Wednesday, September 10, 2014

မိုးရွာသွန်းမှုကြောင့် မီးတောင်မှရွှံ့ရည်များ ဖုံးလွှမ်း၍ စိုက်ပျိုးလယ်မြေများ ထပ်မံပျက်စီး

Mud_volcano_erupts_in_Arakanရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မကြာသေးမီကပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်မှ စီးကျလာသော ရွှံ့ချော်ရည်များမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အနီးရှိလယ်ယာမြေများကို ပိုမိုဖုံးလွှမ်းလာနေသဖြင့် စပါးစိုက်ပျိုးထားသော လယ်များ ထပ်မံပျက်စီးမူများရှိနေကြောင်း ဒေသခံများက ပြောသည်။
“အခုက မိုးတအားရွာလာတော့ ချော်ရည်တွေက မိုးရေစီးနဲ့မျောပါလာပြီး လယ်တွေကို တဖြေးဖြေးနဲ့ ပိုဖုံးလွှမ်း လာတယ်”ဟု ချော်ရည်ဖုံးလွှမ်းခြင်းကြောင့် လယ်မြေဧကအချို့ပျက်စီးခြင်းခံရသူ ကျောက်ဖြူမြို့ နယ်၊ ရှောက်ချောင်းကျေးရွာမှ ဦးမောင်ချမ်းနုက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာရှိ ရွှံ့မီးတောင် မှာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းမီးတောင်မှ ထွက်ပေါ်လာသော ရွှံ့ချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက်ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန် ကျေးရွာများမှ စပါးစိုက်ပျိုးပြီး လယ်မြေဧက ၃ဝဝ ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခု နောက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အဆိုပါချော်ရည်များမှာ မိုးရေစီးနှင့် မျောပါလာပြီး လယ်မြေများကို ပိုမိုဖုံးလွှမ်းလာနေခြင်းကြောင့် စိုက်ပျိုးပြီးစ စပါးစိုက်ခင်းများ ပိုမိုပျက်စီးလာနေ ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့က ချော်ရည်တွေ လယ်မြေတွေကို နောက်ထပ်မဖုံးလွှမ်းအောင် သက်ဆိုင်ရာအာဏာ ပိုင်တွေ တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု လယ်ယာမြေပျက်စီးခြင်းခံလိုက်ရသည့် ဦးကျော်ဝင်းက ပြောသည်။
မီးတောင်ပေါက်ကွဲအပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ခင် ပါဝင်သော တာဝန်ရှိအဖွဲ့မှလာရောက်ကာ ချော်ရည်ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသည့် လယ်မြေစာရင်းကို လာရောက်စာရင်းကောက်ယူသွားခဲ့သော်လည်း စက်တင်ဘာလ ၈ ရက်အထိ မည်သည့် လုပ်ဆောင်ပေးခြင်းမျှ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“ဝန်ကြီးဦးကျော်ခင်ပြောခဲ့တာက လုပ်ပေးမယ်လို့ပြောတယ်။ သူက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေကို တင်ပြထားသလိုလို၊ ပျက်စီးသွားတဲ့လယ်မြေတွေအတွက် မျိုးစပါးတွေပေးမယ့်ပုံလိုလို၊ မြေသြ ဇာတွေပေးမယ့်ပုံလိုလို ပြောသွားတယ်။ ဘာလုပ်ပေးမယ်ဆိုတာတော့ တိတိကျကျမပြောခဲ့ဘူး”ဟု ဦးကျော် ဝင်းက ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်ခင်အား နိရဉ္စရာသတင်းဌာက စက်တင်ဘာလ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ဆက်သွယ် မေးမြန်းရာ ယင်းက “အဲဒီကိစ္စကို ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုမေးပါ။ ကျွန်တော်ခ ရီးသွားနေတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။
အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
မီးတောင်ပေါက်ကွဲအပြီး ဒေသခံများ၏ ကနဦးခန့်မှန်းချက်အရ ရွှံ့ချော်ရည်ဖုံးလွှမ်းပျက်စီးသွားသည့် လယ်မြေများမှာ ကျေးရွာသုံးခုပေါင်း ဧက ၃ဝဝ ကျော်ခန့်ရှိသည်ဟုခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရက ချော်ရည်ဖုံးလွှမ်းမှုကြောင့် ပျက်စီးသွားသည့်လယ်မြေဧကများမှာ ကျေးရွာသုံးရွာမှ ဒေသခံ ၂ဝ ဦး၏ လယ်မြေဧက ၁၂ ဒသမ ၄ဝ ဧကသာပျက်စီးသွားကြောင်း ကြေညာခဲ့သည်။
“အတွေ့အကြုံရှိတဲ့လူကြီးတွေပြောတာကတော့ ချော်ရည်ဖုံးသွားတဲ့လယ်တွေက လုပ်စားလို့မရတော့ ဘူးလို့ပြောကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဇွန်လအရေးအခင်းအတွင်း ကျဆုံးသွားခဲ့ကြသူများ၏မိသားစုများသို့ အလှူငွေပေးအပ်ပွဲနှင့် ‘မာရယုချစ်သော ဓည၀တီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်

wain-hin-agစာရေးဆရာဝေဟင်အောင်၏ သွေးနဲ့ရေးသည့်မြေစာအုပ်မှ ရရှိသောငွေများကို ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားခဲ့ကြသူများ၏ ကျန်ရစ်သူ မိသားစုများအား အလှူငွေပေးအပ်ပွဲ နှင့် စာရေးဆရာဝေဟင်အောင်၏ ‘မာရယုချစ်သော ဓည၀တီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်။အခမ်းအနားအား အမှတ် ၄၄၊ ဖဖြူလမ်း၊ လမ်းသစ်ရပ်ကွက် စစ်တွေမြို့ရှိ ၀ံလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း ရုံးခန်းတွင် ၎င်းနေ့ မွန်းလွဲ ၁-နာရီတွင်ပြုလုပ်ခဲ့သည်။
wai-hinအခမ်းအနားသို့ စစ်တွေမြို့မှ  နာမည်ကြီး စာရေးဆရာများဖြစ်ကြသော ဆရာကြီးဦးမောင်ဗသိန်း၊ ဆရာကြီး ဦးအောင်လှသိန်း၊ ဗဂျီးကျော်(စစ်တွေ)၊ စစ်တွေပွင့်လွှာ၊ ပံသုခင်အပါအ၀င် စာရေးဆရာများ၊ ဆရာဝေဟင်အောင် မိသားစု၊ ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသူများ၏ ကျန်ရစ်သူမိသားစုတချို့နှင့် စိတ်ဝင်စားသူစုစုပေါင်း ၄၀-ခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ၂၀၁၂-ခု ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသူများ၏ ကျန်ရစ်သူ မိသားစုများက စာရေးဆရာ ဝေဟင်အောင်ထံမှ အလှူငွေများကို လက်ခံရယူပြီး၊ တက်ရောက်လာကြသော လူကြီး-လူငယ် စာရေးဆရာများက ဆရာဝေဟင်အောင်၏ စာပေလောက၌ အောင်မြင်လာမှုများ၊ ယခင်ထုတ်ဝေခဲ့သော သွေးနဲ့ရေးသည့်မြေစာအုပ်နှင့် ယခုအသစ်ထုတ်ဝေလိုက်သော မာရယုချစ်သော ဓည၀တီ စာအုပ်နှင့်ပတ်သက်၍ ချီးကျူး၊ ထောက်ပြ၊ ဝေဖန်မူများကို ပွင့်လင်း ရင်းနှီးစွာ ပြုလုပ်ခဲ့ကြသည်။
စာရေးဆရာဝေဟင်အောင်၏ သွေးနဲ့ရေးသည့်မြေစာအုပ်ကို မလေးရှားတွင် တစ်ကြိမ်၊ မြန်မာနိုင်ငံထဲတွင် ၄-ကြိမ်၊ စုစုပေါင်း ငါးကြိမ်ထုတ်ဝေခဲ့ရပြီး ယင်းစာအုပ်ရောင်းချသော ငွေများကို ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသော သူများ၏ မိသားစုများကို ထောက်ပံ့ငွေများ ပေးလှူခဲ့ခြင်းဖြစ်သည်။
waiစာရေးဆရာဝေဟင်အောင်က” ဒီစာအုပ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ လူမျိုးတမျိုးရဲ့ သမိုင်းစတင်ခြင်းကို မျိုးဆက်သစ်လူငယ်များ သိစေဖို့ ထုတ်ဝေရခြင်းဖြစ်ပါတယ်” ဟု ‘မာရယုချစ်သော ဓည၀တီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ယင်းအခမ်းအနားသို့တက်ရောက်လာသော ရခိုင်သမိုင်းသုတေသီ-စာရေးဆရာ ဆရာကြီးဦးမောင်ဗသိန်းက ယခုလို ပြောဆိုသည်။
“သိပ်စေတနာထားပြီးတော့ ရင်တွင်းခံစားချက်တွေကို ထင်ဟပ်အောင် ရေးသားထားတဲ့စာအုပ်ဖြစ်တဲ့အတွက် အထူးအောင်မြင်မှုရှိခဲ့ပြီး စာအုပ်ကို ၄-ကြိမ်ထပ်ရိုက်ခဲ့ရပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မိသားစုတွေအတွက် စေတနာထားလှူဒါန်းတာကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရခိုင်တွေဟာ အုပ်ချုပ်ခံတွေ ဖြစ်နေတဲ့အတွက် ကူညီမယ့်သူမဲ့နေပါတယ်။ ညီညီညွတ်ညွတ်နဲ့ ခုခံသွားရပါမယ်။ စာအုပ်နဲ့ မှတ်တမ်းတင်ထားတဲ့အတွက် သိပ်တာဝန်ကျေပါတယ်” ဟု ပြောကြားသွားပါသည်။
ဆရာကြီး ဦးအောင်လှသိန်းကလည်း “သမိုင်းနဲ့ပတ်သက်ပြီးရေးသားရင် သတိထားပြီးရေးသားဖို့လိုပါတယ်။ ဆရာဝေဟင်အောင်ကို တခုထောက်ပြချင်တာကတော့ ကျမ်းကိုးဆိုတဲ့နေရာမှာ မှီငြမ်းလို့ရေးစေချင်ပါတယ်” ဟု ထောက်ပြဝေဖန်သွားပါသည်။
စာရေးဆရာမကြီး စစ်တွေပွင့်လွှာကလည်း “သွေးနဲ့ရေးသည့်မြေစာအုပ်ကို ၄-ကြိမ်ထုတ်ဝေခဲ့ရတယ်။ အခု စာအုပ်ဟာလည်း ၁၀-ကြိမ်လောက် ထုတ်ဝေရလိမ့်မယ်လို့ယုံကြည်ပါတယ်။ သမိုင်းကြောင်းနောက်ခံ စာပေတွေ အများကြီးရေးသားနိုင်ပါစေ” ဟု အားပေးစကားပြောသွားပါသည်။
စာရေးဆရာမ ပံသုခင်ကလည်း “သမိုင်းနောက်ခံ ၀တ္ထုတွေဟာ စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။ သမိုင်းတုံးတိတိကို မဖတ်ချင်သူတွေကို ၀တ္ထုပိုင်းကဆွဲဆောင်နိုင်ပါတယ်။ ရသပါတဲ့ သမိုင်းနောက်ခံဝတ္ထုတွေ နောက်ထပ်ရေးသားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ချီးကျူးပြောကြားသွားသည်။
မောင်မောင်စော ရခိုင်ညွန်ဖူးကလည်း “ရခိုင်ညွန့်ဖူးဆိုတာ မြောက်ဦးရွှေနန်းတော်ကို ရည်ညွှန်းပါတယ်။ ပုလွေမှုတ်နေတဲ့ ပုံမဟုတ်ပါဘူး။ ယခုစာအုပ်မှာပါတဲ့ ဘီလူးပုံဟာ မာရယုသမိုင်းထဲက ဘီလူးပုံနဲ့လွဲနေပါတယ်။ အမှန်က မွေးရှည် ဒြာဘီဒီယန်ဘီလူးပါ” ဟု စာအုပ်မျက်နှာဖုံးပါ ဘီလူးပုံကို ဝေဖန်ထောက်ပြသွားပါသည်။
စာရေးဆရာ ဂေါယာမြေစောဝင်းကလည်း “လင်္ကာနဲ့ပြောရရင် အများကြီးပဲ။ ဆရာဝေဟင်အောင်ဟာ စာပေနယ်ထဲကို ၀င်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စာပေအလင်းရောင်နဲ့ ဂူထဲကိုဖြတ်သန်းတဲ့အခါ ဂူမှာဘာတွေရှိလဲဆိုတာကို သတိထားဖြတ်လျှောက်ပါ” ဟု ထောက်ပြဝေဖန်သွားပါသည်။
ဆရာဝေဟင်အောင်က “ဘက်စုံ ထောင့်စုံမှ ဝေဖန်ထောက်ပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ စာအုပ်မှာ ပါတဲ့ဘီလူးကတော့ ဇာတ်လမ်းထဲက ဘီလူးအဖြစ်သဘောထား ဖေါ်ပြတာပါ။ မိမိတို့ရခိုင် ဘီလူးများဟာလည်း သာသနာစောင့်ဘီလူးဖြစ်တဲ့အတွက် မသင့်တော်လို့ မသုံးတာဖြစ်ပါတယ်” ဟု ထုတ်ဖေါ်ပြောကြားသည်။
စာရေးဆရာဝေဟင်အောင်အနေဖြင့် ရသစာပေကိုအားသန်သူ ဖြစ်သော်လည်း  သရော်စာ၊ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဒဿန၊ သမိုင်းဆိုင်ရာ စာအုပ်များကိုနောက်ထပ် ထုတ်ဝေသွားမည်ဖြစ်ပြီး စာအုပ်ထုတ်ဝေခြင်းမှ ရရှိသောအကျိုးအမြတ်များကို တိုင်းပြည်နဲ့လူမျိုးအတွက် အသုံးပြုသွားမည်ဟု သူ၏ရည်ရွယ်ချက်ကို နိရဉ္စရာ သတင်းဌာနအားပြောကြားသွားပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကြားဖြတ် ရွေးကောက်ပွဲပယ်ဖျက်မူ ၂၀၁၅ ရွေးကောက်ပွဲကိုထိခိုက်နိုင်ဟု ရခိုင်ခေါင်းဆောင် တုန့်ပြန်

ANP-Leader-in-CEC-meeting-U-Aye-Tha-Aungယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်ခြင်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတုန့်ပြန် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ တော့ဟု ပြောဆိုလိုက်ခြင်းအပေါ် မည်သို့ သဘောထားပါသလဲဟု နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဦးအေးသာအောင်က ထိုသို့ တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။
“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လုပ်မယ်၊ နောက်မလုပ် တော့ဘူး ဆိုပြီး ပြောနေတာတွေဟာ လုံးဝမလုပ်သင့်ဘူး။ ဒီလိုပြောဆိုနေတဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်ကို ထင်ယောင်ထင်မှားဖြစ်လာနိုင်တယ်။ ဒီလိုပြောနေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက အမျိုးမျိုးမြင်လာနိုင်တယ်။ ဒီလိုမြင်လာခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက် ပွဲတခု ဖြစ်လာမလားဆိုတာကို စဉ်းစားစရာ ဖြစ်လာနိုင်တယ် ” ဟု ဦးအေးသာအောင်က ဆိုသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဟု ပြောဆိုခဲ့သည်။
လွတ်တော်တွင် ဖွဲ့စည်းပုံပြင်မည့်ကိစ္စ၊ ရွေးကောက်ပွဲစနစ် လေ့လာသည့် ကိစ္စများရှိသည့်အတွက် အလုပ်များမည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ကျပ် ၂ ဘီလီယံနီးပါး ကုန်ကျ မည်ဖြစ်ကြောင်း၊  မဲဆန္ဒနယ် ၃၀ ကျော်မှာ လွတ်တော်အတွင်း ပြောင်းလဲမှု သက်ရောက်မည် မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပရန် ဥက္ကဌ တစ်ဦး လုပ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုသွားသည်။
ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးအရ စမ်းသပ်သည့် လုပ်ရပ် သဘောမျိုး ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ယခုကဲ့သို့ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ပြောနေတာဟာ အမှန်က တိုင်းပြည်အတွက်၊ လွတ်တော်အတွက်ထက် နိုင်ငံရေးအရ စမ်းသပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဒီလိုမျိုး ပြောလည်းမပြောသင့်၊ လုပ်လည်းမလုပ်သင့်ဘူး” ဟု ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ပြောဆိုနေခြင်းကြောင်း ပြည်သူများက ထင်ယောင်ထင် မှားဖြစ် လာနိုင်ပြီး နိုင်ငံရေးပါတီများကလည်း သံသဖြစ်လာနိုင်ကြောင်း ဦးအေးသာအောင်က ပြောဆိုသွား သည်။
ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ (၃) နေရာတွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် လိုက်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ကျော်တွင် ကြားဖြတ် ရွေး ကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က မကြာသေးမီးက ထုတ်ဖော် ပြောဆိုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တပြုတ်သီးဦးသာကျော်၏သား မူးယစ်ဆေးဝါးနှင့် ဆက်စပ် ဖမ်းဆီးခံရ

Yaba_807297657ရခိုင်ပြည်နယ်မှ တပြုတ်သီး ဦးသာကျော် (ကွယ်လွန်)၏သား ဦးရဲထွန်းကျော် (၃၅) နှစ်အား မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမူနှင့် ဆက်စပ်င်္ပြီး ရဲကဖမ်းဆီးလိုက်သည်ဟု ရခိုင်ပြည်နယ် အစိုးရ ၀က်ဆိုက်တွင် ဖေါ်ပြသည်။
သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး (အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ကာသူ့အား မြောက်ဦးမြို့ နေအိမ်တစ်ခုမှ ဖမ်းဆီးခဲ့သည်ဟု ယင်းသတင်းတွင် ဖေါ်ပြသည်။
သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီကျော်ခန့်က ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E—– Kluger မော်တော်ယာဉ်အား တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းရာမှ ၎င်းသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း၏ နေအိမ်၌ ရောက်ရှိနေကြောင်း၊ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့ တောင်ရပ် (၂)လမ်း၊ အမှတ်(တ၇/၂၂၄) နေ ဦးကျော်ဆန်း၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော ရဲထွန်းကျော် ၃၅ နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြသည်။
ယခုအခါ အရေးယူအပြစ်ပေးနိုင်ရန် ဆောင်ရွက်နေပြီး အမှုနှင့် ဆက်စပ်နေသော ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်နေသည်ဟု သိရသည်။
သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးမှ ဦးရဲထွန်းကျော်အား ဖမ်းဆီးထားခြင်း ဟုတ်မှန်ကြောင်း၊ သို့သော်လည်း စစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် မပြောနိုင်ကြောင်း၊ သူ့အား ရန်ကုန်သို့ လွဲပြောင်းသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒီဇင်ဘာလတွင် ရခိုင် မြို့ ၅ ခု မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိတော့မည်

 ကျောက်ဖြူ မဒေးကျွန်းတွင် ဓါတ်မီးတိုင်များ စိုက်ထူထားစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူ မဒေးကျွန်းတွင် ဓါတ်မီးတိုင်များ စိုက်ထူထားစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ယခုလာမည့်ဒီဇင်ဘာလတွင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့ ၅ မြို့တွင် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ရခိုင်ပြည်နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအင်ဂျင်နီယာဌာနမှ  တာဝန်ရှိ သူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။
“ဒီဇင်ဘာမှာ မြို့ ၅ မြို့ လျှပ်စစ်မီး ၂၄ နာရီရရှိတော့မှာပါ။ အချိန်မီရရှိနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ယင်းက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောသည်။
အစိုးရတာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်သို့ရောက်ရှိတိုင်း  စစ်တွေမြို့နှင့် ပုဏ္ဏား ကျွန်း မြို့တို့တွင် လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိ မည်ဟု ကတိပြုပြောဆိုထားသည်။
ယခုအခါ ယင်းမြို့ (၂) မြို့ အပြင် ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့များတွင်လည်း ဒီဇင်ဘာလအတွင်း လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
“လာမယ့်ဒီဇင်ဘာမှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းပဲရမယ်လို့ ကျွန်တော်တို့သိထားတယ်။ အခုတော့မြို့ အများကြီးရမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ တစ်ပြည်နယ်လုံးကိုတောင် ချက်ချင်းရစေချင်တာ”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိသေးသည့်အတွက် မြို့ကြီးများထက် ကျေးလက်ဒေသများတွင် ဒေသဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အားနည်းများ များစွာရှိနေသည်ကိုတွေ့ရပြီး ယင်းအား နည်းချက်များကို ကုစားနိုင်ရန်မှာ လျှပ်စစ်မီးသည်သာ အဓိကကျကြောင်း ရခိုင် ဒေသခံများက တစ်ညီတညွတ်တည်းထောက်ပြ ပြောဆိုကြသည်။
၂ဝ၁၅ ခှုနှစ်အတွင်း ရခိုင်တစ်ပြည်လုံး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေးအတွက် အစိုးရက မဟာ ဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီးသွယ်တန်းလျက်ရှိရာ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင် ကုတ်မြို့များတွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး အမ်းမြို့တွင်လည်း မဟာ ဓာတ်အားလိုင်းမှတဆင့် တစ်နေ့လျှင် လျှပ်စစ်မီး ၈ နာရီခွဲနီးပါး အထိ ရရှိကြောင်း သိရသည်။
အလားတူ သဘာဝဓာတ်ငွေ့များစတင်ထွက်ရှိရာ ကျောက်ဖြူမြို့တွင်လည်း ၁ ဒသမ ၁ မဂ္ဂါဝပ်ရှိသော ဂတ်စ်တာဘိုင် ၄ လုံးဖြင့် လျှပ်စစ်မီး ၂၄ နာရီပေးလျက်ရှိပြီး အဆိုပါဂတ်စ်တာဘိုင်များကို နောက်ပိုင်းတွင် ၅ဝ မဂ္ဂါဝပ်အဖြစ်ပြောင်းလဲထုတ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ရခိုင်ပြည်ရှိ မြို့များအားလုံးကိုလည်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ် ၂၄ နာရီထုတ်လွှတ် ပေးနိုင်ရန် မြို့နယ်တိုင်းတွင်ဓာတ်အားခွဲရုံများတည်ဆောက်ကာ ဓာတ်အားခွဲရုံများမှတဆင့် မြို့တိုင်း၊ ကျေးလက်တိုင်းကိုအဆင့်ဆင့်ထုတ်လွှတ်ပေးသွားရန်အစိုးရကစီမံချက်ဖြင့် ဆောင်ရွက် နေသည်ကို တွေ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တရုတ်အဆောင် မီးရှို့မူဖြင့် မြန်မာအလုပ်သမား (၁၇) ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

china-opens-pipeline-to-bring-gas-from-myanmar
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက် တရုတ် ရေနံတွန်းအားပေး စက်ရုံရှိ တရုတ် အလုပ်သမား အဆောင် မီးရှို့မူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမား ချင်းလူမျိုး (၁၇) ဦးကို အမ်းမြို့နယ်တရားရုံးက နှစ်ရှည် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။
စက်တင်ဘာလ (၅) ရက်နေ့ နောက်ဆုံး ရုံးချိန်းတွင် အမ်းမြို့နယ် တရားရုံးက ဦးဆောင်ပါဝင်သူ သုံးဦးကို ထောင် ၁၀ နှစ်၊ ကျန် ၁၄ ဦးကို ထောင် ၆ နှစ်စီ အသီးသီး စီရင်ချက်ချလိုက်ကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။
“ သူတို့ထဲက ဓာတ်ဆီယူလာသူ၊ မီးခြစ်ပေးသူ၊ မီးရှို့သူ သုံးဦးကို ထောင် (၁၀) နှစ်စီ တရားရုံးက အပြစ်ပေးလိုက်တယ်။ ကျန် ၁၄  ဦးကိုတော့ ၆ နှစ်စီချလိုက်တယ်။ အမ်းမြို့နယ် တရားရုံးက  ခုလို သူတို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
သူတို့အား ထောင်ချလိုက်သော ပုဒ်မများမှာ မီးရှို့မူ ပုဒ်မ ၄၃၆၊ ပိုင်နက်ကျူးလွန်မူ ပုဒ်မ ၄၅၂ နှင့် အကျိုးဖျက်ဆီးမူ ပုဒ်မ ၄၂၇ တို့ဖြစ်ကြောင်း၊ ထိုအထဲမှ မင်းကို၊ မောင်ဇော်နဲ့ ငမဲတို့မှာ ဦးဆောင်သူများဖြစ်၍ ထောင် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း၊ ကျန် ၁၄ ဦးကို (၆) နှစ်စီ ချလိုက်ကြောင်း  အဆိုပါ ရဲတာဝန်ရှိသူက ဆိုသည်။
“ ဖြစ်တာက တရုတ်အလုပ်သမားတွေက သူတို့ကို အနိုင်ခံတယ်။ နောက်တစ်ချက်က လစာနည်းတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေက မကျေနပ် ဖြစ်ရာကနေ အဆောင်တွေကို ဖျက်ဆီး၊ မီးရှို့မူတွေ လုပ်ခဲ့အတွက် အမ်းမြို့နယ် တရားရုံးက ခုလို ထောင်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ရဲတာဝန်ရှိသူက ဆိုသည်။
ယခု တရားစီရင်မူမှာ ဥပဒေကြောင်းရ မျှတမူ မရှိသဖြင့် ကျောက်ဖြူခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု သူတို့အမူကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ (၄) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးမျိုးမြတ်ဟိန်းက ပြောသည်။
“ ဥပဒေကြောင်းအရရော၊ တခြားအကြောင်းအခြင်းအရာတွေအရရော ခုလို စီရင်ချက်ချလိုက်တာဟာ မျှတမူ မရှိဘူးလို့ ယုံကြည်တဲ့ အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ ဆက်လက် အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့က  အမ်းမြို့နယ် တောင်စောက် ရေနံတွန်းအားပေး စက်ရုံတွင် အဆောင် အပေါ်ထပ်တွင် နေထိုင်သူ တရုတ်အလုပ်သမားများက အောက်ထပ်တွင် နေထိုင်သူ  မြန်မာအလုပ်သမားများ အပေါ်သို့ ရေဖြင့် လောင်းချရာမှ အချင်းများခဲ့ကြပြီး ကျေနပ်မူ မရှိသော မြန်မာ အလုပ်သမားများက တရုတ်အလုပ်သမားများနေထိုင်သော အဆောင် တစ်ဆောင်အား  မီးရှို့ ဖျက်ဆီးခံခဲ့ကြသည်။
ယင်းအမူနှင့် ဆက်စပ်ပြီး မြန်မာ အလုပ်သမား ၁၇ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ကာ အမ်းမြို့နယ်တရားရုံးက  (၈) လအကြာ အမူကို ကြားနာ စစ်ဆေးခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက မြန်မာ အလုပ်သမားများကို ပြစ်မူ ထင်ရှားသည်ဟု ဆိုကာ ထောင် (၆) နှစ်ကနေ (၁၀) နှစ်ထိ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီ မြို့နယ် ကော်မီတီ(၁၅) ခု အောင်မြင်စွာဖွဲ့စည်း

( မြောက်ဦးမြို့နယ် ညီလာခံ)
( မြောက်ဦးမြို့နယ် ညီလာခံ)
ရခိုင်အမျိုးသားပါတီ (ANP) ၏ မြို့နယ်ကော်မီတီများကို မြို့နယ် တစ်ခုချင်းစီအလိုက် ဖွဲ့စည်းနေရာ ယခုအခါ  မြို့နယ် (၁၅) ခုတွင် အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်သည်ဟု ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။
“ ကျောက်ဖြူနဲ့ မင်းပြား မြို့နယ် (၂) ခုဘဲ ကျန်တယ်။ ကျန်တဲ့ မြို့နယ်တွေ အကုန်လုံးမှာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဦးစံကျော်လှက ဆိုသည်။
( ရသေ့တောင် မြို့နယ် ညီလာခံ)
( ရသေ့တောင် မြို့နယ် ညီလာခံ)
ဖွဲ့စည်းပြီးစီးသွားသော မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မာန်အောင်၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့ ဖြစ်ကြသည်။
“  ဖွဲ့စည်းခဲ့တဲ့ မြို့နယ်တိုင်းမှာ ပြသနာကြီးကြီးကျယ်ကျယ် ဖြစ်တာ မရှိပါဘူး။ အားလုံး အေးအေးဆေးဆေးနဲ့ ပီးဆုံးသွားခဲ့ပါတယ်။ အခု ဖွဲ့စည်းနေတာက ပါတီရဲ့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း ပထမအကြိမ် ပါတီညီလာခံ မတိုင်မီ မြို့နယ်ကော်မီတီတွေကို ဖွဲ့စည်းနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
( ဘူးသီးတောင်မြို့နယ် ညီလာခံ)
( ဘူးသီးတောင်မြို့နယ် ညီလာခံ)
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ပါတီ ဗဟိုကော်မီ အစည်းအဝေးကို ယခု လကုန်ပိုင်းတွင် သံတွဲမြို့တွင် ကျင်းပရန် စီစဉ်ထားရာ မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် (၅) ဦးကျစီ တက်ရောက်ပြီး ပါတီ ဗဟိုကော်မီတီဝင်များအပါအ၀င် ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စသော ပါတီ ခေါင်းဆောင်များကို ရွေးချယ် တင်မြောက်ကြမည် ဖြစ်သည်။
“ ကျွန်တော်တို့ မြို့နယ်မှာတော့ ဘာမှ ပြသနာ မရှိဘူး။ အဆင်ပြေချောမွေ့စွာနဲ့ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဗဟိုအလုပ်အမူဆောင် (၂၅) ဦးကို ရွေးချယ် တင်မြောက်ခဲ့ကြပါတယ်” ဟု ပုဏ္ဍားကျွန်းမြို့နယ် ဒုဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးစံရွှေကျော်က ပြောသည်။
( မောင်တောမြို့နယ် ညီလာခံ)
( မောင်တောမြို့နယ် ညီလာခံ)
မြောက်ဦးမြို့နယ် ကော်မီတီကိုလည်း ကိုယ်စားလှယ်ပေါင်း (၅၈၈) ဦး တက်ရောက်ခဲ့သော မြို့နယ် ညီလာခံမှ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွေးချယ် တင်မြောက်နိုင်ခဲ့ပြီး ဦးထွန်းလိုင် (ဥက္ကဌ)၊ ဦးထွန်းသာစိန် (ဒုဥက္ကဃ)၊ ဦးမြသာအောင် (ဒုဥက္ကဌ ၂)၊ ဦးထွန်းနေ၀င်းတို့ကို အတွင်းရေးမှူး အဖြစ် ရွှေးချယ်တင်မြောက်ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ မြို့နယ် ကော်မီတီများကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ် တစ်ခုစီတွင် ကိုယ်စားလှယ် (၃၀၀) ကျော်အထိ တက်ရောက်ခဲ့သည့် မြို့နယ် ညီလာခံများကို ပြုလုပ်နိုင်ခဲ့သည်မှာ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်သူလူထုက မည်မျှ စိတ်ဝင်တစားနှင့် ထောက်ခံမူ ပြုနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ထောက်ခံမူ၊ ပြည်သူများအကြား စည်းလုံးညီညွှတ်မူတို့ကို မြင်တွေ့ရ၍ အထူးဝမ်းမြောက်ကြောင်း ပါတီ ခေါင်းဆောင် ဦးစံကျော်လှက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း

DSCN1160
တောင်ကုတ်မြို့နယ်၏ ဒေသလိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီကို သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ ၂ ရက်နေ့များက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကော်မီတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲမာန်ခိုင်က ပြောသည်။
“တောင်ကုတ်မြို့နယ်ရဲ့ ဒေသလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး  တောင်ကုတ် မြို့လယ်ရှိ ဓမ္မာရုံကြီးမှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ဖွဲ့စည်းခဲ့တာပါ။ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု သူက ဆိုသည်။
ယင်ဖွဲ့စည်းလိုက်သော လူုထုအကျိုးဆောင် ကော်မတီတွင် တောင်ကုတ်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ လူငယ်၊ လူလတ်၊ လူကြီးများ ပါဝင်ကြောင်း သူက ဆိုသည်။
ရခိုင်ဒေသအကျိုးကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် မြို့နယ်တိုင်းနီးပါးတွင် တစ်မြို့နယ်ချင်းစီအလိုက် “ရခိုင်လူမှုကွန်ရက်” အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းထားကြပြီး၊ ယင်းအထဲ တောင်ကုတ်မြို့တွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)လည်း ပါဝင်သည်။
သို့သော် ယခုဖွဲ့စည်းလိုက်သော “တောင်ကုတ်မြို့နယ် လူထု အကျိုးဆောင်ကော်မတီ”မှာ ရခိုင်လူမှု ကွန်ရက် (တောင်ကုတ်)နှင့် သက်ဆိုင်မှုမရှိဘဲ သီးခြားအဖွဲ့အစည်းတစ်ခု အဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင်တို့က ပြောသည်။
ယင်းဆပ်ကော်မတီကို နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကော်မတီတို့အပါအဝင် အဖွဲ့ဝင် ၅၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“အခု တောင်ကုတ်မှာဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့လည်း ဒေသရဲ့လိုအပ်ချက်ကိုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီး နောက်ပိုင်းမှာ  သူတို့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရလိုမှုအတွက် လုပ်သွားမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုံးဝလက် မခံနိုင်ဘူး”ဟု တောင်ကုတ်မြို့ခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွား

Burma-oic-protest-nov2013
အိုအိုင်စီကို ယခုလိုကန့်ကွက်မူများရှိခဲ့သဖြင့် တိတ်တိတ်ကလေး စစ်တွေသို့ ၀င်လာခဲ့သည်။ (Photo-RFA)
မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်သော အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအဖွဲ့တွင် အဖွဲ့ဝင် (၆)  ဦးခန့်ပါဝင်ပြီး စစ်တွေမြို့သို့စက်တင်ဘာလ ၃ ရက်နေ့က ရောက်ရှိလာပြီး ၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူတို့၏ စစ်တွေ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နှင့် မူဆလင် နှစ်ဘက်အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များကို ယင်းOIC ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
“ သူတို့က အိုအိုင်စီကိုယ်စားလှယ်အဖွဲ့လို့လည်း မပြောဘူး။ သူတို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို စနည်းနာတဲ့ အနေအထားမျိုးနဲ့ လာကြည့်တဲ့သဘောပါ။ အဲဒီမှာ စစ်တွေက မြို့မိမြို့ဖတွေ၊ မူဆလင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်” ဟု သူတို့နှင့် အတူ ခရီးစဉ်ကို လိုက်ပါ ကူညီပေးခဲ့သူ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအား စစ်တွေမြို့ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ (၆) နာရီခန်.တွင် ပြုလုပ်ခဲ့ပြီး OIC ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းဆိုင်ရာ အကူအညီများကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည် ဆိုသည်။
“ သူတို့က လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုပြီင်္းတော့ ကမ်းလှမ်းပါတယ်။ ၀န်ကြီးချုပ်ကတော့ ကျေးဇူးတင်တဲ့ အကြောင်းတွေကို ပြောတယ်။ ဒါ့ပြင် အခုအချိန်ဟာ အခြေအနေတွေ မတည်ငြိမ်သေးတဲ့ အတွက် အိုအိုင်စီက အကူအညီကြောင့် နောက်ထပ် ပြသနာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ အခု အစိုးရက နိုင်ငံသား စိစစ်ရေးကို လုပ်နေတယ်။ အဲသလို လုပ်ပြီးတဲ့အခါ နေရာချထားပေးမူတွေကို စီစဉ်ပေးမယ်။ အဲဒီအခါ အကူအညီတွေ လိုကောင်းလိုမယ်။  အဲဒီအချိန်ရောက်မှ အကူအညီတွေကို စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်” ဟု ဆိုသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးလှသိန်းက ပြောသည်။
ယင်းOIC ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မိမြို့ဖများနှင့်လည်း ယင်းနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပြီး အကူအညီပေးရန် ကမ်းလှမ်းမူများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။
“ သူတို့က ကျွန်တော်တို့ကို ဖိတ်တာက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်အဖွဲ့ တစ်ဖွဲ့က တွေ့ချင်တယ်ဆိုပြီး ဖိတ်ပါတယ်။ ကျွန်တော်တို့က အိုအိုင်စီအဖွဲ့မှန်း မသိဘူး။ သိရင် ဆွေးနွေးပွဲကို မတတ်မှာကို စိုးရိမ်လို့ ခုလို လိမ်ပြီးဖိတ်တာပေါ့။ အစည်းအဝေးမှာ သူတို့လိုချင်နေတဲ့ အတိုင်း လူသားချင်း စာနာတဲ့ အကူအညီတွေကို ပေးမှာပေါ့။ ဘက်မလိုက်ဘဲ နှစ်ဘက်စလုံးကို ပေးမှာပေါ့။အိုအိုင်စီက ဘာသာရေးအဖွဲ့မဟုတ်ကြောင်း၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ဒါတွေကို ပြောကြားတာပေါ့” ဟု ဆိုသည်။
ဦင်္းသာပွင့်မှ သူတုန့်ပြန်ပြောကြားခဲ့မူကို ယခုလို ဆက်ပြောဆိုသည်။
“ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ၂၁၀၂ အရေးအခင်းမတိုင်မှီ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဒီင်္မတိုင်ခင်မှာလည်း အမျိုးမျိုးကပ်ဆိုးတွေကျရောက်ခဲ့တယ်။ ဒီတုန်းကတော့ ခင်ဗျားတို့က ဘာမှ အကူအညီပေးဖို့ ရောက်လာခဲ့တာ မရှိခဲ့ဘူး။ အခု ၂၀၁၂ ကျမှ ဘင်္ဂလီတွေ ငိုပြတော့ ခင်ဗျားတို့က ကူညီဖို့ ရောက်လာခဲ့တယ်။ ဘယ်လောက်ဘဲ မင်းတို့က ဘက်မလိုက်ဘဲ သမာသမတ်ကျပါတယ်လို့ဆိုဆို ဒီအချက်ကို ကြည့်ကတည်းက သမာသမတ် မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါ့ပြင် လူသားချင်းစာနာတဲ့ အကူအညီပေးမယ်ဆိုရင်လည်း အစိုးရက တဆင့်သာပေး။ ခင်ဗျားတို့ကိုယ်တိုင် ပေးတာတို့ လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်” ဟု ဆိုသည်။
လူသားချင်း အကူအညီကို အစိုးရမှ တဆင့် ပေးကမ်းရန် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ဖွံ့ဖြိုးရေး အကူအညီကို လက်ခံမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေး အကူအညီ နောက်ကွယ်တွင် လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများ နောက်ကွယ်တွင် ကပ်ပါလာတတ်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးသာပွင့်က ဆိုသည်။
OIC ကိုယ်စားလှယ်အဖွဲ့သည် နောက်ပိုင်းတွင် စစ်တွေမြို့တွင် တည်ရှိသော ရခိုင်နှင့် မူဆလင် ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ပြီး  တွေ့ရှိချက်များကို အိုအိုင်စီအဖွဲ့သို့ အစီရင်ခံ တင်ပြ သွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ငှက်ချောင်းဒုက္ခသည်စခန်းအား နယ်မြေတိကျသတ်မှတ်ရန် ပေါက်တောမြို့နယ်လူထုတောင်းဆို

monk-in-pauk-taw
အစည်းအဝေးပြုလုပ်နေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းအား နယ်မြေတိတိကျကျ ပိုင်းခြားသတ်မှတ်ရန်နှင့် စခန်းပြင်ပသို့ စည်းကမ်းမဲ့ ဝင်ထွက်သွားလာနေခြင်းအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ထိန်းချုပ်ပေးရန် ပေါက်တောဒေသခံများက တောင်းဆိုလိုက်သည်။
ယင်းတောင်းဆိုမူအား စက်တင်ဘာလ ၃ ရက်နေ့က ပေါက်တောမြို့နယ်ရှိ စိုင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ကျေးရွာပေါင်း (၂၃) ရွာမှ ကိုယ်စားလှယ်များ တက်ရောက်သည့် အစည်းအဝေးတွင် လက်မှတ်ရေးထိုးတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးကို စိုင်းတုတ်ကျွန်း၊ သလွန်တောင်ကျွန်းနှင့် အင်္ဂရားချိုင်ကျွန်းပေါ်ရှိ ကျေးရွာပေါင်း (၂၃)ရွာမှ သံဃာတော်များနှင့် ရွာသူ၊ ရွာသားများအပြင် ပေါက်တောမြို့နယ်မှ နာရေးကူညီမှုအသင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအသင်း၊ မြို့နယ် သွေးအလှူရှင်အသင်းနှင့် မြို့နယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းတွင် ရဲတပ်ရင်းများနှင့် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ဘင်္ဂါလီများက ဒုက္ခသည်စခန်းပြင်ပသို့ စည်းကမ်းမဲ့ ဝင်ထွက်သွားလာမှုများရှိနေပြီး၊ အနီးအနားရှိ စိုင်းတုတ်ကျွန်းအပါအဝင် အခြားပေါက်တောမြို့နယ် ကျေးရွာများမှ ရခိုင်တိုင်းရင်းသားများကို မကြာခဏ အုပ်စုဖွဲ့ရန်စမှုများရှိနေသဖြင့် စိုင်းတုတ်ဆရာတော် ဦးသောဘိတမှ ကျွန်းလုံးကျွတ် အစည်းအဝေးအား ဦးဆောင်ခေါ်ယူကာ ပြည်နယ်အစိုးရထံသို့ လက်မှတ်ရေးထိုး တောင်းဆိုကြခြင်း ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ပေါက်တောမြို့နယ် လူမှုကွန်ရက်မှ ဦးဦးကျော်ဝင်းက ပြောသည်။
“ ခုက ဒုက္ခသည်စခန်းလို့သာဆိုတယ်။ ဘင်္ဂါလီတွေက သွားချင်တာ လျှောက်သွားနေကြတယ်။ စခန်းနဲ့ မိုင်ပေါင်းများစွာကိုလည်းသွားတာပဲ။ အုပ်စုဖွဲ့ပြီး ရခိုင်တွေကို ရန်စရှာတာတွေ လုပ်လာတော့ အဲ့ဒီကျွန်းမှာ (တိုင်းရင်းသားတွေ) အလုပ်လုပ်စားလို့ မရဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
ကျင်းပခဲ့သော အစည်းအဝေးမှ ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းအား နယ်မြေ ဧရိယာ တိတိကျကျသတ်မှတ်ပေးရန်၊ ဘင်္ဂါလီဒုက္ခသည်များအား စခန်ပြင်ပသို့ အချိန်မတော် စည်းကမ်းမဲ့ ဝင်ထွက်သွားလာခြင်းအား သက်ဆိုင်ရာမှ ထိန်းကွပ်ရန်၊ ဒုက္ခသည်စခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအား သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကြပ်မတ် စစ်ဆေးရန် စသည့် အချက်(၃)ချက်ကို တောင်းဆိုခဲ့ကြသည်။
pauktaw
ယင်းတောင်းဆိုချက်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ မကြာခင် တင်ပြ အကြောင်းကြားသွားမည်ဟု ဦးဦးကျော်ဝင်းက နိရဉ္စရာသို့ ပြောသည်။
“ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို မကြာခင် တိုက်ရိုက်တင်မယ်။ ပြီးရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားမယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်းဆိုချက်များကို တာဝန်ယူဖြေရှင်းပေးခြင်းမရှိပါက ရွာသူ၊ ရွာသားများက ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်သွားရန် အစည်းအဝေးတွင် တက်ရောက်လာသူများက ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သူ စိုင်းတုတ်ရွာမှ ဦးခိုင်မိုးက ပြောသည်။
ပေါက်တောမြို့နယ်ရှိ ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းအနီး ဆင်အိုင်ကျေးရွာနှင့် ဂျော်ဂျီရွာ ပျက်နေရာတွင် ရဲတပ်ကင်းစခန်းများ ရှိနေပြီး၊ ငှက်ချောင်းဒုက္ခသည်စခန်းတွင် စစ်တပ်ရှိ နေသော်လည်း ဒုက္ခသည်များမှာမကြာခဏအပြင်သို့ထွက်ပြီး ဒေသခံများကိုရန်စမှုများရှိနေကြောင်း ပေါက်တောဒေသခံများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)