Tuesday, April 22, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့-NCCT အကြား ပထမမူကြမ်း သဘောတူညီမှု ရရှိ

ncct
နှစ်ဖက် ကိုယ်စားလှယ်များ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ/ မင်းဆက်ခိုင်)
NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ-UPWC  ဦးဆောင်သော အစိုးရအဖွဲ့တို့၏ လေးရက်ကြာ အစည်းအဝေးမှ တစ်ခုတည်းသော သဘောတူညီချက် ပထမမူကြမ်းကို ရရှိခဲ့သည်ဟု သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန-MPC ၌ နှစ်ဘက် တာဝန်ရှိသူများမှ ဧပြီလ ၅ရက်နေ့မှ ၈ ရက်နေ့အထိ ၄ရက် တိုင်တိုင် ဆွေးနွေးခဲ့ကြသည်။
NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ Single Text မူကြမ်းအဖြစ်ထားဖို့ သဘောတူတယ်။ အဲဒီမူကြမ်းထဲမှာ တော့ ပုဒ်မ (၁) (၂) (၃) (၄) (၅) အကုန်လုံး သဘောတူတယ်လို့ ဆိုလိုချင်တာ မဟုတ်သေးဘူး” ဟု ပြော သည်။
တပ်မတော်မှ ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက မူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲကို မျှော်မှန်းထားသည်ထက် စောပြီးလုပ်နိုင်လိမ့်မည်ဟု သုံးသပ်သည်။
“Single text မူကြမ်းတစောင် ရသွားပြီပေါ့။ ကျနော်တို့ မျှော်မှန်းတာထက်ကို ပိုပြီးတော့ စောနိုင်မယ်လို့ သုံးသပ်တာပဲ။ ယခင်တုန်းကတော့ သြဂတ်စ်လ ၁ရက်နေ့၊ အခုကတော့ အဲဒီမတိုင်ခင်ကို ရဖို့ ကတော့ ကျိန်းသေ သလောက်ရှိသွားပြီ။ ဒါ ထင်တာထက်ကို ဒီနေ့ အောင်မြင်တယ်လို့ ပြောလို့ရတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက သတင်းထောက်များကို ပြောသည်။
သို့သော် နှစ်ဖက် သဘောတူလိုက်သည့် ပထမမူကြမ်း အသေးစိတ်ကိုမူ  မပြောနိုင်သေးဟု သူကဆိုသည်။
တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း) ကို နှစ်ဘက် သဘောတူခဲ့သော်လည်း ဖယ်ဒရယ်အရေး၊ တိုင်းရင်းသားအဖွဲ့ အခေါ်အဝေါ်တချို့နှင့် ပတ်သက်၍မူ ဆက်လက်ဆွေးနွေးရဦးမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“အစိုးရဘက်ကတော့ လက်နက်ကိုင် တိုင်းရင်းသား၊ ကျနော်တို့ဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်၊ အဲဒါကို ညှိဖို့ ချန်ထားတယ်။ ကျနော်တို့ ထည့်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်းရေး အဖွဲ့ အစည်း ဆိုတာကို အဲဒီ တော်လှန်ရေးဆိုတာကို သူတို့ ညှိဖို့ မထားတော့ဘူး။ လက်မခံဘူးလို့ ပြောတယ်။ ကျနော်တို့ အနေနဲ့က လိုက်လျော မလျောကို လူကြီးတွေကို တိုင်ပင်ရဦးမယ်။ ကျနော်တို့ ညှိနှိုင်းရေး အဖွဲ့ကတော့ တထိုင်တည်းနဲ့ မထည့်တော့ဘူးလို့ ပြောဖို့ခက်တယ်။” ဟု သူက ပြောသည်။
ထို့ပြင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဖယ်ဒရယ်ဆိုတာကလည်း ကျနော်တို့က ပါစေချင်တယ်။ အစိုးရဘက်ကတော့ မပါစေချင်ဘူး။ သူတို့လည်း သူတို့ လူကြီးတွေပိုင်းမှာ ပါလို့ ရမလား။ ကျနော်တို့ကလည်း ဒါကို သူတို့ မပါစေချင်ဘူး ချန်လို့ရမလား။ ဒါမျိုးကတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေကို ပြန်မေးရမယ်” ဟု ဆက်ပြောသည်။
အလားတူ အစိုးရဘက်မှ တင်သွင်းသည့် အချက်များထဲမှ တချို့ကို NCCT ဘက်မှလည်း မပါစေချင်ကြောင်း တင်ပြခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
သူက “ဥပမာ တည်ဆဲဥပဒေ ကျနော်တို့ မပါစေချင်ဘူး။ ဥပဒေဆိုရင် ရပြီ။ အဲဒီ တည်ဆဲဆိုတာက အနှောက်အယှက်ဖြစ်တယ်။ တည်ဆဲကို ဖယ်ပေးပါပြောရင်လည်း ဒါကို သူတို့ ချက်ချင်း မဖယ်နိုင်ဘူး။ ဒါကို သူတို့ ပြန်ပြင်မယ်ပေါ့။ ဒါမျိုးပေါ့လေ” ဟုသူက ပြောသည်။
မတ်လ ၈ ရက်နေ့ ဆွေးနွေးပွဲအပြီး အပိုဒ်(၅)ပိုဒ် ပါဝင်သည့် ပူးတွဲသတင်းထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နှစ်ဖက်ကိုယ်စားလှယ်များမှ ၂၀၁၄ခုနှစ်၊ မေလ ပထမ အပတ်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း ပါဝင်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့- NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ-UPWC ဦးဆောင်သော အစိုးရအဖွဲ့တို့သည် ၂၀၁၄ခုနှစ် မတ်လ ၉ရက်နှင့် ၁၀ရက်နေ့တို့တွင် MPC ၌ ဆွေးနွေးခဲ့ပြီး အခန်း ၇ ခန်းပါသည့် မူကြမ်းတစောင်ရေးဆွဲရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂလာဒေခ်ျ့ UN ဒုက္ခသည်စခန်းတွင် လုပ်သေနတ်နှင့် လူတစ်ဦးဖမ်းမိ

Arms-arrested-from-UNHCR-Camp-Teknaf
UN အသိအမှတ်ပြု ဒုက္ခသည် စခန်းမှ ရခိုင်ပြည်နယ်သို့ ၀င်ရောက်ပြီး ရာဇ၀တ်မူများ ကျူးလွန်နေသူဟု ယူဆခံရသူ ဒုက္ခသည် တစ်ဦးကို လုပ်သေနတ် တစ်လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူမှာ အသက် (၄၇) နှစ်အရွယ် သူတို့ အခေါ် (ရိုဟင်ဂျာ) ဘင်္ဂလီ လူမျိုး အာဘဒူလ်ဟာမီး ဆိုသူဖြစ်သည်။ ယင်းမှာ UN အသိအမှတ်ပြု ဒုက္ခသည် တစ်ဦး ဖြစ်ပြီး အခန်းနံပါတ် ၁၂၂၅/၄တွင် နေထိုင်ကာ အမည်မှာ အာဘဒူလ်ဟာမီး ဖြစ်သည်။
သူ့အား ယမန်နေ့ နံနက်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သွားရောက် ဖမ်းမိ ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေခ်ျ့ နိုင်ငံထုတ် ဒေသထုတ် သတင်းစာများက ဖော်ပြသည်။
နောက်ထပ် တရားခံနှစ်ဦးမှာ ဖမ်းဆီးနေစဉ် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။
သူတို့ကို ဖမ်းဆီးနိုင်ရန် တက်ကနက်ရဲစခန်းတွင် အမှူဖွင့်ထားကြောင်း အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှ အရာရှိတစ်ဦးက ဆက်လက် ပြောဆိုသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် UNHCR မှ ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများမှ ဘင်္ဂလီ(ရိုဟင်ဂျာ)ဒုက္ခသည်များ အချို့သည် ရခိုင်ပြည်နယ် အတွင်းသို့ မကြာခဏ ၀င်ရောက်ပြီး ရာဇ၀တ်မူများကို ကျူးလွန်ကြသည်ဟု နယ်စပ် ဒေသခံများက ပြောသည်။
ထိုသို့ ကျူးလွန်ပြီးနောက် ပြန်လည်ပြီး ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာကာ ဒုက္ခသည်စခန်းများတွင် ခိုလုံ နေထိုင်ကြသည်ဟု ဆိုသည်။
မြန်မာဘက်ကမှ လူသတ်၊ ဓါးပြမူများဖြင့် ထွက်ပြေးသွားသူ အချို့မှာလည်း ဘင်္ဂလာဒေခ်ျ့ဘက်သို့ ထွက်ပြေးသွားကာ ယင်းဒုက္ခသည် စခန်းများတွင် ခိုလုံကြသည်ဟု အရပ်ဘက်က လာသော သတင်းများတွင် ဖေါ်ပြသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ တရားဝင် အသိအမှတ်ပြုထားသည့် နော်ဝါပါရာ နှင့် ကော့တော့ပလောင် ဒုက္ခသည်စခန်း၂ ခု ရှိပြီး ဒုက္ခသည် အရေအတွက်မှာ စုစုပေါင်း ၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
၁၉၉၂ ခုနှစ်က စခန်း (၂) ခုကို စတင်ထူထောင်စဉ် လူဦးရေ ၇၀၀၀ ခန့်သာရှိခဲ့သော ၎င်းစခန်းများ၏ လူဦးရေမှာ မွေးဖွားနုန်း မြန်ဆန်ခြင်းကြောင်း ယခုကဲ့သို့ ဒုက္ခသည် အရေအတွက် အဆမတန် တိုးပွားနေခြင်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းနှင့် ပတ်သက်သော အစီရင်ခံစာ တစ်ခုတွင် ရေးသား ဖေါ်ပြထားသည်။
ယင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို မြန်မာနိုင်ငံကို ပြန်ပို့ရေး အတွက် ကလေးငယ်များကို မြန်မာစာ သင်ကြားပေးသည်ဟုလည်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, April 8, 2014

ရခိုင်အမျိုးသားရှေ့နေ ဦးဆောင်ထုတ်ဝေသည့် မြန်မာဥပဒေလက်စွဲ စာအုပ် မိတ်ဆက်ခြင်း အခမ်းအနား ရန်ကုန်တွင် ကျင်းပ

Myanmar-law-handbookရခိုင်အမျိုးသား တရားလွှတ်တော် ရှေ့နေ ဦးကျော်မြင့် ဦးစီး စီစဉ် ထုတ်ဝေသော မြန်မာဥပဒေလက်စွဲ စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားအား ယမန်နေ့ (ဧပြီလ ၇) ရက်နေ့ နေ့လယ် (၁) နာရီခွဲတွင် ရန်ကုန်မြို့ Park Royal ဟိုတည်၌ ကျင်းပရာ မြန်မာနိုင်ငံမှ အထင်ကရ ရှေ့နေကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေ ကျောင်းသူ ကျောင်းသားများ ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။
၎င်းမြန်မာ ဥပဒေ လက်စွဲ စာအုပ်မှာ စာမျက်နာ ၅၅၀ ရှိပြီး ဦးကျော်မြင့် Law Firm က စီစဉ်ထုတ်ဝေခြင်း ဖြစ်ကာ တရားလွှတ်တော်ရှေ့နေ ၁၆ ဦး၊  အထက်တန်း ရှေ့နေ ၁၃ ဦး ပါဝင်ရေသားထားသည်။
မြန်မာနိုင်ငံရှိ ဥပဒေစာအုပ်အများအပြားမှာ စကားပြေဖြင့် ရေးသားထားသော်လည်း ယခု စာအုပ်မှာ သာမန် ပြည်သူများ အလွယ်တကူ နားလည်စေရန် ရည်ရွယ်ချက်ဖြင့် စကားပြောဟန်ဖြင့် ရေးသားထား၍  ထူးခြားမူရှိကြောင်း လူကုန်ကူးမူ တားဆီးကာကွယ်ရေး ဥပဒေ၏ သိကောင်းစရာများ ကျမ်းပြုဆရာ တရားလွှတ်တော်ရှေ့နေ ဦးဟန်မြင့်က ပြောသည်။
“ ဒီ ဥပဒေစာအုပ်ရဲ့ ထူးခြားချက်က သာမန်လူတွေ ဥပဒေရဲ့ အကြောင်းကို အလွယ်တကူ နားလည်နိုင်အောင် စကားပြောဟန်နဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ဥပဒေဆိုရင် စာလုံးကြီး၊ ပုဒ်မကြီးတွေနဲ့ ဆိုတော့ လူတွေက ကြောက်ကြတယ်။ ဒီလို အစဉ်အလာကနေ ခွဲထွက်ပြီး ဖတ်သူတွေ အလွယ်တကူ နားလည်နိုင်အောင် စကားပြောနဲ့ ရေးသားထားတဲ့ အတွက် ဒီစာအုပ်က တကယ်ကို အကျိုးရှိတဲ့ စာအုပ် တစ်အုပ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာ ဥပဒေ လက်စွဲ စာအုပ် အား ဦးဆောင်ထုတ်ဝေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်မြင့်ကလည်း စာအုပ်ထုတ်ဝေရသည့် ရည်ရွယ်ချက်ကို ယခုလို ပြောသည်။
“ ကျွန်တော် ကြိုးပမ်းဖြစ်တာက မြန်မာပြည် ဒီမိုကရေစီကို ချီတက်နေတဲ့ အချိန်မှာ ပြည်သူ ပြည်သားအားလုံး သူတို့လိုက်နာရမယ့် ဥပဒေတွေကို  သိထားသင့်တယ်။ အဲသလို သိထားမှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမူ စနစ်ဟာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီလို စာအုပ် တစ်အုပ် မဖြစ်မနေ ထုတ်ကို ထုတ်ရမယ်လို့ ကျွန်တော်တို့ခံယူတဲ့ အတွက်  ကြိုးစားရာကနေ ဒီစာအုပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယင်းပြင် စာအုပ်၏ ထူးခြားချက်ကို ဆရာဦးကျော်မြင့်က ယခုလို ပြောသည်။
“ ဒီစာအုပ်ရဲ့ ထူးခြားချက်က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဥပဒေစာအုပ်တွေကို ထုတ်တဲ့ အခါ တစ်ဦးတစ်ယောာက်၊ ဥပဒေပညာရှင် တစ်ယောက်ကဘဲ သူပိုင် ဥပဒေ စာအုပ်ကို ထုတ်တာဘဲများတယ်။ အခု ကျွန်တော်တို့ထုတ်တဲ့ ဒီစာအုပ်က တစ်ဦးတစ်ယောက်က ရေးသားတာမျိုး မဟုတ်ဘဲ စုပေါင်းပြီး စာရေးဆရာ သုံးဆယ်ကျော်က ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေကို နားလည် အောင်မြင်အောင် ဖြေရှင်းပေးနိုင်ရေး အတွက် အားလုံး ဥပဒေတွေ ပါအောင် အကျဉ်းချုံး ရေးသားထားတဲ့ အတွက် ဒါက ဒီစာအုပ်ရဲ့ ပထမ ထူးခြားချက် ဖြစ်ပါတယ်။”
Myanmar-law-handbook-ceremony
“ နောက်တစ်ချက်က ဘာလဲဆိုတော့  ဒီဥပဒေတွေကို သာမန် ပြည်သူတွေ ဖတ်တဲ့ အခါ လွယ်ကူအောင် စကားပြောနဲ့ ရေးသားထားတဲ့ အတွက် ဒါဟာလည်း ဒီစာအုပ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်” ဟု ဦးကျော်မြင့် ဆိုသည်။
ယခုစာအုပ်ကဲ့သို့ ဥပဒေ ပေါင်းစုံကို ဥပဒေရှင် ပညာရှင်များ အားလုံးက စုပေါင်းရေးသားထားသော ဥပဒေ စာအုပ်များမှာ မရှိသလောက် အလွန်ရှားပါးကြောင်း သူကဆိုသည်။
ယခု မြန်မာ ဥပဒေလက်စွဲ စာအုပ်တွင် ရခိုင်အမျိုးသား ဥပဒေပညာရှင်များ ဖြစ်ကြသော ဦးဘိုမင်းဖြူ (ဥပဒေ)၊ ဦးသန်းမောင် (စစ်တွေ) တို့ အပါအ၀င် ဥပဒေပညာရှင် အများအပြားလည်း ပါဝင်ရေးသားထားကြသည်။ စာအုပ်၏ ရောင်းဈေးမှာ ကျပ် ၉၀၀၀ ဖြစ်ပြီး ဒေါ်တင်တင်အေး ရွက်စိမ်းစာပေက ထုတ်ဝေကြောင်း သိရသည်။
ယခု စာအုပ်ကို ဦးဆောင် စီစဉ်သူ ဆရာဦးကျော်မြင့်မှာ တရားလွှတ်တော် ရှေ့နေ တစ်ဦး ဖြစ်သည်သာမက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌဟောင်းလည်း ဖြစ်ပြီး ယခုအသစ် ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီ ( ANP) ၏ ဗဟို အလုပ်အမူဆောင် ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီ(ဗဟို) ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် မြို့နယ်ရုံးများ ဖွင့်ပွဲကျင်းပ

ANP-Headquarters-Sittwe
ရုံးဖွင့်ပွဲ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ မခိုင်ခိုင်ဇံ)
စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ(ဗဟို) ရုံးဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် မြို့နယ်ရုံးများ ဖွင့်ပွဲကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဧပြီလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်အမျိုးသားပါတီ(ဗဟို) ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို စစ်တွေမြို့တွင်ကျင်းပရာ ပါတီ ဒုခေါင်းဆောင် ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ မြို့နယ် ကော်မတီဝင်များ၊ စစ်တွေမြို့ရှိ အသင်းအဖွဲ့စည်းများမှ ကိုယ်စားပြုသူများ။ စစ်တွေမြို့ ရပ်မိရပ်ဖများနှင့် ပါတီလိုလား ထောက်ခံသူ ၃၀၀ နီးပါး တက်ရောက်ခဲ့သည်။
“ နံနက် ၉ နာရီ ၄၅ မိနစ် မှာ စစ်တွေမြို့ ဗဟိုဌာနချုပ်ရုံးကို စတင်ဖွင့်ပါတယ်။ ဒ့ါပြင် မင်းပြား၊ မောင်တော၊ သံတွဲနဲ့ ပေါက်တောမြို့တို့မှာလည်း ဖွင့်လှစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ် အဆင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက် နေကြပါတယ်။ သင်္ကြန်မကျမှီ အပြီး ရခိုင်ပြည်နယ် အနှံ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု ပါတီ ဗဟိုအလုပ်အမူဆောင် ကော်မီတီဝင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။
ပေါင်းစည်းပြီးနောက်ပိုင်း ပါတီ၏ အပေါ် ပြည်သူများ၏ အမြင်သဘောထားများမည်သို့ ရှိပါသလဲဟု မေးမြန်းရာ ဦးခိုင်ပြည်စိုးက အားရစရာကောင်းကြောင်း ပြောသည်။
“ စစ်တွေ ဗဟိုရုံး ဖွင့်လှစ်တဲ့အခါ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ရခိုင်ပြည်သူ အပိုင်းကို ပြောရရင် အထူးစိတ်ဝင်းစားမူရှိတယ်ဆိုတာကို မြင်ရပါတယ်။ ရဟန်းရှင်လူ ရခိုင်ပြည်သူတွေက ပါတီနှစ်ခု ပေါင်းဖို့ လိုအပ်တယ်လို့ မြင်တဲ့ အတွက် ကျွန်တော်တို့ပါတီနှစ်ခု ပေါင်းပြီး ANP ပါတီကို ထူထောင်ခဲ့ကြပါတယ်။ အဲသလို ထူထောင်ပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်သူအားလုံးကတော့ ၀မ်းမြှောက် ၀မ်းသာရှိကြတယ်ဆိုတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ANP-Headquarters-Sittwe
ပါတီ၏ ရည်ရွယ်ချက် ချမှတ်ထားပုံနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သူက ယခုကဲ့သို့ ရှင်းပြသည်။
“ ရည်ရွယ်ချက် သုံးချက် ချမှတ်ထားပါတယ်။ ပါတီရဲ့ မူဝါဒ အနေနဲ့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အပိုင်း တစ်ပိုင်း ပါတယ်၊ ဒီမိုကရေစီ ထွန်းကားရေး အပိုင်းတစ်ပိုင်းနဲ့ နောက်တစ်ခါ လူမျိုးကို အခြေခံပြီး ဖွဲ့စည်းတဲ့ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး အပိုင်းတို့ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ် အနေနဲ့ အချက် ၁၆ ခုကို ချမှတ်ထားပါတယ်။”
ရှေ့လုပ်ငန်းစဉ်များထဲတွင် သဘာဝ ပတ်ဝန်းကျင် အရေးကိစ္စ၊ လက်ရှိ ရခိုင်ပြည်သူများ ကြုံတွေ့နေရသော လယ်ယာမြေပြသနာနှင့် ရခိုင်ပြည်တွင် ဖြစ်ပေါ် ရင်ဆိုင်နေရသော လက်ရှိ ပြသနာများကို ကိုင်တွင် ဖြေရှင်းမည့်  မူဝါဒများကို ချမှတ်ထားကြောင်း၊ သို့သော်လည်း လာမည့် ညီလာခံတွင် ယင်းမူဝါဒများကို အတည်ပြုချက်ယူပြီး လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သူက ဆိုသည်။
လောလောဆယ် အခြေအနေတွင် ရခိုင်အမျိုးသား ပါတီအနေဖြင့် မြို့နယ် ပါတီရုံးတွေကို ဖွင့်လှစ်ပြီး ပါတီ၏ ညီလာခံ တစ်ခု အမြန်ဆုံး ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း ဦးခိုင်ပြည်စိုးက ပြောကြားသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မေဃ၀တီ လူမူကွန်ယက်ဖွဲ့စည်း

Man-Aung
မာန်အောင်မြို့နယ်၏ လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မေဃ၀တီ လူမူကွန်ယက်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ယခုလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
“ ဝေလုဝန်ကျောင်းမှာ ဖွဲ့စည်းပါတယ်။ ဧပြီလ ၆ ရက်နေ့ ဖွဲ့စည်းပါတယ်။ လူပေါင်း ၇၀ ခန့် တက်ရောက်ပါတယ်”  ဟု ဒုအတွင်းရေးမှူး ဦးကျော်လွှင်ထွန်းက နိရဉ္စရာသို့ ပြောသည်။
မေဃ၀တီ လူမူကွန်ယက်ကို မာန်အောင်မြို့နယ် အတွင်း လူမူအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ လူမူဘ၀ ထိခိုက်နစ်နာမူများကို  ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် လူငယ် လူရွယ်များ၏ လူမူစွမ်းအားကို မြင့်တင်ရန် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
ဥက္ကဌအဖြစ် ဦးမောင်မောင်တင်နှင့် ဒုဥက္ကဌ ၂ ဦး၊  အတွင်းရေးမှူး ဦးစန်းနိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးကျော်လွှင်ထွန်း အပါအ၀င် ကော်မီကို လူပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“ ရန်ကုန်မှာ ရှိတဲ့ ရခိုင်လူမူကွန်ယက်၊ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ လူမူကွန်ယက်အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပြင် အစိုးရ အာဏာပိုင်တွေနဲ့လည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မေဃ၀တီ လူမူကွန်ယက်အနေဖြင့် အတတ်နိုင်ဆုံး မာန်အောင်မြို့နယ် အကျိုးအတွက် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စိတ်ဝင်စားသူ မာန်အောင်မြို့နယ် သူ မြို့နယ်သားများ အနေဖြင့် ဆက်သွယ်နိုင်ပါကြောင်း သူက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြောက်ဦးမြို့ ကိုးသောင်းဘုရား ကိုက်(၁၀၀) ကျော်အနီးက ရထားလမ်း ဖြတ်သန်း ဖေါက်လုပ်

Mrauk-U-Arakan state Myanmar
ရခိုင်တို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ ကိုးသောင်းဘုရား ပုထိုးတော်အနီးကဖြတ်ပြီး အခုအခါ ရထားလမ်း ဖေါက်လုပ်နေတယ်လို့ ဒေသခံ မြောက်ဦးလူကြီးတွေက နိရဉ္စရာကို သတင်းပေးပို့လာပါတယ်။
ခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ ကိုးသောင်းဘုရားပုထိုးတော်ကြီးနဲ့ အလွန်နီးကပ်နေပြီး ကိုက် (၁၀၀) သာသာခန့်သာ ဝေးတဲ့ အတွက် နဂိုကတည်းက ယိုင်နဲ့ နေတဲ့ ပုထိုးတော်ကြီးကို အထူး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
ရှေးဟောင်းကိုးသောင်း ပုထိုးတော်နဲ့ အနီးကပ် ရထားလမ်းဖေါက်လုပ်နေတဲ့အခြေအနေကို ရှေးဟောင်း ယဉ်ကျေးမူ သုတေသနဌာနမှာ လုပ်ကိုင်ခဲ့ပြီး အခု ရခိုင်ဘုရားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ၀န်ထမ်းဟောင်း အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။
“ ကိုးသောင်းနဲ့သိပ်နီးကပ်တယ်။ ကိုးသောင်းရဲ့အစနဲ့ ပေပေါင်း ၁၈၀ဘဲကွာတယ်။  +++ ကုမ္ပဏီက ဖေါက်လုပ်နေတယ်။  စစ်တွေ-မင်းဘူး ရထားလမ်းဖြစ်တယ်။ အဆောက်ဦးက ရထားဖြတ်ရင်  Vibration တုန်ခါမှုနဲ့ ပြသနာရှိနိုင်တယ်။ အဆောက်အဦးက အစကတည်းက ယိုင်နဲ့နေတာဖြစ်တယ်။ အဆောက်အဦးနဲ့ သိပ်နီးကပ်ပြီး ရထားလမ်းဖောက်တဲ့အတွက် ပုထိုးတော်ကြီးကို ထိခိုက်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ကိုးသောင်းပုထိုးတော်ကြီး အတွင်း ဆင်းထုတော် ကိုးသောင်းကိန်းဝပ်စံပယ်တဲ့ အတွက် ကိုးသောင်းပုထိုးတော်ကြီးလို့  ခေါ်ဝေါ်တာ ဖြစ်ပြီး ရခိုင်ဘုရင် မင်းဗာကြီးရဲ့သား မင်းတိက္ခာက  အေဒီ ၁၅၅၃-၁၅၅၅  ခုနှစ်တွင် တည်ထားခဲ့ပါတယ်။
အခုလို ကိုးသောင်းပုထိုးတော် အနီးမှ ဖြတ်သန်းပြီး ရထားလမ်းဖေါက်နေတာကြောင့် ဒေသခံများ အကြားစိုးရမ်မူများလည်း တိုးပွားနေပြီး အထက်ကို တိုင်ကြားဖို့  စီစဉ်နေတယ်လို့လည်း သူမက ပြောပါတယ်။
“ အခုကျမတို့မြောက်ဦး ရှေ့ဟောင်ဉ် ကျေးမှူး အမွေအနှစ် ထိမ်းသိမ်းရေးအဖွဲ့ဆိုပြီး မြောက်ဦး မြို့သူမြို့သားတွေနဲ့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်နဲ့ အထက်ကို စာတင်ဖို့ လုပ်နေပါတယ်။ ဒီကနေ့ ကွန်ပျူတာ ရိုက်နေကြပါတယ်” လို့ ဆိုပါတယ်။
ရထားလမ်းကို တခြားနေရာက ဖေါက်လုပ်၍ ရပါလျှက် ကိုးသောင်းပုထိုးတော်အနီးက ဖြတ်သန်း ဖေါက်လုပ်နေတဲ့ အပေါ်  သူ့အမြင် ကိုလည်း ယခုလိုပြောပါတယ်။
“ ယဉ်ကျေးမူ ဇုန်ထဲက အဝေးပြေးလမ်းဖောက်ပိုင်ခွင့်မရှိဘူး။ အခု အဲဒီယဉ်ကျေးမူဇုန်ထဲက ဖောက်နေတယ်။ အထူးသဖြင့် ကိုးသောင်းဘုရားအနီးက ဖောက်တဲ့အတွက် ကိုးသောင်းက ဘုရားအဆူလိုက်ကို ရထားပေါ် ကောက်တင်ဖို့လည်း လွယ်ကူသွားတယ်။ ရှေ့ဟောင်းပစ္စည်း ခိုးထုတ်ဖို့ သိပ်ပြီး လွယ်ကူသွားတယ်။ နောက်တခုက ကမ္ဘာ့ ယဉ်ကျေးမှူး အမွေအနှစ်နဲ့လည်း ကိုက်ညီမှုမရှိ။ ရှေ့ဟောင်းယဉ်ကျေးဇုန်အထဲက အဝေးပြေးလမ်း၊ မီးရထားလမ်းဖောက်လုပ်ခြင်းဖြင့် ရှေ့ဟောင်းယဉ်ကျေးမှု ဥပဒေ၊ ကမ္ဘာ့ယဉ်ကျေးမှု ဥပဒေနဲ့လည်း ကိုက်ညီ မှုမရှိဘူး။ နောက်ပြီး ရှေ့ဟောင်းယဉ်မှု အမွေအနှစ်တွေကြားထဲက ရထားလမ်းကို ဖေါက်ယူသွားတာဖြစ်လို့ တံတိုင်း၊ ကျုံး၊ မြိုရိုး၊ ဘုရားတွေ ပျက်စီးမှုလည်း သိပ်များမယ်။”
အခုလို ကိုးသောင်းပုထိုးတော်ကြီး အနီးမှ ရထားလမ်း ဖေါက်လုပ်နေခြင်းနဲ့  ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနသို့ ဆက်သွယ်သော်လည်း ဖြေကြားမည့်သူ မရှိတဲ့ အတွက် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ် မြို့နယ်လူငယ်ကွန်ယက်တို့၏ လူပ်ရှားမူ စတင်

မင်းပြား လူငယ်ကွန်ယက်ရဲ့ လူပ်ရှားမူ (ဓါတ်ပုံ- မတင်တင်သွယ်)
မင်းပြား လူငယ်ကွန်ယက်ရဲ့ လူပ်ရှားမူ (ဓါတ်ပုံ- မတင်တင်သွယ်)
ရခိုင်ပြည်နယ်မှ မြို့နယ်အတော်များများတွင် လူငယ်များ ဦးစီးတည်ထောင်ထားသော လူငယ်ကွန်ယက် အဖွဲ့များ၏ လူပ်ရှားမူများကို ဧပြီလ ၆ ရက်နေ့က စတင်ခဲ့ကြောင်း သတင်းရရှိသည်။
သူတို့ လူပ်ရှားမူမှာ လူငယ်ကွန်ယက် အဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့နေထိုင်ရာ မြို့များတွင် စုပေါင်း  အမှိုက်များ ကောက်ပြီး မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများကို ပထမဆုံး လုပ်ကိုင်ခဲ့ကြဖြစ်သည်။
“ ဒီလို လူငယ်တွေက အမိုက်တွေ၊ ပလစ်စတစ်တွေကို ကောက်ပြီး သန့်ရှင်းရေး လုပ်တာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။ အခုလို လူငယ်တွေ ပရဟိတ လုပ်ငန်းတွေမှာ စိတ်ဝင်တစားနဲ့ လုပ်လာကြတာကို မြင်တော့ အရမ်းအံ့သြမိပါတယ်။ ၀မ်းလည်းသာပါတယ်။ အားလည်း ပေးပါတယ်” ဟု မင်းပြားမြို့သူ မနုနုစိန်က ပြောသည်။
ယင်းလူပ်ရှားမူကို ရခိုင်ပြည်နယ်မှ မင်းပြားမြို့တွင်သာမက  ရသေ့တောင် ၊ မြေပုံ ၊ ရမ်းဗြဲ နှင့် တခြားမြို့ အချို့တွင်လည်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိရသည်။
မင်းပြားမြို့တွင် လူငယ်ကွန်ယက် အဖွဲ့ဝင်များက ဓမ္မာရုံ နှင့် ၎င်းအနီးပတ်ဝန်းကျင်အား သန့်ရှင်းရေး လုပ်ခဲ့ကြကြောင်း၊ ကိုယ့်မြို့ကိုယ်ရွာ သာယာလှပေစလိုသည့် လူငယ်များ၏ ပထမဆုံး လူပ်ရှားမူ ခြေလှမ်းဖြစ်ကြောင်း မင်းပြား လူငယ်ကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မတင်တင်သွယ်က နိရဉ္စရာကို ပြောသည်။
” ကျမတို့တွေက ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းသာယာ လှပတိုးတက်ဖို့တွက် လုပ်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျမတို့လူငယ်တွေမှာလည်း ပိုပြီး တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ် မြို့အတော်များများမှာလည်း ခုလို ပြုလုပ်ကြတယ်လို့ ကျမတို့ကြားရပါတယ်။ ဝမ်းလည်းသာပါတယ်။ နောက်ဆိုလည်း ဒီထက်အများကြီး လူငယ်တွေ ပူးပေါင်း ကြိုးစားဆောင်ရွက်သွားမှာပါ။ တစ်ပြည်နယ်လုံးက လူငယ်ကွန်ယက်တွေနဲ့လည်း ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ ” ဟု သူမက ဆိုသည်။
ရသေ့တောင်မြို့တွင် ရသေ့တောင် လူငယ်ကွန်ယက်မှ ဦးစီးပြီး စေတီတောင် ဘုရားတောင်ခြေရင်းမှ မြို့မဈေးထိ အမိုက်များကို ကောက်ပြီး သန့်ရှင်းရေးလုပ်ခဲ့ကြသည်။
၎င်းလူပ်ရှားမူကို ညနေ ၅ နာရီ မှ ၇ နာရီခွဲခန့်ထိပြုလုပ်ခဲ့ကြသည်ဟု ရသေ့တောင်လူငယ်ကွန်ယက်မှ ကိုသိန်းသိန်း ကဆိုသည်။
ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ထိမြောက်ဦးမြို့တွင် ကျင်းပခဲ့သည်။ ယင်းမှတစ်ဆင့် ပြည်နယ်ကိုယ်စားပြု ၁၇ မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များကို ရွေးချယ်ပြီး မော်လမြိုင်မြို့တွင် ကျင်းပသည့် မြန်မာလူငယ်ဖိုရမ် သို့ စေလွှတ်ကာ ဒေသတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက်ပိုင်း ကိုယ်မြို့ကိုယ်ရွာ၊ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် မြို့နယ် အသီးသီးမှ ရခိုင် လူငယ် မောင်မယ်များက စုပေါင်းပြီး ညီညီညွှတ်ညွှတ်ဖြင့် အားတက်သရော လူပ်ရှားလာကြခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ်မှာ ကူညီရေးအဖွဲ့တွေ ပြန်ထားဖို့ ကုလနဲ့ ဗြိတိန် တိုက်တွန်း

muslim-refugees-305.jpg
Add caption

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု ကူညီစောင့်ရှာက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုလသမဂ္ဂအပါအ၀င် အစိုးရမဟုတ်တဲ့ ကူညီရေး အဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ၊ ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ ရေနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ အကြီးအကျယ်ချို့တဲ့သွားစေတဲ့ လုပ်ရပ်တွေဟာ လူကို လူလိုသဘောမထားတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ရာရောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ ၀န်ထမ်းပေါင်း ၁၇၀ ကျော် ပြည်နယ်ထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ကူညီရေးလုပ်သားတွေ ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် အဓမ္မမောင်းထုတ်ခံခဲ့ရတာဖြစ်ပြီး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတစ်ခုလုံး ဆိုးဆိုးရွားရွား ထိခိုက်ပြိုလဲသွားမယ့် စိုးရိမ်ဖွယ်ရာ အလားအလာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ကူညီရေးအဖွဲ့တွေနဲ့ ၀န်ထမ်းတွေ မရှိတော့တာကြောင့် ဒုက္ခသည်စခန်းတွေထဲက လူဦးရေ တစ်သိန်း လေးသောင်းလောက်နဲ့၊ ပြင်ပနဲ့ အဆက်ပြတ်နေတဲ့ ရွာတွေက လူဦးရေ ၇ သိန်းလောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှုအတွက် အကြီးအကျယ် ထိခိုက်သွားမှာဖြစ်ပါတယ်။ တချို့ဒုက္ခသည်စခန်းတွေမှာ သီတင်းတစ်ပတ်အတွင်း ရေပြတ်သွားတော့မှာဖြစ်တာကြောင့် အစိုးရအနေနဲ့ ကူညီစောင့်ရှောက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Quintana က တိုက်တွန်းလိုက်ပါတယ်။
အလားတူ ဗြိတိသျှ ဓနသဟာယ နိုင်ငံခြားရေးရုံး FCO ရဲ့ အာရှဆိုင်ရာ လက်ထောက်ဝန်ကြီး Hugo Swire က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မနေ့ကဆင့်ခေါ်ပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ အမြန်ဆုံးပြန်ထားပြီး၊ လုပ်ငန်းတွေဆောင်ရွက်ခွင့်ပြုဖို့ ပြောကြားခဲ့ကြောင်း FCO  က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူပုံနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ နိုင်ငံတကာ အဆင့်အတန်းမီ သန်းခေါင်စာရင်းဖြစ်ဖို့ မိမိတို့အနေနဲ့ မြန်မာအစိုးရကို ထပ်ခါတလဲ တိုက်တွန်းခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအ၀င် တခြားအလှူရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ရှေ့အဖို့ ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲဆိုတာ ဆုံးဖြတ်ကြမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာကောက်ခံမယ့် သန်းခေါင်စာရင်းလုပ်ငန်းအတွက် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ နော်ဝေး၊ သြစတြေးလျ၊ ဖင်လန်၊ ဆွီဒင်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက ကုလသမဂ္ဂ UNFPA က တဆင့် ရန်ပုံငွေနဲ့ နည်းပညာဆိုင်ရာတွေ ပံ့ပိုးကူညီခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၁၀ သန်း ထည့်ဝင်ခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

ရခိုင်အမျိုးသားညီလာခံ မြေစိုက်ပိုစတာ ကျောက်ဖြူတွင် စိုက်ထူ

NC-in-Kyauk-Pru
ဧပြီလ ၂၇ ရက်နေ့တွင် ကျောက်ဖြူတွင် စတင်ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံ မြေစိုက် ပိုစတာ ဆိုင်းဘုတ်ကို ဧပြီလ ၄ ရက်နေ့က ကျောက်ဖြူမြို့တွင် အောင်မြင်စွာ စိုက်ထူခဲ့သည်။
၎င်းဆိုင်းဘုတ် စိုက်ထူပွဲအား ယင်းနေ့နံနက် (၉) နာရီတွင် ကျောက်ဖြူမြို့ သာသနာဗိမာန် ဓမ္မာရုံရှေ့တွင် ပြုလုပ်ခဲ့သည်။
ယင်းအပြင် အဆိုပါနေ့တွင်ပင် ရခိုင်အမျိုးသားညီလာခံ နှင့် ပတ်သက်ပြီး ကိစ္စ အ၀၀ကို ဆောင်ရွက်နိုင်ရန် ညီလာခံကျင်းပရေး ရုံးတစ်ခုကိုလည်း ယင်းဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
၎င်းအခမ်းအနားသို့ ရခိုင်အမျိုးသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဦးလှစော၊ ဦးဖေသိန်း၊ တစ်ခြား ရန်ကုန်မှ ခေါင်းဆောင်အချို့နှင့် ကျောက်ဖြူမြို့ ဖွဲ့စည်းထားသော ၃၁ ဦး ကော်မီတီ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသား ညီလာခံ၏ ဆောင်ပုဒ်မှာ “ လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရန် ရခိုင်အမျိုးသား ညီလာခံ” ဖြစ်သည်။
ကျောက်ဖြူမြို့မှ စစ်တွေသို့ မထွက်ခွာမီ ဆရာဦးလှစောအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ညီလာခံ အခြေအနေမှာ အထူးအားရစရာကောင်းကြောင်း ယခုလို ပြောဆိုသည်။
“ အားရစရာအထူးကောင်းပါတယ်။ ကျောက်ဖြူလူထုကတော့ ညီလာခံအတွက် အထူးတက်တက်ကြွကြွ ရှိနေကြပြီး အားပေး ကူညီမူတွေ အများကြီးရရှိပါတယ်။ လာရောက်ကြတဲ့ ကိုယ်စားလှယ်တွေကို ကျောက်ဖြူ စာသင်ကျောင်းတွေမှာ ထားပြီး ညီလာခံကိုတော့ ကျောက်ဖြူ ဘော်လုံးကွင်းမှာ Stage စင်ဆောက်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းနေ့က အမျိုးသားညီလာခံ ကျင်းပရေး အတွက် ရခိုင်အများပိုင် ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ MGC ဟု လူသိများသော Myanmar Golden Crown မှ မန်နေဂျင်း ဒါရိုက် ဦးကျော်ဝင်းမှ သိန်း ၅၀၊ ပါရမီ ကုမ္ပဏီမှ ကျပ်သိန်း ၃၀ ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးသော မြို့နယ်စည်းရုံးရေးကော်မီတီကို တောင်ကုတ်တွင် ဖွဲ့စည်း

ANP-Taungup-Township
( ဓါတ်ပုံ- ဇေယျာသော်- တောင်ကုတ် လူမူ ကွန်ယက်)
ရခိုင်အမျိုးသား ပါတီ ( ANP) ၏ ပထမဆုံးသော မြို့နယ်စည်းရုံးရေး ကော်မီတီကို တောင်ကုတ်မြို့တွင် ဧပြီလ ၁ ရက်နေ့က စတင် ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။
ANP ပါတီ၏ သံတွဲခရိုင်စည်းရုံးရေး တာဝန်ခံ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်နှင့် ဒုတာဝန်ခံ ဦးမျိုးဆွေတို့မှ သွားရောက်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကုတ်မြို့နယ်စည်းရုံးရေး ကော်မီ (ပ) ခေါင်းဆောင် အဖြစ် ရွှေးချယ် တင်မြောက်ခံရသူ ဦးမြင့်ဆွေမောင်က နိရဉ္စရာသို့ ပြောသည်။
“ ပထမ ခေါင်းဆောင် အဖြစ် ကျွန်တော် မြင့်ဆွေမောင်ကို ရွှေးချယ်တင်မြှောက်ပါတယ်။ ဒုတိယ ခေါင်းဆောင်အဖြစ် ဦးစောဝင်းကို ရွှေးချယ်တင်မြောက်ခဲ့ကြပါတယ်။ ကော်မီတီ အဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးနဲ့ တောင်ကုတ်မြို့နယ် စည်းရုံးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါတယ်” ဟု သူက ဆိုသည်။
ဦးမြင့်ဆွေမောင်မှာ တောင်ကုတ်မြို့နယ် ရခိုင်လူမူကွန်ရက်မှ နာယက ဖြစ်ပြီး ယခုအခါ ANP ၏ မြို့နယ် စည်းရုံးရေး ကော်မီတီကို ဦးဆောင်သွားမည်ဖြစ်သည်။
၎င်းရွှေးချယ်တင်မြောက်ပွဲကို တောင်ကုတ်မြို့၊ ဂူတာ ရပ်ကွက်၊ညောင်တန်းလမ်း၊ ယခင် RNDP ရုံးခန်းတွင် ပြုလုပ်ခဲ့ကြသည်။
ယခု ဖွဲ့စည်းလိုက်သော တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အနေဖြင့် တောင်ကုတ်မြို့နယ် ကော်မီတီ ပေါ်ပေါက်ရေးနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် အပါအ၀င် စည်းရုံးရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သိရသည်။
ANP-Taungup-Townshipရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ ကာလအတွင်း NLD ၏ အမာခံ နယ်မြေဖြစ်ခဲ့ပြီး ထိုအချိန်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ NLD ကို တောင်ကုတ်မြို့နယ်တွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၀ ရွှေးကောက်ပွဲတွင်မူ  ပြိုင်ဘက်ပါတီ မရှိဘဲ ကြံ့ခိုင်ရေး ပါတီက တောင်ကုတ်မြို့နယ်၏ လွှတ်တော်နေရာ အားလုံးကို အနိုင်ရရှိသွားခဲ့သည်။
ရခိုင်အမျိုးသားပါတီသည်  ၂၀၁၅ ခုနှစ် အတွက် ကြိုတင်ပြင်ဆင်မူ အနေဖြင့် ရခိုင်အမျိုးသားများ တစ်ကြိမ်တစ်ခါမျှ အနိုင်မရှိခဲ့ဖူးသော တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် စည်းရုံးရေး လုပ်ငန်းများကို အထူး အလေးပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရခိုင်အမျိုးသားစည်းလုံးညီညွှတ်မူမှာ ယခင်က မရရှိခဲ့ဖူးသော အနေအထားမှ ကျော်လွန်ကာ အဆင့် တစ်ခုထိ ရောက်ရှိနေသဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် ရခိုင်အမျိုးသားပါတီအတွက် အလားအလာကောင်းများ ရှိနေကြောင်း လေ့လာ အကဲခတ်သူများက ပြောဆိုသည်။
ရွှေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  အရည်အချင်းရှိရမည့် အပြင် ရိုးသားဖြောင့်မတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အခင်းအကျင်းလည်းကောင်းမွန်ပြီး အများပြည်သူတို့  ယုံကြည်စိတ်ချရသူ ဖြစ်မှ နိုင်မည် ဖြစ်သဖြင့် လူမှန်နေရာမှန် ဖြစ်ရန် အရေးကြီးကြောင်း ဦးမြင့်ဆွေမောင်က သုံးသပ် ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အန်ဂျီအို တိုက်ခိုက်ခံရမူနှင့် ဆက်စပ်၍ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၆) ဦးကို စစ်တွေတွင် ဖမ်းဆီး

NGO-office-attacks
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့က နိုင်ငံခြား အန်ဂျီအိုများတိုက်ခိုက်မူနှင့် ဆက်စပ်ပြီး သံသယ ဖြစ်ခံရသူ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၆) ဦး၊ စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးထားသည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူ အမျိုးသားများမှာ ၁။ ဦးမောင်သိန်း (ဘ) ဦးငလုံးဝေ- ဓည၀တီ (ခ) ရပ်ကွက် ၂။ ဦးမောင်သိန်းဝေ (ဘ) ဦးငလုံးဝေ- ဓည၀တီ (ခ) ရပ်ကွက် ၃။ ဦးမောင်လှချေ (ဘ) ဦးမောင်ထွန်းချေ- ဓည၀တီ (က) ရပ်ကွက်  ၄။ ဦးမောင်လှချေ (ဘ) ဦးလှကျော်ဖြူ- ဓည၀တီ (ခ) ရပ်ကွက် ၅။ ဦးသန်းမောင် (ဘ) ဦးဝေသာအောင်- ဓည၀တီ (ခ) ရပ်ကွက် ၆။ ကိုညီညီစိုး (ဘ) ဦးမောင်မောင်လှ – မကျည်းမြိုင် ရပ်ကွက်တို့ ဖြစ်ကြသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးများမှာ ဓည၀တီ (ခ) ရပ်ကွက်မှ ၁။  ဒေါ်ချိုချို (ဘ) ဦးဖိုးထွန်းဦး ၂။ ဒေါ်ခင်နုချေ (ဘ) ဦးကာရီ ၃။ ဒေါ်မအေး (ဘ) ဦးစိန်လှမောင် ၄။ ဒေါ်ခင်မြ၀င်း (ဘ) ဦးငလုံးဝေ  ၅။  ဒေါ်သိန်းခင်အေး (ဘ) ဦးစောထွန်းနှင့် ၆။  ဒေါ် ဦးခင်ဝင်း (ဘ) ဦးထွန်းသာစိန် တို့ ဖြစ်ကြသည်။
သူတို့အား လွန်ခဲ့သော တနင်္လာနေ့ ညဥ့် (၁) နာရီ အချိန်တွင် နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ပြီး ယခုအခါ စစ်တွေထောင်ထဲတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်း သိရသည်။
၎င်းဖမ်းဆီးမူကို စစ်တွေခရိုင် ရဲမှူးကြီး ဦးသစ်ဆန်း၊ ပြည်နယ် အထူးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စောမြင့်ဦးတို့ ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းဆီးခံရသူများထဲတွင် အသက် (၅၀) ကျော် အရွယ်များလည်း ပါဝင်ကြောင်း ဖမ်းဆီးခံရသူ ဦးမောင်သိန်း၏သား နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုးက ပြောသည်။
မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့ စစ်တွေမြို့ အန်ဂျီအိုများ အတိုက်ခံရမူ ဖြစ်စဉ်တွင် နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီးပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးလည်း ကျည်ဆံထိမှန် သေဆုံးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, April 7, 2014

မောင်တောမြို့နယ် သာယာကုန်းရွာကို အကြမ်းဖက်ရန် ကြံဆောင်သူများကို ရွာသားများခုခံကာကွယ်ခဲ့ရ

Maungdaw-map
မတ်လ ၃၁ ရက်နေ့ ညဥ့်သန်းခေါင် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သာယာကုန်းရွာအား ၀ိုင်းဝန်းတိုက်ခိုက် အကြမ်းဖက်ရန် ကြံစည်သူများဟု ယူဆရသူများကို ရွာသာများ ၀ိုင်းဝန်း ခုခံကာကွယ်ခဲ့ရသည်ဟု ရွာကျောင်း ဆရာတော်မှ နိရဉ္စရာသို့ ပြောကြားသည်။
အိမ်ခြေ ၄၀ ကျော်ခန့်ရှိသော သာယာကုန်းရွာအား လေးဘက် လေးတန်မှ လူများက အုပ်စုဖွဲ့၍ ဓါတ်မီးများထိုးကာ ချဉ်းကပ်လာခဲ့ကြောင်း၊ ရွာအနီးသို့ ရောက်စဉ် ရွာတွင် ကာကွယ်ရန် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ကိုင်ထားသော သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်လိုက်ရာ ယင်းလူအုပ်မှာ ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း ဆရာတော် မိန့်ကြားသည်။
“ သူတို့က ဘင်္ဂလီတွေပါ။ ရွာကို တစ်ခုခု လုပ်မယ် အစီအစဉ်နဲ့ လာကြတာပါ။ လက်နက်တွေလည်း ပါလိမ့်မယ်ထင်ပါတယ်။ မဟုတ်ရင် ဒီလောက်ထိ အတင့်ရဲစရာ မရှိဘူး။ ရွာသားတွေက ဓါတ်မီးကိုင်ထားတဲ့ လူအုပ်ထဲကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ထည့်လိုက်တော့ ထွက်ပြေးသွားပါတယ်” ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် စစ်တပ်သို့ အကြောင်းကြားရာ နယ်မြေခံ စစ်ကြောင်း တစ်ခု မိနစ် (၂၀) အတွင်းရောက်ရှိလာခဲ့သည်ဟု ဆရာတော်က ပြောသည်။
“ တပ်က မိနစ် ၂၀ လောက်မှာ ရွာကို ရောက်လာတယ်။ လိုက်ရှာတော့ မတွေ့လိုက်တော့ဘူး” ဟု ဆက်ပြောသည်။
ယနေ့တွင် တပ်မတော် စစ်ကြောင်း တစ်ခုမှာ သာယာကုန်းရွာအနီးရှိ မကျည်းကုန်းတွင် တပ်စွဲထားကြောင်း၊ လုံခြုံရေး အခြေအနေ စိတ်မချရသေးကြောင်း၊ ယနေ့ ဧပြီလ ၁  ရက် ယနေ့ ညနေတွင်လည်း ရွာအနောက်ဘက်တွင် ဘင်္ဂလီ ၂၀ ခန့် စုနေသည်ဟု ကြားရ၍ တပ်ကို အကြောင်းကြားထားကြောင်း ဆရာတော်က ဆိုသည်။
လတ်တလော မောင်တောမြို့နယ် အခြေမှာ တည်ငြိမ်နေသော်လည်း စိတ်ချရသော အဆင့်တွင် မရှိကြောင်း မောင်တော ဒေသခံ တစ်ဦးကလည်း ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အိုင်အန်ဂျီအိုများ၏ နောက်ကွယ်က ရည်ရွယ်ချက်ကို အစိုးရအနေဖြင့် ကြိုတင်သိရှိထားသင့်ကြောင်း ANP ခေါင်းဆောင်တစ်ဦးပြော

နိုင်ငံတကာ အိုင်အန်ဂျီအို၊ အန်ဂျီအိုများအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေချိန်တွင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့၏ နောက်ကွယ်က ရည်ရွယ်ချက်ပန်းတိုင်များကို ကြိုတင်သိရှိထားသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ဦးအေးမောင်က ANP ဗဟိုရုံးဖွင့်ပွဲအခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ANP ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်မှ အမှာစကားပြောကြားနေပုံ။ ANP ဗဟိုဌာနချုပ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်မှ အမှာစကားပြောကြားနေပုံ။
" ကျနော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ခံတယ်။ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကျနော်တို့ နိုင်ငံရေးပါတီတွေအားလုံးက လက်ခံတယ်။ ဒီ အိုင်အန်ဂျီအိုတွေ၊ အန်ဂျီအိုတွေ ယူအန်အေဂျင်စီ အားလုံးက ကမ္ဘာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူ့မှာ သူ့ရဲ့ ရည်မှန်းချက်ရှိမယ်။ ပန်းတိုင်ရှိမယ်။ သူ့ရဲ့ ပေါ်လစီလမ်းကြောင်းက အစိုးရ ခွင့်ပြုချက် ဘောင်ထဲကပဲ သွားရမယ်။ အဲဒီဘောင်ထဲကသွားဖို့အတွက် အစိုးရက တည့်မတ်ပေးရမယ်။ ပြည်ထောင်စုအစိုးရက တည့်မတ်ပေးရမှာဖြစ်သလို ပြည်နယ်အစိုးရကလည်းပဲ တည့်မတ်ပေးရမယ်။ သူ့ရဲ့ ပေါ်လစီ၊ အိုင်အန်ဂျီအိုတစ်ခုရဲ့ ပေါ်လစီပဲထားပါတော့။ ဒီပေါ်လစီဟာ အစိုးရနဲ့ MOU လုပ်ရတယ်။ အဲတော့ အဖွဲ့အစည်းတစ်ခုရဲ့ နောက်မှာ ဘာရှိလဲ ဒါကို အစိုးရသိရမယ်။ ပြည်နယ်အစိုးရသိရမယ် "
ထို့ပြင် လူထု အကျိုးခံစားခွင့်ရှိအောင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့က ဖန်တီးပေးနိုင်ရ မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတကာ အိုင်အန်ဂျီအို၊ အန်ဂျီအိုများ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူထုတောင်းဆိုတိုင်း၊ လူထု ဆန္ဒရှိတိုင်း အစိုးရအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သည့် အချက်အလက်များကို ထုတ်ပြန်ပေးရမည် ဖြစ်ကြောင်းကို ဒေါက်တာ အေးမောင်က ယခုလို ဆက်ပြောသည်။
" လူထု တောင်းဆိုတိုင်း၊ လူထု ဆန္ဒရှိတိုင်း ကျနော်တို့ဟာ ဟုတ်မဟုတ် မှန်မမှန်ဆိုတာ အစိုးရဟာ သုံးသပ်ပေးရမယ်။ ထုတ်ပြန်ပေးရမယ်။ အဲသလို ထုတ်ပြန်ပေးရုံမကဘူး ဒီအိုင်အန်ဂျီအို အန်ဂျီအိုတွေရဲ့ သွားရာလမ်းကြောင်းကိုလည်း လူထုကို အသိပေးရမယ်။ ပိုက်ဆံက သန်း ၁၀၀ ရှိတယ်။ သန်း ၈၀ ကို ကိုယ်တို့အတွက် သုံးပြီးကာမှ သန်း ၂၀ လောက်နဲ့ လူထုကို ပြန်ပြီး ချွေးသိပ်တာ ကျနော်တို့ လက်မခံဘူး။ အဲတော့ အိုင်အန်ဂျီအို တစ်ခုဟာ mission ရှိတယ်။ သူ့ရဲ့ Goal ဆိုတာ ဘာလဲ။ ပွင့်ပွင့်လင်းလင်း ချပြရမယ်။ အစိုးရကလည်း ဒါကို လက်ခံရမယ်။ လက်ခံခဲ့လို့ ရှိရင် အစိုးရရဲ့ ပေါ်လစီအတိုင်း သူသွားရမယ်။ သွားတဲ့အခါ သူ့ရဲ့ လမ်းကြောင်းဟာ ဘာဘာညာညာ ဆိုတာ လူထုသိအောင် ပွင့်ပွင့်လင်းလင်း ချပြရမယ် "
၎င်းအပြင် အိုင်အန်ဂျီအို၊ အန်ဂျီအိုများအနေဖြင့် မည်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်၊ မည်မျှ အကျိုးရှိနိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် မည်မျှ အသုံးပြုမည် စသည်တို့ကိုပါ ပွင့်လင်းမြင်သာအောင် ချပြပေးသင့်ကြောင်း၊ အန်ဂျီအိုများအနေဖြင့်လည်း အစိုးရ၊ ပြည်သူ စသည်တို့နှင့် ညှိနှိုင်းဆွေးနွေး သွားမှသာလျှင် အစိုးရသည်လည်းကောင်း၊ တိုင်းရင်းသားဒေသခံများသည်လည်းကောင်း မျှတစွာဖြစ်လာမည်ကိုလည်း ယုံကြည်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes)

ဧပြီ ပထမအပတ် အစိုးရနှင့်တွေ့ဆုံပွဲတွင် NCCT ဖက်မှ အဖွဲ့ဝင်အားလုံး တက်ရောက်မည်

MPC Myanmar
လာမည့် ဧပြီလ ၅ရက်၊ ၆ရက်နေကများတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲ ရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ဖက်မှ အဖွဲ့ဝင် အားလုံး တက်ရောက်မည်ဖြစ်သည်။
“အဖွဲ့ဝင် ၁၆ ဦး အားလုံး တက်ရောက်မယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၉၊ ၂၀ မှာ လုပ်တဲ့ NCCT အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု NCCT အဖွဲ့ဝင် ရက္ခိုင့်တပ်မတော် (Arakan Army) မှ ဒု-ဗိုလ်မှူးကြီး ကျော်ဟန်က နိရဉ္စရာသို့ပြောသည်။
ယင်းပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ကို NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) အဖွဲ့ဝင် ၉ ဦး၊ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) မှ ၃ ဦး၊ လွှတ်တော်မှ ၃ ဦး၊ တပ်မတော်မှ ၃ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းရန် မတ်လ ၉ရက်၊ ၁၀ ရက်နေ့တို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
ဧပြီလ ၅၊ ၆ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ NCCT ဖက်မှ ၁၆ဦး တက်ရောက်မည်ဖြစ်သော်လည်း NCCT ဖက်မှ ရွေးချယ်ထားသည့် ၉ဦးသာ ပါဝင်ဆွေးနွေးမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက နိရဉ္စရာသို့ပြောသည်။
“အဖွင့်ပွဲလေးမှာ ၁၆ဦးစလုံး ထိုင်ကြမယ်။ မိတ်ဆက်ကြမယ်။ အလုပ်လုပ်မယ်၊ မူကြမ်းရေးမယ် ဆိုတဲ့ အချိန်မှာ အဲဒီ ၉ဦးကို ထုတ်ထားခဲ့ပြီးတော့ ကျန်တဲ့လူတွေက လေ့လာသူ လုပ်ရင်လုပ် ပြန်ချင်တဲ့သူ ပြန်ပေါ့။ ၉ဦးကို လာအပ်တဲ့သဘောပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
မတ်လ ၉-၁၀ ရက် MPC ရုံးတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ ပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့အတွက် ထည့်ရ မည့် NCCT ကိုယ်စားလှယ် ၉ ဦးမှ ၆ ဦးအတွက် ၇ ဦးရွေးချယ်ခဲ့သော်လည်း နိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွန်မော်တို့မှာမူ တလှည့်စီ ပါဝင်ကြမည်ဖြစ်သည်။ ကျန်သည့် ၃ ဦးကိုမူ အလှည့်ကျအဖြစ် ဧပြီလ ၁ရက်၊ ၂ရက်နေ့တို့တွင် ပြုလုပ်မည့် NCCT အစည်းအဝေးတွင် ရွေးချယ်မည်ဟု သိရသည်။
“မရွေးရသေးတဲ့ ကျန်တဲ့ ၃ဦးကတော့ NCCT အဖွဲ့ဝင် အဖွဲ့တွေထဲက ကျန်တဲ့ အဖွဲ့တွေကပဲ အလှည့်ကျ ရွေးသွားပါမယ်။” ဟု ဒု-ဗိုလ်မှူးကြီးကျော်ဟန်က ဆက်ပြောသည်။
NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး-KNU) ကို အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်ဟံသာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွန်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အစည်းအရုံး (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော်တို့ကို အမြဲတမ်းအဖြစ် ရွေးချယ်ထားပြီးဖြစ်သည်။
ရန်ကုန်မြို့ MPC ရုံးတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို အခန်း (၇) ခန်းဖြင့် ရေးဆွဲရန် ပမာဏသဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့ဝင် ၁၅ဦးနှင့် NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ဆွေးနွေးခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အမျိုးသားပြည်နယ်ကို အမျိုးသားပါတီများ ဦးဆောင်နိုင်မည့် ကာလတစ်ခု လိုအပ်ကြောင်း ဒေါက်တာ အေးမောင်ဆို

"ကျနော်တို့ လွတ်လပ်ရေး ရစကတည်းက အမျိုးသားပြည်နယ်များနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စုကြီးဖြစ်အောင် ကျနော်တို့ ခေါင်းဆောင် ကွယ်လွန်သွားပြီးကတည်းက တိုင်းရင်းသားခေါင်းဆောင်တွေက ရည်မှန်းထားပြီးသားပါ။ အဲတော့ နှစ်ပေါင်း (၆၀) ကျော် လွတ်လပ်ရေး အလွန်ကာလမှာလည်းပဲ အမျိုးသားပြည်နယ်များအဖြစ် ဖွဲ့စည်းသော ပြည်ထောင်စုကြီးအဖြစ် မဖြစ်လာဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုကြီးလည်း ဖြစ်ရမယ်။ ပြည်ထောင်စုကြီးကလည်း ညီညီညွတ်ညွတ်နဲ့ ခုနကလို ငြိမ်းငြိမ်းချမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ အယူအဆရှိတဲ့အခါ အမျိုးသားပြည်နယ်ကို အမျိုးသားပါတီတွေ ဦးဆောင်နိုင်မယ့် ကာလတစ်ခု လိုအပ်တယ်" ဟု ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒု-ခေါင်းဆောင် ဒေါက်တာ ဦးအေးမောင်က ယနေ့ စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ANP ဗဟိုဌာနချူပ်ရုံး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP) ဆိုင်းဘုတ်တင်ပွဲအခမ်းအနား။ ရခိုင်အမျိုးသားပါတီ (ANP) ဆိုင်းဘုတ်တင်ပွဲအခမ်းအနား။
ညီညွတ်မှုပြိုကွဲလျှင် အခြား ဘေးပယောဂများ ၀င်နိုင်သည် ဟူသော ခံယူချက်နှင့် ညီညွတ်သည့် အမျိုးသားပါတီတရပ်ပေါ်ပေါက်လာစေရန် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) တို့သည် နှစ်ပါတီကို တစ်ပါတီအဖြစ် ပေါင်းစည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားပြည်နယ်ကို အမျိုးသားပါတီကြီးများက ဦးဆောင်ပြီးမှ ပြည်ထောင်စုကြီးကို ပိုပြီး ခိုင်မာအောင် လုပ်နိုင်မည်ဖြစ်ပြီး ပြည်သူတို့ မျှော်လင့်သော စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကြောင်းလည်း ဒေါက်တာ ဦးအေးမောင်က ပြောသည်။
"ကိုယ့်ပါတီ သူ့ပါတီဆိုတဲ့ အစွဲလေးတွေကိုလျှော့ရတာပေါ့။ အမျိုးသားပါတီဖြစ်အောင် အမျိုးသားတခုလုံး လက်ခံနိုင်တဲ့ ပြည်ထောင်စုကြီးထဲမှာ ခိုင်ခိုင်မာမာနဲ့ တည်ဆောက်နိုင်အောင်ပေါ့။ ဒီ အလျှော့အတင်းလေး တွေပေါ့။ သူ့ဘက်ကိုယ့်ဘက်။ ပြည်ထောင်စု အစိုးရကလည်း လက်ခံနိုင်ရမယ်။ တခြားတိုင်းရင်းသားတွေ ကလည်း လက်ခံနိုင်ရမယ်။ ရခိုင်ပြည်ရဲ့အနာဂတ်ကိုလည်း ဖန်တီးနိုင်ရမယ်"
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံး ညီလာခံအား လာမည့် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ ညီလာခံမှ ပါတီ၏ ဥက္ကဌ ၊ ဒု-ဥက္ကဌ ၊ အတွင်းရေးမှူး အဖွဲ့များကို ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- Arakantimes)

ရခိုင်အမျိုးသားညီလာခံ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ရန်ကုန်တွင် ပြုလုပ်

ဝင်းကိုခိုင် ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဝင်းကိုခိုင် ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေလ ၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည့် ရခိုင် အမျိုးသားညီလာခံ အတွက် ရန်ပုံငွေ ဂီပွဲတော် တစ်ခုကို ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် မတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
၎င်းဂီတပွဲတော်အား ညနေ ၇ နာရီခွဲမှ ၁၁ နာရီခွဲထိ ပြုလုပ်ခဲ့ပြီး ပရိသတ် တစ်ထောင်နီးပါးခန့် တက်ရောက်ခဲ့သည်။
၎င်းရန်ပုံငွေ ဂီတ ဖြေဖျော်ပွဲတွင် ဦးမောင်သိန်း၊ ၀င်းကိုခိုင်၊ မြတ်ခိုင်ကျော်၊ ဒိုးရ်ရီ၊ ညီမင်းခိုင်၊ ထက်အောင်ကျော်၊ ညှာစိမ်းခိုင်၊ စိမ်းလဲ့လဲ့၊ ရီလိုင်းပြာ၊ ဆူးသျှားသဇင်တို့ အပါအ၀င် ရခိုင်အဆိုကျော် အများအပြား လာရောက် ဖြေဖျော်ခဲ့ကြသည်။
၎င်းဂီတဖြေဖျော်ပွဲတော် အတွင် စေတနာရှင်များမှ ရခိုင် အမျိုးသား ညီလာခံအတွက် ရန်ပုံငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြရာ မလေးရှားရောက် ရခိုင်ပြည်သူများ လူမူရေးအဖွဲ့ကိုယ်စား ဦးစောအောင်မှ ကျပ်သိန်း (၁၀၀)၊ ဦးတိုးနိုင်မန်း (လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသား)မှ ကျပ် သိန်း (၃၀)၊ GM Asaw 99  ကုမ္ပဏီ လီမီတက်မှ ကျပ် သိန်း (၂၀)၊ ဦးသန်းနိုင် ကုမ္ပဏီလီမီတက် (ရသေ့တောင်)မှ ကျပ် (၁၅) သိန်း၊ ဦးစံရွှေနှင့် ဒေါ်နွယ်နွယ်ဦး (ဆန်းသစ် သမင် ကုမ္ပဏီလီမီတက်)မှ ကျပ် (၁၅) သိန်းနှင့် ဒေါက်တာ စောမြအောင် (ဇီဇ၀ါ ဆေးကုမ္ပဏီ)မှ ကျပ် (၅) သိန်း အသီးသီး ထည့်ဝင် ကူညီ လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
၎င်းကူညီလှူဒါန်းငွေများကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားများရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လက်ခံခဲ့ပြီး အလှူရှင်များသို့ ဂုဏ်ပြု လက်မှတ်များလည်း အသီးသီး ပြန်လည် ပေးအပ်ခဲ့သည်။
ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးစောအောင်သို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးစောအောင်သို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
၎င်းနေ့က ရခိုင်အမျိုးသား ညီလာခံအတွက် ထောက်ပံ့ကူညီငွေ ကျပ်ငွေ သိန်း ၂၅၀ နီးပါးခန့်ထိ ရရှိခဲ့ကြောင်း သိရသည်။
ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ဦးဆောင်ကျင်းပသူ ဦးခင်မောင်သန်းက ယခုကဲ့သို့ ဂီတပွဲတော် ကျင်းပရခြင်းမှာ ရန်ပုံငွေအတွက်သာမက အမျိုးသားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရခိုင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးစောအောင်သို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တက်ရောက်အားပေးလာသော ပရိသတ်။ (ဓါတ်ပုံ- နိရဉ္စရာ)
“ ရန်ပုံငွေ ရှာဖွေတဲ့ ဂီတ ပွဲတော်လို့ ဆိုပေမယ့် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရခိုင်တမျိုးသားလုံး အမျိုးသားရေး လုပ်ငန်းစဉ်တွေမှာ ကျယ်ပြန့်စွာ ပါဝင်နိုင်ရေး အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမျိုးသားတွေ အများအပြား လာရောက်အားပေးတဲ့ အတွက်လည်း ရခိုင်အမျိုးသားရေးကိစ္စတွေ အပေါ် ရခိုင်အမျိုးသားတွေ ဘယ်လိုစိတ်ဝင်စားမူ ရှိနေတယ်ဆိုတာကို နားလည် သဘောပေါက်နိုင်ပါတယ်” ဟု ယင်းက ဆိုသည်။
ရန်ပုံငွေ ဂီတပွဲတော်ကို လာရောက်အားပေးသူ တာမွေမြို့နယ်မှ ရခိုင်အမျိုးသမီးတစ်ဦး မနှင်းနှင်းဝေမှလည်း အမျိုးသားရေး စိတ်ဓါတ်၊ အမျိုးသားရေး အသိတို့ဖြင့် လာရောက်အားပေးခြင်း ဖြစ်ကြောင်း၊ ရခိုင်အမျိုးသား အချင်းချင်း ချစ်ခင် ညီညွှတ်မူကို ယခုထက်မက မြင်ချင်ပါကြောင်း ပြောကြားသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သန်းခေါင်စာရင်းမှာ ကုဒ်နံပါတ် ထည့်သွင်းရေး မောင်တော မှာ ဆွေးနွေး

census-rohingya-305
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၃၁ ရက်နေ့က မွတ်စလင်တွေကို သန်းခေါင်စာရင်း ကောက်ခံနေစဉ်
photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင် စာရင်းကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က  မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
အဲ့ဒီ အပေါ် ပြည်နယ်အစိုးရ ဘက်က ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြုချက်ရပြီးမှသာ လက်ခံဆောင် ရွက်သွားမယ် ဆိုတဲ့ အကြောင်း ပြန်လည်ဆွေးနွေး ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည် နယ် ကျောက်ဖြူ၊ မြေပုံစတဲ့မြို့တွေမှာလည်း ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂလီလို့ ဖြည့်စွက်စရာမလိုပဲ ကုတ်နံ ပါတ်သာ ထည့်သွင်းရေးသားပြီး ကောက်ခံယူနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
သန်းခေါင်စာရင်းပုံစံရဲ့ အခြားလူမျိုးဆိုတဲ့နေရာမှာ ရိုဟင်ဂျာဆိုပြီး ဖြည့်စွက်လိုသူတွေကို ဖြည့်စွက်ခွင့် မပေးတဲ့အတွက် တစ်ချို့မြို့နယ်တွေမှာ မကောက်ယူပဲ ထားခဲ့ရတဲ့နေရာတွေ ရှိတယ်လို့ သိရပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုကို ချန်လှပ်ထားခဲ့ရတဲ့ မြို့တွေမှာ စစ်တွေ ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၁ဝ ခုလောက်အထိ ရှိနေတယ်လို့လည်း သိရှိရပါတယ်။
ရခိုင်ပြည်နယ်မှာ မနေ့ကအထိ အိမ်ထောင်စုပေါင်း သုံးသိန်းသုံးသောင်းကျော် နဲ့ လူဦးရေ တစ်သန်း ငါးသိန်း လောက် ကို ကောက် ခံပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။
(သတင်းအရင်းအမြစ်- RFA)

တပ်မတော်မှ နံပတ်(၃) အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦး မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ

အသတ်ခံရသူအား မှတ်တမ်းတင်ထားစဉ်။ (ဓါတ်ပုံ- Share Arakan News)
အသတ်ခံရသူအား မှတ်တမ်းတင်ထားစဉ်။ (ဓါတ်ပုံ- Share Arakan News)
မြန်မာတပ်မတော်မှ နံပတ် (၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအ၀င် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိစဉ် နာရီပိုင်း အနည်းငယ် အတွင်း သက်လူမျိုး တိုင်းရင်းသား တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။
သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာနေ သက်လူမျိုး ဦးထွန်းအောင်စိန်(၄၉) နှစ် (ဘ) ဦးထွန်းဇံ ဖြစ်ကြောင်း  မောင်တောမြို့ လေးမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ သတ်ဖြတ်သွားတာက ဘင်္ဂလီတွေပါ။ လည်လှီးပြီး သတ်သွားပါတယ်။ သူက သူ့ရဲ့ တောင်ယာစိုက်ခင်းမှာ နွားကျောင်း၊ ရေလောင်း၊ ပေါင်းမြက်တွေကို နုတ်နေစဉ်မှာ ၀င်ရောက် သတ်ဖြတ်သွားတာပါ” ဟု ဆိုသည်။
အခင်း ဖြစ်ပွားရာ နေရာမှာ မကျည်းကုန်းကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ဖြစ်ကြောင်း၊ သုံးမိုင် လုံထိန်းရဲတပ်ရင်းနှင့် ချောင်းတစ်ဖက်ခြားသော နေရာတွင် ဖြစ်ကြောင်း၊ မတ်လ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သူက ဆက်ပြောသည်။
“ အဲဒီနေ့က နိုင်ငံတော်က အကြီးအကဲတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တို့ မောင်တောမြို့ကို ရောက်ရှိနေပြီး ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေကြပါတယ်။ အဲဒီနေ့မှာ သတ်သွားတာ ဖြစ်ပါတယ်” ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးကပြောသည်။
သတ်ဖြတ်သွားသူများမှာ ယခုအချိန်ထိ လွှတ်မြောက်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ရှာဖွေနေသည်ဟု ဦးလှမိုးက ဆက်ပြောသည်။
“ တရားခံတွေကို မမိသေးပါဘူးခင်ဗျား။ ရဲတပ်ရင်း (၂) နဲ့ အမှတ် (၅၆၁) တပ်ရင်းက အခု သူတို့ကို ရှာဖွေနေပါတယ်။ လောလောဆယ်တော့ ဖမ်းမိတဲ့ အသံ မကြားရသေးပါဘူး” ဟု သူက ဆက်ဆိုသည်။
ဦးထွန်းအောင်စိန်သည် ခါတိုင်းသွားနေကျ အတိုင်း ၎င်းနေ့နံနက်က သူ့၏ တောင်ယာစိုက်ခင်းသို့ ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း နေ့လယ် ထမင်းစားချိန်ထိ ပြန်မရောက်လာသဖြင့် သမီးဖြစ်သူ နှစ်ဦးမှ လိုက်လံရှာဖွေရန် သွားစဉ် ယာခင်းထဲတွင် သတ်ဖြတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
သူ့၏ အလောင်းအနီးမှ ပလတ်စတစ် အပြာရောင်ဖြင့် ရစ်ပတ် ချည်နှောင်ထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ ငွေစက္ကူ တစ်ရာတန် တစ်ရွက်၊ နှစ်ဆယ်တန် တစ်ရွက်၊ သွေးစွန်းနေသော စိမ်းပြာရောင် ယောင်္ကျားဝတ် လက်ရှည် အင်္ကျီတစ်ထည်၊ ယင်းအကျီ်အိတ်ထဲမှ ဗလီတက်စဉ် အသုံးပြုသည့် ဦးထုပ် အဖြူရောင် တစ်လုံး၊ လူသေအလောင်း ၉ ပေခန့်အကွာတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ်စီကရက် အပိုင်းတစ်ခုကို တွေ့ရသည်ဟု သိရသည်။
မောင်တောမြို့မှ ရဲစခန်းမှ ရဲအုပ်ကံလှက ၎င်းရဲစခန်းတွင်ပင် သေမူသေခင်း အမှတ်  (ပ) ၅၆/ ၂၀၁၄  ဖြင့် ယခုအခါ အမူဖွင့်ထားသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့ နိုင်ငံတကာ NGO ပဋိပက္ခ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေး

rakhine-ngo-305
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က ဖျက်ဆီးခံရတဲ့ စစ်တွေမြို့က INGO ရုံးခန်းတွေကို တွေ့ရစဉ်
photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ စာရင်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် ကတော့ လောလောဆယ် သူတို့ကို ဖမ်းဆီးထားတာမဟုတ်ဘဲ ခေါ်ယူ စစ်ဆေးနေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
"ဖမ်းဆီးတယ်လို့တော့ မဟုတ်သေးဘူးပေါ့ စစ်ဆေးတုန်းပါပဲရှိပါသေးတယ်၊ဘယ်ရပ်ကွက်တွေ ဘာတွေဆိုတာတော့ အတိအကျမသိသေးဘူး၊ ဒီနေ့ ၁ဝ ယောက်လောက်ခေါ်လိုက်တယ် မဟုတ်ဘူး ဆိုရင် ပြန်လွှတ်လိုက်တယ်၊ နောက်နေ့ ၂ ယောက်လောက်ခေါ်လိုက်တယ် မဟုတ်ဘူးဆိုရင် ပြန်လွှတ်လိုက်တယ်၊ အဲ့လိုလုပ်နေတုန်းပဲရှိသေးတယ်၊ တရားဝင်အတိအကျ မဖမ်းသေးပါဘူး "
မနေ့ညနဲ့ ဒီနေ့မနက်က ဖမ်းဆီးခေါ်ဆောင်ခံရသူ စစ်တွေမြို့ခံ ၁၂ ဦး ရှိတယ်လို့သိရပါတယ်။ စစ်တွေမြို့ ဓညဝတီ(ခ) ရပ်ကွက်မှာ နေထိုင်သူ ကိုနိုင်စိုးက ဖခင်ဖြစ်သူ ဦးမောင်သိန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"မနေ့ည ၁၂ နာရီလောက်မှာဗျ ၊ ကျနော်တို့အိမ်မ ရှေ့တံခါးကို ခြေနဲ့ကန်ပြီးတော့ ဝင်လာတဲ့အချိန်မှာ ရဲတပ်သားတွေက ကျနော်ရဲ့အဖေနဲ့အမေကို သေနတ်နဲ့ ချိန်ထားပြီးပြီ၊ အဲ့ဒီအချိန်မှာ ကျနော်က ဘာဖြစ်တာလဲဆိုပြီးတော့ အနောက်ဘက်ကထွက်ပြီးတော့မေးတော့ အနောက်ဘက်ကိုထွက်မလာနဲ့ အရှေ့ဘက်ကိုသွားဆိုပြီးတော့ ကျနော့်ကို သေနတ်နဲ့ချိန်ပြီးတော့ ခေါ်လာတယ်၊ အဲ့အချိန်မှာ ကျနော်လည်း အိမ်ရှေ့ကိုရောက်ရော ကျနော့်အဖေကို လက်ထိပ်ခတ်ပြီးတော့ အပြင်ကိုတန်းပြီးတော့ ခေါ်သွား တာတွေ့လိုက်တာပဲ၊ ကျနော်က ဘာဖြစ်လို့ခေါ်တာလဲဆိုတော့ ခဏမေးစရာရှိလို့ခေါ်တာတဲ့၊ ကျန်တဲ့ရဲတွေက ကျနော်တို့ကိုကြားမှာ သေနတ်တွေနဲ့ တားပြီးတော့ တားထားတယ်၊ အဖေ့ကိုကျတော့ တစ်ယောက်တည်းခေါ်ပြီးတော့ ချက်ချင်းအပြင်ကို ခေါ်ထုတ်သွားတယ်"
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့ အခြေစိုက် Malteser International အဖွဲ့က ငှားထားတဲ့ အိမ်မှာလွှင့်ထူထားတဲ့ သာသနာ့အလံကို အဖွဲ့တာဝန်ရှိသူတစ်ဦးက ဖြုတ်ချလိုက်ရာကနေ ဒေသခံတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေ ရုံးခန်းဖွင့်ထားတဲ့ အိမ်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး နောက်နေ့ မတ်လ ၂၇ ရက်နေ့အထိ ကူးစက်ခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP စတဲ့ အဖွဲ့တွေရဲ့ ဂိုဒေါင်တွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူ ၁၂ ဦးထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးပါဝင်ပြီး သူတို့အားလုံးကို စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ စစ်တွေမြို့ ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မတ်လ ၃ဝ ရက်နေ့ကစပြီး လာမယ့် ဧပြီလ ၃ ရက်နေ့အထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာရောက်ရှိနေတဲ့ စစ်တွေမြို့ ပဋိပက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဌ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ မွတ်စလင်လူမျိုးတွေအကြား သန်းခေါင်စာရင်း ကောက်ယူမှုတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တ၀ိုက် မွတ်စလင်ကျေးရွာတွေမှာ သန်းခေါင်စာရင်းကောက်ယူနေမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့ သဲချောင်းကျေးရွာက မွတ်စလင်ခေါင်းဆောင် ဦးအာဘူလုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးအာဘူလုနှင့်ဆက်သွယ်မေးမြန်းချက်
ှဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဆက်သွယ်မေးမြန်းချက်
(သတင်းအရင်းအမြစ်- RFA)

ရခိုင်တပြည်နယ်လုံး သန်းခေါင်စာရင်းကောက်ခံခြင်း သပိတ်မှောက်ထားမှုကို ယနေ့ သပိတ်လှန်လိုက်ပြီ

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများအားလုံးက သန်းခေါင်စာရင်း ကောက်ခံခြင်းအား လက်မခံဟု သပိတ် မှောက်ထားခြင်းကို ယနေ့ မတ်လ (၃၀) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သပိတ်များအားလုံးကို လှန်လိုက်ပြီဖြစ်ကြောင်း ကော်မတီဝင်များက ဆိုသည်။
သန်းခေါင်စာရင်းကို စစ်တွေမြို့တွင် ပထမဆုံး သပိတ်မှောက်ခဲ့သော ရပ်ကွက်။ သန်းခေါင်စာရင်းကို စစ်တွေမြို့တွင် ပထမဆုံး သပိတ်မှောက်ခဲ့သော ရပ်ကွက်။
မြန်မာနိုင်ငံ အစိုးရမှ သန်းခေါင်စာရင်းကောက်ခံချိန်တွင် တိုင်းရင်းသားမဟုတ်သော ခိုးဝင်ဘင်္ဂလီများအား ကောက်ခံရာတွင် လူမျိုးအမည်၌ ရိုဟင်ဂျာအမည်အား ကောက်ခံသွားမည်ဆိုခြင်းကို ရခိုင်ပြည်သူများက သဘောတူခြင်းမရှိသည့်အတွက် ရိုဟင်ဂျာအမည်နှင့် ကောက်ခံခြင်း မပြုရန် သန်းခေါင်စာရင်းအား သပိတ်မှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပါတ်သက်၍ ၀န်ကြီး ဦးခင်ရီနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းအချိန်တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ (စစ်တွေ) တို့ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် အစိုးရဘက်မှ ရိုဟင်ဂျာအမည်ကောက်ခံခြင်းမပြုပါဟု တရားဝင် ထုတ်ပြန်ချက် ပြုလုပ်လာသောကြောင့် သပိတ်ကော်မတီအနေဖြင့်လည်း ရခိုင်တိုင်းရင်းသားများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို လက်ခံရန် သပိတ်ကို ပြန်လှန်လိုက်ခြင်း ဖြစ်ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ညိုအေးက ပြောသည်။
" အန်တီတို့ သပိတ်ကော်မတီနဲ့ ၀န်ကြီး ဦးခင်ရီတို့ မနေ့က ညနေပိုင်းမှာ တွေ့ကြတယ်။ ဒီတော့ ၀န်ကြီးကပြောတယ် ရိုဟင်ဂျာအမည်ကို မကောက်ခံပါဘူး။ ဒါပေမယ့် အန်တီတို့အနေနဲ့ နုတ်နဲ့ပြောတာကို မလိုပါဘူး။ စာနဲ့ထုတ်ပြန်ပေးပါလို့ တောင်းဆိုတဲ့အတွက် သူတို့ဖက်ကလည်း ရိုဟင်ဂျာအမည်ကို လက်မခံပါလို့ စာထုတ်ပြန်လာပါတယ်။ ဒါကြောင့် အန်တီတို့ ကော်မတီကလည်း သပိတ်ကို လှန်ဖို့ ဆုံးဖြတ်ကြပါတယ်။ သန်ခေါင်စာရင်းကို ကောက်ခံသွားပါမယ်။ " ဟု ဒေါ်ညိုအေးက ဆိုသည်။
ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်များအား တာဝန်လွှဲအပ်ခံထားရသော ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ကျော်ယဉ်ဦးက လက်မှတ်ရေးထိုးကာ အချက် ၃ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ရခိုင်ပြည်သူများသို့ အသိပေးထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်စာစောင်၏ အပိုဒ် (၃) တွင် " ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ အချို့သော အဖျက်သမားများမှ ရိုဟင်ဂျာ အမည်သုံးစွဲခြင်းကြောင့် တရားမ၀င်သော လူမျိုးဖြစ်သည့်အတွက် လူမျိုးအမည် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လက်မခံပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ " ဟု ဖော်ပြထားသည်။
သို့သော် အစိုးရအနေဖြင့် နုတ်အားဖြင့်ဆိုစေကာမူ၊ စာနှင့်ထုတ်ပြန်စေကာမှု သန်းခေါင်စာရင်းကောက်ခံနေချိန်အတွင်း ရိုဟင်ဂျာအမည်ကို ကောက်ခံထားပါက သပိတ်ကို ဆက်လက်မှောက်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ခံမှုအစီရင်ခံစာကိုလည်း ဤကော်မတီအနေဖြင့် ထုတ်ပြန်ခွင့် တောင်းဆိုမည်ဖြစ်ပြီး အကယ်၍ မပေးပါက သန်းခေါင်စာရင်းကောက်ခံသော သူများထံမှ မေးမြန်းကာ ဆက်လက်ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်ညိုအေးက DNJ သို့ ပြောကြားသည်။
(သတင်းအရင်းအမြစ်- Arakantimes)

နိုင်ငံတကာ NGO အဖွဲ့တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုလ တိုက်တွန်း

unhcr-rakhine-305.jpg
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က လူတစ်စုရဲ့ ဝင်ရောက် ဖျက်ဆီးခြင်းခံရတဲ့ စစ်တွေမြို့က UNHCR ဂိုထောင် ကိုတွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးနဲ့ အဆောက် အအုံတွေ ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မတ်လ ၃ဝ ရက် တနင်္ဂနွေနေ့က သမ္မတဦးသိန်းစိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြား တိုက်တွန်းခဲ့တာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက်အောင် လုပ်ဆောင် ခဲ့သူတွေ အပြစ်လွတ်နေတာမျိုး လုံးဝမဖြစ် သင့်ကြောင်း၊ ပြည်သူအားလုံးကို အကာအကွယ်ပေးပြီး၊ တရား ဥပဒေ အပြည့်အဝစိုးမိုးမှုရှိဖို့လိုအပ်ကြောင်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တယ်လီဖုန်းက တဆင့် တောင်းဆိုခဲ့ပါတယ်။
စစ်တွေမြို့မှာ မကြာခင်က သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့ အနေနဲ့ အိမ်တိုင်းမှာ သာသနာ့ အလံ လွှင့်ထူထားကြစဉ်အတွင်း၊ ဂျာမနီအခြေစိုက် INGO အဖွဲ့တစ်ဖွဲ့က ငှားရမ်းပြီး ရုံးခန်းအဖြစ်ဖွင့်လှစ်ထား တဲ့ အဆောက်အဦးမှာ လွှင့်ထူထားတဲ့အလံကို အဖွဲ့တာဝန်ရှိသူတစ်ဦးကပြန်ဖြုတ်ခဲ့ရာကနေ ပဋိပက္ခ ဖြစ်ပွားခဲ့ တာပါ။ ပဋိပက္ခအတွင်း ကုလသမဂ္ဂ နဲ့ INGO အဖွဲ့ တွေရဲ့ ရုံးခန်း နဲ့ ရုံးသုံးပစ္စည်းတွေ၊ ဆေးဝါးနဲ့ တခြား ကူညီရေး ပစ္စည်းတွေ သုံလှောင်ရာ ဂိုထောင်တွေ ဖျက်ဆီးခံခဲ့ရပြီး၊ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဘေးလွတ် ရာခေါ်ယူစောင့်ရှောက်ပေးခဲ့ရပါတယ်။ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှု တွေကို ကြိုဆိုကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး၊ လူ့အခွင့်အရေး အခြေ အနေ တွေကလည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အင်နဲ့အားနဲ့ ရှိနေအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ လက်ရှိသန်းခေါင်စာရင်း ကောက်ယူမှုနဲ့ပတ်သက်ပြီး  မတူကွဲပြားတဲ့ လူမျိုးစုတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် အေးအေးချမ်းချမ်းနဲ့ သတိထားဆောင်ရွက်ဖို့၊ နည်းပညာ နဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ  နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ  ဆောင်ရွက်မယ်လို့မျှော်လင့်ကြောင်း၊ လည်း ပြောပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ကုလသမဂ္ဂအနေနဲ့ အပြု သဘော နဲ့ဆက်လက်ကူညီ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- RFA)

ရခိုင်မှ သန်းခေါင်စာရင်း သပိတ်လှန်ပြီ

90
သန်းခေါင်စာရင်း သပိတ်တိုက်ပွဲကို ယခုအခါ သပိတ်လှန်လိုက်ပြီ ဖြစ်ကြောင်း၊ ရခိုင်တမျိုးသားလုံး သန်းခေါင်စာရင်း အကောက်ခံကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မတီ(စစ်တွေ)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။
ယနေ့နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရကိုယ်စား ပေးပို့သော စာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်ကို ထည့်သွင်း အသုံးပြုခွင့် ပြုမည် မဟုတ်ကြောင်း စာရေးသား ပေးပို့လာပြီးနောက်ပိုင်းတွင် မိမိတို့ လိုလားသောတောင်းဆိုချက်များကို ရရှိသဖြင့် သပိတ်တိုက်ပွဲကို လှန်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
“ ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်လောက်က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ကျနော်တို့ဆီကို ရခိုင်ပြည်သူများသို့ အသိပေး တင်ပြချက်ဆိုတဲ့ စာတစ်စောင်ပေးလာပါတယ်ခင်ဗျား။ အဲဒီမှာ ဆူပူ အကြမ်းဖက်လိုသူ အဖျက်အမှောင့် လုပ်ငန်း ဆောင်ရွက်သူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံနိုင်သော လူမျိုးအမည်ဖြစ်တဲ့ ရိုဟင်ဂျာအသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်လာကြပါတယ်တဲ့။ အဲဒီတော့ တရားမ၀င်တဲ့ နာမည်ဖြစ်တဲ့ ရိုဟင်ဂျာဆိုသောနာမည်ကို လုံးဝ လက်မခံနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်ဟု ပါရှိလာပါတယ်။”
၎င်းစာအား ပြည်ထောင်စု အစိုးရမှ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်သို့ တာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ယဉ်ဦးမှ ဥက္ကဌကိုယ်စား  လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
“ အဲဒီ ထုတ်ပြန်တဲ့ စာထဲမှာ နံပတ် (၁) မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ မရှိပါဘူးဆိုတဲ့ အချက် ပေါ်လွှင်ပါတယ်။ နံပတ် (၂) က ရခိုင်ပြည်နယ်တွင် အဖျက်အမှောင့်လုပ်လိုသူ အုပ်စု အချို့မှ နိုင်ငံတော် အစိုးရက လက်မခံထားသော လူမျိုးအမည် ဖြစ်သည့်  ရိုဟင်ဂျာဟူသော အသုံးအနုန်းကို သုံးစွဲရန် လုပ်ဆောင်နေပါသည် ဆိုတဲ့ စာသားပါလာတယ်။ နံပတ် (၃) က ပြည်ထောင်စု အစိုးရကဆင့် ပေးပို့လာတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီစာကို လက်ခံပြီးတော့ သပိတ်မှောက်ခြင်း လုပ်ငန်းကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။
သို့အတွက် ယနေ့မှ စပြီး ရခိုင်အမျိုးသားများ အနေဖြင့် သန်းခေါင်စာရင်း အကောက်ခံကြပါလိမ့်မည်ဟု သူက ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ဌာနေ တိုင်းရင်းသား အခွင့် အရေး ကာကွယ်ရေး ကော်မတီ ဖွဲ့စည်း

teak_log_export_305_z.png
နိုင်ငံခြားသို့ တင်ပို့မည့် ကျွန်းသစ်လုံးများကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သစ်မျိုးစုံကို ပြည်ပသို့ တရားဝင် နည်းလမ်းအပြင် မှောင်ခိုလမ်းကြောင်းများမှလည်း ပို့ဆောင်နေသည်။
Photo: RFA
ရခိုင်ပြည်နယ် ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့် ရည်ရွယ်ချက်နဲ့ ဌာနေတိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ ( ယာယီ ) ကို သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာမှာ မနေ့က ဖွဲ့စည်း လိုက်ပါတယ်။
ရခိုင်ရိုးမက သစ်တောတွေကို စီးပွားရေးလုပ်ငန်းရှင် ကြီးတွေက ခုတ်ထွင်ရှင်းလင်းနေတာကို တားဆီး ကာကွယ်မယ်လို့လည်း ဒီကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးသုလင်းဝေ ကပြောပါတယ်။
"ရခိုင်ရိုးမကို အပြောင်ရှင်းနေတာဟာ ရခိုင် တိုင်းရင်းသားတွေရဲ့ဘဝကို သတ်နေတာနဲ့ အတူတူပဲ ကျနော်တို့က ယူဆ တယ်၊ရခိုင်တော အပြောင်ရှင်းခြင်းကိစ္စကိုလည်း ကျနော်တို့က မရ၊ရတဲ့နည်းနဲ့ ဟန့်တားဖို့ကြိုးစားရမှာပဲ"
ကော်မတီဝင် ၄၈ ဦးနဲ့ဖွဲ့စည်းတာဖြစ်ပြီး  ဌာနေ တိုင်းရင်းသားအခွင့်အရေး တွေကိုကာကွယ် စောင့်ရှောက်တဲ့ ပြည်တွင်းက တခြားအဖွဲ့အစည်းတွေနဲ့ရော  အာဆီယံ-  အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် ဒေသတွင်းဌာနေတိုင်းရင်းသား အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့  အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကော်မတီက ထုတ်ပြန် တဲ့ကြေငြာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပင်လယ်ပြင် သယံဇာတတွေကို  ဥပဒေမဲ့ ဖမ်းဆီးထုတ်ယူသုံးစွဲ နေတာတွေကိုလည်း စောင့်ကြည့် တားဆီးသွားမယ် လို့ ကြေငြာချက် မှာ ရေးသားထားပါတယ်။
(သတင်းအရင်းအမြစ်- RFA)

စစ်တွေရုန်းရင်းဆန်ခတ်မူ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးမည်ဟုဆို

Malteser Internationa
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နေ့ ညနေမှ စတင်ပြီး ဖြစ်ပွားခဲ့သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးသွားမည်ဟု သိရသည်။
ထိုသို့ စစ်ဆေးမည် ဖြစ်ကြောင်းကို မတ်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
(ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရပိုင် သတင်းစာများတွင် မတ်လ ၂၈ ရက်နေ့ကသတင်းရေးသာ ဖေါ်ပြချက်မှာ  အောက်ပါအတိုင်း ဖြစ်သည်။)
Malteser International အဖွဲ့က ငှားရမ်းထားသည့် စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရှီလမ်း အိမ်အမှတ် (ဂ ရ/ ၁၄၅)ဦးအေးထွန်နးစိန်ပိုင် နေအိမ်အား ဒေသခံပြည်သူ ၅၀ ခန့်က မတ် ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ခဲများဖြင့်ပစ်ပေါက်ခဲ့ကာ ထျက်ဆီးခဲ့ကြပြီး အခြားနိုင်ငံခြားသားများ တည်းခိုသည့်နေရာများကိုလည်း အလားတူ ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်နယ် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နာယကဆရာတော်နှင့် သံဃာတော်များက ဝိုင်းဝန်းထိမ်းသိမ်းခဲ့ကြသဖြင့် ည ၁၁ နာရီခွဲတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်၊ မင်းဘာကြီးလမ်း အိမ်အမှတ် မဘ/ ၁၉၉ အား အိမ်ပိုင်ရှင် ဖြစ်သူ ဦးထွန်းထွန်းဝင်းက Malteser International အဖွဲ့အား ဌားရမ်းထားခဲ့ပြီး ယင်းအဖွဲ့၏ စီမံကိန်း ညှိနိုင်းရေးမှူး အမေရိကန် နိုင်ငံသူ Mrs. Yvonne Dunton က ဂိုဒေါင်အဖြစ် အသုံးပြုလျှက် ရှိစဉ် အိမ်ရှင် ဦးထွန်းထွန်းဝင်းက အိမ်အပေါ်ထပ် ၀ရန်တာတွင် သာသနာ့အလံ လွှင့်ထူခဲ့ကြောင်း၊ မတ်လ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် Mrs. Yvonne Dunton ကအဆိုပါ ဂိုဒေါင်သို့ လာရောက်ပြီး သာသနာ့အလံအား ဖြုတ်သိမ်းသွားသည်ကို လမ်းသွားလမ်းလာများက တွေ့မြင်သွား၍ ည၈ နာရီအချိန်ခန့်တွင် ယင်းဂိုဒေါင်သို့ ဒေသခံပြည်သူများ ရောက်ရှိလာခဲ့ပြီး Mrs. Yvonne Dunton အား ထုတ်ပေးရန် ၀ိုင်းဝန်းပြောဆိုကြသဖြင့် ၎င်းသည် ဂိုဒေါင်မှ ၎င်းနေထိုင်သည့် ဂေါက်ရှီလမ်း အိမ်အမှတ် ဂရ/ ၁၄၅ ဦးအေးထွန်းစိန်၏ နေအိမ်သို့ တိမ်းရှောင်သွားခဲ့ရာ လူ ၅၀ခန့် နောက်မှလိုက်ပါသွားကြောင်း၊ အဆိုပါ ဒေသခံများက ၎င်း၏ အိမ်သို့ ရောက်ရှိလာကာ ၎င်းနှင့် ၎င်း၏ ခင်ပွန်းအား ထုတ်ပေးရန် ပြောဆိုရာ နေအိမ်ခြံစည်းရိုး သော့ခတ်ထားသဖြင့် ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များ ရောက်ရှိလာပြီး လူအုပ်စုများအား လူစုခွဲကာ အမေရိကန်နိုင်ငံသူနှင့် ခင်ပွန်းတို့အား မော်တော်ယာဉ်ဖြင့် ပြည်နယ်ရဲအထူတပ်ဖွဲ့ဝင်းရဲရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံများသည် ည ၁၀ နာရီခန့်တွင် လူ ၃၀၀ ခန့်အထိ စုစည်းမိပြီး အခြားနိုင်ငံခြားသားများ တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းတန်းလမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ဦးပန်းသာနေအိမ်၊ ဂေါက်ရှီလမ်းရှိ ဦးကျော်သန်းနေအိမ် Malteser ရုံး၊ ဦးဥတ္တမလမ်းရှိ ဦးသန်းအောင်နေအိမ် MSF အဖွဲ့နေရာ၊ ဂေါက်ရှီလမ်းရှိ ဦးတင်လိုင်နေအိမ် MSF ရုံး၊ ဦးဥတ္တမလမ်းရှိ ဒေါ်သန်းသန်းမြင့် နေအိမ် Malteser အဖွဲ့တို့အား လိုက်လံဖျက်ဆီးခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်သည် စစ်ကဲလမ်းရှိ နိုင်ငံခြားသားများ နေထိုင်သည့် မောင်သိန်ထွန်းနေအိမ် Solidarities အဖွဲ့နေအိမ်နှင့် OXFAM အဖွဲ့ နေအိမ်တို့အား ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးနေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အချက် ၁၀၀ ခန့် သတိပေး ပစ်ခတ်ခဲ့ရာ ည ၁၂ နာရီတွင် လူစု ကွဲသွားခဲ့သည်။
အလားတူ မတ်၂၇ရက် နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် ဒေသခံပြည်သူ၂၀၀ခန့်သည် တုတ်များ ခဲများ ကိုင်ဆောင်ပြီး ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ICRC အဖွဲ ငှားရမ်းနေထိုင်သော နေအိမ်အား ဝိုင်းဝန်းပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ်တံခါးများပျက်စီးပြီး တိုယိုတာယာဉ်တစ်စီး မှန်ကွဲခဲ့သဖြင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ငါးချက်ခန့် သတိပေးပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် လူစုကွဲသားကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် ဒေသခံ ၂၀ ခန့်က ပြည်တော်သာရပ်ကွက်တွင် ဖွင့်လှစ်ထားသော OCHA ရုံးအားလည်းကောင်း ၊ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်က ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံထဲရှိ WFP ဂိုဒေါင်အားလည်းကောင်း တုတ်များ ၊ ခဲများကိုင်ဆောင် ပစ်ပေါက်ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေတန်ဖြင့် ၁၅ ချက် ခန့် သတိပေး ပစ်ခတ် လူစုခွဲခဲ့ရသည်။
ထိုသို့ဖြစ်ပွားးခဲ့မှုများကြောင့် စစ်တွေမြို့ရှိရဲရိပ်သာတွင် နိုင်ငံခြားသား ၃၂ ဦး ၊ မြန်မာနိုင်ငံသားဝန်ထမ်း ၃၉ ဦး စုစုပေါင်း ၇၁ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပြီး လုံခြုံရေးဆောင်ရွက်ပေးထားကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများအတွက် လုံခြုံရေးအား ရဲတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ် ၊ ခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စစ်တွေမြို့စည်းကမ်းထိန်းသိမ်းရေး နာယက ဆရာတော် သံဃာတော်များက လူအုပ်စုများအား အကြမ်းမဖက်ရန် ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ပေးချက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပါတ်သတ်ပြီး နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ည်းစစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီးလိုအပ်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ဖေါ်ပြထားပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမြို့ နိုင်ငံတကာ အန်ဂျီအိုရုံးခန်းတွေ တိုက်ခိုက်ခံရမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

unhcr-rakhine-305.jpg
မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က လူတစ်စုရဲ့ ဝင်ရောက် ဖျက်ဆီးခြင်းခံရတဲ့ စစ်တွေမြို့က UNHCR ဂိုထောင် ကိုတွေ့ရစဉ်
Photo: RFA
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့သူတွေနဲ့ ဖျက်ဆီးခဲ့ ကြသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက် ပါတယ်။
အဲဒီအဖွဲ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန လေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေ၀င်း၊ နိုင်ငံတော်သမ္မတ ဥပဒေအကြံပေး ဦးစစ်အေးတို့ဖြစ်ပြီး Myanmar Egress က ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦး က သူတို့ငှားရမ်းထားတဲ့ အိမ်တစ်လုံးမှာ လွှင့်ထူထားတဲ့ သာသနာ့အလံကို ဖြုတ်ချရာက ဒေသခံလူအုပ်စုတွေက မကျေနပ်တဲ့အတွက်အဲဒီ ဖြုတ်ချတဲ့ အမျိုးသမီးနေအိမ်ကို ခဲတွေနဲ့ ပစ်ပေါက်ရာကနေ နောက်ဆက်တွဲ တခြားရုံးခန်းတွေ နေအိမ်တွေကိုပါ လူအုပ်စုတွေက တိုက်ခိုက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တာဝန်တွေကတော့ ပဋိပက္ခဖြစ်စဉ်မှာ ဦးဆောင်ပါဝင်သူတွေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို လာမယ့်ဧပြီလ ၇ ရက်နေ့ နောက်ဆုံးထားပြီး အစီရင်ခံစာတင်သွင်းရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ  ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ ညနဲ့ ၂၇ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ ဖျက်ဆီးခံရတာနဲ့ ရခိုင်အမျိုးသမီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အဲဒီလိုလုပ်ရပ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့လုပ်ရပ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီသဘောထား ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီANP ရဲ့ သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလေ ၂၇ ရက်နေ့က မတည်မငြိမ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဒီဟာကို ဘယ်လိုတည်ငြိမ်အေးချမ်းအောင် လုပ်မလဲဆိုတာပါ၊  ဒီလိုဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ရခိုင်တစ်မျိုးသားလုံးရဲ့ ထိခိုက်စေနိုင်တဲ့ ပုံရိပ်ဆိုးတွေမဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားဆင်ခြင်ပြီးတော့ တစ်ဘက်ကလည်း ဖိအားပေးမှုတွေမလုပ်ဖို့ တစ်ဘက်ကလည်း သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့ အကြောင်းတရားတွေကို ကျနော်တို့ ထောက်ပြထားပါတယ်"
အဲဒီကြေညာချက်ထဲမှာ အဲဒီလိုလုပ်ရပ်ဟာ မငြိမ်သက်မှုဖြစ်စေအောင် ဖန်တီးမှုများပြုလုပ်ပြီး လူမျိုးတစ်မျိုး၏ အားနည်းချက်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ပြင်းထန်စွာရှုံ့ချကြောင်း၊ NGO ၊ INGO အဖွဲ့အစည်းတွေရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ရခိုင်လူမျိုးတွေရဲ့ ပုံရိပ်တွေ ဆိုးဝါးမသွားစေဖို့  အစိုးရက အမြော်အမြင်ရှိစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- RFA)

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်ကောက်မည်ကို ရှမ်းပြည် လားရှိုးတွင် ကန့်ကွက် ဆန္ဒပြ

လာရှိုးပြည်သူများလည်း ရခိုင်လူထုနှင့် တထပ်တည်းရှိနေ ( ဓါတ်ပုံ- Facebook)
လာရှိုးပြည်သူများလည်း ရခိုင်လူထုနှင့် တထပ်တည်းရှိနေ ( ဓါတ်ပုံ- Facebook)
ယနေ့ ညဥ့် သန်းခေါင် ၁၂ နာရီ တိတိတွင် စတင် ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းမည့် အစီအစဉ်အပေါ် ရှမ်းပြည်နယ် လာရှိုးမြို့တွင် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
“ လူအင်အား ၄၀၀ ခန့် ပါဝင်ပါတယ်။ နေ့လယ် တစ်နာရီကနေ လာရှိုး မြို့တော် ခန်းမအနီးမှာ ဆန္ဒပြကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု လားရှိုး ဒေသခံ ကိုအောင်ကျော်စိုးက ပြောသည်။
ဆန္ဒပြကန့်ကွက်သူများသည် မြို့တော်ခန်းမအနီးရှိ လမ်းမတော်လမ်းတွင် နေ့လယ် ၁ နာရီက မှ ၂ နာရီခွဲထိ ဆန္ဒပြခဲ့ကြသည်။
“ အဓိကတော့ မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ  မြန်မာနိုင်ငံသားတွေ လုံးဝ လက်ခံလို့ မရတဲ့ ရိုဟင်ဂျာဆိုတဲ့  အမည်ကို ထည့်သွင်းကောက်ယူမှု မပြုလုပ်ရေး အတွက် ရခိုင်တစ်ပြည်နယ်လုံးက ထုတ်ဖေါ်ဆန္ဒပြနေမှုကို အပြည့်အဝ ထောက်ခံတဲ့ အတွက် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ကန့်ကွက်သူများသည် ကြေညာချက် တစ်စောင်အားလည်း ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းကြေညာချက်ထဲတွင်  ရိုဟင်ဂျာဟူသောအမည်ဖြင့် သန်းခေါင်စာရင်းတွင် ထည့်သွင်းရန် လုပ်ဆောင်နေမှုအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသား၊ တိုင်းရင်းသူ ရဟန်းရှင်လူအများတို့က ကန့်ကွက်ကြောင်း၊ ၂၀၁၄ ခုနှစ် အိမ်ထောင်စုစာရင်းနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် “ရိုဟင်ဂျာ” ဟူသောအမည်ကို (၉၁၄)နံပါတ်ဖြင့် ထည့်သွင်းကောက်ခံမည်ကို တိုင်းရင်းသားညီနောင်ဖွား ရခိုင်တစ်ပြည်နယ်လုံးက ကန့်ကွက်သလို ယခု ဆန္ဒပြပြည်သူများက ထပ်မံ ထောက်ခံကန့်ကွက်ပါကြောင်း ဖေါ်ပြထားသည်။
ဆန္ဒပြသူများသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ရခိုင်ပြည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကိုဖျက်ဆီးသူ့ မြန်မာ့ရန်သူ၊ မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ လုံးဝမရှိ၊ သမိုင်းလိမ်ညာ ရိုဟင်ဂျာ မောင်းထုတ်ပစ်၊ ရိုဟင်ဂျာကိုလက်ခံသူ မြန်မာ့ရန်သူ၊ ရိုဟင်ဂျာ အားပေးအားမြှောက် အမျိုးသားသစ္စာဖောက်၊ ဘင်္ဂလီ စာရင်းစစ် စာရင်းကောက် အလိုမရှိ၊ သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာလက်မခံပါ၊ ပြည်တွင်းရေးကိုစွက်ဖက်သူ မြန်မာ့ရန်သူ၊ ရခိုင်ညီနောင်ဖွား ပြည်သူများ ဒို့တိုင်းရင်းသား စသည်တို့ကို ကြွေးကြော်သံများ ကြွေးကြော်ပြီး  ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ အမည် ခွင့်မပြုကြောင်း မြန်မာ အစိုးရ ပြောကြား

census-305.jpg
၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရေးသွင်းတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မြန်မာအစိုးရက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆ဝ ကျော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း ရိုဟင်ဂျာအမည်နဲ့ ပတ်သက်လို့ ဘယ်လို ကောက်ယူ သွားမလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။
"အိမ်တစ်အိမ်ကို မေးတဲ့အခါမှာ သူက ရိုဟင်ဂျာလို့ ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ ဒါဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ်၊ တခြားသက်မှတ်ထားတဲ့ ကုဒ်နံပါတ်တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာ လို့ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာ မဟုတ်ဘူး"
ရခိုင်တိုင်းရင်းသားတွေကလည်း သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့်မပြုဖို့ အတွက် ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ မြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသလို စစ်တွေမြို့မှာ သာသနာ့အလံလွှင့်ထူပြီး သန်းခေါင်စာရင်းကို သပိတ်မှောက် ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။
၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မနက်ဖြန် မတ်လ ၃ဝ ရက်နေ့က စတင်ကောက်ယူမှာဖြစ်ပြီး ဧပြီလ ၁ဝ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင် ဘာသာဝင်တွေကြား အထင်အမြင်လွဲမှားမှု တချို့ရှိနေတာတွေကို နားလည်မှုရရှိသွားအောင် ဝိုင်းဝန်းကြိုးစားသွားမယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့က ဒီကနေ့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန်
(သတင်းအရင်းအမြစ်- RFA)

ကမ်းထောင်းကြီးရွာတွင် သန်းခေါင်စာရင်း ကြိုတင်ကောက်ယူ

DSC_0286
မတ်လ ၂၉ ရက်နေ့ တွင် စတင်မည့် နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူမူကို ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၂၇ ရက်နေ့က ကြိုတင် အကြမ်းကောက်ယူမူ ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ သန်းခေါင်စာရင်းကို အဖွဲ့ထဲမှာပါတဲ့ ဆရာ ဆရာမတွေက ကောက်ယူတာပါ။ ကမ်းထောင်းကြီးကျေးရွာ ရွာပြင်က မိသားစုတွေဆီက ကောက်ယူတာပါ။ ဗလာစာအုပ်တွေနဲ့ အကြမ်း ကောက်ယူတာ ဖြစ်ပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ယခုကဲ့သို့ အကြမ်းကောက်ယူသွားပြီး နောက်ထပ် တစ်ကြိမ် မကောက်တော့ဟု ကြားသိရကြောင်း သူက ဆိုသည်။
အိမ်ခြေ တစ်ထောင်ကျော်ရှိသော ကမ်းထောင်းကြီးရွာတွင် သတ်မှတ်ရက် မတိုင်မှီ သန်းခေါင်စာရင်းအား ကြိုတင်ကောက်ယူခြင်းမှာ ဟုတ်မှန်ကြောင်း  မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အတည်ပြု ပြောကြားသည်။
“ ရခိုင်ပြည်သူတွေက သန်းခေါင်စာရင်းကောက်ယူရာမှာ ကုတ်နံပတ် ၉၁၄ကို   ကျေနပ်မူမရှိတဲ့အတွက် ရခိုင်ပြည်နယ် အတွင်း ဆန္ဒပြမူတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်။ သပိတ်မှောက်မယ်ဆိုပြီးလည်း စာတွေ ပိုစတာတွေကပ်နေကြတယ်။ အခု ဒီပြသနာ ဒီဘက်ကို  မကူးလာခင် ကြိုတင်ပြီး လုပ်ထားတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့အခါ အလုပ်ပေါ့ သွားစေလိုတဲ့ သဘောပေါ့။ ကချင်ပြည်နယ်  ဒေသအချို့မှာလည်း ခုလို ကောက်ခံနေတယ်လို့ ကြားရပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူမူနှင့် ပတ်သက်ပြီး ရှုပ်ထွေးမူများ ပေါ်ပေါက်နေသဖြင့် သတ်မှတ်ထားသောအချိန်တွင် ကောက်ယူခြင်းက ပိုမို သင့်တော် ကောင်းမွန်မည်ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်သူ ဦးမောင်လုံးက ဆိုသည်။
‘’ အခု သန်းခေါင်စာရင်း ကြိုတင်ပီးအကြမ်း ကောက်ယူတဲ့ ကြောင်းအရင်း၊ ရည်ရွယ်ချက်ကိုတော့  ကျနော်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ရခိုင်ပြည်နယ်မှာ  သန်းခေါင်စာရင်း ကောက်ယူရာမှာ ဘင်္ဂလီ- ရိုဟင်ဂျာ စတဲ့ စကားရပ်တွေနဲ့ ရှုပ်ထွေးပြီး ပြသနာ ပေါ်နေတဲ့ အတွက် ရှင်းလင်းပြတ်သားပြီး၊ ပွင့်လင်းမြင်သာမူ ရှိအောင် ပြုလုပ်ဖို့ လိုပါမယ်။ တစ်နိုင်ငံလုံး သတ်မှတ်ရက်အတိုင်းပြုလုပ်မှသာ ကောင်းမယ်။ မဟုတ်ယင် ပြသနာတွေ ဒီထက်ပိုတက်လာမယ်။ ဘယ်သူတာဝန်ယူမလဲ၊  ကြိုတင်ကောက်ယူမူ မလုပ်သင့်လို့ ထင်မြင်ယူဆပါတယ်။”
၎င်းသန်းခေါင်စာရင်း အကြမ်းကောက်ယူမူအား မတ်လ ၂၇ ရက် တစ်နေ့တည်းသာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရပ်သွားခဲ့သည်ဟု ကမ်းထောင်းကြီး ဒေသခံ ဦးဆိတ်ဖြူက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာကြီးတို့ထံ ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။
ယခုသန်းခေါင်စာရင်း အကြမ်းကောက်ယူမူကို ကမ်းထောင်းကြီးရွာ တစ်ခုတည်းတွင်သာ ပြုလုပ်ခဲ့ပြီး အခြားရွာများတွင် ပြုလုပ်သည်ဟု မကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူမူကို မတ်လ ၂၉ ရက် စနေနေ့ ညဥ့်သန်းခေါင်မှ ဧပြီလ ၁၀ ရက်နေ့ထိ ကောက်ခံသွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေမှာ ရဲတပ်ဖွဲ့ပစ်ခတ်မှု တစ်ဦးသေဆုံး

sittway-police-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၈ ရက်နေ့က လုံခြုံရေးယူထားသော ရဲတပ်သားများကို တွေ့ရစဉ်
photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program WFP ပစ္စည်းသိုလှောင်ရုံကို မနေ့ညနေပိုင်းက လူအုပ်စုက ဝင်ရောက်ဖျက်ဆီးဖို့ ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ မျက်နှာချင်းဆိုင်နေအိမ်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်ကျည် ထိမှန်ပြီး သေဆုံး သွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသွားသူ မိန်းကလေးကိစ္စကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ စစ်တွေမြို့  ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုခိုင်ကောင်းစံက အခုလို ပြောပါတယ်။
"ပေါက်ကွဲနေတဲ့ လူတစ်စုက ခဲနဲ့ပေါက်ဖို့သွားတဲ့ အချိန်မှာ ဒီလုံခြုံရေးတွေက သေနတ်နဲ့ပစ်ပါတယ်၊ အဲဒီအချိန်မှာပဲ WFP ဂိုထောင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဦးစိန်မောင်ပေါ့လေ၊ ပန်းရံဆရာရဲ့ သမီးလေး အသက် ၁၁ နှစ် ကလေးမလေး ချက်အောက်မှာ  ကျည်ဆံထိမှန်သွားတယ်၊ အဲဒီထိမှန်သွားတဲ့အချိန်မှာပဲ ၆ နာရီလောက်မှာပေါ့ ကျနော်တို့ ဆေးရုံကိုသွားပို့တယ်၊ သွားပို့တဲ့အချိန်မှာပဲ ဆုံးသွားပါတယ်"
စစ်တွေမြို့မှာ မတ်လ ၂၆ ရက်နေ့ကညက ဂျာမနီနိုင်ငံအခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Malteser International အဖွဲ့အစည်းနဲ့ ဒေသခံတွေအကြား ပဋိပက္ခစတင်ခဲ့တာပါ။ Malteser International အဖွဲ့က ငှားထားတဲ့နေအိမ်မှာ လွှင့်ထူထားတဲ့ သာသနာ့အလံကို ဖြုတ်ချရာက ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံ လူအုပ်စုတွေက တခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေနဲ့ လူနေအိမ်တွေကိုပါ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဒါ့အပြင် မနေ့က WFP ၊ UNHCR  စတဲ့အဖွဲ့အစည်းတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းသိုလှောင်ရုံ ၂၀ လောက်က ပစ္စည်းတွေကိုလည်း ဒေသခံလူအုပ်စုက ဖျက်ဆီးခဲ့ကြပါတယ်။

ဒီနေ့မှာ အခြေအနေ တည်ငြိမ်သွားပြီဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ စစ်တွေမြို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက  ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့  ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အခုလို ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ လျှောက်ထားဆဲ မွတ်စလင်နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူလ်တာဟေရ် (ခေါ်) ဦးသာအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း စစ်တွေမြို့က ပဋိပက္ခဟာ နိုင်ငံတည်ငြိမ်အေးချမ်းအတွက်  စိုးရိမ်စရာဖြစ်နေပြီး အခြေအနေတွေကို အားလုံးထိန်းသိမ်းကြဖို့ လိုနေပြီဆိုတဲ့ အမြင်နဲ့ တိုက်တွန်းချက်တွေကို မသင်းသီရိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဦးဝင်းမြိုင်နှင့် မေးမြန်းချက်
ဦးအဘူတာဟေရ်(ခ) ဦးသာအေးနှင့်မေးမြန်းချက်
မသင်းသီရိတင်ပြချက်
(သတင်းအရင်းအမြစ်- RFA)

စစ်တွေမြို့တွင် ညမထွက်ရ အချိန်တိုးမြှင့်

Burma-police-in-Rakhaine-state
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ကို ယနေ့မှ စ၍ ည ၆ နာရီမှ နံနက် ၆ နာရီထိ အချိန် တိုးမြှင့်လိုက်သည်။
ယခင်က ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရဟု အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။
ယနေ့ထုတ်ပြန်လိုက်သည့် အမိန့်မှာ ယခင်ကထုတ်ပြန်ထားသည့်အမိန့်ကို ထပ်ပြီး အချိန် တိုးလိုက်ခြင်းဖြစ်ကြောင်း စစ် တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဦးသာပွင့်ကဆိုသည်။
“ ဟုတ်တယ်။ အရင်ရှိပြီးသား အချိန်ကို ထပ်တိုးလိုက်တာဖြစ်တယ်။ မနေ့ကအထိရှိနေတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီကို အခု  ည ၆ နာရီကနေ နံနက် ၆ နာရီအထိတိုးလိုက်တာဖြစ်တယ်။”
ယမန်နေ့ညက မာတေဇာအဖွဲ့မှ နိုင်ငံခြားသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးသည်  အိမ်ပိုင်ရှင်လွင့်ထူထားသည့် ဗုဒ္ဓဘာသာဝင် များ အထွဋ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာပြုလုပ်မှုကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသည်။
အဆိုပါလုပ်ရပ်ကို မကြေနပ်သည့် မြို့ခံများက စစ်တွေမြို့တွင် အန်ဂျီအိုအဖွဲ့များမှ ရုံးခန်းအဖြစ်ဖွင့်လှစ် ထားသည့် နေအိမ်များကို ယနေ့ နံနက်ကစပြီး ညနေပိုင်းအထိ ခဲများဖြင့် ပစ်ပေါက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ယင်းနောက်ပိုင်းတွင် အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ပုဒ်မ ၁၄၄ အချိန်ကို တိုးမြှင့်ကြောင်း ကျေညာသည်။
“ညမထွက်ရအမိန့်ကို မြို့မှာပတ်ပြီး လော်စပီကာနဲ့ဟောသွားပြီး။ အခုအထိ ဒီမှာက ပြဿနာက မပြေလည် သေးဘူး။ အခု ဖိုးသာရွာဘက်က သေနတ်ပစ်သံတွေကြားနေရတယ်။ ဒါကြောင့် ညမထွက်ရအမိန့်ကို တိုးလိုက် တာဖြစ်တယ်” ဟု စစ်တွေမြို့မှ ရဟန်းတော်တစ်ပါးက မိန်းကြားသည်။
ယခုအခါ စစ်တွေမြို့လူစည်ကားရာ နေရာများတွင် စစ်တပ်များချထားကြောင်းလည်း အဆိုပါရဟန်းတော်မှ ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဒေသခံရခိုင်တိုင်းရင်းသားများနှင် ဘင်္ဂလီတို့အကြား ဖြစ်ပေါ်ခဲ့သည့် ပဋိ ပက္ခအပြီးတွင် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ယူအန်အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများသည် ဘင်္ဂလီများအပေါ် ဘက်လိုက်မှုရှိသည်ဟုဆိုကာ ဆန့်ကျင် လာခဲ့ကြခြင်းဖြစ်သည်။
မကြာသေးမီကလည်း ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် MSF/ AZG အဖွဲ့ကိုလည်း ရခိုင်ပြည်သူ များက ရက်ဆက်ကန့်ကွက်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ယင်းအဖွဲ့၏ လုပ်ငန်းများကို မြန်မာအစိုးရက ရပ်တန့်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂလားဒေ့ရှ် သတင်းစာဖော်ပြချက် မန္တလေးသံဃာတွေ ကန့်ကွက်ဆန္ဒပြ

dakkha-tribune-mdy-305.jpg
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာ ရဲ့ ရေးသားချက်ကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့မှာ မတ်လ ၂၇ ရက်နေ့က သံဃာတော်တွေ ဆန္ဒပြကြစဉ်
Photo: RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက် ပြီး ရေးသားထားတာကို မန္တလေးမြို့မှာ သံဃာတော် ၃၀၀ နီးပါးက ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီလို့ ထည့်သွင်းမကောက်ဖို့အတွက်လည်း တောင်းဆိုကြ ပါတယ်။
Dhaka Tribune သတင်းစာရဲ့ ရေးသားချက်တွေ ဟာ မြန်မာနိုင်ငံအတွင်းမှာ အဓိကရုဏ်းဖြစ်ပွားအောင် လှုံ့ဆော်ရေးသားတဲ့ အနေအထားဖြစ်နေတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဂဠုန်နီဆရာတော်က မိန့်ကြားခဲ့ပါတယ်။

"တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆိုးဝါးမသွားအောင် တိုင်းတပါးရဲ့ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကထုတ်တဲ့ Dhaka Tribune သတင်းစာရဲ့ ရေးသားဖြန့်ဝေမှုတွေဟာ မြန်မာနိုင်ငံ အတွင်းမှာ ပဋိပက္ခဖြစ်ပွားအောင် အဓိကရုဏ်းဖြစ်ပွားအောင် စစ်မက်ဖြစ်ပွားအောင် တမင်သက်သက် လှုံ့ဆော်ရေးသားတဲ့ အရေးအသားဖြစ်နေတဲ့အတွက်ကြောင့် လုံးဝဆန့်ကျင်ကြောင်း လုံးဝကန့်ကွက်ကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများနဲ့ ရဟန်းသံဃာများကလည်း သိရှိအောင် အစိုးရတစ်ရပ်တည်း မဟုတ်ဘဲနဲ့ တစ်တိုင်းပြည်လုံးက ဒီသတင်းစာရဲ့ ဖော်ပြချက်ကို လက်မခံနိုင်ဘူး၊ ကမ္ဘာကလည်း သိအောင်ဆိုပြီးတော့ ခုလိုနေပူထဲမှာ လာရောက်ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်"


ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောစတဲ့ မြို့တွေမှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်တာများကြောင်းနဲ့ ရုရှနဲ့ ခရိုင်းမီးယား ပြည်နယ်အရေးလို ရခိုင်ပြည်နယ်က အဲဒီလူတွေကို ဆန္ဒခံယူပွဲကျင်းပပြီး မွတ်စလင်တွေနေထိုင်တဲ့ အဲဒီမြို့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်ထဲ ပေါင်းလိုက်လို့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhakha Tribune သတင်းဌာနက ပြီးခဲ့တဲ့သတင်းပတ်က ရေးသားခဲ့တာပါ။

ဒီနေ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂအဖွဲ့ချုပ် (မန္တလေး) က ဦးဆောင်တာဖြစ်ပြီး ဆန္ဒပြသံဃာအပါး ၃၀၀ လောက်ဟာ မဟာမြတ်မုနိရုပ်ရှင်တော်တည်ရှိတဲ့ ချမ်းမြသာစည်မြို့ နယ်အတွင်းမှာ တစ်နာရီကျော်ကြာ စီတန်းလှည့်လည်ခဲ့ကြပြီး ဦးပွားဆုတောင်းပြည့်ဘုရားကြီးမှာ အဆုံးသတ်ခဲ့ကြပါတယ်။
မနေ့ကလည်း ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ Dhaka Tribune သတင်းစာကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
(သတင်းအရင်းအမြစ်- RFA)

စစ်တွေ မတည်ငြိမ်မှု ညမထွက်ရအမိန့် ထုတ်ပြန်

sittway-police-305.jpg
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လမ်းပိတ်ပြီး လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ဂျာမနီနိုင်ငံက Malteser International လူမှုအဖွဲ့အစည်းရဲ့ တာဝန်ခံ အမည်မဖေါ်လိုသူတစ်ဦးက မနေ့က အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။

"လူတွေက အဲဒီအလံကို ဘာဖြစ်လို့ဖြုတ်တာလဲ၊ သူကပြောပြတယ်ပေါ့၊ အလံကိုဖြုတ်ရခြင်းက တစ်ခုတည်းပဲ၊ ငါတို့အဖွဲ့အစည်း NGO က Non-Political မို့လို့ ထောင်လိုက်လို့ရှိရင် အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာစိုးလို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေအရ မထောင်တာပေါ့နော်၊ လူတွေက လက်မခံဘူးပေါ့နော်၊ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ လွှင့်ထူထားကြတာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကလည်း အလားတူ သာသနာ့အလံတွေ လွှင့်ထူကြတယ်လို့ သိရပါတယ်။
မနေ့က ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦးက သူတို့ရုံးစိုက်တဲ့အိမ်မှာ ၀န်ထမ်းတစ်ချို့က သာသနာ့အလံ လွှင့်ထူထားတာကို အဖွဲ့အစည်း စည်းကမ်းနဲ့ မကိုက်ညီလို့ဆိုပြီး ဖြုတ်ချခဲ့ရာက စစ်တွေမြို့ ဒေသခံတွေနဲ့ အဖွဲ့အကြား ပဋိပက္ခစတင်ခဲ့ပြီး ဒီနေ့ညပိုင်းအထိ တခြားရုံးခန်းတွေကိုပါ လူအုပ်က ကျောက်ခဲတွေနဲ့ ပစ်ပေါက်သလို ရုံးပစ္စည်းတွေကိုလည်း ဖျက်ဆီးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။
မနေ့ည သန်းခေါင်အချိန်လောက်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး  လူစုခွဲခဲ့ရပါတယ်။ အရင်က ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လက စတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ အခုဆိုရင် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်းတွေအထိ ကူးစက်ဖြစ်ပွားလာခဲ့ပြီ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေအကြား မယုံကြည်မှုသံသယတွေ ဘာ့ကြောင့် ကြီးထွားလာခဲ့ရသလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ ပဋိပက္ခတွေပြေငြိမ်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သွား သင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပဋိက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အကြီးအကဲ ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေ
ဦးခင်မောင်ဆွေနှင့် ဆက်သွယ်မေးမြန်းချက်ကိုနားထောင်ရန်
(သတင်းအရင်းအမြစ်- RFA)

စစ်တွေရှိ NGOs များမှ နိုင်ငံခြားသားများကို လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက် ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို သက်ဆိုင်ရာမှ လုံခြုံရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက် ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့ ကြားရပါတယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မာတေဇာ အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ ၀န်ထမ်း တစ်ဦးမှ ဗုဒဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ အလံအား ထဘီသဖွယ် ၀တ်ကာ မဖွယ်မရာ ပြုလုပ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး အန်ဂျီအိုရုံး အများအပြားကို ဒေသခံများက ၀ိုင်းဝန်းပြီး ခဲများဖြင့် စတင်တိုက်ခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသော နေရာမှာ ၆ ခုရှိပြီး ကျောင်းတက်လမ်းရပ်ကွက်ထဲရှိ ဦးဥတ္တမလမ်းတွင် (၂)နေရာနှင့်  အောင်ထွန်းဦးလမ်းတွင် (၄)နေရာ ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာပြီး လူအချို့မှ မာတေဇာ အန်ဂျီအို တည်ရှိရာ ရုံးများအားဝင်ရောက် ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်များက ညဥ့် ၁၂ နာရီခန့်တွင် သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့ရသည်ဟု သိရသည်။
ယနေ့ နံနက်က နိုင်ငံခြားသူ လုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေကြသော လူအုပ်ကြီးသည် တဖန် လမ်းမများပေါ် ပြန်ထွက်လာပြီး အန်ဂျီအို တည်ရှိရာ နေအိမ်များကို ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။
“ ရုံးတွေမှာ ရှိနေတဲ့ အန်ဂျီအိုတွေက နိုင်ငံခြာသားတွေကို အကုန်လုံးကို ခေါ်ထုတ်သွားပါပြီ။ အဲဒီလို ခေါ်ထုတ်တဲ့ အထဲမှာ မပါဘဲ ကျန်နေခဲ့တဲ့ အဖြူ တစ်ယောက် ရုံးပေါ်ကနေ ကင်မရာ ရိုက်တဲ့ အတွက် ကျောင်းတက်လမ်းရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဒုရဲအုပ် အငြိမ်းစားခင်မောင်ဝင်းအိမ်ကို ခဲတွေနဲ့ ၀ိုင်းချနေကြပါတယ်။ အိမ်ခြံတံခါးကိုတော့ ပိတ်ထားတယ်။ လူက ၂၀၀ ကျော် ၃၀၀ နီးပါး ရှိပါလိမ့်မယ်။ အိမ်ဝင်းထဲကို မ၀င်ဘဲ အပြင်ကဘဲ ခဲတွေနဲ့ ပစ်နေကြပါတယ်” ဟု ဆိုသည်။
ယခု ပြသနာ ဖြစ်ပွားရာ နေရာတွင် ရဲအစောင့်အရှောက်တွေ မရှိကြောင်း၊ အခြား အန်ဂျီအို ရုံးများ ဖွင့်လှစ်ထားရာ အိမ်များ၏ ပတ်ဝန်းကျင် အနီးတ၀ိုက်တွင် ရဲများက လုံခြုံရေး ယူထားကြောင်း၊ အခြေအနေမှာအထူးရှုပ်ထွေးနေကြောင်းအခင်းဖြစ်ပွားရာ နေရာသို့ကိုယ်တိုင်သွားကြည့်ခဲ့သူ နိုင်ငံရေးသမား တစ်ဦးက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

စစ်တွေ မာတေဇာ အန်ဂျီအို ရုန်းရင်းဆန်ခတ်မူ ရဲက သေနတ်ပစ်ဖေါက်လူစုခွဲ

sittwe-mateza
ရဲတပ်ဖွဲ့ဝင်များ ဒိုင်းကာများဖြင့် အဓိဂရုဏ်း နှိမ်နှင်းနေစဉ် ( ဓါတ်ပုံ- Facebook)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာခေါ် နိုင်ငံခြား အန်ဂျီအို တစ်ခုမှ  နိုင်ငံခြားသူ တစ်ဦး သာသနာ အလံအား မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းထွက်လာပြီးနောက် ၎င်းအန်ဂျီအို၏ ရုံးများအား ဒေသခံများက ၀ိုင်းဝန်းရာမှ ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။
“ အတွဲလိုက်ပစ်ပါတယ်။ အချက် ၃၀ လောက်ကြားရပါတယ်။ အခုတော့ အခြေအနေငြိမ်သွားပြီ ထင်ပါတယ်” ဟု စစ်တွေသို့ ခေတ္တရောက်ရှိနေပြီး အိမ်တစ်အိမ်တွင် တည်းခိုနေသူ ဦးမြတ်ထွန်းက ပြောသည်။
မကျေနပ်၍ ၀ိုင်းဝန်းသူများသည် မာတေဇာ ရုံးများအား တစ်ရုံးပြီး တစ်ရုံး ၀ိုင်းဝန်းခဲ့ကြပြီး ထိုအထဲမှ အချို့သည် ရုံးများအား ၀င်ရောက် ဖျက်င်္ဆီးရာမှ ထိန်ူးမနိုင်သိမ်းမရ ဖြစ်လာကာ ညဥ့် ၁၁ နာရီကျော်တွင် ရဲက သေနတ်ပစ် ဖေါက် လူစုခွဲခြင်း ဖြစ်ကြောင်း သူက ပြောသည်။
“ အစပိုင်းမှာတော့ လူတွေက ဂဲတွေနဲ့ အန်ဂျီအို ရုံးကို ၀ိုင်းပစ်ကြပါတယ်။ ဘောက်သီးစု မင်းဗာကြီးလမ်းက ရုံးရော၊ ဦးဥတ္တမလမ်းက ပန်းသာအိမ်မှာ ဖွင့်ထားတဲ့ရုံးကိုရော၊ ကျောင်းတက်လမ်းရုံးကိုရော ဂဲတွေနဲ့ ၀ိုင်းချကြတယ်လို့ သိရပါတယ်။ နောက်ပိုင်မှာ ရုံးတွေကို ၀င်ရောက်ဖျက်ဆီးရာကနေ ထိန်းမရတဲ့ အခြေအနေထိ ဖြစ်လာတဲ့ အတွက် ရဲက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။
အစပိုင်းနှင့် ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ အပြစ်လုပ်သော နိုင်ငံခြားသူအား ဥပဒေနှင့် အညီ တရားစွဲ အရေးယူပေးမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် မညီသော ၀ိုင်းဝန်း တိုက်ခိုက်မူမျိုး မပြုလုပ်ရန် ဖျောင်းဖျ ပြောဆိုရာမှ လူအုပ်မှာ ကွဲသွားမည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပြီး ထပ်မံ ၀ိုင်းဝန်း ရော့က်ရှိလာရာမှ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မူ မဖြစ်ပွားမီ အခင်းဖြစ်ပွားရာသော ရောက်နေသော စစ်တွေမြို့နယ် ရဲစခန်းမှူးအား ပြဿနာ အစဖြစ်ပွားရခြင်းကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။
“ အရပ်သတင်းနော်။ ကျွန်တော်တို့လည်း မစီစစ်ရသေးဘူး။ အဲဒီ ဘောက်သီးစုရပ်ကွက်ရှိ မာတေဇာရုံးမှာ အမေရိကန်သူ– အမေရိကန်သူ — နာမည် (******) က ရုံးမှာ အိမ်ပိုင်ရှင်က စိုက်ထူထားတဲ့ သာသနာ အလံကို ထဘီလို ၀တ်ပြီး လွှင့်ပစ်တယ်လို့ မျက်မြင်တွေက ပြောဆိုရာကနေ လူတွေသိသွားပြီး ရုံးတွေကို ၀ိုင်းရာကနေ ခုလို ပြဿနာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေနဲ့ အညီ ဖြစ်ဖို့ ဆရာတော်တွေနဲ့ ကျနော်တို့ ညှိနိုင်း တိုင်ပင်ပြီး လူစုခွဲသွားကြဖို့ မေတ္တာရပ်ခံနေပါတယ်” ဟု ပြောကြားသည်။
သို့သော်လည်း နောက်ပိုင်းတွင် လူစုမကွဲသည့် အပြင် အခြေအနေ ဆိုးဝါးလာသဖြင့် ရဲက သေနတ်ပစ်ခတ် နှိမ်နှင်းခဲ့ရခြင်း ဖြစ်သည်။
သာသနာအလံကို မဖွယ်မရာလုပ်သူ အမေရိကန်သူသည် လူများ ၀ိုင်းအုံ မရောက်လာမီ စက်ဘီး တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။
ယခုသေနတ်ပစ်ခတ်လူစု ခွဲခဲ့ရမူနှင့် ပတ်သက်ပြီး ထိခိုက် ဒဏ်ရာရသူ ရှိမရှိကို နိရဉ္စရာက မသိရှိရသေးပါ။ ဆက်လက် စုံစမ်းနေတုန်း ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)