Monday, July 28, 2014

သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ

Buddhist-staus-stone-100-kg-weight-recovered-Bogra
ဖမ်းဆီးရမိသော ရုပ်ပွားတော်အား တွေ့ရစဉ် ( ဓါတ်ပုံ- Bd24news)
ဘင်္ဂလာတာကာငွေ သန်းချီ တန်းဖိုးရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ရေကန်ထဲတွင် ၀ှက်ထားရာမှ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ယင်း ဗုဒ္ဓရုပ်ပွားတော်မှာ အလေးချိန် ကီလို (၁၀၀) ရှိပြီး အမာစား သံကျောက် တစ်ခုတွင် ကနူတ်ပန်းများနှင့် အတူ ပလ္လင်ခွေထိုင်နေဟန် ထွင်းထုထားသော ရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။ (ပုံ-ရှု့ပါ)
ဗုဒ္ဓရုပ်ပွားတော်အား ဘင်္ဂလာဒေခ်ျ့ အမှတ် (၄၃) နယ်ခြားစောင့်တပ်ဖွဲ့မှ သတင်းအရ ရှာဖွေစဉ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြောက်ဘက် ဘော်ဂရာ (Bogra)ခရိုင်အတွင်း ကျေးရွာတစ်ရွာရှိ ရေကန်တခုအတွင်းမှ ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဖမ်းဆီးရမိချိန်မှာ လွန်ခဲ့သည့် ကြာသပတေးနေ့ နေ့လည် ၂ နာရီခန့်တွင်ဖြစ်ပြီး ရွာအမည်မှာ ယင်းဘော်ဂရာခရိုင်အတွင်းရှိ အာန္တာဟာ့ရ်ရွာ ဖြစ်ကြောင်း သိရသည်။
ဘော်ဂရာခရိုင်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အုတ်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်း ဒါဇင်နှင့် ချီပြီး တူးဖေါ် ရရှိထားသော ဒေသတစ်ခု ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေတက္ကသိုလ် ကြိုပို့ကားများ ဇူလိုင်လ ၂၈ ရက်မှစ၍ အခမဲ့ ပြေးဆွဲမည်

sittwe-university
စစ်တွေ တက္ကသိုလ်ကို ခန့်ညားဝင့်ထယ်စွာတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ လင်းမြတ်)
ကျောင်းသား ကျောင်းသူများ လွယ်ကူ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် စစ်တွေတက္ကသိုလ် ကြိုပို့ကားများကို ဇူလိုင်လ (၂၈) ရက်နေ့မှ စတင်ပြီး အခမဲ့ပြေးဆွဲပေးသွားမည်ဟု သိရသည်။
ယခုအစီအစဉ်မှာ ၀န်ကြီးချုပ် ဗိုလ်မောင်မောင်အုန်း ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစီအစဉ်ဖြစ်ပြီး ဇူလိုင်လ (၂၈)ရက်နေ့ စတင်ကာ ကား(၃)စီးဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်သည်ဟု စစ်တွေတက္ကသိုလ် မော်ကွန်းထိန်း ဆရာဦးရွှေခိုင်ကျော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ လာမယ့် တနင်္လာနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အခမဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုလဆန်းပိုင်းက စစ်တွေတက္ကသိုလ်၌ ဆရာဆရာမများ အပါအ၀င် ကျောင်းသားကျောင်းသူများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် နှင့်တွေ့ဆုံစဉ် ကျောင်းကားအခက်အခဲကို တင်ပြရာမှ ဝန်ကြီးချုပ်က ယခုလို အခမဲ့ စီစဉ်ပေးခြင်း ဖြစ်သည်ဟု စစ်တွေကတ္ကသိုလ် ကျောင်းသူ မစုမွန်ထက်က ပြောသည်။
“ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ကျောင်းကိုရောက်လာတဲ့အချိန်မှာ ဆရာဆရာမတွေ ကျောင်းသား ကျောင်းသူတွေက တင်ပြကြပါတယ်။ ကျောင်းကြိုပို့ကားတွေကို အခမဲ့စီစဉ်ပေးဖို့၊ ကျောင်းသွား လမ်းတစ်လျှောက် လုံခြုံရေးတွေတိုးမြှင့်ချထားပေးဖို့၊ ပြီးတော့ ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေပံ့ပို့ပေးဖို့ ဒါတွေကို တင်ပြကြပါတယ်။ တင်ပြပြီးသိမ်မကြာခင်မှာပဲ အခုလို စီစဉ်ပေးဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
sittwe-university
တက္ကသိုလ်ကျောင်းတော်ကြီးဘေး ပင်မဆောင်လမ်းမ ( ဓါတ်ပုံ- နိရဉ္စရာ/ လင်းမြတ်)
ဆက်လက်ပြီး သူမက “ အယင်ကဆို ကျောင်းသွားရင် အသွားနှစ်ရာ အပြန် နှစ်ရာ တစ်နေ့ကို (၄၀၀) ကျပ် ကုန်ပါတယ်။ တစ်လကိုကားခ သက်သက် (၈၀၀၀) ထောင်လောက်ကုန်တယ်။ အခုတော့ ကားတွေအခမဲ့ စီစဉ်ပေးတော့မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကများတော့ ကားသုံးစီးနဲ့ လုံလောက်ဖို့တော့ မထင်ပါဘူး။ ဒါပေမဲ့ အယင်ထက်တော့ ပိုအဆင်ပြေသွားပါတယ်” ဟု သူမက ဆက်ဆိုသည်။
ထို့အပြင် ကျောင်းသွားလမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးဝန်ထမ်းများကိုလည်း အယင်ကထက် ပိုမို ချပေးထားကြောင်း သိရသည်။
ယခင်က စစ်တွေတက္ကသိုလ်ကျောင်းသား ကျောင်းသူများမှာ သုံးဘီးဆိုင်ကယ်များဖြင့် ကျောင်းတက်ခဲ့ကြရပြီး ကျောင်းတက်ရာလမ်းတစ်လျှောက်တွင် လုံခြုံရေး နည်းပါးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမမများအတွက် လုံခြုံရေးစိုးရိမ်မှုများရှိခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ယူနိုက်တက်အသင်း မြန်မာနယ်ရှင်နယ်လိဂ်သို့ တန်းတက်ခွင့်ရ

(ရန်ကုန် အားကာသိပ္ပံကစားကွင်းတွင် ရခိုင်ယူနိုက်တက် ကစားသမားများ လေ့ကျင့်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
(ရန်ကုန် အားကာသိပ္ပံကစားကွင်းတွင် ရခိုင်ယူနိုက်တက် ကစားသမားများ လေ့ကျင့်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
မြန်မာနေရှင်နယ်လိဂ် – ၂ ( MNL-2) တွင် တန်းဆင်းခံခဲ့ရသော ရခိုင်ယူနိုက်တက်အသင်းသည် ယခုနှစ် ဘော်လုံးရာသီတွင် မြန်မာနယ်ရှင် နယ်လိဂ်သို့ တန်းပြန်တက်ရောက်ခွင့်ရရှိသွားပြီဟု သိရသည်။
ရခိုင်ယူနစ်တက်အသင်းမှာ ဇူလိုင်လ(၂၂)ရက်နေ့က ဒဂုံအက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားရာတွင် ၂ ဂိုး  ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနယ်ရှင်နယ်လိဂ်သို့ တန်းတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက် အသင်းသည် ၁၇ ပွဲကစား၊ ၁၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရဂိုး ၅၂ ဂိုး၊ ပေးဂိုး ၈ ဂိုး၊ ရမှတ် ၄၀ ဖြင့် မြန်မာနေရှင်နယ်လိဂ်သို့ ဟံသာဝတီ ယူနိုက်တက် အသင်းနှင့်အတူ တက်ရောက်ခွင့်ရခဲ့သည်။
၂၀၁၁-၁၂ နေရှင်နယ်လိဂ်တွင် စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၁၂-၁၃ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ်သို့ တန်းဆင်းသွားခဲ့ကာ ၂၀၁၄ ခုနှစ်တွင် မြန်မာနယ်ရှင်နယ်လိဂ်သို့ ပြန်လည် တန်းတက်ရောက်ခွင့် ရရှိခဲ့သည်။
၂၀၁၂-၁၃  နေရှင်နယ်လိဂ်မှ မြန်မာနေရှင်နယ်လိဂ် – ၂ ( MNL-2) သို့ တန်းဆင်းခဲ့ရသည်မှာ ပွဲစဉ် အချို့တွင် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုရှိခဲ့သည်ဟု ရခိုင်ယူနစ်တက်အသင်းမှ အသင်းပိုင်ရှင် ဦးဇော်မင်းသိမ်းနှင့် ဝါရင့်ကစားသမားတစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦးက ပြောသည်။
“အသင်းငယ်နဲ့ အသင်းကြီးပွဲဆိုရင်တော့ ဒိုင်တွေက အသင်းကြီးဘက်ကပါနေတာတွေဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာမှမတတ်နိုင်ခဲ့ဘူးလေ” ဟု ကိုထွန်းထွန်းဦးက ဆိုသည်။
B-2 လက်ရှိအသင်းတွင် ပါဝင်ကစားနေသော ကစားသမားများမှာ ယခင်နှစ် တန်းကျခဲ့စဉ်ကတည်းက ရှိခဲ့သော ကစားသမားအများစုနှင့် ပြန်လည်စုစည်းထားခြင်းဖြစ်ကြောင်း ကိုထွန်းထွန်းဦးက ရှင်းပြသည်။
“ခု အသင်းကတော့ အရင်နှစ်က ကျခဲ့တဲ့ ကစားသမားတွေပြန်စုတာပါ။ပိုင်ရှင်တွေကလည်း မပြောင်းစေချင်ဘူးလေ။ ကိုယ့်အသင်းသားတွေကို ပြန်တက်စေချင်တဲ့သဘောပါ”ဟုပြောသည်။
၎င်းပြင် နေရှင်လိဂ် ပြိုင်ပွဲတွင် အနိုင်ရရှိနိုင်ရေး အတွက် နိုင်ငံခြားကစားသမားများဖြင့် အားဖြည့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးဇော်မင်းသိမ်းက ပြောသည်။
ယခုနှစ်တွင် ရခိုင်ယူနစ်တက်အသင်းတွင် နည်းပြအပြောင်းအလဲရှိခဲ့ပြီး လက်ရှိတွင် နည်းပြချုပ်ဦးဝင်းတင်က ဦးဆောင်ကာ ကစားသမားများအား တာဝန်ယူလေ့ကျင့်ပေးနေကြောင်း သိရသည်။
အသင်းတွင် ကိုယ်ပိုင်အိမ်ကွင်းမရှိသေးသဖြင့် ကစားသမားများလေ့ကျင့်ရန် အခက်အခဲရှိကြောင်း၊သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံတင်ပြခဲ့ရာ ကျိုက္ကဆံအားကစားကွင်းတွင် လေ့ကျင့်ခွင့်ရကြောင်း အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးဝင်းတင်က နိရဉ္စရာသို့ ပြောသည်။
“လေ့ကျင့်မှုပိုင်းကတော့ ဒီနှစ်မှာ ပြိုင်ပွဲမစခင်ကတည်းက ကွင်းအခက်အခဲရှိခဲ့တယ်။ဒါကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အကူအညီတောင်းတယ်။ အဖွဲ့ချုပ်က ကူညီလို့ လေ့ကျင့်ခွင့်ရတယ်။ စလင်းကွင်းနဲ့ ပဒုမ္မာကွင်းတွေမှာ လေ့ကျင့်ခွင့်ရတယ်။ အရင်က ကွင်းမရှိတော့ တပတ်မှာ သုံးရက်ဘဲ လေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်” ဟု ပြောသည်။
သူက ဆက်လက်၍ “တိုးတက်မှုတော့ ရှိလာတယ်ပေါ့။ကွင်းရတော့ အဆင်ပြေတယ်။ဘောလုံးသမားက ကွင်းမရှိရင် အလုပ်လုပ်လို့မရဘူးလေ။ ဒီနေ့ထိတော့ အိမ်ကွင်းမရှိသေးဘူး။ အပေါ်က အုပ်ချုပ်မှု အပိုင်းတွေကတော့ လုပ်ဆောင်နေတယ်” ဟု အသင်းအပေါ် သုံးသပ်ပြောဆိုသည်။
ယခုလက်ရှိနည်းပြအသစ်အပေါ် အားရကျေနပ်မှုရှိကြောင်း ကစားသမားတစ်ဦး ဖြစ်သူ ကိုထွန်းထွန်းဦး ဆက်ပြောသည်။
“အစတုန်းကတော့ ကျွန်တော်တို့ မိနစ်(၉၀)ထက် ပိုမကန်နိုင်ဘူး။ ခုတော့ လေ့ကျင့်ရေးပိုင်းမှာ ပိုကောင်းလာတယ်” ဟုပြောသည်။
ရခိုင်ယူနိုက်တက် အသင်းတွင် ရခိုင်ပြည်နယ်မှ ကစားသမား (၅) ဦးပါဝင်ပြီး ယင်းကစားသမားများမှာ စစ်တွေ၊ ဘူးသီတောင် ၊ဂွ၊ သံတွဲ၊ ကျောက်ဖြူတို့မှ ဖြစ်သည်။
ယခုအခါ ကျိုက္ကဆံအားကစားကွင်းအတွင်း တနင်္ဂနွေနေ့မှ လွဲ၍ ကျန်ရက်များတွင် ဆက်လက် လေ့ကျင့်နေကြကြောင်း သိရသည်။
ရခိုင်ယူနစ်တက်အသင်းသည် ဇူလိုင်လ(၂၅) ရက် ယနေ့တွင် ဒုတိယ ဆုဖလားအား လက်ခံရယူခဲ့ပြီး မနက်ဖြန်တွင် တစ်ပွဲကို တက္ကသိုလ်ပေါင်းစုံအသင်းနှင့် နောက်ဆုံးလက်ကျန်ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက် အသင်းအနေဖြင့် ရခိုင်ပြည်နယ်တွင် လူငယ်မျိုးဆက် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး စစ်တွေတွင် ဘော်လုံးပြိုင်ပွဲများ ကျင်းပ ပြုလုပ်နေကြောင်း အသင်းပိုင်ရှင် ဦးဇော်မင်းသိမ်းက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့နယ် ဘောဒူဖအုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ရာတွင် ပါဝင်သူများဟု သင်္ကာမကင်း ဖြစ်ခံရသူ ဘင်္ဂလီလူမျိုးအနည်းဆုံး (၁၀) ကျော်ဖမ်းဆီးခံရ

refugee-camp
စစ်တွေမြို့နယ် ဘောဒူဖဘင်္ဂလီကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်အား တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်သူများဟု သင်္ကာမကင်းဖြစ်ခံရသူများကို လိုက်လံ ဖမ်းဆီးရှိနေရာ ယခုအခါ ဖမ်းဆီးခံရသူမှာ လူပေါင်း (၁၀) ကျော်သွားပြီဟု သိရသည်။
ဇူလိုင်လ (၂၂) ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်တွေမြို့နယ်၊ ဘောဒူဖဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်တင်၏ နေအိမ်အား ဘာဒူဖဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီ ၁၀၀၀ ခန့်တို့က တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ဖြိုဖျက်ခဲ့ကြသည်။
ထိုသို့ ဖြိုဖျက်စဉ် ရဲတပ်ဖွဲ့မှ အင်အား ၂၀ ကျော်ခန့်ဖြင့် သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရပြီး တိုက်ခိုက်မူ ဖြစ်ပွားစဉ်အတွင်း လူပေါင်း လေးငါးရာကျော်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ လူအုပ်က လေးငါးရာကျော်ရှိတယ်။ အိမ်ပေါ်တက်လုတာ။ ဘယ်လိုမှ မတတ်နိုင်တော့ မိုးပေါ်ကို သေနတ် သုံးချက်ထောင်ပစ်ပြီး လူစုခွဲရတယ်။ အခင်းဖြစ်တဲ့နေ့က ရှစ်ယောက်ဖမ်းတယ်။ မနေ့က သုံးလေးယောက်ဖမ်းတော့ တစ်ဆယ်ကျော်သွားပြီ” ဟု သက်ဆိုင်ရာ ပြည်နယ် အဆင့် ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးရခြင်းကြောင့် အိမ်ခြံစည်းရိုး၊ ၀ရံတာနှင့် တီဗွီ၊စလောင်း ၊အောက်စက် ၊ ဆိုင်ကယ်နှင့် စက်ဘီးများပါ ပျက်စီးသွားကြောင်း ဘောဒူဖ ဘင်္ဂလီကျေးရွာ အရပ်လူကြီး တစ်ဦးက ပြောသည်။
“ ဦးမောင်မောင်တင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ အပြင် ဒိန်းမတ်ကူညီစောင့်ရှောက်ရေအဖွဲ့ (DRC) က ထောက်ပံ့တဲ့ အစားအစာတွေနဲ့  ပစ္စည်းအချို့ကို တာဝန်ခံပြီး ဒုက္ခသည်စခန်းများသို့ လွှဲပြောင်းပေးနေတဲ့သူလည်း ဖြစ်ပါတယ်။ ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးရတဲ့ အကြောင်းက သုံးခုလောက်ရှိတယ်လို့ သိရပါတယ်။ ဘာတွေလည်းဆိုတာတော့ မပြောနိုင်ဘူး။ ဒဏ်ရာ ရတာတော့ မရှိပါ” ဟု ဆိုသည်။
ဦးမောင်မောင်တင်၏ နေအိမ်ကို ၀ိုင်းလုယက်ခဲ့ခြင်းမှာ ကယ်ဆယ်ရေးစခန်းတွင် DRC မှ ကယ်ဆယ်ရေး ပစ္စည်းများပေးမည်ပြောသည်ဟုဆိုကာ ဦးမောင်မောင်တင်မှ ငွေတောင်း သည်ဆိုဟာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းမှ လာသော သတင်းများအရ သိရသည်။
ဝင်ရောက်တိုက်ခိုက်သူများသည် ဦးမောင်မောင်တင် နေအိမ်အား ဖျက်ဆီးခဲ့သည့်အပြင် အိမ်တွင်းမှ သေတ္တာ ၃ လုံးကို ယူဆောင်သွားကြောင်း၊  ထိုသေတ္တာများထဲတွင် အ၀တ်အထည်များနှင့်အတူ ငွေကျပ် (၁၅) သိန်း၊ ရွှေ (၁၀) ကျပ်လည်း ပါသွားကြောင်း သိရသည်။
အကြမ်းဖက် ဖျက်ဆီးရာတွင် ခေါင်းဆောင် ပါဝင်သူများကို ရဲက လိုက်လံ ဖမ်းဆီးနေသဖြင့် ပါဝင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
ဖမ်းဆီးခံရသူ (၁၀) ကျော်ထဲတွင် ဘောဒူဖ အကွက်(၁) နှင့် (၂) မှ ဆွေယော့တူဆောင်း (၂၁) နှစ်၊ အီစ္စမိုင်(ခ) မောင်ချမ်းသာ (၂၀)  နှစ်၊ မာမောက်ဆူလ်တန် (ခ) ကျော်မြင့် (၂၁)နှစ်၊ မာမောက်ရော်ချီး (၃၃) နှစ်၊ အဒူရော်ချီး (၂၅) နှစ်၊ ဟာမိတ်တူဆောင်း(၃၈) နှစ်၊  အီလီယာစ် (၃၈) နှစ်နှင့် မူဟာမတ် တူဆောင်း (၃၇) နှစ် တို့ပါဝင်ကြောင်း သိရသည်။
“ ကျွန်တော်တို့ဆီမှာ လာရောက်အမူဖွင့်တဲ့အတွက် ဒါက ရာဇ၀တ်မူဖြစ်တဲ့ အတွက် ကျူးလွန်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီးရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပါဝင်သူတွေကိုတော့ ဆက်လက် ရှာဖွေ ဖမ်းဆီးနေတုန်း ဖြစ်ပါတယ်” ပြည်နယ် ရဲအရာရှိက ပြောကြားသည်။
ယင်းဘောဒူဖကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီ အချို့သည် လွန်ခဲ့သောနှစ်ကလည်း ရဲကင်းတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ရခိုင်တိုင်းရင်းသားများပိုင် မန်ဇီသင်္ချိုင်းကိုလည်း ဖျက်ဆီးခဲ့ရာတွင် ပါဝင်ခဲ့ပြီး ယခုအခါ သူတို့အချင်းချင်း တိုက်ခိုက်လာကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျူးကျော် မထွန်ယက်ရန် တားမြစ်ခံထားရသည့် စားကျက်မြေများအပေါ် ဆက်လက် လယ်ထွန်နေဆဲ

diw4umy9
ရခိုင်ပြည်နယ်အတွင်း နွားစားကျက်မြေများအား ကျူးကျော်ထွန်ယက်စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်ချက် ထုတ်ပြန်ထားသော်လည်း မြို့နယ် အတော်များများတွင် စားကျက်မြေများအပေါ် ကျူးကျော် ထွန်ယက် စိုက်ပျိုးမူများရှိနေဆဲဟု သတင်း ရရှိသည်။
ပုဏ္ဍားကျွန်းမြို့နယ် မြင်းကတ္တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၃) ရှိစားကျက်မြေ ဧက (၁၀၀) နီးပါးတွင် လူပုဂ္ဂိုလ် (၈) ဦးမှ တားမြစ်ချက်ကို လိုက်နာမူမရှိဘဲ ယနေ့အချိန်ထိ လယ်တက်ထွန်နေသည်ဟု မြင်းကတ္တော်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးမောင်သန်းတင်က ပြောသည်။
“ ရွာသားတွေဘုံပိုင်တဲ့ နွားစားကျက်မြေမှာ လယ်တက်ထွန်နေတဲ့ သူတွေကတော့ သဲတက်ရွာက (၃) ဦးနဲ့ မြင်းကတ္တော်ကျေးရွာ (၅) ဦး စုစုပေါင်း (၈) ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို လယ်ထွန်နေတာကို ပုဏ္ဍားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာသူ ကျေးရွာသား (၅၇) ဦးက ဒီလ ၈ ရက်နေ့က လက်မှတ်ထိုး စာရေးတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ ဖြေရှင်းပေးတာ မရှိသေးပါဘူး” ဟု သူက ဆိုသည်။
နိုင်ငံတော်မှ ယခင်စားကျက်မြေများအားအဖြစ် တည်ရှိခဲ့သော စားကျက်မြေများအားစားကျက်မြေအဖြစ် ပြန်လည် ထားရှိရန်၊ တရားဝင် စားကျက် ပယ်ဖျက်ခွင့်မရဘဲအကျိုးတူဆောင်ရွက်ခြင်း၊ သီးစားချထားခြင်း၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာဌာန အသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။
စစ်တွေ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန မှ  ၂၉-၅-၂၀၁၂  ရက်စွဲပါ စာအမှတ် ၄/၁-၁/ ဦး-၁ (၈၇၆) အားဖြင့်၎င်း၊ ပုဏ္ဍားကျွန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၆-၂၀၁၂ ရက်စွဲပါ စာအမှတ် ၄/  ၂၅-၃/ ဦး-၁ ဖြင့်၎င်း၊ နောက်ထပ် တစ်ကြိမ်  ၂၅-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၄/ ၅-၃/ ဦး-၁ (၇၆၂)  တို့အရလည်း စားကျက်မြေများကို စားကျက်မြေများအဖြစ် ဆက်လက်ထားရှိရန် ညွှန်ကြားထားသည်ဟု သိရသည်။
“ ခုလို ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် မလိုက်နာဘဲ ဆက်လက်ကျူးကျော် ထွန်ယက်နေကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီစားကျက်မြေတွေ မရှိရင် ကျွဲနွားမွေးမြူရာမှာ တော်တော့ကို အခက်အခဲရှိပါတယ်။ ဒီစားကျက်မြေ ရှိတဲ့ ကွင်းတွေကို ဒေသခံတွေက သက္ကယ်ပြင်၊ ကူပြင်နဲ့ ခွဆုံပြင်လို့ ခေါ်ဆိုပြီး ရွာသားတွေ အစဉ်အဆက် နွားစားကျက်မြေ အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံးတားမြစ်ပေးဖို့ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။
မြင်းကတ္တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးမှလည်း ယင်းစားကျက်မြေများပေါ်တွင် လယ်ယာထွန်စိုက်ပျိုးနေခြင်းနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် ပုဏ္ဍားကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
ယခုလို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ် တရားရုံးသို့ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများနှင့် အညီ အရေးယူရန် တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကျေးရွာသားများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ကျေးရွာသားများကဆိုသည်။
အလားတူ မင်းပြားမြို့နယ် မင်းဇီအုပ်စု အသေကာလနှင့် မြင်းကပ်ဆိပ်ကျေးရွာများတွင်လည်း ကျေးရွာသားများ အသုံးပြုသော စားကျက်မြေ ဧက ၅၀၀ ပေါ်တွင် အသေကာလမှ လယ်သမား ၄၆ ဦးမှ လယ်တက်ထွန်နေသဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း မင်းပြားပြည်နယ် လွှတ်တော် ဦးသာကျော်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာရဲတပ်ဖွဲ့ ဗဟိုချူပ်ကိုင်မူ လျှောချရန်နှင့် ခေတ်မီလက်နက်များတပ်ဆင်ရေး ရခိုင်လွှတ်တော်ကိုယ်စားလှယ် တင်ပြဆွေးနွေး

Police-in-Sittwe
ရဲတပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ် လွှတ်တော်ရှေ့တွင် ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ် ( ဓါတ်ပုံ-နိရဉ္စရာ)
ဇူလိုင် (၁၆) ရက်နေ့က ပြည်ထောင်စု လွှတ်တော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယ (၆)လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မူ အစီရင်ခံစာအေပါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဗဟိုချုပ်ကိုင်မူ လျှော့ချရန်နှင့် ခေတ်မီ လက်နက်များ ပြောင်းလဲတပ်ဆင်ရန်အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
“ ကျွန်မတို့ ဒီလ ၁၆ ရက်နေ့က စီမံကိန်းများနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မူ ပူးပေါင်းကော်မီနဲ့ ငွေစာရင်းကော်မီတီတို့က (၂) ခုပေါင်းတင်တဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဓိက စီမံခန့်ခွဲရေး ကဏ္ဍမှာ ပါရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာမှာ အဓိက ပါဝင် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့  လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် ဗဟိုချုပ်ကိုင်မူ စနစ်ကို လျှော့ချပြီး ရာထူး အဆင့်အလိုက် လုပ်ပိုင်ခွင့်များကို ချမှတ်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအပေါ်မှာ ဆွေးနွေးကြတာပါ” ဟု ဒေါ်ခင်စောဝေက ဆိုသည်။
ဒေါ်ခင်စောဝေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဗဟိုချုပ်ကိုင်မူနှင့် ခေတ်မီလက်နက်များ မရှိမူက ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးမူများရှိခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင် မဆောင်ရွက်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော သာဓကများကို တင်ပြပြီး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ဗဟိုချုပ်ကိုင်မူနဲ့ ခေတ်မီလက်နက်တွေ၊ ဆက်သွယ်ရေး ကရိယာတွေ၊ သယ်ယူပို့ဆောင်ရေး အမြန်ယာဉ်တွေ လိုအပ်နေတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာကို တင်ပြပြီး ကျွန်မ ဆွေးနွေးတင်ပြခဲ့တယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ခရိုင်၊ မြို့နယ်၊ ရဲစခန်းတွေက တာဝန်ရှိသူတွေ အနေနဲ့ ပြည်နယ်ရဲမှူးကြီးဆီက အမိန့်ကို စောင့်ရတယ်။ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်ပေးမထားတော့ ချက်ချင်း ဖြေရှင်းရမယ့် ပြဿနာတွေကို ချက်ချင်း မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့တွေမှာ နစ်နာမူတွေ ရှိခဲ့သလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်မှာ လုံခြုံရေး အကူအညီမရတဲ့ အတွက် နစ်နာမူတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေကို ထောက်ပြပြီး ကျွန်မ က ဆွေးနွေးခဲ့ပါတယ်” ဟု သူမကဆိုသည်။
 မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှအထူးရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)
မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှအထူးရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)
၎င်းပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး သတ်ဖြတ်ခံရမူတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော သေနတ်များမှာ ခေတ်မမီသလို ဆက်သွယ်ရေး ကရိယာများလည်း မရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အထိနာခဲ့ကြရသည်ဟု သူမက ဆိုသည်။
“ အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေတဲ့ သေနတ်တွေက ဒုတိယကမ္ဘာစစ်အတွင်း ကိုင်ဆောင်ခဲ့တဲ့ ပွိုင့် (၃၀၃) ရိုင်ဖယ်တွေ၊ ပွိုင့် (၃၁) ခြောက်လုံးပြုးတွေ ဖြစ်တယ်။ ဒီကိုင်ထား သေနတ်တွေကလည်း မပေါက်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီသေနတ်တွေကိုလည်း ခေတ်မီလက်တွေနဲ့ အစားထိုးဖို့ တင်ပြခဲ့တယ်” ဟု ဆိုသည်။
၎င်းနေ့ အစည်းအဝေးသို့  မြန်မာနိုင်ငံ ပြည်ထောင်စု ၀န်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားတိုးတက်ရေး ၀န်ကြီး ဒေါက်တာကံဇော် တက်ရောက်ခဲ့ပြီး ရရှိလာသော ဆွေးနွေးဆုံးဖြတ်ချက်များကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဟုပြောဆိုခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တောမြို့နယ်တွင် ဘင်္ဂလီလူမျိုးများက ရခိုင်တိုင်းရင်းသားပိုင် လယ်မြေများကို ဌားရမ်းလုပ်ကိုင်မူ ရပ်ဆိုင်း

Border-area-of-Maungdaw
ရခိုင်ပြည်နယ် မောင်တောနယ်စပ် မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ/ ဦးဇင်းဘီလူး)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ ပိုင်ဆိုင်သည့် လယ်မြေများအား သီးစားစနစ်ဖြင့် အစဉ်အဆက် ဌားရမ်းလုပ်ကိုင်နေမူကို ဘင်္ဂလီလူမျိုးများမှ ယခုနှစ် စိုက်ပျိုးရာသီမှ စတင်ပြီး သူတို့သဘောနှင့် သူတို့ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းမှာ ရခိုင်တိုင်းရင်းသား လယ်ပိုင်ရှင်များအနေဖြင့် အခက်တွေ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မင်္ဂလာညွှန့်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးအောင်သာလှက ပြောသည်။
သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရမှ ရခိုင်တိုင်းရင်းသား လယ်သမားများ လယ်ယာထွန်ယက်စိုက်ပျိုးရာတွင် အခက်အခဲတစ်စုံတစ်ရာ မရှိစေရန် ရည်ရွယ်ပြီး ယခုအခါ ဒေသခံ ရခိုင်တိုင်းရင်းသားလယ်သမားများထံသို့  လယ်ထွန်စက်၊ ခိုင်းနွားများနှင့် မျိုးစပါးများကို ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးသာလူချေက နိရဉ္စရာသို့ပြောသည်။
“ရခိုင်တိုင်းရင်းသားတွေက သီးစားချပေးထားတဲ့ လယ်တွေကို ဇွန်လအလယ်လောက်ကစပြီး ဘင်္ဂါလီတွေက ပြန်လာအပ်ကြလာတယ်။ ရခိုင်တွေ ဒုက္ခရောက်အောင်ဆိုပြီး သူတို့ရဲ့ မော်လဝီ ဆရာတွေက အဲသလို ညွှန်ကြားထားတယ်လို့ ကြားရတယ်။ ဒီအတွက် ရခိုင်တိုင်းရင်းသားတွေမှာ လတ်တလော စိုက်ပျိုး ထွန်ယက်ရာမှာ အခက်အခဲတွေ ဖြစ်လာတယ်။ အဲဒါကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရကနေ မျိုးစပါးတွေ၊ ဓါတ်မြေသြစာတွေနဲ့ လယ်ထွန်စက်တွေကို သိန်းပေါင်း မြောက်မြားစွာ အကုန်အကျခံပြီး ထောက်ပံ့ ပေးနေပါတယ်။ ခိုင်းနွားတွေ ထောက်ပံ့ပေးတာတော့ ဘဏ်ကနေ ငွေချေးပေးပြီး ဝယ်ပေးတဲ့ သဘောပါ”  ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရမှ လယ်ယာသုံး စက်ကရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို ကူညီ ထောက်ပံ့နေသော လယ်သမားများမှာ မောင်တောမြို့နယ်နှင့် တောင်ပြို့မြို့နယ်ခွဲအတွင်း တည်ရှိသော ကျေးရွာများ ဖြစ်ကြသည့် မင်္ဂလာညွှန့်၊ အောင်ဇေယျ၊ ဖါးဝပ်ချောင်း၊ မင်းခမောင်း၊လောင်းဒုံ၊ ကြိမ်ချောင်း၊ ရန်အောင်မြင်၊ နန်းရာကိုင်း၊ ရေနောက်သား၊ အောင်သယာယာ၊ နွားရုံတောင်ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း (၃၆)ရွာမှ ဖြစ်ကြသည်ဟု သိရသည်။
“ အဓိကတော့ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးရေးမှာ အခက်အခဲ မရှိရအောင် လုပ်သား မလုံလောက်မူ၊ မျိုးစပါးတွေ မလုံလောက်မူ စတဲ့ အခက်အခဲတွေကို ၀င်ရောက် ဖြေရှင်းပေးတာဖြစ်သလို တစ်ဘက်မှာလည်း လုံခြုံရေး အခြေအနေတွေကြောင့်လည်း ထွန်ယက် မစိုက်ပျိုးဘဲ မဖြစ်ရအောင် ကူညီတဲ့ သဘောပါ။ အဓိက အခက်အခဲက တိုင်းရင်းသားလယ်သမားတွေမှာ ဖြစ်နေတော့ သူတို့ကိုဘဲ ထောက်ပံ့ ကူညီရခြင်းဖြစ်ပါတယ်”  ဟု ဦးသာလူချေက ဆက်လက် ရှင်းပြပြောဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်ပြီး မောင်တောမြို့နယ် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် စနစ်တကျ ဖြစ်စေရေးအတွက်  စခန်း(၄)ခုခွဲ၍ ကျေးရွာနှင့် မြို့နယ်အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြသည်ဟု သိရသည်။
“မျိုးစပါး၊ ဓာတ်မြေသြစာ၊ လယ်ထွန်စက်တွေ၊ နောက်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ခိုင်းနွားတွေပါ ပေးထားခဲ့ပါတယ်။ ကျေးရွာ(၃၆)ရွာကို လယ်ထွန်စက်တွေနဲ့ဓာတ်မြေသြစာတွေပေးနိုင်အောင် စခန်း (၄) ခုဖွဲ့ပြီး စီမံထားခဲ့ပါတယ်။ စခန်းတစ်ခုစီမှာ ကျေးရွာ (၉) ရွာစီ တာဝန်ယူရမယ်” ဟု သူက ပြောသည်။
ယခု ကူညီထောက်ပံ့ပေးရာတွင် လက်တွန်းထွန်စက် (၄၅)စီး၊ မျိုးစပါး (၄၄၆၃)တင်း၊ ဓာတ်မြေသြဇာ (၂၉၇၅) အိတ်တို့အပြင် လယ်ထွန်စက်ကြီး (၂)စီးတို့ပါဝင်ကြောင်း သိရှိရသည်။
ယခုအခါ ထောက်ပံ့ပစ္စည်းများရရှိသော လယ်သမားများမှာ လယ်လုပ်ငန်းများ စတင် လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း၊ သို့ရာတွင် လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြကြောင်း မောင်တောမြို့နယ် နံသာတောင် ဆရာတော် ဦးစရဏက မိန့်ကြားသည်။
“အိမ်ခြေအလိုက် လယ်သမားဦးရေက ဘယ်လောက်ရှိတယ်ဆိုတာတွက်ချက်ပြီး လယ်သမား ဦးရေနည်းတဲ့ ရွာဆို ထွန်စက်တစ်လုံးတန်ရင် တစ်လုံး၊ ရွာကြီးရင် ထွန်စက်(၅)လုံးတန်ရင် (၅)လုံး ဆိုပြီး အချိုးကျ ခွဲဝေ ပေးတယ်။ လယ်သမားတွေကတော့ လယ်ထွန်နေကြပါပြီ။ ဒါပေမယ့် စိုက်ပျိုးထားတဲ့ စပါးတွေကို ဘင်္ဂါလီတွေက လာပြီးဖျက်ဆီးမှာကိုတော့ စိုးရိမ်မှုတွေရှိနေကြတယ်” ဟု မိန့်ကြားသည်။
ဝန်ကြီး ဦးသာလူချေမှ လုံခြုံရေးကို စီစဉ်ပေးသွားမည်ဟု ဆိုသည်။
“ သူတို့ လုံခြုံရေးတွေ အတွက်လည်း စီစဉ်သွားမယ်။ ဘာမှ ပူပင်စရာမရှိပါဘူး။”
တောင်ပြိုမြို့နယ်ခွဲမှ ကိုထွန်းဝင်းကမူ ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားပိုင်လယ်များကို ဌားရမ်း လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းလိုက်သဖြင့် အခက်အခဲတွေ့မည့်သူများမှာ ဘင်္ဂလီလူမျိုးများသာ ဖြစ်ပြီး သူတို့အနေဖြင့် နိုင်ငံတကာ အန်ဂျီအိုများ၏ အကူအညီကို မျှော်မှန်းပြီး ယခုလို ရခိုင်ပိုင် လယ်များတွင် သီးစားချ ဌားရမ်းလုပ်ကိုင်ခြင်းကို မလုပ်ကိုင်ဘဲ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ယခုလက်ရှိအခြေအနေတွင် မောင်တာမြို့နယ်အပြင် ရသေ့တောင်မြို့နယ်တွင်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တောင်ကုတ်ဒေသခံများနှင့်တွေ့ဆုံ

Taungup
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းသည် ယနေ့နံနက်က တောင်ကုတ်မြို့တွင် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။
“ တွေ့တာက နံနက် ၉ နာရီ ၃၀ မှာ ထွေအုပ်ရုံးမှာတွေ့ပါတယ်။ အဓိက အကြောင်းအရာကတော့ အရင်က သူပြောခဲ့သလိုဘဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို သူလုပ်ပေးဆိုတဲ့ အကြောင်း၊ သူက ပြည်မက ဖြစ်ပေမယ့် ရခိုင်အမျိုးသား တစ်ဦးကဲ့သို့ ရခိုင်ပြည်နယ်ကို ချစ်ခင်စိတ်ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ တောင်ကုတ်မြို့နယ် NLD ဥက္ကဌ ဦးတင်သိန်းအောင်က ပြောသည်။
ယင်းပြင် ရခိုင်ပြည်နယ်ဝန်ကြီးမှ သူ့သက်တမ်းကာလမှာ ၂၀၁၅ ခုနှစ်ရွှေးကောက်မတိုင်မှီထိ ရှိမည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း သူ့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုးရေး အတွက် ဘတ်ဂျက်ငွေများလည်း ရရှိထားကြောင်း ပြောဆိုသွားသည်ဟု ဆိုသည်။
“ အဓိကတော့ ပညာရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ သောက်သုံးရေ မလုံလောက်မူကိစ္စတွေကို သူ့အနေနဲ့ ပြည့်ပြည့်စုံဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်။ ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ဘီလီယံ ၈၀ကျော်လား- ဘယ်လောက်ရထားတယ်ဆိုတာလည်း ပြောသွားပါတယ်။ ကျွန်တော်က ကိန်းဂဏန်းကို မမှတ်မိလိုက်ဘူး။ တောင်ကုတ်မြို့ ကမ်းပါးပြိုနေတာကို ပြုပြင်ဖို့ ကျပ်သိန်း (၂၀) ကိုတော့ လက်ငင်း ပေးသွားခဲ့ပါတယ်” ဟု သူက ဆက်ဆိုသည်။
တောင်ကုတ်မြို့မှ မြို့ခံ လူကြီး တစ်ဦးဖြစ်သူ ဦးကျောက်တောင်မှလည်း  တောင်ကုတ် တက္ကသိုလ်တွင် သောက်သုံးရေ လိုအပ်နေကြောင်းကို တင်ပြခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ တင်ပြတာကတော့ တောင်ကုတ် ဂေါက်ကွင်းကိစ္စပေါ့။ အဲဒီဂေါက်ကွင်းအတွက် မြေကို စစ်တပ်ကလည်း မသိမ်းဘူးလို့ ပြောတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးကလည်း သူနဲ့ မဆိုင်ဘူးလို့ ပြောတယ်။  ဂေါက်ကွင်းကော်မီတီကိုပြောတော့လည်း မြို့မိမြို့ဖတွေနဲ့ ဆိုင်သလိုမျိုး ပြောတယ်။ ၂၀၀၁ ခုနှစ်ကတည်းက လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေရတယ်။ လယ်သမားတွေက ဟိုလက ထွန်တုံးတိုက်ပွဲဆင်တော့ တရားစွဲခံရတယ်။ ဒီလို ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို တင်ပြပါတယ်” ဟု ဦးတင်သိန်အောင်က ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းမှ မြို့တစ်မြို့ အနေဖြင့် ဂေါက်ကွင်းဆိုသည်မှာ ရှိသင့်ကြောင်း၊ သို့သော်လည်း တစ်ဘက်တွင် နစ်နာနေသူ တောင်သူ လယ်သမားများအား လျှော်ကြေး ပေးသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။
အခမ်းအနားကို တက်ရောက်ခဲ့သူ ရခိုင်လူမူကွန်ယက်မှ ကိုဇေယျာကျော်မှလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတကာအန်ဂျီအိုများနှင့် ပတ်သက်ပြီး ဇောင်းပေး ပြောကြားသွားသည်ဟု ပြောသည်။
“ အဓိကတော့ ၀န်ကြီးချုပ် ပြောတဲ့အထဲမှာ နိုင်ငံတကာ အန်ဂျီအိုတွေကိစ္စလည်း ပါဝင်ပါတယ်။ သူက ဒေသတစ်ခု ဖွံ့ဖြိုးရေးအတွက် အန်ဂျီအိုတွေရဲ့ အကူအညီတွေကိုလည်း လိုအပ်တာပေါ့။ ဒါကြောင့် အန်ဂျီအိုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ကျွန်တော်တို့လည်း သဘောတူပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ရခိုင်တိုင်းရင်းသားကို မျက်ကွယ်ပြုပြီး ဟိုဘက်ကို ထောက်ပံ့တာတွေ လုပ်နေတဲ့ အပေါ်မှာသာ ကျနော်တို့ ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ပီးရင် နိုင်ငံတကာ အန်ဂျီအိုတွေ အနေနဲ့ ရခိုင်အရေးမှာ ပွင့်လင်းမြင်သာမူတွေ ရှိဖို့လိုတယ်လို့တော့ မြင်ပါတယ်” ဟု သူက ဆိုသည်။
ယနေ့ တွေ့ဆုံပွဲသို့ တောင်ကုတ်မြို့မိ မြို့ဖများ၊ နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ၊ အစိုးရ၀န်ထမ်းများ စုစုပေါင်း လူပေါင်း (၁၀၀) နီးပါးခန့် တက်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် တွေ့ဆုံပွဲမှာ ပြီးဆုံးခဲ့သည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ် လယ်တက်ထွန်သူ မူလပိုင်ရှင်လယ်သမားများ တရားစွဲဆိုခံရ

Gulf ground in Taunguo
ဇွန်လ ၂၄ ရက်နေ့က တောင်ကုတ် ဂေါက်ကွင်းတွင် မူလပိုင်ရှင် လယ်သမားများ လယ်တက်ထွန်နေကြစဉ်။
အငြင်းပွားနေသော လယ်မြေများပေါ်တွင် လယ်တက်ထွန်သူ ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှ မူလပိုင်ရှင် လယ်သမားများမှာ တရားစွဲဆိုခံနေကြရကြောင်း သတင်း ရရှိသည်။
“ ပထမ တစ်ယောက် တရားစွဲဆိုခံရတာက မောင်မြင့်နိုင်ဖြစ်ပါတယ်။ သူက သူပိုင်တဲ့ လယ်မှာ လယ်တက်ထွန်တဲ့ အတွက် အဲဒီမြေမှာ ပုံစံ (၁၀၅)၊ လနဖေါက်ထားတဲ့  ဒေါ်ပုမြိုင်ရဲ့တူက တရားစွဲတာ ဖြစ်ပါတယ်” ဟု လယ်သိမ်းခံရသူ လယ်သမားများထဲမှ တစ်ဦးဖြစ်သူ ဦးသောင်းဖေက ပြောသည်။
တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာအနီးရှိ ဦးသောင်းဖေနှင့် ဦးမောင်မြင့်နိုင်တို့ အပါအ၀င် လယ်သမား (၃) ဦးပိုင်ဆိုင်သော လယ်မြေ ၇ ဒသမ ၉ ဧကကို မြေစာရင်း ဦးစီးဌာနမှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၄- ၁၉၉၅ ခုနှစ်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ ဦးက သူတို့သိမ်းသွားပေမယ့် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး၂၀၁၂ ထိ စံပြတောင် စိုက်ပျိုးခဲ့တယ်။ အဲဒီမြေမှာ ၂၀၁၃ ခုနှစ်မှာ လာပြီး သူတို့က ခြံထိုးတယ်။ အဲဒီမြေတွေအတွက် လျှော်ကြေးလည်း တစ်စုံတစ်ရာ မပေးဘူး။ သိမ်းတာက မြေစာရင်းလို့ဘဲ ပြောရမှာပေါ့။ အဲဒီသိမ်းသွားတဲ့ လယ် ၇ဧကကျော်မှ ဦးဆီက သက်သက် ၄ ဧကကျော် ပါသွားခဲ့ပါတယ်။ ဦးအနေနဲ့ တအားနစ်နာတယ်” ဟု သူက ဆက်ဆိုသည်။
ထိုသို့ ခြံလာထိုးသဖြင့် မူလ လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မောင်မြင့်နိုင်မှ ၎င်း၏ အသိမ်းခံရသော မြေပေါ်တွင် နွားတစ်ရှဉ်းနှင့် အတူ ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့က လယ်တက်ထွန်ခဲ့သည်။
“ လယ်ထွန်နေတဲ့ အချိန်မှာ ရဲက တာဝန်ရှိသူတွေ ရောက်ရှိလာပြီး လယ်ထွန်တာကို ရပ်ဖို့ ပြောတယ်။ ပီးတော့ သူတို့ က ဘာပြောသလဲဆိုရင် ဒီမြေပေါ်မှာ ခြံလည်းမထိုးနဲ့၊ လယ်လည်း မထွန်နဲ့ဆိုပီး တားပစ်ခဲ့တယ်။ အဲသလို နောက်ပိုင်းမှာ အဲဒီမြေကို ရရှိထားတဲ့ ဒေါ်ပုမြိုင်ရဲ့ တူကနေ မောင်မြင့်နိုင်ကို တရားစွဲတယ်” ဟု ဦးသောင်းဖေက ဆက်ဆိုသည်။
၎င်းတရားစွဲဆိုမူကို တောင်ကုတ်မြို့နယ် တရားရုံးက လက်ခံပြီး လာမည့် ဇူလိုင်လ (၂၃) ရက်နေ့တွင် အမူကို စတင်ကြားနာစစ်ဆေးမည်ဟု သိရသည်။
“ ဒီမြေတွေက နိုင်ငံတော်စီမံကိန်းအတွက်လည်း သိမ်းတာ မဟုတ်ဘူး။ နိုင်ငံတော်အတွက်ဆိုရင်လည်း တစ်မျိုးပေါ့။ အခု မြေစာရင်းက သိမ်းပြီး အကွက်လိုက် ရောင်းချထားတယ်။ ဦးတို့ကိုလည်း တန်ရာတန်ကြေး တစ်ပြားမှ မပေးဘူး။ ဦးတို့လိုချင်တာက ဦးတို့ရဲ့ လယ်မြေတွေကို ထိုက်တန်တဲ့ လျှော်ကြေးပေး၊ မပေးရင် ဦးတို့လယ်ကို ဦးတို့ကို ပြန်ပေးစေချင်တယ်”  ဟု ဆိုသည်။
အလားတူ တောင်ကုတ်မြို့ ဂေါက်ကွင်းတွင် လယ်တက်ထွန်သူ မူလပိုင်ရှင် လယ်သမား (၆) ဦးကိုလည်း ဂေါက်ကွင်း အတွင်းရေးမှူး ဦးဌေးဝင်းက တရားစွဲဆိုခဲ့သည်ဟု သိရသည်။
တောင်ကုတ်မြို့တွင်ကိုင်းရှည်ရွာ အနီးတွင် တည်ရှိသော လယ်သမား ၉ ဦးပိုင် လယ်ဧက အကျယ်အ၀န်း ၇၀ ဒဿမ ၄၈ ဧကကို စစ်တပ်မှ ၂၀၀၁ ခုနှစ်တွင် လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့သည်။
လွန်ခဲ့သောနှစ် နိုဝင်္ဘာလ ၁၇ ရက်နေ့တွင်  တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။
ယင်းနောက်ပိုင်း ဇွန်လ (၂၄) ရက်နေ့တွင် လယ်သမား (၆) ဦးက ဂေါက်ကွင်းတွင် လယ်တက်ထွန်ခဲ့ကြသည်။ ထိုသို့ လယ်ထွန်နေစဉ်  ရဲတပ်ဖွဲ့ဝင်များနှင့် အတူ  မြို့နယ် ထွေအုပ်အပါအ၀င် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။
ယင်းနောက်ပိုင်းတွင် လယ်သမားများမှာ တရားစွဲဆိုခံရခြင်း ဖြစ်သည်။
သို့သော်လည်း ဥပဒေရုံးမှ တရားစွဲဆိုရန်မှာ ဥပဒေကြောင်းအရ ခိုင်လုံ မရှိကြောင်း ပြောဆိုသဖြင့် ဂေါက်ကွင်းကော်မီတီမှ တရားစွဲမူမှာ အထမမြှောက်ခဲ့ဟု တောင်ကုတ်မြို့မှ လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုအခါ လယ်သမားများက ယင်းလယ်မြေများ သိမ်းယူခံရသဖြင့် နှစ်ပေါင်း (၁၅) နှစ်အတွင်း သိန်းပေါင်း (၅၀၀၀) နီးပါး နစ်နာဆုံးရှုံးမူ ရှိခဲ့သည်ဟု ဆိုကာ လျှော်ကြေး ရလိုကြောင်း ယင်းမြေများအား သိမ်းဆည်းထားသူများကို ပြန်လည် တရားစွဲဆိုရန် စီစဉ်နေကြောင်း သူက ပြောသည်။
“ သိန်း တစ်ရာနီးပါးဆိုရင်တော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲလို့ရတယ်။ အခုက သိန်း ၅၀၀၀ ထိဆိုတော့ မြို့နယ်ရုံးနဲ့ မဖြစ်နိုင်တဲ့ အတွက် သံတွဲခရိုင်တရားရုံးမှာ တရားစွဲရပါမယ်” ဟု တရားရေး အကြောင်း နားလည်သူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း စစ်တပ်နှင့် တစ်ခြား အစိုးရဌာနများက သိမ်းယူထားခဲ့သော လယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်ပေးရာတွင် ရှင်းလင်းပြတ်သားမူ မရှိသဖြင့် ဒေသခံပြည်သူများ အကြားတွင် စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေ၍ သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်စိစစ်ပြီး ဖြေရှင်းပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် အမြင်သဘောထားနှင့် တင်ပြချက်များ

Ms Yang He Lee မှ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
Ms Yang He Lee မှ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ရခိုင်လူမျိုးတွေအပြင် မြန်မာနိုင်ငံသားတွေ အများအပြားကပါ နှစ်ခြိုက်သဘောမကျဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနား သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် သူ့ရဲ့ နေရာမှာ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee) ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
အရင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားဟာ သူရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး ဘင်္ဂလီတွေ အပေါ်မှာ တဖက်သတ် ဘက်လိုက် ဆောင်ရွက်မူတွေရှိခဲ့တယ်လို့ ရခိုင်အမျိုးသားတွေက အမြင်ရှိခဲ့ကြတဲ့အတွက် ကင်တားနားအပေါ်မှာ ရခိုင်လူမျိုးတွေက လုံးဝ မနှစ်မြို့ခဲ့သလို အဲသလို မနှစ်မြို့ကြောင်းကိုလည်း ဆန္ဒပြပွဲတွေလုပ်ပြီး သူနဲ့ UN လူကြီးတွေ သိအောင် ဖေါ်ထုတ်ပြသခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားရဲ့ အားနည်း ချို့ယွင်းချက်တွေကြောင့် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်နေတဲ့ ပြဿနာ အပေါ် တစ်စုံတစ်ရာ ကြားဝင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့သလို သူရဲ့အားနည်းချက်အချို့နဲ့ ပြောမှားဆိုမှားရှိခဲ့တာတွေကြောင့် ရခိုင် ပြသနာဟာ မငြိမ်းအေးတဲ့အပြင် မီးလောင်ရာလေပင့် ဆိုသလိုမျိုး ဖြစ်ခဲ့ရတာတွေကိုလည်း ရှိခဲ့ပါတယ်။
အခု အသစ်ခန့်အပ်ခံရတဲ့ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee)ကကော ရခိုင်ပြသနာနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် လုပ်ဆောင်သွားမှာပါလဲ?
ရခိုင်အမျိုးသားပါတီက ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဦးလှစောကို မေးကြည့်တော့ သူ့အမြင်ကို ခုလို ပြောပါတယ်။
“သူ့လမ်းကြောင်း အသစ်နဲ့ ရခိုင်ပြသနာကို ချဉ်းကပ် ဖြေရှင်းဖို့ ကြိုးစားမလား၊ အရင်လုပ်ခဲ့တဲ့ ကင်တားနားရဲ့ လမ်းဟောင်းအတိုင်း လိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားမလား။ ဒါကို စောင့်ကြည့်ရပါလိမ့်မယ်။  ကင်တားနားက တော်တော်ဆိုးဆိုးရွား အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးက ကျောက်ဖြူ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ အင်္ဂလန်မှာ အချိန်ကိုက် ကွန်ဖရင့် တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒေါက်တာာဇာနည်တို့နဲ့ တွဲပြီးပေါ့။ အဲဒီကွန်ဖရင့်မှာ အဓိက ဘာလဲဆိုတော့ ရခိုင်ပြည်မှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ ရခိုင်ပြည်နယ်မှာ Genocide ပေါ့။ Genocide လုပ်ဖို့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောတယ်။ ရခိုင်လူမျိုးတွေဟာ  ဘင်္ဂလီတွေ အပေါ်မှ Genocide လုပ်ဖို့ ကြံစည်နေတယ်။ ဒါက ဆူဒန်လို ဖြစ်မယ်။ သူက နှစ်နဲ့ ချီပြီး တော်တော် ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာတွေရှိတယ်။ သူကတော့ ရခိုင်နဲ့ပတ်သက်ပြီး အရှိတရားကိုလည်း အသိအမှတ်မပြု၊ နားလည်မလည်။ လုံးဝ လူ့အခွင့် အရေးကို အကြောင်းပြပြီး ဘင်္ဂလီတွေဘက်က တဖက်သတ် ရပ်တည်ခဲ့တယ်။ အခုတော့ ကိုရီးယား အမျိုးသမီး တစ်ဦးကို သူ့နေရာမှာ အစားထိုးလိုက်တယ်ဆိုတော့ ဒီကိုးရီယားအမျိုးသမီးသည် သူ့လမ်းကြောင်းအသစ်နဲ့ ချဉ်းကပ်မလား၊ သို့တည်းမဟုတ် ကင်တားနားချပေးတဲ့ လမ်းကြောင်းအဟောင်းအတိုင်း လိုက်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”  လို့ဆိုပါတယ်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အသစ် ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ ရိုဟင်ဂျာဆိုသော အသုံးအနုန်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ကြီးထွားလာတဲ့ အတွက် ဒီအသုံးအနုန်းကို UN နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဆက်လက်သုံးစွဲဖို့ မသင့်တော်ဘူးလို့ မစ္စက်ယန်ဟီးလီနဲ့ စစ်တွေမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ နေ့စဉ်ထုတ် Democracy Today မှာ ဇူလိုင်လ ၂၀ နေ့က ဖေါ်ပြပါတယ်။
သူက “ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ သမ္မတကြီးကိုယ်တိုင်က ပြောထားပြီးသားပါ။ ဒီနှစ်ပေါင်း သုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုး ပေါ်ပေါက်လာတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ရခိုင် လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမူ ရှိပြီးသားဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ နိုင်ငံတကာကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်း မသုံးဖို့ ထပ်မံတိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်ခေါင်းစာရင်းကောက်ခံယူတာမှာ ဘင်္ဂလီတွေက ရိုဟင်ဂျာဆိုမှ စာရင်း ကောက်ခံဖို့ ငြင်းဆိုခဲ့ကြတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါဘဲ။ ရခိုင်လူမျိုးတွေကို မခံမရပ်နိုင် ဖြစ်စေတဲ့အပြင် ဒီအသုံးအနုန်းကြောင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ပျက်ပြယ်သွားနိုင်ပါတယ်”  လို့ ပြောဆိုခဲ့တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။
စစ်တွေ ရွှေစေတီကတော့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ ဘင်္ဂလီတွေက စတင်တဲ့ အတွက် ဖြစ်ခဲ့ရတာလို့ မစ္စက်ယန်ဟီးလီကို ပြောဆိုခဲ့တယ်လို့ ဇူလိုင်လ ၂၀ နေ့ ရက်စွဲနေ့ ထုတ်ဝေတဲ့ Daily Eleven မှာ ခုလို ဖေါ်ပြတယ်။
“ သူက အချက် ငါးချက်ကိုမေးခဲ့တယ်။ ဆရာတော် ဖြေတာကို ပြောရရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရား ရှိတယ်။ ဒါကြောင့် ဘင်္ဂလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို ဈေးလည်း အကြွေးရောင်းပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလန်းလည်း ပေးခဲ့တယ်။သူတို့ဟာ နိုင်ငံသား မဟုတ်ပေမယ့် လူသားချင်းစာနာတဲ့ အနေနဲ့ နိုင်ငံသား တစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလို ကူညီခဲ့တာ။ ပြီးတော့ ခွဲခြားဆက်ဆံတာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်တာကို ကြည့်ရင်တခြားဘာသာတွေနဲ့ ဖြစ်တာကို မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာ ဖြစ်နေတာကိုတွေ့ရတယ်။ ပြီးတော့ ရခိုင်တွေက အကြမ်းဖက် တိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။”
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ နိမ့်ကျသွားဖို့ဆိုရင် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်လို့ ဆရာတော်က မိန့်ကြားခဲ့တယ်လို့ နိရဉ္စရာကို ပြောဆိုပါတယ်။
“ ရခိုင်ပြည်နယ်ဟာ ဆင်းရဲနှိမ့်ကျနေတယ်။ ဆင်းရဲတဲ့ ပြည်နယ်မှာ ဒီလို ပဋိပက္ခတွေဖြစ်နေတယ်။ ပဋိပက္ခတွေကြောင့်ဘဲ ပိုပြီးဆင်းရဲလာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ စက်ရုံအလုပ်ရုံတွေမရှိဘူး။ ရခိုင်ကထွက်တဲ့ သဘာဝသယံဇာတတွေကိုလည်း အခြားတိုင်းပြည်နိုင်ငံတွေက သုံးစွဲ နေတယ်။ ဒါကြောင့် ရခိုင်လူထုကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် နိုင်ငံတော်အစိုးရ အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်းတွေအနေနဲ့ စက်ရုံအလုပ်ရုံစတဲ့ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အကောင်အထည်ဖော် ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တယ် ” ဟု ဆရာတော်က မိန့်ကြားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စက် ယန်ဟီးလီဟာ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၁၈ ရက်နေ့က ရောက်ရှိပြီး စစ်တွေနဲ့ မောင်တောမြို့တို့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
သူမ ခရီးစဉ် အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ပြည်နယ်အဆင့် အစိုးရ အရာရှိကြီးတွေနဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်လလ ၂၀ နေ့မှာတော့ စစ်တွေကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)