Monday, August 18, 2014

စစ်တွေဆန်ပြဿ နာနေ့ အကြောင်း တစေ့တစောင်း

လာမယ့်သြဂုတ်လ ၁၃ ရက်နေ့ဆိုရင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန်ရရှိဖို့အတွက် အစိုးရကို ဆန္ဒပြ တောင်းဆိုတဲ့အတွက် စစ်တပ်ကပစ်ခတ်လို့ လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ (၄၇) နှစ်ပြည့်တဲ့ နေ့ ဖြစ် ပါတယ်။  အဲဒီနေ့က စစ်တွေမြို့မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သိရအောင် ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး အခုလက်ရှိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့မှာ နေထိုင်လျှက်ရှိတဲ့ ဦးမောင်အေးချမ်းကို မေးကြည့် တဲ့အခါ သူကအခုလို စပြောပါတယ်။
Mg-Aye-Sai-(ချမ်း) ၁၉၆၇ သြဂုတ်လ ၁၂ ရက်နေ့ကတည်းက စပါတယ်။ စစ်တွေမြို့မှာ ဆန်သိပ် ရှားပါးလာတဲ့အတွက် အစိုးရဆီက ဆန်ထုတ်ပေးဖို့တောင်းဆိုပေမဲ့ အစိုးရက လုံလုံလောက်လောက် ထုတ်မပေးဘူး။ စစ်တွေမြို့ မြူ နီစပါယ်ရုံးမှာ ဌာနပေါင်းစုံအစည်းအဝေး လုပ်တဲ့အခါ ဆန်ကို ပြုတ်ဆန် ပေးရင်ရတယ်။ တနေ့ကို တစ်ဗူးပေးရင်ရတယ်။ မနက်ဗူးခွဲ ညဗူးခွဲပေးရင် ရတယ်လို့ လူကြီးတွေက တင်ပြကြတယ်။ အဲဒီသတင်းလူထုဆီကို ပေါက်ကြားလာတဲ့အခါ လူတွေ မခံမရပ်နိုင် ဖြစ်လာတယ်။ ဒီလောက်ဆန်ပေါများနေရက်သားနဲ့ ဘာကြောင့်ငါတို့ ဆန်ကို လုံလုံလောက်လောက် မရတာလည်းဆိုပြီး ပေါက်ကွဲ လာကြတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ နိုင်ငံခြားကို ဆန်တင်ပို့နေတဲ့ အုန်းတပင်ရွာ နောက်  ဆတ်ရိုးကျ ချောင်းဘေးက ဆန်ဂိုဒေါင်ကို  လူအုပ်တစ်ခုက သွားပြီးလုကြတယ်။ အဲဒီဂိတ်မှာ ရဲသား ၄ယောက်ရှိ တယ်။ သူတို့ကလည်း လူထု အုံကြွမှုများလာတဲ့ အတွက် တားဆီးမှုမရှိခဲ့ဘူး။ ယူကြဆိုပြီး လက်ပြ အားပေးနေတာကို တွေ့ရ ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား သင်္ဘောတွေကို ဆန်သွားပို့တဲ့ တုံကင်း လှေပေါ်မှာ ဆန်တွေ တင်နေတဲ့ အတွက် အလွယ်တကူရနိုင်တယ်ဆိုပြီး လူကြီး၊လူငယ် မိန်းမတွေပါ မကျန်သွားပြီး လုကြတယ်။ ယူကြတယ်။
တချို့ ဆန်အိပ်တွေနဲ့ရေထဲကို ကျသွားတာကိုလည်း မြင်ခဲ့ရပါတယ်။ အဲဒီလိုဆန်ကိုယူလို့ပြီးရင် ညနေပိုင်းမှာ လူငယ်တချို့က လမ်းမတော်မှာ အစည်းအဝေးတခုလုပ်တာကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ရ ပါတယ်။ အဲဒီမှာ မောင်အေးသိန်းဆိုသူတစ်ယောက်က ခေါင်းဆောင်ပါတယ်။ သူတို့က ဘာပြောလည်းဆိုရင် ဒီလောက်ရခိုင်ပြည်မှာ ဆန်ပေါပါလျှက် ဆန်တစ်ဗူးဆိုရင် စားရတယ်လို့ တင်ပြ တဲ့ လူကြီးတွေကို ဒေါသထွက်ပြီး အဲဒီနေ့ညနေက တင်ပြခဲ့သြူ ဖစ်တဲ့ စစ်တွေမြို့ ညဈေးရပ်ကွက်၊ (မြ) ရုပ်ရှင်ရုံး အနီးက ဦးမောင်ဦးကျော်အိမ်သွားပြီး ခဲ့နဲ့ ပေါက်ကြပါတယ်။ အဲဒီအချိန်မှာ လူပေါင်း ၁၀၀ ခန့််ရှိပါတယ်။
အဲဒီအိမ်နောက်က ရူပရွာလမ်းဆုံကို ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ပြီး ထွက်ကြတဲ့အခါ ဗိုလ်ချုပ်စောဖြူဦး ဆောင်တဲ့ စစ်ကား ၃ စီးခန့်ကိုတွေ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်စောဖြူက ဆန်ပြဿနာကို ရှင်းပေးမယ်။ ဒီကိစ္စကို ငါတာဝန်ယူတယ်။ ဖြေရှင်း ပေးမယ်။ မင်းတို့လူစုခွဲပြီး အိမ်ပြန်ကြလို့ပြောတယ်။ အဲဒီကနေ ကျွန်တော်တို့လူစုခွဲပြီးအပြန် လမ်းမှာ လူငယ်တွေ  ပြောကြတာက မနက်ဖန်ဆန္ဒပြမယ်။ ပြည်လုံးချမ်းသာ ဘုရားကြီးမှာ လူစုမယ်လို့ပြောပြီး သတ်မှတ် ထားခဲ့ကြတယ်။
နောက်တနေ့ မနက်ပိုင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ကျွန်တော်တို့ ဘုရာကြီးကိုသွားတယ်။ အဲဒီမှာ လူငယ် ၃၀ ခန့်စုမိတယ်။ လူငယ်တချို့မှာ ဆိုင်းဘုတ်တခုပါလာတယ်။ အဲဒီဆိုင်းဘုတ်မှာ ဘာရေးထားလဲ ဆိုရင် (ဆန်ပြဿ နာဖြေရှင်းပေး၊ အရေးတော်ပုံအောင်ရမည်။) ဆိုပြီး ရေးထားပါတယ်။ အဲဒီကနေ ကျွန်တော်တို့ စီ တန်းပြီး ဆန္ဒပြဖို့ ထွက်ကြတယ်။ ပထမ ထွက်တဲ့အခါ လူကအနည်းပါတယ်။ အားလုံး ၃၀ ခန့်ရှိ တယ်။ အဲဒီနေ့က လပြည့်နေ့ ဖြစ်တဲ့ အတွက် ဥပုသ်သည်တွေလည်း သီးတင်းသုံးနေရာက ပူးပေါင်း လာကြပါတယ်။ လူငယ်တွေက ပါလာတဲ့ ပိုစတာကို ၀ါးနဲ့ချည်ပြီး လေထဲကို မြင့်တင်လိုက်ကြတယ်။ အဲဒီ ပိုစတာမှာ (ဆန်ပြသနာဖြေရှင်းပေး- အရေး တော်ပုံ အောင်ရမည်။ နေ၀င်းအစိုးရအလိုမရှိ။) ဆိုပြီး ကြွေးကြော်သံတွေနဲ့ ဒိုးဝန်းရွာဘက်က ပတ်ပြီး လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။
အဲဒီကနေ မင်းဗာကြီးလမ်း၊ ကျေးပင်တန်းဘက်ကိုရောက်တဲ့အခါ နောက်ကို လှည့်ကြည့်ရင် လူအုပ် ဘယ်လောက် ရှည်သလဲဆိုတာ ခန့်မှန်းလို့မရတော့ဘူး။ လမ်းတလျှောက်လုံး လူတွေ အပြည့်ဘဲ။ အဲဒီလိုနဲ့ လှခိုင်ဆရာတော် ကျောင်းရှေ့ ကနေ ထောင်ရှေ့က ဖြတ်လို့ သွားကြပါတယ်။ လူငယ်တွေက ဆရာကြီး အေးကျော် လွတ်ပေးဆိုပြီး ထောင်ရှေ့မှာ  တောင်းဆိုတာတွေလည်း ကြားခဲ့ရပါတယ်။
အဲဒီကနေ ပလုတ်တောင် ရပ်ကွက်ကို ရောက်တဲ့အခါ လူတွေက ရေခွက်တွေ၊ ရေးအိုးတွေနဲ့ စောင့်နေကြပါ တယ်။ သူတို့က ဆန္ဒပြတဲ့သူတွေကို ရေလှူကြတာပါ။
အဲဒီလို ပြည်သူတွေပူးပေါင်းပါဝင်မှုနဲ့ မီးစက်လမ်းဆုံကနေ နာဇီရွာလမ်းကို ဆင်းပါတယ်။ နာဇီရွာကို အရောက်မှာ ကသဲရွာလမ်းဆုံ (မြ) ဆန်စက်ရှေ့မှာ သံဆူးကြိုးတွေကာပြီး စစ်ကားတွေနဲ့ စစ်တပ်က စောင့်နေတာကို တွေ့ရပါတယ်။
အဲဒီမှာ စစ်တပ်ကပြောတာက ခင်ဗျာတို့ကိုမြို့ထဲ အ၀င်မပေးတော့ဘူး။ ဒီမှာ ပုဒ်မ ၁၄၄ ထုတ် ထားတယ်လို့ပြောတယ်။ အဲဒီမှာ စစ်တပ်နဲ့ လူထုအခြေအတင် စကားများကြပါတယ်။ လူတွေ ကလည်း အတင်းထိုးဖောက်ပြီး ၀င်ဖို့ ကြိုးစားတဲ့ အခါ စစ်တပ်က သေနတ်နဲ့စပြီး ပစ်ပါ တော့တယ်။
အဲဒီမှာ သေတဲ့သူသေ၊ အနာရသူတွေတချို့လည်းရှိတယ်။ တချို့လည်း ဆတ်ရိုးကျချောင်းကို ခုန်ချ သွားကြတာကို တွေ့ရတယ်။ ချောင်းထဲမှာ ရေကူးနေတဲ့သူတွေကိုလည်း သေနတ်နဲ့ လှမ်းပစ် တာ တွေကိုလည်း တွေ့ခဲ့ရတယ်။
ဒဏ်ရာရသူတချို့ကို ကျွန်တော်တို့ဆေးရုံကိုပို့ခဲ့ပါသေးတယ်။ အဲဒီနောက် နောက်တနေ့ စစ်တွေမြို့ ကြေးနန်းရုံးရှေ့မှာ မဏ္ဍာပ်ထိုးပြီး အလောင်းတွေကို ပြထားတယ်။ သေတဲ့ အထဲမှာ ကျွန်တော်တို့နဲ့ ဆန္ဒအတူပြခဲ့တဲ့ ကျွန်တော်တို့မိတ်ဆွေ ကုလားချေ ဆိုသူတစ်ယောက်လည်းပါတယ်။ နောက် မခင်လှဆိုတဲ့ လမ်းသစ် လမ်းဆုံက အမျိုးသမီးလည်း ပါတယ်။ မခင်လှမှာတော့ ဆီးစမှာကျဉ်ထိပြီး သေသွားတာကိုလည်း တွေ့ခဲ့ ရပါတယ်။ အလောင်းက ၁၄ လောင်းပြထားတယ်။ အဲဒီအချိန်မှာ ကုလားချေ ဖခင်ဖြစ်သူ ရဲအ ရာရှိက သားအတွက် သေတမ်းစာဖတ်ရာမှာ “ ငါ့သားမင်းဟာ ရခိုင်ပြည်သူတွေ ၀မ်းဝဖို့၊ ရခိုင်ပြည် သူတွေအတွက် ဆန္ဒပြပြီး သေဆုံးသွားရတယ်။ မင်းအတွက် ငါဂုဏ်ယူတယ်။ ငါ့သား မင်း ကောင်းရာ သုဂတိ ရောက်ပါစေ”  လို့ သေတမ်းစာဖတ်တာကိုလည်း ၀မ်းနည်းစွာနဲ့ တွေ့ခဲ့ရပါတယ်။
အဲဒီ အလောင်းတွေကို သဂြိုလ်ဖို့ ကိုယ်ခံပညာအဖွဲ့ပေါင်းက တောင်းခဲ့တယ်။ စစ်တပ်က မပေးဘူး။ စစ်တပ်ကဘဲ ဦးဆောင်ပြီး သဂြိုလ်လိုက်ပါတယ်။ စစ်တွေမှာအားလုံး လူပေါင်း ၃၀၀ နီးပါး သေတယ် လို့ကြားရပါတယ်။ ထရပ်ကားတွေမှာ မသေသေးတဲ့သူတွေနဲ့ သေသူတွေကို ရောပြီးတင် ယူသွား တယ်။ ပြီးတော့ စစ်တွေမြို့ ပင်လယ်နားက အုန်းတောကြီးမှာ ကျင်းကြီးတွေတူး၊ ဓါတ်ဆီလောင်းပြီး မီးရှို့ အလောင်းတွေကို ဖျောက်ပစ်တယ်လို့လည်း နောက်မှ ကြားခဲ့ရပါတယ်။
(အခုလို ဆန်ပြဿနာနေ့မှာ သေဆုံးသွားရသူတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ထင်ပါသလဲ)
-(ချမ်း) ဗိုလ်ချုပ်နေ၀င်းက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ပြီး ရခိုင်ပြည်က ထွက်သမျှ ဆန်၊ စပါးတွေကို နိုင်ငံခြားကိုရောင်းပြီး သူတို့အာဏာတည်မြဲဖို့အတွက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ လက်နက်ဝယ်ယူရေးကို အဓိက လုပ်နေတဲ့အတွက် ဒီလိုအဖြစ်မျိုး ပေါ်ပေါက်လာရတာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့အစိုးမှာ အဓိက တာ ၀န်ရှိပါတယ်။
(အခု အချိန်မှာလည်း ရခိုင်ပြည်သူတွေ ဆင်းရဲမွဲတည်မူ အပါအ၀င် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုး နောက်ထပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ထင်ပါလား)
-(ချမ်း) အခု အရပ်သားအစိုးရဆိုပြီး ကျေညာထားသလို တိုင်းပြည်အခြေအနေကို ပြောင်းလဲတိုးတက်နေတယ်လို့  သူတို့ ပြောနေတာတွေကို ကြားရပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးက ဘာမှမတိုးတက်လာသလို စက်ရုံ အလုပ်ရုံတွေဆိုတာလည်း မရှိဘဲ ဖြစ်နေတယ်။ ဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မူကို ဦးစားပေးမလုပ်ရင် ရှေ့ဆက်ပြီး ဆန်ပြသနာ မဟုတ်ရင်တောင် တခြားအလုပ်လက်မဲ့ ပြသနာ၊ ဆင်းရဲမွဲမှုပြဿနာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ရလိမ့်မယ်လို့ ထင်ပါတယ်။
( ဒီလို အဖြစ်ဆိုးမျိုး ရခိုင်ပြည်နယ်မှာ ထပ်ပြီးမဖြစ်လာရအောင် အာဏာပိုင်တွေဘက်က ဘာတွေလုပ် သင့်ပါလဲ)

