Wednesday, September 10, 2014

ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ

buddhist-temple-Bangladdesh
တူးဖေါ်တွေ့ရှိခဲ့သော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ( ဓါတ်ပုံ- Daily Star)
ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။
ယင်းတွေ့ရှိမူ ဘင်္ဂလာဒေခ်ျ့မှ သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star သတင်းစာက လွန်ခဲ့သော ရက်အနည်းငယ်က ဖေါ်ပြခဲ့သည်။
ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ မြောက်ပိုင်း မုန်ရှီဂန်ဂ်ျဒေသအတွင်းရှိ  တုန်ဂီဘာရီ မြို့နယ် Nateshwar တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယင်းတွေ့ရှိမူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး အာဆတ်တူဇာမန်က အတည်ပြုပြီး ရှာဖွေတွေ့ရှိမူကို သတင်းဌာနများသို့ တရားဝင်ထုတ်ပြန်ကျေညာခဲ့သည်။
“ ယခုကဲ့သို့ သမိုင်းအရ တန်ဖိုးမဖြတ်နိုင် ရှေးဟောင်း အမွေအနှစ် တစ်ခုကို ရှာဖွေ တွေ့ရှိမူအတွက် အထူးအံ့သြမိပါကြောင်း” ယင်းဝန်ကြီးက ထုတ်ဖေါ် ပြောကြားသည်။
ယင်းတူးဖေါ်တွေ့ရှိခဲ့သော ကျောင်းတော်ကြီးအတွင်း အလျား ၉-မီတာနှင့် အနံ ၉-မီတာရှိ ဘုရားရှိခိုးခန်း တစ်ခန်းအပါအ၀င် ရှစ်ထောင့်ပုံ စတူပါတစ်ဆူ၊ အုတ်ဖြင့်ပြုလုပ်ထားသော မိလ္လာခေါင်းနှင့် အခြားသော ယင်းခေတ်က ပစ္စည်းအသုံးအဆောင်များကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။
“ ဒီတူးဖေါ်တွေ့ရှိမူဟာ ဒါဟာဘီခြမ်ပူရ် အတွက်သာမက တနိုင်ငံလုံးအတွက်ပါ ဂုဏ်ယူစရာ ကိစ္စရပ်တခုဖြစ်ပါတယ်” ဟု သူက ဆက်ပြောဆိုသည်။
ဘုရားရှိခိုးခန်းဘေး၌ ဘုန်းကြီးကျောင်းတကျောင်း တူးဖေါ်တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း သူက ထုတ်ဖေါ်ပြောကြားသည်။
ဘုန်းတော်ကျောင်းကြီးကျောင်းကို ရှာဖွေ တူးဖေါ် ရရှိမူသည် ယင်းခေတ်က အုတ်အတတ်ပညာဖြင့် ဆောက်လုပ်ထားသော ဗိသုကာလက်ရာကို ထင်ထင်ရှားရှား ဖေါ်ပြလျှက်ရှိနေသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘဏ္ဍာငွေ အထောက်အပံ့ရရှိခဲ့ပြီးနောက် အဂြာရှာ ဘီခြံပူရ် ဖောင်ဒေးရှန်းက ၄င်းနေရာကို ၂၀၁၀-ခုနှစ်မှ စတင်တူးဖေါ်ခဲ့ခြင်းဖြစ်သည်။ ဂျာဟန်ဂီနာဂါ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပါမောက္ခ Dr Sufi Mostafizur Rahman က တူးဖေါ်ရေး အဖွဲ့ကိုဦးဆောင်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အနည်းဆုံး ရှေးဟောင်းကျောင်းတော်ကြီးပေါင်း (၃၀) ကျော်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း  သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား

Myanmar-Voice-president-Sai
ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ စစ်တွေတွင် အစိုးရ တာဝန်ရှိသူများ၊ ရပိမိရပ်ဖများနှင့် တွေ့ဆုံနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှထလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်လုပ်ဆောင်ရန်’ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက  စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စစ်တွေမြို့မိမြို့ဖများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ေ တွ့ဆုံရာတွင် ယင်းသို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ခါတိုင်းက ဗဟိုကနေ အကုန်လုံးကိုကိုင်ထားတယ်။ တစ်ခုခုရှိရင် အပေါ်က အမိန့်ရမှ၊ အဲလိုမျိုး ကျွန်တော်တို့မသွားစေချင်ဘူး” ဟု ဒုတိယ သမ္မတ စိုင်းမောက်ခမ်းက ဆိုသည်။
မသွားစေချင်သော အကြောင်းအရင်းမှာ အချိန်ကြန့်ကြာပြီး ကိစ္စများမြန်မြန်ဆန်ဆန် မပြီးပြတ်၍ ဖြစ်ကြောင်း၊ ယင်းအစဉ်အလာကို ရပ်တန့်ပစ်ရန်လိုကြောင်း ဒုသမ္မတက ဆိုသည်။
“ မသွားစေချင်တဲ့အကြောင်းရည်ရွယ်ချက်က အဲလို ကျနော်တို့ဖြတ်သန်းလာခဲ့ တာကြာပါပြီ။ တစ်ချို့ကိစ္စတွေ အောက်ခြေမှာ ပြီးပြတ်နိုင်တဲ့ကိစ္စကို အပေါ်ရောက်မှ၊ အောက်ဆင်းရမှနဲ့ လူက သာအသက်ကြီးပြီး ဆုံးရင် ဆုံးသွားနိုင်တယ်။ သူ့ကိစ္စမပြေလည်ဘူးဆိုတာတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိ တဲ့ပြသနာက အောက်မှာ ရှင်းလို့ရရင် ဒီမှာပဲရှင်းစေချင်ပါတယ်။ အပေါ်မှာကတော့၊ ဗဟိုမှာကတော့ ပြသနာပေါင်း သောင်းခြောက်ထောင်ပါ။ အများကြီးပါပဲ။ အသေးစိတ်ကိုမကြည့်နိုင်ပါဘူး” ဟု ဒုတိယသမ္မက ဆိုသည်။
ဒုတိယသမ္မတနှင့်တွေ့ဆုံပွဲတွင် စစ်တွေလူထုအချို့က ဒေသလိုအပ်ချက်များဖြစ်သည့် ကျောင်းကျန်းမာရေး ကိစ္စရပ်များ၊ စစ်တွေဆေးရုံရှိ အအေးခန်း လိုအပ်ချက်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် စည်ပင်သာယာလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်တောင်းဆိုရာ အဆိုပါတောင်းဆိုချက်များအ နက် အောက်ခြေတွင်လုပ်ဆောင်၍ရနိုင်သည့်ကိစ္စရပ်များလည်းပါဝင်နေသည့်အတွက် ယင်းအချက်များကို အောက်ခြေအဆင့်ဖြစ်သော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများနှင့်ဒေသခံများ ဆွေး နွေးညှိနှိုင်းလုပ်ဆောင်သင့်ပြီး သမ္မတအဆင့်ထိတက်ရောက်တောင်းခံနေစရာမလိုကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်မှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းစီးပွားရေးအင်အားတောင့်တင်းကာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ရေးတို့မှာ အဓိက ကျပြီး ပြည်သူလူထုကလည်း အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် စစ်တွေလူထုကိုယ်စားလှယ်အချို့က ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများသည် ဥပဒေနှင့် သွေဖယ်လုပ်ဆောင်ခဲ့သည်များမရှိခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားများကြောင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားသွားရသည့် ကိစ္စရပ်များ မည်သည့်အခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“တရားဥပဒေစိုးမိုးမှု ပျက်ပြားတဲ့ဒေသတွေကိုသာ တရားဥပဒေစိုးမိုးအောင်လုပ် ပေးပါ။ နိုင်ငံတော်အ ဆင့်စီမံချက်တွေကို ပုန်ကန်တဲ့လူတွေ၊ နိုင်ငံတော်အဆင့် သန်ခေါင်းစာရင်း ကောက်ယူမှုတွေကို ဖီဆန် တဲ့လူတွေ၊ နိုင်ငံတော် မှာမရှိဘူးလို့ ပြောတဲ့တိုင်းရင်းသားတစ်မျိုးရဲ့ နာမည်ကို အမြဲတမ်း ထုတ်ဖော် ပြောနေကြတဲ့လူတွေကို တရား ဥပဒေစိုးမိုးရေးအရ ပြတ်ပြတ်သားသားလုပ်ပေးပါလို့ ကျွန်တော် စစ်တွေမြို့မိမြို့ဖကိုယ်စား သမ္မတကြီးကို အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်လို့ ကျွန်တော်က တောင်းဆိုခဲ့ပါတယ်”ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
ဖွံ့ဖြိုးမှုနောက်ကျနေသောရခိုင်ပြည်နယ်၏ဆင်းရဲမှုနှုန်းမှာ ၂ဝဝ၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း UNDP ၊ Unicef နှင့် စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၁၆ မြို့နယ်၊ အိမ်ထောင်စုပေါင်း ၁၈၆ဝဝ ခန့်တွင် ကောက်ယူခဲ့သည့်စစ်တမ်းတွင်ဖော်ပြထားပြီး အဆိုပါဆင်းရဲမှုနှုန်း ၃၈ ရာခိုင်နှုန်းကို ၂ဝ၁၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိ ထက်ဝက်ကျအောင် ကြိုးစား ဆောင်ရွက်သွားမည်ဟု ကုလသမဂက ထောင်စုနှစ်ရည်မှန်း ချက်အဖြစ်ရည်ရွယ်ထားကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက ဆိုသည်။
Myanmar-Voice-president-Sai
၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းဖြစ်လာခြင်းက ရာခိုင်နှုန်းကျမသွားသည့်အပြင် ထိုးတက်လာသည်ကိုလေ့လာသိရှိရကြောင်း ယင်း က ဆက်လက်ပြောသည်။ သို့သော် ရည်မှန်းထားသည့်အတိုင်း ၁၉ ရာခိုင်နှုန်းဖြစ်လာအောင် ကြိုးစားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာစိုင်းမောက်ခမ်းက ကတိပြုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၃ ရက်ကြာအလည် အပတ် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီအပါအဝင် ပြည်ထောင်ဝန်ကြီးအချို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူအချို့တို့လိုက်ပါ လာခဲ့ကြသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ကိုလှည့်လည်ကြည့်ရှုကြပြီး စစ်တွေလူထုနှင့်တွေ့ဆုံခဲ့ကာ ယင်းနေ့နေ့လယ်ပိုင်းတွင် ပုဏားကျွန်းမြို့သို့သွားရောက်ကာ စက်မှုဇုန်တည်ဆောက်မည့်နေရာသို့သွားရောက်ကြည့်ရှုခဲ့သည်။ ယင်း နောက် စစ်တွေသို့ပြန်လာပြီး စစ်တွေမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုကယ်ဆယ်ရေး စခန်းနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများဖြစ်သော ဒါးပိုင်နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ခဲ့ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
၎င်းအဖွဲ့သည် စက်တင်ဘာ ၄ ရက်နေ့တွင် မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့သွားရောက် ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူ တွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး

volcano-kyaukpku-Arakan
လွန်ခဲ့သော နှစ်အနည်းငယ်က ရမ်းဗြဲကျွန်းတွင် မီးတောင်တစ်ခု ပေါက်ကွဲနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မီးတောင်ပေါက်ကွဲ၍ လယ်မြေဧက ၃ဝဝ ကျော်ပျက်စီးဆုံးရှုံး သွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာ ဒေသအခေါ် “သူပုန်နဂါးမီးတောင်”အမည်ရှိ မီးတောင်မှာ သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပေါက်ကွဲခဲ့ပြီး ယင်းနေ့ညနေ ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပေါက်ကွဲမှုရပ်တန့်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပေ ၁ဝဝ ကျော်အမြင့်ရှိသော အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသောချော်ရည်ပူများ မှာ အမြင့်ပေ တစ်ထောင်ဝန်းကျင်ခန့်အထိမြင့်တက်သွားခဲ့ပြီး ယင်းချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက် ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန်ကျေးရွာများမှ စပါးစိုက်ပျိုးပြီးလယ်မြေဧက ၃ဝဝ ကျော်ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများက ပြောသည်။
“လေယာဉ်သွားသလိုမျိုး အသံမြည်ပြီးပေါက်သွားတာ။ ချော်ရည်တွေ ပေ ၁ဝဝဝ လောက်တောင်မြင့် တက်သွားတယ်။ ကျနော့်လယ်နားကနေ ကြည့်နေတော့ မီးတောက်တွေ အပေါ်ကို ထိုးတက်သွားတာတွေကို မြင်တွေ့လိုက်ရပါတယ်”ဟု မီးတောင်ပေါက်ကွဲမှုကြောင့် ၁ ဧကခွဲခန့် လယ်မြေဧက ပျက်စီးသွားသည့် ပိုင်ရှင် ရှောက်ချောင်းကျေးရွာဒေသခံ ဦးကျော်ဝင်းက ပြောပြသည်။
မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ချော်ရည်ပူများမှာ မီးတောင်အနီးတဝိုက် နှစ်ဖာလုံခန့် အကွာတွင်ရှိကြသော လယ်ယာမြေများကိုဖုန်းလွှမ်းသွားသည့်အတွက် လယ်ယာမြေများပျက်စီးဆုံးရှုံးသွား သည်ကိုတွေ့ရှိရကြောင်းလည်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနေသူ ကျောက်ဖြူမြို့ နယ်၊ ဇင်ချောင်းကျေးရွာမှ ဦးကျန်သိန်းအောင်က ဆိုသည်။
“တစ်ချို့နေရာဆို တစ်ဖာလုံကျော်၊ တစ်ချို့နေရာတွေဆို နှစ်ဖာလုံကျော်၊ အဲလိုမျိုးအကွာမှာရှိတဲ့ လယ်တွေကို ချော်ရည်တွေဖုန်းလွှမ်းသွားတာတွေ့ရတယ်”ဟု ဦးကျန်သိန်းအောင်က သူမြင်တွေ့ရသည့်မြင် ကွင်းအနေအ ထားကို ပြောပြသည်။
ချော်ရည်ပူများဖုန်းလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေတည်ရှိနေသည့်နေ ရာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာနှင့်နီးကပ်နေသောကြောင့် ပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာလည်း သာမန်လယ်ယာမြေများထက် ပိုမိုများပြားကြောင်း လယ်မြေပျက်စီးသွားသည့်လယ်ပိုင်ရှင်များက ပြောသည်။
ယင်းသို့ လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးသွားသော်လည်း ဒေသအာဏာပိုင်များနှင့်တာဝန် ရှိသူများအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့လာရောက်ကြည့်ရှုမှုမရှိသည့်အပြင် ပျက်စီးဆုံးရှုံးသွားသည့်လယ် ယာမြေများအတွက်လည်း မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို ဆက်သွယ်အကြောင်းကြားလာခြင်းမရှိ သေးကြောင်း ဒေသခံများက ပြောပြသည်။
“ဒေသအာဏာပိုင်တွေလာကြည့်တာ ခုထိမရှိသေးဘူး။ ကျွန်တော်တို့ရွာအုပ်ချုပ်ရေးမှူးဆိုရင် တောင် ပေါ်ကိုတောင်တက်မကြည့်ဘဲပြန်သွားတယ်”ဟု ဦးကျော်ဝင်းက စက်တင်ဘာ ၁ ရက်နေ့က နိရဉ္စရာ ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်အား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းက “ကျွန်တော်တို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသ အာဏာပိုင်တွေဆီ အခင်းဖြစ်ပြီးတာနဲ့ အချိန်နဲ့တပြေးညီ သတင်းပို့အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နစ်နာ သူတွေအတွက် ဘယ်လိုလုပ်ပေးမယ်ဆိုတာတော့ သက်ဆိုင်ရာကနေ ဆက်သွယ်လာတာမရှိသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး လယ်ယာမြေများနစ်နာသွားသူများကို မည်သို့ဆောင်ရွက်ပေးမည်ဆိုသည် ကို အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ယခုကဲ့သို့မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် မီးတောင်အနီးရှိ ကျေးရွာသုံးရွာမှ လယ်ပိုင်ရှင် ၁၇ ဦး၏ လယ်ယာမြေများဖုန်းလွှမ်းသွားသည့်အတွက် လုပ်ကိုင်စားသောက်၍မရတော့သည်ကို လေ့လာသိရှိထားကြောင်း ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်က အတည်ပြုသည်။
အဆိုပါ သူပုန်နဂါးအမည်ရှိ မီးတောင်မှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပြန်လည်ပေါက်ကွဲလာခြင်းဖြစ်ပြီး အဆိုပါမီးတောင်ပေါက်ကွဲပါက ဒေသအခြေအနေများမှာဆူပူမှုများဖြစ်ပေါ်တတ်ကြကြောင်း
ရှေးလူကြီးများ၏ ပြောဆိုချက်များကိုကိုးကား၍ ဒေသခံများက ပြောသည်။
((သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, August 18, 2014

မြောက်ဦးမြို့တွင် ထားရှိမည့် ဦးဥတ္တမကြေးရုပ်ထု သွန်းလုပ် ပြီးစီး

u-ottama
မြောက်ဦးမြို့ အနော်မာပန်းခြံတွင်ထားရန် ကြေးပိဿာချိန် ၃၀၀ ခန့်အသုံးပြုပြီး သွန်းလုပ်နေသည့် ဆရာတော် ဦးဥတ္တမရုပ်ထုတော်မှာ ယခုအခါ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကြေးရုပ်ထုသွန်းလုပ်ရသည့် ရည်ရွယ်ချက်ကို မြောက်ဦးမြို့မှ ဦးမောင်ကျော်ဇောက ယခုကဲ့သို့ ပြောသည်။
“ဆရာတော် ဦးဥတ္တမဆိုတာက အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတခုတည်း အတွက် သာမက အာရှတခုလုံး နိုင်ငံရေးအမြင်ကို မြှင့်တင်ပေးခဲ့တယ်။ စတင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ နောက်ပြီး စစ်တွေမြို့ဖွား ရခိုင်လူမျိုးဖြစ်တဲ့အတွက် သမိုင်းအဆက်ဆက်မှာ ဆရာတော်ကို မေ့ ပျောက်ထားခဲ့တာ၊ ပယ်ဖျောက် ထားခဲ့တာတွေကို ပြန်ပြီး အခုခေတ် လူငယ်တွေ ဆရာတော် အကြောင်းကို သိအောင်၊ မိမိတို့ရခိုင်မျိုးအတွက် ဂုဏ်ယူတတ်လာအောင်၊ ပြီးတော့ ဆရာတော်ရဲ့ လုပ်ရပ်တွေကို အတုယူပြီး တချိန်ချိန်မှာ ခေါင်းဆောင် တတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ် တယ်” ဟု ဆိုသည်။
ဦးဥတ္တမ ကြေးရုပ်ထုကို မြောက်ဦးမြို့နယ်တခုလုံးမှ စေတနာရှင်များ၏ စုပေါင်းအလှူထည့်ဝင်မှုဖြင့် မြောက်ဦးမြို့ ကြေးသွန်းဆရာကြီး ဦးကျော်သာညွန့်မှ ၆ လခန့် အချိန်ယူ သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
သွန်းလုပ်ပြီးစီးသွားပြီဖြစ်သည့် ဆရာတော်ရုပ်ထုကို ယခုလ၂၂ ရက်နေ့တွင် မြောက်ဦးမြို့တပတ် လှည့်လည် အပူဇော်ခံမည်ကြောင်း သိရသည်။
လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ဆရာ ဦးဥတ္တမ (၇၅) နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့တွင် အဆိုပါရုပ်ထုကို အခမ်းအနားများဖြင့် အနော်မာ ပန်းခြံတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း ဦးမောင်ကျော်ဇောက ယခုကဲ့သို့ ဆက်ပြောသည်။
“ အဲဒီနေ့မှာ ဆရာတော်ရုပ်ထုကို အနော်မာပန်းခြံမှာ ဖွင့်ပွဲလုပ်မယ်။ ဆရာတော်ရုပ်ထုရှေ့မှာ နိုင်ငံရေးပါတီတွေက ပန်းခွေတွေချမယ်။ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းကျွေး အလှူအတန်း လုပ်မယ်။ ပြီးတော့ ဆရာတော်နဲ့ ပတ်သက်တဲ့ နံရပ်ကပ် စာစောင်တွေ၊ စာစီစာကုံးပြိုင်ပွဲ တွေလည်း ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။”
ဆရာတော်ကြေးရုပ်ထုကို ထားရှိမည့် သျှစ်သောင်းဘုရားအနီးရှိ အနော်မာပန်းခြံကိုလည်း ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ဦးမောင်ကျော်ဇောက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွှေရတုအကြိုပဒေသာကပွဲတွင် သမဂ္ဂကျောင်းသားကျောင်းသူများ ပါဝင်တင်ဆက်ခွင့်ရ

eco
ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ်ငါးဆယ်ပြည့် ရွှေရတု အကြို ပဒေသာကပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ရာ စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပါဝင်တင်ဆက်ခွင့် ရရှိခဲ့သည်။
အခမ်းအနားကို ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်ရှိ စီးပွားရေး တက္ကသိုလ်ပင်မဆောင်တွင် ယင်းနေ့ နံနက် (၉)နာရီက စတင်ကျင်းပခဲ့ရာ ရန်ကုန်စီးပွားတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သံချပ်များ၊ ပြဇာတ်များဖြင့် ပါဝင်တင်ဆက်ခွင့်ရရှိခဲ့ကြောင်း ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောသည်။
“ကျွန်တော်တို့ အနေနဲ့ ပထမဆုံးအကြိမ် ၀င်ရောက် ဖျော်ဖြေတာပါ။ ကျွန်တော်တို့ကို ဆိုင်းဆရာ ရွာစားစိန်လှမြိုင်က ကူညီတီးခတ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း သမဂ္ဂအနေဖြင့် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် သံချပ်ကို တက္ကသိုလ် တာဝန်ရှိသူများထံ ကြိုတင်ကာ တင်ပြခဲ့ရပြီး၊ ကျောင်းတာဝန်ရှိသူများက မူလ ကျောင်းသားများ ရေးသားထားသည့် သံချပ်ထဲမှ စာသားတစ်ချို့ကို ဖြတ်တောက်ပစ်ခဲ့ရကြောင်းဟု ကိုဇေယျာလွင်က ဆက်လက် ပြောဆိုသည်။
“မူလက အသုံးပြုရမယ့် စာသားတွေကို ကျောင်းတာဝန်ရှိသူတွေကို တင်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းလဲခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
အခမ်းအနားသို့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ခန့် လာရောက် အားပေးခဲ့ကြသည် ။ကျောင်းသား သမဂ္ဂမှ တင်ဆက်သော ဖျော်ဖြေမှုများနှင့် ပတ်သက်၍ စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦးကလည်း ယခုလို ပြောဆိုသည်။
“သံချပ်နဲ့ ပြဇာတ်က အတော်လေး ကောင်းပါတယ်။ ကျောင်းကို သည်လောက်လူတွေ အများကြီး လာလိမ့်မယ် ထင်မထားဘူး။ ဒါပေမယ့် ပါမောက္ခချုပ်နဲ့ ကျောင်းတာဝန်ရှိသူတွေကတော့ (ပြဇာတ်နှင့် သံချပ်တွေကို) ကြိုက်လိမ့်မယ် မထင်ဘူး” ဟု ယင်းကျောင်းသားမှ ပြောသည်။
တက္ကသိုလ် နှစ်(၅၀) ပြည့် အကြို အခမ်းအနားတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပြဇာတ်၊ သံချပ်တင်ဆက်မှုများ အပြင် အရောင်းဆိုင်ခန်းတွေပါ ခင်းကျင်းပြသခဲ့သည်။
တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကို လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်အား ၁၉၄၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် နှစ် ၅၀ ပြည့်မည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စားကျက်မြေကျူးကျော်သူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ်တွင် တရားစွဲ

ploughing
အများပိုင် စားကျက်မြေအပေါ် ကျူးကျော် ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး သြဂုတ်လ ၁၄ ရက်နေ့က တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ အနီးရှိ အများပိုင်မြေ စားကျက် (၁၆၃) ဧကတွင် ကျူးကျော် လယ်ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောဆိုသည်။
တရားစွဲဆိုခံရသော လယ်သမားများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ (၉) ဦး၊ တန်းခိုးရွာမှ (၈) ဦးနှင့် အောင်ဒူလာကျေးရွာမှ (၅)ဦး ဖြစ်သည်ဟု ကျွဲထိုးရွာတွင် နေထိုင်သူ ကိုမောင်ခင်မြင့်က ပြောသည်။
လယ်သမားများကို မြို့နယ်တာဝန်ရှိသူများက တရားစွဲဆိုထားသော်လည်း မိမိတို့ အနေဖြင့် တရားစွဲဆိုခံသည်ကို မသိရသေးကြောင်း ကျွဲထိုးရွာမှ တရားစွဲဆိုခံရသူ လယ်သမားဦးစံလှဖော်၏ ဇနီးဖြစ် ဒေါ်ခင်ဦးရွှေက သြဂုတ်လ (၁၄) ရက်နေ့ ညနေက နိရဉ္စရာသို့ ပြောဆိုသည်။
“ကျွန်မတို့ကို မြို့နယ်မှာ တရားစွဲဖို့ သွားကြတယ်ဆိုတဲ့ သတင်းကိုတော့ ကြားမိတယ်။ စွဲဖြစ်လား မစွဲဖြစ်လားဆိုတာကိုတော့ ကျွန်မတို့ မသိသေးဘူး” ဟု သူမက ပြောသည်။
၂၀၀၃ ခုနှစ် တိုင်းမှူးမောင်ဦးလက်ထက်တွင် လယ်သမား အချို့အား အဆိုပါ မြေနေရာများ၌ လယ်ထွန်ယက်ရန် ခွင့်ပြုသဖြင့် ထိုလယ်မြေများတွင် ထွန်ယက် စိုက်ပျိုးခဲ့သည်မှာ ယခုဆိုရင် နှစ်ပေါင်း (၁၀) ကျော်ရှိပြီဟု ဒေါ်ခင်ဦးရွှေက ဆက်လက်ပြောဆိုသည်။
“ကျွန်မတို့ စလုပ်စားတော့ အဲ့ဒီနေရာမှာ မြေသားတွေ မဟုတ်ဘူး။ တောတွေပဲရှိတာ။ ခုကျတော့မှ ကျွန်မတို့လည်း လက်မလျော့ချင်ဘူးလေ” ဟု သူမက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “အဲ့ဒါကတော့ အရင်အစိုးရ အဆက်ဆက်က ဖြစ်ပါလိမ့်မယ်။ ခုကတော့ မြေကစားကျက်မြေကိုးဗျ။ အေးဒီတော့ စားကျက်မြေမှာ ကျူးကျော်ထွန်ယက်တဲ့အတွက် စားကျက်မြေကျူးကျော် စိုက်ပျိုးမှုနဲ့ တရားစွဲတာပေါ့” ဟု ပြန်လည် ပြောဆိုသည်။
လွန်ခဲ့သော သြဂုတ်လ (၁) ရက်နေ့ကလည်း မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင်လည်း စားကျက်မြေ အပေါ် လယ်သမား (၉) ဦးက ကျူးကျော် ထွန်ယက်စိုက်ပျိုးသဖြင့် ရွာသားများ အကြား အငြင်းပွားမှု ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး  ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လယ်သမား (၉) ဦးအား တရားစွဲဆိုရာ မြောက်ဦးမြို့နယ် တရားသူကြီးက အမူကို လက်မခံခဲ့ဟု သိရသည်။
ကျေးရွာသားများ ဘုံပိုင် စားကျက်မြေတွင် ကျူးကျော် လယ်ယာထွန်ယက်စိုက်ပျိုးမူကို ယခင် စစ်အစိုးရလက်ထက်တွင် သက်ဆိုင်ရာ အာဏာပိုင်များမှ သီးစားစနစ်ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်တွင် လယ်သမားအချို့မှ ဆက်လက် ထွန်ယက်စိုက်ပျိုးနေကြကြောင်း၊ ထိုသို့ စားကျက်မြေပေါ်တွင် ထွန်ယက်စိုက်ပျိုးသဖြင့် ကျွဲနွား မွေးမြူသူ လယ်သမားများမှာ စားကျက်မရှိ၍ အထူးအခက်အခဲဖြစ်ရသဖြင့် စားကျက်မြေကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ရှိ ကျေးရွာတိုင်းလိုလိုတွင် ရွာသားများ အချင်းချင်းကြားတွင် ပြသနာ ဖြစ်ပွားနေကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

(၄၇) နှစ်မြောက် သြဂုတ် ၁၃ အခမ်းအနား ရခိုင်ပြည်နယ် နေရာအချို့တွင်ကျင်းပ

Rice-killing-day-in-Mrauk-U
( မြောက်ဦးတွင် ကျင်းပသော ၁၃ သြဂုတ် အခမ်းအနား)
သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော (၄၇) နှစ်မြောက် August Thirteen ဟု လူသိများသော စစ်တွေဆန်ပြသနာနေ့ နှစ်ပတ်လည် အခမ်းအနားကို ရခိုင်ပြည်နယ် နေရာအချို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့တွင် အဖွဲ့အစည်း (၁၀) ခုနီးပါးက စစ်တွေဆန်ပြသနာနေ့ အောက်မေ့ဖွယ် အခမ်းအနားများကို နေရာအသီးသီးတွင် အဖွဲ့အစည်းအလိုက် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
“ စစ်တွေမှာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေမှာ ကျနော် သိရသလောက်ဆိုရင် ရဟန်းတော်တွေ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ကိုယ်ခံပညာအင်အားစု၊ ရခိုင်အမျိုးသမီး ကွန်ရက်၊ ရခိုင်အမျိုးသားပါတီတို့က အသီးသီးကျင်းပခဲ့ကြပါတယ်” ဟု ဆရာ ဦးလှမောင်က ဆိုသည်။
ယခုကဲ့သို့ အခမ်းအနားကို ကျင်းပရခြင်းမှာ သမိုင်းကို မျိုးဆက်သစ်လူငယ်များကို လက်ဆင့် ကမ်းလို၍ ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
“ ဆန်ရေ စပါး ပေါကြွယ်ဝတဲ့ ရခိုင်ပြည်မှာ ဆန်ရှားပါးပြီး လူတွေ သေပွဲဝင်ခဲ့ရတယ်။ ဒါတွေကို မျိုးဆက်သစ်လူငယ်တွေကို သိစေချင်တယ်။ အထူးသဖြင့်တော့ သမိုင်းကို သိအောင်၊ မအရအောင် ခုလို မျိုး ကျင်းပပြီး လူငယ်တွေကို လက်ဆင့်ကမ်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
(၄၇) နှစ် မြောက် ဆန်ပြသနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်အမျိုးသမီး ကွန်ရက်ကလည်း သူတို့၏ ရုံးအဆောက်အဦးတွင် ပြုလုပ်ခဲ့သည်။ စစ်တွေ ဆန်ပြသနာနေ့ အရေးအခင်းတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်မညိုအေးက ထိုနေ့က မြင်ကွင်းကို ယခုလို ပြောသည်။
“ အဲဒီတုန်းက ကျမ အသက်က ၁၃ နှစ်၊ ခုနှစ်တန်းကျောင်းသူ၊ ဆန်ဈေးတွေကြီးပြီး လူတွေက  ဆန်ပြုတ် စားရတဲ့ အထိ ရောက်လာတယ်။ အဲဒီနေ့က လူတွေထောင်နဲ့ချီပြီး လမ်းပေါ် ထွက်လာကြတယ်။  ဆန်ရရှိရေးကြွေးကြော်တောင်းဆိုကြတယ်။ ဆန္ဒပြ လူအုပ်ကြီးက ကသည်းရွာဘက်ကိုရောက်လာတယ်။ သေနတ်တွေသံတွေထွက်လာတယ်။ ကျမကိုလည်း လူကြီးတွေက ကျည်ကွယ်တဲ့ နေရာကို ဆွဲခေါ်သွားတယ်။ စစ်ကားကြီးတွေပေါ်က လူအုပ်ထဲကို တည့်တည့်ပစ်တာ။ လူအုပ်ကြီးက လမ်းမပေါ်မှာ ဖရိုဖရဲဘဲ။ မနက်လင်းတော့ လူပေါင်း ၂၇၀- ၂၈၀ သေတယ်ဆိုပြီးသတင်းကြားရတယ်။ ကျမ ဒီမြင်ကွင်းကို ဒီနေ့ထိ မမေ့နိုင်သေးဘူး” ဟု ဆိုသည်။
အလားတူ အခမ်းအနားကို မြောက်ဦးမြို့ မြို့ဦးခေါင်း ကျောင်းတိုက်တွင် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး လူပေါင်း ၅၀ ကျော်တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားတွင် ကိုယ်တိုင်တွေ့ကြုံခဲ့သူ ဦးမောင်နုက ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
ညနေပိုင်းတွင် ရခိုင်လူမူကွန်ရက် (မြောက်ဦး) ကဦးဆောင်ပြီး ရှစ်သောင်းဘုရားတွင် ဆီးမီးများ ထွန်းညှိပူဇော်ခဲ့ကြပြီး စစ်တွေ ဆန်ပြသနာနေ့တွင် ကျဆုံးသွားခဲ့ကြသော ရဟန်းရှင်လူ ပြည်သူများအတွက် ဆုတောင်း အမျှပေးဝေမူများ ပြုလုပ်ခဲ့ကြသည်ဟု ကွန်ရက်မှ ဒုဥက္ကဌ ဖြစ်သူက နိရဉ္စရာသို့ ပြောကြားသည်။
စစ်တွေ ဆန်ပြသနာနေ့သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေး ကောင်စီခေတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းနှစ်က မိုးရာသီအချိန်တွင် ဆန်စပါးရှားပါးပြီး ရခိုင်ပြည်သူများ အငတ်ဘေးကျရောက်သဖြင့် အစိုးရ ဂိုဒေါင်များတွင် သိုလှောင်ထားသော ဆန်စပါးများကို ထုတ်ရောင်းချပေးရန် ထောင်သောင်းချီသော လူအုပ်ကြီးက စစ်တွေမြို့ လမ်းမများပေါ်သို့ ချီတက်ကာ တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ချီတက်လာသော လူအုပ်ကြီး စစ်တွေမြို့ နာဇီရ့က်ကွက် မြဆန်စက်အနီးသို့ အရောက်တွင် စစ်တပ်က တားဆီးပြီး မြို့တွင်းသို့ ၀င်ခွင့်ကို ပိတ်ပင်ရာမှ လူအုပ်ကြီးနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မူ ဖြစ်ပွားရာ ဆန္ဒပြပွဲတွင် ပါဝင်သူ အနည်းဆုံး လူပေါင်း ၂၀၀ ကျော်ခန့် သေဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။
အစိုးရဘက်မှ သေဆုံးသူ ၁၄ ဦးသာရှိကြောင်း ပြောဆိုပြီး အလောင်းများကို မဏ္ဍပ်ဆောက်ကာ စစ်တွေလူထုအား ပြသခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားမူနှင့် ပတ်သက်ပြီး အရေးယူမူ တစ်စုံတစ်ရာ မရှိသလို လွတ်လပ်စွာ စုံစမ်းဖေါ်ထုတ်ခွင့် မရရှိခဲ့သဖြင့် ဖြစ်ပျက်ပုံနှင့် သေဆုံးသူ အရေအတွက် အတိအကျ စာရင်းကို ကောက်ယူနိုင်ခြင်း မရှိခဲ့ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပလက်ဝ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် လောလောဆယ် မဖြစ်နိုင်သေးဟုဆို

Paletaw
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အိန္ဒိယနှင့် ကုန်သွယ်မည့် နယ်စပ်ကုန်သွယ်ရေးစခန်းကို လောလောဆယ်တွင် ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းအောင်က ပြောသည်။
“ နေရာ ရာတားထားလောက်တာဘဲ ရှိတယ်။ ခုချိန်ထိ ဘာမှ မလုပ်ရသေးဘူး” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ အိန္ဒိယဘက်က လိုအပ်ချက် အချို့ ရှိနေ၍ ဖြစ်ကြောင်း သူက ဆိုသည်။
“ စတာက အိန္ဒိယက စရမယ်လေ။ အခု အိန္ဒိယက ငွေ ခွင့်ပြုချက်တွေ မပေးနိုင်သေးဘူးလို့ ပြောတယ်။ ဒါကြောင့် ချက်ချင်း မဖြစ်နိုင်သေးဘူး။ သုံးလေးနှစ်တောင်ကြာနိုင်တယ်” ဟု ဆိုသည်။
ယင်းပြင် ပလက်ဝမှ အိန္ဒိယ နယ်စပ်တွင် တည်ရှိသော မြိတ်ဝရွာထိ ဖေါက်လုပ်မည့် မော်တော်ကားလမ်းမှာလည်း ယခုအချိန်ထိ မဖေါက်ရသေးကြောင်း သိရသည်။ အိန္ဒိယ နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော ပလက်ဝမြို့နယ် မြိတ်ဝရွာတွင် အိန္ဒိယနှင့် ဆက်သွယ်မည့် ကုန်သွယ်ရေး စခန်း အမှတ် (၄) ကို ဖွင့်လှစ်ရန် ရာတားထားသည်ဟု သတင်းများတွင် ဖေါ်ပြသည်။
“ ၂၀၁၅ မှာတော့ မဖြစ်နိုင်သေးဘူးထင်တယ်။ အခု ပလက်ဝကနေ နယ်စပ်ထိ လမ်းကလည်း မဖေါက်ရသေးဘူး။ ချက်ချင်းတော့ မဖြစ်နိုင်သေးပါ” ဟု သူက ထပ်လောင်းပြောဆိုသည်။
အိန္ဒိယ အရှေ့မြောက် ပြည်နယ်များသို့ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်း အတိုင်း ကုန်စည်များတင်ပို့မည့် လုပ်ငန်းကိုလည်း ၂၀၁၅ ခုနှစ်တွင် စတင်ရန်  အလားအလာ မရှိသေးဟု  သူက ပြောဆိုသည်။
အဘယ်အတွက်ကြောင်းဆိုသော် ကုန်တွင်းပိုင်းဆက်သွယ်မည့် မော်တော်ကားလမ်းမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်ကျိုးသွားပြီး ဖြစ်သော်လည်း  ဖေါက်လုပ်ရေး လုပ်ငန်း မစတင်နိုင်သေးဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အီဘိုလာရှိ/ မရှိ မြန်မာနိုင်ငံသားတွေ တက်ကနက်နယ်စပ်မြို့မှာ စစ်ဆေးခံရ

Myanmar-boats-in-Teknaf-jetty
မြန်မာဘက်က ၀င်လာတဲ့ ကုန်တင်ဘုတ်တွေကို တက်ကနက် ဆိပ်ကမ်းမှာ တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အီဘိုလာ ဗိုင်းရပ်စ် ရှိ / မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရာမှာ အဓိကအချက်အချာကျတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက တက်ကနက်မြို့ ဆိပ်ကမ်းမှာ အခုလို  မြန်မာဘက်မှ ၀င်လာသူတွေကို အီဘိုလာ (Ebola) ဗိုင်းရပ်စ် ရှိ/ မရှိ စစ်ဆေးတယ်လို့ ဘင်္ဂလာက သတင်းတွေမှာ ဖေါ်ပြပါတယ်။
ခုလို စစ်ဆေးမှုကို သြဂတ်စ်လ ၁၂ ရက်နေ့ ညနေပိုင်းက စပြီး ဆောင်ရွက်နေတာ ဖြစ်ပြီး ဒေါက်တာ တီတူတာရှေ့် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ ကျန်းမာရေးအဖွဲ့ တစ်ခုကနေ စစ်ဆေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရာချီရှိတဲ့ မြန်မာနိုင်ငံက ခရီးသွား၊ ကုန်သည်တွေကို စစ်ဆေးခဲ့ပေမယ့် အီဘိုလာနဲ့ ဆက်စပ်တဲ့ ရောဂါ တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
အခုလို စစ်ဆေးမှုပြုလုပ်တာဟာ မြန်မာနိုင်ငံမောင်တောမြို့မှာ ဦးနှောက် အမြှေးရောင် ရောဂါနဲ့ သေဆုံးသူ အများအပြားရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် ဖြစ်တယ်လို့  http://bangla.bdnews24.com သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။
မြန်မာဘက်မှ ၀င်ရောက်လာသူတွေကို အီဘိုလာ စစ်ဆေး ခြင်းမပြုဘဲ သူ့နိုင်ငံထဲကို ဘင်္ဂလာအာဏာပိုင်တွေက ၀င်ရောက်ခြင်း မပြုဘူးလို့ တက်ကနက်ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ ကျန်းမာရေး ၀န်ကြီးဌာနမှလည်း အဆိုပါ ဗိုင်းရပ်စ်ကို စောင့်ကြည့် စစ်ဆေးတဲ့  အဖွဲ့တခုကို ပညာရှင်များနဲ့ ဖွဲ့စည်းထားပြီး တခြား ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့်  အခုအခါ ကမ္ဘာတ၀န်းမှာ သေဆုံးသူပေါင်း ၁၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အဆိုပါ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘူးလို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးမှာ ကြောက်စရာကောင်းပြီး ပြန့်ပွားမှု လျှင်မြန်နေတယ် သတိပေးမူ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မောင်တောဘက်မှာတော့ ဘင်္ဂလာဒေခ်ျ့ဘက်က ၀င်လာသူတွေကို ခုလို အီဘိုလာ ရောဂါ စစ်ဆေးမူရှိတယ် ဆိုတဲ့ သတင်းတွေတို့ မကြားရသေးဘူးလို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဦးနှောက်အမြှေးရောင်ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ကိုးယောက်မြောက်ကလေး သေဆုံး

ရခိုင်မှ ကျေးလက် ဆေးပေးခန်းတစ်ခု( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်မှ ကျေးလက် ဆေးပေးခန်းတစ်ခု( ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေဆေးရုံကြီးတွင် ဦးနှောက် အမြှေးရောင် ရောဂါဖြင့် တက်ရောက်ဆေးကုနေသူ ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ မောင်နေဇော်လင်း (၁၀) နှစ် ယမန်နေ့က သေဆုံးသွားရာ ၎င်းကလေးငယ်သည် ယင်းရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် သေဆုံးသော (၉) ယောက်မြောက် ကလေးငယ်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသေဆုံးသွားခဲ့သော ကလေးငယ် မောင်နေဇော်လင်း (၁၀) နှစ်သည် ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ (ဘ) ဦးလှဝင်း (မိ) ဒေါ်နိုင်နိုင်စိုးတို့၏ သားဖြစ်ပြီး ဆေးရုံသို့ရောက်ပြီး သုံးရက်ခန့်အကြာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်သားက ဖျားတော့ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ပါတယ်။ ဆေးရုံ နှစ်ရက်နေခဲ့ပြီး ဦးနှောက် အမြှေးရောင် ရောဂါဖြစ်တဲ့ အတွက် စစ်တွေ ဆေးရုံကြီးကို ပို့ပါဆိုလို့ စစ်တွေဆေးရုံကြီးကို ယူလာပါတယ်။ ဒီရောက်တော့ နှစ်ရက် သုံးရက်အတွင်းမှာဘဲ ကျွန်တော်သားက ဆုံးပါးသွားပါတယ်” ဟု ဖခင်ဖြစ်သူ ဦးလှဝင်းကဆိုသည်။
ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးသွားသူ မောင်နေဇော်လင်းမှာ ယခုလပိုင်းအတွင်း(၉) ယောက်မြောက် သေဆုံးသွားသော ကလေးငယ် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆန်းကလည်း အတည်ပြုပြောကြားသည်။
“  ဖြစ်တဲ့ ကလေးငယ်က ၄၀ ကျော်ရှိပါတယ်။ အရင်က ဒီရောဂါနဲ့ သေဆုံးသွားတဲ့ကလေးက ရှစ်ဦးဆိုတော့ ဒီကလေးက ၉ ယောက်မြောက် ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ယခုအခါ အခြေအနေတိုးတက်ကောင်းမွန်လာပြီး ရောဂါကိုလည်းထိန်းချုပ်နိုင်ပြီ ဖြစ်သည်ဟု ဒေါက်တာ အောင်ဆန်းက ဆိုသည်။
ယင်းပြင် အများစု ကလေးငယ်များမှာ သက်သာသွားပြီ ဖြစ်သဖြင့် ဆေးရုံက ဆင်းသွားကြပြီးဖြစ်သော်လည်း လက်ရှိ ဆေးရုံတွင် ကလေးငယ် ၁၂ ဦး ရှိနေသေးသည်ဟု သိရသည်။
ယင်း ဦးနှောက်အမြှေးရောင်ရောဂါကို ရခိုင်ပြည်နယ် အတွင်း ၂၀၀၇ ခုနှစ်လောက်က စတွေ့ခဲ့ရပြီး ယခင်နှစ်များက ဖြစ်ပွားသူ ကလေးငယ် အရေအတွက်မှာ ယခုနှစ်လောက် မများကြောင်း၊ ၂၀၁၃ ခုနှစ်ကဆိုလျှင် တစ်ဦးတစ်လေမှ ဖြစ်ပွားခြင်း မရှိကြောင်း ဒေါက်တာ အောင်ဆန်းက ဆိုသည်။
ဦးနှောက်အမြှေးရောင်ရောဂါသည် ၀က်၊ ကြွက်စသည့် ရောဂါ ဖြစ်ပွားနေသည့် တိရစ္ဆာန်တစ်ကောင်ကောင်အား ကိုက်ထားသည့်ခြင်မှ ကလေးငယ်များကို ထပ်ကိုက်ရာမှ ကူးစက်လာသော ရောဂါဖြစ်ကြောင်း ဒေါက်တာက ပြောဆိုသည်။
အထူးသဖြင့် ၀က်ြံခံများအတွင်း ၀က်များအိုင်လူးသော ရေများတွင် ပေါက်ဖွားသောခြင်များဖြစ်ကြောင်း၊ သို့အတွက် သွေးလွန်တုတ်ကွေးရောဂါလို ခြင်ကို အဓိကထား နှိမ်နှင်းရန်လိုကြောင်း ဒေါက်တာ အောင်ဆန်းမှ ဆက်လက် ပြောဆိုသည်။
တစ်ဘက်တွင်လည်း ဦးနှောက်အမြှေးရောင်ရောဂါဖြင့် ကလေးငယ်များ သေဆုံးသူများပြားနေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။