ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်အဖြစ် သံတွဲမြို့နယ်၊ ငပလီရွာတွင် သြဂုတ် ၈ ရက်က အသိမ်းခံထား ရသည့်
မြေများပြန်ရရေး တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်။
တစ်ကိုယ်တော် ဆန္ဒပြသူသည် သံတွဲမြို့၊ ဒွါရ၀တီမြို့သစ် (၂) ရပ်ကွက်မှ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုစောဝေဆိုသူဖြစ်ပြီး ၎င်းသည် ငပလီ မဇင်လေဆိပ်ဂိတ်ဝမှ စတင်လမ်းလျှောက် ကြွေးကြော်ဆန္ဒပြလာရာ ၁၂ မိနစ်အကြာတွင် ရဲများက ဖမ်းဆီးခဲ့သည်။
ကိုစောဝေသည် “မြေသိမ်းယာသိမ်း ခုပြန်ပေး”ဟု ရေးသားထားသည့် အရှည် ခြောက်ပေ၊ အနံ နှစ်ပေ ခန့်ရှိသော အနီရောင်ဆိုင်းဘုတ်ကို ကိုင်ဆောင် ဆန္ဒပြခြင်းဖြစ်သည်ဟုလည်း ဆန္ဒပြမှုကို မြင်တွေ့ခဲ့သူ ဦးမိုးမြင့်က
ပြန်ပြောသည်။
သံတွဲလူမှုကွန်ရက်အဖွဲ့ဝင်လည်းဖြစ်သူ ဦးမိုးမြင့်က “ပါးစပ်ကလည်း အဲဒီစာတမ်းကို အော်ပြီးတော့ ငပလီ လမ်းဆုံဘက်ကို လမ်းလျှောက်သွားခဲ့တယ်။ ၁၀ မိနစ်ကျော် လမ်းလျှောက်ပြီး ငပလီဧည့်ရိပ်သာရှေ့ အရောက်မှာ ရဲက သူ့ကို ကားပေါ်ဆွဲတင် ခေါ်ယူသွားခဲ့တယ်” ဟုလည်း ဆက်ပြောသည်။
ရဲများ၏ ဖမ်းဆီးခြင်းမခံရမီ မိနစ် ၃၀ ခန့်အလို၌ ကိုစောဝေက ၎င်းသည် ဥပဒေနှင့်အညီ ဆန္ဒပြမိန့်ရရေး အတွက် သြဂုတ် ၂ ရက်ကတည်းက သံတွဲမြို့နယ် ရဲမှူးထံ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့် မရခဲ့ကြောင်း မဇ္ဈိမကို ဆက်သွယ်
ပြောကြားခဲ့သည်။
အဖမ်းမခံရမီ မဇ္ဈိမသို့ ဆက်သွယ်ပြောကြားရာတွင် “သံတွဲမှာ ကာဖျူး (ညမထွက်ရအမိန့်) ထုတ်ထားတာမို့ ခွင့်ပြုချက်မပေးနိုင်ဘူးဆိုတယ်။ ညမထွက်ရအမိန့်က ညနေ ၇ နာရီက မနက် ၅ နာရီအထိပဲ။ ဆန္ဒပြမှာက
နေ့လယ်၂ နာရီမှာဆိုတော့ ညမထွက်ရအမိန့်နဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်တော်က ငြင်းတယ်”ဟု ဆိုသည်။
“ဒီတော့ မြို့နယ်မှူးက ကာဖျူးရုပ်သိမ်းတဲ့အထိ စောင့်ပေးလို့ မရဘူးလားလို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော် ဆန္ဒပြမှာက ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်မို့ ရက်ရွှေ့လို့ မရတော့ဘူး။ ဆရာတို့ ခွင့်မပြု ရင်လည်း ကျွန်တော် ကတော့ပြမှာပဲဆိုတော့ မြို့နယ်မှူး ဘာမှပြန်မပြောဘူး။ ကျွန်တော့်ကို ပြုံးကြည့်နေ တယ်ဗျ” ဟုလည်း သူက ဆက်ပြောခဲ့သည်။
ကိုစောဝေသည် ၎င်းပိုင်မြေ အသိမ်းခံထားရခြင်း မရှိသော်လည်း ယခုကဲ့သို့ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြရခြင်းမှာ
ပြည်သူတို့ပိုင်သည့် မြေ ဧကပေါင်းများစွာကို စစ်တပ်မှ မလျှော်သြဇာသုံး၍ မတရားသိမ်းယူထားခဲ့ခြင်းကို သိသာပေါ်လွင် ထင်ရှားစေလို၍ဖြစ်ကြောင်းလည်း ပြောခဲ့သေးသည်။
“နိုင်ငံရဲ့ အပြောင်းအလဲကိုဖြစ်စေခဲ့တဲ့ ပြည်သူ့အရေးတော်ပုံကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ တစ်နိုင်ငံလုံးမှာ မတရားအသိမ်းခံထားရတဲ့ မြေတွေ ပြန်ရရေးအတွက်ပါ ဆန္ဒပြခြင်းဖြစ်သည်”ဟု ကိုစောဝေက ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်သိမ်း မြေဧကပေါင်း ၂၉၇,၀၀၀ ရှိပြီး၊ ယင်းတို့အနက် ၁၆ ပုံ တစ်ပုံဖြစ် သည့် မြေ ၁၈၃၀၀ဧကကိုသာ ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကဇူလိုင်၁၆ရက်၌ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။
သြဂုတ် ၈ ရက်တွင် ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနှင့်ဂွမြို့နယ်တို့တွင်လည်း နိုင်ငံရေးပါတီများကဦးဆောင်ကျင်းပခဲ့ကြသည်။
စစ်တွေမြို့မှ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးစီးကျင်းပခဲ့ရာ လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ပြီး၊ ဂွမြို့မှ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ရာ လူဦး ရေ ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာပါတီများမှ သိရသည်။
(Source: Mizzima Burmese)

No comments:
Post a Comment