Showing posts with label အာဆီယံ. Show all posts
Showing posts with label အာဆီယံ. Show all posts

Friday, January 17, 2014

ပြည်တွင်းရေးကို အာဆီယံ အစည်းအဝေးမှာ မဆွေးနွေးဘူး လို့ မြန်မာအစိုးရပြော

yehtut-305.jpg
ပုဂံမြို့မှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ က နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
photo: RFA/ Kyaw Htoon Naing
မြန်မာနိုင်ငံက မတူညီတဲ့ ဘာသာရေးအသိုင်းအ၀ိုင်း နှစ်ခုအကြားက ပြဿနာတွေဟာ ပြည်တွင်းရေးဖြစ် တာကြောင့် အဲဒီပြဿနာတွေကိုဖြေရှင်းရာမှာ မြန်မာ အစိုးရနဲ့ မြန်မာပြည်သူတွေကသာ ဖြေရှင်းရ မှာဖြစ်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပုဂံမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော လိုက်ပါတယ်။
ဒီကနေ့ ပုဂံမြို့ Aureum Palace Hotel မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစတင်မယ့်နေ့မှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲကျင်းပစဉ် သတင်းထောက်တွေက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။
"ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံအတွင်းမှာ ကျနော်တို့ မတူညီတဲ့ ဘာသာရေးအသိုင်းအဝိုင်းနှစ်ခု အကြားမှာ ပြဿနာတွေဖြစ်ခဲ့တယ်။ ဒီပြဿနာတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တာကြောင့် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေ ကသာ ဖြေရှင်းရမှာဖြစ်ပါတယ်။ သို့သော် တခြားနိုင်ငံတွေမှာ သူတို့လူ့အသိုင်းအဝိုင်းတွေကြားမှာ ဖြစ် တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့အတွေ့အကြုံတွေကို ပြောကြမယ်ဆိုရင်တော့ ကျနော်တို့ နားထောင်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ကျင့်သုံးမယ်။ သို့သော် ကျနော်တို့ရဲ့ ပြည်တွင်း ကိစ္စ ကိုတော့ ဘယ်သူကမှလာပြီးတော့ ဘယ်လိုလုပ်ပါဘာညာလာပြီးတော့ ပြောဖို့အကြောင်း မရှိပါဘူး"
ဒါ့အပြင် ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အစိုးရအနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌနေရာ တာဝန်ယူနေချိန်အတွင်း ဒေသတွင်းနိုင်ငံတွေရဲ့ ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ဘက်မလိုက်ဘဲဖြေရှင်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနဲ့တရုတ်နိုင်ငံတို့ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးဟာ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ပြသနာတွေ ကိုဖြေရှင်းတဲ့နေရာမှာ အနှောင့်အယှက်၊ အတားအဆီးမဟုတ်ဘဲ အင်အားတစ်ခုဖြစ်တယ်လို့ ဦးရဲထွဋ် က ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများဆွေးနွေးပွဲကို ဒီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပုဂံမြို့ Aureum Palace Hotel မှာ ကျင်းပနေတာဖြစ်ပါတယ်။
ဒီနေ့ ပုဂံမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပြောကြားချက်တွေကို RFA  သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
အသံနားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

Monday, October 21, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင် နေမှုများအား သမ္မတဦးသိန်းစိန် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်

