Tuesday, May 7, 2013

စစ်တွေမြို့တွင် တည်ဆောက်မည့် အိန္ဒိယသာသနာပြုအသျှင် စန္ဒြာမုနိဗိမာန်တော်အတွက် အလှူငွေပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တည်ဆောက်မည့် အသျှင်စန္ဒြမဏိ ဗိမာန်တော် အတွက် အလှူငွေ ပေးအပ် လှူဒါန်းပွဲ တစ်ခုကို ရန်ကုန်မြို့တွင် မေလ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
Charity-1အဆိုပါ ပေးအပ်လှူဒါန်းပွဲကို အဆိုပါနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဟံသာသီရိကျောင်းတော်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် သံဃ နာယက အဖွဲ့ ဥက္ကဌ ဘဒ္ဒန္တသုဇာတ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကမဏ္ဍိတ နှင့် ဓမ္မစက္က ၀ိဟာရ မိဂဒါဝုန်မြန်မာကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တ၀ဏ္ဏဓဇ (M.A.) အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇတို့ တက်ရောက်ကြသည်။
ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီးနောက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဌ ဘဒ္ဒန္တသုဇာတ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကမဏ္ဍိတ ထံမှငါးပါးသီလခံယူဆောက်တည်ကြသည်ဟု သိရသည်။
ဆက်လက်ပြီး အလှူငွေပေးလှူရခြင်း အကြောင်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဓမ္မစက္က ၀ိဟာရ မိဂဒါဝုန် မြန်မာ ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တ၀ဏ္ဏဓဇ (M.A.) အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ကအလှူငွေ လှူဒါန်းရခြင်းကို မိန့်ကြားသည်။
အစီအစဉ်အရ အလှူငွေကျပ် (၁၁) သိန်းအား အလှူရှင်  ဘဒ္ဒန္တ၀ဏ္ဏဓဇ (M.A.) ကိုယ်စား ကပ္ပီယကာရက ဦး ကျော်စိန်က ပေးအပ်လှူဒါန်းရာ စစ်တွေမြို့ အသျှင်စန္ဒြမဏိဗိမာန်တော် တည်ဆောက်ရေးကော်မတီ ဘဏ္ဍားရေးမှူး ဦးစိန်ဝင်း က လက်ခံရယူခဲ့သည်။
နောက်ပိုင်းတွင် လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်း ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
အသျှင်စန္ဒြမဏိ ဗိမာန်တော်ကြီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် အသျှင်စန္ဒြမဏိ ဗိမာတော်တည်ဆောက်ရေးကော်မတီက တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ စစ်တွေမြို့ မကျည်းမြိုင် ရပ်ကွက်၊ လေဆိပ်အ၀င်လမ်းနှင့် မေယုလမ်းမကြီးထောင့် (ယာ)ရှိစက်မှု (၁) ဌာနမှလှူတန်းထားသည့် မြေကွက်ပေါ်တွင် (၃) ထပ် ဗိမာန်တော်၊ ပိဋကတ်တိုက်ပြတိုက်များကို တည်ဆောက်သွားမည်ဖြစ်သည်။

(ဆရာတော်ကြီး အသျှင်ဒန္ဒြမဏိဟာထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း)
ဆရာတော်ကြီး အသျှင်ဒန္ဒြမဏိဟာထေရ်မြတ်ကြီးသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦး မြို့နယ်၊ ရမ်းချောင်းတိုက်နယ်၊ ပေါက်ပင်ကွင်းကျေးရွာ ဇာတိဖြစ်ပြီး၊ ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းတော်မူရာ မဇ္ဈီမ ဒေသ အိန္ဒိယ နိုင်ငံ၌ နှစ်ပေါင်း (၆၀၀)ကျော်တိုင်တိုင်ကွယ်ပျောက်နေသည့် ထေရ၀ါဒ ဗုဒ္ဓ သာသနာတော် မြတ်ကို ပြန်လည်ဖော်ထုတ်တည်ဆောက်ရာတွင် ဦးဆောင်ဦးရွက်တော်မူခဲ့သည့် သာသနာ့ အာဇာနည် မဟာထေရ်မြတ်ကြီး တစ်ပါးဖြစ်သည်။
Charity-2ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖော်ပြရမည်ဆိုလျှင်- ကျေးဇူးတော်အရှင်ဆရာတော်ကြီး အရှင်စန္ဒြမဏိ အလောင်းအလျာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦး (မြို့ဟောင်း)မြို့နယ်၊ ရမ်းချောင်းတိုက်နယ်၊ ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော်ဦးကျော်အောင်၊ မယ်တော် မိဝင်းယေတို့မှ ၁၈၇၅ ခု၊ မေလ ၂၅ ရက်နေ့တွင် ဖွားမြင်တော်မူသည်။ ငယ်အမည်မှာ (သာပန်းဦး) ဖြစ်ပြီးမွေးချင်း(၃)ဦးအနက် အကြီးဆုံး သားဦး ရတနာဖြစ်သည်။ အသက် (၁၂)နှစ်အရွယ်၌ စစ်တွေမြို့ရှိ စန္ဒိမာရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (ဦးရီးတော်) ကိုဥပဇ္ဈာယ်ပြုလျှက် ရှင်သာမဏေ အဖြစ် ၀င်ရောက်ခဲ့သည်။ အိန္ဒိယ နိုင်ငံ၌ ပျောက်ကွယ်နေသော ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဆောင်ရွက်လျှက်ရှိသည့် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလနှင့် ဗိုလ်မှူးကြီး အော်ရကဲလ် တို့၏ တော်ကောက်ခြင်းကိုခံရသဖြင့် အသက် (၁၅) နှစ်အရွယ် ရှင်သာမဏေ ဘ၀ကပင် အိန္ဒိယ နိုင်ငံသို့ သာသနာပြုရန်ကြွရောက်တော်မူခဲ့ရသည်။ စစ်တွေ၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးများရှိ စာသင်တိုက်ကြီးများတွင် ပါဠိ၊ ပိဋကတ်စာပေများကို လေ့လာ သင်ကြား တတ်မြောက် ခဲ့သည်။ အရှင်စန္ဒသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါမြို့ သူဌေးကြီး ဦးချီးစားရှီနှင့် ဇနီးတို့၏ အထောက်အပံ့ဖြင့် ဦးရီးတော် ဆရာတော် ဘဒ္ဒန္တစန္ဒ မဟာထေရ်မြတ်ကို ဥပဇ္စျေပြုလျှက် မြင့်မြတ်သည့် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၌ အခြေချနေထိုင်က နှစ်ပေါင်း (၆၀၀) ကျော် ပျောက်ကွယ်လျှက် ရှိသော ဗုဒ္ဓသာသနာတော်မြတ်ကို ပြန်လည်နိုးထရှင်သန်လာအောင် အခက်အခဲ မျိုးစုံကို ရင်ဆိုင်ကာ သံဝေဇနိယ ဌာနများတွင် ဗုဒ္ဓသာသနိက အဆောက်အဦးများ ဆောက်လုပ် သာသနာ ပြုတော် မူခဲ့သည်။ အိန္ဒိယနိုင်ငံ ကုသိနာရုံဒေသတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် စနြမဏိ ကောလိပ်ကျောင်းများနှင့်၊ အခမဲ့ ဆေးပေးခန်းများကို တည်ထောင် ဖွင့်လှစ် ပေးတော်မူ ခဲ့သည်။ ၁၉၅၄ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် ဆဌမ သံဂါယနာ တင်ပွဲတော်သို့ ကြွရောက်၍ သန္ဒေသကထာချီးမြှင့်တော်မူခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် နိပေါင်နိုင်ငံ၊ ခေတ္တမန္ဒူမြို့၌ ကျင်းပသည့် ကမ္ဘာ့ ဗုဒ္ဓဘာသာညီလာခံသို့ ကြွရောက်၍ နိပေါ ဘုရင်မင်းမြတ်၏ လျှောက်ထား တောင်းပန်ချက် အရ အခမ်းအနားသို့တက်ရောက်လာသူများအား လူငယ်များပါ နားလည် လွယ်အောင် ဟိန္ဒူဘာသာဖြင့် ငါးပါးသီလ ချီးမြှင့် ပေးတော်မူသည်။