-(ချမ်း) အရင် စစ်အစိုးရလက်ထက်က ဆန်စပါး ပေါများတဲ့ရခိုင်ပြည်မှာ ဒီလို ဆန်ပြဿ နာ ဖြစ်ခဲ့တာကို အာဏာပိုင်တွေ သင်ခန်းစာယူပြီး မိမိတို့အစိုးရလက်ထက်မှာ နောက်ထပ်မဖြစ်ရ အောင် ရခိုင်ပြည်နယ် တိုးတက်ရေး၊ ရခိုင်ပြည်နယ် လုံခြုံရေးတွေကို အာရုံစိုက်ပြီး လုပ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
( ဖြစ်ပေါ်ခဲတဲ့ ဆန္ဒပြဿ     နာနေ့ကို ရခိုင်အမျိုးသားတွေအနေနဲ့ ဘယ်လို သင်ခန်းစာယူသင့်ပါသလဲ။)
-(ချမ်း) ၁၉၆၇ ခုနှစ် သြဂတ်လ ၁၃ ရက်နေ့မှာ ဆန်ပြသနာမျိုး နောက်ထပ်မဖြစ်ရအောင် ရခိုင်တွေအနေနဲ့ မျက်လုံးဖွင့် နားစွင့်ပြီး ကျွန်တော်တို့ရခိုင်တွေ ရသင့်ရထိုက် တာတွေကို တရား သောနည်းနဲ့ အာရုံစိုက်ပြီး အမှန်တရားဘက်က ရဲရဲရင့်ရင့် တိုက်ပွဲဝင်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။

စစ်တွေဆန်ပြဿ နာနေ့ အောက်မေ့ဖွယ် အခမ်းအနား ရခိုင်အမျိုးသမီးကွန်ရက်မှ ပြုလုပ်မည်

Sittwe watch towerလာမည့် သြဂုတ်လ ၁၃ ရက်နေ့တွင် (၄၇) နှစ် ပြည့်မြောက်မည်ဖြစ်သော စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနားကို ရခိုင်အမျိုးသမီး ကွန်ရက်မှ စစ်တွေမြို့တွင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
ယခု ဖွင့်လှစ်ထားသော ရခိုင်အမျိုးသမီးများ ကွန်ရက်ရုံးခန်းမှာ စစ်တွေ ဆန်ပြဿ    နာ ဖြစ်ပွား၍ လူဒါဇင်နှင့် ချီပြီးသေဆုံးခဲ့ရသော နေရာအနီးတွင် တည်ရှိသဖြင့် ၎င်းရုံးခန်းအတွင်းတွင်ပင် လာမည့် (၄၇) နှစ်မြောက် ဆန်ပြဿ     နာနေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဟု ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်မတို့ ရုံးခန်းမှာဘဲ သံဃာတော် (၅)ပါးကို ပင့်ဖိတ်ပြီး ဆွမ်းကပ် အမျှဝေခြင်းများပြုလုပ်ပါမယ်။ ဟောပြောပွဲလည်း လုပ်သွားပါမယ်။ လူပေါင်း ၅၀ ခန့်  ဖိတ်ကြားထားပါတယ်” ဟု သူမက ပြောသည်။
ယခင်က စစ်တွေဆန်ပြဿ     နာ ဖြစ်ပွားခဲ့ရာ အနီးတ၀ိုက်တွင် ဧရာမ ဆန်စက်ကြီးများ တည်ရှိသော်လည်း ယခုအခါ ဆန်စက် တစ်လုံးမှ မရှိတော့ကြောင်း၊ စစ်တွေမြို့တွင် ဆန်စက်များ မရှိတော့သော်လည်း ဆန်ပြဿ  နာနေ့ကို ယခုလို နေ့ရက်ရောက်တိုင်း လူအများက သတိရနေကြောင်း ဒေါ်ညိုအေးက ပြောဆိုသည်။
“ခုတော့ အဲဒီ ဆန်စက်တွေ မရှိတော့ဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို စစ်တွေမြို့မှာ လူတိုင်းက သတိရကြတုန်းပါ။ ဒီအတွက်လည်း အဲ့ဒီနားမှာဘဲ နှစ်တိုင်း ဆွမ်းလောင်းလာတာ ၊ခုဆိုရင် ကျွန်မ မှတ်မိတဲ့ အရွယ်လောက်ကဆိုရင် နှစ်ပေါင်း (၂၈) နှစ်လောက်ရှိပြီပေါ့ ” ဟု ဒေါ်ညိုအေးက ပြောသည်။
ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ဆန်ပြဿ     နာနေ့သည် စစ်တွေမြို့ ဖြစ်ပွားခဲ့ပြီး ဆန်ရရှိရေး ဆန္ဒပြတောင်းဆိုသော လူအုပ်ကို စစ်တပ်က ပစ်ခတ်သဖြင့် လူပေါင်း ရာနှင့်ချီပြီး သေဆုံးခဲ့ရသည်။
ယင်းဆန်ပြသနာနေ့သည် မြန်မာနိုင်ငံကဆန်များကို ပြည်ပသို့ များစွာ တင်ပို့ခဲ့ရာမှ ပြည်တွင်းတွင် ဆန်ဈေး မြင့်တက်ပြီး စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ပြည်သူများက ဆန်ရှားပါးမှုပြဿ     နာကို ဖြေရှင်းပေးရန် ဆန္ဒပြ တောင်းဆိုကြစဉ် စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် လူပေါင်း (၃၀၀) ကျော် သေဆုံးခဲ့ရကြောင်း ဒေါ်ညိုအေးက ပြောကြားသည်။
ထိုအချိန်က ဆန္ဒထုတ်ဖော်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက အရေးအခင်းနှင့် ပတ်သက်ပြီး သူမ မြင်တွေ့ခဲ့ရပုံများကို ယခုလို ပြောပြသည်။
“ ကျွန်မကိုယ်တိုင် ကြုံလိုက်ရတာ။ အဲ့ဒီတုန်းက ကျွန်မ ခုနှစ်တန်းပဲ ရှိတယ်။ မီးပွင့်လာပြီး ဒိုင်း ဆိုတဲ့ အသံတစ်သံကြားလိုက်ရတယ်။ လူတွေ ဖရိုဖရဲ ဖြစ်သွားကြတယ်။ ပြီးတော့ ဆက်တိုက် မရပ်မနား ပစ်တာကို မြင်ခဲ့ရတယ်။ ပြေးရင်း လွှားရင်းနဲ့ လူတွေ လဲကျနေတာ မြင်ခဲ့ရတယ်။ သွေးအိုင်တွေ ထဲမှာ၊ ကျွန်မကတော့ လူကြီးတစ်ယောက်က ဆွဲခေါ်ခဲ့တဲ့အတွက် မသေမပျောက်ပဲ လွတ်တာ” ဟု ၎င်းက ပြောသည်။
သူမအနေဖြင့် အဆိုပါနေ့ကို ဘယ်လိုနည်းနှင့် မှ မမေ့နိုင်ကြောင်း ယခုလိုဆိုသည်။
“မမေ့ဘူး ၊ အဲ့ဒီ မြင်ကွင်းကို ကျွန်မ တစ်သက်လုံး မမေ့ဘူး” ဟု သူမက ဆက်ဆိုသည်။
သြဂုတ် ၁၃ ကျရောက်တိုင်း ဆန်ပြဿ     နာ အရေးအခင်း နှစ်ပတ်လည်နေ့ အဖြစ် ရခိုင်လူမျိုးများက ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို နှစ်စဉ် ပြုလုပ် ကျင်းပကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျန်းမာရေးဝန်ကြီးဌာန အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်

ebola-virus
အီဘိုလာဗိုင်းရပ်စပ်ရောဂါသည် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့်အပြင် ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် အလွန်ခက်ခဲသောရောဂါ ဖြစ်သည်။
ယခုအခါ အာဖရိကအနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria& Sierra Leone နိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားနေပြီး ၂၀၁၄ ခုနှစ် မတ်လမှ ၁-၈-၂၀၁၄ ရက်အထိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးတို့ရှိခဲ့ပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းများ
-အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ရောဂါပိုးရှိသောလူ (သို့မဟုတ်) တိရစ္ဆာန် တံတွေး၊ သွေး၊ ခန္ဒာကိုယ်မှ ထွက်သောအရည်တို့နှင့် တိုက်ရိုက်ကိုင်တွယ်ထိတွေ့ခြင်း
- အဆိုပါ သွေးနှင့် ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ထားသော အရာဝတ္တုများနှင့် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင်သည်။
ဆားစ်၊ လူတုပ်ကွေးရောဂါ၊ H7 N9 ကြက်ငှက်တုပ်ကွေးရောဂါ၊ မားစ်ပြင်းထန်အဆုပ်ရောဂါ (MERS CoV) တို့ကဲ့သို့ လေထဲမှတစ်ဆင့် ကုးစက်နိုင်သောရောဂါမဟုတ်ပါ။
-အိုဘီလာရောဂါသည် လေ၊ ရေအစားအစာတို့မှတစ်ဆင့် မကူးစက်နိုင်ပါ။
-ယခုအချိန်ထိအီဘိုလာဗိုင်းရပ်စပ်ရောဂါကိုကာကွယ်ကုသရန် ဆေးမရှိသေးပါ။ ရောဂါမဖြစ်ပွားရန် ကာကွယ်ရန် အရေးကြီးပါသည်။
-ရောဂါပိုးရှိသောလူနာနှင့်တိရစ္ဆာန်တို့၏ တံတွေး၊ သွေးစသော ခန္ဓာကိုယ် အရည်များအား ကိုင်တွယ်ထိတွေ့သူများတွင် အဓိကရောဂါကူးစက်နိုင်ခြေရှိသဖြင့် ကာကွယ်သည့် နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်လိုပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါသံသယလက္ခဏာများ
အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေသောနိုင်ငံများ အထူးသဖြင့် ( အနောက် အာဖရိက နိုင်ငံများ ) သို့ သွားရောက်ခဲ့သူများ (သို့မဟုတ်) နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာ ရောဂါလူနာအားတိုက်ရိုက်ပြုစုကုသထိတွေ့ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်း တိရစ္ဆာန် များအား ထိတွေ့ကိုင်တွယ်ခဲ့သူများတွင်
-ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊
-အီဘိုလာဗိုင်းရပ်စ်ပိုးသည် အသည်းနှင့် ကျောက်ကပ်များပျက်စီးနိုင်သဖြင့် ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်ပါသည်။
အီဘိုလာရောဂါကူးစက်မှုမရှိစေရေးကာကွယ်ရန်နည်းလမ်းများ
၁။  တစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုပြုပါ။
၂။  လက်ကိုရေနှင့်ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။
၃။  ရောဂါပိုးရှိသူ၏ သွေးနှင့် ၄င်းခန္ဓာကိုယ်မှထွက်သောအရည်များအားထိတွေ့ကိုင်တွယ်ခြင်းမပြုရ။
၎။  ရောဂါပိုးရှိသောလူ၊ တိရစ္ဆာန်တို့၏ သွေးနှင့် ၄င်းခန္ဓာကိုယ်မှ ထွက်သော အရည်များရှိနိုင်သည့်
(အရာ ၀တ္တု ပစ္စည်း၊ ခုံများ၊ စားပွဲများ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံစသည်တို့အား )ထိတွေ့ ကိုင်တွယ်ခြင်း မပြုရ။
၅။  အထူးသဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသောနိုင်ငံများသို့ သွားရောက်ခဲ့သူများနှင့် နိုင်ငံတကာခရီးသွားသူများတွင်အောက်ဖော်ပြပါ သံသယလက္ခဏာများပေါ်လာပါကကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ဆေးကုသမှုခံယူပါ။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးချည့်ခြင်း၊ လည်ချောင်းနာခြင်း၊ အရည်ဝမ်းသွားခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်း။
 ၆။  အထက်ပါ သံသယလက္ခဏာဖြစ်ပွားသူများတွေ့ရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ပါ။
၇။  နိုင်ငံခြားသို့ ခရီးသွားရောက်ရန် အစီအစဉ်ရှိပါကရောဂါဖြစ်ပွားကူးစက်နေသည့်နိုင်ငံများသို့ သွားရောက်ခြင်းကိုရှောင်ကြည်ပါ။
ကျန်းမာရေးဝန်ကြီးဌာနမှ အီဘိုလာရောဂါကြိုတင်ကာကွယ် ကုသ ထိန်းချုပ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျှက်ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပါ။
ကျန်းမာရေးဝန်ကြီးဌာန

သံတွဲတွင်ကျင်းပသည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူငါးသောင်းကျော် ပါဝင်ဆင်နွှဲ

သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
(၅၃) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့တွင် ယနေ့တွင် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူ ငါးသောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းအထိမ်းအမှတ်နေ့သို့ သံဃာတော်ပေါင်း (၅၃၀) ပါး ကြွရောက်ခဲ့ပြီး လူပေါင်း ငါးသောင်းကျော် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံတွဲမြို့ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရနှင့် မျက်မြင်များက နိရဉ္စရာသို့ ပြောသည်။
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေါ်ထုတ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပုလဲရတနာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“လိုအပ်မှုဆိုတဲ့ အချိန်တစ်ခုကို ရောက်လာပြီ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာနေ့ကို သိထားမှ ဖြစ်တော့မယ်။ ဒါက နိုင်ငံတော်က တိတိကျကျ ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်။ ဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ပျောက်ကွယ်သွားရင် နောက်နောင် ပြန်လည်ဖော်ထုတ်ဖို့ ခက်လိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားထဲမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်လို့ သိထားဖို့ လိုတယ်။ ဒီအတွက် ကျင်းပခဲ့ကြတာဖြစ်တယ်” ဟု မိန့်သည်။
နိုင်ငံတော် ဘာသာနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရဟန်တော်များကို ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တော်များကို ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း၊ ယနေ့သည် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ဖြစ်နေ၍ မေတ္တာသုတ် ပရိတ်တော်ကိုလည်း စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
image-c3fd0378b70afd97da61eabf2bb92314274a320ce6924324b4372dc98425be8a-V
“ဒီနေ့က ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့လေ။ ဒါကြောင့် မေတ္တာသုတ် ပရိတ်တော်ကိုလည်းပဲ စုပေါင်းရွတ်ဆိုကြတယ်။ ပြီးတော့ ပွဲကို ရောက်လာတဲ့ လူတွေကို စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ ပြောကြ ဆိုကြဖို့၊ ဘယ်ပြဿနာမှ မဖြစ်စေဖို့ ဝန်းရံပြီးတော့ ဆောင်ရွက်ကြတာပါ။ လုံခြုံရေးတွေကလည်း တင်းကျပ်စွာ တာဝန်ယူပေးပါတယ်” ဟု ဆရာတော်က မိန့်သည်။
အခမ်းအနားကို သံတွဲမြို့ရှိ လေးမျက်နှာကုန်းတော် ဓမ္မာရုံတွင် နေ့လည် (၁) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ပရိတ်တရားတော်များနာကြား၍ အပြီးတွင် သံဃာတော်များက သံတွဲမြို့ စိတ္တသုခလမ်း၊ ရွှေဆံတော် ဘုရားလမ်း၊ တာဝတိံသာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်း၊ မဟာမြိုင်လမ်းများသို့ ကြွရောက် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များကလည်း ဆွမ်းဆန်များ၊ ဆီးမီးတိုင်၊ အမွှေးတိုင်များ အပါအဝင် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြသည်။
သံတွဲတွင် ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဤနေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် မသိမဖြစ် သိထားရမည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မလေးကို ခိုးလှေနဲ့သွားမည့် ဘင်္ဂလီ ၅၀ ကျော်စက်လှေတစ်စီးနှင့်အတူ အဖမ်းခံရ

ဖမ်းဆီးခံရသူများကို တွေ့ရစဉ်။
ဖမ်းဆီးခံရသူများကို တွေ့ရစဉ်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့အနီး ပင်လယ်ပြင်တွင် မလေးရှားနိုင်ငံသို့ တရားမ၀င် ရေလမ်းကြောင်း မှ သွားရန် စီစဉ်နေသည့် စက်လှေတစ်စီးနှင့် လူပေါင်း ၅၀ ကျော်ကို ယနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးလိုက်ကြောင်း Cox’s bazar News တွင် ဖေါ်ပြသည်။
ဖမ်းဆီးခံရသူမှာ  စုစုပေါင်း ၅၆ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရရာတွင် လူကုန်ကူးသူ နှစ်ဦး ပါဝင်ကြောင်း၊ လူကုန်ကူးသူ နောက်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲက ပြောဆိုကြောင်း သတင်းကဆိုသည်။
ယခုအခါ သူတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် ကော့စ်ဘာဇားမြို့ ကိုလာတိုလီရှိ တည်းခိုခန်းတခုမှ လူကုန်ကူးသူ ၂ ဦးနှင့် မလေးရှားသွားမည့်သူ ၁၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
သြဂုတ်လ ၃ ရက်နေ့ကလည်း လူပေါင်း ၆၀ ကျော်တင်ဆောင်ပြီး မလေးသွားမည့် စက်လှေတစ်စီး ကော့စ်ဘာဇားမြို့အနီးတွင် ပျက်စီးသွားခဲ့သည်။
ပျက်စီးသွားသည့် စက်လှေမှလူများမှာ ကမ်းခြေသို့ ထွက်ပြေး လွတ်မြောက်သွားကြသော်လည်း နော်ဆိမ်းဒီခရိုင် ရိုင်ပူမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် ရှာဟီးမီယာဆိုသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများသည် သူ့နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမူကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်မှ နေ၍ မလေးရှားကို နှစ်စဉ်ထွက်ခွာလေ့ရှိပြီး မလေးရှားသို့ ရောက်လျှင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေးလာသူ မြန်မာနိုင်ငံမှ လူနည်းစု မူဆလင်များ ဖြစ်သည်ဟု လိမ်လည် ပြောဆိုကာ အကူအညီနှင့် ခိုလုံခွင့်များတောင်းခံလေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စူပါမွန်းသတိပေးမူ သံတွဲငပလီတွင်ပြုလုပ်

Thandwe-beach
ယနေ့ သံတွဲ ငပလီ ကမ်းခြေ။
Supermoon ( စူပါမွန်း)ကြောင့် ပင်လယ်ရေမျက်နာပြင် မြင့်တက်ခြင်း၊ ငလျင်လူပ်ခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် သံတွဲ ငပလီ ကမ်းခြေတွင် အသံချဲ့စက်များဖြင့် သတိပေးမူများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် နေ၊ ကမ္ဘာနှင့် လ တတန်းဖြစ်ချိန်တွင် လမှ ဆွဲအားကြောင့် ပင်လယ်ဒီရေမှာ ပိုပြီး မြင့်တက်လာပြီး ငလျင်စသော သဘာဝ ဘေးအန္တရယ်ဆိုများ ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင်များက သတိပေးထားသည်။
“ ငပလီ ကမ်းခြေတစ်လျှောက်နေ ပြည်သူတွေကို သြဂုတ်လ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ပင်လယ်ကို ငါးရှာ မဆင်းဖို့နဲ့၊ ပင်လယ်ကမ်းခြေတွေမှာ ရေးဆင်းကူးတာတွေ မပြုလုပ်ဖို့ ဆိုက်ကားပေါ်မှာ အသံချဲ့စက်ကို တင်ပြီး ကမ်းခြေတလျှောက် ဆော်သြ သတိပေးမူတွေ ပြုလုပ်ထားပါတယ်” ဟု ဒေသအတွင်းက သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
ယင်းသို့ သတိပေးမူကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ညွှန်ကြားချက်များဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှ ပြုလုပ်ခြင်း ဖြစ်ပြီး ဒေသခံအများစုမှာ ယခုရက်ပိုင်းအတွင်း ပင်လယ်ထဲကို ဆင်းသူ အထူးနည်းပါးသွားသည်ဟု သိရသည်။
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မုတ်သုန်မိုးကြောင့် ဒီရေများ မြင့်တက်ပြီး နေရာ အနှံ့အပြားတွင် ရေကြီးမူများ ဖြစ်ပေါ်နေသဖြင့် စူပါမွန်းကြောင့် သဘာဝ ဘေးဆိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မူများလည်း ရှိနေသည်ဟု သိရသည်။
Supermoon ( စူပါမွန်း) နေ့တွင် ကမ္ဘာသူ ကမ္ဘာသားများ အနေဖြင့် လကို ယခင်က မြင်နေကျထက် အဆ ၁၅ ဆ ပိုကြီးမားသော အရွယ်အစားနှင့် တွေ့မြင်ရမည် ဖြစ်သဖြင့် သိပ္ပံပညာရှင်များနှင့် မိုးလေဝသ ပညာရှင်တွေ အပါအဝင် နက္ခတ္တ ပညာရှင်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်တော်တွင် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ရုပ်သိမ်း

Kyauk-Taw
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ထားသော ပုဒ်မ (၁၄၄) ညမထွက်ရ အမိန့်ကို ယခုလ ၇ ရက်နေ့ကစပြီး ရုတ်သိမ်းလိုက်ပြီဟု သိရသည်။
“ ဒီလ ၇ ရက်နေ့ကနေပြီးတော့ ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ပါပြီ။ ရခိုင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရုတ်သိမ်းလိုက်တာပါ” ဟု ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
မြို့နယ် အဆင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ စုဝေးတိုင်ပင်ပြီး ညမထွက်ရ အမိန့်ကို ရုတ်သိမ်းရန်လိုကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် ပြည်နယ်အစိုးရသို့ တင်ပြရာ ပြည်နယ်အစိုးရကလည်း ခွင့်ပြုသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ညမထွက်ရ အမိန့်ကို သြဂုတ်စ် ၇ ရက်နေ့မှ စ၍ ရုတ်သိမ်းလိုက်သည်ဟု သူကဆိုသည်။
“ နောက်နောင် ပြသနာတွေ မပေါ်ပေါက်ရအောင် နှစ်ဘက် လူမူ အသိုင်းအ၀ိုင်းတွေကိုလည်း ချပြ ရှင်းလင်းတာတွေ ရှိပါတယ်။ အခု အခြေအနေလည်း အရင်နဲ့စာရင် တိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြသနာတွေ မပေါ်ပေါက်ရအောင်လည်း မြို့မိမြို့ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ၀ိုင်းဝန်း ထိန်းသိမ်းပေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ပြောသည်။
ကျောက်တော်မြို့တွင် ညမထွက်ရ အမိန့် (၁၄၄) ထုတ်ထားသဖြင့် စီးပွားရေး အထူးထိခိုက်ခဲ့ပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို မပြေလည်မူများ ပေါ်ပေါက်စေခဲ့သည်ဟု ဆိုသည်။
ဒေသခံ လူငယ်တစ်ဦးကလည်း ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်သဖြင့် လွှတ်လပ်စွာသွားလာ၍ ရသွားပြီ ဖြစ်ကြောင်း၊ နယ်မှ မော်တော်ဘုတ်များ၊ စက်လှေများ၊ လေသဗာန်များ အချိန်မရွှေးဝင်ထွက်သွားလာလို့ ရသဖြင့် ဒေသခံများ၏ စီးပွားရေး ပြန်လည် အဆင်ပြေတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကမူ သူအနေဖြင့် ကျောက်တော်တွင် ညမထွက်ရ အမိန့်ရုတ်သိမ်းလိုက်သည်မှာ ယာယီလား၊ အမြဲတန်းလားဆိုသည်ကို တိတိကျကျ မသိရှိရသေးကြောင်း ပြောကြားသည်။
ညမထွက်ရ အမိန့်ကြောင့် စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေသဖြင့်  တခြားမြို့များတွင်လည်း အလားတူ ညမထွက်ရ အမိန့်ကို ရုတ်သိမ်းရန် အစီအစဉ် ရှိပါသလားဟု မေးမြန်းရာ သူက ယခုလို တုန့်ပြန်ပြောကြားသည်။
“ ညမထွက်ရ အမိန့်ကိုတော့ လုံးဝ မရုတ်သိမ်းပေမယ့် မြို့တော်တော်များများမှာ အချိန်ကို လျှော့ချပေးနေပါတယ်။ လုံခြုံရေးအဆင့် တိုးတက်လာတဲ့ မြို့တွေမှာ အချိန်ကို တဖြည်းဖြည်းချင်း လျှော့ချပေးနေပါတယ်။ စစ်တွေမှာလည်း ညမထွက်ရ အမိန့်ရှိနေတုန်း ဖြစ်ပေမယ့် လွတ်လပ်စွာ သွားလာနေကြတာတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ပြီး ထုတ်ပြန်ထားခဲ့ရာ ယခုအချိန် မရုတ်သိမ်းသေးဘဲ ဆက်လက် တည်တံနေဆဲ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်တပ်သိမ်းမြေတွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရ၍ ကာချုပ်အထိ စာတင်မည်ဟုဆို

confiscared-lands
ဦးရွှေအောင်အား လုပ်ကိုင်စားသောက်ခွင့် ပြုပေးထားသော စာ ( ဓါတ်ပုံ- နိရဉ္စရာ)
တပ်မတော်မှ သိမ်းယူထားသော လယ်မြေပေါ်တွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထိ စာရေး အသနားခံသွားမည်ဟု တောင်ကုတ်မြို့မှ လယ်သမားကြီး ဦးရွှေအောင်က ဆိုသည်။
တောင်ကုတ်မြို့နယ် ကြိုးကြာကွင်း ကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်တွင် လယ် (၅) ဧက ရှိရာ ယင်းလယ်မြေအားလုံအား တောင်ကုတ်မြို့ စကခ (၅) မှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့ကြောင်း၊ ထို (၅) ဧကထဲမှ (၃) ဧကမှာ သတ်မှတ်ထားသော တပ်ဧရိယာတွင် မပါဝင်ဘဲ ပါးနီးပါးစပ်တွင် တည်ရှိသဖြင့် ဦးရွှေအောင်အား အခကြေးငွေ တစ်စုံတစ်ရာ ပေးသွင်းစရာမလိုဘဲ ပြန်လည် လုပ်ကိုင် စားသောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်စားသောက်လာခဲ့ရာမှ ယခုနှစ် စိုက်ပျိုးရာသီတွင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ အတင်း လယ်ထဲမှ မောင်းထုတ်ခဲ့ကြောင်း ဦးရွှေအောင်က ပြောဆိုသည်။
“ ဦးမှာ လယ် ၅ ဧက ရှိပါတယ်။ အဲဒီ (၅) ဧကထဲက (၂) ဧကဟာ တပ်သိမ်းတဲ့ ဧရိယာထဲမှာ ပါသွားပြီး ကျန်တဲ့ (၃) ဧကကတော့ တပ်သိမ်းမြေထဲမှာပါပေမယ့် အလွတ် ဖြစ်နေတဲ့ အတွက် ဒီနေ့ထိ လုပ်ကိုင်စားသောက်လာပါတယ်။ ခုကျတော့ အဲဒီ ၃ ဧက ပေါ်မှာလည်း လုပ်ကိုင်စားသောက်ခွင့် မပြုဘဲ မောင်းထုတ်တဲ့ အတွက် မျိုးစပါးကျခါနီးမှ လယ်ကိုစွန့်ပီး ထွက်လာရပါတယ်”ဟု ကြိုးကြာကွင်းကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်က နိရဉ္စရာသို့ ပြောသည်။
၎င်းမြေ ၃ ဧကအား တစ်စုံတစ်ရာ အခကြေးငွေ မယူဘဲ လုပ်စားရန် စကခ (၅) တပ်မမှ ဌာနချုပ်မှူးက ထုတ်ပေးထားသော ထောက်ခံချက်ရှိကြောင်း ဦးရွှေအောင်က ပြောသည်။
“ ဒီမြေတွေဟာ တပ်သိမ်းမြေထဲမှာ ပါပေမယ့် လုပ်ကိုင်စားသောက်ဖို့ တပ်မ ဌာနချုပ်မှူးက ထောက်ခံစာရေးပေးထားပါတယ်။ ဒါ့ပြင် မြေတိုင်းဌာနက စိုက်ထူထားတဲ့ တပ်မြေဆိုတဲ့ ကျောက်တိုင်ရဲ့ အပြင်ဘက်မှာလည်း ရှိနေပါတယ်။ အခု ဒီမြေတွေပေါ်မှာ အခု လုပ်ကိုင်စားသောက်လို့ မရတော့ဘူးဆိုတော့ ဦးမှာ ဘ၀ရပ်တည်ရေး အထူးအခက်အခဲ ဖြစ်သွားပြီ” ဟု ဦးရွှေအောင်က ဆက်ဆိုသည်။
ယခုကဲ့သို့ လုပ်ပိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် လုပ်ကိုင်စားသောက်စရာ ဘာမှ မရှိတော့သဖြင့် မိသားစု အနာဂတ်အတွက် အထူးရင်လေးမိ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာပေးပို့သွားမည်ဟု သူက ပြောဆိုသည်။
“  ဦးက ဒီလယ်ကိစ္စ ကာကွယ်ရေး ဦးစီးချုပ်ထိ တင်ရမှာဘဲ။ ဒီလယ် သုံးဧကကို မှီပြီး လုပ်ကိုင် စားသောက်နေတာ အခု ဘယ်လိုလုပ် ရပ်တည်ရမလဲဆိုတာတောင် မသိတော့ပါဘူး။ လျှော်ကြေးလည်း တစ်ပြားမှ မရဘူး။ ဒါကြောင့် ကျွန်တော်ကို သနားသဖြင့် ဒီလယ်မြေတွေမှာ ပြန်လုပ်ကိုင်စားသောက်ခွင့်ရဖို့ အသနားခံသွားပါမယ်” ဟု ဆိုသည်။
တောင်ကုတ် အခြေစိုက် စကခ(၅) တပ်မသည် စုစုပေါင်း လယ်မြေဧက (၃၁၂) ဧကကို လယ်သမား ၅၇ ဦးထံမှ ၁၉၉၅ ခုနှစ်အတွင်းက သိမ်းဆည်းထားပြီး အခု ဦးရွှေအောင်၏ လယ် (၅) ဧကသည်လည်း ယင်းအထဲတွင် ပါဝင်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 15, 2014

(၂၆) နှစ်မြောက် ရှစ်လေးလုံးနေ့တွင် ရခိုင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပရိတ်တရားတော်များရွတ်ဖတ်

အစိုးရ ဘာသာရေး ပွဲလန်းသဘင်များ ပြုလုပ်ရာ စစ်တွေမှ လောကနန္ဒာစေတီ ( ဓါတ်ပုံ- နိရဉ္စရာ)
အစိုးရ ဘာသာရေး ပွဲလန်းသဘင်များ ပြုလုပ်ရာ စစ်တွေမှ လောကနန္ဒာစေတီ ( ဓါတ်ပုံ- နိရဉ္စရာ)
သြဂုတ်စ်လ ၈ ရက်နေ့တွင် ကျရောက်သော (၂၆) နှစ်မြောက် ရှစ်လေးလုံးနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ရခိုင်ပြည်နယ် အစိုးရမှ မြို့ကြီး တချို့တွင် ဆရာတော်များကို ပင့်ဖိတ်ပြီး ပရိတ်တရားတော်များ ရွှတ်ဖတ် ပူဇော်ခဲ့သည်ဟု သတင်း ရရှိသည်။
စစ်တွေမြို့တွင် ပြုလုပ်သော အခမ်းအနားအား လောကာနန္ဒာစေတီတော်တွင် သြဂုတ်စ်လ ၈ ရက်နေ့ နံနက်က ၇ နာရီက စတင် ပြုလုပ်ခဲ့ပြီး မြို့ရှိ သံဃာ (၁၀၈) ပါးအား ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ်တော်များကို ရွှတ်ဖတ် ပူဇော်ခဲ့သည်ဟု ဆိုသည်။
“ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်တော့ မရောက်ဘူး။ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းတော့ ရောက်တယ်။ အဲဒီမှာ မြို့ရှိ သံဃာ ၁၀၈ ပါးကို ပင့်ဖိတ်တယ်ဆိုတော့ ဆရာတော်ကြီးတွေ အကုန်လုံးရောက်တယ်။ အန္တရာယ်ကင်း ပရိတ်တွေကို ရွှတ်ဖတ်ပူဇော်ဖို့ လျှောက်တဲ့ အတွက် ပူဇော်ရွှတ်ဖတ်ခဲ့ပါတယ်။ ကျန်တာတွေကတော့ ခါတိုင်းလုပ်နေကျအတိုင်းဘဲ ထူးခြားမူ မရှိပါ” ဟု အခမ်းအနားကို တက်ရောက်ခဲ့သူ အောင်မြေကုန်းဆရာတော်က မိန့်ကြားသည်။
ယနေ့တွင် ရှစ်လေးလုံးလေး (၂၆) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်၍ အခမ်းအနား ပြုလုပ်သည်မှာ တိုက်ဆိုင်မူရှိနေသည့် အတွက် ယင်းအပေါ် မည်သို့ အမြင်ရှိပါသလဲဟု မေးမြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“ ဒီနေ့က ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဖြစ်ပေမယ့် အခုလုပ်တာက ဒီနေ့နဲ့တော့ မဆိုင်ဘူးထင်တယ်။ ဒီနေ့ အကြောင်း ဘာမှ ပြောဆိုတာတွေ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
သို့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ လျှောက်ထားရာတွင် ထူးခြားမူတစ်ခု ပါရှိသည်ဟု ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားသည်။
“ ကျောင်းတိုက်တွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လူမူရေး၊ နိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင် မပတ်သက်ဖို့ တားမြစ်ပေးပါဆိုပြီးတော့ လျှောက်ထားတာ တစ်ခုတော့ရှိတယ်။ စစ်တွေမှာ ထူးထူးခြားခြား ဘာမှ ပြောသံ မကြားပါဘူး။ ဒီလို လျှောက်တာတစ်ခုတော့ ရှိခဲ့တယ်” ဟု ဆိုသည်။
အလားတူ သံတွဲ၊ ကျောက်ဖြူမြို့ အပါအ၀င် တခြားမြို့အချို့တွင်လည်း ဆရာတော် (၉) ပါးစီကို ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်တော်များကို ရွှတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆရာတော်များအား နေ့လည်စာဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ဒေသခံ ပြည်သူများကမူ ရှစ်လေးလုံးနေ့နှင့် တိုက်ဆိုင်ပြီး သံဃာတော်များကို ဆွမ်းကျွေးပရိတ်ရွှတ်ဖတ်ခြင်းမှာ နောက်ကွယ်တွင် တစ်စုံတစ်ရာအကြောင်းခြင်းရာ ရှိနိုင်ကြောင်း သံသယဖြစ်နေကြသည်ဟု ကျောက်ဖြူဒေသခံ ကိုထွန်းနိုင်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေဒါးပိုင်ဒုက္ခသည်စခန်းတွင် လူတစ်ဦးသေဆုံးခဲ့ရသောဆူပူမူ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် တိုက်ဆိုင်နေ

Sittwe Muslim Riots-Muslims Confront Police
ယခင်က စစ်တွေရှိ ဘင်္ဂလီဒုက္ခသည် စခန်းတွင် ဖြစ်ပွားခဲ့သော ဆူပူမူ (ဓါတ်ပုံ- အင်တာနက်)
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည်စခန်းတွင် သြဂုတ်စ်လ (၆) ရက်နေ့က လူတစ်ဦး သေဆုံးရသည့် အထိ ဖြစ်ပွားခဲ့သော ဆူပူမူသည် နေပြည်တော်တွင် သြဂုတ်စ်လ (၈) ရက်နေ့တွင် စတင်ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် အာရှ၏ အဓိက လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ( Asean Regional Forum) နှင့် တိုက်ဆိုင်နေသည်။
သို့အတွက် ယခုဆူပူမူသည် အကွက်ကျကျ စီစဉ်ပြီး အချိန်ကိုက် လုပ်ဆောင်မူဟုတ်/ မဟုတ်ကို သက်ဆိုင်ရာမှ အမြန်ဆုံး စုံစမ်းစစ်ဆေး ဖေါ်ထုတ်မူများ ပြုလုပ်ရန် လိုအပ်ကြောင်း စစ်တွေမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ မြန်မာနိုင်ငံကို ကုလသမဂ္ဂကဖြစ်စေ၊ နိုင်ငံတစ်ခုခုက အကြီးအကဲတွေ လာရောက်လည်ပတ်တဲ့ အခါတိုင်း ဖြစ်စေ သူတို့က ခုလို ပြသနာတွေကို ဖန်တီးခဲ့တာတွေရှိတယ်။ အခုလည်း နေပြည်တော်မှာ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးရှိနေတဲ့ အချိန်မှာ ဒါးပိုင် ဒုက္ခသည် စခန်းမှာ ဆူပူမူဖြစ်တယ်။ ဒီအပေါ်မှာ တမင်အကွက်ချ စီစဉ်တာလားဆိုတာကို ကျနော်တို့ သံသယ ဖြစ်နေတဲ့ အပိုင်းတွေရှိတယ်။ ဒါကို သက်ဆိုင်ရာက စုံစမ်းဖေါ်ထုတ် အရေးယူဆောင်ရွက်ဖို့လိုတယ်” ဟု သူက ဆိုသည်။
ယခင်ကလည်း အလားတူ ဆူပူမူများ တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့မူများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူခြင်း မရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။
သြဂုတ်စ်လ (၆) ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် ဆူပူမူ ဖြစ်ပွားခဲ့သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဘင်္ဂလီ ဒုက္ခသည် တစ်ဦး သေဆုံးခဲ့ရသည်။
အဆိုပါနေ့ ညနေ ၇ နာရီခွဲခန့်တွင် ဒါးပိုင် ဘင်္ဂလီရွာမှ လူငယ် နှစ်ဦးသည် ဒါးပိုင် ဒုက္ခသည် စခန်းသို့ ဈေးဝယ်ရန် သွားရောက်စဉ် ဒါးပိုင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ များမှ သူခိုးဟု စွပ်စွဲကာ ကြိုးများဖြင့် တုတ်နှောင်ပြီး ဖမ်းဆီးရိုက်နှက်မူများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နေသဖြင့် မိဘဖြစ်သူများက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် (၃၆) ရဲတပ်ဖွဲ့သို့ သို့လာရောက် တိုင်းတန်း အကြောင်းကြားခဲ့ကြောင်း၊ သို့အတွက် ရဲတပ်ဖွဲ့က လိုက်ပါသွားရာ ရဲကို တိုင်ကြားရမည်လားဟုဆိုကာ အဆိုပါ ဖမ်းဆီးထားသူ ဘင်္ဂလီ လူငယ် (၂) ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဓါးကိုင်ထားသော လူတစ်စုမှ ဒုက္ခသည်စခန်း အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်တားဆီးသော်လည်း လိုက်နာမူ မရှိသည့် အပြင် လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြသည့်အတွက် သေနတ် (၅) ချက် မိုးပေါ်ထောင်ပစ်ခဲ့ရသည်ဟု စတင် ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရဲတာဝန်ရှိသူ  တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
သေနတ် ပစ်ဖေါက်မူကြောင့် ဒုက္ခသည်စခန်းမှ လူအုပ်မှာပြိုကွဲသွားခဲ့သော်လည်း ညဥ့်အမှောင်ကိုယူကာ အဆောက်အအုံများ၊ သစ်ပင်များကို အကာအကွယ်ယူလျှက် လေးခွ၊ ဂျင်ဂလိများဖြင့် ထပ်မံပစ်ခတ်ပြီး လူအုပ်ကြီးက ၀ိုင်းအုံလာသဖြင့် အဓိဂရုဏ်းဖြိုခွင်းရေးလက်နက်များဖြင့် တစ်ချက်ချင်း ပစ်ခတ် ဖြိုခွင်း သော်လည်း နောက်မဆုတ်ဘဲ ဆက်လက် ၀ိုင်းအုံလာသဖြင့် သေနတ်ဖြင့် လေးချက် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လူအုပ်ပြိုကွဲသွားသဖြင့် ဖမ်းဆီးခံထားရသူ လူငယ်နှစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ယင်းလူငယ် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်သူများထဲမှ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူ တစ်ဦးမှ နောက်ကွယ်မှ ၀ှက်ယူလာသော ဓါးဖြင့် ရဲတပ်ဖွဲ့ တစ်ဦးအား လိုက်ခုတ်ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း၊ သို့အတွက်  ချောင်ရှုးအာလောင် (၃၀) နှစ် ဆိုသူမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန် သေဆုံးသွားကြောင်း သူက ပြောကြားသည်။
“ သူတို့အချင်းချင်း ဖြစ်ကြတာ။ ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ထိန်းသိမ်းဖို့သွားတာ။ ဒါကို သူတို့က လူအုပ်စုဖွဲ့ပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အတွက် ခုလို အဆင့်ထိ ဖြစ်သွားရတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။
၎င်းသေဆုံးသွားသူ ချောင်ရှုးအာလောင် အလောင်းအား ယမန်နေ့ ကြာသပတေးနေ့ နံနက်က ဘာရေးဆရာများနှင့် အရပ်လူကြီးလက်သို့  လွှဲပြောင်း ပေးအပ်လိုက်ပြီး မန်ဇီ မူဆလင် သချိုင်းတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
ယနေ့ သြဂုတ်လ (၈) ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အာရှလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ အဖြစ် လူသိများသော ( Asean Regional Forum) တို့ကို စတင် ကျင်းပမည်ဖြစ်သည်။
ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသာမက အမေရိကန်၊ ရုရှား၊ ဂျပန် တရုတ်စသည့် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲကို သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိပြုလုပ်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)