T-21-10
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်နေမှုများအား သမ္မတဦးသိန်းစိန်မှ ကြည့်ရှုစစ်ဆေးနေစဉ်
 အောက်တိုဘာ ၂၀ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်နေမှုများအား သမ္မတဦးသိန်းစိန်မှ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏသိဒ္ဓိ အားကစားဇုန်အတွင်း ဖူဆယ်၊ လက်ဝှေ့၊ မွေ၊ ဘိလိယက်၊ စနူကာ၊ ပြေးခုန်ပစ်၊ မြှားပစ်ကွင်း၊ ရေကူးကန်၊ မြင်းစီးကွင်းနှင့် အားကစားရုံများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီမှ ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်ပြီး အမျိုးစား ကဏ္ဍအလိုက် ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရသည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး ကော်မတီ (၁၄) ခုဖြင့် တာဝန်ပေးအပ်ထားကြောင်း၊ ပြိုင်ပွဲကို အားကစားနည်း (၃၃) မျိုးဖြင့် နေပြည်တော်တွင် အခြေခံပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့ (ငွေဆောင်ကမ်းခြေ) တို့တွင် လေးနေရာခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် အားကစားနည်း ၂၈ မျိုး၊ ကျင်းပမည့်နေရာ ၂၁ နေရာ၊ ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစားနည်း ခုနစ်မျိုး ခြောက်နေရာ၊ မန္တလေးမြို့တွင် ကျင်းပမည့် အားကစားနည်းတစ်မျိုး တစ်နေရာ၊ ငွေဆောင်မြို့တွင် ကျင်းပမည့် အားကစားနည်းတစ်မျိုး တစ်နေရာ သတ်မှတ်ထားကြောင်းနှင့် အစရှိသည်များကို နိုင်ငံတော်သမ္မတအား ရှင်းလင်းပြောကြားသည်။
ပြိုင်ပွဲကျင်းပရေး ကော်မတီ ၁၄ ခုအပြင် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အားကစား ၀န်ကြီးဌာနနှင့် တရုတ်အားကစား အထွေထွေဗျူရိုတို့ အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး စုစုပေါင်း ယွမ်ငွေ ၂၁၁ ဒသမ ၄၃ သန်း တန်ဖိုးရှိ သဘောတူစာချုပ် လက်မှတ်များ ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ အားကစားဝန်ကြီး ဌာနနှင့် ညှိနှိုင်းမှုတန်ဘိုး ယွမ်ငွေ ၁၀၉ ဒသမ ၄၃ သန်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ညှိနှိုင်းမှုတန်ဖိုး ယွမ်ငွေ ၁၀၂ သန်း အကူအညီများ ရရှိထားပြီးဖြစ်ကြောင်း အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Monday, October 14, 2013

ပဋိပက္ခများ၏ နောက်ကွယ်တွင် ပါဝင်ကျူးလွန် သူများကို ထိရောက်စွာ အရေးယူရန် ကုလအတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း

8.1.1
သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံစဉ်
ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ နောက်ကွယ်၌ ပါဝင်ကျူးလွန်သူ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့သည် အောက်တိုဘာ ၁၁ ရက်၊ နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် ဘန်ကီမွန်က ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့သော တွေ့ဆုံမှုသည် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲအပြီး မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တရားဝင် လက်ခံရယူပြီးချိန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံမှု၌ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေး၊ အာဆီယံနှင့် ကုလသမဂ္ဂ ဆက်ဆံရေးတို့ကို ဦးစွာဆွေးနွေးခဲ့ပြီး မကြာသေးမီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
''ဘန်ကီမွန် အနေနဲ့ ပဋိပက္ခရဲ့ နောက်မှာ ပါဝင်ကျူးလွန်တဲ့ တစ်ဦးချင်းကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုဖြစ်ဖြစ် ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပါ။ သူတို့ဘက်ကလည်း ဒီလိုလုပ်ဆောင်တာကို အပြည့်အ၀ ထောက်ခံပါတယ် ဆိုပြီးတော့ ပြောပါတယ်'' ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်သို့ ပြောကြားသည်။
8.1.1
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်က တွေ့ဆုံစဉ်
''ကျွန်တော်တို့ဘက်က နံပါတ်တစ်က မဖြစ်အောင် တားဆီးမယ်။ နှစ်က ဖြစ်လို့ရှိရင် ချက်ချင်း တုံ့ပြန်နိုင်အောင် ကျွန်တော်တို့ လုပ်နေတယ်။ သို့ပေမဲ့ ရခိုင်မှာကျတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အခါကျတော့ ဝေးလံတဲ့ နေရာတွေကို နောက်က လုံခြုံရေးတပ်တွေ လိုက်ရတာ ခက်တာပေါ့။ ဒါကို ရှင်းပြတယ်။ တတိယကတော့ ဖြစ်ပြီးလို့ရှိရင် ကျွန်တော်တို့ တာဝန်ရှိတဲ့ သူတွေကို ဖော်ထုတ်ပြီး အရေးယူမယ်။ ဒီကိစ္စကို ရှင်းပြတယ်'' ဟု ဦးရဲထွဋ်က ဆိုသည်။
ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိရန် အစိုးရက ကြိုးစားနေကြောင်း၊ ထိုသို့ရရှိပြီးက သီးခြား လွတ်လပ်သော ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံရေး ဆွေးနွေးပွဲ စတင်မည်ဖြစ်ကြောင်း ပြောကြားသည်။
''နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ တစ်ချိန်မှာပဲ ကျွန်တော်တို့က IDP တွေ ပြန်နေရာချတာတို့၊ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်။ အဲဒီလုပ်တဲ့ လုပ်ငန်းတွေမှာ ကုလသမဂ္ဂက သူတို့အပြည့်အ၀ ပါဝင်ပူးပေါင်း ဆောင်ရွက်မယ်။ နောက်တစ်ခါ International Community ကိုလည်း သူတို့ ဖိတ်ခေါ်ပြီးတော့ လုပ်မယ်။ ဒီကိစ္စတွေ ကျွန်တော်တို့က ဆွေးနွေးခဲ့တယ်'' ဟု ဦးရဲထွဋ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် တိုင်းရင်းသားအရေး မပြေလည်မှုများက မြန်မာနိုင်ငံ၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုအပေါ် စိန်ခေါ်မှုများ ရှိနေသည်။ သို့သော် မြန်မာအစိုးရ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကြောင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် အခွင့်အရေး ဖြစ်လာနိုင်သည်ဟု အာဆီယံ သံတမန်များက ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, October 11, 2013

စိန်ခေါ်မှုများ ရှိနေသော်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာလွှဲပြောင်းရယူ

8.1.1
အောက်တိုဘာ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်က ဘရူနိုင်း ဘုရင်ထံမှ အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူနေစဉ် (Photo: AFP)
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများ ရှိနေသည့် ကြားကပင် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက အောက်တိုဘာ ၁၀ ရက်တွင် လက်ခံရယူခဲ့သည်။
(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲ ပိတ်ပွဲကို အောက်တိုဘာ ၁၀ ရက်က ဘရူနိုင်း နိုင်ငံရှိ International Convention Center တွင် ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက လာမည့် ဇန်န၀ါရီတွင် စတင်ထမ်းဆောင်ရမည် ဖြစ်သော်လည်း အာဆီယံ၏ အစဉ်အလာအရ တာဝန်လွှဲပြောင်းခြင်းကို နှစ်တစ်နှစ်၏ ဒုတိယအကြိမ် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
''၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူခြင်းဟာ မိမိတို့ အဖွဲ့ဝင် ဖြစ်လာကတည်းက ပထမဆုံး အကြိမ်ဖြစ်လို့ အလေးအနက် ထားပါတယ်'' ဟု သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ရယူပြီးချိန်တွင် ပြောကြားသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး နောက် ၁၇ နှစ် အကြာတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပထမအကြိမ် ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အာဆီယံ၏ ဖွဲ့စည်းပုံအရ အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီ၏ ရှေ့အက္ခရာ အစီအစဉ်အတိုင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူခြင်းဖြစ်ကာ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် အခွင့်အလမ်း ပေါ်ခဲ့ပါသည်။
သို့သော် ထိုအချိန်က မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးသည်နှင့် အာဆီယံထိပ်သီး ဆွေးနွေးပွဲများ အပါအ၀င် အာဆီယံနှင့် ဆက်နွှယ်သော ကိစ္စရပ်များ အားလုံးကို အမေရိကန်နှင့် ဥရောပနိုင်ငံများ သပိတ်မှောက်မည် ဆိုခြင်းကြောင့် ၂၀၀၅ ခုနှစ် ဇူလိုင်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို စွန့်လွှတ်ရန် မြန်မာနိုင်ငံက ဆုံးဖြတ်ခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံအား ပေးအပ်ရန် အာဆီယံ ခေါင်းဆောင်များက သဘောတူ ခဲ့ကြသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေချိန်၌ အာဆီယံ အသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲခြင်း၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ်ဆက်သွယ်ရေး တို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
သို့ရာတွင် မြန်မာနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် မတည်ငြိမ်မှုအချို့ ဆက်ရှိနေခြင်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူခဲ့သည့် မြန်မာနိုင်ငံအတွက် မေးခွန်းထုတ်မှုများ ရှိစေခဲ့ပါသည်။
8.1.1
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှဲပြောင်းရယူစဉ်
ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အဆင်သင့် ဖြစ်၊ မဖြစ် မေးခွန်းများကို (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း သတင်းထောက်များက မေးမြန်းခဲ့ကြသည်။
''ကျွန်တော်ကတော့ ဒီမေးခွန်းတွေရဲ့ ဆန့်ကျင်ဘက် ရှုထောင့်က မြင်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရယူခဲ့တဲ့ အတွက် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာ တလီဂါဝါက အောက်တိုဘာ ၁၀ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
''ကိစ္စရပ်တွေ ကျန်ရှိနေသေးတယ် ဆိုတာ ကျွန်တော်တို့ ၀န်ခံပါတယ်။ ဒါတွေကိုလည်း သူတို့(မြန်မာအစိုးရ) အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်ဖြေရှင်း နေကြတယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ မြန်မာသမ္မတကနေ လုပ်ဆောင်ပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မြန်ဆန်တဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ (အာဆီယံ)အနေနဲ့ အသိအမှတ်ပြုဖို့ လိုတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံး အရာကတော့ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းဖို့ အားပေးတာပဲ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးပြီး ပြောင်းလဲမှုတွေကို ထောက်ပံ့အားပေး လိုက်တာပါပဲ'' ဟု ဖိလစ်ပိုင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ကီကရန်တန်က ဆိုသည်။
မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့ခြင်းအပေါ် ဝေဖန်သူများအား ပြောစရာ မရှိကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။
''ဝေဖန်မှုတွေ အပေါ်မှာတော့ ကျွန်တော်တို့ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ အလှည့်ကျတဲ့ အခါမှာ ကမ္ဘာပေါ်မှာ ကမ္ဘာ့မျက်နှာစာမှာပဲ ဖြစ်ဖြစ် ဒေသတွင်းမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံဟာလည်း သူတို့နဲ့ တန်းတူရည်တူ လုပ်နိုင်ကိုင်နိုင်တယ် ဆိုတဲ့ အရည်အသွေးမျိုး၊ ကိုယ့်နိုင်ငံရဲ့ ပြည်သူလူထုတွေရဲ့ အဆင့်အတန်း ဟာလည်းပဲ မနိမ့်ကျဘူး။ မြင့်မားတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အခါမှာလည်း ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ တန်ဖိုးတွေကို သိရှိနားလည်တဲ့ ပြည်သူတွေ ဖြစ်ကြောင်းကို ကမ္ဘာကို ပြသခွင့်ရမှာ ဖြစ်တဲ့အတွက် ဒီဟာက မိမိနိုင်ငံအတွက် ရတောင့်ရခဲတဲ့ အခွင့်အရေးမှာ အားလုံးတက်ညီ လက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်'' ဟု ဦးဝဏ္ဏမောင်လွင်က The Daily Eleven သို့ ပြောကြားသည်။
ထို့အပြင် ယခုကျင်းပခဲ့သော အာဆီယံ ထိပ်သီးနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ နှင့်ပတ်သက်၍ ဆွေးနွေးမှုများ မရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံ-တရုတ် ဆက်ဆံရေး တိုးမြှင့်မှုကို မြန်မာနိုင်ငံက အကောင်အထည် ဖော်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ဘက်က ပြောကြားထားသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင် တရုတ်နိုင်ငံက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC)၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
''ကျွန်တော်တို့ကတော့ မိမိတာဝန်ယူရမှာ တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အနေနဲ့ အလှည့်ကျတဲ့ အခါမှာ အအောင်မြင်ဆုံး ဖြစ်အောင် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်'' ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)