Friday, August 9, 2013

UNFC ၏ အဖွဲ့ဝင်သစ်များ လက်ခံရေး လာမည့်ညီလာခံ၌ ဆုံးဖြတ်မည်

အဖွဲ့ဝင် ၁၁ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် အဖွဲ့ဝင်သစ်များအဖြစ် ၀င်ရောက်ရန် ကမ်းလှမ်းထားသည့် အဖွဲ့များရှိနေရာ ၂၀၁၄ ခုနှစ်တွင် ပြု လုပ်မည့် UNFC ၏ ညီလာခံတွင် ဆုံးဖြတ်သွားမည်ဟု အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ဒီအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာ တင်ထားတဲ့ အဖွဲ့တွေအပေါ် ဘယ်လို သဘောထားမှာလဲ ဆိုတာတော့ လာမယ့် ကျွန်တော်တို့ UNFC ညီလာခံမှာ ဆုံးဖြတ်သွားဖို့ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် UNFC သို့ အဖွဲ့ဝင်လိုသည့် အဖွဲ့အစည်း လေးဖွဲ့ရှိနေပြီး မည်သည့် အဖွဲ့များဖြစ်သည်ကိုမူ UNFC က ထုတ်ဖေါ် ပြောကြားခြင်းမရှိပါ။ UNFC ၏ အဖွဲ့ဝင် အဖွဲ့စုံ တက်ရောက်မည့် ညီလာခံကို လာမည့်၂၀၁၄ နှစ်အစတွင် ခေါ်ယူနိုင်ရန်အချိန်သတ်မှတ်ထားသော်လည်း ထိုထက်စော၍ ခေါ်ယူရဖွယ်ရှိသည်ဟု ခွန်ဥက္ကာမှ ဆိုသည်။

“ညီလာခံကြီးကတော့ ၂၀၁၄ နှစ်စပေါ့ဗျာ၊ ဒါပေမဲ့ အဲထက် စောမယ်ထင်တယ်၊ အရေးပေါ် ညီလာခံမျိုး၊ ဒါမှမဟုတ် သတ်မှတ်ရက်ထက် အချိန်စောပြီး ခေါ်ရတာမျိုး ဖြစ်လိမ့်မယ်”ဟု ပြောသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရာတွင် အဆင့်သုံးဆင့်ခွဲထားရာ တင်းပြည့်အဖွဲ့ဝင်၊ ဆက်စပ် အဖွဲ့ဝင်၊ မဟာမိတ်အဖွဲ့ဝင် စသည်ဖြင့် ခွဲခြားထားသည်။ အဖွဲ့ဝင် ၁၁ ဖွဲ့ရှိသည် UNFC တွင် အားလုံးမှာ တင်းပြည့်အဖွဲ့ဝင်များဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ၌ အားလုံး တင်းပြည့်အဖွဲ့ဝင်အဖြစ် UNFC မှ အတည်ပြုခဲ့သည်။

အစောပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခြောက်ဖွဲ့၊ မဟာမိတ်ခြောက်ဖွဲ့ စုစု ပေါင်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော်လည်း ၂၀၁၂ ခုနှစ်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကချင်အမျိုးသား အစည်းအရုံးတို့ ပူးပေါင်းခဲ့ကြပြီး နောက်ပိုင်း၌ ၁၁ ဖွဲ့အဖြစ် တည်ရှိခဲ့သည်။

အဖွဲ့ဝင်ဖြစ်နိုင်ရန်အတွက် လိုအပ်သည့် အရည်အချင်း သတ်မှတ်ချက်များအနေဖြင့် (၁) နိုင်ငံရေး ဦးဆောင်အဖွဲ့ ရှိခြင်း (၂) နိုင်ငံရေး ဦးဆောင်အဖွဲ့အား ပံ့ပိုးမည့် လက်နက်ကိုင်တပ်ရှိခြင်း၊ (၃) အခြေခံ နယ်မြေရှိခြင်း (၄) ကိုယ် စားပြု ပြည်သူလူထုရှိခြင်း စသည့်အချက်များ ဖြစ်သည်။

UNFC ကို၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင် ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင်များမှာ ချင်းအမျိုးသားတပ်ဦး CNFC ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီ MNSP၊ ပအို့အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရခိုင်ပြည် အမျိုးသားကောင်စီ ALC၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ LDU၊ ၀အမျိုးသားအဖွဲ့ချုပ် WNO တို့ ဖြစ်သည်။
(Source: Mizzima Burmese)

No comments: