Friday, August 15, 2014

ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီထဲတွင် အမျိုးသမီး (၅) ဦး ရွေးချယ်တင်မြှောက်ခံရ

 ဤကိုယ်စားလှယ်လူကြီးများကပင် အမျိုးသမီး (၅) ဦးကို ရွှေးချယ်ခဲ့ကြသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဤကိုယ်စားလှယ်လူကြီးများကပင် အမျိုးသမီး (၅) ဦးကို ရွှေးချယ်ခဲ့ကြသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီ (၂၅) ဦးကို ယမန်နေ့က ရွေးချယ်တင်မြောက်ခဲ့ရာ ထိုအထဲတွင် ရခိုင် အမျိုးသမီး (၅) ဦးပါဝင်ကြောင်း သိရှိရသည်။
ယခင်က နိုင်ငံရေးမှာ အမျိုးသားများ၏ အလုပ်ဟု ခံယူထားတတ်လေ့ရှိကြသော ရခိုင်အမျိုးသမီးများ နိုင်ငံရေး လောကတွင် ပါဝင်လာမူမှာ အားရစရာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ အဖြစ် ရွေးချယ်ခံရသူ ဦးလှမြင့်က ပြောသည်။
ရွေးချယ်ခံခဲ့ရသောအမျိုးသမီးများမှာ ဒေါ်မြမေ၊ ဒေါ်ခင်လှမြိုင်၊ ဒေါ်ခင်လှရီ၊ ဒေါ်ထူးမေ၊ ဒေါ်ရွှေဇင်သင်း(ခေါ်) စုစုတို့ဖြစ်ကြပြီး ယင်း (၅) ဦးထဲမှ ဒေါ်မမြမေမှာတွဲဘက် အတွင်းရေးမှူးအဖြစ် ရွေးချယ် တင်မြောက် ခံခဲ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီကို ယမန်နေ့က ကျောက်မြောင်းရှိ ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့ရာ ကိုယ်စားလှယ် (၅၁) ဦးတက်ရောက်ခဲ့ပြီး လျှို့ဝှက်မဲစနစ်ဖြင့် ဗဟိုကော်မီတီဝင် (၂၅) ဦးကို ရွေးချယ်ခဲ့ကြသည်။
ထိုအထဲတွင် ယင်းအမျိုးသမီး (၅) ဦးကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီအတွက် အမျိုးသားများနှင့် တန်းတူ ပါဝင်လူပ်ရှားနိုင်ရေး အတွက် ပါတီကိုယ်စားလှယ်များက ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟိုအလုပ်အမူဆောင်ကော်မီတီတွင်  ဥက္ကဌအဖြစ် ရခိုင်သားကြီး ဦးလှမြင့်၊ ဒုဥက္ကဌအဖြစ် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် ဒေါက်တာဦးမောင်၊ အတွင်းရေးမှူးအဖြစ် ဦးအေးမောင်နှင့် တွဲဘက် အတွင်းရေးမှူးအဖြစ် ဒေါ်မြမေတို့ကို ရွေးချယ်တင်မြောက် ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုလက်ရှိ အချိန်တွင် ရခိုင်လူမျိုး (၅) သိန်းခန့် နေထိုင်လျှက် ရှိနေပြီး သူတို့ကို ရခိုင်အမျိုးသားပါတီတွင် ကျယ်ပြန့်စွာ ပါဝင်လာနိုင်ရေးနှင့် ရခိုင်ပြည်နယ် အကျိုးပြုလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်နိုင်ရေး အတွက် စက်တင်္ဘာလအတွင်း  သံတွဲမြို့ ငပလီ၌ ပထမဆုံးအကြိမ်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ညီလာခံတွင် စည်းရုံးရေးမူဝါဒတစ်ရပ် ရေးဆွဲသွားမည်ဟု ဆိုသည်။
ရခိုင်အမျိုးသမီးများထဲမှ ကိုလိုလိုနီ ဗြိတိသျှ ခေတ်နှောင်းပိုင်း မြန်မာလွတ်လပ်ရေး ကြိုးပမ်းရာတွင် ပါဝင်ခဲ့သူ အနက် ဦးမဲအောင်၏ သမီး ဒေါ်မြစိန်သည် ထင်ရှားသူ တစ်ဦးဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်တွင် အသက်(၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး

မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး တံတားကို ဖြတ်ကူးစဉ် ရေစီးနှင့်မျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
“ သေဆုံးသွားတာက အေးသာယာကျေးရွာက အေးမြကြည် အသက် (၁၄) နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်ပါတယ်” ဟု တောင်ကုတ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသွားခဲ့ရပုံကိုလည်း တာဝန်ရှိ ရဲအရာရှိက ယခုလို ဆက် ပြောဆိုသည်။
“ ရေနစ်သေတာက သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ ခန့်မှာပါ။ အမေနဲ့ ဈေးဝယ်ဖို့အသွား တံတား အကူးမှာ ရေစီးနဲ့ မျောပါသွားပြီး နောက်ပိုင်းမှာ ရေနစ်သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သေဆုံးသူ မိန်းကလေးအလောင်းအား ယမန်နေ့ကပင် ဆယ်ယူရရှိခဲ့သည်ဟု သိရသည်။
