Thursday, July 31, 2014

MSF ကို ပြန်လည်ဖိတ်ခေါ်ခဲ့ခြင်းအတွက် ဒေသခံများအား ပြည်နယ်ဝန်ကြီးချုပ် တောင်းပန်

ဖေဖော်ဝါရီလအတွင်းက MSF ထွက်ခွာသွားရေး ဆန္ဒထုတ်ဖော်နေသည့် ရခိုင်တိုင်းရင်းသားများ (ဓာတ်ပုံ−ညွန့်ဝင်း/အီးပီအေ)
နယ်စည်းမခြား ဆရာ ၀န်များအဖွဲ့ MSF (AZG) အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းအ တွက် ရခိုင်တိုင်းရင်းသားများ စိတ်ဆင်းရဲခဲ့ခြင်းအပေါ် ပြည် နယ်ဝန်ကြီးချုပ်က တောင်းပန် လိုက်ပြီး UN/INGO များ၏ ရခိုင် ပြည်နယ်အတွင်း ဆောင်ရွက်မှု များအတွက် ပြည်နယ်အစိုးရအ ဖွဲ့က လုံးဝတာဝန်ယူကြောင်း က တိပြုလိုက်သည်။
ပြည်နယ်အစိုးရက MSF (AZG) အဖွဲ့အား ပြန်လည် ဖိတ် ခေါ်ခဲ့သည့်အပေါ် ရခိုင်တိုင်းရင်း သားများက ကန့်ကွက်ကြောင်း ဇူ လိုင် ၂၇ ရက်က အကြောင်းကြား စာကို ဇူလိုင် ၁၈ ရက်တွင် ပြန် လည်အကြောင်းပြန်သည့်စာ၌ အထက်ပါ ကတိက၀တ်များ ထည့် သွင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြန်စာလက်ခံရရှိသူများက ပြော သည်။
အငြင်းပွားဖွယ်ရာ အခြေအ နေများ၊ ဘင်္ဂါလီများအပေါ် ဘက် လိုက်ထောက်ခံမှုများနှင့်ပြည် နယ်အတွင်း နိုင်ငံရေးကိစ္စများ ၀င်ရောက်စွက်ဖက်သည်ဟု အ စဉ်တစိုက် ဝေဖန်ခံခဲ့ရသည့် နယ် စည်းမခြား ဆရာဝန်များအဖွဲ့ MSF (AZG) ကို အခြား NGO/ INGO များနှင့်အတူ ရခိုင်ပြည် နယ်အတွင်း ပြန်လည်လုပ်ကိုင် ရန် ပြည်နယ်အစိုးရက ဇူလိုင် ၂၃ ရက်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်အစိုးရ၏ ဖိတ်ခေါ် မှုအပြီးတွင် ရခိုင်တိုင်းရင်းသား များက ကန့်ကွက်မှုများပြုလုပ်ခဲ့ ပြီး ဆရာတော်သံဃာတော်များ၊ သက်ကြီးနိုင်ငံရေး အုပ်စုများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ တစ်သီး ပုဂ္ဂလများက စစ်တွေမြို့၌ ဇူလိုင် ၂၅ ရက်တွင်  စည်းဝေးတိုင်ပင် ခဲ့ပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လပိုင်းအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၏ နေရာတွင် အ စားထိုးခန့်အပ်ခံခဲ့ရသည့် ဦးမောင် မောင်အုန်း (ဗိုလ်ချုပ်)သည် စစ် တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသား အင်အားစုများထံ အကြောင်းပြန် သည့်စာတွင် UN/INGO မည် သည့်အဖွဲ့အစည်းမဆို ဘက် လိုက်မှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံ ရေးကိစ္စများကို သွေးထိုးလှုံ့ဆော် မှုစသည့်ကိစ္စများ လုံးဝမရှိစေဘဲ ပြည်နယ်အစိုးရအဖွဲ့၊ ပြည် ထောင်စုအဆင့် ECC ၊ ပြည်နယ် အဆင့် ECC နှင့်အတူ ရခိုင်တိုင်း ရင်းသား မြို့မိမြို့ဖ၊ လူငယ်အဖွဲ့ အစည်းအားလုံး၏ အနီးကပ်ကြပ် မတ်မှုများဖြင့် ရခိုင်တိုင်းရင်းသား များ၏ ဆန္ဒအတိုင်းသာ အလေး ထားဆောင်ရွက်သွားစေမည်ဖြစ် ကြောင်းလည်း အကြောင်းပြန်ခဲ့ သည်။
ထို့အပြင် UN/INGO များ ၏ ရခိုင်ပြည်နယ်အတွင်း ဆောင် ရွက်မှုများအတွက် ပြည်နယ်အစိုး ရအဖွဲ့က လုံးဝ တာဝန်ယူကြောင်း ကတိက၀တ်ပြုလိုက်သည်။
UN/INGO များသည် ပြည် ထောင်စုအဆင့် အရာရှိများဖြင့် သဘောတူစာချုပ်များ ချုပ်ဆို ထားခြင်းဖြစ်သောကြောင့် ပြည် နယ်အစိုးရက ၎င်းတို့၏ လုပ်ရပ် များအပေါ် လုံးဝတာဝန်ယူ ကြောင်း ပြောဆိုသည်ကို သံသ ယအနည်းငယ်ဖြစ်မိကြောင်း စစ် တွေမြို့၏ မြို့မိမြို့ဖ ဦးသန်းထွန်း က ပြောသည်။
‘‘ဒါဝန်ကြီးချုပ်ကို မယုံလို့ ပြောတာမဟုတ်ဘူး။ စနစ်ကို မယုံလို့ ပြောတာပါ’’ ဟု ဦးသန်း ထွန်းက ပြောသည်။
MSF ကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများက မကျေ မနပ်ဖြစ်ပြီး စိတ်ဆင်းရဲ ဒေါသ ဖြစ်မှုများ ဖြစ်ခဲ့ရကြောင်း သိရ သည့်အတွက် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ ၀န်ကြီးချုပ်အနေဖြင့် အမှန်တကယ် လွန်စွာ စိတ်မ ကောင်း ၀မ်းနည်းခံစားခဲ့ရသည် ဟုလည်း အဆိုပါ အကြောင်းပြန် စာတွင် ရေးသားထားကြောင်း သိ ရသည်။
အဆိုပါ အဖွဲ့အစည်းကို ဖိတ်ခေါ်ရခြင်းမှာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အစီအမံများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာ စာမျက်နှာတွင် လွန် ကဲစွာ သုံးသပ်နေမှုများကို ထင် သာမြင်သာရှိအောင် ဆောင်ရွက် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ရေး သားထားသည်။
‘‘အထူးသဖြင့် MSF ဟာ ရ ခိုင်လူမျိုးတွေအတွက် ပြစ်မှုကြီး တွေအများကြီး ကျူးလွန်ခဲ့တယ်။ အဲဒီပြစ်မှုကြီးတွေ အများကြီး ကျူးလွန်ခဲ့တဲ့ MSF ကို ရခိုင်တို့ရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး ပြန်လည်ဖိတ်ခေါ်ခဲ့တာကို ရခိုင် တိုင်းရင်းသားတွေက လုံးဝသ ဘောမတူဘူးလို့ ကန့်ကွက်တယ်။ MSF ဟာ အရင်လိုပဲ ဆက်လုပ် နေရင် အခုတစ်ခါ ဆန္ဒပြပွဲထက် ပိုဆိုးတဲ့ အနေအထားကို ရောက် လာနိုင်တယ်’’ ဟု ဦးသန်းထွန်းက ပြောသည်။
(သတင်းအရင်းအမြစ်- 7 Days News)

Wednesday, July 30, 2014

ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ လျော်ကြေးရမည်

ဓာတ်ပုံ - တောင်ကုတ်ပြတိုက်ဖေ့စ်ဘွတ်ခ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာက ဂေါက်ကွင်းအတွက် မြေယာစွန့်လွတ်ခဲ့ရတဲ့ လယ်သမားတွေကို ရခိုင်ပြည်နယ်အစိုးရက ၁ ဧကကို ကျပ်သိန်း ၂၀ နှုန်းနဲ့ နစ်နာကြေးပေးဖို့ ညှိနှိုင်းသဘောတူလိုက်ကြပါတယ်။
၂၀၀၀ ပြည့် နှစ်ဆန်းပိုင်းမှာ စကခ (၅) က ဗိုလ်မှူးးချုပ် ကြည်သိန်းက ဦးစီးပြီး ကိုင်းရှည်ရွာသား ၇ ဦးရဲ့ မြေဧက ၇၀ လောက်ကို သိမ်းဆည်း ဂေါက်ကွင်းလုပ်ဆောင်ပြီး မြို့မိမြို့ဖကို လွှဲခဲ့ပြီး ဂေါက်ကွင်းကော်မတီနဲ့ စီမံနေတာပါ။
တပ်မတော်အစိုးရ လက်ထက် မပြောရဲပေမယ့် လက်ရှိကာလမှာ သူတို့လယ် သူတို့ ပြန်ရဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဌာနတွေ၊ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေကို ဥပဒေဘောင်တွင်းက တင်ပြပေမယ့် မထူးတာကြောင့် ဇွန် ၂၄ ရက်နေ့က ဂေါက်ကွင်းမှာ  ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။
ဒီဆောင်ရွက်ချက်ကြောင့် သူတို့ကို ဂေါက်ကွင်းတာဝန်ရှိသူတွေက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီကာလအတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲမှာ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တောင်ကုတ်မြို့ကိုလာစဉ် တင်ပြလို့ နစ်နာကြေးပေးဖို့ ဖြစ်လာတာပါ။
ဇူလိုင်လ ၂၈ ရက်နေ့က မြေသိမ်းခံရတဲ့ လယ်သမား ၇ ယောက်ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းကို ဖိတ်ခေါ်ပြီး မြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေ၊ ဂေါက်ကော်မတီက တာဝန်ရှိသူတွေနဲ့ နှစ်ရက်ဆက်တိုက် ညှိနှိုင်းပြီး သဘောတူခဲ့တာလို့ တက်ရောက်ညှိနှိုင်းတဲ့ လယ်သမား ကိုခလေး ခေါ် ကိုစိုးမိုးနိုင်က ပြောပါတယ်။
ကာလပေါက်ဈေး ၁ ဧကကို ကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၄၀ အထိ ဈေးပေါက်ပေမယ့် ၁ ဧကကို သိန်း ၂၀ နဲ့ ညှိနှိုင်းအဆင်ပြေတာလို့ ဆိုပါတယ်။
“၂၆ ရက်နေ့က ညှိတယ်၊ အဆင်မပြေဘူး။ နောက်တရက် ထပ်ညှိတယ်၊ အဆင်ပြေသွားတယ်။ ပေးတာကလည်း ဒီကလူတွေ ပေးမှာမဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်တင်ပြရမှာ သူတို့က၊ ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြလို့မှ မပြည့်ရင် ဒီကလူကြီးတွေ ၀ိုင်းဖြည့်ပေးမယ်။ အမှုကိုလည်း ရုပ်သိမ်းပေးမယ် ပြောတယ်။”
ဧကပေါင်း ၇၀ ကျော် သိမ်းတဲ့ထဲက လယ်မြေ ၂၈ ဧက လောက်အတွက် နစ်နာကြေးပေးမှာဖြစ်ပြီး ကျန်မြေတွေကတော့ နွားစားကျက်တွေဖြစ်လို့ နစ်နာကြေးမယူတော့ဖို့ ညှိနှိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။
သူတို့အပေါ် ဂေါက်ကွင်းကော်မတီက စွဲဆိုတဲ့ ပိုင်နက်ကျူးလွန်မှုကို ရုပ်သိမ်းပေးမယ်လို့ ညှိနှိုင်းပေမယ့် လာမယ့်သြဂုတ် ၆ ရက်နေ့ကိုတော့ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကိုစိုးမိုးနိုင်က ပြောဆိုပါတယ်။
(သတင်းအရင်းအမြစ်- DVB)

တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော် မဆုံးဖြတ်သေးပါ

စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ - ရိုက်တာ)
စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ – ရိုက်တာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုအတွက် သံတွဲခရိုင်တရားရုံးက စွဲချက်တင်တဲ့အပေါ် ပြည်နယ်တရားရုံးမှာ ပြင်ဆင်မှု လျှောက်လဲချက် ပေးထားပေမယ့် ပြည်နယ်တရားလွှတ်တော်ရဲ့ အဆုံးအဖြတ် မထုတ်ပြန်သေးဘူးလို့ တရားခံရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် တောင် ကုတ်မြို့မှာ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုကို သံတွဲခရိုင် တရားရုံးမှာ စစ်ဆေးပြီး ပြီးခဲ့တဲ့မေလကုန်မှာ တရားသူကြီးက တရားခံတွေကို လူသတ်မှု၊ ကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
ဒီစွဲချက်ကို မကျေနပ်လို့ တရားခံ ၇ ဦးအနက် ၆ ဦးအတွက် လိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်အေးနုစိန်၊ ကျန်တဦးအတွက် အမှုလိုက်ရှေ့နေ ဦးကျော်ညွန့်မောင်တို့က ပြည်နယ် တရားလွှတ်တော်မှာ ပြင်ဆင်မှုတင်သွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင်  ၁၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
လျှောက်လဲချက်ပေးပြီး ၁ ပတ် သို့မဟုတ် ၁၀ ရက်အတွင်း အမိန့်ချလေ့ချထ ရှိတာကြောင့် မနေ့က တရားလွှတ်တော်ကို သွားကြည့်ရာမှာ  အမိန့်ချမယ့်ရက် မကြေညာသေးဘူးလို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို မေးမြန်းတဲ့အခါ ပြည်နယ်တရားလွှတ်တော်က လုပ်ငန်း မပြီးပြတ်သေးလို့ အမိန့်မချသေးတာ ဖြစ်နိုင်တဲ့အကြောင်းနဲ့ တချို့အမှုတွေမှာ ၂ လ ခန့်ထိ ကြာမြင့်တတ်ကြောင်း ရှင်းပြပါတယ်။
“လောလောဆယ် မချသေးဘူးဆိုတာ တရားသူကြီးက အမှုတွဲကို သေချာ လေ့လာနေလို့၊ စဉ်းစားနေလို့ သို့မဟုတ် သူဆုံးဖြတ်ချက် မပြီးသေးလို့ မချတာလို့ပဲ ပြောလို့ရပါတယ်။”
ပြည်နယ်တရားလွှတ်တော်က စွဲချက်ကို အတည်ပြုရင် အောက်ရုံးမှာ ဆက်စစ်ရမယ်။ စွဲချက်ကို အတည်မပြုရင်တော့ တရားရှင်လွှတ်မှာဖြစ်တယ်လို့ ဦးကိုနီက ရှင်းပြပါတယ်။
၂၀၁၂ ခုနှစ် တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာမှာ နေပြည်တော်ရဲက တိုက်ရိုက် ဖမ်းဆီး ရုံးတင်ခဲ့တာဖြစ်သလို ၁ နှစ်နီးပါး စစ်ဆေးအပြီး ခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီလူသတ်မြှုဖစ်အပြီး ရခိုင်ပြည်နယ်အတွင်း မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်းခွဲလောက် ဒုက္ခသည် ဖြစ်ခဲ့သလို ပြည်နယ်နဲ့ တိုင်းတချို့မှာ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်က ဒီဖြစ်စဉ်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်အရေးယူမယ်လို့ မနှစ်တုန်းက တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- DVB)

မဒေးကျွန်းတွင် ပေးထားသည့် ကတိအတိုင်း လျှပ်စစ်မီးမရသေး

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် မဒေးကျွန်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကတိပေးပြောကြားထားတဲ့အတိုင်း ၂၄ နာရီ လျှပ်စစ်မီးမရသေးဘူးလို့ ရခိုင်လူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။
]စီအန်ပီစီ တရုတ်ကုမ္ပဏီကုိ ြပီးခဲ့တဲ့ ဧြပီလက မေဒးကျွန်းေဒသခံများ ဆန္ဒြပခဲ့ြကစဉ်
စီအန်ပီစီ တရုတ်ကုပ္ပဏီကို ပြီးခဲ့တဲ့ ၂၀၁၃ ဧပြီလက ဒေသခံများ ဆန္ဒခဲ့ကြစဉ်
သူတို့ဒေသမှာ သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ဖို့ ပိုက်လိုင်းသွယ်တန်း ပို့လွှတ်ရေးစီမံကိန်း အကောင်အထည် လာဖော်ပြီး တဲ့နောက် ပြည်သူ များရဲ့ နစ်နာ ချက်တွေ ပြန် လည်ဖြည့်ဆည်းပေး တဲ့အနေနဲ့ အာဏာပိုင်တွေက လျှပ်စစစ်မီး ၂၄ နာရီ အခမဲ့သွယ် တန်းပေး မယ်လို့ ပြောဆို ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာ လျှပ်စစ်မီး တနေ့ကို ၄ နာရီပဲ ရတဲ့အပြင် မီတာဗောက်စ် တခုကိုလည်း အနည်းဆုံး ကျပ် ၁ သိန်းကျော်ကနေ ၂ သိန်းနီးပါးထိ ပေးဝယ်နေရတယ်လို့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။
မဒေးကျွန်းမှာ လျှပ်စစ်မီးရတာ ၁ လကျော်ရှိပြီဖြစ်ပြီး မီးက ည ၆ နာရီခွဲကနေ ၁၀ နာရီခွဲထိ တရက်ကို ၄ နာရီသာ ရရှိကြောင်း၊ မီတာဗောက်စ် ၀ယ်နိုင်သူမှာလည်း ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် လူများစုမှာ အရင်လို အမှောင်ထဲမှာ နေနေရတုန်းပဲလို့ သူကဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စီအန်ပီစီ China National Petroleum Cooperation ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၊ အစိုးရနဲ့ ဒေသခံကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးသင့်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဆီ တင်ပြထားပြီး ခရိုင်မှူးကလည်း ဆောင်ရွက်ပေးမယ်လို့ ပြောထားကြောင်း၊ ဒါပေမယ့် ၁ လခွဲကြာတဲ့ထိ ဘာမှထူးခြားမှု မရှိသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။
ဒါကြောင့် ၂၄ နာရီ မီးလင်းရေး ကိစ္စအပြင် အခြား မြေယာကိစ္စ၊ အလုပ်အကိုင်အခွင့်အရေးကိစ္စတွေပါ ဆောင်ရွက်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ရခိုင် လူမှုကွန်ရက်အဖွဲ့က ပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရွာသားတွေမှာ စားကျက်မြေဆုံးရှုံးခြင်း၊ ဘိုးဘွားပိုင်မြေ အသိမ်းခံရခြင်း၊ ထရပ်ကားကြီးတွေကြောင့် လမ်းပျက်စီးခြင်း၊ ဒေသခံတို့ အလုပ်အကိုင်ရှားပါးခြင်း၊ ငါးဖမ်းကွက်တွေ ပျေက်ဆုံးခြင်း၊ လျော်ကြေးငွေ အပြည့်မရခြင်း စတဲ့ ပြဿ နာတွေ ရင်ဆိုင်နေရတဲ့အတွက် ဒါတွေ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာ ကုမ္ပဏီရော အာဏာပိုင်တွေကိုပါ ဆန္ဒ္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- DVB)

ဘူးသီးတောင်မြို့ဖမ်းမိ ယာဘားဆေးပြားတစ်သိန်းနှင့် ဆက်စပ်၍ ရဲက လူသုံးဦးကိုဖမ်းဆီး

Yabaရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းတွင် ယခုလ စောစောပိုင်းက ဖမ်းမိခဲ့သော ယာဘား စိတ်ကြွဆေး (၁) သိန်းနှင့် ဆက်စပ်သူများဟု သင်္ကာမကင်းသူ (၃) ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။
“ ရုံးမတင်သေးသလို တရားရုံးကလည်း အပြစ်ရှိတယ်လို့ မသတ်မှတ်သေးဘူး။ စစ်ဆေး နေတုန်းဘဲ ရှိသေးတယ်။ ဒါကြောင့် လုပ်ထုံးလုပ်နည်းအရ သူတို့နာမည်တွေကိုတော့ ထုတ်ဖေါ်ပြောလို့ မရဘူး။ ဒါပေမယ့် ဖမ်းဆီးထား သုံးဦးရှိတယ်။ နှစ်ဦးက စစ်တွေက ရခိုင်၊ တစ်ဦးက မောင်တောက မူဆလင် ဖြစ်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးး ဦးအောင်ဗလေးက နိရဉ္စရာသို့ ပြောသည်။
ယခုလ ၉ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ ဆိပ်ကပ်လာသော ပြည်တွင်းရေကြောင်းပိုင် လူတင် သင်္ဘောတစ်စီးအား သတင်းအရ ရဲကတက်ရောက်ရှာဖွေစဉ် PLK ကော်ဖီတံဆိပ်ပါ အထုပ်များထဲမှ ယာဘားစိတ်ကြွဆေးပြား (၁) သိန်းကို ဖမ်းမိခဲ့သည်။
“ ကျွန်တော်တို့က ဒီအထုပ်တွေကို ဘယ်သူပို့သလဲ၊ ဘယ်ကလာသလဲဆိုတာကို စစ်ဆေးတော့ စစ်တွေက ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ပိုင်ရှင် ဖြစ်သူနဲ့ ပို့တဲ့ အလုပ်သမား တစ်ဦးကို ဖမ်းတယ်။ နောက်ပိုင်းမှာ မောင်တောက မူဆလင် တစ်ဦးကို ဆက်ဖမ်းတယ်။ ကျန်ပါဝင်ပတ်သက်တဲ့ မောင်တောက မူဆလင် တစ်ဦးကတော့ ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးသွားတယ်” ဟု ရဲမှူးးက ဆိုသည်။
သူတို့အား ရုံးတင် တရားစွဲဆိုမည်/ မစွဲဆိုမည်ကို အမူ စစ်ဆေးနေတုန်းဖြစ်၍ မပြောနိုင်ကြောင်း သူက ဆက်ပြောဆိုသည်။
ရခိုင်ပြည်နယ်သည် ယခုအခါ ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့သော မူးယစ်ဆေးဝါး သယ်ယူရာ လမ်းကြောင်း တစ်ခုဖြစ်နေပြီး မကြာခဏဆိုသလို ယာဘား စိတ်ကြွဆေးပြားများကို ဖမ်းဆီးမိနေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြဝတီသတင်းစာပါ ပေါက်တောမြို့ဆိပ်ခံတံတားပြီးစီးကြောင်းသတင်းမှားယွင်းသည်ဟု မြို့ခံများဆို

scan-newspaper-ptaw-harbour
( မြ၀တီ သတင်းစာတွင် ဇူလိုင်လ ၂၄ ရက်နေ့က ရေးသားဖေါ်ပြသော သတင်း)
မြ၀တီ သတင်းစာ မျက်နာဖုံးတွင် ဇူလိုင်လ(၂၄)ရက်နေ့က  “ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သော သတင်းမှာ မှားယွင်းကြောင်း ပေါက်တောမြို့ခံများက ပြောဆိုသည်။
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု အစိုးရပိုင် မီဒီယာ တစ်ခုမှ ရေးသားဖေါ်ပြခြင်းမှာ မဖြစ်သင့်ဟု ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးကျော်ဝင်းကြီးက နိရဉ္စရာသို့  ပြောဆိုသည်။
“ မယုံရင်လာကြည့်လို့ ရတယ်။ တံတားက မပြီးသေးဘူး။ မပြီးသေးတာကို ပြီးတယ်လို့ရေးတော့ မြို့သိက္ခာကျတယ်။ သာမန်မီဒီယာတစ်ခုက ရေးတာမျိုးမဟုတ်ပဲ အစိုးရ မီဒီယာကတောင်မှ ဒီလိုလုပ်တယ်ဆိုရင် မြို့သူမြို့သားတွေကို လိမ်ရာကျတယ် ” ဟု သူက ပြောသည်။
pataw-harbour
ပေါက်တောဆိပ်ခံတံတား တည်ဆောက်နေမူကို ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ဇူလိုင်လ ၂၄ ရက်နေ့က မြ၀တီသတင်းစာ၌ “ ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် မျက်နာဖုံးတွင် ရေးသားဖေါ်ပြသော သတင်းတွင် “ရခိုင်ပြည်နယ် ပေါက်တောမြို့ဆိပ်ခံတံတားကို ရခိုင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေဖြင့် အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်ဖေဖေါ်ဝါရီ ၂၆ ရက်တွင် စတင်၍ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ဆိပ်ကမ်းတံတား တည်ဆောက်မူမှာ ယမန်နေ့က ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်” ဟု ဖေါ်ပြထားသည်။
ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု ရေးသားဖေါ်ပြခြင်းမှာ နောက်ကွယ်က အကြောင်းအရာ တစ်ခုခု ရှိနိုင်ကြောင်း ပေါက်တောမြို့ လူမှုကွန်ရက်မှ ကိုအောင်မြင့်က ပြောသည်။
“ မြို့က လူတွေကတော့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ သတင်းဌာနက သတင်းသမားတွေနဲ့ပေါင်းပြီး လုပ်စားသလားဆိုပီး ဝေဖန်မူတွေ ရှိနေတယ်။ ပြီးစီးရမယ့် သတ်မှတ်ထားတဲ့ နေရက်မှာ ဆိပ်ခံ တံတား မပြီးနိုင်တဲ့ အတွက် လျော်ကြေးပေးရမှာ ကြောက်လို့ ခုလို လုပ်ကြံဖန်တီး ရေးသားတာလား ဆိုပြီး ခုသတင်းနဲ့ ပတ်သက်ပြီး လူတွေက သံသယ၀င်နေကြတယ် ” ဟု သူက ပြောသည်။
သတင်းစာတွင် ပေါက်တော ဆိပ်ခံတား တည်ဆောက်ပြီးစီးပြီဟု ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်ထံသို့ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ “ ဒါကတော့ ဆောက်လုပ်ရေးကုမ္ပဏီကိုပဲ မေးကြည့် ”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။
ptaw-harbour
ပေါက်တောဆိပ်ခံတံတားမှာဆောက်လုပ်ဆဲဖြစ်ပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
တံတားဆောက်လုပ်ရေး၌ သံဂဟေဆက်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်နေသူ ဦးသာတင်က ဆိပ်ခံတံတား ဆောက်လုပ်မှုမှာ ယခုအချိန်ထိ တစ်ဝက်ကျော်ကျော်သာ ပြီးစီး၍ ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
“ တံတားက မပြီးသေးဘူး၊ တဝက်ကျော်ကျော်လောက်ရှိသေးတယ်၊ ကျွန်တော်တို့ လုပ်တုန်းပဲ ရှိသေးတယ်၊ မိုးနည်းရင်တော့ နောက်နှစ်ပတ်လောက် ပြီးနိုင်တယ်” ဟု ဦးသာတင်က ပြောသည်။
အဆိုပါ ဆိပ်ခံတံတားတည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၂၉၀၀) ခွင့်ပြုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပင်လယ်ထဲမျောပါလာသော သိန်းနှင့်ချီတန်ဖိုးရှိဒိုင်ယာစီဖန်ဆေးများ စစ်တွေတွင် သိမ်းဆည်းရမိ

ပင်လယ်ထဲမှာ မျောပါနေသော ဒိုင်ယာစီဖန်အမျိုးအစား ဆေးဝါး ကျပ်သိန်း (၃၀၀) ဖိုးခန့်ကို စစ်တွေရဲက ယနေ့တွင် သိမ်းဆည်းရမိသည်။
ပင်လယ်ထဲမှာ မျောပါနေသော ဒိုင်ယာစီဖန်အမျိုးအစား ဆေးဝါး ကျပ်သိန်း (၃၀၀) ဖိုးခန့်ကို စစ်တွေရဲက ယနေ့တွင် သိမ်းဆည်းရမိသည်။
“ ဖမ်းမိတာ မဟုတ်ပါဘူး။ သိမ်းဆည်းရမိတာပါ။ စစ်တွေဟိုတည် တောင်ဘက် ပင်လယ်ထဲမှာ မျောပါနေရာက သိမ်းဆည်းမိတာပါ။ ကျနော်တို့ဆီကို စာရင်း မရောက်သေးတဲ့ အတွက် အသေးစိတ် မသိရသေးဘူး။ များတော့များတယ်။ ဒါပေမယ့် သိပ်မများပါဘူး” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး တစ်ဦးက ပြောသည်။
ဆက်လက်ပြီး စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက သိမ်းဆည်းရမိသော ဆေးဝါးအရေအတွက်ကို ယခုလို ပြောသည်။
“အခု ဖမ်းဆီးရမိတဲ့ ဆေးတွေကတော့ ဒိုင်ယာစီဖန် ဆေးအမျိုးအစားတွေ ဖြစ်ပြီး ထိုးဆေး Injection ပုလင်းပေါင်း ၃၄၄၅၀ နဲ့ ဆေးပြားပေါင်း၂၅၈၀၀ တို့ကို စစ်တွေဟိုတယ် တောင်ဘက် ပင်လယ်ထဲမှာ မျောပါနေရာကနေ သိမ်းဆည်းရမိခဲ့ပါတယ်။ ကာလပေါက်ဈေးက ကျပ် (၂၈၈ ) သိန်း ဖိုးခန့်ရှိပါတယ်” ဟု သူကဆိုသည်။
ဆေးဝါးများတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံက တဆင့် မြန်မာနိုင်ငံတွင်းသို့ျေမှာင်ခို သွင်းယူလာသော ဆေးဝါးများ ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
“ ကျွန်တော်တို့က ဆက်လက် စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး ပင်လယ်ထဲ မျောပါနေတာလဲ။ မှောင်ခိုစက်လှေနစ်လို့လား၊ မဟုတ်ရင် ပင်လယ်ထဲ ပစ်ချခဲ့တာလား။ ဒါတွေကို စိစစ်နေတုန်း ဖြစ်ပါတယ်” ဟု ရဲအရာရှိက ဆက်လက် ပြောဆိုသည်။
ယခုကဲ့သို့ ပင်လယ်ထဲတွင် မျောပါနေသော ဆေးဝါးများကို စစ်တွေတွင် သိမ်းဆည်းရရှိမူမှာ ယခင်က မရှိသလောက် နည်းပါးသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နယူးယောက်မြို့ အကြိမ်(၂၀)မြောက် ရခိုင်သင်္ကြန်စည်ကားသိုက်မြိုက်စွာကျင်းပ

Thungram-in-NY
ယခုနှစ်ကျင်းပသော နယူးယောက်ရခိုင်သင်္ကြန်ပွဲ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ဘခင်)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် (၂၀) ကြိမ်မြောက် ရခိုင်သင်္ကြန်ပွဲတော်ကို ဇူလိုင်လ ၂၇ ရက် နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်ဟု သိရသည်။
ရခိုင်သင်္ကြန်ကို ၁၉၉၄  ခုနှစ်မှ စတင်ပြီး နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် သင်္ကြန်မှာ အကြိမ်(၂၀)မြောက်ဖြစ်ကြောင်း သိရသည်။
နယူးယောက် ရခိုင်သင်္ကြန် ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး  ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ဦးကျော်သာလှက ယခုလို ပြောသည်။
Thungran-in-NY
” လွန်ခဲ့တဲ ၂၅ နှစ်လောက်က အဖွဲ့အစည်းတခု ဖွဲ့ဖြစ်ခဲ့ကြတယ်။  အမေရိကန်နိုင်ငံမှာ မြန်မာပြည်နဲ့ပတ်သက်လို့ယဉ်ကျေးမှုတစ်ခုခုကို ဖေါ်ထုတ်ဖို့ စဉ်းစားဖြစ်ကြတဲ့ အခါ ရခိုင်ရိုးရာသင်္ကြန်ကို ကျင်းပဖို့ စဉ်းစားဖြစ်ကြတယ်။ ရခိုင်ရိုးရာ သင်္ကြန်က ယဉ်ကျေးတဲ့ သဘောကိုဆောင်တယ်။ လောင်းလှေ ထဲမှာ ရေထည့်ပြီး အပျို လူပျို ရေပက်ကစားကြတာဟာ ထူးခြားတဲ့အတွက်ကြောင့် ၁၉၉၄ခုနှစ်ကစလို့ ရခိုင် သင်္ကြန်ကို ကျင်းပ လာတာဖြစ်တယ်။ အခုဆိုရင် အမေရိကမှာ ရှိတဲ့လူတွေလည်း စိတ်ဝင်စားလာတာကို တွေ့ရတယ်။ ပြီးတော့ ရခိုင်ယဉ်ကျေးမှုကို ကမ္ဘာက သိလာတယ်“ ဟု သူက ဆိုသည်။
ယခုကဲ့သို့ နယူးယောက် ရခိုင်သင်္ကြန်ကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခြင်းမှာ အမေရိကန်ရောက် ရခိုင်အမျိုးသားများ၏ စည်းလုံးညီညွှတ်မူနှင့် ရိုးရာယဉ်ကျေးမူ အမွေကောင်းများကို ထိန်းသိမ်းလို၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ရခိုင်လူမျိုးအချင်းချင်း အခုလို စည်းစည်း လုံးလုံးနဲ့ လာရောက် အားပေးကြတဲ့အတွက် ခုလိုအောင်မြင်တာ ဖြစ်တယ်။ ဒီအတွက်လည်း အထူး ကျေးဇူးအထူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း အခုလိုပဲ လာရောက် အားပေးကြစေလိုပါတယ်” ဟု သူက ဆိုသည်။
Thungran-in-NY
အာရှနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံများတွင် သင်္ကြန်ကို ကိုယ့်ရိုးရာ ယဉ်ကျေးမူ ဓလေ့ ထုံးတန်းစဉ်လာများနှင့် အညီကျင်းပကြကြောင်း ၊ သင်္ကြန်ကို များသောအားဖြင့် အာရှနိုင်ငံများ၌ နွေရာသီဖြစ်သည့် ဧပြီလတွင် ကျင်းပလေ့ရှိကြကြောင်း၊  အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် ထိုလများတွင် ဆောင်းရာသီ မကုန်သေးသည့်အတွက်ကြောင့် အလွန်ချမ်းအေးပြီး ရေကစားရန်မဖြစ်နိုင်ကြောင်း၊ သို့အတွက် နွေရာသီ ကာလဖြစ်သည့် ဇွန်နှင့် ဇူလိုင်လများတွင် ပြုကျင်းပကြရခြင်း ဖြစ်ကြောင်း ဦးကျော်သာလှက ဇူလိုင်လရောက်မှ နှစ်သစ်ကူး ရခိုင်သင်္ကြန်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။
ယခုလို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ကို ရေလောင်း မဏ္ဍပ်များဖြင့်  ကျင်းပပြုလုပ်ရ၍ ၀မ်းသာဂုဏ်ယူကြောင်း မဏ္ဍပ်ရှင်မ အဖြစ် တာဝန်ယူရသူ ဒေါ်ခင်ခင်စောက ပြောသည်။
“ သင်္ကြန်ဆိုတာ ရခိုင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု သင်္ကေတတခုဖြစ်တယ်။ သင်္ကြန်ဆိုတာနဲ့ ရေလောင်းမဏ္ဍပ် ပါရမယ်။ ရေလောင်းမဏ္ဍပ်မပါရင် မပြည့်စုံဘူး။ အဲဒါကြောင့် မဏ္ဍပ်တွေ ဆောက်ပြီး ရေကစားရတဲ့ အပြင် မဏ္ဍပ်ရှင်မအဖြစ် တာဝန်ယူရတာကို အရမ်း ဂုဏ်ယူမိပါတယ်” ဟု သူမက ပြောသည်။
အမေရိကန်နိုင်ငံသို့ ခေတ္တ လာရောက် လည်ပတ်နေသည့် ရခိုင်လူမျိုးတစ်ဦးဖြစ်သူ ဦးသိန်းရွှေ မှလည်း ယခုလို ပြောသည်။
“ ပြည်ပရောက်နေကြတဲ့ ရခိုင်လူမျိုးတွေ အထူးသဖြင့် အမေရိကသို့ရောက် နေကြတဲ့ ရခိုင်လူမျိုးအချင်းချင်း အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့တွေ့ရတာကို ၀မ်းသာအားရမိတယ်။ ရခိုင်ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖေါ်ထုတ်ပေးကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အထူးပဲ လေးစားဂုဏ်ယူမိပါတယ်။ နောက်နောင်ကိုလည်း အခုလိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင် သွားကြစေလိုပါတယ်“ ဟု ပြောသည်။
Thungran-in-NY
နယူးယောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွင်  မြန်မာတိုင်းရင်းသား ရိုးရာအစားအစာများကိုလည်း အဖွဲ့လိုက် ရောင်းချခဲ့ကြသည်။  ရခိုင်မုန့်တီ ရောင်းချနေသည့် ရခိုင်အမျိုးသမီးတဦးဖြစ်သူ မနီလာခိုင်မှလည်း မုန့်တီ ရောင်းချဖြစ်ခြင်းနဲ့ ပတ်သက်၍ သူမက ယခုလို ပြောသည်
“ နယူးယောက် ရခိုင်သင်္ကြန်ဆိုရင် အမေရိကန်နိုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်က ရခိုင်လူမျိုးတွေအပြင် အခြားတိုင်းသား လူမျိုးတွေလည်း လာကြတယ်။ မြန်မာပြည်နဲ့ ဝေးနေကြရတာဆိုတော့ တချို့က သီးသန့် မြန်မာရိုးရာ အစားအစာတွေ စားချင်လို့ လာကြတာတွေရှိတယ်။ မြန်မာ တိုင်းရင်းသားမှန်ရင် ရခိုင်မုန့်တီကို ကြိုက်ကြတယ်။ ပြီးတော့ ရခိုင်သင်္ကြန်ဆိုရင် ရခိုင်မုန့်တီပါမှ တင့်တယ်တယ်လို့ ခံယူပါတယ်” ဟု ဆိုသည်။
ရခိုင်မုန့်တီကို လာရောက် ရောင်းချခြင်းမှာ အမြတ်အစွန်းထက် အမိမြေနှင့် ဝေးနေကြသူ တိုင်းရင်းသား လူမျိုးများကို ရခိုင်မုန့်တီကို စားစေလိုသည့် စေတနာဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု သူမက ဆက်ဆိုသည်။
“ တချို့ကလည်း ရခိုင်မုန့်ကိုသီးသန့်လာစားကြတယ်။ ကျမ ကိုယ်တိုင်က ရခိုင်မုန့်တီးကို ကြိုက်တော့ ကျမနည်းတူ အခြား ရခိုင်တွေ၊ တိုင်းရင်းသားတွေလည်း စားချင်ကြမှာပဲဆိုပြီး မအားလပ်တဲ့ ကြားထဲက အခုလို လုပ်ဖြစ်တာပါ၊ အမြတ်အစွန်းကို အဓိက ထားပြီးရောင်းတာမဟုတ်ဘူး“ ဟု သူမက ရှင်းပြသည်။
နယူးယောက် ရခိုင်သင်္ကြန်ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ကြပြီး  လူပေါင်း ၈၀၀ ခန့် လာရောက် ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုမလုပ်နိုင်လျှင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ရန်အထိ ကတိခံဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ထုတ်ဖော်ပြောကြား

27-7-2014-(1)
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ် ဆောင်နေသည့် ပြည်ထောင်စုဝန် ကြီးများအနေဖြင့် မိမိတို့၏ဆောင် ရွက်ချက်များကို သတ်မှတ်ကာလအတွင်း မလုပ်ဆောင်နိုင်လျှင် ရာထူး မှနုတ်ထွက်ကြရန်အထိကတိခံဆောင် ရွက်နေပါကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက စစ်တွေတွင် တရားဝင်ထုတ်ဖော်ပြောဆိုလိုက် သည်ဟု သိရသည်။
နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (AZG/MSF) ကို ရခိုင်ပြည် နယ်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် အစိုးရက ပြန်လည်ခေါ်ယူလိုက်ခြင်း နှင့်ပတ်သက်ပြီးဇူလိုင်၂၇ရက်၊ နေ့လယ်ပိုင်းကရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတကာသံအမတ်သုံး ဦးအပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ်အစိုး ရတာဝန်ရှိသူများ၊ စစ်တွေမြို့မိမြို့ဖ များ၊ ဒေသတွင်းလူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများ ထံမှ သိရသည်။
''ဒီအဖွဲ့တွေကိုပြန်ခေါ်လိုက် တာနဲ့ပတ်သက်ပြီး ဦးစိုးသိန်း၊ ဦးခင်ရီတို့က သူတို့ကိုနားလည်ပေး ပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် လုပ်ပေးတာပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် ဒီဇင်ဘာမှာစစ်တွေနဲ့ ပုဏ္ဏားကျွန်းကို လျှပ်စစ်မီးအပြည့် အဝပေးမယ်လို့ ကတိခံထားတာတွေ ရှိတယ်။ တကယ်လို့ ဒီဇင်ဘာမှာ မပေးနိုင်ရင် လျှပ်စစ်ဝန်ကြီးဦးခင် မောင်စိုးလည်း အလုပ်ကထွက်၊ ကျွန်တော်လည်း အလုပ်ကထွက်မယ် ဆိုပြီး ပြောထားတာတွေရှိပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးဖို့အတွက် အဲဒီလိုတာဝန်ခံထားတာတွေရှိပါ တယ်လို့ ဦးစိုးသိန်းကပြောခဲ့တယ်''ဟု ဦးစိုးသိန်း၏ပြောဆိုချက်ကို ကိုး ကား၍ စစ်တွေမြို့မိမြို့ဖ ဦးရွှေကျော် သာက ပြန်လည်ပြောကြားခြင်းဖြစ် သည်။
ယခုတွေ့ဆုံပွဲတွင် ပြည်ထောင် စုဝန်ကြီးအဆင့် ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့နှစ်ဦးတည်းသာပါရှိသော်လည်း ဦးစိုးသိန်းက ယခုကဲ့သို့ပြောဆို ခဲ့ခြင်းမှာဟုတ်မှန်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းထုတ် ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင် က အတည်ပြုပြောဆိုသည်။''အဲလိုပြောခဲ့တာဟုတ်ပါ တယ်။ အဲဒီမှာပဲ တရားဝင်ပြော တာ''ဟု ဦးဝင်းမြိုင်က ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး အဆိုပါ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် လူမှုကွန်ရက်အဖွဲ့ဝင်တစ်ဦးက''သူ တို့ရဲ့ အဲဒီလိုပြောဆိုချက်တွေကို ဟုတ်၊ မဟုတ်စောင့်ကြည့်လိုက်ပါ့ မယ်''ဟု တုံ့ပြန်ပြောသည်။
လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရန်အစိုးရ၏တရားဝင်ဖိတ် ခေါ်ခြင်းခံထားရသည့် AZG/MSF အဖွဲ့မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် နှစ်ဖက်လူ့အဖွဲ့အစည်းအပေါ် ဘက်လိုက်လုပ်ဆောင်ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလက မောင်တောမြို့ နယ်၊ ဒုချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း အသတ်ခံရမှု ကိစ္စတွင်လည်း ရခိုင် တိုင်းရင်းသားများက ဘင်္ဂါလီများ ကို တိုက်ခိုက်သတ်ဖြတ်နေသည်ဟု ဆိုကာ သတင်းဌာနများသို့ သတင်း မှားများထုတ်လွှင့်ခဲ့သည့်အပြင် နိုင်ငံရေး၌လည်း ဝင်ရောက်စွက်ဖက် မှုများရှိလာသည်ဟုဆိုကာ အဆိုပါ အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် ဝင်ရောက်လုပ်ကိုင်နေမှုကို လုံးဝလက် မခံနိုင်တော့ကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ ထိုင်သပိတ်ပြုလုပ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။
ယင်းနောက်ပိုင်း အဆိုပါအ ဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းလုပ် ကိုင်ခွင့်ကို အစိုးရကတားမြစ်ခဲ့ သော်လည်း ယခုအခါ အဆိုပါအ ဖွဲ့နှင့် အစိုးရတို့ နားလည်မှုစာချွန် လွှာ(MoU) ထိုးကာပြန်လည် လက် ခံလိုက်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ယခုနောက်ပိုင်းလုပ်ငန်း များလုပ်ဆောင်ရာတွင် မမှန်မကန် လုပ်ရပ်များ ဆက်လက်လုပ်ဆောင် ပါက အစိုးရအနေဖြင့် သည်းခံတော့မည်မဟုတ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများကပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်သူများ၏ပြောကြားချက်များအရသိရသည်။
''အဲဒီလို မဟုတ်မမှန်တွေမလုပ် ရအောင် သူတို့က Control လုပ် ပေးပါ့မယ်။ အကြောင်းအမျိုးမျိုး ကြောင့် အခုလိုလက်ခံလိုက်ရတာ ပါလို့ ဝန်ကြီးတွေကပြောခဲ့တယ်''ဟု စစ်တွေမြို့မိမြို့ဖဦးသာပွင့်က ဆိုသည်။
သို့သော် နယ်စည်းမခြားဆရာ ဝန်များအဖွဲ့(AZG/MSF)ကို အစိုး ရက ထပ်မံခေါ်ယူလိုက်ခြင်း အပေါ် ဒေသခံများအနေဖြင့် လုံးဝလက်မ ခံနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးများမှတစ်ဆင့်သမ္မတထံအိတ်ဖွင့် ပေးစာတစ်စောင်ပေးပို့ခဲ့ကြောင်း လည်း သိရသည်။
အဆိုပါ AZG/MSF အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခေတ္တရပ် နားခဲ့စဉ်က ပြည်နယ်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအတွက် ယင်းအဖွဲ့က ထောက်ပံ့ပေးနေ သည့် ART ဆေးဝါးများပြတ်လပ်သွားခဲ့သည်အထိ အခက်အခဲ တချို့ ဖြစ်ပေါ်ခဲ့သေးသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများလုပ်ဆောင်ရန် AZG/MSF အပါအဝင် အခြား အိုင် အင်န်ဂျီအိုအဖွဲ့အစည်းများကိုလည်း ဇူလိုင် ၂၃ရက် ရက်စွဲဖြင့် အစိုးရက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တရားဝင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

Tuesday, July 29, 2014

ဂီတဖြေဖျော်ပွဲမှရရှိငွေကျပ်သိန်း(၈၀)အား ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသောရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းမည်

ရန်ပုံငွေဂီတ ဖြေဖျော်ပွဲအား ဇူလိုင်လ ၂၇ ရက်နေ့က မြင်တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
ရန်ပုံငွေဂီတ ဖြေဖျော်ပွဲအား ဇူလိုင်လ ၂၇ ရက်နေ့က မြင်တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားး ကူညီစောင့်ရှောက်ရေး ရန်ပုံငွေ ဂီတဖြေဖျော်ပွဲမှ ရရှိခဲ့သော ကျပ်ငွေ သိန်း (၈၀) ကို ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်း အတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းအောင်မှ နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြားသည်။
“ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေ ဖြေဖျော်ပွဲက ၀င်ငွေ စုစုပေါင်း ကျပ်သိန်း (၈၀) ရပါတယ်။ ဒါကို ဘင်္ဂလာဒေခ်ျ့ကနေ ၀င်ရောက်လာကြသော ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတဲ့ မောင်တောမြို့နယ်ရောက် ရခိုင်မျိုးနွယ်စုများသို့ ကူညီလှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
ထိုသို့ ကူညီရာတွင် ငွေသားများအနေဖြင့် ကူညီသွားမည် မဟုတ်ဘဲ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ခိုင်းနွားများကို ၀ယ်ယူပြီး ကူညီသွားမည်ဟု ဆိုသည်။
“ ကျွန်တော်တို့က ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ ခိုင်းနွားကောင်ရေ သိန်း (၈၀) ဖိုးဝယ်ယူပြီး  နောက်လာမယ့် သြဂတ်စ် (၂) ရက်နေ့မှာ ရခိုင်ပြည်နယ်ကို လွှဲပြောင်းသွားမှာ ဖြစ်ပါတယ်။ သြဂတ်စ်လ (၉) ရက်နေ့မှာ အဲဒီခိုင်းနွားတွေကို မောင်တောမြို့မှာ ရောက်ရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်ပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းသို့ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာကြသော ရခိုင်မျိုးနွယ်စုများမှာ စားဝတ်နေရေးသာမက တခြားအခက်အခဲများစွာနှင့်လည်း ရင်ဆိုင်နေကြရသည်ဟု သိရသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ညနေက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သော ၎င်းရန်ပုံငွေ ပွဲတော်သို့ ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ နေတိုး၊ ဖိုးကာ၊ ဟဲလေး၊ ဥာဏ်လင်းအောင်၊ ရိုတ၊ ချောစုခင်၊ ငယ်ငယ်၊ မေစပါယ်ညို၊ ဂျင်းနီ၊ Nကိုင်ရာ၊ နေနေ၊ ချစ်စနိုးဦး တို့က အခမဲ့လာရောက် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

မြောက်ဦး ရထားလမ်းစီမံကိန်းကို လေ့လာရန် နိုင်ငံတကာ သုတေသနပညာရှင်များ ဖိတ်ခေါ်မည်

ရထားလမ်း စီမံကိန်းဖောက်လုပ်မည့် မြောက်ဦး ယဉ်ကျေးမှုနယ်မြေသည် ရှေးဟောင်းစေတီပုထိုးများ၊ ရုပ်ပွားတော်များရှိနေ၍ ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။ ဓာတ်ပုံ-မဇ္ဈိမ
ရထားလမ်း စီမံကိန်းဖောက်လုပ်မည့် မြောက်ဦး ယဉ်ကျေးမှုနယ်မြေသည် ရှေးဟောင်းစေတီပုထိုးများ၊ ရုပ်ပွားတော်များရှိနေ၍ ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။ ဓာတ်ပုံ-မဇ္ဈိမ
မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်း ဖြတ်သန်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းကို ပြန်လည်ဖောက်လုပ်နိုင်ရန် ယဉ်ကျေးမှုနယ်မြေများ ထိခိုက်ခြင်းရှိမရှိ နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်များ ဖိတ်ခေါ်မည်ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်က မဇ္ဈိမကို ပြောသည်။
ဒေသခံများ၏ တောင်းဆိုချက်အရ မြောက်ဦးရထားလမ်းကို လတ်တလောတွင် ရပ်နားထားရပြီး ပြန်လည် ဖောက်လုပ်မည်ဆိုပါက ဒေသခံများ နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များကို ဖိတ်ခေါ်ရန်လည်း တောင်းဆိုထားခြင်းဖြစ်သည်။
“ဒေသခံတွေက ယုံကြည်ရလောက်တဲ့ ပညာရှင်တွေကို ခေါ်ယူစစ်ဆေးခိုင်းဖို့ ဒုတိယအကြိမ်တင်ပြထားပါတယ်” ဟု ဦးလှဟန်က ပြောသည်။
စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊အမ်း၊မင်းဘူးစသော ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့များကို ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်ပြီး ကျောက်တော်-မြောက်ဦးလမ်းပိုင်းတွင် ယဉ်ကျေးမှုနယ် မြေဇုန်ကို ဖြတ်သန်းဖောက်လုပ်ရခြင်း ဖြစ်သည်။
“ရထားလမ်းဖောက်ရင် လမ်းပန်းဆက်သွယ်ရေးကောင်းလာမှာဆိုတာ သိတယ်။ ဒါပေမဲ့ မြောက်ဦးယဉ်ကျေးမှုက ကျွန်တော်တို့ရဲ့ အမွေအနှစ်လည်းဖြစ်နေတယ်၊ တစ်ခုခုဖြစ်သွားပြီးမှ ပြန်လုပ်လုပ်မရတော့ဘူး”ဟု မြောက်ဦးမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က မဇ္ဈိမကိုပြောသည်။
မြောက်ဦး၊ ဝေသာလီ၊ ဓည၀တီ စသော ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်သန်း ဖောက်လုပ်မည့် စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းသည် ရှေးဟောင်းသုတေသန ဇုန် ၁၊ ၂၊ ၃ တို့ကို ဖြတ်သန်းရမည်ဖြစ်ပြီး မြို့ရိုးတံတိုင်းနှင့် အခြားသော ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
ရထားလမ်းဖောက်လုပ်ခြင်းကို ရပ်နားထားပြီး ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့က ဦးဆောင်ကာ ရှေးဟောင်းနယ်မြေတွင်း ဖြတ်သန်းခြင်းရှိ မရှိ စစ်ဆေးခဲ့သည်။ ထို့နောက် လမ်းကြောင်းအသစ်တစ်ခုကို ဇွန် ၂၆ ရက်က ဖော်ထုတ်ခဲ့သော်လည်း ရှေးဟောင်းနယ်နိမိတ်တွင် ပါဝင်သည်ဟု ဒေသခံများက ထပ်မံပြောကြသည်။ လက်ရှိ ဖောက်လုပ်ထားသော ရထားလမ်းသည် မြောက်ဦးမြို့ဟောင်း တံတိုင်းကို ဖြတ်သန်းပြီးဖြစ်သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ)

MSF ကို ကန့်ကွက်တဲ့ကိစ္စ သံအမတ်ကြီး နှစ်ဦး ဆွေးနွေး

derek-Mitchell-75
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိသျှ သံအမတ်ကြီး  Andrew Patrick တို့ဟာ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရက ပြန်လည် ဖိတ်ခေါ်ချက်အပေါ် ဒေသခံတွေကန့်ကွက်နေကြတာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ စစ်တွေမြို့ပါတီရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သံအမတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက အခုလိုပြောပါတယ်။
"MSF ကိစ္စနဲ့ပတ်သက်ပြီးတော့ MSF အဖွဲ့အနေနဲ့ ပထမပိုင်းလုပ်ငန်းတွေက နည်းနည်း ရခိုင်လူထုတွေ ရဲ့အမြင်မှာ ရှင်းရှင်းလင်းလင်းမရှိဘူး၊ နားလည်ရခက်တဲ့ အခြေအနေဖြစ်သွားတယ် ဆိုတဲ့ကိစ္စတွေ ကို ဆွေးနွေးတာပေါ့နော်၊ အဲ့ဒါသူတို့လည်း သဘောတူပါတယ်၊ ဟုတ်တယ် နောက်ပိုင်းတော့ ဒီလိုမျိုး မဖြစ်စေရအောင် သူတို့လည်း သူတို့လည်းပြောင်းရွေ့မယ် ဆိုတဲ့အကြောင်းအဲ့ဒါတွေကို ဆွေးနွေး တယ်ဗျ"
MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ ကျန်းမာရေးကူညီမှုလုပ်ငန်းတွေကို ရခိုင်ပြည်နယ်မှာ ပြန်လည် လုပ်ကိုင်ဖို့ ပြည်နယ်အစိုးရက ဖိတ်ခေါ်ချက်ကို ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့အတူ ရခိုင်အမျိုးသားပါတီက လည်း သဘောမတူကြောင်း သံအမတ်ကြီးတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိသျှ သံအမတ်ကြီးတို့ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းတွေနဲ့လည်း ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး စစ်တွေဟိုတယ်မှာ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
ဒီကနေ့ မနက်မှာတော့  မွတ်စလင်ခေါင်းဆောင်တွေနဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ သီးသန့်တွေ့ဆုံခဲ့ တယ် လို့လည်းသိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

ပေါက်တောမြို့နယ်ခန်းမ ကျပ်သိန်းပေါင်း(၂၆၀၀)ကျော် အကုန်ကျခံတည်ဆောက်မည်

(ဓာတ်ပုံ - ပေါက်တောမြို့မှ လောကထိပ်ပန် ဆုတောင်းပြည့် ဘုရားကြီး / လင်းမြတ်
(ဓာတ်ပုံ – ပေါက်တောမြို့မှ လောကထိပ်ပန် ဆုတောင်းပြည့် ဘုရားကြီး / လင်းမြတ်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ခန်းမကို ကျပ်သိန်းပေါင်း (၂၆၀၀) အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။
၎င်းမြို့နယ်ခန်းမမှာ အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေရှိမည် ဖြစ်ပြီး  ရခိုင်ပြည်နယ် အစိုးရ ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၆၀၀) ဖြင့် တည်ဆောက်သွားမည်ဟု ပေါက်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
” ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ် အစိုးရ ဘတ်ဂျက်ငွေက ခွင့်ပြုထားတာ ဖြစ်ပါတယ်။  တည်ဆောက်ရန်အတွက် ခွင့်ပြုထားပီးပါပြီ။ တည်ဆောက်မယ့်နေရာကို အခု မြို့မိ မြိုဖတွေနဲ့ တိုင်ပင်ပြီးတော့ ရှာနေတယ် ” ဟု သူက ဆိုသည်။
ပေါက်တောမြို့နယ် ခန်းမအား ပေါက်တော-မင်းပြား ကားလမ်းအနီးတွင် တည်ဆောက်ရန် စီစဉ်နေပြီး လိုအပ်မည့် မြေနေရာများကို လယ်သမားများထံမှ ဝယ်ယူရန်အတွက် အဖွဲ့ဝင် (၈) ဦးပါဝင်သော ကော်မီတီ တစ်ရပ်ကို ဇူလိုင်လ (၂၇) ရက်နေ့က  ဖွဲ့စည်းတာဝန်ပေးခဲ့သည်ဟု သိရသည်။
ယခု ခွင့်ပြုငွေ ကျပ်သိန်း (၂၆၀၀)မှာ အဆောက်အဦး တည်ဆောက်ရန်အတွက်သာ ဖြစ်ပြီး မြေနေရာ ဝယ်ယူရန်အတွက် မပါဝင်သေးကြောင်း၊ သို့အတွက် ထပ်မံပြီး လိုအပ်မည့် ငွေပမာဏကို ပြည်နယ် လွှတ်တော်၌ ဆက်လက် တင်ပြတောင်းခံသွားမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။
“ပေါက်တာ-မင်းပြားကားလမ်း ဘေးမှာ မြို့တော်ခန်းမ ဆောက်မယ်ဆိုပြီး ကော်မတီတစ်ရပ် ဖွဲ့ပြီး မြေရှာခိုင်းထားတယ်။ ခုက ခွင့်ပြုငွေက အဆောက်အဦးအတွက် ပေးတာ၊ မြေနေရာအတွက် မပါသေးဘူး။ ဒါကြောင့် ဒဿမအကြိမ် ပြည်နယ်လွှတ်တော်မှာ ဆက်လက် တင်ပြရဦးမယ် ” ဟု သူက ပြောသည်။
မူလက မြို့တော်ခန်းမအား လောကထိပ်ပန်ဘုရားကြီးရှေ့မြေကွက်လပ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့ကြသော်လည်း ထိုနေရာမှာ ပေါက်တောမြို့၏ ဘုရားပွဲများ ကျင်းပသည့်နေရာဖြစ်၍ မြို့သူမြို့သားများက ကန့်ကွက်သည့်အတွက် ပေါက်တော- မင်းပြားကားလမ်းအနီးတွင် တည်ဆောက်ရန် မြေနေရာကို ရွှေ့ပြောင်း လျှာထားရခြင်း ဖြစ်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

မုန်တိုင်းမဖြစ်ပေါ်ခဲ့၍ ရခိုင်မြောက်ပိုင်းတွင် မိုးပုံမှန်မရွာခြင်းဟု ဦးထွန်းလွင်ပြော

ploughing
ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း မြိ့နယ် အချို့တွင် မိုးရွာရာတွင် ပုံမှန်မဟုတ်ဘဲ မိုးရွာလိုက်၊ နေပူလိုက်ဖြစ်နေပြီး ရာသီဥတု ဖေါက်ပြန်နေသဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။
သို့အတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးထွန်းလွင်အား ဆက်သွယ်ပြီး မေးမြန်းရာ ဆရာက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
“အဓိကကတော့ မုန်တိုင်းမဖြစ်တာပဲ။ အမှန်က မုန်တိုင်းက ဖြစ်ရမှာ၊ ခုတော့ မုန်တိုင်းမဖြစ်ဘူး၊ ဖြစ်လာရင်လည်း အားမရှိဘူး။ နောက်အရှေ့ဘက်ကလည်း မုန်တိုင်းမလာဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်း ရခိုင်မြောက်ပိုင်း အလယ်ပိုင်းနဲ့ တတန်းတည်းကျတဲ့ အဲ့ဒီတစ်ကြောလုံးပေါ့ဗျာ။ မိုးနည်းတဲ့ အကြောင်းအရင်းကတော့ မုတ်သုန်ကောင်းပေမယ့်လို့ မုန်တိုင်းမရှိလို့ ဖြစ်တာ” ဟု ဦးထွန်းလွင်က ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် စစ်တွေ၊  ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် ယခက်နှစ်ကထက် မိုးရွာသွန်းမှု လျော့နည်းကာ ရာသီဥတု အခြေအနေမှာလည်း နေပူလိုက်၊ မိုးရွာလိုက် ဖြစ်နေသဖြင့် စိုက်ပျိုးထားစ စပါးပင်များမှာ အသေများနေသည်ဟု လယ်သမားများက ပြောသည်။
ထိုကဲ့သို့ မိုးနည်းပြီး ရာသီဥတု မူမမှန်ခြင်း ကြောင့် ရခိုင်ဒေသရှိ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းတွင် နစ်နာစေနိုင်သည့် အကျိုးဆက်များဖြစ်လာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက် သုံးသပ်ပြောဆိုသည်။
“သေချာတာပေါ့ဗျာ၊ နစ်နာမှာပေါ့။ ပုံမှန်မှ မရှိတာပဲ။ ပုံမှန်မဟုတ်တော့ ဘာပဲဖြစ်ဖြစ် အနှောင့်အယှက်တော့ ဖြစ်မှာပဲ။ လုပ်သမျှလည်း အောင်မြင်ချင်မှ အောင်မြင်မှာ” ဟု ပြောသည်။
ယခုနှစ် မိုးဦးကာလတွင် ရခိုင်ပြည်နယ် မြောက်ပိုင်ဒေသအချို့၌ မိုးပုံမှန် ရွာသွန်းခြင်းမရှိဘဲ နေပူသဖြင့် ရခိုင်လယ်သမားတစ်ချို့မှာ စပါးမျိုးစေ့များ အပင်အပေါက်ဘဲ ပျက်စီဆုံးရှုံးမှုများ ရှိနေကြောင်း ပေါက်တောမြို့နယ် လက်မယာကျေးရွာမှ လယ်ဧက (၃၀)ကျော် စိုက်ပျိုးထားသူ လယ်သမား ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောသည်။
“နေပူလို့ စပါးမျိုးစေ့တွေကြဲတာ နှစ်ကြိမ် သုံးကြိမ် ပြန်ကြဲရတဲ့သူတွေ ရှိတယ်။မျိုးစပါးတွေ အများကြီး ကုန်သွားတယ်။ လယ်သမားတွေ နစ်နာတာပေါ့နော်။ ခုလည်း မိုးရွာတယ်။ နေပူနေတယ်။ မနေ့က တစ်ရက်၊ ဒီနေ့ တစ်ရက်ဆိုရင် နှစ်ရက်ရှိပြီ၊ တစ်ရက်နှစ်ရက် နေပူလို့ကတော့ ဘာမှမဖြစ်ဘူး။ သုံးရက်၊ ငါးရက်၊ တစ်ပတ် ဆိုသလို ကြာရှည် မိုးမရွာဘူး ဆိုရင်တော့ တကယ့် အခက်ပဲ” ဟု ပြောသည်။
၂၀၀၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ထို့သို့ မိုးပြတ်မှုများ ဒေသအလိုက်ဖြစ်ပေါ်လာနေပြီး ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ဒေသများ၌ တွင် မိုးပြတ်သည့် ရာသီဥတု ဖောက်ပြန်သည့် ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် မိုးနည်း နေသော်လည်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင်မူ မိုးများကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၅)မိနစ်အတွင်း အရေးပေါ်ကူညီပေးနိုင်မည့် Hotline စနစ်တစ်ခုစတင်

ယနေ့ပြုလုပ်သော hotline 1880 သတင်းစာ ရှင်းလင်းပွဲ (ဓါတ်ပုံ- နိရဉ္စရာ/ ပေသီး)
ယနေ့ပြုလုပ်သော hotline 1880 သတင်းစာ ရှင်းလင်းပွဲ (ဓါတ်ပုံ- နိရဉ္စရာ/ ပေသီး)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက ချက်ချင်းခေါ်ဆိုပြီး အကူအညီတောင်းနိုင်မည့် Hotline စနစ်တစ်ခုအား စတင်လိုက်ပြီဟု သိရသည်။
ယင်းလမ်းပေါ်တွင် အသုံးပြု သွားလာနေကြသည့် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက Hotline နံပတ် ၁၈၈၀  အား ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ကြောင်း ယနေ့ Orchid ဟိုတည်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်က ပြောသည်။
“ တစ်ခုခု မတော်တဆဖြစ်ရင် ခရီးသွားပြည်သူတွေအနေနဲ့ Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်းဆက်သွယ်နိုင်တယ်။ ၅ မိနစ်အတွင်းမှာ ကျနော်တို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးသွားနိုင်အောင် ဒီစနစ်ကို စီစဉ်ထားပါတယ်” ဟု သူက ဆိုသည်။
ယခင်က ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အကူအညီတောင်းခံရန် Hotline နံပတ် ၁၉၉ နှင့် ၁၈၇၆ လိုင်းများ ရှိခဲ့သော်လည်း ဖုံးလိုင်းမအားသဖြင့် အချိန်ပြည့် အကူအညီမပေးနိုင်ခဲ့၍ Hotline နံပတ်  ၁၈၈၀ အား အသစ်တပ်ဆိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု Hotline နံပတ် ၁၈၈၀ အတွက် လူအင်အား (၂၅) ဦးဖြင့် အားဖြည့်ထားပြီး တစ်နေ့ ၂၄ နာရီ အချိန်ပြည့် လုပ်ဆောင်သွားမည်ဟု သိရသည်။
Hotline ၁၈၈၀ အား ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အကူအညီ တောင်းခံနိုင်ကြောင်း သူက ပြောသည်။
“ အဓိကတော့ဗျာ ခရီးသွား မိဘပြည်သူတွေ အနေနဲ့ အဆင်ပြေချောမွေ့စေရေးနဲ့ ဘယ်နေရာ မဆို မတော်တဆ တစ်ခုခု ဖြစ်ပွားခဲ့ရင် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးမူတွေ မဖြစ်စေရေး အတွက် အဓိက ရည်ရွယ်ပြီး စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့ပြင် မော်တော်ယာဉ်တွေ အနေနဲ့ စက်ချို့ယွင်းမူ ဖြစ်ပွားသည် ဖြစ်စေ၊ မတော်တဆမော်တော်ယာဉ် မီးလောင်သည် ဖြစ်စေ အကူအညီ တောင်းခံလို့ ရနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု စီစဉ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမြန်လမ်း အင်ဂျင်နီယာမှူးက ဆိုသည်။
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမ (ဓါတ်ပုံ- နိရဉ္စရာ)
ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမ (ဓါတ်ပုံ- နိရဉ္စရာ)
အရေးပေါ် Hotine နံပါတ် ၁၈၈၀  အားဆက်သွယ်ပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့်  ပြုပြင် ထိန်းသိမ်းရေး မော်တော်ယာဉ်များနှင့်အတူ အခင်း ဖြစ်ပွားရာနေရာသို့ ချက်ချင်း လာရောက်ကူညီဖြေရှင်း ပေးသွားမည်ဟု ဆိုသည်။
ွှအရေးပေါ် ဖုံးခေါ်ဆိုမူဖြစ်သော်လည်း သာမန် ဖုံးခေါ်ဆိုသည့် နုန်းထားအတိုင်း တစ်မိနစ်လျှင် ကျပ် (၅၀) နှုန်းသာ ကုန်ကျမည်ဖြစ်သည်ဟု ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကူညီရေး စခန်း (၅) ခု လောလောဆယ်တွင် တည်ဆောက် ထားပြီး နောက်ထပ် (၁၀) ခုထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ကားမတော်တဆ ဖြစ်ပွားမူများ မကြာခဏ ဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွားပြည်သူများအနေဖြင့်  Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်း ခေါ်ဆိုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

MSF ကို ရခိုင်ပြည်နယ် ပြန်ခေါ်သွင်းလာမူအတွက် သမ္မတရုံးဝန်ကြီးတောင်းပန်

27-7-2014-(1)
MSF ခေါ် AZG အား ရခိုင်ပြည်နယ်တွင် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပြန်လည် ခေါ်သွင်းလာမူ အပေါ် ရခိုင်ပြည်သူများအား တောင်းပန်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော စစ်တွေမြို့ ဒေသခံများနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ အနောက်တိုင်း သံအမတ်ကြီးများးနှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးစိုးသိန်းမှ ထိုသို့ ပြောကြားခဲ့သည်ဟု ဦးသန်းထွန်းက ဆိုသည်။
“ သူက ထူးထူးခြားခြား ဘာပြောသလဲဆိုရင် MSF ကို ရခိုင်ပြည်နယ်ထဲမှာ ကျန်းမာရေး လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ ခေါ်သွင်းလာရတဲ့အတွက် ကျွန်တော်အနေနဲ့ တောင်းပန်ပါတယ်လို့ ပြောဆိုပါတယ်” ဟု ဆိုသည်။
27-7-2014-(4)
သို့သော်လည်း ၀န်ကြီးမှ ရခိုင်ပြည်သူများ၏ ခံစားမူကိုလည်း မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ နိုင်ငံတော် အစိုးရဘက်မှ ကြုံတွေ့နေရသော အခက်အခဲနှင့် အကျပ်အတည်းများကိုလည်း ရခိုင်ပြည်သူလူထု အနေဖြင့် ကိုယ်ချင်းစာ နားလည်ရန်လိုအပ်ပါကြာင်း ပြောကြားခဲ့သည်ဟု သူက ဆိုသည်။
“ သူတို့ ခုလို စစ်တွေမြို့မိမြို့ဖ အပါအ၀င် အရပ်ဘက် လူမူ အဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံရတဲ့ အကြောင်းက MSF ကို ရခိုင်ပြည်နယ်ကို ပြန်လည်ခေါ်သွင်းလာရတဲ့ အကြောင်းကို ရှင်းပြချင်တဲ့ အတွက် ဖြစ်တယ်။ မြန်မာနိုင်ငံဟာ MSF နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမူတွေ အများကြီးရှိလာတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ကိုင်ဖို့ လက်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းက တစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒေသ ဖွံ့ဖြိုးရေးကို ရှင်းပြချင်တဲ့ အကြောင်းအရာက တစ်ပိုင်း ပါတယ်ပေါ့လေ” ဟု သူက ဆိုသည်။
MSF ကို ရခိုင်ပြည်နယ်တွင် ပြန်လည် ခေါ်ယူ၍  ပြသနာ ဖြစ်ပွားပါက ခေါ်ယူသူ ရခိုင်ပြည်နယ် အစိုးရတွင်သာ တာဝန်ရှိမည် ဖြစ်ပြီး မိမိတို့ ရခိုင်ပြည်သူလူထု အနေနှင့် တာဝန်ရှိမည်မဟုတ်ဟု ဦးသန်းထွန်းက ပြောသည်။
“ ကျွန်တော်တို့ ရဲ့ MSF နဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ထားတာရှိပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာလည်း မြို့မိမြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးသာပွင့်က MSF ကို အစိုးရက ပြန်လက်ခံတာကို ရခိုင်ပြည်သူက လုံးဝ လက်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် နယ်စပ် လုံခြုံရေး ကိစ္စ၊ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများ ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် စစ်တွေမြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးကျော်ဦးကလည်း Develop ဖွံ့ဖြိုးတိုးတက်မူ လုပ်သည်ကို လက်ခံပါကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများနှင့် ဖြစ်ပွားနေသော နာတာရှည်ရောဂါကို ပျောက်အောင် မကုသဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
27-7-2014-(2)
ဆွေးနွေးပွဲတွင် လ၀က ၀န်ကြီး ဦးခင်ရီမှ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် တစ်ဘက်နိုင်ငံမှ ၀င်လာသူများမှာ ရခိုင်တိုင်းရင်းသား ဖြစ်ကြသော်လည်း တစ်ဘက်နိုင်ငံသား အဖြစ် ခံယူထားသဖြင့် သူတို့၏ မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့်မှာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သူတို့အား ပစ်ပယ်ထားခြင်း မဟုတ်ကြောင်း၊ သူတို့ အနေဖြင့် မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ နိုင်ငံသား (၂)ခု ဖြစ်၍ မရကြောင်း၊ မြန်မာနိုင်ငံသားအဖြစ် လျှောက်လိုလျှင် တဘက်နိုင်ငံသားအဖြစ် ခံယူထားမူကို စွန့်လွတ်ရမည် ဖြစ်ကြောင်း၊ စွန့်လွှတ်ပြီးလျှင် မြန်မာနိုင်ငံသားအဖြစ် ပြန်လျှောက်ထားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အမေရိကန် သံအမတ်ကြီး၊ ဗြိတိသျှ သံအမတ်ကြီးတို့အပါအ၀င် လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၃ နာရီခွဲတွင် ရပ်နားခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, July 28, 2014

MSF ဝင်ရောက်ရေး စစ်တွေမှာ ဝန်ကြီးများ ရှင်းလင်းဆွေးနွေး

ukhineye-305
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇူလိုင်လ ၂၇ ရက်နေ့ က နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်
Photo: Min Thine Aung / RFA
နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည် ဝင်ရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေဘက်က သဘောမတူတဲ့ခံစားချက်ကို စာနာနားလည်မိသလို အစိုးရရဲ့ အကျပ်အတည်းတွေ ကိုလည်း ရခိုင်ဒေသခံတွေဘက်က နားလည်ပေးကြ ဖို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့က ရပ်မိ ရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောပြတာပါ။
"ဒီနေ့ ပြဿ     နာလေးတစ်ခုကတော့ ခင်ဗျားတို့ အနေနဲ့ကတော့ ဟုတ်လား MSF ကို ကျနော်တို့က မလိုချင်ဘူး ငြင်းကြတယ်၊ အစိုးရတော့ ဒီလိုလုပ် တယ်ဆိုပြီး ခင်ဗျားတို့ ရင်ထဲမှာရှိပါတယ်၊ ကျနော်နားလည်ပါတယ်၊ ဒါပေမဲ့ ကျနော်ကိုလည်း နားလည်ပေးဖို့က နိုင်ငံတကာနဲ့ ကျနော်လုပ်ရတဲ့အခါမှာ ခင်ဗျားတို့ဟာ အလေးထားတယ် သို့သော် လည်း ကျနော်ဘက်က နိုင်ငံတကာနဲ့ ပုံဖော်ပြီးတော့ မြန်မာအစိုးရဟာ ဒီလိုလူတွေကို ဆေးမကုပဲ သတ်နေတယ်လို့ ပြောတဲ့အတွက်ကြောင့် ဒီပုံဖော်ခြင်းကို ကျနော်က ပြန်ပြီးတော့ လျော့အောင် လုပ်ရမယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရကိုလည်း နားလည်ပေးပါလို့ ကျနော်ကပြောချင်ပါတယ်"
နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာလည်းအရင်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အချက်အလက်တွေအတိုင်း ပွင့်လင်းမြင်သာဖို့၊ နှစ်ဘက်မျှတအောင်ဆောင်ရွက်ဖို့နဲ့ ကျန်းမာရေး ဝန်ကြီးဌာနအပြင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးတွဲပြီး ဆောင်ရွက်သွားဖို့ စတဲ့အချက်တွေကို ပြင်ဆင် ထားကြောင်းလည်း ဝန်ကြီးဦးစိုးသိန်းက ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ အစိုးရက MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲကို ပြန်လည် ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ကိစ္စအပေါ် ရခိုင်ဒေသခံပြည်သူလူထုတွေက သဘောမတူကြောင်း စစ်တွေမြို့က သံဃာ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအဝင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို ဒီကနေ့ရက်စွဲနဲ့ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ တွေ့ဆုံပွဲကို လဝကဝန်ကြီး ဦးခင်ရီ အပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲ ကို အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတို့လည်း တက်ရောက်ခဲ့ပြီး  မြို့ခံလူကြီး တစ်ဦိးဖြစ်သူ ဦးသန်းထွန်းကို ဒေါ်ခင်ခင်အိက မေးမြန်း တင်ပြထားပါတယ်။
 ဦးသန်းထွန်းနှင့်ဆက်သွယ်မေးမြန်းချက်ကို နားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

MSF အကူအညီများမမျှတပါက ရခိုင်ပြည်နယ် အစိုးရတာဝန်ယူမည်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြန်လည်လုပ်ဆောင်ရန် နယ်စည်းမထား ဆရာဝန်များအဖွဲ့MSF ၏ အကူအညီပေးရေးလုပ်ငန်းများ မျှတမှုမရှိပါက တာဝန်ယူ ဖြေရှင်းပေးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြောသည်။
ပြန်လည်ဝင်ရောက်လာရန် အစိုးရ၏ ဖိတ်ခေါ်ထားမှုကြောင့် ရခိုင်ဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်ကြရန် ဆုံးဖြတ်ထားချိန်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“သူတို့ မမျှတတာတွေ မလုပ်ဖို့ အစိုးရက ထိန်းညှိပေးမယ်။ လုပ်လာရင်ကျွန်တော်တို့က ဖြေရှင်းပေးမယ်”ဟု ဦးမောင်မောင်အုန်းက မဇ္ဈိမကို ပြောသည်။
ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းသည်MSF ပြန်လည်ဝင်ရောက်လာရေးနှင့်ပတ်သက်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇူလိုင် ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။
ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့က MSF အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်းပါဝင်ကြရန် ဇူလိုင်လ ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားပြီးသည်။
“ရခိုင်လူထုက ကန့်ကွက်ထားတာကို ရခိုင်ပြည်နယ် အစိုးရက ပြန်လည်ကြိုဆိုတယ်ဆိုတော့ ပြည်နယ်အစိုးရက ပြည်သူကို ကိုယ်စားမပြုဘူးဆိုတာ ထင်ရှားနေပါတယ်”ဟု အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ECC တွင်ပါဝင်သူ ဦးသန်းထွန်းက ပြောသည်။
MSF က ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့၏ဖိတ်ခေါ်ချက်ကို စောင့်ကြည့်ဦးမည်ဟု ထုတ်ပြန်ထားသည်။
“ယခုကဲ့သို့ တိုးတက်ဖြစ်ပေါ်လာမှုအပေါ် MSF ကအကောင်းဘက်က ရှုမြင်သော်လည်း စောင့်ကြည့်ဆဲဖြစ်ပါသည်”ဟု အမ်စတာမြို့ရှိ MSF စီမံကိန်းညွှန်ကြားရေးမှူးချုပ် မာဆယ်လန်းဂန်းဘတ်ခ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
“လူသားချင်းစာနာသော အဖွဲ့အစည်းများအား အနှောင်အဖွဲ့ကင်းစွာ ဆောင်ရွက်နိုင်ရန် အစိုးရက ပံ့ပိုးမှုသည် လူထုတို့ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် အလွန်အရေးပါသော အချက်ဖြစ်သည်ဟု ယုံကြည်ပါသည်” ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ရခိုင်ဒေသခံများက ဇူလိုင်၂၉ ရက် နောက်ဆုံးထားပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သွားရန် အစည်းအဝေး တစ်ရပ်ပြုလုပ်၍ ဆုံးဖြတ်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့ဒုချရားတန်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၂၀ ဦးကို ဆေးကုပေးရသည်ဟု MSF ၏ သတင်းထုတ်ပြန်မှုကို ရခိုင်လူထု မကျေနပ်၍ ဖေဖော်ဝါရီလက ဆန္ဒပြခဲ့သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ)

ရခိုင်ပြည်နယ် အစိုးရ၏ MSF အဖွဲ့အမည်ပါ ကြေညာချက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့
ကြေညာချက်အမှတ် (၁/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်
၁။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြည်ထောင်စုအဆင့်အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေးစင်တာ (Union Level Emergency Coordination Center) အဖွဲ့ဝင်များနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ MPC မှ ပညာရှင်များ ပါဝင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်များ၊ ကယ်ဆယ်ရေး အထောက်အပံ့ကိစ္စရပ်များအပြင် အဓိက အားဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
၂။ ယခုအခါ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ဖြစ်ကြသည့် UNOCHA, UNHCR, WFP,ACF, UNFPA, UNICEF, MSF (Switzerland), ICRC, FIT, SCI, Solidarities, Malteser, IRC, CSSEP, DRC, UNDP, RELIEF, RI, BAJ, CDN, CARE, LWF, OXFAM, MRCS စသည့် အဖွဲ့အစည်း ၂၄ ခုမှ နိုင်ငံခြားသားဝန်ထမ်း ၇၂ ဦး၊ နိုင်ငံသား ဝန်ထမ်း ၁၁၃ ဦး စုစုပေါင်း ၁၈၅ ဦးဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု လုပ်ငန်းများ၊ ရေကောင်းရေသန့် ရရှိရေး လုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ GENDER (ကျား/မ)အခြေပြုခွဲခြား ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် MoU ပါ အချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၃။ သို့ပါ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ ((Action Plan)ကို နိုင်ငံတော်အဆင့် ထိထိရောက်ရောက် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် အပိုဒ် (၂)တွင် ဖော်ပြခဲ့သော အဖွဲ့အစည်းများ၊ MSF အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကျန်ရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း များကိုလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကို အလေးထားလျက် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖိတ်ခေါ်အပ်ပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပြစ်မူကျူးလွန်သူများကို ဥပဒေနှင့် အညီအချိန်မီ အရေးမယူပါက ရခိုင်အခြေအနေအထိန်းရခက်မည်

 ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ် (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ် (ဓါတ်ပုံ- နိရဉ္စရာ)
နိုင်ငံတော်အစိုးရအပါအ၀င် ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော်လည်း ပြစ်မူကျူးလွန်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များက အချိန်နှင့် တပြေးညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရှေ့တွင် အခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနိုင်ကြောင်း ရခိုင်ဒေသခံများက  ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၇  ရက် နေ့လည်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ရခိုင်ရွာသားများနှင့် ပိုက်သည်ရွာမှ ဘင်္ဂလီကျေးရွာသား အချို့ တစ်ဘက်နှင့် တစ်ဘက် ထိပ်တိုက် ပြသနာ ဖြစ်ပွားရန် အခြေအနေထိ ရောက်ရှိခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ အချိန်မီ ရောက်ရှိဟန့်တားနိုင်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း ပြစ်မူကျူးလွန်သူများကို ယခုအချိန်ထိ တာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးဟု သိရသည်။
ပြသနာ ဖြစ်ပွားခဲ့ပုံနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးထွန်းမြအေးက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
“ မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ကျောက်တော်- သရက်အုပ်လမ်းမှာရှိတဲ့ သင်္ဘောကွေ့ ဟိန္ဒုတ်ကန်နားမှာ ဦးမှဲ့နီအောင်ရဲ့ ဇနီး ဒေါ်အေးတင် ကျောင်းနေတဲ့ ကျွဲကို ပိုက်ဆိပ်ရွာက ဘင်္ဂလီ ၅ ဦးက ဓါးနဲ့ လာခုတ်ပါတယ်။ အဲသလို ခုတ်တဲ့အခါ အမျိုးသမီးက လှမ်းအော်တဲ့ အတွက် ကျွန်တော်ရွာက ရွာသား လေးငါးဆယ်ခန့်က တုတ်တွေ၊ ဓါးတွေနဲ့ လိုက်သွားတော့ ဘင်္ဂလီတွေက နောက်ဆုတ်ခံပါတယ်။ သူတို့မှာတော့ ငါးယောက် တစ်အုပ်၊ ခြောက်ယောက် တစ်အုပ်၊ အုပ်စု (၂) ခု ရှိပါတယ်။ အဲသလို အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေ အချိန်မှီ ရောက်ရှိလာတဲ့ အတွက် ပြဿနာ မဖြစ်ဘဲ ရှောင်လွဲနိုင်ခဲ့ပါတယ်” ဟု သူက ဆိုသည်။
သရက်အုပ် ရွာသစ်နေ ဦးမှဲ့နီအောင်၏ ဇနီးဒေါ်အေးတင်တို့ ပိုင်ဆိုင်သော ကျွဲတစ်ကောင်တွင် တင်ပါးတွင် တစ်ချက်၊ လည်ပင်းတွင် တစ်ချက် ဒဏ်ရာရသွားခဲ့သည်ဟု သူက ပြောသည်။
“ ကျွန်တော်တို့က ရဲတွေရောက်လာတဲ့ အတွက် ရဲတွေကို ဒီပြစ်မူကျူးလွန်တဲ့ သူတွေကို အရေးယူပေးဖို့ တိုင်ကြားလိုက်ပါတယ်။ ဘာကြောင့် ခုလို ခုတ်တယ်ဆိုတာလဲ မသိရဘူး။ ဒါပေမယ့် အခုအချိန်ထိတော့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်တာကို မတွေ့ရသေးဘူး” ဟု ၎င်းရွာသားက ဆက်ပြောသည်။
သို့အတွက် နိရဉ္စရာမှ ကျောက်တော် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောသည်။
“ ကျွန်တော်တို့ဆီကို ဒီပြသနာနဲ့ ပတ်သက်ပြီး ဘယ်သူမှ အမူလာမဖွင့်တဲ့ အတွက် ကျွန်တော်တို့က အရေးယူလို့မရပါဘူး” ဟု ပြောသည်။
ဆက်လက်ပြီး သရက်အုပ်ရွာသားများသို့ ဆက်သွယ်မေးမြန်းရာ အခင်းဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို တိုင်ကြားထားခြင်းသာ ဖြစ်ပြီး ဦးမှဲ့နီအောင်မှာ သာမန်တောင်သူ တစ်ဦးဖြစ်သဖြင့် စိုးရိမ်ပြီး ရဲစခန်းသို့ သွားရောက် အမူမဖွင့်ရဲဟု ပြောသည်။
ယခု ပြသနာ မဖြစ်ပွားမီက ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာ ရွာဦးဘုရားရှိ မွေးနံ ဘုရားငါးဆူကို အမည်မသိသူများက ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ဦးတော်များကျိုးပိုင်း ပျက်စီးခဲ့ရသည်။
အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တင်းမကျေးရွာ အနီးရှိဘုရားမှ မွေးနံ ဘုရား (၈) ဆူ၏ ဦးတော်များနှင့် ကိုယ်လက်အင်္ဂါများကို မသမာသူများက ဖျက်ဆီးပစ်ခဲ့ကြသည်။
တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာကို မေးမြန်းခဲ့ရာ သူက ယခုပြောသည်။
“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉) တပ်မ အပြင် စစ်တပ် တပ်ရင်းအများအပြားလည်း တပ်စွဲထားပြီး ရဲတပ်ဖွဲ့အင်အားကိုလည်း အလုံအလောက်တိုးချဲ့ချထားသည်။ ထိုသို့ လုံခြုံရေးအရ တင်းကျပ်ထားသော နယ်မြေ တစ်ခုတွင်  ဘုရားများကို ၀င်ရောက်ဖျက်ဆီးနေသူများအား တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူ အပြစ်ပေးခြင်း မရှိနိုင်ဘဲ ဖြစ်နေမူ အပေါ် ဒေသခံများ အနေဖြင့် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
နောက်ဆုံး ရရှိသော သတင်းအရ ဘုရားဖျက်ဆီးသည့် ပြစ်မူကျူးလွန်သူများကို သက်ဆိုင်ရာက ယနေ့ အချိန်ထိ အရေးယူဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်တော်မြို့နယ်တွင် ဘုရားဆင်းထုတော် (၈)ဆူ ထပ်မံဖျက်ဆီးခံရ

Kyauk-Taw
သာယာလှပသော ကျောက်တော်မြို့နယ်တွင် ဘုရားများမကြာခဏ ဖျက်ဆီးခံနေရ၍ လူအများ စိတ်မချမ်းမြေ့ကြပါ။ (ဓါတ်ပုံ- နိရဉ္စရာ)
ရှေးဟောင်း ဗုဒ္ဓအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမရွာ စေတီတော်တွင် မွေးနံဘုရားဆင်းတုတော် (၈) ဆူ ထပ်မံ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
ယင်း မွေးနံဘုရားဆင်းတုတော်များမှာ စေတီတော် မွေးနံထောင့်များရှိ ဥာဏ်တော် (၁) တောင်ခန့်ရှိသော ဆင်းတုတော်များ ဖြစ်ကြပြီး ဖျက်ဆီးထားခြင်းကို ဇူလိုင်င်လ (၂၄)ရက်နေ့က ရွာသားများ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲမှူးနှင့်အတူ လိုက်ပါစစ်ဆေးနေသူ ရဲဝန်ထမ်းတစ်ယောက်က နိရဉ္စရာသို့ ပြောသည်။
“အဲဒီလို ဖျက်ဆီးထားတာကို ရွာက ကလေးတွေ စတွေ့တာလို့ ပြောတယ်။သူတို့က စေတီထဲကို သွင်းထားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ ရွာကလူတွေသိတော့ သတင်းက ပေါက်ကြားသွားတာပါ။ အဲဒီ ရွာက ကလေးတွေကိုလည်း ဘယ်လိုတွေ့ရှိခဲ့တယ်ဆိုတာ စစ်ဆေးနေပါတယ်” ဟု သူက ပြောသည်။
သူက ဆက်လက်၍  “ ဘုရားက ရွာနဲ့တစ်မိုင်လောက်ဝေးတယ်။ ဘုရားတွေကိုဖျက်ဆီးပြီးတော့ ဦးတော်တခြား လက်တခြား လွှင့်ပစ်ထားခဲ့တာပါ။ ဥာဏ်တော်တော့ သိပ်မကြီးပါဘူး။ဆင်းတုတော်တွေရဲ့ လက်တွေကိုဖဲ့၊ ဦးခေါင်းတော်တွေကို ရိုက်ခွဲပြီးတော့ စေတီအပြင်မှာ လွှင့်ပစ်ထားခဲ့တာ။ ဘယ်အချိန်က လုပ်သွားတယ် ဆိုတာတော့ ဘယ်သူမှမသိသေးပါဘူး” ဟု သူက ဆက်လက် ရှင်းပြသည်။
တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာ ကလည်း ယခုလို ပြောသည်။
“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။
လွန်ခဲ့သော ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာတွင် ဘုရား ဆင်းတုတော် (၅) ဆူ ဖျက်ဆီးခံခဲ့ရပြီး ဆင်းတုတော်များ ဖျက်ဆီးသည့် တရားခံများကို သက်ဆိုင်ရာက ယနေ့ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ

Buddhist-staus-stone-100-kg-weight-recovered-Bogra
ဖမ်းဆီးရမိသော ရုပ်ပွားတော်အား တွေ့ရစဉ် ( ဓါတ်ပုံ- Bd24news)
ဘင်္ဂလာတာကာငွေ သန်းချီ တန်းဖိုးရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ရေကန်ထဲတွင် ၀ှက်ထားရာမှ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ယင်း ဗုဒ္ဓရုပ်ပွားတော်မှာ အလေးချိန် ကီလို (၁၀၀) ရှိပြီး အမာစား သံကျောက် တစ်ခုတွင် ကနူတ်ပန်းများနှင့် အတူ ပလ္လင်ခွေထိုင်နေဟန် ထွင်းထုထားသော ရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။ (ပုံ-ရှု့ပါ)
ဗုဒ္ဓရုပ်ပွားတော်အား ဘင်္ဂလာဒေခ်ျ့ အမှတ် (၄၃) နယ်ခြားစောင့်တပ်ဖွဲ့မှ သတင်းအရ ရှာဖွေစဉ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြောက်ဘက် ဘော်ဂရာ (Bogra)ခရိုင်အတွင်း ကျေးရွာတစ်ရွာရှိ ရေကန်တခုအတွင်းမှ ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဖမ်းဆီးရမိချိန်မှာ လွန်ခဲ့သည့် ကြာသပတေးနေ့ နေ့လည် ၂ နာရီခန့်တွင်ဖြစ်ပြီး ရွာအမည်မှာ ယင်းဘော်ဂရာခရိုင်အတွင်းရှိ အာန္တာဟာ့ရ်ရွာ ဖြစ်ကြောင်း သိရသည်။
ဘော်ဂရာခရိုင်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အုတ်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်း ဒါဇင်နှင့် ချီပြီး တူးဖေါ် ရရှိထားသော ဒေသတစ်ခု ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေတက္ကသိုလ် ကြိုပို့ကားများ ဇူလိုင်လ ၂၈ ရက်မှစ၍ အခမဲ့ ပြေးဆွဲမည်

sittwe-university
စစ်တွေ တက္ကသိုလ်ကို ခန့်ညားဝင့်ထယ်စွာတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ လင်းမြတ်)
ကျောင်းသား ကျောင်းသူများ လွယ်ကူ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် စစ်တွေတက္ကသိုလ် ကြိုပို့ကားများကို ဇူလိုင်လ (၂၈) ရက်နေ့မှ စတင်ပြီး အခမဲ့ပြေးဆွဲပေးသွားမည်ဟု သိရသည်။
ယခုအစီအစဉ်မှာ ၀န်ကြီးချုပ် ဗိုလ်မောင်မောင်အုန်း ဦးဆောင်သော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစီအစဉ်ဖြစ်ပြီး ဇူလိုင်လ (၂၈)ရက်နေ့ စတင်ကာ ကား(၃)စီးဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်သည်ဟု စစ်တွေတက္ကသိုလ် မော်ကွန်းထိန်း ဆရာဦးရွှေခိုင်ကျော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ လာမယ့် တနင်္လာနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အခမဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုလဆန်းပိုင်းက စစ်တွေတက္ကသိုလ်၌ ဆရာဆရာမများ အပါအ၀င် ကျောင်းသားကျောင်းသူများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် နှင့်တွေ့ဆုံစဉ် ကျောင်းကားအခက်အခဲကို တင်ပြရာမှ ဝန်ကြီးချုပ်က ယခုလို အခမဲ့ စီစဉ်ပေးခြင်း ဖြစ်သည်ဟု စစ်တွေကတ္ကသိုလ် ကျောင်းသူ မစုမွန်ထက်က ပြောသည်။
“ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ကျောင်းကိုရောက်လာတဲ့အချိန်မှာ ဆရာဆရာမတွေ ကျောင်းသား ကျောင်းသူတွေက တင်ပြကြပါတယ်။ ကျောင်းကြိုပို့ကားတွေကို အခမဲ့စီစဉ်ပေးဖို့၊ ကျောင်းသွား လမ်းတစ်လျှောက် လုံခြုံရေးတွေတိုးမြှင့်ချထားပေးဖို့၊ ပြီးတော့ ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေပံ့ပို့ပေးဖို့ ဒါတွေကို တင်ပြကြပါတယ်။ တင်ပြပြီးသိမ်မကြာခင်မှာပဲ အခုလို စီစဉ်ပေးဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
sittwe-university
တက္ကသိုလ်ကျောင်းတော်ကြီးဘေး ပင်မဆောင်လမ်းမ ( ဓါတ်ပုံ- နိရဉ္စရာ/ လင်းမြတ်)
ဆက်လက်ပြီး သူမက “ အယင်ကဆို ကျောင်းသွားရင် အသွားနှစ်ရာ အပြန် နှစ်ရာ တစ်နေ့ကို (၄၀၀) ကျပ် ကုန်ပါတယ်။ တစ်လကိုကားခ သက်သက် (၈၀၀၀) ထောင်လောက်ကုန်တယ်။ အခုတော့ ကားတွေအခမဲ့ စီစဉ်ပေးတော့မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကများတော့ ကားသုံးစီးနဲ့ လုံလောက်ဖို့တော့ မထင်ပါဘူး။ ဒါပေမဲ့ အယင်ထက်တော့ ပိုအဆင်ပြေသွားပါတယ်” ဟု သူမက ဆက်ဆိုသည်။
ထို့အပြင် ကျောင်းသွားလမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးဝန်ထမ်းများကိုလည်း အယင်ကထက် ပိုမို ချပေးထားကြောင်း သိရသည်။
ယခင်က စစ်တွေတက္ကသိုလ်ကျောင်းသား ကျောင်းသူများမှာ သုံးဘီးဆိုင်ကယ်များဖြင့် ကျောင်းတက်ခဲ့ကြရပြီး ကျောင်းတက်ရာလမ်းတစ်လျှောက်တွင် လုံခြုံရေး နည်းပါးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမမများအတွက် လုံခြုံရေးစိုးရိမ်မှုများရှိခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ယူနိုက်တက်အသင်း မြန်မာနယ်ရှင်နယ်လိဂ်သို့ တန်းတက်ခွင့်ရ

(ရန်ကုန် အားကာသိပ္ပံကစားကွင်းတွင် ရခိုင်ယူနိုက်တက် ကစားသမားများ လေ့ကျင့်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
(ရန်ကုန် အားကာသိပ္ပံကစားကွင်းတွင် ရခိုင်ယူနိုက်တက် ကစားသမားများ လေ့ကျင့်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ထူးမြတ်)
မြန်မာနေရှင်နယ်လိဂ် – ၂ ( MNL-2) တွင် တန်းဆင်းခံခဲ့ရသော ရခိုင်ယူနိုက်တက်အသင်းသည် ယခုနှစ် ဘော်လုံးရာသီတွင် မြန်မာနယ်ရှင် နယ်လိဂ်သို့ တန်းပြန်တက်ရောက်ခွင့်ရရှိသွားပြီဟု သိရသည်။
ရခိုင်ယူနစ်တက်အသင်းမှာ ဇူလိုင်လ(၂၂)ရက်နေ့က ဒဂုံအက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားရာတွင် ၂ ဂိုး  ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနယ်ရှင်နယ်လိဂ်သို့ တန်းတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက် အသင်းသည် ၁၇ ပွဲကစား၊ ၁၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရဂိုး ၅၂ ဂိုး၊ ပေးဂိုး ၈ ဂိုး၊ ရမှတ် ၄၀ ဖြင့် မြန်မာနေရှင်နယ်လိဂ်သို့ ဟံသာဝတီ ယူနိုက်တက် အသင်းနှင့်အတူ တက်ရောက်ခွင့်ရခဲ့သည်။
၂၀၁၁-၁၂ နေရှင်နယ်လိဂ်တွင် စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၁၂-၁၃ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ်သို့ တန်းဆင်းသွားခဲ့ကာ ၂၀၁၄ ခုနှစ်တွင် မြန်မာနယ်ရှင်နယ်လိဂ်သို့ ပြန်လည် တန်းတက်ရောက်ခွင့် ရရှိခဲ့သည်။
၂၀၁၂-၁၃  နေရှင်နယ်လိဂ်မှ မြန်မာနေရှင်နယ်လိဂ် – ၂ ( MNL-2) သို့ တန်းဆင်းခဲ့ရသည်မှာ ပွဲစဉ် အချို့တွင် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုရှိခဲ့သည်ဟု ရခိုင်ယူနစ်တက်အသင်းမှ အသင်းပိုင်ရှင် ဦးဇော်မင်းသိမ်းနှင့် ဝါရင့်ကစားသမားတစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦးက ပြောသည်။
“အသင်းငယ်နဲ့ အသင်းကြီးပွဲဆိုရင်တော့ ဒိုင်တွေက အသင်းကြီးဘက်ကပါနေတာတွေဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာမှမတတ်နိုင်ခဲ့ဘူးလေ” ဟု ကိုထွန်းထွန်းဦးက ဆိုသည်။
B-2 လက်ရှိအသင်းတွင် ပါဝင်ကစားနေသော ကစားသမားများမှာ ယခင်နှစ် တန်းကျခဲ့စဉ်ကတည်းက ရှိခဲ့သော ကစားသမားအများစုနှင့် ပြန်လည်စုစည်းထားခြင်းဖြစ်ကြောင်း ကိုထွန်းထွန်းဦးက ရှင်းပြသည်။
“ခု အသင်းကတော့ အရင်နှစ်က ကျခဲ့တဲ့ ကစားသမားတွေပြန်စုတာပါ။ပိုင်ရှင်တွေကလည်း မပြောင်းစေချင်ဘူးလေ။ ကိုယ့်အသင်းသားတွေကို ပြန်တက်စေချင်တဲ့သဘောပါ”ဟုပြောသည်။
၎င်းပြင် နေရှင်လိဂ် ပြိုင်ပွဲတွင် အနိုင်ရရှိနိုင်ရေး အတွက် နိုင်ငံခြားကစားသမားများဖြင့် အားဖြည့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးဇော်မင်းသိမ်းက ပြောသည်။
ယခုနှစ်တွင် ရခိုင်ယူနစ်တက်အသင်းတွင် နည်းပြအပြောင်းအလဲရှိခဲ့ပြီး လက်ရှိတွင် နည်းပြချုပ်ဦးဝင်းတင်က ဦးဆောင်ကာ ကစားသမားများအား တာဝန်ယူလေ့ကျင့်ပေးနေကြောင်း သိရသည်။
အသင်းတွင် ကိုယ်ပိုင်အိမ်ကွင်းမရှိသေးသဖြင့် ကစားသမားများလေ့ကျင့်ရန် အခက်အခဲရှိကြောင်း၊သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံတင်ပြခဲ့ရာ ကျိုက္ကဆံအားကစားကွင်းတွင် လေ့ကျင့်ခွင့်ရကြောင်း အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးဝင်းတင်က နိရဉ္စရာသို့ ပြောသည်။
“လေ့ကျင့်မှုပိုင်းကတော့ ဒီနှစ်မှာ ပြိုင်ပွဲမစခင်ကတည်းက ကွင်းအခက်အခဲရှိခဲ့တယ်။ဒါကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အကူအညီတောင်းတယ်။ အဖွဲ့ချုပ်က ကူညီလို့ လေ့ကျင့်ခွင့်ရတယ်။ စလင်းကွင်းနဲ့ ပဒုမ္မာကွင်းတွေမှာ လေ့ကျင့်ခွင့်ရတယ်။ အရင်က ကွင်းမရှိတော့ တပတ်မှာ သုံးရက်ဘဲ လေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်” ဟု ပြောသည်။
သူက ဆက်လက်၍ “တိုးတက်မှုတော့ ရှိလာတယ်ပေါ့။ကွင်းရတော့ အဆင်ပြေတယ်။ဘောလုံးသမားက ကွင်းမရှိရင် အလုပ်လုပ်လို့မရဘူးလေ။ ဒီနေ့ထိတော့ အိမ်ကွင်းမရှိသေးဘူး။ အပေါ်က အုပ်ချုပ်မှု အပိုင်းတွေကတော့ လုပ်ဆောင်နေတယ်” ဟု အသင်းအပေါ် သုံးသပ်ပြောဆိုသည်။
ယခုလက်ရှိနည်းပြအသစ်အပေါ် အားရကျေနပ်မှုရှိကြောင်း ကစားသမားတစ်ဦး ဖြစ်သူ ကိုထွန်းထွန်းဦး ဆက်ပြောသည်။
“အစတုန်းကတော့ ကျွန်တော်တို့ မိနစ်(၉၀)ထက် ပိုမကန်နိုင်ဘူး။ ခုတော့ လေ့ကျင့်ရေးပိုင်းမှာ ပိုကောင်းလာတယ်” ဟုပြောသည်။
ရခိုင်ယူနိုက်တက် အသင်းတွင် ရခိုင်ပြည်နယ်မှ ကစားသမား (၅) ဦးပါဝင်ပြီး ယင်းကစားသမားများမှာ စစ်တွေ၊ ဘူးသီတောင် ၊ဂွ၊ သံတွဲ၊ ကျောက်ဖြူတို့မှ ဖြစ်သည်။
ယခုအခါ ကျိုက္ကဆံအားကစားကွင်းအတွင်း တနင်္ဂနွေနေ့မှ လွဲ၍ ကျန်ရက်များတွင် ဆက်လက် လေ့ကျင့်နေကြကြောင်း သိရသည်။
ရခိုင်ယူနစ်တက်အသင်းသည် ဇူလိုင်လ(၂၅) ရက် ယနေ့တွင် ဒုတိယ ဆုဖလားအား လက်ခံရယူခဲ့ပြီး မနက်ဖြန်တွင် တစ်ပွဲကို တက္ကသိုလ်ပေါင်းစုံအသင်းနှင့် နောက်ဆုံးလက်ကျန်ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက် အသင်းအနေဖြင့် ရခိုင်ပြည်နယ်တွင် လူငယ်မျိုးဆက် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး စစ်တွေတွင် ဘော်လုံးပြိုင်ပွဲများ ကျင်းပ ပြုလုပ်နေကြောင်း အသင်းပိုင်ရှင် ဦးဇော်မင်းသိမ်းက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့နယ် ဘောဒူဖအုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ရာတွင် ပါဝင်သူများဟု သင်္ကာမကင်း ဖြစ်ခံရသူ ဘင်္ဂလီလူမျိုးအနည်းဆုံး (၁၀) ကျော်ဖမ်းဆီးခံရ

refugee-camp
စစ်တွေမြို့နယ် ဘောဒူဖဘင်္ဂလီကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်အား တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်သူများဟု သင်္ကာမကင်းဖြစ်ခံရသူများကို လိုက်လံ ဖမ်းဆီးရှိနေရာ ယခုအခါ ဖမ်းဆီးခံရသူမှာ လူပေါင်း (၁၀) ကျော်သွားပြီဟု သိရသည်။
ဇူလိုင်လ (၂၂) ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်တွေမြို့နယ်၊ ဘောဒူဖဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်တင်၏ နေအိမ်အား ဘာဒူဖဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီ ၁၀၀၀ ခန့်တို့က တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ဖြိုဖျက်ခဲ့ကြသည်။
ထိုသို့ ဖြိုဖျက်စဉ် ရဲတပ်ဖွဲ့မှ အင်အား ၂၀ ကျော်ခန့်ဖြင့် သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရပြီး တိုက်ခိုက်မူ ဖြစ်ပွားစဉ်အတွင်း လူပေါင်း လေးငါးရာကျော်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
“ လူအုပ်က လေးငါးရာကျော်ရှိတယ်။ အိမ်ပေါ်တက်လုတာ။ ဘယ်လိုမှ မတတ်နိုင်တော့ မိုးပေါ်ကို သေနတ် သုံးချက်ထောင်ပစ်ပြီး လူစုခွဲရတယ်။ အခင်းဖြစ်တဲ့နေ့က ရှစ်ယောက်ဖမ်းတယ်။ မနေ့က သုံးလေးယောက်ဖမ်းတော့ တစ်ဆယ်ကျော်သွားပြီ” ဟု သက်ဆိုင်ရာ ပြည်နယ် အဆင့် ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးရခြင်းကြောင့် အိမ်ခြံစည်းရိုး၊ ၀ရံတာနှင့် တီဗွီ၊စလောင်း ၊အောက်စက် ၊ ဆိုင်ကယ်နှင့် စက်ဘီးများပါ ပျက်စီးသွားကြောင်း ဘောဒူဖ ဘင်္ဂလီကျေးရွာ အရပ်လူကြီး တစ်ဦးက ပြောသည်။
“ ဦးမောင်မောင်တင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ အပြင် ဒိန်းမတ်ကူညီစောင့်ရှောက်ရေအဖွဲ့ (DRC) က ထောက်ပံ့တဲ့ အစားအစာတွေနဲ့  ပစ္စည်းအချို့ကို တာဝန်ခံပြီး ဒုက္ခသည်စခန်းများသို့ လွှဲပြောင်းပေးနေတဲ့သူလည်း ဖြစ်ပါတယ်။ ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးရတဲ့ အကြောင်းက သုံးခုလောက်ရှိတယ်လို့ သိရပါတယ်။ ဘာတွေလည်းဆိုတာတော့ မပြောနိုင်ဘူး။ ဒဏ်ရာ ရတာတော့ မရှိပါ” ဟု ဆိုသည်။
ဦးမောင်မောင်တင်၏ နေအိမ်ကို ၀ိုင်းလုယက်ခဲ့ခြင်းမှာ ကယ်ဆယ်ရေးစခန်းတွင် DRC မှ ကယ်ဆယ်ရေး ပစ္စည်းများပေးမည်ပြောသည်ဟုဆိုကာ ဦးမောင်မောင်တင်မှ ငွေတောင်း သည်ဆိုဟာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒုက္ခသည်စခန်းမှ လာသော သတင်းများအရ သိရသည်။
ဝင်ရောက်တိုက်ခိုက်သူများသည် ဦးမောင်မောင်တင် နေအိမ်အား ဖျက်ဆီးခဲ့သည့်အပြင် အိမ်တွင်းမှ သေတ္တာ ၃ လုံးကို ယူဆောင်သွားကြောင်း၊  ထိုသေတ္တာများထဲတွင် အ၀တ်အထည်များနှင့်အတူ ငွေကျပ် (၁၅) သိန်း၊ ရွှေ (၁၀) ကျပ်လည်း ပါသွားကြောင်း သိရသည်။
အကြမ်းဖက် ဖျက်ဆီးရာတွင် ခေါင်းဆောင် ပါဝင်သူများကို ရဲက လိုက်လံ ဖမ်းဆီးနေသဖြင့် ပါဝင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
ဖမ်းဆီးခံရသူ (၁၀) ကျော်ထဲတွင် ဘောဒူဖ အကွက်(၁) နှင့် (၂) မှ ဆွေယော့တူဆောင်း (၂၁) နှစ်၊ အီစ္စမိုင်(ခ) မောင်ချမ်းသာ (၂၀)  နှစ်၊ မာမောက်ဆူလ်တန် (ခ) ကျော်မြင့် (၂၁)နှစ်၊ မာမောက်ရော်ချီး (၃၃) နှစ်၊ အဒူရော်ချီး (၂၅) နှစ်၊ ဟာမိတ်တူဆောင်း(၃၈) နှစ်၊  အီလီယာစ် (၃၈) နှစ်နှင့် မူဟာမတ် တူဆောင်း (၃၇) နှစ် တို့ပါဝင်ကြောင်း သိရသည်။
“ ကျွန်တော်တို့ဆီမှာ လာရောက်အမူဖွင့်တဲ့အတွက် ဒါက ရာဇ၀တ်မူဖြစ်တဲ့ အတွက် ကျူးလွန်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီးရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပါဝင်သူတွေကိုတော့ ဆက်လက် ရှာဖွေ ဖမ်းဆီးနေတုန်း ဖြစ်ပါတယ်” ပြည်နယ် ရဲအရာရှိက ပြောကြားသည်။
ယင်းဘောဒူဖကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီ အချို့သည် လွန်ခဲ့သောနှစ်ကလည်း ရဲကင်းတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ရခိုင်တိုင်းရင်းသားများပိုင် မန်ဇီသင်္ချိုင်းကိုလည်း ဖျက်ဆီးခဲ့ရာတွင် ပါဝင်ခဲ့ပြီး ယခုအခါ သူတို့အချင်းချင်း တိုက်ခိုက်လာကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျူးကျော် မထွန်ယက်ရန် တားမြစ်ခံထားရသည့် စားကျက်မြေများအပေါ် ဆက်လက် လယ်ထွန်နေဆဲ

diw4umy9
ရခိုင်ပြည်နယ်အတွင်း နွားစားကျက်မြေများအား ကျူးကျော်ထွန်ယက်စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်ချက် ထုတ်ပြန်ထားသော်လည်း မြို့နယ် အတော်များများတွင် စားကျက်မြေများအပေါ် ကျူးကျော် ထွန်ယက် စိုက်ပျိုးမူများရှိနေဆဲဟု သတင်း ရရှိသည်။
ပုဏ္ဍားကျွန်းမြို့နယ် မြင်းကတ္တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၃) ရှိစားကျက်မြေ ဧက (၁၀၀) နီးပါးတွင် လူပုဂ္ဂိုလ် (၈) ဦးမှ တားမြစ်ချက်ကို လိုက်နာမူမရှိဘဲ ယနေ့အချိန်ထိ လယ်တက်ထွန်နေသည်ဟု မြင်းကတ္တော်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးမောင်သန်းတင်က ပြောသည်။
“ ရွာသားတွေဘုံပိုင်တဲ့ နွားစားကျက်မြေမှာ လယ်တက်ထွန်နေတဲ့ သူတွေကတော့ သဲတက်ရွာက (၃) ဦးနဲ့ မြင်းကတ္တော်ကျေးရွာ (၅) ဦး စုစုပေါင်း (၈) ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို လယ်ထွန်နေတာကို ပုဏ္ဍားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာသူ ကျေးရွာသား (၅၇) ဦးက ဒီလ ၈ ရက်နေ့က လက်မှတ်ထိုး စာရေးတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ ဖြေရှင်းပေးတာ မရှိသေးပါဘူး” ဟု သူက ဆိုသည်။
နိုင်ငံတော်မှ ယခင်စားကျက်မြေများအားအဖြစ် တည်ရှိခဲ့သော စားကျက်မြေများအားစားကျက်မြေအဖြစ် ပြန်လည် ထားရှိရန်၊ တရားဝင် စားကျက် ပယ်ဖျက်ခွင့်မရဘဲအကျိုးတူဆောင်ရွက်ခြင်း၊ သီးစားချထားခြင်း၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာဌာန အသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။
စစ်တွေ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန မှ  ၂၉-၅-၂၀၁၂  ရက်စွဲပါ စာအမှတ် ၄/၁-၁/ ဦး-၁ (၈၇၆) အားဖြင့်၎င်း၊ ပုဏ္ဍားကျွန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၆-၂၀၁၂ ရက်စွဲပါ စာအမှတ် ၄/  ၂၅-၃/ ဦး-၁ ဖြင့်၎င်း၊ နောက်ထပ် တစ်ကြိမ်  ၂၅-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၄/ ၅-၃/ ဦး-၁ (၇၆၂)  တို့အရလည်း စားကျက်မြေများကို စားကျက်မြေများအဖြစ် ဆက်လက်ထားရှိရန် ညွှန်ကြားထားသည်ဟု သိရသည်။
“ ခုလို ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် မလိုက်နာဘဲ ဆက်လက်ကျူးကျော် ထွန်ယက်နေကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဒီစားကျက်မြေတွေ မရှိရင် ကျွဲနွားမွေးမြူရာမှာ တော်တော့ကို အခက်အခဲရှိပါတယ်။ ဒီစားကျက်မြေ ရှိတဲ့ ကွင်းတွေကို ဒေသခံတွေက သက္ကယ်ပြင်၊ ကူပြင်နဲ့ ခွဆုံပြင်လို့ ခေါ်ဆိုပြီး ရွာသားတွေ အစဉ်အဆက် နွားစားကျက်မြေ အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံးတားမြစ်ပေးဖို့ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။
မြင်းကတ္တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးမှလည်း ယင်းစားကျက်မြေများပေါ်တွင် လယ်ယာထွန်စိုက်ပျိုးနေခြင်းနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် ပုဏ္ဍားကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
ယခုလို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ် တရားရုံးသို့ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေများနှင့် အညီ အရေးယူရန် တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် ကျေးရွာသားများ အနေဖြင့် နားမလည်အောင် ဖြစ်နေကြသည်ဟု ကျေးရွာသားများကဆိုသည်။
အလားတူ မင်းပြားမြို့နယ် မင်းဇီအုပ်စု အသေကာလနှင့် မြင်းကပ်ဆိပ်ကျေးရွာများတွင်လည်း ကျေးရွာသားများ အသုံးပြုသော စားကျက်မြေ ဧက ၅၀၀ ပေါ်တွင် အသေကာလမှ လယ်သမား ၄၆ ဦးမှ လယ်တက်ထွန်နေသဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း မင်းပြားပြည်နယ် လွှတ်တော် ဦးသာကျော်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာရဲတပ်ဖွဲ့ ဗဟိုချူပ်ကိုင်မူ လျှောချရန်နှင့် ခေတ်မီလက်နက်များတပ်ဆင်ရေး ရခိုင်လွှတ်တော်ကိုယ်စားလှယ် တင်ပြဆွေးနွေး

Police-in-Sittwe
ရဲတပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ် လွှတ်တော်ရှေ့တွင် ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ် ( ဓါတ်ပုံ-နိရဉ္စရာ)
ဇူလိုင် (၁၆) ရက်နေ့က ပြည်ထောင်စု လွှတ်တော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယ (၆)လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မူ အစီရင်ခံစာအေပါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဗဟိုချုပ်ကိုင်မူ လျှော့ချရန်နှင့် ခေတ်မီ လက်နက်များ ပြောင်းလဲတပ်ဆင်ရန်အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
“ ကျွန်မတို့ ဒီလ ၁၆ ရက်နေ့က စီမံကိန်းများနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မူ ပူးပေါင်းကော်မီနဲ့ ငွေစာရင်းကော်မီတီတို့က (၂) ခုပေါင်းတင်တဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဓိက စီမံခန့်ခွဲရေး ကဏ္ဍမှာ ပါရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာမှာ အဓိက ပါဝင် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့  လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် ဗဟိုချုပ်ကိုင်မူ စနစ်ကို လျှော့ချပြီး ရာထူး အဆင့်အလိုက် လုပ်ပိုင်ခွင့်များကို ချမှတ်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအပေါ်မှာ ဆွေးနွေးကြတာပါ” ဟု ဒေါ်ခင်စောဝေက ဆိုသည်။
ဒေါ်ခင်စောဝေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဗဟိုချုပ်ကိုင်မူနှင့် ခေတ်မီလက်နက်များ မရှိမူက ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးမူများရှိခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်အောင် မဆောင်ရွက်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော သာဓကများကို တင်ပြပြီး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ဗဟိုချုပ်ကိုင်မူနဲ့ ခေတ်မီလက်နက်တွေ၊ ဆက်သွယ်ရေး ကရိယာတွေ၊ သယ်ယူပို့ဆောင်ရေး အမြန်ယာဉ်တွေ လိုအပ်နေတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာကို တင်ပြပြီး ကျွန်မ ဆွေးနွေးတင်ပြခဲ့တယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ခရိုင်၊ မြို့နယ်၊ ရဲစခန်းတွေက တာဝန်ရှိသူတွေ အနေနဲ့ ပြည်နယ်ရဲမှူးကြီးဆီက အမိန့်ကို စောင့်ရတယ်။ သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်ပေးမထားတော့ ချက်ချင်း ဖြေရှင်းရမယ့် ပြဿနာတွေကို ချက်ချင်း မဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့တွေမှာ နစ်နာမူတွေ ရှိခဲ့သလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်မှာ လုံခြုံရေး အကူအညီမရတဲ့ အတွက် နစ်နာမူတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေကို ထောက်ပြပြီး ကျွန်မ က ဆွေးနွေးခဲ့ပါတယ်” ဟု သူမကဆိုသည်။
 မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှအထူးရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)
မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှအထူးရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)
၎င်းပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး သတ်ဖြတ်ခံရမူတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော သေနတ်များမှာ ခေတ်မမီသလို ဆက်သွယ်ရေး ကရိယာများလည်း မရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အထိနာခဲ့ကြရသည်ဟု သူမက ဆိုသည်။
“ အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်နေတဲ့ သေနတ်တွေက ဒုတိယကမ္ဘာစစ်အတွင်း ကိုင်ဆောင်ခဲ့တဲ့ ပွိုင့် (၃၀၃) ရိုင်ဖယ်တွေ၊ ပွိုင့် (၃၁) ခြောက်လုံးပြုးတွေ ဖြစ်တယ်။ ဒီကိုင်ထား သေနတ်တွေကလည်း မပေါက်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီသေနတ်တွေကိုလည်း ခေတ်မီလက်တွေနဲ့ အစားထိုးဖို့ တင်ပြခဲ့တယ်” ဟု ဆိုသည်။
၎င်းနေ့ အစည်းအဝေးသို့  မြန်မာနိုင်ငံ ပြည်ထောင်စု ၀န်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားတိုးတက်ရေး ၀န်ကြီး ဒေါက်တာကံဇော် တက်ရောက်ခဲ့ပြီး ရရှိလာသော ဆွေးနွေးဆုံးဖြတ်ချက်များကို ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဟုပြောဆိုခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တောမြို့နယ်တွင် ဘင်္ဂလီလူမျိုးများက ရခိုင်တိုင်းရင်းသားပိုင် လယ်မြေများကို ဌားရမ်းလုပ်ကိုင်မူ ရပ်ဆိုင်း

Border-area-of-Maungdaw
ရခိုင်ပြည်နယ် မောင်တောနယ်စပ် မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ/ ဦးဇင်းဘီလူး)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ ပိုင်ဆိုင်သည့် လယ်မြေများအား သီးစားစနစ်ဖြင့် အစဉ်အဆက် ဌားရမ်းလုပ်ကိုင်နေမူကို ဘင်္ဂလီလူမျိုးများမှ ယခုနှစ် စိုက်ပျိုးရာသီမှ စတင်ပြီး သူတို့သဘောနှင့် သူတို့ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းမှာ ရခိုင်တိုင်းရင်းသား လယ်ပိုင်ရှင်များအနေဖြင့် အခက်တွေ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မင်္ဂလာညွှန့်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးအောင်သာလှက ပြောသည်။
သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရမှ ရခိုင်တိုင်းရင်းသား လယ်သမားများ လယ်ယာထွန်ယက်စိုက်ပျိုးရာတွင် အခက်အခဲတစ်စုံတစ်ရာ မရှိစေရန် ရည်ရွယ်ပြီး ယခုအခါ ဒေသခံ ရခိုင်တိုင်းရင်းသားလယ်သမားများထံသို့  လယ်ထွန်စက်၊ ခိုင်းနွားများနှင့် မျိုးစပါးများကို ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးသာလူချေက နိရဉ္စရာသို့ပြောသည်။
“ရခိုင်တိုင်းရင်းသားတွေက သီးစားချပေးထားတဲ့ လယ်တွေကို ဇွန်လအလယ်လောက်ကစပြီး ဘင်္ဂါလီတွေက ပြန်လာအပ်ကြလာတယ်။ ရခိုင်တွေ ဒုက္ခရောက်အောင်ဆိုပြီး သူတို့ရဲ့ မော်လဝီ ဆရာတွေက အဲသလို ညွှန်ကြားထားတယ်လို့ ကြားရတယ်။ ဒီအတွက် ရခိုင်တိုင်းရင်းသားတွေမှာ လတ်တလော စိုက်ပျိုး ထွန်ယက်ရာမှာ အခက်အခဲတွေ ဖြစ်လာတယ်။ အဲဒါကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရကနေ မျိုးစပါးတွေ၊ ဓါတ်မြေသြစာတွေနဲ့ လယ်ထွန်စက်တွေကို သိန်းပေါင်း မြောက်မြားစွာ အကုန်အကျခံပြီး ထောက်ပံ့ ပေးနေပါတယ်။ ခိုင်းနွားတွေ ထောက်ပံ့ပေးတာတော့ ဘဏ်ကနေ ငွေချေးပေးပြီး ဝယ်ပေးတဲ့ သဘောပါ”  ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရမှ လယ်ယာသုံး စက်ကရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို ကူညီ ထောက်ပံ့နေသော လယ်သမားများမှာ မောင်တောမြို့နယ်နှင့် တောင်ပြို့မြို့နယ်ခွဲအတွင်း တည်ရှိသော ကျေးရွာများ ဖြစ်ကြသည့် မင်္ဂလာညွှန့်၊ အောင်ဇေယျ၊ ဖါးဝပ်ချောင်း၊ မင်းခမောင်း၊လောင်းဒုံ၊ ကြိမ်ချောင်း၊ ရန်အောင်မြင်၊ နန်းရာကိုင်း၊ ရေနောက်သား၊ အောင်သယာယာ၊ နွားရုံတောင်ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း (၃၆)ရွာမှ ဖြစ်ကြသည်ဟု သိရသည်။
“ အဓိကတော့ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးရေးမှာ အခက်အခဲ မရှိရအောင် လုပ်သား မလုံလောက်မူ၊ မျိုးစပါးတွေ မလုံလောက်မူ စတဲ့ အခက်အခဲတွေကို ၀င်ရောက် ဖြေရှင်းပေးတာဖြစ်သလို တစ်ဘက်မှာလည်း လုံခြုံရေး အခြေအနေတွေကြောင့်လည်း ထွန်ယက် မစိုက်ပျိုးဘဲ မဖြစ်ရအောင် ကူညီတဲ့ သဘောပါ။ အဓိက အခက်အခဲက တိုင်းရင်းသားလယ်သမားတွေမှာ ဖြစ်နေတော့ သူတို့ကိုဘဲ ထောက်ပံ့ ကူညီရခြင်းဖြစ်ပါတယ်”  ဟု ဦးသာလူချေက ဆက်လက် ရှင်းပြပြောဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်ပြီး မောင်တောမြို့နယ် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် စနစ်တကျ ဖြစ်စေရေးအတွက်  စခန်း(၄)ခုခွဲ၍ ကျေးရွာနှင့် မြို့နယ်အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြသည်ဟု သိရသည်။
“မျိုးစပါး၊ ဓာတ်မြေသြစာ၊ လယ်ထွန်စက်တွေ၊ နောက်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ခိုင်းနွားတွေပါ ပေးထားခဲ့ပါတယ်။ ကျေးရွာ(၃၆)ရွာကို လယ်ထွန်စက်တွေနဲ့ဓာတ်မြေသြစာတွေပေးနိုင်အောင် စခန်း (၄) ခုဖွဲ့ပြီး စီမံထားခဲ့ပါတယ်။ စခန်းတစ်ခုစီမှာ ကျေးရွာ (၉) ရွာစီ တာဝန်ယူရမယ်” ဟု သူက ပြောသည်။
ယခု ကူညီထောက်ပံ့ပေးရာတွင် လက်တွန်းထွန်စက် (၄၅)စီး၊ မျိုးစပါး (၄၄၆၃)တင်း၊ ဓာတ်မြေသြဇာ (၂၉၇၅) အိတ်တို့အပြင် လယ်ထွန်စက်ကြီး (၂)စီးတို့ပါဝင်ကြောင်း သိရှိရသည်။
ယခုအခါ ထောက်ပံ့ပစ္စည်းများရရှိသော လယ်သမားများမှာ လယ်လုပ်ငန်းများ စတင် လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း၊ သို့ရာတွင် လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြကြောင်း မောင်တောမြို့နယ် နံသာတောင် ဆရာတော် ဦးစရဏက မိန့်ကြားသည်။
“အိမ်ခြေအလိုက် လယ်သမားဦးရေက ဘယ်လောက်ရှိတယ်ဆိုတာတွက်ချက်ပြီး လယ်သမား ဦးရေနည်းတဲ့ ရွာဆို ထွန်စက်တစ်လုံးတန်ရင် တစ်လုံး၊ ရွာကြီးရင် ထွန်စက်(၅)လုံးတန်ရင် (၅)လုံး ဆိုပြီး အချိုးကျ ခွဲဝေ ပေးတယ်။ လယ်သမားတွေကတော့ လယ်ထွန်နေကြပါပြီ။ ဒါပေမယ့် စိုက်ပျိုးထားတဲ့ စပါးတွေကို ဘင်္ဂါလီတွေက လာပြီးဖျက်ဆီးမှာကိုတော့ စိုးရိမ်မှုတွေရှိနေကြတယ်” ဟု မိန့်ကြားသည်။
ဝန်ကြီး ဦးသာလူချေမှ လုံခြုံရေးကို စီစဉ်ပေးသွားမည်ဟု ဆိုသည်။
“ သူတို့ လုံခြုံရေးတွေ အတွက်လည်း စီစဉ်သွားမယ်။ ဘာမှ ပူပင်စရာမရှိပါဘူး။”
တောင်ပြိုမြို့နယ်ခွဲမှ ကိုထွန်းဝင်းကမူ ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားပိုင်လယ်များကို ဌားရမ်း လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းလိုက်သဖြင့် အခက်အခဲတွေ့မည့်သူများမှာ ဘင်္ဂလီလူမျိုးများသာ ဖြစ်ပြီး သူတို့အနေဖြင့် နိုင်ငံတကာ အန်ဂျီအိုများ၏ အကူအညီကို မျှော်မှန်းပြီး ယခုလို ရခိုင်ပိုင် လယ်များတွင် သီးစားချ ဌားရမ်းလုပ်ကိုင်ခြင်းကို မလုပ်ကိုင်ဘဲ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ယခုလက်ရှိအခြေအနေတွင် မောင်တာမြို့နယ်အပြင် ရသေ့တောင်မြို့နယ်တွင်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တောင်ကုတ်ဒေသခံများနှင့်တွေ့ဆုံ

Taungup
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းသည် ယနေ့နံနက်က တောင်ကုတ်မြို့တွင် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။
“ တွေ့တာက နံနက် ၉ နာရီ ၃၀ မှာ ထွေအုပ်ရုံးမှာတွေ့ပါတယ်။ အဓိက အကြောင်းအရာကတော့ အရင်က သူပြောခဲ့သလိုဘဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို သူလုပ်ပေးဆိုတဲ့ အကြောင်း၊ သူက ပြည်မက ဖြစ်ပေမယ့် ရခိုင်အမျိုးသား တစ်ဦးကဲ့သို့ ရခိုင်ပြည်နယ်ကို ချစ်ခင်စိတ်ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ တောင်ကုတ်မြို့နယ် NLD ဥက္ကဌ ဦးတင်သိန်းအောင်က ပြောသည်။
ယင်းပြင် ရခိုင်ပြည်နယ်ဝန်ကြီးမှ သူ့သက်တမ်းကာလမှာ ၂၀၁၅ ခုနှစ်ရွှေးကောက်မတိုင်မှီထိ ရှိမည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း သူ့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုးရေး အတွက် ဘတ်ဂျက်ငွေများလည်း ရရှိထားကြောင်း ပြောဆိုသွားသည်ဟု ဆိုသည်။
“ အဓိကတော့ ပညာရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ သောက်သုံးရေ မလုံလောက်မူကိစ္စတွေကို သူ့အနေနဲ့ ပြည့်ပြည့်စုံဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်။ ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ဘီလီယံ ၈၀ကျော်လား- ဘယ်လောက်ရထားတယ်ဆိုတာလည်း ပြောသွားပါတယ်။ ကျွန်တော်က ကိန်းဂဏန်းကို မမှတ်မိလိုက်ဘူး။ တောင်ကုတ်မြို့ ကမ်းပါးပြိုနေတာကို ပြုပြင်ဖို့ ကျပ်သိန်း (၂၀) ကိုတော့ လက်ငင်း ပေးသွားခဲ့ပါတယ်” ဟု သူက ဆက်ဆိုသည်။
တောင်ကုတ်မြို့မှ မြို့ခံ လူကြီး တစ်ဦးဖြစ်သူ ဦးကျောက်တောင်မှလည်း  တောင်ကုတ် တက္ကသိုလ်တွင် သောက်သုံးရေ လိုအပ်နေကြောင်းကို တင်ပြခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ တင်ပြတာကတော့ တောင်ကုတ် ဂေါက်ကွင်းကိစ္စပေါ့။ အဲဒီဂေါက်ကွင်းအတွက် မြေကို စစ်တပ်ကလည်း မသိမ်းဘူးလို့ ပြောတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးကလည်း သူနဲ့ မဆိုင်ဘူးလို့ ပြောတယ်။  ဂေါက်ကွင်းကော်မီတီကိုပြောတော့လည်း မြို့မိမြို့ဖတွေနဲ့ ဆိုင်သလိုမျိုး ပြောတယ်။ ၂၀၀၁ ခုနှစ်ကတည်းက လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေရတယ်။ လယ်သမားတွေက ဟိုလက ထွန်တုံးတိုက်ပွဲဆင်တော့ တရားစွဲခံရတယ်။ ဒီလို ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို တင်ပြပါတယ်” ဟု ဦးတင်သိန်အောင်က ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းမှ မြို့တစ်မြို့ အနေဖြင့် ဂေါက်ကွင်းဆိုသည်မှာ ရှိသင့်ကြောင်း၊ သို့သော်လည်း တစ်ဘက်တွင် နစ်နာနေသူ တောင်သူ လယ်သမားများအား လျှော်ကြေး ပေးသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။
အခမ်းအနားကို တက်ရောက်ခဲ့သူ ရခိုင်လူမူကွန်ယက်မှ ကိုဇေယျာကျော်မှလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတကာအန်ဂျီအိုများနှင့် ပတ်သက်ပြီး ဇောင်းပေး ပြောကြားသွားသည်ဟု ပြောသည်။
“ အဓိကတော့ ၀န်ကြီးချုပ် ပြောတဲ့အထဲမှာ နိုင်ငံတကာ အန်ဂျီအိုတွေကိစ္စလည်း ပါဝင်ပါတယ်။ သူက ဒေသတစ်ခု ဖွံ့ဖြိုးရေးအတွက် အန်ဂျီအိုတွေရဲ့ အကူအညီတွေကိုလည်း လိုအပ်တာပေါ့။ ဒါကြောင့် အန်ဂျီအိုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ကျွန်တော်တို့လည်း သဘောတူပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ရခိုင်တိုင်းရင်းသားကို မျက်ကွယ်ပြုပြီး ဟိုဘက်ကို ထောက်ပံ့တာတွေ လုပ်နေတဲ့ အပေါ်မှာသာ ကျနော်တို့ ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ပီးရင် နိုင်ငံတကာ အန်ဂျီအိုတွေ အနေနဲ့ ရခိုင်အရေးမှာ ပွင့်လင်းမြင်သာမူတွေ ရှိဖို့လိုတယ်လို့တော့ မြင်ပါတယ်” ဟု သူက ဆိုသည်။
ယနေ့ တွေ့ဆုံပွဲသို့ တောင်ကုတ်မြို့မိ မြို့ဖများ၊ နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ၊ အစိုးရ၀န်ထမ်းများ စုစုပေါင်း လူပေါင်း (၁၀၀) နီးပါးခန့် တက်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် တွေ့ဆုံပွဲမှာ ပြီးဆုံးခဲ့သည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ် လယ်တက်ထွန်သူ မူလပိုင်ရှင်လယ်သမားများ တရားစွဲဆိုခံရ

Gulf ground in Taunguo
ဇွန်လ ၂၄ ရက်နေ့က တောင်ကုတ် ဂေါက်ကွင်းတွင် မူလပိုင်ရှင် လယ်သမားများ လယ်တက်ထွန်နေကြစဉ်။
အငြင်းပွားနေသော လယ်မြေများပေါ်တွင် လယ်တက်ထွန်သူ ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှ မူလပိုင်ရှင် လယ်သမားများမှာ တရားစွဲဆိုခံနေကြရကြောင်း သတင်း ရရှိသည်။
“ ပထမ တစ်ယောက် တရားစွဲဆိုခံရတာက မောင်မြင့်နိုင်ဖြစ်ပါတယ်။ သူက သူပိုင်တဲ့ လယ်မှာ လယ်တက်ထွန်တဲ့ အတွက် အဲဒီမြေမှာ ပုံစံ (၁၀၅)၊ လနဖေါက်ထားတဲ့  ဒေါ်ပုမြိုင်ရဲ့တူက တရားစွဲတာ ဖြစ်ပါတယ်” ဟု လယ်သိမ်းခံရသူ လယ်သမားများထဲမှ တစ်ဦးဖြစ်သူ ဦးသောင်းဖေက ပြောသည်။
တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာအနီးရှိ ဦးသောင်းဖေနှင့် ဦးမောင်မြင့်နိုင်တို့ အပါအ၀င် လယ်သမား (၃) ဦးပိုင်ဆိုင်သော လယ်မြေ ၇ ဒသမ ၉ ဧကကို မြေစာရင်း ဦးစီးဌာနမှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၄- ၁၉၉၅ ခုနှစ်က သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ ဦးက သူတို့သိမ်းသွားပေမယ့် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး၂၀၁၂ ထိ စံပြတောင် စိုက်ပျိုးခဲ့တယ်။ အဲဒီမြေမှာ ၂၀၁၃ ခုနှစ်မှာ လာပြီး သူတို့က ခြံထိုးတယ်။ အဲဒီမြေတွေအတွက် လျှော်ကြေးလည်း တစ်စုံတစ်ရာ မပေးဘူး။ သိမ်းတာက မြေစာရင်းလို့ဘဲ ပြောရမှာပေါ့။ အဲဒီသိမ်းသွားတဲ့ လယ် ၇ဧကကျော်မှ ဦးဆီက သက်သက် ၄ ဧကကျော် ပါသွားခဲ့ပါတယ်။ ဦးအနေနဲ့ တအားနစ်နာတယ်” ဟု သူက ဆက်ဆိုသည်။
ထိုသို့ ခြံလာထိုးသဖြင့် မူလ လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ မောင်မြင့်နိုင်မှ ၎င်း၏ အသိမ်းခံရသော မြေပေါ်တွင် နွားတစ်ရှဉ်းနှင့် အတူ ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့က လယ်တက်ထွန်ခဲ့သည်။
“ လယ်ထွန်နေတဲ့ အချိန်မှာ ရဲက တာဝန်ရှိသူတွေ ရောက်ရှိလာပြီး လယ်ထွန်တာကို ရပ်ဖို့ ပြောတယ်။ ပီးတော့ သူတို့ က ဘာပြောသလဲဆိုရင် ဒီမြေပေါ်မှာ ခြံလည်းမထိုးနဲ့၊ လယ်လည်း မထွန်နဲ့ဆိုပီး တားပစ်ခဲ့တယ်။ အဲသလို နောက်ပိုင်းမှာ အဲဒီမြေကို ရရှိထားတဲ့ ဒေါ်ပုမြိုင်ရဲ့ တူကနေ မောင်မြင့်နိုင်ကို တရားစွဲတယ်” ဟု ဦးသောင်းဖေက ဆက်ဆိုသည်။
၎င်းတရားစွဲဆိုမူကို တောင်ကုတ်မြို့နယ် တရားရုံးက လက်ခံပြီး လာမည့် ဇူလိုင်လ (၂၃) ရက်နေ့တွင် အမူကို စတင်ကြားနာစစ်ဆေးမည်ဟု သိရသည်။
“ ဒီမြေတွေက နိုင်ငံတော်စီမံကိန်းအတွက်လည်း သိမ်းတာ မဟုတ်ဘူး။ နိုင်ငံတော်အတွက်ဆိုရင်လည်း တစ်မျိုးပေါ့။ အခု မြေစာရင်းက သိမ်းပြီး အကွက်လိုက် ရောင်းချထားတယ်။ ဦးတို့ကိုလည်း တန်ရာတန်ကြေး တစ်ပြားမှ မပေးဘူး။ ဦးတို့လိုချင်တာက ဦးတို့ရဲ့ လယ်မြေတွေကို ထိုက်တန်တဲ့ လျှော်ကြေးပေး၊ မပေးရင် ဦးတို့လယ်ကို ဦးတို့ကို ပြန်ပေးစေချင်တယ်”  ဟု ဆိုသည်။
အလားတူ တောင်ကုတ်မြို့ ဂေါက်ကွင်းတွင် လယ်တက်ထွန်သူ မူလပိုင်ရှင် လယ်သမား (၆) ဦးကိုလည်း ဂေါက်ကွင်း အတွင်းရေးမှူး ဦးဌေးဝင်းက တရားစွဲဆိုခဲ့သည်ဟု သိရသည်။
တောင်ကုတ်မြို့တွင်ကိုင်းရှည်ရွာ အနီးတွင် တည်ရှိသော လယ်သမား ၉ ဦးပိုင် လယ်ဧက အကျယ်အ၀န်း ၇၀ ဒဿမ ၄၈ ဧကကို စစ်တပ်မှ ၂၀၀၁ ခုနှစ်တွင် လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့သည်။
လွန်ခဲ့သောနှစ် နိုဝင်္ဘာလ ၁၇ ရက်နေ့တွင်  တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။
ယင်းနောက်ပိုင်း ဇွန်လ (၂၄) ရက်နေ့တွင် လယ်သမား (၆) ဦးက ဂေါက်ကွင်းတွင် လယ်တက်ထွန်ခဲ့ကြသည်။ ထိုသို့ လယ်ထွန်နေစဉ်  ရဲတပ်ဖွဲ့ဝင်များနှင့် အတူ  မြို့နယ် ထွေအုပ်အပါအ၀င် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။
ယင်းနောက်ပိုင်းတွင် လယ်သမားများမှာ တရားစွဲဆိုခံရခြင်း ဖြစ်သည်။
သို့သော်လည်း ဥပဒေရုံးမှ တရားစွဲဆိုရန်မှာ ဥပဒေကြောင်းအရ ခိုင်လုံ မရှိကြောင်း ပြောဆိုသဖြင့် ဂေါက်ကွင်းကော်မီတီမှ တရားစွဲမူမှာ အထမမြှောက်ခဲ့ဟု တောင်ကုတ်မြို့မှ လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုအခါ လယ်သမားများက ယင်းလယ်မြေများ သိမ်းယူခံရသဖြင့် နှစ်ပေါင်း (၁၅) နှစ်အတွင်း သိန်းပေါင်း (၅၀၀၀) နီးပါး နစ်နာဆုံးရှုံးမူ ရှိခဲ့သည်ဟု ဆိုကာ လျှော်ကြေး ရလိုကြောင်း ယင်းမြေများအား သိမ်းဆည်းထားသူများကို ပြန်လည် တရားစွဲဆိုရန် စီစဉ်နေကြောင်း သူက ပြောသည်။
“ သိန်း တစ်ရာနီးပါးဆိုရင်တော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲလို့ရတယ်။ အခုက သိန်း ၅၀၀၀ ထိဆိုတော့ မြို့နယ်ရုံးနဲ့ မဖြစ်နိုင်တဲ့ အတွက် သံတွဲခရိုင်တရားရုံးမှာ တရားစွဲရပါမယ်” ဟု တရားရေး အကြောင်း နားလည်သူ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း စစ်တပ်နှင့် တစ်ခြား အစိုးရဌာနများက သိမ်းယူထားခဲ့သော လယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်ပေးရာတွင် ရှင်းလင်းပြတ်သားမူ မရှိသဖြင့် ဒေသခံပြည်သူများ အကြားတွင် စိတ်ဝမ်းကွဲပြားမူများ ပေါ်ပေါက်နေ၍ သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်စိစစ်ပြီး ဖြေရှင်းပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် အမြင်သဘောထားနှင့် တင်ပြချက်များ

Ms Yang He Lee မှ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
Ms Yang He Lee မှ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ရခိုင်လူမျိုးတွေအပြင် မြန်မာနိုင်ငံသားတွေ အများအပြားကပါ နှစ်ခြိုက်သဘောမကျဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနား သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် သူ့ရဲ့ နေရာမှာ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee) ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
အရင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားဟာ သူရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ပြီး ဘင်္ဂလီတွေ အပေါ်မှာ တဖက်သတ် ဘက်လိုက် ဆောင်ရွက်မူတွေရှိခဲ့တယ်လို့ ရခိုင်အမျိုးသားတွေက အမြင်ရှိခဲ့ကြတဲ့အတွက် ကင်တားနားအပေါ်မှာ ရခိုင်လူမျိုးတွေက လုံးဝ မနှစ်မြို့ခဲ့သလို အဲသလို မနှစ်မြို့ကြောင်းကိုလည်း ဆန္ဒပြပွဲတွေလုပ်ပြီး သူနဲ့ UN လူကြီးတွေ သိအောင် ဖေါ်ထုတ်ပြသခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကင်တားနားရဲ့ အားနည်း ချို့ယွင်းချက်တွေကြောင့် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်နေတဲ့ ပြဿနာ အပေါ် တစ်စုံတစ်ရာ ကြားဝင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့သလို သူရဲ့အားနည်းချက်အချို့နဲ့ ပြောမှားဆိုမှားရှိခဲ့တာတွေကြောင့် ရခိုင် ပြသနာဟာ မငြိမ်းအေးတဲ့အပြင် မီးလောင်ရာလေပင့် ဆိုသလိုမျိုး ဖြစ်ခဲ့ရတာတွေကိုလည်း ရှိခဲ့ပါတယ်။
အခု အသစ်ခန့်အပ်ခံရတဲ့ တောင်ကိုးရီယားနိုင်ငံသူ မစ္စက်ယန်ဟီးလီ ( Ms Yang He Lee)ကကော ရခိုင်ပြသနာနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် လုပ်ဆောင်သွားမှာပါလဲ?
ရခိုင်အမျိုးသားပါတီက ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဦးလှစောကို မေးကြည့်တော့ သူ့အမြင်ကို ခုလို ပြောပါတယ်။
“သူ့လမ်းကြောင်း အသစ်နဲ့ ရခိုင်ပြသနာကို ချဉ်းကပ် ဖြေရှင်းဖို့ ကြိုးစားမလား၊ အရင်လုပ်ခဲ့တဲ့ ကင်တားနားရဲ့ လမ်းဟောင်းအတိုင်း လိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားမလား။ ဒါကို စောင့်ကြည့်ရပါလိမ့်မယ်။  ကင်တားနားက တော်တော်ဆိုးဆိုးရွား အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးက ကျောက်ဖြူ ညီလာခံ ကျင်းပနေတဲ့ အချိန်မှာ အင်္ဂလန်မှာ အချိန်ကိုက် ကွန်ဖရင့် တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒေါက်တာာဇာနည်တို့နဲ့ တွဲပြီးပေါ့။ အဲဒီကွန်ဖရင့်မှာ အဓိက ဘာလဲဆိုတော့ ရခိုင်ပြည်မှာ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ ရခိုင်ပြည်နယ်မှာ Genocide ပေါ့။ Genocide လုပ်ဖို့ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောတယ်။ ရခိုင်လူမျိုးတွေဟာ  ဘင်္ဂလီတွေ အပေါ်မှ Genocide လုပ်ဖို့ ကြံစည်နေတယ်။ ဒါက ဆူဒန်လို ဖြစ်မယ်။ သူက နှစ်နဲ့ ချီပြီး တော်တော် ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာတွေရှိတယ်။ သူကတော့ ရခိုင်နဲ့ပတ်သက်ပြီး အရှိတရားကိုလည်း အသိအမှတ်မပြု၊ နားလည်မလည်။ လုံးဝ လူ့အခွင့် အရေးကို အကြောင်းပြပြီး ဘင်္ဂလီတွေဘက်က တဖက်သတ် ရပ်တည်ခဲ့တယ်။ အခုတော့ ကိုရီးယား အမျိုးသမီး တစ်ဦးကို သူ့နေရာမှာ အစားထိုးလိုက်တယ်ဆိုတော့ ဒီကိုးရီယားအမျိုးသမီးသည် သူ့လမ်းကြောင်းအသစ်နဲ့ ချဉ်းကပ်မလား၊ သို့တည်းမဟုတ် ကင်တားနားချပေးတဲ့ လမ်းကြောင်းအဟောင်းအတိုင်း လိုက်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”  လို့ဆိုပါတယ်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အသစ် ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ ရိုဟင်ဂျာဆိုသော အသုံးအနုန်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ကြီးထွားလာတဲ့ အတွက် ဒီအသုံးအနုန်းကို UN နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဆက်လက်သုံးစွဲဖို့ မသင့်တော်ဘူးလို့ မစ္စက်ယန်ဟီးလီနဲ့ စစ်တွေမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ နေ့စဉ်ထုတ် Democracy Today မှာ ဇူလိုင်လ ၂၀ နေ့က ဖေါ်ပြပါတယ်။
သူက “ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ သမ္မတကြီးကိုယ်တိုင်က ပြောထားပြီးသားပါ။ ဒီနှစ်ပေါင်း သုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုး ပေါ်ပေါက်လာတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ရခိုင် လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမူ ရှိပြီးသားဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ နိုင်ငံတကာကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်း မသုံးဖို့ ထပ်မံတိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်ခေါင်းစာရင်းကောက်ခံယူတာမှာ ဘင်္ဂလီတွေက ရိုဟင်ဂျာဆိုမှ စာရင်း ကောက်ခံဖို့ ငြင်းဆိုခဲ့ကြတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါဘဲ။ ရခိုင်လူမျိုးတွေကို မခံမရပ်နိုင် ဖြစ်စေတဲ့အပြင် ဒီအသုံးအနုန်းကြောင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ပျက်ပြယ်သွားနိုင်ပါတယ်”  လို့ ပြောဆိုခဲ့တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။
စစ်တွေ ရွှေစေတီကတော့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ ဘင်္ဂလီတွေက စတင်တဲ့ အတွက် ဖြစ်ခဲ့ရတာလို့ မစ္စက်ယန်ဟီးလီကို ပြောဆိုခဲ့တယ်လို့ ဇူလိုင်လ ၂၀ နေ့ ရက်စွဲနေ့ ထုတ်ဝေတဲ့ Daily Eleven မှာ ခုလို ဖေါ်ပြတယ်။
“ သူက အချက် ငါးချက်ကိုမေးခဲ့တယ်။ ဆရာတော် ဖြေတာကို ပြောရရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရား ရှိတယ်။ ဒါကြောင့် ဘင်္ဂလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို ဈေးလည်း အကြွေးရောင်းပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလန်းလည်း ပေးခဲ့တယ်။သူတို့ဟာ နိုင်ငံသား မဟုတ်ပေမယ့် လူသားချင်းစာနာတဲ့ အနေနဲ့ နိုင်ငံသား တစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလို ကူညီခဲ့တာ။ ပြီးတော့ ခွဲခြားဆက်ဆံတာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်တာကို ကြည့်ရင်တခြားဘာသာတွေနဲ့ ဖြစ်တာကို မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာ ဖြစ်နေတာကိုတွေ့ရတယ်။ ပြီးတော့ ရခိုင်တွေက အကြမ်းဖက် တိုက်ခိုက်တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။”
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ နိမ့်ကျသွားဖို့ဆိုရင် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်လို့ ဆရာတော်က မိန့်ကြားခဲ့တယ်လို့ နိရဉ္စရာကို ပြောဆိုပါတယ်။
“ ရခိုင်ပြည်နယ်ဟာ ဆင်းရဲနှိမ့်ကျနေတယ်။ ဆင်းရဲတဲ့ ပြည်နယ်မှာ ဒီလို ပဋိပက္ခတွေဖြစ်နေတယ်။ ပဋိပက္ခတွေကြောင့်ဘဲ ပိုပြီးဆင်းရဲလာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ စက်ရုံအလုပ်ရုံတွေမရှိဘူး။ ရခိုင်ကထွက်တဲ့ သဘာဝသယံဇာတတွေကိုလည်း အခြားတိုင်းပြည်နိုင်ငံတွေက သုံးစွဲ နေတယ်။ ဒါကြောင့် ရခိုင်လူထုကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် နိုင်ငံတော်အစိုးရ အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်းတွေအနေနဲ့ စက်ရုံအလုပ်ရုံစတဲ့ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အကောင်အထည်ဖော် ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တယ် ” ဟု ဆရာတော်က မိန့်ကြားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စက် ယန်ဟီးလီဟာ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၁၈ ရက်နေ့က ရောက်ရှိပြီး စစ်တွေနဲ့ မောင်တောမြို့တို့ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
သူမ ခရီးစဉ် အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ပြည်နယ်အဆင့် အစိုးရ အရာရှိကြီးတွေနဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင်လလ ၂၀ နေ့မှာတော့ စစ်တွေကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)