဲ့ အဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းကို သထုံခရိုင် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

• အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့ပြီး၊၄င်းစီးနင်းလာတဲ့ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာမှ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

• ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးသိန်းလွင် ဦး စီးတဲ့အဖွဲ့အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီးလင်းရဲစခန်း တာဝန်ရှိသူများက ဒီနေ့ မနက်မှာဘဲ လွဲပြောင်း ပေးအပ် လိုက်ပြီလို့သိရပါတယ်။

[Source : https://www.facebook.com/HeroFamilyThaton/posts/456236231158061]
(ဤသတင်းအား Rakhine Citizen Journalists Facebook မှ ကူးယူဖော်ပြပါသည်)

ရခိုင်လူထုနဲ့ အစိုးရကြားသွေးထို့ လုံဆော်မူသက်သက်ဖြစ်သည်

Photo: ရခိုင်လူထုနဲ့ အစိုးရကြားသွေးထို့ လုံဆော်မူသက်သက်ဖြစ်သည်

ရန်ကုန်မြို့ တွင်းဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည်
ရခိုင့်တပ်မတော်ALP နှင့် သက်ဆိုင်သည်ဆိုသည့် သတင်းများမှန်ကန်မူမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြောဆို

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအား
လွတ်ပေးခြင်းမရှိသောကြောင့် ဦးအေးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထားသည့် 
အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့် ပြန် ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်း အင်တာနက်စာ မျက်နှာများတွင် ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူ မရှိကြောင်း
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၁၄ရက်နေ့  ရခိုင်ဓမာရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဒီကိစ္စတွေလုံးဝ မှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။ ဒီလိုသတင်းမျိုးတွေဟာ ရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့း လုံဆော်မူသက်သက်ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီး သတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝမဟုတ်ပါဘူးဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ် ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင်လူမျိုးများနှင့် ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော်သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်မိုးဝါ(ရိုးရာလေး)
ရန်ကုန်မြို့ တွင်းဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည်
ရခိုင့်တပ်မတော်ALP နှင့်သက်ဆိုင်သည်ဆိုသည့်သတင်းများမှန်ကန်မူမရှိဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြောဆို

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအား
လွတ်ပေးခြင်းမရှိသောကြောင့် ဦးအေးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထားသည့်
အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့် ပြန် ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်း အင်တာနက်စာ မျက်နှာများတွင် ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူ မရှိကြောင်း
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၁၄ရက်နေ့  ရခိုင်ဓမာရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဒီကိစ္စတွေလုံးဝ မှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။ ဒီလိုသတင်းမျိုးတွေဟာ ရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့း လုံဆော်မူသက်သက်ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီး သတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝမဟုတ်ပါဘူးဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ် ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင်လူမျိုးများနှင့် ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော်သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်မိုးဝါ(ရိုးရာလေး)

အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲခန့်က ရန်ကုန်မြို့ Traders ဟိုတယ် ကိုးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရ

8.1.1
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် Traders ဟိုတယ် အခန်းအမှတ် (၉၂၁) အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိသူ မစ္စစ် Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊ ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင် စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂ နာရီခန့်တွင် ပြောကြားသည်။
8.1.1
ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် အခန်းအမှတ် (၉၂၁)၏ ပြတင်းတံခါး အပိုင်းအစ (ဓာတ်ပုံ-ဝေလင်းအောင်)
လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့် အတွက် အလျင်အမြန် သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက်များက အောက်တိုဘာ ၁၅ ရက် ၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေး တပ်ဖွဲ့မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders တစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။
8.1.1
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ Traders ဟိုတယ် အနီးဝန်းကျင်တွင် ရှာဖွေမှုများ ပြုလုပ်စဉ်
အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက်ထပ်ဗုံးတွေ မတွေ့ရပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် ဖြေကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။
8.1.1
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် Traders ဟိုတယ်ရှေ့တွင် လုံခြုံရေး တာဝန်ကျသူများကို တွေ့ရစဉ်
လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေး အတွက် Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက်အလက်များနှင့် ဟိုတယ် အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ဗုံးများပေါက်ခြင်း၊ ဗုံးများတွေ့ခြင်းနဲ့ စိုးရိမ်မှုများ

ဒီရက်ပိုင်း ရန်ကုန်နဲ့ တခြားမြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အခု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အခုလို ကြေညာ သတိပေးလိုက်ပါတယ်။ 


 ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊ 
ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လုပ်သားပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း 

ရန်ကုန်၊ အောက်တိုဘာ ၁၄ လုပ်သားပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာ ၍့ ဗျောက်အိုးများဖေါက်ခြင်း၊ မီးရှုးမီးပန်းပစ်ခြင်းများပြု လုပ် လျက် ရှိနေပါသည်။ 
လတ်တလောရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းလက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်း များတွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး ပေါက်ကွဲမှုများ ထင်ယောင်ထင်မှားဖြစ်နိုင်သဖြင့် လုံခြုံရေးကိုရှေ့ရှု ကာ ဗျောက်အိုးဖေါက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေစိုးမိုးရေး အတွက် လုပ်သားပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် အသိပေးနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။ 

အလုံမှာတွေ့ရတဲ့ ချိန်ကိုက်ဗုံးဟု ယူဆရတယ်ဆိုတဲ့ အထုတ်နဲ့ပတ်သက်လို့ 

၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများ အား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါ အထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင် အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။ 

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီ ယာ တပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အား ရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။ 

မန္တလေးမှာတွေ့တဲ့ ဗုံးက စနက်တံ ဖြုတ်မရ၍ ဖောက်ခွဲပစ်လိုက်ရ

အောက်တိုဘာ ၁၄၊ ၂၀၁၃ မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် မွန်းလွဲ ၂ နာရီကျော်က ဗုံးတလုံး တွေ့ရှိ၍ သက်ဆိုင်ရာက စနက်တံဖြုတ်ရန် ကြိုးပမ်း ခဲ့ပြီး စနက်တံဖြုတ်မရ၍ မွန်းလွဲ ၃ နာရီ တွင် ဖောက်ခွဲလိုက်ကြောင်း အခင်းဖြစ်ပွားသည့်နေရာ ရောက်ရှိနေသည့် မန္တလေးအခြေစိုက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။ 

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီမထိုးခင် အင်းစိန်စော်ဘွားကြီးကုန်း၊ ကားမှတ်တိုင် မှာ ပေါက် ကွဲမှု တခုဖြစ်၊ ထိခိုက်ဒဏ်ရာမရ၊ သို့သော် လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေရာမှာ မပေါက် ကွဲသေး တဲ့ 
နောက် ထပ် ချိန်ကိုက်မိုင်းတလုံးတွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။ 

"စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထား သည့်အလျား (၄) လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ် မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါသည်။"လို့ ရဲတပ်ဖွဲ့ ကဆိုထားပါတယ်။ 

အောက်တိုဘာလ ၁၃ ညနေပိုင်းမှာလည်း ရန်ကုန်တိုင်း သာကေတမြို့နယ်၊  ၃/မာန်ပြေရပ်ကွက်၊ ယမုံနာ လမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံး တင်ယာဉ် နောက်တွဲ အောက်မှ အထုတ် ကို ဖြေကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၄ နှစ် လူငယ် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ချမ်းမြေ့တည်းခိုခန်းမှာ  ဗုံးပေါက်ကွဲ မှု ကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအပြင် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ညောင်လေးပင်မှ ဖြူးမြို့ကို  မောင်းနှင်လာ တဲ့ မော်တော်ယာဉ် တ စီး ပေါ်တွင် မသင်္ကာဖွယ် အထုတ်တခုအားတွေ့လို့ သက်ဆိုင်ရာကို အပ်နှံခဲ့ပြီး အဲဒီအထုပ်ကို  သဲအိပ်များ ကာ ရံပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့  ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါ တယ်။  

အခု ဧရာဝတီကစုံစမ်းသိရသလောက်ရန်ကုန်နဲ့မြို့တချို့မှာဗုံးလန့်မှုနဲ့ဗုံးနဲ့ပတ်သက်တဲ့ ကောလဟာလများ ဆက်တိုက်ထွက်ပေါ်နေပြီး အများပြည်သူ စိုးရိမ်ထိပ်လန့်နေကြတယ်လို့ သိရပါတယ်။ 
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)