တောင်ကုတ်တွင် ယမန်နေ့က ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ကို ရေနစ်မြုပ်ခဲ့ကြောင်း၊ ယနေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။
သံတွဲတွင်လည်း ရေကြီးမြေပြိုကျမူကြောင့် အနည်းဆုံး လူ (၃) ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း သံတွဲရဲတပ်ဖွဲ့က ငြင်းဆိုသည်။
“ သူဌေးချောင်းစီမံကိန်းဆည်ကျိုးပြီး လူ (၃) ဦးသေသွားတဲ့ သတင်း မဟုတ်မှန်ပါဘူးခင်ဗျား။ ရေကြီးတာ မှန်ပေမယ့် လူသေဆုံးတာ မရှိပါဘူး” ဟု သံတွဲရဲစခန်းသို့ ယနေ့နံနက် ၉ နာရီက နိရဉ္စရာက ဆက်သွယ်မေးစဉ် တာဝန်ရှိသူက ဖြေကြားသည်။
ရေကြီးမူကြောင့် သံတွဲတွင် မြေနိမ့်ပိုင်းမှ မိသားစု (၃၀) ခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု ရဲအရာရှိက ပြောကြားသည်။

အတင်းလူဝတ်လဲ ထောင်ချခံရပြီး လွှတ်မြောက်လာသော ရဟန်းတော်ကို ရခိုင်ပြည်သူ ရာပေါင်းများစွာကြိုဆို

 ထောင်ကလွှတ်လာသော ဦးဓမ္မသေနအားမြောက်ဦးမြို့တွင် သြဂုတ်လ (၆) ရက်နေ့က ကြိုဆိုနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ထောင်ကလွှတ်လာသော ဦးဓမ္မသေနအားမြောက်ဦးမြို့တွင် သြဂုတ်လ (၆) ရက်နေ့က ကြိုဆိုနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ကျောင်းအငြင်းပွားမူ တစ်ခုကြောင့် အတင်းလူဝတ်လဲပြီး ထောင် (၄) လ ချခံခဲ့ရသော ရဟန်းတော် တစ်ပါး ယမန်နေ့က စစ်တွေမြို့အကျဉ်းထောင်မှ လွှတ်မြောက်လာရာ မြောက်ဦးမြို့တွင် ရာနှင့် ချီသော ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည်။
ယင်းလွှတ်မြောက်လာသော ရဟန်းတော်အမည်မှာ ဘဒ္ဒန္တဓမ္မသေန သာသနာ့ဓဇ (ဓမ္မစာရိယ) ဖြစ်ပြီး မြောက်ဦးမြို့နယ် စက်သားရွာ ကျောင်းအငြင်းပွားမူကြောင့် လူဝတ်လဲ ထောင်ချခံခဲ့ရသည်ဟု သိရသည်။
“ ဦးဇင်းကို အခုပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ရခိုင်ပြည်နယ်သာသနာရေးမှူး ဦးသောင်းရွှေမှ တရားစွဲဆိုပြီး မြောက်ဦးမြို့နယ် တရားရုံးက လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ထောင် (၄)လ ချလိုက်ပါတယ်။ ဦးဇင်းကို မြောက်ဦးခရိုင်ရဲရုံးမှာ အတင်းသင်္ကန်းချွတ် လူဝတ်လဲပြီးထောင်ထဲကို ပို့ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇင်း ဘဒ္ဒန္တဓမ္မသေနက နိရဉ္စရာသို့ ပြောကြားသည်။
မည်သည့်အတွက်ကြောင့် ထောင်ချခံရပါသလဲဟု မေးမြန်းရာဦးဇင်းက ယခုလို မိန့်ကြားသည်။
Monk-in-Mrauk-U
“ ဦးဇင်းကို သံဃာအဖွဲ့အစည်းအဆင့်ဆင့် ပြောဆိုဆုံးမလို့ မရဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိကစွဲတာပါ။ ဦးဇင်းကို ဒီပုဒ်မနဲ့ စွဲပေမယ့် ဘယ်ဆရာတော်ကမှ ဦးဇင်းကို အဆင့်ဆင့် ခေါ်ယူ ပြောဆိုဆုံးမတာလည်း မရှိခဲ့ဘူး။ အဲသလို ဆုံးမတာမရှိဘဲ ခုလို တစ်ဘက်သတ် တရားစွဲထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မကတော့ န၀တ ဥပဒေ အမှတ် ၂၀/၉၀ ပုဒ်မ (၁၁) အရ (၁၄) ရက်အရေးယူခိုင်းတာကို မြို့နယ်တရားရုံးက လူဝတ်လဲပြီး ထောင် (၄) လ ချမှတ်ခဲ့ပါတယ်” ဟု ဦးဇင်းက ဆိုသည်။
မြောက်ဦးမြို့နယ် စက်သားရွာကျောင်းအား မင်းဂံဂိုဏ်းမှ ဘဒ္ဒန္တဓမ္မသေန သာသနာ့ဓဇ (ဓမ္မစာရိယ) အား ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ထိုသို့ခန့်အပ်ပြီးနောက် ကျောင်းသို့ သွားရောက်ရာ စက်သားရွာမှ  ယင်းဦးဇင်းအား မကိုးကွယ်လိုသူ လူတစ်စုက မြို့နယ် သံဃာနာယကသို့ အကူအညီ တောင်းခံခဲ့သဖြင့် သံဃာနာယကမှ ကျောင်းကို ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် ဘဒ္ဒန္တဓမ္မသေနသည် မန္တလေးမြို့တွင် ချီးမြှင့်မည့် သာသနဓဇ ဘွဲ့ကို ယူရန် သွားရောက်နေစဉ် မြောက်ဦးမြို့နယ် သံဃာနာယကမှ စက်သားရွာ ကျောင်းကို ပြန်လည် ဖွင့်ပြီး တခြားရဟန်းတော် တစ်ပါးအား ကျောင်းထိုင်အဖြစ်ခန့်အပ်ခဲ့သည်ဟု သိရသည်။
မန္တလေးမှ ဘွဲ့ယူပြီး ပြန်လာသော ဦးဇင်း ဘဒ္ဒန္တဓမ္မသေနမှ စက်သားရွာ ကျောင်းသို့ ဂိုဏ်းဆရာတော်မှ တာဝန်ပေးထားသည်နှင့် အညီ ဂဃ သံဃာ၊ ဂဃအာစရိယ ဂိုဏ်းချုပ်ဆရာတော်မှ ကျောင်းချသည်ဟုဆိုကာ ယင်းကျောင်းသို့ သွားရောက်ရာ ကျောင်းလုသည်ဟု ဆိုကာတရားစွဲခံရပြီး ယခုလို ထောင်ချခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးဇင်း ဘဒ္ဒန္တဓမ္မသေန သာသနဓဇဓမ္မစာရိယအား စက်သွားရာတွင် သုံးပုံနှစ်ပုံခန့် ရွာသားများက ကြည်ညိုကြောင်း၊ မကြည်ညိုသူက အနည်းစုသာရှိပါကြောင်း၊ ယခုကဲ့သို့ သင်္ကန်းအတင်းချွတ်ပြီး ထောင်ထဲပို့ခံရသည်မှာ တရားမျှတမူမရှိကြောင်း၊ ရဟန်းတော်များကို တရားစီရင် ဆုံးဖြတ်ရန် ရဟန်းသံဃာဝိနစ္စ ခုံရုံးဆိုတာရှိကြောင်း၊ ထိုခုံရုံးတွင် အမူကို မဆုံးဖြတ်ဘဲ လူဝတ်ကြောင်များကို စီရင်သော တရားရုံးကို ပို့ပြီး အမူကို ဆုံးဖြတ်ခြင်းမှာ တရားမျှတမူမရှိကြောင်း၊ ရဟန်းသံဃာတော်များ၊ ဒေသခံပြည်သူများ လုံးဝ တရားမျှတမူမရှိဟု ခံယူထားပါကြောင်း၊ သို့သော်လည်း မတတ်သာ၍ အောင့်အည်းသည်းခံရခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ ပြင်ဈီးဆရာတော်က မိန့်ကြားသည်။
Monk-release-in-Jail
“ မနေ့က ဦးဇင်း ဘဒ္ဒန္တဓမ္မသေန သာသနဓဇဓမ္မစာရိယထောင်က လွှတ်လာတော့ ရခိုင်မင်္ဂလာ စည်တော်တွေကို တီးပြီး လူတွေနဲ့ ရာနဲ့ချီပြီး ကြိုဆိုကြတယ်။  ဒါကဘာကိုပြသလဲဆိုရင် အဲဒီဦးဇင်းဟာ ထောင်ချခံရပေမယ့် အပြစ်မရှိဆိုတာကို လူတွေက သိတဲ့ အတွက် ခုလို ကြိုဆိုကြတာ ဖြစ်ပါတယ်။ ဒါကို သံဃာနာယက ဆရာတော်ကြီးတွေ သိစေချင်ပါတယ်” ဟု ဆရာတော်က ဆက်လက်ပြောဆိုသည်။
စက်သားရွာမှ ကျောင်းတကာကြီး ဦးမောင်ဘသိန်းက ယခုကဲ့သို့ မြို့နယ် သံဃာနာယက၏ ၀င်ရောက် စွက်ဖက်မူကြောင့် စက်သားရွာမှာ ပြိုကွဲသွားခဲ့ရသည်ဟု ဆိုသည်။
“ ကျနော်တို့က ခေါင်းယောင်းဆရာတော်ကြီးက မှန်မှန်ကန်ကန် ကျောင်းထိုင်ဖို့ ချပေးပါလျှက် မြို့နယ် သံဃာနာယကမှနေ ဦးဓမ္မသေနကို နှင်ချပြီး အတင်း သင်္ကန်းချွတ်လိုက်တဲ့ အတွက် စက်သားရွာဟာ ပြိုကွဲသွားပြီး ဦးဓမ္မသေနဟာ လုံးဝထောင်ကျသွားခဲ့ပါတယ်။ ဒီကိစ္စဟာသံဃာကိစ္စ ဖြစ်တဲ့ အတွက် မြို့နယ် သံဃာနာယမှာ အဓိက တာဝန်ရှိတယ်လို့ ပြောလိုပါတယ်” ဟု သူက ဆိုသည်။
ယခုအခါ ဦးဓမ္မသေနအား သင်္ဘောကိုင်း၊ သာစည်ရွာတို့မှ ကိုးကွယ်သော ကံရှည်ကျောင်းတွင် သီတင်းသုံးနေသော  ဂိုဏ်းချုပ် ဆရာတော် ခေါင်းယောင်းဆရာတော်ကြီးထံသို့ ပို့ဆောင်ရန် အတွက် ရဟန်းသံဃာတော်များ၊ တပည့်တကာများသည် သွားရောက်နေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမည့် ရခိုင်အမျိုးသား ဦးစံလင်း အလုပ်ထိခိုက်သဖြင့် မီဒီယာများနှင့် အင်တာဗျူးခေတ္တရပ်ထားမည်ဟုဆို

Dhammazedi_Bell
(ဓါတ်ပုံ ပန်းချီ- အင်တာနက်)
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ဆုံရာ အလယ်တွင် တွင် နှစ်ပေါင်းရာနှင့်ချီ၍ နှစ်မြုပ်လျှက်ရှိသော ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးဆောင် ဆယ်ယူမည့် ရခိုင်လူမျိုး ဦးစံလင်း အနေဖြင့် အင်တာဗျူးလုပ်လိုသူများပြားမူကြောင့် အလုပ်ထိခိုက်နေ၍​ လောလောဆယ်တွင် အင်တာဗျူး ပေးခြင်းကို ခေတ္တရပ်နားထားမည်ဟု ဆိုသည်။
ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ သုဓမ္မမဏိဇောတဓရ ဦးစံလင်းအား နိရဉ္စရာမှ ဓမ္မစေတီတီ ခေါင်းလောင်ကြီး ပြန်လည်ဆယ်ယူမည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ အင်တာဗျူး လုပ်သူများကြောင့် အလုပ်ထိခိုက်နေ၍ လောလောဆယ် အင်တာဗျူး လုပ်ခြင်းကို ရပ်နားထားကြောင်း ပြောဆိုသည်။
“ အခု ကျွန်တော်က လုပ်ငန်း မစရသေးဘူး။ ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက် ဖုန်းထဲကနေ အင်တာဗျူးလုပ်တာတွေ၊ မေးမြန်းတာတွေများနေတဲ့ အတွက် အလုပ်က ဘာမှလုပ်လို့ မရ ဖြစ်နေတယ်။ ဒါကြောင့် လောလောဆယ်မှာ အင်တာဗျူး မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဆိုသည်။
ဦးစံလင်းအား ယမန်နေ့က အခြား သတင်းဌာနတစ်ချို့မှ အင်တာဗျူး ပြုလုပ်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း အလားတူ ငြင်းဆိုထားကြောင်း သူက ဆက်လက်ပြောဆိုသည်။
“ မနေ့ကလည်း ဘီဘီစီ သတင်းဌာန အပါအ၀င် သတင်းဌာနတွေ စိတ်ဝင်စားသူတွေ မေးမြန်ကြတယ်။ အင်တာဗျူး မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အခြား သတင်းဌာနတွေလည်း ဆက်သွယ်တယ်၊ ဘာတစ်ခုမှ ပြန်မဖြေနိုင်တော့ဘူးလို့ ပြောပြလိုက်တယ် ” ဟု ဆိုသည်။
ယင်းပြင် ဦးစံလင်းက “ခု ချိန်မှာ ဘာအင်တာဗျူးမှ မလုပ်နိုင်ပါဘူး။ ကျေးဇူးတင်တယ်၊ ဟိုကမေး ဒီကမေးနဲ့ တစ်ရက်တစ်ရက်ကို ကိုယ့်အလုပ်ကို မလုပ်ရဘူးဖြစ်နေတယ်။ တစ်ချို့ကိစ္စတွေ မပြီးနိုင်ဖြစ်နေတယ်။ ဒါကိုတော့ သည်းခံပေးကြပါ” ဟု ပြောဆိုသည်။
ဦးစံလင်း ဦးဆောင်သော အဖွဲ့သည် ဓမ္မစေတီ ခေါင်းလောင်းကြီးအား သြဂုတ်လ (၉) ရက်နေ့ စတင်ကာ ဆယ်ယူတော့မည် ဖြစ်သည်။
ကော့သောင်မြို့တွင်နေထိုင်သူ ဦးစံလင်း ဦးဆောင်သည့် အဖွဲ့အား ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရန် ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုခဲ့သည်။
ဦးစံလင်းမှာ ၁၉၉၇ ခုနှစ်မှ စတင်ကာ ဓမ္မစေတီခေါင်းလောင်းကြီးအား ရေထဲမှ ဆယ်ယူ ပူဇော်ရန် ကြိုးပမ်းနေသူ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် (၄၅) ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြထားသည်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ကြေးပိဿာချိန် (၁၈၀၀၀၀) ခန့်ရှိပြီး ဟံသာဝတီဘုရင် ဓမ္မစေတီမင်းကြီးမှ ရွှေတိဂုံစေတီတော်တွင် တင်လှူရန်အတွက် ၁၄၈၄ ခုနှစ်တွင် ရွှေ၊ ငွေ၊ ကြေး၊ ဘော် သတ္တုလေးမျိုးဖြင့် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရေအောက်ထဲတွင် ၄၅ ဒီဂရီစောင်းနေပြီး အဝမှာ အပေါ်တွင် ရှိနေသော်လည်း နှစ်ပေါင်းလေးရာကျော် နစ်မြှပ်နေ၍ ပါဝင်သည့် သတ္တုဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီးတွင် ကြိုးတပ်သည့် ကွင်းပင်မရှိတော့ဟု ဆယ်ယူသူ အဖွဲ့ဝင်အချို့က ဆိုကြောင်း Democracy Today တွင် ဖေါ်ပြသည်။
ထိုခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက သင်္ဘောဖြင့် ယူဆောင်ချိန်တွင် မြစ်သုံးစင်းဆုံရာ နေရာ၌ နစ်မြှပ်ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးအား ဆယ်ယူရာတွင် မြန်မာ့နည်း မြန်မာ့ဟန်များဖြင့် ဂမ္ဘီရဆန်ဆန် ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် လူအများက စိတ်ဝင်စားလျှက်ရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Ooredoo ၀န်ဆောင်မူ ရခိုင်ထိတိုးချဲ့နိုင်မည်မဟုတ်သေး

Ooredoo
Ooredoo မြန်မာစာနယ်ဇင်း ရှင်းလင်းပွဲ (ဓါတ်ပုံ- နိရဉ္စရာ)
သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ဖြန့်ကျက်မည့် Ooredoo ၀န်ဆောင်မူပေးမည့် ပထအစီအစဉ်ထဲတွင် ရခိုင်ပြည်နယ် မပါဝင်သေးကြောင်း သိရသည်။
Ooredoo ကုမ္ပဏီသည် လာမည့်  သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး  ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး အပြင် မကွေးတိုင်း၊  စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ မြို့ပေါင်း ၆၈ မြို့ အထိ ဝန်ဆောင်မှု တိုးချဲ့သွားမည်ဟု သြဂုတ်လ (၂) ရက်နေ့က ရန်ကုန်မြို့ Shangri-La ဟိုတည်တွင် ပြုလုပ်သော မြန်မာစာနယ်ဇင်း ရှင်းလင်းပွဲတွင် ooredoo ၏ CEO Ross Cormack ပြောသည်။
ရခိုင်ပြည်နယ်တွင် ooredoo ၀န်ဆောင်မူကို ဘယ်တော့ စနိုင်ပါမလဲဟု မေးမြန်းရာ ဈေးကွက် အရောင်းမြင့်တင်ရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ယခုလို ပြောသည်။
“ လောလောဆယ်တို့ ရခိုင်ပြည်နယ် မပါဝင်သေးဘူးရှင်။ ဒါပေမယ့် သိပ်မကြာခင် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ တစ်ခုပြီး တစ်ခု တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အခုမပါဝင်တာကိုတော့ နားလည်ပေးစေချင်ပါတယ်ရှင်” ဟု သူမက ပြောသည်။
Ooredoo သည် ယခုလောလောဆယ်တွင် မြန်မာနိုင်ငံ အတွင်း ဆိုင်ခွဲပေါင်း ၆၅၀၀ ဖွင့်လှစ်ပြီး ရောင်းချသွားမည် ဖြစ်ကြောင်း Sim Card (ဆင်းမ်ကတ်) တစ်ခုကို  ကျပ် ၁၅ဝဝ ဈေးဖြင့် ၀န်ဆောင်မူ ပေးသွားမည်ဟု ဆိုသည်။
ယင်းပြင် Ooredoo ဖုံးအချင်းချင်းဆက်သွယ်ပါက တမိနစ် ၂၅ ကျပ်သာ ၀န်ဆောင်မူ ပေးရမည် ဖြစ်ပြီး တခြားဖုန်းများသို့ ခေါ်ဆိုပါ တမိနစ် ၃၅ ကျပ်ပေးဆောင်ရမည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲတွင်ရေကြီး၍ ကျောင်းတွေပိတ်၊ မိသားစု ၂၀ ခန့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

Than-dwe-flood
သံတွဲတွင် ယနေ့ သြဂုတ် ၆ ရက်နေ့ ရေကြီးနေစဉ်( ဓါတ်ပုံ-နိရဉ္စရာ/ နေဇော်)
ရခိုင်ပြည်နယ်သံတွဲတွင် ရေကြီးနေပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဆက်လက် ရေတိုးနေသဖြင့် စာသင်ကျောင်းများအားလုံးကို ယာယီပိတ်ထားလိုက်ကာ မိသားစု (၂၀) ခန့်ကိုလည်း ဘေးလွှတ်ရာသို့ ပြောင်းရွှေ့လိုက်ရသည်ဟု သတင်း ရရှိသည်။
“ ပြောင်းရွှေ့လိုက်ရတဲ့ မိသားစုက ၁၉ စု၊ လူဦးရေအားဖြင့်ဆိုရင် ၈၅ ဦးပါ။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ ဆံတော်တောင်ဘုရား ဓမ္မာရုံမှာထားပါတယ်။ သူတို့က ညောင်ပင်ဈေးရပ်ကွက်ကပါ” ဟု အလွတ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
Thandwe-flood
ရေမှာ ဆက်လက်တိုးနေပြီး ရပ်ကွက်များထဲသို့ ရေများဆက်လက် ၀င်ရောက်နေဆဲ ဖြစ်သည်ဟု သိရသည်။
“ မိုးကတော့ နည်းနည်းစဲနေပါတယ်။ ရေကတော့ ဆက်တက်တုန်းပါ။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်တဲ့သူတွေက  အထုပ်အပိုးတွေအဆင်သင့်ပြင်ပြီး အခြေအနေကို ကြည့်နေကြပါတယ်” ဟု သူက ဆိုသည်။
သံတွဲတွင် ယမန်နေ့က  မိုးရေချိန်လက်မ ၅.၅၇ ထိ ရွာသွန်းခဲ့ပြီး လက်ရှိ အချိန်တွင် စိုးရိမ်ရေမှတ်မှာ (၅) ပေကျော် ရောက်ရှိနေပြီဟု သိရသည်။
Thandwe-flood
ယခုအခါ စစ်တပ်မှ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကို ဆေးဝါးအကူအညီပေးရန် ကားတန်းကြီးများဖြင့် ထွက်ခွာလာကြသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
အလားတူတောင်ကုတ်မြို့တွင်လည်း ရေကြီးနေပြီး တောင်ကုတ်ဈေးအပါအ၀င် မြေနိမ့်ရပ်ကွက်များကို ရေနစ်မြုပ်နေကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်လှက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရှေးဟောင်းဒင်္ဂါးများ တရားမဝင် ရောင်းဝယ်သည့် ဈေးကွက်တစ်ခု ရခိုင်တွင် ပေါ်ပေါက်နေ

Ancient Arakanese sliver coin
ဒေသခံတစ်ဦးမှဝယ်ယူစုဆောင်းထားသော ရခိုင်ရှေးဟောင်း ဒင်္ဂါးများ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ရှေးဟောင်းငွေဒင်္ဂါံးပြားများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ တရားမဝင် ရောင်းချနေကြသည့် ဈေးကွက်တစ်ခု စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ပေါ်ပေါက်နေသည်ဟု သိရသည်။
ရှေးဟောင်းဒင်္ဂါး မှောင်ခို ရောင်းဝယ်နေမှုများကို အချိန်မီ တားဆီးအရေးယူသင့်ကြောင်း၊ သို့မဟုတ်ပါက တန်ဖိုးကြီးမားသော ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ဆုံးရှုံးသွားနိုင်ကြောင်း ရခိုင်သမိုင်းပညာရှင်များက နိရဉ္စရာသို့ ပြောဆိုသည်။
အဆိုပါ ရှေးဟောင်းငွေဒင်္ဂါံးများကို ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ကျောက်တော်မြို့များမှ တစ်ဆင့် စစ်တွေ၊ ထိုမှ တဆင့် ရန်ကုန် မန္တလေးမြို့များသို့သာမက တရုတ်နိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချမှုများ ရှိနေသည်ဟု စစ်တွေမြို့မှ ရခိုင်ယဉ်ကျေးမူအနုပညာများကိုထိန်းသိမ်းဖေါ်ထုတ်နေသူ ဆရာ ဦးကျော်ဇံမောင်က နိရဉ္စရာသို့ ပြောသည်။
“ရှေးဟောင်းရခိုင်ဒင်္ဂါးတွေကို အပြင်ကို မရောက်အောင် အချိန်မှီ ထိန်းသိမ်းရန် လိုအပ်ပါတယ်။ ရခိုင် ဘုရင်နာမည်တွေနဲ့ သွန်းလုပ်ထားတဲ့ ငွေဒင်္ဂါံးပြားတွေဟာ အစဉ်အဆက် ရခိုင်လူမျိုးတွေ လက်ထဲမှာမရှိဘဲ လူမျိုးခြားလက်ထဲကို ရောက်သွားလို့ရှိရင် နောက်မျိုးဆက်တွေကို ရခိုင်လူမျိုးတွေ ဒင်္ဂါံးပြားသုံးခဲ့တယ်ဆိုတာကို အထောက်အထားမပြနိုင်ဘဲ ဖြစ်သွားမယ်” ဟု ဦးကျော်ဇံမောင်က ပြောသည်။
သို့အတွက် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက် ယဉ်ကျေးမှု ထိန်းသိမ်းရေး စောင့်ရှောက်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းရန် လိုအပ်သည်ဟုလည်း ဆရာက အကြံပြု ပြောဆိုသည်။
အရှေ့တောင်အာရှတွင် အစောဆုံး သုံးစွဲခဲ့သည်ဟု ယူဆရသော  ရခိုင်ရှေးဟောင်း ဒင်္ဂါးများကို အရည်ဖျော်ပြီး လက်စွပ်ပြုလုပ် ဝတ်ဆင်သူများပင် ရှိနေသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရကြောင်း ဆရာဦးကျော်ဇံမောင်က ဆက်လက် ပြောဆိုသည်။
“ အခုက သမိုင်းကို သမိုင်းလို့ မသိ။ စီးပွါးရေးသမားတွေက ကိုယ့်အကျိုးအမြတ်ရရင် ပြီးရော ဆိုပြီး ပန်းထိမ်တွေမှာ အရည်ဖျော်၊ လက်စွပ်လုပ်ဝတ်တဲ့သူတွေလည်းရှိပါတယ်” ဟု ဆိုသည်။
စစ်တွေမြို့နှင့် ကျောက်တော်၊ မြောက်ဦးမြို့တို့တွင် ယင်းငွေဒင်္ဂါံးများကို အဆင့်ဆင့် အမြတ်တင် ရောင်းချနေကြပြီး အတုများ ပြုလုပ်ကာ လိမ်လည် ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။
Ancient-Arakan-sliver-coin
မည်သို့ပင် ဖြစ်စေ ယင်းရှေးဟောင်းငွေဒင်္ဂါး အစစ်များကို ရခိုင်ယဉ်ကျေးမူ အမွေအနှစ်ကို ချစ်မြတ်နိုး ရခိုင်ချမ်းသာသူများအနေဖြင့် တစ်ပိုင်တစ်နိုင်ဝယ်ယူပြီး ထိန်းသိမ်းသင့်ကြောင်း ရခိုင်အမွေအနှစ် ထိန်းသိမ်းနေသူ တစ်ဦးဖြစ်သူ ကိုသန်းနိုင်က ပြောသည်။
“ အထူးသဖြင့် ငွေကြေးတောင့်တင်းတဲ့ ရခိုင်လူချမ်းသာတွေအနေနဲ့ ငွေဒင်္ဂါးဘဲဖြစ်ဖြစ်၊ ရွှေဒဂါင်္းဘဲ ဖြစ်ဖြစ် ၀ယ်ယူပြီး မပျက်မစီးရအောင် ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်တိုင်ထိန်းသိမ်းဖို့ အခက်အခဲရှိရင်တောင်မှ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်တွေကို ထိန်းသိမ်းနေတဲ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒီလုပ်ငန်းဟာလည်း အမျိုးသားရေးအတွက် အရေးကြီးတဲ့ လုပ်ငန်း တစ်ခုပါ” ဟု ဆိုသည်။
ရှေးဟောင်း ရခိုင်ဒင်္ဂါံးများကို အေဒီ(၄)ရာစုက ရခိုင်ဝေသာလီမြို့တော်တည်ရှိခဲ့သော နေရာတစ်ဝိုက်တွင် အများဆုံးတွေ့ရပြီး ဒင်္ဂါံးများမှာ ခေတ်ပြိုင် အခြားဒင်္ဂါံးများနှင့် မတူသော ရခိုင်ရိုးရာ အမှတ်လက္ခဏာများကို ထည့်သွင်း ခတ်နှိပ်ထားသည်ဟု သိရသည်။
ရခိုင်ဝေသာလီဒင်္ဂါံးများမှာ ငွေသတ္တုပါဝင်မှု (၉၉) ရာခိုင်နှုန်းအထိ ရှိကြောင်း လေ့လာသူများက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘူးသီးတောင်မြို့နယ်တွင် ခမီးအမျိုးသမီးငယ်တစ်ဦး မုဒိန်းပြုကျင့်ခံရ

Buthidaung
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လိပ်ရကျေးရွာအနီးတွင် လွန်ခဲ့သော သြဂုတ်လ (၁) ရက်နေ့က အသက်(၁၈)နှစ်အရွယ် ရွာကျောင်းဆရာမ အဖြစ် လုပ်ကိုင်နေသူ  ခမီးအမျိုးသမီးတစ်ဦး မုဒိန်း ပြုကျင့်ခံခဲ့ရကြောင်း ဘူးသီးတောင် ဒေသခံများနှင့် အမည်မဖေါ်လိုသူ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ မ *** (၁၈ နှစ်)  (ဘ- ဦးကျော်နိုင်) ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးငယ်မှာ ဘူးသီးတောင်မြို့နယ် ဆဟုန်းခမီးရွာတွင် နေထိုင်သူဖြစ်ပြီး ရွာနှင့် တစ်မိုင်ခန့် ကွာဝေးသည့် လိပ်ရကျေးရွာသို့ လာရောက်၍ စာပြပေးနေသူဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။
သူမသည် အဆိုပါနေ့က လိပ်ရရွာမှ ဆဟုန်းခမီးရွာသို့ ပြန်လာစဉ် ၀ါးထမ်းလာသူ တစ်ဦးက လမ်းတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ယင်းရဲအရာရှိမှ နိရဉ္စရာသို့  အတည်ပြု ပြောကြားသည်။
“ ဖြစ်ရပ်က မှန်ပါတယ်။ ကောင်မလေးနေတဲ့ ဆဟုန်းရွာနဲ့ လိပ်ရရွာကြားမှာ ရှိတဲ့ တောလမ်းတစ်နေရာမှာ ခုလို မဖွယ်မရာ လုပ်ခံလိုက်ရပါတယ် ”ဟု ဆိုသည်။
ယခုအခါ အဆိုပါ အမှုနှင့် ပတ်သက်သည့် တရားခံ အဖြစ်စွပ်စွဲခံထားရသူ ဆဟုန်းဘင်္ဂလီရွာမှ အဘူတယော (၃၀)နှစ် (ဘ- ဦးဇာဘွား) အား အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း ယင်းရဲအရာရှိက ဆိုသည်။
Burthidaung-court
အမှုအားဘက်မလိုက်ဘဲ ဆုံးဖြတ်ပေးမည့် ဘူးသီးတောင်မြို့နယ် တရားရုံး (ဓါတ်ပုံ- နိရဉ္စရာ)
ယခုဖြစ်ရပ်အား ဥပဒေကြောင်းရ ထိရောက်အောင် အရေးယူသင့်ကြောင်း ဘူးသီးတောင် ဒေသခံ တစ်ဦးဖြစ်သူ ဦးထွန်းလှိုင်က ပြောသည်။
“ ခုကတော့ အခင်းဖြစ်တဲ့နေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အုပ်ချုပ်ရေးမှူးတို့ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ပါပြီ။ ဒီလိုမျိုးကိစ္စတွေကို ဥပဒေကြောင်းအရဘဲ ဖြေရှင်းသင့်ပါတယ်” ဟု ပြောသည်။
ဘူးသီးတောင် မြို့နယ် ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးထွန်းအောင်သိန်းကမူ ဒေသခံ တိုင်းရင်းသားများကို အစိုးရ အနေဖြင့် ဥပဒေအရ အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း ပြောဆိုသည်။
“ ကျွန်တော်တို့ ဒီမှာ ရှိတဲ့ မြို၊ ခမီး၊ ဒိုင်းနက်၊ ရခိုင်တွေဟာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အစိုးရက အကာအကွယ်ပေးရမယ်။ ခုလို အစော်ကားခံရတဲ့ကိစ္စတွေကို အစိုးရ အနေနဲ့ ဥပဒေအရ အချိန်မီ ကိုင်တွယ်ဖြေရှင်းပေးရမယ် ”  ဟု ပြောဆိုသည်။

ရခိုင်တွင် မူလတန်း ကျောင်းဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်

ရခိုင်ပြည်နယ် မူလွန်ကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မူလွန်ကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အခြေခံပညာ မူလတန်းကျောင်းများအတွက် နေ့စားလပေး ဆွဲခန့် ကျောင်းဆရာ/ဆရာမ (၄၀၆၈) ဦးကို ယနေ့တွင် စာထုတ်ပြီး ခန့်အပ်လိုက်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဉ္စရာသို့ ပြောသည်။
“ အဓိက မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာ/ ဆရာမ အနည်းဆုံး ၅ ဦး ရှိရမယ်ဆိုတဲ့ မူရှိတယ်။ ဒီမူအရ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ နေ့စားလပေး ဆရာ/ ဆရာမ ၄၀၆၈ ဦးကို သြဂုတ်လ (၁) ရက်နေ့စွဲနဲ့ ဒီကနေ့မှာ စာထုတ် ခန့်အပ်လိုက်ပါတယ်။ စာကို ဒီကနေ့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဦးလှစိန်ထွန်းက ဆိုသည်။
ယခု ဆရာ/ ဆရာမများမှာ နေ့စား လပေး စနစ်ဖြင့် ခန့်အပ်ခံရသော်လည်း လာမည့်နွေရာသီတွင် ဆရာအဖြစ်သင်တန်းသို့ တက်ရောက်ကြရမည် ဖြစ်ပြီး နောင်နှစ် ဇွန်လမှ စတင်ပြီး အမြဲတန်း ဆရာ/ ဆရာမ အဖြစ် ခန့်အပ်ခံကြရမည်ဖြစ်သည်။
“ ခုလို ဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်လိုက်တဲ့ အတွက် ရခိုင်ပြည်နယ် အတွင်း မူလတန်းကျောင်းတွေမှာ အခက်အခဲဖြစ်နေတဲ့ ဆရာ/ ဆရာမ မလုံလောက်မူ ပြသနာကို ကျော်လွှားနိုင်လိမ့်မယ် ယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။
ယင်းပြင် ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းမှ “ ခုလို ခန့်အပ်လိုက်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပညာရေး တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ရခိုင်ပြည်နယ် ပညာရေးမှာ အဓိက စိန်ခေါ်မူကြီးက ဆရာ/ဆရာမ မပြည့်စုံမူ ဖြစ်တဲ့ အတွက် ဒီလို ဖြည့်ဆည်းလိုက်တဲ့ အတွက် တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် အထက်တန်းကျောင်း အချို့နှင့် အထက်တန်းကျောင်းခွဲအချို့တွင် သိပ္ပံဘာသာတွဲ သင်ကြားနိုင်သော ဆရာ ဆရာမများ မရှိသဖြင့် ကျောင်းသားများစာသင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံများက နိရဉ္စရာသို့ သတင်းပေးပို့ထားကြသည်။