ဆရာတော်ကြီး၏ ထူးခြားစွာ သာသနာပြုတော်မူခဲ့သည့် လုပ်ငန်းများမှာ ၁၉၅၆ခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုးအစိုးရ တရားရေးရာဝန်ကြီးဒေါက်တာ အမ္ဗေဒကဦးဆောင်သော အိန္ဒိယနိုင်ငံသား (၆)သိန်းကျော်တို့အား (Diksh Bhumi, Nagpur, Maharashtra) မဟာရာစာထရာ ပြည်နယ်၊ နာဂပူရ်မြို့၊ ဒေ့က်ရှားဘူမိအရပ်၌ ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ သွတ်သွင်း ချီးမြှင့် နိုင်ခဲ့ခြင်းများ ဖြစ်သည်။ ၁၉၅၆ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ဆရာတော်ကြီးအား အမေရိကန် လူမျိုး (၆၀)ခန့်က ဧလာရာဘုရား၌ တွေ့ဆုံဂါရ၀ပြုပြီး ပုဂ္ဂိုလ်ထူးအဖြစ် ကမ္ဘာနိုင်ငံ အရပ်ရပ်သို့ ပေးပို့နိုင်ရန် ဓါတ်ပုံရိုက်ခွင့် တောင်းသည်။ ခရစ်ယမ်တို့မှာ ငွေအား လူအား အမျိုးမျိုးဖြင့် ကြိုးစား သာသနာပြုသော်လည်း တစ်နှစ်လျှင် အများဆုံးလူ (၁၀၀) (၂၀၀) ရဖို့ ခဲယဉ်းကြောင်း၊ ဆရာတော်ကြီးမှာ လူလူအား ငွေအား စိုက်ထုတ်ပင်ပန်းခြင်း မရှိပဲ လူပေါင်း သိန်းပေါင်းများစွာကို ဗုဒ္ဓဘာသာ ၀င်ဖြစ်အောင် ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း လျှောက်ထားခဲ့ကြပြီး ကမ္ဘာ့နိုင်ငံများသို့ ဆရာတော်ကြီး၏ ဆောက်ရွက်ချက်ကို ဓါတ်ပုံများနှင့်တကွ ပေးပို့ခဲ့ကြသည်။
Charity-3ဆရာတော်ကြီးသည် ဗုဒ္ဓဘုရားရှင်၏ သာသနာတော်ကို ပြန်လည် နိုးထ ရှင်သည်လာအောင် ကြိုးပမ်း ဆောင်ရွက်တော်မူယင်း ၁၉၇၂ ခုနှစ် မေလ ၈ ရက်နေ့တွင် (သက်တော် ၉၈)နှစ် ဗုဒ္ဓပရိနိဗ္ဗာန် စံဝင်တော်မူသည့် ကုသိနာရုံမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်တွင် တစ်ဘ၀တာ ဇာတ်သိမ်း တော်မူခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းကြေးနန်း (၅၆၉) စောင်၊ ရိုးရိုးစာ (၇၀၉) စောင်ပေးပို့ကြသည်။ အိန္ဒိယနိုင်ငံတော်အစိုးရနှင့် ပါလီမန်နှစ်ရပ်စလုံးကလည်း ဆရာတော်ကြီး ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းသည့် အထိမ်းအမှတ်များ ပြုလုပ်ခဲ့ကြသည်။ စာရေးဆရာကြီး ပါရဂူက- ဗုဒ္ဓဘာသာသည်မိမိ၏ ဇာတိဖြစ်သည့် အိန္ဒိယပြည်၌ အချိန်ကြာမြင့်စွာ တိမ်မြုပ် ပျောက်ကွယ်နေခဲ့သည်။ ဗုဒ္ဓဘာသာနိုင်ငံများမှ ပုဂ္ဂိုလ်များသည် ဗုဒ္ဓဘာသာ တိမ်မြုပ် ပျောက်ကွယ်နေသည့် အိန္ဒိယ၌ ဗုဒ္ဓဘာသာပြန်လည် ထွန်းကားရေးကို ကြိုးပမ်း ဆောင်ရွက် ကြလေသည်။
ယင်းသို့ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များအနက် သီဟိုဠ်နိုင်ငံမှ  အနာဂါရိကဓမ္မပါလသည် ရှေ့တန်းမှ ပုဂ္ဂိုလ် တစ်ဦးဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ ဦးစန္ဒြမဏိသည်လည်း ဦးဆောင်ဦးရွက် တစ်ဦးဖြစ်လေသည် ဟုလည်းကောင်း၊ မြန်မာနိုင်ငံမှ စာရေးဆရာကြီး မောင်ထင်က – မြန်မာတိုင်းရင်းသား တစ်ဦးက အိန္ဒိယ နိုင်ငံ၌ နေထိုင်၍ အိန္ဒိယအမျိုးသား ကလေးသူငယ်များကို ဗုဒ္ဓ အဆုံးအမ၌ တည်စေ၍ စာသင် ပေးသည်ဆိုသည်မှာ တွေ့ခဲ့ကြုံခဲသောအဖြစ်တစ်ရပ်ဖြစ်ပါသည်ဟုတ်လည်းကောင်း၊ ဦးမြင့်ဆွေက -အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနှင့် ဆရာတော်ကြီးတို့၏ မင်းတုန်းမင်းဇရပ် ကိစ္စ တွေ့ဆုံကြရာ၌ ကုသိနာရုံဆရာတော်ကြီးက ရတနာဂီရိခရီးသွားမှတ်တမ်းအဖြစ် မှတ်တမ်း တင်ထားသည်များမှာ ကြေကွေစရာ၊ မှတ်သားစရာ၊ စိတ်ဝင်စားစရာ ကောင်းကြောင်း ဖြင့်လည်းကောင်း သတင်းစာများတွင်ဂုဏ်ပြုဖော်ပြကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: