Thursday, July 11, 2013

ရခိုင်တွင် လူဦးရေ သန်းခေါင်စာရင်း ပြန်လည်ကောက်ခံရန် အချိန်အကန့်အသတ်မရှိ ကြာမြင့်နိုင်

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး လူဦးရေစစ်တမ်းများ ပြန်လည်ကောက်ယူရန် အကန့်အသတ်မရှိ ကြာမြင့်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဇူလိုင် ၉ ရက်တွင်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးရုံးတွင် ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် လူဦးရေစာရင်း ကောက်ခံမှုများ မပြုလုပ်မီ ဒုက္ခသည်စခန်းများရှိ လူဦးရေစာရင်းများ ကောက်ခံခဲ့သော်လည်း ပေါက်တောနှင့် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီလူမျိုးများက အခြားလူမျိုးစု တစ်စု၏ အမည်ကို ပြောင်းပေးရန် တောင်းဆိုရာမှ အကြမ်းဖက်သည့်အသွင်ဖြစ်ပေါ်လာသဖြင့် ရပ်နားခဲ့ရသည်ဟု ၎င်းကဆိုသည်။

ဦးကျော်ကျော်ဝင်းက “လတ်တလောမှာတော့ ဆွဲ၊ တင်၊ စစ် စနစ်နဲ့ လူဦးရေစာရင်းကောက်ဖို့ မလွယ် သေးပါဘူး။ပထမအဆင့်အနေနဲ့ဌာနဆိုင်ရာတွေ နှစ်ဖက် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတုန်းအဆင့်ပဲ ရှိပါသေးတယ်။ ဒီအဆင့်ပြီးရင် နှစ်ဖက် လူ့အဖွဲ့အစည်းကို စည်းရုံးပြီးမှ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ ကောက်ခံတဲ့အဆင့်ကို ရောက်မှာပါ။ဘယ်အချိန်လို့အတိအကျမပြောနိုင်သေးပါဘူး”ဟု ပြောဆိုသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာတွင် လ၀က၀န်ထမ်းတစ်ဦး၊ လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ထိခိုက်ဒဏ်ရာရမှုကြောင့် ဆေးရုံတင်ခဲ့ရပြီး လူငါးဦး ဒဏ်ရာရရှိခဲ့ရာ မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရန် စာရင်းကောက်ခံမှုကို ရပ်နားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ မြို့နယ်အများစု၌ ဘင်္ဂလီလူမျိုးများနှင့် ရခိုင်လူမျိုးများ ယှဉ်တွဲနေထိုင်ကြသဖြင့် နိုင်ငံသားဟုတ်သည် မဟုတ်သည်ကို သိသာထင်ရှားစေရန် ရခိုင်တိုင်းရင်းသားများက လိုလားကြသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

၎င်းက “လူမျိုးရေးပြသနာတွေကို ဖြေရှင်းဖို့ဆိုရင် အစိုးရက တိကျတဲ့ ထုတ်ဖော်ပေးမှုတွေ လိုတယ်၊ ဘယ်သူကနိုင်ငံသားဖြစ်တယ်။ ဘယ်သူက ယာယီနိုင်ငံသားဖြစ်တယ်။ နိုင်ငံသားရဲ့ အခွင့်ရေးတွေက ဘယ်လို၊ နိုင်ငံသားမဟုတ်သူတွေရဲ့ အခွင့်ရေးက ဘယ်လိုဆိုတာ ဥပဒေအရ ဖော်ထုတ်ပေးဖို့ လိုပါတယ်။ ဒီအတိုင်း သူတို့ကလက်မခံလို့ မကောက်ဘူးဆိုရင် မကြာခင်မှာ နိုင်ငံသားအခွင့်ရေးတွေ မဲထည့် ခွင့်တွေနဲ့ စပ်လျဉ်းပြီး ပိုပြီး အငြင်းပွားစရာတွေ ဖြစ်လာလိမ့်မယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးအတွက် မြေပုံရေးဆွဲခြင်း၊ နေအိမ်အဆောက်အဦးများသို့ တင်ခြင်း၊ နေအိမ်များရှိ အိမ်ထောင်စု လူဦးရေများကို စစ်ဆေးခြင်း စသော ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် အဖွဲ့  ၆၃ ဖွဲ့ဖြင့် ဧပြီလ ၂၆ ရက်တွင် စတင်ကောက်ခံရန် ကြိုးပမ်းခဲ့သော်လည်း ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီများနှင့် ပဋိပက္ခဖြစ်၍ ရပ်နားခဲ့ရသည်။

ထိုသို့ ကောက်ခံရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ၊ ဘင်္ဂါလီလူမျိုးစု ခေါင်းဆောင်များ ပါဝင်ခဲ့သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ၊ ရေးသားသူ- ကေဇင်ဦး)

No comments: