Monday, June 30, 2014

ရခိုင်ပြည်နယ်အရေး ရခိုင်အမျိုးသားပါတီဝင်တွေ ရန်ကုန်မှာဆွေးနွေး

anp-meeting-305
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၂၈ ရက်နေ့က ရခိုင်အမျိုးသားပါတီဝင်တွေ တွေ့ဆုံပွဲ ကျင်းပစဉ်
Photo: Kyaw Lwin Oo/RFA

ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရခိုင်အမျိုးသား ပါတီဝင်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ပြု လုပ်ခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်ရှိ မြိုနယ် ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့မြို့တွေမှာ ရုံးခွဲတွေဖွင့်လှစ်ထားပါတယ်။ ပါတီအနေနဲ့ ရန်ကုန်မှာ ညီလာခံကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
ဒီနေ့တွေ့ဆုံရာမှာ ရခိုင်အမျိုးသားပါတီဟာ ရခိုင်တိုင်းရင်းသားတွေ နိမ့်ကျနေတဲ့ ပညာရေး၊ လူမှုရေး၊ စီပွားရေး စတဲ့အကျိုးစီးပွားကို အစွမ်းကုန်မြှင့်တင်ရန်၊ ရခိုင်တိုင်းရင်းသားတွေ အန္တရာယ်ကို ကာကွယ်ရန်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရန် စတဲ့အချက် ၃ ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
တဆက်ထဲမှာလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က နယ်စပ်လုံခြုံရေး ဒုဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့်အပ်ဖို့ အဆိုပြုထားတာ၊ ရခိုင်ဒေသအကျိုးစီးပွားကို လုပ်ဆောင်မယ့်အကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ကတိပေးပြောကြားနေတာတွေနဲ့ ပတ်သက်ပြီး  ဒီနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်တွေရဲ့ သဘောထားအမြင်ကို RFA သတင်းထောက် ကိုနေမျိုးထွန်က စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

အမ်းမြို့တွင် နောက်ထပ် ဘင်္ဂလီ ၁၀ ဦးဖမ်းဆီးမိသဖြင့် ၃ ရက်အတွင်း ဖမ်းမိသူ ၁၉ ဦးရှိပြီ

ရခိုင်ပြည်နယ်မှ စစ်ဆေးရေးဂိတ်များတွင် ယခလို စာတန်း ချိတ်ဆွဲထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်မှ စစ်ဆေးရေးဂိတ်များတွင် ယခုလို စာတန်း
ချိတ်ဆွဲထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းမှ နောက်ထပ် ဘင်္ဂလီ လူမျိုး (၁၀) ဦးကို ဖမ်းမိသဖြင့် ၃ ရက်အတွင်း ဖမ်းဆီးမိသူ ဘင်္ဂလီ အရေအတွက်မှာ (၁၉) ဦးရှိပြီ ဖြစ်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဟုတ်ပါတယ်။ မနေ့က နောက်ထပ် ဘင်္ဂလီ ၁၀ ဦးဖမ်းမိပါတယ်။ အမျိုးသားက ၉ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။ သူတို့ကို ကျနော်တို့ရဲစခန်းနဲ့ ၂၂ မိုင်အကွာ မိုင်တိုင်အနီး တောထဲမှာ ဖမ်းမိတာပါ” ဟု ဆိုသည်။
သူတို့အား ကားဖြင့် ရခိုင်မှ ရန်ကုန်သို့ သယ်ဆောင်လာသူ ကယ်ရီယာ လူပွဲစားများမှာ ထွက်ပြေးသွားပြီး ယင်း ဘင်္ဂလီ လူမျိုး ၁၀ ဦးအား တောထဲတွင် ချထားခဲ့ရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
“ အရင် နှစ်ရက်ခန့်ကလည်း ကျား ၈ ဦး၊ မ ၁ ဦး စုစုပေါင်း ၉ ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတယ်။ အဲသလို ဖမ်းမိတာကို သိသွားတဲ့ အတွက် သူတို့ကို သယ်လာတဲ့ ပွဲစားတွေက အဖမ်းခံရမှာကို စိုးလို့ လမ်းမှာ ချထားခဲ့ပုံရတယ်။ ဒါကြောင့် သူတို့ကို တောထဲမှာ ဖမ်းမိတာပါ” ဟု မြို့နယ်မှူး ကဆိုသည်။
ယခင် ကျား ၈ ဦး၊ မ ၁ ဦးအား လူပွဲစား (၃) ဦးမှ လင်ခြူဆာ ကားအဖြူဖြင့် သယ်ယူလာခြင်းဖြစ်ကြောင်း၊ ယခုအခါ လူပွဲစား လုပ်သူ ၃ ဦးစလုံးကို ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆက်လက် ပြောဆိုသည်။
ယခု ဘင်္ဂလီများအား ရခိုင်ပြည်မှ ရန်ကုန်သို့ ပို့ဆောင်သူ လူပွဲစားများမှာ ရဲအငြိမ်းစား ၀န်ထမ်းများ၏ သမီးများ ဖြစ်ကြပြီး တစ်ဦးမှာ မခိုင်ဟု ခေါ်ပြီး နောက်တစ်ဦးမှာ မွန်ချိုဟု ခေါ်ကြောင်း၊ ဘင်္ဂလီ တစ်ဦးကို သုံးသိန်းနုန်းဖြင့် အကြွေး ကယ်ရီ သယ်လာခြင်း ဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယခု တောထဲတွင် ချထားခဲ့သူ အရေအတွက်မှာ ၁၁ ဦးဖြစ်ပြီး ယခု ၁၀ ဦးကိုသာ ကစုကိုင်းရွာအနီးတွင် ဖမ်းမိသဖြင့် နောက်ထပ် တစ်ဦး ပျောက်ဆုံးနေသည်ဟုလည်း သူက ဆက်လက် ပြောဆိုသည်။
ယခု အခါ ဖမ်းဆီးမိသူ ဘင်္ဂလီ (၁၉) ဦးစလုံးအား အမ်းမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု မြို့နယ် ရဲစခန်းမှူးကဆိုသည်။
အမ်းမြို့သည် ရခိုင်ပြည်နယ်မှ ဗမာပြည်မသို့ သွားရာ ကားလမ်းပေါ်ရှိ ရခိုင်ရိုးမတောင်ခြေရင်းတွင်တည်ရှိပြီး ဌာနပေါင်းစုံဖြင့် ဖွဲ့စည်းထားသော လူဝင် လူထွက် စစ်ဆေးဂိတ်များလည်း တည်ရှိသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု



(ဓာတ်ပုံ- အောင်သူရ)
ရန်ကုန်- ဇွန်လ ၃၀ ရက်ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်အဆို ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့လွှတ်တော်က အတည်ပြုလိုက်ပြီ သမ္မတဆီကို သဝဏ်လွှာပြန်ပို့ထားတယ်’’ဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြကျော်က ပြောသည်။
ဇွန်လ ၂၅ ရက် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းက တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌက ၎င်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြုထားသော နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ ကန့်ကွက်လို သူများအနေဖြင့် ဇွန်လ ၂၇ ရက် နောက်ဆုံးထား၍ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာကို လွှတ်တော်သို့ပေးပို့ရမည်ဖြစ်သည်။
သို့ရာတွင် ကန့်ကွက်သူလုံးဝမရှိသည့်အတွက် ဇွန်လ ၃၀ အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြု လိုက်ပြီဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။
နိုင်ငံတော်သမ္မတက အမိန့်ပြန်တမ်းစာထုတ်ပြန်ပေးပို့ပြီးပါက ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- 7 Day News)

ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်အတည်ပြု

0011
ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ( ၁ / ၂၀၁၄) ဒုတိယနေ့ကို ယနေ့ ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတက အဆိုပြုထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြုလိုက်သည်။
လွှတ်တော် ဥက္ကဌ ဦးထိန်လင်းမှ ကန့်ကွက်မည့်သူ တစ်စုံ တစ်ယောက်မှ မရှိသဖြင့် ဗိုလ်ချုပ်မောင်မောင်အုံးအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အတည်ပြုကြောင်း လွှတ်တော်တွင် ကျေညာသည်။
ဝန်ကြီးချုပ် ဖြစ်လာသူ ဗိုလ်ချုပ် မောင်မောင်အုန်းမှ မိမိအား လွှတ်တော်ထဲတွင် ကန့်ကွက်မည့်သူ တစ်စုံတစ်ရာ မရှိဘဲ အတည်ပြုခံရ၍ ၀မ်းသာကြောင်း၊ ယခု လွတ်တော်ကိုယ်စားလှယ်များမှာ ရခိုင်ပြည်သူများကို ကိုယ်စားပြုသူများ ဖြစ်ကြသဖြင့် ကန့်ကွက်မည့်သူ တစ်စုံတစ်ဦးမှ မရှိခြင်းမှာ တစ်နည်းအားဖြင့် ရခိုင်ပြည်သူများအားလုံးက သူအား ၀န်ကြီးချုပ်အဖြစ် လက်ခံသည့် သဘောဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံ စဉ် ပြောဆိုသည်။
ယင်းပြင် မိမိအနေဖြင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံဝန်ထမ်း တစ်ဦးဦးပီပီ အပြောနှင့် မဟုတ်ဘဲ လက်တွေ့ဖြင့် သက်သေပြသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
0022
မိမိအနေဖြင့် ရခိုင်ပြည်သူများ၏ အသံကို နားစွင့်သွားမည်ဖြစ်ကြောင်း၊ အဓိက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီးရရှိရေးသည် အဓိက ဖြစ်သည်ဟု တင်ပြကြကြောင်း၊ သို့အတွက် ဒီဇင်ဘာလတွင် စစ်တွေနှင့် ပုဏ္ဍားကျွန်းတို့တွင် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိမည် ဖြစ်ကြောင်း၊ ထိုသို့ မရရှိမှီ ရခိုင်ပြည်သူများအနေဖြင့် လျှပ်စစ်မီး ယူနစ် (၁၀) ထက်ပိုပြီး ယူနစ် (၂၀) အထိ  တယူနစ်ကို ၃၅ ကျပ်နုန်းဖြင့် သုံးစွဲခွင့်ရရန် စီစဉ်ထားပြီ ဖြစ်ကြောင်း ပြောဆိုသည်။
ယနေ့ ပထမအကြိမ် ရခိုင်ပြည်နယ်  လွှတ်တော် အရေးပေါ် အစည်အဝေး  ဒုတိယနေ့တွင် တက်ရောက်ခွင့်ရှိသူ ၄၆ ဦး၊ ခွင့်ပန်သူ ၅ ဦး ရှိသဖြင့် လွှတ်တော်ကျင်းပရန် အတည်ပြုခဲ့သည်။
ယင်းနောက်တွင် ကန့်ကွက်သူ တစ်စုံ တစ်ဦးမှ မရှိသဖြင့် ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြုကြောင်း လွှတ်တော် ဥက္ကဌမှ  ကျေညာသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တပ်က ပြန်ပေးမြေ အငြင်းပွားမူကြောင့် မင်းပြား- ဗလိပေါက်ရွာတွင် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေ ရှိနေ

paddy-in-arakan
ရခိုင်ကျေးလက်တောရွာ တစ်ရွာရဲ့ မြင်ကွင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာတွင် စစ်တပ်က ပြန်ပေးသော လယ်မြေများနှင့် ပတ်သက်ပြီး ရွာသားများအကြား အငြင်းပွားမူ ပေါ်ပေါက်နေကာ ရွာသားများ အကြား တစ်ဘက်နှင့် တစ်ဘက် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေသို့ ရောက်ရှိနေသည်ဟု သိရသည်။
“ အခု စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ အကုန်လုံးကို ပြန်ပေးပါတယ်။ စုစုပေါင်း လယ် ၄၂၃ ဧက ဖြစ်ပါတယ်။ ရွာသားတွေကို တစ်အိမ်ထောင်ကို ၁ ဒသမ ၃၅ ဧကစီ ခွဲဝေပေးပါတယ်။ အဲသလို ခွဲဝေပေးနေတဲ့ အချိန်မှာ စစ်တပ်က အရင် သီးစားချခဲ့တဲ့ ရွာသား ၉ ဦးက ဒီလယ်တွေပေါ်မှာ အတင်းအဓမ္မ တက်ထွန်တဲ့ အတွက် ရွာသားတွေအကြားမှာ ပြသနာတွေ ပေါ်ပေါက်နေပါတယ်” ဟု အမည်မဖေါ်လိုသူ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေမှ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဗလိပေါက်ကျေးရွာရှိ ၎င်းမြေများအား လယ်သမားများအားခွဲဝေပေးရန် ညွှန်ကြားခဲ့ကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ၎င်းမြေများကို မြို့နယ် မြေစာရင်း ဦးစီးဌာနမှ လ၀က မှ သတ်မှတ်ထားသော အိမ်ထောင်စု အလိုက် တောင်သူများကို တစ်အိမ်ထောင် ၁ ဒဿမ ၃၅ ဧကစီ ဖြင့်ခွဲဝေပေးခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ထိုသို့ ခွဲဝေပေးသည်ကို မကျေနပ်သော ဗလိပေါက်ကျေးရွာမှ ဦးစံလှထွန်း၊ ဦးစံရွှေမြ၊ ဦးထွန်းသိန်းမောင်၊ ဦးမောင်မောင်စော၊ ဦးငလုံးချေ၊ ဦးနီအောင်ကျော်၊ ဦးဝိဇ္ဇာအောင်နှင့် တုတ်ပင်လယ်ကျေးရွာမှ ဦးမဲအောင်၊ ဦးကျော်သိန်းလှတို့က ၎င်းသဘောဖြင့် ၎င်းတို့ လယ်မြေများကို တက်ရောက် ထွန်ယက်နေသည်ဟု ယင်းလယ်သမားက ဆိုသည်။
“ သူတို့က စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့ကို (၆) ဧကစီ ပေးရမယ်ဆိုပြီး တောင်းဆိုပါတယ်။ သူတို့ကို ၁ ဒသမ ၃၅ ဧက ပေးတာကို မကျေနပ်တဲ့ အတွက် လယ်မြေတွေကို ခွဲဝေပေးနေတဲ့ အချိန်အတွင်းမှာဘဲ လယ်တွေပေါ်မှာ လယ်တက်ထွန်နေကြတာ ဖြစ်ပါတယ်။  ဒီမြေတွေက စစ်တပ် မသိမ်းခင်က ရွာသားတွေ ဘုံပိုင်တဲ့ မြေတွေဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
လာမည့် အဂါင်္နေ့တွင် ကျန်နေသော ရွာသားများကလည်း ၎င်းလယ်မြေများပေါ်တွင် လယ်ထွန်ကြမည်ဖြစ်သဖြင့် တုတ်ဆွဲ-ဓါးဆွဲ ဖြစ်ကြမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။
“ အခုက ပြသနာက ကြီးလာတယ်။ အရင်စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူက စုစုပေါင်း ရွာသား (၁၁) ဦးရှိတယ်။ သူတို့ကို တစ်ယောက်ကို ၆ ဧကနုန်းနဲ့ ပေးရမယ်ဆိုရင် ဧက (၇၀) နီးပါးပေးရမယ်။ ရွာသားတွေက မပေးလိုဘူး။ လာမယ့် အင်္ဂါနေ့မှာ ရွာသားတွေလည်း ထွန်တုံးတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့ အတွက် တစ်ဘက်နဲ့ တစ်ဘက် ပြသနာ ဖြစ်မှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ရွာကျောင်းဆရာတော်ကလည်း နိရဉ္စရာသို့ မိန့်ကြားသည်။
ယခုကဲ့သို့ ပြသနာ ဖြစ်ပွားနေသဖြင့် ကျေးရွာ မြေယာခန့်ခွဲရေး ကော်မီမှ မင်းပြားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် တိုင်တန်းရာ မြို့နယ် စီမံခန့်ခွဲရေး ကော်မီတီ ဥက္ကဌ ဦးအောင်နိုင်မှ  တောင်းဆိုနေသော လယ်သမား  (၁၁)ဦးအား လယ်  ၆ ဧကစီ ပေးအပ်ရန် ပြောဆိုသည်ဟု ဆိုသည်။
ဦးအောင်နိုင်မှ ထိုကဲ့သို့  ၆ ဧကစီ ခွဲဝေပေးရန် ပြောကြားခြင်း အပေါ် ရွာသားများက မကျေမနပ် ဖြစ်နေပြီး ဦးအောင်နိုင်မှာ ၎င်းလယ်သမား (၁၁) ဦးနှင့် နားလည်မူယူကာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ပြောဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်စာသင်ကြားရေး ထောက်ပံ့ငွေများ ဂွမြို့နယ်တွင် ဖြတ်တောက်ခံရဟုဆို

မိခင်စာပေကို သင်ကြားခွင့်ရကြတော့မည့် ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
မိခင်စာပေကို သင်ကြားခွင့်ရကြတော့မည့် ရခိုင်မှ ကလေးငယ်များ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ရခိုင်စာပေ သင်ကြားရေး အတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်နေသည်ဟု အမည်မဖေါ်လိုသူ ကျောင်းအုပ်ဆရာကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ ဒီနေ့ဘဲ ရခိုင်စာသင်ကြားရေးအတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက် ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာတစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးက ဖြတ်ယူထားပါတယ်” ဟု သူက ဆိုသည်။
၎င်းငွေများမှာ လွန်ခဲ့သော (၃) လအတွက် ထုတ်ပေးသော ငွေဖြစ်သည်ဟု သူက ဆိုသည်။
“ ကျွန်တော်တို့ ဂွမြို့နယ်က ရခိုင်စာသင်ကြားပေးဖို့ ကတိပြုထားတဲ့ ဆရာ- ဆရာမ ၁၂၀ ဦးကို သုံးလစာထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလအတွက်တော့ မပါဘူး။ လွန်ခဲ့တဲ့ ကျောင်းပိတ်တဲ့ (၃) လ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။
နိရဉ္စရာမှ ဂွ မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ် ပညာရေးမှူးက ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့ မကြားသေးဘူး။ ငွေထုတ်ပေးဖို့ ပြောထားတဲ့ ရုံးက စာရေး နှစ်ဦးကို မေးကြည့်ပါမယ်။ စစ်တွေက ငွေလွှဲတဲ့အခါ ကုန်ကျတာလေးတွေတော့ နည်းနည်းရှိပါတယ်။ ဒါပေမယ့် ဒီလောက်တော့ မများနိုင်ပါဘူး” ဟု ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြေပြေလည်လည် ဖြေရှင်းပေးသွားမည်ဟု ဆိုသည်။
နွေရာသီ (၃) လတွင် ဂွမြို့နယ်တွင် ဆရာ- ဆရာမများ အနေဖြင့် ရခိုင်စာကို သင်ကြားနိုင်ခြင်း မရှိခဲ့သော်လည်း နိုင်ငံတော်က ရခိုင်စာသင်ကြားရေးအတွက်ဟု ဆိုကာ သုံးလအတွက် ကျပ်ငွေ (၉၀၀၀၀) ကျစီကို ဆရာ ဆရာမ တစ်ဦးစီသို့ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
အလားတူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်လည်း ရခိုင်စာပေ သင်ကြားရေးအတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများ ဖြတ်တောက်ခံရမူများ ရှိခဲ့သဖြင့် နိရဉ္စရာသို့ ဆရာများက သတင်းပို့ တိုင်ကြားခဲ့ဖူးသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်မှရွာချင်းဆက်လမ်းများ ဖြစ်သလို ဖေါက်လုပ်တည်ဆောက်မူကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများ ဆုံးရှုံးမူများစွာရှိနေ

 တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်း (ဓါတ်ပုံ- နိရဉ္စရာ)
တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အတွင်း ကျေးရွာချင်းဆက်လမ်းများကို နိုင်ငံတော်မှ ငွေကြေး အမြှောက်အမြား အကုန်အကျ ခံကာ တည်ဆောက်နေရာ တချို့လမ်းများမှာ ပြီးစလွယ် ဖြစ်သလို ဖေါက်လုပ် တည်ဆောက်မူကြောင့် မိုးရွာသည့်နှင့် တစ်ပြိုင်နက်တည်း ပျက်စီးယိုယွင်းလျှက်ရှိကြောင်း နိရဉ္စရာမှ သတင်း ရရှိသည်။
ထိုသို့ ပျက်စီးနေသော လမ်းများထဲတွင် ပေါက်တောမြို့နယ် တောင်ညိုနှင့် သ၀င်ချောင်း ရွာချင်းဆက် လမ်းလည်း ပါဝင်သည်။
“ တောင်ညိုနှင့် သ၀င်ချောင်း လမ်းမှာ အခု ရေတိုက်စားတဲ့ အတွက် လမ်းတွေ ပြိုပျက်နေပါပြီ။ မိုးကုန်တာနဲ့ လမ်းလည်း ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ ပြဿနာက ရေဖြတ်စီးမယ့်နေရာမှာ ရေပြွန်တွေ မတည်ဆောက်ဘဲ ထားခဲ့တဲ့အတွက် မိုးရွာတာနဲ့ ရေက လမ်းကို ကျော်ပြီး ဖြတ်တိုက်စားတော့ လမ်းက အကုန်လုံး ပျက်စီး သွားပါတယ်” ဟု သ၀င်ချောင်းရွာသား ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ပြောသည်။
IMG_20100102_063256
၎င်းလမ်းမှာ ၄ မိုင်နဲ့ ၂ ဖါလုံ အရှည်ရှိပြီး ပေါက်တော-တောင်ညို- သ၀င်ချောင်းလမ်းဖြစ်ကြောင်း၊ ယခုပျက်စီးနေသော နေရာမှာ တောင်ညိုနှင့် သ၀င်ချောင်းလမ်းပိုင်းတွင် ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
“ ဒီလမ်းကို ကန်ထရိုက်ယူပြီး ဖေါက်တာက ++++ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီက စစ်တွေကလား၊ ရန်ကုန်ကလားဆိုတာကိုတော့ တိတိကျကျ မသိဘူး။ ငွေကြေးဘယ်လောက်ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် သိန်းက ရာဂဏန်းကျော်တယ်လို့ သိရပါတယ်” ဟု ဦးမြတ်ထွန်းက ဆက်ဆိုသည်။
ယင်းလမ်းကို စစ်တွေ အခြေစိုက် ++++  ကုမ္ပဏီမှ ဖေါက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း၊ အပေါ်မှ ကန်ထရိုက်ရလာပြီး လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်ကြောင်း၊ ကုမ္ပဏီက လုပ်ကိုင်သော လမ်းဖြစ်၍ ဌာနနှင့် သက်ဆိုင်မူ မရှိကြောင်း၊ ကျွမ်းကျင်သော အင်ဂျင်နီယာများ မပါရှိသဖြင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပျက်စီးခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း၍ ရကြောင်း၊ ရခိုင်ပြည်နယ်တွင် ထိုကဲ့သို့ ကုမ္ပဏီများ မိုလို ပေါက်နေကြောင်း  ပေါက်တော မြို့နယ် ဆောက်လုပ်ရေးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တောင်ညို- သ၀င်ချောင်းလမ်း ပျက်စီးနေမူနှင့် ပတ်သက်ပြီး တိုင်ကြားမူများ ရှိနေကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။
IMG_20100102_080615
“ ဒီလမ်းကို ဖေါက်တဲ့ နေရာမှာ မြေကိုပက်ပြီး ကပျာကယာ အပေါ်ကိုတင်ကာ ဖေါက်လုပ်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မိုးရွာတာနဲ့ လမ်းက အကြီးအကျယ် ပျက်စီးနေတယ်လို့ ရွာသားတွေက တိုင်ကြား ထားပါတယ်။ ဒီလမ်းရဲ့ ဘတ်ဂျက်က ပြည်နယ်ဘတ်ဂျက်မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်က ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် ဘတ်ဂျက် ဘယ်လောက်ကျတယ်။ ဘယ်ကုမ္ပဏီက လုပ်တယ်ဆိုတာကို မသိပါဘူး။ ဘယ်သူကမှလည်း အကြောင်းကြားတာ မရှိပါဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ၊ ဆည်မြောင်းတာတမံ အများအပြားကို နိုင်ငံတော် အစိုးရမှ ဘတ်ဂျက်ငွေ အမြောက်အများချပေးပြီး တည်ဆောက်နေရာတွင် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဟု သူက ဆိုသည်။
“ အခု နိုင်ငံတော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ချပေးတဲ့ ဘတ်ဂျက်တွေက စီမံကိန်းတစ်ခုကို သိန်းထောင်နဲ့ချီပြီးရှိတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဘယ်လို ဖြစ်နေကြတယ်ဆိုတာကို မသိရဘူး။ တချို့နေရာတွေမှာ အထူးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ကြားသိရပါတယ်” ဟု သူက ဆက်ဆိုသည်။
ယခု ပျက်စီးနေသော တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်သော လမ်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်တွင် စစ်တပ်က ပြန်ပေးသောလယ်မြေများ မူလပိုင်ရှင်များ ပြန်မရဟုဆို

E
ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် စစ်တပ်က သိမ်းယူသွားသော လယ်မြေများကို ပြန်ပေးရာတွင် မူလပိုင်ရှင် လယ်သမားမှာ ၎င်းတို့၏ လယ်မြေများကို ပြန်မရဘဲ ဖြစ်နေသည်ဟု ကျိန္တလီမြို့နယ်ခွဲ ကျောက်ခေါင်းကွင်းကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက နိရဉ္စရာသို့ ပြောသည်။
“ ခုလို လယ်တွေကို ပြန်ပေးတဲ့နေရာမှာ မူလပိုင်ရှင် လယ်သမား အစစ်အမှန် ၈၀ ခန့်က လယ်ဧက ၂၀၀ ခန့်ကို ပြန်မရဘူး။  ကျိန္တလီမြို့နယ်ခွဲ ပုန်းညက် အုပ်စု၊ သဲကုန်းအုပ်စု၊ စေတီကွင်းအုပ်စုနဲ့ ကျောင်းကုန်းအုပ်စုတွေက လယ်သမားတွေ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။
၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့မှ ကျိန္တလီမြို့နယ်ခွဲ အထက်ကျောင်း ရွှေကိန္ဒရီခန်းမတွင် ‘ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များ လက်ဝယ်သို့ ယာယီလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား’ တစ်ခုအား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၎င်းအခမ်းအနားတွင် စစ်တပ်က သိမ်းသွားသော လယ်မြေများကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ခဲ့ရာတွင် ဦးမျိုးဝင်း ပိုင်ဆိုင်သော ကွင်းအမှတ် ( ၂၅၉) ပါ လယ် (၂) ဧကကို အခြားလူအမည်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်လယ် ၂ ဧကကို ၁၉၉၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စစ်တပ်က သိမ်းယူသွားပါတယ်။ အခု ၀န်ကြီး ဦးသာလူချေလာပြီး တပ်သိမ်းမြေတွေ ပြန်ပေးတော့ ကျွန်တော့်မြေက တခြားလူနာမည်နဲ့ အမည်ပေါက် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဦးမျိုးဝင်းကဆိုသည်။
အလားတူ ရှောက်ကုန်းကျေးရွာနေ ဦးကျော်ခင်ကလည်း သူလယ်မြေ ၃ ဒဿမ ၅၀ ဧကကို ပြန်မရခဲ့ဟု ဆိုသည်။
“ ကျွန်တော်ပိုင်တဲ့လယ်က ကွင်းအမှတ် ၂၅၇ ဖြစ်ပါတယ်။ စုစုပေါင်း ၃.၅၀ဧက ဖြစ်ပါတယ်။ ကျွန်တော်လယ် အသိမ်းခံရတဲ့ နောက်ပိုင်းမှာ သီးစားချတော့ ကျွန်တော်က လျှောက်ထားပါတယ်။ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို မပေးဘဲ သူအမျိုးတွေကိုသာ ပေးခဲ့ပါတယ်။ အခု ကျွန်တော် ဘိုးဘွားပိုင် ဓါးမဦးချလုပ်လာတဲ့ လယ်က သူများနာမည်နဲ့ ထွက်လာပါတယ်” ဟု ဆိုသည်။
ဦးကျော်ခင်မှ ဂွမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားပြီး မူလပိုင်ဆိုင်ကြောင်း စာရွက်စာတန်းများ၊ ပြေစာများနှင့် လယ်နီးဝန်းကျင်က လူများ၏ ထောက်ခံချက်ဖြင့် သွားရောက် တင်ပြသော်လည်း အထောက်အထား မပြည့်စုံဟုဆိုကာ ပယ်ချခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။
ယင်းပြင် လယ်မြေပြန်မရသူ မူလပိုင်ရှင်များက ဂွမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျိန္တလီမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးသို့ သွားရောက်တင်ပြရာ အထက်ကလုပ်ခြင်း ဖြစ်သဖြင့် သူတို့ အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
D
သို့အတွက် နိရဉ္စရာမှ ဂွမြို့နယ် အထွေအုပ်ချုပ်ရေးမှူးထံသို့ ဖုံးဖြင့် ဆက်သွယ်ရာ လက်အောက်ငယ်သား အမျိုးသမီးငယ်များက ဖုံးကိုင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှာ ပြင်ကို ထွက်သွားကြောင်း အကြိမ်ကြိမ် ဖြေကြားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
ယခုကဲ့သို့ မူလပိုင်ရှင် လယ်သမားများ လယ်မြေများကို ပြန်မရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ခရိုနီများက နာမည်လိမ်ဖြင့် ဂရမ်ဖေါက်ပြီး ယူဆောင်သွား၍ ဖြစ်ကြောင်း ကိုမျိုးဝင်းက ဆက်ဆိုသည်။
“ လယ်သမားတွေရဲ့ လယ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နဲ့ ခရိုနီတွေက ပူးပေါင်း ဂရမ်ဖေါက်ပြီး ယူသွားလို့ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စစ်တပ်က သီးစားချခံထားရတဲ့ လယ်သမားတွေက မူလပိုင်ရှင် နာမည်ကို ဖယ်ထုတ်ပြီး သူတို့ နာမည်နဲ့ ယူသွားတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေအား ဆက်သွယ်မေးမြန်းရာ အသေအချာ ကွင်းဆင်း စိစစ်ပြီးမှ ခွဲဝေပေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ကိုယ်တိုင် သွားရောက်ပြီး ခွဲဝေပေးတာပါ။ မိုးရာသီအမှီ ထွန်ယက်စိုက်ပျိုးနိုင်အောင် ခွဲဝေပေးတာ ဖြစ်ပါတယ်။ ခွဲဝေပေးတာကေတော့ စက်ပစ်ကွင်းမှာတော့ ဧရိယာ ၂၂၅ ဒသမ ၁၅ ဧကကို လယ်သမား ၂၀၉ ယောက်ကို ခွဲဝေပေးပြီး ကမ်းသာယာမှာ ၃၀၇ ဒသမ ၇၂ ဧကကို လယ်သမား ၂၀၂ ယောက် ခွဲဝေပေးခဲ့ပါတယ်။ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲက လယ်မြေတွေပါ” ဟု သူက ဆိုသည်။
၎င်းပြင် ၀န်ကြီးက လယ်သမား ၅၀၀ခန့်အား ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ မြေယာကော်မီ၊ မြို့နယ် ကော်မီတီ၊ ခရိုင် ကော်မီတီက အသေအချာစိစစ်ပြီး ပြည်နယ်က Clear ဖြစ်ပြီးမှ ကွင်းဆင်းပြီး အမှန်တကယ် လယ်လုပ်နေသောလယ်သမားများလက်ထဲသို့ ခွဲဝေပေးခြင်း ဖြစ်ကြောင်း၊ သို့အတွက် ယင်းကိစ္စမှာ ဖြစ်နိုင်မည် မထင်ကြောင်း၊ ယင်းသို့ ပြောဆိုသည်မှာ မဟုတ်မမှန်ဘဲ လုံ့ဆော်မူ လုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
ဒေသခံ တောင်သူများအနေဖြင့် ယခုကိစ္စကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ၀န်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတအထိ တက်ရောက် တိုင်ကြားသွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်ပေးမူ မရှိပါက ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောဆိုသည်။
 
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲ ညမထွက်ရအမိန့် နောက်ထပ် (၂) လတိုးမြှင့်

Thandwe(1)
ရခိုင်ပြည်နယ် သံတွဲမြို့ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း (၂) လ တိုးမြှင့် လိုက်သည်ဟု သတင်း ရရှိသည်။
“ မနေ့ညနေ ၉ နာရီ အချိန်မှာ အသံချဲ့စက်နဲ့ အော်ပါတယ်။ နောက်ထပ် ညမထွက်ရအမိန့်ကို (၂) လ သက်တမ်း တိုးတယ်လို့ ပြောပါတယ်” ဟု သံတွဲဒေသခံ ကိုနေဇော်က ပြောသည်။
ယခင် သတ်မှတ်ထားသော ညနေ ၁၀ နာရီမှ နံနက် ၄ နာရီ အချိန်ထိ ညမထွက်ရ အတစ်စုံတစ်ရာ အပြောင်းအလဲ မရှိကြောင်း၊ သက်တမ်းကိုသာ နောက်ထပ် (၂) လတိုးလိုက်သည်ဟု သက်ဆိုင်ရာမှ ကျေညာခဲ့ကြောင်း သူကဆက်ဆိုသည်။
သံတွဲမြို့တွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စထုတ်ခဲ့သည်။ သံတွဲမြို့  အခြေအနေမှာ တစထက် တစ တည်ငြိမ် တိုးတက်ကောင်းမွန်လာသော် ညမထွက်ရ အမိန့်ကို ဆက်လက်ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။
အလားတူ စစ်တွေတွင်လည်း ညမထွက်ရအမိန့်မှာ ဆက်လက်တည်တံ့နေဆဲ ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မလေးရှားတွင် ကားမှောက်၍ သေဆုံးသူ (၄) ဦး ၁၀ ရက်ကျော်လာသော်လည်း သဂြိုလ်ခွင့်မရသေး

Malaysia Map
မလေးရှားနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ကားတိုက်သေဆုံးသွားသူ ရခိုင်လူမျိုး (၃) ဦးနှင့် ချင်းလူမျိုး (၁) ဦးတို့၏ အလောင်းများအား ၁၀ ရက်ကျော်လာပြီ ဖြစ်သော်လည်း သဂြိင်္ုလ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ သေဆုံးသူထဲက တစ်ဦးကတော့ တိတိကျကျ သိပါတယ်။ ပေါက်တောမြို့နယ် အင်ဂြားးချိုင်ကျွန်းက ကိုစံသာအောင် (၃၉) နှစ် ဖြစ်ပါတယ်။ နောက်ထပ် နှစ်ဦးကတော့ ဘင်္ဂလာဒေခ်ျ့ဘက်က ရခိုင်လူမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တစ်ဦးကတော့ ချင်းလူမျိုးလို့ သိရပါတယ်” ဟု မလေးရှား နိုင်ငံရောက် သေဆုံးသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ ကိုကျော်မင်းထွန်းက ပြောသည်။
သူတို့ (၄) ဦးသည် မလေးရှားနိုင်ငံသို့ အောက်လမ်းက အသွား ယင်းနိုင်ငံ၏  ဗဟန်းပြည်နယ် တမလွှား အရောက်တွင် မတော်တဆ ကားတိမ်းမှောက်မူ ဖြစ်ရာမှ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
“ အလောင်းတွေကို တမလွှားဆေးရုံမှာ သိမ်းထားပါတယ်။ မြန်မာသံရုံးကို သွားပြောတော့ အခု ဖြစ်တဲ့ ကိစ္စက အထောက်အထား စာရွက်စာတန်းတွေလည်း မပါတဲ့အပြင် လူကုန်ကူးမူနဲ့ ဆက်စပ်နေတာကြောင့် ကြားဝင် ဆောင်ရွက်ပေးဖို့ နေရာမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်” ဟု  နောက်ထပ် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုဇေယျာဦးက ပြောသည်။
ယခင်က မြန်မာနိုင်ငံသားများအတွက် သာရေးနာရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ ရှိသော်လည်း ယခုအခါ ထိုကဲ့သို့ အဖွဲ့အစည်းများ မရှိတော့သလောက် ဖြစ်သွားသဖြင့် ၎င်းအလောင်းများကို သဂြိုလ်ရန် အခက်အခဲ ဖြစ်နေသည်ဟု သူက ဆိုသည်။
အဆိုပါ အလောင်းများကို သဂြိင်္ုလ်ခွင့်ရရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ကိုဇေယျာဦးက ဆက်ဆိုသည်။
သေဆုံးသွားသူ ကိုစံသာအောင်တွင် အရွယ်မရောက်သေးသော ကလေး (၄) ဦးမှာ သူ၏ အမျိုးသမီးဖြစ်သူနှင့် အတူ ရခိုင်ပြည်နယ်တွင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူ မလကျွန်း သဘာဝဓါတ်ငွေ့စက်ရုံ ချို့ယွင်းမူ ဖြစ်၍ ဓါတ်ငွေ့တင်ပို့မူ ယာယီရပ်နားခဲ့ရ

kyauk-pru-gas-station
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ရှိသော Daewoo ပိုင် သဘာဝ ဓါတ်ငွေ့စက်ရုံတွင် စက်ချို့ယွင်းမူ ဖြစ်သဖြင့် အသံများ ‘တဂျီဂျီ’ မြည်ကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် ပိုက်လိုင်းမှ တဆင့် တရုတ်သို့ သဘာဝ ဓါတ်ငွေ့တင်ပို့မူကို ယာယီရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။
“ ဖြစ်တာက ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဖြစ်တာပါ။ စက်ရုံထဲက ဂျင်နရယ်တာက ရပ်သွားတယ်။ အဲဒီနောက်ပိုင်းမှ မီးတွေမှိတ်သွားပြီး အသံတွေက တဂျီဂျီနဲ့ မြည်လာတယ်။ ၉ နာရီမှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ နောက်တော့ တရုတ်ကို ဓါတ်ငွေ့ပို့လွှတ်နေမူကို ရပ်တန့်လိုက်ပါတယ်” ဟု အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။
ယင်းပြင် စက်ရုံထဲမှ ၀န်ထမ်းများကိုလည်း အန္တရာယ် ရှိသဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာသွားရန် သတိပေးမူ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ စက်ရုံက အလုပ်သမားတွေကို အပြင်ကို ထွက်သွားကြဖို့ အင်္ဂလိပ်လိုရော၊ ဗမာလိုရော သတိပေးမူ ထွက်ပေါ်လာတယ်။ ကျွန်တော်တို့ အကုန်လုံး အပြင်ကို ထွက်ပြေးပြီး ဂိတ်ဝမှာ စုနေလိုက်ကြတယ်။ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု သူက ဆက်ဆိုသည်။
(၉)  နာရီကျော်ခန့်တွင် ပေါက်ကွဲသံတစ်ခု  ထွက်ပေါ်လာခဲ့သည်မှာ ဟုတ်မှန်ကြောင်း စက်ရုံအနီးရှိ မလကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောဆိုသည်။
“ ကျွန်တော်တို့ ကြားပါတယ်။ အသံတွေက တဂျီဂျီနဲ့ အစပိုင်းမှာ စက်ရုံတွေထဲက ထွက်လာတယ်။ ရွာသားတွေက ကြောက်ပြီး တောင်ပေါ်ကို တက်ပြေးကြတယ်။ ညနေ ၉ နာရီ ကျော်ကျော်မှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲဒီနောက် စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်” ဟု မလကျွန်း အုပ်ချုပ်ရေးမှူးက ပြောသည်။
တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ဂတ်စ်ပို့လွှတ်နေမူကို ဇွန်လ ၂၇ ရက်နေ့ထိ ရပ်တန့်ထားကြောင်း စက်ရုံ ၀န်ထမ်းက ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ရန်ကုန်မှ စင်းလုံးဌား လေယာဉ်ဖြင့် ကိုရီးယားနိုင်ငံသား ဒုဥက္ကဌ ဖြစ်သူ Si Bo Joo ဦးဆောင်သော နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် အတူ မြန်မာတာဝန်ရှိသူများ ရောက်ရှိလာသည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ဂျင်နရယ်တာ ပြန်လည်ပတ်ခဲ့ပြီး မီးပုံမှန် ပြန်လည် ရရှိခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အကျိုးစီးပွားကို အသက်နှင့်လဲ ကာကွယ်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ကတိပြုပြောဆို



ရခိုင်ပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဇွန်လ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
ဗိုလ်ချုပ်မောင်မောင် အုန်းကို ၀န်ကြီးချုပ်အဖြစ် ခန့် အပ်ရန် အဆိုပြုထားသော သ၀ဏ်လွှာဖတ်ကြားခဲ့သည့် ရခိုင် ပြည်နယ်အရေးပေါ် လွှတ်တော် အစည်းအဝေးကျင်းပနေချိန်တွင် စစ်တွေမြို့၌ လုံခြုံရေးတင်းကျပ် ခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ရခိုင်ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်တိုင်းရင်းသားသာ ခန့်အပ်ရန်နှင့် လူမျိုးခြားဝန်ကြီးချုပ်ကို ဆန့်ကျင်သည့်ကြွေးကြော်သံများ ဟစ်ကြွေး၍ သံပုံးများ တီးခတ်ရန် လက်ကမ်းစာစောင်များကို စစ်တွေမြို့တွင် ဇွန် ၂၅ ရက်ညနေက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ည ၈နာရီမှစတင်ကာ  ၅ မိနစ်ကြာ ဟစ်ကြွေးရန်တိုက် တွန်းထားသည့် လက်ကမ်းစာ စောင်များကို စစ်တွေမြို့ပေါ်ရှိ အိမ်တိုင်းသို့ ဝေငှခြင်းဖြစ်ပြီး မည် သည့်အဖွဲ့အစည်းက ဦးဆောင် ဝေငှသည်ကို မသိရကြောင်းစစ် တွေ မြို့မရဲစခန်းက အတည်ပြုပြောဆိုသည်။
အဆိုပါလက်ကမ်းစာစောင် တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦး လှမောင်တင်အား ဇွန်လ ၁၉ ရက်တွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပေးပြီးနောက် လစ်လပ်လျက်ရှိသော ပြည်နယ် ၀န်ကြီးချုပ်နေရာတွင်ရခိုင်လူမျိုးမဟုတ်သည့် လူမျိုးခြားတစ်ဦးဦးအား ခန့်အပ်နေရာပေးခြင်းသည် နိုင်ငံတော်၏ လက်ရှိ လျှောက်လှမ်းနေသည့် ဒီမိုကရေစီ လမ်းစဉ်၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ် သည်က တစ်ကြောင်း၊ တိုင်းရင်း သားအားလုံး လိုလားတောင့်တ နေသော ဖက်ဒရယ်ပြည်ထောင်စု စနစ်နှင့်ပါလွဲချော်နေသဖြင့် ရခိုင် ၀န်ကြီးချုပ်ရာထူးနေရာတွင် ရခိုင် သားသာ ဖြစ်ရေးအတွက် ဆန္ဒ ထုတ်ဖော်သည့်အနေဖြင့် ဇွန်လ၂၅ ရက်မှစတင်ပြီး ည ၈နာရီတိ တိမှ ကြာမြင့်ချိန် ၅ မိနစ်ခန့် မိမိ တို့နေအိမ်မှနေ၍ ‘‘ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရခိုင်သားကို ခန့်ပေး ပါ’’၊ ‘‘လူမျိုးခြားဝန်ကြီးချုပ်အလို မရှိ၊ အလိုမရှိ’’ ဟူသော ကြွေး ကြော်သံများဟစ်ကြွေးကာ ဆန် ကော၊ သံပုံးများတီးခတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ဟု ရေးသားထားသည်။
‘‘တစ်မြို့လုံးနီးပါး တီးကြ မယ်ထင်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ သံပုံးတွေရော သံချောင်းတွေရော အမျိုးမျိုး တီးကြတာပဲ။ မိုးတွေက အရမ်းရွာနေတော့ မိုးသံတွေပဲ ကြားရပြီး သံပုံးတီးသံတွေတော့ အကျယ်ကြီး မထွက်ဘူးပေါ့’’ ဟု စစ် တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဒေ သခံတစ်ဦးက ပြောသည်။
စစ်တွေမြို့မရဲစခန်းကမူ သံ ပုံးတီးခြင်းများ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိကို မိုးသည်းထန်စွာ ရွာ နေ သောကြောင့် အတည်မပြုနိုင် ကြောင်း ရဲအရာရှိတစ်ဦးက ပြော သည်။
ဇွန်လ ၂၅ ရက်က ပြုလုပ် သော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းအား ၀န် ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆို ပြုထားသော နိုင်ငံတော်သမ္မတ ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မောင်မောင်အုန်း နှင့် အခြားတပ်မတော်သား ကိုယ် စားလှယ်တစ်ဦးတို့ ကျမ်းသစ္စာ ဆိုခဲ့ပြီး အစည်းအဝေးကျင်းပနေ ချိန်တွင် စစ်တွေမြို့၌ လမ်းမများ၊ လမ်းဆုံများကို သံဆူးကြိုးအတား အဆီးများဖြင့် ပိတ်ဆို့၍ လုံခြုံရေးတင်းကျပ်ထားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်တွေမြို့တွင် ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးလွှတ်တော်၌ ပြုလုပ်သောအရေးပေါ်ပြည်နယ်လွှတ်တော်အစည်းအဝေး အပြီးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းက သတင်း ထောက်များနှင့် တွေ့ဆုံခဲ့သည်။
‘‘တာဝန်ပေးလာပြီ ဆိုရင် တော့ ရခိုင်တိုင်းရင်းသား  မိဘ ပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်စောင့် ရှောက်ပါ့မယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျွန် တော် အစွမ်းကုန်ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို  ကျွန်တော့်အနေနဲ့ စိတ်ထဲမှာအမြဲ တမ်း ရှေ့တန်းက နေပြီးတော့  ဆောင်ရွက်ပါမယ်’’ဟု ဗိုလ်ချုပ် မောင်မောင်အုန်းကပြောသည်။
‘‘၂၀၁၅ကျရင် တက်လာ မယ့်ပြည်နယ်အစိုးရသစ်ရခိုင် တိုင်းရင်းသားဦးဆောင်မယ့် ၀န် ကြီးချုပ်ဟာ တစ်ခါတည်းချက် ချင်းကိုပြောင်းလဲပြီးတော့မှ ယနေ့ ရခိုင်ပြည်နယ်ဟာ နိမ့်ကျနေတဲ့ ဟာကို တက်အောင်ကြိုးစားမယ်။ နိုင်ငံတော်ကလည်း ကျွန်တော့်ကို လုပ်ပိုင်ခွင့်အာဏာပေးထားပြီဆို တော့ လာမယ့် ၂၀၁၅အလွန်ကျ ရင်တော့ ရခိုင်ပြည်နယ်ကြီးဟာ အဆင့်တစ်ဆင့်မှာတိုးတက်ပြီးမှ လာမယ့်ပြည်နယ်အစိုးရ၊ ပြည် နယ်ဝန်ကြီးချုပ်က ကောင်းမွန်တဲ့ ရလဒ်တွေကိုဆုပ်ကိုင်ပြီးတော့မှ ဒီထက်တိုးတက်အောင်ဆောင် ရွက်သွားနိုင်အောင် ကျွန်တော့် သက်တမ်း ကာလလေးမှာတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ့ မယ်လို့ပြောလိုပါတယ်’’ ဟု ပြော ဆိုခဲ့သည်။
 သမ္မတ၏ အဆိုကို ကန့် ကွက်လိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင် အတွင်းမှ ဇွန်လ ၂၇ ရက်နောက်ဆုံးထား၍ လွှတ် တော်သို့ ကန့်ကွက်လွှာပေးပို့ရ မည် ဖြစ်သည်။
ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် လ ၃၀ ရက်တွင် ပြန်လည်ပြုလုပ် မည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်အား အတည်ပြုခန့်အပ်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- 7 Day News)

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အဆိုပြုခံထားရတဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းနဲ့ တွေ့ဆုံမေးမြန်းခန်း

G-Mg-Mg-Own-in-Parliament
ဗိုလ်ချုပ် မောင်မောင်အုန်းကို အရေးပေါ် ကျင်းပသည့် ရခိုင်လွှတ်တော်တွင်ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးမှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သမ္မတကြီးက အဆိုပြုခဲ့ပါတယ်။ အဲဒီနေ့ လွှတ်တော်အစည်းအဝေး အပြီးမှာ ၀န်ကြီးချုပ် အဖြစ် အဆိုပြုခံထားရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို Narinjara က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်မောင်အုန်းက မေးတဲ့ မေးခွန်းတွေကို ခုလိုဘဲ ဖြေကြားခဲ့ပါတယ်။
(မေး – ရခိုင်ပြည်နယ်ကတည်ငြိမ်မှုလည်းမရှိဘူး။ ဖွံ့ဖြိုးတိုးတက်မှုလည်း အရမ်းနောက်ကျနေပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပြီဆိုရင်  ဘယ်ဟာကိုစပြီးတော့ အကောင်အတည်ဖေါ် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။)
ဖြေ – တစ်ချို့က ကျနော်ကိုပြောကြတာပေါ့နော်။ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်တဲအခါမှာ ရခိုင် တိုင်းရင်းသား မဟုတ်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုပြီး တစ်ချို့လည်းကျနော်ကို သံသယရှိတာလေးတွေရှိပါတယ်။ အဲဒါလည်း ကျနော်နားလည်ပါတယ်။ သို့သော်လည်း ကျနော်က ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးရင် တပ်မတော်မှာ နေစဉ် ကာလကရော၊  ကျနော်နယ်စပ်ရေးရာ ဒုတိယ၀န်ကြီးတာဝန်ကို ထမ်းဆောင်တဲ့အခါမှာရော ရခိုင်ကိစ္စကို ကျနော် ထဲထဲဝင်ဝင်သိပါတယ်။ ကျနော်ကရခိုင်သားမဟုတ်ပေမယ့်လဲ ကျနော့် ခန္ခာကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေက ရခိုင်သွေးတွေလို့ပြောရင်လည်း မမှားဘူး။ သာမန်ရခိုင်တိုင်းရင်းသားတစ်ယောက်ထက် ပိုပြီးတော့ ကျနော်ကရခိုင်ရေးရာကို သိတယ်၊ ခံစားမှုရှိတယ်။ ဒါတွေရှိတဲ့အတွက် ကျနော်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ပထမဦးဆုံးကျနော်လုပ်ရမယ့် တာဝန်ကတော့ တိုင်းရင်းသားတွေရဲ့ နိမ့်ကျနေတဲ့ စီးပွားရေးပေါ့နော်။ လူမှုစီးပွားဘ၀ကို တိုးတက်အောင်လုပ်ရမယ်။ အခုကျနော် Development Plan တွေ အများကြီး လုပ်တော့မယ်။ ကျနော် မနက်ဖြန် ဇွန်လ  ၂၆ ရက်နဲ့  ၂၇ မှာ ဆိုရင် ရန်ကုန်မှာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှာ ရခိုင် Action Plan ကိစ္စကို ကျနော်တို့ ဒီက မြို့မိမြို့ဖတွေကိုခေါ်ထားတယ်။ ပြီးရင် သံအမတ်ကြီးတွေ၊ ယူအန်အဖွဲ့တွေ၊ နိုင်ငံတော်အစိုးရ ဒါတွေနဲ့ ပေါင်းစည်းပြီးတော့မှ ရခိုင် ဒေသကြီးကို ဘယ်လို တိုးတက်အောင်လုပ်မလဲ။ ယနေ့ နိုင်ငံတော်သမ္မတကြီးကလည်း ရခိုင်ပြည်နယ် အရေးဟာ နိုင်ငံတော်မှာ ပထမ အရေးအကြီးဆုံး။ ရခိုင်ဒေသကို တည်ငြိမ်ပြီး တိုးတက်အောင် လုပ်ရမယ်။ ကျနော်ကိုလည်း တာဝန်ပေးတဲ့ အခါမှာလည်း နိုင်ငံတော်ဆင့်အနေနဲ့ သော်လည်းကောင်း၊ နိုင်ငံတကာနဲ့ သော်လည်းကောင်း၊ ရခိုင်ဒေသကြီးကိုတည်ငြိမ်အောင်လုပ်ဖို့လိုပြီ။ ကျနော် ပထမဦးဆုံး လုပ်ရမှာကတော့ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်မှုကို ကျနော် ဦးဆုံးလုပ်ပါမယ်။ အဲဒါနဲ့ တစ်ပြိုင်တည်း ဟန်ချက် ညီညီနဲ့တော့  ဒီမှာ အခုဖြစ်ပေါ်နေတဲ့ Conflict ပေါ့။ ဒါကိုလဲ အတတ်နိုင်ဆုံးလျော့ပေါ့သွားအောင်၊ ပြီးရင် ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သက္ခာ နိုင်ငံတကာမျက်နှာစာမှာလည်းမကျအောင် ကျနော်ကတော့ ဒါကို သမာသမတ် ကျကျနဲ့ လုပ်သွားမှာဖြစ်တယ်။ အဓိကတော့ ဒီဟာလုပ်တာကတစ်ပိုင်းပါ၊ သို့သော်လည်း ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ခံစားနေတဲ့ လိုလားချက်တွေအတွက်ကို အခုတော Development Plan ကို ဦးဆုံးသွားပြီးတဲ့ အခါကျမှ ဟိုဘက်ကတော့ ဟန်ချက်ညီညီ တစ်ပြေးညီ သွားဖို့တော့ စီမံ ဆောင်ရွက်ထားပါတယ်။
(မေး- ရခိုင်ပါတီတွေကလည်း ရခိုင်အမျိုးသားမဟုတ်တဲ့ အတွက် ဆန်ကျင်ကန့်ကွက်တဲ့ အနေအထား မျိုးနဲ့  ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီ အပိုင်းကိုရော ဗိုလ်ချုပ်အနေနဲ့  ဘယ်လို စည်းရုံးသွားဖို့ အစီအစဉ်များ ရှိပါသလဲ။)
ဖြေ – အမှန်တော့ စည်းရုံးစရာမလိုပါဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေပြောတာတွေကိုလည်း ကျနော်က မှားတယ်လို့ မပြောချင်ပါဘူးခင်ဗျာ။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား အုပ်ချုပ်တယ်ဆိုတာဟာ Truth ပါဘဲ။ အမှန်တရားပါပဲ။ အခုကျနော်ဒီကိုလာပြီးတော တာဝန်ထမ်းဆောင်တယ်ဆိုတာကလည်း တကယ်တော့ ဒီလက်ရှိ အစိုးရရဲ့ ကျန်နေသေးတဲ့ တာဝန် တစ်နှစ်ခွဲ နီးပါးကာလမှာအခုဖြစ်ပေါ်နေတဲ့ Conflict လုံခြုံရေး ကိစ္စတွေ၊ Development Plan တွေ ဒါတွေအားလုံးကို နိုင်ငံတော်ကိုယ်စား ကျနော်က ယာယီထိန်းပေးတဲ့ သဘောမျိုးလို့ ကျနော်က ယူဆတယ်။ ကျနော် ဒီအစိုးရ တစ်နှစ်ခွဲ သက်တမ်းမှာ အကောင်းဆုံးဖြစ်အောင် ကျနော်လုပ်ပေးမယ်။ ပြီးရင် ကျနော်တို့ရရှိတဲ့ အမွေကောင်းတွေကို လာမဲ့ရွေးကောက်ပွဲကျရင် တက်လာမယ့် အစိုးရကို လွှဲပြောင်းပေးမှာပါ။  နောင်တက်လာမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ရခိုင်တိုင်းရင်းသားဘဲ ဖြစ်မှာပါ။ ဖြစ်ပေါ်လာတဲ့ ၀န်ကြီးချုပ်အသစ်ကို ဗဟိုအစိုးရ ကိုယ်စား ကျနော်ကနေပြီးတော့ အကောင်းဆုံး လွှဲပေးဖို့ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား ၀န်ကြီးဦးလှမောင်တင်ကို သုံးနှစ်ခွဲလောက် တာဝန်ပေးတဲ့ အခါမှာလည်း အခုဖြစ်ပေါ်နေတဲ့ Conflict ရဲ့ အနေအထားအရ Progress နည်းခဲ့တဲ့ အတွက် ကျန်တဲ့ အချိန်မှာတော့ ယခင်တုန်းက ကိုလှမောင်တင်လည်း ပြည်နယ်အဆင့် ရုန်းနေရတဲ့ အခါကျတော့ အခက်အခဲ ရှိခဲ့တာပေါ့ လေ။ ယနေ့ နိုင်ငံတော်သမ္မတကြီးက နိုင်ငံတော်အဆင့်အနေနဲ့ အကုန်းလုံးအပေါ်က Back up ပေးပြီးတော့မှ ရခိုင်တိုင်းရင်းသားတွေရဲ့ လူနေမူ့ ဘ၀ကို တိုးတက်ဖို့ပြောပြီ။   အရေးကြီးတာကတော့ ကျနော်အခုလုပ်ရမဲ့ အရေးကြီးဆုံး ခံယူချက်ကတော့ ရခိုင် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဘဲ။ ယနေ့ကျနော် ရခိုင်ဝန်ကြီးချုပ်ဖြစ်တဲ့အခါမှာ ရခိုင်တိုင်းရင်းသားတွေကို ကတိပေးပါမယ်။ ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကိုကျနော်ရှေ့တန်းတင်ပါ့မယ်၊ ရခိုင်တိုင်းရင်းသားများရဲ့ အကျိုးစီးပွားကို ကျနော် ဦးထိပ်ထား ဆောင်ရွက်မယ်။ သို့သော်လည်း ဆောင်ရွက်တဲ့ အခါမှာတော့ ကျနော်ဟာ ၀န်ထမ်းတစ်ယောက်ဖြစ်တဲအတွက် သမာသမတ်ကျကျနဲ့ ဆောင်ရွက်သွားပါမယ်။ သမ္မတကြီးမှာ ထားတာတစ်ခု ရှိပါတယ်။ နံပတ်နစ်က (၁) အမျိုးသားအကျိုးစီးပွား (National Interest) ကိုဆောင်ရွက်ရမယ်။  နံပတ် (၂) နိုင်ငံတကာစံနူန်း၊ ကျနော်တို့နိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာ စံနူန်းကို ပစ်ပယ်လို့လည်း မရဘူး။  နံပတ်(၃)  ဖွဲစည်းပုံအခြေခံဥပဒေပေါ့နော်။ ဒါတွေနဲ့ ဆောင်ရွက်ရမယ်။ တစ်ချို့ကလည်း ပြင်ဆင်ချင်တယ်ပြောတယ်၊ ကျနော်တို့က ပြင်ပြင်၊ မပြင်ပြင် ရှိနေတဲအခြေခံဥပဒေအတိုင်း ဆောင်ရွက်မှာ။ ဒီတောကျနော်နဲ့ အားလုံး ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသားအကျိုးစီးပွာကို ကာကွယ်တဲ့ အခါမှာတော့ ကျနော်အခုနားကပြောတဲ့ အခြေခံ အချက်သုံးချက်နန့် ဆောင်ရွက်မယ်။ သို့သော် ဘယ်လိုပဲ ဖြစ်ဖြစ် နံပါတ်တစ်အရေးကြီးဆုံးကတော National Interest ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသား စီးပွားကိုတော့ ကျနော် ဦးဆုံးဖော်ထုတ်ပါမယ်။ ယနေ့ ရခိုင်တိုင်းရင်းသားတွေရဲခံစားမှုကို ကျနော် နားလည်တယ်။ ကျနော်ကိုတစ်ချို့ကပြောကြတယ် ဗိုလ်ချုပ်က နိုင်ငံဝန်ထမ်းဆိုတော့ နိုင်ငံတကာ မျက်နှာကို ဗိုလ်ချုပ်က ကြည့်တာပေါ့၊ ကျနော်တို့က ရခိုင်တိုင်းရင်းသားတွေဆိုတော့ ရခိုင်တိုင်းရင်းသားကိုပဲကြည့်တယ်လို့ ပြောကြတယ်။ သူ့ကိုကျနော် အပြစ်မမြင်ပါဘူး။ ကျနော်ပြောပြတယ် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တယ် ဆိုတာက တကယ်တော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားပါဘဲ။  ရခိုင်ဒေသကြီး တည်ငြိမ်အေးချမ်းဖို့၊ တိုးတက်ဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀ကို မြှင့်တင်ဖို့ ကျနော်တို့နိုင်ငံတကာနဲ့ နိုင်ငံတော်အဆင့် ချိတ်ဆက်တဲ့ သဘောပါပဲ။ ကျနော်တို့ကမျက်နှာလိုချင်လို့ မဟုတ်ပါဘူး။ အရေးကြီးတာက ကျနော်တို့ အလုပ်ပေါ့။  သမ္မကြီးပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါက Census ကောက်တုန်းကပေါ့။ သန်း(၆၀)သော လူထူမျက်နှာနဲ့ နိုင်ငံတကာမျက်နှာ ဘယ်သူ့ကြည့်မလဲ။ ကျနော်တို့ရဲ့ သမ္မတကြီးရော၊ လူကြီးတွေ အားလုံးကရော သန်း(၆၀)သော တိုင်းရင်းသား ပြည်သူ မျက်နှာကိုကြည့်ပါတယ်။ ကျနော်လည်း တိုင်းရင်းသား မျက်နှာကိုကြည့်ပါမယ်။ သို့သော် ကျနော်တို့ အခုသွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီး နုနယ်သေးတဲ့ အတွက် ကျနော်တို့အစိုးရ၏ (၃) နှစ် သက်တမ်း ကာလမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေ ပေါင်းစုံရှိတဲ့အခါမှာ ပြည်သူနဲ့၊  တိုင်းရင်းသားနဲ့ အစိုးရ ပူးပေါင်း ဆောင်ရွက်မှုတွေလိုပါတယ်။ အပြန်အလှန်ယုံကြည်နားလည်မှုတွေရှိတယ်လို့တော့ ကြုံတုန်း ကျနော် ပြောကြား လိုပါတယ်။
(မေး- ရခိုင်လူထူတွေက အဓိကအားဖြင့် ဘဂါင်္လီတွေနဲ့ ဖြစ်နေတဲ့ ပြဿနာပေါ့နော်။ အဲဒီ ပြဿနာကို ဘယ်လို ကျော်လွှား ဖြေရှင်းနိုင်မလဲ။ ဒါကို တည်တည်ငြိမ်ငြိမ်နဲ့လည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။  အဲဒီတော့ ဗိုလ်ချုပ်တို့ တစ်နှစ်ခွဲ သက်တမ်း ကာလမှာ ဒီဘဂါင်္လီနဲ့ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည် မျှော်လင့်ထားပါသလား။)  
ဖြေ – ဖြေရှင်းနိုင်လိမ္မယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ ကျနော်တို့ ၁၉၈၂ ဥပဒေအရ ဆောင်ရွက်နေတဲ့ အရာတွေရှိတယ်။ ဒါတိုင်းရင်းသားများ ဆန္ဒအရလည်း ရှိတယ်၊ ဘဂါင်္လီတွေမှာလည်း ဒီလိုဆန္ဒတွေရှိကြတယ်။  နိုင်ငံတကာမှာလည်း ဒီလိုဆန္ဒတွေရှိတယ်။ ဒီတော့ ကျနော်တို့နိုင်ငံသည် တရားဥပဒေစိုးမိုးသော နိုင်ငံ၊ ကျနော်တို့နိုင်ငံမှာ အချုပ်အချာရှိတယ်။  အာဏာရှိတယ်၊ တရားဥပဒေ ရှိတယ်၊ ဒီတိုင်းသွားမယ်။ ဒီတော့ ဒီကိစ္စကိုလည်း ယနေ့တိုင် ၁၉၈၂ ဥပဒေအရ ဥပဒေ ဘောင်အတိုင်း လုပ်သွားမယ်။ လုပ်သွားလို့ရှိရင်လည်း မှန်ကန်သောသူများကိုလည်း သူ့ရဲ့ လုပ်ထုံး လုပ်နည်း အတိုင်းသာ ကျနော်တို့ကစီမံဆောင်ရွက်ပေးသွားမှာပေါ။ မမှန်တဲ့ သူတွေကိုလည်း မမှန်လို့ သွားရမှာပေါ့။  သို့သော် ကျနော်တို့ နိုင်ငံသည် ကမ္ဘာ့ကုလ သမဂ္ဂ၀င်နိုင်ငံဖြစ်တယ်။ ဒီတောကမ္ဘာ့ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကျော်လွန်လို့မရဘူး။ ကျနော်တို့နိုင်ငံဟာဘယ်လောက်ပဲ ခေတ်မီ တိုးတက်ပေမဲ့ ကျနော်တို့ နိုင်ငံသည် နိုင်ငံကြီးသားပီသဖို့လည်း လိုသေးတယ်။ ပြီးခဲ့တဲ့ Sea Game ပွဲကြီးတွေ၊ ယနေ့ အာဆီယံ ဥက္ကဌ၊ အာဆီယံ ဥက္ကဌဆိုတာ အာဆီယံ(၁၁)နိုင်ငံမှာကျနော်တို့ နိုင်ငံကို လူရိုသေရှင်ရိုသေ ဥက္ကဌနိုင်ငံပေးထားတာ နိုင်ငံကြီးသားပီသလို့ ပေးထားတာ။ အဲဒီလို မဟုတ်ရင်တော့ ဘယ်အာဆီယံနိုင်ငံတွေက ဘယ်ဥက္ကဌ တာဝန်ပေးမှာလဲ။ ဒါကိုကျနော် ဒီလိုမျိုးယုံကြည်တယ်။ ဒီတော့ ကျနော်တို့ တစ်ထွေဟာ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံကြီးသား ပီသဖို့နဲ့ အမုန်းတရားတွေကို ရင်ထဲမှာထားပြီးတော့ သင်ခန်းစာ ဖော်ထုတ်ဖို့လိုတယ်။ အမုန်း တရား မရှိဘူးဆိုရင် ကျနော်ကိုယ်ချင်းမစာပြောဦးမယ်။ ကျနော်ကိုယ်ချင်းစာတယ်။ ကျနော် ယခင် တပ်မတော်မှာ နေတုန်းကလည်း (နစက)ကို ကွပ်ကဲခဲ့တဲအခါမှာအခြေအနေအားလုံးကို ကျနော် ထဲထဲ ၀င်ဝင်သိတယ်။ ကျနော်ရင်ထဲမှာလည်း ခံစားမှုတွေအပြည့်ရှိတယ်။ ဒါပေမဲ့ဒါတွေဟာ ပုဂ္ဂလိက လူတစ်ယောက်ရဲ့ ခံစားမှုတွေပါပဲ။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး  ကိုယ့်ဘာသာ သာသနာ စောင့်ရှောက်မယ် ဆိုရင်တော့ အမုန်းတရားတွေကိုဖြေလျှော့ပြီးခါမှ အကျိုးဖြစ်စေတဲ့ အတွေးခေါ်တွေနဲ့ လုပ်မယ်ဆိုရင် အနာဂတ်မှာ တိုးတက်မှုရှိမှာပေါ့နော်။ ဒီလိုမဟုတ်ဘဲနဲ့ အမုန်းတရားတွေကိုပဲ အမုန်းတရားနဲ့၊ အမုန်းတရား ပလပ်စ် plus ဆိုရင်  အမုန်းတရားဆိုတော့ Equal အမုန်းကြီးဖြစ်သွားမှာပေါ့ဗျာ။ ဒါလေးကို ကျနော် ပြောချင်တယ်။ ဒီတော့ အမုန်းတရားကို ရင်ထဲမှာထားပြီးရင် အနာဂါတ် ဆွေစဉ်မျိုးဆက် ကိုယ့်ရဲ့ ရခိုင်မျိုးဆက်တွေအတွက်ကို ကောင်းကောင်း အမွေပေးနိုင်အောင် ကျနော်တို့ အခုအနေအထားမှာ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့တောလိုမယ်လို့ ကျနော်ပြောချင်ပါတယ်။  
(မေး- ဗိုလ်ချုပ်အနေနဲ့ နောက်ဆုံး ရခိုင်ပြည်သူပြည်သားတွေကို ဘာတွေ ပြောလိုပါသလဲ။)  
ဖြေ – ကျနော်ရခိုင်တိုင်းရင်းသားမိဖပြည်သူများကိုကျနော် ပြောချင်တာက ကျနော်ဝန်ကြီးချုပ်မဖြစ်သေးပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်အနေနန့် ယနေ့လွှတ်တော်မှာအဆိုတင်သွင်းတဲ့ အနေအထားပဲရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးလာပြီဆိုရင်တော ကျနော်ရခိုင်တိုင်းရင်းသားမိဖပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့ လဲပြီး ကာကွယ်စောင်ရှောက်ပါမယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျနော် အစွမ်းကုန် ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ကျနော့်ရင်ထဲမှာ အမြဲတမ်း ရှေ့တန်းကတင်ပြီး ဆောင်ရွက် ပါ့မယ်။ နိမ့်ကျနေတဲ့ ရခိုင် တိုင်းရင်းသားများရဲ့ လူမှုစီးပွားဘ၀ကိုလည်း အတတ်နိုင်ဆုံး ဆွဲတင်မယ်။ ပြီးတော့ တစ်ဖက်ကလည်း အခုဖြစ်ပေါ်နေတဲ့ Conflict တွေပေါ့။ ခံစားနေတဲ့ မုန်းတီးမှုတွေ အားလုံးကိုလည်း ကျနော်လုံးဝမပစ်ပယ်ဘူး ကျနော်လုပ်ဆောင်မှု လုပ်ငန်းတိုင်းမှာ Conflict ရဲ့ခံစားမှုကို ရင်ထဲမှာထားပြီးတော့မှ ဟိုဖက်က အကျိုးရှိစေမဲ့ လုပ်ငန်းတွေကို ဘယ်လိုလုပ်မယ်ဆိုတာကို ကျနော်အမြဲတမ်း တွေးတော စီမံဆောင်ရွက်သွားမယ်။ ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရ၊ မြို့မိမြို့ဖ၊ ကွန်ယက်တွေ ဒီအဖွဲတွေနဲ့ ပေါင်းစည်းပြီးတော့ ရခိုင်ဒေသကြီးကို တည်ငြိမ်တိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။ ဒီလို အရာရာမှာ ကျနော်က ရခိုင်တိုင်းရင်းသားများနဲ့ တိုင်ပင်ပြီးတော့မှ ရခိုင်ပြည်နယ်ကြီးကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကဓိပြုလိုပါတယ်။ ကျနော်သည် လာမည့် ၂၀၁၅ ကျရင် တက်လာမဲ့ ပြည်နယ်အစိုးရသစ် ၀န်ကြီးချုပ်က ရခိုင်တိုင်းရင်းသားဖြစ်ဖြစ် ဦးဆောင်မယ့် ပြည်နယ် အစိုးရ အသစ်ကိုလာမဲ့ရွေးကောက်ပွဲမှာလွှဲပြောင်းတဲအခါ ရခိုင်ဒေသကြီးဟာ ချက်ချင်းကိုပြောင်းလဲပြီးတောမှ ယနေ့ဟာရခိုင်ပြည်နယ်သည် ဒုတိယ အဆင့် နိမ့်ကျ  တယ်လို့ ပြောနေကြတယ်။ အပေါ်တက်အောင် ကျနော်ကြိုးစားမယ်။ ယနေ့နိုင်ငံတော်အတွက် ကျနော်ကို လုပ်ပိုင်ခွင့်အာဏာပေးထားပြီဆိုတော့ လာမယ့် ၂၀၁၅ အလွန်ကျရင်တော့ ရခိုင်ပြည်နယ်ကြီးဟာ အဆင့် တစ်ဆင့် တိုးတက်ပြီးတော့မှ လာမယ့် ပြည်နယ်ဝန်ကြီးချုပ်က ကောင်းမွန်တိုးတက်တဲ့ ရလဒ်တွေကို သူဆုပ်ကိုင်ပြီး ဒီထက်တိုးတက်အောင် ဆောင်ရွက်သွားနိုင်အောင် ကျနော့် သက်တမ်းကာလမှာ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကျနော် ကတိသစ္စာပြုကြောင်း ပြောကြားလိုပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မပြေမလည် ဖြစ်နေတဲ့ တောင်ကုတ်မြို့ဂေါက်ကွင်း လယ်တက်ထွန်ခံရ

 ဂေါက်ကွင်းကို လယ်ထွန်နေ (ဓါတ်ပုံကို Coral Arakan မှ ကူးယူဖေါ်ပြသည်)
ဂေါက်ကွင်းကို လယ်ထွန်နေ (ဓါတ်ပုံကို Coral Arakan မှ ကူးယူဖေါ်ပြသည်)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဂေါက်ကွင်းပေါ်တွင် မူလလယ်ပိုင်ရှင်(၆)ဦးမှ ဇွန်လ ၂၄ ရက်နေ့က လယ်တက်ထွန်သဖြင့် ပြသနာဖြစ်ပွားခဲ့သည်ဟုသိရသည်။
“ လယ်သမားတွေရဲ့ ရှေ့နေက ဥပဒေကြောင်းအရ ဖြေရှင်းဖို့ တောင်ကုတ်မြို့ဂေါက်ကွင်းကော်မတီကို ဆင့်ခေါ်တယ်ပေါ။ မလာဘူးပေါ့။  ဥပဒေကို ဂရုမစိုက်တဲ့သဘောပေါ့။ သူတို့က ဥပဒေကို မလေးစားရင် ဒီကလည်း ဥပဒေကိုလိုက်နာစရာမလိုဘူးပေါ့။ ဒီတော့ ကိုယ်လယ်ကို ကိုယ်တက်ထွန်ကြပါတယ်။ နံနက်၇ နာရီက စထွန်တယ်” ဟု တောင်ကုတ်မြို့မှ ရခိုင်ပြည်နယ် အန်အယ်လ်ဒီ(စည်း)အဖွဲ့ဝင် ဦးခင်လှက ပြောသည်။
လယ်တက်ထွန်ပြီး များမကြာမီက ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ထွေအုပ်အပါအ၀င် သက်ဆိုင်ရာမှ လူကြီးများ၊ မြေစာရင်းဦးစီးမှုး၊ စည်ပင်သာယာရေးကော်မီတီဥက္ကဋ္ဌ တို့မှ ရောက်လာပြီး ပြဿနာကို အေးချမ်းစွာ ဖြေရှင်းကြရန် မေတ္တာရပ်ခံသဖြင့် လယ်သမားများမှ လယ်ထွန်ခြင်းကို ရပ်တန့်လိုက်သည်ဟု သူက ဆိုသည်။
လယ်သမားများထံမှ တစ်စုံတစ်ရာ လျှော်ကြေးမပေးဘဲ သိမ်းဆည်းထားသော လယ်မြေမှာ ကိုင်းရှည်ရွာ အနီးတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ ၇၀ ဒဿမ ၄၈ ဧက ရှိပြီး လယ်သမား ၉ ဦးပိုင်ဆိုင်သည်ဟု ဆိုသည်။
ယင်းလယ်မြေများကို ၂၀၀၁ ခုနှစ်က  စစ်တပ်က သိမ်းယူခဲ့ပြီး စပါးရိတ်သိမ်းရန် ပြင်ဆင် နေချိန်တွင် လယ်သမားများကို  လယ်မြေထဲမှ အတင်းမောင်းထုတ်ခဲ့သည်ဟု လယ်သမား တစ်ဦးကဆိုသည်။
“ လယ်သမားတွေ အနေနဲ့ စပါးရိပ်သိမ်းဆဲ ကာလဖြစ်ပေမယ့်  မိမိတို့ရဲ့ လယ်ယာမြေကို စွန့်ခွာခဲ့ကြရပါတယ်။ အဲဒါက ၂၀၀၁ခုနှစ် စပါးရိတ်သိမ်းချိန်မှာ ဖြစ်ပွားခဲ့တာပါ” ဟု ဆိုသည်။
၂၀၁၀ ခုနှစ်နောက်ပိုင်း လက်ရှိ အစိုးရတက်လာသောအခါ လယ်သမား ၉ ယောက်ထဲမှ ၈ဦးက ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ ၎င်းလယ်မြေများကို ပြန်လည် ရလိုကြောင်း တင်ပြ တောင်းဆိုခဲ့သည်ဟု ဆိုသည်။
တောင်ကုတ်မြို့ စကခ (၅) ဋ္ဌာနချုပ်မှ ဗိုလ်မှုး သက်နိုင်ဦးက လွန်ခဲ့သောနှစ် နိုဝင်္ဘာလ ၁၇ ရက်နေ့က လယ်သမားများကို စစ်တပ်သို့ ဖိတ်ခေါ်ပြီး ဂေါက်ကွင်းမြေကို စစ်တပ်က သိမ်းယူထားခြင်း မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ပြောသည်။
သို့အတွက် ၂၀၁၃ ခုနှစ် စိုက်ပျိုးရေးရာသီတွင်  လယ်သမားများ ဂေါက်ကွင်းပေါ်သို့ တက်ရောက်ပြီး လယ်ထွန်ရာ  တောင်ကုတ်မြို့ ဂေါက်ကွင်းကော်မတီဝင်များက လာရောက် တားမြစ်ခဲ့သည်။ လယ်သမားများမှာ အားမတန်၍ မာန်လျှော့ခဲ့ကြရသည်ဟု သူက ဆက်ပြောသည်။
၂၀၁၄ ခုနှစ်တွင် ထပ်မံ တက်ရောက်၍ လယ်ထွန်ရာ မြို့နယ် တာဝန်ရှိသူများက ပြေလည်အောင် ဖြေရှင်း ပေးမည်ဟု ဂတိပြုပြောကြားထားသည်ဟု သိရသည်။
ယခု ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မူနှင့် ပတ်သက်ပြီး နှစ်ဘက် အဖွဲ့မှ ယင်းလယ်မြေများနှင့် ပတ်သက်သော စာရွက်စာတန်းများကို တောင်းခံထားပြီး မြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မီတီက ဖြေရှင်းရန် စီစဉ်ထားကြောင်း တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ ကျနော်တို့တော့ နှစ်ဘက်စလုံးကို ပြေပြေလည်လည် ဖြေရှင်းဖို့ မေတ္တာရပ်ခံထားတယ်။ အဲဒီမြေတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတွေကို နှစ်ဘက်စလုံးက တောင်းထားတယ်။ မြို့နယ် မြေယာ စီမံခန့်ခွဲရေး အဖွဲ့ ဖြေရှင်းပေးသွားမယ်။  အကယ်၍ မပြေလည်ဘူးဆိုရင် တရားရုံးတက်ရောက် ဖြေရှင်းကြဖို့ ပြောထားတယ်” ဟု သူက ဆိုသည်။
လယ်သမားများက နောက်ထပ် အချိန် သုံးရက် ပေးထားပြီး သုံးရက်အတွင်း ပြေလည်အောင် မဖြေရှင်းပေးပါက တောင်ကုတ် ဂေါက်ကွင်းကို  လယ်မြေအဖြစ် ပြုပြင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း အာဏာပိုင်များကို ပြောဆိုထားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသားသာဖြစ်သင့်ကြောင်း သံပုံးတီး လူပ်ရှားသူ အမျိုးသမီး (၃) ဦး ခံဝန်ချက် လက်မှတ်ရေးထိုးရ

ကတိခံဝန်ချက် ရေးထိုးခဲ့ရသော အမျိုးသမီး (၃) ဦး (ဓါတ်ပုံ - နိရဉ္စရာ)
ကတိခံဝန်ချက် ရေးထိုးခဲ့ရသော အမျိုးသမီး (၃) ဦး (ဓါတ်ပုံ – နိရဉ္စရာ)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှာ ရခိုင်အမျိုးသား တိုင်းရင်းသား တစ်ဦးဦးသာ ဖြစ်သင့်ကြောင်း သံပုံးတီး လူပ်ရှားသူ အမျိုးသမီး (၃) ဦးကို မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ယနေ့တွင် ခေါ်ယူပြီး ကတိခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟု ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ကျော့မေက ဆိုသည်။
ခံဝန်ချက် ကတိရေးထိုးခဲ့ရသူ အမျိုးသမီး (၃) ဦးမှာ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ကျော့မေ၊ ဒေါ်အေးသီတာနှင့် ဒေါ်သိန်းနုတို့ဖြစ်ကြသည်။
ရဲစခန်းတွင် ခေါ်ယူ မေးမြန်းချက်များနှင့် ပတ်သက်ပြီး ဒေါ်ကျော့မေက ယခုလို ပြောဆိုသည်။
“ သူတို့က ကျွန်မတို့ကို ဘာကြောင့် မနေ့က ဖြန့်တဲ့ စာထဲမှာ လူမျိုးခြားလို့ သုံးသလဲ၊ ဘာကြောင့် ဗမာလူမျိုးကို ၀န်ကြီးချုပ် အဖြစ် မတင်ချင်တာလဲ စသဖြင့် မေးပါတယ်။ ကျွန်မတို့က ရခိုင်လူမျိုးကလွဲရင် အခြားလူမျိုးကို လူမျိုးခြားလို့ သုံးတယ်။ ဗမာကို ဘာကြောင့် မတင်ချင်သလဲဆိုတော့ ဗမာတွေက ရခိုင်ပြည်နယ်ကို ခေတ္တတာဝန်ကျတယ်။ ဒီကို တာဝန်ကျတဲ့ အချိန်မှာ ခိုးဝင် ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး စိစစ်ရေး ကဒ်တွေ ထုတ်ပေးရင် ကျွန်မတို့ ဘယ်လို လုပ်မလဲ။ အခု ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေကို အကောင်အထည်ဖေါ်နေပြီ။ မှတ်ပုံတင်တွေ ထုတ်ပေးလိုက်ရင် ကျွန်မတို့ ရခိုင်ပြည်မှာဘဲ သူတို့နေကြမယ်။ ရခိုင်ဝန်ကြီးချုပ်ဆိုရင် ရခိုင်ဖြစ်တဲ့ အတွက် ရခိုင်အရေးကို ကြည့်မယ်။ ဒါကြောင့် စိုးရိမ်လို့ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားဝန်ကြီးချုပ် ဖြစ်ဖို့ ကျွန်မတို့တောင်းဆိုတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဒေါ်ကျော့မေက မိမိတို့မှာ ဗိုလ်ချုပ် မောင်မောင်အုန်းကို ဆန့်ကျင်လို၍ သံပုံးတီးခြင်း မဟုတ်ကြောင်း၊ မိမိတို့မှာ ဆန္ဒဖေါ်ထုတ်ရန် စီစဉ်ခဲ့ပါကြောင်း၊ သို့သော်လည်း အချိန်မရသဖြင့် သံပုံးတီး လူပ်ရှားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှာ ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်း ယူဆ၍ သံပုံးတီးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ သူတို့က ဗမာဆိုတာ လူမျိုးခြား မဟုတ်ဘူး။ တိုင်းရင်းသားသာ ဖြစ်တယ်။ နောက်နောင် ဒီလို စော်ကားတဲ့ အသုံးအနုန်းတွေကို မသုံးဖို့ ရဲတာဝန်ရှိသူက ကတိခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်မတို့ သုံးဦးစလုံးက လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ဆိုသည်။
ဇွန်လ ၂၅ ရက်နေ့က အရေးပေါ် ခေါ်ယူခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် နုတ်ထွက်သွားသော ယခင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏ နေရာ၌ ဗိုလ်ချုပ်မောင်မောင်အုန်းအား အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ် လွှတ်တော်သို့ အဆိုပြုခဲ့သည်။
၎င်းနေ့ ညနေ ၈ နာရီတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်း ရည်ရွယ်ကာ စစ်တွေမြို့ရှိ အိမ်အချို့တွင် သံပုံးတီးကာ လူပ်ရှားတောင်းဆိုမူများ ပြုလုပ်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား အဆိုတင်သွင်း

အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကျင်းပနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကျင်းပနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
လစ်လပ်နေသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းအား ခန့်အပ်ရန် ရခိုင်ပြည်နယ် လွှတ်တော်တွင် ယနေ့အဆိုတင်သွင်းခဲ့သည်။
ရခိုင်ပြည်နယ် လွှတ်တော်အား ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ရာ ဗိုလ်ချုပ် မောင်မောင်အုန်း အပါအ၀င် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် နိုင်ငံတော်သမ္မတကြီးမှ ပေးပို့သော သ၀ဏ်လွှာအား လွှတ်တော် ဥက္ကဌမှ ဖတ်ကြားရာတွင် ထိုသို့ ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ်ခန့်အပ်ရန် အဆိုပြုထားသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းအား လွှတ်တော်တွင် ကန့်ကွက်လိုသူများ အနေဖြင့် ကန့်ကွက်နိုင်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကန်ကွက်နိုင်ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ကန့်ကွက်လွှာကို လွှတ်တော်သို့ တင်ပို့ရမည်ဟု ဖေါ်ပြသည်။
လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် လွှတ်တော်အား ပြန်လည် ခေါ်ယူထားပြီး အဆိုပါနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ကို အတည်ပြုသွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော်အားနံနက် ၁၀ နာရီကျော်တွင် ကျင်းပပြီးစီးခဲ့ပြီး ယင်းနောက်တွင် ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်းမှ လွှတ်တော် ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အပစ်ရပ်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရဲဘော်(၂) ဦး ဖမ်းဆီးခံထားရ

alp-greeting-inside
မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ရခိုင်ပြည်လွှတ်မြောက်ရေးပါတီမှ ရဲဘော် (၂) ဦးကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာတပ်မတော် တပ်ရင်း တစ်ခုမှ ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လက်အောက်ခံ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် အမှတ်(၉) တပ်ရင်းမှ တပ်ကြပ် ဆေးမှူး ခိုင်ထွီးနှင့် အကူအညီပေးနေသူ အရပ်သား အောင်ရွှေမြတို့ ဖြစ်ကြသည်ဟု ပါတီ၏ တာဝန်ရှိသူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ သူတို့က စက်ပစ္စည်းတစ်ခု ၀ယ်ယူဖို့ အလာမှာ အဖမ်းခံရတာပါ။ သူတို့ အဖမ်းခံထားရတာက သံသယနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
သူတို့ (၂) ဦးအား ၂၀၁၄ ခုနှစ် ဇွန်လ (၁၆)  ရက်နေ့တွင် ချင်းပြည်နယ် လပ၀ မြန်မာ တပ်စခန်း အနီးတွင် ခလရ ၂၃၂ နှင့် ၂၈၉ ပူးပေါင်းတပ်ဖွဲတို့ ၏ စစ်ဆင်ရေး တစ်ခုအတွင်း ဖမ်းဆီး သွားခဲ့သည်ဟု ALP ပါတီင်္၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
သူတို့အား မြန်မာ ဘင်္ဂလာနယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားမူ တစုံတရာမရှိပါဘဲ တိုက်ပွဲ အတွင်း ဖမ်းဆီးရမိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံရသူကာယကံရှင်များကို ကိုးကားပြီး ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
“ ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ကျွန်မတို့ဟာ အိန္ဒိယ- မြန်မာ နယ်စပ်မှာ အခြေစိုက်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖေါ်ဆောင် လာတဲ့ နေ့က စပြီး တိုက်ပွဲ ဖေါ်ဆောင်တဲ့ အနေအထား လုံးဝ မရှိပါဘူး။ အဲသလို အနေအထားမှာ ကျွန်မတို့ရဲ့ ရဲဘော်ကို ဒီလို မတရားသဖြင့် ဖမ်းဆီးထားတာဟာ လုံးဝ မလုပ်အပ်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုရက်လည်းကြာသွားပါပြီ” ဟု သူမက ပြောသည်။
ထိုသို့ ရဲဘော် နှစ်ဦးအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ယခင်နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတို့အား တွေ့ဆုံနိုင်ရေး အတွက် အကြိမ်ကြိမ် တောင်းဆိုသော်လည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်နေသည်ဟု သူမက ဆိုသည်။
ယင်းပြင် ပလက်ဝမြို့နယ်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှ ဆက်ကြေးများ ကောက်ယူသည်ဟု သတင်းများ ထွက်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း ဒေါ်စောမြရာဇာလင်းက ယခုလို ပြောသည်။
“ ကျွန်မတို့က ဒီလိုဆက်ကြေးကောက်ဖို့ လာတာလည်း မဟုတ်ပါဘူး။ ဆက်ကြေး ကောက်တာတွေကိုလည်း မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလို ဆက်ကြေးကောက်တာမျိုးတော့ လုပ်လို့လည်း မရပါဘူး” ဟုဆိုသည်။
ALP မှ ရဲဘော် (၂) ဦးကို ခလရ ၂၈၉ တပ်ရင်းသို့ ခေါ်ယူသွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေပြီး စစ်ကြောရေးလုပ်စဉ်  ညှင်းဆဲနိပ်စက် အကြမ်းဖက်သည်ဟုလည်း သိရှိရကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။
သူတို့နှစ်ဦး လွှတ်မြောက်ရေးအပါအ၀င် ငြိမ်းချမ်းရေး မပျက်ပြားရေး အတွက် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူများနှင့် ဇွန်လ ၂၆ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဒေါ်မြရာဇာလင်းက ပြောဆိုသည်။
မြန်မာ အာဏာပိုင်များမှ ALP မှ ရဲဘော် နှစ်ဦးကို တရားစွဲသွားရန် စီစဉ်နေသည်ဟုလည်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်လူငယ်မျိုးဆက်သစ် အဖွဲ့မှ ဦးဆောင်ကာ စစ်တွေမြို့နယ်တွင် မိုးရာသီ သစ်ပင် စိုက်ပျိုး

tree-plantation Arakan
သစ်ပင် စိုက်ပျိုးနေကြသည့် မျိုးဆက်သစ်အဖွဲ့ဝင်များ (ဓါတ်ပုံ- နိရဉ္စရာ)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတစ်ခုကို စစ်တွေမြို့နယ်တွင် “ရခိုင်လူငယ်မျိုးဆက်သစ်” မှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို လွန်ခဲ့သော တစ်ပတ်ခန့် စစ်တွေမြို့နယ် သိန်းတန်ရွာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး ကျောင်းသို့ သွားရာ လမ်းဝဲဘေးယာ တစ်ဘက် တစ်ချက်တွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
သစ်ပင်များကို “ရခိုင်လူငယ်မျိုးဆက်သစ်” အဖွဲ့မှ လူငယ်(၂၀)ခန့်မှ ဦးဆောင်ကာ သိန်းတန် ရွာမှ ရွာသူ ရွာသားများနှင့် ပူးပေါင်းစိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီလို သစ်ပင်တွေစိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရခိုင်လူငယ်လေးတွေ သဘာဝပတ်ဝန်းကျင်ကို တန်းဖိုးထားတတ်လာအောင်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာလည်း လူငယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ” ဟု  သစ်ပင်များ စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ “ရခိုင်လူငယ်မျိုးဆက်သစ်” အဖွဲ့မှ ကိုသန်းလှက နိရဉ္စရာသို့  ပြောသည်။
ယင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံကော်ပင်၊မဟော်ဂနီပင်၊ရေတမာပင်နှင့် ယူကလစ်ပင်များအပါအဝင် သစ်ပင်ပေါင်း (၂၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အမျိုးသမီးတစ်ဦး ခေါင်းဆောင်တဲ့ ဆိုင်ကယ်စီး လုယက်ဂိုဏ်း စစ်တွေတွင် ဖမ်းမိ

Sittwe-city-transport
အမျိုးသမီး တစ်ဦး ဦးဆောင်သော ဆိုင်ကယ်စီးပြီး လုယက်မူများ ကျူးလွန်နေသော ဂိုဏ်းတစ်ခုကို စစ်တွေတွင် ယမန်နေ့က ဖမ်းဆီးမိခဲ့သည်ဟု သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ အမျိုးသမီး ဂိုဏ်းခေါင်းဆောင်မှာ မမိုးစန္ဒာ ဖြစ်ပြီး သူမမှာ GE ( ဆောက်လုပ်ရေးတပ်)မှ စာရေးမ တစ်ဦးဖြစ်ပြီး လက်ရှိတွင် စာကြည့်တိုက်မှူးဖြစ်ကြောင်း သိရသည်။
သူနှင့်အတူ ဖမ်းဆီးခံရသူများမှာ မင်းဂံရပ်ကွက်၊ ထွန်းသစ်လွှင် စားသောက်ဆိုင်မှ ကိုတိုး (ခ) ဟိန်းအောင်ခန့်၊ အမက (၈၀) စစ်တပ်ကျောင်းမှ ညစောင့် စိုးမိုးဌေးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ ကိုစောဝင်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။
သူတို့အား စစ်တွေ အမှတ် (၁) ရဲစခန်းမှ ဒုရဲမှူး ဦးသန်းလိုင်နှင့် နယ်ထိန်း တပ်ကြပ်ကြီး မောင်မောင်သန်းတို့ ဦးဆောင်သော ရဲတပ်ဖွဲ့မှ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးရမိပုံနှင့် ပတ်သက်ပြီး သိရသည်မှာ ကိုတိုး (ခ) ဟိန်းအောင်ခန့်နှင့် စိုးမိုးဌေးတို့သည် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ သာဇံလှလမ်းရှိ ဦးလှအောင်ထွန်းပိုင်ဆိုင်သော ရွှေပန်းထိမ်ဆိုင်နှင့် အိုးတန်းရပ်ကွက်၊ ထီးတန်းလမ်း၊ အိမ်အမှတ် (၂၇) လဘက်ရည် ရောင်းသူ ဒေါ်ဦးမြသိန်းထံတွင် ရွှေထည်ပျက်များ လာရောက် ရောင်းချရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဆိုသည်။
သူတို့ထံမှ အလေးချိန် (၄ပဲ) ရှိ ရွှေထည်တစ်ခု၊ ၁၂ ပဲအရည် ကျောက် (၉) လုံးပါ လက်စွပ်တစ်ကွင်း၊ ရွှေချိန်အတုံး (၄ ပဲ) အထည်ပျက် တစ်ခုတို့အား ဖမ်းဆီးမိသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် ရန်ကုန်မြို့သို့ အားကစားကိစ္စဖြင့် သွားရောက်ပြီး  စစ်တွေသို့ ပြန်လာသူ မမိုးစန္ဒာအား စစ်တွေ လေဆိပ်အထွက်တွင် ရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
၎င်းအဖွဲ့သည်စစ်တွေမြို့တွင် လုယက်မူအများအပြားကို ဆိုင်ကယ်စီးပြီး ကျူးလွန်ထားသည်ဟု သိရသည်။
“ သူတို့က ဆိုင်ကယ်နဲ့ လိုက်တိုက်တယ်။ လဲကျသွားတဲ့ အချိန်မှာ ပါလာတဲ့ ရွှေကြိုးတွေကို ဖြတ်ယူတယ်။ ပိုက်ဆံအိတ်တွေကို လုယူတယ်။ ဖုံးတွေကအစ လုတယ်။ ဒီလို ကျူးလွန်နေတာ ကြာပါပြီ” ဟု စစ်တွေ အိုးတန်းရပ်ကွက်မှ မြို့ခံ တစ်ဦးက ပြောသည်။
များမကြာမီကလည်း စစ်တွေ တက္ကသိုလ်သို့ အသစ်ပြောင်းရွှေ့လာသူ ကျူတာအဆင့် ဆရာမ တစ်ဦးအား ဆိုင်ကယ်ဖြင့် လိုက်တိုက်ပြီး သူမထံမှ ပိုက်ဆံ (၇) သိန်းနှင့် ဖုံးအား လုယက်သွားခဲ့သည်ဟု ဆိုသည်။
ယခင်က လုယက်ပြီးနောက် ဖုန်းဆင်းကဒ်များကို လွှင့်ပစ်လေ့ရှိသော်လည်း ကျူတာ ဆရာမထံမှ လုယက်သွားသော ဆင်းကဒ်ကို မူ လွှင့်မပစ်ဘဲ ရံဖန်ရံခါ အသုံးပြုရာမှ ရဲတပ်ဖွဲ့ဝင်များက ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းကာ ခြေရာကောက် ဖမ်းမိနိုင်ခဲ့သည်ဟု သိရသည်။
“ အခုတော့ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ အမူ ၆ မူ၊ ၇မူလောက်ကိုတော့ ဖေါ်ထုတ်နိုင်မယ် ထင်တယ်။ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အသေးစိတ်တော့ မပြောနိုင်သေးဘူး” ဟု ရဲတာဝန်ရှိသူ က ပြောသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

မြေပုံ ပန်းရောင်ကဒ်ကိုင်ဆောင်သူများကို ခုံရုံးဖွဲ့ စစ်ဆေးပေးမည်ဟုဆို

CIMG7923
ရခိုင်ပြည်နယ် မြေပုံမြို့လူထု၏ တောင်းဆိုချက်ကို ဖြည့်စွမ်းသည့် အနေဖြင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ မူဆလင်များကို ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု လ၀က ညွှန်မှူးက ဂတိပြု ပြောဆိုခဲ့သည်ဟု မြေပုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကဆိုသည်။
လူပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည့် မြို့မိမြို့ဖများက ဦးဆောင်ပြုလုပ်ခဲ့သော အစည်းအဝေးမှ တောင်းဆိုချက်ကို ဖြည့်စွမ်းပေးသည့် အနေဖြင့် ထိုသို့ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း သူကဆိုသည်။
“အရင်က ဘင်္ဂလီတွေကို ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ပန်ရောင်ကတ်တွေကို ပြန်စိစစ်ပေးပါ လို့ တောင်းဆိုခဲ့ကြပါတယ်။ ကျွန်တော်တို့က ဒီမှာ တာဝန်ခံပြီးလုပ်နေတဲ့ လဝက ညွှန်ချုပ်ကို အကြောင်းကြား တော့ သူက ခုံရုံးဖွဲ့ပြီး စိစစ်ပေးမယ်လို့ ပြောပါတယ်။”
ယခုကဲ့သို့ တောင်းဆိုသော်လည်း မြေပုံမြို့ ဒုက္ခသည် စခန်းရှိ ဘင်္ဂလီလူမျိုးများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စစ်ဆေးနေမူကို တစ်စုံတစ်ရာဝေဖန်ပြောကြားလိုစိတ် မရှိဟု ဆိုသည်။
“အခု ဒီမှာ စိစစ်နေတဲ့ ၁၉၈၂ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကိုတော့ ကျွန်တော်တို့ မဝေဖန်လိုပါဘူး။ အဓိက ဖြစ်ချင်တာက အရင်ကထုတ်ပေးထားတဲ့ မှတ်ပုံတင်ကတ်တွေကို ပြန်လည်စိစစ်ဖို့လိုအပ်ပါတယ်။ နောက်ပြီးပြေပြေလည်လည်နဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို့အတွက် သက်ဆိုင်သူတွေက ဂရုစိုက်ဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများအား နိုင်ငံသားပေးရန် မြို့လူထုက သဘောထားရှိကြောင်း သူက ဆက်ပြောသည်။
“ ကျွန်တော်တို့ ဖြစ်စေချင်တာက နိုင်ငံသားဖြစ်သင့်တဲ့သူ ဖြစ်ရမယ်။ ဥပဒေအရ နိုင်ငံသားမဖြစ်သင့်တဲ့ လူတွေကို တစ်ယောက်မှ နိုင်ငံသားဖြစ်ခွင့်မပေးဖို့ မြို့လူထုက သဘော ထားရှိပါတယ်။ မြေပုံမြို့နယ်မှာရှိနေတဲ့ ဘင်္ဂါလီတွေထဲက နိုင်ငံသားဖြစ်နိုင်မယ့်သူတွေ ရှိပါတယ်။ ဥပဒေအရ နိုင်ငံသားဖြစ် သင့်တဲ့ သူတွေ နိုင်ငံသား ဖြစ်လာဖို့ကို ကျွန်တော်တို့လက်ခံပါတယ်” ဟု ဆိုသည်။
ယခု လုပ်ငန်းသည် ရခိုင်တစ်ပြည်နယ်လုံးတွင် ဆက်လက် လုပ်ကိုင်မည့် လုပ်ငန်း ဖြစ်သဖြင့် ဥပဒေနှင့် အညီ မှန်မှန်ကန်ကန်လုပ်ရန် လိုအပ်ကြောင်း သူက ဆိုသည်။
“ခုချိန်မှာ မြေပုံမှာ လုပ်နေသလိုပဲ နောင်တစ်ချိန် ရခိုင်တစ်ပြည်နယ်လုံးမှာ ဆောင်ရွက်လာမယ့် လုပ်ငန်းဖြစ် တဲ့အတွက် ခုချိန်ကတည်းက မှန်မှန်ကန်ကန်နဲ့ ဥပဒေနဲ့အညီ နားလည်ဆောင်ရွက်ကြဖို့အရေးကြီးပါတယ်။ ဒါကြောင့် တာဝန်ယူဆောင်ရွက်နေတဲ့ သူတွေဘက်ကလည်း ကျွန်တော်တို့ပြည်သူတွေအကြံပြုနိုင်အောင်ရယ်။ နောက်ပြီး ဥပဒေပညာရှင်တွေကလည်း အကြံပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းအစဟာမြေပုံမှာ စခဲ့တဲ့ အတွက် ရခိုင်ပြည်၏ အစသည် မြေပုံကဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”
မြေပုံ လူထု အစည်းအဝေးကို မြေပုံမြို့ တရုတ်တန်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ဇွန်လ ၂၁ ရက်နေ့ နေ့လည် (၁)နာရီမှ (၃)နာရီခွဲထိ ကျင်းပခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, June 20, 2014

ရခိုင်မဟာဓါတ်အားလိုင်း မီးကြိုးသွယ်တန်းရာတွင် ပြည်ပမှ ရဟတ်ယာဉ်များကို ဌားရမ်းအသုံးပြုမည်

IMG_20140426_112859ရခိုင်ပြည်နယ်မှ စစ်တွေ၊ ပုဏ္ဍားကျွန်းနှင့် ရသေ့တောင်မြို့တို့တွင် ယခုနှစ် ဒီဇင်ဘာလအတွင်း မဟာ ဓါတ်အားလိုင်းမှ လျှပ်စစ် ဓါတ်အား စတင်ပေးနိုင်ရန် ရာတားထားရာ မဟာဓါတ်အားလိုင်း ဓါတ်ကြိုးများ သွယ်တန်းရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ပြည်ပမှ ရဟတ်ယာဉ်များကို ဌားရမ်း အသုံးပြုသွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်းက ပြောသည်။
ဇွန်လ (၁၃) ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးများ အပါအ၀င် လ၀က၀န်ကြီး ဦးခင်ရီတို့နှင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးဦးစိုးသိမ်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူက “ကြိုးသွယ်ရတာ ခက်တယ်။ တိုင်ကြီးမှာ တပ်ဆင်မယ့် သံထည်တွေ တောင်ပေါ်တက်၊ တောထဲဝင်၊ မီးကြိုးကြီးတွေဆွဲ ဆိုတော့ အခက်အခဲ ရှိတယ်။ ခု ကျွန်တော်တို့ နည်းလမ်းရှာထားတယ်။ နိုင်ငံခြားက ရဟတ်ယာဉ်တွေကို ငှားပြီး သွယ်တော့မယ်။ ရဟတ်ယာဉ်နဲ့ကြိုးကြီးတွေကို မ ယူမယ်။ တိုင်တွေကို မ ပီး တောင်ပေါ်ကို တင်တာတို့ လုပ်တော့မယ်” ဟု ဆိုသည်။
လျှပ်စစ်ဓါတ်အားလိုင်းများ ဆက်သွယ်ရာတွင် ရခိုင်ရိုးမနှင့် တောတောင်များကို ဖြတ်ရသဖြင့် အခက်အခဲ ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ မြန်ဆန် ပြီးမြောက်စေရန် ပြည်ပမှ ရဟတ်ယာဉ်များ ငှားရမ်ကာ ဆက်လက် သွယ်တန်း သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။
လာမည့်ဒီဇင်ဘာလတွင် စစ်တွေ၊ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆိုသည်။
“ဒီဇင်ဘာဆိုရင် ပုဏ္ဏားကျွန်းကို မီး(လျှပ်စစ်မီး)ရောက်လာမယ်။ ကြိုးစားရင် စစ်တွေကို ရောက်မယ်။ ဆက်ကြိုးစားရင် ရသေ့တောင်ကိုလည်း မီးရောက်လာမယ်”ဟု ဝန်ကြီးက ပြောသည်။
လျှပ်စစ်ဓာတ်အားရရှိပါက ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်သဖြင့် ယခု သတင်းကို ကြားရ၍ ၀မ်းမြောက်ကြောင်း၊  သို့ရာတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို အကျိုးရှိရှိ အသုံးချနိုင်ရန် ရခိုင်ဒေသတွင် စက်ရုံ အလုပ်များ တည်ဆောက်ပေးရန်လိုအပ်ကြောင်း “ရခိုင်မျိုးဆက်သစ် လူငယ်” အဖွဲ့မှ ကိုသန်းလှက နိရဉ္စရာသို့ ပြောသည်။
“လျှပ်စစ်မီးရလာမယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်သူရခိုင်သားတွေအတွက် အခွင့်အရေးတွေ အများကြီးရှိ လာနိုင်ပါတယ်။ ဒါပေမယ့် မြို့ပေါ်ရော ကျေးလက်ဒေသတွေရော အကုန်လုံး မီးရမှာလားဆိုတဲ့ မေးခွန်း ထုတ်စရာရှိတယ်။ ရခိုင်ဒေသ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် လျှပ်စစ်မီးတစ်ခုတည်းနဲ့ အဆင်ပြေနိုင်မလားပေါ့။အဲ့ဒီ လျှပ်စစ်ဓာတ်အားကို အကျိုးရှိရှိအသုံးချဖို့ စက်ရုံအလုပ်ရုံတွေမရှိရင် အဲဒီလျှပ်စစ်မီးဟာ အသုံးမဝင် ဖြစ်သွားမယ်။ ဒါကြောင့် စက်ရုံ အလုပ်ရုံတွေပါ ဖန်တီးပေးရမယ်” ဟု သူက ဆိုသည်။
လျှပ်စစ်မီတာတစ်ယူနစ်လျှင် (၃၅)ကျပ်နှင့် သုံးစွဲခွင့်ရပါက ဒေသခံများအတွက် အဆင်ပြေ သက်သာမည်ဖြစ်ကြောင်း ကိုသန်းလှက ဆက်ဆိုသည်။
“မီတာကြေးကို ပြည်မဈေးနှုန်းအတိုင်းပေးရမယ်ဆိုရင်တော့လက်ရှိထက်အများကြီးသက်သာသွားမယ်။ ခုစစ်တွေမှာ ဖိုးသီးချိုကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်ကို (၄၄၀)ဈေးနဲ့ ကောက်ခံနေတယ်လေ။ ခု အစိုးရဆီက (၃၅)ကျပ်လောက်နဲ့ ရနိုင်မယ်ဆိုရင်တော့ သုံးစွဲသူတွေ အများကြီးသက်သာနိုင်ပါတယ်” ဟုဆိုသည်။
IMG_20140426_122723ရခိုင်ပြည်နယ်သည် သဘာဝဓါတ်ငွေ့ အများအပြား ထွက်သော ပြည်နယ် တစ်ခု ဖြစ်သော်လည်း လျှပ်စစ်မီးကို သဘာဝ ဓါတ်ငွေ့မှ ဈေးပေါပေါဖြင့် အသုံးပြုခွင့် မရဘဲ ဒီဇယ်ဆီကိုအသုံးပြုသော  မီးစက်ကြီးများမှ ထုတ်ယူသုံးစွဲနေကြရပြီး မီတာခ တယူနစ်ကိုလည်း ပျှမ်းမျှ ၅၀၀ ကျပ် နီးပါးဖြင့် ပေးဆောင်နေကြရသည်။
ရခိုင်ပြည်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို တရုတ်ပြည်သို့ ရောင်းချပြီး ဒေသခံ ရခိုင်ပြည်နယ်မှာ အမှောင်ကျကာ လျှပ်စစ်မီးကိုလည်း ဈေးကြီးကြီးဖြင့် ပုဂ္ဂလိက ကုမ္ပဏီများမှ တဆင့်  ၀ယ်ယူ သုံးစွဲ နေရကြရသဖြင့် ပြည်တွင်း ပြည်ပတွင် ပြည်ထောင်စု အစိုးရ၏ လုပ်ရပ်များကို ဝေဖန်မူများ ကြီးကြီးကျယ်ကျယ် ပေါ်ပေါက်နေသည်။
ယင်းနောက်ပိုင်းတွင် အစိုးရမှ ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိရေးအတွက် သဘာဝ ဓါတ်ငွေ့ဖြင့် လည်ပတ်သော တာဘိုင်တာ မီးစက်ကြီးများတည်ဆောက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ယင်းအစီအစဉ်ကို ပြောင်းလဲကာ ယခုကဲ့သို့ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ပေးရန် စီစဉ်လာခြင်း ဖြစ်သည်။
ယင်းအစီအစဉ်အရမဟာဓါတ်အားလိုင်းမှလျှပ်စစ်ဓာတ်အားကိုရခိုင်ပြည်နယ်သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ဇွန်လအတွင်းက စတင် ဖြန့်ဖြူးပေးခဲ့သည်။
(Source: Narinajara)

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများ အခြေအနေ ကုလအရာရှိ စိုးရိမ်

rakhine-un-305
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဒုတိယအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Ms. Kyung-Wha Kang ကိုဇွန်လ ၁၂ ရက်နေ့က စစ်တွေမြို့ဒေသခံတွေနဲ့ အတူ တွေ့ရစဉ်
Photo: Min Thine Aung / RFA

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ စိုးရိမ်တုန်လှုပ် စရာကောင်းတဲ့ ဆင်းရဲဒုက္ခတွေကို မြင်တွေ့ခဲ့ရတယ် လို့ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်  Kyung-wha Kang က ပြောကြား လိုက်ပါတယ်။
သူ့ ခရီးစဉ်နဲ့  ပတ်သက်ပြီး ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ လူအမြောက်အများဟာ ကျန်းမာရေး၊ ပညာရေး ၊ သောက်သုံးရေရရှိရေး စတဲ့ အခြေခံဝန်ဆောင်မှုတွေကို အလုံအလောက်မရကြကြောင်း၊ ဘယ်ကိုမှ လွတ်လွတ် လပ်လပ် သွားလာလို့မရတဲ့ ချုပ်ချယ်မှုတွေနဲ့ ကလေးတွေရော လူကြီးတွေပါ ဒီလို ဆင်းရဲ ဒုက္ခရောက်နေကြတာမျိုးကို သူ့တသက်မှာ တစ်ခါမှမမြင်ခဲ့ ဖူးကြောင်း ဖေါ်ပြထားပါတယ်။
အိုးအိမ် ဆုံးရှုံးစွန့်လွှတ်ခဲ့ရပြီး အဲဒီစခန်းတွေမှာ ခိုလှုံနေ ရသူ ထောင်ပေါင်းများစွာဟာ လယ်လုပ်၊ ငါးဖမ်း စတဲ့အလုပ်တွေကို ဘာမှလုပ်ခွင့်မရကြတဲ့အတွက်  လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကိုသာ မျှော်ကိုးအားထားပြီး နေနေကြရတယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့  လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်  Ms. Kang   က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်ရှိသူ တရားခံတွေကို ဖေါ်ထုတ်အရေးယူဖို့ ကိုလည်း အစိုးရကို သူက တိုက်တွန်းထားပါတယ်။
သူဟာ စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ NGO  အဆောက်အဦးတွေ ပြီးခဲ့တဲ့ မတ်လတုန်းက တိုက်ခိုက်ခံရပြီး တဲ့နောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ပြန်စတင်တာနဲ့ အရှိန်မြှင့် ဆောင်ရွက်ချက် တိုးတက်မှုတွေကို အကဲဖြတ်ဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေ၊ လူ့အဖွဲ့ အစည်းခေါင်ဆောင်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် စခန်းတွေကို သွားကြည့်ခဲ့ပါတယ်။
(Source: RFA Burmese)

Wednesday, June 4, 2014

အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသူ မောင်နှမနှစ်ဦး၏ အမှု စစ်ဆေး၊ရာ တက်ရောက်လေ့လာသူများပြား

Burthidaung-court
ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီတို့ အုပ်စုဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားမောင်နှ နှစ်ဦးတို့၏ အမှုကို ဘူးသီးတောင် မြို့နယ်တရားရုံးတွင် ယမန်နေ့က ဆက်လက် စစ်ဆေးရာ တက်ရောက်လေ့လာသူ အများအပြား ရှိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံရသူ တစ်ဦးဖြစ်ပြီး အဓိက သက်သေဖြစ်သည့် မညွန့်ညွန့်သိန်းကို အဓိကထား စစ်ဆေးခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ရုံးချိန်းတွင် တရားလို ဖြစ်သူများကိုအမှုကိုကျေအေးစေရန် ခြိမ်းခြောက် စည်းရုံးမှုများရှိကြောင်းနှင့် ပုဒ်မပြောင်းစွဲဆိုကြောင်း သတင်းများထွက်ပေါ်လာသဖြင့် အမှုကိုပိုမိုစိတ်ဝင်စားသူများပြားလာပြီး ယနေ့ ရုံးချိန်းတွင် တရားခွင်စစ်ဆေးမှုကိုလေ့လာရန်ပရိတ်သတ် ၆၀ ခန့်ရောက်ရှိလာခဲ့ပြီးအမျိုးသမီးများအများစု ဖြစ်ခဲ့သည်။
တက်ရောက်လေ့လာသူများတွင် စစ်တွေမြို့၊ ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေးလည်းပါဝင်ပြီး အင်တာနက် သတင်းများတွင် ယခုအမှုကိုတွေ့မြင်သိရှိရသဖြင့် စိတ်ဝင်စားမိကာ စစ်တွေမြို့မှ လာရောက်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယနေ့တွင် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး တက်ရောက်လေ့လာသူများက တရားလိုဖြစ်သူများကို အားငယ်ကြောက်ရွံ့မှုမရှိစေရန် အားပေးခဲ့ကြပြီး တရားခွင်စစ်ဆေးပြီးဆုံးသည်အထိ နားထောင်သူ များပြား ခဲ့သည်။
“ ကျွန်တော့်မှာအမှုကိစ္စကြုံလာလို့ စားဝတ်နေရေး အခက်အခဲဖြစ်လာတယ်။ ဆိုင်ကယ်လဲအမှုနဲ့ပတ်သက်လို့ သက်သေခံအဖြစ် ရုံးတင်ထားရလို့ ဆိုင်ကယ်လည်းမဆွဲရဘူး။ တခြား အလုပ်လုပ်ဖို့လဲအဆင်သင့်မရှိတော့ တော်တော်အခက်အခဲဖြစ်နေလို့ အမှုကိုရုပ်သိမ်းခွင့် လျှောက်ထားဖို့အထိ စဉ်းစားခဲ့မိပါတယ်။ အခုလို ကျွန်တော်တို့ကိုအားပေးနှစ်သိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အမှုစဖြစ်ကတည်းက ကျွန်တော်တို့ အမှုကို ဒီလောက်လူတွေ စိတ်ဝင်စားလိမ့်မယ်လို့ မထင်မိပါဘူး။ အခုလို နှစ်သိမ့် အားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ အမှုကို ပိတ်သိမ်းခွင့်မတင်တော့ပါဘူး။ အဆုံးထိအမှန်အတိုင်း ဖြစ်အောင်သာ ထွက်ဆိုပါမယ်”  ဟု တရားလို မောင်ကျော်သိန်းလှိုင်က ပြောပါသည်။
တရားလို၏ ညီမဖြစ်သူ မညွန့်ညွန့်သိန်းကလည်း “ အကျွန်တို့မှာ တစ်နေ့လုပ် တစ်နေ့စားပါ။ အခုပြဿနာတက်လို့ ခရုရှာဖားရှာလဲ မသွားဝံ့ပါ။ စားဝတ်နေရေးအခက်အခဲဖြစ်လာလို့ အမှုကို မြန်မြန်ပြီးရင် မြန်မြန်အေးတယ်ဆိုပြီး ရုတ်သိမ်းလည်း ရုတ်သိမ်းပါစေလို့ စဉ်းစားခဲ့မိပါတယ်။ အခုလိုအမျိုးသမီးတွေ လာပြီးအားပေးတဲ့အတွက် အားရကျေနပ်ပါတယ်။ အမှန်အတိုင်းထွက်ဆိုခဲ့ပါတယ်´ ဟု ရှင်းပြသည်။
Burthidaung
မညွန့်ညွန့်သိန်းနှင့်စစ်တွေမှရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်ညိုအေး (ဓါတ်ပုံ- ဗေဒါပျံ)
မညွန့်ညွန့်သိန်း၏ ထွက်ဆိုချက်အရ အမှုမဖြစ်ခင် နှစ်ရက်ခန့် ညဘက်ကတည်းက အလယ်ချောင်း ဘင်္ဂလီရွာဘက်မှ သဘော့ချောင်းရခိုင်ရွာဘက်သို့ ဓါတ်မီးများဖြင့်ထိုး၍ ဘင်္ဂလီတို့ အော်ဟစ်ဆူပူခဲ့ကြကြောင်း။ ရခိုင်များသတ်ဖို့ လာနေတယ်ဟု ကောလာဟာလ သတင်းများထွက်ပေါ်ခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြောင်း။ ထိုသို့ဖြစ်ပြီးနောက်နေ့တွင် ယခု မောင်နှမနှစ်ဦးကို အလယ်ချောင်းရွာအနီးတွင် ရိုက်နှက်မှုခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရိုက်နှက်မူတွင် နောက်ကွယ်က ပယောဂများ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိနေသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပါတ်သက်၍ ကင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဖြစ်ပေါ်ခဲ့ခြင်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။
ယခုအခါ သဘော့ချောင်းကျေးရွာထိပ်တွင် အမှုဖြစ်သည့်နေ့ကစ၍ ရဲကင်းစခန်းတစ်ခုကို ချထားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူဆောင်ရွက်ထားသည်။
အမှုစစ်ဆေးမှုပြီးဆုံးသည့်အခါ သက်သေခံအဖြစ် သိမ်းဆည်းထားသောတရားလို၏ ဆိုင်ကယ်ကို ပြန်လည် ထုတ်ပေးခဲ့ပြီးကျန်သက်သေများကိုစစ်ဆေးရန် (၄-၆-၂၀၁၄)နေ့တွင် ချိန်းဆိုလိုက်သည်။
ယနေ့တက်ရောက်လေ့လာသူများက စားဝတ်နေရေး အခက်အခဲဖြစ်နေသော တရားလို မောင်နှမများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

Dr-Aye-Mg-Photo
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။
၂၀၁၃ လောက်ကတည်းကနေ မြုပ်နေတဲ့ ဒီ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ ရုတ်တရက် အဆိုတင်တာ၊ ပြည်ခိုင်ဖြိုး ပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ အားလုံးနီးပါးက ထောက်ခံတာ၊ ကန့်ကွက်တဲ့ NLD ကိုယ်စားလှယ်ကို ဆွေးနွေးခွင့် မပြုတာ၊ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ အဆိုပြုလွှာ အဟောင်းကို မမျှော်လင့်ပဲ လွှတ်တော်အမတ်တွေကို ဖြန့်ဝေထားတာတွေဟာ အတော့ကို ထူးခြားမူတွေ ရှိနေတယ်လို့လည်း သူကဆက်ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ် နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်တဲ့ အဆိုကို ဇွန်လ ၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဒေါ်ခင်ဝင်းကြည်ဆိုတဲ့ NDF ပါတီကို ကိုယ်စားပြုထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် တင်လိုက်တယ်။ တင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးဘက်က ထောက်ခံတယ်။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဌ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကန့်ကွက်မယ့် ပုဂ္ဂိုလ်တွေရဲ့ ကန့်ကွက်ချက်တွေကို အမတ်တွေကို နားထောင်ခွင့်မပြုခဲ့ပါဘူး။ အဲဒါက ဘာနဲ့သွားပြီး တိုက်ဆိုင်သလဲဆိုရင် ကျနော် တစ်ခါက အမျိုးသားလွှတ်တော်မှာ တင်ဖူးတဲ့ ရခိုင်ပြည်နယ် အေးချမ်းလုံခြုံရေး အတွက် ရေတို ရေရှည် ဆောင်ရွက်သွားတဲ့ကိစ္စတွေကို ကျနော်ဆွေးနွေးတဲ့အခါမှာ ကြံ့ခိုင်ရေး ပါတီက ဦးလှဆွေက ကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အကြောင်းအရင်းတွေကိုတော့ လွှတ်တော် ဥက္ကဌက ခွင့်ပြုခဲ့တယ်။ ကန့်ကွက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ပိတ်ပင်ထားမှု မရှိခဲ့ဘူး။  အခု PR စနစ်ကို ပြောင်းဖို့ တင်တဲ့ ကာလမှာတော့  NLD အမတ် ဦးသိန်းဆွေက ကန့်ကွက်တာကို လုံးဝ စကားပြောခွင့် မပေးခဲ့ဘူး။ ဒါကလည်း ထူးခြားတယ်လို့ ဆိုပါတယ်။
ဒါပြင် သတိထားရမယ့် အချက်တွေလည်း ရှိတယ်လို့ ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။
“ တပ်မတော်သားတို့၊ ပြည်ခိုင်ဖြိုးတို့ အထူးသဖြင့်အစိုးရ ရပ်တည်မှုတို့ကတော့ ကျောချင်း ကပ်သွားတယ်လို့ ထင်ပါတယ်။ ထူးခြားမူကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့တွက် NLD တို့ ၈၈ တို့ရဲ့ လှုပ်ရှားမှုတွေ အတွက် နိုင်ငံရေး Level  ညှိမှုလို့ထင်ပါတယ်။ ဒါက အတိုင်းအတာတစ်ခုအထိ တာစူ နေခဲ့လို့ရှိရင် မြန်မာ့နိုင်ငံရေးမှာ သူများပြောသလို Destructive Politic ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သတိထားဖို့လိုပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ အဓိကပြသနာဖြစ်လာမယ်။ ဖွဲ့စည်းပုံ ပြင်နေဆဲကာလ။ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားလွှတ်တော်ရဲ့ ဖွဲ့စည်းမူအရ တစ်ပြည်နယ် သို့မဟုတ် တိုင်းတစ်တိုင်းကို ၇ ဦးနဲ့ သတ်မှတ်ထားတယ်။ ခုပါတီက စာရင်း သို့မဟုတ် ပုံစံမျိုးနဲ့ဆိုရင် တစ်ပြည်နယ် ၇ ဦးဆိုတဲ့ ပြသနာတွေ နည်းနည်းလောက် ဖြစ်လာနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီ PR စနစ်ကို သွားချင်လို့လားတော့ မသိဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ ခရိုင်တွေကို ပိုမို တိုးချဲ့လာတာတွေကို တွေ့ရတယ်။ ခရိုင်ရဲ့နောက်မှာ အမျိုးသားလွှတ်တော်  ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ပါတီ List နဲ့ လာတဲ့ ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ ထူးထူးခြားခြား ပေါ်ထွက် လာမယ် ထင်တယ်။ သို့ပေမယ့် ဒါကတော့ ဖွဲ့စည်းပုံဆိုင်ရာ ပြသနာ။ အနာဂါတ် နိုင်ငံရေးဆိုင်ရာ ပြသနာကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုမယ်။ ပြည်သူလက်ခံဖို့လည်းလိုပါလိမ့်မယ်။ ခုဆိုရင် ရွေးကောက်ပွဲစနစ်တစ်ခုတည်းနဲ့ မတည်ငြိမ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မညီမျှတဲ့ ရလဒ်တွေကို ပြည်သူတွေက ခါးခါးသီးသီးခံစားနေရတဲ့ ကာလမှာ ကျနော်တို့က ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီလိုစနစ်ကြောင့် အစွန်းရောက်အဖွဲ့အစည်းလေးတွေ အထူးသဖြင့် အာဏာရ ပါတီတွေမှာ ပါတဲ့ အစွန်းရောက်တဲ့ ဘာသာရေး အယူသီးတဲ့ ပုဂ္ဂိုလ်တွေ အတိုက်အခံမှာပါတဲ့ ဘာသာရေးမတူတဲ့ ပုဂ္ဂိုလ်တစ်ချို့က သီးသန့်ခွဲထွက်သွားပြီးရင် လူမျိုးစုတစ်ခုသို့မဟုတ် ဘာသာရေး လူပ်ရှားမှု တစ်ခုအနေနဲ့ ပါတီတစ်ခုအဖြစ်ပေါ်ပြီးရင် သူတို့ရဲ့ သီးသန့် လွှတ်တော်နေရာ ရရှိရေးတွက် ကြိုးစားလာတာတွေကို တွေ့ရလာနိုင်တယ်။”
PR စနစ်အပေါ် အမြင်ကတော့  “ ဒါကတော့ တော်တော်လေး ဆွေးနွေးပြီးမှသာ ကျနော်တို့ ဒီ PR လက်ခံနိုင်မှလက်ခံပါမယ်။ လက်ခံချင်မှလည်း လက်ခံနိုင်ပါတယ်။ ဆွေးနွေးမှု ရှိဖို့လိုပါတယ်။ ပြီးရင် နိုင်ငံရေးရင့်ကျက်မှုနဲ့ လူမျိုးစု ပဠိပက္ခတွေရှိနေတဲ့ ကာလမျိုး ၊ အစွန်းရောက်ဘာသာရေး အယူသီး နေတဲ့ ကာလမျိုးမှာ ကြောက်စရာ ကောင်းတယ်လို့ သုံးသပ်ပါယ်။ ဒါကြောင့် ကျနော်တို့ ကတော့ တစ်လျှောက် လုံးဝလက်မခံခဲ့ပါဘူး။”
PR စနစ်က ရခိုင်ပြည်သူတွေအတွက် အကျိုးရှိနိုင်မလား၊ အကျိုးယုတ်နိုင်မလားလို့ မေးတော့ သူက ခုလို ဆိုပါတယ်။
“ PR စနစ်ဆိုတာကတော့ အထူးသဖြင့် ကျနော်တို့နားလည်သလောက် ဂျာမနီနိုင်ငံမှာတောင်မှ ရောထွေးစွာ သုံးပါတယ်။ သူတို့ပါလီမာန် ၂ မျိုးရှိတယ်။ မဲဆန္ဒနယ် ၃၁၀ လောက်ရှိတဲ့ Lower House မှာကျတော့ အဓိက ကျနော်တို့ နိုင်တဲ့သူက ဆိုတဲ့ စနစ်ကိုသွားသလို ပါတီထဲက ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပါတီချင်း ပြိုင်တဲ့ စနစ်တစ်ခုလည်း အစပေါ်နေတာတွေ့တယ်။ အဲဒီအချိန်မျိုးမှာ အနည်းဆုံး ပြည်သူရဲ့ ထောက်ခံမူဆိုတဲ့ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်း အထက်ရမှာသာ ယင်းပါတီကို ပါလီမာန်ထဲကို သွင်းတဲ့စနစ်ရှိပါတယ်။ အချိုးအစားအလိုက်ပေါ့။ သို့သော်လည်း ရောထွေးတယ်။ ရင့်ကျက်မှုရှိဖို့လိုတယ်။ သူတို့နိုင်ငံမှာ လူမျိုးနွယ်က ဂျာမန်မျိုးနွယ်စုတွေက များပါတယ်။ လူမျိုးတူပါတယ်။ နယ်စပ်လောက်မှာပဲ ဒီဘက်က ဘေလ်ဂျီယန် လူမျိုး လောက်ပဲ လူမျိုးခြားပါတယ်။ ဒါကပြသနာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူမျိုးအင်မတန်များတဲ့အခါ လူမျိုးငယ်စု ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာသာမျိုးစုံရှိတဲ့အခါ ဘာသာအယူသီးတဲ့ ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒီပါတီတွေက လွှတ်တော်ထဲကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးအရ အတိုက် အခိုက်တွေ ပိုများလာနိုင်ပါတယ်။ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့လည်း တော်တော် ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့တော့ ကျနော်တို့ ဒီဘက်က ဒီပုဂ္ဂိုလ်တွေ အပြိုင်ဖြစ်လာတဲ့ အခါ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းလုံခြုံဖို့အတွက် ခိုင်မာတဲ့ပြည်နယ်အစိုးရတစ်ရပ်ကိုဖွဲ့ဖို့  အတွက် ခက်ခဲမှူ ရှိကောင်းရှိလာနိုင်ပါတယ်။ ကျနော်တို့ ကတော့ PR စနစ်ကိုလုံးဝလက်မခံဆိုတဲ့ မူချပြီးရင် အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစား ညှိနှိုင်းပြီးရင် တိုင်းရင်းသား ပါတီအားလုံးပါ တိုင်းရင်းသားနယ်မြေတွေမှာပါ တည်ငြိမ် အေးချမ်း ခိုင်မာတဲ့ အစိုးရ တစ်ရပ်ကို ခုကာလ နှစ်ပေါင်း ၂၀ လောက်နဲ့ တည်ဆောက်သွားမှသာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ဖွံ့ဖြိုး တိုးတက်နိုင်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။ ပြည်ထောင်စုအစိုးရက နှစ်ပေါင်းများစွာ ဗဟို ဦးစီးအားနဲ့ ဗဟိုကိုတည်ဆောက်တာများပါတယ်။ အဲ့ဒါကြောင့် နယ်စွန် နယ်ဖျား ပြည်နယ်တွေ အားလုံး ဆင်းရဲနေတာဖြစ်တယ်လို့ ခံယူပါတယ်။ ဒါကြောင့် ခိုင်မာသောပြည်နယ်အစိုးရများ အမျိုးသား ပြည်နယ်အစိုးရများ လိုအပ်တဲ့ကာလဖြစ်တဲ့အတွက် ခိုင်မာသော ပြည်နယ်အစိုးရများ ဖြစ်ပေါ်ရေးကို ဖြိုခွဲလိုတဲ့ ရည်မှန်းချက်တွေ ရှိလာနိုင်ပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဈေးကြီးမှ အမိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ

စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကားလမ်းအချို့ကို ကားနှစ်စီးသွားနိုင်ရန် အတွက် ဘေးဝဲယာ တစ်ဘက် တစ်ချက်စီကို တိုးချဲ့နေရာ ယင်းသို့ တိုးချဲ့နေရာတွင် အောက်ခံကို မြေသားအား အသုံးမပြုဘဲ စစ်တွေ ဈေးကြီးမှ စွန့်ပစ် အမို်က်များကို အသုံးပြုကာ တိုးချဲ့ ပြုပြင်နေသည်ဟု သိရသည်။
မြေသားအမာကို ရလို၍ ယခုလို အမိုက်များဖြင့် လမ်းခင်းနေခြင်း ဖြစ်ကြောင်း နာဇီရွာရပ်ကွက် စက်ရုံလမ်းမကြီးကို အမိုက်မျာဖို့ပြီး လမ်းလုပ်နေသည့်  စည်ပင်မှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။
SAM_0853
“ဒီလမ်းမှာကားကြီးနှစ်စီးသွားလို့ရအောင်အ တွက်ကားဘီး တစ်လုံးစာ လမ်းခုံးကို လုပ်ဆောင်နေတာပါ။ အမှိုက်တွေမှာပါတဲ့ မြေသားတွေကို မဆုံးရှုံးရအောင် စစ်တွေ ဈေးကြီးက အမှိုက်တွေနဲ့ ဒီလမ်းခုံးကို ပြုလုပ်နေတာပါ။ အမှိုက်တွေကို နှစ်ရက်လောက် ထားလိုက်ရင် မြေသားတွေဟာအောက်ဖက်ကို ရောက်သွားပြီး မြေသားအမာကို ရရှိတဲ့အတွက်ကျွန်တော်တို့ အသုံးပြုရတာပါ” ဟု သူက ပြောသည်။
၎င်းလမ်းကို ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့က စတင် တိုးချဲ့နေသည်ဟု သိရသည်။
အမည်မဖေါ်လိုသူ ဒေသအတွင်းက အင်ဂျင်နီယာ အငြိမ်းစား တစ်ဦးကမူ ယခုကဲ့သို့ အမိုက်များကို အသုံးပြုပြီး လမ်းခင်းသည်ကို တစ်ခါမှ မကြားဖူးပါကြောင်း၊ ယခုကဲ့သို့ လမ်းအောက်ခံကို မြေသားကို အသုံးမပြုဘဲ အမိုက်များကို အသုံးပြုပါက လမ်းမှာ အရည်အသွေး ကောင်းမွန်မည် မဟုတ်သည့်အပြင် များမကြာမီ ပျက်စီး သွားနိုင်ကြောင်း ဆိုသည်။
စစ်တွေမှ သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက ယခုလို ဆိုပြန်သည်။
“ လူနေအိမ်တွေနဲ့ နီးကပ်တဲ့နေရာတွေမှာ စွန့် ပစ်ဓါတုပစ္စည်းတွေ ပါဝင်တဲ့ အမှိုက်တွေကို အသုံးပြုပြီး လမ်းလုပ်တာဟာ လူထုရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆိုးကျိုးသက်ရောက်မူတွေလည်း အများကြီး ဖြစ်ပေါ်နိုင် ပါတယ်။ နိုင်ငံတာကာမှာ စွန့််ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်နေချိန်မှာ ကျနော်တို့ နိုင်ငံမှာ လမ်းလုပ်တဲ့ နေရာမှာ ဒီလို အမိုက်တွေကို အသုံးပြုတာဟာ မဖြစ်သင့်ပါဘူး။ လူထုရဲ့ ကျန်းမာရေးကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်”ဟု သူက ပြောသည်။
Road-Build
လမ်းလုပ်ရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးကလည်း ယခုလို ဆိုပြန်သည်။
“ တစ်နေ့ကို လုပ်အားခငွေ သုံးထောင်ကျပ်နဲ့ လုပ်နေတာပါ။ အထက်က လူကြီးတွေက ဒီဟာ လုပ်ဆိုရင် ကျနော်တို့က လုပ်ရတာဘဲ။ ဒီလို အမိုက်တွေကို လမ်းခင်းတဲ့ အတွက် ဘာဖြစ်လာမလဲ။ ကောင်းမလား- ဆိုးမလား။ ဒါတွေကို ကျနော်တို့ မသိပါ။ မနက်၇နာရီကနေ့  ညနေ ၅နာရီခွဲထိ ခိုင်းတာကို လုပ်နေတာပါဘဲ” ဟု ဆိုသည်။
ယခုကဲ့သို့ စွန့်ပစ် အမိုက်များကို အသုံးပြုပြီး လမ်းခင်းပါက ဆိုးကျိုးနှင့် ကောင်းကျိုး မည်သို့ ရှိနိုင်မည်ကို သက်ဆိုင်ရာ အထက်လူကြီးများမှ အမြန်ဆုံး စီစစ်ရန် လိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တင့်ကားဖျက်လက်နက် ၂၀၀ နီးပါး ဘင်္ဂလာဒေခ်ျ့က ဖမ်းမိ

Huge arms & ammo hauled habigani-satchori-3
( Photo- BDNEWS24)
တင့်ကားဖျက် လက်နက် (Anti-tank weapons) အမျိုးအစား ၂၀၀ ကို အိန္ဒိယနယ်စပ် အနီးတွင် ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဘင်္ဂလာ မှုခင်းအထူးနှိမ်နင်းရေးတပ်ဖွဲ့ (Rapid Action Battalion) မှ ၎င်းလက်နက်များကို အိန္ဒိယ၊ ထရိပူရပြည်နယ် နယ်စပ်မှ (၃) ကီလိုမီတာ အကွာ ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ယနေ့တွင် ရှာဖွေ သိမ်းဆည်း မိသည်ဟု ဘင်္ဂလာ ဘီဒီနယူးတွင် ဖေါ်ပြသည်။
Huge arms & ammo hauled habigani-satchori
ဖမ်းဆီးရမိသည့် လက်နက်များထဲတွင် တင့်ကားဖျက်လက်နက် ၁၈၄ ခုနှင့် ဓါတ်အားသွင်းကရိယာ ၁၅၄ ခုတို့ပါဝင်ပြီး နယ်စပ်အနီးရှိ တောင်ပူဇာ တစ်ခုတွင် မြေကျင်းတူး ၀ှက်ထားသည်ဟု ဆိုသည်။
ယင်းလက်နက်များမှာ အိန္ဒိယ ထရိပူရ ခွဲထွက်ရေးအဖွဲ့ All Tripura Tiger Force (ATTF) ၏ လက်နက်များ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ခန့်မှန်းထားသည်။
လက်နက်များ ဖမ်းမိသောနေရာမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်သည်။
လက်နက်များမှာ တရုတ်လုပ် လက်နက်များ ဖြစ်ပြီး ကော့စ်ဘဇား ပင်လယ်ကမ်းခြေမှ တဆင့် တင်သွင်းလာပုံရသည်ဟု ဘင်္ဂလာအာဏာပိုင်များက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စည်းကမ်းထိန်းသိမ်းရေး ရခိုင်ရဟန်းတော်များ ဒုတိယအကြိမ် အစည်းအဝေး စစ်တွေတွင်ကျင်းပ

monk-meeting
ရခိုင်ပြည်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၏ ဒုတိယအကြိမ် အစည်းအဝေးကို စစ်တွေ  မြို့မ ပရိယတ္တိစာသင်တိုက်တွင် ယနေ့ စတင်ကျင်းပကြောင်း သတင်းရရှိသည်။
အစည်းအဝေးကို ဇွန်လ(၃)ရက်နှင့် (၄)ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသော အစည်းအဝေးဖွင့်ပွဲသို့ စစ်တွေမြို့မှ ဆရာတော်ကြီးများ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားပြုသံဃာတော်များအပါအဝင် သံဃာတော် စုစုပေါင်း (၆၇)ပါး တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီးနောက် “မိသားစု” ရခိုင်စည်တော်အဖွဲ့မှ မင်္ဂလာ စည်တော်တီး၍ ရတုသီဆိုကာ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် စစ်တွေမြို့ မကျည်းမြိုင်ဆရာတော် ဦးညဏဝံသအား တက်ရောက်လာသော သံဃာတော်များမှ သဘာပတိ ဆရာတော်အဖြစ် တင်မြှောက်ခဲ့ကြသည်။
အခမ်းအနားတွင် အစည်းအဝေးခေါ်ယူရခြင်းအကြောင်းကို စစ်တွေမြို့ စည်း/ထိမ်းအဖွဲ့ မြောက်ပိုင်း ဥက္ကဌဆရာတော် ဦးစန္ဒောဘာသမှ တက်ရောက်သံဃာတော်များထံ  ယခုလို လျှောက်ထား ပြောဆိုသည်။
“ဒုတိယအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ စည်းထိမ်းအစည်းအဝေးကို သံတွဲမြို့မှာ ပြုလုပ်ကျင်းပမယ်လို့စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် သံတွဲမှာမကျင်းပဖြစ်ခဲ့ပါ ဘုရား။ အစည်းအဝးမလုပ်ဖြစ်တာ တစ်နှစ်တာကာလအထိ ကြာမြင့်ခဲ့တဲ့အတွက် အဖွဲ့အစည်းမှာလည်း ပျောက်ကွယ်လုမတတ်မှေးမှိန် သွားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအစည်းအဝေးကို ပြန်လည်ကျင်းပဖို့လိုအပ်တယ်ဆိုပြီး စီစဉ်ခဲ့ရတာပါ” ဟု လျှောက်ထားသည်။
ရခိုင်ပြည်နယ်ရှိ စည်းထိန်းသံဃာတော်များအဖွဲ့များ ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ၏ သဘောထားများကို ရယူနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဆရာတော် ဦးစန္ဒောဘာသမှ မိန့်ကြား သည်။
၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂလီ ပဋိပက္ခဖြစ်ပွားခဲ့သည့် အချိန်အတွင်း ရခိုင်ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့အစည်းကိုစတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို စစ်တွေမြို့ ဒက်ခေါင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မုတ်သုန်မိုးအ၀င်နောက်ကျ၍ သံတွဲတွင် ရေရှား

သံတွဲ မဘသ အဖွဲ့မှ ကားကြီးများဖြင့် ရေလှူဒါန်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
သံတွဲ မဘသ အဖွဲ့မှ ကားကြီးများဖြင့် ရေလှူဒါန်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မုတ်သုန်မိုး အ၀င်နောက်ကျနေသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့ ရပ်ကွက် အချို့တွင် ရေရှားနေ၍ မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) မှ ရေများလာရောက် လှူဒါန်းနေကြရကြောင်း သတင်း ရရှိသည်။
“ အဓိက ရေရှားနေတာက ကျနော်တို့နေတဲ့ သံတွဲမြို့ တစ်ဘက်ကမ်း ဒွာရ၀တီမြို့သစ်မှာ ဖြစ်ပါတယ်။ မဘသ အဖွဲ့ကနေ ကားကြီးတွေနဲ့ ရေတွေနေ့တိုင်း လာရောက်လှူဒါန်းနေပါတယ်” ဟု ဒွာရ၀တီ မြို့သစ်ရပ်ကွက်မှ ခိုင်သဇင် မုန့်တိုက်နေ ဦးမြင့်စိုးက ပြောသည်။
ယခုကဲ့သို့ ရေလှူဒါန်းမူကြောင့် ဒွါရ၀တီ မြို့သစ်နေ လူထုအနေဖြင့် ရေဒုက္ခမှ ကင်းဝေးပြီး တစ်စုံတစ်ရာ အတိုင်းအတာထိ အဆင်ပြေကြသည်ဟု ဆိုသည်။
၎င်းရေများကို ရေပေါသောနေရာမှ မဘသ အဖွဲ့မှ ကားတစ်စီး ကျပ်တစ်သောင်းခွဲနုန်းဖြင့် ၀ယ်ယူပြီး လာရောက်လှူဒါန်းနေကြသည်ဟု သိရသည်။
“ ဒီငွေတွေကို စင်္ကာပူကိုရောက်နေကြတဲ့ ဒွာရ၀တီမြို့သစ်က လူတွေ စုပေါင်း လှူဒါန်းကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ အလှူအတန်းအတွက် ကျနော်တို့ မဘသ အဖွဲ့က ကြားဝင် ကူညီ ဆောင်ရွက် ပေးတာသာ ဖြစ်ပါတယ်။ သူတို့က ပိုပြီးကျေးဇူးရှိပါတယ်” ဟု မဘသ အဖွဲ့ အလုပ်အမူဆောင်ကော်မီတီ အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။
သံတွဲမြို့တွင် ရေအထူးရှားပါးနေသော နေရာများမှာ ဒွာရ၀တီမြို့သစ်၊ ညောင်ပင်ဈေး၊ တလင်းဆိပ်၊ သွေးကျောက်တို့ ဖြစ်ကြပြီး တစ်နေ့ကို (၃) ကြိမ်နုန်းဖြင့် လှူဒါန်းနေကြရသည်ဟု သူက ဆက်ဆိုသည်။
“ ကျွန်တော်တို့ လှူနေတာ ၅ ရက်ရှိပါပြီ။ တစ်နေ့ သုံးကြိမ်နုန်းနဲ့ လှူဒါန်းပါတယ်။ နောက်ထပ်လည်း မိုးမရွာရင် ဆက်လက် လှူဒါန်းသွားမှာပါ” ဟု ဆိုသည်။
Thandwe-water-crisis
ဒွာရ၀တီမြို့သစ်မှာ သံတွဲ တစ်ဘက်ကမ်းတွင် တည်ရှိပြီး အောင်သပြေဆည်မှ ရေကို အသုံးပြုကြရသည်။ အောင်သပြေဆည်တွင် ရေခန်းခြောက်သွားသဖြင့် လွန်ခဲ့သော သုံးရက်ခန့်မှ စ၍ ရေပေးဝေနေမူကို ရပ်တန့်လိုက်သည်ဟု သိရသည်။
ယမန်နေ့ က သံတွဲတွင် မိုးတပြိုက်နှစ်ပြိုက် ရွာသွန်းခဲ့သဖြင့် ရေအနည်းငယ် ကန်များတွင် တင်ကျန်ခဲ့သော်လည်း ယင်းရေများကို သောက်သုံးမည်ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မိုးရေချိန်လက်မ အများဆုံး ရွာသွန်းသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း နှစ်စဉ် နွေရာသီ ရောက်တိုင်း နေရာ အနှံ့အပြားတွင် ရေရှားလေ့ရှိသဖြင့် ရေအကျိုး ဆယ်ပါးကို မျှော်ကိုးပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ရေမရှားရအောင် စီစဉ်ဆောင်ရွက်ပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်နှမ နှစ်ဦးအား ရန်ရှာတိုက်ခိုက်သူ လူတစ်စုအား တစ်လကြာမှ တရားစွဲဆိုနိုင်

Buthidaung
၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွါးခဲ့သော ရခိုင်တိုင်းရင်းသား မောင်နှမနှစ်ဦးအား ဘင်္ဂလီများက အုပ်စုဖွဲ့ ရန်ရှာ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်သော တရားခံများကို မှုခင်းဖြစ်ပွားပြီး တစ်လကြာမှ ဘူးသီးတောင် မြို့နယ် တရားရုံးတွင် တရားစွဲဆိုနိုင်ခဲ့သည်ဟု သိရသည်။
ယင်းသို့ ဖြစ်ရခြင်းမှာ ခြိမ်းခြောက်ခြင်း၊ ငွေမက်လုံးပြကာဖိအားပေးခြင်း၊ တရားလိုဖြစ်သူများဘက်မှ တွေဝေထိတ်လန့်ခြင်း၊ အမှုပွဲစားများဖြစ်သော ရခိုင်တချို့က ဘင်္ဂလီများဘက်မှ လိုက်ကာအမှုကို ရုတ်သိမ်းပေးစေရန် ဆောင်ရွက်ခြင်းတို့ကြောင်း ဖြစ်သည်ဟု ယင်းအမှုကို အနီးကပ်လေ့လာစုံစမ်းနေသူ ဦးကျော်ဝင်းက ပြောသည်။
“ မေလ ၂၉ ရက်နေ့မှဘဲ တရားစွဲဆိုနိုင်ခဲ့ပါတယ်။ ခုလို ကြန့်ကြာရတာက အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေကလည်း အမူကို ပြေအေးဖို့ ဖိအားပေးတာတွေလည်း ပါဝင်တယ်လေ” ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းအုပ်စု သဘောက်ချောင်း ကျေးရွာနေ၊ မောင်ကျော်သိန်းလှိုင်နှင့် နှမဖြစ်သူ မညွန့်ညွှန့်သိန်းတို့ နှစ်ဦးသည် ဧပြီလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ခန့်တွင် ဂြိတ်ချေ (ခရု) ရောင်းရန် ဈေးသို့ ထွက်လာခဲ့ရာ အလယ်ချောင်းအုပ်စု၊ လသာကုလားရွာအနီးသို့ အရောက်တွင် ဘင်္ဂလီများက ၀ိုင်းရံလာပြီး ရန်မူတိုက်ခိုက်သဖြင့် မောင်ကျော်သိန်းလှိုင်၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်ပျက်စီးသွားခဲ့သည်။
၎င်းကိုဘူးသီးတောင်မြို့နယ်ရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင်ကအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အမှုတွင် ပါဝင်သော တရားခံ (၇)ဦးအနက် (၅)ဦးဖြစ်သော မာလိတ်တူဆောင်း၊ အဒူရော်ရှီး၊ အဒူမာဆောင်း၊ မာမောက်တာမိန်နှင့် အာရသွန်ဘီဘီတို့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉(က)/ ၂၉၄ / ၃၃၇ / ၃၀၇ အရ ရမန်ယူ စစ်ဆေးခဲ့သည်။
အဓိက ပြစ်မှုကျူးလွန်သူများဖြစ်သောအီနုစ်နှင့် အီဆလင်ဆိုသူ ညီအစ်ကိုနှစ်ဦးမှာ အခင်းဖြစ်ပွားသော နေ့တွင်ပင်  အလယ်ချောင်း ဥက္ကဌအပါအ၀င် ၎င်း၏အပေါင်းပါများက ဆောင်ရွက်ပေးမူကြောင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု တရားလို၏  မိခင်ကပြောသည်။
မေလ ၂၉ ရက်နေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အခါတွင်မူ လက်ခံရနိုင်သည့် ပုဒ်မ၂၉၄/ ၁၄၈ / ၅၀၆ / ၃၂၃ / ၄၂၇ / ၁၁၄ သို့ပြောင်းလဲပြီး စွဲဆိုခဲ့သည်ဟု ဦးကျော်ဝင်းက ဆိုသည်။
“ ပထမ ရမန်ယူစစ်ဆေးခဲ့စဉ်က ပုဒ်မနေတွေကို  တရားစွဲဆိုတင်ပို့တဲ့ အခါ ပြောင်းလဲစွဲဆိုခဲ့တယ်။ အခု ပုဒ်မတွေက အာမခံပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်နေတဲ့ အတွက်  တရားခံများဟာ အာမခံရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်ဆိုတာ ပေါ်လွှင်တယ်”  ဟု ဆိုသည်။
“ အမှုဖြစ်စကတည်းက လေ့လာနေတာပါ။ ဖြစ်တုန်းက ဘင်္ဂလီတွေက သူတို့ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပါ။ ရခိုင်တွေ သတ်ပစ်၊ သတ်ပစ် ဆိုပြီး လိုက်ရိုက်တာ။ ဒါဟာ တမင်သက်သက် မတည် မငြိမ် ဖြစ်အောင် ရည်ရွယ်ပြီးရန်စတာ ဖြစ်ပါတယ်။ ဒါကို ထိရောက်တဲ့ အပြစ်မယူဘဲ လွှတ်ပေးလိုက်မယ်၊ ပြေငြိမ်း လိုက်မယ်ဆိုရင် နောက်ထပ်လည်းဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမယ်။ နောက်ဆုံး ဒီတိုင်းရင်းသား ရွာတွေမှာ ကျူးကျော် ရန်စမှုတွေ ဆက်ပြီးဖြစ်လာရင် နေထိုင်ဖို့ အခက်အခဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ကျူးလွန်သူတွေကို ကျူးလွန်သူတွေ အလျှောက်  တရားဥပဒေနဲ့ အညီ အရေးယူဖို့ လိုပါတယ်” ဟု ဦးထွန်းဝင်းကဆိုသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ပွဲစားများမှတစ်ဆင့် ငွေကြေးပေးပြီး အမှု ရုပ်သိမ်းရန် တရားလို ဖြစ်သူ မောင်ကျော်သိန်းလှိုင်ကိုလည်း စည်းရုံးမှုများရှိနေကြောင်း ကာယကံရှင် ကိုယ်တိုင်က ၀န်ခံပြောကြားသည်။
အမှုကို ပုဒ်မပြောင်းကာ တရားစွဲဆိုခြင်းမှာ အဂတိလိုက်စားခြင်း ဖြစ်နိုင်ကြောင်း ပြောဆို ဝေဖန်မှုများ ရှိနေပြီး အမူအပေါ် ဘူးသီးတောင် ဒေသခံများက စိတ်ဝင်စားစွာ စောင့်ကြည့်နေလျှက်ရှိကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အရည်အသွေး မပြည့်မှီသည့် လမ်းခင်းမူအပေါ် ကန့်ကွက် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားချက် မြောက်ဦး ရဲတပ်ဖွဲ့က ငြင်းပယ်

Road-construction
ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်းခင်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
နိုင်ငံတော် အစိုးရမှ ပြည်သူများ ဆန္ဒဖေါ်ထုတ်ခွင့်တင်လာပါက အတတ်နိုင်ဆုံး ခွင့်ပြုပေးရန် ညွှန်ကြား ထားသော်လည်း  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်း ခင်းလုပ်ငန်း အပေါ် ဒေသခံများက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခြင်းကို ငြင်းပယ်လိုက်သည်။
၂၀၁၄ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ဒေသခံများက ၎င်းလမ်းနှင့် ပတ်သက်ပြီး လူပေါင်း (၁၅၀) ခန့်က ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတောင်းဆိုခဲ့သည်။  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မေလ(၂၇)ရက်စွဲပါ စာအမှတ်- ၁၀၁၂(၀၃)/၁၁၀/ ဦး ၁ ဖြင့် ဆန္ဒထုတ်ဖော်မည့်ကိစ္စကို ငြင်းပယ်လိုက်သည်။
မြောက်ဦးမြို့နယ် ရဲစခန်းမှ ဆန္ဒဖေါ်ထုတ်ခွင့်ကို ငြင်းပယ်ရသည့် အကြောင်းအရင်းကို ယခုလို ရေးသားထားသည်ဟုဆိုသည်။
“ ၎င်း ကျောက်ချောလမ်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်
လျှက်ရှိသော လမ်းဖြစ်ကြောင်း၊ လမ်းအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှုရှိမရှိ ၊ဘဏ္ဍာရေးစည်းမျည်း စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ မရှိ ကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများအား စာရင်းစစ်ရုံးမှ သီးသန့်တာဝန်ပေးအပ်ကာ စစ်ဆေး ဆောင်ရွက်မည် ဖြစ်၍ ဆန္ဒဖေါ်ထုတ်ခွင့်တင်ပြချက်ကို ငြင်းဆိုရခြင်းဖြစ်ကြောင်း”  ရဲစခန်း၏ ငြင်းပယ်အမိန့်တွင် ဖော်ပြထားသည်။
ပီပင်ရင်း-နန်းတက်လမ်း ကျောက်ချောလမ်းခင်းလုပ်ငန်းကို ထက်မိုးပွင့် ကုမ္ပဏီနှင့် ရွှေမြင့်မိုရ် ကုမ္ပဏီ တို့က တာဝန်ယူတည်ဆောက်ခဲ့ကြရာ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဒေသခံပြည်သူ များမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ကျွဲတဲရွာမှ အငြိမ်းစား အင်ဂျင်နီယာမှူးကြီးဖြစ်သူ ဦးဦးဘစောက နိရဉ္စရာသို့ ပြောသည်။
“နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ထိုက်တန်တဲ့ ကျောက်ချောလမ်းကောင်းတစ်ခုရရှိဖို့ ဆန္ဒထုတ်ဖော်မှာပါ။ လမ်းဆောက်လုပ်တဲ့ နေရာမှာအရည်အသွေးမပြည့်မီတဲ့ ကျောက်တုံးတွေသုံးထားတယ်။ သတ်မှတ်ချက်အတိုင်းအလွှာလိုက် အဆင့်ဆင့်မခင်းဘဲ တောင်မြေအမာတုံးတွေကို သုံးပြီး ဖြစ်သလို ခင်းထားတယ်။ လမ်းအထူကလည်း (၈)လက်မလောက်ပဲ ရှိတယ်။ဒါကြောင့် တာဝန်ယူလုပ်နေတဲ့ ကုမ္ပဏီတွေကို ဆန္ဒပြဖို့ တင်ခဲ့ကြတာ ” ဟု သူက ပြောဆိုသည်။
ယင်းကျောက်ချောလမ်းခင်းရန်အတွက် နိုင်ငံတော်အစိုးထံမှ ဘက်ဂျက်ငွေ(၃၁၄၆.၉)ကျပ်သိန်းချထားပေးခဲ့ရာ အေးမြင့်မိုရ် ကုမ္ပဏီမှ ကျပ် ၂၃၄၆.၉ သိန်း၊ ထက်မိုးပွင့် ကုမ္ပဏီမှ ကျပ် (၁၁၀၀) သိန်းစီဖြင့် ကန်ထရိုက် ရရှိခဲ့ပြီး လမ်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးအေးမောင်သန်းက ပြောသည်။ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်း မှာ၂၀၁၄ခုနှစ်မတ်လတွင် နောက်ဆုံးထားပြီး ပြီးစီးရမည်ဖြစ်သော်လည်း (၂) လကျော် လာသော်လည်း ပြီးစီမူမရှိဘဲ ဖြစ်နေသဖြင့် ဒေသခံများပြည်သူများ အကြားတွင် သံသယများ တိုးပွားနေသည်ဟု ဦးဦးဘစောက ဆိုသည်။
ယင်းလမ်းကိစ္စနှင့် ပတ်သက်၍ ယနေ့ မြောက်ဦးမြို့နယ် စည်ပင်ရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဦးတင်ငွေ၊ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် ဒေသခံများ ဆွေးနွေးရာ ဒေသခံများ၏ တောင်းဆို မှုများကို ကုမ္ပဏီများမှ လိုက်လျောပေးမည်ဟု နှုတ်ကတိပေးထားသည်ဟု သိရသည်။
သို့အတွက် ဆန္ဒထုတ်ဖော်မည့် ကိစ္စကို အချိန်တစ်ပတ်ခန့် ရွှေ့ဆိုင်းထာဦးမည်ဖြစ်ကြောင်း ဦးဦးဘစောက ပြောဆိုသည်။
ရခိုင်ပြည်နယ် အတွင်း နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် လမ်း၊ တံတားနှင့် အဆောက်အဦးအများအပြားကို ဆောက်လုပ်နေကြရာ အများစု ကုမ္ပဏီများမှာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဒေသအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အဆင့် တာဝန်ရှိသူများနှင့် နားလည်မူယူကာ နှစ်ပေါက် တစ်ပေါက် ရိုက်စား လုပ်နေကြသဖြင့် နေရာဒေသ အများအပြားတွင် လမ်းတံတားများမှာ အရည်အသွေး မပြည့်မှီဘဲ ဖြစ်နေပြီး  ပြဿနာများလည်း ပေါ်ပေါက်နေသည်ဟု နိရဉ္စရာက စုံစမ်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)