Showing posts with label ပြည်ထဲရေး. Show all posts
Showing posts with label ပြည်ထဲရေး. Show all posts

Tuesday, October 15, 2013

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ

8.1.1
WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက်ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာတစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရသည်။
အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေးပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။
8.1.1
ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှေ့တွင် ဗုံးဟုသံသယရှိခြင်း ခံရသည့် လက်ကမ်းကြော်ငြာ စက္ကူထုပ်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။
အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။
ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။
ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ်တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, October 11, 2013

ပြည်ထဲရေးဝန်ကြီးဌာန ဝေဖန်ခံနေရ

 ပြုပြင်ပြောင်းလဲရေး, ပြည်ထဲရေး, တပ်မတော်, ရဲတပ်ဖွဲ့, အရပ်ဘက်, လူ့အခွင့်အရေး, အဓိကရုဏ်း, တိုင်းဒေသကြီး, ပြည်နယ်အစိုးရ
ပြီးခဲ့သည့် ရှစ်လေးလုံး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့လည်တွင် လွမ်းသူ့ပန်းခွေ ချမည့်သူများကို စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-Steve Tickner / ဧရာဝတီ)
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာရာ ဝန်ကြီးဌာနအနေဖြင့် လိုက်ပါဆောင်ရွက်နိုင်မှု အားနည်းလျက်ရှိရာ အထူးသဖြင့် တပ်မတော်က တိုက်ရိုက်ကိုင်တွယ်နေသော ပြည်ထဲရေးဝန်ကြီးဌာနသည် အဝေဖန်ခံရဆုံး ဖြစ်မည်။
ပြည်ထဲရေး ၀န်ကြီး ဌာနလက်အောက် မြို့ပြနှင့် အရပ်ဘက်လုံခြုံရေးကို တာဝန်ယူရသည့် ရဲတပ်ဖွဲ့၏ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်၍ အများဆုံးဝေဖန်ခံရသည်။ ထိုသို့ လိုအပ်ချက်များအပေါ် ဝေဖန်ခံနေရသော်လည်း တိုးတက်မှုများလည်း ရှိသည်။
စစ်အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေး အသွင်ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာဆိုသော်လည်း ပြည်ထဲရေး ၀န်ကြီးသည် ဖွဲ့စည်းပုံအရ တပ်မတော်က တာဝန်ယူနေပြီး ပြည်ထဲရေး ၀န်ကြီးဌာနသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ လုံခြုံရေး တည်ငြိမ် အေးချမ်းသာယာရေး၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး ဆိုသည့် ရည်မှန်းချက် ၄ ခု ကို လက်အောက်ခံ ဌာနများဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန ၄ ခု ဖြင့် အကောင်အထည်ဖော်လျှက် ရှိသည်။
သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ဆောင်လာသော်လည်း နိုင်ငံတကာ အဆင့်မီ ဖြစ်ရန်များစွာ ကြိုးရမည်ဟု ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာချိန်တွင် ပြည်ထဲရေး ၀န်ကြီးဌာန၏ နိုင်ငံရေးတက်ကြွလှုပ် ရှားမှုများ၊ အခွင့်အရေးတောင်းဆိုမှုများကို ကိုင်တွယ်မှုများတွင် အကျည်းတန်မှုများ ရှိကြောင်း ယမန်နှစ်က လက်ပံတောင်းတောင်စီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြနေသော သံဃာများကို အင်အားသုံးနှိမ်နင်းခဲ့မှုကို ထောက်ပြဝေဖန်သည်။
