Tuesday, August 5, 2014

ရခိုင်ပြည်နယ်လျှပ်စစ်ကဏ္ဍတိုးတက်ရန် ၀န်ကြီးချုပ်ကတိပြုပြီးနောက် မြောက်ဦးတွင်တရက်ခြားစီသာ လျှပ်စစ်မီးလာ

Mrauk-U-Entrace-gate
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် အဖြစ်ခန့်အပ်ခံရသော ဗိုလ်ချုပ် မောင်မောင်အုန်းမှ သူ့လက်ထက်တွင် ရခိုင်ပြည်နယ်နယ် လျှပ်စစ်ကဏ္ဍကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကတိပြု ပြောကြားပြီးနောက်  နိုင်ငံခြားဧည့်သည်များ အဓိက လာရောက်လည်ပတ်သော မြောက်ဦးတွင် တစ်ရက်ခြားစီ လျှပ်စစ်မီးရရှိတော့သဖြင့် မြောက်ဦးဒေသခံတို့ အထူးစိတ်ပျက် လက်ပျက် ဖြစ်နေကြသည်ဟု သိရသည်။
“ ကျွန်တော်တို့ ဆန္ဒဖေါ်ထုတ်ပွဲလုပ်မယ်ဆိုပြီး ခရိုင်ဥက္ကဌကို အကြောင်းကြားတယ်။ အရင်က မီးနေ့တိုင်းလာတယ်။ မနေ့ကစပြီး တစ်ရက်ခြားစီလာတယ်။ ဒါကို ဆန္ဒဖေါ်ထုတ်ပွဲလုပ်ဖို့ မြို့နယ်ရဲမှာ ခွင့်ပြုချက်တောင်းခံမယ်ဆိုတော့ သူက မလုပ်ပါနဲ့။ သူတို့ ဖြေရှင်းပေးမယ်လို့ ပြောတယ်” ဟု မြောက်ဦး ဒေသခံ ကိုအေးမောင်သန်းက နိရဉ္စရာသို့ ပြောသည်။
ယခင်က မြောက်ဦးမြို့တွင် လျှပ်စစ်မီးမှာ နံနက် ၆ နာရီ ၁၁ နာရီ၊ ညနေ ၄ နာရီက ညဥ့် ၁၁ နာရီထိ တစ်မြို့လုံးကို လျှပ်စစ်မီး ဖြန့်ဖြူးပေးသော်လည်း သြဂုတ်စ်လ (၂) ရက်နေ့က စပြီး မြောက်ဦးမြို့ကို (၂) ခြမ်း ပိုင်းခြားလိုက်ပြီး တစ်ပိုင်းကို တစ်ရက်သာ ပေးတော့သည်ဟု ဆိုသည်။
“ ဒီဘက်အပိုင်းကို ဒီနေ့ ပေးရင် နောက်တစ်ပိုင်းကို မနက်ဖြန်ပေးတယ်။ တစ်ပိုင်းကို တစ်ရက်ခြားဘဲ ပေးတယ်။ အရင်က နေ့တိုင်းရနေတာ အခုတော့ မီတာခ ယူနစ် (၂၀) ထိ ၃၅ ကျပ်နဲ့ သုံးနိုင်တယ်လို့ ၀န်ကြီးချုပ်သစ်က ခွင့်ပြုပေးလိုက်တဲ့ နောက်ပိုင်းမှာ သူတို့က ခုလို တစ်မြို့လုံးကို မီးပေးနေတာကို လျှော့ချလိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းမှ ရခိုင်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ပြီး များမကြာမီ ရခိုင်ပြည်နယ်တွင် မီတာခ (၁၀) ယူနစ်ထိ ၃၅ ကျပ်နုန်းဖြင့် သုံးစွဲနေရာမှ မီတာ (၂၀) ထိ သုံးစွဲနိုင်ကြောင်း ထုတ်ပြန်ကျေညာခဲ့သည်။
မြောက်ဦးလျှပ်စစ်မီးဖြန့်ဖြူးသူများ အနေဖြင့် ယူနစ် (၂၀) ထိ ၃၅ ကျပ်နုန်းဖြင့် သုံးစွဲခွင့်ပြုလိုက်သဖြင့် အမြတ်မရှိရာမှ ယခုလို မြို့ကို နှစ်ပိုင်းခြားပြီး တစ်ပိုင်းတစ်ရက် ဖြန့်ဖြူးခြင်းဖြစ်ကြောင်း နီးစပ်သူ တစ်ဦးမှ ပြောဆိုသည်။
“ မြောက်ဦးမြို့ မီးကို တော်ဝင်ထူးလင်း ကုမ္ပဏီက ဒီဇယ်စက်ကြီးတွေက တဆင့် ပေးဝေနေတာ ဖြစ်ပါတယ်။ ယူနစ် (၁၀) ကနေ ယူနစ် (၂၀) ကို ၃၅ ကျပ်နုန်း သတ်မှတ်တော့ အမြတ်မရှိတော့ သူတို့က အရင်အတိုင်း တစ်မြို့လုံးကို မပေးတော့ဘူး။ နောက်ပီး ဒီဇင်္ဘာလမှ မဟာဓါတ်အားလိုင်းကနေ လျှပ်စစ်မီး လာတော့မယ် ဆိုတာကို သိတော့ မီးစက်တွေကိုလည်း မွန်းမံပြင်ဆင်မူ မလုပ်တော့ လျှပ်စစ်မီးအားက လျှော့ကျသွားတယ်လေ” ဟုသူကဆိုသည်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးမှ ယခုကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ ပြည်နယ်သို့ တင်ပြအစီရင်ခံတင်ပြသွားမည် ဖြစ်ကြောင်း၊ မီးကန်ထရိုက်ယူထားသူ တာဝန်ခံမှာလည်း စစ်တွေသို့ ရောက်နေသဖြင့် ဖြေရှင်းပေးရန် ခက်ခဲနေသဖြင့် သြဂုတ်စ်လ (၁၀) ရက်နေ့ထိ စောင့်ဆိုင်းရန် မြို့လူထုအား ဖျောင်းဖျ ပြောဆိုထားသည်ဟု ဆိုသည်။
မြောက်ဦးသည် ရခိုင်ပြည်နယ်အတွင်းမှ ခရိုင်အဆင့်မြို့တစ်မြို့ ဖြစ်သည်သာမက  ရှေးဟောင်းမြို့တော် တစ်ခုလည်း ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ဧည့်များ မကြာခဏ လာရောက်လည်ပတ်သော မြို့ ဖြစ်သည်။ ထိုသို့ ရခိုင်ပြည်နယ်အတွင်းမှ အထင်ကရ မြို့တစ်ခုတွင် လျှပ်စစ်မီးကို နာရီအလိုက်သာ သုံးစွဲခွင့် ရရှိခဲ့ရာမှ ယခုတဖန် အပိုင်းလိုက် တစ်ရက်ခြားသာ ရရှိတော့သဖြင့် မြို့ခံ လူထုအနေဖြင့် အာဏာပိုင်များ ကတိက၀တ်များ အပေါ် မေးခွန်းထုတ်နေကြသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တောဒေသခံတစ်ဦး ဒိုင်ယာစီဖန်ဆေးပြားများနှင့်အတူ စစ်တွေသင်္ဘောဆိပ်တွင် ဖမ်းဆီးခံရ

diazepamရခိုင်ပြည်နယ် မောင်တောမြို့မှ ဒိုင်ယာစီဖန် ဆေးပြားများ သယ်လာသူတစ်ဦးကို စစ်တွေသင်္ဘောဆိပ်တွင် ယခုလ (၁) ရက်နေ့က ဆေးပြားများနှင့် အတူ ရဲမှ ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။
“ ဒီသတင်းမှန်ပါတယ်ခင်ဗျား။ သတင်းအရ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသစ်ဆန်းရဲ့ ညွှန်ကြားချက်နဲ့ မူးယစ်ဆေးဝါး တပ်ဖွဲ့စု (၄၇) မှ ရဲမှူးရီထွန်းသန်း ဦးစီးတဲ့ တပ်ဖွဲ့က သတင်းအရ ဘူးသီးတောင်ကနေ ခုတ်မောင်းလာပြီး စစ်တွေ ဆိပ်ကမ်းကို ညနေ (၈) နာရီခန့်မှာ ဆိပ်ကပ်လာတဲ့ အောင်တံခွန် (၅) သင်္ဘောကို တက်ရောက်ရှာဖွေတဲ့အခါ ဆေးပြားတွေနဲ့ အတူ လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ ငခူရကျေးရွာမှ မောင်သန်းထွန်း (၄၄ နှစ်)  (ဘ) ဦးကျော်မြဦးဖြစ်ကြောင်း ရဲအရာရှိမှ အတည်ပြု ပြောဆိုသည်။
“ သူ့ထံက ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကတော့ အများကြီးပါဘဲ။ အနက်ရောင် ခရီးဆောင်အိတ်နဲ့ သယ်ဆောင်လာတာပါ။ အသိသက်သေတွေနဲ့ ဖွင့်ရှာတော့ အဲဒီအိတ်တွေက ဖမ်းမိတာပါ” ဟု သူကဆက်ဆိုသည်။
ဖမ်းဆီးရမိသော ဆေးပြားများမှာ တစ်ကဒ်တွင် ဆေးပြား (၂၀) စီပါ ဒိုင်ယာစီဖန် ( Diazepam) ၅ မီလီဂရမ် (၁၄၉၆) ကဒ်၊ ဆေးကဒ် တစ်ခုတွင် ဆေးပြား (၁၀) ပြားစီပါ Alprazolaml ၂၅ မီလီဂရမ် ဆေးကဒ်ပေါင်း ၄၉၀ ကဒ်၊ ဆေးကဒ် တစ်ခုလျှင် ဆေးပြား (၁၀) ပြားစီပါ Alprazolaml ဆေးကဒ် ပေါင်း ၄၉၀ ကဒ်၊ စုစုပေါင်း ဆေးများ၏ လက်ရှိ တန်ဖိုးငွေပမာဏ ကျပ် (၁၁၄၂၆၀၀) ရှိကြောင်း ရဲတာဝန်ရှိသူက ပြောသည်။
ဖမ်းဆီးမိသူ မောင်သန်းထွန်းအား ယခုအခါ စစ်တွေ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ရဲအုပ်ဝင်းလိုင်မှ တရားလို ပြုလုပ်ပြီး (ပ)၇/၂၀၁၄ မူးယစ်/ စိတ်ပြောင်းပုဒ်မ- ၁၅/၁၉ (က) /၂၀ (က) အရ အရေးယူ အမူဖွင့်ထားကြောင်း သိရသည်။
ယင်းအမူအား အမူအမှတ် ၁၆၉၇၆၆ ဖြင့် စစ်တွေ အမှတ်(၁) ရဲစခန်းမှ လက်ခံပြီး ဒုရဲအုပ် အောင်တင်ဦးမှ ဆက်လက်စစ်ဆေးကာ ကွင်းဆက်များကို ဖေါ်ထုတ်နေကြောင်း ရဲအရာရှိမှ ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အထူးများပြားလာနေကြောင်း၊ ကျောင်းသား လူငယ်များအကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုံစွဲနေကြကြောင်း၊ အထူးသဖြင့် စစ်တွေမြို့ရှိ အထက်တန်းကျောင်းအချို့ရှိ ကျောင်းကွမ်းယာဆိုင်များတွင်လည်း အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ကြောင်း၊ စစ်တွေမူးယစ်တပ်ဖွဲ့မှလည်း အစွန်အဖျားရောင်းဝယ်ဖေါက်ကားနေသူများထက် ဒိုင်ကြီးများကို ဖေါ်ထုတ် အရေးယူရန် လိုအပ်ကြောင်း စစ်တွေမြို့မှ ဆေးစွဲနေသူတစ်ဦး၏ ဇနီးဖြစ်သူက နိရဉ္စရာသို့ ရင်ဖွင့် ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အဏ္ဍ၀ါမင်း (၉) ငါးဖမ်းသင်္ဘော ရခိုင်ပင်လယ်ပြင်တွင်နစ်မြုပ်၍ လူ ၁၇ ဦးပျောက်ဆုံးနေ

Fishing-boat-in-Arakan
ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းတန်းကေးလှေတစ်စီးအားတွေ့ရစဉ်( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူနှင့် ရမ်းဗြဲအကြား ပင်လယ်ပြင်တွင် အဏ္ဍာဝါမင်း (၉) ငါးဖမ်းသင်္ဘောနစ်မြုပ်သွားသဖြင့် လူ (၆) ဦးကို ကယ်တင်နိုင်ပြီး ကျန် (၁၇) ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
ယင်းသင်္ဘောသည် သြဂုတ်လ (၂) ရက်နေ့ နေ့လည်တွင် ကျောက်ဖြူအနီးရှိ မင်းပြင် အပြင်ဘက် ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်ဟု တစ်ခြားငါးဖမ်း သင်္ဘောတစ်စီးဖြစ်သော (၄၁၉) မှ  တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ သင်္ဘောနစ်တာက သြဂုတ်လ ၂ ရက်နေ့ နေ့လည်မှာ နစ်တယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ ပါလာတာ သင်္ဘောသား ၂၂ ဦးလို့ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ကယ်တင်နိုင်တာက (၆) ဦးပါခင်ဗျား။ ကျန်တဲ့ လူတွေရဲ့ ကံကြမ္မာကိုတော့ ကျွန်တော်တို့ မသိရသေးဘူး” ဟု ပြောသည်။
ပင်လယ်ပြင်တွင် ခုတ်မောင်းနေသော ( ၄၁၉) ငါးဖမ်း သင်္ဘောမှ ရေထဲမှ သင်္ဘောသား (၆) ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု သူက ဆက်ပြောပြီး ကျန်လူများကိုမူ ယခုအချိန်ထိ မတွေ့ရှိသေးဟု ဆိုသည်။
ကျောက်ဖြူ ငါးလုပ်ငန်း ဦးစီးဌာနကမူ သင်္ဘောပေါ်တွင် ငါးဖမ်းလုပ်သားများ အပါအ၀င် လူပေါင်း (၂၅) ဦးလိုက်ပါသွားသည်ဟု ပြောသည်။
“ ကျွန်တော်တို့ ကယ်တင်နိုင်တဲ့ သင်္ဘောသားတွေ ပြောပြတာကတော့ သင်္ဘောပေါ်မှာ လူပေါင်း ၂၂ ဦး ပါလာတယ်လို့ ပြောတယ်။ ပဲ့နင်းလည်း ပျောက်နေတယ်လို့ ပြောတယ်” ဟု ဆိုသည်။
အဏ္ဍ၀ါမင်း (၉) သင်္ဘောမှာ ပင်လယ်ထဲတွင် ငါးဖမ်း ပိုက်ဆွဲနေရင်း နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။ အသက်မသေဘဲ လွှတ်မြောက်လာသူများအား ယခုအခါ ကျောက်ဖြူသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တောမြို့နယ် မင်္ဂလာကြီးအလယ်တန်းကျောင်းဆောင် မီးလောင်

fire-maungdaw
ဇန်န၀ါရီလ ၂၈ ရက်နေ့က ဒုချီးရားတန်း အနောက်ရွာတွင် မီးလောင်နေစဉ်။ ( Photo- Information Department)
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မင်္ဂလာကြီးရွာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်တစ်ခု ဇူလိုင်လ ၃၁ ရက်နေ့ ညဉ့်က မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။
မီးမှာ ရှို့မီးဖြစ်ဖို့ ဖြစ်နိုင်ခြေများသည်ဟု မောင်တောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသန်းလိုင်က ပြောသည်။
“ အဲဒီမီးလောင်တဲ့နေ့က မိုးလည်းရွာနေတယ်။ ဒီလို မိုးရွာနေတဲ့ အချိန်မှာ မီးလောင်တယ်ဆိုတော့ ရှို့မီးဖြစ်ဖို့များတယ်။ တစ်ခြား လောင်ဖို့ အကြောင်းမရှိဘူး” ဟု သူက ဆိုသည်။
၎င်းအလယ်တန်းကျောင်းမှာ မင်္ဂလာကြီးရွာတွင် တည်ရှိပြီး ကျောင်းသားကျောင်းသူ ၁၁၇၈ ဦးတက်ရောက်သင်ကြားနေသော ကျောင်းဖြစ်သည်။ ကျောင်းတွင် ညစောင့်လည်း မရှိကြောင်း သိရသည်။
“ အဓိက ဘင်္ဂလီကလေးတွေ စုစုပေါင်း ၁၁၇၈ စာသင်ကြားနေတဲ့ အလယ်တန်းကျောင်းပါ။ ကျောင်းဆောင် လေးဆောင်ရှိတဲ့ အနက်က အဆောင်နံပတ် (၃) လောင်သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းက အလျား ပေ ၈၀၊ အနံ ပေ ၃၀နဲ့ အမြင့် ၁၂ ပေရှိပါတယ်။ အုတ်ဖေါင်ဒေးရှင်း သွပ်မိုးထရံကာဖြစ်ပါတယ်။ ဆုံးရှုံးမူက ကျပ် သိန်း ၉၀ ဖိုးခန့်ရှိပါတယ်” ဟု လက်ထောက်ပညာရေးမှူးကဆက်ဆိုသည်။
၎င်းနေ့က ယင်းကျောင်းဆောင်များအတွင်း ကျေးရွာသားအချို့က အိဒ်နေ့အပြီး ထမင်းချက် ပျော်ပွဲစားခဲ့ကြသော အထောက်အထားများတွေ့ရကြောင်း၊ မီးဖိုခွင်များအသုံးပြုခဲ့သော သဲလွန်စများကို ရရှိခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာသားများက မီးလောင်နေသည်ကို ညနေ ၉ နာရီခန့်တွင် မြင်တွေ့ ခဲ့ရကြောင်း၊ သို့အတွက် နီးစပ်ရာ နယ်ခြားစောင့်တပ်ဖွဲ့ နယ်မြေ (၆) သို့ အကြောင်းကြားရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာပြီး ကျေးရွာသားများနှင့် အတူ မီးငြိမ်းသတ်ခဲ့ကြောင်း၊ ညနေ ၁၀ နာရီကျော်တွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သူရထားသမျှသတင်းကို သူက နိရဉ္စရာသို့ ပြောကြားသည်။
“ အဆောင်တစ်ဆောင်ဘဲ မီးလောင်တယ်ဆိုတာက ကျန်တဲ့သုံးဆောင်က သွပ်မိုး၊ အုတ်ထရံဆိုတော့ ချက်ချင်းလောင်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့် ကျန်နေခဲ့တာပါ” ဟု ဆိုသည်။
ယခုအခါ ပြည်နယ်ပညာ ညွှန်ကြားရေးမှူးထံသို့ မောင်တောခရိုင် ပညာရေးမှူးမှ မင်္ဂလာကြီးရွာ အလယ်တန်းကျာင်း မီးလောင်မူနှင့် ပတ်သက်ပြီး သြဂုတ်စ်လ ၁ ရက်နေ့က စာရေးတိုင်ကြားခဲ့ပြီး မိတ္တူကို ညွှန်ကြားရေးမှူးချုပ် အမှတ်(၁) အခြေခံပညာ (ရန်ကုန်) အပါအ၀င် နယ်စပ် ကွပ်ကဲရေးမှူး၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ ပေးပို့ခဲ့သည်။
ခရိုင်၊ မြို့နယ်ပညာရေးမှူးနှင့် မင်္ဂလာကြီးကျောင်းအုပ်ဆရာကြီးတို့သည် သြဂတ်စ်လ ၁ ရက်နေ့က ၎င်းမီးလောင်ကျောင်းအား သွားရောက်ပြီး စစ်ဆေးခဲ့သည်ဟု ဆိုသည်။
မောင်တောမြို့နယ်ရဲတပ်မှူးမှ ကျောင်းဆောင်မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း ပေါ့ဆီမီးဟု နယ်ခြား စောင့်တပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖေါ်ပြထားကြောင်း၊ ယခု မီးလောင်သော မင်္ဂလာကြီးရွာမှာ နယ်ခြား စောင့်တပ်ဖွဲ့ အပိုင်တွင်ရှိ၍ ဖြစ်စဉ် အသေးစိတ်ကို သူတို့သာ သိရှိမည် ဖြစ်ကြောင်း၊ မောင်တော မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် အသေးစိတ် မသိနိုင်ပါကြောင်း ပြောကြားသည်။
ယခုအချိန်ထိ ဖမ်းဆီးအရေးယူခြင်းများ မရှိသေးသော်လည်း စုံစမ်းစစ်ဆေးမူများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
ယခုမီးလောင်မူသည် ယခုနှစ် ဇန္န၀ါရီလ ၂၈ ရက်နေ့က ပြသနာ အကြီးအကျယ် ဖြစ်ပွားခဲ့ရာ ဒုချီးရားတန်းဘင်္ဂလီ (အနောက်) ရွာတွင် မီးလောင်မူ ဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်တွင် ပထမဆုံးအကြိမ်  ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီ တစ်ထောင်ကျော် ယနေ့ လူတွေ့စစ်ဆေးမည်


စစ်တွေမြို့အနီး မန်စီကျေးရွာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြန်လာနေသည့် ဘင်္ဂါလီမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီတစ် ထောင်ကျော်အား ယနေ့ လူတွေ့ စစ်ဆေးမေးမြန်းခြင်းကို မြို့နယ် အဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
လူတွေ့ စစ်ဆေးမေးမြန်း ခြင်းကို မြို့နယ်အဆင့် ဆောင် ရွက်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆို ပါအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေပညာရှင်များ၊ မြို့နယ် လ.၀.က၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦး၊ ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦး ပါဝင်မည် ဖြစ်ပြီး  အချက်အလက်များကို လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း လ၀က အကြီးတန်းတာဝန်ရှိသူတစ် ဦးက ပြောသည်။
လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့် စိစစ်ပြီးပါက ခရိုင်အဆင့်၊ ပြည် နယ်အဆင့်နှင့် လ၀က ရုံးချုပ် က ပြန်လည်စစ်ဆေးပြီး အစိုးရ အဖွဲ့များ ပါဝင်သည့် ဗဟိုအဆင့် အဖွဲ့က စိစစ်ခွင့်ပြုသွားမည်ဖြစ် သည်။
‘‘ရခိုင်၊ ဗမာစကားမတတ်၊ ယဉ်ကျေးမှုဘာမှမသိတဲ့သူ၊ အဲ ဒါအပြင် ဘင်္ဂါလီလို့ မထည့်တဲ့သူကို နဂိုကတည်းက နိုင်ငံသားလျှောက်ခွင့် လက်မခံထားပါဘူး’’ ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
၁၉၈၂ ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ များကို ဇွန်လ ၁၅ ရက်မှစတင်ပြီး လျှောက်လွှာများ လက်ခံခဲ့ရာ ယခင်လျှောက်ထားသူ ဘင်္ဂါလီ လူဦးရေ ၃၆၈ ရှိရာမှ ၁၀၉၄ ခန့် တိုးလာခြင်းဖြစ်သည်။
၁၉၈၂ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ မြေပုံမြို့နယ်တွင် ဇွန် လ ၁၅ ရက်မှစ၍ ပိုင်းလော့ Pilot ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး  ဆောင်ရွက်ခဲ့ခြင်း  ဖြစ်သည်။
ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ က ရိုဟင်ဂျာလူမျိုးအမည် ထည့် သွင်းမှ ကောက်ခံမည်ဟု တောင်း ဆိုခြင်းကြောင့် ၎င်းတို့ နေထိုင် သည့် နေရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ပေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့ အတွင်းရှိ ဘင်္ဂါလီများကို လူဦးရေ စာရင်း ကောက်ယူရေးလုပ်ငန်း (ဆွဲတင် စစ်)ကို အကောင်အထည်ဖော်ခဲ့ သော်လည်း ဘင်္ဂါလီလူမျိုးများ အကြမ်းဖက်ကန့်ကွက်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်။

Friday, August 1, 2014

ရခိုင်ပြည်နယ်ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ရေးဆွဲထားသည့် ဥပဒေ လွှတ်တော် တင်မည်

ြ ပြုပင်ထိန်းသိမ်းရန် လိုအပ်နေသည့် မြောက်ဦးမြို့မှ ရှေးဟောင်းဘုရားတစ်ချို့ကို တွေ့ရစဉ်။
ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် ဥပဒေတစ်ရပ် ရေးဆွဲနေပြီး၊ လာမည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းရန်ရှိကြောင်း စစ်တွေမြို့နယ် မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က Rakhine News Agency သို့ ပြောသည်။
“လွှတ်တော်က ရှေးဟောင်းယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့အတွက် ပထမမူကြမ်းတစ်ခု ရေးထားတာရှိပါတယ်။ မူကြမ်းမှာ ပါတဲ့ အချက်တွေသည် ရခိုင်ယဉ်ကျေးမှု နဲ့ လိုက်ဖက်ရဲ့လား ဆိုတာကို ဒီမှာ ရှိတဲ့ ဒေသခံ ရခိုင် သမိုင်းပညာရှင်တွေနဲ့ ဆွေးနွေးပြီးပါပြီ။ သူတို့ရဲ့ အကြံပြုချက်တွေကို မူကြမ်းထဲမှာ ထပ်ပြီးတော့ ဖြည့်ပါမယ်။ မလိုအပ်တာကို ဖြုတ်ပါမယ်။ ပြီးရင် လာမယ့် လွှတ်တော်မှာ တင်ဖြစ်ပါမယ်” ဟု ဦးအောင်မြကျော်က ပြောသည်။
အဆိုပါ ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေမူကြမ်း ပထမအဆင့် နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီဝင်များ၊ ဥပဒေ အကြံပေးအဖွဲ့ဝင်များနှင့် ရခိုင် သမိုင်းသုတေသီများ၊ သမိုင်းပညာရှင်များ သည် ယမန်နေ့က စစ်တွေမြို့တွင် ဆွေးနွေးခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ ပါ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး နှင့် ပတ်သက်၍ အာဏာသက်ရောက်စေရန် ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ရှိသည့် အလျောက် ယင်းဥပဒေမူကြမ်းကို လွန်ခဲ့သည့် နှစ်လခန့်ကတည်းက စတင်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ဒီ ဥပဒေမူကြမ်း မှာ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဆိုပြီး တစ်ခု ဖွဲ့ဖို့ပါတယ်။ ကော်မတီက အချက်အလက်တွေကို ပြုစုပြီးရင် တစ်ခုခုလုပ်မယ် ဆိုရင် ပြည်ထောင်စု အစိုးရကို တင်ပြရမယ် ဆိုတဲ့ စာသားတစ်ခုပါတယ်။ ဒီတော့ ကျွန်တော်က ဒီဟာက ပြည်ထောင်စုအထိ တင်ပြစရာမလိုဘူး။ ပြည်နယ်အစိုးရမှာ လုံးဝလုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် တင်ပြရမယ်ဆိုတဲ့ နေရာမှာ ညှိနှိုင်းရမယ် ဆိုတဲ့ စကားလုံးနဲ့ အစားထိုးသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စာရေးဆရာ နီမင်းသျှင် (စစ်တွေ) က ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ကော်မတီနှင့် ဥပဒေ အကြံပေးအဖွဲ့တို့က ရေးဆွဲနေခြင်းဖြစ်ပြီး၊ သြဂုတ်လအတွင်း စတင်မည့် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းပြီး အတည်ပြုသွားမည် ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။
ယင်းဥပဒေကို လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းပြီးပါက ရှေးဟောင်းယဉ်ကျေးမှု မြောက်ဦးမြို့ ကို ထိန်းသိမ်းရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်လာမည် ဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှကူးယူဖော်ပြပါသည်)

မလေးရှားတွင် ရခိုင်တစ်ဦး ဓါးခုတ်ခံရ၍ ဆေးရုံရောက်

Save-Myanmar-People-in-Malaysiaမလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား တစ်ဦး ဓါးခုတ်ခံရပြီး ဒဏ်ရာပြင်းထန်သဖြင့် ယခုအခါ ဆေးရုံတင်ထားရသည်ဟု ယနေ့ထုတ် နေ့စဉ် သတင်းစာများတွင် ဖေါ်ပြသည်။
ဓါးခုတ်ခံရသူမှာ ကိုထွန်းအောင်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင် ရပ်ကွက်မှ ဖြစ်သည်ဟု ဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့ ညဥ့် ၁၁ နာရီ အချိန်တွင် ကပ်ပုန်းမြို့ရှိ တရုတ်စားသောက်ဆိုင်တွင် လုပ်ကိုင်နေသော ကိုထွန်းအောင်သည် အလုပ်မှ နေအိမ်သို့ ပြန်စဉ် ဆိုင်ကယ်စီး အမျိုးသား (၄) ဦးက ဓါးများဖြင့် အသေခုတ်သတ်ခဲ့သည်ဟု ဆိုသည်။ သို့သော် အနီးအနားရှိ တရုတ်များ၏ အကူအညီဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့သည်ဟု သိရသည်။
ဓါးခုတ်ခံရသဖြင့် ကိုထွန်းအောင်တွင် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဒဏ်ရာရှိခဲ့ပြီး ပြင်းထန်သည်ဟု ကပ်ပုန်းနာရေး ကူညီမူအသင်း ဥက္ကဌ ဦးဆန်းဝင်းအား ကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကလည်း အတည်ပြုပြောကြားထားသည်။
ဇူလိုင်လ ၇ ရက်နှင့် ၉ ရက်နေ့ကလည်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများထဲမှ ထင်ရှားသူ နှစ်ဦးဖြစ်သည့် ကိုတိုနီနှင့် ကွာလာလမ်ပူရ် နာရေးကူညီမူအသင်း ဦးမျိုးပိုင်တို့ သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
ကိုထွန်းအောင်မှာ ဆာလာရမ်းဆေးရုံတွင်တက်ရောက်ဆေးကုသခံယူနေရပြီး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရှားပါးဓါတ်ပုံများပါဝင်သော ‘အသျှင်ဦးဥတ္တမမော်ကွန်း’ စာအုပ် စက်တင်ဘာတွင် ထွက်ရှိမည်

image-560cba77a7b8ef7574bdc1d21e445d820fe3905ac60d365fff516ceaa4278f6f-V
ရှားပါး ဓါတ်ပုံများ အပါအ၀င် မြန်မာနိုင်ငံသာတွင်မက နိုင်ငံရပ်ခြားတိုင်းပြည်များတွင်ပါ ဆရာတော် ဦးဥတ္တမအား မှတ်တမ်းတင်ခဲ့သော ဆောင်းပါးများကို ထည့်သွင်းဖေါ်ပြထားသည့် “အသျှင်ဦးဥတ္တမမော်ကွန်း” အမည်ရှိ စာအုပ်သည် လာမည့် စက်တင်္ဘာလတွင် ထွက်ရှိမည်ဖြစ်သည်။
ယင်းစာအုပ်တွင် စာမျက်နာ (၅၀၀) ကျော်ပါရှိပြီး “အသျှင်ဦးဥတ္တမမော်ကွန်း” ဆိုသော စာအုပ် အမည်နှင့် အညီ မြန်မာ စာရေးအများအပြားရေးသားခဲ့ကြသော ဆရာတော်၏ အတ္ထုပတ္တိနှင့်ဆောင်းပါးများအပြင် ဆရာတော်၏ နိုင်ငံရေးရည်မှန်းချက်များ၊ မြန်မာလူထုအား မျိုးချစ်စိတ်ဓါတ်ထက်သန်ရန် ဟောပြောခဲ့သော သြဝါဒများ၊ ဆရာတော်ရေးသားခဲ့သော စာအုပ်စာတန်းများနှင့် အနှစ်ချုပ် သုံးသပ်ချက်များလည်း ပါဝင်သည်ဟု သိရသည်။
ယင်း “အသျှင်ဦးဥတ္တမမော်ကွန်း” စာအုပ်အား ဆရာတော် ဦးဥတ္တမနေ့ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း၊ စာအုပ်တွင် ဆရာတော် ဦးဥတ္တမ၏ ပြည်တွင်း ပြည်ပလူပ်ရှားမူ ရှားပါးဓါတ်ပုံ (၅၀)ကျော် ပါဝင်ကြောင်း စာအုပ် ပြုစု ရေးသားသူ ခိုင်ကျော်နွယ်က ပြောသည်။
“ရခိုင် ရဟန်းတော်တစ်ပါးအနေနဲ့ အာရှမှာ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် ကြိုးစား ရုန်းကန်ခဲ့တဲ့ အကြောင်းတွေကိုအခုခေတ် လူငယ်တွေအနေနဲ့ သိခွင့်ရအောင်ဆိုပြီး ပြုစုတာပါ။ ဆရာတော်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းအဟောင်းတွေက အခုခေတ်မှာ ရှာမရနိုင်ဘူးလေ’’ ဟု စာအုပ် ပြုစုရေးသားရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဆရာက နိရဉ္စာသို့ ပြောသည်။
အသျှင်ဦးဥတ္တမ မော်ကွန်း စာအုပ်ကို လာမည့် စက်တင်္ဘာလ ၉ ရက် ဆရာတော် ဦးဥတ္တမနေ့ မတိုင်မီ ရခိုင်ပြည်နယ် (၁၇) မြို့နယ်နှင့် ရန်ကုန်မြို့များ၌ စတင် ဖြန့်ချီသွားမည် ဖြစ်ကြောင်း ဆရာက ပြောသည်။
ယခု စာအုပ်၏ ထူးခြားမူကိုလည်း ဆရာက ခိုင်ကျော်နွယ်က ယခုလို ရှင်းပြပြောဆိုသည်။
“ ဒီစာအုပ်မှာ ဆရာတော် အကြောင်းကို မြန်မာစာရေးဆရာတွေ အများအပြားက ကိုလိုနီခေတ် အတွင်းမှာရော၊ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာရော ရှု့ထောင့်မျိုးစုံက မှတ်တမ်းတင် ရေးသားခဲ့ကြတယ်။ အထုပတ္တိအနေနဲ့ရော၊ ဆောင်းပါးအနေနဲ့ရော၊ အစုံပါဘဲ။ ဒါပေမယ့် ဒီဆောင်းပါးတွေဟာ အခုအခါ လွယ်လွယ်ကူကူနဲ့ ရှာမရတော့ဘူး။ ဒါတွေကို တကူးတက ရှာဖွေပြီး ဒီစာအုပ်ထဲမှာ ဖေါ်ပြထားတယ်။”
ယင်းပြင် ဆရာက “ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ အခုထက်ထိ ဆရာတော် သီတင်းသုံးခဲ့တဲ့ အိမ်လေးကို ဂျပန် သူဌေးက ဆရာတော်ဦးဥတ္တမဂုဏ်ပြုတဲ့ အနေနဲ့ ပြတိုက် အဖြစ်လုပ်ထားတယ်။ သူဌေးက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် သားစဉ်မြေးဆက် ဒီအဆောက်အဦးလေးကို မဖြိုဖျက်ဘဲ ထိန်းသိမ်းထားတယ်။ အဲဒီအဆောက်အဦးတည်ရှိတဲ့ ခြံဝင်းထဲမှာ မိုးမျှော် တိုက်ကြီးတွေ တည်ဆောက်ထားပေမယ့် ဒီအဆောက်အဦးလေးကို မဖြိုဘူး။ ဒါတွေဟာ တကယ့်ကို လေးစားဖို့ကောင်း စိတ်ဓါတ်တွေ ဖြစ်တယ်။ အဲဒီကရရှိတဲ့ ရှားပါးဓါတ်ပုံတွေကိုလည်း ဖေါ်ပြထားတယ်။ စာအုပ် တစ်ခုလုံးမှာတော့ ဆရာတော်(ဦးဥတ္တမ)ရဲ့ ရှားပါးဓာတ်ပုံ (၅၀) ကျော် ထည့်ထားတယ်” ဟု သူက ပြောသည်။
စစ်တွေမြို့ရှိ ဆရာတော် မွေးဖွားခဲ့ရာအိမ်ကိုမူ ထိန်းသိမ်းမူ တစ်စုံတစ်ရာမရှိဘဲ လက်ဆင့်ကမ်း ရောင်းချနေကြသဖြင့် ဆရာတော်မွေးဖွားခဲ့ရာ အိမ်ပျောက်ကွယ်သွားခဲ့သည်မှာ ၀မ်းနည်းစရကောင်းကြောင်း ဆရာက ဆိုသည်။
“အသျှင်ဦးဥတ္တမမော်ကွန်း” စာအုပ်ကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ကောင်းစံပုံနှိပ်တိုက်မှ  ပုံနှိပ်ထုတ်ဝေပြီး စာရေးသူ ခိုင်ကျော်နွယ်၏ ပထမဆုံးအကြိမ် ပုံနှိပ်ဖြန့်ချီမည့် စာအုပ်လည်း ဖြစ်သည်။
ဆရာတော် အရှင် ဦးဥတ္တမသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် ထောင်အကြိမ်ကြိမ်ကျခံကာ ပထမဆုံး စွန့်စားကြိုးပမ်းခဲ့သောခေတ်ပညာတတ် ရဟန်းတော် တစ်ပါး ဖြစ်သော်လည်း ရခိုင်လူမျိုးဆိုသော အမြင်ကြောင့် မြန်မာ့အာဏာရ အစိုးရ အဆက်ဆက်တို့မှ အသိအမှတ်ပြုဘဲ ပစ်ပယ်ထားခဲ့သည်ဟု ရခိုင်အမျိုးသားများက အမြင်ရှိကြသည်။
သို့သော်လည်း ရခိုင်အမျိုးသားများနှင့် ဆရာတော်ကို ချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသားများက ဆရာတော် ပျံလွန်တော်မူခဲ့သော စက်တင်ဘာလ(၉)ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကာ အထိမ်းအမှတ်ပွဲများကို နှစ်စဉ်ကျင်းပကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဈေးခွန်မဆောင်ဟုဆိုကာ မင်းပြားသို့ ခရမ်းသီးသွားရောင်းသည့် အုတ်ဖေါ်ကံရွာသားများကို မြောက်ဦးစည်ပင်က ထိန်းသိမ်းထား

စည်ပင်ရုံးရှေ့တွင် ထော်လာဂျီများနှင့် အတူ မင်းပြားသို့ သွားရောင်းမည့် ခရမ်းသီးထုပ်များကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စည်ပင်ရုံးရှေ့တွင် ထော်လာဂျီများနှင့် အတူ မင်းပြားသို့ သွားရောင်းမည့် ခရမ်းသီးထုပ်များကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဈေးကောင်းရသော မင်းပြားမြို့သို့ ခရမ်းသီးသွားရောင်းသည့် မြောက်ဦးမြို့နယ်၊ အုတ်ဖေါ်ကံ ကျေးရွာသားအချို့အား ဈေးခွန်မဆောင်ဟုဆိုကာ မြောက်ဦးမြို့ စည်ပင်က ယာယီ ထိန်းသိမ်းထားသည်ဟု ကျေးရွာလူကြီးများက နိရဉ္စရာသို့ ပြောကြားသည်။
“ သူတို့က မြောက်ဦးမှာရောင်းတာ မဟုတ်ပါဘူး။ မင်းပြားမြို့မှာရောင်းမယ်ဆိုပြီး ထော်လာဂျီနဲ့ ခရမ်းသီးတွေကို မြောက်ဦးကနေ ယူဆောင်တဲ့အခါ ဈေးခွန်မဆောင်လို့ဆိုပြီး ဈေးခေါင်းနဲ့ မြောက်ဦးစည်ပင်က သူတို့ကို သွားလာခွင့်ကို တားမြစ်ပြီး ယာယီထိန်းသိမ်းထားပါတယ်” ဟု ကျေးရွာလူကြီး တစ်ဦးက ပြောသည်။
ထိုသို့ ထိန်းသိမ်းခံထားရရာတွင် အုတ်ဖေါ်ကံကျေးရွာမှ ဦးစန်းဌေး၊ အောင်နု၊ ဦးသန်းမောင် အပါအ၀င် ရွာသား ၁၅ ဦးခန့် ဖြစ်သည်ဟု ဆိုသည်။
မြောက်ဦးမြို့နယ် စည်ပင်ဦးစီးမှူး ဦးမောင်အေးသိန်းကမူ ထိန်းသိမ်းထားခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဈေးခွန်မဆောင်၍ တားမြစ်ထားခြင်းသာ ဖြစ်ကြောင်း နိရဉ္စရာသို့ ပြောကြားသည်။
“ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာ အစည်းအဝေး လုပ်နေပါတယ်။ ဖမ်းဆီးတာ မဟုတ်ပါဘူး။ အစည်းအဝေး ဆုံးဖြတ်ချက် မထွက်သေးတဲ့အတွက် ခဏစောင့်ပါ” ဟု ဆိုသည်။
mU-(1)
မြောက်ဦးတွင် ရောင်းချခြင်းမဟုတ်ဘဲ မင်းပြားတွင် ရောင်းချရန်သွားသည်ကို ယခုလို ဈေးခွန်ကောက်ရန် စည်ပင် ဥပဒေတွင် ပြဌာန်းထားပါသလားဟု မေးမြန်းရာ စည်ပင်ဦးစီးမှ တစ်စုံတစ်ရာ မပြောဘဲ ဖုံးအား အခြားသူ တစ်ဦး လွဲပြောင်းသွားခဲ့သည်။
