Monday, July 28, 2014

ပန်းမြောင်းတိုက်နယ် ANP ကော်မီတီ ဖွဲ့စည်း

အစည်းအဝေးတက်ရောက်လာကြသော ပန်းမြောင်းမှ မျိုးချစ်ပြည်သူများ (ဓါတ်ပုံ- နိရဉ္စရာ)
အစည်းအဝေးတက်ရောက်လာကြသော ပန်းမြောင်းမှ မျိုးချစ်ပြည်သူများ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်အမျိုးသားပါတီ ANP ပန်းမြောင်းတိုက်နယ် ကော်မီတီကို လူပေါင်း (၃၀) နှင့် ယမန်နေ့က ဖွဲ့စည်းလိုက်သည်။
လူပေါင်း ၅၀ ကျော်တက်ရောက်ခဲ့သော အစည်းအဝေးမှ ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီကို ဦးဆောင်နိုင်ရန် ကော်မီတီ (၃၀) ကို မဲစနစ်ဖြင့် ရွှေးချယ်တင်မြောက်ခဲ့ကြသည်ဟု တက်ကြွ လူပ်ရှားသူ တစ်ဦးက ပြောသည်။
“ ပန်းမြောင်း အောင်မင်္ဂလာစာသင်တိုက် ဓမ္မာရုံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ လူပေါင်း ၃၀ ပါ ကော်မီတီကို ဖွဲ့စည်းခဲ့ကြပါတယ်” ဟု သူက ဆိုသည်။
ပန်းမြောင်းတိုက်နယ် ရခိုင်အမျိုးသားပါတီ (ပ) ခေါင်းဆောင် အဖြစ် ဦးမောင်လှဝင်း၊ (ဒု) ခေါင်းဆောင် အဖြစ် မောင်မောင်မြင့် တို့ကို ရွှေးချယ်တင်မြောက်ခဲ့ကြသည်ဟု ဆိုသည်။
“ လာမယ့် ကြားဖြတ်ရွှေးကောက်ပွဲကို အားဖြည့်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းတာ ဖြစ်ပါတယ်။ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလိုအပ်နေပါတယ်။ ပါတီကလည်း စီစဉ်ပေးမယ်လို့သိရတဲ့ အတွက် ကြားဖြတ်ရွှေးကောက်ပွဲမှာ အောင်နိုင်ရေး အတွက် အခုကတည်းက စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်အောင် ခုလို ကော်မီတီကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ကွယ်လွန်သွားခဲ့ကြသော ဦးအောင်စိန်သာ၏ အမျိုးသား လွှတ်တော်နေရာနှင့် ဦးမောင်စောဖြူ၏ ပြည်သူ့လွှတ်တော် နေရာ-  (၂) ခု လစ်လပ်နေသည်။ ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ကြားဖြတ်ရွှေးကောက်ပွဲ ယင်းနေရာနှစ်ခုကို နိုင်ငံရေး ပါတီအများအပြားက ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“ ပါတီကတော့ မင်းပြားမြို့နယ်မှာ လစ်လပ်နေတဲ့ နေရာ (၂) ခုစလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ဘယ်သူ့ကို ကိုယ်စားလှယ်ရွှေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ငပလီတွင် ကျင်းပမည်

anp-meeting-by-narinjara
ယနေ့ ANP က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ- နိရဉ္စရာ/ခိုင်ထူးမြတ်)
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ်ပါတီညီလာခံကို လာမည့် ၂၀၁၄ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်များက ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ ညီလာခံကို သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ(၂၅)ရက်မှ (၂၉)ရက်နေ့ထိ ငါးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဟု ရန်ကုန်တွင် (၂) ရက်ကြာ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
“ရခိုင်အမျိုးသားပါတီရဲ့ ပထမအကြိမ် ပါတီညီလာခံကို သံတွဲမြို့နယ် ငပလီမှာ ကျင်းပသွားမယ်။ ကျင်းပမယ့်ရက်ကတော့ စက်တင်ဘာ(၂၅)ရက်ကနေ (၂၉)ရက်နေ့ထိ ငါးရက်တိုင်တိုင် ကျင်းပသွားဖို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
သို့သော် ငပလီတွင် ပုဒ်မ ၁၄၄ ရှိနေသေးသဖြင့် ညီလာခံကျင်းပရန် အဆင်မပြေပါက တောင်ကုတ်မြို့တွင် ကျင်းပရန် စီစဉ်မည်ဖြစ်ကြောင်း ဦးအေးသာအောင်က ဆက်ဆိုသည်။
“တကယ်လို့ ငပလီမှာလုပ်ဖို့ အဆင်မပြေခဲ့ရင် အရံသဘောနဲ့ တောင်ကုတ်မြို့ကို ရွေးချယ်ထားပါတယ်။ နေရာအတိအကျတော့ မသတ်မှတ်ရသေးဘူး” ဟုဆိုသည်။
အဆိုပါ ညီလာခံကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်(၁၂)ဦးပါဝင်သော လုပ်ငန်းကော်မတီ တစ်ရပ်ကို ဗဟိုကော်မတီအစည်းအဝေးတွင် ယနေ့ ဖွဲ့စည်းခဲ့ပြီး ညီလာခံကျင်းပရေး တာဝန်များကို ယင်းကော်မတီအား ပါတီမှ တာဝန်လွှဲအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် (၂၁)ဦးတက်ရောက်ခဲ့သည့် ဗဟိုကော်မတီဝင်အစည်းအဝေးကို ရန်ကုန်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ  နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှ
ညီလာခံ ကျင်းပရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အဓိကထား ချမှတ်ခဲ့ကြသည်။
ယင်းညီလာခံတွင် ပါတီ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပါတီ ထိပ်တန်းခေါင်းဆောင်များကို ရွှေးချယ်သွားမည် ဖြစ်ပြီး ပါတီဖွဲ့စည်းပုံနှင့် ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စရပ်များ အပါအ၀င်၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားလှယ်များရွှေးချယ်ရေးအတွက်ကိုလည်း အလေးပေးဆွးနွေးသွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အဉ္စနအလင်းတန်းပညာရေးဖေါင်ဒေးရှင်းက ပန်းမြောင်းတွင် ပညာသင်ဆုချီးမြှင့်

Pam-Myung
ဆုပေးပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ လှဝင်း)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် အဉ္စန အလင်းတန်း ပညာရေး ဖေါင်ဒေးရှင်း မှ  ပညာသင်ဆု ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က ပန်းမြောင်း အထက်တန်းကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့ပြီး ဆုရ ကျောင်းသား ကျောင်းသူများ၊ အစိုးရ ၀န်ထမ်းများ၊ ဆရာ ဆရာမများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အသင်းတာဝန်ရှိသူ ကိုလှဝင်းက ယခုလို ရှင်းပြပြောဆိုသည်။
“ ကျွန်တော်တို့ ဒီ အဉ္စနအလင်းတန်းပညာရေးဖေါင်ဒေးရှင်းကို၂၀၁၃ ခုနှစ်က ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ အဲဒီတည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
၎င်းအခမ်းအနားတွင် စာတော်ပြီး စာသင်ရန် အခက်အခဲကျနေသော ကျောင်းသား နှစ်ဦးအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး တခြားထူးချွန်သူ ကျောင်းသား ကျောင်းသူ (၉) ဦးခန့်ကိုလည်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
Pan-maung
“ ကျွန်တော်တို့မှာ ရန်ပုံငွေ နည်းနေတဲ့ အတွက် ကျောင်းသား ကျောင်းသူ အနည်းကိုဘဲ ပညာသင် ထောက်ပံ့ကြေးပေးနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာတော့ ဒီထက် ပိုပေးနိုင်အောင်ကြိုးစား ဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်ရည်ရွယ်ချက်က ပညာတော်တဲ့ ကလေးတွေ အချို့က ဆင်းရဲနွမ်းပါးကြပါတယ်။ ဒီ လူငယ်လူရွယ်တွေကို တဖက်တစ်လမ်းက ကူညီပေးစေလိုတဲ့ ဆန္ဒနဲ့  ခုလို စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ကိုလှဝင်းက ပြောကြားသည်။
အဉ္စန အလင်းတန်း ပညာရေး ဖေါင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်တွင် ကလေးငယ်များ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး ပန်းမြောင်းကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲတွင် ရေကြီး၍ စိုးရိမ်ရေမှတ်ကျော်နေ

Thandwe-flooding
သံတွဲတွင် ယနေ့ ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးနေသဖြင့် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။
“ ကျနော် အခု မိုးကြီးပြီး ရေကြီးနေတဲ့ အတွက် ရေတက်နေတဲ့ သံတွဲမြို့ပေါ်ရပ်ကွက်တွေက တစ်၊ နှစ်၊ သုံး၊ လေးရယ်၊ နောက် ညောင်ပင်ဈေးကြီးကျေးရွာ၊ ရွှေလှေကျေးရွာတွေ ဖြစ်ပါတယ်” ဟု သံတွဲ ဒေသခံ သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
သံတွဲစိုးရိမ်ရေအမှတ်မှာ ၈၈ ဒသမ ၈၀၄ ပေရှိရာ အခုအခါ ယင်းရေမှတ်ကို ကျော်လွန်သွားပြီဟု ကိုနေဇော်က ပြောသည်။
“ ရေက သံတွဲ စိုးရိမ်ရေမှတ်က ၈၈ ဒသမ ၈၀၄ ပေ ဖြစ်ပါတယ်။ အခု ညနေ တစ်နာရီ အချိန်မှာ ၉၃ ပေ ဖြစ်ပါတယ်။  ညနေ ၄ နာရီ အချိန်မှာ ၉၅ ပေထိ တက်ပြီး အခုတော့ နည်းနည်း ပြန်ကျနေတာကို တွေ့ရပါတယ်။ အခြေအနေကတော့ သိပ်မဆိုးသေးဘူး” ဟု သူက ဆိုသည်။
Thandwe-flooding
ယခုအချိန်ထိ မိုးမှာ အဆက်မပြတ်ရွာသွန်းနေတုန်း ဖြစ်သဖြင့် ဒီရေတက်ချိန်တွင် ထပ်မံ ရေကြီးနိုင်ကြောင်း သူ က ဆက်ပြောသည်။
ယခုလက်ရှိ အချိန်တွင် သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းအောက်တွင် အရေးပေါ် ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး မိသားစု (၃) စုခန့် ခိုလုံရန် ရောက်ရှိနေကြသည်ဟု သိရသည်။
သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့်နှင့် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းစုံ သိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခြင်း မရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, July 18, 2014

ANP ပါတီတွင်း အဖွဲ့ကွဲနေသည် ဆိုသည်မှာ ဟာသသာဖြစ်ကြောင်း ဦးဦးလှစော ပြော

ဇွန်လ ၂၈ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ANP ပါတီဝင်များနှင့် ပါတီမိတ်ဆွေများ တွေ့ဆုံပွဲ မြင်ကွင်း

ရခိုင်အမျိုးသားပါတီ အတွင်း အဖွဲ့ကွဲနေသည်ဟူသော ပြောဆိုရေးသားချက်များမှာ ဟာသ သာဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးဦးလှစောက Rakhine News Agency သို့ပြောသည်။
ရခိုင်ပြည်နယ် အထူးပြုဂျာနယ် တစ်စောင်တွင် ဖော်ပြထားသော ဆောင်းပါးတစ်ပုဒ်တွင် ရခိုင်အမျိုးသားပါတီအတွင်း အဖွဲ့ကွဲနေသည် ဟူသော ရေးသားဖော်ပြချက်များနှင့် ပက်သက်၍ ဦးဦးလှစောက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“ကျွန်တော် ဦးလှစော ဆိုရင် ရန်ကုန်မှာ Base ဆိုပြီးပြောထားပါတယ်။ ဒါက ဟာသပါ။ ကျွန်တော်နဲ့ စစ်တွေ အုပ်စုတွေရဲ့ ကြားထဲမှာ ပြဿနာတစ်ခုမှ မရှိပါဘူး။ အခုလဲ စစ်တွေမှာ ကိုခိုင်ပြည်စိုးတို့၊ ခိုင်ကျော်မိုးတို့ နဲ့ ကျွန်တော်တို့နဲ့ အားလုံးပေါင်းပြီး WorkShop တစ်ခု လုပ်နေပါတယ်” ဟု ဦးဦးလှစော က ပြောသည်။
ဇူလိုင် ၁၅ရက်နေ့ထုတ် ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ်တွင် “ရခိုင်အမျိုးသားပါတီ၏ ပွဲဦးထွက် နိုင်ငံရေးဦးကျိုးမှု” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး ယင်းဆောင်းပါးပါ အကြောင်းအရာများ နှင့် ပတ်သက်၍ ရခိုင်အရေး စိတ်ပါဝင်စားသူများအကြား အပြန်အလှန် ဆွေးနွေးစရာဖြစ်ခဲ့သည်။
“ရေးတာကတော့ ရေးလို့ရပါတယ်။ ANP ကလဲ အဖွဲ့အစည်းတစ်ခုအနေနဲ့တော့ အားနည်းချက်တော့ ရှိပါတယ်။ နောက်တစ်ခုက ပါတီနှစ်ခုပေါင်းလိုက်ပြီး နောက်ပိုင်းမှာ တိကျတဲ့ တာဝန်သတ်မှတ်မှုတွေ မလုပ်ရသေးဘူး။ နောက် ပါတီညီလာခံတစ်ခုကို မချမှတ်နိုင်သေးဘူး။ ဒါကြောင့် ကျစ်ကျစ်လျစ်လျစ် ခိုင်ခိုင်မာမာ မရှိသေးတာတော့ မှန်ပါတယ်။ သို့သော် ဆိုးဆိုးရွားရွားကြီးတော့ မရှိပါဘူး။ လူထုကလဲ ANP အပေါ်မှာ မျှော်လင့်ကြပါတယ်” ဟု ဦးဦးလှစောက ပြောသည်။
ယင်းဆောင်းပါးမှ စာပိုဒ်တစ်ခုတွင် “ရခိုင်အမျိုးသားပါတီအတွင်း - RNDP (Sittwe) ၊ RNDP (Yangoon) နှင့် ALD အဖြစ် အုပ်စု သုံးခု ပါတီတွင်း လျှို့ဝှက် ပါတီငယ်များ တည်ဆောက်နေကြောင်း ပါတီနှင့် နီးစပ်သူများက ထောက်ပြလာကြသည်။ ဦးအေးမောင်၊ ဦးဇော်အေးမောင်၊ ဦးလှစောတို့ ဦးဆောင်သည့် RNDP (Yangoon)၊ ဦးခိုင်ပြည်စိုး၊ ဦးခိုင်ကျော်မိုး၊ ဦးကျော်ဇော်ဦး တို့ ဦးဆောင်သည့် RNDP (Sittwe) နှင့် ရန်ကုန် စကောလားရှစ်၊ British Council လူငယ်များ ဦးဆောင်သည့် ALD အင်အားစုများ အဖြစ် ရခိုင်အမျိုးသားပါတီတွင် အသီးသီး တွေ့မြင်လာရသည်။” ဟု ရေးသားထားသည်။
ယင်းဆောင်းပါးကို ဆောင်းပါးရှင် အောင်ရဲလင်း (စစ်တွေ) က ရေးသားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် တစ်ပါတီ စနစ် ကြီးစိုးပါက ဖြစ်လာနိုင်သည့် အလားအလာ၊ ကျောက်ဖြူညီလာခံ၊ ANP ပါတီတွင်း အကွဲအပြဲ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ရေးသားထားသည်။
“ANP ပါတီနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ အဲ့ဒီ ဆောင်းပါးကို မဖတ်ရသေးလို့ ဘာမှ မှတ်ချက်မပေးလိုပါဘူး” ဟု ၀ါရင့်ရခိုင်သတင်းစာ ဆရာကြီး ဦးသာဘန်းက ပြောသည်။
ယင်းဆောင်းပါးနှင့် ပတ်သက်၍ ရခိုင်နိုင်ငံရေး လေ့လာသူများအကြား သဘောထားမှတ်ချက် ပေါင်းစုံပေးခဲ့ကြပြီး၊ ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ထောက်ခံသူများ ရှိသလို၊ ကန့်ကွက် သူများလဲ ရှိခဲ့သည်။
“ဝေဖန်တာကတော့ ဝေဖန်လို့ရပါတယ်။ ဒါပေမယ့် အချက်အလက် အခြေအမြစ် အားနည်းတယ်လို့ ထင်တယ်။ ဆန္ဒစွဲလည်း များပါတယ်။ နောက်တစ်ခုက ကျောက်ဖြူညီလာခံ အကြောင်းကိုလဲ ဂဃနဏ သိပုံမရဘူး” ဟု ဦးဦးလှစော က ပြောသည်။
ရခိုင်ပြည်နယ် အထူးပြုသတင်းဂျာနယ်များတွင် ပါတီကြီးများအား ဝေဖန်ထောက်ပြ ရေးသားခြင်းကို ကြိုဆိုသင့်သော်လည်း၊ ပုဂ္ဂိုလ်ရေး ဆန်သော အရေးအသားများကို ရှောင်ရှားပြီး အပြုသဘောဆောင် သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများ ပြောဆိုကြသည်။
(ဤသတင်းကို Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

လူ့အခွင့်အရေးမြှင့်တင်ဖို့ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် တိုက်တွန်း

yanghee-lee-human-rights-305
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် မစ္စ Yanghee Lee ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးကို လာရောက်စဉ်
Photo: Myo Zaw Ko/RFA
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေ ဘက်ကနေ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေးဖို့ အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို ဒီကနေ့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးခန်းမှာ Ms Yanghee Lee က ပြောကြားခဲ့တာဖြစ်ကြောင်း မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
"လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ လူတွေဘက် ကနေ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီးတော့ ယေဘူယျအားဖြင့်တော့ ပြော တာပေါ့၊ ကျနော်တို့ကော်မရှင်က ဒါကိုလုပ်နေတာပါပဲ၊ တိုင်စာတို့ ဘာတို့ တိုင်တဲ့လုပ်ထုံးလုပ်နည်းဆိုတာ ဒီမှာမရှိခဲ့ဖူးဘူး၊ ကျနော်တို့ဆီမှာတိုင်တာ အခုချိန်မှာတော့ လယ်မြေသိမ်းဆည်းမှုတွေက အများဆုံးလောက်ပဲ ဖြစ်သေးတာပေါ့နော်၊ ဒါတွေကို ကျနော်တို့ ဂရုတစိုက်နဲ့ အားလုံးကို နေ့စဉ်အစည်းအဝေးထိုင်တယ်ခင်ဗျ၊ ကျနော်တို့က ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အမြဲဂရုစိုက်နေတယ်ဆိုတဲ့ဥစ္စာ ပြသနေခြင်းပဲဖြစ်ပါတယ်"
Ms Yanghee Lee ဟာ ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့သလို မနက်ဖြန်မှာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး မန္တလေးနဲ့ ကချင်ပြည်နယ်တို့ကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။
သူ့ရဲ့ ၁၀ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေအပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
Ms Yanghee Lee နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးဝင်းမြနှင့်ဆက်သွယ်မေးမြန်းချက်ကိုနားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

ဖက်ဒရယ်မူနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်

federal-workshop
ဖက်ဒရယ် ဖော်ဆောင်ရေးမူနှင့် ပတ်သက်သည့် (၃) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စစ်တွေမြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က စတင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲကို The Workshop On Federalism ခေါင်းစဉ်ဖြင့် စစ်တွေမြို့ရှိ River Velly စားသောက်ဆိုင်တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ (၃) ရက်တိုင်တိုင် ပြုလုပ်နေပြီး ယနေ့ ဇူလိုင်(၁၈) ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်း များနှင့် အခြားသော လူမှုအဖွဲ့အစည်းများမှ စိတ်ပါ ဝင်စားသူများ အပါအဝင် ကိုယ်စားလှယ်(၁၀၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သော ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)တွင် ချမှတ်ခဲ့သော ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး  အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယခု ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ပမှ နိုင်ငံရေး သိပ္ပံပါမောက္ခချုပ်(၃)ဦးက ဖက်ဒရယ်စနစ်နှင့် ပတ်သက်ကာ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးခိုင်ပြည်စိုးက ပြောသည်။
“နိုင်ငံခြားက ပါမောက္ခသုံးယောက်ပါတယ်၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုဟာ ဘယ်အတိုင်းအတာအထိ အဟန့်အတား ဖြစ်နိုင်လဲဆိုတာတွေကို ဆွေးနွေး ခဲ့ကြတာပါ၊ ဒါ့ပြင် ၂၀၀၈ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်အပိုင်းတွေက ပြင်ဖို့လိုလဲဆိုတာတွေကို ဆွေးနွေးနေကြပါတယ်” ဟု သူက ပြောသည်။
ဖက်ဒရယ်မူအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောဆိုသည်။
“ညီလာခံကချမှတ်ထားတဲ့ မူကိုလည်း သွေဖည်မသွားရအောင်၊ နောက်ပြီး ဖက်ဒရယ်ကို အကောင်အထည် ဖော်တဲ့ အခါ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိနေအောင် အဓိက ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကလည်း ယခုလို ပြောသည်။
“ဒီလို ဆွေးနွေးတာကောင်းပါတယ်။ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး ဒီလိုအများကြီး တွေ့ဆုံပြီး ပြည်နယ်အဆင့်မှာ လုပ်ရမယ်။ နောက်ပြီး တိုင်းရင်းသားအားလုံး အတူလုပ်လာနိုင်တယ်ဆိုရင်တော့ ကျွန်မတို့အတွက် ရလဒ်ကောင်း တစ်ခုပါ” ဟုပြောသည်။
လွန်ခဲ့သော ဧပြီလက ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံမှ မူဘောင် (၁၆)ခုအား ချမှတ်နိုင်ခဲ့ပြီး ထိုမူများတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုသော အချက်လည်း ပါဝင်ခဲ့သည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

အစိုးရလိုလားသူအချို့ မောင်တောမြို့နယ်တွင် သတ်ဖြတ်ခံနေရ

Maung-Daw
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသူ ဘင်္ဂလီလူမျိုး ကျေးရွာလူကြီး အချို့ကို ဒေသအတွင်းမှ ဘင်္ဂလီ အဖွဲ့တစ်ခုက လိုက်လံ ရှင်းလင်း သတ်ဖြတ်မူများ ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။
ယခုလ (ဇူလိုင်လ) ၁၆ ရက်နေ့က မောင်တောမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ လစဉ် အစည်းအဝေး တက်ရောက်ရန် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လာရောက်သူ မောင်တောမြို့နယ် တောင်ပိုင်း သပြေတောကျေးရွာ အုပ်စု တာဝန်ခံ ဇီယာဘူရာမန်အား အမည်မသိ ဘင်္ဂလီ အုပ်စုတစ်စုမှ ဓါးများဖြင့် ခုတ်သတ်ပစ်ခဲ့သည်ဟု သိရသည်။
သပြေတောကျေးရွာအုပ်စု တာဝန်ခံ ဇီယာဘူရာမန်သည် ၎င်းအဖေါ်တစ်ဦးဖြစ်သူနှင့် အတူ ဆိုင်ကယ်စီး၍ လာစဉ် ကျောင်းတောင်ကျေးရွာအနီး ရွာပြင်တွင် အသင့်စောင့်ဆိုင်းနေသော လူခုနှစ်ဦးခန့်က ၀ိုင်းဝန်းပြီး ဓါးများဖြင့် ခုတ်သတ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
“ အသတ်ခံရတာက မှန်တယ်ဗျာ။ ဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နယ်မြေထဲမှာ ဖြစ်ပွားတာမို့ အသေးစိတ်တော့ ကျနော်တို့ မသိရှိဘူးခင်ဗျား။ ဖြစ်ပွားတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်ခင်ဗျား” ဟု မောင်တောမြို့နယ် ရဲစခန်းမှူးက ပြောသည်။
သပြေတောကျေးရွာမှအုပ်စု တာဝန်ခံ ဇီယာဘူရာမန်အတူ လိုက်ပါလာသူမှာ အသက်မသေဘဲ ထွက်ပြေး လွှတ်မြောက်သွားသည်ဟု သိသည်။ ယခုအခါ ယင်းမူခင်းနှင့် ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကွင်းဆင်း စစ်ဆေးမူများ ပြုလုပ်နေသည်ဟု ဆိုသည်။
အလားတူ ယခုနှစ်မေလ (၃) ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ဘင်္ဂလီ ကျေးရွာမှ အုပ်ချုပ်ရေးမှူးမှာ သူ၏ ကိုယ်ဝန်ရှိ ဇနီးသည် အပါအ၀င် နောက်ထပ် ဘင်္ဂလီအမျိုးသား (၂) ဦးနှင့် အတူ သတ်ဖြတ်ခံခဲ့ရသည်။
ယင်းသတ်ဖြတ်မူအား အမည်မသိ ဘင်္ဂလီ အကြမ်းဖက်အဖွဲ့တစ်ခုမှ ကျူးလွန်ခြင်း ဖြစ်ပြီး ၎င်းဖြစ်စဉ်တွင် လူ (၄) ဦး သေဆုံးပြီး ရွာသား ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
ယခုနှစ် ဇွန်လ ဒုတိယအပတ်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း ကံပူး ဘင်္ဂလီရွာက မူဆလင် အုပ်ချုပ်ရေးမှူးကို ယင်းကျေးရွာမှ တစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။
ယင်းကျေးရွာအုပ်ချုပ်ရေးမှူးမှာ သတ်ဖြတ်မူမှ လွှတ်မြောက်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ဘင်္ဂလီလူမျိုး (၁၁) ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 17, 2014

ဘင်္ဂါလီများအား လယ်မြေလုပ်ကိုင်ခွင့်ပေးထားခြင်းကို ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြမည်


ရခိုင်ပြည်နယ် နာဂရားကျေး ရွာအုပ်စုမှ လယ်မြေ ၃၆ ဧကအား သက်ဆိုင်ရာအမြောက်တပ်မှ ပြန်လည် ပေးအပ်ခဲ့သော်လည်း သက်ဆိုင်ရာ က ဘင်္ဂါလီများထံမှ ကျပ် ၅ဝဝဝဝ ဖြင့် လုပ်ကိုင်ခွင့်ပေးထားသည်ကို ပြည် နယ်ဝန်ကြီးချုပ်ထံတင်ပြမည်ဟု ဒေသခံများထံမှ သိရသည်။
အမှတ်(၃၇၄) အမြောက်တပ် ရင်းက လယ်မြေ ၃၆ ဧကအား မူလပိုင် ရှင်လယ်သမားများထံသို့ ၂ဝ၁၄ ခုနှစ် မေ ၃ဝ ရက်တွင် မြို့နယ်တာဝန်ရှိသူ များအား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
''ရခိုင်လယ်သမားတွေ ဘင်္ဂါလီ တွေနဲ့ ထိပ်တိုက်တွေ့လို့ ပြဿနာဖြစ် ရင် ရခိုင်ပြည်အနှံ့ကူးစက်ပြီး ပြဿနာ တွေကြီးကျယ်လာနိုင်တယ်။ ဒီအချိန် ကထိလွယ်ခိုက်လွယ်ဖြစ်နေတဲ့ကာလပါ။ ဘင်္ဂါလီတွေ လယ်လုပ်ကိုင်နေ တုန်း ဘာမှမဟန့်တားဘဲ အခုလို ပြဿနာတွေရှုပ်လာတော့မှ 'စားကျက် မြေတွေဘယ်သူမှ မလုပ်နဲ့တော့' ဆို တော့ မူလပိုင်ရှင်တွေ မိုးတွင်းအချိန်မီ စပါးမစိုက်ပျိုးနိုင်ရင် စားဝတ်နေရေး ခက်ခဲတော့မယ်။ မတရားလုပ်ထားတဲ့ ကိစ္စတချို့ရှိနိုင်တယ်။ ဒါကြောင့် ရခိုင် ပြည်နယ် မင်းကြီးမင်းချစ်ဦး၊ ရခိုင်အမျိုး သားပါတီဗဟိုနဲ့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးမောင်မောင်အုန်းတို့ကို တင်ပြ သွားမယ်''ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော် ကပြောသည်။
အဆိုပါ လယ်မြေများအား သက် ဆိုင်ရာက မူလပိုင်ရှင်များထံ မပေး အပ်ဘဲ သရက်အုပ်၊ နာဂရာပြင်ရွာများ နေ ဦးကျော်သိန်း၊ ရောဘီဘာလောင်၊ ဆီရာဇူအပါအဝင် ဘင်္ဂါလီရှစ်ဦးများ ထံမှ ငွေယူကာလုပ်ကိုင်ခွင့်ပြုထား သည်ဟု ဒေသခံများထံမှသိရသည်။
''ကျွန်တော့်တို့ လယ်ယာမြေတွေ မှာ ဘင်္ဂါလီတွေ လယ်တက်ထွန်နေ ကြလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကို နှစ်ကြိမ်တိုင်တန်းထားပြီးပါပြီ။ အရေးယူဆောင်ရွက်မှုလုံးဝမရှိပါဘူး။ ဒီလိုဆိုရင် ရခိုင်တွေက ဘင်္ဂါလီတွေနဲ့ အပြိုင် လယ်ထွန်ရတော့မယ်။ ဒါဆို ဘင်္ဂါလီတွေနဲ့ ပြဿနာဖြစ်ရတော့ မယ်''ဟု မူလလယ်ပိုင်ရှင် ဦးမောင်ပျော့က ပြောသည်။
အဆိုပါမြေများသည် လယ်မြေ မဟုတ်ဘဲ စားကျက်မြေများသာ ဖြစ် ကြောင်း၊ စစ်တပ်မှလယ်သမားရှစ်ဦး အား လွှဲပြောင်းပေးသော်လည်း တစ်ဆင့်ချင်းဆီသာ လွှဲပြောင်းမှရမည်ဖြစ် သည်ဟု မင်းပြားမြို့နယ် မြေယာအ သုံးချရေးကော်မတီမှသိရသည်။
''စားစရာမရှိတဲ့ ဘင်္ဂါလီတွေက အဲဒီလို ပိုက်ဆံ ၅ဝဝဝဝ ဘယ်လိုပေး နိုင်မလဲ။ ကျွန်တော်တို့ဆီကပဲ လယ် ထွန်စက်တို့ ဓာတ်မြေသြဇာ၊ မျိုးစပါး တို့ ခါတိုင်းထောက်ပံ့ပေးနေရတာ။ ထင်ရာမြင်ရာလျှောက်ပြောနေကြတာ ပါ၊ စားကျက်မြေကို စားကျက်မြေအ တိုင်းပဲ ထားလို့တားထားပါတယ်'' ဟု မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေယာ အသုံးချရေးကော်မတီ ဥက္ကဋ္ဌဦး အောင်နိုင်ကပြောသည်။
ယင်းမြေများကို ယခင်စစ်အစိုးရ လက်ထက်မှ သိမ်းယူထားခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Yangon Media Group၊ ဓာတ်ပုံ- အင်တာနက်)

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သစ် မြန်မာနိုင်ငံ ရောက်ရှိ

yanghee-lee-305
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ Yanghee Lee ဟာ ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးကို လာရောက်စဉ် Photo: Myo Zaw Ko/RFA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်ခံရတဲ့ မစ္စယန်ဟီလီ Yanghee Lee ဟာ သူရဲ့ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ညက ရောက်ရှိ လာခဲ့ပါတယ်။
မစ္စယန်ဟီလီဟာ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆယ်ရက်ကြာခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေတွေ ကို စုံစမ်းလေ့လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ဘာသာ လူမျိုးဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မကြာခင်က အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့နဲ့ စစ်ပြေးဒုက္ခသည်တွေရှိနေတဲ့ ကချင်ပြည် နယ်တွေကို သွားရောက်ပြီး အခြေအနေတွေ ကို လေ့လာ၊ သတင်းအချက်အလက်တွေ စုဆောင်းမှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့အခြေအနေတွေကို အမှန်အတိုင်းသိရဖို့ အစိုးရနဲ့ ပြည်သူတွေက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောပြကြဖို့ အရေးကြီးပါတယ်လို့ မစ္စယန်ဟီလီက ပြော ဆိုကြောင်း ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်ရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မစ္စယန်ဟီလီ ဟာ အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပြီး၊ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်အမတ်တွေ၊ အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့ပြင် ရွေးကောက်ပွဲကော်မရှင် နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
မြန်မာပြည် ဆယ်ရက်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်သလို၊ သူ့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ကို ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။ မစ္စယန်ဟီလီဟာ ၂၀၀၃ ခုနှစ်က စပြီး ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၄  ဇွန်လမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက ၆ နှစ် သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ မစ္စတာ သောမတ် အိုဟေးကင်တားနားရဲ့နေရာမှာ အစားထိုးခန့်အပ်ခဲ့တာပါ။ အဲသလို ခန့်အပ်ခံခဲ့ရအပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံကို လာရောက်ဖို့ သမ္မတ ဦးသိန်းစိန်အစိုးရက ဖိတ်ကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)