“လက်ပံတောင်း စီမံကိန်းကိစ္စမှာတုန်းက သုံးစွဲတဲ့ ဗုံးဟာ မီးလောင်ဗုံး ဟုတ်မဟုတ်၊ ရိုးရိုး မီးခိုးငွေ့ ဗုံး ဟုတ်မဟုတ် ဆိုတာ အငြင်းပွားစရာ ပေါ်ပေါက်တယ်လေ” ဟု ဦးသိန်းညွှန့်က ဆိုသည်။
ပြည်ထဲရေး ၀န်ကြီးဌာနသည် နိုင်ငံရေး ကိစ္စများကို လုံခြုံရေးအမြင်ဖြင့်သာ ချည်းကပ်ကိုင်တွယ်နေကြောင်း ရန်ကုန်မြို့နေ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း ဧရာဝတီကိုပြောသည်။
“Political Issue (နိုင်ငံရေး ကိစ္စ) ကတော့ သူတို့အတွက်ပိုပြီး အရေးကြီးတယ်၊ အန္တရာယ်ကြီးတယ်လို့ သူတို့ မြင်နေ ပုံ ရတယ်” ဟု သူက ဆိုသည်။
ထိုသို့ ရှုမြင်ချက်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က သဘောတူသည်။
“ရခိုင်အရေး၊ မိတ္ထီလာအရေးမှာ ကိုင်တွယ်တာက ကိစ္စတွေမှာ အရမ်းနှောင့်နှေးပေမယ့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တွေနဲ့ အခွင့်အရေး တိုက်ပွဲ ၀င်တဲ့လူတွေကို ဖမ်းဆီးတာ၊ တရားစွဲတာ၊ အရေးယူတာတွေကျတော့ မြန်လွန်းတာတွေ ရှိနေတော့ ဒါက သွေး ရိုးသားရိုးတော့ မဟုတ်ဘူးလို့ ပြောရမှာပါ” ဟု ဦးတိတ်နိုင်က ပြောသည်။
“မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာ တရက်ကို တိုင်စာ စုစုပေါင်း ၅၀ လောက် လက်ခံ ရရှိတယ် ပြောတယ်။ အဲဒီထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့အများစုက ရဲလို့ ပြောတယ်။ ရဲကျူးလွန်တဲ့အမှုက အများစု ဖြစ်ပြီးတော့ ဒုတိယ မြေယာသိမ်းဆည်းမှုပေါ့။ ဒါက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင်ပြောသွားတာ”ဟုလည်း ပြောဆိုသည်။
ပြည်ထဲရေး ၀န်ကြီးဌာနက အသုံးပြုနေသည့် ပုဒ်မ ၁၈ အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း သူက ဆက် ပြောသည်။
“ပုဒ်မ ၁၈ ကို ပြောရရင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့သူတွေကို အကာအကွယ်ပေးထားတယ်လို့ ထင်စရာ ရှိတယ်။ ဒါပေမယ့် တကယ်တမ်း အနှစ်သာရအရ ကြည့်ရင် ဒီ တက်ကြွ လှုပ်ရှားနေတဲ့သူ၊ မိမိအခွင့်အရေးကိုတောင်းဆိုနေတဲ့ သူတွေကို မြန်မြန်ဆန်ဆန် ဖမ်းဆီးဖို့၊ ပုဒ်မတပ်ထောင်ချလို့ရအောင်လုပ်ထားတဲ့ သဘောမျိုးပဲ”ဟု ဦးတိတ်နိုင်က ဆို သည်။
သို့သော် ရခိုင်ပြည်နယ်၊ မိတ္တီလာစသည့် မကြာသေးခင်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိကရုဏ်းနှိမ်နှင်းမှုဆိုင်ရာ နိုင်ငံတကာစံများနှင့် မညီပဲ အားနည်းချက်များ ရှိနေသည်မှာ မှန်သော်လည်း နှောင့်နှေးမှုများမှာ လုံခြုံရေး အင်အား မလုံလောက်မှုကြောင့်ဟု ဘရပ်ဆဲလ် အခြေစိုက် Internation Crisis Group- ICG  အစီရင်ခံစာက ထောက်ပြသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အားနည်းနေသေးကြောင်း၊ နိုင်ငံတကာ၏ အကူအညီ ဖြင့် ရဲတပ်ဖွဲ့ စွမ်းရည် မြင့်မားလာရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ရဲ တပ်ဖွဲ့ဝင်များ၏ လစာ အလွန်နည်းပါးခြင်း ကိစ္စလည်း စဉ်းစားရန် လိုကြောင်း ဒေါက်တာရန်မျိုးသိမ်းကလည်း သုံးသပ်သည်။
သို့ရာတွင် ရဲတပ်ဖွဲ့များနှင့် ရဲတပ်ရင်းများအပေါ် အမိန့်ပေးသည့်ကိစ္စ၌ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ၏ လုပ်ပိုင်ခွင့် အမိန့်ပေးပိုင်ခွင့်သည် ယခုထိ မရှင်းလင်း၍ ထိုအားနည်းချက်များ ရှိနေခြင်းဖြစ်ကြောင်း ဒေါက်တာ ရန်မျိုး သိမ်းက ဆိုသည်။
“ပြည်နယ်အစိုးရတွေ၊ တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့်တွေ လွှဲပေးတာမှာ အဲဒီ ပြည်နယ်အစိုးရတွေ၊ တိုင်း ဒေသကြီး အစိုးရတွေဟာ ရဲတပ်ဖွဲ့အပေါ်မှာ ဘယ်လောက်ထိ အမိန့်ပေးနိုင်လဲ ဆိုတဲ့ အပိုင်းက မရှင်းလင်းဘူး”ဟု ဆိုသည်။
သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများအတွင်း ရဲတပ်ဖွဲ့များအပေါ် အမိန့်ပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး အမြဲတမ်း မဟုတ်သော်လည်း အရေးကြီးသည့် အခြေအနေများတွင် အမိန့်ပေးခွင့် ပိုရှိသင့်ဟု မြင်ကြောင်း သူက ဆက်ပြော သည်။
နိုင်ငံ၏ စနစ်တခုလုံး ပြင်ဆင်ရာတွင် နှစ်ကျော်လာသည်အထိ မြို့နယ်နှင့် ခရိုင်အစရှိသည့် အ ဆင့်များအတွက် အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်ခြင်းမရှိသေးဘဲ မြို့ပြအုပ်ချုပ်ရေး မပီပြင်သေးပေ။ အခြေခံ အကျဆုံး ရပ် ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို တိုက်ရိုက် ရွေး ချယ် တင်မြောက်မှုများတွင် မသမာမှုများ ရှိနေခြင်းသည်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ အားနည်းချက်များထဲမှ တခု ဖြစ်သည်။
စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးအသွင်ကူးပြောင်းလာရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရေးအစိုးရမှအကြိမ်ကြိမ် ကတိပေးပြေဆိုမှုများရှိသော်လည်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စများတွင် အဟန့်အတားများစွာ ရှိနေသေးကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။
သို့သော် နေပြည်တော်တွင် မကြာသေးခင်က ပြုလုပ်ခဲ့သည့် ပြည်တွင်း အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဆွေး နွေးပွဲတွင် အတိုင်းအတာတခုထိ နားလည်မှုရကာ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအား ၇၅ ရာခိုင်နှုန်းခန့် ပြင်ဆင်ရန် ရှိ၍ တိုးတက်မှု ရှိသည်ဟု သိရသည်။
ပြည်ထဲရေး၏ ကိုင်တွယ်ဖြေရှင်းမှုများသည် ယခင်ကကဲ့သို့ အင်အားသုံး ဖြေရှင်းမှုမျိုး မလုပ်တော့ပဲ ငြိမ်းချမ်းစွာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ကို အသိအမှတ်ပြုရန်ရှိကြောင်း ဦးသိန်းညွန့််ကဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် အမျိုးသား ထောက်လှမ်းရေး၊ မူးယစ်တိုက်ဖျက်ရေး၊ အထူးစုံစမ်းစစ်ဆေးရေး၊ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး၊ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ စသည့် ထူးထွေများပြား အရေးကြီးသည့် တာဝန်များကို ထမ်းရွက်ရာတွင် ဒီမိုကရေစီဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် လိုက်လျောညီထွေဖြစ်ရန် ပွင့် လင်းမြင်သာမှုရှိရေး အရေးကြီးကြောင်း သုံသပ်သူများက ထောက်ပြသည်။
“ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ အနေနဲ့က ကိုင်တွယ်တဲ့ ဖြစ်စဉ်တွေမှာ သူတို့ ဘယ်လို ပုံစံမျိုး ကိုင်တွယ် ဖြေ ရှင်းတယ်၊ သူတို့ဘက်က ဘယ်လို အားနည်းချက်တွေရှိတယ်။ အဲဒီ အားနည်းချက်တွေကြောင့် ဘယ်လို အကျိုးဆက် တွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို စနစ်တကျ ရှင်းလင်းပြသင့်တယ်လို့ မြင်တယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောဆိုသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)