နောက်ထပ် တစ်ဦးမှ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာ အချေအတင် ဆွေးနွေးနေကြတဲ့ အတွက် ခဏကြာမှ ဆက်ပါ” ဟု ဆိုကာ ဖုံးချသွားခဲ့သည်။
မြောက်ဦးစည်ပင်နှင့် မြောက်ဦးဈေးခေါင်းသည် လွန်ခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အုတ်ဖေါ်ကံကျေးရွာသားများ မင်းပြားသို့ ခရမ်းသီးသွားရောင်းသည်ကို ဈေးခွန်မဆောင်ဟု ဆိုကာ ဖမ်းဆီးသဖြင့် ရခိုင်အမျိုးသားပါတီမှ ဦးထွန်းလိုင်အပါအ၀င် တာဝန်ရှိသူများက ကြားဝင် ဖျန်ဖြေ၍ နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် နောက်ထပ် တစ်ကြိမ် တားမြစ် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဧရာဝတီတိုင်းမှ ရခိုင်ကိုယ်စားလှယ် (၇) ဦး ANP ညီလာခံသို့တက်ရောက်ခွင့်ရမည်

ANP ခေါင်းဆောင်များ ဧရာဝတီတိုင်းတွင် ရခိုင်လူထုနှင့်တွေ့ဆုံနေကြစဉ်။ (ဓါတ်ပုံ-နိရဉ္စရာ/ ဦးလှမြင့်)
ANP ခေါင်းဆောင်များ ဧရာဝတီတိုင်းတွင် ရခိုင်လူထုနှင့်တွေ့ဆုံနေကြစဉ်။ (ဓါတ်ပုံ-နိရဉ္စရာ/ ဦးလှမြင့်)
ရခိုင်ကျေးရွာပေါင်း (၁၅၀) ခန့်တည်ရှိသော ဧရာဝတီတိုင်းမှ သံတွဲမြို့ ငပလီတွင် ပြုလုပ်မည့် ရခိုအမျိုးသာပါတီညီလာခံ (ANP) သို့ ကိုယ်စားလှယ် (၇) ဦးတက်ရောက်ခွင့်ရမည်ဟု သိရသည်။
“ ဘယ်မြို့နယ်တွေက ရခိုင်ကိုယ်စားလှယ်တွေလည်းဆိုတာတော့ ပြောဖို့ခက်တယ်။ ဘာလို့လည်းဆိုတော့ ဧရာဝတီတိုင်းမှာ ရခိုင်ကျေးရွာပေါင်း (၁၅၀) ခန့်ရှိပြီး အဲဒီရွာတွေအထဲက ရွှေးချယ်မှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း ရခိုင်အမျိုးသားပါတီကို နီးစပ်ရာ ကျေးရွာတွေ အလိုက် အဆင့်ဆင့် ဖွဲ့စည်းပြီး အဲဒီကတဆင့် မြို့နယ်၊ ခရိုင် ကိုယ်စားလှယ်ရွှေးပြီး စေလွှတ်မှာဖြစ်ပါတယ်” ဟု များမကြာမီက ဧရာဝတီတိုင်းသို့ စည်းရုံးရေးခရီးဆင်းခဲ့သူများ အထဲမှ တစ်ဦးဖြစ်သူ ANP ခေါင်းဆောင် ဦးလှမြင့်က ပြောသည်။
ရခိုင်အမျိုးသားပါတီ အနေဖြင့် ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ် ဦးရေ သတ်မှတ်ရာတွင် မြို့နယ် တစ်မြို့နယ်ကို (၅) ဦး၊ ခရိုင်မြို့ တစ်မြို့ကို (၇) ဦးသတ်မှတ်ထားပြီး ဧရာဝတီတိုင်းဒေသကြီးကိုလည်း ရန်ကုန်တိုင်းဒေသကြီးနည်းတူ ခရိုင်အဆင့် သတ်မှတ်ထားသဖြင့် ကိုယ်စားလှယ် (၇) ဦးစေလွှတ်ခွင့်ရမည်ဟု ဆိုသည်။
ယင်းပြင် ဧရာဝတီတိုင်းမှ ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင်အမျိုးသားပါတီ အပေါ် စိတ်ဝင်စားမူရှိပြီး ပူးပေါင်းဆောင်ရွက်ရန် စိတ်ထက်သန်နေမူရှိနေသည်ဟု ဦးလှမြင့်က ဆိုသည်။
image-47569baaafe0f9a2db6fbac144bbae555e16c6b0e11f2eb4d914c138b006310b-V
“ ဧရာဝတီတိုင်းက ရခိုင်ကျေးရွာတွေအနေနဲ့ အခုအချိန်ထိ ရခိုင်လိုပြော၊ ရခိုင်လို စားသောက် နေထိုင်တာတွေကို တွေ့ရတယ်။ အခုလို ကျွန်တော်တို့ဆင်းပြီး လူထု တွေ့ဆုံပွဲ လုပ်တော့ အထူးအားရ ကျေနပ်ကြပါတယ်။ အားပေးထောက်ခံကြပါတယ်” ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီမှ ပါတီခေါင်းဆောင် ဦးအေးသာအောင် ဥင်္ီးဆောင်သော ပါတီ ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဧရာဝတီတိုင်း စည်းရုံးရေးခရီးအား ပြုလုပ်ခဲ့ပြီး ယင်းခရီးစဉ်တွင် ကညင်းတန်း၊ဟိုင်းကြီး ၂ နေရာ၊ ချောင်းသာ၊ ကံချိုင်၊ ဇီးချိုင်၊ ငွေဆောင်၊ ချောင်းသာနှင့် ပုသိမ်တို့ရောက်ရှိခဲ့ကြသည်ဟု သိရသည်။
ဧရာဝတီတိုင်းတွင် ရခိုင်ကျေးရွာအုပ်စုပေါင်း (၃၃) အုပ်စုရှိပြီး၊ ကျေးရွာပေါင်း (၁၅၀) ခန့်ရှိပြီး ရခိုင် လူဦးရေ (၆) သောင်းခန့်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးဝန်ကြီး ဦးဘကြူအားကိုးကားပြီး ဦးလှမြင့်က ပြောသည်။
ဧရာဝတီတိုင်းတွင် လူဦးရေ (၆) သန်းခန့်ရှိကာ ကရင်လူဦးရေမှာ (၁၃) သိန်းရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)