ယင်းပြသနာအားလည်း များမကြာမီက ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဦးလှစိန်ထွန်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, August 5, 2014

ဗိုလ်ချုပ်ဟောင်းတစ်ဦးဇနီးနှင့် ရေတပ်ကသိမ်းထားသောမြေများပြန်ရရေး သံတွဲဂျိတ်တောတွင် ဆန္ဒဖေါ်ထုတ်

THANDWE-GATAW
မြေတွေကို ပြန်ပေးဖို့ ဂျိတ်တောဒေသခံများ ယနေ့တွင် ဤသို့ တောင်းဆိုခဲ့ကြသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အပိုင် ငပလီမြို့ ဂျိတ်တောတွင် ဒေသခံ ပြည်သူ (၅၀) ကျော်သည် သူတို့ထံမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဇနီး အပါအ၀င် ရေတပ်နှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ သိမ်းထားသော လယ်မြေများကို ပြန်ပေးရန် ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်။
ဆန္ဒဖေါ်ထုတ်သူများသည် ယနေ့နံနက် ၁၂ နာရီခန့်က ဂျိတ်တောကျေးရွာမှ မြပြင်ရွာထိ ချီတက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့သည်။
ဆန္ဒပြသူများသည် “ နတ်မော်တောင်အတွင်းရှိ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ ဇနီးဒေါ်မာလာတင့် သိမ်းထားသော တောင်မြေဧက (၈.၈၉) ဧကအား ပြန်ပေးရေး- ဒို့အရေး။ ရေတပ်ပင်မ ရေငုပ်နှင့် ဆက်သွယ်ရေးတပ်မှ သိမ်းဆည်းထားသော ဥယာဉ်ခြံ/ လယ်မြေဧက (၉၆.၆၄) ဧကကို ပြန်ပေးရေး- ဒို့အရေးနှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ သိမ်းထားသော လယ်မြေများပြန်ပေးရေး-ဒို့အရေး” ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဦးဆောင်လူပ်ရှားသူ တစ်ဦးဖြစ်သည့် ဂျိတ်တောရွာမှ ကိုကျော်ဇော (ခေါ်) ကိုမောင်ညိုက ပြောသည်။
“ ဗိုလ်ချုပ်ဟောင်း ခင်မောင်သန်းက သူ့ဇနီး ဒေါ်မာလာတင့် နာမည်နဲ့ ၂၀၀၇ ခုကတည်းက နတ်မော်တောင်မှာ ဟိုတည်ဆောက်မယ်ဆိုပြီး သိမ်းတာပါ။ တောင်မြေဧက စုစုပေါင်း ၈. ၈၉ ဧက ရှိပါတယ်။ အခုအချိန်ထိဘာမှ အဲဒီမြေပေါ်မှာ ဘာမှအကောင်အထည်ဖေါ်တာ မရှိသေးဘူး။ ဒီမြေတွေကို ကျွန်တော်တို့ကို ပြန်ပေးဖို့ ဆန္ဒဖေါ်ထုတ် တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
thandwe-demonstration
ရေတပ်ပင်မ ရေငုပ်နှင့် ဆက်သွယ်ရေးတပ်မှလည်း ၎င်းဒေသတွင် ဥယာဉ်ခြံ/ လယ်မြေဧက ၁၀၀၀ နီးပါးကို စစ်အစိုးရ လက်ထက်ကတည်းက သိမ်းထားပြီး ယင်းအထဲမှ (၉၆.၆၄) ဧကကို မြေဖေါ်ထုတ်နေကြောင်း၊ ယင်း မြေများထဲမှ ဧက ၂၀ အသုံပြုထားသည်ကိုတွေ့ရကြောင်း၊ နောက်ထပ် ၁၀ ဧကကိုလည်း အသုံးပြုရန် တင်ထားကြောင်း၊  ယင်းပြင် ငါးလုပ်ငန်း ဦးစီးဌာနမှလည်း ၆ ဒသမ ၅၃ ဧကကို သိမ်းထားကြောင်း၊ အစပိုင်းတွင် စီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျက်စီးသွားခဲ့ကြောင်း၊ သို့သော်လည်း မူလပိုင်ရှင်များမှာ လုပ်ကိုင်စားသောက်ခွင့်မရဘဲ ဖြစ်နေကြောင်းနှင့် ယင်းမြေများမှာ သံတွဲမြို့နယ် ဂျိတ်တောနှင့် ကျောက်ကလပ်ကျေးများအနီးတွင် တည်ရှိကြောင်း သူက ပြောကြားသည်။
ဆန္ဒဖေါ်ထုတ်သူ ဒေသခံများသည် ၎င်းလယ်မြေများကို ပြန်ရရေး အတွက် နိုင်ငံတော် သမ္မတ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အကြိမ်ကြိမ်စာရေး တောင်းဆိုသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသဖြင့် ယခုလို ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်သည်ဟု ကိုကျော်ဇောက ဆိုသည်။
ယနေ့ ဆန္ဒပြပွဲအား သံတွဲမြို့ပေါ်တွင် ပြုလုပ်ခွင့် တောင်းခံသော်လည်း မရရှိသဖြင့် ဂျိတ်တောနှင့် မြပြင်ရွာတွင် သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)